
“သည်နေ့ကို ဂုဏ်ပြုဖို့ မင်းအတွက်လက်စွပ်တစ်ကွင်း ၀ယ်ပေးပါရစေ ၊ မင်းစိတ်ကြိုက်ရွေးပါ ။ ငါအချိန်ရရင် ငါနဲ့အတူသွားဝယ်ရအောင်” လို့ သူမတို့ နှစ်ယောက်ပထမဆုံးနေရာမှာ. ၊ လုပ်ငန်းပြီးချိန်၌ သူပြောခဲ့ ဖူးသည်။ သူတို့၏ ဒုတိယအကြိမ် အတွေ့မှာတော့ ခပ်မြန်မြန်ကိစ္စပြီးခဲ့ရလို့ သူနောက်ထပ်သည်အကြောင်းပြောဖို့ အချိန်မရခဲ့ပါ ။ အကယ်လို့ သူသာသည်နေ့ ထိုအကြောင်းမှတ် မိပုံမပေါ်ရင် ဂျေဆင်းအနေနှင့် သူ့ကို သတိပေးရန် သိမ်မွေ့သော နည်းလမ်းများကို စဉ်းစားရဦးမယ် ။ အခြားယောက်ျား တစ်ယောက်သာဆိုရင် သူမကိုယ်သူမ သိက္ခာမဲ့စေ၍ ပူဆာတောင်းဆိုမည် ဖြစ်သည်။ အသားစား မြေခွေးအိုတစ်ကောင် နှင့်တူသော သူလို့လူတစ်ယောက်သည် ငယ်ရွယ်ချောမောသော မိန်းမတစ်ယောက်က အသက် (၅၀) ကျော် ခပ်ဖိုင့်ဖိုင့် ယောက်ျားတစ်ယောက်ကို တမ်းတမ်းစွဲဖြစ်ရခြင်းသည် သူ့ ယောက်ျားပီသမှု အတွေ့အထိတစ်ခုတည်းကြောင့် မဟုတ်မှန်း ရိပ်မိမှာသေချာလှသည်။
သူရဲ့ ငွေကြေးပိုင်ဆိုင်မှု ၊ ချမ်းသာကြွယ်ဝမှုတွေကို ဥပေက္ခာပြုခြင်းသည် သံသယကို ပွားစေမည်ပင် ဖြစ်၏။ လက်ဝတ်လက်စား စိန်ရွှေရတနာများသည် အမျိုးသမီးများ အဆင့်အတန်းမရွေး သည်းခြေခိုက်ဆေးပင် မဟုတ်ပါလော။ သူမသည် ရှန်ဟိုင်းသို့ အမျိုးသမီးအလှကုန်ရောင်းသူ အဖြစ်လာခဲ့ခြင်းဖြစ်၏ ။ သမရိုးကျ လမ်းအိုလမ်းဟောင်းအပြင် သူမအပိုအမြတ်တော့ အနည်းငယ်ထုတ်လိမ့်မည်ဟု သူယူဆပေလိမ့်မည်။ နောက်ပြီး မစ္စတာရီကိုယ်တိုင်ဟာလည်း အစိုးရသူလျို အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အတွက် သံသယဖြစ်စရာအကြောင်းအချက် တစ်စုံတစ်ရာမတွေ့ရတောင်မှ ပူးပေါင်းကြံစည်မှုများပေလောဟု အတွေးရှိကောင်းရှိနိုင်သေးသည်။ သူမ၏ ဦးစားပေး အစီအစဉ်သည် သူကိုယ်တိုင်က သူမအား ယုံကြည်ကိုးစားနိုင်သူအဖြစ် ယူဆခံရနိုင်အောင်ဖြစ်၏။ ဒါကြောင့်လည်း ယခုအခြေအနေအထိ သူကြို တင်ချိန်းထားသော နေရာများသို့သာ သူမလိုက်ခဲ့ခြင်းဖြစ်၏ ။ ယနေ့မှသာ ဂျေဆင်းက သူ့ကို သူမဆွဲဆောင်မှုနောက် လိုက်လာရန်ကြိုးပမ်းရပေဦးမည်။

ဂျေဆင်းသည် မိတ်ကပ်ဗူးကိုဖွင့်၍ မျက်နှာတို့ပတ်ပ၀ါဖြင့် ခပ်ပါးပါးလိမ်းခြယ်လိုက်သည်။ သူ သူမထံ ယနေ့လာရောက်တွေ့ဆုံရန်မှာ သေချာသော အာမခံချက်တော့ မရှိပါ။ ဆန်းသစ်သော အရည်အသွေး ၊ အထိအတွေ့တို့မှာလည်း မှေးမှိန်စပြုလာပြီဖြစ်၍ သူ၏စိတ်အားထက်သန် တတ်ကြွခြင်းတို့မှာလည်း ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်လေပြီ ။ သူမသာ ယနေ့ ကိစ္စပြီးပြတ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါက နောက်တစ်ကြိမ် အခွင့်အရေးမှာ မသေချာတော့ ။
သူမလက်မှ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည် ။ ပိုးခြေအိပ်အတွင်းဝယ် ခပ်ချွန်ချွန်အစရှည် တစ်စ စူးဝင်နေသလို ၊ အနိ ဋ္ဌာရုံ၏ နိမိတ်တစ်စုံတစ်ရာသည် သူမစိတ်သဏ္ဍာန်ကို ရစ်ပတ်ဖွဲ့နှောင်ထားလျက် အေးစက်စက်ဇောချွေးတွေ ပြန်လာသလိုခံစားရ၏ ။ သူမနေရာနဲ့ ခပ်လှမ်းလှမ်းမှာ သင်တိုင်းရှည်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ သတင်းစာဖတ်ဟန်ပြု ၍ သူမကိုအကဲခတ်နေသည်။ သူမ မရောက်ခင်ကတည်းက သူသည်ဆိုင်မှာ ရှိနေတာဖြစ်လို့ သူမနောက်ကို နောက်ယောင်ခံလိုက်သူတစ်ဦး မဖြစ်နိုင် ။ သူမဘာအတွက်များ သည်နေရာကိုရောက်နေတာလဲ လို့မှန်းဆကြည့်နေပုံရ၏ ။ သူမ၀တ်ထားတဲ့ ရတနာတွေဟာ အတုတွေ လား ၊ အစစ်တွေလား … ။ သူမပုံစံဟာ ကချေသည်ပြဇာတ် မင်းသမီးတစ်ယောက်နဲ့တော့ မတူပေဘူး ။ ပြဇာတ်မင်းသမီးဆိုရင်လည်း နာမည်နဲ့ မျက်နှာ မတွဲမိနိုင်ဘူးဖြစ်နေတယ် ။
ဟုတ်ပါသည် ။ သူမရဲ့ လက်ရှိဇာတ်ကောင်ကို ထင်ရှားအောင်မစွမ်းဆောင်နိုင်သည် အထိ လျို့ဝှက်သော ဇာတ်လမ်းတစ်ပုဒ်တွင် ပါဝင်ကပြနေရဆဲဖြစ်သည့်တိုင် သူမဘ၀ရဲ့ တစ်ချိန်တုန်းကတော့ ဂျေဆင်းသည် ပြဇာတ်မင်းသမီး တစ်လက်ဖြစ်ခဲ့၏ ။

ဟောင်ကောင်တက္ကသိုလ်ဟာ ကွမ်းတုံကျောင်းသားများအတွက် စာသင်ခန်းအချို့ ငှားရမ်းအသုံပြုခွင့်ပေးထားသော်လည်း ဆရာများအနေဖြင့် အကြပ်အတည်းတွေ့ရပြီး သူတို့လူမျိုးရဲ့ဒုက္ခသည် အဆင့်ရောက်နေကြရပုံကို မသက်မသာ ညည်းတွားသတိပေးလျှက်ရှိကြ၏ ။ နိုင်ငံရေး ဗရုတ်ဗရက် ကာလကြီးအတွင်းမှာ ဟောင်ကောင်ပြည်သူများ၏ စိတ်ပျက်စဖွယ် နိုင်ငံရေးအသိမရှိမှုသည် ဟောင်ကောင်နယ်နိမိတ်အတွင်းသို့ မိုင်တစ်ရာကျော်ကျော်သာဝင်လာရသည့်တိုင် သူတို့အတန်းသားများအား ပြည်နှင်ဒါဏ်အပေးခံရခြင်းကဲ့သို့ နာလိုခံခက်ဖြစ်စေပြီး ပြင်းပြသော မတရားမှုကို ဆန့်ကျင်လိုစိတ်များပွား များလာစေခဲ့သည်။ မကြာမီမှာပင် အတန်းသားများထဲမှ ထက်မြက်သောလူငယ်တစ်စုသည် လူမျိုးရေးအသင်းငယ်တစ်သင်းကို ဖွဲ့စည်းခဲ့ကြသည် ။ ၀မ်ကျင်းဝေ သည်ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ရေး အစိုးရအဖွဲ့ပကို ပြည်မတွင်ဖွဲ့စည်းလိုက်ပြီးနောက် ၊ ဟောင်ကောင်ကျွန်းသို့လည်း ထိုအစိုးရ၏ နယ်လှည့်စည်းရုံး ရေးအဖွဲ့များ ဆိုက်ရောက်လာကြသောအခါ ၊ ထိုအဖွဲ့ဝင် အများစုသည် ကွမ်းတုံ့ ဒေသမှဖြစ်ကြ၏ ။ ဒါ့အပြင် သည် အစိုးရအဖွဲ့ကို အထောက်အပံ့ပေးနေသူဟာလည်း ကွမ်းယုမင်ရဲ့ မြို့မှ လူကြီးတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျောင်းသားတွေသိရှိသွားကြတယ် ။ မိမိကိုယ်ကို စိတ်ချယုံကြည်စွာဖြင့် ကွမ်းယုမင်သည် ထိုလူကြီးလူကောင်းကို မိတ်ဆွေဖွဲ့လျက် သတင်းပလင်းများ အစ်အောက်ယူခြင်းဖြင့် အစိုးရအဖွဲ့ဝင်များ အကြောင်း အသုံးဝင်သည့်သတင်းအချက် အလက်များ ရရှိခဲ့သည် ။ သူ့အသင်းသားများကို သတင်းပြန်ပို့ ပြီးတဲ့ အခါမှာ ၊ အသင်းရဲ့ သိပ်သည်းတဲ့ဆွေးနွေးပွဲ များအဆုံးတွင် သူတို့၏ အမျိုးသမီးအသင်းသား တစ်ဦးကို ဗန်းတင်ပြီး လုပ်ကြံမှု၏ ဗဟိုချက်မအဖြစ် မစ္စတာရီအား ထောင်ချောက်ဆင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရှေးဦးစွာ အမျိုးသမီးသည် ရီကတော်နှင့် မိတ်ဆွေဖွဲ့ပြီး နောက်တစ်ဆင့်အနေဖြင့် သူ့ခင်ပွန်းကို ချဉ်းကပ်ရမည်ဖြစ်သည် ။ ဒါပေမယ့် အမျိုးသမီးသည် လူထုထဲမှ အစိုးရကို အများဆုံးဟန့်တား တတ်သည့်လူတန်းစား ဟုသတ်မှတ်ခံ ထားရသော ကျောင်းသူတစ်ယောက်အနေဖြင့် ပွဲထွက်မည်ဆိုလျှင် ရီကတော့်အနေဖြင့်လည်း မကြာမီရိပ်မိသွားပေမည်။ ဒါကြောင့်ပဲ အဖွဲဝင်များသည် သူမကို ဟောင်ကောင်ရဲ့ နိုင်ငံရေးနှင့် အကင်းကွာဆုံးလူတန်းစားဖြစ်သည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြည်တွင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ ဇနီးအနေဖြင့်ပွဲထုတ်ပါမှ ပိုမိုသင့်တော်မည်ဟု ဆုံးဖြတ်ပေးခဲ့သည်။ ကောလိပ်အနုပညာ အဖွဲ့၏ ခေါင်းဆောင်မင်းသမီးပွဲထွက်ရန် ဇာတ်ခုံ ကုလားကာအား တင်ပေးရတော့မည်….. ။ ။
-ဆက်ရန်