သည်နေ့ နံနက်က Community Project တစ်ခုအတွက် စောစောထရတယ် ။ တရုတ် ဘုံကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ ဘိုးဘွားရိပ်သာတွေ ၊ မိဘမဲ့ကလေးကျောင်းတွေက ဘိုးဘွားတွေ ၊ ကလေးတွေကို နေ့လည်စာ တည်ခင်းကျွေးမွေးတဲ့ ပွဲမှာ Student Helper လုပ်ရတာပါ။ အဘိုးအဘွားတွေ ၊ ကလေးငယ်တွေနဲ့ သက်ဆိုင်ရာ ၀န်ထမ်းတွေလာကြ တယ်။ အချို့က သန်သန်မာမာတွေဆိုပေမယ့် အချို့ဘိုးဘွားတွေကတော့ Wheel Chair နဲ့သွားကြရပါတယ် ။ သူတို့ကိုကြည့်ရတာ စိတ်ကျစရာကောင်းပုံပေါ်ပေမယ့် သူတို့တစ်တွေက မိတ်ဆွေတွေနှင့် ပြန်တွေ့ကြရလို့ ပျော်နေကြပုံပါပဲ ။ အချို့စိတ်သိပ်မှန်ပုံ မရရှာတဲ့သူတွေများကတော့ တီလုံးအလိုက်နဲ့ ကများတောင်ကနေကြရဲ့ ။ ကျွေးတဲ့ အစားအသောက်တွေ ကလည်းကောင်းပါရဲ့ ။ သူတို့တစ်တွေ ပျော်ပျော်ပါးပါးကြီး စားကျတာကို ကြည့်ရင်တော် ၀အီလောက်ပါရဲ့ ။
++++++
ကျွန်တော်သိရ သလောက်တော့ Singapore မှာ ဘိုးဘွားရိပ်သာတွေ တော်တော်များပါတယ် ။ ဘိုးဘွားရိပ်သာ ၀မ်ထန်းတွေမှာလည်း မြန်မာတွေတော်တော် ပေါပုံပါဘဲ ။ နံနက်ကတွေ့ရတဲ့ ၀န်ထမ်းတွေထဲမှာ (၅) ယောက် ၊ (၆)ယောက် က မြန်မာတွေ။ လူအိုတွေကို ပြုစုရတာ ကုသိုလ်ရပေမယ့် အတော်ကြီးကို စိတ်ရှည်ရတာဗျလို့ လည်းညည်းရှာတယ် ။ သာဓုလည်းခေါ်မိပါရဲ့ ။ သူတို့တွေမှာ စားရေးသောက်ရေးမှ အစ ၊ နောက်ဖေးသွားတဲ့ ကိစ္စအထိ အကုန်အောက်ခြေသိမ်း လုပ်ပေးကြရတာ မဟုတ်လား။ ဘာပဲပြောပြော လူကြီးသူမကို တာဝန် ၊ ငွေကြေးအရ ပြုစုကျွေးမွေးရတယ် ဆိုပေမယ့် ကုသိုလ်လည်းရတယ် မဟုတ်လား ။
ဘိုးဘွားရိပ်သာမှာ နေကြတယ်ဆိုတဲ့ သုတွေဟာ အများအားဖြင့် ဆွေမဲ့မျိုးမဲ့တွေလို့ ထင်ရပေမယ့် သား ၊ သမီးရှိလျက် နဲ့ အပို့ခံရသူတွေလည်း တော်တော်များတယ်လို့ သိရတယ် ။ သောကြာနေ့ ညနေတိုင်း တစ်ပတ်တစ်ခါသာလာတွေ့နိုင်တဲ့ အလုပ်များလှတဲ့ သား ၊ သမီး ၊ မြေး တွေကိုဧည့် သည်ခန်းမှာစောင့်နေကြရှာတဲ့ မိအို ၊ ဖအိုတွေလည်း အများကြီးပဲတဲ့ ။ သားသမီးတွေ ပေးတဲ့ ပစ္စည်းတွေ ၊ မုန့်တွေကို အချင်းချင်းရော ၊ သူတို့တစ်တွေကို ရောတပြပြနဲ့ ပြပြီးကြွားရှာတယ် လို့ကျွန်တော်နဲ့ စကားလက်စုံကြခဲ့ တဲ့ ၀န်ထမ်းတစ်ယောက်က ပြောသွားရှာတယ်။
သည်အကြောင်းကို ကြားရတော့ ကျွန်တော် တော်တော်လေးစိတ်မကောင်း ဖြစ်သွားမိတယ်။ ကျွန်တော်တို့ ရဲ့ ခေတ်ပြိုင် လူလတ်ပိုင်းတွေဟာ ပညာရှာရ စီးပွားရှာရ နဲ့ ဘ၀အမောတွေ များလှပါတယ် ။ တစ်နေကုန် အိမ်မကပ်နိုင်ကြတော့ မိအို ၊ ဖအိုတွေကို အနားမှာနေပြီး အဖော်ပြု မပေးနိုင်ကျတော့ ပါဘူး ။ သည်တော့ မိဘတွေကို စကားပြောဖော်လည်းရ ၊ အပျင်လည်းပြေ ၊ သူတို့ကိုယ်တိုင်လည်း တာဝန်ပေါ့တယ်ဆိုတဲ့ သဘောနဲ့ ပို့ကျတာပါလို့ ပြောပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ ။
အချို့တွေ ကျတော့လည်း သန်သေး ၊ မြန်သေး ၊ လုပ်နိုင်သေးတဲ့ မိဘ တွေကို ကလေးထိန်းသဘောနဲ့ ကျွေးမွေးထားကြ ပါသေးတယ် ။ အရင်တုန်းက ကျွန်တော် Mini-market တစ်ခုမှာ Part-time ၀င်လုပ်တုန်းက ကလေးတစ်ဖက်နဲ့ ဈေးလာဝယ် ကြရတဲ့ အဘွားအိုတွေကို တွေ့ရတတ်တယ် ။ မြေးလေးတွေက ဟိုဟာစားချင်တယ် ၊ သည်ဟာစားချင်တယ်လို့ ပူဆာကြတော့ မင်းတို့စားလို့ တစ်ခုခုဖြစ်ရင် မင်းတို့ အဖေ အမေတွေက ငါ့ကိုဆူလိမ့်မယ် လို့ဆိုပြီး Scold တို့ Shout တို့ စတဲ့စကားလုံးတွေသုံး ပြီး ချော့မော့နှစ်သိမ့်ရှာတယ် ။ သြော် သား ၊ သမီးတွေ အလိုမကျဖြစ်ရမှာ ကိုကြောက်ရရှာ သတဲ့လား ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာအရ ငယ်ငယ်တုန်းကကြားဖူး ၊ ရွတ်ဆိုဖူးတဲ့ " မြင်းမိုရ်တော်ဦး မကကျူးသည့် ကျေးဇူးသခင် မွေးမိ ၊ ဖခင် " ဆိုတဲ့ စာသားလေးကို ပြန်ပြီးသတိရကြ စမ်းပါ။ သည်စကားကို လူတိုင်းကြားဖူးတယ်ဆိုပေမယ့် လူဘယ်လောက်ရဲ့ အသည်းထဲမှာ စွဲထင်နေသလဲ ။ အသည်းမှာစွဲ ထင်နေသည့်တိုင် အကောင်အထည်ဖော်ဖို့ ဘယ်လောက်ကြိုးစားပြီးကြပြီလည်း ၊ ဘယ်လောက်ရော အောင်မြင်ပါသလဲ ။ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်တော်တော်များများ မှာတော့ မြင်းမိုရ်တောင်ရဲ့ ခြေရင်းမှာ မိအို ဖအိုတွေ ကစင့်ကလျားစွင့် ပစ်ခံနေကြ ရတာကိုပဲ မြင်နေရသည် ။ ။
++++++
ကျွန်တော်တို့ နိုင်ငံမှာရော .... ။
မြန်မာအို ကျောင်းကြိုကျောင်းကြား ဆိုတဲ့ စကားနဲ့ အညီ ၊ မြန်မာကျောင်းကန်တွေရဲ့ အနီးမှာတောင်းရမ်းစားသောက် နေကြရတဲ့ သူတွေဟာ အားလုံး ဆွေမဲ့၊ မျိုးမဲ့တွေ မဟုတ်ကြပါ ။ သား ၊ သမီးမြေးတွေရဲ့ စားဝတ်နေရေး အကြပ်အတည်းကို တစ်ဖက်တစ်လမ်းတောင်းရမ်းရင်း ဖြည့်ဆည်းပေးနေရှာတဲ့ ဘိုးဘွားတွေ ဘယ်လောက်များနေပြီလည်း ။ သား ၊ သမီး အိမ်မှာ သူဌေးအမေ နာမည်ခံယူပြီး မြေးတွေထိမ်းရင်း အိမ်ဖော်အကြီးစားဘ၀နဲ့ ချွေးမ မျက်နှာ ၊ သားမက်မျက်နှာ ကြည့်နေရ ရှာသူ ဘယ်လောက်ရှိနေပြီလည်း ။ ကျွန်တော်တို့ မြင်တတ်လျင် အထင်အရှား သိနိုင်ပါသည် ။
လူငယ်တွေ အနေနှင့်လည်း မိဘကျေးဇူး ဆပ်ရမည်ဆိုတဲ့ ယေဘူယျ အမြင်တော့ရှိကြ ပါလိမ့်မည်။ သို့သော် ထိုအသိကို အကောင်အထည်ဖော်ရန် ခက်လှပေမည် ။
လူငယ်တစ်ယောက် အနေဖြင့် ဘ၀တိုက်ပွဲ ၀င်ရန် ၊ ရုန်ကန်ကြိုး စားရန် တစ်နေ့နေ့ မှာ မိဘရင်ငွေ့အောက်က ခွာခဲ့ကြရသည် ။ အေးမြတဲ့ မိဘရဲ့ အိမ်လေးမှ ဝေရာကိုလွင့် ခဲ့ကြရသည်။ မိသားစု ဘ၀ရဲ့ ကြမ်းကြုပ်မှုမပါတဲ့ နှောင်ကြိုးတွေကို အလွတ်ရုန်းကာ ခက်ခဲကြမ်းတမ်းတဲ့ ပြင်ပလောကထဲကို ရည်ရွယ်ချက် အမျိုးမျိုးနှင့်တိုးဝင်ခဲ့ ကြရသည်။ တစ်ခါတစ်ရံမှာ မိဘအိမ်လေးကို သတိရ ၊ မိဘကျေးဇူးဆပ် ရမည်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေ ရှိပေမည့် အတ္တ ၊ မောဟ တွေလွမ်းတဲ့ ဘ၀ခရီးကြမ်းမှာ မိဘတွေအတွက် အချိန်ပေးဖို့မေ့လျော့ နေတတ်ကြသည် ။ ငွေကြေး အဆင်ပြေ၍ မိအို ၊ ဖအိုတွေကို ခေါ်ပြီး ကျွေးမွေးထားနိုင်ဦးတော့ အထီးကျန်ရှာသူများအတွက် အချိန်ဘယ်မျှပေး နိုင်သလဲ ၊ ပေးရောပေးနိုင်ကြ ရဲ့လားဆိုတာ မသေချာ ။ မိသားစု မနှောင်အဖွဲမှ ရုန်းပြေးနေကြသည့် သားသမီးတွေဆီ တစ်ခါက မိမိတို့ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာမျိုး ရလိုရညား ကျေးကျွန်တွေလို အပြေးလိုက်နေကြရသည့် မိဘတွေရဲ့ အမောတွေကို စာနာနိုင်လောက်အောင် ကျွန်တော်တို့ နှလုံးသားတွေ နူးညံ့ပါသေးရဲ့လား ။ သေချာတာကတော့ အတော်များများရဲ့ အသည်းနှလုံးတွေဟာ အတ္တ ၊ မောဟ ၊ ရမ္မက် ၊ အရှုံတွေ ၊ အမုန်းတွေနဲ့ အညစ်အကြေးတွေ အထပ်ထပ်ဖုံး နေခဲ့ပြီ ။
++++++
တစ်ကယ့် တစ်ကယ်တော့ မိဘမေတ္တာနှင့် ပတ်သက်လျှင် ကမ္ဘာလောကကြီး ကိုယ်တိုင်ကပင် ပျက်ကွက်သူ သား ၊ သမီးများနှင့် ဖွဲစည်းထားသည့် အဖွဲအစည်းကြီးပင်ဖြစ်နေသည် ။ အလို ..... ဤသည်ပင်လျင် လောကရဲ့ Universal Truth ( ပရမတ္တသစ္စာ) ဖြစ်နေပါသကော ။ ။

No comments:
Post a Comment