12 October 2011

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင်

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင်

ဖတ်ရမှာမဟုတ်တဲ့ ပို့ဖြစ်မှာမဟုတ်တဲ့ စာတစ်ပုဒ်ကိုရေးနေတယ်လို့ ကျတော်သဘောမထားပါဘူး ။ ထုံးစံအတိုင်း မနေ့ညက အိပ်မက်မက်တယ် ။ တစ်ခါမဟုတ်တစ်ခါ ဆိုသလို အိပ်မက်တွေမှာ တွေ့ချင်ဆုံချင်တဲ့ သူတွေကို တွေ့ရဆုံနေရတော့ အိပ်မက်တွေဟာ ကျတော့်အတွက်တော့ တပ်မက်ဖွယ်ဖြစ်လာတတ်တယ် ။ ဒါလည်းထားပါ ။ အဓိက ပြောချင်တာက ကျတော့်မနေ့ညက အိပ်မက်ထဲမှာဆုံတွေ့ သူဟာ မင်းဖြစ်တယ် .. ။ ထုံးစံအတိုင်းပဲ ကျတော်တို့ ပြောမကုန်တဲ့ နောက်အဖြေရှာလို့ မရသေးတဲ့ ပြဿနာတွေကို မဆုံးတန်းပြောဖြစ်ကြတယ် .. ၊ အဲသည်လို ပြောပြီးတိုင်းလိုလို ကျတော်ကတော့ စိတ်ပေါ့သွားပြီး ဖြစ်ချင်ထားသမျှတွေဟာ ဖြစ်လာပါမယ်ဆိုပြီး အကောင်းကိုချည်း မျှော်တမ်းတဲ့ စိတ်နဲ့ ကြည်နူးရတတ်သေးတယ် လေ … ။


ညတုန်းက ကျတော်တို့လျှောက်ပြန်နေကျလမ်းဟာ အရင်တုန်းကထက်သာယာနေတယ် .. ၊ နှုတ်ဆိတ်နေတဲ့ တစ်လောကလုံးက ကျတော်တို့ ပြောတာတွေကို နားစွံ့နေကြသလိုပဲ … ။ ကျတော်တို့ နောက်ဆုံးလျှောက်ခဲ့ကြတဲ့ တစ်ခေါက်လို ညနေမှောင်ရည်ပျိုးပြကနေ တစ်ဖြည်းဖြည်းမှောင်သွားပြီး နောက်ဆုံး ညအစစ်ကို ရောက်သွားတယ် … ။ အရင်တုန်းကလို ကျတော်ရောမင်းရော ပစ္စည်းတွေ မနိုင်မနင်း ဆွဲထား ကြတာမဟုတ်ဘူး .. ၊ သည်တစ်ခေါက်ပဲ ကျတော်တို့ ပေါ့ပေါ့ပါးပါးနဲ့ အိမ်ပြန်ဖူးကြတယ် ထင်တယ် … ။ ကျတော်တို့ နှစ်ယောက်မညှိတွယ်ခဲ့ကြသလို အိပ်မက်ဟာလည်း Romantic မဆန်ခဲ့ပါဘူး ။


ကျတော်နဲ့မင်းအပြင်မှာ အဆက်အသွယ်ပြတ်တာနည်းနည်းကြာတော့ ခုလောလောဆယ် မင်းဘာတွေ လုပ်နေတယ် ခံစားနေရတယ် ကျတော်မသိ၊ သည်တော့လည်း အိပ်မက်ထဲ ဇာတ်လမ်းဆင်ရာမှာလည်း စိတ်သိမဟုတ်တဲ့ အကြောင်းအရာတွေကို ချန်ထားခဲ့ရပြီး တစ်လျှောက်လုံး မင်းကို ကျတော့်အကြောင်းတွေပဲ ပြောပြရတော့တယ် … ၊ ကျတော် စာဖတ်ချိန်မရတဲ့အကြောင်း ၊ အဓိပ္ပာယ်မရှိဆုံးအရာတွေနဲ့ ဘယ်လိုအချိန်ကုန်နေရတယ်ဆိုတဲ့ အကြောင်း ၊ ကိုယ်တပ်မက်ရာမှာလည်း ပါရမီနည်းလှတယ် ဆိုတဲ့အကြောင်း …ညည်းချင်းသက်သက်လိုပါပဲ … ။ နောက် လူတွေအကြောင်း .. ကျတော်မကြိုက်တဲ့ လူအများစုအကြောင်း ပြီးတော့ သဘောကျတဲ့လူအချို့အကြောင်း ။


ကျတော်နဲ့မင်း ပြောကြရင် စိတ်ညစ်ကြတဲ့ အကြောင်းတွေပဲမို့ ပျော်စရာအချို့အကြောင်းကို ပြောဖို့မေ့နေတတ်တယ် … ၊ တကယ်ပျော်စရာဆိုတာလည်း ရှားတယ်ထင်ပါရဲ့ဗျာ … ။ လောကမှာ တစ်စုံတစ်ရာကို အရေးတယူပြုပြီး လှိုက်လှိုက်လှဲလှဲရှိရပဲ ပျော်စရာဆိုတာရှိမယ် … ။ လက်ကို ဓားနဲ့ခြစ်ကြည့်ဖူးတဲ့ သူတစ်ယောက်ကို တစ်နေ့ ရေနှစ်သေဖို့ ကျတော်ရေကူးမသင်ဘူးလို့ ပြောရတာ တဒင်္ဂ အဖြစ်တော့ ကြည်နူးဖို့ ကောင်းတယ်လို့ ကျတော်ကတော့ထင်မိတယ် ။ တည်မြဲခြင်းဆိုတာ ရှိတယ်လို့ မခံယူတားတော့ သည်ကြည်နူးမှုဟာ ပျောက်ပျယ်လွယ်တာကို ဝမ်းနည်းမိသည့်တိုင် မနှမြောအောင် ကျတော်ကြိုးစားပါတယ် … ။


မတည်မြဲတဲ့လောကမှာ တည်မြဲနေမယ့် ခံစားချက်ကလေးတွေကို လောဘတကြီး ကျတော်လိုချင်တယ် ။ သိပ်ချစ်ကြတဲ့ လင်မယားနှစ်ယောက် ၂နှစ် ၃နှစ်လောက်ပေါင်းရပြီး တစ်ယောက်ယောက်သေသွားတာ သိပ်ကို romantic ဆန်တယ်လို့ ကျတော်ကတော့ထင်တယ် .. ၊ ဖြစ်လာမယ့် ညည်းငွေ့မှု အိမ်ထောင်ရေးဘာညာတွေကို မခံစားပဲ ဘဝကို အနိုင်နဲ့ပိုင်းလိုက်သလို ကျေနပ်စရာ ကောင်းမယ်လို့ ကျတော်တော့ထင်တယ် .. ။ သည်လိုသာဆို တစ်ချိန်ကဆွေးနွေးခဲ့ ကြဖူးတဲ့ အိမ်ထောင်ရေး သတ္တဝါမဟုတ်ကြဘူးလို့ ကိုယ်တိုင်သမုတ်ခဲ့ကြတဲ့ ကျတော်တို့ ၂ ယောက်အတွက် အဆင်ပြေနိုင်မယ်ထင်တယ် ။


ဘဝမှာ ဘာတကယ်ဖြစ်ချင်တာကို တကယ်မသိသေးဘူးဆိုတဲ့ မင်းထက် ကျတော်ကနည်းနည်းတော့ ပိုသာတယ်လို့ပြောချင်တယ် ၊ နောက်မရင့်ကျက်ရာမှာလည်း မင်းထက်ကျတော်က ပိုသာသေးတယ် ..၊ ကျတော်က ဟန်ဆောင်တတ်တော့ မင်းလောက်ခံစားချက်ပြင်းထန်မှာ မဟုတ်ဘူးလို့ အပြင်ပန်းအရ မင်းထင်ကောင်းထင်မယ် ။ တကယ်လော လောကဟာဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်တယ်လို့ ကျတော်ကတော့ ခံယူတယ် .. ၊ တစ်ခါတစ်ခါ ထိခိုက်ခံစားမှုတွေကို သက်ရောက်မှုမရှိသလို ဟန်ဆောင်ရတော့ တကယ့်ကို နာကျင်မှုမရှိဘူးလို့ တဒင်္ဂယုံပြန်တယ် .. ၊ သည်သဘောကို တကယ်တွေးမိရင် ကိုယ့်ကိုယ်ကိုယ် သိပ်သနားမိတယ်ဗျာ . ။ အဲသည် သနားဆိုတဲ့ ခံစားချက်ကတောင် ဟန်ဆောင်မှုများလား ။


မင်းကိုပြောဖူးသလို ကျတော်က အပြင်ကလူပါ ။ ကျတော်လိုလူဟာ ဘယ်သူနဲ့မှာ ရောလိုမရတဲ့ သူမျိုးဖြစ်နေတတ်တယ် .. ဒါကြောင့်ရွယ်တူတွေထဲမှာဆို မင်းတစ်ယောက်လောက်ပဲ ပွင်းလင်းပြီးပြောလို့ရတယ် ထင်တယ် .. ။ ကျတော့်အတွက်တော့ ပေါ်ပင်တွေလိုဖြစ်တတ်ကြတဲ့ ဧရာဝတီမြစ်ကြီး ပျောက်သွားမှာလည်း အရေးမကြီးဘူး … ၊ လူတန်းစားအမြင်လည်းအရေးမကြီးဘူး …နောက်သနားတယ် ညှာတာတယ်ကူညီတယ်ဆိုတဲ့ ပရဟိတဟာလည်း ရယ်စရာကောင်းနေတတ်တယ် ၊ လူအချင်းချင်းသနားတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ ငါသူတို့ထက်သာတယ်ဆိုပြီး မဏ္ဍပ်တိုင်တတ်ပြ တာမျိုးမဟုတ်ဘူးလား ..ဟင်။ ကိုယ့်ထက်နိမ်ပါးလို့ပဲ သနားကြတာမဟုတ်ဘူးလား ကျတော်ကတော့ လူတစ်ယောက်ကို သနားညှာတာရမှာ ကိုယ့်လိပ်ပြာကိုရှက်မိတယ် … ။ ဟိုတစ်နေ့ ပိုက်ဆံလာတောင်းတဲ့ သူတစ်ယောက် ၂ဒေါ်လာ လောက်ပေးလိုက်တာကို သူရှက်မှာစိုးလို့ ကျတော်ပြေးထွက်သွားလာခဲ့တယ် … ။ တွေ့ကြုံလို့ အခွင့်သင့်လို့ ကူညီတာ ကျွေးမွေးတာကို ကျေးဇူးတင်ခံရမယ် ပီတိဖြစ်ရမယ် နောက်ကုသိုလ်ဘာညာ ယူရတယ်ဆိုတာကိုတော့ ကျတော့်တကယ့်ကို နားမလည်တာပါဗျာ .. ။ ကျတော်ကတော့ ဘဝမှာ ရိုးဖြောင့်ရင် (ပျော်ရွှင်ခြင်းကိုမမျှော်မှန်း စတမ်းဆိုရင်) နေလို့ရတယ်လို့ထင်တယ် ၊.. ရိုးဖြောင့်တယ် ဆိုရာမှာလည်း ကိုယ့်ကိုယ်ကိုယ်အတွက်ချည်းသာပါ … တစ်ခုခုကို ညာပြောချင်ရင် ညာပြောနိုင် ရုံလောက်သာပါပဲ ၊ ငရဲကြီးမှာစိုးလို့ ဘာညာသာရကာအတွက် ကိုယ့်စိတ်ကိုထိန်းပြီးလုပ်လိုက်ရင် ကျတော့်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ရိုးဖြောင့်တယ်လို့မဆိုနိုင်ဘူး … ။


အမှန်က ကိုယ့်ကိုယ်ကိုယ်ရိုးဖြောင့်ကြရင် လူတွေ သူများအပေါ်အကဲဖြတ်သတ်မှတ်ကြရတဲ့ ဒုက္ခက အေးသွားမယ်ထင်တယ် .. ။ သည်လိုသာဆိုရင် Murakami ဝတ္ထု နဲ့ ကိုးခန်းပျို့ကို တစ်ပြိုက်နက်ဖတ်တာလည်း အံ့သြစရာမဟုတ်ဘူး ၊ ဝိပဿနာ စာအုပ်ဖတ်ပြီး ဘာသာမဲ့ဖြစ်နေတာကိုလည်း ထိတ်လန့်စရာမဟုတ်တော့ဘူး ၊ ကိုယ့် ဆရာတစ်ယောက်ယောက်ကို ဖျက်ခနဲ့ဆဲမိတာလည်း ပက်စက်တယ်လို့ မြင်စရာမဟုတ်တော့ဘူး ၊ မြတ်နိုးပါတယ်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ကူးထဲမှာ အတူအိပ်ကြည့်ရင် လိပ်ပြာရှက်ဖို့မလိုတော့ဘူးပေါ့ ။ သည်လိုဆိုရင်တော့ ခုထက် ကျတော်နည်းနည်းနေပျော်မယ်ထင်တယ် ။

ဟိုနေ့က ကျတော် ရထားပေါ်မှာ ရင့်ကျက်ကျေနပ်ဟန်ရှိတဲ့ သက်လတ်ပိုင်း အနောက်တိုင်းသားတစ်ယောက်ကို သတိထားမိတယ် ။ နောက် သူ့ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ထားတဲ့ ရွှေလက်စွပ်မောင်းကွင်းလေးကို ကျတော်အကြာကြီးငေးနေမိတယ် ။ နောက်ဆယ်နှစ်လောက်ကြာလို့ သူ့အရွယ်ရောက်ရင် ကျတော့်ဘယ်ဘက်လက်သူကြွယ်မှာ သူ့လိုမောင်းကွင်းလေးမရှိမှာ သိပ်စိုးတယ် ။ ရင့်ကျက်ကျေနပ်ဟန်ကိုတော့ ကျတော်ဟန်ဆောင်ထားနိုင်မှာသေချာတော့ သိပ်အရေးမကြီးလှပါဘူး … ။ သည်တော့ နောက် ၁၀နှစ်လောက်ကြာလို့ ကျတော်တို့ပြန်တွေ့ကြမယ်ဆိုရင်တော့၊ ပြီးတော့ မင်းကိုကျတော် သည်လိုဆက်ပြီးအထင်ကြီးနိုင်ရင် ၊ နောက် မင်းကျတော်ကို အခုထက်ပိုပြီးအထင်ကြီးနိုင်မယ်ဆိုရင် ကျတော်တို့လက်ထပ်ကြည့်ကြရအောင်လို့ တောင်းဆိုချင်တယ် …. ။ လက်ထပ်ပြီး ၃၊ ၄ နှစ်နေလို့ မင်းအရင်သေသွားရင် ကျတော်မင်းကို ပိုလို့တွယ်တာမိပြီး တစ်သက်လုံးချစ်သွားနိုင်မယ်ထင်တာပဲ ။ ဒါမှမဟုတ် ကျတော်အရင်သေရင်လည်း မင်းအတွက်မို့ ဘဝမှာ နှမြောဖို့ကောင်းတယ်လို့ ကျတော်တော့ထင်မိမှာမဟုတ်ပါဘူး …။ ဘယ်နှယ်လည်း ကျတော့်ကို လန့်သွားပြီလား … ။ မကြောက်ပါနဲ့ဗျာ ….။


အိပ်မက်ထဲမှာတော့ မင်းခေါင်းညိမ့်လိုက်တယ်တင်တယ် ... ၊ နိုးတစ်ဝက်မို့ ကျတော်သေချာတော့ မပြောနိုင်ဘူး ။

ချစ်ခြင်းဖြင့် ။



Aung Phyoe
( အောက်တိုဘာ ၁၂ ၂၀၁၁ ၊ 11:25 PM)

3 comments:

Kay said...

ရှားစ ပါးစ လေး မို့ တကူးတက လာဖတ်ရ ပါတယ်..ကျတော်ရေ..း)

လူအချင်းချင်းသနားတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ ငါသူတို့ထက်သာတယ်ဆိုပြီး မဏ္ဍပ်တိုင်တတ်ပြ တာမျိုးမဟုတ်ဘူးလား ..ဟင်။ ကိုယ့်ထက်နိမ်ပါးလို့ပဲ သနားကြတာမဟုတ်ဘူးလား ကျတော်ကတော့ လူတစ်ယောက်ကို သနားညှာတာရမှာ ကိုယ့်လိပ်ပြာကိုရှက်မိတယ်

အဲဒီ သဘော ကို..တို့ မိသားစု မှာ..အဖေက ငယ်ငယ်လေး တည်းက.. သွင်းပေး ခဲ့တယ်။ တို့ကလည်း ရွတ်ပြီး..သူတောင်းစား မသနား ရဘူးလား လို့.. လုပ်ခဲ့ တယ်။
စာလုံး တွေ နဲ့..ကင်းလွတ် လို့ မရ တဲ့ လောက မို့.. အမြဲတမ်း မမှန်တဲ့.. အမှန် တခု ပါပဲ။

တို့လည်း.. လက်ထပ် လက်စွပ် ကို သပ်သပ်ရပ်ရပ် လေးလေးစားစား ၀တ်ထားတဲ့..အမျိုးသား တွေ ရဲ့ လက်တွေ ကို..အမြဲ စိတ်ဝင်စား တယ်။
ကံကောင်းချင်တော့..တို့ အမျိုးသား ကလည်း..လက်စွပ် ကို..ရေချိုးတောင် မချွတ်ဘူး။း)

အင်း..ပျင်းရိအောင် မပေါင်းသင်းချင်လို့.. ဇတ်လိုက်ကို သတ်ပြစ်မဲ့..စာရေးဆရာ ကျတော် ကိုတော့..အနည်းငယ် လန့်ပါတယ် ဗျာ..။ :D

Aung Phyoe said...

အတ္တသိပ်ကြီးသွားလို့ ထင်ပါရဲ့ မကေ :)
အမြဲတမ်း မမှန်တဲ့.. အမှန် တခုကို ကိုယ်တစ်ယောက်ထဲ တွေးမိကျင့်သုံးမိနေတာမဟုတ်ဘူး လို့ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ် :)

ကိုပေါ said...

Good post. I hope you won't take my comment as as a human-right abuse. :-)