21 December 2008

သံသာလေကမ်းတိုင် - ဇာတ်သိမ်း

(သည်ပုံထဲက ကျတော်ဖက်ထားတာ Birthday Boy ပေါ့ ။ စားပြီးတာလည်းကြာပြီ .... မအားလို့မတင်ဖြစ်တာ ။ အခုတော့ အဆုံးအထိ တင်ပေးလိုက်ပါပြီ ၊ ကျေနပ်မယ်လို့လည်း မျှော်လင့်ပါတယ် .. ။ ကျတော့်  သူငယ်ချင်း ကြီးလည်းလိုရာ ဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ပါစေဗျား ) ....

++++++++++

(၄)



ကောင်ကလေးဟာ အိမ်ရဲ့ခပ်မှောင်မှောင်လမ်းအကူးမှာ သိမ်းထားတဲ့ လေတံခွန်သေတ္တာတွေကို ရှာတွေ့သွားသည် ။ သူကိုယ်တိုင်ကလည်း သည်ဟာတွေကို မမနိုင်သည့်အတွက် ကြမ်းပြင်တစ်လျှောက် အသံမမြည်အောင် တွန်းရင်းရွှေ့လာ ရသည်။ ရှိုဟမွန်ဟာ ကောင်ကလေးကို ကူရင်း လေတံခွန်တွေကို သယ်လာပေးကာ ရစ်ဘီးလုံးမှာတပ်ပေးဖို့ အိမ်ဝန်းထဲကိုသယ်လာသည်။ မီးဖိုဆောင်ထဲမှာ မိန်းမတွေကလည်း ဘာတွေများပါလိမ့်ဆိုတဲ့ အတွေးမျိုးနဲ့ ထွက်လာပြီးကြည့်ကြသည်။
“သည်စွန်တွေကို ဘယ်တော့လောက်လွှတ်ရမှာလည်း ဦးဦး”
“စွန်လွှတ်မယ် ဟုတ်လား” ။ သည်လိုအတွေးမျိုး သူ့ခေါင်းထဲတစ်ခါမှ မ၀င်ခဲ့ဖူးပေမယ့် အခြားသူတွေ အတွက်ကတော့ စွန်ဆိုတာ လေမှာပျံဝဲအောင်လွှတ်ဖို့ပဲလို့ ထင်ကြပေလိမ့်မည် ။



“မင့်ဦးဦးကတော့ စွန်ကိုလေထဲရောက်အောင်တောင် လွှတ်တတ်မှာ မဟုတ်ဖူး ။ မင့်အဖော်တွေကိုသာ ခေါ်ပြီးလွှတ်ကြပေတော့” အဒေါ်က ရစ်လုံးခွံတစ်လုံကို ပေးရင်းပြောလိုက်သည်။ မုဆိုးမလေးကတော့ ထောက်ခံဟန်ဖြင့် ပြုံရုံသာပြုံးပြသည်။ သူတို့ဟာ ဘီမသေနပွဲတော်နေ့ (ဟိန္ဒူဝါဒအရ စက်ပစ္စည်းတွေကို စောင့်ရှောက်သည် အဆိုရှိသောနတ်) မှာပဲ စွန်လွှတ်ပွဲကျင်းပကြတာပေါ့ လို့သဘောထူကြသည်။ သည်တော့ စဦးပထမအဖြစ် စွန်လွှတ်ဖို့ ရစ်ဘီးတွေ ကြိုးတွေကို အစဉ်သင့်လုပ်ထားကြရမည် ဖြစ်သည်။ အထူးသဖြင့်တော့ စွန်ကြိုးတွေဟာ ပြိုင်ဘက်တွေနှင့် လွန်းထိုးယှဉ်ပြိုင်ဖြတ်ကြရင် တိခနဲပြတ်နိုင်အောင် မှန်စာကောင်းကောင်းတိုက် ထားဖို့ အလွန်အရေးကြီးသည် ။ စွန်ကြိုးတွေ မငြိမတွယ်ရှိရလေအောင် သစ်ပင်သစ်ကိုင်းကင်းပြီး မိုးကုပ်စက်ဝိုင်းထိ မဖုံးမကွယ် မြင်သာလောက်တဲ့ ကွင်းပြင်ကျယ်တစ်ခုကိုတော့ ရွေးချယ်တွေ့ရှိသွားကြပြီးဖြစ်သည် ။ သည်စွန်လွှတ်ပြိုင်ပွဲအကြောင်းတွေးမိလိုက်သည် ဆိုရုံနှင့်ပင် သူတို့ခမျာ တက်ကြွခြင်းဖြင့် ရင်ခုန်လှိုက်မောမိစမြဲ ဖြစ်သည်။ ကျောင်းဆရာတစ်ယောက် ပီသစွာပင် ရှိုဟမွန်ဟာ သည်လိုအချိန်မျိုးမှာတောင် ကောင်ကလေးကို လေ့ကျင့်ခန်းစာအုပ်ချပေးရင်း “တကယ်လို့ လေတံခွန်တစ်စင်းဟာ ပေငါးရာထိ ကြိုးအရှည်ဆွဲပြီးလွှတ်တယ်ဆိုရင် ၊ လေတံခွန် အစင်း နှစ်ဆယ်ဆိုရင် ဘယ်လောက်အမြင့် ရောက်မလဲ” ၊ ကောင်ကလေးကတော့ မျက်မှောက်ကြုပ်လျက် “လေတံခွန်ကို ပေငါးရာထိပဲ လွှတ်မယ်ဟုတ်လား ။ ဒါဆို ပြိုင်ဖြတ်ကျရင် ကြိုးတွေရှုပ်ကုန်မှာပေါ့ ဦးဦးရဲ့ ၊ ဒါမျိုးဆိုတာ မြင့်လေကောင်းလေပဲ” ။ တစ်နေ့လည်လုံလုံးလဲ သူတို့နှစ်ယောက်ဟာ အိမ်နားနီးချင်းပတ်ဝန်းကျင်မှာ ပုလင်းပို ပုလင်းကွဲတွေ လိုက်တောင်းရင်နဲ့ပဲ အချိန်ကုန်ကျသည် ။ ရှိုဟမွန်ရဲ့ အဒေါ်ကတော့ သည်ပုလင်းကွဲ ပုစုခရုအားလုံးကို မီးဖိုထဲမှာ ခွဲလိုက်ပြီး ကျည်ပွေ့တစ်ချောင်းနဲ့ တကျည်ကျည်ကြိတ်ရင်း လက်မမှာတောင် မတော်တဆ ဖန်ကွဲစစူသွားသေး၏။ ဖန်ကွဲစမွမွတွေအပေါ် ကော်ရည်ကျက်ကျက်ဖြင့်သိပ်စေပြီး ကောင်းကင်ပြာပြာမှာ စွန်ကြိုးကို ထင်သာမြင်သာရှိစေဖို့ ရည်ရွယ်လျက် ဆေးနီမှုန့်တွေကိုလည်း ဖျော်၍စပ်လိုက်သေးသည်။ ကျောင်းက ပြန်လာပြီဆိုသည်နှင့် ကောင်ကလေးနှင့် အိမ်ဘေးမြေကွက်လပ်မှာ စွန်ကြိုးကျစ်ရင်း အချိန်ကုန်ရတော့သည်။ ကျွမ်းကျင်အလုပ်သမား များလိုပင် သူတို့နှစ်ယောက်ဟာ ပ၀ါစုတ်နှင့်လက်သုတ်ကာ ၊ ပုံးတစ်ပုံးနှင့် အပြည့်ထည့်ထားတဲ့ မှန်စာတွေကို ကျစ်ကြိုးပေါ်မှာ အထူအပါးညီအောင် သတိထားပြီး သုတ်လိမ်းကြရသည် ။ အားလုံးအပြီးသတ်သွားချိန်မှာတော့ နှစ်ယောက်သား မီးဖိုချောင်မှာထိုင်ရင်း အိမ်နောက်ဖက်တစ်ခွင် ခြောက်သွေ့အောင်လှမ်းထားတဲ့ မှန်စာကြိုးနီနီတွေကို ငေးကြည့်ရင်း ငရုတ်ခင်းနီနီတစ်ခင်းကို ဖန်ဆင်းထားမိသလို လှပပေတကားဟု ၀မ်းသာအားရဖြစ်ကြလေသည်။



အခုတလော ကျောင်းမှ စက်ဘီးစီးအိမ်ပြန်လာတိုင်း တစ်ရွာလုံး စွန်လွှတ်ပွဲအကြောင်းပြောကာ သောင်းသောင်းညံနေကြသည့် အသံတွေကိုကြားရသည် ။ လက်ရည်တူကောင်ကလေးတစ်စုကို အသင်းလေးတွေဖွဲ့ပေးရင်း ရွာကုန်စုံဆိုင်ပိုင်ရှင်က နိုင်ငံခြားဖြစ် စွန်တွေနဲ့ ယှဉ်ပြိုင်ရဲသူတိုင်း သူ့ဆိုင်ကဒေသဖြစ် စွန်တွေနှင့် အခမဲ့လေ့ကျင့်ခွင့် ပေးကြောင်းစသည်ဖြင့် သွေးထိုးလှုံ့ဆော် ပေးတတ်သေးသည်။ တကယ်တကယ်ပြိုင်ပွဲနေ့ကျတော့ ပထမဆုံး ဂျပန်ဖြစ်လေတံခွန်ကို ဂျပ်သေတ္တာထဲကထုတ်ပြီး ကျောင်းဘေးက ကွပ်လပ်မှာလွှတ်တော့ လူအုပ်ကြီးက စိတ်ဝင်စားဟန်မပြဘဲ တိတ်ဆိတ်နေသေးသည်။ လေတံခွန်ဟာ သံခမောက်ဆောင်းဆာမူရိုင်းသူရဲကောင်းကို ကြီးမားတဲ့သွားတွေနဲ့ ကိုက်ဝါးထားတဲ့ “ဘရိုမို” ဂျပန်ဘီလူးကြီးရဲ့ မျက်နှာ သဏ္ဍာန် ။ ကြက်သွေးရောင်နှင့် အညိုဖျောဖျော့ စပ်ရောထားတဲ့သည်လေတံခွန်ကြီးဟာ ကောင်စွာထိန်းမတ်မပျံနိုင်သေးဘဲ ခပ်ကြမ်းကြမ်းလေအသုတ်ဝယ် တွဲလောင်းခိုကာပါနေသည် ။ “အာဋ္ဌာဝကကြီး ဟေ့” ။ ပရိတ်သတ်ကတော့ မဟာဘရတ ကဗျာရှည်ကြီးထဲက စစ်သူရဲကောင်းတွေကို ကျွတ်ကျွတ်မြည်အောင်ဝါးစားတတ်တဲ့ ဘီလူးတစ်ကောင်အမည်ပေးကာ အားပေးကြသည်။ ကလေးတွေအလယ်မှာ ရပ်နေတဲ့ ရှိုဟမွန်ကတော့ ရစ်ဘီးကို လှည့်ရင်း ကောင်းကင်ဆီကို မမှတ်မသုန် အာရုံစိုက်နေသည် ။ ပြဇာတ်တစ်ခုမှာ ဇာတ်ကောင်တွေ အ၀င်ရှိသလို လေတံခွန်မျိုးစုံဟာလည်း တစ်ခုပြီးတစ်ခုပေါ်လာ ကြသည်။ တက်ကြွစွာပျံဝဲနိုင်ပြီဖြစ်တဲ့ ဂျပန်လေတံခွန်ကြီးဟာ စွန်ကြိုးကိုဝှိက်ဝေ့လို့ လှလှပပကြီး ဝဲပြလိုက်သည် ။ ခေါင်းတုန်းပြောင်ပြောင်မှာ အဝတ်ပတ်ထားကြတဲ့လယ်သမားကြီးတွေ ၊ ဆံပင်တွေကိုထုံးနှောင်ထားကြတဲ့ မိန်းမကြီးတွေပါတဲ့ လူအုပ်ကြီးကတော့ သောင်းသောင်ဖျဖျ သြဘာပေးကြသည်။ နေရောင်ရောင်ထိုးနေတဲ့ ဖန်ခွက်တစ်လုံး ရောင်ပြန်ဟတ်နေသလို သူတို့တတွေရဲ့ တက်ကြွအားပေးမှုဟာ ကောင်းကင်တစ်ခွင် ကျဲပျံ့လို့နေသည် ။ သို့သော် ချက်ခြင်းဆိုသလို အားပေးဦးညွှတ်မှုတွေ့ လျော့ကျသွားလို့ မျက်လဲဆန်ပြာဖြစ်သလိုနဲ့ ခပ်တိုးတိုးပြောင်လှောင်ရယ်မောသံတွေ ဖုံးလွှမ်းသွားသည်။ “ကျောင်းဆရာ မိန်းမဟာကြီး ရှုံးမှာပါကွာ … ” တစ်ယောက်ယောက်က ခပ်အောင့်အောင့် ရယ်မော ရင်းအော်ပြောလိုက်သည် ။ သည်နောက်မှာတော့ ဒေသခံစွန်တွေရဲ့ အနိုင်ရလိုစိတ်နဲ့ စွန်ကြိုးတွေကန့်လန့်တိုက်ရင်း တစ်စွန်ပြီးတစ်စွန် အားပြိုင်ပြီး တွင်တွင်ကြီးဖြတ်ချနေတော့သည် ။ ခဏချင်းမှာပဲ ရှိုဟမွန်ဟာ ရှိသမျှစွန်တွေ အကုန်များကုန်ပြီးလားလို့ စိတ်ထင့်သွားမိပေမယ့် ကောင်ကလေးဟာ အိမ်ပြန်သွားပြီးနောက် ရှိသမျှ လေတံခွန် ဂျပ်သေတ္တာတွေကို သယ်လာခဲ့သည်။ နောက်တော့ ပျံလွှားပုံ ၊ ပုစင်းပုံ ၊ နောက်တော့တောင် ပုံဆိုးဆိုး ကမာကောင်ပုံရှိတဲ့ လေတံခွန်တွေဟာ လေဟုန်စီး တရှီရှီပျံဝဲရင်း ကွင်းပြင်တစ်ခွင်ဆူညံသွားသည် ။ သည်အဖြစ်ဟာ ဝေဟင်ဆပ်ကပွဲတော်တစ်ခုလေများလားဟု ထင်မှတ်မှားရပြီး လူအုပ်ကြီးရဲ့ လက်ခုပ်လက်ဝါးတီးအားပေးသံ တွေလည်းဆူညံသွားတော့သည် ။



ရှိုဟမွန်ဟာ သည်ပွဲကို လူအုပ်ကြားက ထက်သန်စွာ အားပေးနေတဲ့ သူ့အဒေါ်နှင့်မုဆိုးမလေးနှစ်ယောက်စလုံးကို လှမ်းမြင်လိုက်ရသည် ။ သူဟာ မီရကီရဲ့ စွန်တွေအတွက် ဂုဏ်ယူမိပြီး နောက်ဆုံးအနေဖြင့် အမြင်ရိုးလှသော်လည်း ဖျက်လတ်သည့် နာကာဆာကီ လေတံခွန်ကြီးကို ထုတ်ယူလိုက်သည် ။ ခဏနေတော့ သည်စွန်ကို ယှဉ်ပြိုက်ဖြတ်မယ့် ခပ်တောက်တောက် အမြီးရှည်ရှည် ဒေသဖြစ်စွန်တစ်စင်းဟာ တိမ်ကြားတွင်းမှတိုးထွက်လာသည် ။ တစ်ဒင်္ဂအတွင်းမှာပင် ဂျပန်ဖြစ်နှင့် အိန္ဒိယဖြစ် လေတံခွန်နှစ်စင်းဟာ မိုးကုပ်စက်ဝန်းထောင့်နှစ်ထောင့်မှာ မျက်ဆိုင်အနေအထားနေရာယူ လိုက်ကြသည်။ ပွဲစပြီ ဆိုသည်နှင့် နှစ်စင်းစလုံးဟာ တိုးဆင်းသည်လေယာဉ်နှစ်စင်းအဟုန်နှုန်းဖြင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုးဝင်လိုက်ကြသည် ။ ကောင်းကင်ပြာနောက်ခံဝယ် နာကာဆာကီစွန်ကြီးမှာ သဘာဝအားဖြင့် အင်အားကြီးဟန်ရှိသကဲသို့ အနီရောင်ဒေသဖြစ်စွန်မှာလည်း လူအုပ်ကြီး၏အားပေးမှုကို တခဲနက်ခံယူနေဆဲဖြစ်သည် ။ အလင်းရောင်ရော့လာချိန်တွင်မတော့ နောက်ဆုံးပိတ်ပွဲကြီးပွဲကောင်းအတွက် ရှင်းရှင်းလင်းလင်းဖြစ်အောင် အခြားစွန်တွေအားလုံးကို ရစ်ဘီးပြန်သိမ်းလိုက်ကြသည် ။ ရှင်လင်းသွားတဲ့ ကွင်းပြင်တွင်မတော့ ရည်ရွယ်လုပ်ဆောင်ချက်ဟူ၍ မရှိပါ။ နာကာဆာကီလေတံခွန်ကြီးဟာ တိုက်ကွက်ထောင်ချောက်အသစ်တစ်ခု ဆင်လာဟန်နှင့် မိုးမြင့်မြင့်မှ နိမ့်ချပြန်ဝဲနေသည် ။ အကြံအစည်တစ်ခုခုကို အကောင်အထည်ဖော်မည့်ဟန်နှင့်လည်း ပြိုင်ဘက်လေတံခွန်၏ တိုးဖောက်ဝင်ရောက်လာခြင်းကို ရှောင်ရှားလိုက်သည်။ တစ်နေ့တာလုံး စိတ်လှုပ်ရှားခဲ့ရမှုကြောင့် နွမ်းနယ်ဟန်ရှိတဲ့ လူအုပ်ကြီးကလည်း အော်ဟစ်အားပေးရာမှ စိတ်ပျက်လက်ပျက် ညည်းညူရေရွတ်လာကြပြန်သည် ။ ရှိုဟမွန်ဟာ မြက်ခင်းပေါ်မှာ ထိုင်လိုက်တော့ ကောင်ကလေးက အားကိုးတကြီးနှင့် သူ့လက်မောင်းကို ဆုတ်ကိုင်ထားလိုက်သည် ။ စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးလို အနီရောင်စွန်ကြီးကလည်း ကောင်းကင်မြင်ဆီမှ အိမ်ခေါင်မိုး မလွတ်တလွတ်ထိတိုင် နိမ့်ချလိုက်လာရင် တိုက်ကွက်ဆင်ပြန်သည် ။ သည်နောက်တော့ တည်တည်ငြိမ်ငြိမ်ပဲ လမ်းကြောင်းအတိုင်းပြန်တက်ရင်း ပြိုင်ဘက် နာကာဆာကီရဲ့စွန်ကြိုးကို တိခနဲနေအောင်ဖြတ်ပြီး ပြန်လည်မြင့်တက်သွားတော့သည် ။ သွားပြီ !! ။ နာကာဆာကီကြီးဟာ လေပင့်ရာအတိုင်း ကြိုးအမျှင်တန်းရင်း လွင့်ပါသွားတော့သည် ။ ကောင်ကလေးတစ်စုကတော့ ငါးများတံတွေလို တုတ်ရှည်ရှည်တွေနဲ့ စွန်လိုက်ရန်အပြေးအလွှားသွားကြသည်။ လေတံခွန်ဟာကျောင်းဝင်းကိုကျောင်ပြီး လေသင့်ရာယိမ်းကနေတဲ့ စပါးခင်းတွေကိုဖြတ်ကာ ရွှံအိမ်ကလေးတွေအပေါ်ပျံဝဲရင်း မဲတလာမြစ်ပြင်ဘက်ကိုကျသွားသည် ။ သည်နောက်တော့ တစ်ဒင်္ဂကအားဖြင့် ရေစီးဝယ်အားဖျော့စွာ မျောပါသွားရင်း ရေအောက်ကိုနစ်မြှုပ်သွားတော့သည် ။



အိမ်အပြန်တွင်တော့ ရှိုဟမွန်ဟာ ၀မ်းမြောက်ဂုဏ်ယူခြင်းပီတိကို ခံစားလိုက်ရသည် ။ သူ့ရဲ့စွန်လွှတ်ဘက်ကောင်လေးနှင့် ပတ်သက်ပြီးတော့လည်း ထူးထူးခြားခြားဆက်နွယ်မှု ဥယျောဇဉ်ကို ခံစားလိုက်ရ၏ ။ သည်အဖြစ်အပျက်တွေဟာ သေသေချာချာ အစီအစဉ်ချထားသလိုပါပဲလား ။ ပထမ စွန်တွေရောက်လာသည် ၊ နောက်တော့ ခြံဝင်းထဲမှာ နှစ်ယောက်သား ခြေရာခြင်းထပ်မတပ် လေ့ကျင့်ပြင်ဆင်မှု များမှသည် နောက်ဆုံးနေ့လည်က စွန်လွှတ်ပြိုင်ပွဲအထိ ။ ဒါတွေဟာ အဝေးက သူ့အိမ်သူဇနီးရဲ့ အစီအစဉ်တွေများလား … ။ ကုတင်ပေါ်မှာထိုင်ရင်း ပြတင်းအပြင်က ပိုးစုန်းကြူးတွေ ပျံဝဲဟန်ကို ငေးကြည့်လို့ နေ့လည်ကောင်းကင်မှာ လေတံခွန်တွေ ပျံဝဲဟန်ကို သူမြင်ယောင်မိသည် ။ အိပ်ပျော်လုဆဲဆဲမှ စားပွဲပေါ်တွင်ရောက်နေသည့် စာအိတ်ခပ်ကြီးကြီးတစ်လုံးကို တစ်ချက်လှမ်းမြင်လိုက်သည် ။မီးအိမ်ရဲ့ မီးရောင်မှာ မြင်သာအောင် ပင့်ကြည့်ရင်း အိတ်ကြီးထဲမှာမှ သူ့နာမည်တပ်ထားတဲ့ မီရကီရဲ့ လက်ရေးနှင့် စာအိတ်သေးသေးလေးတစ်လုံးကို မြင်ရသည် ။


(၅)


ပွဲပြီးလို့မီးသေရမယ့် အချိန်မျိုးမှာတော့ ရှိုဟမွန်ဟာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့မိသလို လိပ်ပြာမလုံဖြစ်ရသည် ။ နောက်တစ်နေ့မနက်မှာ ကောင်ကလေးကို သူနဲ့အတူကျောင်းကို ခေါ်သွားမည်လို့ အစီအစဉ်ရှိခဲ့သော်လည်း စာတစ်စောင်ဟာ သည်အကြံတွေကို ဖျက်ဆီးပြစ်လိုက်သည် ။ နံနက်စာ လက်ဘက်ရည်နှင့် ဆန်မှုန့်ပေါင်းကို ခပ်မှန်မှန်ဝါးရင်း စာအိတ်ကိုဖွင့် ၊ စာရွက်ပေါ်က ကြက်သွေးရောင်မှင်နှင့် စကားလုံးတွေကို တက်သုတ်ရိုက်ဖတ်နေမိသည်။


“အခုတော့ ရှိုဟမွန်ရေ .. ။ ကျမရှင့်ကို အရေးတကြီး ကိစ္စတစ်ခုပြောစရာရှိတယ် .. ။ ဆရာဝန်ကပြောတယ် ကျမကျန်းမာရေး မကောင်းဘူးတဲ့ ၊ အတော်ကြီးကို မကောင်းဘူးတဲ့ ။ သူက ကျမအလုပ်ကထွက်ပြီး ကျမအစ်ကိုများရှိရာ ရှိဟွန်းမြို့ဆီ သွားနေဖို့ အကြံပေးတယ် ။ ကျမအထင်တော့ မကြာခင်နေပြန်ကောင်းလာမှပါ ။ ရှင်စိတ်ပူဖို့တော့ မလိုပါဘူး ။ ကျမရဲ့ သေတန်းစာကိုတော့ စာအိတ်အသေး တစ်လုံးနဲ့ ချိတ်ပိတ်ပြီး ပို့ပေးလိုက်တယ် ။ ကျမ မရှိတော့ ဘူးဆိုရင်တော့ ရှင်သည်စာကိုဖတ်ပေါ့ … ”


ပထမဆုံးတုန့်ပြန်မှု အနေနှင့်ကတော့ စာပြန်ဖို့ ထိုင်လိုက်တာပါပဲ ။ ပြီးတော့မှ ထွက်ပေါက်တစ်စုံတစ်ရာ ကိုတွေးမိပြီး သူ့အခန်းဆီပြန်ခဲ့သည် ။ ခပ်မြန်မြန် အဝတ်အစားလဲလိုက်ပြီး တစ်ယောက်ထည်းကျောင်းဘက်သို့ စက်ဘီးနင်းရင်းထွက်လာ ခဲ့သည် ။ လေပင့်တိုင်း အပွင့်တွေ ခြွေခြွေချ တတ်သည့် မန်ကျည်းပင်တန်းတစ်လျှောက်ဖြတ်သန်းရင်း သူ့စိတ်ကိုဒုန်ဒုန်းချလိုက်သည် ။ အချိန်တန်လေပြီ ။ သူတွေးလိုက်မိသည် ။ တစ်ချိန်ချိန်တွင် သူ့ဇနီးရှိရာ ဂျပန်ပြည်ကို အလည်သွားဖြစ်ရင် သုံးဖို့ဆိုပြီး အနှစ်နှစ်က ချန်ထားခဲ့တဲ့ သူ့ကျောင်းခွင့်ရက်တွေကို အကျိုးရှိစွာ လက်တွေ့အသုံးချဖို့ အချိန်တန်လေပြီ ။ နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကို ပြုစုယုယနိုင်သမျှပြုစု ဖို့ အခွင့်သင့်လေပြီ ။ အရင်အတိုင်း စာတွေအပြန်အလှန်ရေး လက်ဆောင်အပြန်အလှန်ပေးကြသည်ထက် ပိုလို့လက်တွေ့ကျတဲ့ မီရကီနှင့် ပတ်သတ်ဆက်နွယ်မှု တစ်ခုခုအကောင်အထည်ဖော်ဖို့ သူ့မှာ ဝတ္တရား ရှိပြီလို့လဲ ခံယူနိုင်ခဲ့ပြီ။ ပြီးတော့ ရွာကျန်းမာရေးမှူး သူ့မိတ်ဆွေထံ မီရကီရဲ့ ရောဂါအခြေအနေကို ပြောပြပြီး သူ့ဇနီးကို ကြပ်မတ်ကုသဖို့ လမ်းညွှန်ချက်တွေတောင်းရဦးမည် ။ သူမရဲ့ ကံဆိုးမိုးမှောင်ကျမှု ၊ တစ်နည်း သူတို့လင်ကိုယ်မယားနှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှု မှာပဲ သူ့အတွက် အားအင်ခွန်အားတစ်ရပ်ကို တွေ့ရှိရလို့ ကိုယ်တိုင်ပင်အံ့အားသင့်ရင်း လမ်းကျဉ်းလေးတစ်လျှောက် စက်ဘီးကို တစ်ရှိန်ထိုး စီးနင်းသွားသည် ။


သည်ညနေစောင်းမှာတော့ သူ့ဇနီးနေထိုင်မကောင်းလို့ သူကျောင်းမှာခွင့်တင်လိုက်သည်ဆိုတဲ့ သတင်းဟာ ကျောင်းမှ တစ်ရွာလုံးကို ပျံ့သွားခဲ့ပြီး အိမ်အပြန် တံခါးဝမှာ သူ့ကိုစောင့်နေတဲ့ အဒေါ်နှင့် ကလေးအမေ မုဆိုးမလေးကို ပက်ပင်းတိုးမိတော့သည် ။ နှစ်ဦးစလုံးဟာ တိတ်တဆိတ်ငေးမောရင်း အဒေါ်လုပ်သူက -


“မင်းအဝေးကြီးကို သွားမယ်ပေါ့”



သူခေါင်းယမ်းလိုက်သည် ။



“ဒါဆို ကောင်မလေးသည်လာပြီး နေတော့မယ်ပေါ့”



သူထပ်မံခေါင်းယမ်း လိုက်မိသည် ။



“ဒါနဲ့များကွယ် …. ဘာလို့” အဒေါ်ခမျာ သက်ပြင်းချရင်း တူတော်မောင့်ရဲ့လုပ်ဆောင်ချက်တွေကို နားမလည်ဟန် နှင့် မီးဖိုဆောင်ဘက်လှည့်ကာ ပြန်ဝင်သွားသည် ။ “ဘာပဲပြောပြော သည်ရက်တွေမှာ မင်းကောင်ကလေးအတွက် အချိန်ပေးနိုင်တာပေါ့လေ …. ”



သည်လိုနဲ့ပဲ သည်ရက်တွေမှာ မီရကီထံစာရေးရင်း သူအကြောင်းကို တွေးရင်း အချိန်ဖြုန်းခဲ့ ရသည် ။ နောက်အလုပ်တစ်ခုကတော့ ကောင်ကလေးအတွက်အချိန်ပေးရတာပါပဲ ။ ကောင်ကလေးကို အက္ခရာသင်္ချာတွေ သင်ပေးရင်း ၊ သူ့ရဲမေးခွန်းတွေကို အဖြေပေးရင်း … ။ “ဂျပန်ဆိုတာ ဘယ်မှာလဲဟင်” တစ်နေ့ ကောင်လေးကမေးသည် ။ သည်မေးခွန်းကတော့ လွယ်ပါသည် ။ “သူ့ကိုရော ဦးဦးကဘာလို့ လက်ထပ်လိုက်တာလည်း” ၊ စားပွဲပေါ်မှ ဂျပန်ဂေးရှမယ် ရုပ်ကိုလက်ညှိုးထိုးရင်း “ဒါနတ်သမီး ရုပ်ထုလား ။ သူကရော ကျတော့်ကိုလက်ဆောင်တွေ ပို့ပေးမှာလား ၊ ဒါဆို သားလည်းသူ့ကို လက်ထပ်မယ်လေ” အိမ်စာလေ့ကျင့်ခန်း စာအုပ်ကို ပိတ်လိုက်ရင်း ကောင်လေးက အဆိုပြုသည် ။ တစ်နေ့ ကျတော့ ကောင်လေးက ပြောပြန်သည် ။ “အမေကလေ သားကိုခေါ်ပြီး အဝေးကိုထွက်သွားချင်နေပြီတဲ့” ။ ခုဆိုရင် သူ့အမေ မုဆိုးမလေးဟာ အိမ်အလုပ်တွေကို အောက်ခြေသိမ်းအကုန်လုပ်နေပြီဖြစ်သည် ။ နံနက်တိုင်းလည်း သူရွာလမ်းတစ်လျှောက် လမ်းလျှောက်မထွက်ခင်အထိ သူ့အခန်းတံခါးဝတွင် စောင့်နေတတ်မြဲဖြစ်သည်။ သူသွားပြီဆိုရင် တော့ သူမဟာ ပုံးတစ်လုံး တံမြက်စည်းတစ်ချောင်းနဲ့ အခန်းကို ရှင်းလင်းပေးရင်း သူ့ရဲ့ဖောင်တိန်အဖုံးကို ပိတ်ပေးခြင်း ၊ ခုတင်အောက်မှာ ရောက်နေတတ်တဲ့ သူ့ရဲ့ဖိနပ်တွေကို ရှာပေးခြင်းစတဲ့ ဗဟီတွေ အဆုံး တစ်ခန်းလုံးကို အစစအရာရာပြင်ဆင်ပေးသည် ။ ရှိုဟမွန်ရဲ့ ဆန္ဒအတိုင်းပဲ သူမဟာ မီရကီရဲ့ ပန်းချီပုံတူကားကြီးကို သည်အတိုင်းထားလိုက်ပြီး နံရံပေါ်မှာ ချိတ်ဖို့ ရိုက်ထားတဲ့ သံတစ်ချောင်းဟာလည်း ငုတ်တုတ်ကျန်ရစ်သည် ။ ရှိုဟမွန် အနေနှင့်ကလည်း သူမရောက်လာသည့်အတွက် အပြောင်းအလဲများကို မသိမသာ လက်ခံမိမြဲဖြစ်သည် ။ သူ့အဒေါ်ချက်နေကျဟင်းတွေထက် နည်းနည်းအငန်ကဲနေတတ်တဲ့ သူမချက်တဲ့ လက်ရာတွေ ၊ နံနက်တိုင်း မုတ်ဆိတ်ရိတ်ဖို့ ကောင်ကလေး သူ့အခန်းဆီ ပြေးလာပေးတတ်တဲ့ ရေနွေးတစ်ဇလုံ ၊ နောက် သူတို့ဘုရားစင်က အိမ်တွင်းမယ်တော် လက်ချမီးကို ပူဇော်ရွတ်ဆိုတဲ့ သူမရဲ့ ဘုရားရှိခိုးဆုတောင်း စာသားများ။ “မုဆိုးမတွေဟာ လက်ချမီးမယ်တော်ကို ဖူးခွင့်ရှိရဲ့လား ” သူ အဒေါ့်ကိုမေးခဲ့သည် ။ “ဒါသူ့အိမ်ပဲလေကွယ် …” အဒေါ်က ခပ်ပေါ့ပေါ့ပင် အဖြေပေးခဲ့သည် ။ “ရှိခိုး ပူဇော်တယ်ဆိုတာမျိုးမှာ အပြစ်ဖြစ်တယ်လို့တော့ မရှိပါဘူးကွယ် …” ။ ကောင်ကလေးကလည်း သူ့အဒေါ်ကို အဘွားလို့ခေါ်စပြုလာပြီဖြစ်သည် ။ သူအနေနှင့်ကတော့ ဘယ်လိုပဲကြိုးစားကြိုးစား သည်မိန်းကလေးဟာ မီရကီ သူ့အစ်ကိုထံခိုလှုံရသလို သူထံလာရောင်ခိုဝင်တဲ့ ကံဆိုးရှာသူ နှမလေးတစ်ယောက်လိုလဲ သဘောမထားနိုင်ပြန် ။ သူကတော့ အဒေါ်နှင့်သူ့ကြားမှာ တဖြည်းဖြည်းဝေးကွားသွားသလို ခံစားလိုက်ရသည် ။ မီရကီရဲ့ ကျန်းမာရေးအခြေအနေအကြောင်းကို သူပြောတိုင်းလည်း အဒေါ်လုပ်သူမှာ စိတ်ဝင်တစား မရှိတော့ကြောင်း သူသတိထားမိလာသည် ။ “ဟဲ့ သူကရော မင်းပြောတဲ့ အတိုင်း တကယ်လိုက်နာတယ် ထင်လို့လားကွယ် ။ မင်းရဲ့ ဘုရားကု ကုတာကိုရော အရေးစိုက်မယ်ထင်လို့လား ။ သူတို့ ဂျပန်မှာက ဆေးတွေဝါးတွေက တို့ဆီကထက် အပုံကြီးပိုကောင်းပါတယ်လေ.. ” ။ ကြာလာတာနဲ့ အမျှ အဒေါ်က သည်အကြောင်းကို စကားအစပင် မခံတော့ချေ ။ “မင်းပူမနေပါနဲ့ ။ သူ့အစ်ကိုအရင်း တစ်ယောက်လုံး စောင့်ရှောက်နေတဲ့ဟာကို .. ” ၊ ကောင်ကလေးကတော့ သူ့ရဲ့စိတ်ပူပန်မှုတွေကို မျှဝေနိုင်တဲ့သူ ဖြစ်လာခဲ့သည် ။ စာပို့သမား စာတွေလာပို့တိုင်းလည်း သူ့အခန်းဆီပြေးသွားပေးတတ်ပြီး ရှိုဟမွန်စာဖတ်နေတုန်းမှာလည်း အခန်းဝဝယ် စိတ်ရှည်လက်ရှည်စောင့်နေတတ်သည် ။ ရှိုဟမွန်ကလည်း စိတ်စောသိချင်ဟန်ရှိတဲ့ကောင်လေး မျက်နှာကို ကြင်နာစွာကြည့်ရင်း “သူနေကောင်းနေပါပြီကွာ..” လို့ လိမ်ညာပြီးပြောတတ်သည် ။



မုတ်သုန်ရာသီဝင်စလ တစ်လမှာ ၊ ရှိုဟမွန် ကောင်ကလေးကို အိမ်စာတွေပြပေးအပြီး အဒေါ်က အခန်းထဲကို ၀င်လာကာ ခုတင်ပေါ်မှာ ထိုင်လိုက်ရင်း မုဆိုးမလေးအနေနှင့် ရွှေတိုငွေစလေးတွေကို အပေါင်းထားပြီး ကလေးကို ကင်ပွန်းတပ်မင်္ဂလာပြုပေးလိုသည့် အကြောင်းပြောပြသည် ။ ဘုန်းကြီးတွေကို ကပ်လှူရမှာတွေ ၊ နောက်ပတ်ဝန်းကျင်ကိုလည်း ဖောဖောသီသီကျွေးချင်သေးတာကြောင့် အတော်လေးငွေကုန်မည် ဖြစ်ကြောင်းလည်းပါသည် ။ ကောင်ကလေးကို အက္ခရာသင်္ချာသင်ပေးရုံအပြင် အခြားဘာသာရေးထုံးစံတွေကို သတိမပြုမိလေတော့ ရှိုဟမွန်ဟာ သည်ကိစ္စကိုတော့ စိတ်ဝင်တစား နားထောင်နေသည်။ “မင်းကောင်မလေးကို ကိန္ဒီမြို့အထိ လိုက်သွားပေးလိုက်ပါ ရှိုဟရယ် .. ။ သိတဲ့အတိုင်းပဲ သည်လိုနေရာတွေဟာ မိန်ကလေးတစ်ယောက်ထည်းသွားဖို့ အန္တရယ်များလှတယ် ..” သိက္ခာမဲ့တဲ့ ကိစ္စတစ်ရပ် မဟုတ်သည့်တိုင် သည့်အတွက် သူ့အတွင်းစိတ်က အပြင်းအတန်ငြင်းဆန်နေမိသည်။


“ဒါပေမယ့် ခုတလော မြစ်မှာရေတက်နေတယ်လေ ။ နောက်တစ်လ နှစ်လလောက်စောင့်ရင်ပို မကောင်းဘူးလား ။”


“ဘုန်းတော်ကြီးတွေကတော့ အခုချက်ချင်းလုပ်စေခြင်ကြတယ် …”


“ကျတော်တို့ သူ့ကို ငွေထုတ်ချေးလိုက်ရင်ကော”


“မင်းချေးမလို့လား ” အဒေါ်က သူ့ကို အထူးအဆန်းကြည့်လိုက်သည် ။


သူ့ရဲ့စိုးရိမ် ပူပန်မှုတွေဟာ ခြေခြေမြစ်မြစ်တော့ မရှိလှပါ ။ ကိန္ဒီမြို့အသွား မော်တော်ပေါ်မှာလိုက်ပါရင်း ၊ ဟိုအရင် ကျောင်းအဖွင့် ရွာကနေ ကာလက္ကတားကောလိပ်အပြန် ခရီးကို သူပြန်လည်မြင်ယောင်မိသည် ။ သည်လိုလွမ်းမောခဲ့ရတဲ့ နှစ်သက္ကရာဇ်တွေဟာ ရေလွှမ်းတဲ့ မြစ်နဘေးရွာလေးတွေကို မော်တော်ဖြတ်သလို ခဏခြင်း ကုန်ဆုံးသွား ရစမြဲဖြစ်သည် ။ သူဟာ မြစ်ကမ်းနဘေးက အမြစ်ဖွာဖွာ သစ်ပင်ကြီးတွေရေမှာ မြုပ်နေတာတွေ ၊ နှုစ်မြုပ်နေပြီဖြစ်တဲ့ မော်တော်ပျက်တွေ ၊ သည်အပျက်အစီးတွေကြားမှ ရေကြောင်းသတိပေး ဆိုင်းပုတ်သေးသေးလေးတွေကိုတောင် သတိမမူနိုင်ပဲ ဖြစ်လျက်ရှိသည် ။ မော်တော်ပေါ်မှ ပစ္စည်းချိတ်ရန်တန်းကလေးတွေဟာ ပြောင်ရှင်းလျက် နဘေးကလူတစ်စုမှာ လက်ဆွဲအိတ်တွေကို လက်မှာခပ်မြဲမြဲဆုတ်ကိုင်ရင်း မော်တော်ဝမ်းထဲရေတွေဝင်နေသည်ကို စိတ်ကြည့်နေကြကြောင်း ရှိုဟမွန် သတိထားမိပြီး တထိတ်တလန့်ပင် ဖြစ်သွား၏ ။ တစ်ဖက်ဆိပ်ကမ်းကိုရောက်ချိန်ကျတော့ သူက မုဆိုးမလေး၏ လက်ဆွဲအိတ်ကို ကူ၍သယ်ပေးလိုက်သည်။ ထီးတွေကိုယ်စီဖွင့်ဆောင်းရင်း နှစ်ယောက်သား ရွှံတွေနဲ့ ချောနေတဲ့ လူသွားလမ်းကျဉ်းကျဉ်းလေးအပေါ် သတိထား၍ လျှောက်လာခဲ့ကြသည်။ ဈေးနားရောက်တော့လည်း ငါးခြောက်နံ့ ဟင်းသီးဟင်းရွက်ပုပ်နံ့တွေကြောင့် ကိုယ်စီနှာခေါင်းရှုံ့ကာ ဖြတ်လာခဲ့ကြသည်။ သူ့အကြည့်ဟာ ကြီးမားလှပတဲ့ ဖရဲသီးတွေကိုငေးကြည့်ရင်း သိပ်နေကောင်းပုံမရတဲ့ ခရမ်းသီးသည်ရဲ့ ဈေးခေါ်သံကို လျစ်လျူပြုကာ စီးကရက်ဝယ်ရန် ခဏရပ်လိုက်သည်။ “မပုပ်ခင်လေး ဈေးချိုချိုနဲ့ ဝယ်စမ်းပါတော်” ။ ဆိပ်ကမ်းဈေး ဂိတ်ရှေ့ဝင်ပေါက်ပေါ်က အမိုးအကာတွေကလည်း မြစ်ရေကြီးမှုဒဏ် ကို ခံရပါများလို့ ပြိုပျက်ကျလုမတပ် အခြေအနေဆိုးနေသည်။ ရှိုဟမွန်ဟာ မုဆိုးမလေး သူ့ကိုမှီလာစေရန် စောင့်ခေါ်လိုက်ပြီးတော့ နောက် ခပ်မှိုန်မှိုန်တွေရော ၊ တောက်တောက်ပပ ပစ္စည်းတွေပါရှိတဲ့ နိမ္ဗာန်ကုန်ဈေးတန်းရှေ့ ရောက်တော့မှ အမျိုးသမီးကို ရှေ့မှသွားစေသည်။ ကြာပန်းငါးခိုင် ပုံစံ ကြေးမီးခွက်တွေရောင်းတဲ့ ဆိုင်ရှေ့ရောက်တော့ သူမ ဈေးမေးဖို့ရပ်လိုက်၏ ။ ပွဲအတွက် လိုမယ့် စန္ဒာကူးသားချောင်းတွေ ရောင်းတဲ့ ဆိုင်မှာ သူမဈေးဆစ်တော့ သူလည်းဈေးတည့်သည်အထိ စောင့်နေလိုက်သည်။ နောက်တော့လည်း အစီအစဉ်အတိုင်း ဟိုသူငယ်ငယ်တုန်းက အဒေါ်လုပ်သူရဲ့ မီဖိုကြောင်အိမ်ထဲမှ ခိုးခိုြးုပီးစားတတ်တဲ့ ထန်းလျက်ချောင်းတွေရောင်းတဲ့ လက်လီဆိုင်တန်းတွေ တစ်လျှောက် သူမ သူ့ကိုခေါ်လာပြန်သည်။ မုဆိုးမလေးက ကျောက်သားခပ်မည်းမည်းနဲ့ ထုထားတဲ့ ရှီဗ ဘုရားဆင်းတုကိုဝယ်တော့ စေတသိတ်စေတနာရဲ့ လှုံ့ဆောင်မှုကြောင့် သူပိုက်ဆံထုတ်ပြီး ငွေရှင်းပေးလိုက်သည်။ နောက်တော့ တံခါးပေါက်အပျက်တစ်ခုနားမှာ သူ့ကိုစောင့်ခိုင်းထားခဲ့ပြီး သူမကတော့ လက်ဆွဲအိတ်လေးကိုဆွဲကာ အထဲကိုဝင်သွားခဲ့သည် ။


ရှိုဟမွန် ဗိုက်ဆာလာသလိုလို ရှိသည်။ ပြီးတော့လည်း သည်ခရီးစဉ် ၊ သည်အမျိုးသမီး အဖော်နှင့် ပတ်သတ်လို့ မျှော်လင့်မထားခဲ့တဲ့ ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာကို သူခံစားလိုက်ရသလိုရှိ၏ ။ သူမဟာ ရှက်တတ်လွန်းသလို ရှိပေမယ့် ကိုယ်ပိုင်ဥာဏ်စွမ်းဥာဏ်စရှိပြီး အရာရာမှ လက်တွေ့ကျတဲ့ အမျိုးသမီးပေပဲ ။ “ကောင်မလေး ခမျာကံတော့ဆိုးရှာတယ် ” သူတွေးမိရင်း ကောင်ကလေးရဲ့ ကင်ပွန်းတပ်ပွဲအတွက် အစစ အရာရာ တာဝန်ယူအကုန်အကျခံ မပေးမိတဲ့အတွက် လိပ်ပြာမသန့်သလို ခံစားလိုက်ရသည်။ ရှီဗ ဆင်းတုတော်နှင့် ကြာပန်းခိုင်ခြင်းတစ်ခြင်းကို ဆွဲပြီးထွက်လာတဲ့ မိန်းကလေးကို ငေးကြည့်ရင်း သူတို့နှစ်ယောက်ကြား ခြားနားနေတဲ့ ဘ၀နှစ်ခုကိုရော ၊ နောက် တစ်မိုးအောက်မှာ အတူတူအိပ်စက်ကြ ရတဲ့ ဆက်နွယ်မှုတွေကိုပါ သူတွေးတော လိုက်မိသည်။ ပုစွန်ဆိုင်ရှေ့မှာ ခဏထိုင်ကြတော့ သူ့စိတ်ထဲမတင်မကျ ရှိလှတဲ့ ကောင်လေးကိုခေါ်ပြီး ဘာကြောင့်များ ပြန်သွားချင်ရသလဲ ဆိုတဲ့ မေးခွန်းကို အရဲစွန့်ပြီး မေးလိုက်သည်။


မုဆိုးမလေးဟာ တစ်စုံတစ်ရာသက်သာမှု ရသွားတဲ့မျက်နှာလေးနဲ့ သူ့ကိုပြုံးကြည့်လိုက်ပြီး တစ်ခုခုများ စားချင်းသလားလို့မေးလိုက်သည် ။ နှစ်ယောက်သား လူခပ်ရှုပ်ရှုပ်လမ်းလေးကိုဖြတ်ရင်း ထမင်းဟင်းရောင်းတဲ့ ဆိုင်လေးတွေရှိရာ မြစ်ကမ်းဘက်ကို လျှောက်လာခဲ့ကြသည်။ ခပ်ကျဉ်းကျဉ်း သစ်သားခုံ စားပွဲပေါ်မှာထိုင်ရင်း နှစ်ယောက်သားတိတ်တဆိတ်ပင်စားသောက်ကြသည်။ သူကတော့ သူမကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကနဲ့ ဘာမှ မပြောင်းလဲသေးတဲ့ မိန်းကလေးကို အံအားသင့်နေမိသည်။ သူမှတ်မိတာ ကတော့ ခပ်ရှက်ရှက်ပုံစံလေးနဲ့ စိုက်ကြည့်လိုက်တိုင်း အကြည့်လွှဲသွားတတ်သည့် ပုံစံလေးကိုပါ။ သည်တစ်ခါလည်း မိန်းကလေးဟာ သူ့ပန်းကန်ဆီအကြည့်လွှဲလိုက်ပြီး သူဗိုက်မဝသေးကြောင်း သိဟန်ဖြင့် ခရမ်းသီးကြော်တစ်တုံးကို သူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ ချောနေတဲ့ မော်တော်ကုန်းပေါင်ပေါ်တက်တော့ ရှိုဟမွန်က သူမရဲ့လက်မောင်းမှ ပင့်ကိုင်ပေးပြီး နောက်ပိုင်းကျကျ လူစုစုဘေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြသည်။ သည်တစ်ညနေမှာဖြင့် မဲတလာ မြစ်ပြင်ဟာ မိုးရိပ်လေရိပ်မဆင်ဘဲ တထူးတဆန်း သာတောင့်သာယာ ရှိလှပါ၏ ။


ရှိုဟမွန်ဟာ မော်တော်ပေါ်မှာပေါ်လာတဲ့ စာပို့သမားကို စာပို့ပုံးကြီး မပါသည့်တိုင်မှတ်မိလိုက်သည် ။ သူကလည်း ပြန်လည်ပြုံးပြ နှုတ်ဆက်ပါ၏ ။ တစ်ချိန်လုံးလိုလိုပဲ ရှိုဟမွန်ဟာ ဘင်္ဂလားပင်လယ်အော်ရှိရာ မိုးကုပ်စက်ဝိုင်းဆီ ငေးကြည့်ရင်းလိုက်ပါလာသည်။ လှိုင်းလူးလို့ မော်တော်ယမ်းခါသွားတိုင်းလည်း သူ့နဘေးမှ မိန်းကလေးကို သတိရလာ၏ ။ “ငါရဲ့ရွေးချယ်မှုကို သူဘယ်လိုများထင်ရှာမလဲ ” သူသိချင်မိသည် ။ “ငါသူ့ကို ငြင်းလိုက်လို့ သူဘယ်လိုများ ခံစားရရှာမလဲ ။ ခုဆိုရင်ရော သူငါ့ကိုဘယ်လိုများ သဘောထားသလဲ ….” ။ ချစ်ရသူတွေနှင့် ကွေကွင်းရခြင်း ကံတူအကျိုးပေး သူတို့နှစ်ယောက်ရဲ့ အဖြစ်ကိုလည်း ဆင်ခြင်မိသည်။ မိန်းကလေးကတော့ လင်ယောက်ျားဆုံးလို့ သေကွဲကွဲရတာ … ။ သူ့ ကျတော့ …. ။ “မဟုတ်ဘူး … ” သူ့အတွေးတွေကို ချက်ခြင်းဖြတ်ပစ်လိုက်သည်။ သူတို့လင်မယားချင်း စာအဆက်အသွယ် ရှိကြတာပဲ မဟုတ်လား ။ နေ့လည်စာ စားတုန်းက သူ့ကို ဟင်းထည့်ပေးသည့် အဖြစ်ကိုတွေးမိပြန်တော့ စကားလေးဘာလေး စပြောဖို့ လည်ချောင်းရှင်းရင်း စကားစရှာမိသည် ။ နောက်ဆုံးတော့ သူ့အကြောင်းကို သည်မိန်းကလေးသိစရာမလို သလို ၊ ခပ်ရှက်ရှက်သည် မုဆိုးမအကြောင်းကိုလည်း သူသိရန်မလိုလို့ နှလုံးပိုက်မိတော့သည်။ ရွာထိပ်က ဆိပ်ကမ်းမှာတော့ ကောင်ကလေးက လက်ဝှေ့ယမ်းပြရင်း သူတို့ နှစ်ဦးကို ထွက်ကြိုနေသည်။ “ဦးဦးရေ သည်နေ့တော့ ဘာစာမှ မလာဘူးဗျ ….”


အဲသည်ညမှတော့ ခြံဝင်းထောင့်မှ ထူးထူးခြားခြားရှိုက်သံလေးကြောင့် ရှိုဟမွန် အိပ်ရာမှ နိုးလာခဲ့ရသည်။ မျက်မှန်ကိုကောက်တပ်လိုက်ပြီး စီးကရက်တစ်လိပ်ကောက်ဖွာလိုက်သည် ။ နောက်တော့ သူ့ဖျာပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးကိုကျော်ရင်း ၊ တရှုးရှုးဟောက်သံပေးရင်း အိပ်မောကျနေတဲ့ သူ့အဒေါ်ရှိရာ တံခါးပေါက်မှ တစ်ဆင့်မီးဖိုချောက်ဘက်ဆီကို ဖြတ်လျှောက်လာခဲ့သည်။ အဲသည်မှာပဲ မော်တော်ပေါ်မှ နေ့လည်ကဆောင့်ကြောင့်လေးထိုင်ခဲ့တဲ့အတိုင်း ထိုင်ပြီး အမှောင်ကြီးထဲမှ လေတံခွန်တွေ ၀ဲသလို လူးလာပျံသန်းကြတဲ့ ပိုးစုန်းကြူးတွေကို ငေးကြည့်နေရှာတဲ့ မုဆိုးမလေးကို သူတွေ့လိုက်ရသည်။ အင်အားကြီးမားတဲ့ ဆန္ဒတစ်ခုရဲ့တိုက်တွန်းမှုကြောင့် ရှိုဟမွန်ကိုယ်တိုင် သည်နဘေးကိုရောက်သွားပြီး မျက်ရည်တွေချောင်းစီးနေရှာတဲ့ မျက်နှာလေးကိုပင့်ကိုင်ရင်း သူရင်ခွင်အတွင်းဆွဲသွင်းကာ မိန်းကလေးကို အားရပါးရ ငိုကြွေးစေခဲ့သည် ။


(၆)


“မနေ့ညက ကိုယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းကိုပြောပြရလိမ့်မယ် မီရကီ .. ” သူအစပြုဖို့ ကြိုးစားတိုင်း စာကိုဆက်လို့ ရေးနိုင်စွမ်း မရှိခဲ့ပါ ။ စိုစွတ်ပြီး မြူတွေဆိုင်းနေတဲ့ နံနက်အရုံတက် အချိန်ကတည်းက အိပ်ယာမှထလို့ စာရေးစာပွဲပေါ်မှာ မလှုပ်မရှားထိုင်နေခဲ့သည် ။ သူ့အနေနှင့်ကတော့ အရင့်အရင်တုန်းကလိုပင် အရာရာကို မချွန်းမချန် မီရကီဆီ အစီအရင်ခံဖို့ လိုကြောင်း ခံစားသိနေရသည် ။ ဇနီးမယားပီသစွာပင် သူနေမကောင်းဖြစ်သည်ကအစ မီရကီ သူ့ကို အကုန်ပြောပြာခဲ့သည် မဟုတ်ပါလား ။ သည်သတင်းကြောင့် မီရကီ စိတ်ထိခိုက ရမှာကိုတော့ သူသိသည်။ ပိုဆိုးတာက သူမ နေမကောင်းဖြစ်နေချိန်မှာ ရှိုဟမွန်သူမကို ခွာသွားသည်လို့ နောက်ဆုံးအချိန်အထိ သူမအစွဲကြီးစွဲသွား နိုင်သည်။ “ရှင်မုဆိုးမလေးကို လက်ထပ်လိုက်ပါ ရှိုဟမွန်ရယ် ။ မိန်းကလေးခမျာလည်း ရှင့်လို အထီးကျန်ရှာတယ် မဟုတ်လား …” သနားစဖွယ် ခံစားမှုတွေ ရောင်ပြန်ဟတ်နေမည့် မီရကီထံမှ ပြန်စာကို သူမြင်ယောင်မိသည် ။ ဒါပေမယ့် သူစိုးရိမ်တာ တစ်ချက်က သူ့ရဲ့ဝန်ခံချက်အပေါ် မီရကီ ဘယ်လိုမှ မတုန့်ပြန်ဘဲ ဘောပင်ကိုပစ်ချကာ သူတို့လက်ထပ်ခဲ့ကြသလိုပင် လွယ်လွယ်နှင့် ဇနီးခင်ပွန်းအဖြစ်မှ ပြတ်စဲသွားမည်ကိုပင်ဖြစ်သည် ။ သူ့အဒေါ်ရဲ့ စကားတွေကလည်း သူ့ကိုခြောက်လှန့်နေဆဲ ဖြစ်သည်။ “မင်းမိန်းမမှာရော တစ်ခုခုဖြစ်တယ်ဆိုရင်တောင် မင်းသိမှသိရပါ့မလား ။ သူ့မှာရောသည်လိုဆိုရင် မင်းကို ဘယ်သူလာ အကြောင်းကြားမှာတဲ့တုန်း …” ။ မီရကီဆီမှ စာအလာရပ်ဆိုင်းသွားရင်တော့ သူမသေဆုံးသွားကြောင်း သူသိနိုင်ပေမည်။ သူကြောက်တာတစ်ခုကလည်း တကယ်လို့ သူနှင့်မုဆိုးမလေးအကြောင်းသာ မီရကီသိရရင် သူမအသက်ရှင်နေသည့်တိုင် စာအသွားအလာ ရပ်စဲသွားနိုင်သည် ။ သို့တိုင်အောင် မဖြစ်မနေပြောရမည်ဆိုတဲ့ အသိက သည်အကြောက်တွေထက်ပို၍ အားကောင်းနေသည် ။ သည်အမှန်တရားကို သာဖွင့်မပြောရရင် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်းက သူတို့လင်မယားကောင်းတိုင်ပင် ဆိုးတိုင်ပင် စာတွေဟာ အလဟသ တန်ဖိုးမရှိဖြစ်သွာလိမ့်မည်။ “ဟုတ်ပါတယ်လေ .. သစ္စာမဲ့တဲ့ ယောက်ျားတစ်ယောက်ဟာ ဘာတန်ဖိုးရှိတော့မှာလဲ ။ သည်လိုယောက်ျားမျိုးဆီက ဘယ်မိန်းမမျိုးမဆို လေတံခွန်တွေ အဝေးကို ပျံဝဲသွားသလို စွန့်ခွာသွား ကြစမြဲ မဟုတ်လား ….”


ကောင်ကလေးကို မီရကီဆီရေးထားတဲ့စာကို သွားထည့်ခိုင်းပြီးတဲ့နောက် ရှိုဟမွန်ဟာ စွန်လွှတ်ပွဲတော်နေ့ ကရောက်လာတဲ့ စာအိတ်လေးကိုထုတ်ရင်း အခန်းထဲမှာထိုင်နေခဲ့သည် ။ သည် မီရကီရဲ့ သေတန်းစာပါတဲ့ စာအပြင်နောင်ထပ် သူမထံမှ မည်သည်စာမှရောက်လာတော့မည် မဟုတ်။ အပြုံးချိုချို စာပို့သမားနှင့်တစ်ဆင့် မဲတလာမြစ်ကို ဖြတ်ကာ မည်သည့်လက်ဆောင်မှလည်း ရောက်လာတော့မည် မဟုတ်ချေ ။ သူမသေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ သည်စာဟာ မီရကီဆီမှ နောက်ဆုံးစာပေပဲ ။ တုန်ရီနေတဲ့ လက်ချောင်းတွေနဲ့ စာအိတ်ကိုဖြဲလိုက်ပြီး စာအခေါက်ကိုဖွင့်ရင်း စားပွဲပေါ်မှာ ဖြန့်လိုက်သည်။ သည်နောက်တော့မှ ကြက်သွေးရောင်မှင်ဖြင့်ရေးထားတဲ့ စာကို စတင်၍ဖတ်လိုက်သည် ။ “ချစ်ရတဲ့ ရှိုဟမွန်ရေ.. ရှင်သည်စာကို စဖတ်ပြီဆိုတာနဲ့ ကျမသည်လောကကြီးထဲမှာ ရှိတော့မှာ မဟုတ်တော့ဘူး ….”


(၇)



လေပြင်းမုန်တိုင်းကြီးဟာ တမာပင်တန်း ၊ မန်ကျည်းပင်တန်းတွေကို ချိုးဖျက်လျက် လျိုနိုင်းဒေသတစ်ခွင် အညိုးတကြီး တိုက်ခတ်ဖျက်ဆီးသွားခဲ့သည် ။ အရင်တုန်းကတွေလိုပဲ လယ်သမားတွေရဲ့ ကောက်လှိုင်းတွေကို သယ်မဖျက်ဆီးရုံသာမက ကျောင်းအဆောက်အအုံတစ်ခုလုံးကို ပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့သေးသည် ။ ကံကောင်းထောက်မစွာပင် ရွာမော်တော်ဟာ အချိန်မီအဖိတ်အစင်မရှိ ကမ်းကပ်နိုင်ခဲ့ပြီး ဥတုရာသီသာယာသွားသည်နှင့် အရင်လိုပင်ခေါက်ပြန် ပြေးဆွဲနေပြီဖြစ်သည် ။ ဆောင်ဦးပေါက်စ ရာသီမှာတော့ တစ်ရွာလုံး စိတ်မကောင်းဖြစ်ဖွယ် သတင်းဆိုးတစ်ရပ်အဖြစ် ရွာကျောင်းမှာ သင်္ချာသင်တဲ့ ကျောင်းဆရာ ရှိုဟမွန် ချာကာဘာထရီ တစ်ယောက် မုန်တိုင်းထက် အန္တရာယ်ကြီးတဲ့ သေတတ်တဲ့ ခြင်ကြားအကိုက်ခံရလို့ ငယ်ငယ်ရွယ်ရွယ်ရေတိမ်နစ်ကွယ်လွန်သွား ရှာတဲ့ အဖြစ်ပါပဲ ။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေသာမက တစ်ရွာလုံးဟာ သူ့ကိုဆုံးရှုံးမှု အတွက် ပူပန်သောကရောက်ကြရပါ၏ ။ မြို့ကိုသွားပြီး ပညာသင်နေရှာတဲ့ သူ့ရဲ့ မယားပါမွေးစားသားကောင်ကလေးဟာလည်း အားကိုးရာမဲ့ ငိုရှိုက်ရင်း ရွာပြန်လာခဲ့ရှာသည်။ သည်ကျောင်းဆရာဟာ တပည့်တွေအပေါ် ၀တ္တရားကျေသည့်အပြင် စေတနာလည်းပိုခဲ့ရှာသည်မဟုတ်ပါလော ။ သနားစရာ သူ့အဒေါ်အတွက်ကတော့ ဖြေသိမ့်စရာ စကားလုံးမရှိရာပါ။ အဒေါ်လုပ်သူရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကျောင်းအုပ်ဆရာကြီးက ဂျပန်နိုင်ငံမှာ ရှိတဲ့ ကျောင်းဆရာရဲ့ ဇနီးတစ်ယောက်ကို ခင်ပွန်းသေဆုံးပြီ ဖြစ်တဲ့အကြောင်း စာရေးအကြောင်းကြားလိုက်သည် ။

သူဇနီးရောက်လာခဲ့ပါသည် ။ ဟိန္ဒူရှေးထုံးစံအတိုင် ခင်ပွန်းသေဆုံးစ အမျိုးသမီးတွေလို ခေါင်းကိုပြောင်အောင်ရိတ်လျက် ၊ အဖြူရောင် ချည်ဆာရီကို ဝတ်လျက် သူမ အရောက်လာခဲ့ပါသည် ။ ကိန္ဒီမြို့ဆိပ်ကမ်းမှ မော်တော်စီးလျက် အမျိုးသမီးလိုက်ပါလာသည်။ ခပ်မတ်မတ်ထိုင်ရင်း မိုးကုပ်စက်ဝန်းဆီမျှော်ငေးလျက် ဖြူဖတ်ဖြူရော် သူမ၏ ပုံစံကြောင့် လူတိုင်းလိုလိုပင် သတိပြုမိကြသည် ။ လျိုနိုင်းဆိပ်ကမ်းအရောက် ရွှံထူထူကမ်းပါးကိုကျော်လာပြီး လန်ချားတစ်စီးကို လှမ်းခေါ်ကာ သည်ရွာက ဂျပန်လူမျိုးဇနီးရှိတဲ့ ကျောင်းဆရာရဲ့ အိမ်ကိုပို့ပေးပါဟု အမျိုးသမီးကပြောလိုက်လေသည် ။ ။

ပြီး

အောင်ဖြိုး

(Dec 12, 2008 , 12:24am)

( P.S ဖတ်ပြီးကြပြီဆိုရင် ရုပ်ရှင် Trailers လေးတွေကို ခံစားကြည့်ကြပါဦး )

2 comments:

Kay said...

အောင်ဖြိုးရေ- အစအဆုံး..သေသေချာချာ စောင့်ဖတ်သွားပါတယ်။ ရသ တခုတော့..အသေချာ ရလိုက်တယ်။ တခုမက..ရေပြွန်းနေတဲ့ ရသကြီးလဲ ဖြစ်နိုင်တယ်။ ကြိုးစားအားထုတ် ဘာသာပြန်ထားတာ..တန်ဖိုးထားပါတယ်။

tututha said...

သိပ်ကောင်းတဲ့ဝတ္ထုလေးပဲ .. အဆုံးထိ တဆက်ထဲဖတ်သွားပါတယ်။ ဘာသာပြန်လည်း ညက်တယ်။ အဲလိုမျိုးလေးတွေဆက်ရေးပါလား။ ဖတ်ချင်ပါတယ် အောင်ဖြိုးရေ။