27 July 2012

ခံစားနားလည်မှု လွဲချော်ခြင်းအနုပညာ (သို့မဟုတ်) အက်ဘောစေး ကီရာရိုစတမ်နီ ၏ "တရားဝင်မိတ္တူ"


     အချစ်ဆိုတာ လူနှစ်ဦးနှစ်ယောက်ကြား ခံစားနားလည်မှု လွဲချော်ခြင်း သက်သက်ရယ်လို့ အက်ဘောစေး ကီရာရိုစတမ်နီ (Abbas Kiarostami) ကဆိုပါသည် ။ သူ့ရဲ့ ရုပ်ရှင်တွေမှာ သူ့ကိုယ်ပိုင်ဟန်လို့ ဆိုရမယ့် ဇာတ်ကြောင်းဟာ ဇာတ်ကောင်တစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ်မှာဦးတည်၍ ထွက်လာခြင်း ၊ စကားပြောခန်းများဖြင့် ဇာတ်အိမ်ကိုဆောက်ခြင်း ၊ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ရွေးချယ်ရာမဲ့ ရပ်တည်ရတဲ့ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ခံစားမှုသရုပ်ကိုဖော်ကျူးခြင်း ၊ တစ်ဖန် ဇာတ်အသွားတင်ပြမှုမှာလည်း ဇာတ်ကျောသက်သက်က မကြာမကြာဆိုသလိုဖဲ့ထွက်ပြီး ဇာတ်ကောင်ကျင်လည်ရာပတ်ဝန်းကျင်ကို ခဏမျှ သတိပြုမိအောင် တင်ပြတတ်ခြင်း စတာတွေပါတတ်စမြဲ ။


     အဓိကပြောချင်တဲ့ သူ့ရုပ်ရှင်ကတော့ ၂၀၁၀ကထွက်ခဲ့တဲ့ တရားဝင်မိတ္ထူ (Certified Copy)လို့ အမည်ရတဲ့ ရုပ်ရှင်ကားဖြစ်ပါသည် ။ သည်ဇာတ်ကားဟာ ကီရာရိုစတမ်နီရဲ့စံအရ ယခင်ကားထွေထက် အနည်းငယ်ထူးခြားသည်လို့ ပြောနိုင်ပါ၏ ။ သည်ဇာတ်ကားဟာ ပထမဆုံးအကြိမ်အဖြစ် သူ့ဇာတိရပ်ဖြစ်တဲ့ အီရန်နိုင်ငံမှာ ဇာတ်တည်ထားခြင်းမဟုတ်သည့်အတွက်ကြောင့်ပါ ။ ၁၉၉၀ နှောင်းပိုင်း ဥရောပအနုပညာသက်သက်ရုပ်ရှင်လောကမှာ နာမည်ရလာကြတဲ့ ကီရာရိုစတမ်နီအပါအဝင် ဒါရိုက်တာတွေအတွက် သူတို့ရဲ့ အနုပညာဟာ ယဉ်ကျေးမှုအပေါ်ခိုင်ခိုင်မာမာ အခြေပြုတယ်လို့ ယူဆကြပြီး သည်ဖြစ်တည်မှုကို တန်ဖိုးထားကြပါ၏ ။ ဒါ့အပြင် ကမ္ဘာ့ပရိတ်သတ်တွေ အသိအမှတ်ပြုခံရခြင်းကပဲ သည်တစ်မူထူးတဲ့ အီရန်ယဉ်ကျေးမှုကြောင့်ရယ်လို့ တိတိပပယုံကြည်ကြသူများလည်းဖြစ်ပါ၏ ။ ဒါကြောင့်လည်း နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ပြည်ပဘာသာစကားများသုံးပြီး ရိုက်ကူးထားသည့်အတွက် ထူးခြားတယ်လို့ဆိုရခြင်းဖြစ်ပါသည် ။ (တဖန် ၂၀၁၂ ကန်းရုပ်ရှင်ပွဲတော်မှာ တင်ဆက်တဲ့ ကီရာရိုစတမ်နီရဲ့ နောက်ဆုံးရုပ်ရှင်ဟာ ဂျပန်ပြည်မှာ ဇာတ်တည်ထားတာဖြစ်ပါသည် ။ သည်အချက်ဟာ နိုင်ငံရေးအရ "ကျုပ် အီရန်မှာ အလုပ်လုပ်လို့မဖြစ်တော့ဘူး" ဆိုတဲ့ ဒါရိုက်တာရဲ့ ဆန္ဒပြတောင်းဆိုမှု တစ်ရပ်ပဲလို့ ဝေဖန်ရေးသမားများ က ကောက်ချက်ဆွဲကြပါသည် ။ )

     နောက်တစ်ချက်အနေနဲ့ကတော့ အရင့်အရင်ဇာတ်ကားတွေမှာ အပြင်ကနာမယ်မရှိတဲ့ သရုပ်ဆောင်တွေကိုသာသုံးတတ်တဲ့ ကီရာရိုစတမ်နီဟာ သည်ဇာတ်ကားမှာ ကမ္ဘာ့နာမယ်ကျော် ပြင်သစ်ရုပ်ရှင်မင်းသမီး ဂျူးလိယက်ဘီနိုချီ (Juliette Binoche) ကို ခေါင်းဆောင်နေရာထားသည့်အတွက်ကြောင့်ပါ ။ ဘီနိုချီဟာ သည်ဇာတ်ကားနဲပဲ ၂၀၁၀ ကန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သည်လည်း ဖြစ်ပါသည် ။ သည်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ခံခဲ့ရပြီး ရုံတင်ပြသရာမှာလည်း ကီရာရိုစတမ်နီဇာတ်ကားတွေအနက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါသည်။ ဝေဖန်သူတွေအနေနှင့် ၁၉၅၄ ခုမှ ဂန္ထဝင်ဇာတ်ကားတစ်ကားဖြစ်တဲ့ အီတလီသို့ခရီးတစ်ခေါက် (Journey to Itlay) နှင့် နှိုင်းယှဉ်ဖော်ပြကြပါသည် ။ ( သည်ဇာတ်ကားဟာ အီတလီပြည်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း အစက အရာရာအဆင်ပြေနေဟန် လင်မယားနှစ်ယောက် ကတောက်ကဆဖြစ်ကြပြီး ကွားရှင်းဖို့အထိရောက်သွားတဲ့ စိတ္တဗေဒခရီးကို ဖော်ကျုးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါသည် ။ )

     ဇာတ်ကြောင်းဟာ ဘာမှမဟုတ်သလိုရှိပေမယ့် ခပ်ဆန်းဆန်းပါ ။ ပြင်သစ်လူမျိုး အီတလီမှာ လောလောဆယ်နေထိုင်ဟန်ရှိပြီး ဇာတ်ကောင်နာမည်ပေးထားမခံရတဲ့ သားသည်အမေ အမျိုးသမီးတစ်ဦးဟာ ဗြိတိသျှ အနုပညာဝေဖန်ရေးသမား တစ်ဦးနဲ့ တစ်နေ့တာတွေဆုံကြတဲ့ အကြောင်းအရာပါ ။ ဝေဖန်ရေးသမားဟာ "တရားဝင်မိတ္တူ" လို့အမည်ပေးထားတဲ့ သူ့ရဲ့စာအုပ် အီတာလျံဘာသာပြန်မိတ်ဆက်ပွဲအတွက်ရောက်လာ တာဖြစ်တယ်လို့ သိရပါ၏ ။ ဘာကြောင့်ရယ်လို့တိတိပပ မသိရပဲ သည်သူတို့နှစ်ယောက်တွေ့ကြပါသည် ။ သည်လိုနှစ်ယောက်သား မိတ်ဖြစ်ဆွေဖြစ် စကားပြောကြရင်းမှ ၊ဇာတ်တစ်ဝက်လောက်မှာ သူတို့နှစ်ယောက်ဟာ ၁၅နှစ်ကြာလက်ထပ်ထားကြတဲ့ လင်မယားအဖြစ် အထင်မှားခံရသည်ကစ အဲသည်ခံစားမှုဟာ ဆက်လက်စီးကူးပြီး အိမ်ထောင်ရေးပြဿနာများကို အခြေတင်ဆွေးနွေးကြတဲ့ အဆင့်ရောက်လာပါ၏ ။ သည်လိုဇာတ်ကောင်နှစ်ဦးကြား ဒွိဟဖြစ်ဖွယ်ဆက်ဆံရေးကို တင်ပြရင်း သူတို့ဟန်ဆောင်တမ်းကစားနေကြတာလား ၊ ဒါမှမဟုတ် ခါးသီးတဲ့ ခံစားချက်ကို မေ့ဖျောက်ထားကြတဲ့ ၊ ၁၅နှစ်ကြာ အိမ်ထောင်သက်ရှိကြတဲ့ တကယ့်လင်မယားတွေလားဆိုတာ ကြည့်သူကို အတိအကျအဖြေပေးမထားပဲ ချန်ရစ်ပါသည် ။

     ခံစားမိသူတစ်ယောက်အနေနဲ့ သည်ဇာတ်ကားရဲ့ အဓိကတင်ပြချက်တွေလို့ ကျတော်ယူဆတဲ့ အကြောင်းအရာတွေကတော့ အစစ်နှင့် မိတ္ထူအကြားတန်ဖိုးထားမှု ကွာခြားပုံ ၊ အိမ်ထောင်ရေးအပေါ် အဆိုးမြင်စိတ် ၊ အမျိုးသမီးရေးရာ အခွင့်အရေးတောင်းဆိုမှု ၊ ကိစ္စတစ်ရပ် အပေါ်အဘက်ဘက်မှ ရှုမြင်သုံးသပ်တင်ပြခြင်းဖြင့် ပို၍သိသာစေသော အမြင်တစ်ရပ်ကို ဖော်ကျူးခြင်း စတဲ့အချက်တွေပါ ။ သည်အချက်တွေ အပေါ် နားလည်မိသလို သုံးသပ်တင်ပြသွားပါမယ် ။

     ရုပ်ရှင်တစ်ကားဟာ အမှန်တရားအတွက် မေးခွန်းထုတ်စေခြင်းဖြစ်တယ် လို့ ဆိုကြပါသည်။ သည်အတိုင်းဆို သည်ရုပ်ရှင်ဟာ ကျွန်တော်တို့အတွက် မေးခွန်းများစွာကို ချန်ထားရစ်ပါသည်။ အပိုင်းနှစ်ပိုင်းရှိရာမှာ ဘယ်အပိုင်းဟာ အဖြစ်မှန်လဲ ၊ ဇာတ်ကောင်နှစ်ဦး စလုံးမှာ ဘယ်သူက ဟန်ဆောင်ဆော့ကစားနေကြတာဖြစ်မလဲ ၊ နှစ်ဦးစလုံးပဲလား ၊ ဒါမှမဟုတ် တစ်ပြိုက်နက်ဖြစ်တည်မယ့် စုံတွဲနှစ်တွဲကို တစ်တွဲထဲမှာ ပူးကပ်ပြီးတင်ပြချင်တာလား ၊ ဇာတ်လမ်းအစမှာ ပြောခဲ့တဲ့ မူရင်း ကော်ပီ အပေါ်တန်ဖိုးထားမှု ခြားနားခြင်းကိစ္စတွေဟာ ဇာတ်တစ်ခုလုံး ကို ဘယ်လိုကိုယ်စားပြုချင်တာလဲ။ မေးခွန်းတွေဟာ ကုန်နိုင်ဖွယ်မရှိ ။ ဖတ်ဖြစ်တဲ့ ကီရာရိုစတမ်နီအင်တာဗျူးတစ်ခုမှာ မိတ္တူအကြောင်း အခုလို သူကဖြေပါသည် ။

မိတ္တူတစ်ခုဟာ မူရင်းနဲ့တော့ တစ်ထပ်ထည်းမဖြစ်နိုင်ဘူးပေါ့ ။ တန်ဖိုးထားပုံခြင်းလည်း တူနိုင်မှာမဟုတ်ဘူး ။ ဒါပေမယ့်လည်း မိတ္ထူဟာတန်ဖိုးမဲ့တယ်ရယ်လို့တော့ ကျွန်တော်တို့မဆိုနိုင်ပြန်ဘူး ။ မိတ္တူတစ်ခုရှိခြင်းရဲ့ တန်ဖိုးဟာ မူရင်းကိုညွှန်ပြပေးနေလို့ပဲ ။ မူရင်းဆိုတဲ့ စံဟာရှိရမယ် ။ ဒါပေမယ့်လည်း ဒါဟာ တစ်ယောက်ချင်းစီရဲ့ တန်ဖိုးထားမှုအပေါ်မူတည်သေးတာပဲကိုး ။
     သည်အဖြေကို ကျွန်တော်တို့ တွေးကြည့်ရမယ်ဆို မိတ္တူဆိုတာ ကိုယ်မရနိုင်တဲ့ အစစ်ရဲ့ အရိပ်အယောင်လို့ အဓိပ္ပာယ်ကောက်လို့ ရနိုင်ပါသည် ။ တန်ဖိုးထားမှုအပေါ် မူတူတည်ပြီး မိတ္တူတစ်ခုရဲ့ အဓိပ္ပာယ်ဟာ လူကိုလိုက်ပြီးကွဲလွဲနိုင်ပါသည် ။ သည်အချက်ကို ဇာတ်ကားမှာ အမျိုးသမီး၏ ညီမဖြစ်သူ့အကြောင်း စကားစပ်ပြောခန်းမှာ တွေ့ရပါသည် ။
ကိုယ့်အထင် မင်းခဲအိုမှာ ပြစ်ချက်တွေရှိနိုင်ပေမယ့် သူဟာ မူရင်း (စံပြ)ပဲ .. ဘာကြောင့်လဲဆို မင့်ညီမက သူကို မူရင်းအဖြစ်ပဲမြင်တာကိုး ။
     သာမန်အားဖြင့်ပြောရရင် လူတိုင်း တင်ပြပုံအရ စုံတွဲတွေတိုင်းဟာ စံအဖြစ်တည်နေတဲ့ မူရင်းကိုပဲမျှော်မှန်းတတ်ကြသည် ။ သည်အတွက်ပဲ အနုပညာသဘောအရ မူရင်းနှင့် မိတ္တူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုသဘောကို လူသားတွေရဲ့ဆက်စပ်ပက်သက်မှုသဘောတရားနှင့် ထင်ဟတ်ပြတယ်လို့ ယူဆနိုင်ပါမယ် ။ ဒါကြောင့်ပဲ ခုမှတွေ့ကြတဲ့ စုံတွဲဟာ တစ်ချိန်ထဲမှာပဲ ၁၅နှစ်ကြာလက်ထပ်ထားတဲ့ စုံတွဲနှင့် ထပ်တူ ခံစားနိုင်မယ်လို့ ထင်မြင်ကြည့်ရင်ဖြစ်နိုင်ပါသည် ။ လူတွေဟာ ဆက်ဆံရေးတစ်ခုကို သူတို့မျှော်လင့်ချက်အတိုင်းယုံကြည်ပြီး ချဉ်းကပ်တတ်ကြပါသည် ။ သည့်အတွက်လည်း အချစ်ဆိုတာ လူနှစ်ဦးနှစ်ယောက်ကြား ခံစားနားလည်မှု လွဲချော်ခြင်း သက်သက်ရယ်လို့ ဖန်းတီးသူကဆိုပါသည် ။ လူသားချင်း ပက်သက်ဆက်နွယ်မှုတိုင်းတွင် တာဝန်သိမှုရှိရပါမည်။ ပထမဆုံးအကြိမ်မြင်လျှင်မြင်ချင်း ကျွန်တော်တို့သည် သည်လိုဆက်နွယ်မှုကို ဘယ်လောက်ပင် တန်ဖိုးမဲ့ပါစေ မူရင်းစံတစ်ခုအဖြစ်မြင်တတ်ကြသည် ။ သည်လိုယုံကြည်ပြီး စွဲကိုင်တတ်ကြသည် ။ သို့သော် ကြာလာတာနဲ့အမျှ သည်အမြင်ဟာတစ်ဖြည်းဖြည်းလျော့ပါးလာပြီး မိတ္တူကို မိတ္တူအဖြစ်နဲ့ပဲ တစ်ဖြည်းဖြည်း မြင်တတ်လာပါသည် ။ အဖြစ်မှန်ကို လက်ခံနိုင်ဖို့ အင်မတန်ခက်ခဲပါသည် ။ သည်လိုနဲ့ပဲ အမှန်တရားပေါ်လာခဲ့ပြီး လက်ခံဖို့ငြင်းဆန်ရင်း လူသားဆက်ဆံရေးဟာ ပျက်သုန်းတတ်ကြစမြဲမဟုတ်ပါလော။
    
     နောက်မြင်သာထင်ရှားတဲ့ တင်ပြချက်တော့ အိမ်ထောင်ရေး (လက်ထပ်ထိမ်းမြားခြင်း နှင့် သားသမီးပွားစီးခြင်း ကိစ္စနှစ်ရပ်စလုံး ) အပေါ် အဆိုးမြင်ခြင်းပဲဖြစ်ပါသည် ။ ဇာတ်ကောင်နှစ်ယောက်တို့ အလည်သွားကြတဲ့နေရာဟာ ကြင်စဦးမောင်နှံတို့ သစ္စာပြုတိုင်တည်ရာ၊ အလှဓာတ်ပုံရိုက်ရာ မြို့ငယ်လေးဖြစ်ပါသည်။ သည် ချစ်သစ်စမောင်မယ်များကို ဖြတ်သွားတွေ့ကြုံရင်း အိမ်ထောင်ရေးအပေါ် အဆိုးမြင်စိတ်ကို ဇာတ်ကောင်အပြောတွေနဲ့ချပြသွားပါသည် ။ ကြင်စဦးမှာဖြစ်တည်တဲ့ အချစ်ဒီရေသစ်ကြောင့် ပျော်ရွှင်မှုဟာ တကယ့်အိမ်ထောင်ရေးဘဝမှာ ဘာမှအသုံးမဝင်ကြောင်း ၊ အိမ်ထောင်ရေးဆိုင်တာ ဇနီးမယားပေါ် ၊ ခင်ပွန်းအပေါ် ၊ သားသမီးအပေါ် အလိုမကျရမှုများ ၊ မိသားစုဝင်အချင်းချင်းနားလည်မှု ပျောက်ဆုံးခြင်း ၊ အဖိုသတ္တဝါတွေရဲ့ အလုပ်အပေါ်တစ်စိုက်မက်မက်ရူးသွပ်မှု နှင့် အမများအတွက် ဖိုသတ္တဝါ၏ဖေးမနားလည်ပေးမှု ယုယချစ်တုန့်တင်ခံရမှုကို မျှော်စောင့်ရတဲ့ ဝိရောဒိ စတာတွေကို တစ်ကားလုံး စကားပြောခန်းတွေနဲ့ အထင်အရှားပြသွားပါသည် ။
 
"ကျွန်တော့်မိသားစုဟာ သူတို့ဘဝနဲ့သူနေကြတယ် ၊ ကျွန်တော်ကလည်း ကျွန်တော့်ဘဝနဲ့ နေတယ် ။ သူတို့လည်း သူတို့ဘာသာစကားကိုပြောကြမယ် ... ကျွန်တော်လည်း ကျွန်တော်ရဲ့သာသာစကားကိုပဲပြောမယ် .. ဒါဟာနားလည်ပေးလို့ ရတယ်မဟုတ်ဘူးလား..."

"ဟုတ်တယ် ရှင်က ရှင့်ဘဝနဲ့နေတယ် ၊ သူက(သားဖြစ်သူကို ရည်ညွှန်း) သူ့ဘဝနဲ့နေတယ် ... ခက်နေတာက ရှင်တို့ နှစ်ယောက်စလုံးက ကျွန်မဘဝကို စွက်ဖက်နေကြတာပဲ..."
     နောက်တစ်ချက်ကတော့ ကီရာရိုစတမ်နီရဲ့ ရုပ်ရှင်ဗေဒ ၊ ဇာတ်သွားအလာတင်ပြမှုဗေဒနဲ့ ပတ်သက်ပါသည် ။ တစ်ကားစလုံးကို အရောင်၏ ဘက်ညီမှုအချိုး ၊ နောက်ခံဒေသ အလှအပများ ၊ မြောက်မြားစွာသော နိမိတ်ပုံ ရိုက်ချက်များနဲ့ တင်ပြသွားတာဖြစ်ပါသည် ။ အထူးသဖြင့် မှတ်မှတ်ရရ ကျွန်တော်သဘောကျမိတဲ့ frame တစ်ခုကအကြောင်းပြောချင်ပါသည် ။

                                                                         
     မင်္ဂလာမောင်နှံတို့ ဓာတ်ပုံရိုက်ကြလေ့ရှိသော နေရာတစ်ခုမှာ ပျော်ရွှင်နေကြတဲ့ စုံတွဲကိုပြရင်း frame ရဲ့တစ်ခြမ်းဘက်မှာ ဘယ်အကြောင်းကြောင့်ရယ်မသိ မျက်ရည်ကျနေတဲ့ သတို့သမီးတစ်ယောက် ဓာတ်ပုံရိုက်ဖို့စောင့်နေတာကိုပြတဲ့ အခန်းပါ ။ သည်အခန်းမတိုင်ခင်က ဇာတ်ကောင်အမျိုးသားဟာ အိမ်ရာထူခြင်းရဲ့ တဒင်္ဂပျော်ရွှင်မှုနဲ့ ၊ နောက်ကြာရှည်စွာ စိတ်ညစ်ညူးရမယ့်အကြောင်းကို ဦးစားပေးပြောနေခဲ့ပြီး ၊ သူ့ကိုအတင်းလားခေါ်တဲ့ မင်္ဂလာစုံတွဲနဲ့ အတူဓာတ်ပုံတွဲရိုက်နေဆဲမှာ... သည် ငိုနေတဲ့သတို့သမီး (ဘာကြောင့်ရယ်လို့လဲမသိရ) ကို တည့်သွင်းရိုက်ပြတာဟာ ခံစားသူကို ထိထိရောက်ရောက်ကြီး ထိုးနှက်နိုင်ပါသည် ။


     တစ်ဖန် အဓိကဇာတ်ကောင်နှစ်ဦးကြား နားလည်မှုပျောက်ဆုံးနေတဲ့ အချိန်မှာ တစ်ဖက်ဘုရားကျောင်းက တစ်ဦးကိုတစ်ဦးမှီတွယ်ထွက်လာတဲ့ အဖိုးကြီးအဖွားကြီးလင်မယားကို ( အချစ်ကို ကျွန်တော်တို့တစ်တွေ မြင်ယောင်တတ်တဲ့ မူရင်းစံပြနိမိတ်ပုံ ) တွဲပြတဲ့ အခန်း စတာတွေကလည်း ထိရောက်မှုရှိလှပါသည် ။ တဖန် ဇာတ်သိမ်းခါနီးမှာ လှေကားရင်းမှာထိုင်ရင်း မိန်းမလုပ်သူက အမျိုးသားကို လွန်ခဲ့တဲ့ ၁၅ နှစ်က မင်္ဂလာဦးမှာ သူတို့တည်းခဲ့တဲ့ ဟိုတယ်လေးကို မှန်းပြီးပြောကြည့်ဖို့ ပူဆာသည် ။ အမျိုးသားက စိတ်မပါတပါနှင့် ဟိုသည်ညွှန်ပြရင်း အမှန်ကတော့ သူတို့ထိုင်နေတဲ့ လှေကားထက်က နေရာဖြစ်နေတာကို သိလိုက်ရ၏ ။ ဒါဟာလည်း ကျွန်တော်တို့ လူသားတွေရဲ့ လျစ်လျူရှုတတ်သည့် ၊ မမြင်တတ်သည့် လူသားဆန်တဲ့ အားနည်းချက်တစ်ရက်ကို ဖန်တီးသူက ပါးပါးလေးပြသွားခြင်းလို့ ခံယူမိပါသည် ။

     "တရားဝင်မိတ္တူ" ဟာခံယူသူ့အပေါ်မူတည်ပြီး အဓိပ္ပာယ်ယူပုံ ၊ သက်ရောက်ပုံတွေ မျိုးစုံဖြစ်မည်လို့ ယုံကြည်ပါသည် ။ ဒါသည်ပင် အနုပညာတစ်ရပ်ရဲ့ စွမ်းအားမဟုတ်ပါလော ။ ဒါ့အပြင် သရုပ်ဆောင်တွေ၏ ပညာကိုလည်း တအံတသြတွေ့ရပါသေးသည်။ အထူးသဖြင့် အဓိကဇာတ်ကောင်အမျိုးသမီးအဖြစ် သရုပ်ဆောင်သော ဂျူးလိယက်ဘီနိုချီ၏ မျက်နှာအမူအရာ ၊ ကိုယ်ဟန် စသည်တို့မှာ သရုပ်ဆောင်အနုပညာ၏ အကောင်းဆုံးအဆင့်ဟုပင်ပြောနိုင်ပါသည် ။ သည်ရုပ်ရှင်နဲ့ ကီရာရိုစတမ်နီဟာ ဘဝ၊ အနုပညာ ၊ အချစ် ၊ ထုံးတမ်းအစဉ်အလာ စတာတွေကို အစွန်းကုန်ချပြသွားပါသည် ။ အားလုံးကိုတော့ ကျွန်တော်အနေနဲ့ နားလည်နိုင်စွမ်းမရှိသေးပါ ။ သို့တိုင် ဘဝဖြစ်တည်မှုရဲ့ ဝန်ထုတ်ဝန်ပိုး ၊ စံအဖြစ်ထားချင်ကြတဲ့ အချစ်ရဲ့ လက်တွေ့သဘောအရ မတည်ရှိမှု ၊ ကြေမွပျက်ပြုန်းလွယ်တဲ့ လူသားချင်းဆက်ဆံရေး ၊ အဆိုးဆုံးခါးသီးမှုများမှာတောင်မှ တစ်ဒင်္ဂအားဖြင့်ကြည်နူးရမယ့် ကိုယ့်ချစ်သူကိုသတိရနိုင်သေးခြင်း ၊ ချစ်သူရဲ့ သက်ပြင်းတစ်ရှိုက် ၊ ပုခုံးပေါ်လာတင်တဲ့ လက်တစ်ဖက်ရဲ့အားအင် စတဲ့ သေးဖွဲတဲ့အပြုအမူတွေရဲ့ အားကြီးတဲ့ စွမ်းအား စတာတွေကိုတော့ သိမြင်နိုင်ပါသေးသည် ။ သည်ဇာတ်ကားဟာ အနုပညာစစ်စစ်လက်ရာတစ်ခုဖြစ်ပြီး တကယ့်ဘဝရဲ့ ခံစားမှုဝေဒနာကို ထင်ဟပ်ပြနိုင်တဲ့ တရားဝင်မိတ္တူတစ်ခုလည်း ဖြစ်ပြန်ပါသည် ။ 

     နောက်ဆုံးအနေနဲ့ ပုဂ္ဂလိက ခံယူသူကျွန်တော့်အဖို့ မမေ့နိုင်သော စကားပြောတစ်ခွန်း ကိုပြောပြချင်ပါသည် ။ ယင်းမှာ ကော်ဖီဆိုင်ရှင်အမျိုးသမီးကြီး၏ အိမ်ထောင်ရေးလက်ချာ ရှည်ကြီးမှာ တစ်ခွန်းဖြစ်ပါသည် ။ သူပြောတာက တိုတိုလေးပဲဖြစ်သည် ။

" စံတွေနောက်ကိုလိုက်ရင်း မင်းဘဝကို ဖြုန်းတီးမပစ်ပါနဲ့ .. ၊ ဒါဟာ ထုံလွန်း တုံးလွန်းရာ ရောက်ပါတယ်... "
Aung Phyoe
(ဇူလိုင် ၂၇ ၊ ၂၀၁၂ ။ 2:32AM)

စာကိုးစာရင်း(အကျဉ်း)
1. "Certified Copy: At Home and Abroad" By Godfrey Cheshire
2. "Ceritifying the Copy; An interview with Abbas Kiarostami" by Aaron Cutler

22 July 2012

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင် ၂

     မိုးရေထဲမှာ အမိုးအကာမပါဘဲ လမ်းလျှောက်ထွက်ရတာ သည်လောက်ခံစားလို့ကောင်းမှန်း အရင်ကကျတော် မသိခဲ့ဘူး မေ ။ ဟုတ်တယ်... ကျတော်အရင်တုန်းက မသိခဲ့တာအများကြီးပဲ ။ ဝမ်းနည်းဖို့ ကောင်းတယ်နော် ။ ကင်မရာတစ်လက်လွယ်ပြီး ခြေကျင်ဓာတ်ပုံလျှောက်ရိုက်တာ ကောင်းမှန်းမသိခဲ့ဘူး ၊ ကိုယ်ခန္ဓာကို ကျစ်လစ်အောင်ဆော့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသယောင် ကြိုးစားယူရတယ် ဆိုပြီး နည်းနည်းအပေါစားဆန်ပေမယ့် မှန်နေတဲ့ ကိစ္စတစ်ရပ် ရှိတယ်ဆိုတာလည်းမသိခဲ့ဘူး ။ စီးကရက်တစ်လိပ်ကို အရသာရှိရှိသောက်ရတဲ့ အရသာ ၊ ဝီစကီတစ်ခွက်ကို အချိုရည်မရောပဲ ရေနည်းနည်းရောပြီး တစ်စိမ့်စိမ့်သောက်ရတဲ့ အရသာ... အားလုံးကို ကျတော်ဘာမှ မသိခဲ့ဘူး ။ နှမြောဖို့ကောင်းတယ်ဗျာ ... ။

     နေကောင်းလားမေ ... ။ ကျတော်တို့ဆီမှာ မိုးတွေရွာနေတယ်... ။ ညနေညနေဆို စပြီးရွာလာတယ် တစ်ညလုံးဆိုပါတော့ မိုးကြိုးတွေပြစ် မိုးတွေချိမ်းချင်တဲ့အခါချိမ်းတယ် ၊ ဒါပေမယ့် ညတိုင်း မိုးကတော့ စွေနေတာပဲ ... ။ အရင်ကဆို မိုးရွာတိုင်း ဘာရယ် ဘယ်သူ့ကိုရယ်မဟုတ် ကျတော်ထိုင်လွမ်းနေတာပဲ ... ။ သည်တစ်ရာသီမှာတော့ နည်းနည်းအဆင်ပိုပြေသွားတယ်... လေလေး အေးစိမ့်စိမ့်မှာ ဝီစကီလေး နည်းနည်းချင်းသောက် ၊ လွမ်းချင်တယ်ဆိုပြန်ရင်လည်း တိတိကျကျတစ်ယောက်ကို ပုံဖော်လွမ်းချင်လွမ်းလို့ရသေးတယ် ။ ဒါမှမဟုတ် စီးကရက်ထိုင်သောက်နေချင်လား ရတယ် ။ ရိုးအီသွားနိုင်တဲ့ အရသာမျိုးတွေမဟုတ်ဘူး ။ တရှိုတ်မက်မက် ခံစားနိုင်တဲ့ နောက်ကိုယ်ကြိုက်သလိုရပ်ပစ်နိုင်တဲ့ ခံစားချက်မျိုးတွေပေါ့ ... ။ ဒါဆိုတော့လည်း နောက်ကျပေမယ့် အချိန်တော့ ရသေးတယ်ပြောရမယ် ... ။
     ကျတော်လွမ်းတာ ချစ်လို့မဟုတ်ဘူးမေ ... ။ လွမ်းချင်လို့ ၊ နောက်လွမ်းရတဲ့ အရသာကိုကြိုက်လို့ရယ်ပါ ။ မေ လူတစ်ယောက်ကို ချစ်ဖူးလား ။ ချစ်တယ်ဆိုတာ အင်မတန်ကြီးများတဲ့ကုသိုလ်ကြောင့် ဖြစ်လာရတဲ့ မတည်မြဲမှုခံစားချက်တစ်ရပ်ပါပဲ ... ၊ ဒါကြောင့်လည်း အချိန်တိုတောင်းတာနဲ့ အမျှတန်ဖိုးကြီးကြီးပေးရတာမျိုးပါ ... ။ ခက်တာက သူကကုန်လွန်သွားရင် ပြန်ရဖို့လည်းမလွယ်ပြန်ဘူး ... ။ မေမျက်စိမှိုတ်လိုက်ရင် ချစ်တဲ့သူ့ရဲ့ ပုံစံကို စိတ်ကူးပုံဖော်လို့ရကောင်းရမယ် ၊ ဒါပေမယ့် ဒါက အပြင်ဘက်က မေ့လူကို ချွတ်စွတ်သရုပ်သဏ္ဍာန်ပြုတဲ့ အရိပ်မဟုတ်ဘူး ... ။ မေ့ရဲ့ အတ္တရုပ်ကို တစ်စုံတစ်ယောက်ဆီမှာ ခိုးယူထုဆစ်ခြင်းတစ်မျိုးပါပဲ ... ။ တစ်သက်မှာ အချစ်ကို တစ်ခါလောက်ကြုံဖူးခဲ့ရင် တန်နေပါပြီ ၊ တော်ပါပြီ ။ ကျေနပ်ဖို့ကောင်းပါပြီ ထပ်ရှာလို့လည်းမဖြစ်ဘူးမေ ၊ ဘာလို့တုန်းဆို ထပ်တွေ့ဖို့မဖြစ်နိုင်ဘူး ။ နောက် မေတို့ ကျတော်တို့ဆိုတာလည်း သည်လောက် ကုသိုလ်ကောင်းတဲ့သူမျိုးတွေ မဟုတ်ကြဘူး ။ မေ တစ်သက်မှာ တစ်ယောက်လောက်တော့ ချစ်ဖူးအောင် ချစ်ထားစေချင်တယ် ... ။ မေ ရင့်မာလာအောင်ပါ ... ။
     ကျတော့်စိတ်ကူးအမြင်ထဲက လောကကြီးဟာ လူတွေနဲ့ အကျည်းတန်တယ် ၊ ဒါပေမယ့် သဘာဝကြောင့် ၊ နောက် အနုပညာလို့ခေါ်ချင်ခေါ်နိုင်တဲ့ မူးယစ်မှု တစ်စုံတစ်ရာရယ်ကြောင့် တစ်ဦးတစ်ယောက်ထဲ အဆင့်ကိုချုပ်ကြည့်ရင်တော့ လှနေပါသေးတယ် ။ ဒါဟာမေ့အတွက်တော့ မှန်ကောင်းမှ မှန်နိုင်မယ် ။ လောကအမြင်တို့ နောက် ဘဝတို့ဆိုတာလည်း ကိုယ့်အထင်နဲ့ကိုယ် တည်ဆောက်ထားကြတာမျိုးမဟုတ်လား ။ ဟုတ်လိမ့်မယ် သည်လိုပဲဖြစ်လိမ့်မယ် ဆိုတဲ့ အထင်နဲ့ လက်ခံရင်း နေကြရတာပဲမဟုတ်လား ။ အဓိက ကတော့ခဏလေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ကျေနပ်ဖို့ပါ ။ နောက် ထပ်ပြောရရင် ရိုးဖြောင့်ဖို့ပါ ။ ကိုယ်ဟာ ဝါဒတွေနောက်လိုက်ဖို့မဟုတ်ဘူး ။  ဘာအရာဟာဖြစ်တည်တယ် ၊ တည်ရှိတယ် ၊ အဖိုးတန်တယ် ၊ အလေးအမြတ်ထားတယ်ဆိုတာကို ညွှတ်နူးဖို့ ၊ ကိုးကွယ်ဖို့ ၊ သက်သေပြဖို့မဟုတ်ဘူးနော် ... ။
     ကျတော်အပါအဝင်ပေါ့ဗျာ ... လူတွေဟာ ကိုယ်တော်ကြောင်းကို အမျိုးမျိုးပြကြရတယ် ၊ ကိုယ်ဟာ သူများနဲ့မတူဘူး ဆိုတာကို ဂုဏ်လုပ်ပြီး ပညာတတ်လူတန်းစားဟာ နေကြရတယ် ... ။ ဒါဟာ သိပ်ကို သနားဖို့ကောင်းတာပဲလို့ ကျတော်တော့ထင်တယ် ။ နောက် လူ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သူများတွေရဲ့ စည်းမျဉ်းတွေနဲ့ လိုက်လံစစ်ဆေးခံပြီး အရိုသေတန်အောင် နေကြရပြန်တယ် ... ။ စည်းတွေ ဘောင်တွေဟာ မများလွန်းဘူးလား ။ နောက် သူတော်ကောင်းဆိုတာတွေ အများလွန်းဘူးလား ။ အသက်ရှုကြပ်စရာ မကောင်းလွန်းဘူးလား ။ ကျတော်နားမလည်တဲ့ အရာတွေ အများကြီးပါမေ ။ အသိခေါက်ခက်အဝင်နက်တတ်တယ် မဟုတ်လား ။
     အနည်းဆုံးတော့ မေဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူဖြစ်လို့ စိတ်ပျက်စရာကြုံရင် အားပြုခိုတွယ်စရာတော့ ကျန်ဦးမှာပါ ။ တစ်ခါတစ်ခါ ဘာလို့ သိသိရက်နဲ့မသိချင်ဟန် မဆောင်နိုင် သလဲလို့ ကျတော်တွေးမိပြီး နောင်တရမိတယ်။ ဒါကိုနောင်တလို့ ခေါ်မလား... ။ ခုထက် နည်းနည်းလေးပို ပိန်းအောင် တန့်ထားနိုင်ရင်ကောင်းမယ်။ ဟားဟား.... ကျတော်ပြောခဲ့သလိုပဲ ကျတော်ဟာလည်း သူများတစ်တွေနဲ့မတူအောင် ကိုယ်ကိုယ့်ကိုယ်သာကြောင်းပြောရတာပဲ မဟုတ်လား ။ သည်ဥာဉ်ဟာ နောက်ဆုံးလူတွေကို အောက်ဆုံးအဆင့်တန်းတူဖြစ်အောင် လုပ်ပေးသွားတာပဲ ... ။ ဘယ်သူမဆို ကိုယ်ကိုယ်ကိုယ်တော့ လေးစားစေချင်ကြတာမျိုး မဟုတ်လား ။

     ခုလောလောဆယ်... ကျတော် စီးကရက်တစ်လိပ်သောက်နေတယ် ။ အခိုးတွေကို ပါးစပ်ကနည်းနည်း နှာခေါင်းကနည်းနည်း ဖြေးဖြေးချင်းပြန်ရှုထုတ်တယ် ... ။ ပြတင်းပေါက်ဖွင့်ထားတော့ ဝင်လာတဲ့လေနဲ့အတူ အခိုးအငွေ့ မီးခိုးမျှင်တွေဟာ လွင့်ပါသွားတယ်... ။ ကျတော်သူတို့နဲ့အတူလိုက်ကြည့်တယ် ။ သိပ်သည်းတဲ့ မီးခိုးငွေ့တွေဟာ တစ်စတစ်စ ဝေးကွာလွင့်ပါးသွားလိုက်ကြတာ နောက်ဆုံးတော့ လေဟာပြင်ကျယ်မှာ တစ်စစီပျောက်သွားကြတယ်... ။ လွမ်းစရာပဲ မဟုတ်လားမေ... ။ နောက်ယုံကြည်ချင်လောက်စရာ တည်မြဲမှုဆိုတာ ဘယ်ဟာမျိုးပါလဲ ... ။ သည်တော့ ကျတော်တို့တစ်တွေ ဘာကိုယုံကြည်ပြီး ကြိုးစားနေကြ ရတာလဲ ... ။

     ကြားဖူးတာတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်တိုးတတ်ဖို့ လုပ်ကြရတယ်တဲ့ ... ။ ဒါဟာ ကျတော်တို့ကို ရိုက်သွင်းလိုက်တဲ့ ငယ်ငယ်တုန်းကအတွေးပေါ့ ။ အဲသည်မှာပြောတဲ့ တိုးတတ်တယ်ဆိုတာ စာသင်တုန်း အတန်းထဲမှာ အဆင့်တက်တာထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ကျတော်တော့မထင်ဘူး ... ။ သူတို့တစ်တွေ ဒါကိုပဲကြည့်ပြောခဲ့ကြတာ ဆောင်ပုဒ်တွေ စကားပုံတွေ ထုတ်ခဲ့ကြတာမဟုတ်လား ။ မြင်သာတယ် ၊ လူတိုင်းနားလည်နိုင်တယ်၊ နောက်ပြီး ဒါတွေဟာ လုံးဝမှားပါတယ်လို့ ဘယ်သူမှမငြင်းနိုင်ဘူး... ။ လောကမှာ တိုးတက်တယ်ဆိုတာဘာလည်းမေ ။ ... စိတ်ခွန်အားတိုးတက်လာတာ တစ်နည်းအားဖြင့်ထုံလာတာကို ပြောတာလား ၊ ရာထူးတိုးတာ၊ ပိုက်ဆံပိုရှိလာတာ ၊ လူသိများပြီး လူရာပိုဝင်လာတာကို ပြောတာလား ။ သူတို့တစ်တွေ အဓိပ္ပာယ်ကို မရှင်းခဲ့ကြဘူး ။ ကိုယ်လိုတာဆွဲပြောရရင် ကျတော်အားလုံးဖြစ်ချင်တယ်။ နောက် တစ်ချိန်ထဲမှာ ဒါတွေဟာဘာမှမဟုတ်ဘူးဆိုတာမျိုးကိုလည်း အပျက်မြင်လာတယ် ... ။ ကျတော်သိသမျှ အခက်ခဲဆုံးကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပဲ ။ ဒါက အင်မတန်ခက်ခဲတယ် ၊ ဒါကြောင့်လည်း မလှတဲ့သူဟာ သူပေါ်ပြူလာဖြစ်ကြောင်းကြံဖန်ပြီးပြနေရတယ် .. ။ အထည်ကြီးပျက်ဟာ သူပိုက်ဆံရှိကြောင်း ကြံဖန်လုပ်ပြောရတယ် ... ။ ဒါတွေဟာ မြင်သာတဲ့ အဖြစ်တွေပါ ။ ဒါထက်ပိုပြီး ကြောက်ဖို့ကောင်းတာက လူတွေဟာ မျှော်လင့်တကြီးကြိုးစားပြီး တစ်နေ့မှာဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ကတိတစ်လုံးနဲ့ ကိုယ့်လက်ရှိအခြေအနေကို လက်ခံဖို့ငြင်းဆန်တာမျိုးပဲ ... ။ ဒါဟာလည်း ကျတော်ပြောဖူးသလို အသိခေါက်ခက် အဝင်နက်တာမျိုးပဲ မဟုတ်လားမေ ... ။ ကျတော်တော့ သည်အထဲက လွတ်အောင်မရုန်းနိုင်သေးဘူး ... ။

     ကျတော့် စီးကရက်ကလေးတိုလာပြီ ။ နောက်ဆုံးအရှိုက် ညှစ်ထားတဲ့လက်ချောင်းဖျားလေးတွေ ပူလာတဲ့အထိ ရှိုက်လိုက်တယ် ၊ နောက် စီးကရက်အတိုကို ခွက်ထဲထိုးချေလိုက်တယ် ။ အပြီးပပျောက်ခြင်းဆိုတာ ဒါမျိုးပါပဲ မေ... ။ နောက်ဆုံးမှာ ဘာမှအဓိပ္ပာယ်မရှိဆိုတာ သိသားနဲ့တောင် ပျော်ရွှင်စွာဖြစ်တည်လောင်ကြွမ်းရင်း ချုတ်ငြိမ်းရတာဘယ်လောက်နေသာမလဲ ... ။ ဒါ့အပြင် ကိုယ်တို့မှာ အခြားရွေးချယ်စရာ လမ်းလွဲများရှိသလားဗျာ ... ။ တစ်နေ့တစ်နေ့ဟာကုန်လွယ်တယ် ... နောက် ခုတစ်လော မွေးနေ့တွေဟာမြန်လာတယ် ... ။ ထားပါ ။ ကျတော်သည်နေ့ စီးကရက်သောက်တာများနေပြီ ... ၊ စာတွေဖတ်ပြီး ခေါင်းနည်းနည်းကိုက်နေတယ် ... ။ မနက်ဖြန်ခါ မိုးလင်းရင် ဘယ်လိုပျော်အောင်နေရမလဲဆိုတာ တွေးပြီးရင် သည်နေ့အဖို့ တော်ပြီထင်တာပဲ ... ။ မေရော တစ်နေ့တစ်နေ့ကို ပျော်အောင်ဘယ်လိုနေလဲ ... ။ ဘာပြောရမှန်းမသိ ပြောစရာလည်း မရှိဖူးဆိုတဲ့ မေ့ မိဘတွေဆီ အောင့်အီးပြီးဖုန်းပြောဖြစ်သေးလား ၊ သည်အတွက် မေ့ကိုယ်မေ ရိုးဖြောင့်နိုင်နေပြီလား ... ။ လိမ်ညာနေရတာ အပန်းကြီးလွန်းပါတယ် ... ၊ ခဏလေးဖြစ်ဖြစ် ကိုယ်စိတ်ကိုယ်ကို ရိုးဖြောင့်အောင်ထားပြီး ၊ လက်ရှိကိုယ့်ကိုယ်ကိုယ် ခဏလေးဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားကြည့်ဖို့ကောင်းနေပါပြီ ... ။ ကျတော်တော့ မအောင်မြင်သေးဘူးမေ... ။ နက်ဖြန်ဘာလုပ်မယ်ဆိုတာ စဉ်းစားမိပြီ ... ။ သည်တစ်ရက်အတွက် ကျတော့်တာဝန်ပြီးပြီးမေ ... ။

     ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ လို့ပဲနှုတ်ဆက်လိုက်တယ် ... ။ သူများတွေလို ကံကောင်းပါစေလို့ ဘာကိုမှန်းမသိ ယုံဟန်ဆောင်ပြီး ဆုတောင်းပေးရတာမျိုး ကျတော် မကြိုက်ဘူး ... ။


ချစ်ခြင်းဖြင့် ...


Aung Phyoe
( ဇူလိုင် ၂၂ ၂၀၁၂ ၊ 11:40 PM)