8 June 2008

မိုးသည်းနေ့ တစ်ကိုယ်တော် ပြောစကား


သည်မှာ မိုးတွေစွေပြီဆို ရင်ဖြင့် ၊ ငယ်ငယ်က မသည်းပဲဖွဲတတ်သည့် အညာမိုးပြေးကို သတိရမိသည်။

+++++

သည်နေ့တွင် မိုးသည်းသည်မည်းမည်းရွာသည် ။ မိုးလင်းကတည်းကစွေ နေသောမိုးသည် ညနေတိုင်စဲမည့် ပုံမပေါ် ။ အားလျှင်ဖတ်မည်ဟု အားခဲထားသော စာအုပ်ပုံကြီးကို ကျောပေးလျှက် ယနေ့အပြင်ထွက်လျှင်ကောင်း မလားဟုတွေးမိသည် ။ စာမေးပွဲတွင်းတွင်သာ စာဖတ်ရသည်မှာ အရသာရှိလှသည်။ တကယ်အားပြီဆို ရင်တော့ တစ်ထိုင်တည်းမဖတ်ချင်တော့ ။

အပြင်တွင် မိုးသည်းသည်းမည်းမည်းရွာနေဆဲ ။ အိမ်မှာ ကွေးနေရသည့်အရသာ နှင့် မိုးသည်းထဲတွင်လမ်းလျှောက် ရမည့်အရသာ ဘယ်ဟာကပိုကောင်းလဲလို့ ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်ယောက် ရှိရင်သိပ်ကောင်းမှာဟုတွေးမိ၏ ။ စိတ်ထဲတွင် တွယ်ရာမဲ့စွာ လွတ်လပ်နေ၏။ စိတ်ဖိစီးမှု တစ်ခုခုနှင့် နေရထိုင်ရသည်ကမှ ကောင်းတောင်းတောင်းဟု မတွေးစဖူးတွေးမိသည်။ ယခင်ကလို တစ်စုံတစ်ယောက်ကို လွမ်းမောတမ်းတနေရလျှင်ကော ခုလောက်လွတ်လပ်ပါ့မလား ။ ယခုတော့ တပ်မက်မျှော်လင့်ခြင်းကင်းသော လက်ရှိအခြေအနေသည် ငြီးငွေ့ဖွယ်ပင် ။

မသေချာသော စိတ်ပိုင်းဖြတ်မှုဖြင့် အိပ်ယာမှ လူးလဲထသည်။ (၉)နာရီကျော်သည်အထိ အိပ်ရာမှ မထသေးသည့် ကိုယ့်အဖြစ်ကိုတွေးတော့ပြုံးမိပြန်သည် ။ အမေသည် နေဖင်ထိုးအောင် အိပ်သည့်အကျင့်ကို လုံးဝမကြိုက် ။ ညကဘယ်အချိန် အိပ်ရာဝင်ဝင် နံနက် (၇) ခွဲလောက်ကျပြီဆိုရင် နှိုးတတ်သည်။ “အိုး အိုး .. အင့် အင့် ” ညည်းထရင်း အသင့်ပြင်ထားသည့် နံနက်စာကို စားရသည်မှာ အပူအပင်ကင်း စွတကား ။ လောလောဆယ် သတိပြုမိတာကတော့ ၊ ခုနံနက်အတွက် ညကမုန့်မ၀ယ်ခဲ့ရ ။ ဒါဆိုလည်း ကော်ဖီတစ်ခွက်ပေါ့ ။

နံနက်စာကို ကော်ဖီတစ်ခွက်တည်းမသောက်သင့်ကြောင်းကို သူငယ်ချင်းဆရာဝန်လောင်းများထံမှ ညွှန်ကြားဆရာလုပ်သည်ကို ကြားဖူးသည်မှာ ရိုးနေပြီ ။ အသိနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှု ဆိုတာများစွာကွာ ခြားကြောင်းသိခဲ့သည်မှာလည်း ကြာလှပြီ။ သွားတိုက် ၊ မျက်နှာသစ် ၊ ကိုယ်လက်သန့်ရှင်းရေးပြီး ရေနွေးအိုးခလုပ်မီးဖွင့်ခဲ့ပြီး ၊ မနေ့ညက ချွတ်ခဲ့သော မျက်မှန်ကိုပြန်ရှာရသည် ။ ကုတင်ဘေးမှာပြန့်ကြဲနေသည့် စာအုပ်ပုံကြားမှ မျက်မှန်ကို ချက်ချင်းမမြင်နိုင်ပါ ။မျက်မှန်တပ်ပြီးချိန်တွင် ရေနွေးပွက်သဖြင့် Coffee Mix တစ်ထုပ်ကိုခပ်မြန်မြန်ဖျော်သည် ။ ဇွန်းကိုပင်မဆေးမိတော့ ။ လက်ဆေးကန်ဘေးတွင် တင်ထားလိုက်သည်။

အိမ်ရှေ့တံခါးကိုဖွင့်တော့ မိုးသက်လေသည် ကျတော့်မျက်နှာကို ပက်ဖြန်းနှုတ်ဆက်လိုက်သည်။ ၀ရံတာတွင် ရပ်ကာ အုံ့ဆိုင်းသောကောင်းကင် ၊ သေးမျှင်စူးရှသောမိုးစက် ၊ ညိုမှောင်သော ပါတ်ဝန်းကျင်တစ်ခုလုံးသည် မည်သည့်ခံစားချက်ကိုမှ မပေးစွမ်းနိုင်ပါ ။ လက်ထဲမှ ကော်ဖီခွက်၏ ရနံ့သည် မွှေးလွန်းလှသည်။ ကော်ဖီနံ့ကို မွှေး ၊ မမွှေး ငြင်းခုန်ခဲ့ဖူးသည်ကို သတိရမိသော်လည်း အတွေးသည်ရှေ့သို့မဆက် ။ အောက်ထပ်တစ်ထပ်ထပ်တွင် မွေးထားသော ကြက်တူရွေးတစ်ကောင်ကောင် အော်မြည်သံကို ကြားရသည် ။ ချစ်သူကို လွမ်းလို့ပင်လား ။ ပက်ဖြန်းဆဲ မိုးသက်လေသည်ပိုမို အေးစိမ့်လာသယောက်ပင် ။ ခုချိန်မျိုးမှာ “မိုးဒေ၀ါ” ကိုကြားလျှင် စာသားလှပမှုနှင့် လက်ရှိအခြေအနေနှင့်လိုက်ရောမှု ကိုခံစားရုံမှ တပါး အခြားမရှိတော့ပြီ ။ NO အဖွဲ့၏ “မိုးသီချင်း” ကိုကြားရပြန်လျှင်လည်း လိုက်အော်ဆိုဖို့ကောင်းသည်လို့ ခံစားရရုံမှတပါး ဘာရှိမည်လည်း ။ ဒါကြောင့်လည်း ယောက်ျားတွေအကြောင်း မိန်းမတွေမကောင်းပြောတာပဲ ။ “မအိ” ရဲ့ “ယောက်ျားတို့အကြောင်း” စာအုပ်ထဲမှ စာသားအချို့ကို သတိရတော့ ရယ်ချင်မိပြန်သည် ။တစ်ချိန်တုန်းက သည်လိုအခြေအနေ ၊ သည်လိုပတ်ဝန်းကျင်မျိုးဆိုလျှင် မျက်ရည်ဝဲတတ် ၊ ငိုချင်တတ်တဲ့ အသက် (၂၀) ပါတ်လည်ယောက်ျားတစ်ယောက်ဟာ ကျတော်ကိုယ်တိုင်တဲ့လား ။ ခုအချိန်မှာတော့ အသက်ရနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်က ငယ်ဘ၀ဖြစ်စဉ်တွေကို ပြန်စဉ်းစားကြည့်တော့ ခံစားချက်ကင်းမဲ့နေသလိုပါပဲလေ ။

မိုးသည် စဲသွားတော့မယောင်နဲ့ သည်းနေဆဲ ။
+++++
ညကဖတ်လက်စစာအုပ်ကို ကောက်ကိုင်လိုက်မိသည် ။ မိုးနံ့စိုထိုင်းထိုင်းတွင် စာအုပ်ဟောင်းနံ့သည် နှစ်သက်စဖွယ်ဖြစ်သည် ။ “ခင်နှင်းယု” ရဲ့ “ကျမ၏ချစ်သူ” ။
ရိုးလှသလောက် သိပ်လှတဲ့ နာမည်ပေပဲ ။ နောက်ပြီးတော့ နှစ်လိုစဖွယ် ။ “ချစ်သူတဲ့လား”

သည်ဝေါဟာရလေးဟာ ယောက်ျားတစ်ယောက်အဖို့ သိပ်ကို ရင်နှီးလွန်းနေသည် ။ ငယ်ငယ်တည်းက ငါကြီးလာရင် ချစ်သူတစ်ယောက်လောက်ထားမည်ဟု ယောက်ျားလေးတိုင်းတွေးဖူးမြဲ ။ သည် နှစ်လုံးသော အက္ခ ရာလေးသည် ယောက်ျားတစ်ယောက်ရဲ့ တစ်ထောင့်ငါးရာည အိပ်မက်များကိုလည်းကြီးစိုးတတ်မြဲပင် ။ ဟုတ်ပေမည် ။ အချစ်ဟူသော အရာသာမရှိလျှင်လူငယ်တို့၏ ဘ၀သည်ငြီးငွေ့ ခြောက်ကပ်စဖွယ်ပင် ။

မိုးသက်လေသည် အခန်းတွင်းသို့ ခန်းဆီးများကို တိုးဝှေးပြီး ၀င်လာသည်။ စားပွဲပေါ်မှ စာရွက်အချို့ ပြုတ်ကျကုန်ပြီ ။ မနေ့ကမှ ပြီးသောစာမေးပွဲအတွက် စာရွက်တွေ ။ မကောင်းတတ်လွန်းသဖြင့် စုစည်းကောက်ယူ ပြီး Dictionary တစ်အုပ်နှင့် ကောက်ဖိထားလိုက်သည် ။ ချမ်းသလို ဖြစ်သော်လည်း အနွေးထည်အကူ မပါပဲ လက်တို အကျီင်္နှင့်ပင် အအေးဒဏ်ကို အံတုလိုက်သည် ။

အိပ်ယာပေါ်တွင် လှဲကာ စာဖတ်မည်ပြင်သော်လည်း စိတ်မပါပြန် ။ အိပ်ရာသည် ကျယ်ဝန်းသော်လည်း တစ်ခြမ်းလုံးတွင် စာအုပ်များပုံနေသဖြင့် တစ်ကိုယ်တည်းလှဲ နိုင်ရုံသာ ကျယ်ဝန်းသည် ။ စာအုပ်နံ့ကို အိပ်ရာဝင်ဆေး အဖြင့်အသုံးပြုကြောင်းပြောပြဖူးတုန်းက ကြားကြသူ သူငယ်ချင်းတွေ ဟားကုန်ကြသည် ။ သည်လိုပါပဲ ကိုယ့်ကို လူတွေတော်တော်များများက နားမလည်ကြပါဖူးလို့ ဆက်တွေးနေမိသည် ။ ကိုယ်နှင့် အဆင်မပြေသော ပါတ်ဝန်းကျင်တွင် မလူးမလွင့်သာ ရပ်တည်နေရသည်ကို စိတ်ပင်ပန်းလွန်းသည်ဟု ထင်၏ ။ လက်လှမ်းမှီရာတွင် ထားရသော “မိတ္တဗလဋီကာ” စာအုပ်ကို စာအုပ်စဉ်၏ နောက်ဘက်ချောင်တွင် ထိုးထားခြင်သည်။ ဒါပေမယ် လူ့အသိုင်းအ၀ိုင်း အပြင်ထွက်သွားမှာကိုတော့ လက်မခံချင်ပြန် ။

ကိုယ့်ကိုလူတွေ ဘယ်လိုများသဘောထားကြသလဲ လို့တွေးမိပြန်သည် ။ ငါ့ကို သာမန်လူငယ်တစ်ယောက်လိုမှ သဘောထားကြရဲ့လား ။ ခပ်ကြောင်ကြောင်ကောင်ပါကွာလို့ တီးတိုးဝေဖန်သံကို နားစွင့်လျှင်ကြားကောင်းကြားရမည်။ တစ်နေ့တုန်းကလည်း ကျတော်ကြိုက်သည့် မင်းသမီးတစ်ယောကို “I love U” လို့ “Custom Message” ရေးတင်ထားသည်ကို သူငယ်ချင်းတစ်ယောက်က “ဟေ့ ကောင်မင်း ကောင်မလေးတွေကို စိတ်ဝင်စားသေးတယ်နော်” လို့ အထူးတဆန်းလာပြော၏ ။ ယောက်ျားတစ်ယောက်က မိန်းကလေးတွေကို စိတ်မ၀င်စားရင် ဘာကိုစိတ်ဝင်စားရမလဲလို့မေးချင်သည် ။ အရမ်းရင်နီးပါတယ်ဆိုသော သူငယ်ချင်းတွေကတောင် ကျတော့်အတွေးတွေကို ကြောင်သည်လို့ ဆိုခဲ့ကြပြီ ။ တစ်သက်လုံးမိမိတစ်ယောက်ထည်း တွေးလာသည့် အတွေးတွေကို ဖွင့်ဟပြောစရာ တစ်ယောက်ယောက်ရှိလျှင်ကောင်းမည်ဟု တွေးမိပြန်သည် ။ နားထောင်ပေးရုံ ၊ အကြံဥာဏ်ပေရုံ သက်သက်တွင်ပါ ။ တစ်ခါတစ်ခါ ကျတော်သိပ်ခံစား ရလွန်းလျှင်နှစ်သိမ့်ပေးပေါ့ ။ သူသာ သက်ရှိမိန်းကလေး တစ်ယောက်ဖြစ်ရင် သူ့ဟာ ကျတော့်ချစ်သူဟု ကျတော်သတ်မှတ်ပါမည်။

+++++

သည်းသည်းစွေအောင် ရွာသွန်းသောမိုးစက်မှုန်များသည် ပန်းပွင့်အငုံလေးများကို ပွင့်စေသည်။ သည်လိုဆိုရင် အချိန်တန်အရွယ်ရောက်မှုကြောင့် ပေါ်ပေါက်ရသော ရင်ခုန်မှု ၊ စိတ်ကူးယဉ်မှု လေးများသည် ချစ်ပန်းပွင့်ဦးလေးများကို ပွင့်အာစေသည်ဟု မိုးစက်များကို ငေးကြည့်ရင်းတွေးနေမိသည် ။

သည်လိုဆိုရင်တော့ ကျတော့်အတွက် စိတ်ကူးယဉ်မှုသည် အချစ်ပင်ဖြစ်ခဲ့သည် ။ သေချာတာပေါ့ကျတော့်တွင် ချစ်သူတွေ ရှိတယ်။ ခင်နှင်းယုရဲ့ “မွှေး” ၊ ဂျာနယ်ကျော်မမလေးရဲ့ “မော်” ၊ မလေးလုံ ရဲ့ “ပွင့်” ၊ မိုးငြိမ်းဧ ရဲ့ “ကြွေ”တို့ နောက်နောက် အများကြီး ။ သည်ချစ်သူတွေကို ပေါင်းစပ်ပြီး ချစ်စဖွယ်မိန်းမပျိုတစ်ယောက်ကို စိတ်ကူးဝယ်ဖန်ဆင်း၏ ။ လက်တွေ့ဘ၀တွင်လည်း ချစ်သူ့နာမည်မှ အလှဆုံးစကားလုံးတစ်လုံးကို အဖျားဆွတ်ခေါ်မည်ဟု ပိုင်းဖြတ်ထား၏ ။ သည်လို စိတ်ကူးလေးတွေကို အခင်ဆုံးသူတွေကို ပြောပြမိတော့ သူတို့ကဟားကြပါသည် ။ “ဟေ့ ကောင်ကြီး စိတ်ကူးယဉ်တာ လျော့လျော့” တဲ့ ။ သည်တော့ အချစ်ဟာ ရင်ခုန်တတ်မှု နှင့်အစပြုတယ်လို့ နားလည်တတ်စပြုလာပြီ ။

ယောက်ျားလေးတစ်ယောက်အတွက် စိတ်ကူးယဉ် အချစ် ၊ အုံ့ပုန်းအချစ် ၊ တစ်ဖက်သတ်အချစ်ဆိုတာတွေဟာ ခုလို Globalization ခေတ်မှာပျောက်ကုန်ပြီလို့ ပြောသံကြားဖူးပါသည် ။ ဆယ်ကျော်သက် ညီငယ်တစ်ယောက်က သူ့ရည်းစားအကြောင်းပြောတော့ အိပ်ပျော်ရာမှ နိုးလာသလို ချက်ချင်းကြီးအားငယ်သွားသည် ။ စိတ်ကူးထဲက အစ်ကိုရဲ့ ချစ်သူအကြောင်းကိုလည်း ညီငယ်ကို ပြောပြရင်လည်း သူဟားမှာအသေအချာပဲ ။ “အကိုလည်း မကြိုးစားသေးဖူးလား ၊ အသက်ကဖြင့် (၂၀) ကျော်တော့်မယ်” လို့ပြောသူကို ခပ်ရှက်ရှက်နှင့် “လာမယ် ၊ ကြာမယ်လေ” လို့ ပြန်ပြောရင်း အပျိုကြီး အစ်မတစ် ယောက်ကို သွားစမိလို့ ၀ဋ်လိုက်တာပဲလို့ ရင်နာနာတွေးသည် ။ ချစ်သူမရှိပေမည့် အဖော်မမဲ့ပါဘူး ဖတ်စရာ စာအုပ်တွေ ရှိသေးသာပဲလို့ ခပ်ဝါးဝါးတွေးမိသည်။



++++++

သည်အရွယ်အထိ ဘာလို့တစ်ယောက်ထည်းဖြစ်နေရသလဲ လို့ ခုတလောအားတိုင်းတွေးနေမိသည်။ “တစ်ယောက်ယောက်ကို ချစ်တဲ့ခံစားမှုဟာ ဘာလဲ ။ ချစ်လာဖို့ရော ဘယ်လိုလုပ်ရမလဲ ” လို့ မေးကြည့်တော့ သိပ်ခင်ပါတယ်ဆိုတဲ့ ယောက်ျားလေးသူငယ်ချင်းကိုယ်တိုင်က ယောင်ဝါးဝါးဖြင့် အူကြောင်ကြောင်ဖြေ၏ ။ ဘာပဲပြောပြော စိတ်ကူးယဉ်မှုသည် အချစ်မဟုတ်။ တစ်နေ့နေ့တွင်ခံစားတတ်လာရမည်ဟုလည်း ယုံကြည်စောင့်မျှော်ဆဲပါ ။ စာဖတ်ပြီး စိတ်ကူးယဉ်တတ်သော ယောကျာ်းတစ်ယောက်သည် အချစ်စစ်ကို ကိုးကွယ်ချင်ပါသည် ။

စိတ်ကူးထဲမှာ ချစ်သူပုံရိပ်တွင် ချစ်စဖွယ်အမည်ရှိသော မိန်းကလေးသည်ကျတော့် ဘေးဝယ်အရိပ် သဖွယ်လိုက်ပါတတ်၏ ။ သူသည်ခြောက်ပစ်ကင်းသူဖြစ်၏ ။ မပြည့်စုံ ၊ မရင့်ကျက်သော ကျတော့်ကို အလိုက်သိစွာခွင့်လွတ်၏ ။ မဖွင့်ဟသော အချစ်ကိုနားလည်၏ ။ ချစ်သူကို မထိရက် ၊ မကိုင်ရက်အောင်ချစ်သော အချစ်ကို တန်ဖိုးထား၏ ။ ချစ်သူမှ တပါး အခြားမိန်းကလေးတွေကို လှည့်ပင်မကြည့် ဖွဲ ၊ ဆန်ကွဲ သဖွယ်ပင်ဟူသော စိတ်ဓာတ်ကို လေးစား၏ ။ သူမသည်ကော်ဖီကို ကြိုက်တတ်ပြီး စာဖတ်ရန် ၊ ဆွေးနွေးရန်လည်း မပျင်းတတ်ပေ ။

ထိုမိန်းကလေးကို အပြင်ကသက်ရှိလူသားတစ်ယောက်အဖြစ် ပုံသွင်းရန် ကြိုးစားမိတော့ အချစ်ဆိုတာ ရင်ခုန်မှု ရာခိုင်နှုန်းများစွာ ပါဝင်ကြောင်း မသိစိတ်တွင် လက်ခံလာရသည် ။ သာပေမင့် လက်တွေ့နှင့် စိတ်ကူးယဉ် မှု သည် အဘယ်မျှကွာခြားကြောင်းကိုလည်း သဘောပေါက်ရသည် ။ “မင်း ကြိုက်မဲ့ မိန်းကလေး သည်လောကထဲမှာ မမွေးသေးဘူးကွ” လို့ ခပ်ပြတ်ပြတ်ပြောတတ်တဲ့ သူငယ်ချင်းကိုလည်း စိတ်မဆိုးမိတော့ ။ အချစ်သည် မျက်စိမရှိဟူသော စကားသည် အမှန်ပင်ဖြစ်သည် ။ စိတ်ကူးနှင့် လက်တွေ့လုပ်ဆောင်မှုသည်လည်း တစ်ဘာသာစီသာဖြစ်၏ ။

ချစ်သူဟူသည်ကျတော်ကို အရာအားလုံးနားလည်ရမည် ဟုဆိုသည်။ ချစ်သူနှင့်ကိုယ်သည် ပုံစံခွက်တစ်ခုတည်းမှ သွင်းလုပ်ထားသလို စိတ်တူညီမျှရှိဦးမည် ။ ချစ်သူကိုယ့်ဆီ လျှောက်လှမ်းလာရာ လမ်းတစ်လျှောက်ဝယ် ၀တ်ရည်သင်းထုံသော ပန်းပွင့်လေးများ ကြွေကြရမည်။ ပန်းတစ်ပွင့် ကိုယ့်ရှေ့မှာ ကြွေတိုင်း ကောက်ပြီး “ချစ်”ဆိုသည့် စကားလုံးပေါ်လာအောင်စီရမည် ။ ထိုပန်းပွင့် စကားလုံးနားတွင် ထိုင်ကာ ၀ဲလွင့်သော ဆံပင်ရှည်နှင့် လျှောက်လှမ်းလာသော ချစ်သူကို အဝေးကပင် မောင်မြင်ရမည် ။ ချစ်သူသည် အလှအပ ၊ အ၀တ်အစား ၊ ရွှေငွေ ကြားတွင် နစ်မြုပ်နေမည့် သာမန်အမျိုးသမီးမျိုးမဟုတ် ။ ကျတော့် ရင်တွင်းမှ စကားများကို ဖောက်ထွင်းမြင်နိုင်ရမည် ။ သည်အခါ ကျတော်ချစ်သူသည် လေတွင် ခြေရာမထင်မကျန် ရစ်သော ငှက်ငယ်တစ်ကောင်ပင်ဖြစ်ပါလိမ့်မည် ။

+++++
အိပ်မက်မှ နိုးတော့ မိုးကဖြင့်စွေစဲပါ ။ မက်တတ်တဲ့ အိပ်မက်ဟာ ကျတော့် ပျော့ညံ့မှုရဲ့ ပုံရိပ်တွေဖြစ်တယ် ။ နေ့လည်စာစားချိန်တတ်ပြီမို့ ဗိုက်ကအချက်ပေးနေပြီ ။ မိုးသည်းထဲမှာ အောက်ဆင်းဖို့ပျင်းသည့်တိုင် မတတ်နိုင်တော့ ။ ကိုင်းတစ်ချောင်းကြိုးနေတဲ့ ထီးကို ပြင်မယ်ပြင်မယ်နှင့် ခုထိမပြင်ရသေး ။ ထမင်းဟင်း ၀ယ်ဝယ်စားရတာကိုလည်း ငြီးငွေ့စပြုလာပြီ ။ တစ်ခါတစ်ခါ စာဖတ်ဖို့ထက် စကားပြောဖော် တစ်ယောက်ယောက်ကို တမ်းတတတ်မှုက အလေးသာလာဟန်ရှိသည် ။

မိုးသည်ထဲတွင် တစ်ယောက်ထည်းအပြင်ထွက်ရမည့် အရေးတွေးကာ စိတ်ညစ်မိသည် ။ တစ်ယောက်ထည်းနေရတာ ကိုပင် ပျော်ပါတယ်လို့ ခပ်တည်တည်ပြောခဲ့မိတာကို နောင်တရမိသည် ။ ပြာဝေမှိုင်း မှောင်သော ပတ်ဝန်းကျင်တွင် ခံစားမှု ကင်းမဲ့ခြင်းအဖြစ်သည် ရင်နင့်ဖွယ်ပင် ။ ယခုလို အခါမှာ သိမ်ဆည်းခဲ့ရသော အချစ်ကို ဖွင့်ဟဖို့ အခြေအနေ ၊ အကျိုးအကြောင်း ဘယ်လောက်ခိုင်လုံနေပြီဆိုတာ သူသိစေချင်စမ်းလှသည် ။ စိတ်ချင်းစကားပြောနေရသည့် ၀ဋ်မှ ကျတော်ကျွတ်ချင်လှပြီလေ ။ ။

အောင်ဖြိုး
( ၈ ၊ June ၊ 2008 – 12:47 am)

4 comments:

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

Wow!

အစ်မ ဒါပဲပြောသွားပါတယ်..

Kay said...

ဟားးးးး ဘလော့ တွေ ကြားထဲ က.. ရှားရှား ပါးပါး ထွက် ကျ လာ တဲ့.. ရသ လေး တခု ပါ လား။
ဒါမျိုး တွေ မဖတ် ရ တာ ကြာ လို့ လား..မေ့ ထားတာ ကြာ လို့  လား မသိ.. အတော် တော့..ဖတ် လို့ ကောင်း တယ် ။

ခင် မင် လျက်-

eitar said...

ကောင်းတယ်တယ်ရင်းရေ....ဆက်လုပ်...အားပေးလျက်

Pan Chit Thu said...

ခံစားချက်နဲ. 70% တိုက်ဆိုင်သွားတယ်....။ တခါတုန်းက အဲဒီလိုပဲ အချစ်ကိုတွေးခဲ့မိတယ်....။