27 November 2007

လူထုအမေ့ (၉၂) ပြည့်မွှေးနေ့ဆုတောင်း


လာမည့် ကြာသပတေးနေ့ဟာ အမေလူထုဒေါ်အမာရဲ့ (၉၂) နှစ်မြောက်မွေးနေ့ ပါ။ မြန်မာ့စာပေလောကမှာ ရွှန်းရွှန်းပပကြီး ထွန်းလင်းနေတဲ့ လမင်းကြီးနဲ့ သဏ္ဍာန်တူတဲ့ အမေ ၊ နှောင်းလူစာပေသမားတွေ ရဲ့ရှေ့ဆောင်လမ်းပြ အမေ ၊ လူငယ်တွေရဲ့ စိတ်မှာကိုယ့်လူမျိုး ၊ ကိုယ့်ဂီတ ၊ ကိုယ့်သဘင် ၊ ကိုယ့်ယဉ်ကျေးမှုတွေကို တန်ဖိုးထားမြတ်နိုးတတ်အောင်ပြု စုပျိုးထောင်ပေးခဲ့ အမေ ။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အားမာန်ကိုစွမ်းစွမ်းတမံပြခဲ့တဲ့အမေ ၊ အသက်အရွယ်ကြီးသည့် တိုင်နိုင်ငံအတွက် စိတ်အားထက်သန်ဆဲအမေ ။

သည်နှစ်မှာရော အမေ့မွေးနေ့ကို တောင်သမန်လေညှင်းတွေနဲ့ အတူကျင်းပခွင့်ရပါ့ မလား။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝှမ်း က အမေ့ကို ချစ်တဲ့၊ အမေကချစ်တဲ့ သားသမီးတွေ ဟာအမေ့မွေးနေ့ အတွက် ၊ အမေ့ အတွက်ဆုမွန်ကောင်းတောင်းပေးနေကြမှာပါ ။ "အမေ ရောဂါကင်းစွာနှင့် ကျန်းမာအသက်ရှည်ပါစေ ။ အမေမြင် ချင်တွေ့ချင်တဲ့ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို အမေအမြန်ဆုံးမြင်တွေ့ နိုင်ပါစေ ။ " ...... အမေ။ ။

26 November 2007

McDonal's , ဟမ်ဘာဂါ နှင့် နွေးထွေးမှုညနေခင်းများ

Mc Donal's ဆိုင်ဟာကျွန်တော်စားနေကြ Fast Food ဆိုင်ပါ။ Mc Donal's ဆိုင်တော်တော်များကိုကျွန်တော်ထိုင်ဖူး ပါတယ်။ Mc Donal's ဟာတစ်ယောက်ထဲထိုင်စား ရင်အတော်လေးပျင်းဖို့ကောင်းပါတယ်။ နေ့စဉ်ကျတော့်လည်း ညည်းငွေ့စရာကောင်း ၊ ကျောင်းသားတစ်ယောက်အနေနဲ့ကျတော့လည်း ငွေကြေး မတတ်နိုင်ဘူးလေ။ ဒါပေမယ့် (၁)ပတ်တစ်ခါလောက် သွားစားရတာတော့ အပြောင်းအလဲသဘောလေးပါ။ Fast Foods တွေဟာမကောင်းဘူးလို့ ကျန်းမာရေးရှုထောင့်က ဘယ်လိုပဲဆို ပါစေ ချက်ရကြော်ရတဲ့ ဒုက္ခနဲ့စာရင်နောင်ခါမှ နောင်ဈေးပါ ။ ငွေကြေးအနေနဲ့လည်း ခြေနိုင်လက်နိုင် လည်းရှိတယ် ၊ ပြီးတော့လည်း သူငယ်ချင်းတွေနဲ့ တပျော်တပါး ကြီးသွားကြတော့ ပျင်းစရာလည်းမကောင်းပါ။

သည်နေ့ညနေ lecture နောက်ဆုံးချိန်ပြီးရင် ကျွန်တော်တို့ Mc Donal's မှာညစာစားဖြစ်တယ်။ သူငယ်ချင်းတွေဆိုတာ ကျွန်တော်နဲ့မှ စုစုပေါင်း ၄ ယောက်ပါ။ ကျွန်တော်တို့ဟာ Major တူပေမယ့် Group မတူကြဘူးလေ ၊ ဒါကြောင့် ရှားရှားပါးပါး တစ်ပတ်မှာတစ်ချိန်သာတူတဲ့ တနင်္လာနေ့နောက်ဆုံး lecture ချိန်ပြီးမှာ စုစုစည်းစည်း ညစာစား လေပစ်ကြပါတယ်။ ကျောင်ဝင်းနဲ့မနီးပေ မယ့် သိပ်လည်းမလှမ်းလှတဲ့ ဆိုင်ခွဲလေးမှာပါ။ ဆိုင်မှာလည်း Spicy ဘာဂါပဲအတူတူမှာစား ပြီး ညနေချမ်းလေးတွေ ကိုကုန်စေကြတာအကျင့်လို ဖြစ်နေပြီ။ ကျွန်တော်တို့ပြောတဲ့ အကြောင်းတွေဟာ လောလောဆယ်အဆင် မပြေတဲ့အကြောင်းတွေ ၊ အင်တာနက် ၀ပ်ဆိုက်တွေအကြာင်း ၊ နောင်စာအုပ်တွေအကြောင်း ကျောင်းစာတွေအကြောင်း နောက် အနာဂတ်အကြောင်းတွေပါ ။ ဘာဂါကိုစားရင်း ၊ အအေးသောက်ရင်း ကျွန်တော်တို့ ရယ်မောခဲ့ကြဖူးတယ် ၊ စိတ်ကူးတွေထဲရွက်လွှင့်ခဲ့ကြ ဖူးသည်။ ဘာပဲပြောပြော ကျွန်တော့်တို့ ခင်မင်မှုဖြင့်နွေးထွေးခဲ့ ကြသည်။ စိတ်ညစ်စရာတွေ ပြောမိကြအုံးတော့ ကျွန်တော်တို့အသံတွေပေါ့ ပါးနေကြသည်။

သူငယ်ချင်းဆိုတာ မိမိရပ်တည်နားခိုနားရာ ဘ၀အချိုးအကွေ့တိုင်းမှာ မရှိမဖြစ်နီးပါးလိုအပ်တဲ့ အရာပါ။ "သူငယ်ချင်း" ဆိုတဲ့စကားပေါင်းစပ် ဖွဲစည်းပုံကို အရင်းအမြစ်ထိ မသိပေမယ့် အပေါင်းအသင်း ဆိုတဲ့ အဓိပ္ပာယ် ထက်ပိုတယ်လို့တော့် ခံစားသိနိုင်ပါလိမ့်မယ် ။ ဘ၀မှာ အကြောင်းကြောင်းကြောင့် ပေါင်းသင်းရတဲ့သူများပေမယ့် သူငယ်ချင်းလို့ သမုတ်ရတဲ့သူနည်းလှပါတယ်။

ကျွန်တော့် ဘ၀မှာ အရေအတွက်နည်းလှသော သူငယ်ချင်းတွေရှိခဲ့ သည်။ သူတို့တစ်တွေနဲ့ကျွန်တော်အခြေအနေ အရအလှမ်းဝေးကြရ သော်လည်း မကြာမကြာသတိရတတ်သည် ။ ခုလောလောဆယ် ကျွန်တော့်မှာခင်မင်ရ သူ ၃ ယောက်ရှိပါသည်။ ကျွန်တော်တို့ သည် မိမိနိုင်ငံကို ခွဲခွာ၍ ပညာရှာရန်လာ ခဲ့ကြသည် ။ အတန်းတူ ၊ စာအတူတူကျက် ကြရင်းခင်မင် မှုတွေပွားဝေခဲ့ကြသည်။ ကျွန်တော်တို့ လေးယောက် တွင်ထပ်တူကြသော ၀ါသနာ မရှိပါ ၊ သို့သော်ညှိယူလို့ မရအောင်ကွာ ခြားမှုလည်းမရှိကြ ။ ဘ၀မှာ ဆန်းဆန်းပြားပြား မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းသာနေထိုင်လို ကြသည့် စိတ်ရှိကြသည် ။ လူတောမတိုးလို့ ဆိုနိုင်သော်လည်း မိမိပတ်ဝန်းကျင်မှာ စိတ်ရှင်းလက်ရှင်းနေထိုင်ချင်စိတ်ရှိ ကြသည် ။ ကျွန်တော်တို့ကြားတွင် ဒဏ္ဍာရီ ဆန်သော စွန့်လွှတ်အနင့်နာခံမှုများ မရှိပါ ၊ ရင်းနှီးသော မောင်နှစ်မသဖွယ် ပွင့်လင်းမှုများသာရှိ သည်။ ။

ကျွန်တော်တို့စာမေးပွဲနီးတိုင်း ကျောင်းမှာတစ်နေကုန်နီးပါး စာလုပ်ကြသည်။ စာမေးပွဲနီးမှာကပ်လုပ်ကြသည့် တိုင်အားငယ်မှုများ မရှိပါ။ သူမရင့ါပကူ ၊ ငါမရသူကူနဲ့ စာမေးပွဲတောင် ကြီးကိုအံတု ကြပါသည်။ ထိုအတွင်း နေ့လည်စာကို Cup Noodles နဲ့ ညစာကိုတော့ Mc Donal's က ဘာဂါ ။ စာမေးပွဲပြီးရင် ၃ ၊ ၄ ရက်လောက်လျှောက်လည် ကြသည်။ နောက်တော့လည်း ကျောင်းပိတ်ချိန်တွင်ကိုယ့် ကိစ္စ နှင့်ကိုယ် ။ ထွက်လာသောအောင်စာရင်းရဲ့ မတူညီတဲ့ ရလဒ်တွေ အပေါ်မှာလည်း မနာလိုမရှိကြ ။

ဘာလိုလိုနှင့် ကျွန်တော်တို့ ခင်မင်လာကြတာ တစ်နှစ်လောက်ရှိ ပြီ။ ကြာလာတာနှင့်အမျှ ခင်မင်မှုတန်ဖိုးကို သိနားလည်လာ ကြပြီ။ ဒါပေမယ့် တစ်နေ့နေ့တော့ ကျွန်တော်တို့ လေးယောက်ခွဲကြရ အုံးမှာပါ ။ တစ်ယောက်စီရဲ့ မတူညီတဲ့ မျှော်လင့်ချက်တွေ ၊ အိပ်မက်တွေကို ကိုယ်စီကိုယ်ငှ အကောင်အထည်ဖော်ကြဖို့လေ။ လောကသဘာဝမဟုတ်လား ။ ဒီလိုနဲ့ ဘ၀အမောတွေကို ကိုယ်စီခံစားရင်း ခရီးဆက်ကြရ အုံးမယ် ။ အကြောင်းတိုက်ဆိုင်လို့ သတိရရင်တော့ အတွေးထဲမှာ စာမေးပွဲတွေ ၊ Cup Noodles ခွက်တွေ ၊ ဘာဂါတွေ နောက် နွေးထွေးတဲ့ ခင်မင်မှုညနေခင်းလေးတွေရော ပေါ့ ................. ။ ။

( To Mulay, Su Wai and Zayar .... , For our loving Memories.............! )

25 November 2007

မိုး

အို....မိုးဒေ၀ါ ... ရှစ်တိုင်းမှိုင်းဆင်ကာ
မိုးလှယ့်မှုန်ပြာ..... ညှိုးဖွယ့်ကြုံလာ
စာနာသင့်ပါရဲ့...... ငြိုးမာန်တော် ၀ံ့လိုက်ပါနဲ့...
ရွာ သင့်မှရွာ..... ။ ။

(မိုးဒေ၀ါ ပတ်ပျိုး - ရေး ~ ဒေါ်စောမြအေးကြည်)
လောကမှာ မိုး နဲ့သရက်ကို အစိုးမရခြင်း လက္ခဏာ အဖြစ်တင်စားခဲ့ ကြသည်။ သရက်သီးလေးတွေဟာ ချဉ်မလိုလိုနဲ့ချိုတတ်သလို ၊ ချိုမလိုလိုနဲ့လည်းချဉ်တတ်ကြတယ် တဲ့ ။ ထို့အတူမိုး ဟာရွာမလိုလိုနဲ့စဲတတ်သလို ၊ စဲမလိုလိုနဲ့လည်းသဲတတ်ပါတယ် ။
မိုးတကာ့ မိုးထဲမှာ စင်္ကာပူမိုးကတော့ အစိုးမရဆုံးဖြစ်နိုင်သည်။ ခဏကနေသာသော်လည်း ခုတော့မိုးရွာချင်ရွာတတ်သည်။ မကြာခင်နေပြန်ပွင့် တတ်သည်ကလည်းမထူးဆန်း .... ။

နံနက်ကနေပွင့်သည် ။ တနင်္ဂနွေနေ့ပေမယ့်ကျောင်းသွားစရာရှိ လို့ သွားရမည်။ တစ်နေ့လုံးသာနေလိုက်သည့် နေ သည်အိမ်ပြန်ခါနီး နှစ်နာရီကျော်လောက်တွင် မိုးအုံ့၍ ကျသွားပြီ ။ကျောင်းနှင့်အိမ်က အတော်လေးလှမ်းတော့ကားပေါ်မှာပင် မိုးတွေသည်းသည်းမည်းမည်းရွာလာသည်။ မိုးသည်းလာတော့ဘစ်ကားလည်းအရှိန်လျော့၍ ဖြည်းဖြည်းပင်မောင်းတော့သည်။ ကားတွင်းမှလေအေးစက်ကြောင့် မှန်အငွေ့ရိုက်၍ အပြင်ကိုမမြင်ရ ၊ ကျွန်တော်သည်ပတ်ဝန်းကျင်နှင့် ကိုက်ညီလှစွာ အုံ့ဆိုင်းညို့မှိုင်းသောစိတ်နှင့် Phone ထဲမှာအသင့်ရှိသော မလှရွှေ၏ "မိုးဒေ၀ါ" ကိုနားထောင်ရန်ပြင်လိုက်သည်။ မကြာမီ မလှရွှေရဲ့ အသံ ၊ ဒေါ်စောမြအေးကြည်ရဲ့ စာသားများ ၊ အသံသိပ်မပြတ်သားသော ရှေးသီချင်းကြားတွင် မျောဝင်သွားလေပြီ ။ အို ကျွန်တော်မျက်ဝန်းများမှာလည်းမိုးတွေညို့နေပါပြီကော ........ ။

ရာသီဥတုဟာ လူ့ခံစားချက်ကို အဘယ်မျှလွှမ်းမိုး နိုင်ကြောင်း ဖတ်ဖူး ကြားဖူးခဲ့ပြီ။ ရော့ရှိုင်းယားရဲ့ရာသီဥတု ပြောင်းသွားရင် လေထန်ကုန်း ဟာအသက်မဲ့သွားလိမ့်မယ် ။ ကျွန်တော်တို့ နိုင်ငံရဲ့ ရာသီဥတုတွေထဲမှာ မိုးရာသီဟာလွမ်းဖို့ အကောင်းဆုံးပါပဲ ။ ဒါကြောင့်လည်းရှေးရေးသီချင်းတွေမှ စ၍ခုခေတ်ပေါ် ရှော့(ခ်) သီချင်းများတိုင် မိုး အကြောင်းရေးစပ်ကြဆဲ ။ ကျွန်တော်သိရသမျှမိုးဖွဲ့ များသည် အလွမ်း၌သန်ကြသည် ။ "ညှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင်... ဪမိုးသက်လေနှင်...." နှင့် "မိုးကပြောတဲ့အလွမ်းဇာတ်လမ်း ကိုကြားချိန်မှာ ကိုယ့်နှလုံးသားထဲလည်းမိုးတွေရွာလာတယ်" တို့၏ခံစားချက်အခြေခံမှာ အတူတူပင်ဖြစ်သည်။

လူတိုင်းတွင် မိုးနှင့်ပတ်သက်သော အမှတ်တရများရှိကြမည် ။ ငယ်ငယ်ကလည်း "မိုးရွာရင် မိုးရေချိုးမယ်...." ဆိုတာလေးကိုကလေး တိုင်းအော်ဆိုခဲ့ဖူး ပေလိမ့်မည်။ ငယ်ဘ၀၏အရိပ်များတွင်လည်း မိုးရာသီနိမိတ်ပုံများ ပါဝင်နေမည်မှာသေချာလှသည်....။

မိုးသည်းခဲသော်လည်း စဲပြီးတိုင်းမြေသင်းနံ့ လေးချန်တားပေးတတ် သော ငယ်ငယ်ကမွေးရပ်မြေ ။ မိုးကောင်းလှသော ကျွန်တော့်ရဲ့ ပြည်မြို့လေး ။ ငယ်ငယ်ကမိုးရွာတဲ့ ညနေတွေမှာ ကျောင်းလာကြို တတ်တဲ့အမေ ။ ကျွန်တော့်မိုးကာ အကျီင်္ပျောက် တိုင်းအော်တတ်တဲ့အမေ့ရဲ့ အသံ ။ မိုးရွာထဲစက်ဘီး မစီးတတ်လို့ သားအမိနှစ်ယောက်လမ်းလျှောက်ပြန် ခဲ့ရတဲ့မိုးနေ့တစ်နေ့ ။ နောက်ပိုင်း မိုးရေထဲစက်ဘီး စီးပြန်လာရတတ်တဲ့ကျွန်တော့်ကို အမြဲစိတ်ပူစွာစောင့်နေတတ်တဲ့ အမေနဲ့အဘွား ။ မိုးရွာလေထန်တိုင်း အိမ်နောက်ကသရက်ပင်ကြီးလဲ၍ အိမ်ပိမ လားစိုးရိမ်၍ ရသမျှဘုရားစာတွေ ရွတ်တတ်တဲ့ အဘွား ။ မိုးသည်းတိုင်း အိမ်ရှေ့တံခါးနားတိုးကပ် ၀ပ်တတ်တဲ့ ခွေးကြီး "ငနီ" ။ မိုးစဲတိုင်း ပင်ခြေမှာပန်းတွေ ဖွေးဖွေးလှုပ် အောင်ကြွေတတ်တဲ့ ၀င်းထဲက ခရေပင် လေး ။ နောက်မိုးမှောင် မှောင် ကျူရှင်ညနေခင်းတွေမှာ စာအတူတူသင်ခဲ့ ကျက်ခဲ့ရ တဲ့သူငယ်ချင်းတွေ ။ "ဟဲ့..... ငါညနေမိုးရွာတာကိုကြိုက်တယ်.. အစ်ကို သိလား ။ မိုးရွာရင် ကျူရှင်ဆရာကလာချင်မှ လာမှာ လေ... " - လို့ပြောခဲ့ဖူးတဲ့ ချစ်ရသူ ၊ အတူကျောင်း ကနေ ကျူရှင်ကိုသွားခဲ့ ကြတဲ့မိုး ညနေ တွေ.............. ။ ။

ခုတော့ ဝေးမြေမှာ ကျွန်တော်တစ်ယောက်ထည်း ။ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ၊ အပြုံးတွေဝေးရာမှာ ။ အတွေးထဲ ၊ အဆွေးထဲမှ ကျွန်တော်ဆင်းရမယ့် ဘစ်မှတ်တိုင်ရောက်ပြီ ။ "House" ဟုပြော နိုင်သော်လည်း "Home" လို့မဆိုနိုင် သောခဏနားခိုရာသို့ ပြန်ရောက် ပြီ။

ထီးဆောင်းသည့်တိုင်ကျွန်တော့်ကိုယ်ပေါ်မှာ မိုးစက်တွေ ၊ ဖိနပ်လည်းမိုးရေတွေနစ်နေပြီ ။ ထီးပေါ်မှာလည်း စိုစိုရွှဲ ။ ကျွန်တော့်ရင်ထဲမှာရော........................ ။

အပြင်မှာတော့ မိုးသည် တစ်စိမ့်စိမ့် စွေနေပေတော့သည်. ။ ။


"ဖော်မစုံဆွေးစေဖို့...... အရေးတော်ကြုံ
ခုများ ဟို ဗပ္ဘုန်က... မာန်ဟုန်တော်ပျိုး ......
မျက်မာန်တော်ငြိုးလိုက်ပါနဲ့.... ခိုကိုးသူပါ....
မိုးနတ်ဒေ၀ါ... ရွာရန်ရေးကိုလေး ....
တွေးချင့်လိုက်ပါ ...... "


( မလှရွှေ၏ "မိုးဒေ၀ါ" ကိုခံစားကြည့်ချင်ကြသူတွေ အတွက် ရှားရှားပါးပါးရထား တဲ့မူရင်း သီချင်းလေးကို တင်ပေးထားပါတယ် ။ ခံစားကြည့်ကြပါ။ )

24 November 2007

လပြည့်ည အလွမ်း

(တန်ဆောင်မုန်း လပြည့်နေ့ည)
ခုလိုအချိန်ကျပြီ ဆိုရင် မိခင်မြေရဲ့ အာကာယံမှာ လမင်းကြီး ၀င်းဝင်းပပသာနေပေတော့မည်။ ။

ရွှေရောင်ဖြန်းပက် ထားသောမြေပေါ် က ချစ်သူစုံတွဲတွေ ချစ်တေးသီနေကြလိမ့်မည်။ မိသားစုတွေလည်းနီးစပ်ရာကျောင်း ကန်၊ ဘုရားပွဲများ သို့တပျော်တပါးကြီး သွားကြပေလိမ့်မည်။ ကလေးသူငယ်များလည်းဘုရားပွဲအရုပ်ဆိုင်များ၌ မိဘများကို ဂျီကျပူဆာနေကြမည့် အချိန်။ ဒါမှမဟုတ် ဖိုးဖွားများထံမှ အခါကြီးရက်ကြီး အကြောင်း နိပါတ်ပုံပြင်များ နားထောင်ရင်း ချွဲနွဲ့နေကြမည့် အချိန် ၊မဲဇလီဖူးတွေလည်း ဆေးပေါင်းခ နေမည့်အချိန်၊ မသိုးသင်္ကန်းရက်လုပ် ယှဉ်ပြိုင်မည့်အဖွဲ့များလည်း အချိန်မီပြီး စီးရေ မမောနိုင်မပန်းနိုင် ရက်လုပ်နေကြမည့်သည်အချိန်။ အာရုံတက်အမှီ အချိန်မီပြီးစီးလှုဒါန်း နိုင်ရေး သဒ္ဒါအဟုန် ၊ မိမိတို့အသင်းအမြန်ပြီး စီးရေး ၀ီရိယဇောတို့ အားပြိုင်နေကြမည့် အချိန် ။ ။

"ဗျောသံ..စည်သံညံတယ် ညံတယ် အံ့အေးတငြိမ့်ငြိမ့် ချိမ့်ချိမ့်ပျော်မစဲဖွယ် ...
နွဲပျော်ပွဲတော် လမ်းတော်စည်တယ် ... ဗိန်းတယ် ဗိန်းဗေ့ဗေ့ ဗေ့ဗေ့ဗုံ......
အတူစုံတွဲလာ ... ဖြူပြာ၊ မူယာ ၊ သူဇာ အမိတို့ရယ် .... အမိတို့ရယ်.....
ဆွမ်းပန်းဖြူဖြူ တင်ကပ်လှူ ..... ဆွမ်းပန်းဖြူဖြူ တင်ကပ်လှူ
လူ့တိုင်းဌာန.. တုနှိုင်းရှာမရ.. သာစွအချိန်တော်မယ်......."

အမေ ကြိုက်တဲ့ "ခင်သစ်လွင်" ရဲ့ "ဖက်ဖူးဆင်" သီချင်းစာသားတွေက ရင်ထဲမှာ တဖျတ်ဖျတ်ကြားယောင်လျက်.. ။ အဆိုတော့် အသံထက် TVကသီချင်းလာတိုင်းလိုက်ဆို တတ်တဲ့ အမေ့အသံ ကိုနားထဲမှာစွဲနေသည် ။

ဒါပေမယ့် ခု ကျွန်တော့်စားပွဲဘေး ပြတင်းမှတဆင့် မြင်ရတဲ့ လဟာသူစိမ်းဆန်လွန်းလှပါပြီး တိမ်ကြားထဲမှာပင်ခိုနေသေးတယ် ။ ကြယ်ရောင်ကင်းနေတဲ့ကောင်း ကင်ထက်ကလဟာ တစ်ကယ်ကို ကျွန်တော်နဲ့မရင်းနှီးပဲ တစိမ်းဆန်လွန်းပါတယ်ကွယ်......။
မြန်မာပြည်မှာသာတဲ့လဟာ သဒ္ဒါဟုန် နှင့်အေးချမ်းမှု ၊ ငြိမ်းချမ်းမှု ပေးနိုင်ပေမယ့် ကျွန်တော့်မြင်ကွင်းထဲက လ ဟာတော့လွမ်းသူကို ပူအောင်သာဖန်လို့နေတော့ တယ်။ ။

လမှတစ်ဆင့် စာဆိုတွေ ၊ ပညာရှင်တွေ ၊စစ်သူကြီးသူရဲကောင်း တွေ ချစ်ခင်ရင်းနှီးသူတွေကို အမှာစကားပါးခဲ့ကြပါတယ် ။ သည်ထုံးကို နှလုံးမူပြီး လမင်းမှတဆင့်ဝေးမြေမှ ချစ်ရသူတွေကိုဆုတောင်းအမှာပါးမိပါတယ်။

"အမိမြေမှ ချစ်ခင်ရသူအပေါင်းနှင့် တကွပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ။ အမိမြေလည်း လောင်းရိပ်မှောင်မိုက် မှကင်းဝေ၍ဖွင့်ဖြိုးတိုးတက်ပါစေ ။ အခြေအနေ အရပ်ရပ်ကြောင့် အမိမြေမှဝေးနေရတဲ့ ကျွန်တော်တို့တတွေလည်းနောင်နှစ်ခါ အမိမြေမှာ ပြန်ဆုံနိုင် ကြပါစေ"

ကျွန်တော်သည် အခါကြီးရက်ကြီး၌ မေတ္တာအရင်းခံ၍ ဤဆုကိုတောင်းပါသည်။ ဆုတောင်းပြည့်မည်ဟု လည်းမရဲတရဲမျှော် လင့်နေရပါလိမ့်ဦးမည်။ ။

ရွှေပြည်ကြီး..... ကွာဝေးသကို

ကျွန်တော် တိုင်းတစ်ပါးကို ရောက်နေရတာ နှစ်နှစ်နီးပါး ရှိခဲ့ ပြီ။ နောင်ရေးအတွက်လို့ အကြောင်းပြချက်နှင့် လာခဲ့ရပေမယ့် သည်ကပတ်ဝန်းကျင်နှင့် လုံးဝကြီးတော့ အံဝင်ခွင်ကျ မဖြစ်သေး။ အထူးသဖြင့် စိတ်ညစ်ညူးရသောအခါ ကျွန်တော့်ရင်မှအိမ်လွှမ်းစိတ္တဇ သည်ကြွ၍လာတတ်သည်။

ကျွန်တော့်မွေးရပ်မှာ ပခုက္ကူ ဖြစ်သော်လည်း ပြည် မှာ ကြီးသည်။သို့သော်မွေးရပ်ရဲ့ ပုံရိပ်တွေဟာ ကျွန်တော့်စိတ်အာရုံတွင် အတော်လေးပင်စွဲစွဲ မြဲမြဲ တိုးဝင်နေပါသေးသည်။ အညာညနေလေပွေ နှင့် တမာရနံ့ ၊အဖွား ဆီကရေချိုးပြီးတိုင်း ရ တတ်တဲ့ ကရင်မက်နံ့ ၊ ညနေတိုင်းလိုလို ကြားရတတ်တဲ့ ကျောင်းကအပြန် အမေ့စက်ဘီး သံ၊ အနောက်ဘက်အိမ်က ရက်ကန်းခက်သံ ၊ တစ်ခါတစ်ရံအိမ်ပြန်လာ တတ်တဲ့ အဖေ ။

နောက်ကျတော့ "ပြည်" , သည်မှာကျွန်တော့်ပုံရိပ်တွေကပို၍ ပြတ်သားလာ ပြီ။တောမက မြို့မကျဆင်ခြေဖုံးလေး ၊စပြီးတက်ရတဲ့ကျောင်း ၊ စပြီးပေါင်းသင်းရတဲ့ သူငယ်ချင်းတွေ ၊ အသက် ၁၆ နှစ်လောက်ထိနေခဲ့ရ တဲ့အစိုးရအိမ်လေး ၊ ခေတ္တရာ မြို့သစ်၊ သရက်ချိန်ရောက်တိုင်း ကျိုးကျမတတ်သီးတဲ့ အိမ်နောက်ကသရက်ပင် ၊ ခြံကျယ်ကြီးထဲမှာ နံနက်တိုင်း တံမျက်စည်းလှည်းတတ်တဲ့ အဖွား ၊(၇) ကျမှစီးခွင့် ရလို့ စပြီး (၁၀)တန်းနှစ်ကုန်ထိ စီးခဲ့ ကျွန်တော့်စက်ဘီးလေး၊ ၀ယ်နေကျ "သန်းစည်သူ"စာအုပ်ဆိုင် နောက် သတိရစရာတွေ အများကြီး။

နောက်တော့ ကျွန်တော်လည်း သည်ကို ရောက် ၊ မိဘတွေလည်း ရွှေဘို ကိုပြောင်းရနဲ့ ကျွန်တော်ချစ်တဲ့ ပြည်မြို့ကို မရောက်ဖြစ်တော့။ ပြီးခဲ့တဲ့ကျောင်းပိတ်ရက်ကလည်း မိဘတွေရှိရာ ရွှေဘိုနှင့် မန္တလေး မှာပဲအချိန်ကုန် ခဲ့ရသည်။

ဒါပေမယ့် ကျွန်တော့်အာရုံ မှာပြည်မြို့က တစ်ဖျက်ဖျက် လက်ဆဲ။ သရက်သီမှည့် ၊ ဩဇာသီးမှည့်တို့၏ အနံ့ကြိုင်ကြိုင်၊ မြို့စာလို့ဆိုနိုင်တဲ့ တောလက်ဖက်နံ့၊ ကျွန်တော့်ဘ၀စရာ စာသင်ကျောင်းလေး ၊ လက်ဦးဆရာများ ၊ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ၊ ကျေးဇူးရှင် အဖွားခေါင်းချရာ ၊ သမိုင်းဝင် ရွှေဆံတော် နှင့်ရွှေဘုံသာ ၊ ဧရာဝတီ နဲ့န၀ဒေး တံတား နောက်.....

ယခုချိန်မှာ ပြည်ကို ပြန်ဖြစ်ဖို့ဆိုတာ မလွယ်သေး။ မြန်မာပြည် ပြန်ဖြစ်ဖို့ ပင်မသေချာသေး ။ ဒါပေမယ့် ချစ်ရတဲ့မြို့လေးကို ကျွန်တော့် အိပ်မက်များမှ တစ်ဆင့် ပြန်သန်းရောက်ရှိနေလိမ့်ဦးမည်။မြို့လေး၏လမ်းတွေပေါ်မှာ လမ်းလျှောက်နေဦးမည်။အဖွားအုတ်ဂူလေး တွင်စိတ်ညစ်စရာတွေကို ရင်ဖွင့်၍ ငိုနေလိမ့်မည်။ ငယ်ပေါင်းတွေနှင့် ဘုရားပွဲတွင် ရဟတ်စီးနိုင်သည်။ ပြီး ချစ်သူမရှိတော့သော အိမ်လေးသို့ရင်ခုန်သံမြန်မြန် နှင့် စက်ဘီးနင်းသွားမိပေဦးမည်။

့မြို့လေးနှင့်ကျွန်တော်အနေဝေးပေမယ့် စိတ်ချင်းတော့နီးစပ်ဆဲ ။ အမှန်တကယ် ကျွန်တော်ပြန်ရောက်ရင်ရော မြို့လေးကကျွန်တော့်ကို ဆီးကြိုပါဦးမလား ။ ကျွန်တော်မသိပါ။

လောလောဆယ် ကျွန်တော့်အကြားအာရုံထဲမှာ "မာမာအေး" ရဲ့ "စည်တော်ကြီး" သီချင်းထဲကစာ သားတွေပျံလွင့်နေပြီ .....

ရွှေပြည်ကြီး..... ကွာဝေးသကို.... ကွာဝေးသကို

ကျုပ်တို့ရဲ့ရွှေပြည်ကြီး..... ကွာဝေးသကို.... ကွာဝေးသကို

23 November 2007

မိုးတိမ်ကိုမှာ


မိုးတိမ်တွေကို စကားပါးလိုက်လို့ရပါရဲ့လား ။ရနိုင် ရဲ့ဆိုရင် ဖြင့်ကျွန်တော်လည်းမှာ လိုက်ချင်ပါရဲ့။ စင်္ကာပူ မှာကနေ့တိုင်းလိုလို မိုးအုံ့နေတတ်တော့ သူ့ဆီကိုနေ့တိုင်းရောက် မှာပေါ့။ အရှေ့မြောက်တောင့် ကို သွားတဲ့တိမ်ကိုပဲ မှာလိုက်ရမှာ။ ဒါပေမဲ့ ကျွန်တော်ချစ်ရတဲ့ သူ့ဆီကိုရောက်ရင်ရော သူတို့တွေက ကျွန်တော့်စကားတွေကို သူနားလည်အောင်ပြောပြနိုင် ပါ့မလား။

ချစ်တတ်လာ ရင်၊ စိတ်ကူးယဉ်တတ်လာ ကြတာ သဘာဝပါ။ မိုးတိမ်တွေကိုမြင်တိုင်း ကျွန်တော်ကဗျာ တစ်ပုဒ်ကို သတိရမိတယ်။ ကြည်အေး ရဲ့ ကဗျာ မိုးတိမ်ကိုမှာ ဆိုတာပါ။ ဆရာမ ကဗျာထဲကမိန်းကလေး ဟာလည်း လွမ်းစာ ကိုတိမ်မှတစ် ဆင့်ပါးလိုက်ပေမယ့် တိမ်ပြာမိလ္လာ တို့က ရေရေရာရာ ပြောမှပြောတတ်ပါ့မလားလို့ စိုးရိမ်နေ ရှာလေရဲ့ ။

တစ်ကိုယ်ငေးမိရဲ့
အတွေးဟိုသည်ခုန်လို့
နွေအကုန် ကဆုန်ကူးရင်ဖြင့်
ရူး မိမိ ဘ၀င်မှာ။

အို နီလာလို ကြည်ပြာခိုးမှာ
တိမ်ခိုးတွေညှိ့
စိမ့်သည်းလှိုက်ဖို အလိုလို
စာဆို မျက်ရည်စို့မိပေါ့
တစ်မြို့နေ တစ်မြေဖွားပေမို့
ပြစ်မယူ ချစ်သူသွားပေအုံ့
သနားကြင်နာပိုနဲ့
စကားထင်ရာဆိုမိတော့
သည်မယ်လို တငိုတမ်းရယ်နဲ့
သူလည်လေ ပူဝေနွမ်းပေလိမ့်မယ်
မောင့်ဌာနီ မြောက်ဆီလွမ်းပါက
လှမ်း မျှော်မိပါ ။

ကြာကြာလေ အနေဝေးသော်လည်း
အတွေးချင်း ဖြင့်နှစ်ကိုယ်ဆုံ
ချိုမြအပြုံး ကြင်မဆုံးသူမို့
စိတ်လုံးမယ်သာပုံခဲ့
ယုံသူကို ဆုံတူတွေ့ချင်လို့
တိမ်ပွေပွေ လေအဝေ့မှာ
မြောက်မြေဆီ အောက်ခြေ ရွှေ့ပြန်တော့
သည်မေ့သခင်ကိုဖြင့်
တမြင်မြင် မြင်ယောင်မှန်းနေလို့
ခင်းသာရင်ရွာစဉ်တန်းကိုဖြင့်
လှမ်းလိုက်ပါ တိမ်ပြာရယ်လို့
အမှာ လက်ဆောင်ပါး ။

မယ့်ကိုယ်စားသွားရှာတဲ့ တိမ်ညို
မြောက်ဆီကို ပြိုပေါ့
စိုစိုရွှဲရွှဲ မိုးပေါက်တွေကြဲလိမ့်
တသဲသဲလေ ညိုမည်းပေါ့ဝေဟင်လုံး
မိုးဟန်ပြင်ဆုံးနိုင်ဘု
ပြုံးမိနေစဉ်
အိပ်မက် တယဉ်ယဉ်ပေါ့
သည်ဗွေမှာ ထွေရာတွေးပါမိ
မေးရှာလိမ့် သူလည်းလေ
"မိုးဆွေ ရယ် ညှို့နေလျရာက
လွမ်းမောင်ကို ပန်းအောင်တလေသလား " လို့
တိမ်မြပြာ မိလ္လာနှောရယ်က
စကားလွှာ မှာကြားတဲ့သဘောကို
ပြောနိုင်ပါ့မလား ။ ။

(ကြည်အေး)

ကျွန်တော့်ကို စိတ်ကူးယဉ်တတ်တယ်လို့ သူငယ်ချင်းတွေကပြော ကြတယ်။ ဘာပဲပြောပြောကျွန်တော် ကတော့ စာတွေ၊ကဗျာ တွေ၊ ရုပ်ရှင်တွေကို လေးလေးနက်နက် နှစ်ကြိုက်ပါတယ်။ ခံစားချက်တူသူတွေ ကဗျာလေးကို ခံစားပါ ၊ နောက်ဝေးဆီက ချစ်ရသူကို တိမ်လွှာတွေက တဆင့်စကားလက်ဆောင်ပါး ကြည့်ဖို့စိတ်ကူးရင် ရူးတယ်လို့ ဆိုနိုင်သေးပါရဲ့လား ? ။ ။