26 August 2010

ပန်းပြတ်ခိုက်ကြုံ

စာမရေးတာ တော်တော့်ကို ကြာသွားပြီ ။ ခင်ရတဲ့ အမတစ်ယောက်က တွန်းအားပေးလို့ စာရေးချင်စိတ်ပေါ်လာတယ် ။ ကိုယ်အရင်ရေးတာတွေလည်း အားမရတော့ စာမရေးတော့ဘူးလို့ကို ပစ်ထားတာကမှ ဇာတ်လမ်းလေး ဖျစ်ညှစ်စဉ်းစားရင်း ကြိုးစားရေးလိုက်ရတယ် .. ။ လောလောဆယ် -ဖတ်ထားတာ မကြာသေးတဲ့ Haruki Murakami စာတွေရဲ့ Surrealism ဝါဒတွေ စွဲနေတော့ သည်အရိပ်အောက်မှာပဲ စာကထွက်လာတယ် .၊ ဘာပဲပြောပြော ကြိုးစားပြီးချရေးလိုက်ပြီ ၊ ခုတလောတော့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ် ။ ထုံးစံပဲ စာအုပ်တွေဖတ်တာများလေ ကိုယ့်ကိုယ်ကို အားမရလို့ စာမရေးချင်လေပဲ ။

ပန်းပြတ်ခိုက်ကြုံ

(၁)
ဘဝမှာ သည်တစ်ခါလောက် ရင်ခုန်မလိုက်မောစဘူး ဟုတင်သည် ။


မှောင်မည်းတဲ့ လမ်းတစ်လျှောက်ကို ဖြတ်သွားရင် မြင်ကွင်းတို့က ကြည်လင်လာသည် ။ လာစကတည်းကပင် အဓိပ္ပာယ်မသိပေမယ့် သာယာမှုတစ်ခုခုနောက် လိုက်နေရသလိုပင် ။ မျှော်လင့်ချက် တစ်ခုခုကလည်း မျက်မှောက်ထင်ချိန် နီးပြီတည်း ။ စောင့်ဆိုင်းခြင်း၏ နိဂုံးဝယ် လူများ ဥဒဟို ဖြတ်သန်းရာ အဆောက်အအုံ တစ်ခုဆီသို့ နီးကပ်လာကြောင်း သတိထားမိသည် ။ ကျတော် စောင့်ဆိုင်းခြင်းကို မုန်းကြောင်း သူမသိဘူးလား ။ မသိလို့ ခုထိမရောက်သေးတာ သေချာသည် ။ သည်ရပ်ဌာနေ တွင် အချိန်ကို သိရန် နာရီတစ်လုံး မလိုအပ်ပါ ။ ကျတော်တို့ သည်နေရာမှာ တွေ့ရန်ချိန်းဆိုထားပြီးဖြစ်လို့ မှားစရာလည်း အကြောင်းမရှိ ။ ဘေးဘီတွင် ထင်လင်းသော နေရာအချို့ကို ငေးကြည့်ရင်း အချိန်ဖြုန်းဖို့ သာအကြောင်းရှိမည် ။ ငေးမောခြင်းထင် တွေးတောခြင်းသည် အချိန်ဖြုန်းရန်အကောင်းဆုံးမဟုတ်လော ။

“အစ်ကို စောင့်နေတာကြာပြီလား”

မျှော်လင့်မထားပေမယ့် ကြားနေကြ အသံကြောင့် ရင်းနှီးမှုကို ခံစားလိုက်ရသည် ။ လှည့်ကြည့်တော့ နှင်းမြူပါးပါးမှာ စက်ဘီးတစ်စင်းတွန်းလာတဲ့ မိန်းကလေးတစ်ယောက် ။ ပတ်ဝန်းကျင်တွင် အာရုံတက်၏ အရိပ်အငွေ့များ ယှက်သန်းနေပြီ ။

“နည်းနည်းနောက်ကျသွားတယ် ညကလည်း စာကျက်တာ မပြီးသေးလို့ ၊ သည်နေ့ ဆရာသာ မေးရင်သေပြီပဲ ..၊ လာ သည်နေ့ငါတို့ နှစ်ယောက်ပဲ မကြူသည်နေ့မလာဘူးတဲ့”


သည်တော့မှ ရည့် အသံကိုကျက်မိသည် ။ နောက်ဆုံးငါ့ ရည့်ကို စောင့်နေတာပဲ ကျူရှင်သွားဖို့ .. ။ သူ့ကို မတွေ့တာ ကြာလှပါဘီလော … မေ့လုမေ့ချင် ဖြစ်နေပြီလေ.. ။ ကျတော်တို့ မနေ့က တွေ့ကြလို့လား .. ၊ ကျတော် စောင့်တာ သူကိုလား .. ဒါဆို သူ့ကို ကျတော်စောင့်ခဲ့တာကြာလှပါဘီကွယ် … ။


“နည်းနည်းနောက်ကျလို့ စိတ်ဆိုးနေတာလား၊ အစ်ကိုရော စာရပြီလား ၊ နောက်တစ်ပတ် သြဂုတ်လ ၁၁ ရက် ငါ့မွေးနေ့ကျရင် မကြူရယ် နင်ရယ် ငါတို့ သုံးယောက်တစ်ခုခု သွားစားကြမယ်လေ .. နော် ၊ စိတ်မကောက်နဲ့တော့”


နောက်ဆုံးတော့ သူလာပြီလေ … စောင့်ဆိုင်းရတာ တစ်ခဏမကတာတော့ သေချာသည် ။ သူကို ကိုယ်စိတ်ဆိုးဖို့ မလိုဘူးထင်ပါတယ် … ။ သူနောက်ဆုံးတော့ ကိုယ်မျှော်လင့်ထားသလို ကိုယ့်ဆီကို ပြန်လာတာပဲ ။


“နော် … အစ်ကိုရယ် ၊ ဟုတ်ပြီလား”

(၂)

မနက်ဖြန် မေလဲ့ နဲ့တွေ့ဘို့ ခုညကတည်းက ရင်ခုန်ရသည် ။

မေလဲ့က ကိုဦးကို သည်လောက်တောင်လွှမ်းမိုး ထားနိုင်တာပဲ ။ သည်တစ်ခေါက် ပြန်ရောက်ကတည်းက မေလဲ့နဲ့ မတွေ့ရသေး … သေချာထွက်ကြည့်ရင် ၂ လနဲ့ ၁၇ ရက်တောင်ရှိတော့မယ် ။ သည်လို အသေးအဖွဲတွေဟာ ပြန်စဉ်းစားတွက်ချက်ရင် သိပ်လွယ်ပေမယ့် မိန်းကလေးတစ်ယောက်ကို ရင်ခုန်စေဖို့ သိပ်တာသွားတယ် ။ လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်လောက်တုန်းက မိန်းမတွေအကြောင်း သည်လောက် မသိတတ်တာ ကိုဦးညံ့တာပဲ … ။


သည်ည စာဖတ်ရင် ကဗျာတွေဖတ်ဖို့ သင့်မည်ထင်သည် ။ လရောင်ဆမ်းသော ချစ်သူ့အိပ်ခန်းဆောင်ကို ညဥ့်ယာဉ်ရထားဖြင့် တိတ်တဆိတ်သွားရောက်သင့်လေသလား ။ လေအလာ မွှေးပျံ့လွင့်မြူးသော ဆံနွယ်အရင်းမှ ရိပ်တရောင့်မြင်ရသော မေ့ရွှေလည်တိုင်ကြော့ကို နမ်းရှိုက်ခွင့် ငံလင့်ရမလား ။ အခုတော့ သည်လိုအတွေ့ မထူးပေမယ့် မောင့်မှာဖြင့်ရူးပြီမေ လို့ လိုက်မောစွာ ညည်းဆိုဖို့ပဲရှိ တော့မည် ။


မေလဲ့ နဲ့ ကိုဦးတွေ့စက ကိုဦးနှလုံးသားမှ ဒဏ်ရာသည်အက်ကြောင်းထင်ဆဲပင် ရှိသေးသည် ။ ထင်ပေါ်လှ သော မေလဲ့ကို သာမာန်ထက်ပို၍လည်း သတိမထားမိခဲ့ … ၊ ရူးမိုက်တုန်းပင်မို့ တစ်နေ့ဝယ် ဒဏ်ရာပေးခဲ့သူက ပြန်လည်ကုစားရန်ရောက်လာလိမ့်မည်မို့ အနာဖေးမတက်အောင်ပင် လွမ်းစကိုတွဲသီထားတတ်ဆဲ ။ ကိုဦး ရှုံ့ချခဲ့ဘူးသော သူများတွေ ဘာညာမသိတရားစာရွတ်သလိုပဲ … တစ်နေ့တစ်နေ့ လွမ်းချိန်ပေးကာ ကိုယ့်နှမကို တမ်းတရသည် ။

အဲသည်အတွင်းမှာပင် မေလဲ့ဘက်ကတော့ “ကိုမောင်မောင်ဦး” မှ “မောင်မောင်ဦး” ၊ “ကိုမောင်ဦး” …နောက်ဆုံး “ကိုဦး” လို့ အဖျားခက်ခေါ်သည်အထိရင်းနီးလာသည် ။ ကိုဦးတို့ ဆက်ဆံရေးကို ကာယကံရှင်တွေထက် သူများတွေက ပိုလို့ သတိပြုမိကြတယ်ထင်၏ ။ ကိုဦးသည် မရင့်မာသေးပြီမို့ တစ်ခါတစ်လေ မေလဲ့ကို ကွယ်ရာက တစ်စိမ့်စိမ့် ငေးတတ်တာက လွဲရင် သိသိသာသာ တပ်မက်ခြင်းမဖြစ်မိတာလည်း သေချာနေသည် ။ နောက် ကိုယ့်နှမဆီကမျှော်လင့်ခြင်းသည်လည်း အရိပ်အယောင်ပမာမျှ မမြင်ရသေးလို့မို့ မရနိုင်လေ မျှော်လင့်လေနှင့် နှောင်ကြိုးမဲ့လက်ရှိဘဝ ကို ကျေနပ် နေသလိုရှိ၏ ။


သို့သော် ကိုဦးလည်း ယောက်ျားတစ်ယောက်မို့ မေလဲ့နဲ့ တွဲသွားတွဲလာ လုပ်ခွင့်ကို ကျေနပ်လာရသည် ။ ဘယ်နှယ့် တစ်ခါတစ်ခါမှာ အဖော်ဆိုတာ မရှိမဖြစ်လိုအပ်သေးသည်မို့ ကျေးဇူးတတင်စွဲလမ်းရသေးသည် ။ မေလဲ့၏တည်ကြည်စွာ ချွဲနွဲ့တတ်သော အပြုံးချိုချိုကို တပ်မက်စပြုလာပြီ … ၊ ကိုဦး၏ ရှောင်တခင် ဖြည့်ဆည်းမှုကြောင့် ကျေနပ်မှု ကို မေလဲ့မျက်လုံးမှာ မြင်ရတော့ ယောက်ျားတစ်ယောက်၏ ဖြစ်တည်မှု ပိုမို လေးနက်လာသည် ဟုထင်ရ ပြန်သည် ။ နောက်ကိုဦးရဲ့ မျက်လုံးတွေကို မေလဲ့ စိုက်မကြည့်ရဲ့တာကြောင့် မျက်လုံးချင်းဆုံတမ်း ကစားရတာ ပျော်စရာထင်၏ ။ သည်လိုမိန်းမမျိုးနဲ့ လက်ထပ်ရရင် အသက်လုံး ယုယမှုတွေနဲ့ ပျော်နေနိုင်မှာပဲလို့ စိတ်ကူးယဉ်ရင်း အဆင်မပြေတဲ့လင်မယားစုံတွဲတွေကို သနားတတ်သေးသည် ။

ဒါပေမယ့် မေလဲ့ကိုယ့်ကို သဘောကျနေပြီရယ်လို့ အသေမတွက်နိုင်သေး ။ ကိုယ့်နှမတုန်းကလည်း သည်လိုပဲ မဟုတ်လား ။ မေလဲ့သဘောတူရင်တောင် ကိုဦးဖို့ ခုထက်ပိုပြီး နှောင်ဖွဲ့လာမှာကို စဉ်းစားသင့်သေးတယ်ထင်၏ ။ နောက် ကိုယ့်ကိုယ်ကိုယ်လည်း မသေချာသေး … ၃၊၄ နှစ်သည် စိတ်ဒဏ်ရာကို မွေးမြူမထားလျှင် ကုသဖို့ အချိန် လုံလောက်နေလေပြီ ။ စနစ်တကျလုပ်တတ်သူမို့ ကိုဦးအတွေးတွေ နယ်ချဲ့ ချင်တိုင်းချဲ့ မိသည် ။

သည်တုန်းအဝေးမှာ ပျော်ရွှင်နေသည်ဆိုတဲ့ ကိုယ့်နှမသတင်းလေးတွေ ကြိုကြားကြိုကြား ကြားရတတ်သည် ။ အိပ်မက်တွေမှာ ကို့နှမ နှင့်မေလဲ့ တစ်လှည့်စီရောလာသည် ။ မေလဲ့သည် ခုတလော ပိုလှလာသည်ထင်၏ ။ တစ်ခါတစ်ခါလမ်းလျှောက်သွားလျှင်ပင် မွှေးလွင့်၍ နူးညံ့မည်ထင်ရသည့် မေလဲ့ဆံနွယ်တွေကို ထိကိုင်မိ မတက်သတိမှားလာတတ်သည် … ။ မေလဲ့သည် ကိုဦးကို ခိုးစိုက်၍ စိတ်မရှည်စွာကြည့်တတ်ပြီ ၊ ကွေ့ဝိုက်ကာ စကားစတတ်လာပြီပဲ ။ ကိုဦးကတော့ တွေနေဆဲပဲကွယ် .. ။ အချိန်အနေ အချိန်အခါသည် လိုအပ်သည်ထက် ပို၍ တွန့်ကြာသော ကိုဦးကို နည်းဗျူဟာ ပြောင်းလဲပေးဖို့ ကြိုးစားသည်ထင့် ။ နေ့စဉ်လိုလို လမ်းသင့်၍တွေ့နေကြ မေလဲ့သည် ကိုဦးအနားမှ ရုတ်တရက် အလှမ်းဝေးသွားရ၏ ။


ရိုဒင့်အကြောင်းကိုဖတ်တုန်းက သိပ်လှတဲ့ စာတစ်ပိုဒ်ကို ကိုဦးမှတ်မိဖူးသည် ။ ‘ယောက်ျားတစ်ယောက် အဖို့ မိန်းမတစ်ယောက်ကို သူတကယ်ချစ်တယ်ဆိုတာ သိရတဲ့ အချိန်ဟာ အဲသည်မိန်းမ သူ့ဘေးနားက ထွက်သွားတဲ့ အချိန်ပဲ’ တဲ့ ။ အဲသည်စကားလေးသည် အရင်တုန်းက အဓိပ္ပာယ် မသိပေမယ့် ခုတော့ တစ်ယောက်ထည်းထိုင်ပြီး မေလဲ့ကို သတိရတိုင်းတွေးတတ်လာသည် ။ မေလဲ့သည် ကိုဦးလက်လှမ်းလို့ မှီဆဲပါပဲကွယ် .၊ မေလဲ့နဲ့ တစ်ဘဝလုံးနေဖို့ ကိုဦးမှာ အခွင့်သာဆဲပါပဲ … ။ မေလဲ့ကို ကိုဦးကြိုက်တာတော့ အသေအချာပါပဲ .. ၊ မေလဲ့ကိုယူရင် ကိုယ့်နှမနဲ့ သူ့ချစ်သူ စုံတွဲကို ကောင်းကောင်းကြီး ယှဉ်လို့ နိုင်နိုင်တာပဲ .. ၊ မေလဲ့ ရုပ်ရည်၊ ပညာ ၊ အဆင့်အတန်းက ယောက်ျားတိုင်း သဘောကျနှစ်ခြိုက်မှာပါ ။ ဟင့်အင်း ဒါက ယောက်ျားဈေးတွက်ကြီးမဟုတ်လား ။ မေလဲ့ကို ကိုဦးချစ်သလား ၊ မောင့်နှမလိုတော့ ရင်မခုန်တတ်ဖူးလို့ထင်သည် ။ ဒါပေမယ့် ခုလိုစိတ်ကူးခွင့်ရရင် အရင်ကကိုဦးအနားမှာ ရှိတတ်တဲ့ မေလဲ့ ကိုပဲ သတိရတတ်သည် ။ ဒါဆို ချစ်တယ်လို့ သတ်မှတ်ဖို့ လုံလောက်ရဲ့လားကွယ် ။ ကိုဦးမေလဲ့ ကို ချစ်မိနေပြီ မဟုတ်လား ။


“သြော် မေလဲ့ရယ် ၊ ဟုတ်လား”

(၃)


ကိုယ့်နှမ ရည့်ကို မြင်တော့ ဆွတ်ပျံ့ မှုကိုပြန်ရသည် ။ ကိုယ်ခံစားဖူးချင်တဲ့ မေ့လောက်နေပြီဖြစ်တဲ့ ရုပ်ရှင်တွေ အချစ် ဝတ္ထုတွေထဲက ခံစားမှုမျိုး ။ ဝေဝါးနေခြင်းသာ အနှောက်အယှက်ဖြစ်၏ ။ ကိုယ် ရည့်ကိုမတွေ့တာ နှစ်ချီပြီထင်သော်လည်း သူကတော့မနေ့တနေကလိုပြောနေသည် ။ ရည့် ကိုယ့်ကိုစောင့်ရင် အိပ်ပျော်နေတာလား ၊ ရည့်ချစ်သူရော မပါဘူးလား ။ ဒါမှမဟုတ် ကိုယ့်ကို ကိုယ့်နှမ မကြားချင်သည့် စကားမဆိုဝံ့အောင်လှည့်စား ထားတာလား ။

“ကဲ ကိုမောင်မောင်ဦး သွားကြမယ်..”

စက်ဘီးစီးရင်း ပတ်ဝန်းကျင်သည်မှုန်ဝါးလာသည် ။ ရှေ့မှာထက်ဘာမှ ပိုပြီးမမြင်ရ … ၊ အမှောင်ဝေတဝါးထဲ ကိုတိုးသွားရင်း နှင်းမြူတို့ပြည်စ ပြုလေပြီ ။

“အစ်ကို နင်ပြောင်းသွားတယ်နော် … အရင်ကလိုမဟုတ်ဘူး စကားနည်းသွားတယ်”


ဟန်ဆောင်တားတာမောလို့ထင်ရဲ့ ရည်က လက်ရှိအချိန်ကိုပြန်ဆွဲတင်သွားသည် ။ မတွေ့ရတာ ၅ နှစ်လောက်ရှိပြီကွယ် ကိုယ်လည်းရည်နဲ့ နောက်ဆုံးတွေ့ရတဲ့ လူပျိုပေါက်လေးမှ မဟုတ်တော့တာ … ။ မဟုတ်သေးဘူးထင်သည် ၅ နှစ်ဆိုတာ အမှန်ကသေချာပေမယ့် ခုလိုမျိုးတော့ မကြာမကြာတွေ့ ဖူးသားပဲကွယ် ။ မတွေ့တာတော့ ကြာပြီ … ခုတလော ကိုယ့်စိတ်ထဲမယ် မေလဲ့ကို သာစိုးမိုးလို့ နေသည် … ။

ကိုယ်သည် စကားစရှာမရသလို တစ်အ၍နေသည် ။ ရည့်ချစ်သူဘယ်မှာလည်းဟင်လို့ မေးလိုသည့်မေးခွန်းကိုပဲ တိုက်ရိုက်မေးလိုက်ရမလား ၊ သည်အတွင်းမင်းကိုယ့်ကို သတိမရဘူးလား ၊ နောက် သည်လို ကိုယ်နဲ့ ရှောင်တခင်တွေ့ကြတာရော အမှတ်ရရဲ့လားမေးချင်သည် ။

“အရင်ကလို ငါတို့ ၃ ယောက် ကျူရှင်အတူတူသွားကြတာ မှတ်မိသေးတယ် ၊ နောက်ဆရာ့ဆီမှာ စာဖြေတော့ အောက်ကနေကူးချကြတာ .. ၊ မကြူကြီးလည်း မတွေ့တော့ဘူး …. ၊ နင်လည်းအရင်ကလို အတ္တကြီးတုန်းပဲလား အစ်ကို ….နောက် ရည်းစားရော ရပြီလား ၊ အိမ်ထောင်ရော ကျနေပြီလားဟင်”

(၄)


ယောက်ျားတစ်ယောက်မှာ ရည်းစားရှိရမည့်အရွယ် .. ၊ အိမ်ထောင်ပြုရမယ့် အရွယ်ဆိုတာ သတ်သတ်မှတ်မှတ်ရှိသည် ။ ကိုဦး အရွယ်မလွန်သေးပေမယ့် မေးငေါ့တတ်တဲ့ ခင်မင်သူတွေ ပေါနေပြီ ။ တစ်ခါတစ်ခါလည်း သူတစ်ပါးချစ်သူရည်းစားတွေကို ငေးမောရင်း တစ်ယောက်ယောက်ကို သတိရတတ်သည် ။ ဒါ ကိုယ့်နှမလား … မေလဲ့လား .. ။ စောင့်ဆိုင်းခြင်းများတွင် စိတ်၏တိကျသော အဖြေကို စောင့်ဆိုင်းရမှု သည် စိတ်ပျက်စရာ အကောင်းဆုံးလို့ ကိုဦးထင်သည် .. ။


‘ကျတော်မင်းကို ချစ်နေတယ်…’

အင်မတန်ပင် လွယ်လွန်းသောစကားတစ်ခွန်းဖြစ်မည် … ။ နောက်ဆုံး မိန်းကလေးက မျက်လွှာလေးချကာ အဖြေပေးလေတော့ ရှက်နေရှာသော ချစ်သူ့ တုန်ယင်နှုတ်ခမ်းကို စုတ်ယူသော ကိုယ့်နှုတ်ခမ်းသားများလည်း ပူနွေးရွှန်းစိုနေဖို့ အနည်းဆုံး လိုမည် ။ ရှေ့ဆက် ခရီးအတွက် လိုအပ်ချက်များ .. ဝတ္တရားများကို ယောက်ျားတစ်ယောက် သည်းခံနိုင်ရန် မျက်ကန်းချစ်စိတ်ကိုပင် အားပြုရပေတော့မည် . .. ၊ သည်မျက်ကမ်းချစ်စိတ်မျိုး မေလဲ့အပေါ်ရှိရဲ့လား ကွာ… ။


အနည်းဆုံး စိတ်ဆိုး စိတ်ကောက်တော့ ရှိမည် .. မနာလိုပြ ၊ ချုပ်ချယ်ပြ … ၊ နောက် တစ်ယောက်အလို တစ်ယောက်ကလိုက် ၊ သည်လိုမျိုး ကို လက်ခံနိုင်ဖို့ တစ်ဦးတည်းဖြစ်တည်မှုကို မြတ်နိုးတဲ့ ကိုမောင်မောင်ဦးတစ်ယောက် ဘယ်လိုစိတ်အားထုတ်မလဲ .. ။ အသက်လေးက ကြီးလာပြီထင်၏ ။ မောင့်နှမ တုန်းကတော့ သည်လောက်မတွေးမိခဲ့ဘူး … ။ ယောက်ျားလေးတိုင်း သည်လိုတော့ မတွေးကြဘူးထင်ပါရဲ့ .. ။ သည်လိုပဲ နေကြရင်းအကြောင်းသင့်တော့ လက်ထပ်လိုက်ကြ … ဒါမှမဟုတ်လဲ ကွဲကြ ၊ ပြဲကြ .. နောက်တစ်ယောက် ပြောင်းကြနဲ့ ဖြစ်နိုင်ရင် သည်လို သတ္တိမျိုး ကိုဦးလိုချင်သည် ။ ခက်သည်က အားကျတတ်ပေမယ့် တစ်ခါတစ်ခါစိတ်ကြီးဝင်ပြီး ကိုယ်ကမှ ချစ်တတ်တယ်ထင်လေတော့ အဲလို လူတွေကိုပဲ သနားရသေးသည်.. ။


ခေတ္တခွဲခွာ ရခြင်းသည် စိတ်ကိုညစ်နွမ်း စေမှုဖြင့် ဝေဝါးသေးသော်လည်း တိကျသော အဖြေကိုတော့ ပေးတတ်၏ ။ ကိုဦးဘေးမှာ မေလဲ့ကို အမြဲတမ်းတလို့ မရနိုင်တော့ သည်မှ တကြိုးတစား သွားတွေ့ရခြင်းဖြင့် သာယာစေခဲ့၏ ။ ညအိပ်မက်များမှာ ကိုယ့်နှမရုတ်တရက်ကွယ်ပျောက်လျက် မေလဲ့သည် စိုးပိုင်ခြင်းဖြင့် ကိုဦးကို နိုးတစ်ဝက်အိပ်မက်မက်စေခဲ့သည် … ။ သည်လိုတော့ ကိုယ့်အချစ်ကို ဖွင့်ဟဖို့ အချိန်တန်လေပြီ .. ။

ကိုဦး တွေ့ချင်သည်ဆိုတော့ မေလဲ့လိုက်လျောမြဲ ။ အေးအေးစကားပြောချင်လို့ပါလို့ ကိုဦးပြောတော့ မေလဲ့တစ်ဖက်က ရင်ခုန်လေမလားမှန်းကြည့်ရသည် … ။ မေလဲ့ ကိုတွေ့ဖို့ ရုပ်ရည်အပြင်အဆင်ထင် ပိုင်းဖြတ်မှု စိတ်တစ်ခုတည်းသာ ပိုင်နိုင်ရင် စိတ်ချသက်သာစေမည် ။ ဘာလိုလိုနဲ့ မနက်ဖြန် မေလဲ့ နဲ့တွေ့ဘို့ ခုညကတည်းက ရင်ခုန်ရသည် ။ နက်ဖြန်ကိုယ့်ကို စောင့်နေမယ့် မေလဲ့ကို သည်ညအိပ်မက်ထဲမှာ ပင် အစမ်းကြိုတင် ချိန်းဆိုလေ့ကျင့်ချင်လာပြီ ။

ဘဝမှာ သည်တစ်ခါလောက် ရင်ခုန်မလိုက်မောစဘူး ဟုတင်သည် ။


(၅)


ဝိုးတဝါးမြူတို့ အလွန်တွင် လှပသောရှုမျော်ခင်းသည် သက်ဆိုင်ခြင်းမရှိပေါ်လာ၏ ။ အချိန်သည်ကုန်လွန်မှု မြန်သလို ရွေ့လျားမှုတော့ မရှိ။ ကျူရှင်သွားရင်း ကျူရှင်တတ်ခဲ့ရသည့် ဘဝမှာ တမျှော်တခေါ်ဝေးကွာ ခဲ့ပြီထင်မိ၏ ။


ကိုယ့်ရင်သည် ဆွတ်ပျံ့ ဆဲ ကိုယ့်နှမ ရုတ်တရက်ဝေးကွာပျောက်ပျက်သွားမည်ကို စိုးကာ အတွေးကိုပင် ရဲရဲမတွေးဝံ့ ၊ ကိုယ့်နှမသည် တွေ့စကလို ဗိုလ်ကေမဟုတ်တော့ပဲ ကိုယ်သဘောကျသည့် ကျောထက်ရှည်သော ဆံပင်ကို ကလစ်တစ်ခုဖြင့် ရုတ်တရက် နှောင်ကာ မျက်လွှာစွန်းဖြင့် စိုးရိမ့်သူ့ မျက်နှာကို ငေးကြည့်နေသည် .. ။

“ပြောပါဦး ကိုမောင်မောင်ဦးရဲ့ ဘာတွေများ သည်လောက်တောင် ကြည့်နေတာတုန်း .. ငါ့ကိုကြည့်ပြီး ဘယ်ကရည်းစားကို သတိရနေတာတုန်း … မျက်နှာထားက ရောဘာကို စိုးရိမ်နေတာတုန်း တော်ပါ ငါစတာ သည်နေ့ ကျူရှင်မှာ စာမမေးပါဘူး ..”

“ရည် မင်းငါပြောကိုတာကို အရေးမထားဘူးလား ”

“ဘာလဲ .. အစ်ကို”

“ငါမင်းကို ချစ်နေတယ် … ဟုတ်တယ် ခုလည်း ချစ်ဆဲပဲ ..၊ မင်းငါ့ကို ငြင်းထားတာတောင် အခြားလူဆီ စိတ်မပြောင်းနိုင်ပဲ တိုက်ဆိုင်ရင်မင်းကို သတိရနေတယ် နောက် မင်းနဲ့ပြန်တွေ့ဖို့မျှော်လင့်နေတယ်ဆိုတာတွေ … အနည်းဆုံး မင်းကို ချစ်တယ်လို့ ပြောထားတဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ မင်းသည်လောက် သက်တောင့်သက်သာ မဖြစ်သင့်ဘူး …”

“ငါ့ အစ်ကိုကို ပြောပြီးပြီပဲ ငါ့မှာ ချစ်သူရှိတယ်….၊ နောက်နင်လည်း သည်လောက် ၅ နှစ်တာမှာ ချစ်တဲ့သူတစ်ယောက် မတွေ့သေးဘူးလား ၊ နောက်နင်ငါ့ကို ချစ်တာ မဟုတ်ပါဘူး .. ၊ နင့်အချစ်အတွက် ကုန်ရမယ့် ဝတ္တရားတွေကို စိတ်ကူးထဲမှာ ထားပြီး ရှောင်ပုန်းချင်တာပဲ ၊ နင်ငါ့နဲ့ ချစ်သူတွေဖြစ်လို့ အချိန်ကြာရင် နင်ပျော်မယ်ထင်လားအစ်ကို ….”

“မင်းသက်သက်ငါ့ကို အထင်သေးတာပဲ ၊ ယောကျာ်းတစ်ယောက် အချစ်ကိုလက်မခံပဲနဲ့ အဲသည်ယောက်ျားကို မချစ်တတ်ပါဘူးလို့ မင်းမျက်စိမှိုတ်ငြင်းနေတာ … ၊ ကိုယ့်စိတ်မှာ မင်းကိုအမြဲထားပြီး လှမ်းမရတဲ့ အဖြစ်ဟာ ဘယ်လောက်ရင်နာရလဲမင်းသိလား”

“ဒါ နင်ကိုယ့်ကို ကိုယ် ဒုက္ခရှာတာပဲ.. ၊ နောက် နင့်ဘာသာနင် ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပြီး သူတပါးကို မချစ်နိုင်လောက်အောင် အတ္တကြီးတာမဟုတ်လား ၊ နင့်ကို ငါ လုံးဝ သတိမရပါဘူးလို့ ငါငြင်းရင်တော့ ငါ့ကိုယ်ငါ လိမ်တာပဲ ၊ အစ်ကို ငါနင့်ကို နင်ထင်ထားတာထက် ပိုပြီးနားလည်တယ် ၊ နင်ရဲ့ စကားတွေကို ငါမမေ့သလို နင့်ရဲ့ စိတ်ဓာတ်ကိုလည်း ငါမမေ့ဘူး ၊ … နင်ဟာ သားနဲ့ မယားနဲ့ နေနိုင်လောက်တဲ့ ယောက်ျားမျိုးမဟုတ်ဘူး … နင့်လက်ရှိဘဝထင် နင့်စိတ်ကူးထဲက ဘဝကို အသားပေး ၊ အချိန်ပေး ချင်တဲ့ ယောက်ျားမျိုး …. ဒါကြောင့်မို့ နင်ငါ့ကို စိတ်ထဲမှာ ထားပြီး နင်လက်ရှိတိုးတက်ရေးကို ပဲ အာရုံစိုက်နေနိုင်တာမဟုတ်လား …၊ နောက်နင်နဲ့ ငါ ချစ်သူတွေဖြစ်ခဲ့ရင်ရော ဘယ်လိုဖြစ်မယ်နင်ထင်လည်း ၊ နင့်ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာတွေကို ငါတောင်းဆိုတာနဲ့ နင်ငါ့ကို စိတ်ပျက်မှာပဲ ၊ … မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်လို့ အမြင်ကျယ်ပါစေ ..၊ ငါကတော့ ကိုယ့်ကိုတစ်ကယ်ချစ်ပြီး အနည်းဆုံး အဲသည်အချစ်ကြောင့် ကိုယ်ကလည်း ပြန်ချစ်နိုင်မယ့် ယောက်ျားကိုပဲ လိုချင်တယ် .. သေချာတာက နင်သည်လို ယောက်ျားမဟုတ်ဘူး ”

“မင်း ငါ့ကို မခဲနဲ့ပါနဲ့ .. တစ်ဖက်သက်ပြောတယ်ပဲ ဆိုဆို ဒါတွေဟာ ငါ့အတွက်အမှန်ဘဲ …. ငါမင်းကို တန်ဖိုးထားချစ်ခဲ့တာ .. နောက်မင်းငါ့အချစ်ကို တန်ဖိုးမထားတာ .. အဆိုးဆုံးကတော့ မယုံတာပဲ ..၊ ဒါထက်ပို ပြီး ငါရင်နာရတာက ငါ့အချစ်ကို မင်းယုံအောင် သတ်သေပြဖို့ ငါမစွန့်လွှတ်ရဲ့ ခဲဘူး ၊ မင်းပြောတာဟုတ်မယ် ငါ့ဘဝက အားလုံးအဆင်ပြေနေတော့ သည်ဘာမဟုတ်လေးကို ပုံကြီးချဲ့တယ်လို့ ထင်တယ်ဆို တာ ။ ဒါပေမယ့် ဒါဟာ ငါ့အတွက် အရေးမပါတာမဟုတ်ဘူး ၊ လောကမှာ ဦးဆုံးချစ်ရသူက ငြင်းခံရတဲ့ ယောက်ျားပေါင်း ရေတွက်ရအောင် ရှိကောင်းရှိမယ် ဒါပေမယ့် သူတို့အားလုံ ငါ့လိုခံစားရမယ်မထင်ဘူး ၊ မင်းတစ်နေ့ ငါ့အနားပြန်ရောက်လာမယ်လို့ ကိုမျှော်လင့်ခဲ့တယ် ….အဲဒီမျှော်လင့်ချက်ဟာ တစ်ဖြည်းဖြည်းယုံ ကြည်ချက်အဖြစ်ပြောင်းသွားတယ်ဆို မင်းလှောင်ဦးမှာလား …၊ မင်းကို ငါမေ့ထိုက်တယ်ဆိုတာ ဟုတ်တယ် ဒါပေမယ့် အချစ်ဆိုတာ အဲမင်းပြောသလို စွဲလမ်းမှုဆိုတာ ငါ့လိုလူအတွက် လွယ်လွယ်မပျောက်နိုင်ဘူး .. မင်းကို ငါအဆက်အသွယ်မလုပ်တော့တာနဲ့ မေ့သင်တယ်လို့ ထင်တဲ့ အတိတ်တစ်ခုဟာ လွင့်ပျောက်မသွားဘူး”

“အစ်ကို သည်အတွင်းမှာ ချစ်တဲ့ သူကိုမတွေ့ဘူးတဲ့လား … မိန်းကလေးဆို တစ်ယောက်မှ နီးစပ်မှုမရှိဘဲ နေလာတာလား ၊ ဘယ်မိန်းမကိုမှ ရင်မခုန်ဘဲ.. စိတ်တောင်မကူးဘဲနေလာတာလား”

“ကိုယ်မိန်းကလေးတွေ မတွေ့ဘူးဆိုတာမဟုတ်ပါဘူး … ကိုယ်မင်းထက် သဘောကျလောက်တဲ့မိန်းကလေး တွေ အများကြီးပါ .. ခက်တာက ကိုယ်သူတို့ကို ချစ်လို့မရဘူး … ၊ သူတို့ကို ကြင်နာပြလို့ရတယ် တွဲပြလို့ရမယ် နောက်ဆုံးကွာ ကောက်ပြီးလက်ထပ်ယူလို့ ရမယ် ၊ ဒါပေမယ့် မျက်ကန်းအချစ်မျိုးနဲ့ ချစ်လို့မရတော့ဘူး … အဲဒါဘာကို အပြစ်တင်ပြီး ငါ ဘယ်လိုပြင်ရမှာလည်း နင်ပြောစမ်း … ဟုတ်တယ် ဒါကြောင့်ငါတွေဝေတယ် ကိုယ်ချစ်မချစ်မသေချာတဲ့ ဘယ်မိန်းမကို မှ ငါမရွေးချယ်နိုင်ဘူး …. ။”


“အစ်ကိုရယ် နင်ကငါထင်တာထက် အတ္တပိုကြီးတာပဲ … ၊ နင့်အချစ်ကို မခံစားတတ်နိုင်အောင် အတ္တကြီးတာပဲ ၊ နောက်တွေဝတတ်တယ် ၊ … အချစ်မှာ ငါ့ကိုယ်တွေ့အရတော့ သဘောကျတာ ရာခိုင်နှုန်းနည်းပါတယ်… သူ့ကိုချစ်တာ အမှန်ဆုံးပဲလို့ ယုံကြည်ပြီး တွေဝေမှု ကင်းကင်းနဲ့ သူ့အလိုလိုချစ်သွားတာပဲ ၊ အစ်ကိုပေးလို့ပဲ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အချစ်ရဲ့ဦးဆုံးဖြစ်တည်မှုမှာ အရောင်မျိုးစုံပါတယ်တဲ့ .. Red- Hot , Green –Comfortable , Blue –Romantic နောက် Pink – Cute တဲ့ ဒါပေမယ့် အချစ်ဟာခိုင်မာသွားတာနဲ့ ခုဏက အရောင်စုံပေါင်းစပ်သွားပြီး အဖြူရောင် ပဲဖြစ်သွားတယ် .. ၊ အခု ငါ့လက်တွဲဖော်ကို သည်လိုခံစားချက်သက်သက်နဲ့ လက်ခံခဲ့တာ … ၊ သူ့အရင် ရည်းစားလည်း ထားခဲ့ပါတယ် .. ဘယ်လိုပဲပြောပြော အဲသည်ရည်စားတုန်းကလည်း ငါတကယ်ချစ်တယ်လို့ ခံစားရလို့လက်ခံခဲ့တာ …. ချင့်ချိန်တာဆိုလို့ အမေတို့များ သိမလား စိတ်ပူတာပဲရှိတယ်”

“တော်ပြီ ….မင်းသိပ်စကားတတ်သွားပြီ”


“ငါစာ သိပ်ဖတ်အောင် အစ်ကိုပဲလုပ်ပေးခဲ့တာပါ ..၊ နောက်တစ်ခုက မသေချာပဲ မိန်းကလေးတစ်ယောက်ကို နင့်အတ္တကြောင့် ဒုက္ခမပေးပါနဲ့ ….နင်တစ်နေ့ချစ်တတ်လာဖို့ ငါဆုတောင်းပေပါ့မယ် …”


ပတ်ဝန်းကျင်သည် ရုတ်တရက်လင်းလာသလိုရှိ၏ ။ စိတ်ထင်သေချာသော ဆုံးရှုံးမှုသည် စတင်လာပြီ ။ ကိုယ့်ရင်တွေ သိပ်ခုန်လာပြီထင့် ။ ဝေဝိုးစွာ လွင့်ပြန်နေသော အမှောင်ကို ဖမ်းဆုတ်ရဲဆေးတင်ရင်း ကိုယ့်နှမကို ဖက်လို၏ ။ မွှေးကြူသော်လည်း ထိတွေ့၍မရသော ၊ အကောင်အထည်မရှိသော်လည်း အသိရှိသော ခန္ဓာ တစ်ခုသည် ရုတ်တရက် ခပ်သောသောရယ်သံနှင့် ပျက်ပျယ်စပြုလာသည် ။ မှောင်ပိန်းသောဆံပင်ချည်များသာ ကိုယ့်အပါးမှာ ကျန်ရစ်သည်ထင့် ။ ကိုယ့်နှမသည် ဆံပင်များကို သိမ်းရုတ်ရင်း ကိုယ့်ကို အလင်းထဲသို့ ဆွဲနှစ်ပစ်ခဲ့၏ ။ ကိုယ့်နှမကြောင့် ကျရသည့် မျက်ရည်စများကိုပင် ပိုးသားဆံချည်တို့ နှင့် သိမ်းသုတ်ပေးခဲ့သေးတာ ကျေးဇူးတင်စရာပဲ ။


(၆)

နောက်တစ်နေ့မနက် ကိုဦး မေလဲ့ဆီရောက်တော့ အိပ်ချင်စိတ်ကမပြေသေး ။ ညက အိပ်မက်မက်သည်ပင် အိပ်ပျက်ခြင်းထက်ဆိုးကာ အိပ်ရေးမဝသည်ထင့် ။ မေလဲ့သည် အထူးသဖြင့် ပြင်ဆင်ထားသည့်တိုင် ကိုဦးအတွက် မကလက်ပဲ တင့်တယ်သော ယှဉ်တွဲခေါ်ငင်စရာ ၊ ပွဲလယ်တင့်စရာပင်ကောင်း၏ ။

“ကိုဦး ကြည့်ရတာ မလန်းမဆန်းနဲ့ ညက ရုပ်ရှင်တွေကြည့်နေလို့လား”

“မဟုတ်ပါဘူး ညက စာဖတ်ရင်းအိပ်သွားတာ နည်းနည်းအိပ်ပျက်သွားတယ် .. ၊ ဒါထက် အပြန်ကျ လိုက်ပို့မယ်လေ”

“နေပါစေ တကူးတက …”

“မဟုတ်ရပါဘူး ကိုယ်လိုက်ပို့ချင်လို့ပါ …”

မေလဲ့သည် နားလည်ပေးသလိုပြုံး၏ ။ သည်လိုနားလည်မှုကို ကိုဦးချစ်တာပဲ ။ အချစ်ဆိုတာ ပျောက်ကွယ်လုနီးပါး ပွတ်စားသွားတဲ့ အခါမှာ နားလည်မှုဟာအရေးကြီးဆုံးပဲ မဟုတ်လား ။

“ဒါထက့် ကိုဦး လဲ့ကို ပြောမယ်ဆိုတာ.....”

“အော် … ဘာမှ မဟုတ်ပါဘူး ကိုယ်လည်း မေလဲ့ကိုတွေ့ချင်နေတာနဲ့ ……”


“လဲ့နဲ့ ကိုဦးတောင်မတွေ့တာ ကြာပြီ .. ၊ ဒါထက် ဟိုတနေ့က စိုးတို့နဲ့တွေ့လို့ ကိုဦးကိုတောင်မေးသေးတယ် ၊ လဲ့နဲ့လည်း မတွေ့ဘူးပြောတာမယုံကြဘူး .. ၊ လူတွေကို ဘာများထင်နေလဲမသိ …”


“သူများတတွေ ကိစ္စကို စိတ်ဝင်စားတယ်ထင်ပါရဲ့ဗျာ ၊ သူတို့က မေလဲ့မို့ သည်လောက်ပြောတာ ကိုယ့်ကိုဆို ရစရာမရှိအောင် စကြတာပဲ .. ၊ ”


“ဟားဟား …. ကိုဦးကလည်းပြောစရာဖြစ်အောင်နေတာကို … မေလဲ့ကို သိပ်လွမ်းနေတယ်ဆို”

“ဒါကတော့အမှန်ဘဲ … ဒေါ်ကြီးစိုးတို့ က ပြောသွားတာလား”

“အမယ် ထားပါ ၊ …ဒါထက်အမေတို့နဲ့ ဖုန်းဆက်တော့ပြောသေးတယ် … သမီးမှာချစ်သူတွေ ဘာတွေရှိရင် ပြောတော့တဲ့ .. မမကလည်းပြောတယ် သူပြောပေးမယ်တဲ့ လဲ့မျက်နှာပူရင်လေ … ၊ လဲ့ ကတော့ ပြောလိုက်ပါတယ် စိတ်မဝင်စားသေးပါဘူးလို့ … တကယ်ဆို စိတ်ရှုပ်စရာ ကိုဦးရယ် ….”


“ဟုတ်ပါတယ် .. ကျတော်တို့ အရွယ်ဟာ ရည်ရွယ်ချက်တွေ ပြည့်ဖို့ ကြိုးစားရဦးမှာပဲ .. ၊ တစ်ခါတစ်ခါ သည်လို ကိစ္စမျိုးက စိတ်ရှုပ်စရာ .. ၊ ကိုယ်တို့ငယ်ပါသေးတယ် နောက် မေလဲ့လည်း မဟိုင်းသေးပါဘူးကွယ် … ”

မေလဲ့ဆီမှ သက်ပြင်းချသံ သဲ့သဲ့ကြားရ၏ ။

ကိုယ့်နှမပြောခဲ့တာ သိပ်မှန်၏ ။ ကိုဦး အလွန်တွေဝေတတ်လေသည် ။ ။


Aung Phyoe
( သြဂုတ် ၂၆ ၂၀၁၀ ၊ 1:05 AM)

19 April 2010

လက်စားချေခြင်း


အိပ်ယာပေါ်လှဲလိုက်ပြီးချင်းဝင်လာသော အတွေးမှာ “ငါဟာ သနားစရာသတ္တဝါပါလား” လို့ ဖြစ်၏ ။

(၁)

ကိုဦးသည် ငယ်စဉ်ကပင် လိမ္မာသည်ဟု ကျော်ကြား၏ ။ထိုသို့ လူကြီးတွေကြား ကျော်ကြားခြင်းသည်ပင် သူ့လူငယ်ဘဝအတွက် အညွှန့် ကျိုးရသည်ဟုထင်သည် ။

သူသည် ငယ်စဉ်ကပင် လိမ်ညာခြင်းဟူသည်ကို မကောင်းကြောင်း သင်ကြားရလျက်ကပင် ဟန်ဆောင်ခြင်း၌ ပျော်မွေ့စေ ၏ ။ ထိုစိတ်ဓာတ်သည်ကြီးရင့်သည်ထိ စွဲလာတာတော့ မကောင်းလှဘူးထင်သည် ။ ထိုအခါ ငိုယိုလိုသည့်တိုင် မိမိကိုယ်ကိုယ် လိမ်ညာပြီးသနားခြင်းအတိဖြစ်ရ၏ ။

အိပ်ယာသည် ပြောင်ရှင်းတင်းရင်း၍နေသည် ။ တစ်ကိုယ်ရေ ယောက်ျားတစ်ယောက်အိပ်ယာက သည်လောက် မသန့်ရှင်းသင့်ပါဘူးလို့ ယူဆသည့်တိုင် လူမြင်လျှင်ချီးကျူးခံရမည်ကို ကြည်နူးနေ၏ ။ ထို အခါ အတွေးသည် ချက်ချင်းပြောင်းသွားပြီး “ငါဟာ သနားစရာသတ္တဝါပါလား” ဟု ခပ်တိုးတိုးရေရွတ်မိသည် ။

(၂)

လူတကာ ချီးကျူးခံလိုခြင်းသည်ပင် ဘဝ၏အမှားဖြစ်သည်ဟု ကိုဦး တွေးမိသည်။ ငယ်စဉ်ကဆို အဘွားက ကျွန်မ မြေးလေး ဘယ်မှထွက်မဆော့ဘူး ဟု ဂုဏ်ယူပြောတတ်သည် ။ သည်အခါ ထိန်းရလွယ်အောင်ပင် အဖေသည် ကာတွန်းစာအုပ်များ ဝယ်ပေးပြီး အမေကတော့ ပုံပြင်သာဖိပြောတော့သည် ။ ရွယ်တူတန်းတူ ကစားကြသူများကိုပင် သနားစရာ သတ္တဝါလေးတွေလို့ မြင်လာအောင်ပြောတတ်ကြသေးတော့ သည်လို လူမျိုးဖြစ်ရမှာကို ငယ်ငယ်ကပင် ကြောက်ချင်ချင် ။ အဖေတို့က တစ်သက်လုံး လူတောမတိုးနေရတော့မည့်နှယ် ထင်ယောင်လာစေတော့ ငယ်ငယ်နှင့် စာဖတ်နိုင်သော ကိုဦးသည် စာလုံးပေါင်းကာ စာအုပ်တွေဖတ်တော့သည် ။ ဘောလုံးကို ဟန်ပြဝယ်ထားသည့်တိုင် ကန်မည့်သူမရှိ၍ ခြေနှင့်ပင်မတို့ဖြစ်တော့ သတိရလို့ ရော်ဘာအစု ပိန်ရှုံ့ ရှုံ့ကို လေထိုးမည်ဆိုသောအခါ ဘောလုံးမှာ ပျက်စီးသွားခဲ့လေပြီ ။

ညီအစ်ကိုမောင်နှမ မရှိခြင်းကပင် ကိုဦး၏ အတ္တကို ဖွင့်ဖြိုးစေသည်ထင်၏ ။ ဝမ်းကွဲ အစ်ကို၊ နှမ များကိုပင် သွေးနီးသည်ဟုမထင် .. ၊ ကျောင်းတက်ရင် စာတော်ရန်သာ အရေးတကြီးလုပ်၍ သူငယ်ချင်းရှာ၍ ပေါင်းရမည်ကိုပင် စိတ်မဝင်စားခဲ့ ။ အားအားရှိစာဖတ်ရင်း စာအုပ်တွေကို စိတ်ဝင်စားလှသည်မဟုတ်သည့်တိုင် စာအုပ်ထဲမှ ဇာတ်ကောင်တွေကို အံ့သြ၍သာနေခဲ့၏ ။ ကိုဦးအတွက် စာရွက်များပေါ်မှ ဘဝသည်ဆန်းကြယ်လွန်း၍ စက် ဆုတ်ဖွယ် အတိဖြစ်ကောင်းဖြစ်နေသည့်တိုင် ကျေနပ်မှုကိုတော့ ရ၏ ။ စိတ်၏ မကျေနပ်မှုများသည် မိမိထက်နိမ့်ကျတဲ့ လူများအကြောင်း ၊ ပိုမိုစိတ်ဒုက္ခဖိစီးခံရသူများ အကြောင်းသိခြင်းမှ စိတ်ပြေလာစေတတ်၏ ။ ထိုအခါ ကျေနပ်ဖို့ ပျော်ရွှင်ဖို့ ဝတ္ထုဖတ်ကြတယ်လို့ သူများပြောသည်ကို နားမလည် ။ ရွယ်တူတွေ ကြားဝယ် ရှားရှားပါးပါးပြောစရာ လည်းမရှိသည်မို့ လူကြီးများကိုပင် အထင်ကြီးစေလျက် အချိန်ကုန်ရ၏ ။

ကိုဦး မိဘများသည် သူ၏ဖြစ်တည် ကြီးရင့်လူလားမြောက်ခြင်းကို မေ့လျော့နေခဲ့သည်ထင်၏ ။ ကိုဦးသည် ကလေးဘဝ ကုန်ဆုံးချိန်များကို မသိသားဆိုးဝါးစွာဖြတ်သန်းခဲ့ရ၏ ။ ထို့ အတွက်တစ်အိမ်လုံးတွင် အရွယ်ရောက် ယောကျာ်းတစ်ဦးဖြစ်သူ အဖေ့ကို အခဲမကျေခဲ့ ။ ယောက်ျားလေးတစ်ယောက် သိသင့်သည်တို့ ကိုပင်ပွင့်လင်းခဲ့ခြင်းမရှိ … ။ ပြောင်းလဲလာသော စိတ်ကို သူကိုယ်တိုင်သာ ကျိတ်မှိတ်ခဲ့ရသည် ။ ထိုအခါ သူငယ်ချင်းများပြော သော လှိုက်မောဖွယ်အတွေ့အကြုံများကို သာယာသောလည်း နည်းလမ်းကိုမသိချေ ။ သူဖတ်သော စာအုပ်များသည် ထိုဘဝကိုတော့ သရုပ်ဖော်ဖို့ မေ့လျော့သည်ထင့် ။ လူလားမြောက်ခွင့်မရသော ဘဝကို စိတ်နာချင်သလိုလို … ။ အဘွားကတော့ လူပျိုမလုပ်တတ်သေးသော မြေးအတွက် လူလယ်ခေါင်မှာ ဂုဏ်ယူ၍ပြော၏ ။

ကိုဦး သည် တစ်သက်လုံး ဟန်ကိုသာဆောင်တတ်ခဲ့သည်ထင်၏ ။ ကြာလာတော့ ယောက်ျားပီသခြင်းသည်ပင် ရှက်ရွံ့ စရာထင်လာကာ ခိုးခိုးကြည့်မိသော မိန်းကလေးကိုပင် ပစ်မှားမိ၍တောင်းပန်လိုစိတ်ပင်ပေါ်လာသည် ။ ကျောင်းတတ်နေတုန်း ရည်းစားထားတာ ပြစ်မှုတစ်ခု ပဲလို့ ထင်လာကာ မကြာခဏ သူ့ကိုလှည့်လှည့်ကြည့်တတ်သည့် မိန်းကလေးကို ဦးစွာပင် မျက်လုံးချင်းရှောင်၏ ။ ခပ်ထွေထွေ စပ်ထားသော သည်ခေတ်ကလူတွေနားလည်ရ ခက်မည့်အချစ်ကဗျာ များကို သာ ရေးရေးပြီး လူကြီးတွေ မမြင်အောင် ကုတင်အောက်မှ တိတ်တိတ်ဝှက်ရသေးသည် ။ သည်အရွယ်မှာ ဖတ်တတ်လာသော နိုင်ငံခြား ဝတ္ထုတွေထဲက ဇာတ်ကောင်မင်းသားများကို အားကျလာကာ အဖေ့ရေခဲသေတ္တာထဲမှာ ဘီယာခိုးသောက်မိလို့ အန်တော့ အရက်ကိုအနံ့ပင် မခံနိုင်ကြောင်းလူကြီးများရှေ့မှာ ဂုဏ်လုပ်၍ ပြောရ၏ ။

(၃)

လူလားမြောက်ခြင်းသည် လူတောတိုးခြင်းလို့ သိရတော့ ကိုဦးသည် လူတွေကို ကြောက်တတ်လာသည် ။ သည်အခါမှာ အနားမှာ အဖေတို့ မရှိကြတော့ ။ ( ဒါတောင် လိမ္မာကြောင်းကို အဝေးမှ ချီးမွန်းဂုဏ်ခံနေသေးသည် ) ။ သည်အခါ ဘ၀သင်ခန်းစာများကို ဘာမှသင်ကြားတတ်မြောက်စေခြင်း မရှိဘဲ လူတွေကြားလွှတ်ရက်သော မိဘများကို မိမိတစ်ခါ ကျဆုံးရတိုင်းပင် စိတ်နာရ၏ ။ ဘဝသည် လူဖြစ်ကြိုးပင်နပ်သည်မထင် ။ ဒါပေမယ့် ကိုဦးသည် အတ္တကြီးသူပီပီ မိမိဘဝ ပျက်မှာတော့ ကြောက်လှ၏ ။ ထိုအခါ ဝါသနာမပါဘူး မလုပ်ချင်ဘူးလို့ ခပ်ညည်းညည်းပြောတတ်သည့်တိုင် ပညာကိုတော့ ကြိုးစားသင်လေသည် ။

ကိုဦးသည် ပူလောင်မှာကို ကြောက်သဖြင့် ချစ်ခြင်းကို ကြိုးစား၍ရှောင်၏ ။ လူများတွေ ချစ်သူရည်းစားတွဲသွား တွဲလာမြင်လျှင် အားကျစိတ်နှင့်ပူလောင်ရ၏ ။ ဘဝတွင် ချစ်သူကို တွေ့မှ တွေ့ပါ့ ဦးမလားလို့ ထင်လာကာ အချစ်ဆုံးကို တွေးလေတိုင်းမိမိကိုသာ ဦးတည်၏ ။ တစ်သက်လုံးအတူနေလာသော မိဘများကို ပင်တွယ်ငြိစိတ်မရှိတာ အားမရဖြစ်ရသည် ။ မိတ်ဆွေရှားပါးသော ကိုဦးသည် အမြင်ကျယ်စေရန် စာများကိုသာ ဖိ၍ဖတ်သည် ။ တစ်သက်လုံး သည်လိုမနေရစကောင်းလို့ထင်၏ ။ တစ်ခါတစ်ခါ လူမသိ သူမသိ မထင်ရှားသော အဖြစ်ကို အားမလို အားမရဖြစ်၏ ။ ကိုယ့်ကိုကိုယ် သူများနှင့်မတူဘူးဟု ထင်၏ ။ ထို အခါအထင်ကြီး စိတ်ဖြင့် မိမိအတ္တကို ကြိုးစား၍မြှင့်တင်ပြန်လေသည် ။

(၃)

အထွေးသည် ကိုဦး၏ ချစ်သူဖြစ်လာ၏ ။ အထွေးသည် လူတကာ၏ အားကျခံရနိုင်သော ရည်စားဖြစ်နိုင် သည် ။ ထိုအချက်ဖြင့် ကိုဦးသည် ရင်ခုန်သလိုလိုရှိသော အထွေးကို ချစ်ခွင့်ပန်သည် ။ ရည်းစားမရှိလျှင် ဂုဏ်ငယ်နိုင်သော အချက်ကြောင့် အထွေးကို ရင်ခုန်ခဲ့ပါသည်လို့ ကိုဦး ကိုယ့်ဘာသာကိုယ် ဝန်ခံ ရချိန်တွင် အထွေးကို အားနာသလိုလိုတော့ ရှိ၏ ။ သို့သော် အထွေး၏ မိဘဂုဏ် ၊ ဥစ္စာဂုဏ်တို့ကြောင့် သူ့ကို တော်လှသည် ဟုချီးကျူးခံရမည့် အရေးကိုတော့ တင်ကြို၍ ဝမ်းသာခဲ့သည် ။ ထိုအခါ ကိုဦးသည် အားကျစရာ ချစ်သူရည်စား ၊ တစ်နေ့နေ့တွင် အိမ်ထောင်သည်ယောက်ျားတစ်ယောက် အဖြစ် အသစ်တဖန်မွေးဖွားရဲတော့မည်ထင်သည် ။

(၄)

အထွေးနဲ့ ကိုဦးသည် ညနေစာကို အတူတူစားတတ်ကြပြီး အိပ်အပြန်လမ်းတစ်လျှောက် စကားပြောကြမြဲဖြစ်သည် ။

ထိုညနေတွင်လည်း ခါတိုင်းလိုပင် အိမ်အပြန် အပြုံးကိုယ်စီနှင့် အချစ်အကြောင်းဆွေးနွေးနေမိကြသည် ။ မှောင်ရိပ်သန်းလာတော့မှ အထွေးက အိမ်ထဲဝင်ဖို့ သတိရလာပြီး စကားဖြတ်ရလေတော့သည် ။

အထွေးက ပြုံး၍ -

“အချစ်က ဘယ်ကစတယ်လို့ ကိုဦးထင်လဲ … ချစ်ခြင်းက အစရှာရခက်တယ် ဆိုလို့ သတိရသေးတယ် ။ ကိုဦးကို စတွေ့ဖူးတုန်းကဆိုရင် စာအုပ်လေးထိုင်ဖတ်နေတော့ ရင်ထဲမှာဖြစ်လာတာက သိပ်သနားစရာ ကောင်းလောက်အောင် ဖြူစင်လွန်းတဲ့ သူတစ်ယောက်လို့ပဲ ၊ သနားလွန်းလို့ ချစ်လာရတာ ထင်ပါရဲ့ ၊ ခုဖွင့်ပြောလို့ စိတ်လဲဆိုးမသွားနဲ့ ဦးနော်” လို့ မမျှော်လင့်သော စကားကိုဆို၏ ။

ကိုဦးသည် ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး ပြုံးနေကျဟန်ဆောင်အပြုံးကို သာ ညောင်းညာလာသည်အထိပြုံးရ၏ ။ အပြန်လမ်းတွေ မြင်နေရတတ်သည့် ရိပ်ယောင် ဝိုးဝါးမှန်များ ထဲမှ သနားဖွယ်သူ့ ပုံရိပ်ကိုပင်ပြန်မမြင်ရဲ သယောင်ရှိ၍ လာသဖြင့် ခေါင်းကို ငိုက်စိုက်ချထား ကာ ကွန်းခိုရာအိပ်ခန်းတွင်းသို့ ပင်ဦးတည်၍ လျှောက်လာသည် ။ ဘဝတွင် ချီးမွန်းခဲ့သူများသည် တစ်နေ့နေ့တွင် လူစဉ်မမှီ ၊ လူလားမမြောက်ရသူ သူ့ကို အထွေးလို သနားကောင်းသနားနေတော့မည်။ သည်အထဲတွင် အဖေတို့ရောပါကောင်းပါနိုင်သေး၏ ။

“အလိုလေး ငါ့ကို သနားစရာ သတ္တဝါဆိုပါ့လား”

စာအုပ်များဖြင့် ပြည့်သိပ်သော အခန်းပြန်ရောက်ရောက်ချင်း ပေါ်လာသော အတွေးမှာ “ငါဟာ သနားစရာသတ္တဝါပါလား” လို့ ဖြစ်၏ ။

ကိုဦးသည် မှန်ထဲမှာ ပုံရိပ်ကို စိတ်ပျက်စွာကြည့်၏ ။ ပါးရိုးကျကျ ယောက်ျားတစ်ယောက်သည် မှုန်မှိုင်းစွာပြန်ငေး နေသည်ကို မြင်ရတော့ ကျရှုးံသူတစ်ယောက်ကို ဟားတိုက်ချက်စိတ်ပင်ပေါ်လာသည် ။ ထွက်ပြေးလျှင် ကောင်းမည်လားဟု ထင်လာသည် ၊ ဘဝတစ်လျှောက်လုံး ကြိုးပမ်းမှုသည် လူအများသနားခံ ရဖို့ ဟန်ဆောင်ပြနေရသလိုထင်၏ ။ ခပ်စူးစူးပြုံးလိုက်တော့ ကျဆုံးသူသည် သိက္ခာဆယ်နိုင်သွားသည်ထင်၏ ။ အောင်နိုင်ခြင်း၏ လမ်းစသည် ထို ညစ်ကျယ်ကျယ်အပြုံးဖြစ်နိုင်သည် ။ ထိုအပြုံးသည် မိမိအတွက် ဂုဏ်ယူသူများ ၊ ချီးကျူးချစ်ခင်သူများကို အောင်နိုင်မည်ထင်၏ ။ ကိုဦးသည် အပြုံးကို ကြည့်ရင်းအဝတ်များကို လဲ၏ ။

(၅)

ကိုဦးသည် ထိုနေရာသို့ မရောက်ဖူးသည့်တိုင် သဘောကိုတော့နားလည်၏ ။ သူငယ်ချင်းယောက်ျားလေးတွေက ထိုနေရာမှ စွန့်စားခန်းများကို မစားရဝခမန်း ပြောတတ်တုန်းက အားကျစိတ်ကို စက်ဆုတ်စိတ်ဖြင့် ထိန်းချုပ်ခဲ့ရသေးသည် ။ ထိုနေရာမှ မီးများသည်ပင် ပြာတစ်လှည့် နီတစ်မျိုးဖြင့် လူ့စိတ်ကို လှည့်စား၍ နေလေသည် ။ မြင်သမျှ လူတိုင်းသည် လှပ၍ ပြင်းပြသောဆွဲဆောင်အားတစ်ခုစီ ဖြာထွက်နေကြသည်ထင်၏ ။ မိန်းမများသည် ကိုဦးကို မြူချို၍ကြိုကြ ၏ ။ ကိုဦးသည် သည်တစ်ခါတော့ စက်ဆုတ်စိတ်ကို ချိုးနှိမ်ရင်း မျက်လုံးများကိုမှေး၍ အကဲခတ်၏ ။

သနားစရာမိန်းမများသည် သူ့ကိုသနားဖို့ စိတ်ရှိတော့မည်မထင်။ သူသည် လူလားမြောက်ခြင်းကို သည်နေရာမှာ ရှာနိုင်၏ ။ အရှက်ကင်းမဲ့စွာ ရမ္မက်တက်ကြွခြင်းသည်ပင် ယောက်ျားတစ်ယောက်အတွက် မာနကိုသွေးသစ်လောင်းစေတော့မည်ထင်၏ ။

ကိုဦးသည် ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက်၏ ဦးဆောင်ရာကိုလိုက်လာသည် ။ ထိုအမျိုးသမီး သည် ကျဉ်းမြောင်းသောလှေကားထစ်များစွာကို စ၍တက်၏ ။ အခန်းဝဝယ် အမျိုးသမီးသည် ကိုဦးကို ပြုံး၍ဝင်စေ၏ ။ သည်အခါ ခပ်ပေါ့ပေါ့ကြေးစားဆန်ဆန် သနား လေးစားခြင်း ကင်းမဲ့ဟန်ကိုအမျိုးသမီး၌ တွေ့ရသည် ။

ကိုဦးသည် မိဘများ၏ မျက်နှာကို ပြန်မြင်လာသည် ။ ဆွေမျိုးများ၊ မိတ်ဆွေများ ၊ ထွေးနှင့် နောက် မသိကျွမ်းတာတွေရော၊ ခင်မင်ရင်းနှီးတာတွေရော အကုန်ပါသည် ။ သူတို့အားလုံးကို မှန်းကြည့်လို့ရပြန်သည် ။ တစ်သက်လုံးအကျွမ်းမဲ့ ယုံကြည်နေရမည့် သူတွေဆိုတာ တွေးမိပြန်တော့ ဒေါသသည် သူတို့ဘက်ဆီက ကိုယ့်ဘက်ကိုပြန်လှည့်လာသည် ။ ကိုဦးသည် အံ့သြစဖွယ် ပျော်သလိုလိုရှိလာပြန်သည် ။ ကြီးရင့်ခြင်း၏ အမြတ် ထိတွေ့မှုအာရုံကို တောင့်တလာသည် ။ရိုက်နှက်ကန်ကျောက်ပစ်လိုက်ချင်ပြန်၏ ။

ပြတင်းပြင်သည်မှောင်၏ ။ လောကကြီးသည်တိတ်တဆိတ် အဆက်ပြတ်သွားပြီ ။ တံခါးသည်လည်းပိတ်ခဲ့ပြီ။ အမျိုးသမီး၏လက်များသည် ကိုဦး၏ခါးကိုပွေ့ထားရာမှ ပို၍တင်းကြပ်လာပြန်သည် ။ ထို့နောက် ကိုဦးသည် မိဘဆွေမျိုးများ၊ သူ့ကို တော်လှသည်ဟု ချီးမွန်းသော ဆရာမများကိုလည်းကောင်း၊ ထွေးကိုလည်းကောင်း တခဏတာ မေ့လျော့သွားခဲ့လေသည်။

(Aung Phyoe)

21 March 2010.