31 January 2008

ပင်ကိုယ်ဗီဇ၀ါသနာ နှင့် အသက်မွေးဝမ်းကြောင်းပညာ

ခုတလော ကျောင်းစာတွေကပိနေလို့ အသစ်မတင်ဖြစ်တာကြာပြီ ။ စာမေးပွဲတွေလည်း ဆက်တိုက်နောက်ပြီး Projects ပေါင်းများစွာနဲ့ တောထွက်ရမယ့်ကိန်းပေါက် မတတ်ကို စိတ်မအားခဲ့ပါဘူး ။ ခုတလောမှာ ရလာတဲ့ ခံစားချက်ဝတ္ထုတို လေးတစ်ပုဒ်တင်ထား ပါတယ် ။ ကျနော်တော်တော်ခံစားပြီးရေး ထားတာပါ ။ လူတစ်ယောက်ရဲ့ ဘ၀မှာ ၀ါသနာ ၊ ဘ၀အာမခံချက် ၊ မိဘရဲ့တွန်းအားကြားမှာ တွေဝေတဲ့လူငယ်တစ်ယောက်ရဲ့ ပေါက်ကွဲမှု တစ်ခုပဲဆိုပါတော့ ။

တွေဝေသူ

(၁)

နားမလည်လိုတဲ့ စကားလုံးတွေ ၊ သိပ်မရင်းနှီးတဲ့ ဆက်သွယ်မှု နည်းစနစ်တွေ ၊ စက်ပစ္စည်းလည်ပတ်သံတွေကို လေ့လာရ ကြားရတာ သူ့အတွက်သိပ်ကို ညည်းငွေ့စရာပါ ။ သည်ဟာတွေ အားလုံးဟာ သူ့အတွက်တော့ တာဝန်သက်သက်အနေနှင့်သာ ကြားနာနေရတာ ၊ ပြောနေရတာ ၊ ကျက်မှတ်နေရတာမဟုတ်လား ။ တစ်ချိန်တုန်းကတော့ ကဗျာတွေ ၊ ပန်းချီကားတွေ ၊ သီချင်းတွေ ၊ ရုပ်ရှင်တွေ ကြားမှာကျင်လည်ရင်း စာရေးဆရာတွေ ဖန်တီးတဲ့ ဇာတ်ကောင်တွေ ၊ ဒါရိုက်တာတွေ ရဲ့ သရုပ်မှန် အထိန်းချုပ်ခံ ဇာတ်ကောင်တွေ ၊ ဂီတဖန်တီးရှင်တွေရဲ့ ကွန့်မြူးဥာဏ်မှ ပွင့်အန်ထွက်လာတဲ့ ရင်ခုန်သံမျိုးစုံ ကို နှလုံးသားနဲ့ ခံစားရင်း တစ်ချိန်ချိန်အရွယ်ရောက်ရင် ရင်ခုန်သံအရင်ခံ ထုတ်ကုန်တွေကို ဖန်တီးမယ်လို့ သူသိပ်ကို စိတ်ကူးယဉ်ထားခဲ့တာ ။ အခုအချိန်မှာတော. …… သည်အကြောင်းတွေ ၊ မျှော်မှန်းချက်တွေဟာေ၀၀ါးလွန်းနေခဲ့ပြီ ။

တစ်ကယ်တော့ သူနေခဲ့ရတဲ့ အဆင့်အတန်း ပါတ်ဝန်းကျင် ၊ အခုရောက်နေရတဲ့ အဆင့်အတန်း ပညာအရည်အချင်း အားလုံးဟာ သာမန်ဆိုရင်တော့ အားရလောက်စရာပါ ။ အဆင့်မီ ပညာရေးတစ်ခု ၊ ခိုင်မာဖြောင့်ဖြူးတဲ့ အနာဂါတ်လမ်းကြောင်းတစ်ခု .. စတဲ့ သာမန်ထက်မြက်တဲ့ လူငယ်တစ်ယောက်ရဲ့ လိုအပ်ချက်တွေ အားလုံးလိုလိုဟာ သူ့အတွက်ပြည့်စုံပါတယ် ။ ဒါပေမယ့် ဒါတွေအားလုံးကို တာဝန်တစ်ခုထမ်းရွက် ရသလို သဘောထားတဲ့သူ့အတွက်တော့ အားလုံးဟာ အလိုမကျစရာဖြစ်နေပါတယ် ။ သူမနှစ်သက် တဲ့ နောက်ပြီး ခါးသီးမုန်းတီးသွားရလောက်အောင် အဓိပ္ပာယ် ရှာမရတဲ့ ဘာသာရပ်တွေကို လေ့လာရင်း ၊ မိဘတွေ ကျေနပ်လောက်တဲ့ အဆင့်တစ်ခု ရအောင် တာဝန်တစ်ရပ် အနေနဲ့ ကြိုးစားရင်း သိပ်ကို စိတ်ကူးယဉ်တတ်တဲ့ကောင်လို့ သတ်မှတ်ခံရတဲ့ ခပ်ပိန်ပိန်လူငယ်တစ်ယောက် ဖြစ်တဲ့သူ့ဆီက ကြားရတတ်တာကတော့ `မပျော်ဘူး ၊ သိပ်စိတ်ညစ်တယ်´ တဲ့လေ ။

(၂)

လောကမှာ ကိုယ်ပိုင်ယုံကြည်မှု တစ်ခုနဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်းတစ်ခုကို ရွေးချယ်ခွင့် ရရင်သိပ်ကောင်းမှာ ဆိုတဲ့ ညည်းသံဟာလည်း သူ့ရဲ့လက်သုံးစကားတစ်ခုပါပဲ ။ လူဆိုတာ ကိုယ်ကျရာဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ် ဆိုတဲ့ အဓိပ္ပာယ် ပါတဲ့ ဆောင်ပုဒ်တစ်ခု ကိုလည်းသူ့ စာကြည့်စားပွဲ ရှေ့မှာ ကပ်ထားပေမယ့် သူ့ရင်ထဲမှာ မရှိကြောင်း သိပ်ထင်ရှားပါသည်။ ဒါပေမယ့်လည်း ၀ါသနာ၊ ခံစားချက်အတိုင်း ဦးစားပေး ဆုံးဖြတ်လိုတဲ့ သူ့အကျင့် ကို သူ့အတွေ့အကြုံတွေက အမျိုးမျိုး ပိတ်ပင်တားဆီးခဲ့ကြတယ် ။

သူဒီနိုင်ငံကိုလာဖို့ ၊ ပညာသင်ဖို့ ကြိုးစားရတုန်းကလည်း သူအတိုက်အခံငြင်း ခဲ့ပါသေးသည် ။ Singapore ကို မသွားခင် တစ်ပါတ်လောက် အလိုအထိကို အတိုက်အခံငြင်းဆန် ခဲ့တာ ။ ဒါပေမယ့် သူကြီးပြင်းခဲ့ ရတဲ့ပါတ်ဝန်းကျင် ၊ ခေတ် စနစ် အခြေအနေတွေကြားထဲမှာ သူ့ရဲ့ရင်တွင်းဖြစ် ၀ါသနာကို ချပြခဲ့ပေမယ့် သူကိုယ်တိုင်ကလည်း ၀ါသနာအတိုင်း စွန့်စားဖို့တွေဝေခဲ့တာ ။ ရှေ့ရေးအတွက် အခြေမခိုင်တဲ့ ပညာရေးကို လိုအပ်စွာ ပူပန်ကျတဲ့ သူ့မိဘတွေကို တော်လှန်ဖို့မရဲ ခဲ့တာလည်းပါလိမ့်မည် ။ နောက်သူ ကိုယ်တိုင်ကလည်းတွေဝေတတ်ပြီး ကိုယ်ဘာကို တကယ်လိုချင်သလဲဆိုတာကို ရေရေရာရာလည်း မဆုံးဖြတ်နိုင်ခဲ့ပေ ။ နောက်နိုင်ငံခြားမှာ ပညာသင်ရတယ်ဆိုပြီး ဂုဏ်ယူ အထင်ကြီးခံချင်တတ်တဲ့ လူလတ်တန်းစားရဲ့ စိတ်ဓာတ်လည်းပါပေလိမ့်မည် ။

“သွားစမ်းပါသားရယ် ၊ စိတ်ကူးသိပ်ယဉ်တယ်ဆိုတာကောင်းတာ မဟုတ်ဘူး ၊ လူ့ဘ၀ဆိုတာ တကယ်ရင်ဆိုင်ရရင် စား ၀တ် နေ ရေးပြေလည်ဖို့ အရေးကြီးတယ် ၊ အဲဒါအတွက် အခြေခိုင်တဲ့ ပညာရပ်တစ်ခုလိုအပ်တယ်” ဆိုတဲ့ အမေ့နှစ်သိမ့် စကား ။

“သိပ်မရူးနဲ့ငါ့သား ၊ မင်းအခု စိတ်ကူးနဲ့ရူးနေတာတွေကို တစ်ချိန်ကျရင် မင်းကိုယ်တိုင် ရယ်ချင်လာမယ် ၊ လက်တွေ့ဆန်စမ်းပါကွာ” ဆိုတဲ့ အဖေ့ဆုံးမစကား ။ နောက်ပါတ်ဝင်းကျင သူငယ်ချင်းတွေရဲ့ အားကျမှုကို ရစ်မူးယင်း နောက်တော့နေသား ကျသွားမှာပါ ဆိုတဲ့ စကားတွေကို ဖိတွေးရင်း သူလာခဲ့ရတာ ။ အဲသည်တုန်းက သဘော မပေါက်ခဲ့တာ တစ်ခုရှိခဲ့သည် ။ သူထင်သလိုအသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုကို စိတ်မပါတာပဲ သင်ကြားရတာထက် အဓိပ္ပာယ် ရှာမရဘဲ သင်ကြားနေရတာက ပိုခါးသီးတယ်ဆိုတာကိုပေါ့ ။

(၃)

“သွားစမ်းကွာ ……

အဓိပ္ပာယ်မရှိတဲ့ ဆက်သွယ်မှုတွေ

အသက်မရှိ ၊ အသိဥာဏ်မရှိတဲ့ စက်ပစ္စည်းတွေ

ခါးသီးအောင်တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေသတွေ

ခံစားမှု မပါပဲ တာဝန်တစ်ခုအရလုပ်ရတဲ့ Presentation တွေ

အကုန်လွှင့်ပစ်လိုက်စမ်း ၊

စိတ်စေရာ တစ်သွေမတိမ်း တစ်ကောက်ကောက်လိုက်လို့

တလွင့်လွင့်မျော ပါလာတဲ့ လမ်းဘေးဂီတတစ်ခု

တစ်ရိပ်ရိပ် လွင့်မြူးအသက်ဝင်လာတဲ့ ပန်းချီကားတွေ

မျှော်လင့်မှု ရမှတ်တစ်စုံတစ်ရာမပါဘဲ

Slides တွေ Decoration တွေမပါတဲ့

နှလုံးသားနဲ့တင်ဆက်တဲ့ Presentation တွေ

ဖန်တီးချင်စမ်းပါရဲ့ကွယ်

တင်းကျပ်မှု တာဝန်တွေမဲ့တဲ့

မိမိကိုယ်ကိုလေးစားနိုင်တဲ့

ပတ်ဝင်းကျင်တုန့်ပြန်မှုကို ကျောခိုင်း

နှလုံးသား ရင်ခုန်သံတစ်ခုတည်းနဲ့သာ စည်းချက်ညီနေတဲ့

ကိုယ်နာမည်ခံ လူသားတစ်ယောက်

ခုမှာတော့

လွတ်လပ်ချင်ပါတဲ့ကြွေးကြော်နေတဲ့လူငယ်တစ်ယောက်

ခံစားမှုမဲ့ အရာတွေကို တာဝန်တစ်ခုအရ

တန်ဖိုးထား ဖက်တွယ်ရှင်သန်နေရ

အနာဂါတ်မှာလည်း လွှင့်ချပစ်ခဲ့ ဖို့မလွယ်သေးဘူး“

(၄)

စာရေးဆရာ သိပ်ဖြစ်ချင်တာလို့ပြောခဲ့ဖူးတဲ့ သူရဲ့ စိတ်ထွက်ပေါက်ကဗျာတစ်ပုဒ်ပါ ။

သူ့ပတ်ဝန်းကျင်က သူ့လို Engineers ကျောင်းသားတွေဟာလည်း သူစိတ်မ၀င်စားပါဘူးဆိုတဲ့ စာတွေကိုရည်ရွယ်ချက် အမျိုးမျိုး တက်ကြွမှု အမျိုးမျိုးနဲ့ သင်ယူလေ့လာနေကြတာပဲ ။ ဒီလူတွေကို မြင်တိုင်းသူ့ကိုယ်သူ စမ်းစစ်ကြည့်ရင် စိတ်ဝင်စားကြည့်ချင်တဲ့ ပေါ်လာပေမယ့် ၀ါသနာပါကြည့်လို့တော့ မရပါ။ ``သူတို့တွေဝါသနာပါတဲ့ ဘာသာရပ်မှာ ကြိုးစားခွင့်ရကြတယ်နော်´´ လို့ အားကျမိရင် ကိုယ်အခြေအနေကို ရင်နာမိပြန်တယ် ။

စာလုံးဝမကြိုးစားပဲ ပျော်သလိုနေတဲ့ သူတွေကိုလည်း အားကျသလိုရှိပေမယ့် သူ့ကိုယ်သူ ပစ်စလက်ခတ် အဆင့်မှာ အရှက်ရခံဖို့တော့ သူကြောက်ရွံ့ပြန်လေသည် ။ သူ့အတွက်ငွေကုန်ကြေးကြ ခံထားရတဲ့ မိဘတွေအတွက်ရော သူ့သိက္ခာ အတွက်ရော စာတွေကိုလုံးဝလှစ်လျူ ရှုဖို့လည်းမဖြစ်ချေ ။

ဒါပေမယ့်လည်းလေ တစ်ခါတစ်လေကျတော့လည်း လုံးဝရင်မခုန်တဲ့ ဘာသာရပ်သင်ကြားမှုတွေမှာ အောင်မြင်မှုကလည်း ပီတိကိုမပေးနိုင် ၊ တတ်ကျွမ်းမှု ကလည်း ယုံကြည်မှုမပေးနိုင်ခဲ့ချေ ။ တစ်ခါတစ်ရံ သိပ်မခံစားနိုင်တော့အောင် ပေါက်ကွဲရင် စာရွက်တွေအားလုံးလွှင့်ပစ် ၊ ခေါင်းအုံးအောက်မှာ မျက်နှာဝှက်ရှိုက်ရင်း သူငိုတတ်ခဲ့တယ်။ ဒါပေမယ့်လည်း နံနက် အိပ်ယာနိုးရင် ပြန့်ကြဲနေမှာဖြစ်တဲ့ စာရွက်တွေ ပြန်ရှင်းဖို့လည်းသူ အမြဲတွေးနေရတာ ။ စာမေးပွဲနီးလို့ စာကြည့်စရာ စာရွက်တွေပျောက်လို့ ဘယ်ဖြစ်ပါမလဲနော် … ။

``ဘ၀မှာ ၀ါသနာတစ်ခုအတွက်

စွန့်လွှတ်ရတဲ့ တန်ဖိုးတွေထက်

ဝါသနာမပါတဲ့ အရာတွေကို

တာဝန် ၊ ၀တ္တရား ၊ နားလည်မှု ကြိုးမျှင်တွေကြားမှာ

ပိုက်ထွေးထားရတဲ့

အခြေအနေအတွက် ပေးဆပ်ရတဲ့

တန်ဖိုးကပိုကြီးပါတယ်´´ ။

(၂၄၊ ၁ ၊ ၀၈)

No comments: