ခုတစ်ခါတော့ အချစ်ဝတ္ထုတို တစ်ပုဒ်တင်ပေးလိုက်ပါတယ် ။ ကျတော်ကို "မင်းရေးပါ"ဆိုပြီး ပြောပြပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကြောင့်လည်းရေးဖြစ်လိုက်တာပါ ။ ယောက်ျားတစ်ယောက်ရဲ့ ခံစားမှုဆိုပါတော့ ။ အန်တီ မေငြိမ်း ကတော့ သည်လို ယောက်ျားလေးမျိုးကို မကြိုက်လို့ဆိုပါတယ် ။ အချစ်မှာ အမူပိုတဲ့ ကိုကို ( သူငယ်ချင်းကတော့ သူ့ကိုယ်သူ ချစ်ကံခေသူလို့ ဆိုပါတယ် ) တစ်ယောက်အကြောင်းပါ ။
အပြင်က ဇာတ်လိုက်ဟာ နောင်တရသူတစ်ယောက်ဖြစ်သော်လည်း ၀တ္ထုတိုကို ဖန်တီး ရာမှာတော့ ကျတော့်ဇာတ်ကောင်ကို နောင်တ မသိသူနေရာထားပြီး ရေးထားပါတယ် ။ ခံစားကြည့်ပါဦး ။။
(၀တ္ထုတို ဆိုပေမယ့် နည်းနည်းတော့ ရှည်ပါတယ် ခင်ဗျား ။။ )
နေရောင်ဖြင့် တောက်ပသော နံနက်ခင်းဝယ် ယမန်နေ့ညက ရွာထားသော မိုးစက်များသည် သစ်ရွက်စိမ်းများ အဖျားဝယ် ခိုတွယ်၍ တောက်ပနေသည်။ နေသာသဖြင့် ပတ်ဝန်းကျင်တစ်ခွင် မိုးရေဖြင့်ဆေးကြော ထားသလို သစ်လွင်နေသည့် နေ့သစ်တစ်ရက်ပေ။ သည်နေ့ကို ကျတော်မျှော်ခဲ့ရသည် ။ မသိစိတ်တစ်ဝက် သိစိတ်တစ်ဝက် ဖြင့်ပျော်ခဲ့ရသည် ။ ဒုတိယနှစ်သို့ရောက်၍ သည်နေ့ ကျောင်းပြန်ဖွင့်တော့မည် ။ တက္တသိုလ် ကျောင်းသားဘ၀တွင် ကျောင်းပြန်တတ်ရမယ် ကို ပျော်တတ်သော ကျောင်းသားရှားလှ၍ ကိုယ့်ကိုကိုယ်လည်း သည်လောက် မပျော်သင့်ပါဘူးဟ လို့ ပြန်သတိပေးနေရသည် ။
ငယ်ငယ်က မိုးရွာတိုင်း ရတတ်သည့် မြေသင်းနံ့သည် ဤနိုင်ငံတွင်တော့ မရတတ်ပါ ။ သဲမြေရှားပါး ၍ အုတ်အခင်းများသော နိုင်ငံငယ်၏ သဘာဝသည် မြေသင်းရနံ့ကို ပေးနိုင်စွမ်းမရှိပါ ။ သည်လို နံနက်ခင်းမှာဖြင့် ကားစောင့်ရသည်မှာ ကြာလှသည် ။ မသိနိုင်သော စိတ်အားထက်သန်မှု တွန်းအားတစ်ခုက ကျတော့်ကို လောဆော်နေသည် ။ကျောင်းနှင့် အိမ်မှာ သိပ်မဝေးလှတော့ ကျောင်းသို့ ခပ်လောလော လမ်းလျှောက်လာခဲ့သည် ။ အဖော်မင် တတ်သူဖြစ်သဖြင့် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေနဲ့ ခွဲပြီး ပြန်တွေ့ရသည့် ကျောင်းဖွင့်ချိန်တွေကို ပျော်ရွှင်စွာဆီးကြို တတ်မြဲ့ ဖြစ်သည်။
ကျောင်းကိုရောက်တော့ Service Center ကို အပြေးအလွှားသွားကာ အချိန်စာရင်းကို ထုတ်ရသေးသည်။ ၀ီရိယ ရှိပုံကို တွေးမိတော့ ကိုယ့်ကိုကိုယ် ရယ်ချင်မိသည်။ အတန်းထဲ ရောက်တော့ လူအတော်စုံနေပြီပဲ ။ ပထမဆုံး နေ့ပေမယ့် သည်ကလူတွေက လေးလေးစားစားလာတတ်တက် ကြသည်။ ဆရာသည် ပထမဆုံး သင်ခန်းစာကို စတင်ရန်အသင့်ဖြစ်နေပြီ ။ ဆရာသည် ပထမဆုံး Lecture ကို စတင်ရန်အသင့်ဖြစ်ပြီ ။ ကျောင်း စာအုပ်များ မ၀ယ်ရသေး ။သို့သော် ပြသနာမရှိပါ ။ ကျတော့်သူငယ်ချင်းတွေရဲ့ ၀ီရိယကို သိသည် ။ သူတို့ အားလုံး စာအုပ်ဝယ်ပြီးလောက်ရောပေါ့ ။ အတန်း အလယ်ခုံမှာ သူတို့အားလုံးကိုတွေ့ရသည် ။သူတို့နှင့် အတူကပ်ကြည့်ပြီး နောက်အားလပ်ချိန်ကျမှ သွားဝယ်တော့မည် ။ ဝေယံဆီမှာပဲကကပ်ကြည့်ကြည့် ၊ ရည်မွန်နားမှာပဲ ကပ်ကြည့်ကြည့် ၊ ကျော်ငြိမ်း ဘေးမှာ သွားထိုင်ထိုင်ဖြစ် သည် ။ ဒါမှမဟုတ် ထောင့်ဆုံးမှာ ထိုင်နေတဲ့ “စိမ်း” ရဲ့ဘေးမှာ သွားကပ်ကြည့်လည်း ဖြစ်တာပါပဲ ။
+++++
“စိမ်း”
နာမည်သည် အတော်လေးကို သူစိမ်းဆန်လှသည် ။ စိမ်းကို ကျတော်တွေ့စက နာမည်နှင့်လူ မလိုက်ဖက်လွန်းလှ၍ သတိထားမိခဲ့ခြင်းဖြစ်သည် ။ ကြည့်စမ်း … သည်လောက်ဖော်ရွေတဲ့ မိန်းကလေးကို မှ “စိမ်း” တဲ့ ။
အဲသည်တုန်းက ကျတော်ကိုယ်တိုင်လည်း သည်ကျောင်းနှင့် အစိမ်းသက်သက်ရှိသေးသည် ။ ဘယ်နေရာမှာ ဘယ်အဆောင် ၊ ဘယ်စာသင်ခန်း ၊ ဘယ် Lab ရှိတယ်ဆိုတာ ကို မသိသေး ။ စိမ်းသည်ထိုနေ့က သူ့အချိန်စာရင်းစာရွက်ကို ပြ၍ အခန်းကိုမေးသည် ။ ကျတော်သွား ရမည့်အခန်းမှာလည်း စိမ်းပြသည့် အခန်းပင်ဖြစ်သည် ။
“ကျတော်လည်း သည်ကိုပဲသွားရမှာ ။ အတူတူမေးပြီးသွားကြတာ ပေါ့”
စိမ်းသည်ပြုံး သည်ဆိုရုံပြုံး၍ ခေါင်းငြိမ့်ပြသည် ။ ထိုနေ့က စိမ်းသည် အဖြူစင်းလေးတွေ ပါသည် အကျီ င်္ကို ၀တ်ထားသည် ။ Lab ရှိသည့်နေ့မို့ ထင်ရဲ့ ကျော်လည်လောက်ရှိသည့် ဆံပင်ကို အသေအချာ ချည်ထားပြီး ခြေထောက်မှာလည်း ပန်းရောင်ကြိုးလေးတွေ ချည်ထားသည့် ရှူးဖိနပ်အဖြူကို စီးထားသည် ။ ကျောပိုးအိတ်လွယ်ထားပုံ , Laptop သယ်ပုံတို့သည် အနေအထိုင် သိပ်သည်းကျစ်လစ်တဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံအတိုင်း မျက်စိအေးလေးသည် ။ ဒါပေမယ့် စိမ်းရဲ့ အပြင်အဆင်သည် မြန်မာ မိန်းကလေး တစ်ယောက်မှန်းသိသာလှသည် ။ ကျတော်တို့ဆီက မြန်မာမိန်းကလေးများသည် အတော်ခေတ်ဆန်တတ်ကြပြီး နိုင်ငံခြားသူနှင့် ရုတ်တရက် ခွဲမရအောင် ခေတ်ကိုလိုက်၍ ၀တ်စားပြင်ဆင် တတ်ကြသဖြင့် အမြင်ဝယ် စိမ်း၏အသွင်သည် ရိုးလွန်းနေသည် ။
“ကျတော့် နာမည် ဝေအောင်ပါ .. သည်က.. ?”
“အစ်ကို့ လက်ထဲကစာအုပ် နာမည်လေ.. ” စိမ်းသည် ခင်မင်စဖွယ်ပြုံး၍ ကျတော့်လက်ဆီကို မေးငေါ့ပြသည် ။ ပြုံးလိုက်တိုင်း စိမ်း၏ပါးပြင်သည် မသိမသာ ချိုင့်ခွက်သွားလျက် ပါးစပ်သည်ရှေ့သွား အနည်းငယ်ပေါ်ရုံ ပွင့်ဟသွားကာ ကြည်လင်ဝိုင်းစက်သော မျက်လုံးများသည် အနည်းငယ်မှေးသွားတတ်သည် ။ စိမ်းပြုံးလိုက်တိုင်း သည်ပုံစံပါပဲ ။
“ခင်ဗျာ …. ။ သြော်..” ကျတော်ထိုနေ့က “ခင်နှင်းယု” ၏ “စိမ်းသင့်မှ စိမ်း” ကို ဖတ်လက်စဖြစ်သည် ။
“စိမ်း တဲ့လား”
“ဟင်းဟင်း သဘောပေါက်လွယ်သားပဲ ။ ဟုတ်ပါတယ် .”
“နာမည်က တစ်လုံးတည်းလား”
“အပြည့်အစုံကတော့ စိမ်းလဲ့ရည် ပါ ။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ စိမ်းလို့ပဲခေါ် ကြပါတယ်”
“သြော်… ဟုတ်ကဲ့”
ယင်းသည် ကျတော်တို့နှစ်ယောက်၏ ခင်မင်မှု အစဖြစ်သည် ။ စိမ်းသည် အပေါင်းအသင်းကောင်းသူ တစ်ယောက်ဖြစ်သည် ။ မြန်မာလူမျိုး များနှင့်သာမက နိုင်ငံခြားသား အချို့ နှင့်ပင်အပေါင်းအသင်းဖြစ် တတ်၏ ။ မကြာမီ ကျတော်မှာလည်း အခြားသူငယ်ချင်းတွေလည်း ရလာခဲ့ပြီ ။ စိမ်းနှင့် ကျတော်က အတန်းချိန်အားလုံး မတူပါ ။ တစ်ပါတ်လုံးတွင် သုံးရက်ခန့်သာတူတတ်ပြီး ကျန်အချိန်အချို့တွင် အခန်းကပ်လျှက်နဲ့ အတန်းကွဲသွား တတ်ကြသည် ။ ပြီးတော့လည်း ကျတော်ရဲ့ သူငယ်ချင်းတွေ ၊ စိမ်းရဲ့ သူငယ်ချင်းတွေ အချင်းချင်းရင်းနှီးသွား ကြသည် ။ နောက်ပြီး မကြာခင်မှာပဲ ကျတော် ၊ ဝေယံ ၊ ရည်မွန် ၊ ကျော်ငြိမ်း နဲ့ စိမ်းတို့သည် တစ်တွဲတွဲ မခွဲသော သူငယ်ချင်း တစ်စုဖြစ်လာ ခဲ့သည် ။
+++++
Singapore ကို ပန်းမြို့တော်လို့ တင်စားခေါ် တတ်ကြသည် ။ သည်လို ဆိုရင် ကျတော်တို့ရဲ့ ကျောင်းဟာလည်း ပန်းမြို့တော်မှ ပန်းခင်းတစ်ခင်းလို့ ကျတော်တင်စားချင်ပါသည် ။ ကျောင်းတွင် နေရာတိုင်း၌ ပန်းမျိုးစုံ ပွင့်ကြသည် ။ သို့ပေမယ့် ကျတော်တို့ စာသင်ခန်း အပြင်ဖက်ရှိ ပန်းပင်ငယ်များကိုမူ မကြာမီကမှ စတင်စိုက်ပျိုး ခြင်းဖြစ်ဟန်ရှိပါသည် ။ မထင်မှတ်ဘဲ သည်းတတ် ၊ စဲတတ်သည့် မိုးရေများကြောင့်လည်း ပန်းပင်ငယ်များသည် စိမ်းရွက်သစ်တဝေေ၀ဖြင့် ရှင်သန်ကြီးထွားလာကြသည် ။
သည်လိုပါပဲလေ ။ ကျောင်းတတ်တာကြာလာသည်နှင့် အမျှ ကျတော်တို့သူငယ်ချင်းတွေရဲ့ ခင်မင်မှုဟာလည်း တိုးပွားလာတတ်ခဲ့ပြီ ။လောကအရောင် မဆိုးခံရသေးသည့် လူငယ်ဖြူစင်ချိန်အရွယ်မို့ ထင်ရဲ့ တစ်ယောက်အကြောင်းတစ်ယောက် အူခါးချေးမ မကျန်သိကုန်ကြပြီ ။ ဝေယံရဲ့ “နှစ်ကိုယ်စံ ကြံတိုင်းဝေး” အချစ်ဇာတ်လမ်း ၊ အိမ်နှင့် အဆင်မပြေတဲ့ ရည်မွန့်အကြောင်း ၊ ကျော်ငြိမ်းရဲ့ ပြည်တော်ကျန် ဆေးကျောင်းသူ မမလေး နောက်တော့ အချိန်ပိုင်းအလုပ်လုပ်ရသည့် စိမ်း ။ ကျတော်တို့ အားလုံးသည် စိတ်ညစ်စရာ ကိစ္စများကို အချင်းချင်းဖွင့်ဟ တိုင်ပင်တတ်ကြသည် ။ မျှဝေခံစားတတ်ကြ သူတွေဖြစ်တော့ အနည်းငယ်မျှဆိုဆို စိတ်ညစ်စရာ များသည်လျော့ပါး သွားတတ်မြဲဖြစ်သည် ။
ကျတော်သည် အားလုံးကဲ့သို့ စိမ်းနဲ့ပိုရင်နှီးလာသည် ။ စိမ်းသည် ပတ်ဝန်းကျင်ကို အရေးမစိုက်တတ်သလို မိမိကိုယ်ကို ယုံကြည်သော ပွင့်လင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်သည် ။ ညပိုင်း အလုပ်ဆင်းရသဖြင့် နံနက် စောစော သင်ခန်းစာအချိန်အချို့တွင် နွမ်းနယ်ပင်ပန်းသော မျက်ဝန်းများကို သေသေချာချာ စိုက်ကြည့်မှ သတိထားမိနိုင်သည် ။ စိမ်းသည် ပင်ပန်းကြောင်း တစ်ခါမှ မညည်းစဖူး ။ ရွှင်လန်းတတ်ကြွမြဲ ။ ခင်မင်ဖွယ်အပြုံး ဖြင့် စကားဆိုတတ်မြဲ ။အခြားမိန်းကလေး အချို့လို သည်မှာအနေကြာလာတာနဲ့ အမျှ ခေတ်ဆန်လာခြင်းလည်း မရှိပါ ။ ယဉ်ယဉ်နဲ့ သိုသိပ်သော အလှ ဟူ၍ ကျတော်က အမှတ်တမဲ့ ဆိုတော့ “ဝေယံ” နဲ့ “ကျော်ငြိမ်း” တို့က ခပ်ရှုပ်ရှုပ်ယောက်ျားလေးများ ပီပီ ၀ိုင်းစကြတော့သည် ။ ကျတော့်မှာ ရုတ်တရက်မို့ တော်တော်လေးရှက်သွား သော်လည်း စိမ်းကမူ အပြုံးမပျက်ဘဲ ပြန်၍ပင်စနေသေးသည် ။
မှတ်မှတ်ရရ ထိုနေ့ညနေက မိုးရွာသည် ။ ခပ်ဖွဲဖွဲသာဖြစ်၍ စိမ်းကမိုးရေကို လက်ခုပ်ဖြင့်ခံကာ ကျတော်တို့ဘက်ဆီသို့ ပက်ကာဆော့ကစားနေ၏ ။ ရည်မွန်တို့ကတော့ သီချင်းတစ်ပုဒ်ကို စာသားခပ်ဝါးဝါးဖြင့်ဆိုကြသည် ။ အမှတ်တမဲ့နဲ့ ကြည့်လိုက်တော့ အတန်းရှေ့မှ ပန်းပင်များသည် မိုးရေထဲဝယ် ရွှင်လန်း စိမ်းစိုနေကြသည်။ သို့သော် တစ်ပင်တစ်လေမှာမှ ပန်းမပွင့်နိုင်ကြသေးပါ ။
+++++
တစ်ခါတစ်ရံတွင်တော့ စိမ်းသည်လူကြီးဆန်ဆန်နှင့် ကျတော်တို့ကို ဖြောင့်ဖျပြောဆိုတတ်သေးသည် ။ ဒါပေမယ့် ကျတော်နှင့် စိမ်း သဘောထား မတိုက်ဆိုင်သည့် အခါတွေလည်း ရှိတတ်သည် ။ တစ်ခုရှိတာက စိမ်းသည် သူမှန်သည်ထင်သော သဘောထားတစ်ရပ်ကို ဘယ်တော့မှ မစွန့်လွှတ်ချင်တတ်သည့် ညည်ကလေးရှိတတ်သေးသည် ။ စကားအခြေတင် ငြင်းရလောက်အောင်ဖြစ်သည့် အခါ ကျတော်တို့ တစ်တွေက စိမ်းကို အလျော့ပေးလိုက်ကြ သည်ချည်းဖြစ်၏ ။
ကျတော် စိမ်းကို ကဗျာဆန်ဆန် “သိပ်သည်း သော အလှ” ဟုပြောမိပြီး နောက်ပိုင်းဝယ် သူငယ်ချင်းများက မထိတထိစလာတတ်ကြသည် ။ စိမ်းမှာရော ၊ ကျတော့်မှာပါ ပတ်သတ်သူမရှိသေးသောကြောင့် အများအမြင် ၀ယ် ထင်စရာဖြစ်လာသည် ။ စိမ်းသည် မိမိကိုယ်ကို ယုံကြည်တတ်သူဖြစ်တော့ ယောက်ျားလေးတစ်ယောက် နှင့်တွဲသွားတွဲလာ လုပ်ဖို့ ရှက်ရွံ့ခြင်လည်း မဖြစ် ။ သည်တော့လည်း ကျတော်တို့နှစ်ယောက်ကို တွဲသွားတွဲလာ တွေ့ရတတ်သည် ။ စိမ်းရင်ထဲမှာ တစ်ယောက်ယောက်ရှိ ၊ မရှိတော့ စိမ်းကိုယ်တိုင်မှပင် သိနိုင်မည် ။ သို့သော် စိမ်းဟာ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တဲ့ မိန်းကလေးပဲ ။
ကျတော်ကတော့ မိမိကိုယ်ကို တစ်ခါမှပြန်မေးမကြည့်ဘူးပါ ။ ကျတော်ဟာ ကိုယ်ရင်းနှီးတဲ့ မိန်းကလေးတွေကို အိပ်ယာဝင်ခါနီး လက်တင်စဉ်းစားခန်း ၀င်တတ်တဲ့ ယောက်ျားမျိုးလည်းမဟုတ်ပါဘူး ။နောက်ပြီး သူငယ်ချင်းတွေအဖြစ် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်တဲ့ အခြေအနေထက်ဘာကိုမှ ပိုလို့လည်း မမက်မောပါဘူး ။ စိမ်းကိုလည်း တစ်ခါတစ်ခါ အသေအချာကြည့် မိတာကလွဲလို့ ရင်လည်းမခုန်ခဲ့ပါဘူး ။ အဲသည်တုန်းကတော့ အချစ်ဆိုတာ ရင်ခုန်တာလို့ပဲ ထင်ခဲ့သည် ။ ဒါအပြင် အဲသည်တစ်ချိန်လုံးက သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ စိမ်းဟာ ကျတော့်အနားမှာ ရှိနေခဲ့တယ် မဟုတ်လား ။
“စိမ်းသရဖူစိမ်းxxရယ်….အစိမ်းမှာ သတင်းကြီးတဲ့xxxအစိမ်းရောင်မင်းသမီး …. မောင့် မမ စိမ်းရယ် xxx” ကျတော်တို့ ချည်းရှိချိန်တွင် ကျော်ငြိမ်းက ကျတော်ကိုစောင်း၍ သီချင်းညည်းသည် ။
“ဟေ့ကောင် ဝေအောင်ကြီး … မသိသလို လုပ်မနေနဲ့နော် ။ ကိုယ်ကိုကိုယ်မညာနဲ့ ကြိုက်တယ်ဆိုရင် ဖွင့်သာပြောလိုက်ကွာ …ဘာလဲကြောက်နေလို့လား သူများနောက်ပါသွားမှ ငါ့လို ဇာတ်ခင်းနေရမယ် ဆရာ့” ကိုလွမ်းပို ဝေယံကပြောသည် ။
“အောင်မယ်ဗျာ… ။ သည်အရွယ်ကြီးကျမှ ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောဖို့ ကြောက်တယ်ဆိုတဲ့ ယောက်ျားများရှိသေးလို့ လားကွာ. ။ တကယ်တော့ ယောက်ျားတစ်ယောက်ဟာ ကိုယ်ခင်မင်ရင်းနှီးတဲ့ မိန်းမတစ်ယောက်ကို ချစ်မိရင် သဘာဝကျတဲ့ အပြုအမူ ခြောက်ခြားစရာ ကိစ္စ လို့ အောင်တော့ မထင်ပါဘူး ။ ကိုယ်တစ်ကယ် ချစ်ရင်ဖွင့်ပြောမှာ ပေါ့ ။ ဖုံးနေစရာ မလိုပါဘူး ။ အခုဟာက ”
“ဟေ့ “နိမှသောင် နောင်မသိ” ဆိုတဲ့ စကားရှိတယ်နော်” ကျော်ငြိမ်းက Chatting ထိုင်နေရာမှ လှမ်းအော်သည် ။
“အမယ် ငါ့ချစ်ချစ်ရဲ့ စာသားကြီး”
“ဘာ မင်းချစ်ချစ် ?”
“အင်းလေ …“နိမှသောင် နောင်မသိ” ဆိုတာ လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်တစ်ပုဒ်ရဲ့ သဖြန်စာသားကွ ။ လှိုင်က ငါ့ချစ်ချစ်လေ.. ဟိ ”
“အောင် … မင်းကတော့ အရူးပဲ ”
“သည်မှာ ဆရာ ကျတော်မရူးဘူး ။ စာရေးဆရာကြီးတစ်ယောက် ပြောဖူးတယ်နော် ဘ၀မှာ ဖတ်စရာစာအုပ်တွေရယ် ဖွင့်မပြောဘဲ တိတ်တိတ် ချစ်ရမယ့် ချစ်သူတစ်ဦး ရှိရင် ပြည့်စုံပြီဆိုပဲ”
“သောက်ရူး ”
“ဟား ဟား ဟား ”
ထိုနေ့ညနေက ကျတော်တို့ သုံးယောက်စလုံး စိတ်လွတ်ကိုယ်လွတ်ရယ်မော မိခဲ့ဖူးပါသည် ။
+++++
“ကိုဝေအောင် ဟာတော်တော် စိတ်ကူးယဉ်တတ်တယ်နော်”
စိမ်းသည် စာအုပ်တွေကို ကျတော်ရှေ့တွင် ချရင်း ခုံ့တွင်ဝင်ထိုင်လိုက်သည် ။ ခပ်စောစော ကျောင်းကိုရောက်၍ အတန်းအနီးမှ ခုန်ရှည်များပေါ်တွင် စာဖတ်နေသောကြောင့် စိမ်းရောက်လာသည်ကို သတိမထား မိလိုက် ။ စိမ်းသည် ယခင်တစ်ပါတ်က အလုပ်ပင်ပန်းသွားသောကြောင့်ထင်၏ ။ နှစ်ရက်ခန့် ကျောင်းမလာနိုင်အောင်ပင် ဖျား၏။ ထို့အတွက် စာကူးရန် စာအုပ်တွေငှားသွားခြင်းဖြစ်၏ ။ စိမ်းကို ကျောင်းစာအပြင် ၀တ္ထုများဖတ်ရန် သိမ်းသွင်းကြည့်ဖူးသည် ။ သို့သော် မအောင်မြင် ။
“စိမ်းကတော့ စိတ်ကူးမယဉ်တတ်ဖူး ။ အချစ် ၀တ္ထုတွေဖတ်ရင် စိတ်ကူးယဉ်တတ် လာတယ်တဲ့ ။ စိမ်းအတွက်တော့ ဘ၀ဟာ စိတ်ကူးယဉ်စရာ မကောင်းဘူး ။ ဘ၀ကို ရင်ထဲကရှိတဲ့အတိုင်း စိတ်လွတ်ကိုယ်လွတ် ရင်ဆိုင်ချင်တယ် .. ။ မတွေဝေချင်ဘူး .. ။” လို့ စိမ်းကျတော့်ကို ပြောခဲ့ဖူးသည် ။
ချက်ခြင်းကြီးဆိုတော့ စိမ်းရဲ့စကားကြောင့် ကျတော် ခပ်ကြောင်ကြောင်မော့ ကြည့်လိုက်သည် ။ စိမ်းသည် ပြုံး၍ နဖူးပေါ်မှ ဆံစများကိုနောက်သို့ လက်ဖြင့်ပင့်တင်လိုက်သည် ။
“ဗျာ ဘာဖြစ်လို့”
“သြော် စာအုပ်ထဲမှာ ပြောပါတယ် ကဗျာတွေများ အများကြီးပဲ ။ ကူးထားတာလား ၊ကိုယ်တိုင် ရေးထားတာလား တော့ မသိ ။တွေ့တယ် ..”
“အင်း ကျတော်ကဗျာ မရေးတတ်ပါဘူး ။ အတော်များများဟာ အလွတ်နီးပါးရ နေတာတွေကို ပြန်ရေးထားတာပါ ။ စိမ်းက ကဗျာကြိုက်လို့ လား ”
“မကြိုက်ပါဘူး ။ စိမ်းပြောခဲ့ဘူးသားပဲ စိမ်းက စိတ်ကူးယဉ်ရတဲ့ အလုပ်တွေကို မကြိုက်ဘူး ။ စိတ်ကူးယဉ်တတ်သူတွေဟာ တွေဝေတယ် ။ ကဗျာဆိုလို့ ငယ်ငယ်တုန်းက ကျောင်းစာမှာ မဖြစ်မနေသင်ရတာ တွေကလွဲလို့ အခြား မဖတ်ခဲ့ဖူး ပါဘူး ”
“ဒါနဲ့ စိမ်းကကျတော်ကို စိတ်ကူးယဉ်တတ်တယ်လို့ ထင်ရောလား ဟင်”
“ဆိုပါတော့လေ … ကိုဝေအောင်ကို ကြည့်ရတာ တစ်ခါတစ်လေ တစ်မျိုးကြီးပဲ ။ စိမ်းအမြင်ပြောတာနော် စိတ်ဆိုးလား”
“ဟင့်အင် မဆိုးပါဘူး ။ ဒါနဲ့ ကဗျာတွေကိုရော ဖတ်ကြည့်သေးလား”
“အင်း ဖတ်ကြည့်ဖြစ်တယ်”
“ဒါနဲ့ ကြိုက်တဲ့ ကဗျာတွေရောတွေ့လား”
“အင်း အတော် များများကိုတော့နားမလည်ဘူး ဟင်း … ။ တစ်ပုဒ်တော့တွေ့တယ် ရိုးရိုး ရှင်းရှင်းလေး”
စိမ်းသည်စာအုပ်ကို ယူကာ တစ်ချက်တည်းဖြင့် ကဗျာကို ရှာတွေ့ဟန်တူသည် ။ Chapter တစ်ခု၏ အဆုံး လွတ်နေသောစာရွက်ပေါ်မှာ ရေးထားတဲ့ ကဗျာတိုလေးတစ်ပုဒ် ။ စိမ်းသည် ကျတော့်ဆီကို စာအုပ်ထိုးပေးသည် ။ “ငွေတာရီ” ၏ “အချစ်မျက်လုံး” ။
“ကြည့်လေတိုင်း ရစ်ဝိုင်းပါလို့ ၊ ချစ်ရည်လည် ။
ချစ်ချင်တယ် ထိုသဘောကို ပြောသည့်နှယ် .. ။
နှုတ်ဖြင့်ကွယ် ဘယ်ခါမှ မိန့်ဘူး ။
တွေ့တိုင်း ရယ်မလိုနဲ့ ၊ ရင်ဖိုဖွယ်သူ့ မျက်လုံးရယ်
ပြုံးချက်ကထူး ။”
ကျတော်ပထမဆုံးတွေး မိသည်ကတော့ စိမ်းမရိုးတော့ဘူးဆိုတာပါပဲ ။ ငါ့သူငယ်ချင်းတစ်ယောက်တော့ ယောက်ျားလေးတစ်ယောက်ယောက်ရဲ့ အကြည့်မှာ ရင်ခုန်တတ်နေပြီပေါ့ ။ အံသြသွားသည် ။ မျက်နှာထား ခပ်ပျက်ပျက်နှင့် “စိမ်းတော့ မရိုးတော့ဘူးကွာ နော် …” ဟု တပင်တပန်းပြုံးကာ ပြောလိုက်သည် ။ သြော် .. စိမ်း ၊ စိမ်းသည် သာမန်မိန်းကလေး တစ်ယောက်သဖွယ် အချစ်ကို ခံစားမိနေပြီပေါ့ ။ ကျတော်ကတော့ ကိုယ့်သူငယ် ချင်းကို အချစ်တွင် မပျော်ဝင်စေချင်သေးပါ ။ ဒါပေမယ့် သူငယ်ချင်းအချင်းချင်း ရည်းစားမထားကြေးဆိုပြီး သစ္စာဆိုထားလို့ မှ မရတာပဲ ။ သူငယ်ချင်းကောင်မလေးတွေ ရည်စားရသွားတိုင်း မဆီမဆိုင်စိတ်မကောင်းဖြစ် တတ်သည် ။ အခုလည်း စိမ်းကမှ …။
စိမ်းသည် စကားမဟချေ ။ သြော် ရှက်သွားရှာတယ်ထင်ပါရဲ့ ။ ပဟေဠိ ဆန်ဆန်ပြုံး၍ ခေါင်းငုံ့သွားသည် ။ ခေါင်းညိမ့် ၀န်ခံခြင်းတော့ ဟုတ်ဟန်မတူ ။ စိမ်းသည် ငြင်းလည်းမငြင်းဘဲ ရုတ်တရက် စကားဖြတ်လိုက်သည် ။ စိမ်းသည် တစ်ခါတစ်ခါ သည်လိုပဲ အပြုအမူတွေ ထူးခြားတတ်သေးသည် ။
မှတ်မှတ်ရရသည်တစ်ကြိမ်ပါပဲ ။ စိမ်းသည် သည်အကြောင်းကို စကားစပ်၍ ပင်မပြောတော့။
သည်လိုနဲ့ပင် စာသင်နှစ်တစ်နှစ်သည် ကုန်ဆုံးတော့မယ် ။ မြန်မာပြည်ဝယ် နေရောင်ခြည်ဖြာဖြာ ဝေတာ့မယ့် တပေါင်းလကျော်ကျော်လောက်တွင် ကျတော်တို့ Final စာမေးပွဲဖြေရတော့မည် ။ ကျောင်းပိတ် ချိန်တွင် ကျတော်အိမ်ပြန်ဖြစ်မည် ။ ကျော်ငြိမ်း နဲ့ ရည်မွန်တို့လည်းပြန်ကြမည် ။ ဝေယံကတော့ သူ့မိဘတွေလိုက်လာ ဖြစ်မည် ဖြစ်ပြီး စိမ်းကတော့ ကျောင်းပိတ်ရက်အတွင်းအလုပ်လုပ် ရမည်ဆို၏ ။ ကြာလာ သည်နှင့်အမျှ စိမ်းနှင့်ကျတော့်ကို ၀ိုင်းစကြသော ကိစ္စမှာ ကျတော်အဖို့အတော်ကြီးပင် ရိုးလို့သွားလေပြီ ။ စိမ်းကွယ်ရာမှာ ဆိုပါက “အောင့် အသည်းကြီး” လို့ပင် သူတို့ကို ပြန်နောက်တတ်လာပြီ ။ စိမ်းဘက်ကလည်း ထူးခြားဟန်မရှိ ။ တစ်ခါတစ်ခါတော့ နွမ်းနယ်ဟန် စိမ်းမျက်လုံးများသည် ရွှင်လန်းလာတတ်ပြီး ချစ်စဖွယ်ပြုံးပြတတ်သည် ။ သည်လို ခင်မင်ဖွယ် စိမ်းအပါအ၀င် သူငယ်ချင်းတွေကို ကျတော် သိပ်ပြီးတန်ဖိုးထားသည် ။ ထို့ထက်ပို၍လည်း ဘာမှ မမျှော်လင့်ချင်ပေ ။
စာမေးပွဲနောက်ဆုံးနေ့က အမှတ်တရ ကျတော်တို့အားလုံး Mc Donal’s မှာ ညနေစာ သွားစားဖြစ်ကြသည် ။ နှစ်လကျော်ကျော်လောက် နီးပါးခွဲရမည်ကို ပင်အားလုံးအလွမ်းသည်နေကြသည် ။ နောက်နှစ်မှာ အတန်းမတူရင် ဒုက္ခဟု ဝေယံက ညည်းသည် ။ “ကိုဝေအောင်ကတော့ စိမ်းနဲ့အတန်းမတူမှာကို သိပ်စိုးရိမ် မှာပဲနော်” ရည်မွန်ကတော့ အနှောင့်အသွား မလွတ်လှသော စကားကိုပြောပြန်သည် ။ စိမ်းသည် ကြောင်အအ ဖြစ်သွားသော ကျတော့်ကို တစ်ချက်ပြုံး၍ ကြည့်သည် ။ ရယ်ချင်သည်ထင်ပါရဲ့ ။ ပြန်ကျတော့ Bus ကားဂိတ်တွင် ကျတော်နှင့်စိမ်း သာကျန်ရစ်ခဲ့သည် ။ သူတို့ကတော့ထုံးစံ အတိုင်း “အမကြီးကို စိတ်ချလက်ချ ထားခဲ့မယ်နော်.. ဂရုစိုက်လိုက်နော်” လို့ အော်သွားကြသည် ။ စိမ်းကတော့
“ဟဲ့ နင်အရမ်းပျော်နေတယ်ပေါ့ ၊ ပြန်ရမှာဆိုတော့ နင်ရိုးမှရိုးရဲ့လား ”
“ဟားဟား မရှိရပါဘူးဗျာ၊ မေမေတို့နဲ့တွေ့ ရမှာမို့ပါ … နင်ဆိုရင်ရော”
“အင်း .. ဟုတ်ပါတယ် ။ စိမ်းသာပြန်ရရင်လည်း သိပ်ပျော်မှာ”
ကျတော်သည် အမြဲလိုလို စိမ်းစိတ်ညစ်စေမယ့် စကားလုံးတွေကို တတ်နိုင်သမျှရှောင်ပါသည် ။ သို့သော် အခုတော့ စကားစမိပြန်သည် ။ စိမ်းသည် စိတ်အားမငယ်စရာ အကြောင်းတွေကို အများကြားမှာ သိပ်မပြောတတ်ပါ ။ တစ်ခါတစ်ခါတော့ ကျတော့်ရှေ့မှာ ပြောတတ်သည် ။ ကားမှတ်တိုင်နဘေးတွင် ပန်းပင်အချို့ကို စိုစိုစိမ်းစိမ်းတွေ့ရသည် ။ စိမ်းသည် ပန်းပင်များကိုငေးကြည့်ရာမှ ….
“ကြည့်အောင် … သည်အပင်လေးတွေမှာ ပန်းမပွင့်ဘူးနော် .။ စိမ်းက ပန်းပင်ဆိုရင် ပန်းပွင့်မှကြိုက်တာ”
“သြော်ကွယ် .. ပန်းဆိုတာလည်း ပွင့်ချိန်တန်မှ ပွင့်မှာပေါ့ ။”
“အင်းပါလေ ။ သည်နေ့ည မိုးရွာရင်တော့ စာမေးပွဲတွင်းပင်ပန်းနေတာနဲ့ သိပ်အိပ်လို့ကောင်းမှာ”
“စိမ်းရယ် ခက်ပါဘိ။ မိုးဆိုတာလည်း ရွာချိန်တန်မှ ရွာမှာပေါ့”
“မရွာဘဲနဲ့ အုံ့ဆိုင်းနေတာကတော့ မကောင်းပါဘူးကွယ်”
စိမ်းသည် တိုးတိတ်စွာ ခပ်ပြတ်ပြတ်ပြောသည် ။ ကျတော်တစ်ချက် စိမ်းကိုကြည့်လိုက်သည် ။ စိမ်းသည်မပြုံးမရယ် ရှေ့သို့သာစူးစိုက်ကြည့်နေသည် ။ ချက်ချင်း ကျတော်မျက်လွှာချလိုက်သည် ။
ထိုညနေက မိုးအုံ့သော်လည်း ညတွင် မိုးမရွာခဲ့ပါ ။ ။
+++++
ကျောင်းမပိတ်ခင်က အလွမ်းသည်ခဲ့သော်လည်း ကျောင်းပိတ်ရက်အတွင်းတွင်မူ မည်သူ့ကိုမျှ တမ်းတလွမ်းဆွေးနေခြင်းမရှိလှ ။ ပြီးပြည့်စုံ နွေးထွေးသောပါတ်ဝန်းကျင် ၊ အရသာ အတိပြီးသော မိသားစု ထမင်းဝိုင်းများကို မေမေ ၊ ဖေဖေတို့ ရင်မှ ရရှိခဲ့သည် ။ ကွဲကွာသွားပြီးမှ ပိုသိလာရသော မိသားစု မေတ္ထာကို အတိုးနှင့် ခံစားနေရတော့ သူငယ်ချင်းတွေကိုမေ့သွားတာ မဟုတ်သည့်တိုင် သတိအထူးအထွေ မရခဲ့ ။ ပေးထားသော ဖုန်းနံပါတ်များကိုလည်း မဆက်ဖြစ်ခဲ့ ။
သို့တိုင်အောင် ဝေယံက မရမကဖုန်းဆက်လာခဲ့သည် ။
“ဟေ့ကောင်ကြီး သတင်းကတော့ သိပ်မကောင်းဘူး”
“အင်.. ဘာဖြစ်ရပြန်တာလည်း”
“မင်းရဲ့ စိမ်းကို ဘဲတစ်ကောင်လိုက်နေတယ်နော်”
“အဲဒါ .. ဘာဖြစ်” - စိတ်ဝယ် ခပ်လေးလေးဖြစ်သွားသော်လည်း ခပ်သောသော စကားတစ်ခွန်းရောရောရှူရှူ ထွက်သွားသည် ။
“ကဲကိုဝေအောင် ခင်ဗျားတော့ ကျန်ရစ်ကြီးဖြစ်တော့မယ် ဟိုကောင်ကခပ်ဖြောင့်ဖြောင့် ၊ ရည်မွန်ပြောတော ကောင်မလေးကလည်း ပါချင်ချင်တဲ့”
လန့်ဖျတ်ပြီး ရှေ့ကမှန်ထဲကိုကြည့်လိုက်တော့ အသားညိုညိုနဲ့ ကိုယ့်ပုံရိပ်ကို တွေ့ရသည် ။
“အဲဒါ ဘာဖြစ်တုန်း”
“ဘာဖြစ်ရမှာလည်း စိမ်းဆီကိုဖုန်းလေးဘာလေး ၊ Chatting လေးဘာလေးရိုက်ပါဦးဟ ။ ပြန်ခါနီးတုန်းကတော့ မင်းဘဲလေပွားသွားတာ ”
“သြော် ငါတို့ဆီမှာ Internet မှမရတာ ”
“အေးအေး ပြီးတာပဲ ဒါဆိုရင် Bye Bye”
“Ok See U”
ဖုန်းချလိုက်ပြီးနောက် အိမ်ရှေ့ ၀ရံတာသို့ ထွက်ခဲ့သည် ။ အညာနွေ၏ ညနေဖြစ်သည့်တိုင် လေတဖြူးဖြူးနှင့် ပူလောင်အိုက်စပ်မနေ ။ စိမ်းနဲ့ ပါတ်သက်ပြီး ကြည်နူးခဲ့ မိတာကိုပြန် စဉ်းစာသည် ။ စိမ်းဟာလှ ပတဲ့ မိန်းမတစ်ယောက်ပဲ ။ လှပလွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ကို သဘောကျ ၊ ကြင်နာချင်တဲ့ ယောက်ျားတွေရှိတာ အထူးအဆန်းတော့ မဟုတ်ပါ ။ မိန်းကလေးဘက်ကလည်း ချစ်တုန့်ပြန် ရန် အချိန်တန်အရွယ်ရောက်ပြီမို့ အညှာလွယ်လွန်းလှတယ်လို့ တော့မဆိုသာပါ ။ စိတ်ဆိုသည်မှာ လည်းခက်လှသည် ။ မတွေးချင်သောအရာကို မတွေးမိအောင်ပင် ထိန်းချုပ်အုပ်စိုးနိုင်စွမ်း မရှိပါတကား ။
ရည်ရွယ်ချက်မဲ့စွာဖြင့် ၀ရံတာအစွန်းဝယ် အမေစိုက်ထားသည့် ပန်းပင်လေးတွေကို ငေးကြည့်နေမိသည် ။ ကြည့်စမ်း .. ပွင့်ရန်အားယူနေသော အငုံအဖူးလေးများပါလား ။ ဘေးတွင်အသင့်တင်ထားသော ရေချိုင့်ကို ယူ၍ ရေလောင်းပေးလိုက်သည် ။ အပင်ခြေ မြေသားဆီမှ ကျတော်သိပ်သဘောကျတဲ့ မြေဆီသင်းနံ့ ကိုရသည် ။ ခပ်သင်းသင်းမွှေးမွှေး ရနံကိုလည်းရသည် ။ ပန်းအငုံသည် ရနံ့ကြွယ်ရန် အားယူနေလေပြီ ။
+++++
အိမ်တွင် အပျော်ကြီးပျော်နေ၍ ကျောင်းဖွင့်ရက်နီးချိန်မှ ကပ်ပြန်သွားမိသဖြင့် Second Year ပထမနေ့တွင် ဘာမှ မပြည့်မစုံ ဖြစ်ရသည် ။ စာသင်ခန်းတွင် စိမ်းနားမှာထိုင်၍ စာအုပ်ကို ကပ်ကြည့်သည် ။ စိမ်းသည် မထူးခြားစွာပြုံလျက် စာအုပ်ကိုတိုးပေးသည် ။ စိမ်းကိုကြည့်ရတာ တစ်မျိုးပါပဲ ။ အနည်းငယ်ပို၍ ခေတ်ဆန်တတ်လာသည်မှာ မသိသာလှသော်လည်း စိမ်းကို ဂရုစိုက်ကြည့်တတ်သော ကျတော့်အတွက်မူ သိသာနိုင်ပါသည် ။ စိမ်းမှာ ချစ်သူရှိပြီပေါ့ ။
“ငါနဲ့မဆိုင်ပါဘူး ”
“ဟင် ? ” ခပ်တိုးတိုးအသံထွက်သွားလို့ထင်သည် စိမ်းကျတော့်ကို တစ်ချက်လှည့်ကြည့်သည် ။ ဘေးမှ သုံးယောက်သားလည်း အသိအမှတ်ပြု၍ လှည့်ကြည့်သည် ။ စိမ်းမျက်လုံး ပတ်လည်ဝယ် အစိမ်းနုရောင်ဆေးမှင်တို့ ခြယ်သထားလို့ပါလား ။
“ဟေ့ကောင်ကြီး သတင်းထူးကွ” ဝေယံကမျက်ရိပ်ပြကာဆို၏ ။
အခန်းရှေ့မှ ဆရာကတစ်ချက်လှမ်းကြည့်လိုက်သဖြင့် တစ်ခန်းလုံးတိတ်သွားပြန်သည် ။ Lecture ပြီးတော့ Cantee မှာထမင်းသွားစားရအောင်ပြောတော့ .. စိမ်းက
“စိမ်းအတန်းရှိသေးတယ် .. ခုနှစ်တို့တစ်တွေ တစ်ချိန် ၊ နှစ်ချိန်ပဲတူတော့တာ..၊ စိမ်းသွားတောမယ်”
“အေးပေါ့လေ နင်ကခုတော့ OK Ok” ကျော်ငြိမ်းက ပြီတီတီဆို၏ ။
စိမ်းထွက်သွားသွားခြင်း ဝေယံက အလောတကြီး သတင်းလွှင့်တော့သည် ။ စိမ်းချစ်သူသည် စိမ်းအလုပ်လုပ်ရာ မှ Senior တစ်ဦးဖြစ်ကြောင်း ၊ စိမ်းကိုလိုက်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း စိမ်းကလက်မခံခဲ့ကြောင်းနဲ့ ၊ မကြာမီကမှ အဖြေပေးခဲ့တဲ့အကြောင်း တော်တော်ပြောနိုင်သည် ။ ကျတော်သည် ခေါင်းငြိမ့်သင့်သည့် နေရာတွင် ခေါင်းငြိမ့်၍ ၊ ခေါင်းခါသင့်သည့်အချိန်တွင် ခေါင်းခါကာ အလိုက်သင့်ပြန်ပြောသည် ။
နေ့လည်စာစားကျတော့ - “အော် .. အကုန်လုံးလည်း စွံ့ကုန်ကျပြီကွယ် ။ ဟေ့ကောင် ငအောင် မင်းနဲ့ ငါပဲကျန်တော့တယ်”
“အောင်မာ ငါ့မှာများပေါလို့ ၊ ခုခေါင်းညိမ့် ခုရတယ် ၊ အိမ်ကသဘောတူတဲ့ ကောင်မလေးတွေ” ကျတော့် အသံသည် ခြောက်ကပ်၍ မနေသဖြင့် တော်တော်ဟန်ဆောင်ကောင်းပုံရ၏ ။ ရည်မွန်သည် ကျတော့်ကို စူးစိုက်ကြည့်နေပြီ ကျန်နှစ်ကောင်မှာ တစ်သောသောပွဲကျနေသည် ။ “ဘာပဲပြောပြော Sorry ကွာ ငါတို့က မင်းနဲ့ စိမ်းခင်မင်မှုကို စခဲနောက်ခဲ့မိတာတွေကို တောင်းပန်ပါသည် ” ကျော်ငြိမ်းက လူကြီးဆန်ဆန် စကားဆို၏ ။ ရည်မွန်ကမူ ခပ်စိမ်းစိမ်းပင်ကြည့်နေသည် ။
ကျတော်သည်နောက်ဆုံးလက် ကျန် Tissue ဖြင့်မျက်နှာကို သုတ်လိုက်ကာ ခေါင်းညိမ့်ပြသည် ။ စားနေကျ Tom Yang သည်သည်နေ့တွင်မှ ထူး၍ စပ်လှသည် ။
+++++
နေ့လည်စာစားပြီးနောက် ကျတော်တို့အားလုံးအတန်းမတူတော့၍ မိမိသက်ဆိုင်ရာအတန်းများသို့ သွားကြရသည် ။ ကျောင်း စာအုပ်များလည်း မ၀ယ်ဖြစ်တော့ ။ နောက်ဆုံး အချိန်တွင် ရည်မွန်နှင့် အတန်းတူသည် ။ ရည်မွန်သည် တစ်နေ့လုံး ကျတော့်ကို စကားတစ်လုံးမှ မပြော ။ ကျတော်ကလည်း တွေးကာ ငေးငိုင်နေမိတော့ နောက်ဆုံး တစ်ချိန်ပြီးသည်အထိ စကားလုံးဝမပြောဖြစ်ခဲ့ကြ ။ ကျောင်းချိန်ပြီးတော့ ကျတော်နှင့်ရည်မွန် ပြန်ခဲ့ကြသည် ။ ပထမနေ့မို့ ကျောင်းသည်လူ စည်ကားနေသည် ။ ကားဂိတ်တွင်လည်း လူတွေအများသည် ။ ရည်မွန်သည် ကျတော်ကို တမျိုးတစ်မည် စိုက်ကြည့်နေသည် ဟုထင်ကာလှည့် ကြည့်လိုက်ကာ အသက်မပါသလို ပြုံးပြလိုက်သည် ။
“ဝေအောင် နင်ငါ့ကို ခင်တယ်လို့ပြောဖူးတယ်နော် ။ ငါနင့်ဆီက တစ်ခုခုကြားခြင်တယ် ။ အဖြေတစ်ခု တိတိကျကျပေါ့ ။ နင် စိမ်းကို ချစ်ခဲ့တယ်မဟုတ်လား ဟင် ။ မညာနဲ့နော် ။ ငါနင်တို့အကြောင်းကို ဟိုကောင်တွေလို တစ်ခါမှ စပ်စပ်စုစု မမေးဖူးဘူး ။ ဒါပေမယ် ငါဟာ စိမ်းနဲ့ရော နင်နဲ့ပါရင်နှီးတော့ ငါသိသင့်သလောက် သိပါတယ် ၊ ငါနင့်မျက်လုံးတွေကို အရင်ကတည်းကမြင်တတ်ခဲ့တယ် ။ အထူးအဖြင့် ငါ့လို ချစ်သူရှိတဲ့ မိန်းကလေး တစ်ယောက်အတွက် ယောက်ျားလေးတစ်ယောက်ရဲ့ မကြည့်ကို သာမန်ထက်နားလည်နိုင်တယ် ။ ပြောစမ်းပါ နင် စိမ်းကို ချစ်တယ်မဟုတ်လား ။ ဒါနဲ့တောင် …”
ကျတော်သည် ရည်မွန့်ကို စိုက် ၍ကြည့်နေသည့်တိုင် မြင်ကွင်းသည်ေ၀၀ါးနေသည် ။ ကျတော်သည် သူငယ်ချင်း အပေါ် ရိုးသားချင်ပါသည် ။ သို့သော် ခေါင်းညိမ့်ပြဖို့ ကြိုးစားသည့်တိုင် ဇက်ကခိုင်ရှာပါသည် ။
“ဟော ဟိုမှာ ကားလာနေပြီ ရည်မွန် ။ ကျတော်သွားတော့မယ် ” .. ကျတော့်အသံတွေ တုန်နေမှာ သေချာပါသည် ။ ရည်မွန် ခေါင်းညိမ့်ပြသလား ? သဲသဲကွဲကွဲ မမြင်ရပါ ။
နောက်မှောင်စပြုသောကောင်းကင်ဝယ် ငွေကြယ်တစ်ပွင့်တစ်လေကိုသော်မှ မမြင်ရပါ ။
+++++
ကောင်းကင်တွင်နက် မှောင်စပြုသော အခုလို အချိန်သို့ရောက်ပြီဆိုပါလျှင် နေ့အခါ ငုံနေသော ညမွှေးပန်းများ ပွင့်အာစပြူလာပေတော့မည် ။သို့ပေမယ် ပန်ဆင်သူ မျှော်လင့်သည့် နေ့အချိန်မှာတော့ ငုံ၍ သာနေကာ ၊ ပန်သူမဲ့ပြီဖြစ်သော ညည့်ဦးယံမှ ပွင့်သည့် အငုံပန်းသည် မည်သူတစ်ဦးတစ်ယောက် အတွက်မှ အဖိုးမတန်ပါချေ ။ ။
( ၂၈ ၊ June ၊ 2008 – 11: 45am)
6 comments:
အောင်ဖြိုးရေ- မမေငြိမ်းပြောသလို..ဇတ်ကောင်က..ပျော့သလား..တွေဝေ သလား တော့မသိ။ ဒါကတော့..လူ တကိုယ် ..စိတ်တမျိုးစီ ကိုး။
ပြောချင်တာကတော့..တကယ် အဆင့်မီ တဲ့..၀တ္တုကောင်း လေး တွေပါပဲ။ ရသ တွေ ရှားနေ တဲ့ ခေတ် ကြီး မှာ.. ရသ တွေ့သွားတယ်။
ခင်မင်လျက်-
အော်..မှတ်ချက် အတွက် ကျေးဇူး..
ပြောဖို့မေ့တော့မလို့-
ကိုအောင်ဖြိုးရေ တခါတလေ အငုံပန်းလေးမပွင့်ဘဲကြွေသွားရတတ်တယ် ပန်းဆိုတာပွင့်ချင်တဲ့အချိန်မှာ ဗျတ်ကနဲပွင့်လို့ရရင် သိပ်ကောင်းမှာပဲ သူ့မှာလဲ သူ့အလျောက်လိုအပ်ချက် ပြည့်စုံဖို့စောင့်ရတတ်တာမျိုးဆိုတော့ မပြည့်စုံခင်ကြွေသွားရတတ်တာမျိုးဆိုတော့ သြော် ခံစားရအောင်လည်းရေးတတ်တယ်...ဒီညတော့ အိပ်နိုင်မယ်မထင်တော့ဘူး....
ကျေးဇူးပဲ မကေရေ ...
အမစကားကြောင့် ဆက်ရေးဖို့အားတွေပေါ်လာပြီ ။
ဟုတ်ကဲ့ Comments မချဖြစ်ပေမယ် အမ အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ် ...
ကို YTU ရေ ..
ကျတော်ပြောချင်တာနဲ့ အစ်ကို့ Comments နည့်ကွက်တိ ... ဟုတ်ပါရဲ့ .
"အချစ်ဆိုတဲ့ ပန်းဟာလည်းသူ့အလျောက်လိုအပ်ချက် ပြည့်စုံဖို့စောင့်ရတတ်တာမျိုးဆိုတော့ မပြည့်စုံခင်ကြွေသွားရတတ်တယ် " တဲ့ .. ကောင်းလိုက်တဲ့ စကားလေး ,
ကျေးဇူး ...
တကယ်တော့ အဲဒီပန်းလေးက ပွင့်ချိန်မတန်ခဲ့တာ.. ဒါမှမဟုတ်..ပွင့်ဖို့ အားမပြည့်ခဲ့တာ..။ တကယ်သာ အားရှိခဲ့ရင်.. မပွင့်ဘဲကို မနေနိုင်...။ အဲလိုပဲ ထင်ပါတယ်..။
တကယ်ပဲ စိမ်းကလည်း ချစ်တယ်ဆိုရင် စောင့်ရမယ်လေ။ အချစ်မှာ ထိန်းသိမ်းနိုင်စွမ်းရှိတာလဲ အင်အားတခုပဲဟာ။ ကျောင်းမပြီးသေး ဘ၀မှာ ဘာမှ မပြည့်စုံသေးချိန်မှာ ဒီတိုင်းကြည့်နေရတဲ့ ဘ၀လေးပဲ မဟုတ်လား။ တကယ်ဆို ဒီဇာတ်မှာ စိမ်းကအခရာပါ။ နောင်တ ရစရာမှ မဟုတ်ပဲကွယ်။ အောင်ဝေက ပျော့ညံ့သူမဟုတ်ဖူးလို့ ခံစားရသကွဲ့။
ဟိုနေရာလေးကိုတော့ရေလည်ခိုက်တယ်ဟ...
ဘ၀မှာ ဖတ်စရာစာအုပ်တွေရယ် ဖွင့်မပြောဘဲ တိတ်တိတ် ချစ်ရမယ့် ချစ်သူတစ်ဦး ရှိရင် ပြည့်စုံပြီ၊၊
အဲဒါလေးမိုက်တယ်...:D
Post a Comment