30 January 2013

ဖြစ်မြဲဓမ္မတာ အခြေပြု တင်ပြမှုအနုပညာ (သို့မဟုတ် ) ရာစုဂျီရို အိုစု၏ "နွေနှောင်းရက်ကျန်" (၂)

(အပိုင်း - ၁)

     "နွေနှောင်းရက်ကျန်" (Late Spring) သည် စစ်ပြီးစခေတ်တွင် ရိုက်ကူးပြသခဲ့သည့် ရုပ်ရှင်ကားဖြစ်ပါသည် ။ စစ်ရှုံး၍ စိတ်ဓာတ်ကျကာ ပြန်လည်ထူထောင်ရန်ကြိုးပမ်းနေသော ဂျပန်နိုင်ငံသားတို့သည် ဖျော်ဖြေရေး ရုပ်ရှင်တွင်လည်း ခမ်းနားသော စိတ်ကူးယဉ်ဖွယ် အကြောင်းအရာများ ၊ တနည်းအားဖြင့် အပြင်လောက၏ ဆုံးရှုံးမှုဒဏ်၊ ဘဝအမောများကို ခေတ္တခဏဖြစ်စေ မေ့လျော့စေနိုင်မည့် ပိတ်ကားပေါ်မှဖန်တီးပြမှုများကို တောင်းဆိုလျက်ရှိခဲ့ကြသည် ။ သို့သော်လည်း ရာစုဂျီရို အိုစုသည် ထိုတောင်းဆိုမှုများကို မလိုက်လျောခဲ့ချေ။ ထိုစစ်ပြီးခေတ်တွင် အိုစု၏ အကောင်းဆုံးလက်ရာများဟု ဆိုရမယ့် ရုပ်ရှင်ဇာတ်ကား ၃ ကားပေါ်ထွက်လာခဲ့၏ ။ ထိုဇာတ်ကားများမှာ --

• Late Spring [1949]
• Early Summer [1951] နှင့်
• Tokyo Story [1953] တို့ဖြစ်ကြသည် ။

     ယင်းတို့မှာ ဇာတ်လမ်းသဘောအားဖြင့် တကားနှင့်တကား ဆက်စပ်နေသည်ဟု မဆိုနိုင်သော်လည်း တိုက်ဆိုင်မှု (တနည်း) ဆက်နွယ်မှု များလည်းရှိပါ၏ ။ ယင်း သုံးကားစလုံးတွင် ခေါင်းဆောင်မင်းသမီး နေရာကို မင်းသမီးတစ်ယောက်ထဲက သရုပ်ဆောင်၏ ။ ထိုခေတ်က နာမည်အကြီးဆုံး စတားဟုဆိုရမယ့် ( ဒါရိုက်တာ၏ အကြိုက်ဆုံး နှင့် အတွဲအညီဆုံးလည်းဖြစ်သည့် ) သရုပ်ဆောင် ဆက်ဆုကိုဟာရ (Setsuko Hara) သည် ယင်းဇာတ်ကားများ၏ အဓိကဇာတ်ဆောင်နေရာမှ ပါဝင်၏။ တစ်ခြားတိုက်ဆိုင်မှုဟာ ထိုသုံးကားမှ ဇာတ်ကောင်အမျိုးသမီး များ၏ ကိုယ်ပိုင်အမည်များ (Sir Names) သည် နိုရီကို(Noriko) ဖြစ်ခြင်း စသည်တို့ဖြစ်၏ ။ ထို့ကြောင့်လည်း ထိုဇာတ်ကား သုံးကားကို Noriko Trilogy ဟု နှောင်းဝေဖန်ရေးဆရာတို့ လေ့လာရာတွင် သတ်မှတ်ကြခြင်းဖြစ်သည် ။


Actress Setsuko Hara in promotional still of "Late Spring". 

     "နွေနှောင်းရက်ကျန်" သည် စာရေးဆရာ ကာဆူရိုဟီရိုစု ၏ "ဖခင်နှင့် သမီး" အမည်ရ ဝတ္ထုလတ်တပုဒ်ကို မှီငြမ်းပြုကာ အိုစုနှင့် သူ၏ ရေးဖော်ရေးဖက်ဖြစ်သူ ကိုခိုနိုဓ တို့က ဇာတ်ညွှန်းဖွဲ့ထားခြင်းဖြစ်၏ ။ ဂျပန့်ရှေးဟောင်းမြို့တမြို့ဖြစ်သည့် ကာမာကူရ (Kamakura) တွင်ဇာတ်တည်ထားကာ မုဆိုးဖို ပါမောက္ခတစ်ဦးနှင့် (စစ်ဖြစ်သည့်အတွက်ကြောင့်) လက်မထပ်ရသေးသော သူ၏သမီးပျိုတို့၏ အေးဆေးတည်ငြိမ်သော ဘဝကိုချယ်မှုန်းထားပြပါသည် ။ ဖခင်ဖြစ်သူ၏ အရွယ်လွန်စပြုနေသောသမီးပျိုကို အိမ်ထောင်ချပေးရန် ကြိုးပမ်းမှုသည်ပင် ဇာတ်၏ တခုတည်းသော အဓိကကျောရိုးဖြစ်၏ ။ ဇာတ်လမ်းတလျှောက်လုံးတွင် ပရိတ်သတ် နှစ်ခြိုက်ဖွယ်ထူးခြားမှု သက်သက်ဟူ၍ မပါ ။ အဆန်းတကြယ် ဆင်ထားသော ဇာတ်ကွက်ဟူ၍လည်းမရှိ ။ သာမန်မြင်နေကျ ပုံရိပ်များဖြစ်သည့် ဂျပန့် ရိုးရာ လက်ဖက်ရည်ပွဲ ၊ ပြပွဲတပွဲ ဒါမှမဟုတ် ကုန်ပစ္စည်းတခုခုကို ကိုယ်စားပြုနေသော လမ်းဘေးဆိုင်းဘုတ်များ ၊ နေထုတ်လှမ်းထားသည့် ထုတ်တန်းပေါ်မှအဝတ်များ ၊ သားငယ်အတွက် ပြန်ပြင်ချုပ်ရန် ယူလာသော အဖေ့ ပိုးပေါက်အတွင်းခံဘောင်းဘီထုပ် တထုပ် ၊ ခေါက်ပြန်ခေါက်သွား ရထားများနှင့် သံလမ်းများ ၊ ခံစားမှုကြောင့် တွန့်သွားသော နှုတ်ခမ်းတစုံ ၊ လရိပ်ကျ ကြွေပန်းအိုးတလုံး ၊ ပြင်ဆင်ပြီးသူ ထားရစ်သည့် ကြည့်မှန်တလက် ၊ လှီးခွာချခဲ့သော ပန်းသီးခွံ့ တထွေး ။ ယင်းမြင်နေကျ ၊ လက်တွေ့လောကတွင်လည်းဖြစ်မြဲပုံရိပ်များဖြင့် ဟိုက္ကူကဗျာ အငွေ့အသက်ဆန်ဆန် ဖော်ကျူးထားခြင်းဖြစ်၏ ။ ယင်းတို့ ကြောင့်ပင် နှောင်းလူတို့ က အိုစုကို ဂျပန်အဆန်ဆုံး ရုပ်ရှင်ဒါရိုက်တာအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည် ။



     အိုစု၏ တင်ပြပုံ အပေါ်မူတည်၍ သည်ရုပ်ရှင်ကို လေ့လာကြည့်ရာမှာ ဒါရိုက်တာ၏ အထူးပြုစရာ အချက် (၂) ချက်ကို အခြေပြုသွားမည်ဖြစ်ပါသည် ။ ယင်းတို့မှာ __

(၁) ရုပ်ရှင်သဘာဝအရ အခန်းတခန်းတွင် အထူးပြုပြောဆိုရာဖြစ်ရပ် (သို့မဟုတ်) ဇာတ်၏ အဓိကအကျဆုံး ဖြစ်ရပ် တို့ကို နောက်တခန်း (သို့မဟုတ်) ဇာတ်၏အထွက်တွင် ပရိတ်သတ်မျှော်လင့်ထားသလို ပြသမှုမရှိဘဲ တမင်ချန်လှပ်ထားခြင်း ။

 (၂) ရုပ်ရှင်ဖန်တီးသူ၏ လှည့်ကစားချက် (Playfulness) အရ ၊ ရုပ်ရှင်ဟူသည် လူလုပ်သည့် ဖန်တီးချက်များသာဖြစ်ကြောင်း အသိပေးလိုသည့် (တနည်း) ရုပ်ရှင်၏ အခြေခံမူ နည်းစနစ်များကို လိုက်နာခြင်းမရှိသော ပုံရိပ်များ ၊ ဇာတ်ကွက်များ ၊ သရုပ်ဆောင်ချက်များ ၊ တည်းဖြတ်မှုများ ကို အလေးပြုစေခြင်း၊ စသည်တို့ဖြစ်ကြ၏ ။

     ပထမအချက်အနေဖြင့်မူ သာမန်ရုပ်ရှင်များတွင် ပြသတတ်သည့်အခြေခံသဘောတရပ်ကို ဦးစွာသိရန်လိုပါသည် ။ ဥပမာ ပထမအခန်းတွင် ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးတို့ ပွဲလမ်းသဘင်သွားဖို့ပြင်ဆင်နေကြသည် ၊ ပြောဆိုနေကြသည်ကို ပြလျှင် ၊ နောက်အခန်း၌ ယင်းပွဲသဘင်ဝယ် တစုံတရာ ပြုမူဖြစ်ပျက်ကြသော မောင်နှံစုံကို ပြသရမည်ဟု ပရိတ်သတ်အနေဖြင့် ပုံသေတွက်ယူနိုင်ပါ၏ ။ ထို့ပြင် တဇာတ်လုံးချီလာသော အဓိကဖြစ်ရပ်သည် ဇာတ်အထွဋ်အခန်းတွင် ဖြစ်ပျက်သည်ကိုပြသပြီးမှ ဇာတ်သိမ်းနိုင်ပေမည် ။ သို့သော် အိုစုသည် ယင်း အခြေအနေများကို ဆန့်ကျင်ကာ တင်ပြခဲ့၏ ။

     ဦးစွာ ဇာတ်လမ်းကျောရိုးကို ကြည့်ရင် သမီးဖြစ်သူ၏မင်္ဂလာပွဲသည် အဓိကအကျဆုံးဖြစ်၏ ၊ သမီးဖြစ်သူ လက်ထပ်မယ့် သတို့သားသည်လည်းအရေးပါသော ဇာတ်ကောင်ဖြစ်၏ ။ သို့သော် Late Spring တွင်မူ မင်္ဂလာပွဲသည်လည်းကောင်း ၊ သတို့သားသည်လည်းကောင်း ပြသသည့်ရုပ်ရှင်မြင်ကွင်းတွင် မပါဝင်ချေ ။ လက်ထပ်ပွဲသည် ပိတ်ကားပေါ်မှပုံရိပ်များ၏ပြင်ပ၌သာဖြစ်ပျက်၏ ။ မင်္ဂလာပွဲသွားရန်ပြင်သည့် အခန်းအပြီး နောက်တခန်းမှာ မင်္ဂလာဆောင်မှ ပြန်လာချိန်ဖြစ်နေသည် ။ ယင်းမှာ အိုစု၏ ထူးခြားချက်ဖြစ်၏ ။ ထို့အပြင်လည်း ဇာတ်သွားတလျှောက်မှာ ယင်းသို့ သာမန်ဇာတ်အသွားကို သွေဖယ်တင်ပြသည် များလည်းရှိသေး၏ ။ တခန်းတွင် သမီးဖြစ်သူနှင့် ဖခင့်မိတ်ဆွေတို့ ဈေးသွားရင်းတွေ့ကြရာ အနီးအနားပြတိုက်က ပွဲကိုအတူသွားမည့်အကြောင်းပြောကြ၏ ။ နောက်အခန်းမှာ ယင်းပြပွဲဆိုင်းပုဒ် သက်သက်ဖြစ်ပြီး ၊ ထို့နောက် ပြတိုက်အနီးရှိ ဆိုင်တွင်ထိုင်နေကြသည့် မိန်းကလေးနှင့် ဖခင့်မိတ်ဆွေကိုတွေ့ကြ၏ ။ ယင်းမှာ ကြည့်ရှုသူ၏ မျှော်လင့်ချက်ကို လှည့်စားခြင်းဖြစ်၏ ။ ယင်းအချက်၏ အဓိကဟု ယူဆနိုင်သည်မှာ ဆိုင်တွင်ထိုင်လျက်စားသောက်ကြသည့် ဇာတ်ကောင်နှစ်ယောက် ရင်းနှီးသွက်လက်ဟန်ပြောဆိုကြဟန်ကို ပို၍ထင်ပေါ်စေရန် ၊ ပြတိုက်အတွင်း ဟိုသည်ကြည့်ရင်း စကားဖောင်နေကြမည့် ယင်းနှစ်ယောက်ကို မတွေ့လိုက်ရပဲ မှန်းကြည့်ရုံသာတတ်နိုင်သဖြင့် ဇာတ်ကိုပို၍ သွက်စေရန်ဟု ပြောနိုင်ပါသည် ။ တနည်းအားဖြင့် ကြည့်သူအနေဖြင့် မှန်းရုံသာတတ်နိုင်သည့်အတွက် ဇာတ်ကောင်များ၏ မူရင်းစိတ်အခြေအနေကို ရှေ့တွင်ထင်လာသည့် ပုံရိပ်များ စကားပြောဟန်များဖြင့်သာ လက်ခံရခြင်းသဘောမျိုးဖြစ်၏ ။

     ယင်းသဘောကို ထင်ရှားစေမယ့် နောက်အရေးပါသည့် အခြားအခန်းတခုကိုလည်း တင်ပြချင်ပါသေး၏ ။ ယင်းမှာ ဇာတ်ကောင်အမျိုးသမီးနှင့် ဖခင်၏လက်ထောက် အမျိုးသားတို့၏ ဆက်ဆံရေးဖြစ်သည် ။ သူတို့သည် ရင်းနှီးဟန်ရှိကြပြီး အတူတကွ ကမ်းခြေတလျှောက် စက်ဘီးစီးကြ၊ စကားထိုင်ပြောကြသည်ကို တွေ့ရ၏ ။ သို့သော် သူတို့ဆက်ဆံရေးတွင် တွယ်ငြိဟန်ကို တစုံတရာမျှ မတွေ့ရ ။ ထို့နောက် တွင် အမျိုးသားသည် အခြားမိန်းကလေးငယ်တယောက်နှင့် စေ့စပ်ထားပြီးဖြစ်သည်ကို သိရပြီး ၊ ဇာတ်ကောင်အမျိုးသမီးကို ဂီတပွဲတပွဲကြည့် ရန်ခေါ်သော်အခါ၊ မိန်းကလေးက "ကျမ ရန်များမှာ ကြောက်ပါရဲ့ရှင်" လို့ ရယ်မောရင်း ငြင်းဆိုသည် ။ ထို့နောက် ဂီတပွဲဆိုင်းဘုတ် နှင့် တယောက်ထဲ ဘေးခုံအလွတ်မှာ လက်ကိုင်အိတ်တင်ပြီး ပွဲကြည့်နေသော အမျိုးသားကိုပြ၏ ။ ယင်းနောက်ဆက်တွဲအခန်းမှာ ညမိုးချုပ်အိမ်အပြန်လမ်းပေါ် တယောက်ထဲ လျှောက်လာသော ဇာတ်ကောင်အမျိုးသမီး ဖြစ်ပြီး ၊ သူ၏ မျက်နှာအမူအယာအရမှာ အချစ်ကြောင့် ခံစားရသော မိန်းမပျိုတစ်ယောက်ဟု မှတ်ယူနိုင်ခြင်းပင်ဖြစ်သည် ။ ထိုသို့ယူဆရန်မှာလည်း တကားလုံးအတွက် ထိုမျက်နှာအမူအရာ တချက်သာဖြစ်၏ ။ အခြား တပ်အပ်စွဲလောက်သည့် အခြေအမြစ်ဟုလည်း မရှိချေ ။ ယင်းမှာ အိုစုရုပ်ရှင်များ၏ အသေးစိတ် အခြေခံအချက်များဖြစ်၏ ။

     နောက်တစ်ချက်မှာ ဇာတ်လမ်းတလျှောက်တွင် အဓိက ဇာတ်ကျောရိုးဟူ၍ မရှိခြင်းဖြစ်သည် ။ သာမန်တစ်ကားလုံးကို ခြုံ၍ ဇာတ်ကျောတစ်ခုအဖြစ်ပြဆိုနိုင်သော်လည်း ၊ အဓိကတည်ဆောက်ထားသည်မှာ အပိုင်းပိုင်းဖြစ်နေသော ဇာတ်ကွက်ငယ်များဖြစ်၏ ။ သမီးဖြစ်သူနှင့် ဖခင်၏ လက်ထောက် ၊ ဖခင်နှင့် ငယ်ရွယ်သော မုဆိုးမ ၊ သမီးဖြစ်သူ၏ သူငယ်ချင်းများ၏ ဘဝနှင့်အိမ်ထောင်ရေး ၊ အဒေါ်နှင့် စကားနားမထောင်တတ်သော အဖမဲ့သားငယ် ၊ သမီးနှင့် ဖခင်၏ နောက်အိမ်ထောင်ပြုထားသောမိတ်ဆွေ ။ ယင်းဇာတ်လမ်းအပိုင်းများကို သေချာစွာကြည့်ပြန်လျှင် ထူးထူးခြားခြား ဖြစ်ရပ်ဟူ၍လည်းမရှိ။ ကြည့်သူများ တွေ့ကြုံ ၊ ကြားနားဖူး၍ မှန်းဆယူနိုင်သော ဖြစ်ရပ်လေးများပင်ဖြစ်၏ ။ အိုစုနှင့် ဇာတ်ညွှန်းရေးဆရာ ကိုခိုနိုဓတို့၏အစွမ်းမှာ ယင်းအပိုင်းငယ်များကို လှပသေသပ်စွာတည်ဆောက် ပေါင်းစည်းပြီး ဇာတ်တခုလုံး၏အနှစ်သာရကို ပါဝင်သည့် ဇာတ်ကွက်များထက် ကျော်လွန်အောင် တင်ပြနိုင်ခြင်းပင်ဖြစ်သည် ။

     ဆက်လက်၍ အိုစု၏ ရိုက်ကူးတည်းဖြတ်မှုများကိုတင်ပြလိုပါသည် ။ ရုပ်ရှင်ရိုက်ကူးရေးစနစ်တွင် ဇာတ်ကောင် နှစ်ယောက် မျက်နှာဆိုင်ပြောဆိုရာ၌ ကြည့်ရှုသူ့ပသာဒ လွယ်ကူချောမွေ့စေရန် လိုက်နာရသည့် ၁၈၀ ဒီဂရီ နည်းစနစ်ဟူ၍ရှိပါသည် ။ ယင်းစနစ်မှာ ဇာတ်ကောင်နှစ်ယောက် တစ်ယောက်တစ်လှည့်ပြောဆိုရာ၌ ညာဘက်လူမျက်နှာအမူအရာကို ပြသစဉ် သူ့၏အကြည့်သည် (အခြားဇာတ်ကောင်ရှိရာ) ဘက်ဘက်ကိုမျက်နှာမူ၍ ပြောဆိုရမည်ဖြစ်ပြီး ၊ ဘယ်ဘက်လူအတွက်ပြသစဉ်မှာလည်း ညာဘက်ကိုမျက်နှာမူ၍ပြောဆိုစေရမည်ဖြစ်ပါသည် ။ ယင်းမှာ ရုပ်ရှင်ကားတိုင်းတွင် တွေ့ရသည့် အခြေခံနည်းစနစ်ဖြစ်ပါ၏ ။
180 Degree Rule Sample
     ယခုတင်ပြသည့် အိုစု၏ "နွေနှောင်းရက်ကျန်" တွင် ယင်းအချက်ကို သွေဖယ်သော ရိုက်ချက်များကို တွေ့ရပါ၏ ။ မြို့သို့သွားသော သားအဖနှစ်ယောက် ဇာတ်ကွက်တွင် ဖခင်သည် ခုံတွင်ထိုင်လျှက် ၊ သမီးသည် နေရာမရသေးသဖြင့် မက်တပ်ရပ်ကာ ရထားစီးကြသည် ။ ယင်းတွင် ဖခင်သည်ထိုင်လျက်က ညာဘက်ကိုမော့ကြည့်ပြီး သမီးဖြစ်သူကိုပြော၏ ။ နောက်ပြန်ရိုက်ချက်တွင်မူ သမီးဖြစ်သူသည် ပြုံးလျက် ဖခင်ကိုပြန်ပြောရာ သူကြည့်သည်မှာလည်း ညာဘက်ပင်ဖြစ်နေ၏ ။ ယင်းကြောင့်လည်း ထိုအခန်းကို သေချာစွာကြည့်လျင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်စကားပြောနေကြသည်နှင့်မတူတော့ ။ ဖခင်သည် သမီး၏ အနောက်တွင်ရှိသလို အထင်မှားနိုင်၏ ။ သို့သော် အိုစုပြလိုသည်မှာ ရုပ်ရှင်ဟူသည် လူဖန်တီးသည့်အရာသာဖြစ်ကြောင်း အထူးပြုလှောင်ပြောင်လိုဟု မှတ်ယူရန်ရှိသည် ။ ဘယ်ဘက်က ဘယ်လိုပဲရိုက်ရိုက် ရထားပေါ်မှာ နေရာမရွှေ့တဲ့ သည်သားအဖစကားပြောတာကို နားမလည်နိုင်ရန်မရှိဟု ပြောလိုသည်လည်းဖြစ်နိုင်ပါ၏ ။


The violation of 180 Degree Rule in 'Late Spring'.



     အိုစုရုပ်ရှင်များတွင် ကင်မရာသည်အနိမ့်တွင်ထားလျက် အပေါ်ကို အမြဲမော့ကြည့်နေသာ ရိုက်ချက်များကိုတွေ့ရ၏ ။ ယင်းမှာအိုစု၏ မူပိုင်ဟန်ဖြစ်ပြီး ၊ နှောင်းပိုင်းဝေဖန်ရေးဆရာတို့က ဂျပန်ရိုးရာ တာတမီဖျာတွင် ခြေတုပ်ထိုင်လျှင်မြင်ရသည့် မော့ကြည့်မြင်ကွင်းကို ကိုယ်စားပြုတင်ပြခြင်းဟု အနက်ဖွင့်ကြသည် ။

     ကျန်သတိပြုရမယ့် အိုစု၏မူပိုင်ဟန်မှာ Pillow Shots ဟုခေါ်သော ဇာတ်မှသွေဖယ်သည့် ရှုခင်းများ ၊ ရိုက်ချက်များဖြစ်၏ ။ ယင်းတို့မှာ အများအားဖြင့် အိမ်တွင်းပရိဘောဂများ နှင့် သစ်ပင်ပန်းမာန်များဖြစ်တတ်ကြသည် ။ ယင်းတို့တွင် ထူးခြားသော ဇာတ်ကြောင်းနှင့် ပတ်သက်သည့် အနက်အဓိပ္ပာယ် ဆက်စပ်မှုဟူ၍ ရှာမရတတ် ။ ဥပမာ ပြဆိုသော် သာမန်မြင်နေကျ ရုပ်ရှင်များတွင် အခန်းတစ်တွင် ဇာတ်ကောင်နှစ်ကောင်စကားပြောဆို၍ ၊ နောက်အခန်းတွင် သစ်ပင်ကြီးအောက်မှ ခုံတန်းလျားကိုပြလျှင် ထိုဇာတ်ကောင်တို့သည် ယင်းခုံတွင် ထိုင်ကို ထိုင်ကြရမည် ဖြစ်သည် ။ အိုစုအတွက်မူ ယင်းခုံသည် ဇာတ်ကောင်များနှင့် ပက်သက်မှုမရှိသော ရှုခင်းရိုက်ကွက်မျှသာဖြစ်ပြီး၊ နောက်အခန်းအပြောင်းတွင် အိမ်ပြန်ရောက်နေသော ဇာတ်ကောင်များကိုတွေ့ရမည်ဖြစ်၏ ။ ထိုအချက်ကြောင့် ယင်းပုံရိပ်များသည် (သစ်ပင်အောက်မှ ခုံတန်းလျားသည်) တည်ရှိခြင်းသက်သက်သာဖြစ်ကြလျက် ၊ ဇာတ်ကိုတဖန် ပြန်ငေးကြည့်နေသည့် သက်မဲ့ဝတ္ထုများအသွင်ဖြစ်နေကြ၏ ။ ယင်းမှာ အိုစု၏ ရုပ်ရှင်တိုင်းလိုလိုတွင် တွေ့ရတတ်သည့် ထူးခြားသော ရိုက်ချက်များဖြစ်ပါသည် ။

Sample Pillow Shots from 'Late Spring'.



      အနှစ်သာရအားဖြင့်မူ အိုစု၏ "နွေနှောင်းရက်ကျန်" ကို သီးသန့်အဓိပ္ပာယ်ဖွင့်ဆိုပြ၍ မရနိုင်ပါ ။ ကြီးမြတ်သော အနုပညာလက်ရာတို့၏ ထုံးစံ ခံစားသူကိုလိုက်၍ အနက်အဓိပ္ပာယ်ကွဲပြားနိုင်ပါသည် ။ ခံစားသူတယောက် အမြင်သက်သက်ဖြင့် ဆိုသော် ဘဝ၏ တောင်းဆိုချက်အတိုင်း ရက်စက်ပြီးလက်တွေ့ကျတဲ့ အမှန်တရားကို မလွဲမရှောင်သာလက်ခံလိုက်ရသော လူသားများအကြောင်းဟု ဆိုချင်ပါသည် ။ ဇာတ်ကောင်များ ၊ ပရိဘောဂများအပါအဝင် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမာန်များအပါအဝင် အားလုံးသော ရှိရှိသမျှတို့သည် အစဉ်ပြောင်းလဲနေသည့် လူသားဘဝကို မသေချာလှသည့် ငေးမောကြည့်များဖြင့် ငေးကြည့်နေကြသယောင် ထင်မြင်မိပါသည် ။ အနှစ် (၆၀) ကျော်ခဲ့ပြီးဖြစ်သော ၊ ကွဲပြားတဲ့ ဒေသနှင့်ယဉ်ကျေးမှုများ ကိုအခြေတည်ထားသော ရုပ်ရှင်တကားသည် ယနေ့ခေတ်တိုင် ကြည့်သူကို နက်နဲသောခံစားမှုများ ပေးနိုင်သေးသည်မှာ အနုပညာ၏ မပျောက်မပျက် တည်မြဲနိုင်ခြင်း သက်သေတစ်ရပ်ဟုဆိုနိုင်ပါသည် ။ ခေတ်များကို ဖြတ်သန်းလျက် ရှင်သန်နေမည့် အနုပညာလက်ရာလည်းဖြစ်ပါ၏ ။

     ကျွန်တော့အတွက်မူ အိုစုသည် အင်မတန်ပင်နားလည်ရန်ခက်ခဲသော ကြီးမြတ်သူတစ်ဦးဖြစ်ပါသည် ။ သူ့ဇာတ်ကားများကိုလေ့လာတိုင်း အရေးပါသည့် အချက်တချက်ကို အမြဲပင် အတွေးရောက်စေသည် ။ အိုစုအတွက် ဒါရိုက်တာတစ်ယောက်အနေဖြင့် ပို၍လုပ်ပိုင်ခွင့်ရလာလေလေ ရုပ်ရှင်၏ (ပရိတ်သတ်ကို ဆွဲဆောင်ရာတွင်အရေးပါလှသော) စွဲမက်ဖွယ် လက္ခဏာရပ်များကို တစ်ခုခြင်းဆီဖြုတ်ချခဲ့ခြင်း ဟူသောအချက်သည် ကျွန်တော့်အတွက် (အပြည့်အစုံ) နားမလည်နိုင်သေးသည့် အိုစု၏ကြီးမြတ်ချက် တစ်ရပ်ပင်ဖြစ်ပါသည် ။ အိုစု၏ သာမန်လူများအပေါ် သိနားလည်မှုနှင့် ထိုးထွင်းခံစားတင်ပြနိုင်မှု ၊ ထိုသူများ၏ ဘဝကိုတင်ပြရာတွင် လေးနက်သော အသေးစိတ် အချက်အလက်များကို ဖြန့်လျက် လှပစွာခင်းကျင်းနိုင်မှုတို့သည် ဒါရိုက်တာတစ်ယောက်အနေဖြင့် အံ့ချီးဖွယ် ၊ အတုယူဖွယ်အရည်အချင်းများဖြစ်ပါသည် ။ ရုပ်ရှင်ဟူသည် မတော်တဆ အကြောင်းတိုက်ဆိုင်၍ ပေါ်လာသည်မဟုတ်ပဲ ၊ အတိအကျပြင်ဆင်၍ သေသပ်လှပအောင် နေရာချထားသော ဇာတ်ကွက်အစုအဝေးသာ ဖြစ်ကြောင်း "နွေနှောင်းရက်ကျန်" တွင်ထင်ရှားစွာတွေ့နိုင်ပါသည် ။ ယင်းသည်ပင် အတတ်ပညာအားဖြင့် အိုစုညွှန်းဆိုချင်သော အဓိကအချက်ဟု ယူဆမိပါသည် ။ ။

 Aung Phyoe
 (ဇန်နဝါရီ ၂၇ ၊ ၂၀၁၃ ။ 6:32AM) 

 စာကိုးစာရင်း(အကျဉ်း)
1. "Ozu" By Donald Richie
2. "Ozu's Anti-Cinema" by Yishida Kiju 
3. "Ozu and the Poetics of Cinema" by David Bordwell

No comments: