31 January 2008

ပင်ကိုယ်ဗီဇ၀ါသနာ နှင့် အသက်မွေးဝမ်းကြောင်းပညာ

ခုတလော ကျောင်းစာတွေကပိနေလို့ အသစ်မတင်ဖြစ်တာကြာပြီ ။ စာမေးပွဲတွေလည်း ဆက်တိုက်နောက်ပြီး Projects ပေါင်းများစွာနဲ့ တောထွက်ရမယ့်ကိန်းပေါက် မတတ်ကို စိတ်မအားခဲ့ပါဘူး ။ ခုတလောမှာ ရလာတဲ့ ခံစားချက်ဝတ္ထုတို လေးတစ်ပုဒ်တင်ထား ပါတယ် ။ ကျနော်တော်တော်ခံစားပြီးရေး ထားတာပါ ။ လူတစ်ယောက်ရဲ့ ဘ၀မှာ ၀ါသနာ ၊ ဘ၀အာမခံချက် ၊ မိဘရဲ့တွန်းအားကြားမှာ တွေဝေတဲ့လူငယ်တစ်ယောက်ရဲ့ ပေါက်ကွဲမှု တစ်ခုပဲဆိုပါတော့ ။

တွေဝေသူ

(၁)

နားမလည်လိုတဲ့ စကားလုံးတွေ ၊ သိပ်မရင်းနှီးတဲ့ ဆက်သွယ်မှု နည်းစနစ်တွေ ၊ စက်ပစ္စည်းလည်ပတ်သံတွေကို လေ့လာရ ကြားရတာ သူ့အတွက်သိပ်ကို ညည်းငွေ့စရာပါ ။ သည်ဟာတွေ အားလုံးဟာ သူ့အတွက်တော့ တာဝန်သက်သက်အနေနှင့်သာ ကြားနာနေရတာ ၊ ပြောနေရတာ ၊ ကျက်မှတ်နေရတာမဟုတ်လား ။ တစ်ချိန်တုန်းကတော့ ကဗျာတွေ ၊ ပန်းချီကားတွေ ၊ သီချင်းတွေ ၊ ရုပ်ရှင်တွေ ကြားမှာကျင်လည်ရင်း စာရေးဆရာတွေ ဖန်တီးတဲ့ ဇာတ်ကောင်တွေ ၊ ဒါရိုက်တာတွေ ရဲ့ သရုပ်မှန် အထိန်းချုပ်ခံ ဇာတ်ကောင်တွေ ၊ ဂီတဖန်တီးရှင်တွေရဲ့ ကွန့်မြူးဥာဏ်မှ ပွင့်အန်ထွက်လာတဲ့ ရင်ခုန်သံမျိုးစုံ ကို နှလုံးသားနဲ့ ခံစားရင်း တစ်ချိန်ချိန်အရွယ်ရောက်ရင် ရင်ခုန်သံအရင်ခံ ထုတ်ကုန်တွေကို ဖန်တီးမယ်လို့ သူသိပ်ကို စိတ်ကူးယဉ်ထားခဲ့တာ ။ အခုအချိန်မှာတော. …… သည်အကြောင်းတွေ ၊ မျှော်မှန်းချက်တွေဟာေ၀၀ါးလွန်းနေခဲ့ပြီ ။

တစ်ကယ်တော့ သူနေခဲ့ရတဲ့ အဆင့်အတန်း ပါတ်ဝန်းကျင် ၊ အခုရောက်နေရတဲ့ အဆင့်အတန်း ပညာအရည်အချင်း အားလုံးဟာ သာမန်ဆိုရင်တော့ အားရလောက်စရာပါ ။ အဆင့်မီ ပညာရေးတစ်ခု ၊ ခိုင်မာဖြောင့်ဖြူးတဲ့ အနာဂါတ်လမ်းကြောင်းတစ်ခု .. စတဲ့ သာမန်ထက်မြက်တဲ့ လူငယ်တစ်ယောက်ရဲ့ လိုအပ်ချက်တွေ အားလုံးလိုလိုဟာ သူ့အတွက်ပြည့်စုံပါတယ် ။ ဒါပေမယ့် ဒါတွေအားလုံးကို တာဝန်တစ်ခုထမ်းရွက် ရသလို သဘောထားတဲ့သူ့အတွက်တော့ အားလုံးဟာ အလိုမကျစရာဖြစ်နေပါတယ် ။ သူမနှစ်သက် တဲ့ နောက်ပြီး ခါးသီးမုန်းတီးသွားရလောက်အောင် အဓိပ္ပာယ် ရှာမရတဲ့ ဘာသာရပ်တွေကို လေ့လာရင်း ၊ မိဘတွေ ကျေနပ်လောက်တဲ့ အဆင့်တစ်ခု ရအောင် တာဝန်တစ်ရပ် အနေနဲ့ ကြိုးစားရင်း သိပ်ကို စိတ်ကူးယဉ်တတ်တဲ့ကောင်လို့ သတ်မှတ်ခံရတဲ့ ခပ်ပိန်ပိန်လူငယ်တစ်ယောက် ဖြစ်တဲ့သူ့ဆီက ကြားရတတ်တာကတော့ `မပျော်ဘူး ၊ သိပ်စိတ်ညစ်တယ်´ တဲ့လေ ။

(၂)

လောကမှာ ကိုယ်ပိုင်ယုံကြည်မှု တစ်ခုနဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်းတစ်ခုကို ရွေးချယ်ခွင့် ရရင်သိပ်ကောင်းမှာ ဆိုတဲ့ ညည်းသံဟာလည်း သူ့ရဲ့လက်သုံးစကားတစ်ခုပါပဲ ။ လူဆိုတာ ကိုယ်ကျရာဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ် ဆိုတဲ့ အဓိပ္ပာယ် ပါတဲ့ ဆောင်ပုဒ်တစ်ခု ကိုလည်းသူ့ စာကြည့်စားပွဲ ရှေ့မှာ ကပ်ထားပေမယ့် သူ့ရင်ထဲမှာ မရှိကြောင်း သိပ်ထင်ရှားပါသည်။ ဒါပေမယ့်လည်း ၀ါသနာ၊ ခံစားချက်အတိုင်း ဦးစားပေး ဆုံးဖြတ်လိုတဲ့ သူ့အကျင့် ကို သူ့အတွေ့အကြုံတွေက အမျိုးမျိုး ပိတ်ပင်တားဆီးခဲ့ကြတယ် ။

သူဒီနိုင်ငံကိုလာဖို့ ၊ ပညာသင်ဖို့ ကြိုးစားရတုန်းကလည်း သူအတိုက်အခံငြင်း ခဲ့ပါသေးသည် ။ Singapore ကို မသွားခင် တစ်ပါတ်လောက် အလိုအထိကို အတိုက်အခံငြင်းဆန် ခဲ့တာ ။ ဒါပေမယ့် သူကြီးပြင်းခဲ့ ရတဲ့ပါတ်ဝန်းကျင် ၊ ခေတ် စနစ် အခြေအနေတွေကြားထဲမှာ သူ့ရဲ့ရင်တွင်းဖြစ် ၀ါသနာကို ချပြခဲ့ပေမယ့် သူကိုယ်တိုင်ကလည်း ၀ါသနာအတိုင်း စွန့်စားဖို့တွေဝေခဲ့တာ ။ ရှေ့ရေးအတွက် အခြေမခိုင်တဲ့ ပညာရေးကို လိုအပ်စွာ ပူပန်ကျတဲ့ သူ့မိဘတွေကို တော်လှန်ဖို့မရဲ ခဲ့တာလည်းပါလိမ့်မည် ။ နောက်သူ ကိုယ်တိုင်ကလည်းတွေဝေတတ်ပြီး ကိုယ်ဘာကို တကယ်လိုချင်သလဲဆိုတာကို ရေရေရာရာလည်း မဆုံးဖြတ်နိုင်ခဲ့ပေ ။ နောက်နိုင်ငံခြားမှာ ပညာသင်ရတယ်ဆိုပြီး ဂုဏ်ယူ အထင်ကြီးခံချင်တတ်တဲ့ လူလတ်တန်းစားရဲ့ စိတ်ဓာတ်လည်းပါပေလိမ့်မည် ။

“သွားစမ်းပါသားရယ် ၊ စိတ်ကူးသိပ်ယဉ်တယ်ဆိုတာကောင်းတာ မဟုတ်ဘူး ၊ လူ့ဘ၀ဆိုတာ တကယ်ရင်ဆိုင်ရရင် စား ၀တ် နေ ရေးပြေလည်ဖို့ အရေးကြီးတယ် ၊ အဲဒါအတွက် အခြေခိုင်တဲ့ ပညာရပ်တစ်ခုလိုအပ်တယ်” ဆိုတဲ့ အမေ့နှစ်သိမ့် စကား ။

“သိပ်မရူးနဲ့ငါ့သား ၊ မင်းအခု စိတ်ကူးနဲ့ရူးနေတာတွေကို တစ်ချိန်ကျရင် မင်းကိုယ်တိုင် ရယ်ချင်လာမယ် ၊ လက်တွေ့ဆန်စမ်းပါကွာ” ဆိုတဲ့ အဖေ့ဆုံးမစကား ။ နောက်ပါတ်ဝင်းကျင သူငယ်ချင်းတွေရဲ့ အားကျမှုကို ရစ်မူးယင်း နောက်တော့နေသား ကျသွားမှာပါ ဆိုတဲ့ စကားတွေကို ဖိတွေးရင်း သူလာခဲ့ရတာ ။ အဲသည်တုန်းက သဘော မပေါက်ခဲ့တာ တစ်ခုရှိခဲ့သည် ။ သူထင်သလိုအသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုကို စိတ်မပါတာပဲ သင်ကြားရတာထက် အဓိပ္ပာယ် ရှာမရဘဲ သင်ကြားနေရတာက ပိုခါးသီးတယ်ဆိုတာကိုပေါ့ ။

(၃)

“သွားစမ်းကွာ ……

အဓိပ္ပာယ်မရှိတဲ့ ဆက်သွယ်မှုတွေ

အသက်မရှိ ၊ အသိဥာဏ်မရှိတဲ့ စက်ပစ္စည်းတွေ

ခါးသီးအောင်တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေသတွေ

ခံစားမှု မပါပဲ တာဝန်တစ်ခုအရလုပ်ရတဲ့ Presentation တွေ

အကုန်လွှင့်ပစ်လိုက်စမ်း ၊

စိတ်စေရာ တစ်သွေမတိမ်း တစ်ကောက်ကောက်လိုက်လို့

တလွင့်လွင့်မျော ပါလာတဲ့ လမ်းဘေးဂီတတစ်ခု

တစ်ရိပ်ရိပ် လွင့်မြူးအသက်ဝင်လာတဲ့ ပန်းချီကားတွေ

မျှော်လင့်မှု ရမှတ်တစ်စုံတစ်ရာမပါဘဲ

Slides တွေ Decoration တွေမပါတဲ့

နှလုံးသားနဲ့တင်ဆက်တဲ့ Presentation တွေ

ဖန်တီးချင်စမ်းပါရဲ့ကွယ်

တင်းကျပ်မှု တာဝန်တွေမဲ့တဲ့

မိမိကိုယ်ကိုလေးစားနိုင်တဲ့

ပတ်ဝင်းကျင်တုန့်ပြန်မှုကို ကျောခိုင်း

နှလုံးသား ရင်ခုန်သံတစ်ခုတည်းနဲ့သာ စည်းချက်ညီနေတဲ့

ကိုယ်နာမည်ခံ လူသားတစ်ယောက်

ခုမှာတော့

လွတ်လပ်ချင်ပါတဲ့ကြွေးကြော်နေတဲ့လူငယ်တစ်ယောက်

ခံစားမှုမဲ့ အရာတွေကို တာဝန်တစ်ခုအရ

တန်ဖိုးထား ဖက်တွယ်ရှင်သန်နေရ

အနာဂါတ်မှာလည်း လွှင့်ချပစ်ခဲ့ ဖို့မလွယ်သေးဘူး“

(၄)

စာရေးဆရာ သိပ်ဖြစ်ချင်တာလို့ပြောခဲ့ဖူးတဲ့ သူရဲ့ စိတ်ထွက်ပေါက်ကဗျာတစ်ပုဒ်ပါ ။

သူ့ပတ်ဝန်းကျင်က သူ့လို Engineers ကျောင်းသားတွေဟာလည်း သူစိတ်မ၀င်စားပါဘူးဆိုတဲ့ စာတွေကိုရည်ရွယ်ချက် အမျိုးမျိုး တက်ကြွမှု အမျိုးမျိုးနဲ့ သင်ယူလေ့လာနေကြတာပဲ ။ ဒီလူတွေကို မြင်တိုင်းသူ့ကိုယ်သူ စမ်းစစ်ကြည့်ရင် စိတ်ဝင်စားကြည့်ချင်တဲ့ ပေါ်လာပေမယ့် ၀ါသနာပါကြည့်လို့တော့ မရပါ။ ``သူတို့တွေဝါသနာပါတဲ့ ဘာသာရပ်မှာ ကြိုးစားခွင့်ရကြတယ်နော်´´ လို့ အားကျမိရင် ကိုယ်အခြေအနေကို ရင်နာမိပြန်တယ် ။

စာလုံးဝမကြိုးစားပဲ ပျော်သလိုနေတဲ့ သူတွေကိုလည်း အားကျသလိုရှိပေမယ့် သူ့ကိုယ်သူ ပစ်စလက်ခတ် အဆင့်မှာ အရှက်ရခံဖို့တော့ သူကြောက်ရွံ့ပြန်လေသည် ။ သူ့အတွက်ငွေကုန်ကြေးကြ ခံထားရတဲ့ မိဘတွေအတွက်ရော သူ့သိက္ခာ အတွက်ရော စာတွေကိုလုံးဝလှစ်လျူ ရှုဖို့လည်းမဖြစ်ချေ ။

ဒါပေမယ့်လည်းလေ တစ်ခါတစ်လေကျတော့လည်း လုံးဝရင်မခုန်တဲ့ ဘာသာရပ်သင်ကြားမှုတွေမှာ အောင်မြင်မှုကလည်း ပီတိကိုမပေးနိုင် ၊ တတ်ကျွမ်းမှု ကလည်း ယုံကြည်မှုမပေးနိုင်ခဲ့ချေ ။ တစ်ခါတစ်ရံ သိပ်မခံစားနိုင်တော့အောင် ပေါက်ကွဲရင် စာရွက်တွေအားလုံးလွှင့်ပစ် ၊ ခေါင်းအုံးအောက်မှာ မျက်နှာဝှက်ရှိုက်ရင်း သူငိုတတ်ခဲ့တယ်။ ဒါပေမယ့်လည်း နံနက် အိပ်ယာနိုးရင် ပြန့်ကြဲနေမှာဖြစ်တဲ့ စာရွက်တွေ ပြန်ရှင်းဖို့လည်းသူ အမြဲတွေးနေရတာ ။ စာမေးပွဲနီးလို့ စာကြည့်စရာ စာရွက်တွေပျောက်လို့ ဘယ်ဖြစ်ပါမလဲနော် … ။

``ဘ၀မှာ ၀ါသနာတစ်ခုအတွက်

စွန့်လွှတ်ရတဲ့ တန်ဖိုးတွေထက်

ဝါသနာမပါတဲ့ အရာတွေကို

တာဝန် ၊ ၀တ္တရား ၊ နားလည်မှု ကြိုးမျှင်တွေကြားမှာ

ပိုက်ထွေးထားရတဲ့

အခြေအနေအတွက် ပေးဆပ်ရတဲ့

တန်ဖိုးကပိုကြီးပါတယ်´´ ။

(၂၄၊ ၁ ၊ ၀၈)

12 January 2008

ချစ်သူရေးခဲ့တဲ့ ညထဲမှ မြစ်တစ်စင်း ကိုပြန်လည်ခံစားခြင်း

(Starry Night Over the Rhone by Vincent van Gogh)

သည်တစ်ခါတော့ ခံစားမှုတစ်ခု အဖြစ် ကျနော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ် ။ ဆရာမကြည်အေး ရဲ့ ကဗျာတစ်ပုဒ်ပါ ။ သည်ကဗျာလေးကို ကြိုက်ရတဲ့ အကြောင်းဆိုရင်တော့ ကာရန်လှတာရော ၊ ပထမဆုံး အကြိမ် ဖတ်တုန်းက ရင်ခုန်ခဲ့ရတဲ့ အခြေအနေ ကြောင့်ရောပါ ။

လူတိုင်းမှာ ကြည့်နူးခဲ့ရသော အချိန်များရှိခဲ့ပေလိမ့်မည်။

ညနေချမ်း ၊ ကဗျာတစ်ပုဒ် ၊ ချစ်သူ ။

ထိုအရာသုံးခု အချိုးညီစွာပေါင်းစပ်နေသော ၊ ဆန်းကြယ်စွာ ရင်ခုန်ရသော

ညတစ်ညကို ကျနော်ဘ၀မှာ ပိုင်ဆိုင်ခဲ့ရဖူးသည်။

မနှစ်က မန္တလေး ပြန်တုန်းက ပထမဆုံး ညနေမှာပဲ ကျနော်ကို ဆရာ သင့်နော်ရဲ့ ဥတ္တရလွင်ပြင် လိုက်ပို့ပေးပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးခဲ့ တဲ့ မိန်းကလေ: ၊ တော်တော်ကြီးကြာ အောင်စာအုပ်တွေ ရွေးပြီးနောက် မှောင်လာတော့ သူ့အဆောင်ရှေ့မှာ ထိုင်ပြီးစကားပြောကြတဲ့ အချိန် ၊ လသာတဲ့ ည ၊ သူဆံနွယ်ရှည်တွေက ခပ်သင်းသင်းမွှေး ရနံ့ (သည်နောက်မှ ဆံပင်ရှည်တွေရဲ့ သင်းပျံ့တဲ့ ရနံ့ကိုရော ၊ Rဇာနည် ရဲ့ ဂန္တ၀င်ဆည်းဆာ ကိုရော ကျနော် စပြီးချစ်တတ် ခဲ့တာ) ၊ မန္တလေးကျုံးမှ ဖြတ်တိုက်လိုက်တဲ့ လေညှင်း ၊ အဆောင်ရှေ့က ခပ်မှိန်မှိန် အလင်း ဓာတ်မီးတိုင် ၊ ချစ်သူရည်းစား တော်တော်များများ ထိုင်ပြီးလောက်ပြီဖြစ်တဲ့ အဆောင်ရှေ့ ကခုံတန်းလေး ။ အဲသည်လောက် ပြီးပြည့်စုံ နေတဲ့ အချိန်မှာပဲ သည်ကဗျာလေးကို ပထမဆုံး အကြိမ်ဖတ်ခဲ့ရသည် ။

ဒါပေမယ့် အဲသည်တုန်းကတော့ ကဗျာထဲကလို သိမ့်သိမ့် လှုပ်ခါနေတဲ့ ရေလှိုင်းတွေ မပါ ၊ ရင်ဖိုစရာ တတ်မက်မှုတွေမပါ ၊ ချစ်သက်ကတိတွေ လည်းမပါခဲ့ ။

ဖွင့်ပြောဖို့ မလိုတဲ့အချစ်တစ်ခုကို ကျေနပ်တဲ့ ရင်ခုန်သံနှစ်ခု (သိပ်တော့မသေချာပါ) ၊ ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို သာယာတဲ့ တပ်မက်မှုတစ်ခု ။ အချိန်ရဲ့ ကန့်သတ်မှု မှလွတ်မြောက်ချင်တဲ့ နှလုံးသား တစ်စုံသာ ရှိခဲ့ပေမည်။

ဟုတ်တယ် အဲသည် အချိန်လေးဟာ ကျနော့်ဘ၀ထဲမှာ ဘယ်တော့မှ မပျောက်ပျက်အောင် မင်းရေးခဲ့တဲ့ တစ်ခုတည်းသော ညလေးတစ်ညပဲ။


မြစ်လယ်မှာ ချစ်လှယ်တုန်းက


မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နှင့်မောင်
ပန်းခူးရအောင်။

လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။

လေအေးကခုန်ပြန်
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တစ်ကြောမှာ
စိုးတဲ့အသံ။

လှပသည့် ကာရန် ၊ ပန်းမန်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။

တတ်ရေးဆန်းကြယ်
ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချို နှလုံးရယ်
ပြုံးတထေ့ထေ့။

ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်လာ
ယက်ပန်းကဖွာ ။

ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ရှက်တင် ပုံတော်သစ်ရအောင်
ချစ်သက်သေထား ။ ။

ကြည်အေး
(တာရာ ၊ အတွဲ ၁ ၊အမှတ် ၅ ၊ ၁၉၄၇)



ကြည့်စမ်း .. ဘယ်လောက်လှတဲ့ ကဗျာလေးလဲ။

ပြီးတော့ရော … ဘယ်လောက်ရင်ခုန်ဖို့ကောင်းသလဲ ကွယ်။

သည်ကဗျာလေးကို ဘယ်နှစ်ခေါက် ပြန်ဖတ်ဖတ်က အဲသည်အချိန်တုန်းက ခံစားခဲ့ရသော ၊ နောက်နောင်ပြန် မရဖို့ သေချာသော ခံစားမှုရင်ခုန်သံတစ်ခုကို ခံစားနေရဆဲ။

အခြေအနေ အရပ်ရပ် ကြောင့် …… ပဲဖြစ်ဖြစ် ၊ အခြားရင်ခုန်သံ အမျိုးမျိုးကြောင့်………. ပဲဖြစ်ဖြစ် …..

အဲသည် ညချမ်းလေးကို ဘယ်တော့မှ ပြန်မရနိုင်တော့ပေမယ့် ……….

အဲသည် ရင်ခုန်မှုလေးကိုတော့ လွမ်းဆွတ်တသရင်း ပြန်လည်ရင်ခုန်ခံစားနေမိဆဲ ဖြစ်သည်။

ပြောပါဦးကွယ်….

မင်းလည်း ကျနော်လိုပဲ မဟုတ်လား ……. ဟင် ..... ? ။ ။

8 January 2008

ဒို့ (၅) ယောက်

Blog တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ။ Blog ကြော်ငြာပဲဆိုပါတော့ ။ ကြယ်တစ်စု Blog လေးပါ။
Peeves ကိုအားကျလို့ ကျနော်တို့ သူငယ်ချင်း (၅) ယောက်စုထောင်ထားတဲ့ Blog လေးပါ ။ တစ်ဦးတည်းပိုင်မဟုတ်ဘဲ တစ်ယောက်ချင်း ရောက်ရာပေါက်ရာရေးကြတာပေါ့ ဆိုပြီး ထောင်ထားကြတာပါ ။

အဖွဲနဲ့ ကျတော့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးလည်း ရေးလို့ရတာပေါ့ ။ နောက်တော့ သူငယ်ချင်းချင်းလည်း ဘယ်နေရာရောက်နေနေ အဆက်အသွယ် မပြတ်ကျကြေးဆိုတဲ့ စေတနာနဲ့ပါ ။

Blog ဆိုတာ ကိုယ့်ခံစားချက်၊ နောက်စိတ်ကူးတွေ ... တွေကိုရင်ဖွင့်ရာနေရာလေးပါ ။ ပုဂွိုလ်ရေး ဆိုင်ရာတိုက်ခိုက်မှု များကိုတော့ မကြိုဆို လက်မခံချင်ပါ။ ဝေဖန်တယ် ဆိုရင်တောင် အပြုသဘောလေး ဝေဖန်ကြရင် ပျော်စရာမကောင်းဖူးလား ..... ။
(ဆုဝေလွင် ၊ ယဉ်မူယာစိုး ၊ ငြိမ်းဆုလှိုင် ၊ ဇေယျာဝေလင်း နှင့် အောင်ဖြိုး )

ကျနော်တို့ သူငယ်ချင်း (၅) ယောက်လည်း ခင်မင်မှုတွေပွားဝေနိုင်ကြပါစေ ။ နှစ်သစ်မှာ ကောင်းခြင်းကိုရှေးရှု တာ မင်္ဂလာတစ်ပါးပါ ။

6 January 2008

အုံ့ပုန်းအချစ် ဆိုတာ ........

ဆရာမ မေငြိမ်းရဲ့ 'ချစ်သူသို့ ကြိုဆိုခြင်း'ကိုဖတ်ကြည့်ပြီး မိန်းကလေးတစ်ယောက်ရဲ့ သိမ်မွေ့တဲ့ အချစ်ကို ခံစားရ ၊ ပြီးတော့ တစ်ဖက်သတ် ဆန်တယ်လို့ ဆိုနိုင်တဲ့ သောက အချစ်ကိုလည်း ကိုယ်ချင်းစာမိတယ် ။ ဒါတောင်မှ ဇာတ်လမ်းထဲက မိန်းကလေးက မျှော်လင့်ချက်ရှိသေးတယ် ။ တစ်ဖက်သတ် ချစ်တယ်ဆိုတာ တစ်ခါတစ်ခါ တစ်ယောက်ထဲ ကျိတ်ပျော်ရတတ်တယ် ဆိုပေမယ့်  တစ်ယောက်ထဲ တိတ်တိတ်လေးငိုရ တဲ့ အခါတွေကများ တတ်ပါတယ် ။ တစ်ဖက်သတ်ဆိုတဲ့ စကားဟာ မိန်းကလေးတွေ အတွက်လို့ သာမန်ပြောနိုင်ပေ မယ့် ဖွင့်ဟပြောခွင့်ရှိပါတယ် ဆိုတဲ့ ယောက်ျားလေးတွေမှာလည်း တခါတရံမှာ အခြေအနေ အရ တစ်ဖက်သတ်ဖြစ်ရတဲ့ အကြောင်းမျိုးတွေ လည်းရှိတတ်ပါတယ် ။

ကျွန်တော် မှတ်မှတ်ရရ ဖြစ်ခဲ့ရတာ တစ်ခုကတော့ ကျွန်တော်ရဲ့ သူငယ်ချင်းကြီး ကောင်မလေးတစ်ယောက် ကိုကျိတ်ချစ်နေ တုန်းကပါ ။ သည်ကောင်ကြီး က အတော်ရှက်တတ်တယ် ။ ဖြစ်ချင်တော့ သူ့မိန်းကလေးကလည်း ကျွန်တော်နဲ့ အတော်ခင်တယ် ။ သူမှာ ကျွန်တော်ကို ပြန်မပြောဖို့ ပိတ်ရတာအမော ။ ကျွန်တော် က ပြန်ပြောမယ်ကွာလို့ များစရင် သူ့မှာပျာယာခတ်နေတာ ။ အဲသည်တုန်းကများ သူဘာကြောင့် သည်လောက်ရှက်ကြောက် နေရလဲလို့ နားမလည်နိုင်ဘူး ။ ခုတော့ သည်ကောင်ကြီး ဇွဲဆုလို့ပြောရမလား မသိ ၊ သူ့ကောင်မလေးနဲ့ ဆေးကျောင်း တတိယနှစ်မှာ သမီးရည်းစားဖြစ်သွားကြတယ် ။ (ကျွန်တော်တို့ သူငယ်ချင်း အားလုံးကွဲသွားကြပေမယ့် သူတို့နှစ်ယောက်ကတော့ မခွဲဘဲ တစ်မြို့ထဲ တစ်ကျောင်းထဲ မှာအတူတူတက်ရတာ။) ကျွန်တော် ပထမဆုံး သိချင်တာက သူဘယ်လိုများ ကောင်မလေးကို ချစ်ကြောင်းဖွင့်ပြော သလဲပေါ့ ၊ သူ့ခဗျာမှာ ဘယ်လောက်ကျိတ်ကြိုက် ရရှာတယ်ဆိုတာ ကျွန်တော် အသိဆုံးပဲလေ ။


ဒါပေမယ့် တစ်ခါတစ်ရံ မှာတော့ ဘယ်သူမှ မသိရပဲ ကောင်မလေး တစ်ယောက်ယောက်ကို တိတ်တိတ်လေးချစ်နေရ တဲ့ယောက်ျားလေးတွေလည်းရှိတတ်တယ် ။ သူတို့ဟာ ဖွင့်ပြောဖို့ အတွက်ကြောက်တာမဟုတ်ပေမယ့် ၊ အကြောင်း အမျိုးမျိုးကြောင့် တိတ်တဆိတ်ပဲ (အရိပ်အယောက်လောက်တော့ သတိထားမိရင်သိမှာပါ) ချစ်နေရတဲ့ သူတွေလည်းရှိပါတယ် ။ သည်တစ်ခါတော့ အဲသည်လို အချစ်မျိုး အကြောင်းကို ကျွန်တော်မကြာခင်ကမှ ခံစားပြီး ရေးထားခဲ့တာ အတော်လေး Personal ဆန်နေတယ် ထင်ရလို့ ဖြတ်တောက်ပြုပြင်ပြီး တင်ပေး လိုက်ပါတယ် ။


မြက်ပင်ရိုင်းများ

မှတ်မှတ်ရရ ………

ကျနော်ရင်ထဲမှာ မင်း ကို ချစ်မိနေပြီလို့ သေချာခဲ့တဲ့နေ့ရဲ့ ညမှာ

တောပန်းတွေ ဝေနေအောင်ပန်ထားတဲ့ မင်း ကို

မြက်ရိုင်းပင်စိမ်း ရှည်တွေကြားထဲက

ကျနော် ချောင်းကြည့်နေခဲ့ တယ်လို့

အိပ်မက်မက်တယ် ။

+++++++++

တကယ်တော့ ကျနော်မင်းကိုတွေ့တာ ရိုးရိုးလေးပါ ၊ သည်ပုံစံမျိုးနဲ့ တွေ့ဖူးတဲ့ သူတွေလည်းအများကြီး ။ တစ်ခါတစ်ခါ မထင်မှတ်ရမယ့် တိုက်ဆိုင်မှုလေးတွေ ဟာ လူတစ်ယောက်ရဲ့ ခံစားမှုကိုပြောင်း ပစ်ကြတယ် ။ မင်းကို ကျနော် တွေ့ဖူးတာလည်းကြာပြီ ၊ မြင်ဖူးတာလည်းကြာပြီ ။ မေးထူးခေါ်ပြော အဆင့်လောက်နဲ့ တစ်ယောက်ကို တစ်ယောက် အသိအမှတ် ပြုမိကြတာလည်း ကြာလှပြီပဲ ကွယ် ။ ဒါပေမယ့် မင်းရဲ့မာနကြီးပြီး ဘယ်သူ့ကိုမှ အရေးမစိုက်ချင်တဲ့ ဟန်တွေကြောင့် သိပ်မရင်းနှီးခဲ့ပေမယ့် မှတ်မှတ်ထင်ထင်တော့ ရှိခဲတယ်။

တစ်ခါတစ်ခါမှာတော့ မင်းနဲ့ပတ်သက်တဲ့သီးသန့် တစ်ဖက်သတ် ခံစားချက်တွေကို ဘာကြောင့်လည်းလို့ အဖြေရှာမိတိုင်း ရင်ခုန်သံတွေပဲ သိပ်ဆူညံလာရတာ ကလွဲလို့ အဖြေမရတတ်ဖူး ။

ဒါဟာ အချစ်ဆိုတာ သေချာတာပေါ့ နော်။

+++++++++

တစ်ခု သေချာတာကတော့ အချစ်ဆိုတဲ့ အရာက ကျနော့်အတွက် နွေးထွေးစွာ မကြိုဆိုနိုင်တဲ့ စိတ်ခံစားမှုတစ်ခု ဆိုတာပါပဲ ။ တစ်ကယ်ပါ ကျနော်တစ်စုံတစ်ယောက်ကို တမ်းတမ်းတတ ချစ်နေရမှာကို ကြောက်တယ် ။ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို ပိုင်ဆိုင်ဖို့ ကြိုးစားရခြင်းဆိုတာ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ရင် ပါဝင်ယှဉ်ပြိုင်သူဟာ ကျနော်တစ်ယောက်ထဲဖြစ်ချင်တယ် ။

တကယ်ပါကွယ် …. ။

ကျနော် ရှုံးမှာကို သိပ်ကြောက်တယ်လေ ။ သည်အတွက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ဖက်တွေအလယ် ၊ လူတွေအလယ်မှာ ရှုံးမှာထက် မပြိုင်ဘဲ တိတ်တိတ်လေး အရှုံးခံ ရတာကို ပိုပြီးသဘောကျတယ် ။ ဟုတ်မှာပါလေ …..

ဒါဟာ အချစ်မဟုတ်ဖူးလို့ ဝေဖန်တဲ့သူတွေလည်းရှိမယ် ၊ ဒါအတ္တကြီးတာပဲ လို့ စွပ်စွဲကောင်းစွပ်စွဲ လိမ့်မယ် ။ ဒါပေမယ့် လူတစ်ယောက်ကို ချစ်မိမှာကို ကျနော်သိပ်ကြောက်မိတာ အမှန်ပဲ။

+++++++++

ဒါကြောင့် ကျနော်ဟာ တစ်ယောက်ယောက်အတွက် သီးသန့်ခံစားချက်တွေကို ဘယ်တော့မှလွယ်လွယ် လက်မခံတတ်ခဲ့ဖူး ။ ဒါပေမယ့် ခုတလော မင်းအကြောင်း တွေးနေမိတာ ၊ မင်းအကြောင်းပြောကြရင် နားစွန့်နေ တတ်တာတွေဟာ ကျနော်လက်မခံချင် ပေမယ့် ပြန်တော်လှန်လို့ မရနိုင်အောင် အားကြီးနေပြီ ။ သေချာတာကတော့ ဒါတွေအားလုံးဟာ ဖန်တီးယူနေတာတွေ မဟုတ်ဘူး ။

ချစ်သူတစ်ယောက်ရှိတယ် ဆိုတာ ဘယ်လောက် ပျော်စရာကောင်းတဲ့ ကိစ္စလည်း ၊ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းလိုက်တဲ့ အခြေအနေလည်း ………….

ကျနော်သိတာပေါ့ ။

စိတ်အားငယ်ရတဲ့ အခါ ၊ စိတ်လွတ်လက်လွတ်သိပ်ပျော် ရတဲ့အခါ မှာ မျှဝေခံစားပေးဖို့ ပဲဖြစ်ဖြစ် ၊

အနည်းဆုံး စာအုပ်တစ်အုပ် ၊ ရုပ်ရှင်တစ်ကားကို အတူတူခံစား ဖို့ အတွက်ပဲ ဆိုဆို ချစ်သူဆိုတာ လိုတာပေါ့ ။

ဒါတွေကြောင့် တစ်ခါတစ်ခါ ရင်ခုန်သံတွေ သိပ်ကျယ်လောင် တုန်ဟီးလာလို့ ဂမူးရှူးတိုးနဲ့ သတ္တိတွေ သိပ်ကောင်းလာရင် မင်းကိုကျနော်တစ်ခု ဖွင့်မေးကြည့် မိမယ် ။

“ မင်း စာအုပ်တွေဘာတွေဖတ်လားဟင်? ”

“ ရုပ်ရှင်တွေ ဘာတွေရော ကြိုက်လား? ”

မင်းရယ်မိတယ် ထင်တယ် ။ နောက် မင်းရဲ့ ယုံကြည်ပြုံးလေးနဲ့ ခေါင်းခါပြမှာ ပေါ့နော်…… ။

မင်းကို ကြည့်နေတဲ့ ကျနော့်မျက်လုံးတွေ အပြုံးလျော့သွားတာ ကိုတော့ မင်းသိလိုက်မယ် မထင်ဘူး ။

+++++++++

အဓိပ္ပါယ်မဲ့ စွာ

မိုးတိမ်တွေကို

ငေးမိရင်တောင် မှ

ကျနော့် ကောင်းကင်ဟာ

မင်းဖြစ်ဖြစ်သွားတတ်တယ်...

တိမ်တွေက တော့ ကျနော်ပေါ့

မင်းရဲ့ အနီးမှာ ရစ်ဝဲရင်းနဲ့

နောက်ဆုံးတော့ မိုးအဖြစ်ရွာကျရတာ……

ဒါပေမယ့် ဒါဟာ သဘာဝတစ်ခုလို့

လူသားတိုင်းလက်ခံ ကြတာပဲ…..

+++++++++

ဒါပေမယ့် အချစ်ဆိုတာဟာ တစ်ခါလွှမ်းမိုး ခံရပြီးရင် ထွက်ပြေးရှောင်တိမ်းဖို့ မလွယ်ဖူးနော်ကွယ် ။ စာသင်ခန်းတစ်ခန်းထဲက မင်းကိုချောင်းကြည့်ရတာ ၊ Canteen ထဲမှာ တစ်ခုခု စားနေတဲ့မင်းကို ခိုးကြည့်နေရတာ ဟာ မင်းကို အာရုံထဲက ဆွဲထုတ်ပစ်ဖို့ မလွယ်လို့ပေါ့ ။ ခပ်ပြုံးပြုံး မင်းရဲ့မျက်နှာ ထားကို စိတ်ထဲမှာစွဲနေ တာဟာလည်း ဒါကြောင့်ပဲပေါ့ ။

မင်းနဲ့ မျက်နှာချင်းဆိုင် စကားပြောရတိုင်း မင်းရဲ့ မျက်ဝန်းတွေကို ခိုးခိုးကြည့် တတ်တာလည်း အချစ်ကြောင့်ဘဲ ပေါ့ ကွယ် ။ ပြီးတော့ မလုံမလဲ ပြုံးတတ်ပြီး ပျော်နေတဲ့ ကျနော်ကိုရော မင်း သတိထားမိလား ဟင် ။ မင်းမသိဖူး ဆိုရင်တော့ ကျနော့်ဟန်က ပဲကောင်းနေတာလား ၊ ကျနော်ဆိုတဲ့ ကောင်ဟာ မင်းအတွက် သတိမပြုမိလောက် အောင်သိမ်ဖျင်းနေလို့လားဟင် ။ သည်လိုကျတော့လည်း ကျနော်ဝမ်းနည်း ရပြန်တယ်……ကွယ် ။

တစ်ခါတစ်ခါမှ အကြောင်းမဲ့ပျော်ရွှင်ရပြန်တာလည်း မင်းကြောင့်ပဲကွယ် ။ အထူးသဖြင့် အိပ်မက်ထဲမှာပေါ့ ။ အဲသည်မှာကျတော့ မင်းဟာ အပြင်မှာလောက်ကြီး ခပ်တည်တည်မနေ ဖူး ၊ ဟုတ်တယ် မင်းပြုံးနေတယ် ( အပြင်မှာ မြင်နေကျ ဟန်လုပ်ထားတဲ့ အပြုံးမျိုးလည်း မဟုတ်ဘူး) ၊ “ဘာတွေ ဖတ်နေတာလည်းဟင် ၊ တို့ကိုရောမပြချင်ဘူးလား၊ တို့လည်း စာတွေသိပ်ဖတ်တာ”တဲ့ ၊ မင်းဖတ်ချင်ရင် ကိုယ်ဖတ်နေဆဲ မပြီးသေးတဲ့ စာအုပ်ဖြစ်ဖြစ် ငှားဖတ်ဖို့ အသင့်ဖြစ်နေတယ်ကွယ် ( ကျနော့် စာအုပ်တွေကို သိပ်တိုတတ်တာ မင်း… သိလား) ၊ မင်းထပ်ပြီး ဖတ်ချင်တယ်ဆိုရင်လေ ဆိုပြီးစိတ်ထဲက မင်းဖတ်ဖို့ စာအုပ်စာရင်းတွေကို အိပ်မက်ထဲမှာတောင် ချရေးပေးလို့ ၊ “ဂျာနယ်ကျော်မမလေး” ရဲ့ “ရင်နင့်အောင်မွှေး” ကိုဖတ်ဖြစ်အောင်ဖတ်စေ ချင်တယ် ၊ ကျနော်မင်းကို “မော့်” လို မိန်းမမျိုးသိပ်ဖြစ်စေ ချင်တာပဲ ။ မင်းရယ်တယ်လေ …… “ဟားဟား…… ရှင့်စာအုပ်ကို ငှားဖတ်တာနဲ့ ကျမကို ရှင်ဆရာလုပ်နိုင်မယ် ထင်လား……၊ ယောက်ျားတွေရဲ့ ဆရာလုပ်တတ်တဲ့ အကျင့်ကို ကျမအမုန်းဆုံးပဲ” ပြောပြောဆိုဆိုနဲ့ စာအုပ်ကို ချပြီးမင်းလှည့်ထွက်သွားတယ် ၊ နောက် မင်းကျနော်ကို ခပ်ပြုံးပြုံးလေး သမင်လည်ပြန်လှည့် ကြည့်တယ် ။ ဘာသဘော လည်းကွယ် ………. ၊

အိပ်မက်ဆိုတာကောင်းခန်းမှာ ပျက်တတ်တယ်ဆိုတာတကယ် ပဲ ၊ အဲသည်မှာပဲ ကျနော်လန့်နိုးသွားတယ် ။

မင်းကျနော့်ကို အထင်သေးသွားတာလား ၊ စိတ်ပျက်သွားတာလား ……. ။

ကျနော့် ကို ပျက်ရယ်ပြုတာကို သိပ်မုန်းတယ် ၊ မင်းအပေါ်စေတနာပိုမှု (ကျနော့်အချစ်) ၊ ကျနော့် မျှော်လင့်ချက်တွေကို ရယ်သွေးတတ်တာကိုရော သိပ်ခံပြင်းတယ် ။

သည်လို အစော်ကားခံရမှာကို ဘယ်လိုမှခံနိုင်ရည် မရှိဘူး ။

အို……….. မင်းကို ချစ်တယ်လို့ များ ဖွင့်ပြောမိရင် မင်းအနည်းဆုံးတော့ ဟားမှာပါ… ။ မင်း ….. အခြားကောင်လေးတွေ ကို ငြင်းလိုက်သလိုပေါ့ (မင်း အခြားကောင်လေးတွေကို ဘယ်လိုငြင်းလည်းတော့ ကျနော်မသိဘူး ၊ မင်း အချစ်ကိစ္စ တွေ အကြောင်းကိုလည်း မစုံစမ်းရဲ လို့ မစုံစမ်းခဲ့ဘူး။ ) ဒါထက်ကျနော် ကံဆိုးရင်တော့ “ကျမမှာ ချစ်သူရှိပြီးသားရှင့်” လို့ မင်းပြုံးပြုံးလေးပြောလိမ့် မယ် ။ အရှုံးသမားကိုယ့် ကို နည်းနည်းလေးမှ အရေးစိုက် အားနာဟန်မရှိတဲ့ အပြုံးမျိုးနဲ့လေ ။

သည်လို အခြေအနေတစ်ခုကို ကျနော်ဘယ်လိုနည်းနဲ့ မှ ရင်မဆိုင်နိုင်ဘူး ကွယ် …..။

တကယ်ပါ ….

မင်းသည်လို ငြင်းသည့်တိုင် ကျနော်မင်းကိုမေ့ နိုင်၊ မုန်းနိုင်မှာမှ မဟုတ်ဘဲ။

မိန်းကလေးတစ်ယောက်ကို လက်တည့်စမ်း ရည်းစားစကားပြောပြီး အဆင်မချောရင် အသစ်တစ်ယောက်ရှာတယ် ဆို့တဲ့ ယောက်ျားမျိုးထဲမှာ ကျနော်မပါဘူးနော် ။

+++++++++

တစ်ခါတစ်ခါ ပင်ပန်းလို့ပဲ ဖြစ်ဖြစ် မှိုတ်သွားတတ်တဲ့ မင်းမျက်လုံးတွေရဲ့ မြင်လွှာ အာရုံမှာ ခပ်ဖြောင့်ဖြောင့် ယောက်ျားတစ်ယောက်ရဲ့ ပုံရိပ်တွေများရှိနေမှာလား ဟင် …….

ဒါမှမဟုတ် တစ်ခါတစ်ခါ ကျနော်သိပ်ချစ်ရတဲ့ အပြုံးနဲ့ (ကျနော်ကို ဘယ်တုန်းကမှ ပြုံးမပြခဲ့ဖူးတဲ့ အပြုံးမျိုးပေါ့) မင်းပြောနေတတ်တဲ့ ဖုန်းရဲ့အခြား တစ်ဖက်မှာ မင်းမြတ်နိုး အားကိုးရတဲ့ ယောက်ျားတစ်ယောက်များ ရှိနေလား ဟင်….

ဟင့်အင်းကွာ…………… ဒါတွေလည်းကျနော်မသိချင်ဘူး ။

ကျနော်မင်းကို တိတ်တိတ်လေးပဲ ချစ်နေရရင်တော်ပါပြီကွယ် ။

ကျနော့် အချစ်မှာ မျှော်လင့်ခြင်းမပါ ၊

ရမ္မက် မပါ ။

ပေးဆပ်ခြင်း ၊ ရယူခြင်းဆိုတဲ့ သာမန်အချစ်ရဲ့ သတ်မှတ်မှုတွေ မပါ။

ဒီအချက်တွေ ကင်းလွတ်နေပေမယ့် ……

ဒါခံစားချက်တွေဟာ အချစ်ဆိုတာသေချာပါတယ် ကွယ် ။

ရှေ့ဆက်တိုးဖို့ မကြိုးစားခဲ့ပေမယ့် …….

ကျနော့် အချစ်ဟာ ကြုံ့ဝင်ပျောက်ကွယ် သွားမှာမျိုးမဟုတ်ဘူး ။

ကျနော်ချစ်ရသူကို ကျနော့် (မင်းနားမလည်နိုင်တဲ့) အချစ်တွေနဲ့ပဲ တတ်နိုင်သမျှ ချစ်ချင်နေတာလေ ။

+++++++++

အိပ်မက်တွေကိုချစ်တတ်တဲ့ ကျနော် အိပ်မက်တစ်ခုကို ပြန်သတိရမိတယ် ။

အိပ်မက်ထဲမှာ….

တောပန်းတွေ ဝေနေအောင်ပန်ထားတဲ့ မင်း ကို

မြက်ရိုင်းပင်စိမ်း ရှည်တွေကြားထဲက

ကျနော် ချောင်းကြည့်နေခဲ့ တာ

အိပ်မက်ထဲမှာ မပါပေမယ့် တစ်ခုတော့ သေချာတယ်……

ကျနော့်စိတ်ထဲမှာ အရမ်းကို ငိုချပစ်ချင်နေမိတယ် ကွယ် …….

+++++++++

ဟိုမှာလေ …..

မြက်ခင်းပြင်ရဲ့ အပြင်မှာ….

သူလျှောက်သွားနေလေရဲ့

မာန်တင်း ၊ ဟန်ဝင်းတဲ့ အပြုံးမျိုးနဲ့

သည်မှာတော့…..

မြက်ပင်တွေကြားထဲမှာ…..

ကျနော်တိတ်တိတ်လေး ငိုနေတယ်

မာနတွေ ၊ အတ္တတွေကို ပိုက်ထွေးရင်း…

တစ်ခုတော့ သိချင်နေမိတယ် …

မင်းနဲ့ ကျနော့် ကြားက

မြက်ရိုင်းပင်စိမ်း ရှည်တွေကို

ဘယ်သူစိုက်ခဲ့တာလည်း လို့ပါ ?…………. ။

(၂၄ ရက် ၊ ဒီဇင်ဘာ)

3 January 2008

နှစ်သစ်


ခုနှစ် သက္ကရာဇ် တစ်ခုကုန်ဆုံးသွားပြီ ။
အရင်တုန်းကတော့ သိပ်ပြီး သတိမမူ မိလို့ ခပ်ပေါ့ပေါ့သဘောထားခဲ့ ၊
ခုတော့ လျင်မြန်စွာ ကျော်လွန်သွားတဲ့ နှစ်တွေကို ပြန်မျှော်ကြည့်တော့ တမေ့တမောကြီး ၊
အောင်မြင်မှု တွေထက် ဆုံးရှုံးမှုတွေ များပေမယ့် သက်တောင့်သက်သာ ရှိခဲ့သည်။
ဪ ကလေးဘ၀ပေကို......
လူငယ်ဘ၀ကို ကူးပြောင်းစ မကြာသေးတဲ့ ခုနှစ် သက္ကရာဇ်တွေ
ပေါက်ကွဲခဲ့ ၊ ဆုံးရှုံးခဲ့ ၊ တိတ်တိတ် ငိုကြွေးခဲ့ ရတာတွေ ....
တည်ငြိမ်မှုကို ရှေးရှုဖို့ အချိန်တန်ပြီ ။

နှစ်သစ်မှာ စိတ်ပျက်ဖွယ် အဟောင်းတွေကို ကျောခိုင်း ....
လူသားဆန်တဲ့ တည်ငြိမ်မှု ၊ ပျော်ရွှင်မှု တွေကို မျှော်မှန်း ....
တာဝန်ယူနိုင်စိတ် ၊ မိမိကိုယ် မိမိ လေးစားနိုင်အောင် .....
မိမိအောင်မြင်မှု ၊ ဆုံးရှုံးမှု တွေကိုလည်း ဂုဏ်ယူနိုင် ၊ သင်ခန်းစာ ယူနိုင်အောင် .....
မိမိ စိတ် ကြေးမုံပြင် ကို သန့်ရှင်း ။

သည်နှစ်သစ်ကို တတ်နိုင်သလောက် အပျော်နဲ့ ကြိုခဲ့တယ် ။
မိမိ ကိုယ်ကို သားကောင်းတစ်ယောက်ဖြစ် အောင်ကြိုး စားမယ်လို့ မိဘတွေကို ကတိပြုရင်း နှစ်သစ်ကို ကြိုခဲ့တာ ။


နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသား အားလုံးဘေးကင်းကြပါစေ ။
မောဟ ၊ အတ္တ ၊ လောဘ အမှောင်တွေ ဖုံးလွှမ်းခြင်းလည်း ကင်းဝေးပါစေ ။
စစ်ဘေး ၊ စစ်ဒါဏ် အပေါင်းမှလည်း ဝေးပါစေ။

နှစ်သစ်ကို ပျော်ရွှင်ရမယ့်  မျှော်လင့်ချက် အလင်းတန်းတွေနဲ့ ကြိုကြစို့ကွယ် ..... ။

သည်မှာလေ ...
နှစ်သစ် ၂၀၀၈ ။ ။