12 January 2008

ချစ်သူရေးခဲ့တဲ့ ညထဲမှ မြစ်တစ်စင်း ကိုပြန်လည်ခံစားခြင်း

(Starry Night Over the Rhone by Vincent van Gogh)

သည်တစ်ခါတော့ ခံစားမှုတစ်ခု အဖြစ် ကျနော်အကြိုက်ဆုံး ကဗျာတစ်ပုဒ်ကို တင်ပေးလိုက်ပါတယ် ။ ဆရာမကြည်အေး ရဲ့ ကဗျာတစ်ပုဒ်ပါ ။ သည်ကဗျာလေးကို ကြိုက်ရတဲ့ အကြောင်းဆိုရင်တော့ ကာရန်လှတာရော ၊ ပထမဆုံး အကြိမ် ဖတ်တုန်းက ရင်ခုန်ခဲ့ရတဲ့ အခြေအနေ ကြောင့်ရောပါ ။

လူတိုင်းမှာ ကြည့်နူးခဲ့ရသော အချိန်များရှိခဲ့ပေလိမ့်မည်။

ညနေချမ်း ၊ ကဗျာတစ်ပုဒ် ၊ ချစ်သူ ။

ထိုအရာသုံးခု အချိုးညီစွာပေါင်းစပ်နေသော ၊ ဆန်းကြယ်စွာ ရင်ခုန်ရသော

ညတစ်ညကို ကျနော်ဘ၀မှာ ပိုင်ဆိုင်ခဲ့ရဖူးသည်။

မနှစ်က မန္တလေး ပြန်တုန်းက ပထမဆုံး ညနေမှာပဲ ကျနော်ကို ဆရာ သင့်နော်ရဲ့ ဥတ္တရလွင်ပြင် လိုက်ပို့ပေးပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးခဲ့ တဲ့ မိန်းကလေ: ၊ တော်တော်ကြီးကြာ အောင်စာအုပ်တွေ ရွေးပြီးနောက် မှောင်လာတော့ သူ့အဆောင်ရှေ့မှာ ထိုင်ပြီးစကားပြောကြတဲ့ အချိန် ၊ လသာတဲ့ ည ၊ သူဆံနွယ်ရှည်တွေက ခပ်သင်းသင်းမွှေး ရနံ့ (သည်နောက်မှ ဆံပင်ရှည်တွေရဲ့ သင်းပျံ့တဲ့ ရနံ့ကိုရော ၊ Rဇာနည် ရဲ့ ဂန္တ၀င်ဆည်းဆာ ကိုရော ကျနော် စပြီးချစ်တတ် ခဲ့တာ) ၊ မန္တလေးကျုံးမှ ဖြတ်တိုက်လိုက်တဲ့ လေညှင်း ၊ အဆောင်ရှေ့က ခပ်မှိန်မှိန် အလင်း ဓာတ်မီးတိုင် ၊ ချစ်သူရည်းစား တော်တော်များများ ထိုင်ပြီးလောက်ပြီဖြစ်တဲ့ အဆောင်ရှေ့ ကခုံတန်းလေး ။ အဲသည်လောက် ပြီးပြည့်စုံ နေတဲ့ အချိန်မှာပဲ သည်ကဗျာလေးကို ပထမဆုံး အကြိမ်ဖတ်ခဲ့ရသည် ။

ဒါပေမယ့် အဲသည်တုန်းကတော့ ကဗျာထဲကလို သိမ့်သိမ့် လှုပ်ခါနေတဲ့ ရေလှိုင်းတွေ မပါ ၊ ရင်ဖိုစရာ တတ်မက်မှုတွေမပါ ၊ ချစ်သက်ကတိတွေ လည်းမပါခဲ့ ။

ဖွင့်ပြောဖို့ မလိုတဲ့အချစ်တစ်ခုကို ကျေနပ်တဲ့ ရင်ခုန်သံနှစ်ခု (သိပ်တော့မသေချာပါ) ၊ ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို သာယာတဲ့ တပ်မက်မှုတစ်ခု ။ အချိန်ရဲ့ ကန့်သတ်မှု မှလွတ်မြောက်ချင်တဲ့ နှလုံးသား တစ်စုံသာ ရှိခဲ့ပေမည်။

ဟုတ်တယ် အဲသည် အချိန်လေးဟာ ကျနော့်ဘ၀ထဲမှာ ဘယ်တော့မှ မပျောက်ပျက်အောင် မင်းရေးခဲ့တဲ့ တစ်ခုတည်းသော ညလေးတစ်ညပဲ။


မြစ်လယ်မှာ ချစ်လှယ်တုန်းက


မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နှင့်မောင်
ပန်းခူးရအောင်။

လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။

လေအေးကခုန်ပြန်
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တစ်ကြောမှာ
စိုးတဲ့အသံ။

လှပသည့် ကာရန် ၊ ပန်းမန်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။

တတ်ရေးဆန်းကြယ်
ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချို နှလုံးရယ်
ပြုံးတထေ့ထေ့။

ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်လာ
ယက်ပန်းကဖွာ ။

ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ရှက်တင် ပုံတော်သစ်ရအောင်
ချစ်သက်သေထား ။ ။

ကြည်အေး
(တာရာ ၊ အတွဲ ၁ ၊အမှတ် ၅ ၊ ၁၉၄၇)



ကြည့်စမ်း .. ဘယ်လောက်လှတဲ့ ကဗျာလေးလဲ။

ပြီးတော့ရော … ဘယ်လောက်ရင်ခုန်ဖို့ကောင်းသလဲ ကွယ်။

သည်ကဗျာလေးကို ဘယ်နှစ်ခေါက် ပြန်ဖတ်ဖတ်က အဲသည်အချိန်တုန်းက ခံစားခဲ့ရသော ၊ နောက်နောင်ပြန် မရဖို့ သေချာသော ခံစားမှုရင်ခုန်သံတစ်ခုကို ခံစားနေရဆဲ။

အခြေအနေ အရပ်ရပ် ကြောင့် …… ပဲဖြစ်ဖြစ် ၊ အခြားရင်ခုန်သံ အမျိုးမျိုးကြောင့်………. ပဲဖြစ်ဖြစ် …..

အဲသည် ညချမ်းလေးကို ဘယ်တော့မှ ပြန်မရနိုင်တော့ပေမယ့် ……….

အဲသည် ရင်ခုန်မှုလေးကိုတော့ လွမ်းဆွတ်တသရင်း ပြန်လည်ရင်ခုန်ခံစားနေမိဆဲ ဖြစ်သည်။

ပြောပါဦးကွယ်….

မင်းလည်း ကျနော်လိုပဲ မဟုတ်လား ……. ဟင် ..... ? ။ ။

1 comment:

မေ said...

သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာလေးပါပဲ။ ဆရာမဒေါ်ကြည်အေးရဲ့ ကဗျာတွေက နုနုလေးတွေ၊ စာလုံးလေးတွေလဲ လှတယ်။