15 December 2007

အထီးကျန်ခြင်း


အမြဲမြင်နေရသော မြင်ကွင်းတစ်ခုကိုအကြာကြီးငေးကြည့်ချင်တဲ့အကျင့် ၊ ခဏခဏဖတ်ဖူးတဲ့ ၀တ္တုတို ၊ မကြာခဏကြားဖူးတဲ့ သီချင်း ၊ ကြည့်ဖူးလွန်းလို့ မျက်စိထဲစွဲနေတဲ့ရုပ်ရှင် စတာတွေကို အမြဲပြန်ဖတ်ချင် ၊ နားထောင်ချင် ၊ ကြည်ချင်တဲ့ အကျင့်တစ်ခု မကြာသေးမီကမှ ကျွန်တော်ရခဲ့သည်။

ကျွန်တော့်အခန်းတံခါးမှ ကြည့်ရင်ကားတွေ ၊ လူတွေ ၊ တိုတ်တွေကိုတွေ့နေရတယ် ။ကားသံတွေလူသံတွေယာ အခြားသူတွေအတွက်သိပ်မထူးခြားပေမယ့် ကျွန်တော်ဟာကားဟွန်းသံကြောင့် ခေါင်းမူးလာတတ်တယ်။ ဒါကြောင့်လည်းတစ်ခုတည်းသာရှိတဲ့ အခန်းတံခါးကိုအမြဲလိုလို ပိတ်ထားတတ်တယ်။ ကံကောင်းစွာပဲ တံခါးမှန်မည်းမည်းကိုဖောက် ထွန်းမြင်ရတော့ ခပ်မည်းမည်းလူတွေကားတွေဟာ ကြည့်လို့ကောင်းနေပြန်ရော။ အသံတိတ်ရုပ်ရှင်ကားတစ်ကားကြည့် ရသလိုမြင်ဘဲမြင်နေရတော့ သိပ်စိတ်အနှောက်အရှက် မဖြစ်တော့ဘူးပေါ့ ။သူတို့ ငိုနေ ၊ ရန်ဖြစ်နေကြအုံးတော့ ကျွန်တော်မှမကြားရဘဲ ။

ကျွန်တော်သည်မြင်ကွင်းကို အားလပ်တိုင်းအမြဲလိုလိုငေးတတ်တယ် ။ တစ်ခါတစ်ခါတော့ စိတ်အာရုံထဲမှာ မျက်စိရှေ့ကမြင်ကွင်းတော့ မရှိဘူးပေါ့။ ငယ်ငယ်ကပုံရိပ်တွေ ၊ မင်းသမီးတစ်ယောက်ရဲ့မျက်နှာကို အနီးကပ်အသေအခြာ ရိုက်ပြထားတဲ့ရုပ်ရှင်မြင်းကွင်းလှလှလေးတစ်ကွက် ၊ လိုချင်တဲ့စာ အုပ်ကိုစာအုပ်ဆိုင်မှာတွေ့လိုက်ရလို့ပျော်ရွှင်တဲ့ခစားမှု ၊ အဖေနဲ့အဆင်မပြေအလျော့ပေးရတိုင်း နာကျင်ရတဲ့ရှက်ရွံ့မှု ၊ အိမ်ကခွေးလေးရဲ့ဟောင်သံ ၊ ငယ်ငယ်ကဆရာမကိုပေးဖို့ မုန့်ဖိုးထဲကစုဝယ်ခဲ့တဲ့ နှင်းဆီပန်းတစ်ပွင့်ရဲ့ မွှေးရနံ့ ၊ လွန်ခဲ့သော နှစ်နှစ်သုံးနှစ်ခန့်မှအသံများ ၊ မျက်နှာထားများ ၊ ခံစားချက်များ ဟာ လှုပ်ရှားမှုပုံရိပ်ထင်နေတဲ့မှန်မည်းမည်းမှာလာပေါ်နေတတ်တယ်။

ကျောင်းစာလုပ်မနေရချိန် ၊ တစ်ခုခုရေးမနေချိန် ၊ ဖတ်စရာစာပြတ်လပ်သွားချိန်တွေမှာ အခန်းကျဉ်းလေးမှာတစ်ယောက်တည်းထိုင်နေတတ်တယ်။ကျွန်တော့် အခန်းကို ခန်းဆီးစလေးတတ်ရမလား ၊ ပန်အလှစိုက်အိုးလေးတစ်လုံး စာကြည့်စားပွဲပေါ် တင်ထားရမလား ၊ ဒါမှမဟုတ် ကျွန်တော်ကြိုက်တဲ့ရုပ်ရှင် မင်းသမီးရဲ့ Wallpaper တစ်ချပ်ဝယ်ပြီးနံရံပေါ်ကပ်ထားရမလား ။ သြော်မဟုတ်သေးဘူး ။ သည်လိုရှင်းလင်းပြီး အဓိပ္ပာရှိစွာ အထီးတည်းဆန်နေတာပဲကောင်းပါတယ်။ ဒါဟာလည်းအခန်းရှင်နဲ့ လိုက်ရောညီထွေရှိမှာပေါ့ ။ ဟုတ်လိမ့်မယ်…. ကျွန်တော်ရယ်မိတယ်ထင်တယ် ။
အထီးကျန်တယ်ဆိုတာ တော်တော်နာမည်ဆိုးသော်လည်း ခံစားရတာ တသိမ့်သိမ့်တော့ရှိတယ်။ ရင်နင့်လောက်အောင် တစ်ခါတစ်ခါခံစားရတတ်သော်လည်း တစ်ခါတစ်ခါတော့ ခံစားရတာ တော်တော်ကြောင်ပါသည်။ တစ်ခါကတော့ အော်ရယ်မိ မတတ်ပင် အထီးကျန်တတ်ပါသေးတယ်ဆိုယုံပါ့မလား ။ တစ်ခါတုန်းကတော့ အသိတွေအများကြီးပါတဲ့ပျော်ပွဲစားတစ်ခုမှာ စကားပြောဖော်မရှိဘဲ အထီးကျန်ဆန်လွန်းသည်ထင်၍ တိတ်တိတ်လေးခိုး ပြန်လာခဲ့ဖူးသည်။ အခန်းလေးထဲပြန်ရောက်တော့လည်း သူများတွေများပျော်နေမှာ ပဲလို့တွေးမိပြန်ပြီး ၀မ်းနည်းမိပြန်တယ်။ ကဲ ဘယ်လောက်များကြောင်တဲ့ငါလည်း .... ကွယ်။

လူတစ်ယောက်ကို တစ်ခါစကားပြောကြည့်လို့ သိပ်မကြိုက်ရင် မသိမသာရှောင်တတ်သောအကျင့်ဆိုးတစ်ခု ကျွန်တော့်မှာရှိတယ်။ သည်လိုအကျင့်ကိုလက်ကိုင်ထားတဲ့ ကျွန်တော်ဟာ ပလတ်စတစ်အပြုံးတွေ ၊ စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့ခေတ်ပြိုင်ပတ်ဝန်းကျင်မှာ အပေါင်းအသင်းရှားပါးလာတာသိပ်တော့မထူးဆန်း ။ စာအုပ်တစ်အုပ်ကို ပြီးအောင်မဖတ်ဘူးတဲ့လူတွေကြားမှာကျွန်တော် ဘာသွားပြီးပြောရမှာလည်. ၊ သူ့တို့ဆော့နေကြတဲ့ဂိမ်းတွေကို ရွတ်ပြရင်တော်ဘာမှန်းမသိတဲ့ ကျွန်တော်ကရော Game Techniques Sharing လုပ်တဲ့သူ့တို့စကားဝိုင်းထဲကိုဘယ်လို ၀င်မလဲ ။ တစ်ယောက်နဲ့အဆင်မပြေရုံ နဲ့တင်နောက်အသစ် တစ်ယောက်ရှာနေသူတွေကြားမှာ ရည်းစားရသွားပြီဖြစ်တဲ့ချစ်ရသူကိုမမေ့နိုင်ဖြစ်နေတဲ့ ကျွန်တော့်အချစ်ကို ဘယ်သူက ကောင်းချီးပေးမှာလည်း ။ သွားစမ်းပါကွယ် ...။
သည်လိုနဲ့နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာနေတဲ့အချိန်က များလာတတ်တာပေါ့။
+++++++++
ကျွန်တော့်ကို စိတ်လိုလက်ရ တစ်ယောက်ယောက်ကရည်ညွှန်း ရင် "အရပ်ရှည်သလောက်ပိန်သော" ၊ "စကားများသလောက် လူတောမတိုး သော" ၊ "စာအုပ်တွေဖတ်ပြီး စိတ်ကူးယဉ်တတ်သော" စတဲ့နာမ၀ိသေသန တွေတဲ့ယှဉ်တွဲမိလိမ့်မယ် ။ ကျွန်တော့်ကိုနားလည်တယ်လို့ဆိုတာ မဖြစ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ခါတစ်ခါစိတ်ကမပါဘဲ လက်ကထလုပ်မိတာရှိတတ်သလို ၊ တစ်ခါတစ်ခါ တော့လည်းသေချာရည်ရွယ်ထားသည့်တိုင်မေ့လျော့သွားတတ်ပါသည်။ တစ်ခါတစ်ခါ သီချင်းတစ်ပုဒ်နားထောင်ရင်း ကလေးတစ်ယောက်လိုရှိုက်ကြီးငင်ငိုတတ်သော်လည်း ၊ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲမှအများမျက်ရည်ကျလောက်တှဲ့ဇာတ်ဝင်ခန်းတွေကို အူတက်မတတ်ရယ်ချင်မိတယ် ။ မခက်ဘူးလား ။သေချာတာကတော့ ကျွန်တော်ဟာအမြဲ သမရိုးကျဖြစ်တည်နေတဲ့ သဘာဝအမှန်တရားတစ်ခုမှ မဟုတ်တာ။ ကျွန်တော့်ဘ၀အတွက် သူတစ်ပါးအားကျ အတုယူလာအောင် ကြိုးစားနေပြရမယ် ဆိုပြီးပြဌာန်းထားတဲ့ဘာ သင်ရိုးညွှန်းတန်း ဥပဒေမှမရှိစေရဘူး ။ ကျွန်တော်ဟာ အများအကြိုးအတွက် အနင့်နာခံသော Hero ဆန်သောလူမျိုးကို အားကျပါသည်။ "တို့ကတော့မှန်တာလုပ်ဟုတ်တာပြောဘဲ၊ သူများကောင်းဖို့အတွက်အမြဲဦးစားပေး ခဲ့တာ" လို့ မဟုတ်ဘဲအရှက်မရှိလုပ်င်္ကြ ကိုယ်ရည်သွေးတတ်သူတွေကို ဟန်လှချည့်ဟုအားကျခဲ့ဖူးသည်။ သို့သော်ဟန်ဆောင်အပြုံးတစ်ခု ပြုံးရန်ပင်ပါးညောင်းတဲ့ ကျွန်တော်ဟာ စိတ်ထဲကမပါတဲ့အပြောတွေ၊ အင်္ပြုးတွေကို ကြိုးစားလုပ်ကြည့်လို့ မရတော့လက်နက်ချခဲ့ရတယ်။ ရေပေါ်ဆီဟန်ဆောင်သူတွေရဲ့ "သိပ်အတ္တကြီးတဲ့ကောင် ၊ ကိုယ့်ကိုကိုယ်ပဲသိတာ " စတဲ့ ကျွန်တော်အပေါ် ဝေဖန်မှုတွေကိုကြားရတော့ အခန်းကျဉ်းလေးထဲကကျွန်တော်ရယ်မိပါ တယ်။ ဟုတ်မှာပါကွယ်..... ။

ဒါမှမဟုတ်တတ်နိုင်သမျှ လိုက်လိုက်ရောရောပေးကမ်းပေါင်းသင်းပြီး လူတောထဲဝင်ကြည့်ဖို့ ကျတော့ရော ၊ ၀တ္တုတွေ ၊ နိပါတ်တော်တွေထဲမှ မိတ်ဆွေတွေအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေကို အားကျလေးစားဖူးသည်။ ခက်နေသည်မှာ ကျွန်တော်က မိမိပိုင် ပစ္စည်းတစ်ခုအားသူများကို ပေးငှားရန်ပင်တွန့်တိုတတ်သည်။
+++++++++
ကျွန်တော်ဟာအပြင်ထွက် လျှောက်လည်ဖို့တော်တော်ပြင်းတဲ့သူ ပါ။ ခရီးတစ်ခုရဲ့ ပန်းတိုင်ကိုဖြေးဖြေးလေးနဲ့အေးဆေးလေးသွားချင်တဲ့ လူမျိုး။ ရထားနဲ့သွားရင်မြန်မြန်ရောက်မှာစိုးလို့ ဘတ်စ်ကားစီးသွားချင်တဲ့သူပါ။ ဘတ်စ်ကားစီးဖို့ထက် လမ်းလျှောက်လို့ရရင်လျှောက်ပြီးသွားချင်ပါတယ်။ နောက်ဆုံးလမ်းလျှောက်ဖို့ထက် ပင်အခန်းထဲထိုင်တွေး၊ငေးနေရတာ ကိုပိုလို့တောင်ကြိုက်သေးတယ် မဟုတ်လား.... ။ သည်လိုအထီးကျန်တယ်ဆိုတာ ကြာတော့လည်းနေသားကျ နေပါပြီလေ။ ကျွန်တော်က အနီးနားမှာမရှိတဲ့ အဝေးကတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးလွမ်းရတာကို နည်းနည်းမှမနှစ်သက်ပါ။ ကိုယ့်ရင်ထဲကတကယ့် ခံစားချက်တွေကို အသံမနိမ့်အမြင့် ၊ အဆွဲအငင်နှင့်ဖော်ပြရမည့် ပညာကိုလည်းမကျွမ်းကျင်။ သည်လိုနဲ့ကျွန်တော်ဖုန်းဆက်ရမည် ကိုကြောက်လာပါသည်။ ဟုတ်တယ်လေ ...ပါးစပ်ရှိတဲ့လူတိုင်းဖွဲ့နွဲ့ပြောလို့ရတဲ့ စကားလုံးတွေနဲ့ ကိုယ်ရဲ့ခံစားချက်အမှန်တွေကို တန်ဖိုးလျော့မသွားစေချင်ဘူး။ သည်တော့ရော ဘာလုပ်စရာရှိသေးလို့လည်း ။ အခန်းလေးထဲမှာ စာဖတ်၊ ရုပ်ရှင်ကြည့် ၊ သီချင်းနားထောင် ၊ ဒါမှမဟုတ် ခံစားချက်တွေကိုတစ်ယောက်ထဲပေါက်ကွဲ.......... ။ ။
+++++++++
သည်လိုနဲ့ နေသားကျလာတဲ့တိုင် ကျွန်တော်အထီးကျန်မှုတွင်ခြေ မငြိမ်သေးပါ။ တစ်ခါတစ်ခါတော့ စကားတွေတတွတ်တွတ်ပြော ၊ စိတ်ကပါသော်ရှိမပါသော်ရှိ မျက်နှာကတပြုံးပြုံးနှင့် အသိုင်းအ၀ိုင်းစုံကျင်လည်နေတဲ့ လူပေါ်လူဆော်တစ်ယောက် အဖြစ်ကိုယ့်ကိုကိုယ်စိတ်ကူးယဉ် ကြည့်ဖူးသည် ။သည်လိုဖြစ်အောင်ငါဘယ်လိုကြိုး စားရပါ့မလဲ။ မျက်နှာကိုရွှင်ရွှင်ထား ၊ လူထဲစကားပြောနီးလေ့ကျင့် ၊ "ဦးနု" ရဲ့ "မိတ္တဗလဋီကာ " ကိုလက်ကိုင်ထား .... ပြီး ။ တော်ပါပြီလေ လူပေါ်လူဆော်တစ်ယောက် ဖြစ်တော့လည်းဘာလုပ်မှာလည်း ။သည် လိုလူတွေရဲ့နောက်ဆုံးကျဆုံးချိန်ကိုမြင်ကြည့်စမ်းပါ ။ ဘယ်လောက်များရွံ့ရှာဖို့ကောင်းလိုက်သလဲကွယ် ။ လောကမှာ အစစ်အမှန်ကလွဲပြီး ဘယ်ဟာမှကြာကြာမခံဘူး ။ သည်လိုလိုရာဆွဲတဲ့အတွေးတွေနဲ့ အခန်းလေးထဲက ငေးနေတဲ့ကျွန်တော်ပြုံးလိုက်မိထင်ပါရဲ့ ။ ။
++++++

1 comment:

Rita said...

ရေမျောသီး စတိုင်လ် နဲ့တူတယ်။ တခါတခါလည်း ကြည်အေး စကားလုံးလေးတွေနဲ့...

ဒါပေမဲ့ စာရေးသူ ဘာ ဆိုတာကိုတော့ လှစ်ဟ ပြနိုင်တယ် လို့ ထင်မိတယ်။

ကိုယ်လည်း စာရေးရင် ကြိုက်တဲ့ စာရေးဆရာတွေရဲ့ ဟန်တွေ ပါတာပါပဲ။