Showing posts with label ရသစာတမ်း. Show all posts
Showing posts with label ရသစာတမ်း. Show all posts

2 February 2008

မြန်မာ့သနပ်ခါး


အညာသားပြီပြီ ကျနော် သနပ်ခါးသိပ်ကြိုက်ခဲ့တာ ။ နောက်တော့လည်း ယောက်ျားလေးဆိုတော့ သနပ်ခါးနဲ့ဝေး သွားခဲ့တယ် ။ ဒါပေမယ့် ဟိုတလောကမှ သူငယ်ချင်းအစ်မ တစ်ယောက်နဲ့ စကားစပ်ရင်း သနပ်ခါးအကြောင်း ရောက်သွား မှ ဒါလေးအကြောင်း ခံစားကြည့်ဦးမယ် ဆိုပြီးရေးကြည့်မိခဲ့တာ ။ သူကိုယ်တိုင် ကလည်း ကျနော်ကို သနပ်ခါးတစ်တုံး လက်ဆောင်ပေးလို့ တော်တော်ကြီးကို မေ့နေခဲ့တဲ့ သနပ်ခါးလိမ်းရတဲ့ အရသာကိုရော ၊ သနပ်ခါးရနံ့ကိုရော ပြန်သတိရသွားစေခဲ့တာ ။ ( အစ်မကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။)

ကျတော်တို့ သည်မှာတော့ သနပ်ခါးလိမ်းတဲ့သူ ကိုတွေ့နိုင်ဖို့အတော့်ကို ရှားတာ ၊ မြန်မာအမျိုးသမီး စစ်စစ်တွေကိုယ်တိုင် သနပ်ခါးကိုကျောခိုင်းကျတော့ သနပ်ခါးရနံ့ဆိုရင် မူးလို့ရှုစရာကိုမရှိတာပါ ။

ကျတော့် ယောက်ျားလေးသူငယ်ချင်း တစ်ယောက်ကတော့ ကျတော်သနပ်ခါးလိမ်းမယ် ဆိုတော့ အသားမည်းတဲ့ကျတော့်ကို “သနပ်ခါးလိမ်းရင် မင်းအသားနည်းနည်းဖြူလာမှာပေါ့ကွ” ဆိုပြီးစတော့တာပဲ (အေးလေ… သူကတော့ တရုတ်ဆိုတော့ ခရုသင်းစွဲတယ်ထင်ရလောက်အောင် ကိုဖြူတာ :D ) ။ သူကတော့ “ရန်ကုန်သူ” သီချင်းကို ဖျက်ဆိုပြီးတော့တောင် ကျတော့်ကိုနောက်နေသေးတယ် ။ ဘာပဲပြောပြောလေ ရန်ကုန်သူ ဖြူဖြူနုနုလေးတွေပဲဖြစ်ဖြစ် ၊ အညာသူ ညိုပြာညက်တွေပဲ ဆိုဆို သနပ်ခါးလိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ လှတာပဲ မဟုတ်လား ။ ခံစားကြည့်ပါ ။

ဝေးခဲ့ရသူမို့

ချစ်သူ့ပါးနုနု ကို ပထမဆုံးနမ်းခွင့်ရခဲ့တုန်းက ယစ်မူးသွားစေခဲ့တဲ့ အနောက်တိုင်း မိတ်ကပ်နံ့ကို ရင်ခုန်စွာ ပြန်လည်အောက်မေ့ရင်း အဖွားရဲ့ပါးက သနပ်ခါးနံ့ကြူကြူကို သူသတိရမိခဲ့တယ် ။ နောက်ပိုင်းတစ်လျှောက်လုံး သနပ်ခါနံ့ သင်းသင်းလေးကို သူ့ခမျာ လွမ်းနေရဆဲဖြစ်သည်။

ဟုတ်ခဲ့သည်ပဲလေ ။ သူ့အဖွားအညာသူကြီးက သနပ်ခါးသိပ်ကြိုက်ခဲ့တာမဟုတ်လား ။ ရေကြဲကြဲနဲ့သွေးထားတဲ့ သနပ်ခါးကို သူငယ်ငယ်တုန်းကဆို နံနက်မျက်နှာသစ်ပြီးတိုင်း သူ့အဖွားကိုယ်တိုင်လိမ်းပေးနေကြ ။ သနပ်ခါးလိမ်းပေးတိုင်းလည်း ရှေးလူကြီးများ ထုံးစံ `ဗုဒ္ဓံသရဏံ ဂစ္ဆာမိ´ ၊ `ဓမံ္မသရဏံ ဂစ္ဆာမိ´ ၊ `သံဃံသရဏံ ဂစ္ဆာမိ´ လို့ သရဏဂုံ (၃) ပါးရွတ်ဆိုပြီး နဖူးနဲ့ ပါးတစ်ဖက်တစ်ချက်စီက စပြီးလိမ်းပေးနေကျ။ သူကလည်း သနပ်ခါးနံ့မွှေးမွှေး ၊ အသားတအေးအေးနဲ့ နေရတာကို သိပ်သဘောကျခဲ့တာ ။ ဒါပေမယ့် ဆောင်းနံနက်ခင်းတွေကျရင်တော့ အဖွားနဲ့စိတ်ကောက်မြဲ ။ အညာရဲ့ဆောင်းရဲ့ နံနက်ခင်းအေးအေးနဲ့ သနပ်ခါးရေနဲ့ အေးမြတဲ့ အထိအတွေ့ဟာ မျက်နှာတစ်ပြင်လုံး ထုံထက်သွားအောင်အေးတာမဟုတ်လား ။ အဖွားကတော့ ဆောင်းမှာ သနပ်ခါးလိမ်းရင်အသားမပတ်ဘူးဆိုပြီး အတင်းလိမ်းပေးနေကျ ။

သူ့အမေကျတော့လည်း သနပ်ခါးကို ထူပိန်းနေအောင်လိမ်းတတ်သူပင် ။ အညာနေပူကြဲကြဲမှာ စက်ဘီးနင်းပြီး ကျောင်းကပြန်လာလို့ ချွေးဒီးဒီးကျသည့်တိုင် သနပ်ခါးကတော့ မပျက်ပေ။ အမေကျောင်းကပြန်လာ လို့ သူ့ကိုချီပိုးတိုင်း ချွေးနံ့ရောနေသည့်တိုင် သနပ်ခါးနံ့ကတော့ သင်းမြဲ။ သူငယ်ငယ်တည်းက သည်လိုမွှေးအနံ့တွေကို ရင်နှီးခဲ့သည်လေ ။ သူ့ကိုတစ်ခါတစ်ခါ အမေကိုယ်တိုင်သနပ်ခါးလိမ်းပေးရင်တော့ သူ့နည်းနှင့်သူ ခပ်ပျစ်ပျစ်လေးသွေးလို့ ထူထဲနေအောင်လိမ်းပေးမြဲ ။ အရေပြားတွေ ကျစ်မာသွားသယောင်ခံစားရအောင်ထိကို ထူထူလိမ်းပေးခဲ့တာ သူမှတ်မိသည်။

နံနက် မျက်နှာသစ်ပြီးတစ်ကြိမ် ၊ ရေချိုးပြီးတစ်ကြိမ် သနပ်ခါပါးကွက်ကြားလေးကွက်ပြီး နေခဲ့ရသည့် ကလေးဘ၀နေ့တွေမှာ သူပျော်ခဲ့ဖူးတာပဲ။ နောက်အဝေးမှာ အလုပ်သွားလုပ်နေရတဲ့ သူငယ်ငယ်ကသိပ်မမှတ်မိတတ်တဲ့ အဖေပြန်လာတိုင်း နှုတ်ဆက်နေကြ `အား…ပါ…. အဖေ့သားကြီး ကသိပ်မွှေးပါလား´ ဆိုပြီး ပွေ့ဖက်နမ်းရှုံ့ရင် သူ့အဖေကို ပြန်မှတ်မိသွားတတ်ခဲ့ တာပဲလေ။ မှတ်မှတ်ရရ သူ့အဖေပထမဆုံး ၀ယ်လာတဲ့ ကင်မရာတစ်ပတ်နွမ်းလေးနဲ့ ပြန်လာတဲ့နေ့က သနပ်ခါးပဲကြား ပါးကွက်ကြားလေးနဲ့ ရေချိုးပြီးစ ကွပ်ပစ်ပေါ်မှာ ထိုင်နေခဲ့တုန်းပေါ့။ အဲသည်မှာပဲ သူကျုံ့ကျုံ့လေးထိုင်ပြီး ပြုံးနေတဲ့ ပုံလေးကို အဖေရိုက်ပေးခဲ့တာ ။ နောက်ကူးပြီးတော့လည်း ပုံလေးက သိပ်လှတာဆိုပြီး သူ့အဖေက Wallet ထဲမှာ အမြဲဆောင်ထားနေကျ ။ နောက်တော့ စဉ်းစားကြည့်မိသမျှ ရိုက်ခဲ့သမျှဓာတ်ပုံတွေထဲမှာ အဲသည်ပုံလေးကအလှ ဆုံး သဘာဝအကျဆုံးပဲမဟုတ်လား ။

+++++++

တကယ်တကယ်တော့ သူတို့မြို့လေးကိုယ်တိုင်ကလည်း သနပ်ခါးနဲ့ မစိမ်းလှပါ ။ မြို့ကလေးရဲ့ ဈေးထဲမှာ သနပ်ခါးဆိုင်တွေလည်း အများကြီး၊ သနပ်ခါးဟာလည်း မြို့လေးရဲ့ အရေးပါတဲ့ စီးပွားရေး ထွက်ကုန်တစ်ခု ၊ နောက်မြို့ကလေးသူ ညိုပြာညက်တွေရဲ့ ပါးပြင်နဲ့ သနပ်ခါး ဆိုတာလည်း ခွဲလို့ရနိုင်ကောင်းတာမှ မဟုတ်ဘဲ ။ လက်လုပ်လက်စား အလုပ်သမ မှအစ မြို့မျက်နှာဖုံး သမီးအဆုံး သနပ်ခါးနဲ့ ကင်းတဲ့အညာသူဆိုတာ တကယ်ကိုမရှိတာပါ ။

ကလေးဘ၀က သူကြားခဲ့ဖူးတဲ့ ကဗျာတွေ ၊ သီချင်းတွေထဲမှာရော အညာနဲ့ သနပ်ခါး အကြောင်းဖွဲ့ ထားတာ တော်တော်များခဲ့ပါသည် ။ ``ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ၊ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ´´ ဆိုတဲ့ သီချင်းဟာ သူ့အဖိုးလက်ထက်ကပေါ် ခဲ့တာဆိုပေမယ့် သူကလေးဘ၀ကျတော့ တစ်ကျော့ပြန်ဆိုတေးတွေကြားမှာ ခေတ်စားဆဲပါပဲ ။ သည်သီချင်းနဲ့ ပတ်သက်လို့ သူ့အဖွားပြောတတ်တဲ့ ``ဘယ်နှယ်တော် .. ရွှေဘိုသနပ်ခါးများ နနွင်းရောင်တောက်တောက်နဲ့ ကျုပ်တို့ ရှင်မတောင်လောက် မကောင်းပေါင်၊ မက်လည်းမမက်စက်ပေါင်´´ ဆိုတဲ့ Comment ကိုတော့ ခုခေတ် “စိုးစန္ဒာထွန်း” ရဲ့ ပြန်ဆိုတေး ကိုနားထောင်ရသည့် တိုင် သူ့အတွက်မရိုးနိုင် ။ ကိုယ့်ဒေသစွဲ ၊ ဌာနေစွဲကြီးလှတဲ့ သူ့အဖွား ….. ။ ခုလို ဌာနေကို စွန့်ခွာပြီးနေရတဲ့ သူ့မြေးကို ခုနေများတွေ့ရင် ဘယ်လိုသဘောထားပါ့မလဲ ။ သူတွေးကြည့်ဖူး ပါသည်။ ဒါပေမယ့် သူငယ်ငယ်တုန်းကတော့ အမေ နဲ့ အဖွားပါးပြင်က သနပ်ခါးနံ့ကြူကြူ ကိုနှစ်သက်စွာ ရှုရှိုက်ရင်း သူ့တို့အရိပ်မှာ အေးချမ်းစွာ မှီခိုခဲ့ဖူးပါသည် ။

+++++++

သူနည်းနည်းလူလားမြောက်လာသည်နှင့်အမျှ သနပ်ခါးနဲ့ အမြဲထိတွေ့ရတဲ့ ဘ၀နဲ့ တဖြည်းဖြည်းဝေး ကွာလာခဲ့ရသည် ။ သူ့အဖေ အလုပ်ရှိရာ အောက်ဘက် ``ပဲခူးတိုင်း´´ ကိုပြောင်းရွေ့လာကြရတာလည်း တစ်ကြောင်းပါ ။အောက်ဖက်မှာအညာလောက်တော့ သနပ်ခါးမပေါ ။နောက် (၆) တန်း ၊ (၇) တန်းအရွယ်မှာ သနပ်ခါးလိမ်းဖို့ ငြင်းဆန်တတ်ခဲ့ပြီ ။ သူ့ကိုကလေးလေးလို့ ထင်နေဆဲ အဖွားက ဘာလို့လဲလို့ မေးရင် ပျင်းလို့မလိမ်းချင်တာပါလို့ မရေမရာဖြေခဲ့တာပါ ။ နောက်တော့ သူ့မျက်နှာ က သနပ်ခါးကင်းလာတော့သည် ။ နောက်လူပျိုပေါက်အရွယ် မျက်နှာအသားကြမ်းလာတော့ ညည အိပ်ယာဝင်ခါနီးတိုင်း သနပ်ခါးလိမ်းတတ်တာကလွဲ လို့နောက်ပိုင်းမှာ သနပ်ခါးဆိုတဲ့ အရာဟာ သူနဲ့သိပ်ကိုဝေးကွာခဲ့ပြီ ။ သနပ်ခါးနဲ့ သူနဲ့ဟာလည်း သီလရှင်နဲ့ဘီးလောက် ဝေးကွာခဲ့လေပြီ ။

နောက်ပိုင်းမှာတော့ သနပ်ခါးပင်တောင် မပေါက်နိုင်တဲ့ နိုင်ငံရပ်ခြားမှာ သူနေခဲ့ရတဲ့ နှစ်တွေအတော်ကြာပြီပေါ့ ။ အဖွားဆုံးပြီး နောက်ပိုင်း သနပ်ခါးလိမ်းဆဲဖြစ်တဲ့ သူ့အမေက လည်းသူနဲ့လိုက်မနေ နိုင်၊ သူ့ပတ်ဝန်းကျင်က အသားဖြူမိန်းကလေးတွေဟာလည်း သနပ်ခါးနဲ့ဆက်စပ် တွေးကြည့်မိရင် တော်တော်မအပ်စပ်ပါ ။ ဒါကြောင့်ခုချိန်ခါမှာ သူ့ချစ်သူ့ပါးမှ သနပ်ခါးနံ့ကို မရခဲ့တာ သိပ်တော့မထူးဆန်းပါ ။

သူကဗျာတစ်ပုဒ်ကို မှတ်မိတယ် ။ “ငွေတာရီ” ရဲ့ကဗျာလေးပေါ့ ။

အညာစောင် သနပ်ခါးခေါက်နဲ့

ခရမ်းခြောက် ပုန်းရည်ညို

ထန်းညက် ချိုချို ။

ခင်အပျို

ငြိုငြင်နဲ့ စိတ်ထဲ ။

တို့များအညာမှာဖြင့်

ဂုဏ်ပကာ ပါဝါတက်ပါတဲ့

ထူးလက်ဆောင်ပဲ။

ဟုတ်ပါတယ် ။ သူ့အတွက်အညာပြန်တိုင်းရတတ်တဲ့ လက်ဆောင်ဟာ သနပ်ခါးပါ ။ ဆရာ သိန်းဖေမြင့် ရဲ့ “အညာပြန်” ဆောင်းပါးရှည်ထဲက ချို့တဲ့ဆင်းရဲ့တဲ့ ဆွေမျိုးတွေကတောင် လက်ဆောင်အဖြစ် သနပ်ခါးတုံးလေး တွေလက်ဆောင်ပေးတယ်ဆိုတာ လုပ်ဇာတ်မဟုတ်ခဲ့ပေါင်ကွယ် ။ သူကိုယ်တိုင် ကျောင်းသားဘ၀တုန်းကလည်း အညာကပြန်တိုင်း ကျောင်းဆရာမတွေကို သနပ်ခါးတုံး လက်ဆောင်ပေးရင် ၀မ်းသာအားရလက်ခံပြီး ပေးသူဂုဏ်တတ်ခဲ့တာပဲလေ ။ ဒါပေမယ့် ခုချိန်မှာ သူအညာကပြန်လာလို့ သနပ်ခါးတုံး လက်ဆောင်ပေးရင်တော့ သူ့ချစ်သူအပါအ၀င် အားလုံးက သူ့ကိုဝိုင်းဟားကြလိမ့်မည် ထင်သည် ။ သူဒါတွေနဲ့ ဝေးခဲ့ရပြီ ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့လိုက်စွာ ကျင်ကြံနေထိုင် တတ်ရမည် ဆိုတာကို သူလက်ခံခဲ့ရတာ ကြာလှပြီပဲလေ ။

ဒါပေမယ့် သူ့အိပ်မက်တွေမှာ ပါလာတတ်တဲ့ အဖွားရဲ့ ပါးပြင်ဟာလည်းသနပ်ခါးနံ့ သင်းဆဲပါ ။ သူပြန်အလာကိုအသေအချာ စောင့်နေမယ့် အမေ့ပါးမှာလည်း သနပ်ခါးတို့ ထူထဲစွာရှိနေမှာပါ ။ သူအညာပြန်ရင်လည်း သူ့ဆွေမျိုးတွေ ၊အသိတွေက သနပ်ခါးလက်ဆောင်ပေးလိမ့်ဦးမှာလည်း အသေအချာပါ။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ သနပ်ခါးနံ့သင်းသင်းကို သူတော်တော်လေးလွမ်းဆွတ်နေရပါသည် ။

အောင်ဖြိုး

(၁၇ ၊ ၁ ၊၂၀၀၈)


24 December 2007

အချစ်နှင့် တွေ့ဆုံခြင်း

အခု အချိန်မှာ အချစ်ဆိုတာကို တသိမ့်သိမ့် ခံစားဖို့ မျက်စိမှိုတ်ထားရင် လောကကြီးနဲ့ အဆက်ပြတ်နိုင်လောက်တဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုလိုပါသည်။ နောက် အတိတ်ကိုပြန်တွေးရင် ခံစားပျော်ဝင် နိုင်လောက်တဲ့ စိတ်အခြေမနေရောပေါ့ ။ ပြီးတော့ ရွှန်းလဲ့တဲ့ မျက်လုံးတစ်စုံ ၊ နှုတ်ခမ်းနှစ်လွှာကြားက သွားတတ်စွယ်လေး ၊ ဒါမှမဟုတ် မင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်တွေးမိဖို့တော့ လိုပါသည်။

ဒါမှမဟုတ်ရင်တော့ ဘယ်သူမှမရှိတဲ့ တိတ်ဆိတ်တဲ့ အခန်းလေးတစ်ခန်း ထဲမှာ အချစ်သီချင်းသန့်သန့်လေး တစ်ပုဒ် တိုးတိုးလေးဖြစ်ဖြစ် ပျံ့လွင့်နေဖို့ လိုပါလိမ့်မယ် ။

ခုတလောမှာ အချစ်ရဲ့ အရသာကို ကျွန်တော်တော်တော်လေး လွမ်းဆွတ်နေရပါသည် ။

+++++++


အချစ်သီချင်း တစ်ပုဒ်လောက် ကြားပါရစေ ။ တစ်ယောက်ယောက်ရဲ့ အချစ်အကြောင်းဖွဲ သီမှုကို ခံစားပါရစေ ။ ရှေးခေတ်ဦး မေရှင်ရဲ့ သီချင်းပဲဖြစ်ဖြစ် ၊ နောက်ဆုံးပေါ် ဖြူဖြူကျော်သိန်းရဲ့ သီချင်းပဲဖြစ်ဖြစ် ၊ ကြားရပါစေ အလွမ်းသံ မပါဖို့တော့ အရေးကြီးတယ် ။ သံစဉ်ရော စာသားပါ ရိုးပါစေ ၊ အချစ်သီချင်း သန့်သန်းလေး တစ်ပုဒ်ပဲ ဖြစ်ရမယ် ။ ။

" ခင်မင်သူလေး ချစ်ရေးတွေး မိပြန်တာ ၊ ခင်နှမ သက်လျာ

သနား ကြင်နာ ၊ စောင့်စားသူမောင့်ကို ကြည်ဖြူစေချင်တာ"

ဆိုတဲ့ A1 ဦးတင်မောင်ရဲ့ ရှေးသီချင်းပဲ ဖြစ်ဖြစ် .... ၊

"တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ၊ ရွှေဘုံပေါ်မှာ စံရ

ချစ်တာချစ်တာ ပဓာနလို့ ၊ ဆိုချင်တယ် မေရယ် "

ဆိုတဲ့ သီချင်းကို " မယ်သီတာလို မိန်းကလေး " ရုပ်ရှင်ထဲက ရန်အောင် ဆိုသလို တစ်ယောက်ယောက် ပြန်ဆိုပေးကြ ပါလား ။

အဲလိုဆို ကျွန်တော်ကတော့ -

" ငွေရောင် ပင်လယ်ဝယ် ၊ စိတ်ကူးလေးရွက် လွင့်မယ်

ပန်းလှေ ပေါ်မှာကွယ် ၊ တို့ အချစ်အိမ်လေးတည်မယ် " လို့ အသံထွက် ညည်းမိမှာပဲ ။

အမေ့ ရှေ့ မှာညည်းမိလို့ အမေကြားရင် ကျွန်တော့်ကို စူးစမ်းသလို ကြည့်လိမ့်မယ် ။ အဲသည်အခါကျရင် မြန်မာပြည်သိန်းတန်ရဲ့ -

" ပန်းပွင့်တွေ ၀တ်ရည် ချိုသင်းမွှေးရင် ပျားပိတုန်းတွေ နားခိုတာ မဆန်းကြယ် ၊

ချစ်ရည်းစား ထားချင်တယ်

ချစ်ရည်းစား ထားချင်တယ် " လို့ ခပ်ကျယ်ကျယ်လေး အော်ဆိုပြီး မျက်စိမှိုတ်ပြ လိုက်မှာပေါ့ ။

ပြီးရင် အရင်က သိပ်မဖတ်ဖြစ်တဲ့ အချစ်ဝတ္တု သန့်သန့်လေးတွေကို ရွေးဖတ်ရမယ် ။ အရင်တုန်းက "တို့က ဂန္တ၀င် ၀တ္တုတွေကိုပဲဖတ်တာ" ပြောခဲ့ဖူးတာကို မျက်နှာပူပေမယ့် ခုတော့ ဂန္တ၀င်စာအုပ်တွေကို ခဏ ချောင်ထိုးထားရဦးမယ် ။ ပထမဆုံး " ကောင်းသန့် " ရဲ့ " တို့နှစ်ယောက် " ကိုဖတ်မယ်။ မောင်ဝဏ္ဏ ရဲ့ "ချစ်တဲ့သူငယ်လေး " ကိုဖတ်မယ် ။ မိုးမိုး (အင်းလျား) ရဲ့ " အချစ်ဆိုသော အရာကို" ဖတ်မယ်။ မစန္ဒာရဲ့ " စိမ်းရွက်သစ် တဝေေ၀ကို " ဖတ်မယ် ။ ပြီးရင်တော့ ငွေတာရီ ရဲ့ " လှည်းယှဉ်ကလေး စီးကာလယ် " ကဗျာရယ် ၊ ကြည်အေးရဲ့ " မြစ်လယ်မှာ ချစ်လှယ်ကြတုန်းက " ကဗျာကို စိတ်ထဲကရွတ် ကြည့်ရမယ် ။ ရင်ထဲမှာ အချစ်တွေ သက်ဝင်လှုပ်ရှားလာတာ သေချာပြီ ဆိုရင်တော့ ချိုပြုံး ရဲ့ " ပန်းပိတောက်တို့ ကြွေရာမြေ " ကို မျှော်လင့်ချက်အပြည့် နဲ့ အော်ဆိုမိလိမ့်မယ် ။

အဲသည်လို အချိန်မှာ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ရင် ကျွန်တော့်မျက်လုံးအိမ်ထဲမှာ မင်းကိုမြင်နေရတယ် ။ အဲသည်အခါမျိုးကျရင် သစ္စာတွေ ၊ ယုံကြည်မှုတွေ ၊ မြတ်နိုးတန်ဖိုးထားမှုတွေ ဟာ အဓိပ္ပာရှိနေပြန်ရော ။ အဲသည်တော့ -

အဝေးက ရည်းစားနဲ့ တစ်နေကုန်နီးပါး Chatting ထိုင်တတ်တဲ့ သူငယ်ချင်းကို ပိုရန်ကော ဆိုပြီး အပြစ်ပြောခဲ့မိတာကို အားနာမိလိမ့်မယ် ။

ချစ်သူဆီက ဖုန်းကိုမျှော်ရင်း မျက်ရည်ကျရတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ သရုပ်ဆောင်ချက် ပီပြင်မှုကို ချီးကျူးမိလိမ့်မယ် ။

ကျောင်းကစာသင်ချိန်ပြီးတိုင်း ရည်းစားနဲ့တွေ့ဖို့ စိတ်လောနေတဲ့ ကောင်လေးကိုလည်း ကိုယ်ချင်းစာတတ်လိမ့်မယ်။

ကြည့်ပါဦးကွယ် ။ အချစ်တွေ ၊ သိပ်လှ သိပ်မြတ်နိုးဖို့ကောင်းတဲ့ အချစ်တွေ ။ ဘယ်လောင်အေးမြ လိုက်သလဲ ။ ဘယ်လောက်များ လွမ်းဖို့ကောင်းလိုက်သလဲ ။ ။

+++++++

ချစ်သူကို လွမ်းတဲ့အခါ တစ်ချိန်ကမုန်းခဲ့ မိတဲ့ ကျောင်းသင်ခန်းစာတွေကို သတိရလာတယ်။ တစ်ခါတစ်ရံမှ ပေါ်လာတတ်တဲ့ ကျွန်တော့် Hand phone Screen ပေါ်က Unknown Call ဆိုတဲ့ စာလုံးလေးတွေကို တမ်းတမိတယ် ။ မပေါ်စီး နဲ့ ခပ်မာမာ ဆရာလုပ်တတ်တဲ့ မင်းရဲ့ ပုံစံကို လွမ်းလာမိတယ် ။ အဲဒီအခါကျရင် ဖန်တရာတေအောင် ကြားခဲ့ဖူးတဲ့ -

" ချစ်သူအနားမှာ ရှိစေချင်တယ် ။ မင်းမရှိတဲ့ ကမ္ဘာမှ ကိုယ်အသက်မရှင်ချင်ဘူး " ဆိုတဲ့ အတိသယ၀ုတ္တိ ဆန်တဲ့ စာသားလေးကတောင် ကျွန်တော့်ရင်ထဲက ခံစားရတာကို မမှီနိုင်ဘူးလို့ ထင်မိပြန်ရော ။ူဒါပေမယ့် အဲသည်နောက်မှာတော့ ပူလောင်တဲ့ သောကအချစ် ဆီ ဦးမတည်မိအောင် ကျွန်တော်သတိထား လိုက်ရပါတယ် ။ ဆက်မတွေးနဲတော့ ၊ သီချင်းတွေလည်း အကုန်ရပ်လိုက်ကြ ပါတော့ .... ။

နောက်တော့ " အချစ်ကို နက်ရှိုင်းစွာသိသူဟာ ဘ၀မှာအသက်ရှင်ဖို့ ထိုက်တန်သွားတယ် " ဆိုတဲ့စကားကို အခါခါရွတ်ရင်း အချစ်ကို ရင်းနှီးပွေ့ဖက် ထွေးပိုက် နှုတ်ဆက်ခွင့်ရတာကိုပဲ ဂုဏ်ယူနေရဦးမှာပေါ့ ။

အဲသည်တော့ကျမှ -

" အမြဲ တသစွဲလမ်းခဲ့တဲ့ တစ်ပွင့်ထဲသော ပန်းသစ္စာ

မြတ်နိုးထိုးစိုက် မောင့်အသည်း၌ ဆင်မြန်းဖို့ ရွယ်လာ " ဆိုတဲ့ သီချင်းကို ရင်ထဲကညည်းမိလိမ့်မည်။ ။

9 December 2007

ဘ၀အလွမ်းအိမ်

အိမ်ဆိုတာ ဘ၀ရဲ့ချည်တိုင်ပါ။ ကျွန်တော့်ဘ၀တွင် အခြေအနေအရ အိမ်ပေါင်းများစွာတွင် မကြာခဏပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ ငယ်စဉ် (၅) နှစ်သားအထိ ကိုယ်ပိုင်အိမ်နဲ့နေထိုင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်နေခဲ့ရသမျှ ကိုယ်ပိုင်အိမ် များမဟုတ်ခဲ့။ ထိုကိစ္စသည်ကျွန်တော်အတွက် အထူးအဆန်းမဟုတ်ခဲ့ပါ။ ကိုယ်ပိုင်အိမ်တစ်လုံး နှင့်နေချင်လှချည့်လို့လည်းဆန္ဒ မရှိခဲ့ပါ။ ခုအသက်အရွယ်ကျတော့ရော မိမိနိုင်ငံရဲ့မြေလတ်မြို့ တစ်မြို့မှာအခြေ ချနေထိုင်လိုတဲ့ မျှော်လင့်ချက်ယိုးတိုးယောင် တောင်ရှိသော်လည်း အကောင်အထည်ဖော်နိုင်ဖို့ ဝေးပါသေးတယ်။

ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအိမ်ကလေးဟာ သုံးပင်လေးခန်းအိမ်သေးသေး လေးဖြစ်သည်။ ရှေ့ပေနှစ်ဆယ် ၊ ဘေးပေခြောက်ဆယ် ၀န်းခြံလေးထဲမှ ထရံကာ၊ ၀ါးကပ်မိုးမျှသာ ဖြစ်သည်။ အိမ်ရဲ့မြေခံဟာနိမ့် လို့မိုးရွာရင်အိမ်ထဲရေ၀င်တတ်သေး တယ်။ မိုးသည်းတဲ့ ည၊နောက်နေ့ နံနက်တွေမှာအိမ်ခြေ တစ်ခင်းလုံးဗွက်ထလို့ ။ မှတ်မိသမျှတော့ အိမ်ဘေးမှာ မန်ကျည်းပင်ကြီးတစ်ပင် ၊ အိမ်ရှေ့မှာတမာပင်ပေါက်တစ်ပင်နှင့် စက္ကူပန်းရုံတစ်ရုံ၊ အိမ်နောက်မှာတော့ တော်တော်လေးချိုသော်လည်း ပိုးကိုက်မလွတ်တဲ့ မာလကာပင်တစ်ပင်ရယ်နဲ့ အဘွားရဲ့ ဂမုန်းပင်တွေရှိတယ်။ အိမ်ရှေ့ကနေကြည့်ရင် မီးဖိုတဲအထိ အိမ်ခန်းအားလုံးခြုံမြင် နိုင်တာသေချာတယ်။

ငယ်ငယ်ကအိမ်လေးအကြောင်းကို ပြန်စဉ်းစားကြည့်တိုင်း အတော်လေးကိုသေးငယ်နုံချာပြီး တဲသာသာလေးဖြစ်နေခြင်းပင် ။ ထိုစဉ်ကတော့ အဆင့်အတန်း၊လူတန်းစားခွဲခြားမှု စိတ်ညံ့တို့ လိမ်းကျံခံရခြင်းမရှိသေးတဲ့ အရွယ်မို့ သေးစုတ်နုံချာမှုကို မသိခဲ့ရပါ။ ဟန်ဆောင်မှုကင်း ဘွင်းဘွင်းရှင်းရှင်းသူလိုကိုယ်လို ပတ်ဝန်းကျင်မျိုးလည်း ဖြစ်တဲ့အတွက် ရှက်ရွံ့အားငယ်မှုလည်း မဖြစ်ခဲ့ ။နောင်နောင်ခုခါကျမှ မိမိနေခဲ့ရတဲ့အိမ်တွေနဲ့ နှိုင်ယှဉ်ကြည့်မှ တော်တော်စုတ်ပါ့လားလို့ အလန့်တကြားသတိပြုမိသည်။ သို့သော်ခုချိန်မှာကျွန်တော် အိမ်လေးနှင့်ကွာလှမ်းခဲ့ရ ပြီ ၊ ပြီးတော့အိမ်လေးလည်းမရှိတော့ဘူးမဟုတ်လား (အိမ်လေးကိုဖျက်ပြီး တိုတ်သေးသေးလေးဆောက်ပြီးခဲ့ပြီ) ။

မှတ်မှတ်ရရ တိုက်အုတ်မြစ်ချရန် ထိုအိမ်လေးကိုဖျက်သည့်နေ့က အဘွားငိုတယ်။ ကျွန်တော်တော်တော်ငယ်သေးတော့ ဘာကြောင့်ငိုတာလည်း စဉ်းစားလို့မရ။ ကျွန်တော်တို့အိမ်သေးသေးလေးကို တိုက်ဆောက်မှာမဟုတ်လား အဘွားရဲ့ ၊ နောက်နောက်မိုးရွာရင် လေတိုက်ရင်လည်းမပူရတော့ဘူး ၊ နွေကျရင်လည်း မီးရေးထင်းရေးမပူရတော့ဘူး ။ ပြီးတော့ ကျွန်တော်တို့လမ်းထဲ မှာတစ်လုံးထဲသောတိုက်ဖြစ်မှာမဟုတ်လား ။ ကလေးတွေးနဲ့ ကျွန်တော်ပျော်ခဲ့ဖူးတယ် ။ ငိုနေသူကိုလည်းကလေးပြီပြီ ပြက်ရယ်အကြည့်နှင့်ကြည့်နေခဲ့ဘူးတယ် ။

အဘွားဟာ ပခုက္တူအနီးက ပေါင်လောင်ကန်ရွာသူအညာသူ စစ်စစ်ကြီးဖြစ်သည်။ အညာသူ ဆိုပေမယ့်အဘွားဟာအသား လတ်ပါတယ်။ ပြီးတော့ကျွန်တော်အဖေရော အမေပါအသားလတ်ကြပါတယ်။ (ကျွန်တော်သာသူတို့အားလုံးထဲမှာ အသားအညိုဆုံးပါ ။ :D ) ကျွန်တော့်ရဲ့ အစောဆုံးမှတ်ဥာဏ်တွေထဲမှာရော အဘွားကခေါင်းဆောင်မင်းသမီးကြီးပါ။ ကျွန်တော်လူ့လောကထဲကို အမေ့ဝမ်းမှတဆင့် ၀င်ခဲ့ရပေမယ့် မွေးကင်းစကျွန်တော့်ကို ပထမဆုံးပွေ့ထွေးသူမှာအဘွားပင်။

ကျွန်တော်ဘ၀ တစ်လျှောက်လုံးမှာ အဘွား (အမေ့အမေ) ကိုပေးဆပ်သူအဖြစ်သာတွေ့ ခဲ့ရသည်။ တစ်ခါတစ်ရံ အစိုးရိပ်လွန်ကဲသူ ၊ ပိန်သော်လည်းကျန်းမာရေးကောင်းသူ ၊ လူကဲခတ်တော်သူ ၊ ကျွန်တော်တို့ အိမ်တံခါးတဲ့တဲ့ တစ်နေ့လုံး လိုလိုမပျင်းမရိ ထိုင်နေတတ်တဲ့ ခပ်ချည့်ချည့် မယ်ကြီးအို တစ်ယောက်အဖြစ်သာ ။ အဘွားသည် ကျွန်တော်ကိုသူငယ်ငယ် ကအကြောင်းတွေကိုစိတ်လိုလက်ရ ပြောပြောပြတတ်တယ်။ တစ်ခါတစ်ခါကျွန်တော်စာကျက်ရင် နားစွန့်နေတတ်ပြီး သူကြားဖူးနားဝ တွေကိုဆွေးနွေးတတ်သေးတယ်။ ကျွန်တော်အတွက်တော့ အဘွားစကားတွေဟာ နားထဲကိုဝင်ပေမယ့် သိပ်တော့အလေးအနက်မထားမိပါဘူး ။ ဟုတ်တယ်လေ တစ်ခါကကျွန်တော် "ငလျင်" အကြောင်းကျက်နေတယ် ၊ တော်တော်လေးကိုမှတ်ရခက်တဲ့ မြေငလျင်ရဲ့ ဖြစ်စဉ်တွေကို ခေါင်းထဲဖြစ်ညှစ်သွင်းနေ ရချိန်မှာ အဘွားပြောတာက "ရှေးလူကြီးတွေပြော တာကတော့ငလျင်လှုပ်တယ် ဆိုတာမြေကြီးကိုထမ်းထားတဲ့ ငရဲသားတွေပခုန်းပြောင်းတာတဲ့" ။ ကျွန်တော်ကဟုတ်လားလို့ စိတ်မပါတစ်ပါပြောပြီး ခပ်လှောင်လှောင်ပြုံးလိုက်မိတယ် ။ အဘွားစိတ်မကောင်းဖြစ်သွားတာ ကျွန်တော်သိတာပေါ့။ အသက်ကြီးလာတာနဲ့အမျှ လူရာသွင်းအရေးပေးခံ ချင်တဲ့လူအိုတွေရဲ့ စိတ္တဗေဒကို ကိုယ်ချင်းလည်းစာမိပါရဲ့ ။ ဒါပေမယ့် သည်တုန်းက ကျွန်တော်စာရဖို့က ပိုအရေးကြီးနေတယ်လေ။ အိမ်မှာအမြဲရှိတဲ့ သူကိုဘယ်အချိန်တောင်းပန်တောင်းပန် ရပါတယ် ။ သည်လိုနဲ့ ပဲမြေးအပေါ် အပြစ်မယူဘဲ ခွင့်လွှတ်တဲ့အဘွားရဲ့ မေတ္တာအရိပ်အောက်မှာ အမှားတွေကိုတောင်းပန်ဝန်ချဖို့ ကျွန်တော်အမြဲမေ့လျော့ခဲ့ပါတယ် ။အလျော့ပေးလိုက်လျောခြင်းမှာ ပျော်နေခဲ့တာများလား ....အဘွားရယ် ။

အဘွားငယ်စဉ်ကတည်း ကပင်အကြီးဆုံးသမီးဖြစ်၍ အရာရာမှာအလျော့ပေးခဲ့ ရဟန်တူသည် ။ အဘွားအောက်က မောင်တွေ၊ နှမတွေက သေစာရှင်စာလောက်ပဲဖြစ်ဖြစ်တတ်ကြ သော်လည်းအဘွားစာမတတ်ခဲ့ပါ။ မိဘနှင့် အတူမိသားစု တာဝန်ကိုငယ်ငယ်ကတည်းကထမ်းခဲ့ရပေသည်။ အဘွားအသက်(၂၀) ကျော်အရွယ်မှာ်တစ်ရွာသားအဖိုးနှင့်အိမ်ထောင်ကျခဲ့သည် ။ ကျွန်တော်အဘက ပခုက္ကူနယ် ပဒိုင်းခြုံရွာသားဖြစ်ပြီးအိမ်ထောင်ကျပြီးနောက်မှာ အဘွားတို့ရွာကိုလိုက်နေခဲ့သည် ။ အဘိုးဟာ "ပုတ်ထမ်းဈေးသည်" ဖြစ်ပြီးဆင်းဆင်းရဲရဲမိထွေး နဲ့နေရသူဖြစ်တယ်လို့ အဘွားမကြာခဏ ပြောခဲ့ဖူးတယ်။ ခုခေတ်မှာ ပုတ်ထမ်းဈေးသည် လို့ပြောရင်ဘာလုပ်မှန်း သိမယ်မထင်ပါဘူး။ ရှေးကအညာမှာ အလှကုန်နဲ့ အ၀တ်အထည်တွေကို ပုတ်ထဲထည့်ပြီး တစ်ရွာဝင်တစ်ရွာထွက် လည်ရောင်းတဲ့ဈေးသည်တွေရှိပါတယ် ။ သူတို့တစ်တွေဟာ ပုတ်နှစ်လုံးကိုဦးပဲ့ ထမ်းပြီးရှေ့မှာ ကုန်တွေထည့်၊ နောက်ထဲမှာတော့ ရောက်ရာမှာအိပ်ဖို့ အိပ်ရာခင်း ၊ ချက်ဖို့ပြုတ်ဖို့ စားအိုးစားခွက် ၊ ဆန် ဆီ ဆား အစုံပါပါတယ်။ သူတို့ရောင်းကျတဲ့ကုန်တွေဟာ ဈေးအပေါဆုံး အလှကုန်၊ အ၀တ်အထည် ဒေသထွက်စတာတွေဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့ နယ်ပေါင်းစုံ မှာတစ်ရွာဝင်တစ်ရွာထွက် ရောင်းကျ ၀ယ်ကျတာပါ။ အရပ်အခေါ်တော့ "အရောင်းအ၀ယ်ထွက်တယ်ပေါ့ " ။ သည်အလုပ်ကို ခုတိုင်အညာက ကျွန်တော့်ဦးကြီး ၊ ဦးလေးတွေလုပ်ကြဆဲပါ။ တစ်ခါတစ်ခါ အရောင်းအ၀ယ်ထွက်ရင် သုံးလေးငါးလတော့ ကြာကြတာပဲတဲ့ ။ဒါပေမယ် သူ့ခေတ်နဲ့သူအခါ ၊ သူ့အရင်းနှီးနဲ့သူတော့ (ပင်ပန်းသလောက်) အမြတ်လေးတော့ရတဲ့အလုပ်တစ်ခုပါ ။

အဘွားဟာ စိတ်ပူပန်တတ်လွန်းသူပါ။ တစ်ချိန်ချိန်မှာဖြစ်လာနိုင်တဲ့ ၊ ဖြစ်ဖို့အခွင့်အရေးနည်တဲ့ ၊ ဖြစ်လာရင်တောင်ကိုယ်ဘာမှ မတတ်နိုင်တဲ့ အရာတွေကိုတောင် အမြဲတွေးပူနေတတ်တဲ့ သူပါ။ ဒါကြောင့် အဘိုးများ သည်လောက်အကြာကြီး ခရီးထွက်နေချိန်မှာ ဘယ်လောက်များစိတ်ပူရှာ လိုက်မလဲ။ စိတ်ပူဖို့အချိန်မရလောက်အောင်ပင် ဆင်းဆင်းရဲရဲအလုပ် နဲ့လက်နဲ့မပြတ်လုပ်နေခဲ့ရသလား ။ ကျွန်တော်တွေးကြည့်မိဖူးသည်။ သတင်းအဆက်အသွယ်ရဖို့ နေနေသာသာ ဘယ်ရပ်ဘယ်ဆီသွားမှန်းပင် သေချာရေရာမသိ။ ဒါပေမယ့် အသက်မွေးဝမ်ကြောင်းကဒါပဲ မဟုတ်လား ၊ ဘ၀မှာ ရုန်းကန်လှုပ်ရှားမှု တွေအတွက် ချွေးတွေ ၊ မျက်ရည်တွေ ၊ လွမ်ဆွေးမှု အပူအပင်တွေကို စတေးခဲ့ကြရ တာမဆန်းပါ။

အဘွားနှင့်အဖိုးမှာ သားသမီး (၅)ယောက်ထွန်းကားပါတယ်။ ဒါပေမယ့် ရှေ့ကသားသမီး လေးယောက်လုံးပျက်စီး ခဲ့ရပြီး နောက်ဆုံးသမီးလေး (ကျွန်တော်အမေ) သာအဖတ်တင်ခဲ့တယ် ။ နောက်ဆုံးကျန်တဲ့သမီးလေးကို အဘိုးတို့တုန်နေအောင်ချစ်ပေလိမ့် မည်။ သမီးလေးရဲ့ ဘ၀ရှေ့ရေးကိုလည်း တောသူတောင်သားအမြင်နှင့် ဥာဏ်မှီသလောက်စဉ်းစားမိခဲ့ ကြပေလိမ့်မည်။ သည်လိုနှင့်ဘ၀တိုးတက်ရေး သမီးရှေ့ရေးအတွက် မြို့မှာအခြေချဖို့ဆုံးဖြတ်ခဲ့ကြသည် ။ ဒါပေမယ့်ဆုံးဖြတ်ချက် ကိုအကောင်အထည်ဖော်ဖို့ အဘိုးတို့ တော်တော်လေးကြိုးပမ်းခဲ့ ကြရပါတယ်။ နောက်ဆုံးမှာ တော့ မြို့ဆင်ခြေဖုံးက အိမ်ဝန်းတစ်ခြမ်းလေးကို ၀ယ်ကာမိသားစုပြောင်းဖြစ်ခဲ့ ကြသည်။ တဲသာသာအိမ်လေးကိုဆောက်ပြီး မိသားစုရုန်းကန်ခဲ့ကြရသည်။ အဘိုးကအရောင်းအ၀ယ် ဆက်လုပ်သည်။ အဘွားကတော့အိမ်တွင်း ကိစ္စတွေ ၊ သမီးလေးကိစ္စတွေနဲ့အချိန်ကုန်ရတော့ တယ်။ "ဟဲ့ငါတို့ ဟာတဲစုတ်နဲ့နေချင်နေရမယ် ၊ ဒါပေမယ့် အစားအသောက် ၊ အ၀တ်အစားလည်း လူနှင့်တန်အောင်တော့ဝတ်ရစားရပါတယ်။ မင့်ဘကနဖူး ကချွေးခြေမကျအောင်ရှာကျွေးခဲ့ရှာတာ ကလား" အဘွားမကြာခဏပြောတတ်တဲ့ စကားပါ။ အဘွားတို့အိမ်လေးဟာ အနေစုတ်ချင်စုတ်ခဲ့ ပါလိမ့်မယ် ၊ ဒါပေမယ့် မိသားစုစည်းလုံးမှု ၊ ကြိုးစားမှု ၊ နားလည်မှုတို့နဲ့တော့နွေးထွေး နေခဲ့ပါလိမ့်မည်။

သည်လိုနဲ့ ကျွန်တော်အမေလည်း (၁၀) တန်းအောင်ကာ တက္ကသိုလ်သို့ရောက်ပြီ ၊ အဘတို့လည်း ဆိုက်ကားတစ်စီးထောင်နိုင်လာ ပြီး သိုးအုပ်တစ်အုပ်လည်းရှိလာခဲ့သည်။ ဒါပေမယ့် ...အမေနောက်ဆုံး နှစ်မှာအဘိုးအရောင်းအ၀ယ်ထွက်ရင်း လူသတ်ခံရသည်။ သထုံနယ်ဇင်းကျိုက် ဘက်ကရွာတစ်ရွာမှာလို့ ကြားတာပဲလို့  ပြောဘူးသည်။ သေချာတာကတော့ နောက်ဆုံးမှာ သမီး ၊ ဇနီးနှင့်ဝေးရာ တစိမ်းနယ်မှာ အဘိုးကွယ်လွန်ခဲ့ရတယ် ဆိုတာပါ။ အမေကျောင်းပြီးဖို့ အဘွားအတော်လေးရှုန်းကန်ခဲ့ရသည်။ ဆိုက်ကားတစ်စီး နှင့် သိုးအုပ်ကိုရောင်းကာ ကျောင်းသူအတွက် ချိုးခြံခဲ့ရသည်။ အမေကျောင်းပြီး၍ ကျောင်းဆရာမအလုပ်ရမှ အသက်ရှုချောင် သွားရသည်။အမေအလုပ်ရတော့ ပခုက္ကူနားက မန်ကျည်းပင်မှု ရွာကလေးမှာ တစ်နေ့တစ်နေ့ညနေမိုးချုပ်မှ ပြန်ပြန်လာရသည့်အမေ့ကို အဘွားအိမ်ရှေ့မှ ညနေတိုင်းမျှော်ခဲ့ ရသည်။ နောက်တော့ အမေလည်းပခုက္ကူမြို့ပေါ်ကကျောင်းပြောင်း ရပြီး ၊ အင်ဂျင်နီယာ ပေါက်စအဖေနှင့် အိမ်ထောင်ကျသည်။ အဖေလည်းအဖိုးကဲ့သို့ ဆံထုံးနောက်သျှောင်ပါခဲ့ ကာအဘွားတို့အိမ်လေးဆီပြောင်းလာ ခဲ့သည်။ ကျွန်ချောင်းဓာတ်မြေ သြဇာစက်ရုံမှာအလုပ် လုပ်ရပြီး တစ်ပတ်တစ်ခါမှ ညကြီးမင်းကြီး ၉ မိုင်ကျော်ခရီးကို စက်ဘီးစီးပြန်လာရသည့်အဖေ့ ကိုအမေတို့အဘွားတို့မျှော်ခဲ့ရပါ လိမ့်မည်။ နောက်တော့ကျွန်တော့်ကိုမွေး ၊ အဖေလည်း ဆည်မြောင်းဘက်မှာအလုပ်ရ ပြီးပြည်ဖက်ကိုပြောင်းရသည်။ နောက်ကျတော့ စီးပွားရေးလေးတောင်သာလာပြန်တော့ အဘွားရဲ့တဲလေးကိုဖျက်၍ တိုက်တည်ခဲ့သည်။ အခြေအနေအရ အဘွားမကန့်ကွက် ခဲ့သော်လည်းစိတ်မကောင်းဖြစ်မိမှာသေချာ သည်။ သည်အိမ်လေးဟာအဘိုးရဲ့ချွေးတွေ ၊ သွေးတွေ ၊ အသက်နဲ့ရောရင်ပြီးဆောက်ခဲ့ရ တာမဟုတ်လား ။ ပြီးအဘွားရဲ့ ပူပင်မှုသောက မျက်ရည်တွေ ၊ ချိုးခြံချွေတာမှုတွေ စွန်းထင်းနေတာမဟုတ်လား ။ ဒါပေမယ့်......... ။

ဒါပေမယ့် နောက်ဆုံးမှာတော့အဘွား ပခုက္ကူမြို့လေးကိုပါစွန့်ခွာခဲ့ရသည် ။ "အမေရယ် ၊ သားလေးလည်းမိစုံဖစုံ အမြဲအတူတူနေရတာပေါ့ ၊ ပြီးတော့ ကျွန်တော်ဟိုမှာအိမ်ရတယ်အမေရယ်။ အကျယ်ကြီးပဲ။ မိသားစုလေးအတူတူနေကြရအောင်ပါအမေရယ်နော် " ဆိုတဲ့သမက်ရဲ့ စကား ၊ သမီးနှင့်မြေးလေးရဲ့နောင်ရေး ဒါတွေကိုစဉ်းစားပြီး မြို့လေးကိုပါအဘွားစွန့်ခဲ့ရတယ်။

နောက်တော့အစိုးရ၀န်ထမ်း အဖေပြောင်းရတဲ့မြို့တွေမှာကျွန်တော်တို့ တစ်တွေနှင့်အတူလိုက်ပြောင်းနေရတဲ့အဘွား ကိုတွေ့ရတယ်။ ပြည် ၊နောက်မကွေး ၊ နောက်စစ်ကိုင်း နောက်တစ်ဖန်ပြည်ကိုတစ်ခါထပ် ပြောင်း ။ ပြောင်းရသမျှမြို့တွေ မှာလည်းအိမ်ထဲ ကအိမ်ပြင်မထွက်ဘဲ အိမ်ရှေ့တည့်တည့်ခုံမှာ အမြဲလိုလိုထိုင်နေတတ်တဲ့ အဘွားကိုတွေ့ရတယ် ။ သားသမီးတွေရဲ့ အပူကိုကိုယ့်အပူ နဲ့မခြားစိတ်ပူပေးတတ်တဲ့ ၊ ဘာမှလည်းစွမ်းဆောင်မပေးနိုင်တဲ့ မယ်ကြီးအို ၊တစ်ဦးတည်းသောသမီးကမွေးတဲ့ တစ်ဦးတည်းသောမြေးအပေါ် အသည်းပေါက်အောင် ချစ်ရှာတဲ့ဘွားအေတစ်ယောက်အနေနှင့် လည်တွေ့ရပြန်တယ်။ အဘွားဟာကျွန်တော့်ကို ငယ်ငယ်ကအိမ်လေး အကြောင်း ၊ အမေငယ်ငယ်ကအကြောင်းခဏ ခဏပြောပြတတ်တယ်။ ဒါပေမယ့် အဘွားဟာတစ်နှစ်တစ်ခါလောက် ပြန်ရတာကလွဲလို့ ပြန်ချင်လှချည်ရဲ့လို့ ၊ လွမ်းလှချည်ရဲ့လို့ မပြောရှာပါဘူး ။ အဘွားဟာ မျိုသိပ်တတ်တယ်မဟုတ်လား။

နောက် "ပြည်" ရောက်တော့ ကျွန်တော်တို့အိမ်လေးတစ်လုံးဆောက်ကြ ပြန်တယ်။ အိမ်ပုံစံကို ကိုယ်တိုင်ဆွဲရင်းအလုပ်ရှုပ်နေတဲ့ အဖေက ဒါအမေ့အခန်းလို့ အဘွားကိုပြတယ်။ ကွန်တိုတွေ ၊ စကေးတွေ ၊ဒေါင့်ချိုးတွေ ရှုပ်ရှက်ခက်နေတဲ့ အဖေရဲ့အိပ်ပုံကို အဘွားသေချာကြည့်နေပါတယ်။ "အောင်မလေးမင်းနှယ် ကွယ်၊ မင်းအိမ်ပြီးသည်အထိ ငါနေရဦးမှာလား" ကျွန်တော်တို့အားလုံး ရယ်ပြီး ကျန်းမာရေးသည်လောက်ကောင်းတဲ့အဘွား ကနေရဦးမှာပါလို့ ပြောမိကြတယ်။ အဘွားကမိန့်မိန့်ကြီးပြုံးလို့ ၊ နောက်တော့အဘွားငြိမ်ကျသွားတယ်။ တော်တော်ကြီးကိုအတွေးနက်နေပုံ ပဲမျက်ရည်တွေလည်းဝဲလို့။ ဘာများစိတ်မကောင်းဖြစ်ရတာလဲ အဘွားရယ် ၊ အိမ်သစ်လေးက တစ်ကယ်ကိုခေတ်မီတယ် ။ ကျွန်တော်တို့ငယ် ငယ်တုန်းကအိမ်လေးနဲ့ များကွာပ။ အဘွားအတွေးနဲ့ ကျွန်တော်အတွေး ၊ တန်ဖိုးထားမှု ခံစားချက်တွေ ဟာတော်တော်ကွာပါလိမ့်မည်။

ဒါပေမယ့် ကျန်းမာရေးကောင်းလှပါတယ် ဆိုတဲ့အဘွားဟာ ကျွန်တော်(၁၀) နှစ်စမှာပဲ အစာအိမ်ပြည်တယ်တဲ့ ရောဂါနှင့်ဆေရုံ တက်ရပါတယ်။ သာမန်လူငယ်တစ်ယောက် အတွက်မပြောပလောက်တဲ့ ခွဲစိတ်မှုဟာ ရှစ်ဆယ်ကျော်အဘွားအို အတွက်ပြန်နလံမထူ နိုင်တော့ပါဘူး ။ ဆေရုံကနောက်ဆုံး အိမ်ပြန်သယ်သွားဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့ ၀န်ထမ်းအိမ်ရာထဲကအိမ်လေး (အဖေ့စိတ်ကူးအိမ်ကလည်း မပြီးသေးပါ) ဆီကို အဘွားကိုပြန်သယ်လာရတယ် ။ မိုးမှောင်နေတဲ့ နေ့လည်တစ်ခုမှာအဘွား ဆုံးတယ်။ ပူလောင်လှတဲ့ ငိုကြွေးသံတွေကြားမှာ အားလုံးကိုကျောခိုင်းသွားပြီ ဖြစ်တဲ့ အဘွားကိုကျွန်တော် မျက်ရည်ကြားမှ မြင်ရတယ်။ အဘွားရက်လည်တဲ့နေ့ မှာအမေကပြောတယ်။ "ဘာပဲပြောပြော မင်းအဘွားမဆုံး ခင်အမေတို့ပြုစု လိုက်ရပါတယ်ကွယ်။ နောက်ပြီး အိမ်မှာပဲဆုံးရှာတာပါ။ဆေးရုံမှာမဟုတ်တာကို ပဲမင်းအဘွားဝမ်းသာရှာမှာပါ။ နို့မို့ဆိုရင် ၀င်းထဲတောင်ဝင်ခွင့်ရမှာ မဟုတ်ဘူး ။ " ။ ဟုတ်ပမလားအမေရယ် အဘွားနောက်ဆုံးအချိန်မှာ သူခေါင်းချချင်တဲ့နေရာဟာ သည်အိမ်ဟုတ်ပမလား .......? ။ဒါပေမယ့် ကျွန်တော်အမေ့ကို ဘာမှပြန်မပြောခဲ့ပါ ။

ုပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်က ကျွန်တော်မြန်မာနိုင်ငံပြန်ခဲ့ သည်။ (၁၀) တန်းပြီးနောက် ပညာရေးအတွက် မိမိနိုင်ငံကိုကျောခိုင်းထွက်ခဲ့ရပြီး မှတစ်ဖန်အလည်ပြန်လာခြင်းပင် ။ သည်တစ်ခါတော့ ကျွန်တော့်အိမ်ဟာ (မိဘများပြောင်းရွှေ့ရာ) ရွှေဘိုမှာဖြစ်သွားပြီ ။ ကျွန်တော်အိမ်သစ်ကို ၀င်ဝင်ချင်း အိမ်တံခါးနှင့်တည့်တည့် ကုလားထိုင်မှာထိုင်တတ်သည့် အဘွားကိုသတိရမိသည်။ သည်အိမ်သစ်မှာတော့ အဘိုးနှင့် အဘွားတို့ဓာတ်ပုံတွေချိတ်ထားတာတွေ့ ရသည်။ ကျွန်တော့်အလှူတုန်းကရိုက်ထားသည့်ဓာတ်ပုံထဲက အဘွားရဲ့အင်္ပြုးဟာ အသက်ပါလှရုံသာမက ဆေးသားကလည်းစိုနေတယ်။ ဘေးကအဖိုးရဲ့ ဓာတ်ပုံကတော့ရှေးကပုံကို ပုံကြီးချည့်ပြီးကူးထားလို့သိပ်မထင်ရှားပါ။ တို့အရင်တုန်းက အိမ်ထောင်စုစာရင်း အတွက်အိမ်ရှေ့မှာ ထွက်ပြီးမိသားစု ဓာတ်ပုံရိုက်ခံကြရတုန်းကပုံလို့ အမေပြောတယ်။ ပုံဘယ်လောက်ပဲ ၀ါးဝါး အဘရဲ့အပြုံးက ကျွန်တော်အတွက်ထူးဆန်းနေတယ် ။ ဟုတ်ပါရဲ့ သည်လိုအပြုံးမျိုးကို မမြင်ရတာကြာပြီ ။ အဘရဲ့အပြုံးကကျေနပ် အားရနေတဲ့အင်္ပြုးမျိုး ။ ဟင့်အင်း ။ ဒါတွင်မကသေးဘူး ငါ့ချွေး ၊ ငါ့သွေး ၊ ငါ့ကိုယ်ပိုင်ကြိုးစားမှုကြောင့် ရလာတဲ့ ငါ့မိသားစုအတွက်ငါ့ ကိုယ်ပိုင်အိမ်ပဲဆိုတဲ့ ရဲရဲဝင့်ဝင့်ယုံကြည်တဲ့အပြုံး မျိုး ။ ကျွန်တော်ကြီးပြင်းလာရတဲ့ ခေတ် ၊ ပတ်ဝန်းကျင်မှာ မိမိရဲ့အိုးအိမ် စည်းစိမ်ဥစ္စာအတွက် မိမိကိုယ်ပိုင် အရည်အချင်းပင်ပန်းခံကြိုးစားမှု မပါဘဲ သူတစ်ပါးကိုဒုက္ခပေး ချောက်ချ အမြတ်ထုတ်ဂုဏ်ယူနေကြတဲ့ ပုဂ္ပိုလ်တွေဆီမှာ မတွေ့နိုင်တဲ့အပြုံးမျိုးပဲ။ ပကာသနကင်းမဲ့ပါစေမိမိအရည်အချင်းနှင့်ရသောတစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါးဂုဏ်ယူပြုံးနိုင်ဖို့ ကျွန်တော်တို့ဘယ်လောက်ကြိုးစားရဦးမှာ လဲ ? ။ ကျွန်တော်မသိနိုင်ပါ။ ဒါပေမယ့် သေချာတာကတော့ကျွန်တော်အတွေးထဲမှာ ဘရဲ့အိမ်လေးဟာ မေတ္တာစေတနာတွေကြောင့် ကြီးကျယ်မြင့်မြတ်သွားတာပါပဲ ။ ။

26 November 2007

McDonal's , ဟမ်ဘာဂါ နှင့် နွေးထွေးမှုညနေခင်းများ

Mc Donal's ဆိုင်ဟာကျွန်တော်စားနေကြ Fast Food ဆိုင်ပါ။ Mc Donal's ဆိုင်တော်တော်များကိုကျွန်တော်ထိုင်ဖူး ပါတယ်။ Mc Donal's ဟာတစ်ယောက်ထဲထိုင်စား ရင်အတော်လေးပျင်းဖို့ကောင်းပါတယ်။ နေ့စဉ်ကျတော့်လည်း ညည်းငွေ့စရာကောင်း ၊ ကျောင်းသားတစ်ယောက်အနေနဲ့ကျတော့လည်း ငွေကြေး မတတ်နိုင်ဘူးလေ။ ဒါပေမယ့် (၁)ပတ်တစ်ခါလောက် သွားစားရတာတော့ အပြောင်းအလဲသဘောလေးပါ။ Fast Foods တွေဟာမကောင်းဘူးလို့ ကျန်းမာရေးရှုထောင့်က ဘယ်လိုပဲဆို ပါစေ ချက်ရကြော်ရတဲ့ ဒုက္ခနဲ့စာရင်နောင်ခါမှ နောင်ဈေးပါ ။ ငွေကြေးအနေနဲ့လည်း ခြေနိုင်လက်နိုင် လည်းရှိတယ် ၊ ပြီးတော့လည်း သူငယ်ချင်းတွေနဲ့ တပျော်တပါး ကြီးသွားကြတော့ ပျင်းစရာလည်းမကောင်းပါ။

သည်နေ့ညနေ lecture နောက်ဆုံးချိန်ပြီးရင် ကျွန်တော်တို့ Mc Donal's မှာညစာစားဖြစ်တယ်။ သူငယ်ချင်းတွေဆိုတာ ကျွန်တော်နဲ့မှ စုစုပေါင်း ၄ ယောက်ပါ။ ကျွန်တော်တို့ဟာ Major တူပေမယ့် Group မတူကြဘူးလေ ၊ ဒါကြောင့် ရှားရှားပါးပါး တစ်ပတ်မှာတစ်ချိန်သာတူတဲ့ တနင်္လာနေ့နောက်ဆုံး lecture ချိန်ပြီးမှာ စုစုစည်းစည်း ညစာစား လေပစ်ကြပါတယ်။ ကျောင်ဝင်းနဲ့မနီးပေ မယ့် သိပ်လည်းမလှမ်းလှတဲ့ ဆိုင်ခွဲလေးမှာပါ။ ဆိုင်မှာလည်း Spicy ဘာဂါပဲအတူတူမှာစား ပြီး ညနေချမ်းလေးတွေ ကိုကုန်စေကြတာအကျင့်လို ဖြစ်နေပြီ။ ကျွန်တော်တို့ပြောတဲ့ အကြောင်းတွေဟာ လောလောဆယ်အဆင် မပြေတဲ့အကြောင်းတွေ ၊ အင်တာနက် ၀ပ်ဆိုက်တွေအကြာင်း ၊ နောင်စာအုပ်တွေအကြောင်း ကျောင်းစာတွေအကြောင်း နောက် အနာဂတ်အကြောင်းတွေပါ ။ ဘာဂါကိုစားရင်း ၊ အအေးသောက်ရင်း ကျွန်တော်တို့ ရယ်မောခဲ့ကြဖူးတယ် ၊ စိတ်ကူးတွေထဲရွက်လွှင့်ခဲ့ကြ ဖူးသည်။ ဘာပဲပြောပြော ကျွန်တော့်တို့ ခင်မင်မှုဖြင့်နွေးထွေးခဲ့ ကြသည်။ စိတ်ညစ်စရာတွေ ပြောမိကြအုံးတော့ ကျွန်တော်တို့အသံတွေပေါ့ ပါးနေကြသည်။

သူငယ်ချင်းဆိုတာ မိမိရပ်တည်နားခိုနားရာ ဘ၀အချိုးအကွေ့တိုင်းမှာ မရှိမဖြစ်နီးပါးလိုအပ်တဲ့ အရာပါ။ "သူငယ်ချင်း" ဆိုတဲ့စကားပေါင်းစပ် ဖွဲစည်းပုံကို အရင်းအမြစ်ထိ မသိပေမယ့် အပေါင်းအသင်း ဆိုတဲ့ အဓိပ္ပာယ် ထက်ပိုတယ်လို့တော့် ခံစားသိနိုင်ပါလိမ့်မယ် ။ ဘ၀မှာ အကြောင်းကြောင်းကြောင့် ပေါင်းသင်းရတဲ့သူများပေမယ့် သူငယ်ချင်းလို့ သမုတ်ရတဲ့သူနည်းလှပါတယ်။

ကျွန်တော့် ဘ၀မှာ အရေအတွက်နည်းလှသော သူငယ်ချင်းတွေရှိခဲ့ သည်။ သူတို့တစ်တွေနဲ့ကျွန်တော်အခြေအနေ အရအလှမ်းဝေးကြရ သော်လည်း မကြာမကြာသတိရတတ်သည် ။ ခုလောလောဆယ် ကျွန်တော့်မှာခင်မင်ရ သူ ၃ ယောက်ရှိပါသည်။ ကျွန်တော်တို့ သည် မိမိနိုင်ငံကို ခွဲခွာ၍ ပညာရှာရန်လာ ခဲ့ကြသည် ။ အတန်းတူ ၊ စာအတူတူကျက် ကြရင်းခင်မင် မှုတွေပွားဝေခဲ့ကြသည်။ ကျွန်တော်တို့ လေးယောက် တွင်ထပ်တူကြသော ၀ါသနာ မရှိပါ ၊ သို့သော်ညှိယူလို့ မရအောင်ကွာ ခြားမှုလည်းမရှိကြ ။ ဘ၀မှာ ဆန်းဆန်းပြားပြား မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းသာနေထိုင်လို ကြသည့် စိတ်ရှိကြသည် ။ လူတောမတိုးလို့ ဆိုနိုင်သော်လည်း မိမိပတ်ဝန်းကျင်မှာ စိတ်ရှင်းလက်ရှင်းနေထိုင်ချင်စိတ်ရှိ ကြသည် ။ ကျွန်တော်တို့ကြားတွင် ဒဏ္ဍာရီ ဆန်သော စွန့်လွှတ်အနင့်နာခံမှုများ မရှိပါ ၊ ရင်းနှီးသော မောင်နှစ်မသဖွယ် ပွင့်လင်းမှုများသာရှိ သည်။ ။

ကျွန်တော်တို့စာမေးပွဲနီးတိုင်း ကျောင်းမှာတစ်နေကုန်နီးပါး စာလုပ်ကြသည်။ စာမေးပွဲနီးမှာကပ်လုပ်ကြသည့် တိုင်အားငယ်မှုများ မရှိပါ။ သူမရင့ါပကူ ၊ ငါမရသူကူနဲ့ စာမေးပွဲတောင် ကြီးကိုအံတု ကြပါသည်။ ထိုအတွင်း နေ့လည်စာကို Cup Noodles နဲ့ ညစာကိုတော့ Mc Donal's က ဘာဂါ ။ စာမေးပွဲပြီးရင် ၃ ၊ ၄ ရက်လောက်လျှောက်လည် ကြသည်။ နောက်တော့လည်း ကျောင်းပိတ်ချိန်တွင်ကိုယ့် ကိစ္စ နှင့်ကိုယ် ။ ထွက်လာသောအောင်စာရင်းရဲ့ မတူညီတဲ့ ရလဒ်တွေ အပေါ်မှာလည်း မနာလိုမရှိကြ ။

ဘာလိုလိုနှင့် ကျွန်တော်တို့ ခင်မင်လာကြတာ တစ်နှစ်လောက်ရှိ ပြီ။ ကြာလာတာနှင့်အမျှ ခင်မင်မှုတန်ဖိုးကို သိနားလည်လာ ကြပြီ။ ဒါပေမယ့် တစ်နေ့နေ့တော့ ကျွန်တော်တို့ လေးယောက်ခွဲကြရ အုံးမှာပါ ။ တစ်ယောက်စီရဲ့ မတူညီတဲ့ မျှော်လင့်ချက်တွေ ၊ အိပ်မက်တွေကို ကိုယ်စီကိုယ်ငှ အကောင်အထည်ဖော်ကြဖို့လေ။ လောကသဘာဝမဟုတ်လား ။ ဒီလိုနဲ့ ဘ၀အမောတွေကို ကိုယ်စီခံစားရင်း ခရီးဆက်ကြရ အုံးမယ် ။ အကြောင်းတိုက်ဆိုင်လို့ သတိရရင်တော့ အတွေးထဲမှာ စာမေးပွဲတွေ ၊ Cup Noodles ခွက်တွေ ၊ ဘာဂါတွေ နောက် နွေးထွေးတဲ့ ခင်မင်မှုညနေခင်းလေးတွေရော ပေါ့ ................. ။ ။

( To Mulay, Su Wai and Zayar .... , For our loving Memories.............! )

25 November 2007

မိုး

အို....မိုးဒေ၀ါ ... ရှစ်တိုင်းမှိုင်းဆင်ကာ
မိုးလှယ့်မှုန်ပြာ..... ညှိုးဖွယ့်ကြုံလာ
စာနာသင့်ပါရဲ့...... ငြိုးမာန်တော် ၀ံ့လိုက်ပါနဲ့...
ရွာ သင့်မှရွာ..... ။ ။

(မိုးဒေ၀ါ ပတ်ပျိုး - ရေး ~ ဒေါ်စောမြအေးကြည်)
လောကမှာ မိုး နဲ့သရက်ကို အစိုးမရခြင်း လက္ခဏာ အဖြစ်တင်စားခဲ့ ကြသည်။ သရက်သီးလေးတွေဟာ ချဉ်မလိုလိုနဲ့ချိုတတ်သလို ၊ ချိုမလိုလိုနဲ့လည်းချဉ်တတ်ကြတယ် တဲ့ ။ ထို့အတူမိုး ဟာရွာမလိုလိုနဲ့စဲတတ်သလို ၊ စဲမလိုလိုနဲ့လည်းသဲတတ်ပါတယ် ။
မိုးတကာ့ မိုးထဲမှာ စင်္ကာပူမိုးကတော့ အစိုးမရဆုံးဖြစ်နိုင်သည်။ ခဏကနေသာသော်လည်း ခုတော့မိုးရွာချင်ရွာတတ်သည်။ မကြာခင်နေပြန်ပွင့် တတ်သည်ကလည်းမထူးဆန်း .... ။

နံနက်ကနေပွင့်သည် ။ တနင်္ဂနွေနေ့ပေမယ့်ကျောင်းသွားစရာရှိ လို့ သွားရမည်။ တစ်နေ့လုံးသာနေလိုက်သည့် နေ သည်အိမ်ပြန်ခါနီး နှစ်နာရီကျော်လောက်တွင် မိုးအုံ့၍ ကျသွားပြီ ။ကျောင်းနှင့်အိမ်က အတော်လေးလှမ်းတော့ကားပေါ်မှာပင် မိုးတွေသည်းသည်းမည်းမည်းရွာလာသည်။ မိုးသည်းလာတော့ဘစ်ကားလည်းအရှိန်လျော့၍ ဖြည်းဖြည်းပင်မောင်းတော့သည်။ ကားတွင်းမှလေအေးစက်ကြောင့် မှန်အငွေ့ရိုက်၍ အပြင်ကိုမမြင်ရ ၊ ကျွန်တော်သည်ပတ်ဝန်းကျင်နှင့် ကိုက်ညီလှစွာ အုံ့ဆိုင်းညို့မှိုင်းသောစိတ်နှင့် Phone ထဲမှာအသင့်ရှိသော မလှရွှေ၏ "မိုးဒေ၀ါ" ကိုနားထောင်ရန်ပြင်လိုက်သည်။ မကြာမီ မလှရွှေရဲ့ အသံ ၊ ဒေါ်စောမြအေးကြည်ရဲ့ စာသားများ ၊ အသံသိပ်မပြတ်သားသော ရှေးသီချင်းကြားတွင် မျောဝင်သွားလေပြီ ။ အို ကျွန်တော်မျက်ဝန်းများမှာလည်းမိုးတွေညို့နေပါပြီကော ........ ။

ရာသီဥတုဟာ လူ့ခံစားချက်ကို အဘယ်မျှလွှမ်းမိုး နိုင်ကြောင်း ဖတ်ဖူး ကြားဖူးခဲ့ပြီ။ ရော့ရှိုင်းယားရဲ့ရာသီဥတု ပြောင်းသွားရင် လေထန်ကုန်း ဟာအသက်မဲ့သွားလိမ့်မယ် ။ ကျွန်တော်တို့ နိုင်ငံရဲ့ ရာသီဥတုတွေထဲမှာ မိုးရာသီဟာလွမ်းဖို့ အကောင်းဆုံးပါပဲ ။ ဒါကြောင့်လည်းရှေးရေးသီချင်းတွေမှ စ၍ခုခေတ်ပေါ် ရှော့(ခ်) သီချင်းများတိုင် မိုး အကြောင်းရေးစပ်ကြဆဲ ။ ကျွန်တော်သိရသမျှမိုးဖွဲ့ များသည် အလွမ်း၌သန်ကြသည် ။ "ညှိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင်... ဪမိုးသက်လေနှင်...." နှင့် "မိုးကပြောတဲ့အလွမ်းဇာတ်လမ်း ကိုကြားချိန်မှာ ကိုယ့်နှလုံးသားထဲလည်းမိုးတွေရွာလာတယ်" တို့၏ခံစားချက်အခြေခံမှာ အတူတူပင်ဖြစ်သည်။

လူတိုင်းတွင် မိုးနှင့်ပတ်သက်သော အမှတ်တရများရှိကြမည် ။ ငယ်ငယ်ကလည်း "မိုးရွာရင် မိုးရေချိုးမယ်...." ဆိုတာလေးကိုကလေး တိုင်းအော်ဆိုခဲ့ဖူး ပေလိမ့်မည်။ ငယ်ဘ၀၏အရိပ်များတွင်လည်း မိုးရာသီနိမိတ်ပုံများ ပါဝင်နေမည်မှာသေချာလှသည်....။

မိုးသည်းခဲသော်လည်း စဲပြီးတိုင်းမြေသင်းနံ့ လေးချန်တားပေးတတ် သော ငယ်ငယ်ကမွေးရပ်မြေ ။ မိုးကောင်းလှသော ကျွန်တော့်ရဲ့ ပြည်မြို့လေး ။ ငယ်ငယ်ကမိုးရွာတဲ့ ညနေတွေမှာ ကျောင်းလာကြို တတ်တဲ့အမေ ။ ကျွန်တော့်မိုးကာ အကျီင်္ပျောက် တိုင်းအော်တတ်တဲ့အမေ့ရဲ့ အသံ ။ မိုးရွာထဲစက်ဘီး မစီးတတ်လို့ သားအမိနှစ်ယောက်လမ်းလျှောက်ပြန် ခဲ့ရတဲ့မိုးနေ့တစ်နေ့ ။ နောက်ပိုင်း မိုးရေထဲစက်ဘီး စီးပြန်လာရတတ်တဲ့ကျွန်တော့်ကို အမြဲစိတ်ပူစွာစောင့်နေတတ်တဲ့ အမေနဲ့အဘွား ။ မိုးရွာလေထန်တိုင်း အိမ်နောက်ကသရက်ပင်ကြီးလဲ၍ အိမ်ပိမ လားစိုးရိမ်၍ ရသမျှဘုရားစာတွေ ရွတ်တတ်တဲ့ အဘွား ။ မိုးသည်းတိုင်း အိမ်ရှေ့တံခါးနားတိုးကပ် ၀ပ်တတ်တဲ့ ခွေးကြီး "ငနီ" ။ မိုးစဲတိုင်း ပင်ခြေမှာပန်းတွေ ဖွေးဖွေးလှုပ် အောင်ကြွေတတ်တဲ့ ၀င်းထဲက ခရေပင် လေး ။ နောက်မိုးမှောင် မှောင် ကျူရှင်ညနေခင်းတွေမှာ စာအတူတူသင်ခဲ့ ကျက်ခဲ့ရ တဲ့သူငယ်ချင်းတွေ ။ "ဟဲ့..... ငါညနေမိုးရွာတာကိုကြိုက်တယ်.. အစ်ကို သိလား ။ မိုးရွာရင် ကျူရှင်ဆရာကလာချင်မှ လာမှာ လေ... " - လို့ပြောခဲ့ဖူးတဲ့ ချစ်ရသူ ၊ အတူကျောင်း ကနေ ကျူရှင်ကိုသွားခဲ့ ကြတဲ့မိုး ညနေ တွေ.............. ။ ။

ခုတော့ ဝေးမြေမှာ ကျွန်တော်တစ်ယောက်ထည်း ။ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ၊ အပြုံးတွေဝေးရာမှာ ။ အတွေးထဲ ၊ အဆွေးထဲမှ ကျွန်တော်ဆင်းရမယ့် ဘစ်မှတ်တိုင်ရောက်ပြီ ။ "House" ဟုပြော နိုင်သော်လည်း "Home" လို့မဆိုနိုင် သောခဏနားခိုရာသို့ ပြန်ရောက် ပြီ။

ထီးဆောင်းသည့်တိုင်ကျွန်တော့်ကိုယ်ပေါ်မှာ မိုးစက်တွေ ၊ ဖိနပ်လည်းမိုးရေတွေနစ်နေပြီ ။ ထီးပေါ်မှာလည်း စိုစိုရွှဲ ။ ကျွန်တော့်ရင်ထဲမှာရော........................ ။

အပြင်မှာတော့ မိုးသည် တစ်စိမ့်စိမ့် စွေနေပေတော့သည်. ။ ။


"ဖော်မစုံဆွေးစေဖို့...... အရေးတော်ကြုံ
ခုများ ဟို ဗပ္ဘုန်က... မာန်ဟုန်တော်ပျိုး ......
မျက်မာန်တော်ငြိုးလိုက်ပါနဲ့.... ခိုကိုးသူပါ....
မိုးနတ်ဒေ၀ါ... ရွာရန်ရေးကိုလေး ....
တွေးချင့်လိုက်ပါ ...... "


( မလှရွှေ၏ "မိုးဒေ၀ါ" ကိုခံစားကြည့်ချင်ကြသူတွေ အတွက် ရှားရှားပါးပါးရထား တဲ့မူရင်း သီချင်းလေးကို တင်ပေးထားပါတယ် ။ ခံစားကြည့်ကြပါ။ )

24 November 2007

လပြည့်ည အလွမ်း

(တန်ဆောင်မုန်း လပြည့်နေ့ည)
ခုလိုအချိန်ကျပြီ ဆိုရင် မိခင်မြေရဲ့ အာကာယံမှာ လမင်းကြီး ၀င်းဝင်းပပသာနေပေတော့မည်။ ။

ရွှေရောင်ဖြန်းပက် ထားသောမြေပေါ် က ချစ်သူစုံတွဲတွေ ချစ်တေးသီနေကြလိမ့်မည်။ မိသားစုတွေလည်းနီးစပ်ရာကျောင်း ကန်၊ ဘုရားပွဲများ သို့တပျော်တပါးကြီး သွားကြပေလိမ့်မည်။ ကလေးသူငယ်များလည်းဘုရားပွဲအရုပ်ဆိုင်များ၌ မိဘများကို ဂျီကျပူဆာနေကြမည့် အချိန်။ ဒါမှမဟုတ် ဖိုးဖွားများထံမှ အခါကြီးရက်ကြီး အကြောင်း နိပါတ်ပုံပြင်များ နားထောင်ရင်း ချွဲနွဲ့နေကြမည့် အချိန် ၊မဲဇလီဖူးတွေလည်း ဆေးပေါင်းခ နေမည့်အချိန်၊ မသိုးသင်္ကန်းရက်လုပ် ယှဉ်ပြိုင်မည့်အဖွဲ့များလည်း အချိန်မီပြီး စီးရေ မမောနိုင်မပန်းနိုင် ရက်လုပ်နေကြမည့်သည်အချိန်။ အာရုံတက်အမှီ အချိန်မီပြီးစီးလှုဒါန်း နိုင်ရေး သဒ္ဒါအဟုန် ၊ မိမိတို့အသင်းအမြန်ပြီး စီးရေး ၀ီရိယဇောတို့ အားပြိုင်နေကြမည့် အချိန် ။ ။

"ဗျောသံ..စည်သံညံတယ် ညံတယ် အံ့အေးတငြိမ့်ငြိမ့် ချိမ့်ချိမ့်ပျော်မစဲဖွယ် ...
နွဲပျော်ပွဲတော် လမ်းတော်စည်တယ် ... ဗိန်းတယ် ဗိန်းဗေ့ဗေ့ ဗေ့ဗေ့ဗုံ......
အတူစုံတွဲလာ ... ဖြူပြာ၊ မူယာ ၊ သူဇာ အမိတို့ရယ် .... အမိတို့ရယ်.....
ဆွမ်းပန်းဖြူဖြူ တင်ကပ်လှူ ..... ဆွမ်းပန်းဖြူဖြူ တင်ကပ်လှူ
လူ့တိုင်းဌာန.. တုနှိုင်းရှာမရ.. သာစွအချိန်တော်မယ်......."

အမေ ကြိုက်တဲ့ "ခင်သစ်လွင်" ရဲ့ "ဖက်ဖူးဆင်" သီချင်းစာသားတွေက ရင်ထဲမှာ တဖျတ်ဖျတ်ကြားယောင်လျက်.. ။ အဆိုတော့် အသံထက် TVကသီချင်းလာတိုင်းလိုက်ဆို တတ်တဲ့ အမေ့အသံ ကိုနားထဲမှာစွဲနေသည် ။

ဒါပေမယ့် ခု ကျွန်တော့်စားပွဲဘေး ပြတင်းမှတဆင့် မြင်ရတဲ့ လဟာသူစိမ်းဆန်လွန်းလှပါပြီး တိမ်ကြားထဲမှာပင်ခိုနေသေးတယ် ။ ကြယ်ရောင်ကင်းနေတဲ့ကောင်း ကင်ထက်ကလဟာ တစ်ကယ်ကို ကျွန်တော်နဲ့မရင်းနှီးပဲ တစိမ်းဆန်လွန်းပါတယ်ကွယ်......။
မြန်မာပြည်မှာသာတဲ့လဟာ သဒ္ဒါဟုန် နှင့်အေးချမ်းမှု ၊ ငြိမ်းချမ်းမှု ပေးနိုင်ပေမယ့် ကျွန်တော့်မြင်ကွင်းထဲက လ ဟာတော့လွမ်းသူကို ပူအောင်သာဖန်လို့နေတော့ တယ်။ ။

လမှတစ်ဆင့် စာဆိုတွေ ၊ ပညာရှင်တွေ ၊စစ်သူကြီးသူရဲကောင်း တွေ ချစ်ခင်ရင်းနှီးသူတွေကို အမှာစကားပါးခဲ့ကြပါတယ် ။ သည်ထုံးကို နှလုံးမူပြီး လမင်းမှတဆင့်ဝေးမြေမှ ချစ်ရသူတွေကိုဆုတောင်းအမှာပါးမိပါတယ်။

"အမိမြေမှ ချစ်ခင်ရသူအပေါင်းနှင့် တကွပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ။ အမိမြေလည်း လောင်းရိပ်မှောင်မိုက် မှကင်းဝေ၍ဖွင့်ဖြိုးတိုးတက်ပါစေ ။ အခြေအနေ အရပ်ရပ်ကြောင့် အမိမြေမှဝေးနေရတဲ့ ကျွန်တော်တို့တတွေလည်းနောင်နှစ်ခါ အမိမြေမှာ ပြန်ဆုံနိုင် ကြပါစေ"

ကျွန်တော်သည် အခါကြီးရက်ကြီး၌ မေတ္တာအရင်းခံ၍ ဤဆုကိုတောင်းပါသည်။ ဆုတောင်းပြည့်မည်ဟု လည်းမရဲတရဲမျှော် လင့်နေရပါလိမ့်ဦးမည်။ ။