22 July 2012

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင် ၂

     မိုးရေထဲမှာ အမိုးအကာမပါဘဲ လမ်းလျှောက်ထွက်ရတာ သည်လောက်ခံစားလို့ကောင်းမှန်း အရင်ကကျတော် မသိခဲ့ဘူး မေ ။ ဟုတ်တယ်... ကျတော်အရင်တုန်းက မသိခဲ့တာအများကြီးပဲ ။ ဝမ်းနည်းဖို့ ကောင်းတယ်နော် ။ ကင်မရာတစ်လက်လွယ်ပြီး ခြေကျင်ဓာတ်ပုံလျှောက်ရိုက်တာ ကောင်းမှန်းမသိခဲ့ဘူး ၊ ကိုယ်ခန္ဓာကို ကျစ်လစ်အောင်ဆော့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသယောင် ကြိုးစားယူရတယ် ဆိုပြီး နည်းနည်းအပေါစားဆန်ပေမယ့် မှန်နေတဲ့ ကိစ္စတစ်ရပ် ရှိတယ်ဆိုတာလည်းမသိခဲ့ဘူး ။ စီးကရက်တစ်လိပ်ကို အရသာရှိရှိသောက်ရတဲ့ အရသာ ၊ ဝီစကီတစ်ခွက်ကို အချိုရည်မရောပဲ ရေနည်းနည်းရောပြီး တစ်စိမ့်စိမ့်သောက်ရတဲ့ အရသာ... အားလုံးကို ကျတော်ဘာမှ မသိခဲ့ဘူး ။ နှမြောဖို့ကောင်းတယ်ဗျာ ... ။

     နေကောင်းလားမေ ... ။ ကျတော်တို့ဆီမှာ မိုးတွေရွာနေတယ်... ။ ညနေညနေဆို စပြီးရွာလာတယ် တစ်ညလုံးဆိုပါတော့ မိုးကြိုးတွေပြစ် မိုးတွေချိမ်းချင်တဲ့အခါချိမ်းတယ် ၊ ဒါပေမယ့် ညတိုင်း မိုးကတော့ စွေနေတာပဲ ... ။ အရင်ကဆို မိုးရွာတိုင်း ဘာရယ် ဘယ်သူ့ကိုရယ်မဟုတ် ကျတော်ထိုင်လွမ်းနေတာပဲ ... ။ သည်တစ်ရာသီမှာတော့ နည်းနည်းအဆင်ပိုပြေသွားတယ်... လေလေး အေးစိမ့်စိမ့်မှာ ဝီစကီလေး နည်းနည်းချင်းသောက် ၊ လွမ်းချင်တယ်ဆိုပြန်ရင်လည်း တိတိကျကျတစ်ယောက်ကို ပုံဖော်လွမ်းချင်လွမ်းလို့ရသေးတယ် ။ ဒါမှမဟုတ် စီးကရက်ထိုင်သောက်နေချင်လား ရတယ် ။ ရိုးအီသွားနိုင်တဲ့ အရသာမျိုးတွေမဟုတ်ဘူး ။ တရှိုတ်မက်မက် ခံစားနိုင်တဲ့ နောက်ကိုယ်ကြိုက်သလိုရပ်ပစ်နိုင်တဲ့ ခံစားချက်မျိုးတွေပေါ့ ... ။ ဒါဆိုတော့လည်း နောက်ကျပေမယ့် အချိန်တော့ ရသေးတယ်ပြောရမယ် ... ။
     ကျတော်လွမ်းတာ ချစ်လို့မဟုတ်ဘူးမေ ... ။ လွမ်းချင်လို့ ၊ နောက်လွမ်းရတဲ့ အရသာကိုကြိုက်လို့ရယ်ပါ ။ မေ လူတစ်ယောက်ကို ချစ်ဖူးလား ။ ချစ်တယ်ဆိုတာ အင်မတန်ကြီးများတဲ့ကုသိုလ်ကြောင့် ဖြစ်လာရတဲ့ မတည်မြဲမှုခံစားချက်တစ်ရပ်ပါပဲ ... ၊ ဒါကြောင့်လည်း အချိန်တိုတောင်းတာနဲ့ အမျှတန်ဖိုးကြီးကြီးပေးရတာမျိုးပါ ... ။ ခက်တာက သူကကုန်လွန်သွားရင် ပြန်ရဖို့လည်းမလွယ်ပြန်ဘူး ... ။ မေမျက်စိမှိုတ်လိုက်ရင် ချစ်တဲ့သူ့ရဲ့ ပုံစံကို စိတ်ကူးပုံဖော်လို့ရကောင်းရမယ် ၊ ဒါပေမယ့် ဒါက အပြင်ဘက်က မေ့လူကို ချွတ်စွတ်သရုပ်သဏ္ဍာန်ပြုတဲ့ အရိပ်မဟုတ်ဘူး ... ။ မေ့ရဲ့ အတ္တရုပ်ကို တစ်စုံတစ်ယောက်ဆီမှာ ခိုးယူထုဆစ်ခြင်းတစ်မျိုးပါပဲ ... ။ တစ်သက်မှာ အချစ်ကို တစ်ခါလောက်ကြုံဖူးခဲ့ရင် တန်နေပါပြီ ၊ တော်ပါပြီ ။ ကျေနပ်ဖို့ကောင်းပါပြီ ထပ်ရှာလို့လည်းမဖြစ်ဘူးမေ ၊ ဘာလို့တုန်းဆို ထပ်တွေ့ဖို့မဖြစ်နိုင်ဘူး ။ နောက် မေတို့ ကျတော်တို့ဆိုတာလည်း သည်လောက် ကုသိုလ်ကောင်းတဲ့သူမျိုးတွေ မဟုတ်ကြဘူး ။ မေ တစ်သက်မှာ တစ်ယောက်လောက်တော့ ချစ်ဖူးအောင် ချစ်ထားစေချင်တယ် ... ။ မေ ရင့်မာလာအောင်ပါ ... ။
     ကျတော့်စိတ်ကူးအမြင်ထဲက လောကကြီးဟာ လူတွေနဲ့ အကျည်းတန်တယ် ၊ ဒါပေမယ့် သဘာဝကြောင့် ၊ နောက် အနုပညာလို့ခေါ်ချင်ခေါ်နိုင်တဲ့ မူးယစ်မှု တစ်စုံတစ်ရာရယ်ကြောင့် တစ်ဦးတစ်ယောက်ထဲ အဆင့်ကိုချုပ်ကြည့်ရင်တော့ လှနေပါသေးတယ် ။ ဒါဟာမေ့အတွက်တော့ မှန်ကောင်းမှ မှန်နိုင်မယ် ။ လောကအမြင်တို့ နောက် ဘဝတို့ဆိုတာလည်း ကိုယ့်အထင်နဲ့ကိုယ် တည်ဆောက်ထားကြတာမျိုးမဟုတ်လား ။ ဟုတ်လိမ့်မယ် သည်လိုပဲဖြစ်လိမ့်မယ် ဆိုတဲ့ အထင်နဲ့ လက်ခံရင်း နေကြရတာပဲမဟုတ်လား ။ အဓိက ကတော့ခဏလေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ကျေနပ်ဖို့ပါ ။ နောက် ထပ်ပြောရရင် ရိုးဖြောင့်ဖို့ပါ ။ ကိုယ်ဟာ ဝါဒတွေနောက်လိုက်ဖို့မဟုတ်ဘူး ။  ဘာအရာဟာဖြစ်တည်တယ် ၊ တည်ရှိတယ် ၊ အဖိုးတန်တယ် ၊ အလေးအမြတ်ထားတယ်ဆိုတာကို ညွှတ်နူးဖို့ ၊ ကိုးကွယ်ဖို့ ၊ သက်သေပြဖို့မဟုတ်ဘူးနော် ... ။
     ကျတော်အပါအဝင်ပေါ့ဗျာ ... လူတွေဟာ ကိုယ်တော်ကြောင်းကို အမျိုးမျိုးပြကြရတယ် ၊ ကိုယ်ဟာ သူများနဲ့မတူဘူး ဆိုတာကို ဂုဏ်လုပ်ပြီး ပညာတတ်လူတန်းစားဟာ နေကြရတယ် ... ။ ဒါဟာ သိပ်ကို သနားဖို့ကောင်းတာပဲလို့ ကျတော်တော့ထင်တယ် ။ နောက် လူ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သူများတွေရဲ့ စည်းမျဉ်းတွေနဲ့ လိုက်လံစစ်ဆေးခံပြီး အရိုသေတန်အောင် နေကြရပြန်တယ် ... ။ စည်းတွေ ဘောင်တွေဟာ မများလွန်းဘူးလား ။ နောက် သူတော်ကောင်းဆိုတာတွေ အများလွန်းဘူးလား ။ အသက်ရှုကြပ်စရာ မကောင်းလွန်းဘူးလား ။ ကျတော်နားမလည်တဲ့ အရာတွေ အများကြီးပါမေ ။ အသိခေါက်ခက်အဝင်နက်တတ်တယ် မဟုတ်လား ။
     အနည်းဆုံးတော့ မေဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူဖြစ်လို့ စိတ်ပျက်စရာကြုံရင် အားပြုခိုတွယ်စရာတော့ ကျန်ဦးမှာပါ ။ တစ်ခါတစ်ခါ ဘာလို့ သိသိရက်နဲ့မသိချင်ဟန် မဆောင်နိုင် သလဲလို့ ကျတော်တွေးမိပြီး နောင်တရမိတယ်။ ဒါကိုနောင်တလို့ ခေါ်မလား... ။ ခုထက် နည်းနည်းလေးပို ပိန်းအောင် တန့်ထားနိုင်ရင်ကောင်းမယ်။ ဟားဟား.... ကျတော်ပြောခဲ့သလိုပဲ ကျတော်ဟာလည်း သူများတစ်တွေနဲ့မတူအောင် ကိုယ်ကိုယ့်ကိုယ်သာကြောင်းပြောရတာပဲ မဟုတ်လား ။ သည်ဥာဉ်ဟာ နောက်ဆုံးလူတွေကို အောက်ဆုံးအဆင့်တန်းတူဖြစ်အောင် လုပ်ပေးသွားတာပဲ ... ။ ဘယ်သူမဆို ကိုယ်ကိုယ်ကိုယ်တော့ လေးစားစေချင်ကြတာမျိုး မဟုတ်လား ။

     ခုလောလောဆယ်... ကျတော် စီးကရက်တစ်လိပ်သောက်နေတယ် ။ အခိုးတွေကို ပါးစပ်ကနည်းနည်း နှာခေါင်းကနည်းနည်း ဖြေးဖြေးချင်းပြန်ရှုထုတ်တယ် ... ။ ပြတင်းပေါက်ဖွင့်ထားတော့ ဝင်လာတဲ့လေနဲ့အတူ အခိုးအငွေ့ မီးခိုးမျှင်တွေဟာ လွင့်ပါသွားတယ်... ။ ကျတော်သူတို့နဲ့အတူလိုက်ကြည့်တယ် ။ သိပ်သည်းတဲ့ မီးခိုးငွေ့တွေဟာ တစ်စတစ်စ ဝေးကွာလွင့်ပါးသွားလိုက်ကြတာ နောက်ဆုံးတော့ လေဟာပြင်ကျယ်မှာ တစ်စစီပျောက်သွားကြတယ်... ။ လွမ်းစရာပဲ မဟုတ်လားမေ... ။ နောက်ယုံကြည်ချင်လောက်စရာ တည်မြဲမှုဆိုတာ ဘယ်ဟာမျိုးပါလဲ ... ။ သည်တော့ ကျတော်တို့တစ်တွေ ဘာကိုယုံကြည်ပြီး ကြိုးစားနေကြ ရတာလဲ ... ။

     ကြားဖူးတာတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်တိုးတတ်ဖို့ လုပ်ကြရတယ်တဲ့ ... ။ ဒါဟာ ကျတော်တို့ကို ရိုက်သွင်းလိုက်တဲ့ ငယ်ငယ်တုန်းကအတွေးပေါ့ ။ အဲသည်မှာပြောတဲ့ တိုးတတ်တယ်ဆိုတာ စာသင်တုန်း အတန်းထဲမှာ အဆင့်တက်တာထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ကျတော်တော့မထင်ဘူး ... ။ သူတို့တစ်တွေ ဒါကိုပဲကြည့်ပြောခဲ့ကြတာ ဆောင်ပုဒ်တွေ စကားပုံတွေ ထုတ်ခဲ့ကြတာမဟုတ်လား ။ မြင်သာတယ် ၊ လူတိုင်းနားလည်နိုင်တယ်၊ နောက်ပြီး ဒါတွေဟာ လုံးဝမှားပါတယ်လို့ ဘယ်သူမှမငြင်းနိုင်ဘူး... ။ လောကမှာ တိုးတက်တယ်ဆိုတာဘာလည်းမေ ။ ... စိတ်ခွန်အားတိုးတက်လာတာ တစ်နည်းအားဖြင့်ထုံလာတာကို ပြောတာလား ၊ ရာထူးတိုးတာ၊ ပိုက်ဆံပိုရှိလာတာ ၊ လူသိများပြီး လူရာပိုဝင်လာတာကို ပြောတာလား ။ သူတို့တစ်တွေ အဓိပ္ပာယ်ကို မရှင်းခဲ့ကြဘူး ။ ကိုယ်လိုတာဆွဲပြောရရင် ကျတော်အားလုံးဖြစ်ချင်တယ်။ နောက် တစ်ချိန်ထဲမှာ ဒါတွေဟာဘာမှမဟုတ်ဘူးဆိုတာမျိုးကိုလည်း အပျက်မြင်လာတယ် ... ။ ကျတော်သိသမျှ အခက်ခဲဆုံးကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပဲ ။ ဒါက အင်မတန်ခက်ခဲတယ် ၊ ဒါကြောင့်လည်း မလှတဲ့သူဟာ သူပေါ်ပြူလာဖြစ်ကြောင်းကြံဖန်ပြီးပြနေရတယ် .. ။ အထည်ကြီးပျက်ဟာ သူပိုက်ဆံရှိကြောင်း ကြံဖန်လုပ်ပြောရတယ် ... ။ ဒါတွေဟာ မြင်သာတဲ့ အဖြစ်တွေပါ ။ ဒါထက်ပိုပြီး ကြောက်ဖို့ကောင်းတာက လူတွေဟာ မျှော်လင့်တကြီးကြိုးစားပြီး တစ်နေ့မှာဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ကတိတစ်လုံးနဲ့ ကိုယ့်လက်ရှိအခြေအနေကို လက်ခံဖို့ငြင်းဆန်တာမျိုးပဲ ... ။ ဒါဟာလည်း ကျတော်ပြောဖူးသလို အသိခေါက်ခက် အဝင်နက်တာမျိုးပဲ မဟုတ်လားမေ ... ။ ကျတော်တော့ သည်အထဲက လွတ်အောင်မရုန်းနိုင်သေးဘူး ... ။

     ကျတော့် စီးကရက်ကလေးတိုလာပြီ ။ နောက်ဆုံးအရှိုက် ညှစ်ထားတဲ့လက်ချောင်းဖျားလေးတွေ ပူလာတဲ့အထိ ရှိုက်လိုက်တယ် ၊ နောက် စီးကရက်အတိုကို ခွက်ထဲထိုးချေလိုက်တယ် ။ အပြီးပပျောက်ခြင်းဆိုတာ ဒါမျိုးပါပဲ မေ... ။ နောက်ဆုံးမှာ ဘာမှအဓိပ္ပာယ်မရှိဆိုတာ သိသားနဲ့တောင် ပျော်ရွှင်စွာဖြစ်တည်လောင်ကြွမ်းရင်း ချုတ်ငြိမ်းရတာဘယ်လောက်နေသာမလဲ ... ။ ဒါ့အပြင် ကိုယ်တို့မှာ အခြားရွေးချယ်စရာ လမ်းလွဲများရှိသလားဗျာ ... ။ တစ်နေ့တစ်နေ့ဟာကုန်လွယ်တယ် ... နောက် ခုတစ်လော မွေးနေ့တွေဟာမြန်လာတယ် ... ။ ထားပါ ။ ကျတော်သည်နေ့ စီးကရက်သောက်တာများနေပြီ ... ၊ စာတွေဖတ်ပြီး ခေါင်းနည်းနည်းကိုက်နေတယ် ... ။ မနက်ဖြန်ခါ မိုးလင်းရင် ဘယ်လိုပျော်အောင်နေရမလဲဆိုတာ တွေးပြီးရင် သည်နေ့အဖို့ တော်ပြီထင်တာပဲ ... ။ မေရော တစ်နေ့တစ်နေ့ကို ပျော်အောင်ဘယ်လိုနေလဲ ... ။ ဘာပြောရမှန်းမသိ ပြောစရာလည်း မရှိဖူးဆိုတဲ့ မေ့ မိဘတွေဆီ အောင့်အီးပြီးဖုန်းပြောဖြစ်သေးလား ၊ သည်အတွက် မေ့ကိုယ်မေ ရိုးဖြောင့်နိုင်နေပြီလား ... ။ လိမ်ညာနေရတာ အပန်းကြီးလွန်းပါတယ် ... ၊ ခဏလေးဖြစ်ဖြစ် ကိုယ်စိတ်ကိုယ်ကို ရိုးဖြောင့်အောင်ထားပြီး ၊ လက်ရှိကိုယ့်ကိုယ်ကိုယ် ခဏလေးဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားကြည့်ဖို့ကောင်းနေပါပြီ ... ။ ကျတော်တော့ မအောင်မြင်သေးဘူးမေ... ။ နက်ဖြန်ဘာလုပ်မယ်ဆိုတာ စဉ်းစားမိပြီ ... ။ သည်တစ်ရက်အတွက် ကျတော့်တာဝန်ပြီးပြီးမေ ... ။

     ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ လို့ပဲနှုတ်ဆက်လိုက်တယ် ... ။ သူများတွေလို ကံကောင်းပါစေလို့ ဘာကိုမှန်းမသိ ယုံဟန်ဆောင်ပြီး ဆုတောင်းပေးရတာမျိုး ကျတော် မကြိုက်ဘူး ... ။


ချစ်ခြင်းဖြင့် ...


Aung Phyoe
( ဇူလိုင် ၂၂ ၂၀၁၂ ၊ 11:40 PM)


No comments: