29 February 2012

ပလ္လင်နန်းရပ် စံပျော်အပ်သည်ဖြစ်၍…


ကျွန်တော်နဲ့ မမ နောက်ဆုံးအကြိမ် လူချင်းတွေပြီး ခြောက်နှစ်လောက်အကြာ၊ ကျွန်တော့်အသက် ၂၉နှစ်တွင် နောက်တစ်ကြိမ်ပြန်လို့ ဆုံကြတယ် ။ လူကြားထဲ သွားရတိုင်း မျက်နှာတစ်ခုချင်းကို လိုက်ကြည့်တတ်တဲ့ အကျင့်က စွဲနေတော့ သူစိမ်းပြင်ပြင် မျက်နှာတွေကြားမှာ လက်ခနဲ တစ်ချက်အလင်းရောင် သန်းသလိုဖြစ်ပြီး ပြန်လည် သက်ငြိမ်သွားတဲ့ တစ်ခဏ အလွန်မှာ မမကို ပြန်တွေရခြင်းပါပဲ ။

အဲသည်ညဟာ အတော်တော့လှတယ် ။ အားရင် အပြင်မှာသာ အချိန်ဖြုန်းတတ်ကြတဲ့ အလုံခန်းတွေထဲမှာသာ တစ်ဘဝလုံးနီးနီး ကုန်ကြရတဲ့ ကျွန်တော်နေတဲ့မြို့လေးက လူတွေဟာ သည်ညမျိုးဆို သာယာမှုကို မျက်မြင်တွေ့ရခြင်းကြောင့် လမ်းမတစ်ခွင်တွင် အစုလေးများဖြင့် ပျော်ရွှင်မှုကို ရှာတတ်စမြဲ.. ။ နှေးကွေးပြီး ကျဉ်းမြောင်းစွာစီးရတဲ့ သည်မြစ်ရေကတောင် သည်လိုညဆို လရောင် လူရောင်တို့ဖြင့် အနည်းငယ် သွက်နေသည်ထင်ရတတ်တယ် ။ ပျော်ရွှင်စဖွယ်ဖြစ်မြဲ ဖြစ်သော ၊ အနည်းငယ်အားထုတ်ပါက လွယ်ကူပေါချောင်သော တစ်ညတာ အဖော်ကိုတွေ့မြဲ ထိုလိုညမျိုးတွင် မမကို ပြန်တွေ့ရခြင်းဖြစ်ပါတယ် .. ။

လွန်ခဲ့တဲ့ ခြောက်နှစ် မမနဲ့နောက်ဆုံးတွေ့ခဲ့ချိန် တစ်ဒင်္ဂလက်ဆွဲနှုတ်ဆက်ခဲ့စဉ်က ကျွန်တော့်လက်ကိုဖြစ်ညှစ်သော ခိုင်မြဲနွေးထွေးမှုကို ကျွန်တော်ပြန်၍တွေ့ထိဆဲ .. ၊ အအေးစက်ပြင်းတတ်တဲ့ ဘစ်ကားပေါ်မှအဆင်း ရေငွေ့ရိုက်သွားတဲ့ ကျွန်တော့်မျက်မှန်ထူကို အဝတ်နဲ့ဆွဲသုတ်၍ပြန်တပ်တိုင်း မှတ်တိုင်ဘေးတွင် အမြဲ အတိအကျကြိုစောင့်နေတတ်တဲ့ မမကို ကျွန်တော်ပြန်၍မြင်ယောင်ဆဲ.. ၊ ခုပြန်တွေ့တော့ ပြုံးပြဖို့ပင် နှောင့်နှေးရ၏ ။

“ကိုဦးရယ် …”

မမသည်တိုးတိတ်စွာ နှုတ်ဆက်ရင်း ကျွန်တော်နှင့်ယှဉ်ပြီး စကားတစ်ခွန်းတောင် ထပ်မဆိုပဲ လျှောက်လိုက်လာတယ် … ။ ယှက်လျှက်က မြစ်သည် ပင်လယ်သို့ စီးဝင်ဟန်ရှိသော အကွေ့ဝယ် သိပ်သည်းသော အမှောင်ရိပ်တို့ရှိ၏ … ။ လရောင်သည် သိပ်သည်းမှုကို မထိုးဖောက်လိုဟန် ၊ တစ်ဖန် မှောင်ရိပ် အသုံးချလိုသူတို့ကို အားနာဟန်နဲ့ သည်နေရာမှာ ဆုတ်ရစ်စွာ သာတတ်မြဲ ။ သည်လိုညမျိုးမှာပဲ မိန်းမောမှု၏အရသာ ၊ တပ်မက်ခြင်း၏တစ်ခဏ ဒီရေမကျမှီ သွန်း၍တတ်သော ရစ်မှုးခြင်းကို အပြည့်အဝ ခံစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။

ကုန်းဘောင် အစွန်းက အုတ်အခင်းတွင် ကျွန်တော်တို့ထိုင်ကြတယ် ။ မမ ဘယ်တုန်းက ပြန်ရောက်တာလည်း ၊ ဘာကြောင့်လည်း ဆိုတာတွေကို မေးကြည့်ဖို့မလိုဘူးလို့ ကျတော်ထင်တယ်လေ ။ စပ်စုပြီး သိရတော့လည်း ထူးပြီး ကျေနပ်စရာ ဖြစ်မယ်မထင်ဘူး ။ သူပိန်သွားလား ၊ ပိုကြည့်ကောင်းလာသလား ၊ ပိုရင့်ကျက်လာသားလား ကို ကြည့်မိတော့လည်း လွန်ခဲ့တဲ့ ခြောက်နှစ်ထက်ကထူးပြီး ပြောင်းလဲသွားတယ်လို့ ကျွန်တော်တော့မထင်ဘူး ။ မမက စီးကရက် တစ်လိပ်ကို ထုတ်၍သောက်တယ် နောက် ကျွန်တော်ကို လှမ်းပေးနေတော့ ကျွန်တော်ဖြတ်ထားတယ်ဆိုတာ မေ့ပြီး တစ်လိပ်ယူဖွာမိတယ် ။

“ ကိုဦးမမဆီ စာရေးတုန်းက စီးကရက်သောက်တတ်ပြီဆိုတော့ မမစိတ်ဆိုးလိုက်တာလေ .. ။ ကိုဦးကို ကြိမ်းတဲ့စာ တစ်စောင်ပို့တာ မှတ်မိသေးလား . . ။ အဲသည်တုန်းက စီးကရက်အကြောင်း ကိုဦးပြန်ရေးတဲ့စာ မမသေချာသိမ်းထားတယ် ။ စာရေးဆရာမတစ်ယောက်ရေးတာကို ပြန်ကူးရေးပြီး ကိုဦးအမြင်တွေကို တန်းစီရေးပြသွားတာလေ… ၃ မျက်နှာလောက်ရှိမယ်.. ။ ကိုဦးမမဆီရေးသမျှ အရှည်ဆုံးပဲ .. ။ မမအလွတ်ရမတတ် ဖတ်တယ်.. ၊ မမစိတ်ဓာတ်ကျပြီးလေနေတုန်းမှာ စီးကရက်စသောက်တတ်သွားတာပဲ .. ဒါမယ့် စွဲတော့မစွဲပါဘူး … ။ အေးလေ စီးကရက်ရယ်မှ မဟုတ်ပါဘူး ဘာကိုမှ မစွဲဘူး”

မမရဲ့ နှုတ်ခမ်းများသည် ဆေးခြယ်ထားဟန်ရှိပြီး စွတ်စိုရွှမ်းမြနေတယ် ။ ထိုလို နှုတ်ခမ်းတစ်စုံသည် တပ်မက်မှုကို ဖြစ်စေတတ်စမြဲ ။ ခုနေ ကျွန်တော်စကားပြောရင် အသံတွေတုန်နေမှာပဲ … ။ မမ အနည်းငယ်မှီထားတဲ့ ကျွန်တော့်ပုခုံးသား၏ လောင်မျမှုကို မမ မသိပါစေနဲ့လို့ ကျတော်ဆုတောင်းနေမိတယ် .. ။

“ဟုတ်တယ် .. ဘာကိုမှ စွဲမသွားဘူး … ၊ ဒါကလည်း ခက်သားပဲ ..တွေးမိသလောက်ဆို ခိုင်ကြည်တဲ့ စိတ်ထားမရှိရင် ကိုယ့်ရဲ့မူပိုင် identity ပျောက်သွားမလားရယ်လို့ ၊ လူတိုင်းနဲ့ ပေါင်းသင်းလို့ရတာရယ် သူတို့အထင်အမြင်တွေ ယူဆယုံကြည်ချက်တွေရယ်ဟာ မမနဲ့ မဆိုင်သလိုပဲ … ၊ မထူးခြားသလို လက်ခံလိုက်ဖို့ ငြင်းပယ်လိုက်ဖို့ ဘယ်ဟာမှ မခဲယဉ်းဘူး ” မမသည် သူ့ထုံးစံ စကားပြန်ကို မစောင့်ပဲစကားဆက်တယ် ။

ကျွန်တော်တွေဝေ သွားတာပဲလို့ထင်တယ် ။ မမပြောင်းလဲသွားပြီလား ..၊ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်ပုံဖော်ထားတဲ့ ပုံရိပ်ဟာ မမကိုယ်ပွားအစစ်မဟုတ်ဘူးလား ။ မမနဲ့ ကျတော် တစ်နေ့ပြန်တွေ့ရင်ဆိုပြီး ခွဲခွာသွားတုန်းက ဘဝမှာ ပထမအကြိမ် အချစ်ကိုတွေ့ပြီရယ်လို့ ကျွန်တော်ပျော်ရွှင်ခဲ့ဖူးတယ် ။ အတ္တကြီးသူတစ်ယောက်အဖို့ အချစ်ကို ပုံဖော်ရန် အကွာအဝေးတစ်ခု ၊ တုန့်ပြန်ခြင်းမဲ့သော ပုံရိပ်တစ်ခုလိုတယ် မဟုတ်လား ။ ထိုလိုအပ်ချက်များကို မမကိုယ်တိုင်ရော အခြေအနေ အချိန်အခါကပါ ရက်ရောစွာပေးခဲ့တယ် ။ ကျွန်တော် နက်နဲသော ခိုင်ကြည်တဲ့ အချစ်ကို တွေ့ခဲ့ရပြီ … မမကို ကျတော်စောင့်မယ် .။ ဒါမှမဟုတ် မမဆီကျတော်ရောက်အောင်လာမယ် ။ စိတ်ကိုလှည့်စားလို့ ရတယ်ဆိုတာ အမှန်ပဲမမ။ အချစ်ဆိုတာဟာလည်း ဖန်တီးယူလို့ရတဲ့ ခံစားချက်သက်သက်ရယ်ပါ … ။ စာအုပ်တွေ အတူတူဖတ်ကြ . အရင်ကဖတ်ဖူးတယ်ဆိုတဲ့ စာတွေကို တစ်ယောက်ထည်းပြန်ဖတ်ရင်းစိတ်ကူးယဉ် ၊ တစ်ယောက်ကို တစ်ယောက်စာတွေရေးကြနဲ့ ဘယ်လောက် ကြည်နူးဖို့ကောင်းသလဲဗျာ … ။ ဒါဟာ ဖန်တီးမှုဆိုရင် အနုပညာသက်သက်ပဲဖြစ်တယ် ။ အချစ်ဆိုတာကို ရှာလို့ရယ် ချပြနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းရယ်ပါ … ။ သာမန်ဆန်လွန်းပြီး လှပတဲ့ မိန်းကလေးတွေဆီမှာ ကျွန်တော့်အတွက် အချစ်မရှိဘူးမမ ။ ခဏတာ တပ်မက်နွေးအိတဲ့ ခန္ဓာကိုယ်တစ်ခုမှာလည်း အချစ်ဆိုတာမရှိဘူးမမ ။ ကိုင်တွယ်ထိတွေ့ ဆက်ဆံလို့မရတဲ့ မှတ်မိစိမ့်ထဲက နှုတ်ဆက်တဲ့ လက်တစ်စုံရဲ့ မြဲမြံဆုတ်ကိုင်လိုက်ခြင်းမှာ သာ ကျွန်တော့်အတွက် အချစ်ရှိပါတယ် … ။

“တစ်နှစ်မှာ ၃ ၊ ၄ လလောက် မှိုင်းမှုံနေတဲ့ ရာသီဥတုမျိုးနဲ့နေရတဲ့ အခါ ငိုချင်လာသလို ၊ ရယ်ချင်လာသလိုနဲ့ ရူးတော့မလားတောင် ထင်မိတယ် … ၊ လကလည်း လင်းအောင်မသာနိုင်ရှာဘူး ကိုဦးရယ် .. မွဲခြောက်ခြောက်နဲ့ …၊ သာတဲ့လဟာ လူတွေရဲ့ စိတ်ကိုဆွဲယူနိုင်ပြီး စိတ်ပျက်လွင့်စေတယ်လို့ ပြောခဲ့ဖူးတယ်နော် … ။ မွဲခြောက်ခြောက်လဟာ သည်လိုလှိုက်လှဲလာအောင် တော့ မတပ်နိုင်ရှာဘူး ။ ဒါပေမယ့် သူ့လွမ်းမိုးမှုအောက်မှာ လူတစ်ယောက်ကို ပြောင်းလဲအောင်လုပ်နိုင်ခဲ့တယ်”

ကျွန်တော်ပြောင်းလဲခဲ့ပါတယ် မမ ။ ဝေဝါးနေဆဲ အိပ်ပျော်ရာက နိုးထလာခဲ့ရပေမယ့် မက်လက်စ အိပ်မက်ကိုတော့ ဆက်မက်ချင်နေသေးသလိုမျိုး ။ မျှော်လင့်ချက်နဲ့ အိပ်မက်ဆိုတာ ကွာခြားတယ် မမ ။ Sign နဲ့ Symbol ကွာသလိုမျိုးပေါ့ … ။ ဒါပေမယ့် လူပိန်းတွေကတော့ ဒါကိုတူတယ် ထင်ကြမှာပဲ … ။ ဟုတ်တယ် မမသည်တစ်ချက်တော့ ကျွန်တော်မပြောင်းလဲသေးဘူး .. ။ ကိုယ့်အယူအဆနဲ့ မတူရင် လူပြိန်းလို့ ထင်နေဆဲပဲ .. ။ နောက် ပိုဆိုးတာ တစ်ချက်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်ပြင်ယူဖို့ဆိုရအောင် ယူဆချက်အတွေးအခေါ် တွေ မှားနေတာကို ခုတိမတွေ့သေးဘူး .. ။ အသိခေါက်ခက် အဝင်နက်တယ်လို့ ဆိုနိုင်ပေမယ့် .. ကျွန်တော့် တကယ်မမှားဘူးထင်နေတော့ ဘာလုပ်ရမလဲ . ။ ညသည်ပို၍ နက်လာ၏ .. ။ လူတို့သူတို့ ကျဲပါးကုန်ပြီ .. ။ မမသည် ထလိုဟန်ပင်မပြ ၊ သူပြန်ဖို့လည်း အရေးတကြီးမလိုသေးဘူးလို့ ထင်၏ ။

“မမလမ်းတွေ လျှောက်ဖြစ်တယ် … ။ အချစ်ဆိုတာကိုလည်း ရှာကြည့်ဖြစ်တယ် ..၊ ကောင်လေးချောချော တစ်ယောက်က ကိုယ့်ကိုယ် အသိအမှတ်ပြုရင် ကြည်နူးရတာ မိန်းကလေးတစ်ယောက်ရဲ့ မူပိုင်ခံစားမှုမဟုတ်လား … ၊ မမ သာမန်မိန်းကလေးတစ်ယောက်ရဲ့ ခံစားမှုသက်သက်ကိုလိုချင်နေမိတယ်. .. ။ တကယ်က ကိုယ့်ကိုယ်ကိုယ်မရိုးသားတာ ပေါ့လေ .. ။ လောကမှာ လူဖြစ်ရတာဟာ သာမန်ဖြစ်ရပ်လေးတွေ တစ်ခုချင်းဆီမှာ ပျော်ရွှင်ဖို့လား ၊ ကြီးကျယ်တဲ့ ရည်မှန်းချက်တစ်ခုကိုအကောင်အထည် ဖော်ဖြစ်ဖို့ စိတ်ညစ်ခံ ပင်ပန်းဆင်းရဲခံပြီး အောင်မြင်မှ တစ်လုံးတစ်ခဲထဲ ပျော်ရွှင်ရဖို့လား .. ၊ ဒါမှမဟုတ် မှန်ကန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ လောကမှာ မရှိတာရယ်ပဲလား … မမ ကိုယ့်ကိုယ့်ကိုယ် ပြန်မေးမိတယ် …”

ပျော်ရွှင်ခြင်းကို ကျတော် ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားဖူးတယ် ။ “ကို့ကို မေက ပျော်စေချင်တာပါ.. ၊ ကိုယ့်မှာ ရှိတာကို positive မြင်ပါ ..” ဆိုတဲ့ မိန်းကလေးတစ်ယောက် အပေါ်မှာလည်း သာယာခဲ့ဖူးပါတယ် ။ မပျော်ရွှင်ခြင်းဆိုတဲ့ အရာကလဲ လူတစ်ယောက်ဘဝမှာ ပမာဏအကန့်အသတ်နဲ့ လာတယ်ရယ်လို့ ယုံပြီး ငယ်ရွယ်ခါမှာ အဲသည်အရာတွေကို ကုန်သွားအောင် မပျော်ချင်သလောက်မပျော်စမ်း ၊ စိတ်ညစ်စမ်း၊ တစ်ခါ စိတ်ဓာတ်ကျစမ်း ရယ်လို့ ဗုန်းဗောလဟော သုံးကြည့်ဖူးတယ် ၊ ဒါပေမယ့် ခုချိန်ထိ အဲဒါဟာက ကုန်မသွားသေးဘူး မမ… ။

“ နောက်ဆုံးတော့ မမသဘောပေါက်သွားတယ် ၊ စိတ်ညစ်မှု စိတ်အလိုမကျမှု ဆိုတာကသာ ကမ္ဘာမှာ တည်မြဲနေတဲ့ အရာပေပဲလို့ .. ၊ စဉ်းစားကြည့်လေ ဘယ်လောက် အဆင်ပြေပြေ ဘယ်လောက် အောင်မြင်မြင် ဘယ်လောက် ချမ်းသာချမ်းသာ သူသူကိုယ်ကိုယ်စိတ်ညစ်နေကြရတာပဲမဟုတ်လား ကိုဦး .. ၊ ပိုက်ဆံမရှိလို့ နေ့ဖို့ညစာမရှိတဲ့သူတစ်ယောက်ရဲ့ စိတ်ညစ်မှုဟာ ငွေကြေးပြည့်စုံပေမယ့် လိုတာမရလို့ ၊ မဖြစ်လို့ စိတ်ညစ်ရတဲ့ သူတစ်ယောက်ထက် ပိုတယ်ဆိုတာကို မမလက်မခံဘူး … ။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်နည်းနည်းလေး လှည့်စားနိုင်ဖို့ ဘယ်သူဟာ ငါ့ထက်ဆိုးလေခြင်းရယ်လို့ မတွေးအပ်ဖူးထင်ခဲ့ဖူး ပါတယ် … ”

လသည် မြစ်ပြင်ထက် ထိပ်တည့်တည့်တွင် သာနေတယ် ။ လူလည်း တော်တော်ပြတ်သွားပြီ … ။ ညသည်ပိုလို့ တိတ်ဆိတ်လာတယ် .. အထီးကျန်ဆန်လာတယ်လို့ ကျတော်ထင်မိတယ် … ။

“ကြိုးစားရင် တစ်ချိန်ချိန်မှာ ကိုယ်ရည်မှန်းတာ ဖြစ်မယ်ရယ်လို့လည်း အရင်က ယုံခဲ့တယ် … ။ ခုရောဆို လုံးလုံးမယုံတော့ တာရယ်လို့လည်း မဟုတ်သေးဘူး… ။ လောကမှာ တကယ်တော့ ရတာလေးနဲ့ ပြည့်စုံအောင်နေနိုင်တာ အကောင်းဆုံးပါ.. ၊ ခုချိန်ရည်မှန်းတာဆိုတော့ ဒါပဲရှိတော့တယ်… ။ မမ ဘဝကို ကျေနပ်ချင်သေးတယ်”

ကျွန်တော်ကတော့ ဘဝမှာပြည့်စုံသွားတယ်ဆိုတဲ့ ခံစားမှုကို ကြောက်တယ် ။ ပိုင်ဆိုင်မှုအနည်းငယ်ကို တစ်သက်တာ သိမ်းပိုက်ထားလိုစိတ်နဲ့ ဘဝကိုရှေ့ဆက်တိုးတက်ပြောင်းလဲမှုကို လက်မခံချင်တော့တဲ့ သိမ်မွေ့လှိုက်လှဲတဲ့ ၊ နောက် လောဘနည်းသွားတတ်တဲ့ ခံစားချက်မျိုးကိုပေါ့ … ။ အရင်က စာအုပ်တစ်အုပ်ဖတ်နေရင်း ခဏချပြီး Online မှာ မမနဲ့ ကျတော်စကားပြောတယ် .. ပြောပြီးလို့ စာအုပ်ကိုပြန်ကိုင်ရင် စကားမပြောခင် အရင်ကဖတ်ခဲ့မိတဲ့ စာလုံးလေးတွေကို ပြန်ဖတ်ရရင် ကျေနပ်သွားတိုင်း ကျတော် ဝမ်းနည်းရတယ် … ၊ အရင်တစ်ချိန်က ပျော်ရွှင်ရတဲ့စောင့်မျှော်မှုဟာ အခုတော့ ပြန်တွေးလွမ်းဆွတ်ရမယ့် အကြောင်းအရာတစ်ခု ဖြစ်သွားပြီလေ… ။ သည်စာလုံးတွေကိုပဲ ပြန်ဖတ်ပေမယ့် ခံစားမှုက ဘာလို့သည်လောက်ကွာနေရတာလဲမမ ။ သည်တော့ ကြည်နူးမှုကို တစ်ဖန်မျှော်လင့်ရပြန်တယ် မဟုတ်လား ။ ရည်ရွယ်ချက်ဆိုတာလည်း သည်လိုပါပဲ … ။ ဘဝမှာ ကျေနပ်တယ်ဆိုတာဟာ ရှင်သန်မှုကို ငြင်းဆန်တာပဲ .. ၊ မတွေးတော့ပဲ မကြံစည်တော့ပဲ မျက်စိမှိုတ်ယုံပစ် ကြာတာမျိုးပါပဲ … ။ တစ်နည်းအားဖြင့် သေဆုံးခြင်းပါပဲ … ။ မမသေဆုံးသွားမှာ ကို ကျွန်တော်မမြင်ချင်ဘူး .. ။

“စောစောက ပြောသလို မမပြောင်းလဲသွားခဲ့တယ် ကိုဦး .. ၊ အရင်ကလို ကိုဦးအထင်ကြီးမယ့် အမျိုးသမီး မဟုတ်တော့ဘူး .. ၊ ဘဝမှာ ခံစားရမှာ အောင်မြင်မယ်ဆိုတာကို ယုံကြည်တတ်တဲ့ ထက်မြက်တဲ့ သူတစ်ယောက်လည်း မဟုတ်တော့ဘူး ..။ ဘဝကို ပျော်ရွှင်တတ်တဲ့ နေပျော်တဲ့ သူတွေကိုပဲ မမ ဆည်းကပ်တော့တယ် .. ၊ club တက် အလုပ်လုပ် ချစ်သူရည်းစားထားရင် ဘဝကို balance ညီညီ ဖြတ်သန်းတဲ့ သူတွေကိုပဲ အတုယူတော့တယ် … ။ တစ်ခါတစ်ခါ ညည်းငွေ့လာတဲ့ အခါမျိုးမှာတော့ မပြောင်းလဲ သေးတဲ့ ၊ ဘယ်တော့မှ ရင့်မာလာမှာ မဟုတ်တဲ့ ကိုဦးကို အရမ်းသတိရမိတယ် … ”

လွန်ခဲ့သော ခြောက်နှစ်ခန့်က အမျိုးသမီးသည် မမှတ်မိနိုင်အောင် ပြောင်းလဲနေပြီလား ၊ ကျွန်တော်သည် စူးရှသော မျက်ဝန်းတစ်စုံကို မှတ်မိနေ၏ ။ ထိုမျက်ဝန်းများသည် ယခုအခါဆေးခြယ်ထား၍ မှုန်မှိုင်းနေသည်လို့ ထင်မိတယ် … ။ ကျွန်တော်တို့ ပြန်တွေ့ရင် ဘဝကို တပ်မက်ကြဖို့ မဟုတ်လား .. ။ ခြောက်နှစ်လုံးလုံး ကျွန်တော်မွေးမြူခဲ့တဲ့ မမဟာ သည်လိုပြောင်းလဲသွားဖို့တော့ မကောင်းပါ… ။ ရက်စက်လွန်းသည်လို့ ဆိုချင်တယ် .. ။ ကျွန်တော် တစ်ခုခု မှားယွင်းနေပြီဆိုတာကို သတိထားမိလာတယ် ။

“ဘဝမှာ ပျော်ရွှင်မှုဟာအရေးကြီးတယ်လို့ ကိုဦးလက်ခံတယ်နော် .. ၊ ခုမမပျော်လားလို့ မေးရင် အရင်ကလို ပူဆာမနေတော့ စိတ်မညစ်ဖူးရယ်လို့ဖြေရမယ် ..။ မမ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင်နေနိုင်လာတယ် .. ၊ ထာဝရတည်မြဲပါမယ်ဆိုတဲ့ အချစ်ကို ယုံပြီး လှိုက်လှဲရင်ခုန်ရတဲ့ပီတိ ၊ ကိုယ့်ကို မြှောက်နေမှန်းသိပေမယ့် ကျေနပ်ရတဲ့ပီတိ ၊ လေးစားစရာမဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ်သိပေမယ့် သူများတွေက ကြည်ညိုတယ်ဆိုရင် စိတ်ကြီးဝင်ရတဲ့ပီတိ ၊ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကို ကူညီနိုင်လို့ လူဖြစ်ကျိုးနပ်တယ်ရယ် မြင့်မြတ်တယ်ရယ်လို့ ကြည်နူးရတဲ့ ပီတိ၊ ဒါတွေကို မမ ကောင်းကောင်းကြီး ခံယူတတ်လာပြီလေ.. ။ ကိုယ်ကိုယ်ကို ကျေနပ်လာတယ် ကိုဦး … မမ မညာပါဘူး ၊ ကိုဦး အထင်ကြီးမှာ မဟုတ်မှန်းလည်း မမသိတယ် ။ ဒါပေမယ့် ဘဝမှာ နေပျော်တယ်ထင်လာ တာတော့ အမှန်ပဲ ..၊ မမကို သနားစရာ ရယ်လို့ ကိုဦးမြင်မှာပဲ ..၊ ဒါပေမယ့် ဒါဟာ ထီးတည်းဆန် နေတာထက်တော့ မမအဖို့ နေလို့ ပိုကောင်းတာလည်း အမှန်ပဲ”

လူတွေဟာ ဘာလို့သည်လောက်တောင် ထီးတည်းဆန်ရတာလဲ မမ ။ ဘယ်အချက်ကြောင့်သည်လိုဖြစ်ရတာလဲ သိလားမမ ။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ တောင့်တပူဆာ နေကြရတယ် ၊ သူတို့ပျော်ရွှင်ကျေနပ်ဖို့ ထီးတည်းနေရင်း တစ်ပါးသူကို မျှော်စောင့်နေရတတ်တယ် …။ ကမ္ဘာပေါ်မှာဖြစ်တည်မှုအားလုံးဟာလည်း အထီးကျန်ဆန်မှုကို ဖေးကူအားမြှောက်ပေးနရတာလဲ ။ သည်ညကို ပဲ ကြည့်စမ်းမမ … ။ ကောင်းကင်က လမင်းကြီးဟာ ဘယ်လောက်အထီးကျန်သလဲ .. ။ သူကရော ကမ္ဘာဆီကဘာကို မျှော်ကိုးရင်းလှည့်ပတ်နေရတယ်ဆိုတာရော မမတွေးဖူးရဲ့လား … ။

မှတ်မိသလောက် လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က ကျတော်တို့သိကြတုန်းက အမြဲလိုလို လမ်းလျှောက်ရင်းစကားတွေပြောဖြစ်ကြတာကိုပဲ အမှတ်ရတယ် ။ လူသားနှစ်ယောက် စကားတွေ မနားတမ်းပြောရင်း မြို့ကလေးရဲ့လမ်းတွေပေါ်မှာ လျှောက်ဖြစ်ခဲ့ကြတယ် ။ မျှော်လင့်ချက်တွေလွင့်တင်ရင်း ၊ ပြန်လည်ဖမ်းယူတွေ့ထိ စမ်းသပ်ရင်း ။ အဲသည်တုန်းက တစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ ကျန်တစ်ယောက်ပဲဆိုတဲ့ ရိုးရှင်းလှတဲ့ သီအိုရီကို တို့တစ်တွေ ဘာလို့မသိခဲ့ကြတာလည်းမမ ။

မမနဲ့ခွဲရစက သွားခဲ့ဖူးတဲ့ အရင်နေရာတွေကို ကျတော်သွားကြည့်ဖြစ်သေးတယ် .. ။ အရင်လို ကြည်နူးမှာ မဟုတ်တော့ဘူး ဆိုတဲ့ လွမ်းဆွတ်ခြင်းမျိုးနဲ့ပေါ့ .. ။ သည်လိုခံစားချက်မျိုးနဲ့ ကိုယ့်စိတ်ကို ညှင်းဆဲရတာ ကျွန်တော်ကျေနပ်တယ် ။ ဘာကြောင့်လည်းဆို အဲသည်နေရာတစ်ခုဟာ ကျွန်တော့်အတွက် အရေးပါပါတယ်ဆိုတဲ့ ဖြစ်တည်မှုကို ပိုမိုအသေးစိတ်ခံစား ကြည့်ချင်ရုံ သက်သက်ပါ ၊ တစ်ခေါက်ခံစားပြီးတိုင်း မမေ့နိုင်လောက်တဲ့ နောက်သည်ကို တစ်ဖန်ပြန်သွားဖို့မလိုလောက်တဲ့ ခံစားချက်မျိုး ၊ တမ်းတမှုမျိုးကို ကျတော်လိုချင်လို့ပါ ။ အဲသည်လိုအခါတိုင်း ရှူရှိုက်တဲ့ လေထုထဲမှာ သစ်လွင်တဲ့ လန်းဆတ်မှုကိုရတယ် ၊ ကျွန်တော်နင်းတဲ့မြေလွှာရဲ့ နူးညံ့တဲ့ သစ်လွင်ခြင်းကိုရတယ် ၊ အစားအသောက်တိုင်းရဲ့ ပြောင်းလဲတဲ့ အရသာအသစ်ကိုကျတော်ရတယ် ။ တစ်နည်းအားဖြင့် ဝေးကွာလှတဲ့ တစ်နေရာက ဖြစ်တည်မှုအသစ်နဲ့ ကိုယ်ကိုယ့်ကိုယ် ပြန်တွေ့မိသလိုမျိုးပဲပေါ့ ။ အဲသည်လို အသစ်ဖြစ်တည်မှုခဏမှာပဲ ကျတော်ဟာ မမပြောခဲ့ဖူးတဲ့ အသံတွေနဲ့ဝေးရာ ၊ အမှတ်တရတွေနဲ့ ဝေးရာကို ပြေးထွက်ဖို့ကြိုးစားမြဲပါပဲ … ။ မမကတော့ ပြေးထွက်သွားပြီ .. ။ သည်တစ်ခါ ကျတော်အလှည့် ပြေးပါရစေတော့ …. ။

“မမသွားမယ်ကွယ် ၊ ကိုဦးက မမပြောချင်တာတွေ ပြောခဲ့ပြီးပြီ… ၊ ကိုဦးလည်း မမကို ပြောစရာ ရှိမှာ မဟုတ်တော့ပဲ .. ၊ မပြောင်းလဲသေးတဲ့ ကိုဦးကို တွေ့ရတာ မမတကယ် ဝမ်းသာပါတယ် .. ၊ နောက်ပြီးတော့ ကိုဦးကို ခံစားစေခဲ့မယ်ဆိုရင် မမကို ခွင့်လွှတ်ပါ … ။”

ကျွန်တော့် စိတ်ကို သိသည့်နှယ် မမသည် လက်ကိုဆွဲကာ နှုတ်ဆက်၏ ။ ခုချိန်မှာတော့ ဘဝမှာ ကျေနပ်သွားသောကြောင့်ထင်ရဲ့ ယခင်ကလို အားတင်းဟန်ဖြစ်ညှစ်သည့် အထိအတွေ့မျိုးမပါတော့ချေ ။ ကျွန်တော် အတန်ကြီး ထူပူနေတော့ ရေပြင်ပေါ်က လကိုပဲ ငေးကြည့်နေမိခဲ့တာ … အတော်ကြီးကိုကြာတယ် .. ။ ကျွန်တော့် စိတ်ထဲမှာအသစ်တစ်ဖန် မွေးဖွားဖြစ်တည်ရင်း သေဆုံးသွားတဲ့ သူတစ်ယောက်ကို လွမ်းဆွတ်ရင်းပေါ့ … ။

သည့်နောက်ပိုင်းမှာ မမကို ကျွန်တော်ထပ်ပြီးမတွေ့ရတော့။ ခြောက်နှစ်ကျော်ကြာ ဖြစ်တည်သော အတွေးထဲမှာ ရှင်သန်နေမှု ပျောက်ကွယ်သွားတာကိုတော့ ဘယ်သူကမှ သိမယ်မထင် သလို ရှင်းပြလို့လည်း ရမည်မထင်ပါ ။ မမက မာယာသုံးပြီး ကျွန်တော့်ထံတွင် ရှင်သန်နေသည့် သူပုံရိပ်ဟောင်းကို မနှစ်မြို့ခြင်းကြီးစွာဖြင့် လာတွေ့ ဖျက်ဆီးသွားခြင်းမျိုးဖြစ်နိုင်ပါတယ် ။ မမဘာဖြစ်သွားသလဲ .. ဘယ်ရောက်သွားသလဲကို အမှတ်တမဲ့စုံစမ်းတိုင်းလည်း သတင်းမရခဲ့ ၊ မြို့ကလေးသို့ပြန်လာသည်ပင် ဘယ်သူမှမကြားလို့ ဆိုကြတယ် ။ မိုင်ပေါင်းများစွာ ကမ္ဘာမြေမှဝေးကွာနေသောလည်း သစ္စာရှိစွာ မျှော်လင့်ချက်မဲ့လွန်းစွာ အဖော်ပြုလှည့်ပတ်တတ်မြဲဖြစ်သော ၊ ခံစားချက်ရှိလျှင်နာကြည်းကောင်း နာကြည်းနေပေမယ့် လကမ္ဘာဂြိုလ်ယံအပေါ် ကိုယ်ချင်းစာစိတ်ဖြင့် လသာသောညများတွင် မြစ်၏နဘေးက ထိုနေရာကို ကျွန်တော်လမ်းလျှောက်ထွက်စမြဲ … ။ ထုံးစံအတိုင်း အပေါ်ယံ ပျော်ရွှင်မှုကို ခံစားရစမြဲ ၊ အနည်းငယ်အားထုတ်ပါက လွယ်ကူပေါချောင်သော တစ်ညတာ အဖော်ကိုတွေ့ စမြဲပင်ဖြစ်ပါတယ် ။

Aung Phyoe
(ဖေဖော်ဝါရီ ၂၉ ၂၀၁၂ ၊ 2:19 PM)

3 comments:

Anonymous said...

Hi, Interesting blog, visit us back too: http://motors.com.mm/?utm_campaign=mot_mm_lb_blog_gverano&utm_source=mot_lb_blog&utm_medium=lb_blog

gina vinasoy said...

Hi ! I find this site Insparational,nice post of poem.Iwould be glad if you going to visit my webite too.
http://motors.com.mm/?utm_campaign=mot_mm_lb_blog_gvisoy&utm_source=mot_lb_blog&utm_medium=lb_blog

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so