22 December 2009

အလွန်

Blog မရေးဖြစ်တာကြာပြီ ။ စိတ်ထဲမှာ ရှိနေတဲ့ ဇာတ်လမ်းလေးပါ ... ချရေးကြည့်ချင်တာကြာပြီ ။ ခုတလောတော့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ် ။ စာအုပ်တွေဖတ်တာများလေ ကိုယ့်ကိုယ်ကို အားမရလို့ စာမရေးချင်လေပဲ ။

အလွန်


မိလွင် …

ခုချိန်မှာငါ့စာကိုရရင် ရုတ်တရက်အံ့သြသွားမယ့် နင့်မျက်နှာကို ခုထဲက ကြိုမြင်ထားမိတယ်.. ။ ငါ့ဆီက စာလာမယ်လို့ နင်မျှော်လင့်ထားမှာမဟုတ်ဘူးနော် .. တော်ကြာ နင့်ရည်းစားဆီကလားလို့ ထင်လို့ အပြေးအလွှား အလာ စာအိတ်ပေါ်က ငါ့နာမည်ကိုမြင်ရင် နင်တော်တော် အောင့်သွားမှာဘဲ .. ။ ဒါပေမယ့် သည်စာကို နင်ဖတ်ချင်မယ်ဆိုတာ ငါယုံတယ် .. နင်နဲ့ ငါက အရင်ငယ်ငယ်တုန်းထဲက သူငယ်ချင်းတွေလေ ပိုပိုလိုလိုပြောရရင် ငါတို့တတွေ ကိုယ်စီဗိုက်ထဲမှာ နေကတည်းက တွေ့ကြတယ်ဆို ရင် ဘယ်သူယုံမှာလည်းနော် …. ။

ဒါပေမယ့် နင်နဲ့ငါ သူငယ်ချင်းစဖြစ်တော့ ၇ တန်းနှစ်မှာ… အရင်တုန်းကတည်းက သိဖူးတယ်လို့လည်း အဆက်အသွယ်မရှိကြတော့ စတွေ့တွေ့ ချင်းသိပ်အစေးမကပ်ကြပါဘူး … နောက်နင်ရောငါရော တနင်္ဂနွေပီပီ စိတ်ကောက်တတ်ကြတော့ သူငယ်ချင်းတွေကြားမှာဆို အော်ကြောလန်ပေါ့ နောက်မှ နင်တို့တတွေ အားလုံးနဲ့ ခင်သွားကြတာ …

ငါတို့မိဘတွေ အရင်ကတည်းက သိကြတယ်ဆိုတာ တော့တော်တော်ကြာကြာမှသိတာ ..အဲသည်နေ့ က ကျူရှင်ကို ငါ့အဖေလိုက်ပို့တယ် …အဲ နင့်အဖေကလည်း နင့်ကိုလိုက်ပို့တော့မှ သူတို့သူငယ်ချင်းတွေပြန်တွေ့ကြတာလေ… ။ သူတို့တတွေပြောကြမှ ငယ်ငယ်တုန်းက ငါတို့ဆီနင်တို့လာလည်တာ ရေးရေးမှတ်မိတယ် ။ ငါကလည်း ငယ်ငယ် .. နင်ကလည်းငယ်ငယ်ဆိုတော့ တစ်ယောက်ကိုတစ်ယောက်တောင်မမှတ်မိကြပါဘူးဟာ … နော် ။ .. အဲသည်တုန်းက ငါတို့ က အညာမှာဘဲ နေကြတုန်း နင့်အဖေတို့က ထွန်တုံးပိတ်ချိန်အမှီ ရွှေစည်းခုံဘုရားပွဲကို လာကြတာဆို .. တို့ဆီကနေ ညောင်ဦးကို သင်္ဘောနဲ့ အတူသွားကြတာတော့ မှတ်မိပါရဲ့။ နင့်တို့ကိုတော့မမှတ်မိတော့ဘူး .. ငယ်ငယ်တုန်းဆိုတော့ ရွှေစည်ခုံအညာဘုရားပွဲမှာ ပျော်ကြတယ်ဆိုတာပဲမှတ်မိတယ် … အဲသည်တုန်းက အဖေ .. အမေရယ် အဘွားရယ်နဲ့သွားကြတာဆိုတော့ အရုပ်တွေ အိုးပုတ်တွေ အဝတ်အစားတွေရယ် တနင့်တပိုးဝယ်လာတာဘဲ ၊ မှတ်မှတ်ရရ နင့်က လေမှုတ်လို့ရတဲ့ ပလတ်စတစ်ကောင်မလေးရုပ်ကြီးဝယ်လာတယ် … ဘာလိုမှတ်မိတာလည်းဆိုတော့ ငါကအဲသည်တုန်းက မိန်းမလိုမိန်းမရ အဲသည်လိုအရုပ်ကိုလိုချင်နေလို့ဟ …. ။ ဒါပါပဲ .. ။

အဖေတို့ အမေတို့ အဲသည်အကြောင်းကိုပြောရင်းကမှ နင်နဲ့ငါ သိခဲ့ကြမှန်း မှတ်မိတာ .. နည်းနည်းတော့ ပိုခင်သွားသလိုပဲ နော် ၊ … သိလား နင့်သူငယ်ချင်းတွေကတောင် ငါတို့ကိုမိဘချင်းမှန်းထားတယ်ဆို ပြီးစကြသေးတယ်လေ .. ဟားဟား … နင်နဲ့ငါက ရည်းစားလည်းမဖြစ်ခဲ့ပေါင်… ရေစက်မပါလို့ပေါ့နော် .. နို့မို့ဆို … ! ဟေ့ မိလွင် နင်ရယ်နေပြီမဟုတ်လား …. သိတာပေါ့ ငါတို့ကို စကြရင် တို့ သိပ်ရယ်ချင်တာဘဲ နော်

အဲသည်တုန်းက ….
အဖေတို့တတွေ ပြန်တွေ့ကြတော့ သူတို့အလုပ်အတူတူလုပ်ခဲ့ကြတဲ့အကြောင်းပြောကြတယ် … နင်အဖေက အခုတော့ ကမ်းလွန်ရေနံမှာတဲ့ ၊ ဒေါ်လာနဲ့ ရတယ်ဆိုလားပြောကြတာတော့ကြားတယ် … ငါတို့ကတော့ အဲသည်တုန်းက သိပ်အဆင်မပြေဘူးလေ … ဆည်မြောင်းမှာဆိုပေမယ့် သူများအရာရှိတွေကားစီးနိုင်တဲ့ အချိန်မှာ အဖေ့မှာ ဆိုင်ကယ်လေးနဲ့ဘဲ …ငါတို့မှာ အဘွားဆုံးသွားလို့ မိသားစုကလည်း လေးယောက်ဘဲဆိုတော့ လူတန်းစေ့တော့နေရပါတယ် … ၊ ဒါပေမယ့် အဖေကတော့ နင့်အဖေကိုပြောလေရဲ့ ကလေးတွေရှေ့ရေးကရှိသေးတယ်တဲ့ … ကိုယ့်အမေလောဘနည်းသလောက် ၊ရိုးသလောက် အဖေကတော့ မျှော်လင့်ချက်ရှိတယ် ၊ ကြံရေဖန်ရေလည်းရှိတယ် … ၊ အရင်တခါက အဖေ သူ့အထက်အရာရှိနဲ့ ပြဿနာတတ်ဖူးတာရယ် နောက်နေရာကောင်းရအောင် ငွေနဲ့ မလိုက်နိုင်တာရယ်ကြောင့် အခွင့်အရေး မရနိုင်တာရယ်လို့ တစ်ခါတစ်လေ မူးရင်ပြောတတ်ရဲ့ … ။ မိလွင် သိသလို ကိုယ့်အမေကတော့ ရိုးတယ်လေ .. အမေမို့ မပြောသာပေမယ့် လည်လည်ဝယ်မရှိတာတော့ အမှန်ဘဲ .. ။

သည်လိုပါဘဲလေ …မိဘတွေက သားသမီးတွေကို မျှော်လင့်ချက်တွေထားတတ်ကြတာ သဘာဝပေမယ့် သည့်အတွက်သားသမီးတွေ နာကျင်ခံစား ကြရတာဟာ သူတို့အနာဂတ်ကောင်းစေချင်လို့ပါဗျာ ဆိုတဲ့စကားတစ်ခွန်းနဲ့ ကျေပျက်သွားလိမ့်မယ် ။ နင့်မှာလည်း ခံစားချက်ရှိတာ ငါသိတာပေါ့ … ငါတို့က အကျိုးပေးလည်းဆင်ကြတယ်ဟာ ..နော် ။ ဒါပေမယ့် ငါတို့ ကျောင်းတတ်နေတုန်း သုံးနှစ်လောက်မှာ အပူအပင်ကင်းကင်းပျော်ကြရတာတော့ အမှန်ဘဲပေါ့ … ။ အဲသည်တုန်းက ငါ့ကိုလည်း အဖေကသူလို ချင်သလိုရိုက်သွင်း … နင့်ကိုလည်းနင့်မိဘက ဆေးကျောင်းတတ်ကိုတက်ရမယ်ဆိုပြီး ဘယ်လိုဘဲ ဖိအားပေးပေး ငါ့တို့တတွေအားလုံး ရည်ရွယ်ချက်မဲ့နဲ့ ပျော်ခဲ့ကြဘူးတယ်နော် … ။ အဲသည်တုန်းက ရည်ရွယ်ချက်ဆိုတာ စာစီစာကုံးခေါင်းစဉ်တစ်ပုဒ်လောက် ၊ သူငယ်ချင်းအချင်းချင်း စကောင်းနောက် ကောင်းယုံ သက်သက်လောက်သာ သဘောထားကြတာမဟုတ်လား … ။ အဲသည်လို အချင်းချင်းတွေကြားမှာမှ ငါခိုင်လေးကို စသိခဲ့တာ …လေ ။ ဟုတ်တယ် ငါ့ဘဝမှာ ခိုင်လေးက ပထမဆုံးတွေ့ဖူးတဲ့ ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးဘဲ … ။ နောက် ရည်မှန်းချက်ရဲ့တန်ဖိုးနဲ့ ပေးဆပ်ရမှုတွေကိုရော သိစေခဲ့တဲ့ မိန်းကလေးပေါ့ … ။

ခိုင်လေး တို့ကျောင်းကိုပြောင်းလာတဲ့ နေ့ကို ရက်စွဲကအစ မှတ်မိနေတယ်လို့ ငါပြောရင် နင်ဟားမှာမဟုတ်လား … ဟုတ်တယ်လေ အမှန်ကတော့ အဲသည်တုန်းက မှတ်မိတာမဟုတ်ပါဘူး … ။ သူ့ကိုမှ သတိမထားမိသေးတာ … နောက်ခင်လာမှ သူ့ကိုမေးကြည့်တာ … နင် ဘယ်တုန်းက ပြောင်းလာတာလဲလို့ .. ပေါ့ ။ ခိုင်လေး ငါတို့ကျူရှင်ရောက်လာမှ သူနဲ့တို့စခင်တာလေ .. သူကနင်တို့လို ပုံတုန်းတွေကြားမှာ နည်းနည်းပဲများတယ်နော် …. ။ စာတော်တယ်လို့လည်း နာမည်ကြီး … ပဲလည်းများပေမယ့် သူ့ကိုလိုက်တဲ့ ကောင်တွေကတော့ သိပ်မများဘူးလေ ..ဘယ်နယ်ခိုင်လေးက ချောမှမချောတာ .. သာမန်ပါဘဲ ၊ ငါအမှန်အတိုင်းပြောရင် သူကို စွဲလန်းမိတာ ရုပ်ရည်ကြောင့်မဟုတ်ဘူး …. ( ပြောလို့ပြောတာမဟုတ်ဘူး နင်သာပြင်ပြင်ဆင်ဆင်ဆို သူ့ထက်ပိုချောတယ် ဟ… ဟ… ) အဲသည်တုန်းက မပြောတတ်ပေမယ့် ခုထင်တာတော့ သူ့စိတ်ဓာတ်ကြောင့်ဘဲ အဲသည်အရာကိုမြတ်နိုးစရာလို့ ငါ့စိတ်ကလက်ခံ သွားလို့ပဲ .. ၊ စိတ်ပျော့တဲ့ ယောက်ျားလေးတွေက ခပ်ထက်ထက်မိန်းကလေးတွေကို သဘောကျတတ်တယ်ဟ မှတ်ထားဦး ။ သူက တစ်ခါတစ်ခါ ငါ့ကို သူ့ရည်မှန်းချက်တွေ အကြောင်းပြောတတ်တယ် ကြားစကတော့ အတော်ကြွားတဲ့ မိန်းကလေးပဲလို့ … ဘယ်နှယ့် .. ငါတို့ အချင်းချင်းဆို သည်လိုမျိုးမှမပြောတတ်ကြတာ .. ။ သူ့ရည်မှန်းချက်တွေကလည်း ဟဲဗီးကြီးတွေ အကြီးကြီးတွေဟ ၊ .. တစ်ခါတစ်ခါဆိုရင် နင်သည်လို တစ်နေ့ ဖြစ်ကိုဖြစ်မယ်လို့ထင်လားလို့ ငါသူ့ကို မေးကြည့်ချင်သား .. ဒါပေမယ့် မမေးဖြစ်ခဲ့ဘူး ။


နင်သိတဲ့အတိုင်းဘဲ ငါ ၉ တန်းနှစ်စမှာ ငါ့အဖေ နိုင်ငံခြားကိုထွက်သွားတယ် .. အစိုးရဝန်ထမ်းတစ်ယောက်အတွက် Passport ရဖို့ မလွယ်တော့ အဖေကသူ့သက်ဆိုင်ရာတွေကို ပတ်သက်သလို ကြည့်ပေးရင်းနဲ့ သူနည်းသူ့ဟန်နဲ့ ရအောင်ထွက်သွားတာ .. ငါကသာ မသိလို့ သူ့အသိတွေလည်း သည်လိုဘဲဖြစ်သလိုထွက်ကြတာတဲ့ . စင်ကာပူဆို သည်တုန်းက သိပ်ကိုအလုပ်အကိုင်ရလွယ်တယ်လို့နာမည်ကြီးတာပေါ့ … အဖေ့သူငယ်ချင်းအချို့ ကလည်းရှိတော့ အဖေကတော့ သူတို့ကိုအားကိုအဆက်အသွယ်လုပ်လို့ သည်ကို စွန့်ပြီးထွက်သွားခဲ့တယ် .. အဖေ မသွားခင် ငါတို့မောင်နှမကိုပြောတယ် စာကြိုးစားဖို့နဲ့ … ငါတို့ကို မကြာခင်ဟိုကိုခေါ်နိုင်ဖို့ သူကြိုးစားမယ့်အကြောင်း … နောက် သူ့လိုမဖြစ်အောင် ဟိုမှာပညာ သင်နိုင်ဖို့ ကြိုးစားကြလို့လည်းပြောတယ် … ။ အဲသည်ညက အဖေပြောတာတွေတော့ အများကြီးပဲဟာ ငါလည်း ဝမ်းနည်းနည်းနဲ့ဆိုတော့ သိပ်တော့မမှတ်မိပါဘူး ..အဖေနဲ့မတည့်ပေမယ့် သည်လိုခွဲရမယ်ဆိုတော့ ဝမ်းနည်းသား .. ဟ အမေနဲ့ညီမလေးကတော့ ပြောမနေနဲ့ပေါ့ဟာ … ။ အဖေကို လိုက်ပို့တော့ ရန်ကုန်ကိုအမေဘဲလိုက်သွားတယ် …သူများတွေလို အပျော်ခရီးထွက်တာ ၊ ပညာတော်သင်သွားတာမျိုးမဟုတ်တော့ လင်မယားနှစ်ယောက်ခပ်ကုပ်ကုပ်ပဲပေါ့ … တဲ့ ၊ ပြန်လာတော့ အမေကပြောရှာတယ် ရန်ကုန်ဆိုတာ သူတို့အရင်ကျောင်းတတ်တုန်းကလိုမဟုတ်ဘူးတဲ့ လူတွေဆိုလည်းပြန်လန်နေကြတာပဲတဲ့ ၊ တိုက်တွေ ကားတွေ ဆိုလည်းဟီးနေတာပဲတဲ့… အမေ့ကို ကြည့်ရတာ အနာဂတ်အတွက် ပျော်နေရှာပုံပဲ …. တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့သားသမီးတွေလည်း သူတို့လို လူတန်းစေ့ဖြစ်ရမယ်ဟဲ့ ဆိုတဲ့ အုံ့ပုန်းပျော်လေးနဲ့ နေမှာပေါ့… ။ လူတိုင်းမှာ သဘာဝကပေးထားတဲ့ ကိုယ်ပိုင်စွမ်းအင်တစ်ခုရှိတယ်ဆို နင်ယုံမလား မိလွင် … အဲဒါကတော့ အနာဂတ်ကို တင်ကြိုမြင်ခွင့်မရှိခြင်းပဲ … ။


အဲသည်စွမ်းအားကို သုံးပြီး ငါတို့တတွေပျော်ခဲ့ကြတယ်နော် .. နင့်မိဘတွေက နင်ဆေးကျောင်းမရရင် ကျောင်းဆက်မထားဘူးပြောတုန်းက နင်ငိုတာမှတ်မိသေးလားမိလွင် ။ အဲသည်တုန်းက နင်ပြောတယ်လေ ငါတို့ ပျော်ရမယ်ဆိုတာ ၂ နှစ်လောက်ပဲကျန်တော့တယ်လို့ … ဒါပေမယ့် အဲသည်တုန်းက အားလုံးရယ်ရယ်မောမောနဲ့ အားလုံးဆေးကျောင်းမှာပြန်တွေ့ကြမှာပါလို့ ပြောလိုက်မိကြတယ် … ဟုတ်တယ်လေ စိတ်ကူးယဉ်နိုင်ကြတုန်းမှာ တို့လို နယ်ကကျောင်းသားတိုင်းရဲ့ အိပ်မက်ကဆေးကျောင်းပဲပေါ့ … ဆေးကျောင်းတက် .. ဆရာဝန်ကြီးလုပ် …နောက်…… သေချာတာက ငါတို့အားလုံးသည်ထက်ပိုပြီး မတွေးတတ်ခဲ့ကြတာပဲ . ။ မှတ်မှတ်ရရ အဲသည်နောက် ငါ့ကို ခိုင်လေးကတော့ပြောတယ် သူကတော့ M.B.B.S နဲ့မကျေနပ်ဘူးတဲ့ ဘာမှလည်းလုပ်လို့မရမှာ မဟုတ်တော့….. နောက်ထပ် နိုင်ငံခြားက ဘွဲ့တစ်ခုခုရမှ ကျေနပ်မယ်တဲ့ … သိတဲ့အတိုင်းဘဲကွာ .. သူကတော့ ..အဲသည်ကတည်းက .. ။


သည့်နောက်မှာ အရင်ကထက်ငါတို့ အဆင်ပိုပြေလာတာအမှန်ပဲ .. အမေရဲ့အပြုံးတွေ ၊ ညီမလေးရဲ့ တောက်တောက်ပပလေးတွေဟာ အရင်ကထက်ပိုလာတာတော့အမှန် .. ၊ ၁၀တန်းမှာ ကိုယ့်ကို ဝိုင်းထားပေးမယ် .. Guide ငှားပေးမယ်လို့လည်း အဲသည်တုန်း အမေက ပြောသေးတယ် .. အဖေကလည်း တစ်လတစ်ခါလောက်စာရေးတယ် အဖေ့ဆီစာပြန်မယ်ဆို သုံးတန်းအရွယ် ညီမလေးက ဖွဲ့ဖွဲ့နွဲ့နွဲ့ ကိုရေးတော့တာပဲ … အဖေကလည်း အလုပ်ရတဲ့အကြောင်း ၊ နေထိုင်ခွင့်မကျခင် လုပ်ခနည်းသေးတဲ့အကြောင်း ၊ နောက်ငါတို့ကို စာကြိုးစားဖို့အကြောင်းတွေမှာ ရှာတယ် … ၊ ငါလေ အဲသည်တုန်းက အဖေ့ကို သနားလည်းသနားမိတယ် … အားလည်းကိုးတယ် .. နောက်တော့ ပိုပြီးတော့လည်း ချစ်သွားတယ် နင်သိလား … ဟုတ်တယ် အရင်ကတည်းက အဖေနဲ့သား သိပ်အရောမဝင်ပေမယ့် အဖေ့ကို ငါချစ်တာပေါ့ … ၊ ဒါပေမယ့် နင်သိလား ခုချိန်အထိ ငါအဖေ့ကို ချစ်တယ်လို့ ပါးစပ်ကဖွင့်မပြောဘူးသေးဘူး … ၊ အဖေကြားရင်လည်း ငါပြောတာကို ယုံမှယုံပါ့မလားဟာ … နင်မိဘတွေနဲ့ရောအဆင်ပြေလား .. မိလွင် ..


ဆရာမ မစန္ဒာရဲ့ "ကွက်လပ်ကလေးဖြည့်ပေးပါ" ကိုဖတ်ပြီး အလတ်ဖြစ်ရတာမကောင်းဘူးလို့ နင်ပြောဘူးတယ်နော် မိလွင် .. နင့်မိဘတွေက သူတို့သမီးကြီးတော့ချစ်တယ် အငယ်လေးကိုကျ သည်းတယ် .. နင့်ကိုတော့မချစ်ဘူးတဲ့ …သည်အတွေးက ရင့်ကျက်လာတာနဲ့အမျှ မှေးမှိန်သွားမှာပါ ဟာ ..မဟုတ်ဘူးလား …. ဒါပေမယ့် အဲသည်တုန်းက နင်သိပ်ခံစားရတယ်ဆိုတာ ငါနားလည်ပါတယ် … “သူ့သမီးအကြီးမလို ဆေးကျောင်းမရရင် ငါ့ကိုကျောင်းဆက်မထားဘူးတဲ့ ဟယ်” လို့ နင်ပြောခဲ့တာကို ငါဘယ်လိုမေ့မှာလဲ …



ကျောင်းသားတစ်ယောက်ရဲ့ ဘဝမှာ ၁၀ တန်းက ရှေ့ရေးကို အဆုံးအဖြတ်ပေးမှာမို့ အရေးကြီးတယ်ဆိုတာ တို့တွေအားလုံးစွဲထားရတယ် … ဘယ်လိုကြိုးစားရမှာလည်း…. အကောင်းဆုံးဆရာမ တွေဆီမှာ ကျူရှင်ယူ … နောက် အကောင်းဆုံးဆိုတဲ့ Guide ခေါ် တစ်နေ့တနေ့စာတွေကုန်းကျက် သည်လိုနဲ့စာမေးပွဲမှာ အမှတ်အများဆုံးရအောင်ဖြေ သည်လိုမဟုတ်လား …. တကယ်တော့ ဒါဟာ ဘဝဆိုတာကြီးကို စတိုက်ဖို့တို့တတွေ ပြင်ဆင်ကြတာလို့များ ရိပ်မိခဲ့ရင် သိပ်ရယ်ဖို့ကောင်းမှာပဲ … တို့တတွေ အားလုံးပင်ပန်းကြတယ် ဒါပေမယ့်..အမှန်အတိုင်းပြောရရင် ငါလေ အဲသည်နှစ်မှာအပျော်ဆုံးပဲ .. ခိုင်လေးကြောင့်လည်းပါတာပေါ့ .. ငါတို့အိမ်အခြေအနေအရလည်းပါတာပေါ့ … ဘာပဲပြောပြောမိသားစု တစ်ခုဟာ ပြည့်ပြည့်စုံစုံနေနိုင်မှ ပျော်ရွှင်နိုင်မယ် … မဟုတ်လား … ။ သည်အတွင်းမှာ အဖေ့ဆီကဖုန်းတွေရော ၊ စာတွေပါ ငါဂရုမစိုက်မိတော့ဘူး … အဖေလည်း ဟိုမှာ ၂ နှစ်နီးပါးရှိပြီလေ .. ပြန်လာဖို့တော့ မသေချာသေးဘူး …. စာမေးပွဲပြီးရင် ငါတို့ကို အလည်ခေါ်လိမ့်မယ်.. သည်လို ငါလည်ကြွားလို့ ကောင်းတုန်းအချိန်ပေါ့ မိလွင်ရယ် … ။


၁၀တန်းဖြေပြီးတဲ့ နေ့မှာ ခိုင်လေးနဲ့ငါ အပြင်သွားတယ် … ငါသွားနေကျ စာအုပ်ဆိုင်ကိုပါ .. ၊ စာအုပ်တွေဝယ်ပြီး ခိုင်လေးနဲ့ မုန့်ဟင်းခါးစားရင်း ငါ အဖေ့ဆီကိုလိုက်သွားရမယ့်အကြောင်းပြောဖြစ်တယ် .. ။ ငါအနေနဲ့ဆို ဟိုကိုကျောင်းသွားတတ်ကြတဲ့ပုံစံနဲ့ ခိုင်လေးကို သူ့မိသားစုကထားနိုင်ပါတယ်ဟာ … ဒါပေမယ့် ခိုင်လေးက ငြင်းတယ် …သူက ဆရာဝန်ဖြစ်ချင်တာတဲ့ .. ဝါသနာအရမဟုတ်ဘဲ ကျောင်းတတ်နိုင်ဖို့ ရရာလိုင်းတစ်ခုခုကို ယူရတဲ့ အလုပ်ကိုမလုပ်ချင်ဘူးတဲ့ … ။ သူကလည်း ငါကို သည်မှာဘဲနေဖို့ပြောတယ် .. ဒါပေမယ့် မိလွင်ရယ် ငါက Bio လည်းဝါသနာမပါ … နောက် အဖေ့ကိုလည်းမလွန်ဆန်ရဲပါဘူး … ။ ခိုင်လေးကတော့ သူဘာဖြစ်ချင်တယ်ဆိုတာ သူသိတယ်တဲ့ သိတဲ့အတိုင်းလည်းဖြစ်အောင်လုပ်မယ်တဲ့ .. နောက်ငါ့ကိုလည်း ကြိုးစားဖို့ပြောတယ် … သူနောက်ဆုံးပြောသွားတဲ့ စကားကို ငါခုထိကြားယောင်တုန်းပဲ မိလွင် … သူငါ့ကို သံယောဇဉ်တော့ရှိတယ် ဒါပေမယ့် သူက ငါ့လိုတော့ စိတ်ကူးမယဉ်တတ်ဘူးတဲ့ … ၊ ဝန်ခံ ရရင် အဲသည်တုန်းက သည်စကားရဲ့ အဓိပ္ပာယ်ကို ငါနားမလည်မိခဲ့ဘူးဟာ ……

နောက်တော့ ငါသင်တန်းတွေတက်ဖို့ သားအမိတတွေ ရန်ကုန်ကိုပြောင်းဖို့ပြင်ဆင်ကြတုန်းမှာ ငါ့အတွက်လုံးဝ မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကြားခဲ့တယ် … ။ နင်တို့လည်းကြားမှာပေါ့ … ငါ့ဘဝ မျှော်လင့်ချက်အားလုံးကို ဖြိုခွဲခဲ့တဲ့သတင်းတစ်ခု …. ဟုတ်တယ် ငါပြန်မပြောချင်ဆုံး သတင်းတစ်ခုပေါ့ဟာ .. ငါ့အဖေဟိုနိုင်ငံမှာ မမျှော်လင့်ဘဲ မလွန်ဆန်နိုင်လို့ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်ရတယ်ဆိုတဲ့ သတင်းလေ… ။ သည်သတင်းကိုကြားကြားချင်း ငါအမေ့ကို မကြည့်ရဲလောက်အောင် သနားသွားတယ် .. ။ နောက် ငါ့အဖေ … ။


အသက် ၄၀ ကျော်တက်ကြွဖျတ်လတ်ဆဲ ယောက်ျားတစ်ယောက်အတွက် မိန်းမတစ်ယောက်ယောက် ရဲ့ ရင်ခွင်ဟာ ဘယ်လောက်အရေးပါသတဲ့လဲ မိလွင်ရယ် … ကိုယ်နဲ့ ၁၅ နှစ် ကျော်ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ၊ နောက်ကိုယ့်ရင်က သားသမီးတွေရဲ့ အပြုံးတွေ၊ အသည်းနှလုံး တွေ ၊ ယုံကြည်မှုတွေကို စတေးရလောက်အောင် အရေးပါသတဲ့လား …. သည်မေးခွန်းတွေ စွဲချက်တွေကြားမှာ ငါပြိုလဲခဲ့ရတယ် မိလွင် … ရန်ကုန်အပြောင်းမှာ နင်တို့ကို နှုတ်ဆက်မသွားနိုင်လောက်အောင် ငါရှက်လည်း ရှက်ခဲ့ရတယ် …
ငါဘာဆက်လုပ်ရမလဲ … ကျောင်းဆက်တက်ရမလား … ဟိုကိုလိုက်သွားရမလား … အမေနဲ့ ညီမလေးကို ဘယ်လိုထားခဲ့ရမလဲ .. အဖေကရောငါတို့ကို ဆက်ထောက်ပံ့ဦးမလား … ငါ့အတွက် အရာရာက မရေမရာနဲ့ အဖြေမယ့်နေတယ် … ။



ငါ့အောင်စာရင်းထွက်တော့ ဂုဏ်ထူးသုံးဘာသာပါတယ်လေ ( ကြွားတာမဟုတ်ဘူးနော် မိလွင်) နောက်တစ်နေ့ အစောကြီးအမေအပြင်သွားတယ် ….. ညနေလောက်ကျမှ ပြန်ရောက်လာပြီးငါ့ကို စကားပြောတယ် … အဖေနဲ့ စကားပြောခဲ့ရတယ်ဆိုတဲ့အကြောင်းရယ် … နောက် ငါအရင်အစီအစဉ်အတိုင်း ဟိုမှာကျောင်းတက်ဖို့ဆိုတာရယ် …. နောက် အဖေက သူတို့သားအမိကို ဆက်ပြီးထောက်ပံ့မယ် ဆိုတဲ့ အကြောင်းရယ် … ။ အဲသည်ညက အမေမငိုပေမယ့် ကြေကွဲနေတဲ့ အမေ့မျက်လုံးတွေကို ငါမြင်နေရတယ် မိလွင် … ။ သား .. သမီးတွေ အတွက် ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်ကို မာနမတင်းနိုင်ရှာတဲ့ မိန်းမတစ်ယောက်ရဲ့ ကျဆုံးခန်းကို ငါဘယ်လိုကြည့်ရက်ပါ့မလဲ .. ဒါပေမယ့် အမေက ငါ့ကို ငြင်းဆိုခွင့်တောင် မပေးခဲ့ဘူး …. ရန်ကုန်မှာ ငါ သင်တန်းတွေကို တစ်ခုပြီးတစ်ခု စက်ရုပ်တစ်ကောင်လို လိုက်တတ်ခဲ့ရတယ် … ငါအတွက်ပျော်စရာဆိုတာ ခိုင်လေးဆီကို စာရေး စာပြန်ရတဲ့ အချိန်လေးတွေပဲ … ခိုင်လေးငါ့ကို အားပေးရှာတယ် ငါ့အဖေကိုမုန်းမသွားဖို့အကြောင်းလည်း ပြောရှာတယ် ( နောက်မှ နင်တို့ပြောလို့ သိရတာ ခိုင်လေးအဖေကလည်း မိန်းမဖက်မှာနာမည်ကြီးပဲဆို … ငါတကယ် စိတ်မကောင်းဖြစ်ရတယ်ဟာ …) … ရရာ အခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တဲ့….. ။ ငါအဲသည်စာ တွေကို ခုထက်ထိ သိမ်ထားတုန်း …. သိလား ။ စိတ်ကျရင် ပြန်ထုတ်ဖတ်မိတယ် ... ။

ငါကျောင်းရလို့ ဟိုသွားရမှာ သေချာတော့ အမေက ငါ့ကိုဆုံးမတယ် .. လောကမှာ အရာရာကို အချိန်အနေ အချိန်အခါပေးတုန်းမှာယူရတယ် တဲ့ နောက် လူတိုင်းနဲ့ သင့်တင့်မျှတအောင်နေတတ်ရတယ်ဆို တဲ့အကြောင်းတွေပါ … အမေက လိုရင်းကိုတိုက်ရိုက်တော့ မပြောနိုင်ရှာပါဘူး … ငါနဲအတူ စာအိတ်တစ်လုံးထည့် ပေးလိုက်တယ် …. ကွာရှင်းပြတ်စဲစာချုပ်ပေါ့ … ငါ့ကိုလိုက်ပို့တဲ့နေ့မှာ မတွေ့တာကြာတဲ့အမေ့အပြုံးကို ငါပြန်မြင်ခွင့်ရတယ် … လွန်ခဲ့တဲ့ လေးနှစ်က သည်နေရာကို သတိရလို့လား …ဒါမှ မဟုတ် အသစ်တဖန်မျှော်လင့်ခြင်းတွေကို အမေတွေ့လို့လား … ငါမမေးရက်ခဲ့ဘူး မိလွင် …. ။ အဲသည်နေ့က လေဆိပ်က ဖုန်းနဲ့ငါ ခိုင်လေးဆီဖုန်းဆက်တယ် …. သူကအဆောင်မှာဆိုတော့ ရှောရှောရှူရှူ ရတာကိုပဲ ကျေးဇူးတင်ရမယ်… ခိုင်လေးရဲ့ အားပေးစကားကိုနားထောင်ရင်း ငါမျက်ရည်ကျခဲ့တယ် … အဲသည် အချိန်တုန်းက လောကကြီးကို စိတ်ကူးမယဉ်တတ်တော့တဲ့ လူတစ်ယောက်အတွက်တော့ ငါတို့နှစ်ယောက်ရဲ့ ဝေးကွားမှု ပထမဆုံး သတိထားမိခဲ့လို့ပါပဲ ….။


နိုင်ငံခြားကို ပညာသင်လာကြတဲ့ လူငယ်တွေမှာ ရည်ရွယ်ချက်အမျိုးမျိုး … ရပ်တည်မှုအမျိုးမျိုး … အခြေအနေအမျိုးမျိုး ရှိကြတယ် … ငါကတော့ ကံကောင်းတဲ့ အထဲမှာပါပါတယ်ဟာ … နေစရာအဆင်သင့် .. နောက် စားရေးသောက်ရေးလည်းအဆင်သင့် … ဒါပေမယ့် ငါမပျော်ဘူးမိလွင် …. အရင်ကထက် အသားပိုဖြူပြီး ဝလာတဲ့ ငါ့အဖေကိုလည်း ငါမခင်တော့ဘူး … သူ့မိန်းမ (သည်လိုပဲခေါ်မရစေတော့ ဟာ) ကိုလည်း ငါမုန်းတယ် … ငါ့အပေါ်မှာတော့ ပျက်ကွက်ခဲ့တဲ့ ဝတ္တရားကိုချေတဲ့ အနေနဲ့ပဲဖြစ်ဖြစ် အဖေကကောင်းပါတယ် … သူမိန်းမကလည်း မဆိုးပါဘူး …. ဒါပေမယ့် ပတ်ဝန်းကျင်အသစ်မှာ လူအမျိုးမျိုးနဲ့ ကျင်လည်ရတာကိုတော့ ငါစိတ်အညစ်ဆုံးပဲမိလွင် …. နောက်အပေါင်းအသင်းလုပ်ရတဲ့သူတွေ … လောကမှာ လူတွေအကြောင်းနားလည်လေလေ …လောကကြီးကို စိတ်ကုန်လေပဲ .. ။ လူတွေကို နှိမ်ပြီးပြောတတ် ဆက်ဆံတတ်တဲ့လူတွေ .. စိတ်ရင်းနဲ့ပေါင်းလို့ မရတဲ့သူတွေ .. နောက် လူကိုတွေ့ရင် ကြောဖို့ ကြံတဲ့သူတွေ နဲ့ သည်လိုလူတွေကြားမှာ ငါဘယ်လိုမှ မပျော်နိုင်ဘူးမိလွင် … နောက် ကျောင်းစာတွေကလည်း ငါ့အတွက်ခက်တယ် .. ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှု နဲ့စာရင်တော့ မပြောပလောက်ပါဘူး … ငါအစတော့ ခိုင်လေးနဲ့ ဖုန်းဆက်ဖြစ် .. စာရေးဖြစ်သေးတယ် …. ၊ ခိုင်လေးက ပိုလို့လှလာတယ်တဲ့ ငါ့သူငယ်ချင်း ဆေးကျောင်းသားတစ်ယောက်ကပြောတယ် .. နောက်တော့ ခိုင်လေးလဲစာများတော့  သိပ်တောင် စာမရေးဖြစ်ပါဘူး .. နောက်ပိုင်းတော့ ခိုင်လေးက သူ့ကိုလိုက်နေတဲ့ ကောင်လေးတွေအကြောင်း ရေးလာတယ် … ငါသိနေပါပြီ သူစိတ်ပါနေပြီလို့ … သည်မှာ နင်တို့ငါ့ကိုပြောမယ် နင်ဘာလို့ခိုင်လေးကို ချစ်တယ်လို့မပြောတာလဲလို့ … ။ သည်လိုအပြစ်တင်ရင် ငါ့မှာရှင်းပြဖို့ အဖြေသေချာတော့မရှိဘူးဟာ … ငါရင်ထဲကတော့ သိနေတယ် .. ပြောရရင် ငါက ကိုယ်မြတ်နိုးတဲ့သူ့ဆီ တောင်းမှရတဲ့ဟာကို မလိုချင်လို့ပဲ .. ငါဘယ်လောက်ရူးလိုက်သလဲနော် ….သူရှိတဲ့ဆီမှာပဲ စိတ်ရောက်နေတဲ့ငါဟာ သူ့ကိုချစ်တယ်လို့တော့ မပြောခဲ့ဘူးတဲ့ … ဒါပေမယ့် ငါယုံပါတယ် ငါ့အချစ်ကို ခိုင်လေးသိပါတယ် … တစ်စုံတစ်ခုထိလည်း သူတန်ဖိုးထားမှာပါ … ( တွေ့လား ငါကသည်လို) .. ဒါပေမယ့် သူကလက်တွေ့ကျပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးလေ ….. ။



ငါသိပ်ကို တိတ်တဆိတ်ပေါက်ကွဲခဲ့ရတဲ့ … အဖေ့မိန်းမ က သမီးလေးတစ်ယောက်မွေးတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခိုင်လေးက လူတစ်ယောက်ကို ချစ်သူအဖြစ်လက်ခံလိုက်ပြီဆိုတဲ့ စာကိုငါရတယ် မိလွင် … အဲသည်ညက အားလုံးမှောင်မိုက်ပြီး …. ငါပြိုကွဲခဲ့တယ် …။ ဒါပေမယ့် တစ်ဖန်ပြန်လည်ရှင်သန်ဖို့ သေဆုံးသွားခြင်းမျိုးပါ ….. ။



ငါနေတဲ့ အိမ်ကနေ ကျောင်းကိုသွားဖို့ ၁ နာရီသာသာလောက်ကြာတယ် .. သည်တော့ နံနက်စောစော အတန်းတွေရှိရင် မိုးမလင်းခင် ၆နာရီလောက်က အိပ်ယာထရတယ် … ကျောင်းသွားဖို့ရထားစီးရင် ပတ်ဝန်းကျင်က မလင်းသေးဘူး ၄မှတ်တိုင်လောက် စီးပြီးရင် ရထားကမြေအောက်ကို ဝင်ပြီ …. ၊ ဝေလီဝေလင်းကနေ လုံးဝကိုအမှောင်တိုက်ကို ဝင်ပြီပေါ့ … ဒါပေမယ့်နောက်ထပ် ၁၅ မိနစ်လောက်စီးပြီးရင် ရထား မြေအပေါ်ကိုပြန်ထွက်ပြီ … အဲသည်အချိန် ဥမင်ပေါက်ကို ရောက်တဲ့အခါ ပြည့်စုံတဲ့ နေ့သစ်အစကို ငါတွေ့ရပြီ …အဲသည်ခံစားချက်ကို ငါသိပ်ကြိုက်တယ် မိလွင် …. ။ လူဆိုတာ အမှောင်ကို ငြင်းဆန်လေ့ရှိပြီး အလင်းကိုတော့ ကြိုဆိုကြတယ်မဟုတ်လား ။ အမှောင်ရဲ့ ကျဉ်းကျပ်ပိတ်လှောင်မှုနဲ့နေသားကျရာက အလင်းရဲ့လွပ်လပ်လွင့်မျောမှုအသစ်ကို ထိတွေ့ခွင့်ရရင် ကျေနပ်ကြမြဲမဟုတ်လား … ။


ခုတော့ငါ့မှာ ရည်မှန်းချက်ရှိလာပြီ မိလွင် … ငါ့အမေနဲ့ငါ့ညီမလေးအတွက်ပဲ … သူတို့ကို ငါတစ်ယောက်ထဲအားနဲ့ ထောက်ပံ့ရပ်တည်နိုင်အောင် ငါကြိုးစားရမှာပေါ့ .. အဖေ့မှာလည်း သူ့နောက်သားသမီးတွေ အတွက် ကြိုးစားရဦးမှာပဲ … ငါအဖေ့ကို မမုန်းတော့ပါဘူးဟာ …. ဖြေပြီးပဲတွေးလိုက်တော့တယ် …. တနေ့မှာ ငါ့ညီမလေး ပညာရေး ငါ့အမေကျန်းမားရေးအတွက် ငါတို့ဖာသာရပ်တည် နိုင်အောင် အဖေငါ့ကို ပညာတွေသင်ပေးနေတယ်မဟုတ်လား … ၊ တစ်နေ့မှာ ငါ့ရည်မှန်းချက်တွေ အောင်မြင်ရမှာပေါ့ ….


အမှောင်ရဲ့ အလွန်မှာ အလင်းတော့ ရှိစမြဲပါ မိလွင်ရယ် …. ။။



အောင်ဖြိုး
(6:43 am , 22 December , 2009 )

7 comments:

မေငြိမ်း said...

ရည်ရွယ်ချက်လေးလည်းကောင်းတယ်.. စိတ်လည်း ရှည်တယ်..။ ပြီးတော့ presentation လှတယ်..
CHEERS !!

kay said...

ရှားစပါးစ..စာတိုပေစ ကို လာဖတ် သွားပါကြောင်း..။

Aung Phyoe said...

:D ဆရာမရော မကေရော ကျေးဇူးတင်ပါတယ် ဒိုင်ခံ အားပေးကြတဲ့အတွက် :)

Unknown said...

Very nice post, Aung Phyo!! I juz found out that you got your own blog!! cool boy!! keep it up!! =)

:P said...

သဘာဝကျကျလေးရေးသွားတာ... ဖတ်လို့ကောင်းလိုက်တာ...။

Unknown said...

Aung Phyoe yay....it's a nice story...Cheers & keep it up....bro...... ;)

Zin Mon said...

စာမဖတ်ဖြစ်တာတော်တော်ကြာပြီး...ဒီ ၀တ္ထုတို ကတော့ပြန်ဖတ်ဖြစ်တဲ့ပထမဆုံးစာပဲ... ကောင်းပါတယ် keep it up!