7 December 2008

မွေးနေ့လက်ဆောင် ( သံသာလေကမ်းတိုင် )

လာမည့် ဒီဇင်ဘာ (၁၃) ရက်ဟာ ကျတော့်သူငယ်ချင်း ကိုဇေယျာကြီးရဲ့ အသက် (၂၀) ပြည့်မွေးနေ့ ။ သူနဲ့ ကျတော်ဟာ တစ်မြို့ထဲကလာကြတာဖြစ်ပြီး သည်မှာလည်း တစ်ကျောင်း ၊ တစ်မေဂျာ ၊ တစ်ခန်းထဲ အတူတူ တက်ခွင့်ရတဲ့ သူငယ်ချင်းတွေ ။ သူ့မှာက On-line Relationship ရှိတော့ သည်အကြောင်းကို ၀တ္ထုတစ်ပုဒ်ရေးပြီး မွေးနေ့လက်ဆောင်ပေးပါလားလို့ သူကပြောတယ် ။ ကျတော်ကလည်း သည်လိုအဖြစ်မျိုး မကြုံစဖူးဆိုတော့ ခံစားလို့ကလည်း မရတော့ ပင်ကိုတော့ မရေးပေးနိုင်ဘူး ၊ ဘာသာပြန်ပေးမယ်ဆိုပြီး သည် Post လေးကို ဘာသာပြန်ဖြစ်ခဲ့တာပါ ။

သည်ဝတ္ထုလေးဟာ အိန္ဒိယက စာရေးဆရာ "Kunal Basu" ရဲ့ "The Japanese Wife" ဆိုတဲ့ အလတ်စား ၀တ္ထုလေးပါ ။ သည်ဝတ္ထုလေးကို အခြေခံပြီး အိန္ဒိယကနာမည်ကြီး အမျိုးသမီး ဒါရိုက်တာ "Aparna Sen" က အိန္ဒိယသရုပ်ဆောင်တွေ ၊ ဂျပန်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပြီးစီးခဲ့လို့ မကြာမီ ရုံတင်ပြသတော့မည့် ရုပ်ရှင်ကားလည်းဖြစ်ပါတယ် ။ ( Trailers တွေသည်မှာကြည့်နိုင်ပါတယ် )။

သည်ဝတ္ထုလေးဟာ အိန္ဒိယက ဘင်္ဂလီ အမျိုးသားတစ်ယောက်နဲ့ ဂျပန်ပြည်က မိန်းကလေးတစ်ယောက်ရဲ့ မေတ္တာဖွဲ့ဖြစ်ပြီး ၊ လှပအပြစ်ကင်းသည့် ချစ်ခြင်းကို လည်းဖော်ကျူးထားပါတယ် ။ ကျတော့်သူငယ်ချင်းနဲ့ သူ့ကောင်မလေးလဲ ကြိုက်လိမ့်မယ်ထင်ပါတယ် ။

ဒါအပြင် ကိုယ်တိုင်အနေနဲ့လဲ တစ်ဦးနဲ့တစ်ဦး မတွေ့ရပဲ စာတွေ ၊ ဖုန်းတွေမှတစ်ဆင့် နှစ်သိမ့်တတ်တဲ့ သူတစ်ယောက်အတွက်လည်း ရည်ရွယ်ပါတယ် ။ သည်လို အချစ်မျိုးဟာလည်း ဘယ်လောက်အထိ အချစ်မည်ပါသလဲ ။ စိတ်ကူးယဉ်တတ်တဲ့ယောက်ျားတစ်ယောက်ဘာ ဘယ်လောက်ကြာကြာ သည်လိုပုံစံမျိုးနဲ့ ချစ်မြဲချစ်နေနိုင်မလဲ ။ တွေးစရာပင် ။

သည်အတွက်သည် ၀တ္ထုလေးကိုကြိုးစားပြီး မြန်မာပြန်ထားတာပါ ။ ဖတ်လို့ မကောင်းသည်ကိုတွေရင်မြန်မာပြန်သူ ညံ့သောကြောင့်သာဖြစ်ပါတယ် ။ ( ကာယကံရှင် နှစ်ယောက်မကြိုက်ရင်တော့ မတတ်နိုင်ဘူးဗျနော် ... ဟင်း ဟင်း .. ) ။ အစကတော့ တစ်ပုဒ်လုံးတင်ပေးမလို့ပါ ။ ဒါပေမယ့် အတော်ရှည်နေတော့ နှစ်ပိုင်း ပိုင်းတင်ပေးလိုက်တယ် ။ ကျန်တစ်ပိုင်းကိုတော့ နောက်တစ်ပတ် တကယ်စားရပြီးမှ ပဲတင်ပေးတော့မယ် .... ။

သံသာလေကမ်းတိုင်

(၁)



သူမ သူ့ထံလေတံခွန်များ ပေးပို့လေ့ရှိသည် ။ သည်လေတံခွန်တွေဟာ အရွယ်အားဖြင့်ကြီးမားပေမယ့် စက္ကူတစ်ရွက်လို ပေါ့ပါး သပ်ရပ်သည့် ခပ်ကျစ်ကျစ်အသားတစ်မျိုးမျိုးနဲ့လုပ်တဲ့ သေတ္တာတွေနဲ့တစ်ဆင့် ရောက်လာတတ်ကြသည်။ စည်သွပ်ဘူး သွန်းကုန်ပို့ကုန်လုပ်ငန်းတွင်ကျယ်တဲ့ သင်္ဘောဆိပ်မှာတော့ စာပို့သမားတွေဟာ နိုင်ငံခြားမှပေးပို့သည် ဆိုတဲ့စာတိုက်က အမှတ်တံဆိပ်စက္ကူကို အထင်ကြီးတတ်ကြသည် ။ စာပို့သမားဝါနုသေးသူများဆိုရင် “ဘယ်ကလာတာလဲ” လို့မေးတတ်ကြပေမယ့် နှစ်ကြီးသမားဝါရင့်တွေကျတော့ ပြုံးရုံသာ ပြုံးကောင်းပြုံးမိမယ် ။ ချောပို့သမားဟာ သေတ္တာကို လမ်းညွှန်ဆိုင်းပုတ် ခပ်ကြီးကြီးတစ်ချပ်လို စက်ဘီးရဲ့နောက်ခုံ မှာချည်ပြီး ရင်တော့ ခပ်ညစ်ညစ် ဆိပ်ကမ်းအလုပ်သမားတွေရဲ့ ရန်ကလွန်အောင်တော့ ဘီးဟွန်းတညံညံတီးဖို့ လိုပါလိမ့်မယ် ။ သင်္ဘောဖယ်ရီပေါ်ကျတော့လည်း ဂုဏ်ယူနေဟန်ရှိတဲ့ ချောပို့သမားက သေတ္တာပတ်လည်မှာ ကြိုးမည်းတစ်ချောင်း ခိုင်ခိုင်ချည်လို့ “မဲတလာ” မြစ်ရဲ့တစ်ဘက်ကမ်းကို ရေတစ်ပေါက်မစင်စေရဘဲ ဖြတ်ကူးလာခဲ့၏ ။ အော်ဟစ်ဆူညံနေတဲ့ ကလေးတွေ ၀ိုင်းအုံရင်း ၊ ဂျုံးဂျုံးကျ ပင်ပန်းလွန်းနေတဲ့ လယ်သူမကြီးတွေ နဲ့ မုတ်ဆိတ်ထူထူ ဆာဒူးကြီးတွေရဲ့ စူးစမ်းတဲ့ အကြည့်တွေကို ဖြတ်သန်းရင်း ၊ အထဲမှာ ဘာများပါပါလိမ့်ဆိုပြီး သေတ္တာထဲကို ခပ်ကြမ်းကြမ်းထိုးကြည့်တဲ့ လက်ချောင်းတွေရန်မှ လွဲရင် ဒါဟာ လုံခြုံစိတ်ချရတဲ့ ခရီးပါပဲ ။ “လျိုနိုင်း” ဒေသရဲ့ ခရီးလမ်းပန်းဆက်သွယ်ရေးဟာ နည်းနည်းတော့ ဒုက္ခများသည်။ ဒီရေတွေနဲ့ ပေါင်းလန်နေတဲ့ မြစ်ဟာ ကျွန်းဒေသရဲ့ လူသူခပ်ကျဲကျဲ ဆိပ်ခံတံတားတစ်ခွင်ကို ဖုံးလွှမ်းထားတတ်သည် ။ ရွှံနွံတွေနဲ့ ချောနေတဲ့ ကမ်းပါးတစ်လျှောက်မှာ တန်းစီပြီး ပစ္စည်းသယ်ကြတဲ့ အလုပ်သမားတွေက တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းရင်း သေတ္တာဟာ မြေမာပေါ်ကိုရောက်တော့တယ် ။ စိတ်အားထက်သန်စွာ ၀ိုင်းကြည့်နေကြတဲ့လူတွေကို ဖြတ်ပြီးတော့မှ သည်သေတ္တာကို လန်ချားတစ်စီးပေါ်တင်ပေး လိုက်ရပြန်သည် ။ သည်နောက်တော့ ရွာလမ်းတစ်လျှောက် လေယူရာယိမ်းနေတဲ့ မန်ကျည်းနဲ့ တမာပင်တွေကိုဖြတ်သန်းရင်း ၊ အိပ်မောကျနေတဲ့ ခွေးတွေကိုဖြတ်ကျော်ကာ ၊ နောက်က ကလေးတွေကလည်း တစ်ကောက်ကောက်ပြေးလိုက်လျက် … ၊ သေတ္တာကိုချည်ထားတဲ့ မညီတဲ့ကြိုးအထုံး တွေကလည်း တဂျီဂျီ အသံပေးရင်းနဲ့ပဲ နောက်ဆုံးမှာ သူ့ဆီကိုရောက်လာပါတော့သည် ။


သူ့အဒေါ်ဖြစ်သူကတော့ အိမ်ပြန်လာတဲ့ သတို့သမီးတစ်ယောက်လို သေတ္တာကို ကြိုဆီးလက်ခံသည် ။ ရွာထဲမှာ အုတ်၊ ဘိလပ်မြေနဲ့ဆောက်တဲ့ တစ်လုံးတည်းသောအိမ်ဖြစ်သည့် သူတို့ရဲ့ အဖြူနဲ့အ၀ါကြား အိမ်ရှေ့ဝယ် စုဝေးအုပ်အုပ်ညံနေတဲ့ အိမ်နီးချင်းတွေထဲက မိန်းမငယ်လေးများကိုသာ အဒေါ်လုပ်သူက သေတ္တာကို မစေပြီး အိမ်ထဲက သူ့အခန်းအတွင်းသို့ဝင်စေ၏ ။ အခန်းအတွင်းမှတော့ သေတ္တာဟာ မိတ်လိုက်ကြတဲ့ ကြောင်တွေရဲ့ညိုးညိုးညံညံ အသံတွေ ၊ မပြင်ရသေးတဲ့ အိပ်ယာနှင့် တောက်ပသောမီးတောင်ပေါ်မှ ထွန်းသစ်စနေမင်းပုံ ဆေးရေးပန်းချီကားရှေ့ဆီက တိုလီမုတ်စ အလှအပ ပစ္စည်းပုစုခရုတွေကို အဖော်ပြုရင်း နေရောင်အထိုးဝယ် ကတော့ပုံရှည်မျောမျောတစောင်းအရိပ်ထင် နေသည်။


တစ်နေတာတဲ့ အပူရှိန်နဲ့ စိတ်လှုပ်ရှားခဲ့ရမှုတွေကြောင့် ဖြူဖတ်ဖြူရော်ဖြစ်နေသည့် “ရှိုဟမွန်” ဟာ အခန်းထဲကိုဝင်ဝင်ခြင်း သူ့နောက်ကတံခါးကို စေ့ပိတ်လိုက်သည်။ သည်နေ့ကျောင်းနောက်ကျသည့် သူ့လက်အောက်က ဆရာတွေက သူ့နာမည်ကို အင်္ဂလိပ်လိုရေးထားတဲ့အပြင် ဘာသာခြားအက္ခရာတွေပါသည့် သေတ္တောတစ်လုံးဟာ “မဲတလာ” မြစ်ကိုဖြတ်ကျော်လာပြီလို့ သူ့ကိုသတင်းပေးထားပြီးဖြစ်သည်။ စာသင်ချိန်အပြီးနောက်မှာ သူ့ကိုယ်သူ ပြန်လည်တွေးတောဖို့ အချိန်ပေးရင်း အက္ခရာသင်္ချာ လျက်တပြတ်စာမေးပွဲလေးကို အတန်းထဲမှာ စစ်ဆေးခဲ့သေးသည်။ ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်ဖြစ်သည့် ညနေလေးနာရီတိတိမှာတော့ သူဟာ ခပ်မြန်မြန်စက်ဘီးနင်းရင်း သစ်ရွက်လေတိုးသံ သဲ့သဲ့ကြားနေရတဲ့ လမ်းလေးအတိုင်း အိမ်ပြန်လာခဲ့သည်။ အခန်းထဲသို့ရောက်လျက်ရောက်ချင်း စိတ်ပူစိုးရိမ် နေတဲ့ ဧည့်သည်တစ်ယောက်လို သူ့အိပ်ယာကိုမှီထားတဲ့ သေတ္တာကို မျက်နှာချင်းဆိုင်ရပ်ရင်း ကြက်သေသေနေသည် ။ နောက်တော့လွန်ခဲ့သော အနှစ် ၂၀ ၊ ဂျပန်နိုင်ငံက သူ့ဇနီးရဲ့ ပထမဆုံးသော စာကိုဖွင့်သလို စိတ်မရှည်လောကြီးစွာ သေတ္တာကိုပတ်ထားတဲ့ အညိုရောင်စက္ကူကို သူဆွဲခွာချလိုက်သည်။ သည်သေတ္တာပေါ်မှာပါတဲ့ အက္ခရာနှစ်လုံးဟာလည်း ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ က စာအိတ်ပေါ်မှ စာလုံးတွေနဲ့ အတူတူဖြစ်၏ ။


(၂)


လူတွေက သူ့ကိုနာမည် အမျိုးမျိုးနဲ့ ခေါ်ကြသည် ။ “ရှိုဟမွန် ချာကာဘာထရီ” ၊ “လျိုနှိုင်း အလယ်တန်းကျောင်းက ကျောင်းဆရာ” အစရှိသဖြင့် ခေါ်ကြသည်။ ဘင်္ဂါလီလို “အကျိုးရှိသည်” လို့ အဓိပ္ပာယ်ရတဲ့ ပထမနာမည်နှစ်လုံး “ရှိုဟ” ဆိုတဲ့ အမည်ကိုတော့ သူ့အဒေါ်တစ်ဦးတည်းသာ မူပိုင်ထား၍ ခေါ်လေ့ရှိ၏ ။ အဒေါ်လုပ်သူမှာလည်း သူငယ်စဉ်က “ရှိုနိုင်းမြစ်” ရေကြီးချိန်မှာ ရေနစ်ဆုံးပါးသွားကြတဲ့ သူ့မိဘနှစ်ပါး မျက်ကွယ်ပြုသွားချိန်မှစကာ ရင်အုပ်မကွာစောင့်ရှောက်လာရသည့် မုဆိုးမတစ်ဦးဖြစ်သည်။ ဟိုငယ်စဉ် သူကျောင်းသားဘ၀ ကျောင်းပြေးတုန်းက ရွာစဉ်တစ်လျှောက် သူ့နာမည်ကိုအော်ရှာတတ်ခဲ့သလို ယခုတိုင်မီးဖိုဆောင်မှ မကြာခဏ “ရှိုဟ…. ရေ” လိုအော်ကြီးဟစ်ကျယ်ခေါ်တတ်ဆဲဖြစ်၏ ။ သည်လိုခေါ်လိုက်တိုင်း ဟိုငယ်စဉ် ကျောင်းပြေးတုန်း သူ့ကိုတွေ့တော့ ဒေါသတွေ တလိတ်လိတ်ထနေတတ်သည့် အဒေါ်ထံ အပြေးကလေးလာခဲ့သလို ရောက်ရာမှ ချက်ချင်းထလာတတ်စမြဲဖြစ်သည် ။ ရွာထဲကအခြားလူတွေအတွက်တော့ သူ့အလုပ်အကိုင်ကြောင့် အသိမိတ်ဆွေများပါသည် ။ ဟိုအဝေးကြီးမှာ ရှိတဲ့ ကလကတ္တားကောလိပ်ကြီးမှာ ရတောင့်ရစကောင်းခက်ခဲတဲ့ B.Sc ဘွဲ့ကို ရအောင်ယူနိုင်ခဲ့တဲ့ ၊ သင်္ချာပုစ္ဆာတွေကို ကျွမ်းကျင်စွာ သင်ကြားတတ်တဲ့ ကျောင်းဆရာတစ်ဦး အဖြစ်နဲ့ရော အသိများကြပါ၏ ။ သူ့ကွယ်ရာမှာတော့ “ဂျာပန်ကြီး” လို့ အပြောင်အပျက်ခေါ်တတ်ကြ၏ ။ ဂျပန်လူမျိုး တစ်ယောက်တဲ့လား ။ သူကလည်း ဂျပန်စကားလုံးတွေကို ကျောက်သင်ပုန်းမှာရေးတတ်သလို ၊ ညနေတိုင်း သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းရှိတတ်တဲ့ ရွာလမ်းတစ်လျှောက် စက်ဘီးစီးရင်း ပါးစပ်ကလျှောက်ရွတ်တတ် နေတတ်သေးသည် ။ ကျောင်းစစ်အရာရှိရောက်လာတဲ့အခါမှာတောင် သူ့အိမ်ကို “ဂျပန်ဇနီးရှိတဲ့ ကျောင်းဆရာရဲ့အိမ်” ရယ်လို့တိတိပပ မေးမြန်းစုံစမ်းပြီး အရောက်လာတတ်စမြဲဖြစ်၏ ။ သူဟာ တိတ်တဆိတ်လျို့ဝှက်ပြီး အိမ်ယာထောင်ခဲ့ခြင်းဖြစ်သည့်တိုင် သည်လက်ထပ်ခဲ့သည့်ကိစ္စမှာ ကလကတ္တားမှ သူပညာစုံပြီး ပြန်လာချိန်ကတည်းက လူတိုင်းသိကြပြီးဖြစ်၏ ။ ရွာသားတွေအများကြီးထဲကမှ တိုင်းခြားသူအမျိုးသမီးနဲ့ အိမ်ယာထောင်နိုင်တဲ့ သူတစ်ယောက်အဖြစ် လည်းလူတိုင်း အသိအမှတ်ပြုမိကြပြီးဖြစ်သည် ။ သည်တိတ်တဆိတ်ထိမ်းမြားခြင်းဟာ အခုတော့ လာနေကျ စာတွေလို ၊အဒေါ်လုပ်သူက တမ်းတမ်းတတပြောတတ်တဲ့ သူ့ချစ်ချွေးမ ပုံပြင်များလို လူတိုင်းမသိချင်အဆုံး သိကြတဲ့ ဖြစ်ရပ်တစ်ခုဖြစ်နေပြီ ။ အခုတလော “လေတံခွန်” တွေ မကြာမကြာ ရောက်လာတတ်တာကလွဲလို့ အရာအားလုံးဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ ။


လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်းမှာ စာတိုက်ကလာတတ်တဲ့ ပါဆယ်ထုပ်အမျိုးမျိုးကို သူဖွင့်ကြည့်ခဲ့ဖူးပေါင်း များလှပြီ ။ ချိုမြမြကော်နံ့သင်းနေတဲ့ စက္ကူသေတ္တာတွေ ၊ “ဟိုကူဆိုင်း” တံဆိပ်ပါ “သတိ - ကျိုးပဲ့လွယ်သည်” လို့သတိပေးစာတမ်းကပ်ထားတဲ့ ကပ်ထူ စက္ကူသေတ္တာတွေ ၊ တောင်ပေါ်ချယ်ရီတွေ ပါတဲ့ ပိုးသားအိတ်ကလေးတစ်လုံး ၊ ကလေးငယ်အိပ်တဲ့ ခေါင်းအုံးလို သေသပ်ကျစ်လစ်အောင် လိပ်ထားတဲ့ ပန်းချီဆွဲ စက္ကူတွေ ၊ ရေမွှေးနံ့သင်းတဲ့ စာအိတ်တွေ ၊ အထိမ်းအမှတ်ကပ်ပြားတွေ ၊ နောက် ခြောက်သွေ့နေပြီ ဖြစ်တဲ့ သစ်ရွက်လှလှလေးတွေ ။ ဒါတွေအားလုံးဟာ ဖုံတွေအလိမ်းလိမ်းတက်နေတဲ့ စာတိုက်ပုံးတွေထဲ ၊ လယ်သမားတွေကြား အတွန်းအတိုက်ခံရင်းနဲ့ပဲ မဲတလာမြစ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာကြစမြဲဖြစ်သည် ။ ပထမဦးဆုံးစာရောက်လာ ပုံကတော့ တစ်မျိုးတစ်မည်ထူးဆန်း၏ ။


သူ မကြာမကြာ ပြန်လည်စိတ်ကူးပုံဖော်မိတတ်တဲ့ ပထမဆုံးအဆက်အသွယ်ရချိန်တုန်းက ဘာမျှထူးထူးခြားခြား မဟုတ်ဘဲ သာမန်ခပ်ရိုးရိုးအဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။ အခုချိန်မတော့ သည်အဖြစ်အပျက်လေးဟာ ဘယ်လိုပဲကြည့်ကြည့် မမျှော်လင့်ဘဲရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ ပျော်စရာအဖြစ်အပျက်လေးတစ်ခု ပင်မဟုတ်ပါလား ။ စာထဲမှာ -


“ခင်မင်ရတဲ့ ရှိုဟမွန်ရေ …
ကျမရှင့်ရဲ့ပြန်စာကိုစောင့်နေခဲ့တယ် ။ သိပ်ဟုတ်တာပေါ့ကွယ် .. ၊ ကျမရှင့်ရဲ့ စာရေးဖတ်မိတ်ဆွေဖြစ်ရမှာပေါ့ ။ ကျမနာမည်ရဲ့ အဓိပ္ပာယ်ကတော့ “လက်ဆောင်” တဲ့ …”


စာအဆုံးမှာ မီရကီ လို့လက်မှတ်ထိုးထားသည် ။ စာတစ်စောင်လုံးဟာ အကျဉ်းချုံးသံခိပ်ပြုထား သလိုဖြစ်နေပေမယ့် သူ့အတွက်တော့ အမျိုးအမည်မသတ်မှတ်နိုင်သော ခံစားချက်တစ်ရပ်ကို ဖြစ်ပေါ်စေသည် ။ နောက်လတွေမှာတော့ အရင်က “ကဲကုလ (Calculus) ” ပုစ္ဆာတွေနေရာမှာ အင်္ဂလိပ်စာအရေးအသားတိုးတက်ဖို့ အားထုတ်ရရင်း ၊ နောက်သူ့ရဲ့ စာရေးမိတ်ဆွေထံ ပြန်စာတွေရေးရင်း အချိန်ဖြုန်းဖြစ်ခဲ့၏ ။ ပထမဆုံးအကြိမ် မဂ္ဂဇင်းတစ်စောင်မှာ သူမလိပ်စာကို အမှတ်မထင်တွေ့ရှိခြင်းမှစ၍ ခုလိုအခြေအနေအထိ တဆင့်ဆင့်ဖြစ်ရပ်တွေကို သူ့မိတ်ဆွေသူငယ်ချင်းတွေထံ ဖွင့်ဟတိုင်ပင်ဖို့ သူရှက်ရွံ့နေခဲ့သည် ။ စာတွေထဲမှာတော့ သူ့ကောလိပ် ၊ သူ့အဒေါ် နောက် သူချစ်တဲ့ “မဲတလာ”မြစ် စတဲ့စိတ်ကူးတဲ့ရာအကြောင်းတွေကို ရေးတတ်သည်။ သူမကလည်း သူမချစ်တဲ့ ဂျပန်နိုင်ငံက “နာဂကူချီမြစ်” အကြောင်းပြန်ရေးတော့ သည်အကြောင်းတွေကလည်း သူ့အတွေးထဲစီးဆင်းသွားမြဲဖြစ်သည်။ သူကတော့ မကြာခဏဆိုသလို သူ့ရွာကလေးကိုရေလွှမ်းစေတတ်သည့် ၊ ကြီမားတဲ့ လှိုင်းအရှိန်ဖြင့် သူ့မိဘနှစ်ပါးစလုံးကို ၀ါးမြိုပစ်ခဲ့တဲ့ ၊ ရေကျပြီးနောက်မှာတောင် အကောင်ဘလောင်အသေတွေရဲ့ အနံ့ဆိုးတွေ လှိုင်လှိုင်ဝေနေတဲ့ “မဲတလာ” မြစ်အပေါ် နာကြည်းမုန်းတီးမှုတွေကို သူမထံရင်ဖွင့်ခဲ့သည် ။ သာတောင့်သာယာရှိလှတဲ့ ပြည့်ဝတည်ငြိမ်နေတဲ့မြစ်ပြင်ကို ၀ါးပင်အုပ်အုပ်တွေရဲ့အရိပ်စူးစူးဟာ ထိုးဖောက်လို့ မြစ်ပြင်တစ်လျှောက်မှာလည်း လှေန၀ါတွေ ၊ ရွှံတဲတွေအစီအရီနဲ့ နွေနှောင်းမုတ်သုံလေ တသုန်သုန် ဆော်မြူးချိန်ရောက်ကာ တံငါသည်တွေကို နှစ်စဉ်သဘာဝ လက်ဆောင်အဖြစ်ဝင်ငွေတိုးစေတဲ့ အခါမျိုးမှာ တော့ သူမြတ်နိုးကြောင်းရေးတတ်ပြန်သည် ။ သည်လိုအခါမျိုးမှာ ကမ်းစပ်နဘေးအညောင်းအညာဖြေ လဲလျောင်းလို့ မြစ်ရဲ့လှိုင်းကြက်ခွပ်တေးကို နားဆင်ရခြင်ဟာ ကွယ်လွန်သူ သူ့မိခင်ရဲ့တေးသံများလားလို့ ရူးရူးမိုက်မိုက် တစ်ကိုယ်တော်ယုံကြည် မိခဲ့ကြောင်းကိုလည်း ရေးပို့ခဲ့သည်။


သူမကလည်း သူ့ထံ နီညိုရောင်သန်းနေတဲ့ ရွာတစ်ရွာရဲ့ ပန်းချီပုံတစ်ပုံပေးပို့လိုက်ရင်း “ရှင်သည်စကားလုံကို ဘယ်လိုများအသံထွက်ရပါသလဲ ရှိုဟမွန်” လို့မေး၏ ။ သူကလည်း ‘s’ နဲ့ ‘n’ နှစ်ခုပေါင်းကာ ခပ်ပျောပျော့အသံစူးစူးလေးထွက်ရကြောင်းကို ထင်သာစေရန် လေချွန်ဖို့ရှာလိပ်သလို လိပ်၍ထွက်ရကြောင်း ရှင်းပြခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲအတွက် ပြင်ဆင်ရခြင်းကြောင့် လအတန်ကြာ စာတွေအရင်တုန်းကလောက် မှန်မှန်မရေးနိုင်ခဲ့ ။ ဘွဲ့ရပြီးနောက်မှာ သူ့အနေဖြင့် သူ့ရွာကကျောင်းမှာပဲ ကျောင်းဆရာအဖြစ်အမှုထမ်းဖို့ ဆုံးဖြတ်ကြောင်းနဲ့ အဒေါ်လုပ်သူကလည်း သူမအသိမိတ်ဆွေတစ်ယောက်သမီးနဲ့ သူ့ကိုစေ့စပ်ကြောင်းလမ်းဖို့ စိတ်ထက်သန်နေကြောင်း မီရကီဆီ စာရေးအကြောင်းကြားခဲ့သည်။


မြို့မှာနေစဉ် သုံးနှစ်တာ ကာလအတွင်း သင်္ချာပုစ္ဆာတွေကို အဖြေရှာနိုင်၍ ကျေနပ်ရခြင်း ၊ နှစ်လကိုတစ်ကြိမ်လောက် အဒေါ်ထံအလည်ပြန်ရခြင်း ၊ စာတိုက်သို့ အကြိမ်မှန်မှန် စာထည့်ဖို့ရောက်ခြင်း ၊ မီရကီ၏ ပြန်စာကိုအဆောင်သို့လာပို့မည့် စာပို့သမားအား စောင့်မျှော်ရခြင်းစသည့် သူ့ကိုယ်ပိုင် ကမ္ဘာလေးအတွင်းမှာ ပျော်ရွှင်မွေ့လျော်စေခဲ့သည် ။


သူ့ရဲ့ ရင်းနှီးခင်မင်တဲ့ မိတ်ဆွေအချို့ကတော့ သူ့အား “ကိုပိန်းပိန်း” လို့နောက်ပြောင်ခေါ်ကြပြီး သူ့ကိုမကြာခဏဆိုသလို ချောက်ချတတ်ကြသည်။ တစ်ယောက်ကဆိုရင် တိတ်တဆိတ်ဖြင့် သူ့ဆီကစာတွေကို ခိုးယူကာ တောသားလူရိုးတစ်ယောက်ရဲ့ စွန့်စားခန်းကြီးကို လူသိရှင်ကြား ကြေငြာခဲ့သည် ။ “ခင်မင်ရတဲ့ မီရကီရေ… ကိုယ်ကတော့သည်မှာ တစ်ယောက်ထဲပဲ …တဲ့ဗျ” သူငယ်ချင်းက ရှိုဟမွန်ရဲ့ ရေးလို့မပြီးသေးတဲ့စာကို ခပ်ကျယ်ကျယ်အော်ဖတ်လိုက်သည်။ “အရင်တစ်ခေါက် ရွာအပြန်တုန်းက အဒေါ်ကမိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ် ၊ ကောင်မလေးကြည့် ရတာအတော့်ကို ရှက်နေပုံပဲ” ။ သူ့ သူငယ်ချင်းတွေက ဖြစ်ကြောင်းကုန်စင်ကိုဖြေရှင်းချက်ပေးပါဦး လို့မရမကတောင်းဆိုကြသည်။ ဘာကြောင့် မီရကီအကြောင်းကို မပြောဘဲဖုံးထား ရတာလည်း ။ ဒါနဲ့ မီရကီ ဆိုတာရော ဘာအဓိပ္ပာယ်လဲ ။ သူငယ်ချင်းတစ်ယောက်ကတော့ သူမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ရပ်ကို မေးခွန်းထုတ်သည် ။ “မင်းရွာက ကွမ်းတောင်ကိုင်လေးကိုယူမှာလား ၊ ဂျပန်မကို ယူမှာလား …”


သူမရဲ့ နောက်စာတစ်စောင်မှာတော့ သူစိမ်းတစ်ယောက်လေလားလို့ ထင်ရသည်အထိ သူမရဲ့စာအသွားအလာဟာ ရှိုဟမွန်ကိုဆွဲဆောင်ထားသည်။ အရင်လို မာကြောင်းသာကြောင်း အစပြုပြီးမှ ရေးနေကျမင်အရောင်ကိုပြောင်းလိုက်ပြီး ခပ်သင်းသင်းမွှေးနေတဲ့ အပြာရောင်မင်ဖြင့် “ခုတော့ ရှိုဟမွန်ရေ ကျမရှင့်ကို အရေးတကြီး ကိစ္စတစ်ခုပြောရဦးမယ် ။ ကျမကိုယ်ကျမလေ ရှင့်ရဲ့သတို့သမီး အဖြစ်ရပါစေလို့ တောင်းခံပါရစေနော် … ၊ ရှင့်အဒေါ်ကိုရော ကျမရှင့်ရဲ့ ဇနီးဖြစ်စေရပါမယ်လို့ ပြောပေးပါလား ။ ရှင်များ လက်သင့်ခံမယ်ဆိုရင်လေ ၊ ကျမတို့နှစ်ယောက် လက်ထပ်ကြရအောင် ..”


ခင်မင်မှုထက် နောက်တစ်ဆင့်တက်ဖို့ကြိုးစားရင်း အတွင်းကြိတ်ပုံး ပူနေရတဲ့ ရှိုဟမွန်ကိုယ်တိုင်အတွက်တော့ သည်စာဟာ ဒုက္ခဝေဒနာကို လျော့ပါးသွားစေတတ်တဲ့ ဆေးတစ်သွယ်ပါပဲ ။ သူ့ဘ၀ရဲ့ အကြီးကျယ်ဆုံးအားထုတ်မှုတစ်ရပ်အဖြစ် ဘောပင်ကိုကောက်ယူယင်း မီရကီရဲ့ လက်ထပ်ခွင့်ကိုလက်ခံခဲ့ပြီးနောက်မှာ တစ်လလုံးလုံး သူ့အဒေါ်ကိုဘယ်လိုများပြောရပါ့မလဲ လို့ စိတ်မအေးနိုင်ဖြစ်ခဲ့ရသည်။ အဒေါ်လုပ်သူကတော့ “မဲတလာ” မြစ်ရဲ့အလျင်လို ခိုင်ကျည်တဲ့ သူ့မျက်ဝန်းထဲက စိတ်ပိုင်းဖြတ်မှုကို သတိမထားမိခင်ကတော့ အပြန်အလှန်စာရေးတဲ့မိတ်ဆွေတွေ အဖြစ် သာမာန်ကာလျှံကာသဘောထားရင်း ကျန်းမာရေးကို ဂရုမစိုက်ကြောင်းသာ ကြိမ်းမောင်းဆူပူနေသည် ။


“မီရကီ ဆိုတာဘာတဲ့တုန်းဟဲ့ ” တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွင်းလို့ အဒေါ်ကမေးလိုက်သည်။ ပူပူနွေးနွေး သတို့သားကလေး ရှိုဟမွန်ခမျာမှာတော့ ခပ်ရှက်ရှက်စကားစကာ သူ့တို့နှစ်ယောက်စသိကြပုံမှ အကြောင်းစုံကို ပြန်ပြောင်းပြောပြခဲ့သည်။
“ဒါထက် မင်းတို့နှစ်ယောက်ဘယ်တော့ တွေ့ကြမှာတဲ့တုန်း”
သူမှာ သည်မေးခွန်းအတွက် အဖြေမရှိပါ ။ သည်လို တူနှစ်ကိုယ်တွေ့ဆုံမည့်အရေးကိုလည်း သူတို့နှစ်ဦးစလုံး ဘယ်တုန်းကမှ မဆွေးနွေးမိခဲ့ကြောင်း သူ ၀န်ခံခဲ့သည်။
အခု သူအိပ်ယာပေါ်မှာထိုင်ရင်းတွေးနေဆဲမှာပင် အဒေါ်လုပ်သူ့ခြေသံကို ခပ်သဲ့သဲ့ကြားရသည်။ လောလောလတ်လတ်ရောက်လာတဲ့ လက်ဆောင်ထုပ်ကို ငေးရင်းရှေ့မှာထိုင် နေတဲ့သူ့ကိုမြင်တော့ တစ်ခုခုတော့ အသေအချာပဲလို့ ထင်မိရင်း သူ့အဒေါ်ကမေးလိုက်သည်။
“သည်တစ်ခါ မင့်မိန်းမက ဘာတွေပို့လိုက်ပြန်သ တုန်း”
“လေတံခွန်တွေ ၊ စွန်တွေပါ ။”


(၃)


ရှေးရှေးက စကားပုံတွေမှာတော့ “ရောက်ရှိခြင်းသည် တပြိုင်နက် အစုံလိုက်လာတတ်၏” လို့ဆိုရိုး ရှိသည်။ တစ်မနက်မှာတော့ ကြားနေကျမဟုတ်တဲ့ အသံတွေကြောင့် ရှိုဟမွန် နိုးလာတော့ သူတို့ အိမ်ဝန်းထဲမှာ ကောင်လေးတစ်ယောက် ကြိုးခုန်ကစားနေသည်ကို တွေ့ရ၏ ။ မီးဖိုဆောင်မှ လည်း ယခင့်ယခင်ကထက် တကျက်ကျက် ဆူဆူညံနေတော့ အိပ်ယာပေါ်မှာ စောင့်ငဲ့ကြည့်လိုက် တော့ သူ့အဒေါ်နဘေးမှာ ခပ်ကပ်ကပ်ထိုင်နေတဲ့ မိန်းမငယ်တစ်ယောက်ကို မီးခိုးငွေ့တဝေေ၀ကြားမှ ခပ်ဝါးဝါးမြင်ရသည် ။ “ဘယ်သူများပါလိမ့်” ။ “မဲတလာ” မြစ်ကိုဆန်ကာ သည်ကျွန်းလေးပေါ်ကိုလာတတ်သည့် သူ့တို့ရဲ့ အသိမိတ်ဆွေတွေကို စဉ်းစားရင်း သူ့ကိုယ်သူမေးလိုက် သည်။ အိမ်ကို တစ်ဒင်္ဂက လာတတ်သည့် ဧည့်သည်တွေထက်တော့ အခုလာသူနှစ်ယောက်ဟာ သေချာတဲ့ ရင်းနှီးကျွမ်းဝင်မှုတစ်ခုခုတော့ ရှိပုံရသည်။ ကောင်လေးဟာလည်း တစ်ခန်းဝင်တစ်ခန်းထွက် သွက်သွက်လက်လက် ပြေးလွှားကစားနေလိုက် တာများ သူ့ချက်မြှုပ်မွေးဖွားရာ အိမ်များလားဟုထင်ရသည်။ ကောင်လေးကသူ့ကိုတောင် “ကားကူး” လို့လှမ်းခေါ်လိုက်သံကို သူကြားလိုက်ရပြန်သည်။ ဦးလေး…. တဲ့လား ။ ရှိုဟမွန်ဟာ မျက်မှန်ကို မမြင်မစမ်း စမ်းတ၀ါးဝါးရှာကာ တပ်ကြည့်လိုက်တော့ မီးဖိုချောင်ဆီမှာ စူးစမ်းသလိုကြည့်နေသော မျက်ဝန်းလေးတစ်စုံနှင့် အကြည့်ချင်း ဆုံမိလိုက်သည်။ လျက်တစ်ပြက်အချိန်လေးမှာပင် သူ မိန်းကလေးကို မှတ်မိလိုက်သည်။ လွန်ခဲတဲ့ အနှစ် (၂၀) က သူ့အဒေါ်သူ့အတွက် ရွေးချယ်ပေးဖူးခဲ့တဲ့ ခပ်ရှက်ရှက်မိန်းကလေးပင် ။
နံနက်စာစားချိန်ကျတော့ အဒေါ်ကပင် အကြောင်းစုံကို ခပ်တိုးတိုးရှင်းပြသည်။ ကံဆိုးရှာသည့် အဖြစ်အပျက်များမတိုင်ခင်ကတော့ ရှိုဟမွန်ကလက်မထပ်နိုင်ကြောင်း ငြင်းဆိုပြီးမကြာခင်ပင် အနီးကရွာမှ လူငယ်တစ်ဦးနှင့် လက်ထပ်ခဲ့ကြောင်း ၊ မမျှော်လင့်ဘဲ လင်ယောက်ျားဆုံးပါးသွားခဲ့ရပြီး ကလေးတစ်ယောက်နှင့်ကျစ်ရစ်ကာ ကြည်ကြည်ဖြူဖြူ မရှိလှသော ယောက္ခမများနှင့် အတူမနေနိုင် သည့်အကြောင်း ၊ ရှိုဟမွန်ကတော့ ကံဆိုးရှာသည့်မိန်းကလေးအကြောင်းကို တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မပေးဘဲ ဆိတ်တိတ်တိတ်သာနားထောင်နေသည်။ “သည်မှာတော့ ကောင်မလေးအတွက် လုံခြုံပါတယ်လေ” အဒေါ်ကပြောသည်။ “ဒါအပြင် ကျတော့်ကို အဒေါ်စောင့်ရှောက် ခဲ့သလို အခုကောင်လေးကိုလည်း ကြီးပြင်းအောင်မွေးဦးမပေါ့ ။ ” သူမျက်မှောင်ကြုပ်နေတာကိုတွေ့တော့ အဒေါ်သူ့ကို ကြိမ်းမောင်းလိုက်သည်။ “မင်း မင့်တာဝန် မကျေဘူးနော် ရှိုဟ ၊ ဘ၀ဆိုတာ စာတွေအပြန်အလှန်ရေးနေရုံနဲ့ မပြီးဘူးဟဲ့ ၊ သည်လောက်လဲ မရိုးစင်းလှဘူး ” ။


ကျောင်းသို့အသွား စက်ဘီးနင်းရင်းပင် ရှိုဟမွန် စိတ်ကူးနှင့်စာကိုစီတော့သည် ။ မီရကီ ကိုသည်အကြောင်းဘယ်လိုများပြောပြ ရပါ့မလဲ ။ တစ်ချိန်တုန်းက သူ့ဇနီးလောင်းဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက် သူ့အိမ်ကိုပြန်ရောက်လာတယ်ဆိုတာထက် အဝေးကဆွေမျိုးနီးစပ်တစ်ယောက် လာနေတယ်လို့ပြောရင် ပိုလို့ကောင်းနိုင်စရာ အကြောင်းရှိသည်။ သည်အကျိုးအားလုံးရဲ့ တာဝန်ရှိသူဟာ သူကိုယ်တိုင်ပါပဲ ။ မီရကီရဲ့ လက်ထပ်ခွင့်ကို ရူးရူးမိုက်မိုက် အလျင်စလို လက်သင့်ခံလိုက်တာဟာ ရှိုဟမွန်ဆိုတဲ့ သူကိုယ်တိုင်ပါပဲ ။ အခုမျက်မှောက် လောလောဆယ်အချိန်မှာတော့ သူ့ဇနီးဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘာတွေများလုပ်နေပါလိမ့်မလဲ ။ သူစိတ်ရှုပ်တွေးသွားသည် ။ သည်လို ပူပူပင်ပင်အတွေးတွေကြောင့် အတန်းစာသင်ချိန်ကျောင်းသားတွေ ရှေ့မှာပင့် ဖြစ်တောင့်ဖြစ်ခဲ အမှားတစ်ခုဖြစ်ခဲ့ပြီး ကျောင်းမဆင်းခင်ပင် အလျင်စလိုပြန်ခဲ့သည် ။ စက်ဘီးနင်းရင်းအိမ်အပြန်မှာတော့ ရေချိုးသူတွေနဲ့ ဆူညံနေတဲ့ ရွာထိပ်ကရေကန်ကို ကျောခိုင်းကာ မြောက်ဘက်သို့ ဦးတည်စီးနင်းရင်း မြစ်ကမ်းဘက်သို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် ကောက်လှိုင်းစည်းကြီးတွေ ရွက်ကာ ယာတောကပြန်လာတဲ့ လယ်သူမကြီးတွေကိုလည်း စက်ဘီးဘဲလ် သံပေးနှုတ်ဆက်ပြီး ဖြတ်ကျော်ခဲ့ရသည် ။ စပါးနှံတွေ ဖားဖားဝေနေတဲ့ ကောက်လှိုင်းလှည်းတွေကြောင်း စက်ဘီးကို မကြာခဏ ဆိုသလို ရပ်ပေးရသော်လည်း မကြာခင်မှာ မြင်နေကျ ရွှံ့တဲလေးတွေကို ဖြတ်ကျော်ရင်း မြစ်ကမ်းနဘေးသို့ ရောက်လာခဲ့သည် ။


စိတ်ညိုးချုံးပူပန်ရတိုင်း အမြဲလိုပင်သည်ကမ်းပါးဆ သူလာတတ်သလို ၊ သည်ကိုရောက်သမျှ အခါတိုင်းလည်း မြစ်ရေဟာ ပူပန်စိတ်ကျခြင်းများကို စင်ကြယ်အောင်ဆေးကြောပေးမြဲ ဖြစ်သည် ။ သေချာတာတစ်ခုကတော့ သူမဆီကစာတွေမှာရော ၊ သူ့ထံမှစာတွေမှာပါ အခြားသူစိမ်း တစ်ဦးတစ်ယောက် အကြောင်းဟူ၍ ပါဝင်ခဲ့ဖူးသည်မရှိပေ ။ လွန်ခဲ့တဲ့ အနှစ် (၂၀) လုံးမှာ အရေးတကြီး ကိစ္စမှန်သမျှ သူမသူ့ကို ဖွင့်ဟတိုင်ပင်မြဲပင်ဖြစ်သည် ။သူမရဲ့ မိခင်ကွယ်လွန်စဉ်က သူမစိတ်ဓာတ်အကျကြီး ကျနေကာ ၊ ကိုယ့်ကိုကိုယ်သနားမှုကြောင့် ဖြစ်တတ်တဲ့ စိတ်ကျဆင်းမှု ရောင်ပြန်ဟတ်နေတဲ့ သူမဆီကစာတွေကို သူဖတ်ခဲ့ရ၏ ။အဲသည်တုန်းကလည်း သူမကို နှိမ်သိမ့်ရမည့် စကားလုံးတွေကို သည်မြစ်ကမ်းနဘေးမှာပဲ သူရှာဖွေတွေ့ခဲ့ရခြင်းဖြစ်သည် ။ သူမ တို့ရွာကလေးဆီမှ လယ်သမားတဲများကို မီးတောင်ချော်ရည်တွေက မုန်းတီးစွား ၀ါးမျိုလောင်ကျွမ်း ပစ်လိုက်ပြီး မီးလောင်တစပြင် အဖြစ်ကျစ်ရစ်စေခဲ့တုန်းကလည်း ရပ်သူရွာသားတွေရဲ့ ရုန်းကန်ရမှုအစုံစုံကို သူသိရပြန်တော့လည်း သူမထံစာပြန်ဖြစ်ခဲ့သည် ။ အသုဘပူဇော်ပွဲအတွက် မီးမြှိုက်ထားတဲ့ သစ်တုံးတစ်လုံး ပြာကျသွားသည်ကို မျှော်ငေးရင်း သူ့အတွေးဖြင့် ကလောင်သွားထက်စေခဲ့သည် ။ “ကိုယ့်ကိုစောင့်ပါ ၊ သည်မြစ်နဒီပြင်ကို မျှောစေပြီး ကိုယ်မင်းဆီအရောက်လာခဲ့ပါ့မယ်ကွယ် …” သည်လို ချစ်စေတနာ ရွှင်းဝေဖြာချိန်များတွင်တော့ ကြာရှည်စွာစွဲမြဲအောင် ပေါင်းစည်းမှုတစ်ခုကို ကျားကုပ်ကျားခဲ တွယ်တာထိန်းသိမ်းနေတဲ့ အထီးကျန်စာရေးသူတစ်ယောက်လို့ စောတကအတက်ခံ နေရတဲ့ အဖြစ်ကရုံးထွက်နိုင်ကာ ဇနီးဖြစ်သူအပေါ် အမှန်တကယ်မြတ်နိုးတွယ်တာမှု ဥယျောဇဉ်စစ်စစ်ကို သူရှာဖွေတွေ့ရှိတတ်သည် ။ အိမ်ထောင်သည်ယောက်ျားတစ်ယောက် ဇနီးသည် ရှိရာအိမ်ဂေဟာကို ပြန်သလို ၊ သူမရဲ့ လက်ဆောင်ပစ္စည်းများစုဝေးရာ သူ့အိမ်သို့သူပြန်သည် ။ နေ့စဉ် ဈေးကပြန်လာတတ်သည့် ဇနီးသည်ကိုစောင့်သလို သူမထံမှ စာသ၀ဏ်တွေကို သူစောင့်မျှော်သည် ။ လေကြောင်းကျရာ သူ့အိပ်ယာနဘေးက ပန်းချီဆွဲပိတ်ကားတွေပေါ်မှာတော့ အသက်အရွယ် တစ်စတစ်စရင့်ကျက်လာတဲ့ သူ့ဇနီးရဲ့အပြုံးမျက်နှာတွေကို အစီအရီတွေ့ ရတတ်သည်။ သူကတော့ စာတွေတိုင်းမှာ သူမရဲ့ကျန်းမာရေးကို စိတ်မချနိုင်အောင်သတိပေးသည် ။ သူမကလည်း သူ့အတွက် ထုတ်ချင်ရင် ထုတ်လို့ရနေပြီဖြစ်တဲ့ ဘဏ်တိုးငွေတွေ ထုတ်ဖို့ မမေ့အောင် သတိပေးတတ်သည် ။ မုတ်သုံမိုးဦးကျလာပြီဆိုရင် သွေးစုပ်တဲ့မျော့မည်းတွေရန်ကကင်းအောင် ညှပ်ဖိနပ်မစီးမီ ခြေအိပ်အမြဲစွပ်ဖို့ သူမ သတိပေးတတ်သည်။ နောက် တူချွေးမ ပီသစွာပင် ငှက်ဖျားခဏခဏထတက်တဲ့ အဒေါ်ကို ဆရာဝန်သွားမပြတတ်သည့်သူ့ကို မပေါ့နဲ့လို့ သူမကြိမ်းမောင်းတတ်ပါသေးသည်ကော ။ သူကလည်း ညညဆို အပေါစားမိတ်ကပ်တွေ လိမ်းပြီး ရှေ့ကဖြတ်သွားတဲ့ ပုရိသတိုင်းကို ပြည်တည်တည်အကြည့်တွေနဲ့ ဖိတ်ခေါ်တတ်တဲ့ ပြည့်တန်ဆာမတွေ အကြောင်းကိုလည်းပြောပြဖူးသည် ။ သည်အခါမှာတော့ သူကို နောက်ပြောင်ဟန် ရှိတဲ့ သူ့ဇနီးရဲ့ ခပ်အုပ်အုပ်ရယ်သံကိုပင် ကြားယောင်မိသည်ဟု ထင်မိ၏ ။


“ရှင်သူတို့နဲ့လိုက်သွားပါ့လား ရှိုဟမွန် ၊ ရှင်ကောက်ကောက်ပါအောင် လိုက်သွားချင်မှန်း ကျမသိတယ် ၊ ကျမဆီပြန်လာဖို့တော့ စိတ်မကူးလိုက်နဲ့ ၊ ရှင်မရှိလည်း ကျမနေနိုင်တယ် သိရဲ့လား”


သည်လိုနဲ့ပဲ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် စွပ်စွဲရင်း ၊ စာပို့သမားကို အပြစ်ဖို့ရင်း အတန်ကြာ အဆက်အသွယ် မလုပ်ကြဘဲနေခဲ့ကြသည် ။ သောက်လေ့သောက်ထ မရှိသော ဒေသဖြစ် ဓနိရည်ကိုသောက်ပြီး ရွှံထူတဲ့ မဲတလာကမ်းခြေလမ်းတစ်လျှောက် မိုးစုပ်စုပ်ချုပ်ချိန် တစ်ရိတ်ရိတ် မမြင်ဝိုးတ၀ါး စက်ဘီးနင်းရင်း တစ်ဘက်ကမ်းမှာ သူ့ကိုစောင့်ကြိုနေသည့် သူ့ဇနီးကို စိတ်အာရုံဝယ် ပျက်ပျက်ထင်ထင်မြင်မိတဲ့ အကြောင်းကို သူကြိမ်တွယ်၍ပင်ဆိုဝံ့ပါသည် ။


အိမ်ထောင်သက် အနှစ် (၂၀) အတွင်းမှာ သူတို့နှစ်ဦး တစ်ကြိမ်တစ်ခါမှ မတွေ့ဆုံကြစဖူးပါ ။ သည်အတွက်တော့ ရှိုဟမွန် အနည်းငယ်မကျေမနပ်ဖြစ်မိသည် ။ သူ့အဒေါ်အပါအ၀င် အခြားသူတွေကတော့ မီရကီရဲ့ “အထင်အရှားမရှိတဲ့ စိတ်ကူးအရိပ်အယောင်ဘ၀” ကို အချိန်ကြာလာတာနဲ့ အမျှ သတိပြုမိခြင်းကင်းခဲ့လေပြီ ။ အခု ဒါမှမဟုတ် တစ်ချိန်ချိန်တွင်မတော့ “ဂျပန်ပြည်သို့အလည်တစ်ခေါက်” ဆိုသည့် အခြေမျိုးတော့ဖြစ်လာနိုင်ပါသည် ။ သူတို့နှစ်ဦးစလုံး သည်လိုအတွေးကိုယ်စီတော့ ရှိကြစမြဲမဟုတ်ပါလား ။ အားလပ်ရက်ရှည်တစ်ခုခုတွင် မတော့ .. ။


သူကရေးတတ်၏ ။ “သိပ်များ အကုန်အကျများနေမလားပဲ”


“ကြည့်ကျသေးတာပေါ့” သူမစာပြန်သည် ။


“ကိုယ့်အဖို့တော့ ဖြစ်နိုင်မယ်မထင်ဘူး ၊ ကိုယ့်အဒေါ်ကိုဘယ်သူကြည့်မလဲ ။ မင်းတတ်နိုင်လို့ ရှိရင် လျိုနွိုင်းကို ခဏလောက်လာခဲ့ပါလား”


“ခဏဟုတ်လား ၊ အင်း ကြည့်ကြသေးတာပေါ့ ကွယ် …”


“မင့်ကောင်မလေးရော ဘယ်တော့လာမှာတဲ့လည်း” အစတုန်းကတော့ အဒေါ်ကအရေးတယူ မေးခဲ့သေးသည် ။ “ကောင်မလေးကို မင်းသွားကြည့်ရလိမ့်မယ်ထင်တယ်နော် ။ ကဲ သူ့ယောက်ျားအိမ်ကနေ စာရေးနေပါပြီတဲ့ .. ဘယ်လိုလုပ်မတုန်း ၊ အိမ်ထောင်ရေးဆိုတာ စာတွေအပြန်အလှန်ရေးနေရုံနဲ့တော့ သားတွေသမီးတွေ ပွားစည်းလာမှာ မဟုတ်ဘူးဟဲ့” ။ မိုးကုပ်စက်ဝိုင်း တစ်နေရာရာမှာ ငံ့လင့်နေမယ့် သူတို့နှစ်ဦးတွေ့ဆုံခြင်းဟာ အဓိကမဟုတ် သာမညအဖြစ်သာ ရှိကောင်းရှိမှာဖြစ်ပြီး သူ့အိမ်ထောင်ရေးအတွက် အပိုဆာဒါး သက်သက်မျှသာဟုပင် ထင်မြဲထင်မိ၏ ။ ခပ်အုပ်အုပ်ပြောင်လှောင်ရယ်မောခြင်းတွေ ၊ အတင်းအဖျင်း မုန်တိုင်းတွေထန်နေသည့်တိုင် ရှိုဟမွန်ကတော့ သူတို့အိမ်ထောင်ရေးကို အခြေခိုင်လှချည့်ဟု ယုံကြည်စိတ်ချမြဲဖြစ်သည် ။ မဲတလာမြစ်ကမ်းနဖူး သူ့နဘေးမှာ နှစ်ကိုယ်တူယှဉ်တွဲ၍ ရွှေလည်တွဲစကားမဆိုနိုင်သည့်မှ လွဲရင် ပုဆိုးတန်းတင်အကြင်လင်မယားအဖြစ် ထိမ်းမြားခဲ့တဲ့ဇနီးက ခင်ပွန်းအပေါ် သစ္စာနှံသလို မီရကီသူ့အပေါ် သဘောထားကြောင်း ကိုဦးလည်မသုန် သူယုံကြည် သည်။


သူ့အတွေးတွေဟာ ပစ္စုပ္ပန်က မုဆိုးမလေးနဲ့ကလေးငယ်ဆီ ခြေဦးတည်မိတော့ သည်ပြဿနာရဲ့ ပြေလည်ရာပြေလည်ကြောင်းကို တွေးမိသွားကာ မီရကီထံစာမရေးသေးဘဲ တစ်ရက်နှစ်ရက်လောက် စောင့်ကြည့်သင့်သေးကြောင်း တွေးမိပြန်သည် ။ တကယ့်တကယ်တော့ သူတို့သားအမိနှစ်ယောက်ဟာ အလည်သက်သက်လာကြတာလည်းဖြစ်နိုင်သည် ။သူ့အဒေါ် ကသာ သူ့အစီအစဉ်နဲ့သူ ရှိပေမယ့် နောက်ဆုံးမှာတော့ ဒုက္ခတောလို့ဆိုရမယ့် သူတို့ယောက္ခမတွေဆီ ပြန်သွားရရင်ပြန်သွားရမှာပဲ ။ အဲသည်တော့ကျမှ သူ့ဇနီးကို မနာလိုတိုရှည် စိတ်ရမ်းလေးဝင်အောင် ဆွတဲ့ပြီး စာရေးတော့မည် ။ အိမ်ထောင်သက်ရလာပြီဖြစ်တဲ့ လင်မယားလို သူတို့နှစ်ယောက်ဟာလည်း ဟန်ဆောင်ဖုံးကွယ်မှုတွေကို ဖြစ်ရိုးဖြစ်ပါစေတော့လို့ တိတ်တဆိတ် လင်ကိုယ်မယားနားလည်ကာ ရယ်မောမေ့ပျောက်နိုင်ကြပေလိမ့်မည် ။


မြစ်ကမ်းကနေ အိမ်အပြန်မှာတော့ ဆံချည်မျှင်တစ်ချောင်းလို သူ့စိတ်တွေပေါ့ပါးနေခဲ့သည် ။ ဈေးနားမှာ ခဏစက်ဘီးရပ်တဲ့ပြီး ကောင်လေးအတွက် လေ့ကျင့်ခန်းစာအုပ်တစ်အုပ် ၊ အဒေါ်တို့ဖို့ ခပ်မှည့်မှည့် ဖရဲသီးတစ်လုံးကို ပင်ဝင်ဝယ်ခဲ့သေးသည် ။ ပြန့်ပြန်ကျယ်ကျယ်ရှိလှတဲ့ မန်ကျည်းပင်တွေရဲ့ ကိုင်းလက်တက်တွေကြားမှာ လေရူးသုန်သုန် ဆော်သွေးစပြုလာချေပြီ ။ ဆောင်းရာသီ အအေးဓာတ်ဝင်စပြုလာတဲ့ အသိကို သတိပြုမိကာ သူလည်ချောင်းရှင်းလိုက်သည် ။ သူ့အခန်းတွင်းသို့ ၀င်လျှင်ဝင်ခြင်း နောက်က တံခါးမကိုဆွဲပိတ်လိုက်သည် ။ သူ့အခန်းရဲ့ ပြတင်းပေါက်နှစ်ပေါက်စလုံးကို ပိတ်ထားသောကြောင့် အတွင်းမှာ သာတောင့်သာယာရှိပြီး နွေးတွေးနေတော့သည် ။ ဒါပေမယ့် သူ့အခန်းမှာ တိတိကျကျမပြောနိုင်တဲ့ တစ်စုံတစ်ရာဟာ ပြောင်းလဲနေသလိုပဲ ။ ရှိုဟမွန်ဟာ အရာရာဟာ အရင်အတိုင်းပါဘဲလေလို့တွေးမိပေမယ့် တစ်ခန်းလုံးကို ထောင့်စေ့အောင် အကဲခတ်လိုက်သည် ။ တစ်ယောက်ယောက်ဟာအခန်းထဲကို ၀င်လာပြီးအရာရာကို သေသေသပ်သပ်ရှင်းလင်းပေးခဲ့ပုံပဲ ။ ဆေးလိပ်ပြာတွေပြည့်နေတဲ့ ခွက်ကလည်းပြောင်လျက် ၊ သူစာရေးစားပွဲဟာ လည်းတည့်မတ်လျက် ၊ ပြတင်းပေါက်မှ ခန်းဆီးစဟာလည်း တင်းတင်းကျလျက် ၊ လေတံခွန် သေတ္တာကိုလည်း နေရာတကျရွေ့ထားပြီး ကြမ်းပြင်တစ်ခုလုံး တံမြက်စည်းလှည်းကာပြောင်ရှင်းစေလျက် ၊ ခဲသားလက်ရာ မီရကီရဲ့ မျက်နှာပုံတူ ပန်းချီကားဟာလည်း ခုတင်နဲ့ မျက်နှာချင်းဆိုင် နံရံမှာ သေသပ်စွာချိတ်ဆွဲထားလျက် ။ သူဟာ သေသပ် ကျနစွာရှိနေတဲ့ သူ့အခန်းကို အံသြတကြီး ငေးမောရင်းကနေ နံရံပေါ်မှ ပုံတူပန်းချီကို သံချောင်းချိတ်မှဖြုတ်လိုက်သည် ။ “ရှင်သန်ခြင်းမဟုတ်ဘဲ သေဆုံးခြင်းသည်သာ ဘ၀ရဲ့ အကျဉ်းကျ နံရံများအတွင်းမှာလွတ်မြောက် စေနိုင်၏” ။ တစ်သက်တာလုံး သူ့ဇနီးအတွက်သာ သီးသန့်ထားသော အသည်နှလုံးတစ်ခုလုံး ရုတ်တရက်အေးခဲသွားသလို သူခံစားလိုက်ရ၏ ။

အောင်ဖြိုး

(ဆက်လက်ဖော်ပြမည်)

2 comments:

ရွာသားလေးဝိုင်တီယူ said...

ကိုအောင်ဖြိုးရေ ဆန့်တငင်ငင်ဖြစ်နေပါပြီ မြန်မြန်လေးပါဗျို့

Eduking said...

ဦးဇေကြီး..
ဝမ် စွေ့.. ဝမ် စွေ့.. ဝမ် ဝမ် စွေ့..

း)