မီကီအိုက ညီအစ်မများ (၁၉၄၃-၁၉၄၈) ဝတ္ထုကို ဂျပန်နိုင်ငံရဲ့ ထင်ရှားလှတဲ့စာရေးဆရာ တနီဇာကီ ရေးသားခဲ့တာဖြစ်ပြီး ကမ္ဘာ့ဂန္တဝင် ဝတ္ထုတစ်ပုဒ်အဖြစ် ယနေ့တိုင်ထင်ရှားနေဆဲဖြစ်ပါတယ် ။ ဝတ္ထုနောက်ခံ အချိန်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်လေးက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှ ထင်ရှားတဲ့ ကုန်သည်မိသားစု တစ်စုရဲ့ လှုမှုရေး ၊ စီးပွားရေး အခြေအနေ တွေကို (၅) နှစ်ကြာနောက်ခံ ရေးသားခဲ့တာဖြစ်ပြီး ဂျပန်က ပုလဲဆိပ်ကမ်း ဗုန်းမကြဲမှီ ခုနစ်လခန့်အလို ၁၉၄၁ - ဧပြီလ နောက်ခံမှာ ဇာတ်ကိုအဆုံးသတ်ထားပါတယ် ။
သည်ဝတ္ထုမှာ ဆွေကြီးမျိုးကြီးက ဆင်းသက်လာကြတဲ့ ညီအစ်မလေးယောက် ကိုအခြေပြုကာ ဇာတ်သွားချိန် ၅ နှစ်အတွင်း ဖြစ်ပျက်သမျှတို့ကို အသေးစိတ်ရေးသားထားပါတယ်။ တဖြည်းဖြည်းပျက်ယွင်း လာတဲ့ စီးပွားရေးအခြေအနေ ၊ ခေတ်သစ်ပြောင်းစအချိန်မှာ အတွေးအခေါ်ဓလေ့ဟောင်းတို့ ပျက်သုန်းရခြင်း themes တွေဟာ သည်ဝတ္ထုရဲ့ အရေးပါတဲ့ အခြေခံတင်ပြချက်တွေဖြစ်တယ် ။ သည်လို ပြောင်းလဲပျက်သုန်းမှု တွေကို တန်ပြန်တွန်းလှန်ရင်း ခေတ်ဟောင်းရဲ့ အခွံအတွင်းမှာ တည်မြဲနိုင်အောင် ရုန်းကန်ကြတဲ့ ဇာတ်ဆောင်တွေရယ် ၊ ပြောင်းလဲမှုကို ကြိုဆိုတဲ့ ခေတ်သစ်လူငယ်တွေရယ် ပဋိပက္ခ ကိုလည်း စာရေးဆရာက အလေးပေးထားပါတယ် ။
ဝတ္ထုရဲ့ မူလအမည်ဟာ Sasameyuki ဖြစ်ပြီး ‘နှင်းဖွဲကျချိန်’ လို့ အဓိပ္ပာယ်ရပါတယ် ။ ဒါ့အပြင်လည်း သည်ခေါင်းစဉ်ဟာ ဝတ္ထုရဲ့ ဇာတ်ကောင်ညီအစ်မလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Yukiko ယူကီကို ကိုကိုယ်စားပြုရာရောက်တာမို့ သူမကိုပဲ အဓိကဇာတ်ကောင်လို့ သတ်မှတ်ချင်ဟန်ရပါတယ် ။ သို့တိုင် ဝတ္ထုတစ်ပုဒ်လုံးမှာ စာရေးဆရာဟာ သူ့ကို အကွားအဝေးတစ်ခုအတွင်းမှာသာ တစ်ဆင့်ခံ တောက်လျှောက်မြင်စေခဲ့ပါတယ် ။
ဇာတ်ရဲ့ အဓိကကျောရိုးကတော့ မီကိုအိုက ညီအစ်မလေးဖော်ရဲ့ တတိယမြောက်ညီမဖြစ်သူ ယူကီကိုအတွက် ခင်ပွန်းလောင်းအိမ်ထောက်ဖက် ရှာရန် အစ်မနှစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူတွေ ကြိုးပမ်းကြတဲ့ အကြောင်းပါပဲ ။ မူလကတော့ စာရေးသူဟာ ၃ အုပ်တွဲရေးသားဖြစ်တာဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်မှာတော့ စာမျက်နှာ (၅၃၀) ကျော် ထူထဲပြီး ၊ တစ်ဖန် ဇာတ်ကောင်တွေရဲ့ အပြုအမူကို အသေးစိတ် ဖော်ပြထားတာဖြစ်လို့ အနည်းငယ် ဇာတ်လေးတယ်လို့တော့ ဆိုနိုင်ပါတယ် ။ ဒါ့အပြင် ဂျပန့် ယဉ်ကျေးမှု နှင့် ရိုးရာ အသုံးအဆောင် ပစ္စည်းအချို့အကြောင်းလည်း အတန်ငယ် ဗဟုသုတ ရှိဖို့လိုပါလိမ့်မယ် ။
သည်ဝတ္ထုမှာ စာရေးဆရာရဲ့တင်ပြချက်ဟာ Photographic Realism လို့ပြောကြတဲ့ ဓာတ်ပုံရိုက်ပြသလို အပေါ်ယံအပြုမူတွေကို အသေးစိတ်ရေးပြတဲ့ အရေးအသားမျိုးပါ ။ ခုနောက်ပိုင်းခေတ် စာပေရေးရာမှာ သည်လိုအရေးအသားမျိုး (Jane Austen အရေးအသားမျိုးကိုလည်း သည်အမျိုးအစားထဲမှာ ထည့်ကြတယ် ) ကို အတွင်းစိတ်ကို ရေးပြတတ်တဲ့ စာရေးဆရာအချို့က ဝေဖန်ကြသော်လည်း ၊ စာဖတ်သူ အဖို့ တစ်နည်းအားဖြင့် မြင်သာစေတဲ့ စွဲဆောင်မှုရှိတဲ့ အရေးအသာမျိုးပါပဲ ။ ကျတော့်အတွက့်တော့ ဖတ်နေစဉ် သောမစ်မန်းရဲ့ Buddenbrooks ၊ ဒေါ့စတိုယက်စကီရဲ့ The Brothers Karamazov စတဲ့ မိသားစုနောက်ခံ ဝတ္ထုတွေကို အမှတ်ရစေရုံသာမက ၊ ဆောင်ဇူဂျင်း နဲ့ ကောက်ငိုတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာ အဓိက နောက်ခံ A Dream of Red Mansions ကိုလည်း ပြန်လည်တမ်းတစေပါတယ် ။ စာရေးဆရာ တနီဇာကီဟာ မီကိုအိုက မိသားစုတစ်စုရဲ့ လူမှုရေးနောက်ခံ အဆင်းအတန်းကို အသေးစိတ်သိရှိသူဖြစ်ပြီး သူတို့တစ်တွေ နေ့စဉ် အမူအကျင့်တွေ ၊ အပြောအဆိုတွေက အစ အသေအချာသရုပ်ဖော်ထားပါတယ် ။ ဒါ့အပြင် အဝတ်အစား ၊ အစားအသောက်အပြင်အဆင် ၊ ပွဲတော်များနဲ့ ရာသီဥတုနောက်ခံကိုလည်း အလေးပေးဖော်ပြထားပြန်တယ် ။ အထူးသဖြင့် Kyoto ကျိုတိုမှာ နှစ်စဉ်ရှိတဲ့ ချယ်ရီပန်းကြည့်ပွဲတော် ၊ နောက် ပိုးစုန်းကြူးဖမ်း ပွဲတော်စတာတွေမှာလည်း ဂျပန်တွေရဲ့ ယဉ်းကျေးမှု ၊ ဓလေ့တွေကိုပါ အသေးစိတ်ဖတ်ရှုနိုင်ပြန်တယ် ။
ဒါတွေအပြင် စာရေးသူဟာ ပါဝင်သမျှ ဇာတ်ဆောင်တွေရဲ့ စရိုက်ကိုလည်း အထူးအလေ့ပြုရေးထားတယ် ။ ဇာတ်ကောင်စရိုက်သရုပ်ဖော်ရာမှာ နောက်ပိုင်းခေတ်အရေးများ ကြတဲ့ အတွင်းစိတ်အခြေအနေ ပဓါန နည်းမျိုးကို မသုံးပဲ ဇာတ်ကောင်တွေရဲ့ အပြုအမူ အပြောအဆို အနေအထိုင် သက်သက်များကိုသာ ဖော်ပြရင်း စာဖတ်သူကိုယ်တိုင် တဖြည်းဖြည်းချင်း ရင်းနှီးလာပြီး စရိုက်ကို ခန့်မှန်းကြည့်နိုင်စေတဲ့ အရေးအသားနဲ့ သရုပ်ဖော်ထားပြန်တယ်။
ကျတော်ပြောခဲ့သလိုပါပဲ ၊ သည်ဝတ္ထုကြီးက ထူထဲပါတယ် ။ ဒါပေမယ့် သည်လို စာအုပ်မျိုးဟာ အလောတကြီး အပြီးဖတ်ရမယ့် စာအုပ်မျိုးတော့မဟုတ်ပါဘူး ။ ဝတ္ထုဆုံးသွားလို့ စာအုပ်ကို ပိတ်လိုက်ရင် စာဖတ်သူဟာ ရင်းနှီးနေပြီဖြစ်တဲ့ ဇာတ်ကောင်တွေကို မခွဲချင်လှပဲ အတန်ငယ်ပင် လွမ်းနေရတတ်ပါတယ် ။ စာရေးသူဟာ မိသားစုတစ်စု အတွင်းမှာ ဖြစ်ပျက်သမျှကို ၅ နှစ်ကြာကာလ အတွင်း လုံးဝမချွန်းမချန် ရေးပြသွားခဲ့တယ် ။ စာဖတ်သူဟာ အတွင်းလူယုံ ဧည့်သည်တစ်ယောက်အနေနဲ့ သည်မိသားစုနဲ့ နှစ်အတန်ငယ်နေထိုင်ခဲ့ရသလို ခံစားရစေပြီး မိသားစုဝင် တစ်ဦးချင်းအပေါ်မှာလည်း သံယောဇဉ် ရှိနေ တွယ်တာနေတာကို အထင်အရှားတွေ့ရပါတယ် ။
စာရေးဆရာဟာ သူ့ဝတ္ထုကြီးကို ဒုတိယကမ္ဘာစစ်မတိုင်မှီလေးမှာ ရပ်ပစ်ခဲ့လို့ ကျတော်တို့ အနေနဲ့ စစ်ဘေးဒဏ်ခံရမယ့် မိသားစု အခြေအနေတွေကို မသိနိုင်တော့ပါဘူး ။ ဒါပေမယ့် ဇာတ်သိမ်းချိန်မှာ ဆုံးရှုံးမှု ပျက်ယွန်းမှု အနေနဲ့ကတော့ တစ်ချိန်လုံး စည်းစည်းလုံးလုံး ရှိခဲ့ကြတဲ့ ညီအစ်မတစ်တွေ တစ်စတစ်စ ဝေးကွာသွားကြရတဲ့ ဘဝပေးအခြေအနေတွေကိုပါ ။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြီးနဲ့ လက်တစ်ကမ်းအကွာက ကိုယ်နဲ့ရင်းနှီးလှတဲ့ မိသားစုတစ်စုလုံးအကြောင်း မသိရတော့ဟာ ခံစားတတ်သူအဖို့တော့ စိတ်ပူစရာ ၊ စိတ်မကောင်းဖြစ်စရာ ၊ လွမ်းလောက်စရာပါပဲ ။ ။
သည်ဝတ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ ရုပ်ရှင်တွေ အကြောင်းလည်း ဆက်ရေးဖြစ်ပါဦးမယ် ။
အောင်ဖြိုး( ဇွန် ၂၂ ၊ ၂၀၁၁)
No comments:
Post a Comment