30 January 2013

ဖြစ်မြဲဓမ္မတာ အခြေပြု တင်ပြမှုအနုပညာ (သို့မဟုတ် ) ရာစုဂျီရို အိုစု၏ "နွေနှောင်းရက်ကျန်" (၂)

(အပိုင်း - ၁)

     "နွေနှောင်းရက်ကျန်" (Late Spring) သည် စစ်ပြီးစခေတ်တွင် ရိုက်ကူးပြသခဲ့သည့် ရုပ်ရှင်ကားဖြစ်ပါသည် ။ စစ်ရှုံး၍ စိတ်ဓာတ်ကျကာ ပြန်လည်ထူထောင်ရန်ကြိုးပမ်းနေသော ဂျပန်နိုင်ငံသားတို့သည် ဖျော်ဖြေရေး ရုပ်ရှင်တွင်လည်း ခမ်းနားသော စိတ်ကူးယဉ်ဖွယ် အကြောင်းအရာများ ၊ တနည်းအားဖြင့် အပြင်လောက၏ ဆုံးရှုံးမှုဒဏ်၊ ဘဝအမောများကို ခေတ္တခဏဖြစ်စေ မေ့လျော့စေနိုင်မည့် ပိတ်ကားပေါ်မှဖန်တီးပြမှုများကို တောင်းဆိုလျက်ရှိခဲ့ကြသည် ။ သို့သော်လည်း ရာစုဂျီရို အိုစုသည် ထိုတောင်းဆိုမှုများကို မလိုက်လျောခဲ့ချေ။ ထိုစစ်ပြီးခေတ်တွင် အိုစု၏ အကောင်းဆုံးလက်ရာများဟု ဆိုရမယ့် ရုပ်ရှင်ဇာတ်ကား ၃ ကားပေါ်ထွက်လာခဲ့၏ ။ ထိုဇာတ်ကားများမှာ --

• Late Spring [1949]
• Early Summer [1951] နှင့်
• Tokyo Story [1953] တို့ဖြစ်ကြသည် ။

     ယင်းတို့မှာ ဇာတ်လမ်းသဘောအားဖြင့် တကားနှင့်တကား ဆက်စပ်နေသည်ဟု မဆိုနိုင်သော်လည်း တိုက်ဆိုင်မှု (တနည်း) ဆက်နွယ်မှု များလည်းရှိပါ၏ ။ ယင်း သုံးကားစလုံးတွင် ခေါင်းဆောင်မင်းသမီး နေရာကို မင်းသမီးတစ်ယောက်ထဲက သရုပ်ဆောင်၏ ။ ထိုခေတ်က နာမည်အကြီးဆုံး စတားဟုဆိုရမယ့် ( ဒါရိုက်တာ၏ အကြိုက်ဆုံး နှင့် အတွဲအညီဆုံးလည်းဖြစ်သည့် ) သရုပ်ဆောင် ဆက်ဆုကိုဟာရ (Setsuko Hara) သည် ယင်းဇာတ်ကားများ၏ အဓိကဇာတ်ဆောင်နေရာမှ ပါဝင်၏။ တစ်ခြားတိုက်ဆိုင်မှုဟာ ထိုသုံးကားမှ ဇာတ်ကောင်အမျိုးသမီး များ၏ ကိုယ်ပိုင်အမည်များ (Sir Names) သည် နိုရီကို(Noriko) ဖြစ်ခြင်း စသည်တို့ဖြစ်၏ ။ ထို့ကြောင့်လည်း ထိုဇာတ်ကား သုံးကားကို Noriko Trilogy ဟု နှောင်းဝေဖန်ရေးဆရာတို့ လေ့လာရာတွင် သတ်မှတ်ကြခြင်းဖြစ်သည် ။


Actress Setsuko Hara in promotional still of "Late Spring". 

     "နွေနှောင်းရက်ကျန်" သည် စာရေးဆရာ ကာဆူရိုဟီရိုစု ၏ "ဖခင်နှင့် သမီး" အမည်ရ ဝတ္ထုလတ်တပုဒ်ကို မှီငြမ်းပြုကာ အိုစုနှင့် သူ၏ ရေးဖော်ရေးဖက်ဖြစ်သူ ကိုခိုနိုဓ တို့က ဇာတ်ညွှန်းဖွဲ့ထားခြင်းဖြစ်၏ ။ ဂျပန့်ရှေးဟောင်းမြို့တမြို့ဖြစ်သည့် ကာမာကူရ (Kamakura) တွင်ဇာတ်တည်ထားကာ မုဆိုးဖို ပါမောက္ခတစ်ဦးနှင့် (စစ်ဖြစ်သည့်အတွက်ကြောင့်) လက်မထပ်ရသေးသော သူ၏သမီးပျိုတို့၏ အေးဆေးတည်ငြိမ်သော ဘဝကိုချယ်မှုန်းထားပြပါသည် ။ ဖခင်ဖြစ်သူ၏ အရွယ်လွန်စပြုနေသောသမီးပျိုကို အိမ်ထောင်ချပေးရန် ကြိုးပမ်းမှုသည်ပင် ဇာတ်၏ တခုတည်းသော အဓိကကျောရိုးဖြစ်၏ ။ ဇာတ်လမ်းတလျှောက်လုံးတွင် ပရိတ်သတ် နှစ်ခြိုက်ဖွယ်ထူးခြားမှု သက်သက်ဟူ၍ မပါ ။ အဆန်းတကြယ် ဆင်ထားသော ဇာတ်ကွက်ဟူ၍လည်းမရှိ ။ သာမန်မြင်နေကျ ပုံရိပ်များဖြစ်သည့် ဂျပန့် ရိုးရာ လက်ဖက်ရည်ပွဲ ၊ ပြပွဲတပွဲ ဒါမှမဟုတ် ကုန်ပစ္စည်းတခုခုကို ကိုယ်စားပြုနေသော လမ်းဘေးဆိုင်းဘုတ်များ ၊ နေထုတ်လှမ်းထားသည့် ထုတ်တန်းပေါ်မှအဝတ်များ ၊ သားငယ်အတွက် ပြန်ပြင်ချုပ်ရန် ယူလာသော အဖေ့ ပိုးပေါက်အတွင်းခံဘောင်းဘီထုပ် တထုပ် ၊ ခေါက်ပြန်ခေါက်သွား ရထားများနှင့် သံလမ်းများ ၊ ခံစားမှုကြောင့် တွန့်သွားသော နှုတ်ခမ်းတစုံ ၊ လရိပ်ကျ ကြွေပန်းအိုးတလုံး ၊ ပြင်ဆင်ပြီးသူ ထားရစ်သည့် ကြည့်မှန်တလက် ၊ လှီးခွာချခဲ့သော ပန်းသီးခွံ့ တထွေး ။ ယင်းမြင်နေကျ ၊ လက်တွေ့လောကတွင်လည်းဖြစ်မြဲပုံရိပ်များဖြင့် ဟိုက္ကူကဗျာ အငွေ့အသက်ဆန်ဆန် ဖော်ကျူးထားခြင်းဖြစ်၏ ။ ယင်းတို့ ကြောင့်ပင် နှောင်းလူတို့ က အိုစုကို ဂျပန်အဆန်ဆုံး ရုပ်ရှင်ဒါရိုက်တာအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည် ။



     အိုစု၏ တင်ပြပုံ အပေါ်မူတည်၍ သည်ရုပ်ရှင်ကို လေ့လာကြည့်ရာမှာ ဒါရိုက်တာ၏ အထူးပြုစရာ အချက် (၂) ချက်ကို အခြေပြုသွားမည်ဖြစ်ပါသည် ။ ယင်းတို့မှာ __

(၁) ရုပ်ရှင်သဘာဝအရ အခန်းတခန်းတွင် အထူးပြုပြောဆိုရာဖြစ်ရပ် (သို့မဟုတ်) ဇာတ်၏ အဓိကအကျဆုံး ဖြစ်ရပ် တို့ကို နောက်တခန်း (သို့မဟုတ်) ဇာတ်၏အထွက်တွင် ပရိတ်သတ်မျှော်လင့်ထားသလို ပြသမှုမရှိဘဲ တမင်ချန်လှပ်ထားခြင်း ။

 (၂) ရုပ်ရှင်ဖန်တီးသူ၏ လှည့်ကစားချက် (Playfulness) အရ ၊ ရုပ်ရှင်ဟူသည် လူလုပ်သည့် ဖန်တီးချက်များသာဖြစ်ကြောင်း အသိပေးလိုသည့် (တနည်း) ရုပ်ရှင်၏ အခြေခံမူ နည်းစနစ်များကို လိုက်နာခြင်းမရှိသော ပုံရိပ်များ ၊ ဇာတ်ကွက်များ ၊ သရုပ်ဆောင်ချက်များ ၊ တည်းဖြတ်မှုများ ကို အလေးပြုစေခြင်း၊ စသည်တို့ဖြစ်ကြ၏ ။

     ပထမအချက်အနေဖြင့်မူ သာမန်ရုပ်ရှင်များတွင် ပြသတတ်သည့်အခြေခံသဘောတရပ်ကို ဦးစွာသိရန်လိုပါသည် ။ ဥပမာ ပထမအခန်းတွင် ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးတို့ ပွဲလမ်းသဘင်သွားဖို့ပြင်ဆင်နေကြသည် ၊ ပြောဆိုနေကြသည်ကို ပြလျှင် ၊ နောက်အခန်း၌ ယင်းပွဲသဘင်ဝယ် တစုံတရာ ပြုမူဖြစ်ပျက်ကြသော မောင်နှံစုံကို ပြသရမည်ဟု ပရိတ်သတ်အနေဖြင့် ပုံသေတွက်ယူနိုင်ပါ၏ ။ ထို့ပြင် တဇာတ်လုံးချီလာသော အဓိကဖြစ်ရပ်သည် ဇာတ်အထွဋ်အခန်းတွင် ဖြစ်ပျက်သည်ကိုပြသပြီးမှ ဇာတ်သိမ်းနိုင်ပေမည် ။ သို့သော် အိုစုသည် ယင်း အခြေအနေများကို ဆန့်ကျင်ကာ တင်ပြခဲ့၏ ။

     ဦးစွာ ဇာတ်လမ်းကျောရိုးကို ကြည့်ရင် သမီးဖြစ်သူ၏မင်္ဂလာပွဲသည် အဓိကအကျဆုံးဖြစ်၏ ၊ သမီးဖြစ်သူ လက်ထပ်မယ့် သတို့သားသည်လည်းအရေးပါသော ဇာတ်ကောင်ဖြစ်၏ ။ သို့သော် Late Spring တွင်မူ မင်္ဂလာပွဲသည်လည်းကောင်း ၊ သတို့သားသည်လည်းကောင်း ပြသသည့်ရုပ်ရှင်မြင်ကွင်းတွင် မပါဝင်ချေ ။ လက်ထပ်ပွဲသည် ပိတ်ကားပေါ်မှပုံရိပ်များ၏ပြင်ပ၌သာဖြစ်ပျက်၏ ။ မင်္ဂလာပွဲသွားရန်ပြင်သည့် အခန်းအပြီး နောက်တခန်းမှာ မင်္ဂလာဆောင်မှ ပြန်လာချိန်ဖြစ်နေသည် ။ ယင်းမှာ အိုစု၏ ထူးခြားချက်ဖြစ်၏ ။ ထို့အပြင်လည်း ဇာတ်သွားတလျှောက်မှာ ယင်းသို့ သာမန်ဇာတ်အသွားကို သွေဖယ်တင်ပြသည် များလည်းရှိသေး၏ ။ တခန်းတွင် သမီးဖြစ်သူနှင့် ဖခင့်မိတ်ဆွေတို့ ဈေးသွားရင်းတွေ့ကြရာ အနီးအနားပြတိုက်က ပွဲကိုအတူသွားမည့်အကြောင်းပြောကြ၏ ။ နောက်အခန်းမှာ ယင်းပြပွဲဆိုင်းပုဒ် သက်သက်ဖြစ်ပြီး ၊ ထို့နောက် ပြတိုက်အနီးရှိ ဆိုင်တွင်ထိုင်နေကြသည့် မိန်းကလေးနှင့် ဖခင့်မိတ်ဆွေကိုတွေ့ကြ၏ ။ ယင်းမှာ ကြည့်ရှုသူ၏ မျှော်လင့်ချက်ကို လှည့်စားခြင်းဖြစ်၏ ။ ယင်းအချက်၏ အဓိကဟု ယူဆနိုင်သည်မှာ ဆိုင်တွင်ထိုင်လျက်စားသောက်ကြသည့် ဇာတ်ကောင်နှစ်ယောက် ရင်းနှီးသွက်လက်ဟန်ပြောဆိုကြဟန်ကို ပို၍ထင်ပေါ်စေရန် ၊ ပြတိုက်အတွင်း ဟိုသည်ကြည့်ရင်း စကားဖောင်နေကြမည့် ယင်းနှစ်ယောက်ကို မတွေ့လိုက်ရပဲ မှန်းကြည့်ရုံသာတတ်နိုင်သဖြင့် ဇာတ်ကိုပို၍ သွက်စေရန်ဟု ပြောနိုင်ပါသည် ။ တနည်းအားဖြင့် ကြည့်သူအနေဖြင့် မှန်းရုံသာတတ်နိုင်သည့်အတွက် ဇာတ်ကောင်များ၏ မူရင်းစိတ်အခြေအနေကို ရှေ့တွင်ထင်လာသည့် ပုံရိပ်များ စကားပြောဟန်များဖြင့်သာ လက်ခံရခြင်းသဘောမျိုးဖြစ်၏ ။

     ယင်းသဘောကို ထင်ရှားစေမယ့် နောက်အရေးပါသည့် အခြားအခန်းတခုကိုလည်း တင်ပြချင်ပါသေး၏ ။ ယင်းမှာ ဇာတ်ကောင်အမျိုးသမီးနှင့် ဖခင်၏လက်ထောက် အမျိုးသားတို့၏ ဆက်ဆံရေးဖြစ်သည် ။ သူတို့သည် ရင်းနှီးဟန်ရှိကြပြီး အတူတကွ ကမ်းခြေတလျှောက် စက်ဘီးစီးကြ၊ စကားထိုင်ပြောကြသည်ကို တွေ့ရ၏ ။ သို့သော် သူတို့ဆက်ဆံရေးတွင် တွယ်ငြိဟန်ကို တစုံတရာမျှ မတွေ့ရ ။ ထို့နောက် တွင် အမျိုးသားသည် အခြားမိန်းကလေးငယ်တယောက်နှင့် စေ့စပ်ထားပြီးဖြစ်သည်ကို သိရပြီး ၊ ဇာတ်ကောင်အမျိုးသမီးကို ဂီတပွဲတပွဲကြည့် ရန်ခေါ်သော်အခါ၊ မိန်းကလေးက "ကျမ ရန်များမှာ ကြောက်ပါရဲ့ရှင်" လို့ ရယ်မောရင်း ငြင်းဆိုသည် ။ ထို့နောက် ဂီတပွဲဆိုင်းဘုတ် နှင့် တယောက်ထဲ ဘေးခုံအလွတ်မှာ လက်ကိုင်အိတ်တင်ပြီး ပွဲကြည့်နေသော အမျိုးသားကိုပြ၏ ။ ယင်းနောက်ဆက်တွဲအခန်းမှာ ညမိုးချုပ်အိမ်အပြန်လမ်းပေါ် တယောက်ထဲ လျှောက်လာသော ဇာတ်ကောင်အမျိုးသမီး ဖြစ်ပြီး ၊ သူ၏ မျက်နှာအမူအယာအရမှာ အချစ်ကြောင့် ခံစားရသော မိန်းမပျိုတစ်ယောက်ဟု မှတ်ယူနိုင်ခြင်းပင်ဖြစ်သည် ။ ထိုသို့ယူဆရန်မှာလည်း တကားလုံးအတွက် ထိုမျက်နှာအမူအရာ တချက်သာဖြစ်၏ ။ အခြား တပ်အပ်စွဲလောက်သည့် အခြေအမြစ်ဟုလည်း မရှိချေ ။ ယင်းမှာ အိုစုရုပ်ရှင်များ၏ အသေးစိတ် အခြေခံအချက်များဖြစ်၏ ။

     နောက်တစ်ချက်မှာ ဇာတ်လမ်းတလျှောက်တွင် အဓိက ဇာတ်ကျောရိုးဟူ၍ မရှိခြင်းဖြစ်သည် ။ သာမန်တစ်ကားလုံးကို ခြုံ၍ ဇာတ်ကျောတစ်ခုအဖြစ်ပြဆိုနိုင်သော်လည်း ၊ အဓိကတည်ဆောက်ထားသည်မှာ အပိုင်းပိုင်းဖြစ်နေသော ဇာတ်ကွက်ငယ်များဖြစ်၏ ။ သမီးဖြစ်သူနှင့် ဖခင်၏ လက်ထောက် ၊ ဖခင်နှင့် ငယ်ရွယ်သော မုဆိုးမ ၊ သမီးဖြစ်သူ၏ သူငယ်ချင်းများ၏ ဘဝနှင့်အိမ်ထောင်ရေး ၊ အဒေါ်နှင့် စကားနားမထောင်တတ်သော အဖမဲ့သားငယ် ၊ သမီးနှင့် ဖခင်၏ နောက်အိမ်ထောင်ပြုထားသောမိတ်ဆွေ ။ ယင်းဇာတ်လမ်းအပိုင်းများကို သေချာစွာကြည့်ပြန်လျှင် ထူးထူးခြားခြား ဖြစ်ရပ်ဟူ၍လည်းမရှိ။ ကြည့်သူများ တွေ့ကြုံ ၊ ကြားနားဖူး၍ မှန်းဆယူနိုင်သော ဖြစ်ရပ်လေးများပင်ဖြစ်၏ ။ အိုစုနှင့် ဇာတ်ညွှန်းရေးဆရာ ကိုခိုနိုဓတို့၏အစွမ်းမှာ ယင်းအပိုင်းငယ်များကို လှပသေသပ်စွာတည်ဆောက် ပေါင်းစည်းပြီး ဇာတ်တခုလုံး၏အနှစ်သာရကို ပါဝင်သည့် ဇာတ်ကွက်များထက် ကျော်လွန်အောင် တင်ပြနိုင်ခြင်းပင်ဖြစ်သည် ။

     ဆက်လက်၍ အိုစု၏ ရိုက်ကူးတည်းဖြတ်မှုများကိုတင်ပြလိုပါသည် ။ ရုပ်ရှင်ရိုက်ကူးရေးစနစ်တွင် ဇာတ်ကောင် နှစ်ယောက် မျက်နှာဆိုင်ပြောဆိုရာ၌ ကြည့်ရှုသူ့ပသာဒ လွယ်ကူချောမွေ့စေရန် လိုက်နာရသည့် ၁၈၀ ဒီဂရီ နည်းစနစ်ဟူ၍ရှိပါသည် ။ ယင်းစနစ်မှာ ဇာတ်ကောင်နှစ်ယောက် တစ်ယောက်တစ်လှည့်ပြောဆိုရာ၌ ညာဘက်လူမျက်နှာအမူအရာကို ပြသစဉ် သူ့၏အကြည့်သည် (အခြားဇာတ်ကောင်ရှိရာ) ဘက်ဘက်ကိုမျက်နှာမူ၍ ပြောဆိုရမည်ဖြစ်ပြီး ၊ ဘယ်ဘက်လူအတွက်ပြသစဉ်မှာလည်း ညာဘက်ကိုမျက်နှာမူ၍ပြောဆိုစေရမည်ဖြစ်ပါသည် ။ ယင်းမှာ ရုပ်ရှင်ကားတိုင်းတွင် တွေ့ရသည့် အခြေခံနည်းစနစ်ဖြစ်ပါ၏ ။
180 Degree Rule Sample
     ယခုတင်ပြသည့် အိုစု၏ "နွေနှောင်းရက်ကျန်" တွင် ယင်းအချက်ကို သွေဖယ်သော ရိုက်ချက်များကို တွေ့ရပါ၏ ။ မြို့သို့သွားသော သားအဖနှစ်ယောက် ဇာတ်ကွက်တွင် ဖခင်သည် ခုံတွင်ထိုင်လျှက် ၊ သမီးသည် နေရာမရသေးသဖြင့် မက်တပ်ရပ်ကာ ရထားစီးကြသည် ။ ယင်းတွင် ဖခင်သည်ထိုင်လျက်က ညာဘက်ကိုမော့ကြည့်ပြီး သမီးဖြစ်သူကိုပြော၏ ။ နောက်ပြန်ရိုက်ချက်တွင်မူ သမီးဖြစ်သူသည် ပြုံးလျက် ဖခင်ကိုပြန်ပြောရာ သူကြည့်သည်မှာလည်း ညာဘက်ပင်ဖြစ်နေ၏ ။ ယင်းကြောင့်လည်း ထိုအခန်းကို သေချာစွာကြည့်လျင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်စကားပြောနေကြသည်နှင့်မတူတော့ ။ ဖခင်သည် သမီး၏ အနောက်တွင်ရှိသလို အထင်မှားနိုင်၏ ။ သို့သော် အိုစုပြလိုသည်မှာ ရုပ်ရှင်ဟူသည် လူဖန်တီးသည့်အရာသာဖြစ်ကြောင်း အထူးပြုလှောင်ပြောင်လိုဟု မှတ်ယူရန်ရှိသည် ။ ဘယ်ဘက်က ဘယ်လိုပဲရိုက်ရိုက် ရထားပေါ်မှာ နေရာမရွှေ့တဲ့ သည်သားအဖစကားပြောတာကို နားမလည်နိုင်ရန်မရှိဟု ပြောလိုသည်လည်းဖြစ်နိုင်ပါ၏ ။


The violation of 180 Degree Rule in 'Late Spring'.



     အိုစုရုပ်ရှင်များတွင် ကင်မရာသည်အနိမ့်တွင်ထားလျက် အပေါ်ကို အမြဲမော့ကြည့်နေသာ ရိုက်ချက်များကိုတွေ့ရ၏ ။ ယင်းမှာအိုစု၏ မူပိုင်ဟန်ဖြစ်ပြီး ၊ နှောင်းပိုင်းဝေဖန်ရေးဆရာတို့က ဂျပန်ရိုးရာ တာတမီဖျာတွင် ခြေတုပ်ထိုင်လျှင်မြင်ရသည့် မော့ကြည့်မြင်ကွင်းကို ကိုယ်စားပြုတင်ပြခြင်းဟု အနက်ဖွင့်ကြသည် ။

     ကျန်သတိပြုရမယ့် အိုစု၏မူပိုင်ဟန်မှာ Pillow Shots ဟုခေါ်သော ဇာတ်မှသွေဖယ်သည့် ရှုခင်းများ ၊ ရိုက်ချက်များဖြစ်၏ ။ ယင်းတို့မှာ အများအားဖြင့် အိမ်တွင်းပရိဘောဂများ နှင့် သစ်ပင်ပန်းမာန်များဖြစ်တတ်ကြသည် ။ ယင်းတို့တွင် ထူးခြားသော ဇာတ်ကြောင်းနှင့် ပတ်သက်သည့် အနက်အဓိပ္ပာယ် ဆက်စပ်မှုဟူ၍ ရှာမရတတ် ။ ဥပမာ ပြဆိုသော် သာမန်မြင်နေကျ ရုပ်ရှင်များတွင် အခန်းတစ်တွင် ဇာတ်ကောင်နှစ်ကောင်စကားပြောဆို၍ ၊ နောက်အခန်းတွင် သစ်ပင်ကြီးအောက်မှ ခုံတန်းလျားကိုပြလျှင် ထိုဇာတ်ကောင်တို့သည် ယင်းခုံတွင် ထိုင်ကို ထိုင်ကြရမည် ဖြစ်သည် ။ အိုစုအတွက်မူ ယင်းခုံသည် ဇာတ်ကောင်များနှင့် ပက်သက်မှုမရှိသော ရှုခင်းရိုက်ကွက်မျှသာဖြစ်ပြီး၊ နောက်အခန်းအပြောင်းတွင် အိမ်ပြန်ရောက်နေသော ဇာတ်ကောင်များကိုတွေ့ရမည်ဖြစ်၏ ။ ထိုအချက်ကြောင့် ယင်းပုံရိပ်များသည် (သစ်ပင်အောက်မှ ခုံတန်းလျားသည်) တည်ရှိခြင်းသက်သက်သာဖြစ်ကြလျက် ၊ ဇာတ်ကိုတဖန် ပြန်ငေးကြည့်နေသည့် သက်မဲ့ဝတ္ထုများအသွင်ဖြစ်နေကြ၏ ။ ယင်းမှာ အိုစု၏ ရုပ်ရှင်တိုင်းလိုလိုတွင် တွေ့ရတတ်သည့် ထူးခြားသော ရိုက်ချက်များဖြစ်ပါသည် ။

Sample Pillow Shots from 'Late Spring'.



      အနှစ်သာရအားဖြင့်မူ အိုစု၏ "နွေနှောင်းရက်ကျန်" ကို သီးသန့်အဓိပ္ပာယ်ဖွင့်ဆိုပြ၍ မရနိုင်ပါ ။ ကြီးမြတ်သော အနုပညာလက်ရာတို့၏ ထုံးစံ ခံစားသူကိုလိုက်၍ အနက်အဓိပ္ပာယ်ကွဲပြားနိုင်ပါသည် ။ ခံစားသူတယောက် အမြင်သက်သက်ဖြင့် ဆိုသော် ဘဝ၏ တောင်းဆိုချက်အတိုင်း ရက်စက်ပြီးလက်တွေ့ကျတဲ့ အမှန်တရားကို မလွဲမရှောင်သာလက်ခံလိုက်ရသော လူသားများအကြောင်းဟု ဆိုချင်ပါသည် ။ ဇာတ်ကောင်များ ၊ ပရိဘောဂများအပါအဝင် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမာန်များအပါအဝင် အားလုံးသော ရှိရှိသမျှတို့သည် အစဉ်ပြောင်းလဲနေသည့် လူသားဘဝကို မသေချာလှသည့် ငေးမောကြည့်များဖြင့် ငေးကြည့်နေကြသယောင် ထင်မြင်မိပါသည် ။ အနှစ် (၆၀) ကျော်ခဲ့ပြီးဖြစ်သော ၊ ကွဲပြားတဲ့ ဒေသနှင့်ယဉ်ကျေးမှုများ ကိုအခြေတည်ထားသော ရုပ်ရှင်တကားသည် ယနေ့ခေတ်တိုင် ကြည့်သူကို နက်နဲသောခံစားမှုများ ပေးနိုင်သေးသည်မှာ အနုပညာ၏ မပျောက်မပျက် တည်မြဲနိုင်ခြင်း သက်သေတစ်ရပ်ဟုဆိုနိုင်ပါသည် ။ ခေတ်များကို ဖြတ်သန်းလျက် ရှင်သန်နေမည့် အနုပညာလက်ရာလည်းဖြစ်ပါ၏ ။

     ကျွန်တော့အတွက်မူ အိုစုသည် အင်မတန်ပင်နားလည်ရန်ခက်ခဲသော ကြီးမြတ်သူတစ်ဦးဖြစ်ပါသည် ။ သူ့ဇာတ်ကားများကိုလေ့လာတိုင်း အရေးပါသည့် အချက်တချက်ကို အမြဲပင် အတွေးရောက်စေသည် ။ အိုစုအတွက် ဒါရိုက်တာတစ်ယောက်အနေဖြင့် ပို၍လုပ်ပိုင်ခွင့်ရလာလေလေ ရုပ်ရှင်၏ (ပရိတ်သတ်ကို ဆွဲဆောင်ရာတွင်အရေးပါလှသော) စွဲမက်ဖွယ် လက္ခဏာရပ်များကို တစ်ခုခြင်းဆီဖြုတ်ချခဲ့ခြင်း ဟူသောအချက်သည် ကျွန်တော့်အတွက် (အပြည့်အစုံ) နားမလည်နိုင်သေးသည့် အိုစု၏ကြီးမြတ်ချက် တစ်ရပ်ပင်ဖြစ်ပါသည် ။ အိုစု၏ သာမန်လူများအပေါ် သိနားလည်မှုနှင့် ထိုးထွင်းခံစားတင်ပြနိုင်မှု ၊ ထိုသူများ၏ ဘဝကိုတင်ပြရာတွင် လေးနက်သော အသေးစိတ် အချက်အလက်များကို ဖြန့်လျက် လှပစွာခင်းကျင်းနိုင်မှုတို့သည် ဒါရိုက်တာတစ်ယောက်အနေဖြင့် အံ့ချီးဖွယ် ၊ အတုယူဖွယ်အရည်အချင်းများဖြစ်ပါသည် ။ ရုပ်ရှင်ဟူသည် မတော်တဆ အကြောင်းတိုက်ဆိုင်၍ ပေါ်လာသည်မဟုတ်ပဲ ၊ အတိအကျပြင်ဆင်၍ သေသပ်လှပအောင် နေရာချထားသော ဇာတ်ကွက်အစုအဝေးသာ ဖြစ်ကြောင်း "နွေနှောင်းရက်ကျန်" တွင်ထင်ရှားစွာတွေ့နိုင်ပါသည် ။ ယင်းသည်ပင် အတတ်ပညာအားဖြင့် အိုစုညွှန်းဆိုချင်သော အဓိကအချက်ဟု ယူဆမိပါသည် ။ ။

 Aung Phyoe
 (ဇန်နဝါရီ ၂၇ ၊ ၂၀၁၃ ။ 6:32AM) 

 စာကိုးစာရင်း(အကျဉ်း)
1. "Ozu" By Donald Richie
2. "Ozu's Anti-Cinema" by Yishida Kiju 
3. "Ozu and the Poetics of Cinema" by David Bordwell

27 January 2013

အဇ္ဈတ္တ ဖဲချပ်များ

[ ခိုင်စိုးလင်းစီစဉ်တဲ့  ရောင်စုံစက္ကူ (color papers) e-book မှာပါပါတယ် .. ။ ]
(၁) 


[by Aidii]
     ငွေ့သိပ်ဖြစ်တည်စ ရေစက်မှုန်လေးတွေ တဖြည်းဖြည်းစုမိပြီး အစိမ်းရောင်သစ်ရွက် မျက်နှာပြင်တလျှောက်ဖြာထွက်နေတဲ့ အရွက်ကြောအမျှင်လေးတွေက တဆင့် ခါးလည်ရွက်တံဆီကို စီးဆင်းလို့သွားတယ်။ တစတစနဲ့ များလာပြန်တော့ သည်အလေးဆကြောင့်သာပဲ သစ်ရွက်ဟာကွေးညွှတ်သွားရပြီး ငွေ့ရည်တစက်အဖြစ် ရွက်တံဖျားကနေ ပြုတ်ကျလာတယ် ။

     သည်ရေစက်လေးသူ့မျက်နှာပေါ်ကျတော့ အိပ်မက်ရင်း တသိမ့်သိမ့်ခုန်နေတဲ့ သူ့နှလုံးဟာ တခဏလောက်ရပ်သွားပုံပဲ ။ ထိတ်လန့်တာလား ၊ အံ့သြသွားတာလား မသိသာပေမယ့် အဲသည်ခဏမှာ သူ့မျက်လုံးတို့ ဖြည်းဖြည်းချင်းပွင့်လာတယ်။ မိန်းကလေးက ကျတော့်ကိုတော့ မှတ်မိပုံပဲ ။ လက်ကမ်းလိုက်ပေမယ့် မမှီသာတော့ဘူး ထင်လိုက်တယ် ။ မနိုင်တာကို စိတ်လျော့လိုက်ပြီး မျက်လုံးကို ကြိုးစားဖွင့်ရမယ်လို့ ကျတော်သိတယ် ။ မမှီလိုက်တော့တဲ့အဖြစ်ကို လက်ခံရုံသာရှိပြီး ၊ နာလိုခံခက်မဖြစ်သင့်ဘူး။ ခဏလောက်ကြာရင် ကျတော်မကြားချင်တဲ့ အသံကိုကြားရတော့မယ် ။ သည်အချိန်ဟာ ခြောက်နာရီခွဲဖို့ ငါးမိနစ်အလိုလည်းဖြစ်မယ် ၊ တစ်စက္ကန့်အလိုလည်းဖြစ်မယ် ၊ မသေချာဘူး ။ ဒါပေမယ့် သိစိတ်အရ ခြောက်နာရီခွဲတော့မယ်ဆိုတာတော့ ပြောနိုင်တယ် ။

     မျက်စိဖွင့်လိုက်နိုင်တော့ တဖက်ကုတင်မှာ လှဲနေတဲ့ ဇနီးကို အိပ်မှုန်စက်ဝါးနဲ့မြင်ရတယ် ။ သည်အချိန်ဆို သူလည်းနိုးနေပြီ ။ ထုံစံအတိုင်း ကျတော် ကုတင်ပေါ်ကဆင်းတော့ သူလည်း ထလိုက်လာတယ် ။ ပြတင်းပေါက် အပြင်မှာ လမ်းမီးတို့ထိန်လင်းဆဲ ၊ ကျတော့်ထက်စောပြီး အလုပ်သွားကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ သည်နေ့ လစာထုတ်ကြမယ့်နေ့ ၊ သူတို့ ခြေလှမ်းတွေတောင် အခြားနေ့တွေနဲ့မတူ နည်းနည်းပိုသွက်နေသလိုပဲ ။ ထင်လို့လည်းဖြစ်နိုင်ပါတယ် ။ ညနေ အပြန်ဝင်နေကျ ဆေးခန်းကိုသွားရမယ် ၊ ပြီး အိမ်ပြန်လာ၊ နောက်ပြီးတော့... ။

 "ရေချိုးပြီးရင် ကြမ်းကိုသေချာကြည့်ပြီး ဆေးခဲ့ပါ ၊ ကလေးလည်း ရှိတယ် သိပ်ညစ်ပတ်တာပဲ .."

     ငေးနေရင်းက အတွေးလက်စပြတ်သွားပြီး ကျတော်အတော်တော်လည်းရှက်သွားတယ် ။ စကားတစ်ခွန်းကို ဇနီးအပါအဝင် လူတိုင်းလိုလိုဟာ သည်လိုပဲ ပေါ့ပေါ့လေးပြောတတ်ကြတယ်လား။ မျက်နှာကိုငုံ့ရင်း အထဲကိုပြန်လှည့်ဝင်လိုက်တယ် ၊ လူတွေ ငါ့ကို ဘယ်လိုမှနားလည်မှာ မဟုတ်ဘူးလို့ ကျတော်တွေးမိတယ် ။ အခန်းထဲမှာ လေအေးစက်နံ့ သဲ့သဲ့နံနေတယ် ။ မျက်နှာသုတ်ရင်း စိတ်ညစ်ညူစေမယ့် အတွေးကိုကြိုးစားပြီးဖြတ်တယ် ။ သည်နေ့အလုပ်က အခြားနေ့တွေကလိုပဲ တအိအိနဲ့ တနေကုန်ရင်ပြီးသွားမှာ ၊ နောက်တော့ လစဉ်ထုံးစံ ဆေးခန်းသွား ၊ ပြီးတော့အိမ်ပြန် ။ သည်ကိစ္စတစ်ခုနဲ့တစ်ခုကြားထဲမှာ တနေရာနဲ့ တနေရာကူးနေရင်း ကုန်တဲ့အချိန်ဟာကိုယ်ပိုင်ပဲ ။ တွေးပါလေ့ ။ မနက်ထရေချိုးချိန်ဟာ တနေ့မှာ ကျတော့်ကိုယ်ကျတော် ပိုင်တဲ့ ဦးဆုံးအချိန်ပဲ ။ သည်အချိန်မှာ ပြန့်နေတဲ့စိတ်ကို လျော့ရမယ် ၊ တင်းနေတဲ့ စိတ်ကိုလွှတ်ရမယ် ၊ လက်ရှိအချိန် လောလောဆယ်မရနိုင်တော့တဲ့ သာယာမှုတစ်ခု ကို ကိုယ်တိုင်ဖန်တီးယူရမယ် ။ ပြီးရင် စော်ကားရွဲ့စောင်းခြင်း ထပ်မခံရအောင် ရေကိုပုံးလိုက်လောင်းလို့ ကြမ်းကိုတချက်ဆေးရမယ် ။ နောက်ဘေးဘက်က နံနက်စာအသင့်ရပြီဆိုသံကို ကြားရတော့ သည်နေ့ အလုပ်သွားရင် ဟို တပတ်ကတည်းက မေ့နေတဲ့ ထီးကို ပြန်ထည့်သွားဖို့ပြင်ရင်းက ဝတ်ထားတဲ့ အကျီ င်္ကိုလှန်ချွတ်လိုက်တယ် ။


 (၂)

     ကျတော့် အလုပ်ကို ဆင်းတဲ့ဘူတာကနေ လမ်းလျှောက်သွားရင် နာရီဝက်ကျော်ကျော်လောက် ကြာတယ်။ ဘစ်ကားနဲ့ဆိုရင်တော့ ကားစောင့်တာ ဘာညာနဲ့ဆို ဆယ်မိနစ်ကျော်ကျော်လောက်ပဲ ကြာမယ် ။ ဒါနဲ့ပဲ လှုပ်ရှားမှုလည်းရ ၊ ဟိုဟိုသည်သည်တွေးချိန်လည်းရအောင်ဆိုပြီး အမြဲလိုလိုလမ်းလျှောက်ဖြစ်တယ်၊ သည်လို အချိန်ရအောင်လည်း အိမ်ကနေ စောစောထွက်တယ် ။ ရုံးမှာ ပရောဂျက် ရက်ချိန်းနီးလို့ စောစောနဲ့ လောလော လာရမယ်ဆိုတာမျိုးဆိုတော့ ဘစ်ကားစီးပေါ့ ။ ကိုယ့်အကျင့်နဲ့ကိုယ်ဆိုတော့ လုပ်ချင်ရာ၊ စိတ်ထင်ရာလုပ်တာပါပဲ ။ တခါတခါ ကိုယ်မသွားချင်တဲ့ဆီကို ကိုယ့်ခြေနဲ့ကိုယ်အမြန်သွားရတဲ့ ဆန့်ကျင်ဘက် စိတ်ခံစားမှုမျိုးကို ကျတော်ကြိုက်တယ်။

     နောက်တချက် လမ်းလျှောက်သွားရတာကို ဘာလို့ကြိုက်တုန်းလို့ သေချာစဉ်းစားရရင် ကျတော်တွေးနေရတာကို သဘောကျလို့ပဲ ။ နောက် တယောက်ထဲ လျှောက်ပြန်တာဆိုတော့ ကိုယ့်အတွေးတွေ အမေးတွေကို ကိုယ်တိုင်တိုးတိုးလေးပဲ ဖြစ်ဖြစ်ဗျာ အသံထွက်ပြီး ရေရွတ်ချေပခွင့်ရှိတယ် ။ အဲသည် ဖီလင်ကိုလည်း သိပ်ကြိုက်တယ် ။

     ကျွန်တော်တို့ ရုံးလမ်းက တဖက်ပိတ်ကြီး ။ တိုက်တွေဆိုတာကလည်း အလုပ်ရုံတွေချည်းပဲဆိုတော့ ညိုညစ်ညစ်အရောင်သုတ်ထားတာများတယ် ။ လမ်းအချိုး တဖက်မှာတော့ လူနေတိုက်ခန်းအိမ်တွေရှိတယ် ။ တိုက်ကြိုတိုက်ကြားက ဖြတ်ပြီး ရေမြောင်းဘောက်တစ်လျှောက် လူစိုက်တဲ့ သစ်ပင်တန်းအတိုင်း တော်တော်လေးလျှောက်ရင် ရုံးဂိတ်ဝ ကဒ်ဖြတ်တဲ့ နေရာကိုရောက်တယ် ။ အဲသည်လူနေ တိုက်တွေကြားအောက်မှာပဲ စားသောက်ဆိုင် သေးသေးလေးတွေရှိတယ် ။ တခါတခါ အခန့်သင့်လို့ သိပ်စောနေရင် ကော်ဖီတစ်ခွက်လောက်ဝင်သောက်ပြီး ရေမြောင်းတလျှောက်ငေးနိုင်သေးတယ်။ နောက်သည်ကိုဖြတ်မလာချင်လို့ ဘစ်ကားသွားတဲ့ လမ်းအတိုင်းဆိုရင်တော့ တမျှော်ကြီးပတ်ပြီး လျှောက်ရတယ် ။ သည်တော့ တော်ရုံတန်ရုံ ဖြတ်လမ်းကသွားတာပဲ များပါတယ် ။ ဒါပေမယ့် ဘယ်တော့မှတော့ သည်လမ်းအတိုင်း ညနေဆိုလမ်းလျှောက်မပြန်ဖူးဘူး ။ ဒါတော့လည်း သည်လမ်းဟာ နံနက်ပိုင်း ရုံးတတ်ဖို့သွားတယ်ဆိုတာနဲ့ပဲ သက်သက်ဆိုင်တယ်လို့ပဲ ကိုယ့်ဖာသာ အမှတ်ထားမိတယ် ။

     သည်နေ့နံနက်တော့ မိုးမရွာဘူး ။ နည်းနည်းလည်းစောနေတော့ ခပ်ဖြည်းဖြည်းနဲ့ပဲလျှောက်တယ် ၊ လမ်းတလျှောက် တွေ့ရတတ်တဲ့ ဘစ်ကားမှတ်တိုင်တွေထဲက တခုမှာမှာ နံနက်တိုင်းစောင့်နေကျ အဒေါ်ကြီးကိုတွေ့တယ် ။ ကျတော် စိုက်ကြည့်နေသလို ဖြစ်နေတော့ သူလည်း သတိထားမိပြီး မှတ်မိပုံပါပဲ ၊ ပြုံးပြမယ်လို့ တွေးပေမယ့် မျက်နှာကမလှုပ်မိဘူး ၊ သည်တော့ သူလည်းအကြည့်လွှဲရင်း မျက်လွှာပြန်ချတယ် ။ အဲသည်အဒေါ်ကြီးကို ကျတော်အလုပ်ဝင်စ နေ့ကတည်းက သည်မှတ်တိုင်မှာ နံနက်ဆို ကားစောင့်စောင့်နေတာတွေ့ ရတယ် ။ ထမင်းထုတ်ပဲလား ၊ ရေဘူးရောပါလား၊ တိုလီမိုလီတွေပဲလား ၊ သေချာမသိပေမယ့် စုထုတ်ထားတဲ့ အိတ်တစ်လုံး အမြဲတမ်း သူ့မှာပါတယ် ။ သူ အခုသွားရမယ့် အလုပ်ကိုလုပ်တာ ဘယ်လောက်ကြာပြီလည်းလို့ စပ်စပ်စုစု တွေ့တိုင်းတွေးမိတယ် ၊ တလ ဝင်ငွေဘယ်လောက်ရမလဲ ၊ သူ့ကိုမှီခိုသူတွေရောရှိလား ၊ သူကိုယ်ကိုယ်အတွက် ပဲ အလုပ်လုပ်နေရတာလား ၊ သည်ဝင်ငွေဟာ သူ့အတွက် ၊ သူ့မိသားစုအတွက် ဘယ်လောက်အရေးပါမလဲ ။ သူပျော်ပါရဲ့လား ခင်ဗျား ၊ ကျေနပ်ပါရဲ့လား ။ ညနေ ဆရာဝန်ကို အဲသည်အကြောင်းပြောပြဖို့ စိတ်ထဲမှာမှတ်ထားတယ် ။    

    လျှောက်လာတဲ့လမ်းတလျှောက် လူစိုက်တဲ့ ယှဉ်လျက်သစ်ပင်နှစ်တန်းကြားရောက်ရင် တခဏတော့ အထက်ဘက် ကောင်းကင်ကို အမြဲမော့ကြည့်မိတယ် ။ သစ်ရွက်အုပ်အုပ်တွေ စိမ်းစိမ်းစိုနေပြီကော ၊ ညဥ့်သိပ်စ နေမထွက်မှီ နံနက်စောစောဆို ငွေ့ရည်တို့ဖြင့် စိုစွတ်နေခဲ့မယ်ထင်တယ် ။ အိပ်မက်ထဲကလိုပေါ့ ။ ဒါပေမယ့် ကျတော်အလုပ်လာတဲ့ အချိန်ဆိုရင်တော့ သစ်ရည်တို့ သွေ့သွေ့ခြောက်လို့ အစိမ်းရောင်သက်သက်သာဆောင်ရင်း နေအထိုးမှာ အကွက်ပြောက်ပြောက်သာမြေပေါ်ကျအောင် အရိပ်ထိုးလို့နေကြတယ် ။ အရှေ့ဘက်ကိုတည့်တည့်လျှောက်ရတာဆိုတော့ နေခြည်တွေသစ်ရွက်ကြို သစ်ရွက်ကြား ၊ သစ်ကိုင်းကြို သစ်ကိုင်းကြားဖြာကျနေတာ ငေးစရာပေပဲ ။ နေတည့်တည့်ထိုးတာဆိုတော့ အလှကို ကြာကြာတော့မမော့နိုင်ဘူးပေါ့ ။

    ဟိုးလွန်ခဲ့တဲ့ နံနက်ခင်းတခုမှာ သည်လမ်းကို ပထမဆုံးလျှောက်ရတော့ အတော်လေး ကြိုးစားပြီး ပေါ့ပေါ့လေး ဥယျောက္ခာထားနိုင်ခဲ့တယ် ။ သည်လောက်ကြာကြာလည်း လျှောက်ရမယ်လို့မထင်ခဲ့ဘူး ။ အလွန်ဆုံး တနှစ်၊ နှစ်နှစ်ပေါ့ ။ သည်တော့ ပေါ့ပါးပြီး ၊ ပျော်ရွှင်စရာ အနာဂတ်ဆိုတာဟာလည်း လှမ်းလိုက်ရင် လက်တကမ်းပဲလို့ ထင်ရတယ် ။ ဇနီးသည်နဲ့ သားသမီးများ ၊ ပျော်ရွှင်စွာ အပူကင်းကင်းနေနိုင်တဲ့ ဘဝတခု ၊ အဆင့်ရှိပြီး အာမခံချက်ကောင်းမယ့် အလုပ်အကိုင်တခု ။ ဒါပေမယ့် ဘာမသိ ညာမသိ စာတွေသင်ပြီးလို့ လက်တွေ့အလုပ်ဝင်တာ ကြာလာတော့ ၊ ဘဝမှာ ပိုက်ဆံရှာဖို့ဆိုတာထက် ပိုတိကျတဲ့ ခံယူချက်တခု အစားထိုးဖို့ လိုတယ်ဆိုတာ ကျတော့်အတွေ့အကြုံတွေအရသိခဲ့တယ် ။ ခက်ပြန်တာတချက်က အချိန်ဆိုတာ စိတ်ထင်ထက်ပို၍ အကုန်မြန်လွယ်တာပဲ ။ ဒါ့အပြင် ပိုက်ဆံရှာဖို့ ဆိုပြီး လက်တွေ့ အလုပ်လုပ်ကိုင်ရခြင်းဟာ၊ တကိုယ်ထည်း ကျေနပ်စဖွယ် စိတ်ကူးအိပ်မက်မက်ရခြင်းထက် ပိုလို့ အားအင်ကြီးပြန်တယ်။ တခါကရှိဖူးတဲ့ စိတ်ကူး အိပ်မက်ပျောက်ပျက်သွားတာကိုတောင် မသိလိုက်မိတာပဲမို့ ၊ ပြန်တွေးကြည့်ရင်ရှက်စရာလို့ မမြင်နိုင်တော့လောက်အောင် လူကို ထုံထိုင်းသွားစေနိုင်သေးတယ် မဟုတ်လား ။ ဒါဟာလည်း ခေါင်းတချက်အငြိမ့် ၊ သက်ပြင်းတချက်အရှိုက်မှာတင် လွင့်ပျောက်သွားစေနိုင်တာမျိုး ။

    အရှေ့ကလမ်းခွဲမှာ ဘယ်ဘက်ကို ချိုးကွေ့လိုက်ရင် ရုံးဝင်ပေါက်ကို ရောက်တော့မယ် ။ သည်လိုဆိုတော့လည်း ငါအတွေးနက်ဖို့ အချိန်မရှိပါ့လား ။ ညနေကျတွေ့ရင် အခြေအနေ တိုးတက်လာပြီဆိုတဲ့ စကားများကြားရလိမ့်မလားလို့ ကျတော်တွေးတယ် ။ ရှေ့ ငါးလှမ်းလောက်လှမ်းရင် ဂိတ်ပေါက်ကိုရောက်ပြီ ။ မိတ်တစ်ယောက်ကိုတွေ့တော့ မျက်နှာက သိစိတ်မလိုပဲ ပြုံးရယ်လို့တုန့်ပြန်တယ် ။ လာခဲ့တဲ့လမ်း နောက်ဘက်ကို တချက်ပြန်ကြည့်မိရင်း ညနေမိုးများရွာမလားလို့ တွေးမိတယ် ။ ကျတော် သည်နေ့လည်း ထီးယူခဲ့ဖို့ မေ့လာပြန်တယ် ။


 (၃)

      ဟုတ်ကဲ့ ၊ ကျတော်မိုးနည်းနည်းမိလာတယ် ။ မနက်ကထီးယူလာဖို့ မေ့သွားကတည်းက သည်ညနေမိုးရွာလိမ့်မယ်ဆိုတာ ကျတော်တွေးမိသား ။ သိပ်ကသီလှတာတော့ မဟုတ်ပါဘူး ။ နည်းနည်း နောက်ကျသွားတာကိုတော့ ခွင့်လွှတ်ပါ ။

      ကျတော်ကိုယ့်ကိုယ်ကိုယ် ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးမှ သည်တခါ ဆရာ့ဆီက ရက်ချိန်းယူခဲ့တာပါ ။ ဟုတ်ကဲ့ ... ကျတော်တို့ မတွေ့ကြတာကြာပြီ ၊ ကျတော့်စိတ်အခြေ အနေပိုလို့တော့ ဆိုးမလာပါဘူး ၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ တယောက်ယောက်ကို ပြောခွင့်ရဖို့ အတွက်ရယ် ၊ အရင့်အရင်အခေါက်တွေက မပြောဖြစ်တာတွေလည်းပြောရအောင်လို့ပါ ။ ဟင့်အင်း... မထူးသေးဘူး ဆရာ ၊ ကျတော်တို့အခြေအနေ အရင်လိုပါပဲ။

     ကျတော် လောလောဆယ် စက်စုပ်ပြီး ရှောင်ပုန်းချင်ဆုံးအရာဆိုရင်တော့ လက်တွေ့ဘဝပါပဲ ၊ ကျတော် အခုလို ပိုက်ဆံမရှာချင်ဘူး ၊ ငွေရဖို့ဆိုပြီး တရက်ပြီးတရက်အလုပ်မသွားချင်ဘူး ၊ နောက် ကိုယ်အပါအဝင် ဇနီးနဲ့ကလေး အတွက် အလုပ်လုပ်ပေးနေရတဲ့ လက်ရှိဘဝကို ချန်ထားရစ်ခဲ့ချင်တယ် ။ သိပ်မတရားတာပဲလို့ ထင်တယ် ။ နောက် ဘယ်လောက်ကြာကြာသည်အတိုင်းနေရမယ်လို့လည်း သေချာမသိဘူး ၊ ၁၀ နှစ်လား ၊ အနှစ် ၂၀ လား၊ မသေမချင်းပဲလား ။ နောက်ဆက်လာမယ့်ရက်တွေကို ဖြတ်ကျော်ဖို့ လောလောဆယ်ကျတော့်မှာ အားမရှိဘူး ။ နောက် မတရားဘူး ဆိုတဲ့ အရာမှာ ကံဆိုတာလည်းပါတယ် ။ ကျတော် မိရိုးဖလာ ယုံကြည်ထားတဲ့ ဘာသာအရ အရာရာကို ကံ ကချယ်လှယ်တယ်လို့ ငယ်ငယ်တုန်းကတည်းက ရိုက်သွင်းခံရဖူးတယ် ။ သည်တော့ကာ ဘာကိုမျက်စိမှိုတ်ယုံပြီး ဆက်လက်ရပ်တည်ရမယ် ဆိုတာ စဉ်းစားလို့ မရခဲ့ဘူး ။ ကျတော်ဥပမာ တစ်ခုပေးမယ် ။ ကျတော့်ရုံးမှာ တလတခါ အင်းဆက်ပိုးမွှားစစ်ဆေးပြီး တိုက်ဖျက်ရေးလုပ်တယ် ။ ခြအိမ် ၊ နကျယ်အိမ်တွေရှိနေရင် ဆေးဖြန်းပြီးဖြိုပစ်ကြတယ် ။ ပုရွတ်သိုက်ကိုလည်း ဆေးလောင်းပြီးဖျက်ဆီးကြတယ် ။ သူတို့တတွေ ပင်ပန်းတကြီးဆောက်ထားတဲ့ နားခိုရာကို ဖြိုဖျက်မပစ်ဖို့ ဘယ်လိုလူသားစာနာမှုနဲ့မှ တားမြစ်လို့မရဘူး ။ ဘယ်သူတွေမှလည်း အရေးလုပ်တွေးမနေကြဘူး ။ မဖြိုရင် သိမ်းတဲ့ စာရွက်စာတမ်းတွေ ပျက်စီးကုန်မှာကိုး ။ တခါ လူတွေစားပြီးကျန်ရစ်တဲ့ ထမင်းလုံးတွေကို ရွရွထိုးပြီး အားကျိုးမာန်တတ် သူတို့အသိုက်ဆီ သယ်နေကြတဲ့ ပုရွက်ကောင်တွေကို ဆေးဖြန်းပြီး သတ်ပစ်ပြစ်ဖို့ဆို ဘယ်လူသားကမှ တစက္ကန့်တောင် တွေဝေနေမယ် မထင်ဘူး ။ ကျတော်တို့ နေ့စဉ်ဘဝတွေကရော သည်အဖြစ်ထက် ဘာများထူးသေးလို့တုန်း ဆရာ ။ ဘယ်အချိန် ဆေးဖြန်းခံထိမလဲဆိုတာ မသိနိုင်လို့ တက်တက်ကြွကြွ သယ်နေကြ ၊ ဆောက်နေကြတာပဲ မဟုတ်လား ။ ကျတော်သည်တော့ ......။

      ခင်ဗျာ .. ၊ ဟုတ်ကဲ့ ပိုက်ဆံ အကြောင်း ကိုပြောရမယ် ။ ပိုက်ဆံရဲ့ အရေးပါမှုကို ဘယ်တုန်းကစ သိတာလည်း ဟုတ်လား ။ ငယ်ငယ်တုန်းကတော့ မသိနားမလည်ခြင်းရဲ့ ကျေးဇူးတော်ကြောင့် ပိုက်ဆံဆိုတာကို တခါမှ ခေါင်းထဲထည့်ပြီး မစဉ်းစားဖူးဘူး ။ ဒါပေမယ့် အဖေလုပ်သူတယောက်ထဲ ပိုက်ဆံရှာရတာကို မြင်တာရယ် ၊ အမေလုပ်သူက ပိုက်ဆံစကား သိပ်ပြောတာရယ် ၊ ဘွားအေက ပိုက်ဆံနဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံတတ်တာရယ်၊ ဒါတွေကြောင့်တော့ ငွေဆိုတာကြီးဟာ အရေးပါတယ်လို့ သိခဲ့တယ် ။ အဖေက ပြောတယ် ငယ်ငယ်က ကျတော်နဲ့သူကြား သွေးအေးခဲ့ရတာ ငွေကြောင့်တဲ့ ၊ သူအပြင်မှာငွေရှာပြီး မိသားစုနဲ့အတူ မနေနိုင်တာကြောင့် ကျတော်သူ့ကို စိမ်းနေတာတဲ့ ။ နောက်လည်း ပြောပြန်တယ် သည်ရှာသမျှ ပိုက်ဆံဟာ ကျတော့်အနာဂတ်အတွက်ပဲတဲ့ ။ သူ့ကို အားနာလို့ ဘာမှပြန်မပြောပဲ နေခဲ့ပါတယ် ။ အမှန်တော့ သူလုပ်ခဲ့သမျှဟာ ကျတော့်ကို သူ့လို မိသားစုအတွက် ငွေရှာ စက်ကြီးတစ်စက်ဖြစ်အောင် လုပ်ပေးနိုင်တာ အစွမ်းကုန်ပဲလို့ သူမသိဘူး ။ အဘွားကတော့ သားမက်လုပ်သူ့အပေါ် လုံးဝ ငွေကြေးအရ မှီခိုရသူဖြစ်လို့ ခမည်းခမက်တွေ ကွယ်ရာမှာ ပိုက်ဆံကိစ္စနဲ့ ပြောတာခံရရင် အင်မတန်နာရှာတယ်မှတ်တာပဲ ။ သူ့စိတ်အနာကို အဲသည်တုန်းကတော့ ဘယ်သူမှ အရေးတယူ အသိအမှတ်မပြုခဲ့ကြပေမယ့် ၊ ခုသည်အချိန်မှာတော့ အနည်းဆုံး သူ့တဦးတည်းသောမြေး ကျတော်က ကိုယ်ချင်းစာနိုင်ခဲ့ပြီထင်တယ် ။ ဟုတ်ကဲ့ ... သည်အကြောင်းကို အမေတို့လည်းသိပါတယ် ၊ သူတို့ကတော့ ပေါ့ပေါ့ပဲ ၊ အဘွားဟာ ပညာမတတ်ခဲ့လို့ သည်လို တဖက်သတ်စိတ်အနာကို မဖြေနိုင်တာတဲ့ ။ သည်တော့ ကျတော် ဆက်ပြီးမပြောပါဘူး ။ ကျတော့်အတွက်ကတော့ လူတယောက် သင်ခွင့်ရှိလို့ သင်ရတဲ့ပညာဆိုတာ ကြီးပြင်းလာတဲ့တနေ့ သူ့ကိုအတင်းအကြပ် အလုပ်လုပ်ခိုင်းစေရာမှာ ခံနိုင်ရည်ရှိအောင် ၊ ထုံသွားအောင် ထိုးတဲ့ ဆေးတမျိုးလိုပါပဲ ။ ခက်တာက အဲသည် ပညာဆိုတာကိုလည်း ပိုက်ဆံနဲ့ဝယ်မှ ရတယ် ၊ ရပြီးပြန်လည်း သည်ပညာနဲ့ပဲရင်းပြီး ပိုက်ဆံရှာရပြန်တယ် ။ ဘီးလုံးတွေ တလိမ့်လိမ့် လှိုမ့်သလိုပဲ ။ အစတော့ တထစ်ခြင်း... ပြီးပြန်တော့လည်း တရစ်ပြီးတရစ် ။

     ကျတော့်အသက် ၁၅ နှစ်မှာ အိမ်ကထွက်ခဲ့ရတော့မှ ပိုက်ဆံကိုလက်က ကိုင်ပြီး သုံးဖူးတာ ။ စစချင်းတော့ အကိုင် မတတ်လှဘူး ၊ လကုန်ခါနီးရင် လက်ထဲငွေပြတ်တာတို့ ၊ ကျောင်းလခ ထဲကယူသုံးမိတာတို့ ဖြစ်တတ်တယ် ။ အခါတိုင်းလည်း မိတ်ဆွေတွေဆီက ငွေလှည့်တာတို့ ၊ အိမ်ကို တခုခုလိမ်ပြောပြီး တောင်းတာတို့နဲ့ ဖြေရှင်းဖူးတယ် ။ တခါမှာတော့ အဲလို ပိုက်ဆံကိစ္စနဲ့ ပတ်သက်ပြီးထူးထူးခြားခြား ဖြစ်ခဲ့ဖူးတယ် ။

     ဆရာ.. ကျတော့်အရင်တခါကပြောခဲ့သလို အခုလာတွေ့ရတဲ့ ကိစ္စမှာ ကျတော့်အိမ်ထောင်ရေး သုခနဲ့ပတ်သက်တဲ့ ကိစ္စလည်း ပါပါတယ် ။ ကျတော် ငယ်ငယ်က လူပျိုဖော်ဝင်တာ စောတယ်လို့ထင်တယ် ဆရာ ၊ နောက် လောကဘာဝ ကိစ္စကိုလည်း ခပ်ငယ်ငယ်ကပဲသိခဲ့ ရတယ် ။ ဒါတွေကြောင့်လည်း ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဟာ ထိတ်လန့်တကြီးဖြစ်စရာ မဟုတ်ခဲ့ဘူး ။ ကျတော် အဲသည်အမျိုးသမီးကို ရုပ်ရှင်ရုံထဲမှာ စတွေ့ခဲ့တာ ။

     အဲသည်တုန်းက ကျတော်ရုပ်ရှင်ရုံတကာလှည့် ၊ ဒါမှမဟုတ်ရင် စာကြည့်တိုက်မှထိုင်ပြီး နေ့ခင်းအိပ်မက်မက် မက်ကောင်းတုန်းပေါ့ ။ အဲသည်တုန်းက ဘယ်လိုစိတ်နဲ့ ဒါတွေလုပ်ခဲ့လည်း ပြန်စဉ်းစားရင် ကိုယ်တိုင်တောင် မဟုတ်တော့သလိုပဲ ။ သည်နေ့က ကြည့်တဲ့ ရုပ်ရှင်ရုံမှာလူမရှိဘူး ၊ ကျတော်ရယ် ဘေးခုံအကျော် မှာထိုင်နေတဲ့ အမျိုးသမီးရယ် နှစ်ယောက်ထည်း ။ သူ့ အဝတ်အစားကို ကြည့်ရုံနဲ့ ပိုက်ဆံရှိတဲ့သူဆိုတာ သိသာတယ်။ ဇာတ်လမ်းကနှေးပြီး အင်မတန်ရှည်လျားတယ် ထင်ရတယ် ။ အမျိုးသမီးက ကျတော်နားမလည်တဲ့ စကားပြောတွေကို ဘာသာပြန်ပြတယ် ။ မီးထိုးတဲ့ အလင်းမှာမြင်ရတဲ့ တစ်ဖျက်ဖျက်လက်နေတဲ့ သူ့မျက်လုံးတွေဟာ သိပ်လှတယ်လို့ ထင်မိတယ် ။ ဘာကြောင့်လဲမသိ အဲသည်မျက်လုံးတွေ တင်းတင်းမှိုတ် ပိတ်သွားအောင် ကျတော့် အစွမ်းနဲ့ လုပ်ကြည့်လိုက်ချင်တယ် ။ မျက်ခွံမို့မို့ပြန်ပွင့်လာတဲ့ အခါ ကျေနပ်ရိပ် သက်သက်ပဲ ကျန်ရှိစေချင်တယ် ။ ခုလို တစ်ဖျက်ဖျက်လက် မနေစေ့ချင်ဘူး ။

     ကျတော့်ထက် ၆ နှစ်ကြီးတယ်လို့ သူပြောလို့ပဲ ကျတော်သိရပါတယ် ။ ရုပ်ရှင်ပြီးတော့ ကျတော်တို့ သည်လိုပဲ စပ်မိစပ်ရာ စကားပြောရင်းနဲ့ ပိုရင်းနီးသွားကြတယ် ။ နောက်တခါ စိတ်ကြိုက်တွေ့မယ့် ရုပ်ရှင်ကို ကြည့်ဖို့ချိန်းကြတယ် ။ သပ်သပ်တွေ့ပြန်တော့ ဖတ်တဲ့ စာအုပ်တွေ ၊ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေအကြောင်းပြောကြတယ် ။ သူနဲ့ ဆက်ဆံရေးမှာ အဓိကကတော့ ဘယ်ကိုမဆို အစမ်းလုပ်ကြည့်ဖို့ ဝန်မလေးခဲ့တာပဲ ။ တဲ့တဲ့ အရှိန်ပြင်းပြင်း ပြေးလာတဲ့ အရာနှစ်ခုဟာ တချိန်ချိန် တိုက်ကိုတိုက်မိကြမှာပဲ ။ သည်မှာ ကျတော်တို့ထိတွေ့မိကြတယ် ။ ကျတော်ရဲ့ ရွံ့တဲ့ စိတ်ကို ကျတော်ကိုယ်တိုင်တောင် မသိစေပဲ သူရှေ့ကလမ်းပြတတ်လေတော့ နက်တဲ့တောထဲကို ပိုနက်အောင် ဝင်တိုးဖို့ မကြောက်တော့ဘူးပေါ့ ။ ယောက်ျားတစ်ယောက်ရဲ့ မာနကို ပြည့်ဝစေတယ်ဆိုမလား ။ တောင်တက်ရာမှာ တခေါက်ထက်တခေါက် ပိုလို့မြင့်တဲ့ တောင်ထွက်တွေဆီ တထစ်ချင်း ကြိုးစားပြီး တက်ကြည့်ဖို့ စိတ်သန်လာတဲ့ တောင်တက်သမားတစ်ယောက်ရဲ့ မာန်မျိုးလို့ ဆိုလို့ရမယ်ထင်ပါတယ် ။

    သည်ကိစ္စတရပ်လုံးမှာ အမှတ်မိဆုံးကတော့ ကျတော်တို့တွေ့တတ်ကြတဲ့ အခန်းရဲ့ ပြတင်းပေါက်ဘေးကပ်ရပ်မှာရှိတဲ့ ရထားသံလမ်းပဲ ။ အဲသည်မှာ မကြာမကြာ ဖြတ်သွားတတ်တဲ့ ရထားသံဟာ နှေးကွေးတဲ့ လှုပ်ရှားမှုတွေကို မြန်စေတတ်သလို ၊ တရှိန်ထိုး ကမူးရှူးတိုး လုပ်ရှားမှုတွေကိုလည်း စည်းချက်အလိုက် သံစဉ်ညှိပေးတတ်တယ် ။ ဒါက မမေ့နိုင်စရာပဲ ။ သည်လိုတွေ့ကြပေမယ့်လည်း ကိုယ့်အကြောင်း သူ့အကြောင်းကို ဘယ်တုန်းကမှ မမေးကြဘူး ၊ ရင်ဖွင့်ပြောကြတယ် ဆိုတာလည်းမရှိကြဘူး ။ တွေ့စက ပြောတဲ့ စာအုပ်တွေ ရုပ်ရှင်တွေအကြောင်းဟာလည်း ကြာလာတော့ လက်တွေ့ဆန်လာတဲ့ ဘဝမှာ ညည်းငွေ့လွယ်တာမို့ နောက်ပိုင်းတွေ့ချိန်တွေမှာ စကားရယ်လို့တောင်မပြော ဖြစ်ကြတော့ဘူး ။ သူချိန်းရင် အခန်းကို ကျတော်သွားရုံပဲ ၊ ရောက်ရင် အမြဲတမ်း အသင့်ဝယ်ထားတဲ့ ကော်ဖီ ၂ခွက်နဲ့ စောင့်နေတတ်တဲ့ သူ့ကိုတွေ့ရစမြဲ ၊ ဟုတ်ကဲ့... သည်လိုနဲ့ ၄ ၊ ၅ ၊ ၆ လလောက်တော့ ရှိသွားတယ် ။ အဲသည်တစ်နေ့မှာ ကိစ္စတရပ်ဖြစ်တယ် ။ ကျတော်ပြောချင်တာ အဲဒါပဲ ။ ဒါကလည်း စောစောက ပြောလက်စနဲ့ဆက်စပ်နေတယ်လေ... ။


    * 

     အဲသည်နေ့လည် ထုံးစံအတိုင်း ရထားဖြတ်သွားသံကြောင့် ကျတော်နိုးတော့ သူ စားပွဲမှာထိုင်နေတာ တွေ့တယ် ။ ကော်ဖီခွက် နှစ်ခွက်ကို ခုံပေါ်မှာ တင်ထားတယ် ။ တချက်လှည့်ကြည့်ပြီး ကျတော့် ဆီကိုပြုံးပြတယ်။ ဘေးခုံလေးပေါ်က လက်ကိုင်ဖုန်းကိုလှမ်းလိုက်ပြီး အရင်အခါတွေက အတိုင်း ဂီတသံ တိုးတိုးလေးကြားဖွင့်လိုက်တယ် ။ မလာခင် စိတ်ကူးထားတဲ့ ကျတော် ပြောစရာစကားကို ဘယ်လိုစရမလဲတွေးရင်း ခေါင်းအုံးပေါ်ပြန်လှဲချလိုက်တယ် ။

    ကျတော်သူ့ဘေးမှာသွားထိုင်တော့ သူကကိုယ်ကိုကျော်ပြီး အပြင်ဘက်ရထားလမ်းကို ငေးကြည့်နေတယ် ။ ကျတော်တို့ တွေ့ကြတိုင်းသည်အခန်းလေး မှာပဲ ။ သူတကာတည်းတဲ့ ဟိုတယ်က အခန်းတခန်းကိုပဲ အမြဲတမ်းရအောင် သူဘယ်လိုလုပ်ထားလည်းလို့ ကျတော်သိချင်နေတယ် ။ တကယ်ဆို မေးကြည့်မိဖို့ကောင်းတယ် ။ နေ့ခင်းတိုင်းဟာ တနေရာမှာ အတူတူချည်းပဲမို့ ပျင်းဖို့ကောင်းလှတယ် ။ စကားကို အမျှင်မပြတ်ဆိုနေဖို့လည်း မသင့်ဘူးလို့ ကျတော်တို့နှစ်ယောက်စလုံး ထင်ကြတယ် ။

     "ကျတော် ပြောစရာရှိလို့" စကားစတော့ သူတချက်လန့်သွားဟန်နဲ့ ကျတော့်ကိုပြန်ကြည့်တယ် ... ။

     "ပြောလေ..."

     ကျတော်နည်းနည်းမျက်နှာပူတော့ စားပွဲပေါ်ကို စိုက်ကြည့်နေမိတယ် ။ သူ့ကော်ဖီခွက် ဘေးက မုန့်ပန်းကန်မှာ ပုရွက်ဆိတ်တကောင် ။ မုန့်ဖက်ကလေးကို ပန်းကန်ဘေးကျအောင် အားစိုက်ပြီး တွန်းနေတယ် ။ သူ များမြင်ရင် ဖယ်ပစ်လိုက်မှာပဲ ။ ကိုယ့်ကို အပန်းတကြီးမထိခိုက်တဲ့ သူတပါးကြိုးပမ်းချက်ကို မဖျက်ဆီးသင့်ပါဘူး ။ သည်တော့ ကျတော်ငေးနေတဲ့ဖက် သူ့အကြည့်မလိုက်အောင် အလောတကြီးစကားပြန်စရတယ် ... ။

     "ကျတော် အကူအညီတစ်ခုတောင်းချင်လို့ပါ ..."

     "ဘာလည်း မင်းမှာ ရွယ်တူ ချောချော ကောင်မလေးရှိနေပြီ ဆိုတာ ပြောချင်တာလား"

      "မဟုတ်ပါဘူး .. ဟို ကျတော် ပိုက်ဆံနည်းနည်းလောက် အသုံးလိုလို့ပါ ...."

     သူကျတော့်ကို တည့်တည့်ပြောနေရာက ချက်ချင်း အကြည့်ကို အောက်ချလိုက်တယ် ။ ကျတော်ဘာများ မှားသွားလည်းလို့ တွေးမိပြီး သေချာရှင်းပြရင်ကောင်းမလားလို့ ထင်မိတယ် ။


     "ဟုတ်ကဲ့ ကျတော့်အိမ်က ကြိုပေးထားတဲ့ ကျောင်းလခကို သုံးလိုက်မိလို့ပါ ... ၊ ကျတော်ကို အကုန်ပေးဖို့ ပြောပါဘူး ၊ ချေးတဲ့ သဘောပါ ၊ နောက် သည်အတွက်လည်း အပန်းမကြီးဘူးထင်လို့ ..."

     သံလမ်းပေါ် ရထားဖြတ်သွားပြန်တယ် ။ ရထားသံတိတ်တော့မှ သူ့မျက်နှာပြန်မော့လာတယ် ။ သူမျက်ရည်တွေ ဝိုင်းနေသလိုပဲ ။ ဘာကြောင့်လည်း ၊ ကျတော်ဘာလုပ်မိတာလည်းလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတယ် ၊ ကျတော်တို့ ရင်းနှီးမှုအတိုင်းအတာအရ သည်လောက်တောင်းဆိုတာ လွန်တယ်မဆိုပါဘူး ။ ကျတော် ဘယ်လို ဆက်တုန့်ပြန်ရမလဲ စဉ်းစားလို့မရဘူး ။
     ဘုံရွှေနန်းငယ်သည်ဝယ် ကွာနယ်ဆွေးရန် ကြံမှိုင်တွေးပြန် ပူဝန်ပန်းဘွယ့် သည်မယ် ညှိုးတယ်ဝဋ်ဖန် ဆိုယောင်မှားကံ... ။
      နားမထောင်ပဲ ကြားနေရတဲ့ ဂီတသံကို ခလုတ်နှိုတ်ပိတ်လိုက်တယ် ။ သူ့ကိုတစ်ချက်ပြန်ကြည့်တော့ သူပြန်ပြုံးပြရင်း တခုခုကို ယတိပြတ်ဆုံးဖြတ်လိုက်ဟန်နဲ့ သက်ပြင်းသဲ့သဲ့ချတယ် ။

     "ဘဏ်အကောင့် နံပတ်နဲ့ လိုတဲ့ ငွေကိုပြောလိုက် ၊ ဖုန်းနဲ့ စာမပို့နဲ့ ချရေးပေးလိုက်၊ လိုင်းဖုန်းဘေးမှာ စက္ကူလွတ်အပိုင်းလေးတွေ ရှိတယ် ..."

     ရက်လွန်နေတဲ့ ကျောင်းလခအတွက် နည်းနည်းတော့ စိတ်ပေါ့သွားပြီး သူပြောတဲ့အတိုင်းလုပ်ပေးလိုက်တယ် ။ သူက စာရွက်ကို တချက်တောင်ဖတ်မကြည့်ပဲ ဘေးကအိတ်ထဲကောက်ထည့်လိုက်တယ် .. ။ နောက်ချက်ချင်း ထိုင်ခုံပေါ်ကထတယ် ။

     "တို့ လွှဲပေးလိုက်မယ် ၊ သွားနှင့်မယ်နော်... "

     တစုံတခု ချက်ခြင်းကြီးပြောင်းလဲသွားတယ် ။ ဘာကြောင့်ရယ် ဘာဟာရယ် ပြောင်းလဲသွားတယ်ဆိုတာ ကိုတော့ ကျတော်လည်း သေချာမသိဘူး ။

     "ကျေးဇူးပါ ဘယ်တော့ ထပ်တွေ့ကြမလဲ ..."

     "ရပါတယ် ... တို့ ချိန်းဖြစ်ရင် အသိပေးမယ်လေ..."

     တံခါးပေါက်ဖက်ကို သူထွက်သွားတယ် ။ ကော်ဖီတွေတောင် ကုန်အောင်သောက်မသွားဘူး ၊ မုန့်ကလည်း အရာမယွင်းသေးဘူး ။ စောစောက ပုရွက်ဆိတ်ကတော့ စားပွဲဘောင်ပေါ်ရောက်နေပြီ ။ ခုနေမှ ကျတော် လေမှုတ်လိုက်ရင် သူ လွင့်သွားမှာပဲ ။ ထားလိုက်ပါလေ သူသည်တခါတော့ ကံကောင်းပါစေ ။ သူ့ပျော်ရွှင်မှုကို စိန်မခေါ်သင့်ဘူးလို့ ခင်ညစ်ညစ်တွေးမိတယ် ။

     တံခါးပိတ်လိုက်သံကြားတယ် ။ လှည့်ကြည့်လိုက်တော့ သူထွက်သွားပြီ ။ ပြန်ပိတ်ရက်သား တံခါးကြီးကို အကြာကြီးငေးကြည့်နေတယ် ။ ပြန်ပွင့်လာမလားလို့မျှော်နေသလား ကိုယ့်ကိုယ်ကိုယ်တောင်မသိဘူး ။ အပြင်မှာ ရထားတစ်စင်း သူ့အချိန်အတိုင်း ဖြတ်သွားပြန်တယ် ။


 * 

     နောက်ရက်မှာ သူ ပိုက်ဆံလွှဲပေးတယ် ။ ဒါပေမယ့် အဲသည့်နောက်ပိုင်း အဆက်အသွယ်လုံးဝမရတော့ဘူး ။ ကျတော်တို့ ဆက်သွယ်နေကျ ဖုန်းကိုလည်း အဲသည်ညနေမှာပဲ ပိတ်သွားတယ်လို့ သိရတယ် ။ ကျတော်လည်း တကူးတက ရှာမနေဖြစ်တော့ဘူး ၊ သူ့ပိုက်ဆံကိုပြန်ပေးဖို့လည်း စိတ်မကူးမိဘူး ။ မေ့မေ့ပျောက်ပျောက်နဲ့ လိုတဲ့ ကျောင်းလခပေးလိုက်တယ် ။ အဲသည် လခသွားပေးတဲ့နေ့ကတော့ ပိုက်ဆံဆိုတာ သည်လိုလေး လွယ်လွယ်နဲ့ရနိုင်ပါ့လားလို့တော့ တွေးမိသား ။ သည် သူ့ငွေကြောင့် စိတ်ပေါ့ သွားတာတော့အမှန်ပဲ ။

     ကျတော်သည်ကိစ္စကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူးထင်တာပဲ ။ ဖွင့်ထုတ်တိုင်ပင်ရလောက်တဲ့ မိတ်ဆွေရင်း မရှိတာလဲပါမယ် ၊ နောက် စိတ်မှာလေးလေးနက်နက်မရှိခဲ့တာလဲ ပါမယ် ။ သိက္ခာကျတယ်ရယ်လို့လည်း မထင်ခဲ့ဘူး ။ ရှက်စရာမို့ ဖုံးထားတာလည်း မဟုတ်ပါဘူး ။ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တာပေါ့ ။

      နောက်တနှစ်လောက်ကြာတော့ ကျတော့်ဇနီးလောင်းနဲ့ ကျောင်းမှာပဲတွေ့ကြတယ် ။ ပြောရရင် အင်မတန်ပျင်းဖို့ကောင်းတဲ့ အပိုင်းပါပဲ ။ အဲသည်အရွယ်မှာ သူများတွေအိမ်ထောင်ရေးကို အပြင်က ကြည့်ရင်းအားကျလာတယ်။ ကိုယ်ပုခုံးပေါ်မှီနွဲ့လာတဲ့ သူ့ခေါင်းကို ခပ်ဖွဖွနမ်းရတာ နှစ်လိုမိတယ် ။ နောက် ကျောင်းပြီးတော့ လက်ထပ်ဖို့ပြင်တယ် ၊ အလုပ်ရှာတယ် ၊ မကြာခင်ပဲ နှစ်ယောက်စလုံးရကြတယ် ၊ နှစ်နှစ်လောက်ငွေစုတယ် ။ အဲသည်တုန်း သူ့မှာ ကိုယ်ဝန်တွယ်တော့ လက်ထပ်ဖြစ်ကြတယ် ။ ကလေးငယ်တစ်ယောက် မွေးလာတယ် ၊ ကျတော်တို့ ငွေဆက်ရှာကြတယ် ။ ခုလက်ရှိ ကျတော့်အသက် ၄၀ နားကပ်လာတော့ အဲသည်အမျိုးသမီးကိုပဲ ညည်းငွေ့လာတယ် ၊ လက်ရှိမနားတမ်းငွေရှာ နေရတဲ့ ဘဝကို ထွက်ပေါက်မရှိဘူးမြင်လာတယ် ။ ဆရာ့အတွက်တော့ သည်အဖြစ်ဟာ အင်မတန်ကို ရိုးစဉ်းတဲ့ ကိစ္စ ဖြစ်မှာပါ ။ ဟုတ်ကဲ့ ကျတော် ဆက်ပြောစရာ ရှိပါသေးတယ် .. ၊ အပြင် ခဏလောက်ထွက်ခွင့်ပြုပါဆရာ ။ အပြင်မှာ နားရင်း ဆေးလိပ်တလိပ်လောက် သောက်ပါရစေ ။


   (၄) 

     ဟုတ်ကဲ့ ။ ကျတော် အခုဆက်ပြောရမယ့် အကြောင်းကိုတော့ ဆရာတမျိုးမြင်မှာစိုးတယ် ။ ကျတော့်အိပ်မက်တွေ အကြောင်းပဲ ။ အိပ်မက်တွေမှာ လူတယောက်ကို ခဏခဏတွေ့ရတတ်တဲ့ စိတ်ရောဂါမျိုးရော ရှိပါသလားဆရာ ။ အခုနောက်ပိုင်းနှစ်တွေမှာ ကျတော် မိန်းကလေးတယောက်ကို မှတ်မိနေလောက်အောင် အိပ်မက်ထဲမှာ မကြာမကြာတွေ့ရတယ် ။

     ညတိုင်းတော့လည်း မဟုတ်ပါဘူးလေ ။ တမေ့တမော ရှိလောက်တဲ့ အချိန်ကျမှ ပြန်ကောက်မက် တတ်တာမျိုးလည်းမဟုတ်ဘူး ။ ညတိုင်း တွေ့ကောင်းတွေ့နိုင်တယ်ဆိုပြီး မအိပ်ခင်သတိထားမိရုံလောက်ပါ ။ အရင်အပြင်မှာ မြင်ခဲ့ဖူးတဲ့ သူလည်းမဟုတ်ပါဘူး ။ နောက်ပိုင်း တကြိမ်သာ ... ။ ထားပါဦး ကျတော် စကားဦးသန်းပြီး မပြောချင်ဘူး ။

     အိပ်မက်ထဲမှာ လေပြင်းပြင်းတိုက်လို့ လမ်းအမြန်လျှောက်ရင်း တောအုပ်လို အုံ့ဆိုင်းပြီး သစ်ပင်ကြီးတွေထူထူပေါက်တဲ့ တနေရာရောက်တော့မှ သူ့ကိုတွေ့မိတာ ။ သူ့တောအုပ်က သစ်ပင်တွေဟာ ကျတော်တို့ဆီကလို လူစိုက်တဲ့ အဆင်အသွင် တူမျိုး တွေမဟုတ်ကြဘူး ။ ဖြောင့်ပြီးရှည်လျားတဲ့ပင်စည် နဲ့ အပင်မြင့်ကြီးတွေရော၊ အောက်နားက လောင်းရိပ်ကျ ခပ်ကုပ်ကုပ်အပင်လေးတွေနဲ့ပါ တကယ့်ဘဝကြီးလိုပဲ နိုင်လိုမင်းထက် ဖြစ်ကလက်စမ်းသိပ်နိုင်တယ် ။ ဒါပေမယ့်သူ့ကိုနှိုးစေဖို့ဆိုရင် သစ်ရည်တစက် သူ့မျက်နှာပေါ်ကို ကျရတယ် ။ ကျတော် သူ့ဆီရောက်သွားတဲ့ အချိန်ဆို နံနက်မိုးသောက် နေမထွက်ခင် မြူဆိုင်းစအခါမျိုး ၊ သစ်ရွက်တွေ အခိုးရိုက်တော့ ငွေ့ရည်တွေစုစုပြီး လေသုတ်လိုက်တဲ့ တခဏ မိုးတဖြိုင်ဖြိုင်စွေသလို ခပ်စိတ်စိတ်ရွာကျတတ်တယ် ။
      မြရေညို ပင်လယ်သီဟိုဠ် လေနန်းဝေယံ ဗိမာန်တောင်စွယ်ခို အာကာဘုံလယ် ဝေမှုန် ငွေနှင်းသွယ်ယို ကြည်ကွဲရန်သာကို။ 
      တောအုပ်မှာ အမြဲ လေတိုးသံကို ဂီတသံလိုပဲ သဲ့သဲ့ကြားရတယ် ။ သည်တောရိပ်အုပ်အုပ်မှာပဲ သူနဲ့ရင်းနှီးမိကြတယ် ။ စကားစမြည် ပြောကြရင်းနဲ့ပေါ့ ။ သေချာတာက သူနဲ့ စကားပြောရတာ နှစ်လိုဖို့အင်မတန်ကောင်းတယ် ။ သူ ကျတော်ပြောတဲ့ ကိစ္စတိုင်းကိုလိုက်လို့ စိတ်ဝင်တစားရှိပြီး ကိုယ်တိုင်လည်း သေချာသိနေတတ်တယ် ။ သူနဲ့ဆို ကျတော် တခါမှ၊ တယောက်ယောက်နဲ့မှ မပြောဖူးတဲ့ ကိစ္စတွေကိုလည်းပြောဖြစ်တယ် ။ တခါတခါ အလုပ်မှာနေ့လည်နေ့ခင်းအားတဲ့ချိန်ကြရင် တွေ့ရင်ပြောဖို့ဆိုပြီး အချက်လေးတွေ ကြိုလို့မှတ် ထားတတ်တယ် ။ ဒါပေမယ့် အိပ်တော့လည်း မေ့သွားတာပါပဲ ။ တွေ့ကြတော့လည်း သည်လိုပဲထင်ရာပြောဖြစ်ပြန်တယ် ။ အင်္ဂလိပ်ကျောင်းထွက် ကျတော့်အဖွားဖတ်တဲ့ ဘိုလိုစာအုပ်အထူကြီးတွေ အကြောင်း၊ ငယ်ငယ်က ကျတော် ဘယ်လိုမိတ်ဆွေသူငယ်ချင်းတွေများခဲ့ကြောင်း၊ အလုပ်မှာ သူများတွေထက်သာအောင် အမြဲလုပ်ပြ နိုင်တဲ့အတွက် အထက်ကအားကိုးသလောက်၊ အတူတူချင်း မနာလိုခံရကြောင်း ။ တကယ့်လက်တွေ့နဲ့တော့ ကွာပါတယ် ။ ဒါပေမယ့် ပြောကြတော့လည်း တကယ်လို့ကို ကိုယ့်ဖာသာကိုယ် ယုံပြီး စိတ်ချမ်းသာနေတာပဲ ။ သူနဲ့တွေ့ရတဲ့ ကျေနပ်မှုမှာ သာမန်လူတွေလို ရမ္မက်ရယ်လည်းမရှိပါဘူး ၊ ခင်မင်ဖွယ်သက်သက် နှောင်ဖွဲ့မှုပါ ။သူနဲ့တွေ့ရင် အရိုင်းဆန်တဲ့ ရမ္မက်နှီးနှောမှုတွေကို ရွံ့လာတယ် ။ ညစ်နွမ်းနေတဲ့ ကိုယ့်ကိုဖြူနိုင်သမျှ ဖြူအောင်ကြံဖန် တည်တံ့ချင်စိတ်တွေလည်း ပေါက်လာတယ်။ သည်မှာ ဇနီးသည်ကို ကျတော်စပြီး ရှောင်မိတော့တာပဲ ။

     အဲသည်အချိန်လောက်ပဲ ကျတော့် အပြောင်းအလဲကို ကိုယ့်ကိုယ်ကိုယ် သတိထားမိလို့ ဆရာ့ဆီ ပထမဆုံးလာခဲ့တယ် ။ သည်ကြားထဲမှာ တချက် ထူးထူးဆန်းဆန်းအိပ်မက်မက်ပြန်တယ် ။ သူက ကျတော့်ကို သည်တောအုပ်အပြင်မှာ မတွေ့ချင်ဘူးလားလို့ မေးတယ် ။ ကျတော်လည်း သာမန်မို့ အရေးမထားမိပဲ တွေ့ချင်တာပေါ့လို့ တုန့်ပြန်ခဲ့တယ် ။ သူကတော့ သည်ကိစ္စမှာ အတော်အလေးထားပုံပဲ ။ သိသလောက် အိပ်မက်ဆိုတာ အပြင်ကလူတွေကို အထဲဆွဲထည့်ပြီး မက်တတ်ကြတာမျိုးမဟုတ်လား ၊ အိပ်မက်ထဲမှာတွေ့တဲ့သူကို အပြင်ခေါ်ထုတ်ပြီးလို့ရတယ်ဆိုတာ ဖြစ်နိုင့်ပါ့မလားလို့ စဉ်းစားနေမိတယ် ။ သူကတော့ အပြင်မှာတွေ့ရင် မသိချင်ယောင်မဆောင်ဖို့နဲ့ သူ့ကိုသေသေချာချာ စပြီးနှုတ်ဆက်ဖို့ပြောတယ် ။ အေးပါကွာ မမေ့ပါဘူး ပေါ့ ။ မှတ်မှတ်ရရ အဲသည်ညမှာ ကျတော် တခါမှ စကားဟဟမပြောဖူးပဲ စွဲလမ်းခဲ့ဖူးတဲ့ မိန်းကလေးတယောက်အကြောင်းကို သူ့ကိုပြောပြမိတယ် ။ ထုံးစံအတိုင်း တောအုပ်လေတိုးသံ သဲ့သဲ့အလိုက် သီချင်းတပိုင်းတစကို ကြားရတယ် ။

     ထူးဆန်းတာတော့ အမှန်ပဲ ။ ဒါ့ထက်ပိုတဲ့ အဖြစ်က အဲသည်ညပြီး ၂ရက်လောက်ကြာတော့ ဇနီးနဲ့ ရထားစီးအပြန် ရှေ့တည့်တည့်မှာ လာထိုင်တဲ့ မိန်းကလေးတစ်ယောက်ကို ကျတော် ချက်ချင်းသတိထားမိတယ် ။ သိပ်မသေချာပေမယ့် သူ့ကိုတွေ့ခဲ့ဖူးတယ် ထင်မိတာပဲ ။ သူက ပခုံးနှစ်ဖက်ကို ကြုံ့ရင်း ပတ်ဝန်းကျင်ကို ကြည့်ပြီးပြုံးပြတယ် ။ သူပြုံးတာ ပါးစပ်ကိုဖွင့်တဲ့ပြီး ရှေ့အပေါ်သွားတွေ အကုန်နီးပါးပေါ်အောင် လှစ်ပြသလိုပဲ ။ မှတ်မိလိုက်တယ်၊ သူပြောတဲ့ အတိုင်းပေါ်လာတာပါ့ လား ။ အလိမ်ပေါ်တော့မယ် ကလေးလေးလို ကျတော့်ရင်တွေလှိုက်ပြီး တုန်လာတယ် ။ ဇနီးကလည်း သူ့အလုပ်ကရခဲ့တဲ့ ခရစ်စမတ်လက်ဆောင်ကို အထုတ်ဖြေပြီးပြနေတယ် ။ အဲသည်နေ့လည်က ရထားမှာ လူရှင်းတယ် ။ သူဘက်က ကျတော့်တို့ဆီကို တချက်တချက်ဖြတ်ခနဲ့ ကြည့်လိုက်တယ်လို့ ထင်ရတာကလွဲရင် ၊ အပိုင်အနိုင် ချိန်းထားတယ်ဆိုပြီး ဇွတ်လုပ်လိုဟန် မရှိပါဘူး ။ ကျတော်လည်း စိတ်ထင်တာပါလို့ ကြိတ်မှိုတ်ပြီးတွေးတယ် ။ အသိအကျွမ်းလို သွားနှုတ်ဆက်လို့ သူကမသိဘူးဆိုပြန်ရင် ဇနီးကလည်း တမျိုးမြင်မယ် ၊ အင်မတန်မှလည်း ရုပ်ပျက်မယ်ထင်တာပဲ ။ သူကျတော့်ကို ဘာကိစ္စ သည်လိုတွေ့ချင်ရတာလည်း ၊ တခါကဖြစ်ဖူးတာ မှတ်မိလိုက်တယ်။ အပေးအယူ ၊ သာတယ်နာတယ်မရှိခဲ့တဲ့ ဆက်ဆံရေးတခုမှာ ကျတော့်ဘက်ကစ စည်းဖောက်မိလို့ လုံးဝကိုယ်ရောင်ပျောက်သွားတဲ့ မိန်းမတယောက် အကြောင်း ၊ ကျတော့်ရှေ့က သူကသာ အိပ်မက်ထဲက မိန်းကလေးဖြစ်ပေဦးတော့၊ သည်အပြင်လောကထဲ ထပ်တွေ့မယ့် ဆက်ဆံရေးမှာ ဖလှယ်ယူရတဲ့ ကိစ္စမျိုး ၊ အပေးအယူ ကိစ္စမျိုး မရှိဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲ ။ လုံးဝဥသုံ နှစ်လိုသူတယောက်ဆုံးရှုံးသွားမှာကို ကျတော်စိုးတယ် ။ ပြီးတော့ ဒါဟာ သက်သက်အရူးထ တာပဲ ။ ကျတော်တို့ ဆင်းရမယ့် ဘူတာရောက်တော့ ဇနီးကရှေ့ကထွက်နှင့်တယ် ၊ ကျတော်လည်းခေါင်းတွင်တွင်ငုံ့ပြီး ရထားအပြင်ရောက်အောင် ထွက်ခဲ့တယ် ။ ဒါပေမယ့် မကြားရမှန်းသိတဲ့ ခေါ်သံကြောင့် နောက်ပြန်ကြည့်တော့ ရထားပြတင်းကတဆင့် ကျတော့်ဆီကို လည်လှည့်ကြည့်နေတဲ့ စောစောကမိန်းကလေးကိုမြင်ရတယ် ။ ကျတော့်အငွေ့ရိုက် မျက်မှန်ကတဆင့် မသဲမကွဲမြင်ရတော့ သူ့မှာ မျက်ရည်တွေဝိုင်းနေသလိုပဲ ။ အဲသည်လို မျက်ရည်ဝိုင်းနေတဲ့ မိန်းမတယောက်ကို ကျတော်မြင်ခဲ့ဖူ ပါတယ် ။ ဒါပေမယ့် အဲသည်ခဏ ပြန်စဉ်းစားတော့ မမှတ်မိဘူး ။ အဲသည်မှာ ကျတော် သိလိုက်တယ် ။ အားလုံးဟာ နောက်ကျသွားပြီဆိုတာ ။

     သိပ်ကို ပုံပြင်ဆန်ပါတယ် ။ အဲသည်နောက်တော့ သူနဲ့စကားမပြောဖြစ်ကြတော့ဘူး ။ အိပ်မက်တွေမှာ သူနေတဲ့ တောအုပ်ညို့ညို့ကိုလိုက်ရှာရင်း အချိန်ကုန်ရတာတို့ ၊ တွေ့ပြန်ရင်လည်း သူမနိုးမီ ကျတော်နိုးထလာရတာမျိုးတို့ ၊ သူနိုးလာပြန်ရင်လည်း ဘာစကားမှ မပြောဖြစ်ခင် အပြင်ကနံနက်နှိုးစက်မြည်တာမျိုးတို့ချည်း ကြုံလာရတယ် ။ နောက်တခု သူများအမြင်မှာ သတိထားမိလာတာကတော့ ကျတော်တယောက်ထည်း ကိုယ်ကိုယ်တိုင်လည်းမသိပဲ ခပ်တိုးတိုးစကားတွေ ပြောတတ်တဲ့ အကျင့်ရလာတာပဲ ။ နောက် ဇနီးသည်ကိုလည်း ပိုလို့ ရင်းနှီးလိုစိတ်ကုန်ခန်းသွားတာပဲ ။ နောက်တဖြည်းဖြည်း လုပ်လက်စ အားလုံးကို ချပြီး ထွက်ပြေးသွားချင်တယ် ။ ဟုတ်ကဲ့ ... ။ ဒါဟာ သက်လတ်ပိုင်းလူတွေ ဖြစ်တတ်တဲ့ စိတ်ကျရောဂါတစ်မျိုးပေါ့ ။ ဆရာအနေနဲ့တော့ အနည်းဆုံးခွင့်ယူပြီး ဇနီးနဲ့ နှစ်ယောက်ထည်း ခရီးထွက်သင့်တယ်လို့ အကြံပေးချင်တယ်.. ဟုတ်လား ။ ဟုတ်ကဲ့ပါခင်ဗျ ။ မှန်ပါတယ်ဆရာ ၊ အားလုံးဟာ ယုံဖို့ခက်တယ်ဆိုတာ ကျတော်သိပါတယ် ။ ဒါကြောင့်လည်း အရင်အခါတွေက ထုတ်ပြောဖို့ တွန့်နေမိခဲ့တာ ။

     ဆက်ရရင် ကျတော့်အတွက်တော့ တခါတခါ ဘဝဆိုတာ ကစားပွဲကြီးလိုပဲ ။ အတင်းအကြပ် မဖြစ်မနေပါရတဲ့ သည်ပွဲကြီးကို ငြင်းဆန်လိုစိတ် ဘယ်လောင်ပြင်းပြနေတယ် ဆိုတာ သူများတွေ နားလည်အောင်ပြောမပြတတ်ပါဘူး။ ကြည့်ပြန်တော့ စည်းမျဉ်းရယ်လို့ ဘာမှမရှိ ၊ တလည်လည်ပြေးလွှားနေတဲ့ ကစားပွဲလိုပဲ ။ နောက် ဆုံးဖြတ်တဲ့ ဒိုင်ကိုလည်းမမြင်သာဘူး ၊ မသိမသာ ထွက်ထိုင်နေလို့လည်းမရဘူး ။ ကစားပွဲမှာ ငွေနောက်ကိုလိုက်ရမှာလား ၊ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ လွတ်လပ်ခွင့်နောက်ကို လိုက်ရမှာလား ၊ တယောက်နောက်ကို တယောက်အမိဖမ်းတမ်း လိုက်ရမှာလား ။ ကိုယ်တိုင်ကရော လိုက်ရမယ့်သူလား၊ ပြေးရမယ့်သူလား။ ဒါကိုလည်း သေချာမသိရဘူး ။ ရှောင်တခင် စီမံတတ်တဲ့ ကံ အားဖြင့် ဖုံးကွယ်ထားတယ် ။ မှန်အားဖြင့်လည်း အရိပ်မိလျက်သာ နေကြရတယ် ။ တခါတရံဆို ကိုယ်မသိပဲ၊ အလိုလည်းမတူပဲလည်း ခွေးရူးဝှက်တမ်းကစားနေကြရပြန်တယ် ။ လက်ဖြန့်လိုက် လက်မှောက်လိုက် ၊ ဘယ်တလှည့် ကိုယ်ခွေးရူးဖြစ်မလဲဆိုတာမျှော်နေရသလိုပဲ ။ ဗြောင်တောင်တောင် ဗေဗေ့ဂျိ ၊ ဂျိဗေဂျိဗေ ဗေဗေ့ဂျိ

     ဟုတ်ကဲ့ပါ ဆရာ ၊ ကျတော့်အချိန်ပြည့်နေပြီပဲ ။ ပြန်လိုက်ပါဦးမယ် ...။ ဆရာတိုက်တွန်းတဲ့ အတိုင်းလည်း ကျတော်ကြိုးစားပါ့မယ်။ ခွင့်ပြုပါ ။


    (၅)

     အပြန်ဆို အိမ်နားဘူတာရုံက အထွက် ညာဘက်ချိုးပြီး ဆယ်မိနစ်လောက်လျှောက်ရင် အိမ်ခန်းကိုပြန်ရောက်တယ် ။ ကျတော်တို့ အိမ်ထောင်ပြုခါနီး ဇနီးကိုယ်တိုင် သေချာရှာခဲ့တဲ့ နေရာ ၊ ကျောင်းနီး ၊ ဘူတာရုံနဲ့နီး စတဲ့ သူ့တွက်ကိန်းတွေနဲ့ပေါ့ ။ အဲသည်တုန်းက လက်ထဲရှိနေတဲ့ ပိုက်ဆံသင့်သလောက်နဲ့ မဆိုးဘူးဆိုပြီး သူရောကိုယ်ပါ တော်တော် ကျေနပ်ခဲ့ကြတာ မှတ်မိတယ် ။ ကျတော့်အထင် အိမ်ကို သည့်ထက်နည်းနည်းဝေးဝေးရရင် ပို့သင့်မယ်ထင်တာပဲ ။ ဘာရယ်မဟုတ်ပါဘူး အိမ်မရောက်ခင် လမ်းလျှောက်ရင်း ကိုယ်ပိုင်အချိန် နည်းနည်းပိုရတာပေါ့ ။

     အပြန်လျှောက်ရတဲ့လမ်း ဘေးကရေမြောင်းဟာ ညနေမိုးကြောင့် ရေပြည့်ပြီး တသွင်သွင်စီးနေတယ် ။ ရေစီးမြန်တော့ ဘေးကန်ဘောင်က လမ်းမီးရောင်ပြန်ဟတ်နေတာတောင် ပုံရိပ်မထင်နိုင်ရှာဘူး ။ ရေစီးထဲမှာ ဘောလုံးလေး တလုံးမျောလာတာ တွေ့တယ် ။ ဘယ်သူ့ဟာလည်း ၊ ဘယ်ကလည်း ၊ ဘာကြောင့်လည်း၊ ကျတော်လည်း သေချာမသိပါဘူး ။ သိဖို့များရော လိုလားတွေးမိတော့၊ မလိုလှဘူးလို့ထင်ပြန်တယ် ။ ခုရေထဲကျတဲ့ ဘောလုံးအတွက် ငိုကောင်းငိုနေမယ့် ကလေးငယ်ဖို့ဆိုပြီး ကျတော်ဘာမှ လုပ်ပေးဖို့ မတတ်နိုင်တာ ။ မိုးလုံးဝ တိတ်သွားလို့ တော်သေးတယ် ၊ ထီးပါမလာဘူး ၊ နောက်တပတ်မှာ ထပ်မမေ့ဖို့ သည်ညပဲ အိတ်ထဲမှတ်မှတ်ရရ သေချာအောင်ထည့်ထားရမယ် ။ ဘေးလမ်းခွဲအတိုင်း ကွေ့ဝင်တော့ တိုက်အောက်ကိုရောက်တယ် ။ စောင့်ရချင်တော့ ဓာတ်လှေကားက အပေါ်ဆုံးအထပ်မှာ ။ အတက်ခလုတ်ကိုနှိုပ်ရင်း မျက်စိတွေကို အားတင်းပြီး ညှစ်ပိတ်လိုက်တယ် ။

     ခရီးထွက်ပါလို့ ဆရာဝန်ကဆိုတယ် ။ အပြောင်းအလဲအတွက် ၊ အသစ် ဖြစ်တည်လာနိုင်တဲ့ အိမ်ထောင်ရေးသုခအတွက် ။ ဇနီးကလည်း ခရီးထွက်တတ်ကြတယ်ဆိုတဲ့ မိတ်ဆွေတွေအကြောင်း မကြာမကြာ အားကျဟန် နဲ့ပြောတယ် ။ အရင်တော့ မကြားသလို နေလိုက်တာပဲ ။ သည်တခါ ငွေကိုအကြောင်းပြဖို့တော့လည်း သိပ်မခိုင်လုံဘူးထင်တယ် ။ ကျတော့်တို့ လက်ထဲမှာ ထိုက်သင့်တဲ့ငွေရှိနေပြီလေ ။ သည်လိုကျတော့လည်း ကုန်ခန်းပျောက်ကွယ်သွားရတဲ့ အရာကိုပြန်ရနိုင်ဖို့အတွက် ငွေဟာ ဘာမှ အရေးမပါပါဘူးဗျာလို့ ကျတော်ငြင်းလို့ မရနိုင်ပြန်ဘူး ။ "ကိုယ်တို့ နှစ်ယောက်ထည်း ခရီးထွက်ရအောင်ကွာ.." သည်လိုဆိုရင် သူပြုံးလာမှာလား ။ သူ့အပြုံးဟာရော ကျတော့်အတွက် ဘာများ ပိုလို့ အဓိပ္ပာယ်ရှိနိုင်ဦးမှာလဲ ။

     ဓာတ်လှေကားဟာ တထပ်ခြင်း ၊ ခပ်ဖြည်းဖြည်း ဆင်းလာတယ် ။

     ခုနစ် ။

     ခြောက် ။

     ငါး ။

     တထပ်ချင်း၊ တဆင့်ချင်း ၊ သိပ်နှေးတာပဲ ။

     စိတ်ထဲမှာတော့ အစိမ်းရောင်သစ်ရွက် မျက်နှာပြင်တလွှား ငွေ့ရည်တို့ တဖြည်းဖြည်းစုဖွဲ့လာပြီထင်တယ် ။ တွေဝေမှုအတွက် ကိုယ့်ကိုယ်ခွင့်လွှတ်လို့ မိန်းကလေးကို ထပ်ပြောခွင့်ရချင်တယ် ။ ကိုယ့်မိဘတွေ အဖွားကို တခါမှာ ရွှေတိဂုံဘုရားလိုက်ပို့ဖို့ရယ် တွေးဖူးမယ်တောင်မထင်ဘူး ၊ နယ်မြို့မှာနေတယ် ဆိုပေမယ့် သူတို့များစဉ်းစားပေးနိုင်ရင် လိုက်ပို့သင့်တယ်ထင် တာပဲ ။ နေရာတကာ အရေးပါလှတယ်ဆိုတဲ့ ပိုက်ဆံအတွက်လည်း သည်လောက်တော့ သူတို့တတ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကလည်း စကားစပ်လို့မပြောဘူး ၊ အဖွားကလည်း စိတ်ကူးပေါက်လို့မတောင်းဆိုဖူးဘူး၊ ကိုယ်ကလည်း ယောင်လို့မှ မတိုက်တွန်းဖူးဘူး ။သူ့ခင်မျာ သွားချင်စိတ်မရှိလို့တော့ ဟုတ်မယ်မထင်ဘူး ။ ဆရာဝန်ကဆိုတယ် ၊ ဇနီးသည်အတွက်လည်း စဉ်းစားပါ ။ နှစ်ကိုယ်တူ စိတ်ချမ်းသာဖို့ စဉ်းစားပါ လို့ဆိုလာတယ် ။ ကိုယ့်အပေါ်နှစ်လိုမေတ္တာရှိလှတဲ့ အဖွားကို တခါလောက် ရွှေတိဂုံဘုရား လိုက်ပို့ဖူးရင် ၊ အိမ်ထောင်ရေးသုခအတွက် ဇနီးသည်ကို အပျော်ခရီးတခါ လိုက်ပို့ပေးဖို့ အခုလောက် ကိုယ့်ဖာသာကိုယ် မျက်နှာပူလိမ့်မယ်မထင်ဘူး ။ သူ့ကိုသာပြောပြခွင့်ရရင် အခြားသူတွေလို ဘာဆိုင်လို့လဲ လို့ ပြန်မေးမှာမဟုတ်တာ ကျတော်ယုံပါတယ် ။

     ဓာတ်လှေကားဟာ မြေညီထပ်ရောက်ပြီ ။ ကိုယ့်ရှေ့မှာပဲ တံခါးနှစ်ချပ်ပွင့်လာတယ် ။
     သိပ်မြန်တဲ့ စိတ်အစဉ်ကို အတင်းဖြတ်ရင်း ဓာတ်လှေကားအတွင်းကို ဝင်လိုက်တယ် ။ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတဲ့ တံခါးနှစ်ချပ်ကို ငေးကြည့်ရင်း အဲသည် ခဏမှာပဲ ဘဝဆိုတာကို ငါဘယ်တော့မှနားလည်နိုင်မှာ မဟုတ်ဘူးလို့ ဖြက်ခနဲ ကျတော်တွေးမိတယ် ။ ။

 အောင်ဖြိုး
 (၂၆-၁၁-၂၀၁၂ ၂၃-၁၂-၂၀၁၂ - 4:20AM)