Showing posts with label A bit personal. Show all posts
Showing posts with label A bit personal. Show all posts

31 May 2009

ချစ်သူ့လက်ဆောင် အပိုဒ် (၂၅) - ရာဘင်ဒြာနတ်တဂိုး

တဂိုးရဲ့ ကဗျာတွေကိုဖတ်ရတာ အချိန်တော်တော်ယူပါတယ် ။ တစ်ပုဒ်ဆိုတစ်ပုဒ်ဖတ်ရင်း အတွေးနယ်ချဲ့ရတာ ကတော့ အကောင်းဆုံးအရသာပါပဲ ။ တဂိုးရဲ့ အရေးအသားဟာ ကဗျာဆန်ပါတယ် ။ ဝတ္ထုတို ၊ ရှည်တွေရေး ရာမှာတောင် ကဗျာဆန်တယ်လို့ဆိုကြရတဲ့ ဆရာကြီးရဲ့ ကဗျာအဖွဲ့အနွဲ့တွေကတော့ ဖတ်ရသူကို ခံစားချက်တွေမျိုးစုံ ပေးနိုင်ပါတယ် ။ ဖတ်သူရဲ့အရွယ် ၊ နောက်အတွေ့အကြုံ ကွာခြားမှုကိုလိုက်ပြီး တဂိုးရဲ့ ကဗျာတစ်ပုဒ်ကို ရှုထောင့်အမျိုးမျိုးကခံစားနိုင်ပါတယ် ။ ဆိုပါတော့ ဆယ်ကျော်သက်လူငယ်ဟာ ကဗျာတစ်ပုဒ်ကိုဖတ်ပြီး တိတ်တခိုးချစ်ရသူကို သတိရသလို ၊ သက်ကြီးပိုင်းတစ်ယောက်ဟာလည်း သည်ကဗျာကိုဖတ်ပြီး မရဏတရားကို ဆင်ခြင်မိကောင်း ဆင်ခြင်မိနေမယ် ။

ကဗျာကိုဘာသာပြန်ရတာ အခက်ဆုံးရယ်လို့ ဖတ်ဖူး ၊ ကြားဖူးပါတယ် ။ အနက်ကိုလိုက်လို့ ရရင်တောင် ကာရန်ရဲ့အလှကိုတော့ မှီမှာမဟုတ်ပါဘူး ။ ဒါပေမယ့် အခုတော့ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်တွေကိုတော့ သဘောကျမိတယ် ။ ကိုယ်တိုင်လည်း ဘင်္ဂါလီလိုမတတ်တော့ ကာရန်ကိုတော့ ဘယ်တော့မှ မလိုက်နိုင်ပါဘူး ။ ၁၉၉၀ကျော်နှစ်များမှာ ဆရာရဲ့ တဂိုးကဗျာဘာသာပြန်တွေမှာ အလွဲတွေ ရှိတယ်လို့ထောက်ပြ ဝေဖန်တဲ့ဆောင်းပါးတွေ ရေးခဲ့ကြဖူးပါတယ် ။ သို့ပေမယ့် ဖတ်ရတဲ့ဆရာ့ရဲ့ ဘာသာပြန်ကဗျာတိုင်းဟာ ရသအနှစ်သာရကိုတော့ ခံစားရတာချည်းပါပဲ ။ ကမ္ဘာ့ဂန္တဝင်တွေကို ဘာသာပြန်ပေးတဲ့ ဆရာ့ရဲ့ကျေးဇူးကိုလည်း ဖတ်ရင်းခံယူမိပါတယ် ။ နောက်တစ်ခုက စာအုပ်တွေ ရှားနေတာပဲ ။ ဆရာ့စာအုပ်တွေ ခဏခဏပြန်ရိုက်ပေမယ့် တဂိုးကဗျာတွေကိုတော့ ပြန်မရိုက်ကြဖူး ။ ကျတော့်မှာတောင် စုစုပေါင်း (၁၄) အုပ်မှာ (၁၂)အုပ်ပဲစုမိသေးတယ် ။ စာအုပ်တိုက်တစ်တိုက်က တပေါင်းတစ်စည်းတဲရိုက်ပေးနိုင် ရင် သိပ်ကောင်းမယ်လို့လည်း ထင်မိပါရဲ့ ။ ကျတော့်မှာ ရှိတဲ့ ကဗျာတွေထဲက ခံစားနှစ်ကြိုက်မိတဲ့ ကဗျာလေးတွေကို တင်သွားပါ့မယ် ။

ချစ်သူ့လက်ဆောင် အပိုဒ် (၂၅)


မင်းလက်ကို ကိုယ်ဆုပ်လိုက်မိတယ် ။
ကိုယ့်နှလုံးသားက မင်းမျက်လုံးအမှောင်ထဲကို
နစ်မြုပ်သွားပြီး
စကားလုံးတွေရဲ့တိတ်ဆိတ်မှုနောက်မှာ ပုန်းနေတဲ့
မင်းကိုလိုက်ရှာနေမိတယ် ။


ဒါပေမယ့် ကိုယ်ဟာ
ကိုယ်နဲ့ထိုက်တန်ပြီး
ရှောင်ပြေးသွားတဲ့
ကိုယ့်အချစ်ကို
ကိုယ်ကျေနပ်ပါတယ်ကွယ် ။


ဘာဖြစ်လို့လဲဆိုတော့
ကိုယ်တို့နှစ်ယောက်ဟာ
လမ်းဆုံမှာခဏပဲတွေ့လိုက်ကြရတာကိုး ။


လောက အထွေထွေရဲ့ အလယ်
ဝင်္ကပါလမ်းအသွယ်သွယ်တွေရဲ့ ကြားမှာ
မင်းကိုလက်တွဲ ခေါ်သွားဖို့
ကိုယ့်မှာ
အားခွန်မှ ရှိပါလေရဲ့လား ။


သေခြင်းတရားဆိုတဲ့ ပေါင်းကူးကြီးတွေ
မိုးယှက်ထားရာ
အမှောင်လမ်းမှာ မင်းကို ကျွေးမွေးဖို့
ကိုယ့်မှာ
ရိက္ခာမှ ရှိပါသေးရဲ့လား ။ ။


(မြသန်းတင့် ပြန်ဆိုသည်။)

တဂိုးရဲ့ ချစ်သူ့လက်ဆောင်ကဗျာစုက ကဗျာအပိုဒ် (၂၅) ပါ ။ ကဗျာမှာ အပိုဒ်ခွဲခေါင်းစဉ်မပါပါဘူး ။ တကယ်လို့ ကျတော့်မှာသာ အမည်တပ်ခွင့် ရှိရင် “လမ်းခုလတ်မှာတွေ့ ဆုံခြင်း” ရယ်လို့ ပေးမိမှာပဲ ။ ချစ်သူနှစ်ဦး ဝေးကွာသွားကြတယ် ၊ ဒါပေမယ့် ဒါကိုပဲ စာဆိုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်ရပ်ပေပဲလို့ သုံးသပ်သွားတယ် ။ ဒါပေမယ့် စာဆိုဟာ ချစ်သူကဖွင့်ဟ မဝန်ခံခဲ့တဲ့ တိတ်ဆိတ်တဲ့ချစ်ခြင်းကိုလည်း မျှော်လင့်လျက် မောင့်ကိုသာအပြစ်ဆိုပါလို့ စပ်ဆိုသွားတယ် ။

သူစိမ်းနှစ်ယောက်ဟာ ဘဝလမ်းမှာ ဆုံတွေ့ခွင့် ရှိသလို ၊ သံယောဇဉ်နှောင်ဖွဲ့ခွင့် ၊ ချစ်ခွင့်လည်းရှိပါတယ် ။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး ရည်ရွယ်ချက်ချင်း ၊ ဦးတည်ချက်ချင်းမတူကြတဲ့ တွေ့ဆုံမှုဟာ ရေရည်အတွက်တော့ မဖြစ်နိုင်ကြဘူး ။ သည်နှစ်ဦးဟာ လမ်းခုလတ် ၊ လမ်းဆုံ ၊လမ်းခွမှာ တဒင်္ဂတွေ့ဆုံကြသူတွေပဲဖြစ်မယ် ။ ကြာလာတာနဲ့အမျှကိုယ့်ဘဝလမ်းကိုယ် ဆက်လျှောက်ကြရင်း တဖြည်းဖြည်းဝေးကွာသွားကြမှာ သဘာဝပဲ ။ သည်အခါမှာ တပါးသူအပေါ်အပြစ်ပုံမချဘဲ ၊ ကံတရားအပေါ်အပြစ်ပုံမချဘဲ ကိုယ့်ကိုကိုယ်သာအပြစ်ဆိုတဲ့ စာဆိုရဲ့ စိတ်ကို အားကျရမှာလည်း ၊ သနားရမှာလား ၊ ရှုံ့ချရမှာလား မဝေခွဲနိုင် ။


ကျတော်ပြောခဲ့ပါသကော တဂိုးကဗျာတစ်ပုဒ်ကို ကိုယ့်ကိုယ်ပိုင်အတွေး ၊ အတွေ့အကြုံနဲ့ နှစ်သက်သလို ခံစားနိုင်ပါတယ်လို့ ။ ။

Aung Phyoe

31 December 2008

New Year


တစ်နှစ် တစ်နှစ်ဆိုတာ အကူးအပြောင်းမြန်ပေမယ့် တစ်ရက်နှစ်ရက်အတွင်း အရွယ်က သိသိသာသာကြီးအိုမင်းသွား တာမျိုးလည်းမဟုတ်တော့ ခန္ဓာကိုယ်အနေနှင့်တော့ သိပ်မသိသာလှ ။ စိတ်အတွင်း သဏ္ဍာန်မှာဆိုရင်တော့ နှစ်သစ်ရောက်လို့ စိတ်ရွှင်သွားသလို ၊ စိတ်ဖိစီးမှုတွေနှင့် နှစ်ဟောင်းဟာ ကျန်ခဲ့ပြီရယ်လို့ ကိုယ်ကိုယ်လိုခဏလောက်တော့ လှည့်စားလို့ရရင် ရနိုင်မယ် ။
+++++++++

သည် New Year … မှာ တော့
ထူးမခြားနားစွာပဲ ပန်းတွေလည်း ပွင့်မြဲ ပွင့်မည် ။ ပျော်တတ်သူတွေလည်း ရှာကျန်ပျော်ကြမည် ။ နှစ်သစ်ကိုလည်း ကြိုမြဲကြိုရမည် ။ နှစ်ဟောင်းကိုလည်း ချန်မြဲချန်ရစ်ခဲ့ကြရမည် ။
သည်ထက်ပိုပြီးတော့ တော့… ဘာမှ မထူးခြားပါ ။


“သည်ည …. လူငယ်တွေပျော်ကြ
ကားတွေ ၊ ရထားတွေအကုန်မှာ လူငယ်တွေပြည့်လို့
နှစ်သစ်ကိုကြိုကြ …. သတဲ့လေ
Happy New Year
Happy New Year
စိတ်ပူပင်ကြောင့် ကြမှုဆိုတာရော
သူတို့တတွေ ခေါင်းထဲမှာ ရှိမှရှိပါစ ….”

သည်ည တစ်ခုခုတော့ ထူးခြားနေသည် ။ ခါတိုင်းလို စာဖတ် ၊ ရုပ်ရှင်ကြည့်လို့လည်း မရ ၊ သည်တော့ အိပ်ယာပေါ် ဝင်လှဲပြီး မျက်နှာကျက်ပေါ် စိုက်ကြည့်လို့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်နေတော့လည်း တစ်ဒင်္ဂတောင်စိတ် စုစည်းလို့မရ .. ။ ရုတ်ချည်းထ၍ ပြတင်းဘက်လှမ်းကြည့်တော့ မြင်ကွင်းမှာတော့ ခါတိုင်းလိုပဲဘာမှ မထူးခြား ။ ဆူညံသံတွေသာ ကြားနေရသည် ။နောက်ပြီး သည်မှာတော့ ချမ်းမြမြလေးတောင်မအေး ။ ညသည်အိုက်စပ်စပ်နိုင်လှသည် ။ ဟိုဆီမှာတော့ ဆောင်းနှင်းလေအေး ပတ်ဖျန်းတဲ့ New Year ပေါ့ ။ သည်လို ချမ်းတဲ့ညမျိုးမှာ တစ်ယောက်ယောက်ကများ ကိုယ့်အတွက် သက်သက်ရည်ရွယ်လို့ “ဆောင်းအမီ” သီချင်းကိုဆိုမနေနိုင်ဘူးလား ။ အိုက်စပ်စပ်နိုင်တဲ့ သည်ညမှာ မျောနေရတဲ့ ကျတော်ကတော့ သည်သီချင်းကိုမုန်းသည် ။ “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” ဆိုတဲ့ သီချင်းမျိုးကိုလည်း မကြားရဲ ။ မချမ်းဘဲ ၊ နှင်းမဝေဘဲ သည်မှာတော့ နှစ်သစ်ကူးနိုင်သည် ။

သည်လိုညမျိုးမှာ ကောင်လေးတွေက ချစ်သူဆီပေးဖို့ လက်ဆောင်ကို စီစဉ်နေကြလိမ့်မယ် ။ ကောင်မလေးတွေကလည်း “Happy New Year” ချစ်သူဆီက ဖုန်းအလာကိုစောင့်နေကြ ရင်း မနက်ဖြန်မနက်မှာ ရောက်လာမယ့် နှစ်ကူးလက်ဆောင်ကို စိတ်မှန်းပြီး မျှော်ကောင်းမျှော်နေကြပေပေါ့ ။ ကောင်လေးတွေကရော နှစ်ကူးလက်ဆောင်ကို နှင်းဆီနီတွေပေးမလား ၊ ကောင်မလေးတွေကရော ကောင်လေးတွေအတွက် လက်ကိုင်ပုဝါ လက်ဆောင်ပေးဖို့များ ကြံနေကြလေရော့လား ။ ပန်းနီနီလည်းမပေးဖူးပါပဲ ၊ လက်ကိုင်ပုဝါလည်း တစ်ထည်တစ်လေတောင် လက်ဆောင်မရဖူးပဲနဲ့များ ခုလိုညမျိုးမှာ တစ်ယောက်ထည်း ယောင်တောင်တောင်ဖြစ်နေရတဲ့ ကျတော့်အကြောင်း သူတို့လေးတွေသိအောင် အကြောင်းကြားရင်ကောင်းမလား ။ သည်လိုမျိုးလက်ဆောင်ပေးရင် ချစ်သူချင်းကွဲတတ်ကြသတဲ့ ။ ဒါပေမယ့်လည်း သည်လိုအဆိုမျိုးဟာ ခေတ်အဆက်ဆက်၊ လူမျိုးပေါင်းစုံမှာ လက်ခံလိုက်နာ ကြပါတယ်လို့တွေးမိတော့ စိတ်သက်သာသလိုရှိသွားသည် ။ နှစ်သစ်လက်ဆောင်ကြောင့် ကွဲရတယ်ရယ်လို့တော့ မရှိကောင်းပါဘူး ။

လမ်းမီးရောင်လက်လက်သည် တမ်းတလွမ်းမော စိတ်ကိုနှောင့်ယှက်သည် ။ ဘေး ၊ အောက် ၊ အပေါ် ရှိသမျှမှ ကျယ်ကျယ်လောင်လောင် ပျော်နေကြတဲ့ အသံဗလံတွေက အဆိုးဆုံးပါဘဲ ။ အောင်မလေးဗျာ Happy New Year …. ဘာပျော်စရာလဲ ။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကူးတာ ဘာများထူးခြားလို့လဲ .. ။ အသက်တစ်နှစ်ကြီးတော့ရောဘာများ ချက်ချင်းကြီးပြောင်းလဲသွားမှာလဲ ။ ကျတော့်မှာ စိတ်ညစ်ညူးထိုင်း မှိုင်းစရာတွေရှိ သမျှပျောက်သွားပြီးတဲ့လား .. နှစ်ဆန်းတစ်ရက်နေ့မှာ ။ အရာရာကို အစဆိုပြီးပြန်စလို့ ရမှာတဲ့လား ။ ချာခနဲလှည့်လို့ မီးရောင်စုံကို ကျောခိုင်းလိုက်သည် …။ မျက်နှာချင်းဆိုင်မှာတော့ ပူပူလောလော ဝယ်ထားတဲ့ နှစ်သစ်ပြက္ခဒိန်ကြီးက ထီးထီးမားမား….။

စားပွဲပေါ်မှာတော့ ဖတ်လက်စစာအုပ်ကြီးက ထီးထီးမားမား … ။ အောင်မလေး ထူလိုက်တာ တစ်ဝက်ကျော်ပြီးအောင်ဘယ်လိုများဖတ်လိုက်တာပါလိမ့်…။ အိပ်မပျော်နိုင်သေးတာတော့ အမှန် ။ သည်လို ညမျိုးမှာ အိပ်ဆေးကိုအားကိုး ရရင်တော့ ကျတော့်လောက် ညံ့တဲ့သူ ရှိတော့မှာမဟုတ် ။ ဖျစ်ညှစ်ပြီးတော့လည်း စာအုပ်ကြီးကို ဖတ်နေနိုင်ပေါင် ။

အတိတ်ကို ယောင်ယောင်လေးတွေရုံမှ နှင့်မွန်းကျပ်ကျပ်ဖြစ်လာတတ်တော့ သည်လိုညမှာ အနာဂတ်ကိုပဲတွေး ရမည်ဆိုရင်တော့ သိပ်မဆိုးလှ ။ နောက်နှစ်မှာ ဘာများဖြစ်လာမလဲ ။ ကောင်းတာကိုချည်းမျှော်လင့်ထားသလို သည်လိုညမျိုးမှာကျ တွေးရတာတော့ ပျော်စရာ ။ နောက်နှစ်မှာ ငါပိုပြီးတော်မယ် ၊ ပိုရင့်ကျက်မယ် ။ ပိုကြည့်ကောင်းလာမယ် ။ သည်လိုဆို အခုလို ယောင်တောင်တောင်ဖြစ် ရမှာမဟုတ်တော့ ။ ခုလို တစ်ခုခုကို စိတ်ပူပြီး မောမဆုံးလည်း ဖြစ်ရမှာမဟုတ်တော့ ။ သိပ်ကိုလှပတဲ့ အနာဂတ်ပါလား ။ အဲလေ… နှစ်သစ်ပါလား ။ အဲဒီ နှစ်သစ်ကို မကြာခင်ငါပိုင်ဆိုင်ရတော့ မှာပါလား ။ သည်လိုဆိုတော့လည်း …. လောကဟာ နေပျော်ပါသလား ။ အခုလောလောဆယ် မပြည့်မစုံဖြစ်အမျှ နှစ်သစ်မှာ အစစ အဆင်မပြေဖူးလို့ ဘယ်သူကြိုမြင်နိုင်လို့လည်း ။ လောကကြီးသာယာပါစေ ။ ကြားရ သမျှ တေးသံတွေ ၊ ဂစ်တာသံ ဒေါင်ဒင်တွေဟာ အသက်ဝင်လာသလို ရှိသည် ။

Happy New Year …..
Happy New Year …..
Happy New Year …..

သည်ညတော့ ရေးနေကျ Diary မှာ များများစားစားကြီးရေးဖြစ်တော့မည် မဟုတ် ။ တကယ့်ကိုတိုတိုလေး …


“Happy New Year 2009
နှစ်အကူးသာပါစေ … ၊ မောင့်ချစ်ဦးလည်း မာပါစေ .. ။”

+++++++++
နှစ်ကူးတေးသံ ဆူဆူညံနဲ့ လမ်းပေါ်ကအော်သံတွေကြားမှာ နစ်မြောလို့ ဟိုအဝေးဆီက တမ်းတမ်းတတ သီကြွေးလိုက်တဲ့ “ဆောင်းအမီ” သီချင်း စာသားတစ်စွန်းတစ်စကို ကြားလိုက်မိသလိုတော့ ရှိသား ….. ။ ။

Aung Phyoe
(31.12.2008 - 11:25pm)

23 September 2008

မွေးနေ့

“လူငယ်တစ်ယောက်ဟာ ၁၉ နှစ်ပြည့်ပြီးလို့ ရှိရင် Teenage မဟုတ်တော့ဘူး ။ လူကြီးဖြစ်ပြီ …”

သည်လိုပြောတဲ့ စကားတွေ ၊ စာတွေကို ကြားဖူး ဖတ်ဖူးခဲ့တာကြာပြီ ။ ဒါပေမယ့် ကျတော့်အတွက်တော့ မွေးနေ့ဆိုတာ သတ်မှတ်ချက် ဂဏန်း သင်္ကေတ တစ်ခု သာဖြစ်နေဆဲ ။ နောက်ပြီး နောက်ကြောင်းပြန် ဆင်ခြင်တွေးတော မိတဲ့နေ့တစ်နေ့ မျှသာပေါ့ ။ သည်လိုနဲ့ ဘ၀ရဲ့ မှတ်တိုင်တော်တော်လေးကို ခပ်မြန်မြန်ကျော်ဖြတ် ခဲ့မိပြီ ။ ခုတော့ မှတ်တိုင် ၁၉ တိုင်မြောက်ကို ဖြစ်ကျော်ရပြီ ။ လူကြီးဘ၀ရဲ့ တာလွှတ်မှတ်တိုင် အစပေါ့ ။ သည်မွေးနေ့ မှာလည်း သာမန်ထူးမခြားနားပါဘဲ ။ အသက်တစ်နှစ်ကြီးသွားသော်လည်း ကာယ ၊ ဥာဏ အားဖြင့် သိသိသာသာကြီး ကြီးထွားရင့်ကျက်သွားစေဖို့ မဖြစ်နိုင် ။ ရင့်ကျက်တည်ငြိမ်နိုင်အောင်တော့ ကြိုးစားရမည် ။ သည်လိုအခါတိုင်းမှာ ဖြစ်သန်းခဲ့ရသမျှ မွေးနေ့တွေထဲက ပထမဦးဆုံး မွေးနေ့အကြောင်း ပြောပြတတ်တဲ့ အမေ့အသံကို ကြားယောင်မိသည် ။
+++++++++

၁၉၈၉- ခုနှစ် စက်တင်ဘာလ (၂၄) ရက် အညာနေ့လည်ခင်း ။ အမေပြောတတ်လွန်းသဖြင့် ပူအိုက်တဲ့ သည်နေ့လည် ခင်းဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာ ကျတော့်အတွေးအာရုံဝယ် ပုံရိပ်ထင်ဆဲ ။ မြို့ဆေးရုံဝင်ပေါက် သို့ ဦးတိုက်လာနေတဲ့ အမေ ၊ အဖေနဲ့ အဘွားတို့ရဲ့ ခြေလှမ်းတွေဟာ နာကျင်မှု ၊ ၀မ်းမြောက်မှု မှာမဆိုစလောက်ရောစွက်နေတဲ့ ပူပန်ကြောင့်ကြမှုကြောင့် မြန်ဆန်တတ်ကြွနေခဲ့ကြသည် ။ မှတ်မှတ်ရရ အမေ့စကားကြောင့် အဲသည်နေ့ခင်းတုန်းက အမေ့ကို ဆိုက်ကားပေါ်မှာတင်ပြီးနောက်က သမီးယောက္ခမနှစ်ယောက် စက်ဘီးတစ်စင်းနဲ့ လာကြရတာတဲ့

ဆေးရုံကိုရောက်တော့မှ နာလှတယ်လို့ တညည်းတည်း ညည်းနေတဲ့ အမေ့ကို ထမီစိမ်းဝတ် သူနာပြုက မှတ်တမ်းတွေနဲ့ မွေးခန်းထဲကို တန်းခေါ်သွားခဲ့တာ ။ “တော်တော်နဲ့တော့ မွေးလိမ့်အုံး မထင်ဘူး” လို့ အဘွားတို့ကို ခပ်တိုးတိုးပြောသွားတော့ လူနာစောင့်တွေခမျာ မွေးခန်းဝမှာ ပြူတစ်ပြူတစ်လုပ်ရင်း မွေးလူနာ အခြေအနေကို အကဲခတ်ကြရတာပေါ့။ ဒါပေမယ့် တစ်နာရီပြီးတစ်နာရီသာ ကြာသွားတယ် အမေ့ခမျာ မမွေးနိုင်သေးဘူး ။ သားဦးအပျိုဗိုက်လည်းဖြစ်ပြန် ၊ နောက် အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူလည်းဖြစ်တော့ ညနေ (၄) နာရီကျော်ကျော်ထိ မွေးမယ့်အရိပ်ယောင်မပြသေးဘူး ။ အဘွားခမျာလည်း ဆေးရုံစင်းကြံမှာ ဒေါင်းတောက်အောင်လျှောက်ရင်း ဆိုင်ရာပိုင်ရာ ရိုးရာတွေရော ၊ ဘုရားစာတွေရော ရွတ်နေတာစုံနေတာဆိုပဲ ။ မွေးခန်းဝမှာ ရပ်ပြီး ပါးစပ်လှုပ်ပြ ကိုယ်ဟန်အမူအယာနဲ့ အခြေအနေမေးနေရှာတဲ့ အဖေ့ကိုလည်း ခေါင်းငြိမ့် လက်ခါလုပ်ပြရင်း (ပါးစပ်ကလည်း တညည်းတည်းညည်းရင်း) အမေ့မှာ ချွေးတွေထဲနစ်နေရှာတယ် ။

“အဲသည်တုန်းကများ အမေ့မှာ နာလို့ သည်းလိုက်ရတာများ သားရယ် ။ သားဦးကလည်းဖြစ် နောက်အသက်ကလည်း ၃၆ ကျော်နေတော့ အတော့်ကို မွေးရခက်ခဲ့တာ”

အဲသည်အချိန်တုန်းက နာကျင်မှုတွေ ညည်းညူမှုတွေနဲ့ လုံးဝဆန့်ကျင်တဲ့ အပြုံးမျိုးဖြင့် အမေပြန်ပြောတတ်တယ် ။ ဘာတဲ့ … ။ သိပ်ကိုခံရခက်တဲ့ နာနည်းမျိုးတဲ့ ။ ဗိုက်ကနာတာဆို ဘယ်နာနည်းမျိုးနဲ့မှ မတူဘူးတဲ့ ။ တစ်ခုခု ခိုက်မိလို့ နာကျင်တိုင်း ငိုတတ်တဲ့ ကျတော်ကို အမေပြောတတ်တဲ့ စကားလုံး တွေ …. ။

နောက်ညနေ ၅နာရီ မတ်တင်းလောက်ကျတော့ အတော်ကြီးကို ဗိုက်ကနာလာတယ် ။ ပတ်ဝန်းကျင်ဟာလည်း မှောင်မည်းသွားပြီး အမေ့စိတ်ထဲမှာ ဗိုက်နာတာတစ်ခုပဲ မှတ်မှတ်ရရစွဲနေတယ် ။ နောက်ဆရာဝန်ရောက်လာပြီး ဆရာမကြီးနဲ့အတူ လိုအပ်တာ စစ်ဆေးပေးကြတယ် ။

“မွေးတော့မယ် ဆရာမရေ မကြာဘူး ၊ အခန်းဝက လူနာစောင့်တွေ အပြင်ထွက်တော့”

သူနာပြုဆရာမဟာ အမေ့ကိုပြောရင်း အဖေတို့ကိုပါလှည့်ကြည့်ပြီး မွေးခန်းလိုက်ကာ ကိုဆွဲပိတ်လိုက်တယ် ။ နောက်တော့ အော်တဲ့သူက အော် ၊ တွန်းတဲ့သူက တွန်း ၊ ညှစ်တဲ့သူက ညှစ်၊ အားပေးတဲ့ သူက အားပေး ၊ ဆုတောင်းတဲ့သူက ဆုတောင်း ၊ စိတ်ပူတဲ့သူက စိတ်ပူရင်း နဲ့ပဲ (၅) နာရီ (၁၅) မိနစ်ကျော်ကျော်မှာ “အူဝဲ” ဆိုတဲ့ အသံလေးကိုကြားလိုက်ကြရတယ် ။

ကလေးအပြင်ရောက်တဲ့ အထိအမေက အော်နေတုန်းဆိုပဲ ။ “ယောက်ျားလေး ဆရာမရေ …. လုံးလုံးခဲခဲကြီးတော့” ဆိုတဲ့ အသံကိုတော့ သဲသဲကွဲကွဲ ကြားလိုက်မိသား ။ နောက်တော့ ချက်ကြိုးဖြုတ် ၊ အညစ်အကြေးတွေ သုတ်သင်ပေးပြီး ကလေးကို အမေ့ဘေးခေါ်ပြသတဲ့ ။

“ကလေးကလေ အာခြစ်ပြီးငိုနေလိုက်တာ အရမ်းပဲ ။ ညိုညိုတုတ်တုတ်လေး ။ ဆံပင်လေးတွေဆို မည်းနေတာ ။”

ပထမဆုံး ကျတော့်ရုပ်သွင်ကို ရေးရေးတွေးကြည့်ရင်း လက်ရှိကျတော့်ကိုငေးကာ အမေပြောတတ်သည်။ နောက်တော့ တစ်လောကလုံး အေးချမ်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတာကိုပဲ အမေကမှတ်မိတော့တယ် ဆို၏ ။

“ငါ့သားဟာ တနင်္ဂနွေသားလေး နောက်ဆံပင်လေးတွေလည်း ဖြောင့်ရှာတယ် ၊ ဒီတော့ လူကတော့ ဂဂျိုးဂဂျောင် ကောက်မှာပဲလို့ အဲသည်တုန်းကလည်းက အမေတွေးမိသား ။ မင်းအဖေတို့ ဆိုပျော်လိုက်တာကွာ ၊ မင်းအဘွားကတော့ မင်းအဘိုးကို သတိရရင်း ငိုရှာတယ် ….”

အမေက သည်လိုနိဂုံးချုပ်ရင်း ပြုံးနေတတ်သည် ။ အမေ့ရဲ့ မျက်ဝန်းတွေမှာတော့ မျက်ရည်တို့ ဝှေ့ရီလျက် ။ ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ဦးရဲ့ ဖွားမြင်ခန်းကို ပြန်ပြောင်းဂုဏ်ယူ နေသည့်ဟန်မျိုး ။ အချိန်ကြာလာတာနဲ့ အမျှ ထို ညနေခင်းလေးရဲ့ အကြောင်းဟာ ကျတော့်ရဲ့ကိုယ်ပိုင် ပုံပြင်တစ်ပုဒ်သဖွယ် စိတ်အာရုံတွင် စွဲဝင်နေခဲ့ပြီ ။

+++++++++
ကြာခဲ့ပါပြီ ။ ကျတော်ကို ချစ်တဲ့ အဘွားလည်း ကျတော်တို့ကို ထားရစ်ခဲ့ပြီ။ နောက်အဖေ ၊ အမေ တို့ကလည်း ကျတော်နဲ့ အဝေးတစ်နေရာမှာ ။ ဒါပေမယ့် မွေးနေ့တွေရောက်တိုင်း ထိုညနေခင်းလေးကို ပြန်ပြောင်းသတိရတတ်တာ တော့ အမြဲလိုလိုပင်ဖြစ်သည်။ တစ်ချိန်နဲ့ တစ်ချိန် ပတ်ဝန်းကျင်အခြေအနေ မတူညီတတ်တဲ့ စက်တင်ဘာ ၂၄ ရဲ့ညနေခင်းတွေမှာတော့ ကျတော့်ရင်ဝယ် မိဘ ၊ ဘိုးဘွားတို့၏ မေတ္တာဖြင့်နွေးထွေးဆဲ ။ တစ်ကြိမ်တစ်ခါမျှ မွေးနေ့ပွဲကို ၀ှဲချီး မကျင်းပဖူးသော်လည်း ခင်မင်ရင်းနှီးသူတို့ရဲ့ မေတ္တာဖြင့် လေးနက်ဆဲ ။
၁၉ နှစ်ကျော် ၂၀ ထဲဝင်ပြီး Teenage လည်းကုန် လူကြီးဘ၀ရောက်ပြီ ဆိုပေမယ့် အမေတို့ရဲ့ စိတ်ထဲမှာတော့ (မိဘကို ကပ်ချွဲတတ်တဲ့) ကျတော်ဟာ အမြဲတမ်း ကလေးလေးပဲ မဟုတ်ဘူးလား ။ ။
+++++++++
အောင်ဖြိုး
(၂၄ ၊ စက်တင်ဘာ ၂၀၀၈ ။ မွေးနေ့)

12 January 2008

ချစ်သူရေးခဲ့တဲ့ ညထဲမှ မြစ်တစ်စင်း ကိုပြန်လည်ခံစားခြင်း

(Starry Night Over the Rhone by Vincent van Gogh)

သည်တစ်ခါတော့ ခံစားမှုတစ်ခု အဖြစ် ကျနော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ် ။ ဆရာမကြည်အေး ရဲ့ ကဗျာတစ်ပုဒ်ပါ ။ သည်ကဗျာလေးကို ကြိုက်ရတဲ့ အကြောင်းဆိုရင်တော့ ကာရန်လှတာရော ၊ ပထမဆုံး အကြိမ် ဖတ်တုန်းက ရင်ခုန်ခဲ့ရတဲ့ အခြေအနေ ကြောင့်ရောပါ ။

လူတိုင်းမှာ ကြည့်နူးခဲ့ရသော အချိန်များရှိခဲ့ပေလိမ့်မည်။

ညနေချမ်း ၊ ကဗျာတစ်ပုဒ် ၊ ချစ်သူ ။

ထိုအရာသုံးခု အချိုးညီစွာပေါင်းစပ်နေသော ၊ ဆန်းကြယ်စွာ ရင်ခုန်ရသော

ညတစ်ညကို ကျနော်ဘ၀မှာ ပိုင်ဆိုင်ခဲ့ရဖူးသည်။

မနှစ်က မန္တလေး ပြန်တုန်းက ပထမဆုံး ညနေမှာပဲ ကျနော်ကို ဆရာ သင့်နော်ရဲ့ ဥတ္တရလွင်ပြင် လိုက်ပို့ပေးပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးခဲ့ တဲ့ မိန်းကလေ: ၊ တော်တော်ကြီးကြာ အောင်စာအုပ်တွေ ရွေးပြီးနောက် မှောင်လာတော့ သူ့အဆောင်ရှေ့မှာ ထိုင်ပြီးစကားပြောကြတဲ့ အချိန် ၊ လသာတဲ့ ည ၊ သူဆံနွယ်ရှည်တွေက ခပ်သင်းသင်းမွှေး ရနံ့ (သည်နောက်မှ ဆံပင်ရှည်တွေရဲ့ သင်းပျံ့တဲ့ ရနံ့ကိုရော ၊ Rဇာနည် ရဲ့ ဂန္တ၀င်ဆည်းဆာ ကိုရော ကျနော် စပြီးချစ်တတ် ခဲ့တာ) ၊ မန္တလေးကျုံးမှ ဖြတ်တိုက်လိုက်တဲ့ လေညှင်း ၊ အဆောင်ရှေ့က ခပ်မှိန်မှိန် အလင်း ဓာတ်မီးတိုင် ၊ ချစ်သူရည်းစား တော်တော်များများ ထိုင်ပြီးလောက်ပြီဖြစ်တဲ့ အဆောင်ရှေ့ ကခုံတန်းလေး ။ အဲသည်လောက် ပြီးပြည့်စုံ နေတဲ့ အချိန်မှာပဲ သည်ကဗျာလေးကို ပထမဆုံး အကြိမ်ဖတ်ခဲ့ရသည် ။

ဒါပေမယ့် အဲသည်တုန်းကတော့ ကဗျာထဲကလို သိမ့်သိမ့် လှုပ်ခါနေတဲ့ ရေလှိုင်းတွေ မပါ ၊ ရင်ဖိုစရာ တတ်မက်မှုတွေမပါ ၊ ချစ်သက်ကတိတွေ လည်းမပါခဲ့ ။

ဖွင့်ပြောဖို့ မလိုတဲ့အချစ်တစ်ခုကို ကျေနပ်တဲ့ ရင်ခုန်သံနှစ်ခု (သိပ်တော့မသေချာပါ) ၊ ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို သာယာတဲ့ တပ်မက်မှုတစ်ခု ။ အချိန်ရဲ့ ကန့်သတ်မှု မှလွတ်မြောက်ချင်တဲ့ နှလုံးသား တစ်စုံသာ ရှိခဲ့ပေမည်။

ဟုတ်တယ် အဲသည် အချိန်လေးဟာ ကျနော့်ဘ၀ထဲမှာ ဘယ်တော့မှ မပျောက်ပျက်အောင် မင်းရေးခဲ့တဲ့ တစ်ခုတည်းသော ညလေးတစ်ညပဲ။


မြစ်လယ်မှာ ချစ်လှယ်တုန်းက


မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နှင့်မောင်
ပန်းခူးရအောင်။

လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။

လေအေးကခုန်ပြန်
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တစ်ကြောမှာ
စိုးတဲ့အသံ။

လှပသည့် ကာရန် ၊ ပန်းမန်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။

တတ်ရေးဆန်းကြယ်
ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချို နှလုံးရယ်
ပြုံးတထေ့ထေ့။

ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်လာ
ယက်ပန်းကဖွာ ။

ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ရှက်တင် ပုံတော်သစ်ရအောင်
ချစ်သက်သေထား ။ ။

ကြည်အေး
(တာရာ ၊ အတွဲ ၁ ၊အမှတ် ၅ ၊ ၁၉၄၇)



ကြည့်စမ်း .. ဘယ်လောက်လှတဲ့ ကဗျာလေးလဲ။

ပြီးတော့ရော … ဘယ်လောက်ရင်ခုန်ဖို့ကောင်းသလဲ ကွယ်။

သည်ကဗျာလေးကို ဘယ်နှစ်ခေါက် ပြန်ဖတ်ဖတ်က အဲသည်အချိန်တုန်းက ခံစားခဲ့ရသော ၊ နောက်နောင်ပြန် မရဖို့ သေချာသော ခံစားမှုရင်ခုန်သံတစ်ခုကို ခံစားနေရဆဲ။

အခြေအနေ အရပ်ရပ် ကြောင့် …… ပဲဖြစ်ဖြစ် ၊ အခြားရင်ခုန်သံ အမျိုးမျိုးကြောင့်………. ပဲဖြစ်ဖြစ် …..

အဲသည် ညချမ်းလေးကို ဘယ်တော့မှ ပြန်မရနိုင်တော့ပေမယ့် ……….

အဲသည် ရင်ခုန်မှုလေးကိုတော့ လွမ်းဆွတ်တသရင်း ပြန်လည်ရင်ခုန်ခံစားနေမိဆဲ ဖြစ်သည်။

ပြောပါဦးကွယ်….

မင်းလည်း ကျနော်လိုပဲ မဟုတ်လား ……. ဟင် ..... ? ။ ။

15 December 2007

အထီးကျန်ခြင်း


အမြဲမြင်နေရသော မြင်ကွင်းတစ်ခုကိုအကြာကြီးငေးကြည့်ချင်တဲ့အကျင့် ၊ ခဏခဏဖတ်ဖူးတဲ့ ၀တ္တုတို ၊ မကြာခဏကြားဖူးတဲ့ သီချင်း ၊ ကြည့်ဖူးလွန်းလို့ မျက်စိထဲစွဲနေတဲ့ရုပ်ရှင် စတာတွေကို အမြဲပြန်ဖတ်ချင် ၊ နားထောင်ချင် ၊ ကြည်ချင်တဲ့ အကျင့်တစ်ခု မကြာသေးမီကမှ ကျွန်တော်ရခဲ့သည်။

ကျွန်တော့်အခန်းတံခါးမှ ကြည့်ရင်ကားတွေ ၊ လူတွေ ၊ တိုတ်တွေကိုတွေ့နေရတယ် ။ကားသံတွေလူသံတွေယာ အခြားသူတွေအတွက်သိပ်မထူးခြားပေမယ့် ကျွန်တော်ဟာကားဟွန်းသံကြောင့် ခေါင်းမူးလာတတ်တယ်။ ဒါကြောင့်လည်းတစ်ခုတည်းသာရှိတဲ့ အခန်းတံခါးကိုအမြဲလိုလို ပိတ်ထားတတ်တယ်။ ကံကောင်းစွာပဲ တံခါးမှန်မည်းမည်းကိုဖောက် ထွန်းမြင်ရတော့ ခပ်မည်းမည်းလူတွေကားတွေဟာ ကြည့်လို့ကောင်းနေပြန်ရော။ အသံတိတ်ရုပ်ရှင်ကားတစ်ကားကြည့် ရသလိုမြင်ဘဲမြင်နေရတော့ သိပ်စိတ်အနှောက်အရှက် မဖြစ်တော့ဘူးပေါ့ ။သူတို့ ငိုနေ ၊ ရန်ဖြစ်နေကြအုံးတော့ ကျွန်တော်မှမကြားရဘဲ ။

ကျွန်တော်သည်မြင်ကွင်းကို အားလပ်တိုင်းအမြဲလိုလိုငေးတတ်တယ် ။ တစ်ခါတစ်ခါတော့ စိတ်အာရုံထဲမှာ မျက်စိရှေ့ကမြင်ကွင်းတော့ မရှိဘူးပေါ့။ ငယ်ငယ်ကပုံရိပ်တွေ ၊ မင်းသမီးတစ်ယောက်ရဲ့မျက်နှာကို အနီးကပ်အသေအခြာ ရိုက်ပြထားတဲ့ရုပ်ရှင်မြင်းကွင်းလှလှလေးတစ်ကွက် ၊ လိုချင်တဲ့စာ အုပ်ကိုစာအုပ်ဆိုင်မှာတွေ့လိုက်ရလို့ပျော်ရွှင်တဲ့ခစားမှု ၊ အဖေနဲ့အဆင်မပြေအလျော့ပေးရတိုင်း နာကျင်ရတဲ့ရှက်ရွံ့မှု ၊ အိမ်ကခွေးလေးရဲ့ဟောင်သံ ၊ ငယ်ငယ်ကဆရာမကိုပေးဖို့ မုန့်ဖိုးထဲကစုဝယ်ခဲ့တဲ့ နှင်းဆီပန်းတစ်ပွင့်ရဲ့ မွှေးရနံ့ ၊ လွန်ခဲ့သော နှစ်နှစ်သုံးနှစ်ခန့်မှအသံများ ၊ မျက်နှာထားများ ၊ ခံစားချက်များ ဟာ လှုပ်ရှားမှုပုံရိပ်ထင်နေတဲ့မှန်မည်းမည်းမှာလာပေါ်နေတတ်တယ်။

ကျောင်းစာလုပ်မနေရချိန် ၊ တစ်ခုခုရေးမနေချိန် ၊ ဖတ်စရာစာပြတ်လပ်သွားချိန်တွေမှာ အခန်းကျဉ်းလေးမှာတစ်ယောက်တည်းထိုင်နေတတ်တယ်။ကျွန်တော့် အခန်းကို ခန်းဆီးစလေးတတ်ရမလား ၊ ပန်အလှစိုက်အိုးလေးတစ်လုံး စာကြည့်စားပွဲပေါ် တင်ထားရမလား ၊ ဒါမှမဟုတ် ကျွန်တော်ကြိုက်တဲ့ရုပ်ရှင် မင်းသမီးရဲ့ Wallpaper တစ်ချပ်ဝယ်ပြီးနံရံပေါ်ကပ်ထားရမလား ။ သြော်မဟုတ်သေးဘူး ။ သည်လိုရှင်းလင်းပြီး အဓိပ္ပာရှိစွာ အထီးတည်းဆန်နေတာပဲကောင်းပါတယ်။ ဒါဟာလည်းအခန်းရှင်နဲ့ လိုက်ရောညီထွေရှိမှာပေါ့ ။ ဟုတ်လိမ့်မယ်…. ကျွန်တော်ရယ်မိတယ်ထင်တယ် ။
အထီးကျန်တယ်ဆိုတာ တော်တော်နာမည်ဆိုးသော်လည်း ခံစားရတာ တသိမ့်သိမ့်တော့ရှိတယ်။ ရင်နင့်လောက်အောင် တစ်ခါတစ်ခါခံစားရတတ်သော်လည်း တစ်ခါတစ်ခါတော့ ခံစားရတာ တော်တော်ကြောင်ပါသည်။ တစ်ခါကတော့ အော်ရယ်မိ မတတ်ပင် အထီးကျန်တတ်ပါသေးတယ်ဆိုယုံပါ့မလား ။ တစ်ခါတုန်းကတော့ အသိတွေအများကြီးပါတဲ့ပျော်ပွဲစားတစ်ခုမှာ စကားပြောဖော်မရှိဘဲ အထီးကျန်ဆန်လွန်းသည်ထင်၍ တိတ်တိတ်လေးခိုး ပြန်လာခဲ့ဖူးသည်။ အခန်းလေးထဲပြန်ရောက်တော့လည်း သူများတွေများပျော်နေမှာ ပဲလို့တွေးမိပြန်ပြီး ၀မ်းနည်းမိပြန်တယ်။ ကဲ ဘယ်လောက်များကြောင်တဲ့ငါလည်း .... ကွယ်။

လူတစ်ယောက်ကို တစ်ခါစကားပြောကြည့်လို့ သိပ်မကြိုက်ရင် မသိမသာရှောင်တတ်သောအကျင့်ဆိုးတစ်ခု ကျွန်တော့်မှာရှိတယ်။ သည်လိုအကျင့်ကိုလက်ကိုင်ထားတဲ့ ကျွန်တော်ဟာ ပလတ်စတစ်အပြုံးတွေ ၊ စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့ခေတ်ပြိုင်ပတ်ဝန်းကျင်မှာ အပေါင်းအသင်းရှားပါးလာတာသိပ်တော့မထူးဆန်း ။ စာအုပ်တစ်အုပ်ကို ပြီးအောင်မဖတ်ဘူးတဲ့လူတွေကြားမှာကျွန်တော် ဘာသွားပြီးပြောရမှာလည်. ၊ သူ့တို့ဆော့နေကြတဲ့ဂိမ်းတွေကို ရွတ်ပြရင်တော်ဘာမှန်းမသိတဲ့ ကျွန်တော်ကရော Game Techniques Sharing လုပ်တဲ့သူ့တို့စကားဝိုင်းထဲကိုဘယ်လို ၀င်မလဲ ။ တစ်ယောက်နဲ့အဆင်မပြေရုံ နဲ့တင်နောက်အသစ် တစ်ယောက်ရှာနေသူတွေကြားမှာ ရည်းစားရသွားပြီဖြစ်တဲ့ချစ်ရသူကိုမမေ့နိုင်ဖြစ်နေတဲ့ ကျွန်တော့်အချစ်ကို ဘယ်သူက ကောင်းချီးပေးမှာလည်း ။ သွားစမ်းပါကွယ် ...။
သည်လိုနဲ့နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာနေတဲ့အချိန်က များလာတတ်တာပေါ့။
+++++++++
ကျွန်တော့်ကို စိတ်လိုလက်ရ တစ်ယောက်ယောက်ကရည်ညွှန်း ရင် "အရပ်ရှည်သလောက်ပိန်သော" ၊ "စကားများသလောက် လူတောမတိုး သော" ၊ "စာအုပ်တွေဖတ်ပြီး စိတ်ကူးယဉ်တတ်သော" စတဲ့နာမ၀ိသေသန တွေတဲ့ယှဉ်တွဲမိလိမ့်မယ် ။ ကျွန်တော့်ကိုနားလည်တယ်လို့ဆိုတာ မဖြစ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ခါတစ်ခါစိတ်ကမပါဘဲ လက်ကထလုပ်မိတာရှိတတ်သလို ၊ တစ်ခါတစ်ခါ တော့လည်းသေချာရည်ရွယ်ထားသည့်တိုင်မေ့လျော့သွားတတ်ပါသည်။ တစ်ခါတစ်ခါ သီချင်းတစ်ပုဒ်နားထောင်ရင်း ကလေးတစ်ယောက်လိုရှိုက်ကြီးငင်ငိုတတ်သော်လည်း ၊ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲမှအများမျက်ရည်ကျလောက်တှဲ့ဇာတ်ဝင်ခန်းတွေကို အူတက်မတတ်ရယ်ချင်မိတယ် ။ မခက်ဘူးလား ။သေချာတာကတော့ ကျွန်တော်ဟာအမြဲ သမရိုးကျဖြစ်တည်နေတဲ့ သဘာဝအမှန်တရားတစ်ခုမှ မဟုတ်တာ။ ကျွန်တော့်ဘ၀အတွက် သူတစ်ပါးအားကျ အတုယူလာအောင် ကြိုးစားနေပြရမယ် ဆိုပြီးပြဌာန်းထားတဲ့ဘာ သင်ရိုးညွှန်းတန်း ဥပဒေမှမရှိစေရဘူး ။ ကျွန်တော်ဟာ အများအကြိုးအတွက် အနင့်နာခံသော Hero ဆန်သောလူမျိုးကို အားကျပါသည်။ "တို့ကတော့မှန်တာလုပ်ဟုတ်တာပြောဘဲ၊ သူများကောင်းဖို့အတွက်အမြဲဦးစားပေး ခဲ့တာ" လို့ မဟုတ်ဘဲအရှက်မရှိလုပ်င်္ကြ ကိုယ်ရည်သွေးတတ်သူတွေကို ဟန်လှချည့်ဟုအားကျခဲ့ဖူးသည်။ သို့သော်ဟန်ဆောင်အပြုံးတစ်ခု ပြုံးရန်ပင်ပါးညောင်းတဲ့ ကျွန်တော်ဟာ စိတ်ထဲကမပါတဲ့အပြောတွေ၊ အင်္ပြုးတွေကို ကြိုးစားလုပ်ကြည့်လို့ မရတော့လက်နက်ချခဲ့ရတယ်။ ရေပေါ်ဆီဟန်ဆောင်သူတွေရဲ့ "သိပ်အတ္တကြီးတဲ့ကောင် ၊ ကိုယ့်ကိုကိုယ်ပဲသိတာ " စတဲ့ ကျွန်တော်အပေါ် ဝေဖန်မှုတွေကိုကြားရတော့ အခန်းကျဉ်းလေးထဲကကျွန်တော်ရယ်မိပါ တယ်။ ဟုတ်မှာပါကွယ်..... ။

ဒါမှမဟုတ်တတ်နိုင်သမျှ လိုက်လိုက်ရောရောပေးကမ်းပေါင်းသင်းပြီး လူတောထဲဝင်ကြည့်ဖို့ ကျတော့ရော ၊ ၀တ္တုတွေ ၊ နိပါတ်တော်တွေထဲမှ မိတ်ဆွေတွေအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေကို အားကျလေးစားဖူးသည်။ ခက်နေသည်မှာ ကျွန်တော်က မိမိပိုင် ပစ္စည်းတစ်ခုအားသူများကို ပေးငှားရန်ပင်တွန့်တိုတတ်သည်။
+++++++++
ကျွန်တော်ဟာအပြင်ထွက် လျှောက်လည်ဖို့တော်တော်ပြင်းတဲ့သူ ပါ။ ခရီးတစ်ခုရဲ့ ပန်းတိုင်ကိုဖြေးဖြေးလေးနဲ့အေးဆေးလေးသွားချင်တဲ့ လူမျိုး။ ရထားနဲ့သွားရင်မြန်မြန်ရောက်မှာစိုးလို့ ဘတ်စ်ကားစီးသွားချင်တဲ့သူပါ။ ဘတ်စ်ကားစီးဖို့ထက် လမ်းလျှောက်လို့ရရင်လျှောက်ပြီးသွားချင်ပါတယ်။ နောက်ဆုံးလမ်းလျှောက်ဖို့ထက် ပင်အခန်းထဲထိုင်တွေး၊ငေးနေရတာ ကိုပိုလို့တောင်ကြိုက်သေးတယ် မဟုတ်လား.... ။ သည်လိုအထီးကျန်တယ်ဆိုတာ ကြာတော့လည်းနေသားကျ နေပါပြီလေ။ ကျွန်တော်က အနီးနားမှာမရှိတဲ့ အဝေးကတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးလွမ်းရတာကို နည်းနည်းမှမနှစ်သက်ပါ။ ကိုယ့်ရင်ထဲကတကယ့် ခံစားချက်တွေကို အသံမနိမ့်အမြင့် ၊ အဆွဲအငင်နှင့်ဖော်ပြရမည့် ပညာကိုလည်းမကျွမ်းကျင်။ သည်လိုနဲ့ကျွန်တော်ဖုန်းဆက်ရမည် ကိုကြောက်လာပါသည်။ ဟုတ်တယ်လေ ...ပါးစပ်ရှိတဲ့လူတိုင်းဖွဲ့နွဲ့ပြောလို့ရတဲ့ စကားလုံးတွေနဲ့ ကိုယ်ရဲ့ခံစားချက်အမှန်တွေကို တန်ဖိုးလျော့မသွားစေချင်ဘူး။ သည်တော့ရော ဘာလုပ်စရာရှိသေးလို့လည်း ။ အခန်းလေးထဲမှာ စာဖတ်၊ ရုပ်ရှင်ကြည့် ၊ သီချင်းနားထောင် ၊ ဒါမှမဟုတ် ခံစားချက်တွေကိုတစ်ယောက်ထဲပေါက်ကွဲ.......... ။ ။
+++++++++
သည်လိုနဲ့ နေသားကျလာတဲ့တိုင် ကျွန်တော်အထီးကျန်မှုတွင်ခြေ မငြိမ်သေးပါ။ တစ်ခါတစ်ခါတော့ စကားတွေတတွတ်တွတ်ပြော ၊ စိတ်ကပါသော်ရှိမပါသော်ရှိ မျက်နှာကတပြုံးပြုံးနှင့် အသိုင်းအ၀ိုင်းစုံကျင်လည်နေတဲ့ လူပေါ်လူဆော်တစ်ယောက် အဖြစ်ကိုယ့်ကိုကိုယ်စိတ်ကူးယဉ် ကြည့်ဖူးသည် ။သည်လိုဖြစ်အောင်ငါဘယ်လိုကြိုး စားရပါ့မလဲ။ မျက်နှာကိုရွှင်ရွှင်ထား ၊ လူထဲစကားပြောနီးလေ့ကျင့် ၊ "ဦးနု" ရဲ့ "မိတ္တဗလဋီကာ " ကိုလက်ကိုင်ထား .... ပြီး ။ တော်ပါပြီလေ လူပေါ်လူဆော်တစ်ယောက် ဖြစ်တော့လည်းဘာလုပ်မှာလည်း ။သည် လိုလူတွေရဲ့နောက်ဆုံးကျဆုံးချိန်ကိုမြင်ကြည့်စမ်းပါ ။ ဘယ်လောက်များရွံ့ရှာဖို့ကောင်းလိုက်သလဲကွယ် ။ လောကမှာ အစစ်အမှန်ကလွဲပြီး ဘယ်ဟာမှကြာကြာမခံဘူး ။ သည်လိုလိုရာဆွဲတဲ့အတွေးတွေနဲ့ အခန်းလေးထဲက ငေးနေတဲ့ကျွန်တော်ပြုံးလိုက်မိထင်ပါရဲ့ ။ ။
++++++