17 August 2012

ဖြစ်မြဲဓမ္မတာ အခြေပြု တင်ပြမှုအနုပညာ (သို့မဟုတ် ) ရာစုဂျီရို အိုစု၏ "နွေနှောင်းရက်ကျန်" (၁)

" ရုပ်ရှင်အနုပညာဆိုတာ ဇာတ်ဟန်ပါပါ အညွှန်းပြု စီစဉ်တင်ဆက်ခြင်းပဲ ၊ မတော်တဆ တိုင်ဆိုင်မှုကြောင့် ဖြစ်ပျက်တဲ့ ကိစ္စမဟုတ်ဘူး"
ဂျပန်လူမျိုး ဒါရိုက်တာ ရာစုဂျီရို အိုစု (Yasujiro Ozu) ကဆိုပါသည် ။ ကမ္ဘာ့ရုပ်ရှင်သမိုင်းတွင် ရာစုဂျီရို အိုစု၏ နာမည်သည် မပျောက်ပျက်စကောင်းသော မှတ်ကျောက်ပင်ဖြစ်၏ ။ ကမ္ဘာ့အကောင်းဆုံး ရုပ်ရှင်စာရင်းများ၊  စစ်တမ်းများတွင် သူ၏ရုပ်ရှင်များသည် ထိပ်ပိုင်းကျကျတွင်ပါဝင်စမြဲ ။ အချိန်၊ ခေတ်ကာလ၊ စည်းစနစ်ပြောင်းလဲခြင်း ဒဏ်ကို စိုးစဉ်းမျှပင် အရေးမမူပဲ သူ့ရုပ်ရှင်များသည် ကြည့်ရှုသူ၏ ခံစားမှုအာရုံကို ယနေ့ခေတ်ထိတိုင် ဖမ်းစားနိုင်စွမ်းဆဲဖြစ်သည်။

     ဝေဖန်ရေးဆရာများနှင့် ရုပ်ရှင်သမိုင်းပြုစုသူများက အိုစုအား ဂျပန်အဆန်ဆုံး ဒါရိုက်တာအဖြစ်သတ်မှတ်ကြပါသည် ။ ဤသို့ညွှန်းဆိုကြသော ဂျပန်ဆန်ခြင်းဆိုသည်မှာ ဂျပန်လူမျိုးတို့၏ မိသားစုသဘာဝကို အသေးစိတ်ခြယ်မှုန်းပြသတတ်ခြင်းပင်ဖြစ်၏ ။ သူ ရိုက်ကူးခဲ့သမျှ ဇာတ်ကားပေါင်း(၅၃) ကားတွင် အတော်များများသည် မိသားစုတစ်စုနှင့် ထိုမိသားတစ်စုတွင်ဖြစ်ပျက်ကြသော အကောင်းအဆိုး အဖြစ်အပျက်များ အကြောင်းသာဖြစ်ကြ၏ ။ သူ၏နောက်ပိုင်း ရုပ်ရှင်များတွင်မူ ဇာတ်ဆိုင်ရာအခင်းအကျင်းလောကသည် မိသားစုတစ်စုအတွင်းမှာပင် ပြီးစီးသွား၏ ။ လူသားတို့အမှန်တကယ်ကျင်လည်ရာ အပြင်လောက ပတ်ဝန်းကျင်ထက် ပို၍ကျဉ်းမြောင်းသည်ဟုဆိုနိုင်သော မိသားစုဝင်များ အချင်းချင်းဆက်ဆံရေးသည်သာ ဇာတ်အသွားဖြစ်လာခဲ့ကာ ၊ သူတင်ပြဖော်ကျူးရာ ကမ္ဘာ၏ အဆုံးသည် အိမ်ဝင်းအပြင်ထက် သာ၍မကျော်တတ်ပေ ။

     သည့်အပြင် အိုစုပြဆိုသော ဇာတ်ကောင်များသည် သာမာန်လက်လုပ်လက်စား လူလတ်တန်းစားများသာ အဖြစ်များပြီး ထိုသူတို့၏တစ်နေ့တာ လုပ်ဆောင်ရာ အဖြစ်အပျက်များကိုသာ အခြေခံ၍ ဇာတ်ကိုတည်ခြင်းလည်း ဖြစ်၏ ။ ထိုသူများ မိသားစုအပြင်ဖြစ်သည့် ကျင်လည်ရာ နေရာနှစ်ဋ္ဌာနသာ အဆုံးဖြစ်မြဲ ။ ပညာရေး စာသင်ကျောင်းများ နှင့် အလုပ်ရုံးခန်းများ ။ ဂျပန်လူမျိုးများ အနေဖြင့် စာသင်ကျောင်းကို ဒုတိယအိပ်ယာဟု သတ်မှတ်တတ်ကြပြီး ထိုမှတစ်ဖန် ကြီးရင့်ကျင်လည်ရာ အလုပ်ရုံးခန်းစသည့်ကို တတိယအိမ်အဖြစ် မှတ်ယူတတ်ကြသည်ဖြစ်ရာ ၊ အိုစု၏ ဇာတ်ကောင်များသည် နေအိမ် ၊ ကျောင်းစာသင်ခန်း နှင့် အလုပ်ရုံးခန်းများအတွင်းတွင်သာ ဝဲလှည့်ကျင်လည်ကြရတော့သည် ။ ထို့ကြောင့် သာမာန်အားဖြင့် ကောက်ချက်ဆွဲရလျှင် အိုစု၏ ရုပ်ရှင်များသည် မိသားစုဒရမ်မာ ဇာတ်လမ်းများပင်ဖြစ်ကြ၏ ။

     ထို့အတွက်ကြောင့် ဒရမ်မာကို ဖန်တီးရန် ဇာတ်လမ်းအတက်သဘောအရ အပြောင်းအလဲတစ်ခုခု ဖြစ်ရန် (သို့မဟုတ်) ပျက်ရန် လိုပါသည် ။ သို့ရာတွင် မိသားတစ်စုအတွင်း ဖြစ်ပျက်ရန်အကြောင်းအရာများသည် များစွာမရှိလှ ။ အရွယ်ရောက်သည့် သားသမီးများ အိမ်ထောင်ခွဲခြင်း ၊ မိဘများ အနေဖြင့် သား သမီးတစ်ဦးဦးဆီ သွားရောက်နေရန် ကြရခြင်း ၊ မိအို ဖအိုများ သေဆုံးခြင်း ။ အထက်ပါအချက်များသည် အိုစု၏ ရုပ်ရှင်များတွင်အတွေ့ရ အများဆုံးသော အိမ်တွင်းရေး ကိစ္စများဖြစ်၏ ။ တစ်ဦးတစ်ယောက်ထည်းကျန်ရစ်သော မိအို ၊ ဖအိုများ ထိုင်နေသောပုံရိပ်သည်ပင် အိုစု့ရုပ်ရှင်များ၏ သရုပ်ဟန်စံပင်ဖြစ်၏ ။ သည်တွင် အိုစု၏ လောကအမြင်အရ ကျန်ရစ်သူတို့သည် ဘဝကို မခါးသီးကြ ၊ အကြောင်းမှာ သည်ကိစ္စများသည်ပင် လူ့ဘဝဖြစ်ကြောင်း သူတို့တစ်တွေကောင်းကောင်းကြီး သိကြ၏ ၊ သို့တိုင် တစ်စုံတစ်ရာကို ဆွဲနှုတ်ခံကြရသလို (မည်သည့်အခါမျှ ယခင်လိုပြန်၍ မရနိုင် မဖြစ်နိုင်တော့သည့်အတွက် ) လက်လွှတ်ဆုံးရှုံးမှုအတွက် ကြေကွဲမှုကို ရှောင်လွဲမရလက်ခံကြရ၏ ။ သူတို့သည် ပတ်ဝန်းကျင်၏ ၊ သူတို့အပြုမူများ၏ သားကောင်များမဟုတ်ကြ ၊ သူတို့သည် ဖြစ်တတ်ပျက်တတ်မြဲ ဘဝဝယ်အသားကျရင်လည်ရာ လူသားများပင်ဖြစ်ကြရာ ၊ ကျွန်တော်တို့ ခင်ဗျားတို့လိုပင် လူသားဆန်သည့် ကြေကွဲဝမ်းနည်းမှုများကို သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စများအဖြစ်  လက်ခံကြရ၏ ။

     ဆက်လက်၍ဝေဖန်ရေးဆိုင်ရာကောက်ချက်များနှင့် ပက်သက်ပြီးထင်ပြချင်ပါသည် ။ ဝေဖန်ရေးဆိုင်ရာအမြင်တွင် သရုပ်မှန်ခြင်း (Realism) ကိုလက်ခံထားသည်မှာ  လူသားတို့ ကျင်လည်ရာ လောကကိုသရုပ်ဖော်ခြင်း ၊ လူသားအချင်းချင်း ဝတ္တရားအရဖြစ်စေ စိတ္တဗေဒအရဖြစ်စေ ဆက်ဆံပေါင်းသင်းမှု ဝန်ထုပ်ဝန်ပိုးကို သရုပ်ဖော်ခြင်း၊ ပတ်ဝန်းကျင်၏ လူသားတစ်ဦးတစ်ယောက်အပေါ် သက်ရောက်မှုကို သရုပ်ဖော်ခြင်း စသည်တို့ ဖြစ်သည် ။ အိုစု၏ရုပ်ရှင်များတွင် ယင်းသရုပ်မှန်ခြင်းကို သွေဖယ်သည်ဟုမဆိုနိုင်သည့်တိုင် သူ၏တင်ပြချက်များမှာ လောကတွင် လူတို့ စိတ်သောကရောက်ရခြင်းသည် ပတ်ဝန်းကျင်၏သက်ရောက်မှုကြောင့်ဖြစ်ရသည်ဆိုသော အချက်ထက် ၊ လူသားအဖြစ်ဖြစ်တည်နေရခြင်းကြောင့်သာ ဟူသောအချက်ကို အသားပေးခဲ့သည် ။ ထို့ကြောင့်ပင် အိုစု၏ရုပ်ရှင်များတွင် သရုပ်မှန်ခြင်းသက်သက်သာမက ထို့ထက်ကျော်လွန်၍သက်ရောက်မှု ဖြစ်ပေါ်စေ၏ ။ ထို့အပြင်အထက်က တင်ပြခဲ့သလို သူ၏ရုပ်ရှင်များတွင် ဇာတ်လမ်းဆင်မှုသဘောမှာ အင်မတန်နည်းလှ၏ ။ ကြည့်ရှုသူအတွက် အထူးတခြားဖြစ်စေသော ဇာတ်ကွက်အလှည့်အပြောင်းဟူ၍လည်း မရှိသလောက်ပင်ဖြစ်၏ ။ သူ၏နောက်ပိုင်း ရုပ်ရှင်များတွင် ဇာတ်အသွားသည် တစ်ကားနှင့်တစ်ကား သိပ်မကွဲပြားတော့ပါ ။ ဇာတ်လမ်းသည် သည်ဇာတ်လမ်းကျောရိုးပင်ဖြစ်လျက်ကာ (ဇာတ်လမ်းကို ကြည့်သူဖြစ်လျှင် ) ၊ တစ်ဇာတ်ထဲကိုပဲ ထပ်ကာထပ်ကာရိုက်ပြနေသကဲ့သို့ ထင်မြင်နိုင်၏ ။ ဒါ့အပြင် ဇာတ်ကား၏အမည်များသည်ပင် တစ်ကားနှင့်တစ်ကားဆင်ဆင်ပင်ဖြစ်လာကြ၏ ။
    
     ဇာတ်လမ်းဇာတ်ကွက်များသာမက သူ၏ဇာတ်ကောင်များ၏ ဘဝတွင်လည်း အပြောင်းအလဲဟူ၍ အင်မတန်ဖြစ်ခဲ၏ ။ ဇာတ်ပါ အဖေများ ၊ အစ်ကိုများ ၊ မောင်များသည် အမြဲပင် အလုပ်ရုံးခန်း (သို့မဟုတ်) ကျောင်းစာသင်ခန်းများထဲတွင် ထိုင်ရင်း ၊ ထိုနေရာများနှင့်နီးရာ ကော်ဖီဆိုင် အရက်ဘားစသည်တို့၌ ထိုင်ရင်း တွေ့ရတတ်ပြီး ၊ မိခင်များ ၊ အစ်မများ ၊ နှမများ စသည်တို့မှာ အိမ်မှာနေလျက် အိမ်တွင်းအလုပ်များလုပ်ကြရင်း ၊ တစ်ရံတစ်ခါ အမျိုးသမီးမိတ်ဆွေများထံ သွားရောက်လည်ပတ်ရင်း ၊ အိမ်လာလည်သော မိတ်ဆွေများကို ဧည့်ခံရင်းတွေ့ရတတ်ပါသည် ။ သည့်ထက်ပိုသော ကိစ္စများသည် အိုစု့ရုပ်ရှင်များတွင် အင်မတန်ဖြစ်ခဲ၏ ။ မြို့သို့ရထားစီးသွားခြင်း ၊ အားလပ်ရက်များတွင် စက်ဘီးစီးခြင်း ၊ လမ်းလျှောက်ခြင်း ၊ ဇာတ်ကြည့်ခြင်း ၊ ငါးမျှားထွက်ခြင်း စသည့် လူအများလုပ်တတ်ကြသော သာမာန်အလုပ်များကိုလုပ်ကိုင်နေကြသည်ကိုသာ တွေ့ကြရပေမည် ။

     ဒါ့အပြင် ရုပ်ရှင်ဗေဒဆိုင်ရတွင်လည်း အိုစု၏ ရိုက်ချက်များသည် အင်မတန် ချုပ်နှောင်ထားသကဲ့သို့ရှိ၏ ။ သူ၏နောက်ပိုင်းရုပ်ရှင်များတွင် ကင်မရာလှုပ်ရှားမှုသည် မရှိသလောက်ရှား၏ ။ ဇာတ်ကောင်အပေါ် ကင်မရာချိန်သော ထောင့်သည်လည်း ဘယ်တော့မှမပြောင်း ။ သူ့ရုပ်ရှင်များတွင် နှစ်ယောက်အပြန်အလှန်စကားပြောခန်းမျိုး၌ ပါဝင်သူနှစ်ယောက်သည် frame တစ်ရပ်အတွင်းဝယ် အများအားဖြင့်မရှိတတ်။ သူ၏ ဇာတ်ကောင်များသည် ကင်မရာကို မျက်နှာမူပြီး တစ်ယောက်နှင့်တစ်ယောက်စကားပြောကြ၏ ။ သို့သော် ကင်မရာနှင့် မျက်လုံးချင်းမဆုံပေ ။ ထို့ကြောင့်ပင် ကာရိုက်တာများသည် တစ်ဦးနှင့်တစ်ဦး မျက်လုံးခြင်းမဆုံ (Mismatched Eyeline) ဟုထင်လာရ၏ ။

Mismatched Eyeline

     သည့်အပြင် အိုစု၏ ကင်မရာသည် အခြေမှ ၃ ပေတိတိသာမြင့်၏ ။ အမြဲပင်ကင်မရာကို အနိမ့်တွင်ထားကာ မှန်ဘီလူးကို အပေါ်ဘက်သို့မော့စေလျှက် ရိုက်ကူးရာ ၊ အိမ်တွင်းပရိဘောဂများကို မြင်သာစေလျက် ၊ ပါဝင်သည့် ဇာတ်ကောင်ကိုလည်း သာမန်အမြင်ထက် (ကင်မရာအမြင့်နှင့် လိုက်အောင်ညှိယူရိုက် သော ရုပ်ရှင်များ) ပို၍ ထင်သာမြင်သာရှိလာစေသည် ။

Ozu's Typical Low Angle Shoot
ဒါ့အပြင် ရုပ်ရှင်ရိုက်ကူးရာတွင် အမြဲလိုလိုတွေ့ရတတ်သည် ၁၈၀ ဒီဂရီစည်းမျဉ်းကိုသွေဖယ်သော ရိုက်ချက်များကိုလည်း တွေ့ရတတ်ပါသည် ။ ( ရုပ်ရှင်အကြောင်းဆွေးနွေးရာတွင်ဆက်လက် တင်ပြသွားပါမည်။ )

     ရာစုဂျီရို အိုစုသည် ပုဂ္ဂိုလ်အားဖြင့် တင်စားပြောဆိုတတ်သူဖြစ်ဟန် ရှိ၏ ။ သူသည် တစ်ဖန် ပရိတ်သတ်ကို ဆော့မြှူကစားတတ်သူလည်းဖြစ်၏ ။ သူသည်သူဖန်တီးချက်များနှင့် စပ်လျဉ်း၍ တိကျသောရှင်းပြချက်စသည်တို့ကို ဘယ်သောအခါကမှ မပြုလုပ်ခဲ့ပါ ။ သူသည် ဖုံးကွယ်သိုဝှက်သူတစ်ယောက်ဖြစ်ဟန်ရှိပြီး ရှင်းလင်းတင်ပြခြင်းဖြင့် သူ့အနုပညာဖန်တီးမှုတို့ သနားသဖွယ် ဟာလာဟင်းလင်းပွင့် သိသာစေမှာကို စိုးရွံ့ဟန်ရှိ၏ ။ သူမဆုံးခင် က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ထိုသို့ပြောကြားခဲ့၏ ။

ကျုပ်အမြဲပြောခဲ့သလို ကျုပ်ဟာ တို့ဖူးရောင်းတဲ့သူလို တို့ဖူးပဲလုပ်တယ် ။ လူတစ်ယောက်ဟာ ရုပ်ရှင်အမျိုးအစားအများကြီးကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ ဆိုတော့ကာ ဂျပန်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာထိုင်ပြီး တစ်ကမ္ဘာလုံးက အစားအစာမျိုးစုံကို ကြိုးစားပြီးစားမယ်ဆိုရင်တောင် အနှစ်သာရအားဖြင့်ရော၊ အရသာခံမှုအားဖြင့်ပါ ဆုံးရှုံးမှာပါ ။ ရုပ်ရှင်ရိုက်ရာမှာလည်း သည်သဘောပဲ ။ ကျုပ်ရုပ်ရှင်တွေဟာ အားလုံးတူတယ် ထင်ရပေမယ့် တစ်ကားနဲ့တစ်ကားမှာ မတူတဲ့ စိတ်ဝင်စားမှု အကြောင်းအရာအရ ၊ အသစ်တစ်ခုခုကို ကျုပ်တင်ပြနိုင်ဖို့ ကြိုးပမ်းခဲ့တယ် ။ မြင်သာအောင်ပြောရရင် ကျုပ်ဟာ နှင်းဆီတစ်ပွင့်ကိုပဲ ထပ်ကာထပ်ကာဆွဲနေတဲ့ ပန်းချီဆရာတစ်ယောက်လိုပဲ ။
___ (သြဂုတ်လ ၂၈ ရက် ၊ ၁၉၆၂)
     ရာစုဂျီရို အိုစု၏ ရုပ်ရှင်များအနက် အထင်ရှားဆုံးမှာ ၁၉၅၃ ခုနစ်က ရိုက်ကူးသော "တိုကျိုမြို့ ဇာတ်လမ်း" (Tokyo Story) ဖြစ်ပါသည် ။ သို့သော် ဆက်လက်၍ဆွေးနွေးမည့် ရုပ်ရှင်ကတော့ ၁၉၄၉ ခုနစ်က ရိုက်ကူးခဲ့သော "နွေနှောင်းရက်ကျန်" (Late Spring) ဖြစ်ပါသည် ။ အိုစု၏ ရုပ်ရှင်များသည် အဆင့်မြင့်သော အနုပညာတင်ပြချက်များဖြစ်ပါသည် ။ ထို့ပြင် ပြောခဲ့သလို ပရိတ်သတ်ရဲ့ အာရုံခံစားမှုကို လှောင်ပြောင်ကစားတတ်သည့် အနုပညာရှင်၏ လက်ရာများလည်း ဖြစ်ပါသည် ။ ( ဥပမာ ပြောရလျှင် ပရိတ်သတ်မျှော်လင့်သည် ဇာတ်၏အရေးအကြီးဆုံး အဖြစ်အပျက်များကို ပိတ်ကားပေါ်မှာ ထုတ်ဖော်ပြသမှု မပြုခြင်း ) သည့်အတွက်ကြောင့် အိုစု၏ ရုပ်ရှင်များသည် အခါခါအချိန်ပေးလျက် အရသာခံကာ တစ်ခန်းချင်း တစ်ကွက်ခြင်းမလွတ်တမ်း ကြည့်ရမယ့် ဇာတ်ကားများဖြစ်ပါသည် ။ ယင်းသို့ အားစိုက်ထုတ်ပါက ဖန်တီးသူ အိုစုကိုယ်တိုင်ပင် စကားလုံးများဖြင့် မဖော်ပြခြင်းငှာ မစွမ်းနိုင်ခဲ့သော ရုပ်ရှင်ပညာ၏ အဆုံးသတ်ဘောင်မဲ့သည့် ပဉ္စလက်အစွမ်းကို မြင်တွေ့ရမည် ဖြစ်ကြောင်းအာမခံနိုင်ပါ၏ ။

(ဆက်လက်ဖော်ပြမည်)

အောင်ဖြိုး