လူတစ်ယောက်ကို အကြောင်းမရှိဘဲ တူးတူးခါးခါး မုန်းဖူးလား ။ မအံ့သြနဲ့ ဒါမျိုးတွေလည်းဖြစ်တတ်တယ် ။ မယုံမရှိ နဲ့ တကယ်ပါ။
++++++++
စာမေးပွဲနီးလာ တိုင်းကျွန်တော်သူ့ကို ကြည့်မရအောင်အရမ်း မုန်းတယ်။ ကြည့်... ပုံစံ ကိုက စာမရသေးလို့ပြာနေ သလိုလို ၊ အခုမှ စာစကြည့်ရတဲ့ ပုံစံလိုလို ၊ အလကားပါ။ စာမေးပွဲဖြေတော့ သူပဲရတာ ပဲ။ ကျွန်တော်သူကို နိုင်ချင်တယ်။ စာမေးပွဲတိုင်းမှာ နိုင်ချင်တယ် ။ အပြတ်အသတ်ကွာသွားအောင် ကျွန်တော်သူ့ကို နိုင်ချင်တယ် ။ သူခေါင်းပြန်မထူနိုင်လောက်အောင်ကို နိုင်ချင်တယ် .... ။
နိုင်ချင်ကြိုးစားပေါ့လို့ ဆိုကြလိမ့်မယ်။ ကျွန်တော်လည်းကြိုးတော့ ကြိုးစားတာပဲလေ။ တစ်ခါနှစ်ခါလည်း သူ့ကိုနိုင်ဖူးသားပဲ။ ဒါပေမယ့် သူကိုအမြဲမနိုင် နိုင်ဖူး ။ ကျွန်တော်နိုင်တာက အရေးမကြီးတဲ့စာမေးပွဲ သေးသေးလေးတွေမှာပါ။ သူကျွန်တော့်ကို နိုင်တာကျတကယ့် အစိမ်ကြီး။ ကဲ... ဘယ်လောက်မုန်းဖို့ကောင်း လဲ။
သူကျွန်တော်တို့ကျောင်းကိုစပြောင်းလာတာက (၆) တန်းနှစ်ကပါ။ ၀တ်ပုံစားပုံ သားနားတာကို ကြည့်ပြီး စာတော်မယ့် ကောင်မလေးလို့ ကျွန်တော်တန်းသိတယ် ။ ခြောက်လလုံးလုံး စကားတစ်ခွန်းမှ မပြောဖြစ်ကြဖူး။ပြောဖို့ အကြောင်းလည်းမဖန်ပါ။ ဒါပေမယ့် ကျွန်တော်သူငယ်ချင်းတွေ ဆီကသူ့အကြောင်းတွေကြားရပါတယ်။ ခုမှပြောင်းလာတဲ့ကျောင်းသူ ဆိုတော့ ကျောင်းသားတွေအစမှာနည်းနည်းပါးပါးစိတ်ဝင်စား ကြတာဖြစ် တတ်ပါတယ်။ ကျွန်တော်ဘေးကကောင်ကိုကျွန်တော် ပြောလိုက်မိသေးတယ်။ "မင်းတို့သာလှတယ်ပြောတာ။ အလကား ဒီလောက်ပိန်ကပ်နေတာ.... လှပမလား"
ကျွန်တော်တို့ စကားစပြောဖြစ်တာ နှစ်လယ်လောက်မှ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ တုန်းကထူးချွန်စာမေးပွဲတွေ ဖြေရလေ့ရှိတယ် ။ အတန်းထဲမှ အဆင့် ၁ မှ ၁၀ ရသူတွေဝင်ဖြေ ကာ ထိုအထဲမှ ပထမ၊ ဒုတိယ ၊ တတိယ ကျောင်းအဆင့် ရွေး ပြီး မြို့နယ်အဆင့်စာမေးပွဲ ဖြေရပြန်တယ်။ ကျောင်းအဆင့်စာမေးပွဲ နောက်ဆုံးနေ့မှာ သူငယ်ချင်း မိန်းကလေးတစ်ယောက်နဲ့ အဖြေတိုက်ရင်း ဘေးကသူကစကားစပြောတယ်။ "နင်ရောဖြေနိုင်လား" ကျွန်တော်ခေါင်း ခါပြလိုက်တယ်။ "ငါလည်းမဖြေနိုင် ဘူး" သူဆက်ပြောတယ်။
အောင်စာရင်း ထွက်လာတော့ ကျွန်တော် ပထမ ၊ သူ ဒုတိယ။ ကျွန်တော် ဘာမှထူးထူးခြား မဖြစ်ပါဘူး ။ မြို့နယ်အဆင့် စာမေပွဲဖြေ ဖို့ဆရာတွေက ကျွန်တော်တို့ကိုသီးခြား စာသင်ပေးတယ် ။ အဲဒီမှာ ကျွန်တော်တို့ပိုရင်းနီး လာ တယ်။မြို့နယ် အဆင့်စာမေးပွဲမှာလည်းအတူတူစာကျက်ပြီး ဖြေကြတယ်။ အောင်စာရင်းထွက်လာတော့ သူကမြို့နယ် အဆင့်မှာ တတိယရပြီး ကျွန်တော်ကတော့ ဘာမှမရဘူးလေ။ အဲဒီနေ့ က ကျွန်တော်တစ်ခါမှ မကြုံဖူးသေးတဲ့ ကိုယ့်ကိုကိုယ် နိမ့်ကျတယ်ဆိုတဲ့ အရှက်ရမှုကို ခံစားရတယ်။ အဲဒီညနေ မှာကျွန်တော် ငိုခဲ့တယ်။ ပြီးတော့ကျွန်တော်သူ့ကိုနိုင်အောင်ကြိုး စားမယ်လို့လည်း ဆုံးဖြတ်ခဲ့တယ်။ သေချာတာကတော့ ကျွန်တော့် ဘ၀မှာ လူတစ်ယောက်ကို ပထမဆုံး အကြိမ်တူးတူးခါးခါးမုန်းမိခဲ့ တာပဲ။
ဒါပေမယ့် လည်းအပြင်ပန်းမှာတော့ အပြုံးမပျက်စေပဲ သူနဲ့ခင်ခင်မင်မင်ပေါင်း တယ်။ခင်တယ်ဆိုပေမယ့် မေးထူးခေါ်ပြောအဆင့်လောက်ပါပဲ။ နောက်စာမေးပွဲ တွေကျတော့ လည်းသူနိုင်လိုက်ကိုယ်နိုင်လိုက်ပေါ့။ သူ့ဘက်ကတော့ ဘယ်လိုသဘောထားလည်း ကျွန်တော်တကယ်မသိပါ။ ကျွန်တော် ကတော့ သူ့အကြောင်းအမြဲတွေးနေရတယ်။ " သူဘာများလုပ်နေမလဲ? ။ငါ ၀တ္တုဖတ်နေတဲ့ အချိန်မှာ သူစာကျက်နေမလား ? ။ TV ကြည့်နေချိန်မှာ သူသင်္ချာတွက်နေမလား ? ။ ငါကဖြင့် အိပ်တော့မယ် သူစာကျက်နေတုန်းပဲလား? ။'' စာမေးပွဲဖြေတိုင်းလည်း - " ငါဒီ အပုဒ်မရဘူး သူရောရလားမသိ? ။ ငါရတဲ့ အပုဒ်ကိုရောသူတွက် တတ်ပါ့မလား ?။သူပြီးလို့ပြန်တောင်စစ်နေပြီ ငါကပြီးတောင်မပြီးသေးဘူး ။ ဒုက္ခပဲ " မြန်မာစာဖြေ တိုင်းလည်း - " သူစာစီစာကုံး က ငါ့ဟာ ထက်များကောင်းနေမလား ? ၊ ဟာ...... ကောင်းရင်လည်းစာစီစာကုံး စာအုပ်ထဲကကျက်ထားတာနေမှာ ပါ ။ သူငါ့လို အပြင်စာမှ မဖတ်ဘဲ ၊ ဒါပေမယ့် သူ့လက်ရေးငါ့ ထက်လှတယ်။ ဆရာကလက်ရေးနဲ့များ အမှတ်ဖြတ်ရင် ဒုက္ခပဲ........................... " ။
ကျွန်တော်နဲ့သူ တကယ်ခင်ခင်မင်ပေါင်း ဖြစ်တာကတော့ (၉) တန်းနှစ်မှပါ ။ ကျွန်တော်နှင့်သူ ကျူရှင်တူတယ်လေ။ ကျွန်တော်အကြောင်းရှာလို့မရပဲ ပျော်သွားမိတယ်ထင်တယ် ။-
" ဪ ငါသူနဲ့ ကျူရှင်တူတူတတ်ရတော့ သူဘာစာတွေကျက်တယ် ၊ ဘယ်လိုကြိုးစားတယ်ဆို တာ သိရတာပေါ့ "......
စတက်တဲ့နေ့ က ဓာတုသင်တယ် ၊ မှတ်မှတ်ရရသူနောက်ကျတယ် ။ ကျွန်တော်သူ့ကိုမျှော်နေမိတာ လား။ မဟုတ်ဘူးဟော့ ၊ သူဖာသာသူနောက်ကျလို့ စာမရကောင်းတောင်ကောင်းသေး ။ နောက်နေ့တွေ ကျသူပုံမှန်လာ တယ်။သူ့ကိုအနီးကပ်လေ့လာ ကြည့်တော့လည်း သာမန်ပါပဲ။ ဒါပေမယ့် ထူးထူးခြားခြား ကျွန်တော်နှင့်သူခင်မင်လာတယ် ။ သူကျွန်တော်ကိုစာမေးတိုင်း ကျွန်တော်ပျော်လည်းပျော်တယ် ၊ ဂုဏ်လည်းယူ တယ်။ "ကိုယ်ပေါင်း စိတ်ခွာ" ပေါင်းလို့ကိုယ့်ကို ကိုယ်သတိပေးရင်း သူနဲ့ ရင်းနှီးလာတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ စိတ်ထဲကလက်မခံခဲ့ ပါဘူး ။ သူကျွန်တော်ကို တစ်နေ့နေ့ကောင်းကောင်းကြီး အနိုင်ယူသွားမလားလို့ တွေးကြောက်နေတယ် ။ စာမေးပွဲတွေမှာတော့ သူမသာကိုယ်မသာပါပဲ ။
သူဟာသူငယ်ချင်း တစ်ယောက်အနေ နဲ့ သာမန်အချိန်ဆို တော်တော်ခင်ဖို့ကောင်းတဲ့သူပါ ။ ကျွန်တော် သေမတတ်တိုက် တွန်းပေမယ့် ဘယ်သူငယ်ချင်းကမှ မကြည့်ချင်တဲ့ အိန္ဒိယ သီချင်းလိုင်းတွေကို ကြည့်ပေးသည် ။ ကျွန်တော်ကဖတ်ဖို့ တိုက်တွန်းတဲ့ စာအုပ်အချို့ ကိုလည်းဖတ်တယ်။ ကျွန်တော့်ကို လည်း စာတွေအရမ်းဖတ်တယ် ၊ နင်တော်လိုက်တာ လို့ချီးမွန်းတတ်တယ် ။ သူ့မှာ အမြင်ကပ်ဖို့ ၊ မုန်းဖို့ကောင်းတာ ကတော့ စာမေးပွဲဖြေခါ နီးတိုင်း " နင်ရလား"- လို့ မေး ရင် "ဟယ်..... ငါညကလုံး ၀ စာမကျက်ဖြစ်ဘူး တကယ်။ TV က တရုတ်ကားပြီးအိပ် ငိုက်နေတာနဲ့ အိပ်သွားတာ...ယုံ '' ။ ပြီးဖြေရတော့ လည်းစာကျက်လာတဲ့ ကျွန်တော်နဲ့အတူတူလောက်ဖြေနိုင် တာပဲကို ။ " စာမကျက်ဘဲ အလိုလိုရတဲ့ သူဆိုပြီး နင့်ကိုငါကအထင် ကြီးရမှာလား ? ၊ စာမကျက်ဘဲ ရရအောင်နင်ကဘာမိုလို့လည်း ? ။ '' အတော်လေးကို ခံရခက်ပါတယ် ။
နောက်တော့ ကျွန်တော်နဲ့သူ ခဏခဏ မခေါ်မပြော ဖြစ်ကြတယ် (ကြာတော့ ကျွန်တော်လည်းဟန်မဆောင်နိုင်တော့ဘူး ။ သူလည်းကျွန်တော် သူကိုပြိုင်တဲ့အကြောင်း သိမှာပေါ့။ ) ဒါပေမယ့် ထူးထူးခြားခြား ကျွန်တော်တို့ပြန်တည့် သွားတတ်ကြတယ်။ ဒါပေမယ့်စာမေးပွဲ ပြီးရင်တော့ အခြေအနေကတင်းမာလာပြန်တယ် ။ ပတ်ဝန်းကျင်မှာ ကျတော့လည်း ကျွန်တော်က တစ်ဘက်သတ်မနာလိုသူဆိုတာ ထင်ရှားလာတယ် ။ '' နေပါဦး နင်ကရောငါ့ ကိုမပြိုင်ဘူးလား ? ။ နင်ပြုံးပြုံးလေး ဟန်ဆောင်ကောင်းတာနဲ့ ငါအများအမြင်မှာလူ ဆိုးဖြစ်ရတယ်''။ ဒါပေမယ့် သူနဲ့ကျွန်တော် ထိပ်တိုက်တစ်ခါတော့ မှတ်မှတ်ရရ ရန်ဖြစ်ဖူးတယ်။ ကျွန်တော်နဲ့ သူဆယ်တန်းအောင်ရင် ဘာတတ်မလဲ ငြင်းတုံးကပါ ။ "အစ်ကို သိလား ငါကတော့ (၁၀) တန်းအောင်ရင်ဆေး တက္ကသိုလ်တတ်ပြီး ဆရာဝန်ဖြစ်အောင်လုပ်မယ်။ နင်ရော? '' ကျွန်တော် တော်တော်အမြင်ကပ်သွားတယ် ။ '' ငါ ၁၀-တန်းအောင်ရင် ဘာမှမတတ်ဘဲ သူဋ္ဌေးဖြစ်အောင်လုပ်မယ် ။ ပြီးရင်ပုဂွလိက ဆေးရုံ ဖွင့်ပြီးနင့်လို ဆေးကျောင်းထွက်စ ဆရာဝန်ပေါ်က်စတွေကို လခနည်းနည်းနဲ့ခိုင်းစားမယ် ။ " - ကျွန်တော်သူ့မျက်နှာကို ကြည့်မနေပါ ။ မမျှော်လင့်ပဲ သူကျွန်တော့်ကိုလွှဲ ရိုက်လိုက်တယ်။ ကျွန်တော်နာကျင်မှုကိုမေ့ သွားပြီး အံဩသွားတယ်။ "ကျွန်တော်ပြောတာလွန်များသွားလား ? ၊ အို....အဲလောက် ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့ မိန်းမ ခံရမှအေးရော....." ကျွန်တော်ပြန်အားတင်းသည်။ သူ့မျက်ဝန်းမှ နာကြည်းရိပ်ကို မြင်ပြီးကျွန်တော်စိတ်မကောင်းပါ ။ (၉) တန်းနှစ်ကုန်ခါနီးမှ ဖြစ်သောပြဿနာ သည် (၁၀) တန်းနှစ်စလောက်မှာ မှပြန်တည့်သွားသည်။ သို့သော် ယနေ့တိုင် ကျွန်တော်သူ့ကိုဤကိစ္စနဲ့ ပတ်သက်ပြီးမတောင်း ပန်ရသေးပါ။
" (၁၀) တန်းနှစ်ဟာဘ၀ တစ်ခုလုံးအတွက် အရေးကြီးတယ်။ သေချာ စာကိုပဲအာရုံစိုက်ကြိုးစားပါ " ။ ဤဂါထာဟောင်းကြီးကို လူငယ်တိုင်း ကြားဖူးမှာ အမှန်ပါ။ (၁၀) တန်းကျ ကျွန်တော်တို့ ကျူရှင်မတူ ကြတော့ပါ။ ကျွန်တော်အတွက်ကတော့ စာမေးပွဲဟာ မိမိအတွက်ထက်သူ့ကို နိုင်ဖို့ က ပိုအရေးကြီး ပါတယ်။ ဒါပေမယ့် (၁၀) တန်းနှစ်မှာ ကျွန်တော်စိတ်မငြိမ်ခဲ့ဘူး ။ သေချာတာက ကျွန်တော်စာကြည့်တာ ဘက်မမျှပါ။ မိမိစိတ်ဝင်စားရာ ဓာတု ၊ ရူပ ၊ သင်္ချာ ၊ မြန်မာစာများကို ပိုင်ပိုင်နိုင် ကြည့်သလောက် ဇီဝနှင့် အင်္ဂလိပ်မှာ အားနည်းခဲ့သည်။ ကျွန်တော် စာမနိုင်မှန်းမိမိကိုယ် စန်းစစ်မိချိန်မှာနောက်ကျခဲ့ပြီ ။ ကျွန်တော်သူ့ကို ရှုံးရတော့မည် ။ အင်္ဂလိပ်စာဆရာ၏ ကျူရှင်အတန်းချိန်မှာ သူနာမည်ကိုချီးကျူးနေကြပြီ ။ (ကျွန်တော်တို့ကျူရှင်ချိန်မတူ သော်လည်းသင်သောဆရာမှာ အတူတူဖြစ်သည်။) စာမေးပွဲနီးလေ မနေတတ်မထိုင်တတ်ဖြစ်လာပြီ ။ အချိန်လည်းမမှီတော့ ။ သူ့မှာတော့ အေးအေးလေးပဲ ။ ကျွန်တော်သူ့ကို နှစ်လယ်လောက်မှစ၍ စကားမပြောနိုင်တော့ဘူး ။စာမေးပွဲဖြေ ရတော့သည်။ စာမေးပွဲတွင်းမှာ ကျွန်တော်စိတ်ဒုံဒုံးချ၍ ဖြေတော့သည်။ စာမေးပွဲအတွင်းသူ့ကိုတွေ့သော်လည်း ဟန်ဆောင်ပန်ဆောင်ပင် နှုတ်မဆက်နိုင်။ သူ့ကိုရှုံးလေပြီ ။ တစ်ချိန်လုံးစိတ်ကူး ထားသမျှ အလကားပဲ။ တရားခံ အစစ်ကလည်းငါကိုယ်တိုင်ပဲ။ စာမေးပွဲနောက်ဆုံးနေ့ သိပ်မဖြေနိုင်လှသော ဇီဝဖြေအပြီး ၊ လူစုနှုတ်ဆက်နေသော ဆရာ၊ ဆရာမ များ သူငယ်ချင်းများအလယ်မှ သူ့ကိုအောင်မြင်စွာ ရှောင်ကွင်း၍ ပြန်လာသောလမ်းတွင်ရင် ထဲမှ ဆို့နေသောအလုံးကြီးကျသွားလေပြီ။ ''ပြီးပြီ ။ နင့်ကိုငါနောက် ဘယ်တော့မှ မျက်နှာချင်းမဆိုင်ရတော့ဘူး ။ နင်နဲ့တူတဲ့ Major ကိုဘယ်တော့မှမတတ်ဘူး ။ နင်နဲ့လည်းဘယ်တော့မှ မတွေ့ချင်တော့ဘူး ။ ပန်းလှပါပြီကွယ်..... "
+++++++++++
" ကိုယ်ကလူတစ်ယောက်ကို နိုင်ချင်လို့ပြိုင်ရင်.... ကိုယ့်ရဲ့စိတ်အားလပ်ချိန်တွေကို သူ့ကိုအကုန်ပေးထားရတာပဲ ။ အဲသည်ထဲက ကိုယ်သိသင့်တယ်။ ကိုယ်မင်းကိုရှုံးနေပြီဆိုတာကို.။ ။ "
အောင်စာရင်းထွက်လာတော့ ထင်သည့်အတိုင်းသူ ကျွန်တော်ကိုနိုင်ပါတယ် ။ ကျွန်တော်သူ့အပေါ် နိုင်ချင်ခဲ့ သောအပြတ်အသတ်နိုင်ခြင်း မျိုးနဲ့ အနိုင်ခံရ တာပါ။ ၁ မှတ် ၊ ၂ မှတ်နှင့်တောင်အတော်လေး ကွာတယ်လို့ သတ်မှတ်ရမယ့် စာမေးပွဲမျိုးမှာ သူကျွန်တော့်ထက် ၂၀ ကျော် ၃၀ နီးပါးများပါသည်။ ကျွန်တော်တော်တော် ထုံသွားပါတယ်။ သူကျွန်တော့်ကိုယဉ်ယဉ်လေး နဲ့အနိုင်ယူသွားတယ်။ ကျွန်တော်အရှုံးကြီး ရှုံးရတယ် ။ ကျွန်တော်ဘာဆက်လုပ်ရမလဲ ။ ကျွန်တော်သူ့ထက်အနာဂတ်မှာ ပိုတော်အောင်ကြိုးစားရမယ် ။ တစ်နေ့နေ့ မှာ ငါ့ဟာအရာရာမှာ နင့်ထက်သာနိုင်သေးတာပဲ။ သူ ကြားထဲမှာကျွန်တော့်ကို ဖုန်းဆက်ပါသေးတယ် ။ သူ့အဖေ ပြင်ဦးလွင် ပြောင်းရမယ်တဲ့ ။ မပြောင်းခင်သူငယ်ချင်းတွေ တွေ့ရအောင်တည့်လေ။ "အလကား သူကြွားချင်တာ မသိမှတ်လို့ ။ မသွားဖူး ။ နင်ကြွားကောင်းအောင် ငါကကိုယ်တိုင်သွားပြီးနားထောင်ရ ဦးမတဲ့လား" ။ ကျွန်တော်သူချိန်းတဲ့ နေ့မှာမသွားမိဖို့ တော်တော်လေးကြိုးစားရ တယ်။ အခြားလာခေါ် တဲ့သူတွေကိုလည်းမလိုက်ဖူး လို့ပြောလွှတ်ပစ် တယ်။ အံဩစရာပဲ ကျွန်တော်စိတ်ထဲက သွားချင်နေတယ် ။"ဪ ခင်တဲ့သူအချင်းချင်း ပြောင်းခါနီးနှုတ်ဆက်တာ သွားသင့်ပါတယ်။ တော်ကြာသူများတွေက ငါရှုံလို့မလာနိုင်တာများပြောကြရင်။ အာသူ့ကိုချီးမွန်းကြမယ့် လူတွေကြားမှာငါပြုံးပြုံးလေး နေနိုင်မတည့်လား ။ သူကလည်း ငါလာလာ မလာလာ သည်လောက်အရေးစိုက်ပါ့ မလား ။" ထိုအတွေးနောက်မှာကျွန်တော်ဝမ်းနည်းသွားတယ် ။ ကျွန်တော်မသွားဖြစ်ပါ ။ တစ်နေ့လုံးစာဖတ်နေ ခဲ့တယ်။ အကြိုက်ဆုံးစာရေးဆရာ တစ်ယောက်ရဲ့ နာမည်အကြီးဆုံး စာအုပ်ကိုဖတ်ခဲ့ပေမယ့် ကျွန်တော်ဘာရသကိုမှမခံစားနိုင်ခဲ့ ပါ။ ။
အနာဂတ်မှာ သူ့ထက်သာရန်ဆိုတဲ့ အချက်နဲ့ကျွန်တော် Poly တက်ဖို့ဆုံးဖြတ်ခဲ့တယ် ။ သူဆေးကျောင်းတက်မှာအသေအချာ ပေါ့ ။ ကျွန်တော်သူ့ထက်သာကိုသာရမယ် ၊ သည်အချက်ကိုအခြေခံပြီး ကျွန်တော်အစီအစဉ်ဆွဲသည် ၊ နိုင်ငံခြားမှာကျောင်းသွားတက်ကတည်းက သူ့ထက်ဘာပဲပြောပြော သာသွားမည်။ ကျွန်တော်သင်တန်းတွေတက်ရ မည်၊ အင်္ဂလိပ်အရေး ၊ အဖတ်၊ အပြော ကျွမ်းကျင်ရမည် ၊ ကျွန်တော်ထို့အတွက် ဇာတိမြို့လေးမှ ရန်ကုန်ကိုဆင်းခဲ့ရသည် ။ ကျွန်တော်နဲ့သူ တစ်ကယ်ဝေးသွားခဲ့ပြီ ။ ကျောင်းဝင်ခွင့် အတွက်ကြိုးစားရင်း စာမေးပွဲပေါင်းများစွာကို ရင်ဆိုင်ရပြန်တယ်။ ကျွန်တော်အဲဒီတုန်း ကအောင်မြင်မှုဆုံးရှုးံ မှုတွေအပေါ်ခံစားချက်သိပ်မရှိခဲ့ တော့ပါ။ စာမေးပွဲတွေဆိုတာမင်းရှိမှ အဓိပ္ပာယ်ရှိသတဲ့ လား ? ။
ကျွန်တော်ရှင်းရှင်း ၀န်ခံရရင်သူ့ကိုတွေ့ချင်ပါသည်။ နောက်ဆုံးကုန်ကုန်ပြောရရင် အားလုံးကိုပြန်တောင်းပန်ပြီး အလံဖြူပြချင်နေပြီ ။ ပြီးထိုအတွင်းမှာ ရန်ကုန်ကလူငယ်တွေကြားမှာနယ် ကလာသူတစ်ယောက်အနေနှင့် နေသားမကျကွာခြားချက်တွေ တွေ့နေရပြီ ။ ကျွန်တော်ငယ်ငယ်ကသူငယ်ချင်းတွေကို လွမ်းလာပြီ။ ထိုပုံရိပ်တွေထဲမှာ သူပါတာအသေအချာပေါ့။ ဒါပေမယ့် ဘာကြောင့်မှန်းမသိပဲ ကျွန်တော်ရှက်နေသည်။ ကျွန်တော်တို့မြို့က ကျောင်းမှာကျင်းပမယ့် ဆုပေးပွဲကို သူလည်းလာမယ် ၊ ကျွန်တော်လည်းသွားချင်ပေမယ့် တကယ်သွားလို့မရတော့ပါ။ ကျောင်းဝင်ခွင့်စာမေးပွဲနီးလာပြီ။ ကိုယ်တကယ်မလာနိုင်တော့ဘူးကွယ်။
့စင်ကာပူမှာ ကျောင်းရ တယ်လို့သေချာတဲ့အခါကျွန်တော်မြို့ ကို ပြန်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ဆီက မန္တလေး ဆေးကသူ့နေမယ့် အဆောင်ဖုန်းနံပတ်ကို မရမကတောင်းခဲ့ တယ်။ "ဪကြည့်နင်ပဲနောက်မတွေ့ချင်၊ မျက်နှာချင်းမဆိုင်ချင်တော့ဘူးဆို ... ခုတော့။ အိုသူ့ကိုဘယ်သူ
ဖုန်းဆက်မယ်ပြောလို့လဲ။ လိုသော်မယ်ရတောင်းမိတာပဲ ။ ရပါတယ်" ။ သူနှင့်ပတ်သက်ရင်ကျွန်တော်တွေဝေဆဲ ၊ မာနထားဆဲပါ ။ ။
++++++++
ကိုယ့်ဘ၀မှာဖြေခဲ့ ရတဲ့စာမေးပွဲတိုင်းဟာ မင်းကြောင့်အဓိပ္ပာယ်ရှိခဲ့တာပါလို့ ကိုယ်ပြောရင်မင်းရယ်မယ်ထင်တယ် ။ ဒါပေမယ့် ကိုယ့်အတွက်ဒါဟာ တကယ်ပါ။
++++++++
ကျွန်တော်စင်္ကာပူရောက်ရောက်ချင်း သူ့ကိုပထမဆုံး ဖုန်းဆက်မိတယ်။ ဘာကြောင့်လည်းလို့ ကိုယ့်ကိုကိုမသိပေမယ့် သူကိုကြွားဖို့ပါလို့ကိုယ်ကိုကိုယ် အားပေးမိတယ်။ သူဟာကျွန်တော်ကို ကောင်းကောင်းမွန်မွန်ပဲပြန်ပြောတယ်။ "နင်အဆင်ပြေပါစေ ဟယ် " တဲ့။ ကျွန်တော်ရင်ခုန်သွားတယ် ။ "အို..... မိဝေးဖဝေး နိုင်ငံကိုခုမှရောက်တဲ့သူဟာ ဘယ်သူ့ဆီကဖြစ်ဖြစ်သည်လို စကားမျိုးကြားရရင် ရင်ခုန်မှာပါ။ မထူးဆန်းပါဘူး။ ဒါပေမယ့်အရင် ကမင်းကိုမနာလိုစိတ်နဲ့ နင့်အကြောင်းအမြဲတွေးတတ်တဲ့ငါဟာ ခုလိုအခြေအနေမှာတောင်မင်းကိုဘာလို့သတိရနေရသေးတာ ဘာကြောင့်လည်း ၊ ကိုယ်မင်းအပေါ်ထူးထူးခြားခြားစိတ်ဝင်စားမိနေ ပြီလား။ မဖြစ်နိုင်ဘူး ။ သူ့ကိုငါတော်တော်အမြင်ကပ် ခဲ့တာပဲ ။ ခုမှငါနင့်ကို သည်းသည်းလှုပ်ပြရင် သူဘယ်လိုသဘောတားမလဲ။ မင်းဟာငါ့ပတ်ဝန်းကျင် ၊ ငါ့ဘ၀ထဲကထွက်သွားပြီ မဟုတ်လား ။ "လောကမှာ ကျွန်တော်တို့ သူများတွေကိုလိမ်ညာဖူးလိမ့်မည် ။ လိမ်ညာတယ်ဆိုတာမကောင်းဖူးဆိုတာ အားလုံးသိကြလိမ့်မည်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်လိမ်တာအဆိုးဆုံး ဖြစ်တယ်လို့လည်းကြားဖူးပေလိမ့်မယ် ။ ဒါပေမယ့် ရှေးဆုံးမစကား ကိုလက်တွေ့ဘ၀မှာကိုယ်တွေ့ ယုံကြည်ဖို့အချိန်လိုပါသည်။
ကျွန်တော်ပြောင်းလဲမှု အချို့ကိုလက်ခံရသည် ။ တစ်ချိန်ကစာသား လေး သံစဉ်လေးလှလို့ ကြိုက်ခဲ့တဲ့ သီချင်းတွေဟာ ခုပိုပြီးအဓိပ္ပာယ်ရှိလာခဲ့တယ်။ အရင်ကလုံးဝ ခံစားလို့မရခဲ့တဲ့သီချင်းအချို့ဟာ နင့်နင့်နဲနဲအဓိပ္ပာယ်ရှိလာကြတယ်။ ဒီပြောင်းလဲမှုတွေဟာ ပတ်ဝန်းကျင်ပြောင်းလဲမှု ၊ ဘာသာစကားအခက်အခဲတွေ ၊လူမှုရေးအခက်အခဲတွေကြားထဲမှာ မထင်ရှားခဲ့ဖူး ။ ဒါပေမယ့် စာမေးပွဲတွေနီးလာရင်တော့ တော်တော်လေးသိသာလာတယ်။ ဒါပေမယ့် ကျွန်တော်ဟာကိုယ့်ကိုကိုယ်တောင် တော်တော်ဟန်ဆောင်ကောင်းခဲ့တာပါ။
ဒါပေမယ့် ကျွန်တော် သူငယ်ချင်းတစ်ဦးအနေနှင့် မပိုအောင်တော့ သူ့ကိုဆက်သွယ်ခဲ့တယ်။ သူ့စာမေးပွဲတွေနီးတိုင်း ၊ ကျွန်တော့်စာ မေးပွဲတွေနီးတိုင်း ၊ သူ့မွေးနေ့တိုင်းလိုပေါ့ (ကျွန်တော်ကြိုက်တဲ့ ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာတွေမွေးနေ့ ကလွဲပြီးဘယ်သူ့မွေးနေ့မှ မမှတ်မိတဲ့ကျွန်တော်ဟာ သူ့မွေးနေ့ကိုတော့မှတ်မိခဲ့တယ်။)
နောက်တော့ကျွန်တော်ပြောင်းလဲလာတယ်။ ကိုယ့်ကိုကိုယ်လည်း ညာလို့မရတော့တာပါပါလိမ့်မည်။ မိဘတွေ ရွှေဘိုပြောင်းရတယ်လို့ ကြားတဲ့အခါ သူရှိတဲ့မန္တလေးနဲ့ နီးတာကိုတွေးမိပြီး ပျော်မိတယ်။ သည်တစ်ခါကျောင်းပိတ်ပြန်သူနှင့်တွေ့မယ်ပေါ့။ "ကျွန်တော်သူ့နဲ့ တွေ့မယ် ခင်မင်သူအချင်းချင်းပြန်တွေ့တဲ့အဖြစ်ထက်မပိုစေရဖူး ၊ ငန်းငန်းတက်မဖြစ်စေရဘူး ။ ကျွန်တော်သူ့ရှေ့မှာရင့်ကျက်တဲ့ပုံစံ မျိုးနဲ့သွားတွေ့ရမယ်။ ကျွန်တော်ရဲ့သူ ဟာခုတော်တော်ပြောင်းလဲနေပြီလား ။ အရင်ကလို ပိန်ပိန်လေးပဲလား ။ နောက်......... " ကျွန်တော်ဆက်မတွေးမိအောင် စိတ်ဖြတ်လိုက်တယ်။
++++++++
အချစ်ဆို တာစီရင်ချက်တစ်ခုလို့ပြောကြတယ်။ ဖြစ်ကောင်းဖြစ်လိမ့် မယ် ။ ရွေးချယ်လို့မရတာအသေအခြာပဲ။ ဒါပေမယ့် အချစ်ဆိုတာအတွက် ကိုယ့်ရဲ့အတ္တ တွေ၊ မာနတွေကိုစတေးဖို့ထိကိုယ်မ 'အ' သေးဘူး ။
+++++++++
ကျွန်တော်သူ့ကိုမြတ်နိုးသည်ဟုပြောရအောင် ပင်ချစ်မိပြီ ။သူအကြောင်းမကောင်းမတွေး ချင်အောင်ချစ်မိပြီ ။ သူ့အောင်မြင်မှုတွေကို မုဒိတာပွားရုံသာမကပဲ ဂုဏ်ယူနေတတ်အောင်ပင် ကျွန်တော်သူ့ကိုချစ်သည်။ ဒါပေမယ့် ကျွန်တော့်ခံစားချက်တွေကို သူဘယ်လိုတုန့်ပြန်မလဲ ။ သူကျွန်တော့်ကိုဟားတိုက် ပြတ်ရယ်ပြုမှာလား ၊ ယုံရောယုံမှာလား ။ ဘယ်လိုခံစားချက်မှုမရှိတော့ လောက်အောင်သူ့အချစ်ဟာအခြားတစ်ယောက်ကြောင့် ပြည့်စုံနေပြီလား ။ ကျွန်တော်မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ နေ့ကသူ့ကိုဖုန်းဆက်ချင်သည်မှာ ပြာနေသည်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ဟန်ဆောင်အားတင်း ကာ မန္တလေးသို့မ၀င်ဘဲရွှေဘိုကိုတန်းပြန်သည်။ သူကိုနောက်မှ ဖုန်းဆက်ကာကျွန်တော်ရောက်ကြောင်းပြော သည်။ သူကပြာပြာသလဲပင်မန္တလေးရောက်ရင်တွေ့ရအောင်လို့ပြောတယ် ။ ကျွန်တော်က သာမန် ''အင်းပါဟာ တွေ့ကြတာပေါ့" လို့ပြောလိုက်ပေမည့် ရင်တွေဘယ်လောက်ခုန်နေတယ်ဆို တာကျွန်တော်ပဲသိလိမ့်မည်။ သူကိုကျွန်တော်တွေ့ဖို့ မန္တလေးကိုဆင်းတာ ရောက်ပြီးတစ်လလောက်မှပါ။ အဖေ့မိတ်ဆွေတွေနဲ့ မန္တလေး ၊ စစ်ကိုင်းဘက် ဘုရားဖူးရင်းပါ။ သူတို့ဆေးကျောင်းသားတွေလည်း စာမေးပွဲတွင်းကြီးမှာပေါ့။ အဲဒီနေ့က ဘုရားစုံဖူးခဲ့ ပေမယ့် ဘာကုသိုလ်မှရလိမ့်မယ်မထင်ဖူး ။
မန္တလေးကိုဝင်တော့ ညနေ(၆) နာရီလောက်ရှိပြီ ။ လိုက်ပို့တဲ့သူတွေကိုအားနာပေမယ့် တည်းခိုဖို့နေရာရောက်ပြီးနေရာ ချမယ်ပြင်တော့ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့တွေ့ချင်လို့ ခဏသွားပရစေလို့ အတင်းပြောပြီး Driver နဲ့ထွက်ခဲ့တယ် ။ Driver ဦးလေးကြီးက ကျွန်တော်ကို လိပ်စာသိသလားတဲ့။ မေးမှမေးရက်ပလေ ၊ ဘယ်တော့မှမမေ့အောင် မှတ်ထားတဲ့လိပ်စာတစ်ခု ကို .... ။မန္တလေးရဲ့လမ်းတွေကြားမှာ ကားစီးရင်ကျွန်တော့်တုန်လှုပ်မှုဟာ ရင်ခုန်တာထက်ပိုပါတယ် ။ နောက်ဆုံးတော့ရောက်ပြီ...... သူဆီကိုပေါ့။ ထိန်းထိန်းဟေ့ကောင်..... သိပ်သည်းမနေနဲ့ ...
"အမလေး အစ်ကိုရယ်နင်လာတော့လာသေးတယ်နော်..." မင်းနဲ့တွေ့ချင်လို့ ကိုယ်ပြန်လာတာပါကွာ... "ဟုတ်ပါရဲ့။ ဟာနင်ကလည်းလာမယ်ဆိုလာမှာပေါ့ဟ"
"နင်အံသြသွားတယ်မဟုတ်လား ငါခုဆံပင်ရှည်လာပြီ ဟင်းဟင်း... အရင်ကထက်ကြည့်လို့ကောင်းလာတယ်မဟုတ်လား '' မင်းဟာကိုယ်တွေ့ဖူးသမျှမိန်းကလေးတွေ ထဲမှာအလှဆုံးပါ။ ယောက်ျားတိုင်း ဟာကိုယ်ချစ်ရ့သူကိုအလှဆုံးထင်ကြမြဲ မဟုတ်လား ၊ ဒါပေမယ့် ကျွန်တော်မချိုမချဉ်ပြုံးလိုက်တယ် "အင်းးး.....ဟင်း'' ။
''သေပါလား.....နင်ငါ့ကိုဆိုဘယ်တော့မှ အကောင်းမထင်ဘူး ။ အင်း .. နင်လည်းအရင်ကနဲ့ မတူဘူး ပဲများလာတယ် ဟဲဟဲ '' ကိုယ်ချစ်ရသူကိုတွေ့ ဖို့လာတဲ့ယောက်ျားလေး တစ်ယောက်ဟာ နည်းနည်းပြင်ဆင်ဝတ်စားလာတာကို ပဲများသတဲ့လားကွယ်.... ။
ကျွန်တော်တို့ဆက်ပြောစရာစကားမရှိလောက်အောင်ခဏ တိတ်သွားတယ်။ ကျွန်တော်သူ့ဘေးမှာထိုင်လိုက်တယ် ။ လမ်းမီးရောင်ဟာ သူဆံပင်နဲ့ကွယ်ပြီး မျက်နှာပေါ်ကိုကျနေတယ်။ ဆံပင်ကမွှေးနံလေးဟာကိုယ့် ကိုကြည်ဆယ်နေတယ်။ ဆံပင်လေးတွေကိုဖယ်ပေးလို့ ရမလား ၊ မင်းမျက်နှာကို ကြည့်ရအောင်လို့ပါ။
''ဟဲ့နင့် မှာရည်းစားရှိပြီလား'' သူရုတ်တရက်မေးလိုက်တယ် ။ ဪမင်းတစ်ယောက်လုံးကိုယ့်စိတ်ကိုနေ ရာလပ်မကျန်အောင်စိုးမိုးနေတာပဲ ကိုယ်မင်းကလွဲလို့ ဘယ်သူကိုများချစ်ရဦးမှာလည်း။ ''ဟင့်......အင်း.. '' ကျွန်တော်မပီမသာနဲ့ ဖြေလိုက်တယ်။ သိပ်ကျေနပ်ပုံ မရတဲ့သူ့ကို ကြည့်ပြီးဝမ်းနည်းသွားတယ်။ ဟေ့ကောင်သနားစရာပုံ လုပ်ပြမနေနဲ့ ။ ''နင်ရော'' ကျွန်တော်ရင်ခွင်တစ်ခုလုံးတုန်နေပေ မယ့် ရောရောရှုရှု အသံထွက်လာတယ် ။ သူပြုံးလိုက်တယ် ''ရှိပ အများကြီးပဲ ... ဟီးဟီး ငါ့ကိုလိုက်နေတဲ့သူတွေပြောတာ.... 3rd MB ကရော 4th MB ကရောပဲ ။ ငါလည်းဘယ်သူ့ကိုရွေးရမလဲ စဉ်းစားနေတာ '' ကျွန်တော်တပ်ခေါက်ပြန်ရတော့မလား ၊ ဟင့်အင် ကျွန်တော်မင်းကိုချစ်တာတကယ်ပါ။
''အိုသိပ်ချေးများ မနေနဲ့ တစ်ယောက်ယောက်ကိုရွေးလိုက်နင်ဘာ များဒီလောက်ရွေးနေရတာလည်း '' ကျွန်တော်ငိုချင်စိတ်ကို မျိုသိပ်၍ မေးလိုက်တယ်။ ''ဟဲ့ ငါ့ရည်းစားရဲ့နာမည်ဟာ ဒေါက်တာနဲ့စ ရမယ် .... နောက်ပြီး....... '' - လဲသေလိုက်ပါ့လား ။ ဒါပေမယ့် ကိုယ်လည်း Engineering မှာ Master အောင်ရင် ဒေါက်တာနဲ့စနိုင်သေးတာပဲကွယ် ။ ကျွန်တော်သူပြောတဲ့ စကားတွေကိုဆက်နားထောင်ရင်း ရင်ထဲမှာ အရှုံးကြီးရှုံးနေပြီ ။ နင့်စကားတွေအရ နင့်မှာရွေးပြီးတဲ့သူရှိကြောင်း ထင်ရှားနေတယ် ။ ဒါတွေဟာနင့် ကိုလာတွေ့တဲ့ငယ်သူငယ်ချင်း တစ်ယောက်ကိုပြောရမည့် စကားတွေလားကွယ် ။ ပြီးတော့ကိုယ်ဟာမင်းကို ချစ်နေတဲ့လူ တစ်ယောက်ပါ။ ကိုယ်ခုချိန်မှာ မင်းကိုချစ်ကြောင်းဖွင့်ပြောရင် ကိုယ်ဘယ်လောက် ရှုံလိုက်လိမ့်မလဲ ။ ကိုယ်မင်းကိုသည်တစ်ခါ တော့လူသိရှင်ကြားအရှုံး မခံဘူး ။ ဒါပေမယ့်....
ကျွန်တော်သူကို ရွှန်းရွှန်းဝေအောင်စကားဆက်ပြော တယ်။ မကြာပါဖူး အဆောင်ပိတ်ပြီ။ သူကျွန်တော်ကိုနှုတ်ဆက်တယ် ကျွန်တော်တစ်ချက်မှဟန်မပျက်ဘဲ သူ့ကိုပြန်ပြုံးနှုတ်ဆက်လိုက်တယ် ။ မကြာပါဖူး ကျွန်တော်ကားပေါ်တက်ပြီး Driver ဦးလေးကြီးလည်းမောင်းထွက်ခဲ့ ပြီ။ ကျွန်တော်အမှောင်ထဲမှာစိတ်လျော့ လိုက်တယ်။ ကျွန်တော်ငိုကြွေးဖို့ လိုအပ်နေပြီ။ ဘယ်သူမှမသိအောင် ဘယ်မှာငိုရမလဲ ။ ရေချိုး ခန်းကရေပန်းအောက်မှာဆိုဖြစ်နိုင်လောက်သည် ။ ''မောင်ရင့်ကြည့်ရ တာ ခရီးပန်းလာသလိုပဲ။ တည်းအိမ်ရောက်ရင်ရေချိုးလိုက် လန်းသွားလိမ့်မယ် '' ။ ''ဟုတ်ပ ဦးလေရယ် နေပူတော့ညည်းစီစီကြီး " ။ ကျွန်တော်ရေ၀၀ချိုးဖို့လိုနေတာတကယ်ပါ။ မတ်လကုန်ခါနီး နွေရာသီ မန္တလေး ညနေဟာ အလွန်ပူအိုက်ပါသည်။ ။
(ကျွန်တော်ကြိုးစားပြီးရေးသော ခံစားမှုဝတ္တုတို တစ်ပုဒ်သာဖြစ်ပါသည်။)
4 comments:
ကောင်းသားအေ့...နည်းနည်းလေးတော့ ဟတာပေါ့။ နောက်ဆုံး ကောင်မလေးနဲ့ ပြန်တွေ့ခန်းကို နည်းနည်းရေးရမယ်ထင်တယ်နော်။
ဒါပေမဲ့ ခုလည်း ရိုးရိုးလေးနဲ့ ကောင်းပါတယ်။ စာမေးပွဲကတော့ မှားယွင်းနေတဲ့ ပညာရေးစနစ်လို့ အမ ပညာရေးသုံးသပ်ချက်တွေမှာတော့ ရေးခဲ့တာပဲ။ အင်းး ခုလည်းစာမေးပွဲက တရားခံ ထင်ပါ့..:D
ကျေးဇူးတင်ပါတယ် ဆရာမ။ အမှန်က စာမေးပွဲနဲ့ မဆိုင်လောက်ဘူး သူ့ကိုကွယ်ရာမှာချစ်ပေမယ့် သူ့ရှေ့မှာ မာနမချခြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အတ္တကြောင့်ပါ ။ :)
မရှိမဖြစ်မိုးကို မြင်ယောင်မိတယ်။
အဖွဲ့လေးတွေနဲ့ သိုင်းဝိုင်းလိုက်ရင် တကယ့်စာကောင်းတစ်ပုဒ်ပါ ကိုအောင်ဖြိုး။
မောပါ့။ ဘယ်တော့မှ အဲဒါမျိုး မခံစားဘူး။ စာဆို ပေယျလကံပဲ သဘောထားတယ်။ အဲဒါကြောင့်လဲ ဘာမှ ဖြစ်မလာတာနေမှာ...
ဝတ္ထုနဲ့ မတူဘဲ တကယ့်အဖြစ်အပျက်နဲ့ တူတယ်။
Post a Comment