10 July 2009

တစ်ဘဝမှာ တစ်ခါမျှ

( ကောင်းကင်မှာ ဖော်ပြခဲ့တဲ့ Jhumpa Lahiri ရဲ့ "Once in a Lifetime" ဘာသာပြန်ပါ။ )

တစ်ဘဝမှာတစ်ခါမျှ



အပိုင်း (၁)

(၁)

ကျမရှင့်ကို အရင့်အရင်ကလည်း မြင့်ဖူးနေကျပါ ။ ဒါပေမယ့် ကျမဘဝထဲက ရှင့်ရဲ့ တည်ရှိမှုကို ပြန်တွေးမိရင်တော့ အမ်မင်းစကွဲက ကျမတို့အိမ်မှာ ရှင့်မိဘတွေအတွက် ကျင်းပတဲ့နှုတ်ဆက်ပွဲက စရမယ် ထင်ပါရဲ့ ။ အဲသည်တုန်းက အခြားဘင်္ဂါလီတွေတော်တော်များများဟာ ကျမမိဘတွေရော ၊သူတို့မိတ်ဆွေတွေ အခြေချချင်တဲ့ အတ္တလန်တာတို့ အရီဇိုးနားတို့ကို ပြောင်းကြတဲ့ အချိန် ၊ ရှင့်မိဘတွေကတော့ အိန္ဒိယကို ပြန်ကြမယ်တဲ့ ။ မှတ်မှတ်ရရ ၁၉၇၄-ခုနစ်ပေါ့ ။ ရှင်က ကိုးနှစ်သား ၊ ကျမကခြောက်နှစ်သမီး ။ ကျမ ရှင်းရှင်းလင်းလင်းမှတ်မိနေတာကတော့ နှုတ်ဆက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်တွေပဲ ။ အမေကတော့ လာသမျှလူတွေကို မှန်းပြီး ပြင်ဆင်နေလို့ ။ ရှိသမျှ ပရိဘောဂတွေကို ပေါလစ်တိုက် ၊ ညစာအတွက် စက္ကူပြားတွေ ၊ လက်သုပ်ပုဝါတွေကိုလည်း စားပွဲပေါ်မှာ စီချလို့ ။ ကျမတို့ အိမ်က အခန်းတိုင်းမှာလည်း သိုးသားဟင်းနံ့ ၊ ကြက်သားမဆလာနံ့တွေဆို မွှေးလို့ ။ နောက်ပြီး အထူးပွဲလမ်းသဘင်တွေကျမှ အမေထုတ်ပြီး သုံးတတ်တဲ့ အယ်အဲဒူးရမ့် ရေမွှေးနံ့လည်း သင်းနေတယ် ။ အမေကရေမွှေးကို သူအရင်ဆွတ်ပြီး နောက်ကျမကို ဆွတ်ပေးတော့ အကျီ င်္မှာအရောင်တင်သွားပြီး ကွက်ကျန်ရစ်တယ်။ သည်ညနေမှာ ကျမကတော့ ကာလကတ္တားက အဖွားပို့လိုက်တဲ့ ဝတ်စုံအသစ်ကို ဝတ်ရတယ် ။ ဝတ်စုံက ခြေထောက်ကျ အဖျားရှူးသွားပေမယ့် ခါးဆိုက်က ကျမနှစ်ကိုယ်စာဝင်နိုင်တဲ့ ဘောင်းဘီဖြူပွပွရယ် ၊ စိမ်းပြာရောင် ခါးရှည်သင်တိုင်းရယ် ၊ နောက် အနားစွန်းတစ်ဝိုက်မှာ ပလတ်စတိတ်ပုလဲတုတွေစီထားတဲ့ ကတ္တီပါကိုယ်ကျပ် အကျီ င်္ရယ်ပါ ။ သည် သုံးထည်ကို ကျမရေချိုးတုန်း အမေတို့ အိပ်ယာပေါ်မှာ ဖြန့်ခင်းထားပြီး ၊ ရေချိုးပြီးတော့ အမေက ဘောင်းဘီပွပွကြီးရဲ့ ခါးကသရေကြိုးကို ချုံ့ရင်းချုံ့ရင်း ကိုယ်နှင့်အကိုက်ကို တွယ်ချိတ်နဲ့တွယ်ရင်း ဝတ်ပေးနေတော့ ရေတောင်မသုတ်ရလို့ ကျမလက်ထိပ်တွေ ပဲကြီးရေတွန့် ကုန်တယ်။ ဘောင်းဘီရဲ့ အတွင်းဘက်အနားမှာ စက်ဝန်းတစ်ခုထဲမှာ ပန်းရောင်စာလုံးတွေနဲ့ ကုမ္မဏီတံဆိပ် ကပ်ထားတယ် ။ သည်တုန်းက ကျမစိတ်ဆိုးရတာကိုလည်း မှတ်မိသေးရဲ့ ။ ရေလျော်လိုက်တော့ သည်တံဆိပ်ကဆေးတွေ ဘောင်းဘီပေါ်ကွာကျနေလို့ ကျမက အခြားဟာတစ်ခုခုဝတ်မယ်ပြောတော့ အမေက အကျီ င်္အရှည်မို့ သည်အစွန်းတွေကို ဘယ်သူမှမမြင်ပါဘူးလို့ပြောပြီး အတင်းဝတ်ခိုင်းလို့လေ ။

အဲသည်တုန်းက အမေ့မှာ စိုးရိမ်စိတ်တွေ ဖိစီးလို့ ။ ဟင်းတွေလောက်ကော လောက်ပါ့မလား ။ စားလို့ရောကောင်းပါ့မလား စိတ်ပူရတဲ့အထဲ ကျမတို့မှာရော ၊နောက်မိတ်ဆွေတွေမှာပါ တစ်ယောက်မှ ကိုယ်ပိုင်ကားမရှိကြတော့ ညနေနှင်းတွေဘာတွေ ကျနေမလားရောကိုပါစိုးရိမ်ရတယ် ။ ရှင်တို့ အပါအဝင် သည်ညနေက ဖိတ်ထားတဲ့ ဧည့်သည်တွေဟာ ကျမတို့အိမ်ကို မတ်အဲဖန်းနရူး တံတားလေးကိုကျော်လိုက်ပြီး ဆယ့်ငါးမိနစ်လောက်လမ်းလျှောက်ရင်ရောက်တဲ့ ဟားဘတ်နဲ့ အမ်အိုင်တီ ပတ်ဝန်းကျင်မှာနေကြတဲ့ လူတွေချည်းပါဘဲ ။ အချို့ဆိုရင် မဲဒမ်တို့ ၊ ရက်ဖို့တို့ ၊ ဝဲလ်သမ်တို့ ကနေ ဘစ်စကားနဲ့ လာကြရမှာ ။ “ကျမတော့ မစ္စတာချောင်ဒူရီ ဧည့်သည်တွေကို ကားနဲ့ပြန်ပို့ပေးဖို့ မျှော်လင့်ရတာပဲ” ကျမဆံပင်တွေကို သပ်တင်ပေးရင်း အမေက ရှင့်အဖေအကြောင်းကိုပြောတယ် ။ရှင့်မိဘတွေက ကျမမိဘတွေထက် အသက်နည်းနည်း ပိုကြီးတယ်။ အမေရိကန်က နိုင်ငံခြားကျောင်းသားတွေကို လက်ခံကြိုဆိုတဲ့ အက်ဥပဒေ မဖျက်သိမ်းခင် ကတည်းက သူတို့ အိန္ဒိယက လာခဲ့ကြတာ ။ ကျမအဖေနဲ့ သူ့မိတ်ဆွေတွေ စာမေးပွဲတွေဖြေနေရတုန်းမှတောင် ရှင့်အဖေက (Ph.D) ဒေါက်တာဘွဲ့ ရပြီးပြီ ။ အမ်ဖို့ပါအရပ်က အင်ဂျင်နီယာလုပ်ငန်းခွင်ကို ထိုင်ခုံကြီးကြီးတွေပါတဲ့ ငွေရောင်တလက်လက်ကိုယ်ပိုင်ကားကြီးမောင်းပြီး ရှင့်အဖေကသွားတာ ။ကျမတောင် ညဥ့်နက်တဲ့ ပါတီပွဲတွေဆိုရင် ခပ်ဆန်းဆန်းအိပ်ယာပေါ်မှာ အိပ်ရတယ်လို့ အိပ်မှုန်စက်ဝါးတွေးမိရင်း ရှင့်အဖေကားနဲ့ အိပ်ပြန်ရပေါင်းမနည်းဘူး ။

ရှင့်အမေနဲ့ ကျမအမေတွေ့စက ကျမကိုကိုယ်ဝန်စရှိစ ။ သည်တုန်းက အမေကိုယ်တိုင် ကိုယ်ဝန်ရှိမှန်းမသိသေးဘဲ ၊ ပန်းခြံနားကထိုင်ခုံမှာခေါင်းမူးလို့ထိုင်နေတုန်း ရှင့်ကိုဒန်းလွှဲပေးနေတဲ့ ရှင့်အမေက ဆံပင်ခွဲကြောင်းထိပ်က ဒန်းဆေးအနီရယ် ၊ ဆာရီဝတ်ဘင်္ဂါလီအမျိုးသမီးတစ်ယောက်လို့ သတိထားမိပြီး “နေလို့မှကောင်းရဲ့လား ရှင်” လို့ခပ်ချိုချိုလေးမေးသတဲ့လေ ။ ရှင့်ကိုလည်း ဒန်းပေါ်ကအဆင်းခိုင်းပြီး ရှင်ရယ် ၊ ရှင့်အမေရယ်တွဲလို့ ကျမအမေ့ကို အိမ်ပြန်ပို့ခဲ့ကြတာ ။ လမ်းမှာ ရှင့်အမေက ကလေးရှိချင်တယ်ထင်ပါရဲ့ဆိုပြီး အမေ့ကို မိန်းမချင်းအကြံတွေပေးခဲ့သေးတယ် ။ အဲသည်ကစပြီး အဖေတို့အပြင်အလုပ်သွားတိုင်း တစ်ယောက်အိမ်တစ်ယောက်ကူးလို့ သိပ်ကိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ် ။ ကလကတ္တားမှာနေတုန်းက အကြောင်းတွေကို စကားစပ်ပြီးပြောလားပြောရဲ့ ။ အိမ်ခေါင်မိုးမှာ ခေါင်ရမ်းပန်းတွေ၊ နှင်းဆီခြုံတွေ ပွင့်ဖူးဝေနေတဲ့ ဂျိုပူလ် ဥယျာဉ်အိမ်ယာက ရှင့်အမေရဲ့ အိမ်ဂေဟာအကြောင်း။ လူသိပ်မလာတတ်တဲ့ ပန်ချာပီထမင်းဆိုင်အပေါ်ထပ်က အခန်းကျဉ်းလေး သုံးခန်းမှာ လူခုနစ်ယောက်မျှနေရတဲ့ မန်နစ်တာ ရပ်ကွက်က ကျမအမေရဲ့ တိုက်ခန်းလေးအကြောင်း ။ ကလကတ္တားမှာဆိုရင်တော့ သူတို့နှစ်ယောက်ဆုံမိဖို့ အတော့်ကိုခဲယဉ်းလိမ့်မယ် ။ ရှင့်အမေက အင်္ဂလိပ်ကိုအထင်ကြီးပြီး ဆေးတံသောက် ၊ စနေညနေ ကလပ်ဝင်တဲ့ ကလကတ္တားက နာမည်ကြီး ရှေ့နေသမီး ကွန်ဗန့်ကျောင်းဆင်း ။ ကျမအမေကတော့ အမေရိကားကို မလာခင်အထိ အစားကိုစားပွဲကုလားထိုင်နဲတောင် တစ်ခါမှမစားဖူးတဲ့သူ ။ ကျမတို့အဖိုးကလည်း ဗဟိုစာတိုက်ကစာရေး ။ ဒါပေမယ့် သည်အချက်တွေဟာ ကင်းဘရစ်မှာတော့ ထူးထူးခြားခြား အဆင့်အတန်းခွဲမှုတွေ မရှိတော့ပါဘူး ။ အားလုံးဟာညီတူတန်းတူပဲ ။ သူတို့နှစ်ယောက် အတူတူ ကုန်စုံဆိုင်ကဈေးဝယ် ၊ လင်ယောက်ျားအကြောင်းအတင်းချ ၊ နောက် ရှင်တို့အိမ် ဒါမှမဟုတ် ကျမတို့အိမ်က မီးဖိုဆောင်မှ စုချက်ပြုတ် ၊ နောက်စားပြီးသွားတော့လည်း ပန်ကန်ခွက်ယောက်တွေ မရောရအောင် ခွဲပြီးဆေးကြနဲ့ တတွဲတွဲပေါ့ ။ သူတို့ဟာ သိုးမွေထိုးလည်း အတူတူ ၊ အိမ်တွင်းစီမံကိန်းတွေလည်း ဆွဲလိုက်ကြ နောင်ညည်းငွေ့လာရင် နောက်တစ်ခုပြောင်းလိုက်ကြနဲ့ သိပ်ကိုအတွဲညီခဲ့ကြတယ်တဲ့လေ ။ ကျမကိုမွေးတော့လည်း ရှင့်မိဘတွေကသာ ဆေးရုံကိုရောက်လာတဲ့ ရှားပါးမိတ်ဆွေရင်းတွေပါပဲ ။ ကျမကို အရင်ရှင်ထိုင်ခဲ့တဲ့ ကုလားထိုင်မြင့်မြင့်မှာ ထိုင်ခိုင်းပြီးအစာကျွေးတယ် ။ နောက်ရှင်သုံးခဲ့တဲ့ လက်တွန်းပုခက်ထဲမှာပဲ ကျမကြီးခဲ့ရတာပါလေ ။

မှန်းထားတဲ့အတိုင်းပဲ ပါတီပွဲမပြီးခင်မှာ ဆီးနှင်းတွေစကျလာတယ် ။ နောက်ကျရောက်တဲ့ ဧည့်သည်တွေကတော့ ကျမတို့အိမ်ရေချိုးခန်းကုလားကာတိုင်မှာ ချိတ်ထားတတ်တဲ့ အဖြူရောင် ကုပ်အကျီ င်္မျိုးတွေ ဝတ်လာကြပြီး စိုရွှဲလို့ ။ နောက်နှစ်အတော်ကြာသည့်တိုင် အဲသည်ညက နှုတ်ဆက်ပွဲလေး ဘယ်လိုပြီးသွားတယ်ဆိုတာ အမေကတော့ ပြောလို့မဆုံးဘူး ။ ရှင့်အဖေကတော့ ဧည့်သည်တွေကို အခေါက်ခေါက် အခါခါအိမ်ပြန်မောင်းပို့ပေးရတယ်လေ ။ ဧည့်သည်စုံတွဲတစ်တွဲကိုဆို အတော့်ကိုဝေးတဲ့ ဘရီမ်းထရီး အထိကိုပို့ပေးရတာ။ ဒါပေမယ့် ရှင့်အဖေကတော့ ကိစ္စမရှိပါဘူး ၊ ဒါသူ့အတွက် နောက်ဆုံးအကြိမ် အိမ်ပြန်ပို့ပေးခွင့်ရတာပါဆိုပြီး မညည်းမညူမောင်းပို့ရှာတယ် ။ ရှင်တို့မသွားခင်တစ်ရက် နှစ်ရက်အလိုမှာတော့ ရှင့်မိဘတွေ ကျမတို့အိမ်ကိုလာပြန်တယ် ။ ပြီးတောလည်း အိုးတွေ ၊ ဒယ်တွေ ၊ တောက်တိုမယ်ရ မီးဖိုချောင်ပစ္စည်းတွေ ၊ စောင်တွေ ၊ အိပ်ယာအခင်းတွေ ၊ နောက် သုံးပြီးသား တစ်ဝက်လောက်ကျန်တဲ့ ဂျုံမှုန့်အိတ် ၊ သကြားအိတ်တွေ ၊ ခေါင်းလျော်ရည်ပုလင်းတွေကို ပါယူလာတယ် ။ သည့်နောက်တော့ ကျမအမေဟာ သည်ပစ္စည်းတွေနဲ့ ပတ်သက်ရင် ရှင့်အမေနာမည်ကို ညွှန်းတတ်လာတယ် ။ “ပါရုသ် ရဲ့ ဒယ်အိုးလှမ်းလိုက်စမ်းပါဟယ် ” ၊ “ပါရုသ် ရဲ့ ပေါင်မုန့်မီးကင်စက် ပိတ်ဖို့လိုပြီထင်တာပဲ” အဲလိုအမေ ပြောလေ့ရှိတယ် ။ ဒါထက် ရှင့်အမေက ကျမနဲ့တော်ကောင်းတော်မယ် ၊ ဝတ်လို့ရကောင်းရမယ်ဆိုပြီး အရင်ရှင်ဝတ်ခဲ့တဲ့ အဝတ်တွေကို အိမ်သယ်လာတယ် ။ ကျမအမေကတော့ အမ်မင်းစကွဲနေ ရှာရွမ်ရက်ကွက်က အိမ်ကိုပြောင်းတဲ့ အခါမှာတောင် သည်အဝတ်တွေကို ကျမဘီရိုထဲကို ထည့်ပေးထားတယ်လေ။ အဝတ်တွေအတော်များများဟာ ရှင်အိန္ဒိယမှာဝတ်လို့မရတဲ့ ဆောင်းတွင်းဝတ်အထည်တွေ များပါတယ် ။ တီရှပ်ထူထူတွေလို၊ နောက် အပြာရောင် အညိုရောင် ကော်လံထောင်လည်ကျပ် အကျီ င်္တွေပါ ။ ကျမအတွက်တော့ ဒါတွေဟာ မလိုက်မထိုက်တွေမို့ မကြိုက်ပေမယ့် အမေက အသစ်လည်းဝယ် မပေးဘူး ။ ဒါနဲ့ပဲ ကျမဟာ ရှင့်ရဲ့ ဆွယ်တာတွေ ၊ ရော်ဘာဖွတ်ဖိနပ်တွေကို မိုးတွင်းဆို ဝတ်ရစီးရတော့တယ် ။ ဆောင်းတွင်းမှာတော့ ရှင့်ရဲ့ ကုတ်အကျီ င်္ကြီးကို ဝတ်ရတယ်။ ကျမလေ သည်ကုတ်အကျီ င်္ကြီးကို မုန်းလိုက်သမှနောက်ဆုံး ပိုင်ရှင် ရှင့်ကိုတောင် မုန်းမိသည်ထိဆိုပါတော့ ။ ကုတ်အကျီ င်္က လိမ္မော်ရောင်အခံမှာ အနက်နဲ့ အပြာ အစင်းတွေနဲ့ ၊ နောက် အညိုရောင်ပုပ်ပုပ်နဲ့ အနားသတ်ထားသေးတယ် ။ နောက် အကျီ င်္ဇစ်ကိုညာဘက်က စတပ်ရတာကို ကျမဘယ်လိုမှ အဆင်မချောဘူး ။ သည်တော့ ကျမတို့အတန်းထဲက ကောင်မလေးတွေ ဝတ်တဲ့ ခပ်ဖောင်းဖောင်း ပန်းရောင် ၊ ခရမ်းရောင် ဂျက်ကတ်တွေနဲ့ ယှဉ်လိုက်ရင် ကျမက သင်းကွဲလို့ တခြားစီ ။ ကျမမိဘတွေကို ကုတ်အသစ်ဝယ်ပေးဖို့ ကျမပြောတော့လည်း သူတို့ကလုံးဝပဲတဲ့ ။ နောက်ပြောသေးတယ် ကုတ်အကျီ င်္ဟာ ကုတ်အကျီ င်္ပါပဲတဲ့လေ ။ သည်ကိစ္စကို ကျမလုံးဝစိတ်ပျက်မိတယ် ။ သည်ဟာကြီးကိုလည်း ဖျောက်တောင်ဖျောက်ပစ်ချင်တယ် ။ ကျမလေ ရှင့် ကုတ်အကျီ င်္နဲ့ ခပ်ဆင်ဆင်ဟာမျိုးရှိတဲ့ အတန်းကကောင်လေးတွေထဲက တစ်ယောက်ယောက် ကျောင်းဆင်းမှာ အလောတကြီးနဲ့ နံရံကပ်ဘီရိုမှာ ချိတ်ထားတဲ့ ကုတ်အကျီ င်္ကြီးကို မှားပြီးဆွဲသွားပါစေလို့တောင် ဆုတောင်းမိသေးတယ် ။ ဒါပေမယ်လည်းလေ ကျမအမေက “အိမ်ထောင်မှုထိန်းသိမ်းရေး” စာစဉ်မှာပါတဲ့ အတိုင်း သည်အကျီ င်္ရဲ့ အတွင်းမှာ ကျမနာမည်ကို လေဘယ် တောင်ကပ်ပေးထားတာ ဘယ်သူကမှားမှာလဲနော် ။

တစ်ခါမှာတော့ ကျမသည်အကျီ င်္ကြီးကို ဘစ်ကားပေါ်မှာ ချန်ထားပစ်ခဲ့တယ် ။ မှတ်မှတ်ရရ ဆောင်းနှောင်းပိုင်းတစ်ရက်ရက်ပဲ ၊ ဘစ်ကားက ပြတင်းပေါက်တွေဖွင့်ထားလို့ လူတိုင်း အပေါ်အကျီ င်္တွေကို ထိုင်ခုံပေါ်မှာထင်ထားကြတယ်။ ကျမ စန္ဒရားသင်ဆရာမ မစ္စက်ဟမနာဆီ ထံကိုလာတဲ့အတွက် ကျမစီးနေကျ ဘစ်ကားလည်းမဟုတ်ဘူး ။ ကျမဆင်းရမယ့်မှတ်တိုင်နားရောက်တော့ မတ်တပ်ထ ၊ ဒရိုင်ဘာနား ရောက်အောင်သွားတော့ ကျမကိုလမ်းသတိထားကူးဖို့ လှမ်းသတိပေးသေးတယ်။ ကားမောင်းတဲ့ အမျိုးသမီးက လီဗာကိုဆွဲပြီး ကားတံခါးဖွင့်လိုက်တော့ လတ်ဆတ်တဲ့လေတွေဟာ ကားထဲတိုးဝင်လာတယ် ။ ကျမလည်း အပေါ်အကျီ င်္မပါဘဲဆင်းတော့မယ့်အလုပ် “ဟေ့ ဟီမာရေ ၊ သည်မှာ ဒါကိုမင်းမေ့ကျန်နေခဲ့တယ်” ၊ အို… ကားပေါ်ကလူတွေ ကျမနာမည်ကို သိနေပါ့လား ။ အော် ဟုတ်ပါရဲ့ ကုတ်အကျီ င်္ပေါ်မှာ နာမည်ကပ်ပြားပါတယ်ဆိုတာ ကျမလုံးဝမေ့သွားတယ် ။

(၂)

နောက်တစ်နှစ်လောက်ကြာတော့မှ သည်အကျီ င်္ကျမနဲ့ မတော်တော့ဘူး ။ ဒါနဲ့ သက်သာရာရစေကြောင်း ချို့တဲ့သူတွေကိုထောက်ပံ့တဲ့ ဌာနကို သည်ဟာကြီးလှူပစ်လိုက်တယ် ။ နောက်တော့ ရှင့်မိဘတွေထားခဲ့တဲ့ မုန့်ဖုတ်စက်တွေ ၊အိုးခွက်တွေကိုလည်း လဲလိုက်ရပြီ။ နောက်ဆုံး ကျမတို့ဆီမှာ ရှင်နဲ့ပတ်သက်တဲ့ ပစ္စည်း ပစ္စယဆိုလို့ ခြေရာလက်ရာမကျန်တော့တဲ့အထိ ဆိုပါတော့ ။ နှစ်အတော်ကြာသည်အထိ ကျမတို့မိသားစုနှစ်စု အဆက်အသွယ် မရှိကြဘူး ။ ဘာပဲပြောပြော မိတ်ဆွေသူငယ်ချင်း ခင်မင်မှုဆိုတာ ဆွေမျိုးသားချင်းတွေသွေးစည်းကြသလိုတော့ ဘယ်ခိုင်မာမှုရှိပါ့မလဲ ။အမေတို့က ဆွေမျိုးတွေဆီစာရေးဖို့ စာတိုက်ကတံဆိပ်ခေါင်းတွေ အတွဲလိုက်ဝယ်ပြီး တစ်ပတ်တစ်ခါ မှန်မှန်စာထည့်ကြတယ် ။ နောက်ကျမကိုလည်း အဘိုး၊အဘွားတွေကို သတိရကြောင်း စာအောက်မှာ သုံးကြောင်းလောက် အမြဲရေးခိုင်းတယ် ။ ကျမ မိဘတွေကနောက်တော့ ရှင်တို့အကြောင်းသိပ်မပြောကြတော့ သူတို့အနေနဲ့ကလည်း ရှင်တို့နဲ့ဆုံစရာအကြောင်းမရှိတော့ဘူးရယ်လို့ သဘောထားကြဟန်ပါ ပဲ။ ရှင်တို့ကလည်း ကလကတ္တားနှင့်အတော်လေးလှမ်းတဲ့ ကျမမိဘတွေတောင် တစ်ခါမှမရောက်ဖူးတဲ့ ဘုံဘေကိုရွေ့သွားကြတယ်တဲ့လေ။ သည်လိုနဲ့ကျမတို့ ရှင်တို့ဆီက ဘာသတင်းမှမကြား ၊တွေ့လည်း မတွေ့ဖြစ်ကြပဲ နေလာကြတာ ၁၉၈၁- နှစ်ဆန်းပိုင်းလောက်အထိပေါ့ ။ နှစ်သစ်ကူးနေ့ မနက်အစောကြီးမှာ ရှင့်အဖေ ကျမတို့ဆီကို ဖုန်းဆက်လာတယ် ။ နှစ်သစ်ကူးဆုမွန်တောင်းရင်း သူအလုပ်အသစ်ရတဲ့ မဆက်ချူဆက်ကို မိသားစုလိုက်ပြောင်းလာတော့မယ့်အကြောင်း သတင်းပေးတယ် ။ နောက်ပြီး ရှင်တို့အိမ် အသစ်မရမချင်း ကျမတိုနဲ့ အတူတူနေလို့ရမလားလို့လည်း တောင်းဆိုတယ် ။

သည့်နောက်ပိုင်းရက်တွေမှာတော့ ကျမမိဘတွေ ဘာမှသိပ်မပြောကြတော့ဘူး ။ တစ်ခုခုတော့ မှားနေပြီရယ်လို့ တအံ့တသြဖြစ်ကြပုံပဲ ။ “လာစမ်း နဲ့ ကိုဘရို” ကုမ္မဏီမှာ ရှင့်အဖေရာထူးကလည်း လက်လွှတ်ဖို့ မတော်အောင် အတော်ကြီးနေပြီ ။ ရာထူးများ ကျလို့လား ။ ဒါမှမဟုတ်ရင် ရှင့်အမေက အိန္ဒိယရဲ့ အပူဒဏ်တွေ ၊ လူထူထူဒဏ်တွေကို သည်းမခံနိုင်လို့များလား ။ ဟိုက ပညာရေးစနစ်ဟာ သူတို့သား ရှင့်အတွက် မသင့်တော်ဖူးလို့များထင်လို့လား ။သည့်နောက်မှာတော့ အပြည်ပြည်ဆိုင်ရာ ဖုန်းတွေ ခဏခဏဝင်လာတော့တာပဲ ။ တကယ်ပါ ။ ကျမမိဘတွေက ရှင်တို့လာနေမှာကို ကြိုဆိုပါတယ် ။ ဘာအကြောင်းနဲ့ပဲ ရှင်တို့လာလာ ဒါဟာအကြောင်းကြောင်းကြောင့် ရှင်တို့မိသားစု မတည်မငြိမ်ဖြစ်လို့ ဆိုတာ ကျမမိဘတွေရဲ့ စကားတွေကတဆင့် ကျမသိရတယ်။ “သူတို့ပြန်လာဖို့ မသင့်ဖူးဆိုတာ ကိုယ်တိုင်သိရမှာ” အမေတို့ က မိတ်ဆွေတွေကိုပြောတယ် ။ရှင့်မိဘတွေ အလှမ်းကျယ်လို့ အလယ်လပ်မှာကိုလည်း စိုးရိမ်နေကြတယ် ။ရှင်တို့ အိန္ဒိယကိုပြန်သွားကတည်းက နိုင်ငံခြားကလူတွေလို့ ကျမတို့ကသတ်မှတ်ထားတာ ။ ကျမတို့ကို အိန္ဒိယကလူတွေ သတ်မှတ်သလိုပေါ့လေ ။

အဲသည်တုန်းက ကျမ အချိန်တွေကုန်သွားတာနဲ့ အသက်တွေကြီးလာတယ်ဆိုတဲ့ ဘဘာဝကိုမေ့ပြီး ကိုယ်ဝတ်ခဲ့ရတဲ့ အဝတ်တွေလောက်ဆိုဒ်ရှိတဲ့ ရှစ်နှစ်ကိုးနှစ်သားကောင်လေးတစ်ယောက်လို့ပဲ ရှင့်ကိုမှန်းကြည့်မိတယ် ။ ဒါပေမယ့် ရှင်က ၁၆နှစ်သားရှိနေပြီ ။ ကျမထင်တာထက် အသက်နှစ်ဆလောက်ကြီးနေ ပြီ ။ ဒါနဲ့ ကျမမိဘတွေက ရှင့်ကို ကျမရဲ့အခန်းမှာထား ၊ ကျမကိုတော့ သူတို့အခန်းမှာ ခေါက်ကုတင်လေးဆင်ပေးပြီးနေခိုင်းမယ်လို့ စိတ်ကူးကြသတဲ့လေ ။ ရှင့်မိဘတွေကိုတော့ ဧည့်ခန်းနောက်က ဧည့်သည်ခန်းထဲမှာပဲပေးနေမယ်ပေါ့ ။ ကျမမိဘတွေကလည်း နယူဂျက်ဆီနဲ့ နယူးဟတ်ရှိုင်းက ဧည့်သည်တွေကိုလက်ခံတည်းခိုနေကျပါ ။ သူတို့ဟာ ရုံးပိတ်အားလပ်ရက်ဆိုရင်လာကြမယ် ၊ ဟင်းအမယ်မျိုးစုံပါတဲ့ ညစာစားရင်း ညဥ့်တော်တော်နက်အောင် အိန္ဒိယရဲ့ နိုင်ငံရေးအကြောင်းဆွေးနွေးကြတယ် ။ ဒါပေမယ့် တနင်္ဂနွေနေ့လယ်လောက်ဆို အားလုံးပြန်ကုန်ကြပြီ ။ ကျမအတွက်လည်း ကုတင်အောက်ကြမ်းပြားမှာ အိပ်ယာလိပ်တွေခင်းပြီး ကလေးတွေအတူတူအိပ်ကြတဲ့ အတွေ့အကြုံကို အသားကျနေပြီ ။ တစ်ဦးတည်းသောသမီးပီပီ ကျမအဖော်မင်တယ် ။ ဒါပေမယ့် အခုလို ကျမအခန်းကနေ လုံးဝကြီးနေထိုင်ခွင့် လက်လွတ်သွားရတာမျိုးတော့ မကြုံဖူးဘူး ။ သည်တော့ ရှင့်ကို အိပ်စဉ်လေးနဲ့ သိပ်လို့မရဖူးလားလို့ အမေ့ကိုကျမမေးကြည့်တယ် ။

“ဟဲ့ ကောင်လေးကိုဘယ်သွားထားမလဲ ….တို့အိမ်မှာအိပ်ခန်း သုံးခန်းပဲရှိတဲ့ဟာကို”

“အောက်ထပ်ဧည့်ခန်းမှာထားလေ”

“ဘယ်ဟုတ်ပါ့မလဲ ……ဘာပဲပြောပြော ကူရှစ် က လူပျိုပေါက်ဖြစ်နေပြီ ….. သူဘာသာသူ လွတ်လွတ်လပ်လပ်နေချက်မှာပေါ့”

“ဟိုအောက်ထပ်ကအခန်းထဲမှာ ဆိုရင်ရော” အဖေစာကြည့်ခန်းလုပ်ထားတဲ့ သတ္တုစာအုပ်စင်တွေရှိတဲ့ အခန်းကျဉ်းလေးကို မြင်ယောင်ပြီး ကျမအကြံပေးတယ်။

“ဧည့်သည်ကို သည်လိုသဘောမထားရဘူး ဟီမာ ၊ အထူးသဖြင့်သူတို့ကိုပဲ ။ ဒေါက်တာချောင်ဒူရီတို့ မမပါရုသ်တို့ဆိုတာ နင့်ကိုမွေးတုန်းက ဒို့အပေါ် သိပ်ကိုကောင်းခဲ့ကြတာ ၊ သူတို့ပဲ ဆေးရုံလိုက်ပို့ ၊ ဓာတ်စာပို့လုပ်ခဲ့ကြတာ ၊ အခု ဒို့သူတို့ကို ပြန်ကျေးဇူးပြုရမယ့်အလှည့်ပဲ”

“သူက ဘယ်လိုဆရာဝန်မျိုးလဲဟင်” ကျမပင်ကိုကတော့ ကျန်းမာရေးကောင်းပါတယ် ။ဒါပေမယ့် ဆရာဝန်ဆိုတော့ ခပ်လန့်လန့် ။ ဆရာဝန်တစ်ယောက်အိမ်မှာလာနေလို့များ ကျမတို့အိမ်သားတစ်ယောက်ယောက် ဖျားနာရင်ဆိုတဲ့အတွေးဟာ ကျမကိုချောက်လှန့်နေတယ် ။

“ဆေးကုစားတဲ့ ဆရာဝန်မဟုတ်ပါဘူး ၊ Ph.D ဘွဲ့ကြောင့်ဒေါက်တာလို့ခေါ်တာပါ”

“ဟင် .. ဖေဖေလည်း Ph.D ဘွဲ့ရတာပဲ ။ဘယ်သူမှ ဒေါက်တာလို့မခေါ်ကြပေါင် ” ကျမကလည်း ချက်ကျကျပြန်ပြောလိုက်တယ် ။

“ဟဲ့ ငါတို့စတွေ့တုန်းက ဒေါက်တာချောင်ဒူရီတစ်ယောက်ပဲ Ph.D ရတာရှိတယ် ။ ဒါကိုလေးစားတဲ့ သဘောနဲ့ခေါ်တာပေါ့ ”

ရှင်တို့တစ်တွေ ကျမတို့ဆီမှာဘယ်လောက်နေမှာလဲလို့ မေးကြည့်မိတယ် ။ တစ်ပတ်လား ၊ နှစ်ပတ်လား ။ အမေတို့လည်း သေချာတော့မသိကြဘူး ။ ဒါဟာ ရှင်တို့တစ်တွေသည်မှာ အခြေကျဖို့ ဘယ်လောက်ကြာမလဲဆိုတာအပေါ်မူတည်တယ် ။ ကျမအခန်းကို ပေးလိုက်ရတာနဲ့ပတ်သက်လို့တော့ လုံးဝ မကျေနပ်ဖူး ။ အဲသည်တုန်းက ကျမ အလိုမကျမှုတွေနဲ့ ရှုပ်ထွေးနေတယ် ။ သည်အရွယ်ကျမှ ကိုယ့်ပစ္စည်းတွေ ၊ အဝတ်တွေမရှိတဲ့ မိဘတွေအခန်းက အိပ်ယာဘေးမှာ အိပ်ရမယ်ဆိုတာကိုလည်း ရှက်သလိုလိုပဲ ။ အမေကတော့ ကလေးတွေကို တစ်ယောက်တည်းပေးသိပ်တာ ဟာ ရက်စက်ပြီး အမေရိကန်ဆန်တဲ့ အကျင့်ဆိုပြီး ကျမငယ်ငယ်က အိမ်မှာအခန်းလွတ်တွေ ရှိတာတောင်ပေးမသိပ်ခဲ့ဘူး ။ နောက်ပြောသေးတယ် သူဆိုရင် မွေးကတည်းက လက်ထပ်တဲ့နေ့အထိ သူ့မိဘတွေနဲ့ တစ်ကုတင်ထဲအိပ်တာတဲ့ ။ ဒါဟာ သာမန်ပါပဲ။ ဒါပေမယ့် သည်လိုကိစ္စဟာ ကျမအတွက်တော့ သာမန်ကိုမဟုတ်ပါဘူး ။ကျမအတန်းက အတန်းဖော်တွေအားလုံးလည်း သည်လိုမအိပ်ကြပါဘူး ။ သူတို့သာသိရင် ကျမကိုဘယ်လောက်ကဲ့ရဲ့လိုက်ကြမလဲ ။ သည်လိုနဲ့ အလယ်တန်းမတက်ခင် နွေရာသီမှာတော့ ၊ တစ်ယောက်ထည်း အခန်းပြောင်းအိပ်ဖို့ ကျမ မရမကကိုတောင်းဆိုတယ် ။ စပြီးအိပ်စတုန်းကဆို အမေက ပုခက်အတွင်းက မွေးကင်းစကလေးလို အသက်ရှူများရပ်သွားမလား စိုးရိမ်သလားမသိ ၊ ခဏခဏ ကူးလာပြီးကြည့်တယ်။ “ကြောက်လား” တဲ့ သူတို့နံရံတစ်ဖက်သာခြားတဲ့ ဟိုဘက်အခန်းမှာလို့လဲ သတိပေးသေးတယ်။ အမှန်တော့ လုံးဝကို တိတ်ဆိတ်နေတဲ့အခန်းကြီးကြောင့် ပထမဆုံးညမှာတော့ ကျမကြောက်မိသေးတယ် ။ဒါပေမယ့် သူများတွေ သုံးလေးနှစ်သားလောက် ကတည်းက လုပ်ကြတယ်ဟာ အခုလိုကြောက်လို့မဖြစ်ဖူးလို့ တွေးမိပြီး ဘယ်တော့မှ ဝန်မခံ ခဲ့ဘူး ။ နောက်တော့လုံးဝကိုနေသား ကျသွားတယ် ။ ကျမမှာမရှိခဲ့ဘူးတဲ့ စိတ်စောမှုမျိုးနဲ့ အိပ်မောကျသွားပြီး မနက်မှာတစ်ယောက်ထည်းနိုးလာတော့ အမေတို့အခန်းကဆိုမမြင်ရတဲ့ အရှေ့ဘက်ကရောင်နီဦးကို မျက်လုံးစွေကြည့်ရင်း အိပ်ယာထရတာကို ကျမသိပ်ကို သဘောကျနေပြီ ။

(၃)

ရှင်တို့လာမယ်ဆိုလို့ တစ်အိမ်လုံးကိုပြင်ထားရတယ်။ လိမ္မော်တောက်တောက်အခံမှာ အညိုရောင်သိုးမွေး အစင်းတွေပါတဲ့ ဆိုဖာပေါ်မှာတင်ဖို့ ခေါင်းအုံးသေးသေးလေးတွေ ဝယ်ရတယ်။ အပင်တွေ ၊ အလှထားတဲ့ရှေးပစ္စည်းလေး တွေကိုလည်း ပြန်စီရတယ်။ ကျမကျောင်းဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်းဘောင်ကွပ်ပြီး မီးလင်းဖိုအပေါ်ဖက်မှာ ချိတ်ထားတယ် ။ စာတိုက်ကနေ တစောင်ပြီးတစောင်ရောက်လာတိုင်း အမေနဲ့ ကျမ တိတ်နဲ့ပတ်ပြီးစည်းထားတဲ့ အိမ်ရှေ့တံခါးမနားက ခရစ်စမတ် ကဒ်တွေကို လွင့်ပစ်လိုက်ရတယ် ။ အဝတ်အစားကောင်းကောင်း ဝတ်တတ်တဲ့ ရှင့်အဖေအကျင့်ကို သိတဲ့ ကျမမိဘတွေက မနက်ပိုင်းမှာဝတ်ဖို့ ဝတ်ရုံတွေလည်းဝယ်ထားကြတယ် ။ အမေ့ဖို့လည်း ဗိုင်ဗာစဝတ်ရုံကြီး ၊ အဖေကျတော့ ခပ်ပွပွဝတ်ရုံကြီး ။ တစ်နေ့ကျမကျောင်းက အိမ်ပြန်ရောက်တော့ ပန်းရောင်နှင့်အဖြူကြား ကျမအိပ်ယာခင်းကို အဝါရင့်ရင့်စောင်အသား နဲ့ လဲထားတာတွေ့တယ်။ ရေချိုးခန်းထဲမှာလည်း ရှင်နဲ့ ရှင့်မိဘတွေအတွက်ဆိုပြီး တဘက်အသစ်တွေလည်းရောက်လို့ ။ ကျမတို့သုံးနေကျထက်ပို နူးညံ့ပြီးပိုလည်းထူတယ် ။ အပြာရောင်လွင်လွင်လေးတွေ ။ ကျမအိပ်ယာခင်းကို လွှင့်ပစ်လိုက်ပြီထင်ရဲ့ ကုလားကာပေါ်ကအဝတ်လှမ်း တုတ်က ဟာလာဟင်းလင်း ။ ကျမအခန်းက အံဆွဲတွေကို ရှင်းပစ်ဖို့ ၊ နောက်ရှင်နေရင် အခန်းထဲ ခဏခဏမဝင်ရအောင် လိုမယ့် ပစ္စည်းတွေ တစ်ခါတည်းပြောင်းထားဖို့ ကျမကိုပြောတယ်။ ကျမလည်း ညဝတ်ဘောင်းဘီရှည်တွေ ၊ ကျောင်းဝတ်စုံတွေ နောက်အားကစားလုပ်ရင်သုံးတဲ့ ဖိနပ်စတာတွေယူခဲ့တယ် ။ နောက်ကျမလောလောဆယ် ဖတ်လက်စ စာကြည့်တိုက်က စာအုပ်ရယ် ၊ နောက် အိပ်ယာဘေး စားပွဲပေါ်က ရှိသမျှ စာအုပ်တွေကိုလည်း သယ်ခဲ့တယ် ။ အမှန်ပြောရရင်တော့ ကျမ ပစ္စည်းတွေကို ရှင့်မမြင်စေ့ချင်ဘူး ။ သည်တော့ ကျမရဲ့ဈေးပေါတဲ့ ဆွဲကြိုး ၊ လက်ကောက် ဒွါဒရာတွေထည့်တားတဲ့ ရတနာသေတ္တာလေးရော ၊ အေရွမ်ရေမွှေးပုလင်းရော သယ်လာတယ် ။ ကျမစားပွဲ အံဆွဲထဲမှာ သိမ်းထားတဲ့ ဒိုင်ယာရီစာအုပ်ကိုလည်း သယ်ခဲ့တယ် ။ အမှန်တော့ နာတာလူးလက်ဆောင်အဖြစ်ရကတည်းက နှစ်ရက်စာလောက် စိတ်ရှိတုန်းရေးထားပြီး ဘာမှထူထူးခြားခြား ရှိလှတာလဲ မဟုတ်ပါဘူး ။ နောက် ကျမရဲ့ဓာတ်ပုံလေးကပ်ထားပြီး သူငယ်ချင်းတွေရဲ့ ပေါက်ကရတွေ လျှောက်ရေးထားတဲ့ ခုနစ်တန်းနှစ်ချုပ်စာအုပ်ကို လည်းယူခဲ့တယ် ။ ကျမအဖြစ်က အိန္ဒိယကို ပြန်ဖို့ဘာတွေများသယ်လာ ခဲ့ရမလဲလို့ ဆုံးဖြတ်နေရပုံပဲ ။ တကယ့်တကယ်တော့ ဘယ်မှသွားတာလည်း မဟုတ်ပါဘူး ။ ပြီးတော့ အရင်ကမ္ဘာတစ်ပတ်ပတ်ပြီး အိန္ဒိယကို ပြန်တုန်းကသုံးတဲ့ ကျမနံမယ်ကဒ်ရယ် တံဆိပ်မျိုးစုံရယ် ပြည့်နေတဲ့ အဝတ်သေတ္တာထဲကို ပစ္စည်းတွေ သိပ်ထည့်ပြီး အမေတို့ အခန်းကိုပြောင်းခဲ့တယ်။
ဓာတ်ပုံတွေကတဆင့် ကျမရှင့်မိဘတွေကို အကဲခတ်ကြည့်တယ် ။ ကျမတို့ ဓာတ်ပုံအယ်ဘန်ထဲမှာ နှုတ်ဆက်ပွဲညက ရိုက်တဲ့ ရှင့်မိဘဓာတ်ပုံတွေ ရှိတယ်။ ဆံပင်ကိုနောက်လှန်ဖီးထားတဲ့ ရှင့်အဖေကိုကြည့်ရတာ ကျမတောင်တအံတသြ ဖြစ်ရတယ်။ သူက လည်ပင်းဗွီရှိပ်ပုံ ဆွယ်တာနဲ့ အကျီ င်္လက်ရှည်ကိုခေါက်ဝတ်ထား ပြီး ဓာတ်ပုံဘောင်အပြင်ဘက်တစ်နေရာကို တလောတကြီးလက်ညှိုးထိုးပြနေတယ် ။ ရှင့်အဖေကတော့ အမြဲလိုလိုပဲ ဝတ်စုံပြည့်နဲ့ လည်စည်းကို သပ်သပ်ရပ်ရပ် ဝတ်ထားတယ်။ ရှင့်အမေက ဆံပင်ကိုအလယ်မှာစုထုံးထားတော့ မျက်နှာကျဉ်းနေသလိုပဲ ။ သူရဲ့ဆာရီအနားစာကိုလည်း ပုခုံးပေါ်မှာပြန်ပတ်ထားတော့ ရှောပုဝါထပ်ခြုံထား သလားထင် ရတယ်။ ကျမအမေကတော့ ရှင့်အမေဘေးမှာ ခေါင်တစ်လုံးစာလောက်ပိုနိမ့်ပြီး ဆံပင်တွေလည်း နားဘေးမှာ ဘိုသီဘတ်သီ ကျလို့ ။ အမေတို့ နှစ်ယောက်စလုံး ပါးပြင်တွေ တော်တော်နီနေတယ် ။ ဧကံတ သောက်နေကျ ရေတွေ ၊ လက်ဖက်ရည်တွေမဟုတ်ဘဲ သည်ညမှ ဝိုင်သောက်ထားကြတယ်ထင်ပါရဲ့ ။ သည်ဓာတ်ပုံထဲမှာ ကျမသိပ်တွေ့ချင်တဲ့ ရှင့်ရဲ့ အရိပ်အယောင်တော့ တစ်စွန်းတစမှမပါဘူး ။ သည်လောက်လူအုပ်ကြီးကြားမှာ ရှင်ဘယ်နေရာကချောင်းကြည့်နေ မလဲဆိုတာ ကျမဘယ်သိပါ့မလဲ ။ ကျမအထင်တော့ ရှင်အဲသည်တုန်းက ကျမမိဘတွေအခန်းက စားပွဲမှာထိုင်ပြီး ယူလာတဲ့ စာအုပ်ကိုဖတ်လို့ ပါတီပွဲအပြီးကို စောင့်နေမယ်ထင်တယ် ။ ဟုတ်တယ်မဟုတ်လား ။

တစ်ညနေကျ အဖေရှင်တို့ကိုကြိုဖို့ လေဆိပ်ကိုသွားတယ်။ အဲသည်နေ့က ကျမညနေပိုင်းအတန်းရှိတယ်။ ညစာကို နေ့ခင်းကတည်းက ပြင်ဆင်ထားရတယ်။ အဲဒါ အိမ်မှာပါတီပွဲပေးတိုင်းပေးတိုင်းလုပ်တတ်တဲ့ အမေ့ရဲ့အကျင့်ဘဲ။ ဒါပေမယ့် အခုလို အမယ်စုံလှတဲ့ ဟင်းပွဲတွေကိုတော့ ရုံးတက်ရက်တွေမျိုးမှာ ဘယ်တော့မှ အမေလုပ်လေ့မရှိဘူး ။ ရှင်တို့မရောက်ခင် တစ်နာရီလောက်အလိုမှာ အမေကမီးဖိုမှာ မီးစမွှေးတယ် ။ ဒယ်အပြည့် ဆီချက်ပြီး ခရမ်းသီးတွေကို ခပ်ထူထူတုံးပြီး စကြော်တယ်။ အဖေကလည်း ရှင်တို့လေယာဉ်တော့ဆိုက်ပြီ ၊ အဝတ်အစားတွေတော့ မရောက်သေးဘူးလို့ အိမ်ကိုဖုန်းဆက်တော့ တခန်းလုံး မီးခိုးတွေဆိုမွှန်ထူနေတာပဲ ။ ကျမကတော့ ဆာနေပြီ ။ ဒါပေမယ့် လည်း အမေ့ကိုမီးဖိုတံခါးဖွင့်ခိုင်းပြီး ကျမတစ်ယောက်စာ စားဖို့ ပြင်ပေးဆိုတာလည်း မသင့်တော်ဘူးမဟုတ်လား ။ အမေကတော့ ဆီပူထိုးနေတာကို ရပ် ၊ ဆိုဖာပေါ်မှာ ကျမနဲ့အတူထိုင်လို့ ရုပ်သံအစီအစဉ်ကို ကြည့်နေပြီ ။ရုပ်ရှင်က ဒုတိယ ကမ္ဘာစစ်နောက်ခံကား ၊ စစ်ပန်းနေတဲ့ စစ်သားတွေ အမှောင်ကွင်းပြင်ကျယ်ကြီးတဲဖြတ် နေကြတဲ့ဇာတ်ဝင်ခန်း ပါတယ် ။ အဲသည်လိုအနောက်တိုင်း ရုပ်ရှင်မျိုးဆို အမေက သိပ်ကြိုက်တယ် ။ အမေက အနောက်တိုင်းဆန်စရာဆိုလို့ စကပ်တောင်ခါးပေါ်မတင်ဘူးပေမယ့် အော်ဒရီဟက်ဘန်းဆိုရင် ရုပ်ရှင်တိုင်း အခန်းတိုင်းက ဝတ်စုံတွေက အစ အသေးစိတ် မှတ်မိတယ် ။

ကျမအမေ့ဘေးမှာ အိပ်ပျော်သွားတယ် ။ ဒါပြီးနောက်မှတ်မိတာကတော့ ကျမဆိုဖာပေါ်မှာ တစ်ယောက်ထဲ အိပ်ပျော်နေပြီး ၊ တီဗွီကလည်းပိတ်လို့ ၊ အခန်းဟိုတစ်ဖက်က စကားပြောသံတွေလည်းကြား နေရတယ် ။ ကျမထရပ်လိုက်တော့ ခြေထောက်တွေကျဉ်နေပြီ ။ မျက်နှာတွေလည်း ပူခြစ်လို့ ။ ရှင်တို့အားလုံး ထမင်းစားခန်းထဲမှာ စားသောက်နေကျပြီထင်ပါရဲ့ ။ ဟင်းအိုးတွေလည်း တန်းစီလို့ ။ ရှင့်မိဘတွေ သောက်တတ်လို့ထင်ပါရဲ့ ဂျော်နီဝါကား တစ်ပုလင်းလည်း သူတို့ရဲ့ ထမင်းပန်းကန်နှစ်ကန်ကြားမှာ ထောင်ထားလို့ ။ရှင့်အမေက ပျော့ပြောင်းချောမွေ့ပြီး စိုနေတဲ့ ဆံပင်တွေကို ပုခုံးပေါ်မှာ ဝဲချထားတယ်။ ကိုယ်ကျပ်ခါးတိုအကျီ င်္နဲ့ လက်ထိုးသိုးမွေးလည်စည်းတစ်ထည်လည်း စည်းထားသေးတယ် ။ ဓာတ်ပုံထဲက အမျိုးသမီးလို့တော့ မသေချာဘူး ။ တောက်ပတဲ့ နှုတ်ခမ်းဆိုးဆေး ၊ မည်းနက်တဲ့ မျက်ခွံတွေနဲ့ ရှင့်အမေကြည့်ရတာ ကျမအမေလောက်တောင် ပင်ပန်းနေပုံမရဘူး ။ ရှင့်အမေက ပါးပါးပိန်ပိန်ပါပဲ ။ လည်တံဟာ ရှည်လျားကျော့ရှင်းတယ် ။ နောက်ကျမအမေလို သက်လတ်ပိုင်းမိန်းမတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အလေးချိန် ဖိစီးဟန်လည်းမရှိဘူး ။ ရှင့်အဖေကတော့ အရင်ကထက်ထူးပြီးတော့ ရုပ်မပြောင်းပါဘူး ။ အရင်ကလိုပဲ ရုပ်ဖြောင့်ဖြောင့် ၊ ဂျက်ကတ်ရယ် … လည်စည်းရယ်နဲ့ အရင်အတိုင်းပါပဲ ။ အင်း .. ခေတ်သစ်ကိုလက်ခံတဲ့ အနေနဲ့ထင်ပါရဲ့ မျက်မှန်ဒီဇိုင်းကိုတော့ အသစ်ပြောင်းထားတယ် ။ ရှင်ကတော့ ရှင့်အဖေလို အသားလတ်လတ် ဆံပင်ကို ဘေးခွဲပြီးဖီးထားတယ် ။ နောက်ဘာပစ္စည်းတွေ ကျန်ရစ်သေးလဲလို့ အာရုံစိုက်နေသလိုပဲ ။ ကျမရှင့်ကို သည်လောက်ကြည့်ကောင်းတဲ့လူလို့ မထင်ခဲ့ဘူးဖူး ။ အနည်ဆုံး ကျမအပေါ် ဆွဲဆောင်မှုရှိလိမ့်မယ်ရယ်လို့ ကျမမမျှော်လင့် မိခဲ့ဘူး ။

“ဘုရားရေ ဟီမာ… အမေလေး ။ အပျိုပေါက်ကြီးကို ဖြစ်လို့ပါလား ။ တို့ကို မမှတ်မိဘူးလား ” ရှင့်အမေက ပြုံးပြုံးကြီးနဲ့ အင်္ဂလိပ်လို မေးတယ် ။ ချိုပြီး အလောတကြီး မရှိတဲ့ အသံမျိုးနဲ့ ။ “လာ ကလေးမ ၊ သမီးကိုစောင့်နေတာ … ၊ သမီးအမေပြောတော့ တို့ကိုစောင့်ရင်း သမီး ဗိုက်ဆာနေတာဆို”
ဆိုဖာပေါ်မှာ ကျမအိပ်နေတာ ရှင်မြင်သွားမှာပဲဆိုပြီး ခပ်ရှက်ရှက်နဲ့ ကျမဝင်ထိုင်တယ် ။ ကမ္ဘာဟိုဖက်ခြမ်းက လာရတဲ့ ရှင်တို့နေသာတဲ့ဟာ ၊ တရေးတမောအိပ်ပြီးခုမှထလာတဲ့ အိမ်ရှင်ကျမက ပိုပြီးအားအင်ကုန်ခန်းနေသလိုပဲ ။ အမေက ကျမကိုထမင်းပန်းကန်ပြင်ပေးပေမယ့် အာရုံက ရှင့်ကိုထမင်းနောက်တစ်ပန်းကန်ထည့်ပေးဖို့ ။

“ကျတော်တို့လေယာဉ်မဆင်းခင်လေးကမှ စားလာလို့ပါဗျ” ကျမမိဘတွေလည်း အာကျယ်ကျယ်မဟုတ်ပဲ လေသံခပ်ဖျော့ဖျော့လေးနဲ့ ရှင်က ရှင်းပြတယ် ။ ရှင့်အသံက ခပ်အစ်အစ် ၊ ကလေးသံလေးလည်း မဟုတ်တော့ဘူး ။

“ပထမတန်းမှာ စီးတာဆိုတော့လေ ။ အမေလေး ပေးလိုက်ကျွေးလိုက်တဲ့ အစားအသောက်တွေဆို အံမခန်းဘဲ” ရှင့်အမေက ဝင်ပြောတယ်။

“ရှန်ပိန် ၊ ချော့ကလက် နောက် ငါးဥဆာနယ်တောင် ပါသေး … ။ ကျမကတော့ သိပ်မစားခဲ့ပါဘူး ..။ ရှင့်လက်ရာကိုလွမ်း နေတာ ရှာဗာနီရယ် သိရဲ့လား”

“ပထမတန်း … ဟုတ်လား” အမေက အသက်တောင်မရှူနိုင်ဘဲ တအံ့တသြမေးတယ်။ “ဘယ်လိုများလာ ကြတာပါလိမ့်”

“ဒါက ကျမအတွက် အသက် ၄၀ ပြည့်မွေးနေ့လက်ဆောင်ဆိုပါတော့ ရှင်.. ” ရှင့်အမေက ရှင့်အဖေကိုကြည့်တဲ့ပြီး “တစ်သက်မှာ တစ်ခါဆိုသလိုပေါ့ ရှင်ရယ် ။ မဟုတ်ဘူးလား”

“ဘယ်သူသိပါ့မလဲကွ … ” ရှင့်အဖေကြည့်ရတာ ဂုဏ်ယူဂုဏ်ဖော်လို ဟန်ပါပဲ ။ “စွဲပြီးတော့ အကျင့်ဖြစ်ရင်တော့ မကောင်းဘူးဟေ့….. ငွေကုန်ပေါက်ပဲကွ”

နောက်တော့ လူကြီးတွေ ကင်းဘရစ်ခ်ျ ကလူတွေအကြောင်းပြောကြပြန်တယ်။ ကျမမိဘတွေက ရှင့်တို့ကို ပြောင်းရွေ့သွားကြတဲ့ လူတွေအကြောင်း ၊ ကြီးပွားထွန်းပေါက်သွားကြတဲ့ လူတွေအကြောင်း ရောက်တတ်ရာရာပြော ကြတယ်။ လက်ထပ်သွားကြတဲ့လူပျိုတွေ ၊ နောက်ကြီးပြင်းလာကြတဲ့ ကလေးတွေ ။ နောက် ကတ်တားပါတီ ရှုံးပြီး ရီကန်ပါတီ ရွေးကောက်ပွဲမှာနိုင်တဲ့အကြောင်းလည်း ပါရဲ့ ။ ရှင့်မိဘတွေကတော့ သူတို့အလည်ဝင်ခဲ့ကြတဲ့ ရောမမြို့အကြောင်း ပြောပြတယ် ။ ရှင်အမေက ရေပန်းတွေရဲ့အလှ ၊ ချက်ပိန်းဝတ်ကျောင်းတော်ရဲ့ မျက်နှာကျက်ကို ကြည့်ဖို့ သုံးနာရီလောက်မတ်တပ်ရပ်တန်းစီရတဲ့အကြောင်း မြင်သာအောင်ပြောပြနေတယ် ။ “အို သိပ်ကိုလှတဲ့ ဘုရားကျောင်းတွေပဲ ၊ ပြတိုက်ကြီးတွေကျလို့ ၊ ကျမတော့လေ သည်လိုဘုရားကျောင်းမှာသာ ဝတ်ပြုခွင့်ရမယ်ဆိုရင် ကတ်သလစ်ဘာသာတောင်ပြောင်းလိုက်ချင် ပ”

“အေသီနာ ကို မရောက်ဘူး ၊ မမြင်ဘူးရင် ခင်ဗျားတို့ မသေနဲ့ဦး” ရှင့်အဖေသည်လိုပြောတော့ ကျမမိဘတွေက ခေါင်းညိမ့် တယ် ။ အေသီနာဆိုတာ ဘာကိုပြောတာလဲဆိုတာကိုတော့ သူတို့မသိကျပါဘူး ။ ကျမကတော့ သိတာပေါ့ ။ ကျမတို့ကျောင်းက လက်တင်သင်ခန်းစာမှာ ရောမအကြောင်း သင်ရတယ်လေ ။ နောင်ရောမနဲ့ ပတ်သက်တဲ့ အနုပညာလက်ရာတွေ ၊ ပိသုကာတွေအကြောင်း စာတမ်းရှည်တစ်ပုဒ်ရေးရတယ်လေ ။ တကယ့်တကယ်တော့ စာတမ်းဆိုတာကလည်း စာကြည့်တိုက် စွယ်စုံကျမ်းထဲမှာပါတဲ့ ဟာတွေကိုပဲ အခြေခံပြီး ကူးရေးကြရတာပါ ။ ရှင့်မိဘတွေက ဘုံဘေမှာ ကျန်ရစ်တဲ့အိမ်အကြောင်းလည်း ပြောကြသေးတယ် ။ အထပ် တစ်ဆယ်မှာ ရှိပြီး ဝရံတာက ကြည့်လိုက်ရင် ထန်းပင်တွေနဲ့ အာရေဗျပင်လယ်ကြီးကို မြင်ရတယ်တဲ့ ။ “ရှင်တို့အဲသည်ကို မရောက်ဖူးတာ သိပ်နာတာပဲ” ရှင့်အမေကပြောသေးတယ် ။ နောက် အိပ်ယာဝင်တော့မှ သူတို့ကဖြင့်တစ်ခါမှ လူလူသူသူမဖိတ်ဘူးပဲနဲ့များ လို့ အမေက အဖေ့ကိုတီးတိုး ရင်ဖွင့်တယ် ။
ညစာစားပြီးနောက်တော့ တစ်အိမ်လုံးရယ် ၊ သူတို့ဘယ်မှာ အိပ်ရမယ်ဆိုတာကိုလိုက်ပြဖို့ ကျမကိုပြောကြတယ် ။ အရင်တုန်းကဆိုလည်း ကျမကပဲ ဧည့်သည်တွေကိုလိုက်ပြနေကျပါ ။ ဒါကိုသဘောလည်းကျပါတယ် ။ ပိုင်ရှင်ဟန်အပြည့်နဲ့ ဒါကတံမြက်စည်းထားတဲ့နေရာ ၊ ဒါကတော့ အောက်ထပ်ရေချိုးခန်း စသဖြင့်ပေါ့လေ။ ခုတော့ ရှင့်ရဲ့ ညည်းငွေ့နေတဲ့ ဟန်ဟာ အရာရာကို မဝံ့မရဲဖြစ်အောင် ကျမကိုဟန့်တားထားတယ် ။ မီးကောင်ပေါက် ကျောင်းသူအရွယ် ကျမက ရှင့်ကို ဦးဆောင်ခေါ်သွားရမယ် ဆိုတာလည်း မရဲလှဘူး ။ ကျမယောက်ျားလေးတွေနဲ့ ရောရောနှောနှောဆက်ဆံတတ်ပါတယ် ။ ကျမတို့အတန်းကကောင်လေးတွေ ၊ ကျမနဲ့တောင်သေချာမသိတဲ့ ကောင်လေးတွေရော မကျန် လေးလေးစားစားဆက်ဆံနေကျပါ ။ ဒါပေမယ့် ရှင့်လို အရွယ်ရောက်ပြီးသား မိဘတွေကတဆင့် ပတ်သက်ရတဲ့ သူမျိုးကိုတော့ ကျမမကြုံခဲ့ဖူးဘူး ။ ဒါပေမယ့်လည်း ရှင့်ကို ဦးဆောင်ပြီး လှေကားပေါ်တက်ခဲ့တယ်။ ရှင်ကတော့ တံခါးကိုဖွင့် ၊ အထဲကို ခဏခေါင်းငဲ့ကြည့်ပြီး သိပ်သဘောမတွေ့လှတဲ့ အချိုးမျိုးနဲ့ပေါ့ ။

“ဒါကျမနေတဲ့ အခန်းလေ ၊ အခုတော့ အကို့အခန်းပေါ့”

အဲသည်တုန်းကတော့ သိပ်ဘဝင်မကျ စိုးရိမ်မိပေမယ့် ၊ အခုအချိန်မတော့ ရှင်သည်အခန်းထဲမှာ အိပ်ခဲ့တယ်ဆိုတာတွေးမိတိုင်း ကျမတိတ်တခိုး ရင်ခုန်မိဆဲပါ ။ ရှင်ကျမရဲ့ တည်ရှိခဲ့ခြင်းကို ဝါးမြိုသွားသလို မျိုးပဲလို့ ကျမတွေးမိတယ် ။ ကျမဘာမှ အားမထုတ်ရပဲ ရှင့်ကို သိလာရတယ် ၊ သဘောကျလာမိတယ် ။ ရှင်အခန်းကို ဖြတ်လျှောက်သွားပြီး လေအေးတွေတိုးဝင်းလာအောင် ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး အပြင်ကအမှောင်ထဲကို ငေးနေတယ် ။

“မင်း ခေါင်မိုးပေါ်တက်ကြည့်ဖူးလား” ရှင်ကမေးပြီး ကျမအဖြေတောင်မစောင့်ဘဲ အခန်းဆီးကိုမပြီး ချက်ချင်းဆိုသလိုပျောက် သွားတယ် ။ ကျမပြတင်းပေါက်ဆီကို ပြေးသွားပြီး အပြင်ကိုပြူကြည့်တော့ ရှင့်ကိုမတွေ့ဘူး ။ရှင်များ အပြင်ကကျောက်ခဲလေးတွေကို နင်းမိပြီး အောက်ကချုံထူထူတွေကြား ကျများသွားလားလို့ စိတ်ထင့်သွား မိသေးတယ် ။ ရှင်ကျမကို အရေးမထားသလိုလုပ်လို့ ဒုက္ခရောက်ပါစေလို့လည်း စိတ်ထဲမှာမချင့်မရဲနဲ့ ခပ်ကြောင်ကြောင်ပဲ မတ်တပ်ရပ်နေမိတယ် ။ “ရရဲ့လားဟင်” ကျမအော်ကြည့်တယ် ။ တကယ်တော့ ကျမရှင့်နာမည်ကို အော်ရမှာ ။ ဒါပေမယ့် အဲသည်လိုလည်း ကျမအတွက်အသားမကျပြန် ။ နောက်တော့ ရှင်ပြန်ဆင်းလာပြီး ဂိုထောင်ဆင်ခြေလျောမှာ ထိုင်ပြီး အောက်က အလှစိုက်မြက်ခင်းကို ငေးနေတယ်လေ။

“အိမ်နောက်မှာ ဘာရှိလဲ”

“တောတွေပါပဲ … ဒါပေမယ့်အကို သွားလို့မရဘူး”

“ဘယ်သူပြောလည်း”

“လူတိုင်းပဲ .. ကျမအမေရော နောက်ကျောင်းကဆရာမတွေရော အားလုံးပဲ”

“ဘာလို့မသွားရတာတဲ့လဲ”

“မနှစ်ကကောင်လေးတစ်ယောက် သည်တောထဲမှာပျောက်သွားဖူးတယ် .. အခုထိလည်း ရှာလို့မတွေ့သေးဘူး”

ကောင်လေးနာမည်က ကယ်ဗင်မက်ဝိုက်တဲ့ ။ ကျမထက်တော့ နှစ်တန်းငယ်တယ် ။ အဲသည်တုန်းက တစ်ပတ်လောက် ရဟတ်ယာဉ်တွေ ၊ ခွေးဟောင်သံတွေ စတဲ့ သဲလွန်စရှာကြတာတွေ ရှိပေမယ့် သူ့အကြောင်းဘာမှ ပြောသံမကြားရတော့ဘူး ။

ရှင်ကတော့ဘာမှ ပြန်မပြောပဲ မဆီမဆိုင်ကောက်မေးတယ် ။

“သည်ကစာတိုက်ပုံးတိုင်းမှာ ဘာလို့ ဖဲပြားအဝါတွေ ချည်ထားရတာလဲ”

“အီရန် ကဓားစာခံတွေအတွက်ပေါ့”

“ကိုယ်လောင်းရဲပါတယ် သည်ကိစ္စမတိုင်ခင်ကဆို အမေရိကန်တွေ အီရန်ဆိုတဲ့ နာမည်တောင်ကြားဖူးမှာ မဟုတ်ပါဘူးကွာ” ။ ရှင့်စကားက ကျမပတ်ဝန်းကျင်ကသူတွေရဲ့ မျိုးချစ်စိတ်ရယ် ၊ နောက် ဗဟုသုတခေါင်းပါးမှုဟာ ကျမအပေါ်မှာပဲတာဝန် ရှိသလိုလို ရွဲ့ပြောနေတယ်လို့ခံစားရတယ် ။

“ဟို ညာဘက်မှာမြင်နေရတာဘာလဲ”

“ဒန်းလေးပါ ”

သည်စကားလေးကတော့ ရှင့်ကိုရယ်မောသွားစေတယ် ။ ရှင်ကျမဘက်ကို ပြုံးရင်း မျက်နှာချင်းဆိုင်လိုက်တယ် ။ ကျမထင်ထားသလို ကြင်နာနွေးထွေးတဲ့ အကြည့်မျိုးနဲ့တော့ မဟုတ်ဘူး ။

“ကိုယ်သည်က အေးမြမှုကို သိပ်လွမ်းတယ်”

“အေးမြမှုတဲ့လား”

ရှင့်အတွက်သည်က အရာရာဟာအသစ်အဆန်းမဟုတ်ပါလားလို့ ကျမကိုယ့်ကိုကိုယ် ပြန်သတိပေးမိတယ် ။

“ပြီးတော့ နှင်းတွေကိုရောပေါ့ .. ဘယ်တော့လောက်နှင်းကျမလဲ”

“ကျမလည်းမသေချာဘူး ၊ နာတာလူးပွဲတုန်းကတောင် သိပ်မကျလိုက်ဘူး”

ရှင်ကစိတ်ပျက်လက်ပျက်နဲ့ အခန်းထဲကို ပြန်တတ်လာတယ် ။ ကျမရဲ့ မရေမရာစကားကြောင့်များ စိတ်ပျက်သွားသေးလားလို့ စိုးရိမ်မိတယ် ။ နောက်ရှင်က ရှင့်အရပ်နဲ့ ကွက်တိလောက်ရှိတဲ့ အဖြူရောင်ကွပ်ထားတဲ့ မှန်ထဲမှာ ကိုယ့်ပုံကိုကိုယ် ကြည့်နေတယ် ။ နောက်တော့မှာ “ရေချိုးခန်းဘယ်မှာလည်း” လိုမေးပြီး အပြင်ထွက်သွားတယ် ။

အဲသည်ညက ကျမမိဘတွေအခန်းက ကုတင်ပေါ်မှာလဲရင်း သန်းခေါင်လောက်ထိ အိပ်မပျော်ဘဲနိုးနေတယ် ။ အဖေနဲ့အမေတို့ရဲ့ အမှောင်ထဲမှာ တွတ်ထိုးနေသံကိုလည်းကြားရတယ် ။ ကျမက ရှင်များကြားသွားလေမလားလို့ စိုးရိမ်နေရတယ် ။ ရှင့်အိပ်ယာက ကျမနဲ့နံရံတစ်ဖက်ပဲခြားတာလေ ။ကျမသာနံရံကို ဖောက်ဝင်နိုင်ရင် ရှင်ဆီကိုရောက်ပြီ ။ ကျမမိဘတွေက ရှင်တို့အကြောင်း တီးတိုးတီးတိုး သဖန်းပိုးလုပ်ပြီး ဝေဖန်နေကြတာပါ ။ ရှင်တို့ကိုလည်းနားမလည်နိုင်ဘူးတဲ့ ။ ကင်းဘရစ်မှာထက်တောင် ဘုံဘေက ရှင်တို့ကိုပိုပြီး အမေရိကန်ဆန်အောင်လုပ် ပေးနိုင်ခဲ့တယ်တဲ့လေ ။ အမေကတော့ သူ့စိတ်နဲ့မတွေ့နဲ့အကြောင်း ၊ နားလည်းမလည်နိုင်တဲ့အကြောင်းပြောတယ် ။ ရှင့်အမေရဲ့ ဆံဆေးတိုအကြောင်း ၊ နောက်ပေါ့တီပေါ့ရှပ်နိုင်လာတဲ့အကြောင်း ၊ ထမင်းစားရင်း ရှင့်အဖေနဲ့ အတူတူ ဂျော်နီဝါကား အတူတူဆက်သောက်တဲ့အကြောင်း ၊ နောက်အရက်ခွက်တကိုင်ကိုင်နဲ့ ထမင်းစားခန်းထဲက ထသွားတဲ့အကြောင်း တွေလည်းပြောကြတယ် ။ အများဆုံးပြောနေတာတော့ အမေပါ ၊ အဖေကတော့ လေအေးလေးနဲ့ အင်း ၊ အဲ လိုက်ရုံ နားထောင်ပေးရုံပါပဲ ။ အမေကပြောသေးတယ် သူဆိုဘယ်တုန်းကမှ အရက်ဆိုင်ရှေ့မရောက်ဖူးဘူးတဲ့ ၊ ဒါပေမယ့် သည်နှုန်းအတိုင်းသာဆို မနက်ဖြန်လောက်ဆိုကုန်မှာမို့ ၊ အရက်တစ်ပုလင်းလောက် လိုလိုပိုပိုကြိုဝယ်ထား ဦးမှလို့လည်း အကြံပေးတယ် ။ အမေကတော့ ရှင့်အမေကို “ခေတ်ဆန်လာတယ်တဲ့” ၊ သည်စကားဟာ သူ့အဘိဓာန်မှာတော့ ပစားပေးပြီးသုံးတဲ့စကားလုံးပါ ။
“ပထမတန်းလက်မှတ် တစ်စောင်ဆိုရင် လူဆယ်နှစ်ယောက်လောက်အေးဆေးစီးလို့ရတယ်” အမေကပြောသေးတယ် ။ အမေရဲ့မွေးနေ့တွေကတော့ ရောက်လာလိုက် ၊ပြီးသွားလိုက် နဲ့ပဲ ၊ အဖေကတော့ သတိတောင်မထားမိပါဘူး ။ ကျမကတော့ နှစ်စဉ်ဇူလိုင် (၁)ရက်နေ့တိုင်း မွှေးနေ့ကဒ်လေးလုပ်ပြီး အဖေကိုလက်မှတ်ထိုးခိုင်း ၊ ကျမလည်းလက်မှတ်ထိုးပြီး အမေ့ကိုအမှတ်တရတော့ ပေးနေကြပါ ။ ချက်ချင်းအမေက ငေါက်ခနဲထထိုင်ပြီး ဟိုဟိုသည်သည် အနံ့ခံပြီးတော့ “ကျမမီးခိုးနံ့ရတယ်” လို့ဆိုတယ်။ မီးဖိုကမီးပိတ်ခဲ့ရဲ့လားလို့ အဖေကမေးတော့ သေချာပိတ်ခဲ့ပါတယ်လို့ပြောတယ်။

“စီးကရက်နံ့ပါကွာ” အဖေကပြောတယ် “ရေချိုးခန်းထဲမှာ တစ်ယောက်ယောက် စီးကရက်သောက်နေတာ”
“မစ္စတာချောင်ဒူရီ ဆေးလိပ်သောက်တတ်မှန်း ကျမမသိဘူး …… ကျမတို့ဆေးလိပ်ပြာခွက်တွေ ချပေးထားရင်ကောင်းမယ် ထင်ပါရဲ့တော်…”

(၄)

မနက်ကျတော့ ရှင်တို့ခရီးပန်းလားလို့ဆိုပြီး ဘယ်သူမှမနိုးကြဘူး ။ အိမ်ရှေ့ခန်းထဲက အဝတ်အိတ်တွေ ၊ ရေချိုးခန်းထဲက သွားတိုက်တံတွေကြောင့်သာ ရှင်တို့အရိပ်အယောင်ကိုမတွေ့ရပေမယ့် ရှင်တို့ရှိနေသေးတယ်ဆိုတာ သိရတယ် ။ နေ့လည်ကျမကျောင်းကပြန်လာတော့တောင် ရှင်အိပ်ယာက မနိုးသေးဘူး ။ ညစာ (အဲလေ .. ရှင့်တို့အတွက်တော့ မနက်စာပေါ့) စားကြတော့ ကျမတို့လို ဟင်း ၊ထမင်းနဲ့မစားဘဲ ပေါင်မုန့်မီးကင်နဲ့ လက်ဖက်ရည်ပဲသောက် ကြတယ် ။ ပထမတစ်ရက်နှစ်ရက်မတော့ ကျမတို့နိုးရင်ရှင်တို့က အိပ် ၊ ရှင်တို့နိုးတော့ ကျမတို့အိပ်ယာဝင်နဲ့ တစ်မိုးအောက်မှာပဲ ဆန့်ကျင်ဘက်နေကြတယ် ။ ရလဒ်ကတော့ ကျမအခန်းမှာ ကျမမအိပ်ရတဲ့ အပြင် အပြောင်းအလဲတွေလဲတွေ့လာရတယ် ။ မနက်တိုင်း ကျမအရင်လိုပဲ လိမ္မော်ရည်သောက် ၊ ကွေကာအုပ်သောက် ပြီး ကျောင်းသွားရတယ် ။ ရှင်တို့ရောက်နေတဲ့ အကြောင်းကိုလည်း ကျမဘယ်သူ့ကိုမှ မပြောမိဘူး ။ တကယ်တော့လည်း ကျမ အိမ်တွင်းရေးတွေကို ဘယ်တုန်းကမှ အမေရိကန်သူငယ်ချင်းတွေကို ပြောပြလေ့မရှိခဲ့ပါဘူး ။ ငယ်ငယ်တုန်းက မွေးနေ့ရောက်တိုင်း သူငယ်ချင်းတွေတစ်ဒါဇင်လောက် အိမ်လာတတ်တော့ ၊ ကျမတို့နေပုံထိုင်ပုံကို မြင်သွားမှကြောက်လို့ မွေးနေ့တွေကိုတောင် သဘောမကျနိုင်ဘူး ။ကျမ ရှင့်ကိုဘယ်လိုရည်ညွှန်းပြောရမယ် မသိဘူး ။ “မိသားစုနဲ့ ရင်းနှီးတယ်” အဲလိုဆိုရင်ကောင်းမယ်ထင်ပါရဲ့ ။
တစ်နေ့ကျမကျောင်းကပြန်လာတော့ ရှင့်မိဘတွေနိုးနေတာကိုတွေ့တယ် ။ အရင် ကျမ “ဘတီဘက်ခ်ျ” နဲ့ “ဂါလီဂမ်ရဲ့ ကျွန်း” စတဲ့ ရုပ်သံအစီအစဉ် ကြည့်တတ်တဲ့ဆိုဖာပေါ်မှာ ထိုင်ပြီး ခြေထောက်တွေကို ပတ္တာဆက်ပြီး စားပွဲပေါ်တင်ထားကြတယ် ။ ပေါင်ပေါ်မှာ အာလူးတင်ပြီးလှီးနေတဲ့ ကျမအမေနဲ့ စကားပြောလို့ ။ ရှင့်အမေကတော့ ပန်းရောင်အခံမှာ အနီရောင်အပြောင်ဆိုဒ်မျိုးစုံပါတဲ့ ကျမအမေရဲ့ နိုင်လွန်ဆာရီကိုဝတ်ထားတယ် ။ မေ့ကျန်ရစ်တယ်ဆိုတဲ့ ရှင့်အမေရဲ့ အဝတ်သေတ္တာအကြောင်းပြောနေကြတယ်ထင်ပါရဲ့ ။ သေတ္တာက ရောမမှာကျန်ရစ်တာ ။ အခုတော့ ဂျုံဟမ်ဘတ်ကိုလာတဲ့ လေယာဉ်နဲ့ပါလာပြီတဲ့ ။ ကျမအထင် သည်ဆာရီဟာ ကျမအမေထက် ရှင့်အမေဝတ်တော့ ပိုကြည့်ကောင်း နေသလိုပဲ ။ ပန်းရောင်ဟာ သူ့အသားအရေကြောင့် ပိုပြီးကြည့်ကောင်းနေတယ် ။ ရှင်ကတော့ အပြင်သွားတယ်လို့ ပြောတယ်။ ရှင့်ကို ကျမ မရှာပါဘူး ။ ဒါနဲ့ ကျမစန္ဒရားအတီးကျင့်နေတယ် ။ ရှင်ပြန်လာတော့ အတော်မှောင်နေပြီ ။ နောက် ငယ်သေးတယ်ဆိုလို့ ကျမ မသောက်တဲ့ လက်ဖက်ရည်ကိုလည်းသောက်လို့ ။ ရှင့်မိဘတွေလည်း သောက်ကြတယ်။ အဲ ခြောက်နာရီလောက်ကျတော့ ထုံးစံအတိုင်း ဂျော်နီဝါကားပုလင်း စားပွဲပေါ်ရောက်နေပြီ ။ ရှင့်ကတော့ ရှင့်အဖေရဲ့ ဈေးကြီးကြီး ကင်မရာကြီးကို လည်ပင်းမှာဆွဲပြီး ခေါင်းစွပ်အကျီ င်္လေး နဲ့ပဲအပြင်ထွက်သွားတာ ။ ရှင့်ကြည့်ရတာ ချမ်းနေပုံပါပဲ ။ မျက်လုံးတွေ ၊နားရွက်ဖျားတွေလည်း နီလို့ ။ ကြက်သီးတွေလည်း ထနေရှာတယ် ။

“အိမ်နောက်ဘေးမှာ စမ်းချောင်းလေးရှိတယ်နော် … သစ်တောထဲကို စီးသွားတာ” ရှင်ကပြောတယ် ။
အမေကတော့လန့်သွားပြီး ကျမကိုခဏခဏသတိပေးတတ်သလို ရှင့်ကိုလည်း အဲသည်ဘက်သိပ်မသွားဖို့ သတိပေးတယ် ။ ရှင်လာတဲ့ညကတည်း က ကျမသတိပေးခဲ့ပြီးပြီပဲ ။ ရှင့်မိဘတွေကတော့ အမေ့လို စိတ်ပူပုံတောင် မရဘူး။

“ဘာပုံတွေ ရိုက်လာလဲ” သူတို့ကဖြတ်မေးတယ် ။

“ဘာမှမဟုတ်ပါဘူး” သည်အဖြေကြောင့် ပတ်ဝန်းကျင်က ရှင့်ကိုဘာမှဆွဲဆောင်နိုင်ဟန်မ ရှိဘူးရယ်လို့ ကျမဘာသာတွေးမိတယ် ။ ကျမတို့နေတဲ့ ဆင်ခြေဖုန်းရက်ကွက်ဟာ ရှင့်အတွက်ရော ၊ ရှင့်မိဘတွေအတွက်ပါ အသစ်အဆန်းဖြစ်ဟန်တူတယ် ။ ရှင့်စိတ်ထဲက အမေရိကား ဆိုတာလည်း ခပ်ဝါးဝါးပဲမှတ်မိတော့မယ့် ကင်းဘရစ် ပတ်ဝန်းကျင်ပဲနေမှာပေါ့ ။

ရှင်ကတော့လက်ဖက်ရည်သောက်ပြီး အခန်းထဲတန်းဝင်သွားလိုက်တာ ရှင့်ကိုယ်ပိုင်အခန်းများကျလို့ ။ ညစာစားမယ်ဆိုမှာ ပြန်ထွက်လာတယ် ။ နောက်စကားတစ်ခွန်းမှ မဆိုဘဲ ခပ်လောလောလေးစားပြီး အပေါ်ပြန်တတ်သွားတယ် ။ ရှင့်မိဘတွေကတော့ ကျမအပြုအမူတွေကို ခုံရုံးတင်စစ်ဆေးသလို တစ်ခုမကျန် ချီးကျူးကြသေးတယ် ။ စန္ဒရားဘယ်လိုတီးတယ်ဆိုတာကော ၊ တစ်အိမ်လုံးမှ အမေ့ကိုကူလုပ်တာ စတာတွေကော အားလုံးပဲ ။ “ကူရှစ်လာကြည့်စမ်း ဟီမာသူ့ဘာသူဘယ်လို့နေ့လည်စာထည့်နေတယ်ဆိုတာ …” ၊ ညစာစားအပြီး နောက်နေ့ကျောင်းမှာစားဖို့ အသားပြားတွေနဲ့ ဆန်းနဝခ်ျပြင် ပြီးစက္ကူအိတ်တစ်လုံးထဲ ထည့်နေတာကိုကြည့်ပြီး ရှင့်အမေကပြောနေတယ် ။ ရှင့်ကတော့ မိဘတွေရဲ့အုပ်ထိန်းမှုအောက်က လွတ်စပြုပေမယ့် သုံးနှစ်လောက်ငယ်တဲ့ ကျမဟာ အဲသည်တုန်းက ကလေးသာသာပဲ ရှိသေးတာပါ ။ ရှင်ကတော့ မိဘတွေနဲ့ ပြိုင်လည်းမငြင်းဘူး ၊ စကားလည်း သိပ်မပြောလှဘူး ။ ရှင်အပြင်ထွက်သွားတုန်း ရှင့်မိဘတွေက ရှင်သည်ကို သိပ်ပြန်မလာချင်တဲ့ အကြောင်း အမေ့ကို ပြောပြတယ်။ “ဟိုငယ်ငယ် အိန္ဒိယကို ပြန်မယ်ဆိုတုန်းကလည်း သူစိတ်ဆိုးတယ် ဟောခု သည်ကိုပြန်လာမယ်ဆိုတော့လည်း သိပ်ကြည်ချင်တာမဟုတ်ဘူး ” ၊ “ကျတော်တို့ ကဘုံဘေမှာ ဆိုပေမယ့် သူ့ကို တကယ့် အမေရိကန်လူငယ်တစ်ယောက်လို ကြီးပြင်းစေခဲ့တာပါ ” ရှင့်အဖေကပြောသည် ။
ကျမအခန်းကစားပွဲက မအားတော့ ထမင်းစားစားပွဲပေါ်မှာပဲ ကျမအိမ်စာတွေလုပ်ရတယ် ။ ကျမ ရောမအကြောင်း စာတမ်းရေးနေရတာ ။ ရှင်တို့မလာခင်အထိကတော့ သည်အကြောင်းကို ကျမစိတ်ဝင်စားခဲ့တယ် ၊ ဒါပေမယ့် အခုရှင်တို့ အဲသည်ကိုရောက်ဖူးပြီးနေပြီဆိုတာသိတော့ ၊ စာတွေ့လုပ်နေရတာ ခပ်ကြောင်ကြောင်နိုင်သား ။ ကျမဘာသာကျမ သီးသန့်လုပ်ချင်ပေမယ့် ရှင့်အဖေကတော့ ကိုလိုစီယမ်ဇာတ်ရုံရဲ့တည်ဆောက်ပုံကို လေရှည်ရှည်နဲ့ ရှင်းပြနေတယ် ။ ရှင့်အဖေရဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာအမြင်တွေဟာ ကျမကိုခေါင်းရှုပ်စေတာကလွဲလို့ ဘာမှ အကူအညီမရပေမယ့် ယဉ်ကျေးမှုအရ အသာပဲနားထောင်နေရတယ် ။ ကျမကတော့ သူပေးတဲ့အချက်အလက်တွေကို ဘယ်နေရာမှာဘယ်လိုပေါင်းပြီး ထည့်ရေးစသည်ဖြင့် စာတမ်းကိုများယူကြည့်ဦးမလားလို့ စိတ်ပူနေမိသေးတယ် ။ ဒါပေမယ့်လည်း သူယူမကြည့်ပါဘူး ။ ရှင့်အဖေက သူ့လက်ဆွဲအိတ်ကိုဖွင့်ပြီးတော့ သူဝယ်လာတဲ့ ပို့စကပ်တွေပြတယ် ၊ နောက် စာတမ်းနဲ့ဘာမှမဆိုင်လှပေမယ့် ရှေးဟောင်းဒင်္ဂါးပြား နှစ်ပြားကိုလည်း ကျမကိုအမှတ်တရပေးသေးတယ် ။

(၅)

ရှင့်တို့ခရီးပန်းတာတွေသက်သာတဲ့ တစ်နေ့ ကျမမိဘတွေရဲ့ ကားရှည်ကြီးနဲ့ အားလုံး ကုန်တိုက်ကိုသွားကြတယ် ။ ရှင့်အမေက သူ့ဖို့အတွင်းခံ ဘရာစီယာဝယ်ချင်တယ် ။ အဲဒါကိုတော့ ခန္ဓာကိုယ် သိပ်မဖွံ့တဲ့ ကျမအမေဆီက ငှားဝတ်လို့ မဖြစ်တော့ဘူးလေ ။ ကုန်တိုက်ရောက်တော့ အဖေတွေက ခုံတန်းလေးတွေ ၊ ပန်းပင်တွေစီချထားတဲ့ အပြင်ဘက်အနိမ့်ပိုင်းမှာ ထိုင်စောင့်နေရစ်ကြတယ် ။ ကျမကတော့ ဂျော်မန်ဒပ်ခ်ျ အမျိုးသမီးအတွင်းခံဆိုင်ကို အမေတို့နဲ့ အဖော်လိုက်ရတယ် ။ ရှင့်အမေက ရှင့်အဖေပေးလိုက်တဲ့ ခရက်ဒစ်ဈေးဝယ်ကဒ်ကို ယူလာပြီး ကျမတို့သားအမိကို ဦးဆောင်ခေါ်လာတယ် ။ အရင်တုန်းကတော့ ကျမတို့ “ဆီးယား” ဆိုတဲ့ဆိုင်ကိုပဲသွားလေ့ရှိတာ ။ ဆိုင်ကိုသွား ရင်းရှင့်အမေက အနက်ရောင်လက်အိပ်တစ်စုံရယ် ၊ ဒူးလောက်ရှည်ပြီး ဇစ်ဆွဲလို့ရတဲ့ ဖိနပ်ရှည်တစ်ရံ ဝယ်တယ် ။ ရှင့်အမေ ကဈေးနှုန်းကိုလုံးဝမကြည့်ဘဲလို ချင်တာကို စင်ပေါ်ကဖြုတ်ကြည့်တာပဲ ။ အတွင်းခံဆိုင်ကိုရောက်တော့ အရောင်းစာရေးမက ကျမကိုကြည့်ပြီး “သည်မှာ သည်အရွယ်ဝတ်တွေလည်းရှိပါတယ် ကြွပါ” လို့ရှင့်အမေကိုပြောတယ် ။ ကျမနဲ့ ရှင့်အမေကို သားအမိထင်နေတယ်တူပါရဲ့ ။

“အို… မဟုတ်တာ သူကငယ်ပါသေးတယ်” ကျမအမေကဝင်ပြောတယ် ။

“အော် ဘာပဲဖြစ်ဖြစ် ကြည့်ကြည့်တာပေါ့” ရှင့်အမေကပြောရင်း နောက်မှာချိတ်ထားတဲ့ အလယ်မှာ နှင်းဆီဖူးလေးပါတဲ့ ဇာပေါက်ဘရာစီယာလေးကို လက်ညှိုးထိုးပြတယ် ။ ကျမ သည်တုန်းက အပျိုဖော်ဝင် ရာသီပန်းပွင့်စပြုပါပြီ ။ ဒါပေမယ့် ကျမကျောင်းက သူငယ်ချင်းတွေလိုမဟုတ်ဘဲ ပန်းရိုက်အတွင်းခံရှင်မီးအကျီ င်္လေးတွေကို ဝတ်နေရတုန်း ။ ကျမကို အစမ်းဝတ်အခန်းထဲ ခေါ်သွားပြီး ကျမအကျီ င်္ တွေချွတ်ပြီး ဘရာစီယာဝတ်နေတာကို ရှင့်အမေက အစအဆုံးကြည့်နေတယ် ။သူကပဲ အံဝင်အောင်ညှိပေးပြီးနောက်ကချိတ်တွေဘာတွေတောင် ချိတ်ပေးတယ် ။ သူကိုယ်တိုင်လည်း အစမ်းဝတ်ကြည့်တယ် ။ ခန္ဓာကိုယ်အပေါ်ကို ဟာလာဟင်းလင်းထားရတာ ရှက်ပုံလည်းမရပါဘူး ။ ဒါပေသိ ဖွံ့ဖြိုးပြီး ပျင်းကျနေတဲ့ တဲ့ရင်သားနဲ့ ညိုတိုတိုသားမြတ်ခေါင်းတွေရယ် ၊ ခပ်ထူထူ ချိုင်မွှေးတွေက ရနေတဲ့ အောက်တောက်တောက်အနံ့တွေ ရယ်ကြောင့် ကျမတော့ မသတီဘူး ။ “အင်း.. လိုက်တယ်ကွယ်” ကျမကျောပြင်တစ်လျှောက် လက်နဲ့ပွတ်လို့ ရှင့်အမေကပြောတယ် ။ “မင်းကြီးလားရင် သိပ်ကိုချောတဲ့ မိန်းမဖြစ်လာမှာပဲသိရဲ့လား ကလေးမ” ။ ကျမအမေကန့်ကွက်တဲ့ကြားက ရှင့်အမေက ကျမဘဝမှာ ပထမဆုံးဝတ်ဖူးခဲ့တဲ့ ဘရာစီယာ သုံးထည်ကိုလက်ဆောင်ဝယ်ပေးတယ် ။ အပြန်မှာ အလှကုန်ဆိုင်ဝင်ပြီး နှုတ်ခမ်းဆိုးဆေးတစ်တောင့်ရယ် ၊ ရေမွှေးတစ်ပုလင်းရယ် နောက် မျက်ရစ်တွေ လည်ပင်းရစ်တွေ ပျောက်စေတဲ့ အသားလှဆေး တစ်ဘူးရယ်ဝယ်တယ် ။ သူကတော့ ကျမအမေတို့သုံးတဲ့ အေဖွမ် အလှကုန်တွေကို စိတ်ဝင်စားပုံမရဘူး ။ မိတ်ကပ်ဆိုင်က လက်ဆောင်အဖြစ် အနီရောင်လက်ဆွဲအိတ်တစ်လုံး လက်ဆောင်ရတယ် ။ ရှင့်အမေက ကျောင်းစာအုပ်တွေဘာတွေ ထည့်လို့ရတယ်ဆိုပြီး ကျမကိုပေးတယ်။ ကျမလည်း နောက်တနေ့ ကျောင်းသွားတော့ အဲသည်အိတ်ကို စာအုပ်တွေထည့် ယူသွားတယ် ။


အပိုင်း(၂)

(၆)

နောက်တစ်ပတ်လောက်တော့ ကျမတို့ဆီကနေ မိုင်(၄၀) လောက်ဝေးတဲ့ အင်ဂျင်နီယာလုပ်ငန်းခွင်တစ်ခုမှာ ရှင့်အဖေ အလုပ်သစ်ဝင်တယ် ။ စစချင်းတော့ ကျမအဖေ စောစောထပြီး အရှေ့မြောက်ပိုင်း တက္ကသိုလ်မှာ သူ့ရဲ့ ဘောဂဗေဒအတန်းတွေ မစခင် ရှင့်အဖေကို အရင်လိုက်ပို့ပေးတယ် ။ နောက်တော့ ရှင့်အဖေက အမိုးကိုလှန်လို့ရတဲ့ အူဒီကားလေး တစ်စင်းဝယ်လိုက်တယ် ။ ရှင်ကတော့ အမေတို့နဲ့ အိမ်မှာပဲနေခဲ့ရ တယ်လေ ။ ရှင့်အဖေတို့က ရှင့်ကို သူတို့အိမ်ဝယ်ပြီးမှ ကျောင်းဘယ်မှာထားရမယ်ဆိုတာ စဉ်းစားမယ်တဲ့ ။ ကျမကတော့ တအံ့တသြလည်းဖြစ်မိတယ် ။ အားလည်းကျတယ် ။ နှစ်ဝက်လုံလုံး ကျောင်းတက်စရာမလိုပဲ အားနေမယ် တဲ့လေ။ နောက် စိတ်ညစ်ရတာတစ်ခုက ရှင့်ကို အိမ်မှာတွေ့ရတယ်လို့ကိုမရှိဘူး ။ နောက်စားထားတဲ့ ပန်းကန်တွေ ၊ ခွက်တွေဆိုရင်လည်း ဆေးတဲ့နေရာမှာပြန်မထားဘူး ။ နောက်အိပ်ယာကိုလည်း ပြန်သိမ်းတယ် ၊ ပြန်ခင်းတယ်လို့ကိုမ ရှိဘူး ။ မဟတဟပွင့်နေတတ်တဲ့ တံခါးကကြည့်ရင် အကုန်ပွစာကျဲနေတာပဲ ။ ကြမ်းပြင်ပေါ်မှာ စောင်တွေကျလို့ ၊ အဝတ်တွေကိုလည်း စားပွဲပေါ်မှာပုံထားလို့ထားနဲ့ နိစ္စဒူဝ မြင်နေရတယ် ။ နောက်ရှင်က အသီးအနှံ့တွေ အများကြီး စားတတ်တယ်နော် ။ စပျစ်သီးဆို တစ်ခိုင်လုံး ၊ ပန်းသီးဆိုရင်လည်း အလယ်အူတိုင်ပဲ ကျန်တော့အောင်ကို စားပစ်တာ ။ ဒါဟာလည်း ကျမကိုဆွဲဆောင်နေတဲ့ ရှင့်ရဲ့အကျင့်တစ်ခုပဲ ။ ကျမကတော့ အသီးတွေဘာတွေ သိပ်မစားဖြစ်ပါဘူး ။ စားရထာ ဝါးရတာ ပါးစပ်ကိုဆို့ထားသလိုပဲ ။ ရှင်ကတော့ သည်ဟာကအရသာရှိတယ် ၊ ဟိုဟာကအရသာ မရှိဘူးရယ်လို့ ကချိကချောက်များသလောက် စတားဈေးဆိုင်ကနေ အမေတို့ဝယ်သမျှအကုန် ဖြိုပစ်တတ်တာမဟုတ်လား ။ နေ့လည်နေ့လည် ကျမကျောင်းကပြန်လာတိုင်း ရှင် ဆိုဖာရဲ့အစွန်းတစ်ဖက်မှာ အမြဲတမ်းထိုင်ပြီး ခြေထောက်ညှက်ညှက်ကလေးတွေကို စားပွဲပေါ်မှာ ပတ္တာဆက်တင်လို့ အောက်ထပ်ကျမအဖေ့စာအုပ်စင်က အိုက်ဆက်အက်ဆီမော့ရဲ့ စာအုပ်တွေ ဖတ်နေတတ်တယ် ။ ရုပ်သံကလွှင့်ပြီး ကျမသိပ်မုန်းတဲ့ “ဒေါက်တာဘယ်သူတုန်း” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရှင်က သိပ်ကြိုက်တယ် ။

ကျမရှင့်ကိုဘယ်လို ခင်အောင်ရောရ ၊ ပေါင်းသင်းရမယ်ဆိုတာ မသိဘူး ။ ဘာလို့လဲဆို ရှင်က အိန္ဒိယမှာ နေလာခဲ့တာ ၊ အမေတို့ဆိုရင်တော့ ကျမထက်ပိုပြီး နားလည်မယ်ထင်တယ် ။နောက်တစ်ခု ရှင်ကလည်း ကာလက္ကတားက ကျမရဲ့ ဝမ်းကွဲမောင်နှမတွေလို မဟုတ်ပြန်ဘူး ။ သူတို့ဆို သိပ်ရိုးကြပြီး ကျမကိုလည်း သိပ်လိုက်လျောရှာတာ။ အမေရိကားမှာနေတာကို အခြားတစ်ကမ္ဘာမှာနေတာကျလို့ အကွက်စေ့အကုန်မေးတတ်ကြတယ် ။ ရှင်ကျတော့ ကျမအကြောင်းကိုဘာမှလည်း စပ်စပ်စုစုလည်း မရှိဘူး ။ တစ်နေ့ကျမကျောင်းက သူငယ်ချင်းတစ်ယောက်က “အင်ပါယာကြီး ပြန်လည်ထွန်းတောက်ချိန်” ဆိုတဲ့ ရုပ်ရှင်ကြည့်ဖို့ စနေနေ့မှာ ဖိတ်တယ် ။ အမေက ရှင့်ကိုပါခေါ်သွားဖို့ပြောတယ် ။ ကျမငြင်းတာပေါ့ ။ ဟုတ်တယ်လေ ကျမသူငယ်ချင်းကမှ ရှင့်ကို မသိဘဲ ။ ကျမသိပ်ခံပြင်းသွားတဲ့ အပြင် သူငယ်ချင်းကိုလည်း ရှင်ကဘယ်သူဘယ်ဝါ ဘာကြောင့်လာနေရလဲဆိုတာတွေ ရှင်းပြမနေချင်ဘူး ။

“ဟဲ နင်သူ့ကိုသိတာပဲ” အမေကပြောတယ် ။

“ဒါပေမယ့် သူကမှ ကျမကို သဘောမကျတာ”

“သူ ညည်းကို သဘောကျပါတယ်အေ..” အမေကတော့ ကျမကိုမျက်စိမှုတ်ပြီး ငြင်းနေတယ် ။

“သူကအရာရာကို ညှိပြီး ပြင်ဆင်နေရရှာတယ်အေ ။ ညည်းမှ သည်လိုမျိုးမကြုံဖူးတာ”

သည်မှာပဲပွဲပြီးသွားတယ် ။ ရှင်လိုက်လာပေမယ့် ရုပ်ရှင်ကိုတော့ စိတ်ဝင်စားပုံ မပေါ်ပါဘူး ။ ဘယ့်နယ့် ရှင်က သည့်အရင် “ကြယ်တာရာ စစ်ပွဲ” ကားတွေကိုမှ မကြည့်ဘူးတာ ။

(၇)

တစ်နေ့တော့ ရှင်ကျမရဲ့ စန္ဒရားနားမှာထိုင်ပြီး ခုလုတ်တွေကို လက်ညှိုးနဲ့ လျောက်နှိုပ်နေတာ တွေ့တယ် ။ ကျမကိုမြင်တော့ မတ်တပ်ရပ်ပြီး နောက်မှီဆိုဖာပေါ်ကို ပြန်ထိုင်တယ် ။

“အကို သည်မှာနေရတာ မပျော်ဘူးလား”

“ကိုယ် အိန္ဒိယမှာနေရတာကို ပိုသဘောကျတယ် ”

ကျမစိတ် အထင်တော့ အိန္ဒိက စိတ်ပျက်စရာကြီးပါ ။ ညနေဆိုရင် နံရံအပေါ်မှာ တွဲလောင်းကျနေတတ်တဲ့ တောက်တဲ့ကြီးတွေ ၊ မှိုတ်တုတ်တုတ်သာ လင်းနေတတ်တဲ့ အောက်လင်းမီးရောင်မှိန်မှိန်တွေ ၊ အသက်တစ်ခါရှုတိုင်း သတိထားကြည့်နေရတဲ့ ပိုးဟပ်အကြီးကြီးတွေ ။ ဒါတွေကို ကျမသိပ်မုန်းတယ်။ နောက်ကျမရှေ့မှာတောင် မရှောင်နိုင်ဘဲပြောတတ်ကြတဲ့ ဆွေမျိုးတွေရဲ့ အတင်းအဖျင်းတွေ ၊ ကျမအပေါ် တင်တဲ့ အပြစ်တွေ ။ ကျမက အမေ့လို လက်ချောင်းလေးတွေ မသွယ်ဘူးဆိုတာတွေရော ၊ နောက် ငယ်ငယ်တုန်းက အသားသိပ်မည်းတယ်ဆိုတာတွေရော ။ မျိုးစုံပဲ ။

“ဘုံဘေဆိုတာ ကာလက္ကတားနဲ့တော့ မတူဘူးလေ” ကျမစိတ်ကို ဖတ်မိဟန်နဲ့ ရှင်ကထပ်ပြောတယ် ။

“တပ်ခ်ျမဟာနဲ့ နီးလားဟင်”

“ဟင့်အင်း” ရှင်ကတော့ခုမှ ကျမကို အာရုံထဲမှာ အသိအမှတ်ပြုမိပုံနဲ့ သေချာစိုက်ကြည့်တယ် ။ “မင်း မြေပုံ တစ်ခါမှ မကြည့်ဖူးဘူးလား”

ကျမတို့ကုန်တိုက်ရောက်တုန်းက ရှင်ကဓာတ်ပြားတစ်ချပ် ဝယ်လာတယ်။ “အလယ်လွန်ကျောက်တုံးများ” အဖွဲဆိုထားတဲ့ အခွေထင်ပါရဲ့ ။ အပေါ်အကျီ င်္ အဖြူတွေကိုယ်စီဝတ်လို့ နောက်ကိတ်မုန့်လိုဟာကြီးကိုလည်း ကိုင်ထားတဲ့ ကာဗာနဲ့ ။ ရှင်က ကျမမှာရှိတဲ့ အခွေတွေကိုလည်း စိတ်ဝင်စားပုံမပေါ်ပါဘူး ။ “အားဗားအဖွဲ့” ၊ “ယွန်းကစ်းစဒီ” ရယ် နောက် ကျမမုန့်ဖိုးနဲ့ ရုပ်သံကြေငြာလိုင်းကမှာ ဝယ်ထားတဲ့ ဒစ်စကို သီချင်းစု အခွေတွေရယ် ။ နောက်ရှင်က ကျမအခန်းထဲက ဓာတ်ပြားစက်မှာလည်းဖွင့်ဖို့ စိတ်ကူးဟန်မတူဘူး ။ ရှင်ကျမအဖေရဲ့ အော်လံပါတဲ့ ဓာတ်စက်သေတ္တာကို ဖွင့်လိုက်တယ် ။ အဖေကသူ့အသံဖမ်းစက် ၊ ဓာတ်စက်တွေကို သိပ်ကြီးကို အရေးထားတာ ။ ကျမရော အမေရောလုံးဝ မထိရ မကိုင်ရပဲ ။ သည်စက်က အဖေ့ဘဝမှာ တစ်ခုတည်းသော ဇိမ်ခံအပို ပစ္စည်းပဲ ။ စနေနေ့မနက်တိုင်းလည်း အိန္ဒိယအဆိုတော်တွေရဲ့ သီချင်းတွေ မဖွင့်ခင်မှာ ကိုယ်တိုင် အဝတ်နဲ့ ကျကျနနနေရာမကျန်သုတ်တတ်သေးတာ။

“ဒါကြီးကို သွားမကိုင်လေနဲ့ အကို”

ရှင်ကျမကိုလှည့်ကြည့်တယ် ။ ဓာတ်စက်အဖုံးကိုလည်း ဖွင့်ထားပြီး ဓာတ်ပြားကိုလည်းခွင်မှာ တင်ပြီးသား ။ ရှင်ကဓာတ်စက်ရဲ့ အပ်သွားကို လက်ချောင်းလေးနဲ့ ပင့်ကိုင်ထားတယ် ။ “ကိုယ် ဓက်စက်မဖွင့်တတ်ဘူးလို့ မင်းထင်လို့လား” ကိုယ့်လုပ်ရပ်ကို မရွံ့မရဲရှိဟန်မတူပဲ ရှင်ပြန်မေးတယ် ။ ပြီးတော့ ရှင် စက်ရဲ့ အပ်သွားကို ချလိုက်တယ်။

(၈)

မိန်းကလေးအသုံးအဆောင်တွေနဲ့ ပြည့်နေတဲ့ကျမအခန်းမှာနေရတာ ရှင်ဘယ်လောက် ညည်းငွေ့လိုက်မလဲ ။ တစ်နေ့လုံး ချက်လိုက် ၊ ပြုတ်လိုက် ၊ ရုပ်သံဇာတ်လမ်းတွေကြည့်လိုက် လုပ်နေတဲ့ အမေတို့နဲ့သာ လိုက်ကပ်နေရရင် ရူးတောင်သွားနိုင်တယ် ။ တကယ်တော့လည်း ချက်တယ်ပြုတ်တယ်ဆိုတာ ကျမအမေတစ်ယောက်ထည်းလုပ်ရတာပါ။ ရှင်အမေကတော့ ဟိုဟာလေးနွှာသလို ၊ လှီးသလိုလုပ်နေပေမယ့် အရင် ကင်းဘရစ်မှာနေတုန်းကလောက် အချက်အပြုတ်မှာ အာရုံရှိပုံမရဘူး ။ သူကတော့ ဘုံဘေက အရမ်းတော်တဲ့ ပါစီထမင်းချက်ကြီး ဇရမ်ကြောင့် အကျင့်ပျက်ရတယ်လို့ဆိုတယ် ။ တစ်ခါတော့  ကျမတို့ကို ကြက်ဥမုန့်ပေါင်း သူကိုယ်တိုင်လုပ်ကျွေးမယ်လို့ ခဏခဏပြောသေးပေမယ့် လက်တွေ့တော့ အကောင်အထည်ပေါ်မလာဘူး ။ အမေဆီကလည်း ဆာရီတွေငှားဝတ်နေတုန်း ။ ကုန်တိုက်ရောက်ရင်လည်း သူ့ဖို့ဆွယ်တာတွေ ၊ ဘောင်းဘီတွေတော့ ဝယ်တတ်တယ်။ ကျန်ရစ်တယ်ဆိုတဲ့ သူ့အဝတ်သေတ္တာလည်းရောက် မလာပါဘူး ။ သူကတော့ ခပ်ပေါ့ပေါ့ပဲ ဒါဟာ သူ့ဖို့ အဝတ်သစ်တွေ ဝယ်ရအောင်လမ်းဖွင့်ပေးတာရယ်လို့ ပြောတယ် ။ ရှင့်အဖေကတော့ နောက်ဆုံးလုံးလုံးမရတော့မှာ လက်လျော့မယ်ဆိုပြီး လေကြောင်းလိုင်းကို ဖုန်းခဏခဏဆက်ပြီး ပြဿနာလုပ်တယ် ။
ရှင်ကတော့ အိမ်မှာနေတယ်ဆိုရုံသာ နေပြီး ရာသီဥတုအေးအေးကြီးထဲမှာ သစ်တောတွေထဲ ဒါမှမဟုတ် လမ်းသွားလမ်းလာဆိုလို့ ရှင်တစ်ယောက်လောက်သာရှိမယ့်လမ်းတွေမှာ လျှောက်သွားနေတတ်တယ် ။ ကျမရှင့်ကို တစ်ခါတွေ့လှမ်းတွေ့လိုက်တယ် ။ ကျောင်းကားပေါ်ကနေတွေ့လိုက်တာ ။ ဒီလောက်အဝေးကြီးသွားတယ်ဆိုပြီး ကျမတောင် အံသြမိသေးတယ် ။ “ကူရှစ်ရယ် မင်းတော့ ဖျားတော့မှာပဲ …. သည်လိုသာအပြင်လျှောက်ထွက်နေရင်” အမေက ရှင့်ကိုဆူတယ် ။ ရှင်အမြဲအင်္ဂလိပ်လိုပြောတတ်ပေမယ့် အမေကတော့ ဘင်္ဂါလီလိုပဲပြောတာများတယ် ။ ဒါပေမယ့် တကယ်အအေးမိတာကတော့ ရှင့်အမေ ၊နေမကောင်းလို့ပါဆိုပြီး အိပ်ယာထဲပဲနေတော့တယ် ။ သူကအားလုံးအတွက်ချက်ထားတဲ့ ဟင်းတွေကို မစားဘဲ ကြက်ပြုတ်ရည်ကိုပဲတောင်းသောက်တယ် ။ ရှင်ကတော့ တစ်မိုင်လောက်ဝေးတဲ့ ဈေးဆိုင်ကိုလမ်းလျှောက်သွားပြီး “ယနေ့ခေတ်ဖက်ရှင်” ရယ် “ဟားပါးဈေးနှုန်း” ရယ် မဂ္ဂဇင်းနှစ်စောင်ဝယ်လာတယ် ။ နေ့လည်ကျ အမေကကျမကို “မမပါရုသ် ကော်ဖီသောက်မလားလို့ မေးချေစမ်း” လို့မေးခိုင်းတယ် ။ အပေါ်ထပ်က သူတို့အခန်းကိုလာရင်း ရေချိုးခန်းထဲကို ဝင်ချင်လာလို့ ဝင်ခဲ့တယ် ။ အဲဒီမှာရှင့်အမေရယ် ။ ရေချိုးပြီးဝတ်တတ်တဲ့ အဝတ်ကြီးကိုဝတ်လို့ စိတ်ကြည်ဟန်လည်းမရှိဘဲ ရေချိုးဇလုံဘေးမှာ ခြေနှစ်ချောင်းချိတ်ထိုင်ပြီး စီးကရက်တစ်လိပ်ကိုသောက်နေတယ် ။

“အို… ဟီမာ” သူကအော်လိုက်တယ် ဆိုတာ ရေချိုးဇလုံထဲပြုပ်ကျတော့ မတပ် ။ စီးကရက်ကိုလည်း တိုက်မိသွားလို့ သူ့လက်ဖဝါးပေါ်ကပြာခွက်ထဲကိုမကျဘဲ ဘေးနံရံပေါ်ပြာတွေကြွေသွားတယ် ။ ဆေးလိပ်ပြာခွက်လေးကို ဘုံဘေကယူလာတယ် ထင်ပါရဲ့..။

“တောင်းပန်ပါတယ်ရှင်” ကျမလှည့်ထွက်ခဲ့ပါတယ် ။

“မဟုတ်ပါဘူး .. မဟုတ်ပါဘူးကွယ် … ရပြီ …. အန်တီသွားတော့မှာ” ရှင့်အမေက စီးကရက်ကို အိမ်သာခွက်ထဲပစ်လိုက်ပြီး ရေလောင်းချလိုက်တယ် ။ နောက်မှ အာလုတ်ကျင်း ၊ နှုတ်ခမ်းနီအသစ်ထပ်ဆိုးရင်း ကလင်းနစ်ပုလင်းကိုလှုပ်ပြီး အိမ်သာခွက်ထဲ နည်းနည်းထည့်လိုက်တယ် ။ ကျမအမေကတော့ တစ်ခါတစ်လေ နှုတ်ခမ်းနီဆိုးတတ်တာကလွဲလို့ ဘယ်တော့မှ မိတ်ကပ်မလိမ်းတတ်ဘူး ။ သည်တော့ နေမကောင်းလို့ အိပ်ယာထဲလှဲနေရတဲ့ အခါမျိုးမှာတောင် ကျော့နေအောင်ပြင်ထားတဲ့ ရှင့်အမေကို ကျမသဘောကျနေမိတယ် ။ သူကတော့ မျက်တောင်မခတ်စတမ်း မှန်ကြည့်နေတယ် ။ နှုတ်ခမ်းဆိုးဆေးဆိုးလိုက်တာဟာ ကျမနဲ့မိသွားလို့ ပျောက်ကွယ်သွားတဲ့ သူ့ရဲ့တည်ငြိမ်မှုတွေကို ပြန်လည်ရယူလိုက်သလိုပဲ ။ သူမှန်ထဲကမှတဆင့် ကျမကိုလှမ်းကြည့်ရင်း ပြုံးပြတယ် ။ “တနေ့ စီးကရက်တစ်လိပ်သောက်လို့တော့ အန်တီမသေနိုင်ပါဘူး သမီးရယ်နော် …” ။ နောက်ပြတင်းပေါက်ကို ဖွင့်လိုက်ရင်း သူ့အလှပြင်ပစ္စည်းအိတ်ထဲက ရေမွှေးပုလင်းထုတ်လိုက်ပြီး အထဲမှာ ဟိုဟိုဒီဒီဖြန်းလိုက်တယ် ။ “ဒါဟာ အန်တီတို့နှစ်ယောက်ပဲသိတဲ့ လျို့ဝှက်ချက်နော် ဟီမာ” သဘောတူညီမှုမေးခွန်းဆိုတာထက် အမိန့်ပေးတဲ့လေသံကပိုတယ်လို့ ကျမတွေးနေတုန်း နောက်ကတံခါးကို ပိတ်တဲ့ပြီး သူထွက်သွားတယ် ။


(၉)

ညနေဖက်တွေဆို ကျမတို့ ရှင်တို့နဲ့အတူတူ အိမ်ရှာထွက်ရင်လိုက်တတ်တယ် ။ သွားကြရင်လည်း ကျမအဖေရဲ့ ကားကြီးနဲ့သွားကြတာများပါတယ် ။ ရှင့်အဖေရဲ့ ကားသေးသေးလှလှလေးကလည်း ကျမတို့အားလုံးလိုက်ဖို့ မဆန့်ဘူးလေ။ သူမသိတဲ့နေရာတွေဆို အဖေကတွန့်ဆုတ်တွန့်ဆုတ်နဲ့မောင်းတယ် ။ လမ်းတွေကလည်း ကျမတို့ဆီကထက်ကျယ်တယ် ။ ခြံကျယ်ဝင်းကျယ်တွေနဲ့မို့ အိမ်တစ်လုံး တစ်လုံးဟာလည်းတော်တော်လှန်းတယ် ။ ရှင်မိဘတွေကတော့ ပထမဆုံး ကျောင်းကောင်းကောင်းတွေနဲ့နီးတဲ့ လက်ဆီဂွမ်တို့ ဂွမ်ကော့ ရပ်ကွက်တွေမှာရှာကြတယ် ။ အချို့အိမ်တွေကျတော့ အတွင်းမှာဟာလာဟင်းလင်း ၊ အချို့ကြတော့လည်း လက်ရှိနေတဲ့သူတွေရဲ့ ပစ္စည်းတွေနဲ့ပြည့်လို့ ။ ညညဆို ကျမအိပ်မပျော်ခင် အဖေတို့ပြောစကားတွေအရ ရှင်တို့သွားသွားကြည့်ကြတဲ့ အိမ်တိုင်းဟာ ကျမတို့အဖို့မတတ်နိုင်လောက်အောင်ဈေးကြီးတာတွေချည်းပဲတဲ့။ ပွဲစားတွေနဲ့ ရှင့်မိဘတွေ ဈေးစကားပြောကြတော့ သူတို့ဘေးမှာရပ်နေကြတာဆိုတော့ သိတာပေါ့ ။ ဒါပေမယ့် သူတို့မဝယ်ဖြစ်သေးတာကတော့ ဈေးကြီးလို့မဟုတ်ဘူး ။ အိမ်တိုင်းလိုလို ချွတ်ယွင်းချက်တွေရှိနေသတဲ့ ။အလင်းရောင်ကောင်းကောင်းမဝင်တာ ၊ မျက်နှာကျက်တွေနိမ့်နေတာ ၊ အခန်းတွေကျဉ်းတာ စသည်ဖြင့်ပေါ့လေ ။ ရှင့်မိဘတွေက နိဂုံးချုပ်မှတ်ချက်ပေးပြီး ကျမတို့ကားမောင်းပြန်လာကြတာများတယ် ။ ကျမမိဘတွေနဲ့မတူတာကတော့ သူတို့က ဒီဇိုင်းအကြောင်းကို သိပ်ကိုပြောပြီး ရွေးကြတယ် ။ သာမန်ထက်ထူးတဲ့ အိမ်ပုံစံမျိုးလေ ။ တစ်ခါကျမတို့ သစ်ပင်မြင့်မြင့်တွေကြားမှာဆောက်ထားတဲ့ သေတ္တာပုံအိမ်ဖြူဖြူတစ်လုံးကိုတွေ့တော့ သူတို့တွေ သဘောကျလို့ ။ သူတို့က ခြံထဲမှာရေကူးကန်လေးလဲ ပါချင်သေးသတဲ့။ ဒါမှမဟုတ် တူးရရင်လည်းနေရာလွတ်ရှိမယ့် ခြံကျယ်ကျယ်လေး လိုချင်တယ် ။ရှင့်အမေကတော့ ဘုံဘေရေကူးကလပ်ကို သတိရသတဲ့လေ ။ “ရေနားနီးနီးပေါ့လေ… အဲဒါမျိုးကျမတို့ရှာနေတာ …” တစ်နေ့ အိမ်ခြံမြေဈေနှုန်း စာစောင်ကိုဖတ်ရင်း ရှင့်အမေကပြောပြတယ် .။ သည်လို အကြိုက်ကို အသေအချာသိရတောင် ရှာရတာမလွယ်ဘူး ။နောက်တော့ ကျမတို့လည်း ပင်လယ်ကမ်းနားနီးတဲ့ ရပ်ကွက်တွေဖြစ်တဲ့ “ဆွစ်စတော့” တို့ “ဒူဘာရီ” တို့ဘက်မှာ ရှာကြတယ် ။ အိမ်တွေကတော့ သစ်တောတွေ ၊ ရေကန်တွေနဲ့ ။ ရှင့်မိဘတွေကတော့ “ဗီဘာလေ” ကအိမ်တလုံးကို သဘောကျကြတယ် ။ ဒါပေမယ့်လည်း နောက်တကြိမ် သွားအကြည့်မှာ ရှင့်အမေက ငြင်းလိုက်တယ် ။ အိမ်ပုံစံက ခမ်းခမ်းနားနားမရှိလို့တဲ့လေ ။

အမေတို့ဟာ ရှင့်မိဘတွေရဲ့ ပုံကြီးချဲ့ စိတ်နေမြင့်မှုကိုတော့ စခိုးစခုဖြစ်ကြဟန်ပါပဲ ။ နောက်သူ့တို့ကိုယ်ပိုင် ခပ်ရိုးရိုး အိမ်အတွက်လည်း အရှက်ရကြ သလိုပဲ။ “ကျမတို့သည်မှာနေတာ ရှင့်တို့ကိုဒုက္ခပေးသလိုဖြစ်နေပြီ” ရှင့်မိဘတွေက သည်လိုစကားဟကြပေမယ့် အမေတို့ကလည်း ဘာမှစောတက မတက်ပါဘူး ။ ကျမလည်းအတူတူပါဘဲ ဘာမှမပြောပါဘူး ။ ညအိပ်ခါနီးကျရင်တော့ အမေက “ကျမ သူတို့သည်လောက်အကြာကြီး နေမယ်ရယ်လို့ မထင်ခဲ့မိဘူး ” လို့တော့ ညည်းတတ်တယ် ။ ဘာလိုလိုနဲ့ ရှင့်တို့ရောက်နေတာ တစ်လလောက်ရှိတော့မယ် ။ ရှင့်တို့လာနေတော့ ကျမတို့ဆီမှာ အခန်းပိုမရှိတော့ဘူးလေ။ “ဒပ်ဂုတတို့ ကနောက်တပတ် ရုံးပိတ်ရက်ကြရင်လာချင်တယ်ပေါ့တော့ မလာသေးနဲ့ဦးလို့ ပိတ်လိုက်ရတယ်” ။ ရှင့်တို့တတွေ အရင်ကနဲ့မတူ ပြောင်းလဲသွားတဲ့အကြောင်းကတော့ သူတို့ခဏခဏ ပြောနေသံကြားရတယ် ။ ကျမတို့ မရည်ရွယ်ဘဲ သူစိမ်းတွေကိုလက်ခံထားရသလိုပဲတဲ့ ။ ရှင့်အမေက အိမ်အလုပ်တွေလုံးဝဝင်မကူပဲ နေစိမ့်တဲ့အကြောင်း ၊ ညစာစားပြီးတောင်ဘာမှ ဝင်ပြီးသိမ်းမပေးတဲ့အကြောင်း ၊ အိပ်ချင်ရင် အိပ်ခန်းထဲဝင်ခွေနေပြီး နေ့လည်စာစားချိန်မှာတောင် အိပ်ပျော်နေတတ်တဲ့အကြောင်း ။ ရှင့်အဖေကလည်း သူ့မိန်းမသဘောရှိ အလိုလိုက်အကြိုက်ဆောင်ပေးနေရကြောင်း ၊ အမြဲပဲ အအေးသောက်အုံးမလားလို့ တမေးထဲမေးတတ်ကြောင်း ၊ ချမ်းတယ်ဆိုရင်လည်း သိုးမွေးအကျီ င်္ကို တယုတယဝတ်ပေးတတ်ကြောင်း အမေကပြောတတ်တယ် ။
“သူကြောင့်အားလုံး သည်ကမပြောင်းနိုင်တာ… သူကတော့ နန်းတော်ကြီးတစ်ဆောင် ဆောက်မပေးမချင်း သဘောတော်ကျနိုင်မယ် မထင်ဘူးတော်”

“ဒါကလည်း မလွယ်ဘူးလေ … အလုပ်သစ်အကိုင်သစ်နဲ့ ဘဝသစ်ပြန်စရတာ… သူကြည့်ရတာပြောင်းလာချင်ပုံမရဘူး ..ဒါကြောင့်လည်း ယောက်ျားလုပ်သူက အရာရာအဆင်ပြေအောင် ဂရုစိုက်ပေးနေရတာ နေမှာ”

“ရှင်ကျမအပေါ်သည်လောက် အရေးတယူမရှိပါဘူးတော်….”

“နေပါစေကွာ…” အဖေက အမေဆီကနေ တစ်ဖက်ကိုလှည့်လိုက်ပြီး စောင်ကိုမေးအထိဆွဲတင်ရင်း ပြောလိုက်တယ် ။ “တစ်သက်လုံးတော့ မနေပါဘူးကွာ …. မကြာခင် သူတို့လည်းပြောင်းသွားပြီး တို့လည်းအရင်အတိုင်း ပြန်နေကြရတော့မှာပါ”

(၁၀)

ဘယ်လိုပဲဆိုဆို အိမ်လေးတစ်လုံးထည်းမှာနေတဲ့ ကျမတို့ မိသားစုနှစ်စုကြား စည်းလေးတော့ခြားသွားပြီ ။ တစ်ဖက်မှာတော့ ကျမတို့မိသားစုအရင်တုန်းကနေကြတဲ့အတိုင်း နေ့စဉ်ဘဝမျိုး ။ အဖေတို့က ကြာသပတေးနေ့ညတိုင်း ကျမကို စတားဈေးခေါ်သွားပြီး မက်ဒေါ်နယ်မှာညစာကျွေးတယ် ။ တနင်္ဂနွေနေ့တိုင်း စာလုံးပေါင်းသတ်ပုံ စာမေးပွဲအတွက် ကျမစာကြည့်ရတယ် ။ အဖေကလည်း ကျမကို သူကိုယ်တိုင်မေးခွန်းထုတ်ပြီး လေ့ကျင့်ပေးတယ်။ ရှင့်တို့မိသားစုလည်း ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်နေကြတာပါပဲ ။ မကြာခဏဆိုသလို ရှင့်အဖေအလုပ်ကအစောကြီးပြန်လာပြီး ရှင့်အမေကိုခေါ် အိမ်လိုက်ကြည့်ပြီး ကုန်တိုက်ကိုဈေးဝယ်ထွက်ကြတယ် ။ တဖြည်းဖြည်းနဲ့ အကွက်ကျကျ ရှင့်အမေက အိမ်ထောင်သုံး ပစ္စည်းတွေစစုပြီ ။ အိပ်ယာခင်းတွေ ၊ စောင်တွေ ၊ ထမင်းစားပန်းကန်ခွက်ယောက်တွေ ၊ ဖန်ခွက်တွေ နောက်အိမ်သုံး တိုလီမိုလီ ပစ္စည်းလေးတွေရောပေါ့ ။ သူတို့လင်မယား အပြင်ကပြန်လာတိုင်း အထုပ်တွေ ၊ အထုပ်တွေဆိုတာ ပွစာတက်လို့ ။ အားလုံးကို အိမ့်မြေအောက်ခန်းမှာ သိမ်းထားတယ် ။ တစ်ခါတစ်လေတော့ အမေ့ကိုဘာတွေ ဝယ်လာတယ်ဆိုတာပြလို့ ၊ တစ်ခါတစ်ခါလည်း ဘာသိဘာသာပဲ ။ သောကြာနေ့ညတိုင်ဆိုရင် မြို့ထဲက ဈေးကြီးကြီး ခန်းခန်းနားနားစားသောက်ဆိုင်ကြီးတွေကို ခေါ်ပြီ ကျမတို့ကိုညစာလိုက်ကျွေးတတ်တယ် ။ နောက် ကျမမိဘတွေ မကျွမ်းတဲ့ အသားကင်တွေ ၊ အာလူးဖုတ်တွေကို ရှာရှာဖွေဖွေအရသာခံပြီး ပြောတတ်ကြတယ် ။ အပြင်ထွက်ကျွေးတယ်ဆိုတာ အမေကို ချက်ရပြုတ်ရတာတွေက နားစေချင်ရှာလို့နေမှာပါပဲ ။ ဒါပေမယ့် အမေကတော့ သည်လိုထွက်စားရတာကိုလည်း သဘောမကျကြောင်း ပြောပြန်တယ်။

(၁၁)

ရှင့်တို့တတွေ သည်မှာနေလို့ အနှောက်အယှက်မဖြစ်တာ ကျမတစ်ယောက်ပဲရှိမယ် ။ ရှုပ်ထွေးပြီး သိမ်မွေ့ငြင်သာတဲ့ ခံစားချက်တစ်မျိုးနဲ့ ရှင့်ကိုကျမသဘောကျနေမိတယ် ။ နောက်ရိုးသားတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ရှင့်ကို တစ်ရက်ပြီးတစ်ရက် အကဲခက်လေ့လောနေခဲ့ မိတယ် ။ ရှင့်မိဘတွေကိုလည်း သဘောကျပါတယ် ။ အထူးသဖြင့် ရှင့်အမေကိုပေါ့ ။ ရှင့်ဆီကမရခဲ့တဲ့ ဂရုပြုမှုကို သူ့ဆီကရခဲ့တယ် ။ တစ်နေ့တော့ ရှင်တို့တတွေ ရောမမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ရှင့်အဖေကူးလာတယ် ။ ကျမကတော့ ဓာတ်ပုံတွေကထောင့်စွန်းက တယုတယကိုင်ကြည့်ရင်း ကြည်နူးနေမိတယ် ။ ဓာတ်ပုံတွေအားလုံးလိုလိုက ရှင်နဲ့ ရှင့်အမေပုံတွေချည်းပဲ ။ ပီဇာစားရင်းရိုက်ထားတဲ့ပုံ ၊ နောက်ရေပန်းခုံတော်တွေမှာ ထိုင်ပြီးရိုက်ထားတဲ့ပုံတွေရယ် ။ အဲ တာဂျန်ကျောက်တိုင် နားမှာ ရိုက်ထားတဲ့ ခပ်ဆင်ဆင်ပုံ နှစ်ပုံပါတယ် ။ “သမီးစာတမ်းအတွက် တစ်ပုံယူလိုက်လေ” ရှင့်အဖေကကမ်းပေးရင်း ပြောတယ်.။

“သမီးဆရာမက ဒါမှအထင်ကြီးသွားမှာ”

“ဟင်… သမီးမှ ပုံထဲမှာမပါဘဲ”

“ကိစ္စမရှိပါဘူးကွယ် …. ဦးလေးရောမကိုရောက်တုန်း သမီးအထွက်ရိုက်ပေးလာတာလို့ ပြောလိုက်ပေါ့”

ဓာတ်ပုံထဲမှာ ရှင်ပါတယ် ။ ကျောက်တိုင်တစ်ဖက်မှာရပ်လို့ ။ ခေါင်းအောက်ငုံ့ထားတော့ ဦးထုပ်ကြက်လျှာက ရှင့်မျက်နှာကိုကွယ်နေတယ်။ သည်ဓာတ်ပုံထဲကနေရာလေးကို ကမ္ဘာလှည့်ခရီးသွားတွေ မရေမတွက်နိုင် ဖြတ်သန်းသွားခဲ့ကြဖူးမှပဲ ။ အဲသည်ထဲမှာ ရှင်လည်းတစ်ယောက်အပါအဝင်ပေါ့ ။ ဒါပေမယ့် အဲသည်ကို ရှင်ရောက်ခဲ့တယ်ဆိုတဲ့ အချက်ကလေးဟာ လျို့ဝှက်နက်နဲစွာကျမကို ဆွဲဆောင်နေပြီး တစ်နည်းအားဖြင့် အသိအမှတ်ပြုခံရတယ်ရယ်လို့ မျှော်လင့်နေမိတယ်။ ကျမကျောင်းက အပျော်တွေ ၊ အဖော်မင်တတ်မှုတွေကို ကျောခိုင်းနိုင်လောက်အောင် ရှင်ကအောင်မြင်စွာထိန်းချုပ်ထားနိုင်တယ် ။ ရှင်က တစ်ချက်လေးမှ ငဲ့ကြည့်မှာမဟုတ်ပေမယ့် ရှင့်ကိုကျမမြင်နေရတဲ့ နေ့လည်ချိန်တွေ ၊ ညနေညစာစားချိန်တွေကို မျှော်ရင်း အိမ်မှာပဲ ကျမနေချင်တော့တယ် ။ အမေတို့ အခန်းက ခေါက်ကုတင်လေးပေါ်မှာလှဲရင်း ရှင်ကျမကိုနမ်းတယ်ရယ်လို့ တွေးပြီး စိတ်ကူးယဉ်ရတဲ့ နာရီတွေဟာ သိပ်ကိုအဖိုးတန်လာတယ် ။သည့်ထက်ပိုပြီး တွေးဖို ၊ စိတ်ကူးယဉ်ဖို့ကတော့ ကျမက အတွေ့အကြုံမရှိသေးတဲ့ ၊ ငယ်လွန်းသေးတဲ့အရွယ်ပါ ။

ကျမဓာတ်ပုံကို လက်ခံလိုက်တယ် ။ နောက်ရှင်ပါတဲ့ အပိုင်းလေးကိုဖြတ်ပြီး ကျန်ဓာတ်ပုံကို စာတမ်းထဲမှာထည့်ပေးလိုက်တယ် ။ ရှင့်ပုံလေးကိုတော့ ကျမဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာလွတ်တွေကြားမှာ ညှပ်ပြီးသိမ်းထားလိုက်တယ် ။ နောက်နှစ်ပေါင်းများစွာကြာတဲ့အထိကို သိမ်းထားခဲ့တာပါ.။

(၁၂)

ရှင်တို့ရောက်ကတည်းက တစ်ခါမှမကျဖူးသေးတဲ့ နှင်းတွေကို ရှင်မျှော်လင့်နေတယ်မဟုတ်လား ။ မြူတွေတစ်ခါတစ်လေ ဝေဆိုင်းနေတတ်ပေမယ့် မြေပေါ်ကိုဆီးနှင်းတွေတော့ မသက်သေးဘူး ။ အဲတစ်နေ့တော့ နှင်းတွေကျလာတယ် ။ ပထမတော့ သိပ်မမြင်ရသေးဘူး ။နေ့လည်လောက်ကျမှ သိပ်သိပ်သည်းသည်းကျလာတာ ။ ကျမကျောင်းကနေ ဘစ်စကားစီးပြီးပြန်လာတော့ လမ်းမပေါ်မှာနှင်းတွေ တစ်လက်မလောက်ထူနေပြီ ။ဒါဟာ နှင်မုန်တိုင်းကြီး မဟုတ်ပေမယ့်လည်း ညည်းငွေ့စရာ တစ်သတ်မှတ်ဆောင်းရာသီရဲ့ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါပဲ ။ သည်ညနေမှာ ကျမအမေတောင် ခပ်မြူးမြူးနဲ့ မိုးရွာတဲ့နေ့တွေမှာစားတတ်တဲ့ ချီကျူရီသီးစုံဟင်းချက်မယ်ရယ်လို့ ဆုံးဖြတ်ထားတယ် ။ ရှင့်အမေကတောင် အပြောင်းအလဲအနေနဲ့ အမေ့ကိုမီးဖိုထဲမှာကူလို့ ။ အာလူးလေးတွေတုံး ၊ ဂေါ်ဖီပွင့်လေးတွေကို ခပ်ကျွမ်းကျွမ်းကြော် ၊ စောက်နက်နက်အိုးထဲမှာထောပတ်ခဲတွေထည့်ပြီး အရည်ဖျော်လို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေတယ် ။ ရှင့်အမေကနောက်ဆုံး ဟိုအရင်တုံးကပြောထားတဲ့ ကြက်ဥမုန့်ပေါင်းလုပ်မယ်ရယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ကြက်ဥမလောက်တော့လို့ ရှင့်အဖေအပြင်သွားဝယ်မယ်ဆိုတော့ အခြားလိုတဲ့ဟာတွေကိုမှာလိုက် တယ် ။ “သန်းခေါင်တိုင်ရင်တောင် ရဦးမှာမဟုတ်ပါဘူးကွယ် …..” နွားနို့နဲ့ ကြက်ဥကို ရောခေါက်ထားတဲ့အိုးကို ခွင်ပေါ်မှာထင်ရင်း မောနေတဲ့ရှင့်အမေက ကျမကို သူ့အစားအမွှေခိုင်းရင်း ပြောတယ် ။ “စားဖို့ နောက်လေးနာရီလောက်တော့ စောင့်ရဦးမယ်”

“ဒါဆိုလည်း ကျတော်တို့ မနက်ဖြန်မနက်စာလုပ် စားကြတာပေါ့” ရှင့်အမေလှီးထားတဲ့ ကိတ်မုန့်ကိုယူစားရင်း ရှင်ဝင်ပြောတယ် ။ ရှင်မီးဖိုထဲကို ဝင်လေ့မရှိပါဘူး ။ ဒါပေမယ့် သည်ညနေတော့ ရှင်စားရမယ့်အရေးကိုတွေးမိဟန်နဲ့ မီးဖိုထဲမှာချည်းပဲ။

ညစာစားပြီး ကျမတို့ဧည့်ခန်းထဲမှာစုကြတော့ နှင်းတွေဆက်ကျမယ့်အကြောင်း သတင်းကိုစောင့်ကြည့်နေကြတယ်။ နှင်းကျလို့ ကျမလည်းမနက်ဖြန်ကျောင်းပိတ်လောက်တယ် ။ အဖေ့အတန်းတွေလည်း လွှတ်ရလောက်တယ်လို့တွေးရင်း စိတ်လှုပ်ရှားနေမိတယ် ။ “ရှင်လည်းမနက်ဖြန်အလုပ်ဖျက်လိုက်လေ…” ရှင့်အမေက ရှင့်အဖေကို လှမ်းပြောတယ် ။ သူကလည်းချက်ချင်း သဘောတူတော့ အားလုံးက အံ့တွေသြလို့ ။

“အင်းဒါတွေကြောင့် ကျုပ်တို့ ကင်းဘရစ်ကပြောင်းသွားတဲ့ ဆောင်းရာသီကို သတိရသဗျာ …”

ရှင့်အဖေကစပြောတယ် ။ ရှင့်မိဘတွေကတော့ ဂျော်နီဝါကားကို နည်းနည်းစီငုံလို့ . .. အမေကငြင်းပေမယ့် အဖေကတော့ သည်ညမှာ သူတို့နဲ့ရောလို့ နည်းနည်းသောက်ဖြစ်တယ် ။ “ကျုပ်တို့အတွက် လုပ်တဲ့ နှုတ်ဆက်ပွဲလေးလေ …မှတ်မိသေးရဲ့လား ..”

“လွန်ခဲ့တဲ့ ခုနစ်နှစ်က ….ဟိုတုန်းကဘဝအခြေအနေမျိုးပေါ့လေ….” အမေကဝင်ပြောတယ် ။ နောက် သည်တုန်းက ရှင်နဲ့ ကျမဘယ်လောက် ငယ်ကြသေးတဲ့အကြောင်း ၊ သူတို့တတွေလည်း ဘယ်လောက် နုကြသေးတဲ့အကြောင်းတွေ ပြောကြတယ် ။

“အင်း .. ဟင်း ဟုတ်ပါရဲ့နော် … တယ်ပျော်စရာကောင်းတဲ့ ညနေလေးပါပဲ” ရှင့်အမေက တမ်းတဟန်နဲ့ ဝင်ပြောတယ် ။ ဒါပေမယ့် သူ့အသံက အားလုံးတညီတည်းခံစားနေကြရတဲ့ လွမ်းဆွတ်တသမှုကို လှောင်ပြောင်နေသလိုပဲ ။ “အခုနဲ့တော့ အားလုံးမတူဘူးလေ……”

မနက်ကျတော့ ကျမတို့အိမ်ရဲ့ ပြတင်းပေါက်တိုင်းမှာ ရေခဲလေးတွေ သီးနေပြီ ။ မြေပြင်မှာလည်း နှင်းတွေဖွေးလို့ ။ မနေ့ညက ကျမတို့ တပင်တပန်းစောင့်ခဲ့ရတဲ့ ကြက်ဥမုန့်ပေါင်းကလည်း မနက်စာအတွက် လက်ဖက်ရည် ၊ ပေါင်မုန့်မီးကင်နဲ့တွဲလို့ အသင့်ဖြစ်နေပြီ ။ မုန့်ကတော့ ကျမထင်သလောက်လည်း မကောင်းလှပါဘူး ။ မနေ့ညက ကျမကိုယ်တိုင်ကူပြီး မီးဖိုပေါ်မှာ ဖုတ်ခဲ့တဲ့ မုန့်နှစ်ပူပူတွေဟာ ခုတော့အေးစက်ပြီး အစိုတွေပြန်လို့ ။ ရှင်ကတော့ သိပ်ကိုကြိုက်တယ်ထင်ပါ့ ။ တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေလို့ နောက်ဆုံး ရှင့်အမေကဗိုက်နာမယ်ဆိုပြီး သိမ်းလိုက်ရတယ် ။ မနက်စာစားပြီးအဖေတွေကတော့ ဂေါ်ပြားကိုယ်စီနဲ့လမ်းရှင်းဖို့ သွားကြတယ် ။ လေငြိမ်သွားတော့မှ ကျမအပြင်ထွက်ခွင့်ရတယ် ။ အရင်ကတော့ ကျမတစ်ယောက်ထည်း ရေခဲနဲ့ နှင်းလူလုပ်တန်းကစားတယ်။ ဟန်ချက်မညီမညာနဲ့ ပိန်လှီနေတဲ့နှင်းလူပေါ့ ။ ကျမကလိုတဲ့ မုန်လာဥတို့ ဘာတို့တောင်းရင်လည်း အမေတို့ က စားစရာကို ကစားရမလားဆိုပြီး ဆူတတ်သေးတယ် ။ ဒါပေမယ့် သည်တစ်ခါတော့ ရှင်ကျမနဲ့အတူတူ နှင်းလူလာလုပ်တယ် ။ လက်ဗလာနဲ့ နှင်းတွေကိုထိရင်း လုပ်ထားတဲ့အရုပ်ကိုကြည့်ရင်း ပထမဆုံးအကြိမ် ရှင်ပျော်နေတာကို ကျမမြင်ရတာပဲ ။ ရှင်ကနှင်းတွေတစ်ဆုတ်လောက်ကို လုံးရင်းကျမဘက်ကိုပေါက်လိုက်တယ် ။ ကျမလည်း မထိအောင် ခေါင်းငုံရှောင်ရင်း ရှင့်ကိုပြန်ပေါက်တယ် ။ ရှင့်လည်မှာလွယ်ထားတဲ့ ကင်မရာကို သတိထားမိရင်း နှင်းတွေဟာ ရှင့်ခြေထောက်ကိုမှန်သွားတယ်။

“ကိုယ်အရှုံးပေးပါတယ် …ကွာ” ရှင်ကလက်နှစ်ဘက်ကို အပေါ်မြှောက်ပြရင်းပြောတယ် ။ နှင်းလွင်ပြင်ကြီးအဖြစ်အသွင်ပြောင်း သွားတဲ့ ကျမတို့လမ်းကလေးကို ငေးကြည့်ရင်း “သိပ်လှတာပဲ” လို့ရှင်ကစကားဆက်တယ် ။ သည်ရာသီဥတုကို ကျမဖန်တီးတာ မဟုတ်သည့်တိုင် ရှင့်စကားကြောင့် ကျမသိပ်ကျေနပ်သွားတယ် ။ ရှင်ကအိမ့်နောက်ဖက်တော့ထဲကို ဆက်လျှောက်သွားတော့ ကျမမှာ ချီတုံချတုံ ။ အဲသည်မှာ ကျမကို ပြစရာရှိတယ်လို့ပဲ ရှင်ကပြောထားတာ ။ နှင်းတွေဖုံးနေတဲ့ ကောင်းကင်ပြာကြီးအောက်က အရွက်မဲ့ သစ်ကိုင်းတွေ ၊ သစ်ပင်ကြီးတွေဟာ လျို့ဝှက်ဖုံးကွယ်မှုမရှိတော့သလို အန္တရာယ်ကင်းနေသယောင်ထင်လာစေတယ် ။ အဲသည်တောထဲမှာ ပျောက်သွားပြီး နောက်ပြန်မတွေ့တော့တဲ့ ကောင်လေးအကြောင်းကိုလည်း ကျမမတွေးမိတော့ဘူး ။ ရှင်ကတော့ မကြာမကြာဆိုသလို ရပ်ရပ်ပြီး ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပေမယ့် ကျမကိုတော့ရိုက်ပေးမယ်လို့ မပြောခဲ့ဘူးနော် ။ ကျမတို့  အဝေးကြီးလျှောက်ကြတယ် ။ နှင်းသက်သံတွေကို မကြားရတော့တဲ့အထိ ။ ကျမတို့အိမ်ကို မမြင်ရတော့တဲ့အထိ ။ ရှင်က ဒူးထောက်လိုက်ပြီး နှင်းတွေကို ယက်ဖယ်နေတဲ့အထိ ဘာတွေလုပ်နေတယ်ဆိုတာ ကျမမသိခဲ့ဘူး ။ အောက်မှာတော့ ကျောက်တစ်မျိုးနဲ့လုပ်ထားတဲ့ အပြားတစ်ပြား ။ နောက်တော့ ဒါဟာ သင်္ချိုင်းဂူဆိုတာ ကျမသိလိုက်ရတယ် ။ ရှင်ကတော့ ဂူပေါ်ကနှင်းတွေကိုလိုက်ဖယ်နေတယ် ။ကျမလည်းမြှုပ်နေတဲ့ ဂူတွေကိုပေါ်ဖို့ ရှင်နဲ့ကူပြီး နှင်းတွေဖယ်ပေးတယ် ။ ပထမတော့လက်ဝါးလေးနဲ့ပဲ နောက်တော့မှ လက်မောင်းတစ်ခုလုံးနဲ့ သပ်ချပြီးဖယ်တယ် ။ ဂူတွေက “ဆိုင်မွန်” မသားစုပိုင် အုတ်ဂူတွေပဲ ။ စုစုပေါင်း ခြောက်လုံး ။ “သူတို့အားလုံး သည်မှာပဲ” ရှင်ကပြောတယ် ။ “အဖေ အမေနဲ့ သားသမီး လေးယောက်လုံး”

“ဒါတွေ သည်မှာရှိမှန်း ညီမ မသိခဲ့ဘူး”

“ဘယ်သူမှမသိလောက်ဘူးလို့ ကိုယ်ထင်တယ် … ကိုယ်တွေ့တော့တောင် သစ်ရွက်ခြောက်တွေဖုံးလို့ နောက်ဆုံးသေတဲ့သူက အီမာတဲ့ ။ ၁၉၂၃ ကဆုံးတာ”

ကျမနာမည်နဲ့ ခပ်ဆင်ဆင်ရှိတာကို ရှင်များသတိထားမိလားလို့ စိတ်နောက်နောက်နဲ့တွေးမိရင်း ကျမခေါင်းညိမ့်ပြလိုက်တယ် ။

“ဒါကြောင့်ပဲကိုယ် ဟိန္ဒူဘာသာဝင်မဖြစ်ချင်တာ …. ဒါလိုဆိုရင်ကိုယ့်အမေကို တစ်နေရာရာမှာ မြေမြှုပ် သင်္ဂြိုလ် နိုင်မယ်လေ ။ ဒါပေမယ့်အမေက တို့ကို ကတိတောင်းထားတယ် ။ သူအရိုးပြာကို အတ္တလန်တိတ်သမုဒ္ဒရာမှာ မျှောပေးရမယ်တဲ့”

ဝေခွဲမရတဲ့ အကြည့်မျိုးနဲ့ ကျမကြည့်နေမိတဲ့တိုင် ရှင်ကတော့ဆက်ပြောတယ် ။ရှင့်အမေမှာ ရှင်သားကင်ဆာဖြစ်နေတယ်တဲ့ ။ ကင်ဆာအမြစ်တွေဟာ ရင်သားကနေတစ်ဆင့် တကိုယ်လုံးကိုပြန့်နေပြီ ။ ဒါကြောင့်လည်း ရှင်တို့ အိန္ဒိယကနေပြောင်းလာကြတာ ။ ဟိုမှာလိုအပ်တဲ့ပြုစုကုသမှုတွေ မရှိလို့တော့ မဟုတ်ဘူး .။ အိန္ဒိယမှာဆက်နေမယ် နောက်လူတွေကလည်း ရှင့်အမေသေတော့မယ်ဆိုတာ သိရင် သိပ်လှတဲ့ကမ်းခြေက ရှင်တို့ရဲ့တိုက်ခန်းကိုလာ သူ့ဘေးမှာစုနေကြပြီး တိမ်းရှောင်လို့မရနိုင်တဲ့ အကာအကွယ်တွေပေးကြတော့မှာ ။ ရှင့်အမေက လူတွေရဲ့ ဂရုစိုက်အလေးပေးမှုတွေကြောင့် မွန်းကြပ်မနေချင်ဘူး။ နောက်သူ့ရဲ့ တဖြည်းဖြည်းချင်း ယိုးယွင်းပျက်သုန်းမှုကိုလည်း သူ့မိဘတွေ မမြင့်စေ့ချင်ဘူး။ ဒါကြောင့် ရှင့်အဖေကို အမေရိကပြန်ပို့ဖို့ ပြောခဲ့တာလေ ။ “အမေ အခု မစ်အထွေထွေဆေးရုံမှာ ဆရာဝန် အသစ်နဲ့ပြနေတယ် …. ဒါကြောင့် အဖေက အိမ်သွားကြည့်မယ်ဆိုပြီး ခဏခဏခေါ်ပြီး အပြင်ထွက်ကြတာ…. လာမယ့်နွေဦးပေါက်မှာ အမေ့ကို ခွဲစိတ်ကြမယ် …….ဒါကလည်း အချိန်ကို ဆွဲဆန့်တာပဲဖြစ်မှာပါ … အမေကတော့နောက်ဆုံးအခြေအနေအထိ ဘယ်သူ့ကိုမှ အသိမပေးချင်ဘူးတဲ့…”

အကြောင်းစုံလည်းသိလိုက်ရော ရှင်ကျမမျက်နှာကို ကိုင်ရိုက်လိုက်သလို ကျမစပြီး ငိုတော့တာပဲ ။ အစတော့ အေးစက်နေတဲ့မျက်နှာပေါ်ကို မျက်ရည်ခပ်ဖြည်းဖြည်းပဲကျတယ် ။ နောက်ကျတော့ ကျမရှိုက်ရှိုက်ပြီး ငိုတော့တာပဲ ။ ကျမနှာတွေလည်းမွှန် ၊ မျက်လုံးတွေလည်းနီရဲလို့ ရှင့်ရှေ့မှာ အရုပ်ဆိုးခဲ့ရပြီ ။ ကျမမတ်တပ်ရပ်လိုက်ပြီး ပါးကိုလက်ဝါးနဲ့ပွတ်လို့ မျက်ရည်တွေသုတ်လိုက်တယ် ။ သည်လို သနားစရာကောင်းတဲ့ ပုံစံမျိုးရှင်မမြင်စေ့ချင်ဘူး ။ ရှင်ကျမကို အရင်ဘယ်တုန်းကမှ ဓာတ်ပုံမရိုက်ခဲ့ဘူးပေမယ့် ခုနေရှင်ကင်မရာကိုမတဲ့ပြီး ဓာတ်ပုံရိုက်ယူလိုက်မှာကို စိုးရိမ်နေတယ် ။ ဟုတ်ပါတယ် ။ ရှင်ဘာမှမလုပ်ပါဘူး ။ ဘာမှလည်း မပြောပါဘူး ။ ရှင်ပြောခဲ့တာတွေက လုံလောက်နေပြီလေ ။ရှင်ကတော့ အီမာဆိုင်မွန်ရဲ့ ဂူကို ငုံ့ကြည့်ရင်း အရင်အတိုင်းရပ်လျှက်ပဲ ။ ကျမအငိုလည်းတိတ်ရော ရှင်အိမ်ဘက်ကိုပြန်လျှောက်သွားတယ် ။ ရှင်ဖောက်ထားတဲ့လမ်းလေးအတိုင်း ကျမရှင့်နောက်က ပြန်လျှောက်လာခဲ့တယ်။ နောက်တော့ ကျမတို့ တစ်ယောက်ကိုတစ်ယောက်မနှစ်သိမ့်မိကြပဲ လမ်းခွဲခဲ့ကြတယ် ။ ရှင်က ကားလမ်းကနှင်းတွေကို သွားရှင်းပေးတယ် ။ ကျမကတော့ ရေနွေးနဲ့ ရေချိုးဖို့ဆိုပြီး အိမ်ထဲပြန်ဝင်လာတယ် ။ ကျမမျက်နှာ နီမို့လာတာဟာ အအေးဒဏ်ကြောင့်ပဲရယ်လို့ ကျမအမေရော ရှင့်အမေပါထင်ကြတယ်လေ။ ရှင်ကတော့ ထင်မှာပေါ့ ။ ကျမငိုတာ ရှင့်ကြောင့် ဒါမှမဟုတ် ရှင့်အမေကြောင့်ရယ်လို့ ။ ဒါပေမယ့် မဟုတ်ပါဘူး ။ အဲဒီတုန်းက ကျမတော်တော်ငယ်ပါသေးတယ် ။ သနားတာတွေ ၊ ဂရုဏာသက်တာတွေကို ခံစားတတ်ဖို့အတော့်ကို ငယ်ပါသေးတယ်။ ကျမသိပ်ကြောက်သွားတာက သေခါနီး မိန်းမကြီးတစ်ယောက် ကျမတို့အိမ်မှာရှိနေတယ်ဆိုတာကိုပဲ ။ ကျမ ပထမဆုံး ဘရာစီယာကို ဝတ်တုန်းက ရှင့်အမေရော ကျမပါအပေါ်အဝတ်မပါဘဲ ယှက်ရပ်နေတာကို သတိရမိတယ် ။ ကျမသူ့ဝေဒနာကို အနီးကပ်ဆုံးမြင်ခဲ့ရတယ်ဆိုတာ နားလည်တော့ စိတ်ဖိစီးနေတယ်။ ရှင့်ကျမကို အခုပြောတာကြောင့်ရော ၊ အရင်တုန်းက မပြောခဲ့တာကြောင့်ရော ပေါင်းပြီး စိတ်ဆိုးတယ်။ ဝန်ထုပ်ဝန်ပိုးပိစေတယ် ကျမကိုစော်ကားရာလည်းရောက်တယ် ။ ဒါတွေအားလုံးပေါင်းပြီး ကျမရှင့်ကို အရမ်းမုန်းသွားတယ် ။

(၁၃)

နောက်နှစ်ပတ်လောက်ကြာတော့ ရှင်တို့ပြောင်းသွားကြတယ် ။ မဆက်ချူဆက်က နာမည်ကြီး ပိသုကာကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ မြောက်ဘက်ကမ်းခြေက အိမ်တစ်လုံးကို ရှင့်မိဘတွေဝယ်လိုက်တယ်လေ။ အိမ်ခေါင်းမိုးကအပြားလိုက်ရယ် ၊ နောက်နံရံတွေက မှန်တွေချည်းပဲ ။ အပေါ်ထပ်အခန်းတွေကို လသာဆောင်ထုတ်လို့ ရအောင် စီစဉ်ထားပြီး ဧည့်ခန်းမျက်နှာကျက်ကိုလည်း ပေ (၂၀)လောက် မြှင့်ထားတယ် ။ ရေနားမနီးလှပေမယ့် ရှင့်အမေသဘောကျ ရေကူးဖို့ ရေကန်လေးလည်းပါတယ် ။

ရှင်တို့ပထမဆုံးပြောင်းတဲ့ညက အမေက ရှင့်အမေချက်ပြုတ်မနေရအောင်ဆိုပြီး ထမင်းဟင်းချက်ပို့တယ်။ ကျမတို့ကတော့ အိမ်ကြီးရယ် ၊ ပစ္စည်းပစ္စယတွေရယ်ကို သဘောကျနေမိတယ် ။ အခန်းလွတ်တွေဟာ မကြာခင်ရောက်လာတော့မယ့် ရောဂါဝေဒနာ ခံစားရမှုတွေ ၊ ပြင်းပြတဲ့ ကြေကွဲမှုတွေကို တန်ပြန်မြင်ယောက်မိစေသလိုပဲ ။ အတွင်းဘက်အလင်းရောင်ကောင်းကောင်းဝင်တဲ့ အိပ်ခန်းဟာ သူ့အိပ်ယာပဲလို့ ရှင့်အမေကပြောတယ် ။ ဒါဟာ နှစ်နှစ်လောက် သူ့ကိုလူ့ဘဝသုခတွေပေးနိုင်မယ့်နေရာလေ။ နောက်ဆုံးတော့ ကျမမိဘတွေလည်း သတင်းကြားပြီး ရှင့်အမေတတ်တဲ့ဆေးရုံကိုအပြေးသွားကြတယ်။ ရှင်ကျမကို အကြောင်းစုံပြောပြခဲ့တဲ့အကြောင်း ဘယ်တုန်းကမှစကား မဟခဲ့ပါဘူး ။ သည်ကိစ္စမှာ ကျမသစ္စာရှိပါတယ်။ ကျမတို့မိဘတွေဟာ သိပ်ရင်းနှီးသွားကြပြန်ဟန်နဲ့ အပတ်စဉ် သူကလာလိုက် ၊ ကိုယ်ကသွားလိုက်နဲ့ အတင်းကာရော ရင်းနှီးစကားတွေဆိုကြပြန်တယ် ။ ရှင့်အမေကတောင် လာမယ့်နွေရာသီမှာ ကျမတို့ကိုရေကူးဖိတ်မယ်လို့ ကတိတွေပေးသေးတယ် ။ ဒါပေမယ့် ဆရာဝန်တွေခန့်မှန်းထာထက်တောင် သူ့ကျန်းမာရေးကပိုပြီးဆိုးလာတယ် ။ ရှင်တို့ကတော့ သူ့ရောဂါအကြောင်းစကားကိုမဟဘူး။ တစ်ခါတစ်ရံ အများပျော်အောင်ဆို ဖျော်ဖြေတောင်နေကြသေး ။ တစ်ခါတော့ အဖေနဲ့အမေတို့ကသူတို့ကိုတောင် ဖွင့်မပြောကြလို့ အစော်ကားခံရသလို ခံရခက်ကြောင်း ပြောကြသေးတယ်။ “နောက်ဆုံးတော့ တို့ပဲ အစစအရာရာလုပ်ပေးကြရတာကိုများ…..” တော်တော်နဲ့ အိပ်ပျော်ကြဟန်မတူဘဲ သူတို့ပြောနေကြတယ် ။ ဒါပေမယ့်ကျမကတော့ နံရံတစ်ဖက်ခြားနေတဲ့ ၊ ရှင်အရင်အိပ်ခဲ့တဲ့ ကျမကိုယ်ပိုင်အခန်းကိုပြန်ရောက်နေပြီဆိုတော့ သူတို့ပြောတာတွေကို သိပ်မကြားရတော့ပါဘူး ။ ။

ပြီး


အောင်ဖြိုး
(၉:၄၇ am , ၂၈-၆-၂၀၀၉)

(Here the video the author reading some part of above story at the literature club.)

Jhumpa Lahiri reads from her fiction from Granta magazine on Vimeo.