26 April 2008

မယ်ဥတောင် (ဇာတ်သိမ်းပိုင်း)

+++++++++

သည်တစ်ခေါက် အပြန်တွင်မှ သူ့ကို ကျတော်တွေ့ရတော့သည် ။ တွေ့ရသည်မှာ လွတ်လွတ်လပ်လပ်တော့ မဟုတ် ။ အဆောင်သည် အလည်လာသူများနှင့်ထူထပ်၏ ။ တွေ့စက ရှိုးတိုးရှန်းတန့် ဖြစ်သေးသော်လည်း ဘာမျှမဖြစ်ခဲ့ သလို နှစ်ယောက်စလုံး ဟန်ဆောင်ကောင်းကြ၏ ။ အဆောင်သည်လည်း သီးသန့်စကားပြော၍ ကောင်းသည့်နေရာမျိုး မဟုတ်ချေ ။ သည်ကြားထဲ သူ့ကောင်လေး အကြောင်းကိုလည်း အခြားမှ မသိမသာစုံစမ်းရသေးသည် ။ သိရသလောက်ဆိုရင် သူ့ကို သိပ်နားလည်ပေးတယ်ဆိုပဲကွယ် ။

မဖြစ်နိုင် ။

သူ့ အပေါ် ငယ်ငယ်တည်းကပေါင်းလာသည့် ကျတော်လောက်မည်သူမျှ သူ့အပေါ်နားမလည်နိုင် ။ သူ့အပြုံး အမျိုးမျိုး အပေါ် ကျတော်လောက် ဘယ်သူအဓိပ္ပာယ်နားလည် လိမ့်မလဲ ။ စိတ်ဆိုးတာကို သိစေလိုလို့ ကျတော့်ကို ခပ်စောင်းစောင်းကြည့်တတ်တဲ့ မင်းကို ပိုစိတ်ဆိုးလာအောင် ဘယ်လိုစရမလည်း ဆိုတာ ကျတော်ထက်ဘယ်သူမှပို မသိနိုင်ပါဘူးကွာ ။ တစ်ခုတော့ ရှိမှာပေါ့ မင်းကောင်လေးကတော့ မင်းကို ချော့ဖို့ ကြိုးစားလိမ့်မယ် ။ တကယ်တကယ်တော့ တစ်ယောက်နှစ်တစ်ယောက် တည့်ရှူနေမှ ချစ်သူ မမြည်ပါဘူး ။

တွေ့ကြတော့ သူကဘာမျှ မဖြစ်ခဲ့ဟန် ၊ ကျတော် စကားတွေကို မေ့ရက်ပြီး ခံစားချက်တစ်စုံတစ်ရာ မှန်းဆလို့ မရပဲ ဟန်ကောင်းစွာ လက်ခံတွေ့ဆုံခဲ့သည် ။

ဒါပေမယ့် စကားပြောကောင်းလှတဲ့ သူဟာ သူ့ချစ်သူအကြောင်းကို ညှပ်ကာ စကားအလှဆင်တတ်သည် ။ သည်တော့ ဟန်ကောင်းလှသော ကျတော်ကလည်း ဘာမှမသိသည့်ဟန် ၊ အရေးမစိုက်ဟန်ဖြင့် စကားကို ကျော်ပြီး ခပ်ပြောင်ပြောင်ပင် မသိဟန်ဆောင်၏ ။ သူ့ရဲ့စကားတွေဟာ ကျတော့် အသည်းကို ဓားနှင့်မွှန်းသလို ခံစားရစေတာ သူမသိတော့ပြီလား ။ ငယ်စဉ်တုန်းက အတန်းထဲမှာကျတော် အရိုက်ခံရတိုင်း ဆရာရှေ့မှာ ကြောက်ကြောက်နှင့် စာရွက်ထောင်ပြပြီး “နင်သိပ်နာလား” လို့ စာရေးမေးတတ်တဲ့ သူသည် ခုတော့ အသည်းနှလုံး ဟတ်တတ်ကွဲနေသည်ကိုတော့ ကြည့်နိုင်ရက်ပြီလား ။

အနည်းဆုံး ကျတော်ကို ငဲ့သင့်ပါသည် ။ ချစ်ရင် အရှက်ကိုပယ်ရမည်တဲ့လား ။ တစ်သက်လုံး ဘယ်အခါမျှ မချစဖူးသော မျက်နှာထားဖြင့် သူ့ရှေ့မှာ ဒူးထောက်ရမည်တဲ့လား ။ တစ်ခုတော့ ရှိသည် ။ သူကျတော် ချစ်သည်ကို စကားမျှသာကြားဖူးသေးသည် ။ ဒါတောင်မျက်နှာချင်းဆိုင်မဟုတ် ။ သူ့ကို ဘယ်လောက် ချစ်ရသလဲသူသိရင်ရော ။ စိတ်ပြန်လည်လာ နိုင်ပါသေးသည် ။ ကျတော်နှင့်သူ မျက်နှာချင်းဆိုင် ဆွေးနွေးကြရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ ။ သည်အဖြေဟာ ကျတော်ကို စိတ်ချမ်းသာစေချင်တယ်တဲ့ အဖြေဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ ။ ဘယ်လို လုပ်ရမလဲလို့ ခေါင်းတောက်အောင်စဉ်းစားရတယ် ။ မင်းကို တစ်သက်လုံးမျှော်လင့် ပါရစေလို့ပြောရမလား ။ မင်းချစ်သူမင်းကို ထားရစ်ခဲ့တဲ့ နေ့အထိ ကျတော်စောင့်နေပါရစေလို့ ပြောရမလား ။ သည်လိုဆိုရင်တော့ ကျတော့်သိက္ခာ ဘယ်အဆင့်အထိကျသွားမလဲ ။ မင်းချစ်သူကရော မင်းကိုပစ်သွားမှာလား ။ သည်လိုအတွေးတွေကို နိဂုံးချုပ်နိုင်ဖို့ မယ်ဥတောင်မှာ မင်းကိုစောင့်နေမယ့် ကျတော်ဆီကို သည်နေ့ညနေလာခဲ့ပါ ။ ခင်မင်တဲ့ ဥယျောဇဉ် သနားမှုလေးနဲ့ ဖြစ်ဖြစ်လာခဲ့ပါကွယ် ။ မနေ့ညက ဖုန်းထဲမှာပြောခဲ့တယ် ။

“အဆောင်က လူတွေကြားမှာ တွေ့လို့ကောင်းပေမယ့်၊ ကွယ်ရာမှာတော့ နှစ်ယောက်ထဲ ….”

“ငါစောင့်နေမယ် ငယ် ..”

“နောက်ပြီးတော့ ငါ့သူအပေါ် သစ္စာ ……”

“လာခဲ့ပါကွယ် ။ ကျတော်စောင့်နေမယ် ၊ ဒါပဲကွာ”

နောက်ပြောမယ့် စကားတွေကို မကြားရဲလို့ ဖုန်းချလိုက်တယ် ။ တစ်သက်လုံး ဆုတောင်းတယ်ဆိုတာကို မုန်းခဲ့တဲ့ကျတော် လာခဲ့ပါဆိုတဲ့ စကားကို ဆုပန်သလို ရွတ်တယ် ။ လာခဲ့ပါနော်ကွယ် ။ လာခဲ့ပါ ။

တောင်ထိပ် ရင်ပြင်ပေါ်ကို ရောက်တော့ စောပါသေးတယ် ။ ဘုရားဖူး အနည်းငယ်နှင့် ပန်းသည်အချို့တွေ့ ရသည်။ အလှူခံ မဏ္ဍပ်မှ ခပ်ပေါ်သီချင်းသံ သဲ့သဲ့ကိုကြားရ၏ ။ မမဥ၏ ပုံတော် အစစ်ကိုဖူးမျှော်ကြည့်ဖို့ စိတ်မကူးမိ ။ တောင်တော် ၏ ရှုခင်းသည် အတော်လေးကိုလှပါသည် ။ အိမ်ရှေ့မင်းထန်းတောရဲ့ နေ၀င်လုချိန်အလှ ၊ မန္တလေး- မတ္တရာ မီးရထားလမ်းကိုလည်း ခပ်ဝါးဝါးမြင်ရသည်။ အနောက်ဘက် ရင်ပြင်က ထိုင်ခုံပေါ်တွင်အတွဲတစ်စုံ ထိုင်နေတာ တွေ့ရသည် ။ လူသူရှင်းသော လူမြင်ကွင်းလည်းဖြစ်သော ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်လိုက်သည် ။ တောင်ပေါ်လေခပ်အေးအေးလေးသည် တောင်တက်ရ၍ မောပန်းသော ကျတော်ကိုဆီး၍ နှစ်သိမ့်၏ ။ မင်းအတွက်မောရတဲ့ အမောတွေကိုရောမင်းလားလို့ နှစ်သိမ့်မှာ မဟုတ်လားကွယ် ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် သီချင်းတစ်ပုဒ် တိုးတိုးလေး ညည်းမိသည် ။

“မင်းငါ့ အသည်း ငါ့အချစ်ပဲ

မင်းလေးဟာ ငါ့အတွက်ပဲ

လွန်တယ်လို့ မင်းမထင်နဲ့”

တစ်ယောက်ထည်း ပြုံးနေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့မိရင် ကြောင်တယ်လို့ မတွေးမိပါနဲ့ ။ သူ့ ရင်ထဲက မျှော်လင့်မှုအပျော်တွေကို ဂရုပြုကြည့်ရင် သင်မြင်ရမှာ သေချာပါတယ် မိတ်ဆွေ ။

(၃)

ညိုညို့ စံရာ … သုကြိုတ်မင်းတို့ အသင်းဖွဲ့တဲ့ နေရာတွင် …

ခေမာတစ်ခွင် …. သေလာပင် ခေမာတစ်ခွင့် ….

နန်းတော်ရှေ့ကဆရာတင် … ဗြိဇင်ပန်းကိုလက်လှမ်းလျှက်သာပင်…

အထက်နန်းတစ်ဝိုက်ကိုဝင် ….ရက်ကန်းခတ်သံကြားရမြဲတဲ့ နားဝမှာပင် ….

အပေါ်မြင့်မြင့်သို့ မျှော်လင့်စိုက်ရာတွင်…

ကျေးဇူးရှင်…. နေညိုနု … ရွှေလိုရှု …

မေပျိုဥရဲ့ တောင်တော်အ၀င်…. ။ ။

+++++++++

အနောက်ဘက် အိမ်ရှေ့မင်းထန်းတော၏ ထန်းပင်စိပ်စိပ်တွေကြားမှာ နေမေးခိုနေပြီ ။ သာမန်အချိန်သာဆို ခဲ့လျှင် သည်လောက်လှတဲ့မြင်ကွင်းသည် စိတ်ကူးယဉ်တတ်သူတစ်ယောက် အဖို့ငေးမောခံစားစဖွယ် မြင်ကွင်းမျိုး ။ နီရောင်တောက်နေသည့် ၀င်လုဆဲနေမင်းကို လှပတဲ့တင်စားမှုတစ်ခုခုပြုနိုင်ပေလိမ့်မည် ။ ခုတော့ သည်နေမင်းသည် ကောင်းကင်တွင် အနာကြီးပေါက် ၍ သွေးတွေစီးကျနေသလို ရွံမုန်းစက်ဆုပ်ဖွယ် ကောင်းနေသည် ။ နေ၀င်မိုးချုပ်တော့မည်ဆိုတာ ဟုတ်ပမလား ။ ကျတော်စိတ်ထင်နေတာပဲ ဖြစ်ရမည်။ အချိန်၏ကန့်သတ်ချက်တွေကို လက်မခံပရစေနဲ့လားကွယ် ။

ငှက်တွေအိပ်တန်းပြန်ကျပြီ ။ စောလှချည်လားကွယ် ။ မိုးချုပ်နေပြီဆိုတာကို မင်းတို့ဘယ်လိုသက်သေပြမလဲ ။ ထန်းတောမှ မင်းကြီးကျော်၏ ညီဘွားတို့၏ အိမ်ပြန် ကား ၊ဆိုင်ကယ်မီးရောင်လဲ့လဲ့လည်း မှောင်စပြုသော ပတ်ဝန်းကျင်တွင် လင်းလက်လွန်းစွာ ထွက်ပေါ်လာတတ်သည်။ ပြန်ကျပါနဲ့ ဦးလား ၊ မှောင်မှ မမှောင်သေးပဲ ။ ရင်ပြင်ပေါ်မှာ တော့ဘုရားဖူး အနည်းငယ် ၊ နတ်ကတော် တစ်ပါးရှိသေးသည်။ သူတို့ရော ပြန်ကျတော့ မလို့လား ။ ငါစောင့်နေတာ ကြာမှ မကြာသေးတာ ။

မန္တလေး- မတ္တရာ မီးရထားလမ်းမှ မန္တလေးပြန်မီးရထားတစ်စီး ဖြတ်ကျော်ခုတ်မောင်းသွားတာကို အဝေးမှာမြင်ရ၏ ။ “ရထားသံကို ဗဟိုပြုရတယ် ” လို့ပြောကြသော အနီးအနားရွာတွေက ဈေးသည် ၊ ပန်းသည် အချို့လည်းပြန်ဖို့ အဖော်ညှိနေကြပြီ ။ စောစောက အတွဲကိုလည်းမတွေ့တော့ ။ ပြန်သွားကြပြီထင်ရဲ့ ။ အလှူခံ မဏ္ဍပ်ကတော့ ပြန်ကျတော့မယ့် လူတွေထံမှ အလှူတော်ငွေရလိုရငြားထင်ရဲ့ သီချင်းသံပိုလိုကျယ်လာသည် ။
သူမလာတော့ဘူးလား ။ ကျတော့်အပေါ် ငဲ့ညှာစိတ်နည်းနည်းလေးတောင် မရှိဘူးလား ။ ဒါမှမဟုတ် ကျတော်ကို မယုံကြည်တော့ဖူးလား ။ သူ့အပေါ်ချစ်တာကလွဲလို့ အခြားစိတ်ယုတ်တွေမ၀င်ခဲ့ကြောင်း သူသိအောင်ကျတော် ဘယ်လိုပြောပြရတော့မှာလဲ ။ ချစ်သူရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို မတန်မရာချစ်ခွင့်ပန်ခဲ့တဲ့ အဆင့်အတန်းမဲ့တဲ့ ယောက်ျားတစ်ယောက်ဖြစ်သွားပြီလား ။ သည်အချိန်မှာ သူ့ကောင်လေးနဲ့ ကျတော့်အကြောင်းပြောပြီး ဟားတိုက်နေမလား ။ ရှက်စရာကောင်းလိုက်တာ ။ အောက်တန်းကျလိုက်တာ ။ သည်ခံစားချက်သည် ယောက်ျားတစ်ယောက်ကို ဖုန်းဖုန်းလဲကျသွားနိုင်လောက်အောင် ထိုးနှက်ချက်ပြင်းထန်သည် ။

သူသည်ကို မလာနိုင်လောက်စရာ အကြောင်းမမြင် ။ ထိုမျှလွတ်လပ်သော ၊ ပြည့်စုံသော မိန်းမတစ်ယောက်သည် သူကိုယ်တိုင် လာလိုပါက တားနိုင်သည့်အရာမရှိပါပေ ။ သူ့ကျတော်ကို တကယ်အရေး မစိုက်တော့တာလား ။ သည်လိုဆိုရင်လည်း အစ တွေ့ဖို့လာကတည်းက မတွေ့လိုဟု ငြင်းလိုက်ပါတော့လား ။ ခုတော့ သက်သက်အရူုးလုပ်ရက်သည် ။ သူ့ချစ်သူအပေါ်ထားတဲ့ သစ္စာတဲ့လား ။ သည်လိုဆို သူ့ကို တစ်ဖက်သတ်ချစ်ရတဲ့ ကျတော်ဟာအရူး သက်သက် စိတ်ကူးယဉ်နေတဲ့ သူလား ။ သူကျတော့်ကိုတွေ့တော့ ၀မ်းသာအယ်လဲ ကြိုဆိုတာ မိန်းမမာယာလား ။ ကျန်းမာရေးကို ဂရုစိုက် ဘာညာနဲ့ဆုံးမစကား ပြောတာရော လောက၀တ်အတွက် စကားသက်သက်လား ။ သူ့မျက်ဝန်းမှတွေ့ ရတဲ့ ငြိတွယ်တဲ့ အကြည့်ဟာလည်း ကျတော့် စိတ်ထင်ယုံသက်သက်လား ။

“စိတ်ကူးသိပ်မယဉ်ပါနဲ့ ဟာ ၊ နင်နဲ့ ငါဟာ မဖြစ်နိုင်တော့ ပါဘူး ၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အသွင်လည်းမတူကြဘူး ၊ ခုငါသင့်တော်တယ် ထင်လို့ရွေးချယ်ထားတဲ့ ချစ်သူလည်းရှိနေပြီ ။ နင်လည်းဟိုမှာ တွေ့မှာပါ ၊ ငါသွားတော့မယ် ”

- လို့ပြောပြီး မျက်နှာအောက်စိုက် ခေါင်းငုံ့ပြီး ထွက်သွားခဲ့တဲ့ မင်းရဲ့ မျက်လုံးမှာ ကျတော့်လို ဆို့နစ်ကြေကွဲတဲ့ မျက်ရည်စတွေရှိလိမ့်မယ်လို့ ယုံကြည်ခဲ့တာဟာ မှားများသွားပြီလား ။ ပြောပါဦးကွယ် … ။

လွမ်းစရာကိုနာစရာ နှင့်ဖြေရာ၏ ။ သည်စကားသည် တော်တော်မှန်ပါသည် ။ သည်လိုသူ့ကို နာကြည်းစေမှု အတွေးတွေသည် နာကျင်သောရင်ကိုအနည်းငယ်တော့ သက်သာစေပါသည် ။ ဒါဟာ မိန်းမတစ်ယောက်ကို ချစ်မိတဲ့ ယောက်ျားတစ်ယောက်ရတဲ့ ဆုလဒ်တဲ့လား ။ အပြန်တွင်လူ ရှင်းနေသည် ။ အလှူခံ မဏ္ဍပ်မှာ အမှတ်တရ တစ်ခုခုလှူရဦးမည် ။ ယောက်ျားတစ်ယောက်ကျဆုံးခန်း အထိမ်းအမှတ်လား ။ တစ်ဖက်သတ်အချစ်တစ်ခု ၏နှုတ်ဆက်ပွဲအထိမ်းအမှတ်လား ။ ပိုက်ဆံကို ဖလားထဲထည့်လိုက်တော့ လူကြီးတစ်ယောက်က ဖြတ်ပိုင်းပေးရန် နာမည်ကိုမေး၏ ။ အချစ်ရှုံးသမား ဒဿဂီရိလို့ပေးရမလား ၊ ဒါမှမဟုတ် ရာဇ၀င်မှာထင်ရှားတဲ့ အခြားအချစ်ရှုံးသမားတစ်ယောက်ရဲ့ အမည်ဖြစ်ဖြစ်ပေါ့ ။ ခေါင်းယမ်းပြသော ကျတော့်ကို နားမလည်သလို ကြည့်ရင်းထို ဦးလေးကြီးကျန်ရစ်သည် ။ှ ရီရီသန့် ၏ “မယ်ဥတောင်” သီချင်းခြေဆင်း ကို မဏ္ဍပ်စပီကာမှ ကြားရ၏ ။ သာယာမှု ကင်းလေချင်း…. ။

အပြန်အဆင်းလမ်းတွင် အလာက သရဖီပင်ကို အသွင်တစ်မျိုးဖြင့်မြင်ရသည် ။ သစ်ပင်သည်သစ်ပင်ပေပဲ ။ သစ်ပင်ရဲ့ အပွင့်ဟာလည်း သစ္စာ ၊ မေတ္တာတွေနဲ့ ဘာဆိုင်တာမှတ်လို့ ။ ကျတော်သည် ရည်ရွယ်ချက်တစ်စုံ တစ်ရာမရှိဘဲ သရဖီပန်းကြွေများကို ကောက်ယူနေ၏ ။ သူ့သည်ပန်းတွေကို ပန်ချင်မှာ မဟုတ်ပါဖူး ။ ဒါပေမယ့် တစ်နေ့ကျရင် ငါကောက်ပေးတဲ့ ပန်းကို တမြတ်တနိုးပန်ဆင်မယ့် မိန်းကလေးတစ်ယောက်ကို တွေ့ရဦးမှာပါ ။ ဒါပေမယ့် ဘယ်လိုပန်းပဲဖြစ်ဖြစ်သည်ပန်းဟာ မယ်ဥတောင်က ပန်တော်ပန်းဆက်တဲ့ သရဖီပန်းတော့ ဖြစ်တော့မှာ မဟုတ်ပါ ။ ကျတော်နောက်တစ်ချိန် သည်တောင်ကို မလာဖို့သေချာသွားလေပြီ ။

“ …မဆုံသူများ ရောက်ကြရင် လွမ်းသလို… ဆွေးသလို ငိုချင်သလောက်ပင်… “

စပီကာမှာ အသံသည် ကျတော့်နားဝတွင် အကျယ်ကြီးလာဟစ်အော်သလို ဆူညံသွားသည် ။ မဆုံသူများတဲ့လား ။ လက်နှစ်ဖက်ကို လက်သီးတင်းတင်းကြီးဆုပ်လိုက်သည် ။ ရင်ထဲက ဝေဒနာတွေ အကုန်လုံး လက်အားတွင်ပါသွားလေပြီလား ။ လက်ထဲမှာ သရဖီပန်းလေးများ ထောင်းထောင်းကြေ နွမ်းသွားလောက်ပြီ ။ အဆင်းလှေကားထစ်များ ကိုမြန်မြန်ဆင်းလိုက်သည်။

“မုန်းချစ် စိမ့်လှပါတယ် ….. လိပ်ပြာတောင်ငယ်သေးပင် အဝေးကပဲမကြည့်ချင်…
တောစံပယ်ပန်းလေးက… ဘေးအကျ.. မွှေးလှတယ်ရှင် ….. ”

ရီရီသန့် ၏ တေးသံသည် လေတွင်ပျံ့လွင့်လျက် …..

ကျတော်လက်ထဲမှ သရဖီပန်း နွမ်းများသည် လှေကားထစ်ခြေနင်းများပေါ်တွင် ပျံ့ကြဲလျက် …..

မွှေးပျံဆဲ မွှေးပျံ့လျက် …… ။ ။

+++++++++

ယောက်ျားတွေဟာ ကိုယ့်ဖို့ကိုယ်သာ ကြည့်သည့်အတ္တသမားတွေလို့ သူငယ်ချင်မိန်းကလေး တစ်ယောက် စွပ်စွဲတာ ကြားဖူးသည်။ ကိုယ်ကိုပြန်မကြိုက်တာနဲ့ ထို မိန်းမကို မုဆိုးတစ်ပိုင်းမိန်းမရိုင်းလို့တင်စား တတ်ကြသည်တဲ့လေ ။ ကျတော်ဟာ သည်လိုယောက်ျားတွေထဲက သာမန်ယောက်ျားတစ်ယောက် သာဖြစ်ပါသည် ။ သည်တော့ မယ်ဥတောင် မမဥသခင်မ ရဲ့ သစ္စာပန်း သရဖီပန်းရဲ့တန်ဖိုးနှင့်အလှ ကိုလည်းနားမလည် ၊ မိန်းမတစ်ယောက်၏ စောင့်ထိန်းအပ်သော သစ္စာနှင့် ပြတ်သားမှုကိုလည်း တန်ဖိုးထား နားလည်မပေးနိုင်တာ မဆန်းပါချေ ။ ချစ်သူအပေါ် သစ္စာစောင့်သိသော မိန်းမတစ်ယောက်ရဲ့ အလှဟာ ယောက်ျားတစ်ယောက်ရဲ့ မာနအချိုးခံရခြင်းကို နှစ်သိမ့်ပေးနိုင်လောက်အောင်တော့ အစွမ်းထက်မည် မဟုတ်ချေ ။

အိမ်အပြန်လမ်းသည် လေတစ်ဖြူးဖြူးနှင့် စိတ်လက်ပေါ့ပါးဖွယ်ဖြစ်၏ ။ ထူပူမှုသည် အတော်လေးအရှိန်သေ သွားပြီ ။ ဆိုင်ကယ်စီးရင် သီချင်း ညည်းရတာလည်း အတော်စိတ်ပေါ့ သွားစေပါသည် ။ ကျတော် မဲ့ပြုံး ပြုံးနေတယ်ဆိုရင် ယုံနိုင်ပါမည်လား ။ သီချင်းသံသည် လေ၀ယ်လွင့်လေ၏ ။

“အချစ်ကြောင့် ကျရတယ် မျက်ရည်လေးတစ်စက်နှစ်စက်ရယ်
အချစ်ကြောင့် သောက်ရတယ် အရက်ချိုလေး တစ်ခွက်နှစ်ခွက်ရယ်
အချစ်ကြောင့် ပျက်ရတယ် ငါ့ရည်မှန်းချက်တို့ရယ်
မလိုအပ်တော့ပါ ….. တကယ်မလိုအပ်တော့ပါ …..
………………………………………………………” ။ ။

အောင်ဖြိုး
(၂၇ ၊ ၃ ၊ ၂၀၀၈)
( နန်းတော်ရှေ့ဆရာတင် ၏ “မယ်ဥတောင်” သီချင်းကို ပွားယူခံစားသည်။ )

24 April 2008

မယ်ဥတောင်

Blog နဲ့ အဆက်ပြတ် နေသလို ဖြစ်တာတော်တော်လေးကို ကြာသွားပြီ ။ 3rd Year ရောက်လို့စာတွေကလည်းများ ၊ မြန်မာပြည်က ပြန်လာစမို့ ဖတ်လက်စ စာအုပ်တွေကလည်း များတော့ စာရေးတဲ့ ဘက်ကိုမလှည့်ဖြစ်တော့ ဘူး ။ ဒါကြောင့် ကိုယ်ရေးထားတာကို Typing ပြန်ရိုက်ပြီးတင်မယ် ၊ တင်မယ်နဲ့ တော်တော်နဲ့ကို မတင်ဖြစ်သေးဘူး ဖြစ်နေတယ် ။ သည်တစ်ခါတော့ အချိန်မရမကယူ ရင်းတင်လိုက်ပါတယ် ။ ( Third Year ချင်းအတူတူတောင် မပျင်းတဲ့ Blog တွေကစာအသစ်တွေ တင်လို့ :D )

ကျတော်တို့ နိုင်ငံမှာ အခြေမခိုင်တော့တဲ့ တက္ကသိုလ် ပညာရေးကြောင့် ခုနောက်ပိုင်းမှာတတ်နိုင်တဲ့ လူငယ်တွေဟာ လက်လှမ်းမှီရာ နိုင်ငံခြားကျောင်းတွေမှာ အလုအယက်တိုးဝှေးပြီး ပညာရှာကြတာ များလာပါတယ် ။ နောက်တစ်ခေတ်မှာ ခေါင်းဆောင်ဖြစ်ရမည် ဆိုတဲ့လူငယ်တွေ ၊ ဦးနှောက်ကောင်းမျိုး ဆက်သစ်တွေဟာ (Brain Flow) ဦးနှောက်စီးဆင်မှု အရ အခြားနိုင်ငံ တွေကို စီးဆင်းကုန်ကျတယ် ။ ၀မ်းနည်းစရာကောင်းတာ က "အစာဝတော့ ဌာနပြန်" ဆိုတာ မဟုတ်ဘဲ တတ်နိုင်တာနဲ့ သက်ဆိုင်ရာနိုင်ငံသား အဖြစ်ခံယူ ရင်း တိုင်းတစ်ပါးမှာ တစ်သက်လုံးနေသွားဖို့ စိတ်ပိုင်းဖြတ်ထား ကြတာများပါတယ် ။ သည်လို ဖြစ်ရတာဟာ သေချာတွေးကြည့်ရင် သည်ဘူတာပဲဆိုက်မှာ ဖြစ်လို့ သိပ်တော့ မပြောချင်လှပါ ။

အထူးသဖြင့် သည်လို ခေတ်ပြိုင် လူငယ်တွေအနေနဲ့ ဆယ်ကျော်သက်အရွယ်မှာ ပညာသင်ထွက်ကြတော့ မရင့်ကျက်သေးတဲ့ နုနယ်တဲ့ နှလုံးသားမှာ ဒါဏ်ရာရကြပါတယ် ။ ဟိုမှာကျန်ခဲ့တဲ့ ချစ်သူကို လွမ်းတာတို့ ၊ မသေချာသေးတဲ့ ရည်ရွယ်သူအတွက် စိတ်မချ ၀မ်းနည်းရတာတို့ ၊ အဝေးကချစ်သူကို ပစ် အခြားအသစ်တစ်ယောက်ကို ချစ်မိတာတို့ ၊ မရင့်ကျက်သေးတဲ့ မိန်းကလေးများဖို့ မိဝေးဖဝေးလွတ်လပ်ရာမှာ ချစ်သူကို ကိုယ်လုံးပုံယုံ မိလို့ ဒုက္ခရောက်ကြရတာတွေ အများကြီးပါ ။ Rဇာနည်ရဲ့ "ကိုယ့်အနားရှိစေချင် " တို့ ၊ မိုးမိုး ရဲ့ "ဆာယိုးနာယာ" တို့ဟာ သည်လိုလူငယ်တွေရဲ့ ခေတ်ပြိုင်ဝေဒနာကို ထင်ဟတ်ပြတဲ့ သီချင်းမျိုးတွေပါ ။

အဲသည်အတွေးနဲ့ ရေးထားခဲ့တဲ့ ၀တ္ထုတိုတပုဒ် တင်ချင် လာပါတယ်။ ၀တ္ထုတို ဆိုပေမဲ့ ရှည်နေလို့ အပိုင်း (၂) ပိုင်းခွဲတင်ပေးပါ့မယ် ။

(ဒုတိယ ပိုင်းကို စာရိုက်လို့မပြီးသေး :P )

မယ်ဥတောင်


(၁)

ညို့ညို့ဆိုင်းဆိုင်း …. ၊ မှိုင်းဝေတောင်တက်ပြန်တော့ …
မြူခိုးလေးတွေ ဘေးကရှက်လို့ ၊ တောင်တန်းတစ်ဖက်တစ်ချက် … ၀န်းကာရံကာပင် …
လွမ်းစရာ့ စံရာတစ်ခွင်……..
သခင်မမှာ … ဟိုအရင်ဘ၀တုန်းက … ခင်ပပသို့အသွင်……
သနားစရာ့ ရင်ခတ် ၊ သရဖီ … အခွေခွေပင်…….
ယခုတိုင်ပဲ ဒိဋ္ဌမြင် ….. ပုံတော်အစစ်ကိုမြင်ရပြန်တော့.. သခင်မ
အရင်ဘ၀က အသက်မရှည်လေခြင်း…..
ကျေးဇူးရှင်ရယ်…. နေညိုနု … ရွှေလိုရှု …
မေပျိုဥရဲ့ တောင်တော်အ၀င်…. ။ ။


+++++++++

ကျနော့်ရှေ့ကအညာနွေ နေပူကြဲတောက်မြင်ကွင်းကို မျက်ကွယ်ပြုလိုလျှင်တော့ မျက်လုံးအစုံကို မှိတ်ထား ရန်မှတပါး အခြားနည်းလမ်းမရှိပါ ။ မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်တော့ ခေါင်းမှာလည်း ချွေးတွေ ရွှဲရွှဲနစ်လို့ ။ အိမ်မှာခဏပြန်နေသခိုက် မိဘကဟိုနား သည်နား သွားခိုင်းတိုင်းနေပူလိုက်တာဗျာလို့ အကြောင်းပြတတ်သော ကျတော်သည်ခုတော့ မန္တလေးမှ ၁- နာရီကျော်ကြာကြာ ဆိုင်ကယ်စီးသွားရသော သခင်မတော်သို့ မွန်းလွဲညနေ ၃ နာရီကျော်ကျော်လောက်တွင် အပြင်းနင်း၍ လာခဲ့သည်။

ကြာနီကန်ရွာလေးသည် ကျတော့် နောက်ဖက် ဖုံတောထဲတွင်ကျန်ရစ်ခဲ့ပြီ ။ ညနေစောင်းဆိုတော့လည်း အိမ်ရှေ့မင်းထန်းတောဆီ အားသွန်နှင်နေကြသည့် ကား ၊ဆိုင်ကယ် မျိုးစုံပေါ်မှ
ကိုကြီးကျော်ရဲ့ သားတော်ကြီး ၊ သားတော်ငယ်တို့ ကိုလည်းမကြာမကြာ ကျော်တက် ၊ နောက်ချန်တွေ့ရ၍ သည်လမ်းတစ်ကြောမှာတော့ လူသိပ်မပြတ်လှ ။

သခင်မတောင်ခြေမှာတော့ စက်ဘီး သုံးလေးစင်းရပ်ထားသည်ကိုတွေ့ရသည်။ မျက်စိရှေ့မှ တောင်သည် ညို့ညို့ဆိုင်းဆိုင်းလည်းမရှိပါ ။ သစ်ပင်တွေ ခပ်ကြဲကြဲပေါက်နေသည့် တောင်စောင်းပတ်လည် ၊ သစ်ပင်ရိပ်နည်းနည်းရှိဟန်တူသည့် ခပ်လုံးလုံးတောင်ထိပ်သည် လွမ်းတတ်သူတို့အဖို့တော့ လွမ်းလောက်ပါပေသည် ။ လူသူကင်းမဲ့ဟန်တူသည့် လှေကားရှည်ကို မြင်နေရသည်မှာပင် အထီကျန်ဆန်လှစွာ လွမ်းဖို့ကောင်းနေပါသည်။ ကျောက်ဆိုင်ကျောက်တုန်းများနှင့်ဖွဲ့စည်းထားသော ခပ်မို့မို့ တောင်တစ်လုံးသည် ကျတော်အသည်းနှလုံးကို သိမ်းကြုံး ၍ ညှို့ယူနေလေပြီ ။
လူသူကင်းသော တောင်တက်လမ်းတွင် ကျနော်တက်လှမ်းလျက် ရှိပြီ ။ ပူ၍ အနည်းငယ်အေးစက်သည်ဟု ခံစားရသော ခြေလှမ်းများတစ်လျှောက်တွင် မျှော်လင့်သော အိပ်မက်တစ်ခုသည် တစ်စတစ်စ ကြီးထွားလာသည်။ သည်နေ့ သူလာရမည် ။ သခင်မတောင်ကို သူလာရမည် …..။

သခင်မတောင်…..

လှပသော မိန်းမသားတစ်ဦး၏ မလှပသော ဇာတ်လမ်း နှင့်ပတ်သက်သည့်နေရာ ။

ခပ်ဖြေးဖြေးတတ်နေသော ကျနော့်မျက်လုံးတို့ေ၀၀ါးသွားချိန် ……. ။

+++++++++

ချစ်သူ့အသားအရေ နှင့်လိုက်ဖက်မည့် ရက်ကန်းထည်ကို ရက်လုပ်နေသော မိန်းမလှလေးတစ်ဦး ၊ ခေါင်းကဆံကေသာမှာလည်း သရဖီပန်းကုံးလေးကို ရစ်ခွေပန်ဆင်ထားသည်။ မယ့်အတွက်မူသရဖီပန်းသည့် သ စ္စာပန်းပွင့်လေးများပင် ….. ။ ညိုမောင်းကြံ့ခိုင်သော ပျို့မောင်ကြီးအတွက်ရည်ရွယ်ပြီး မယ်ကိုတိုင်ရွေးချယ်ရက်လုပ်နေသည့် ပုဆိုးအတောင်နှစ်ဆယ်အစ ပြီးရန်သိပ်မလိုတော့ ။ မောင်ကြီးအောက်ပြည် အောက်ရွာမှ ပြန်မလာမှီတော့ ပြီးလောက်ပါသည်လေ။

မယ့်ရင်ဝယ် မယ်ချစ်သူတစ်ဦးသာ အရိပ်ပမာမခွာရှိ၏ ။ မယ့်ကို ပိုးပန်းခဲ့သော ၊ မောင်ကြီးနှင့် ပုဆိုးတန်းတင်အကြင်လင်မယား ဖြစ်သည့်တိုင် ပိုးပန်းကြဆဲဖြစ်သော ဂုဏ်ကြီး ၊ ဂုဏ်ငယ် ၊ မင်းခယောက်ျား ၊ အသည်သားမကျန်…. မယ့်စိတ်ကို ယိမ်းယိုင်အောင်မည်သူမျှ မစွမ်းဆောင်နိုင်ခဲ့ပါ။ မောင်ကြီးနှင့်မယ် သစ္စာ တိုင်ခဲ့သော သရဖီပန်းလေးများသဖွယ် မယ့်အချစ်တို့သည် မွှေးမြနေဆဲ ။

“ဝေါင်း” ခနဲ “ဝေါင်း” ကျားဟိန်းသံသည့် ရက်ကန်းခက်သံညံညံကြားဝယ် ကျယ်ဟိန်းပြီးထွက်လာသည်။ မေ့မျောသွားရမတတ် ညှီဟောင်ဟောင်အနံ့အသက် ၊ စူးရှကြမ်းတမ်းသောကိုက်ချီ မှုတစ်ခုဝယ် မယ့်ကိုယ်လေးသည် ပေါ့ပါးစွာ ၊ ရုန်းကန်နိုင်မှုပင်မရှိဘဲ ပါသွားတော့သည်။ အဲသည်နောက်မှာတော့ ၀ုန်းဒုံးခနဲလဲပြိုကျသံတွေ ၊ တောင်ပြုန်းရွာသူ ရွာသားတွေရဲ့ စိုးရိမ် ကြောက်လန့်တကြားအော်ဟစ်သံတွေ စီခနဲနေအောင်ကြားလိုက်ရသည်။

“ကိုရင်မောင့် မိန်းမ မရွှေဥ ကျားချီသွားလို့တဲ့ဟေ့ ။” ………
……
……
ခပ်သင်းသင်းမွှေးနေတဲ့ ပန်းရနံကြောင့် အသက်ငွေ့ငွေ့သာကျန်တော့သော မမယ်ဥ သတိပြန်ဝင်လာပြန်သည် ။
ဗြိဇင်ပန်း ……..
အလေ့ကျပေါက်တဲ့ခပ်နီနီရဲရဲ ပန်းပွင့်သေးသေးလေးတွေ …..။
ခပ်ဝါးဝါးမြင်ရတဲ့ မြင်ကွင်းထဲမှာ…… ကျားရဲ့ကျောပေါ်က ရှံနီစထောင်ထားတဲ့လူတစ်ယောက်ပါလား။
မယ့်အသိစိတ်အာရုံတွင် သင်း၏ အာဏာရှင်ဆန်စွာအနိုင်အထက် သိမ်းပိုက်လိုသည့် သင်းအကြံအစည်အားလုံးကို လည်းသိပြီ ။ တောင်ပြုံးရွာကို အပိုင်စားရသည်ဆိုပြီး အာဏာနှင့်အရာရာကို ရအောင်ယူနိုင်သည်ဟု ပိုင်ပိုင်တွက်ထားသည့်သင်းမျက်နှာထား ။
သင်းအကြံအစည်အတိုင်း မဖြစ်စေရ။

နောက်တော့ ….
တောင်ကြားက လူသူမနီးတဲ့တောအုပ်ထဲမှာ စေတီငယ်တစ်ဆူ၊ ကျားတစ်ကောင်ပေါ်က ရှံပန်းနီစနှင့် ယောက်ျားတစ်ဦး ၊ ဖျော့တော့သည့်တိုင် … ထီမထင်မျက်နှာနှင့် မိန်းမငယ်တစ်ဦး ။ မိန်းကလေးခေါင်းမှာ ကြိုးပြေစပြုနေတဲ့ သရဖီပန်းကုံးလေးတစ်ကုံး ။ ကျားပေါ်ကလူကလည်း ချော့တစ်လှည့်၊ ချောက်တစ်ချည်နှင့် မေးလိုက် ၊ မိန်းကလေးကလည်း ခေါင်းတစ်ခါခါနှင့် အပြင်းအထန်ငြင်းဆန်လိုက် ။ နောက်တော့ ရှံပန်းနီလူက ဒေါသထွက်ဟန်ဖြင့် နောက်ဆုံးအကြိမ် စိတ်ပိုင်းဖြတ်လိုက်ကာ ပြတ်သားစွာမေးသည် ။ မိန်းကလေးက လည်းတည်ကြည်စွာ ငြင်းဆန်လိုက်ရင်း စေတီငယ်ဖက်မျက်နှာလှည့်လိုက်ကာ မျက်စိကိုမှိတ်ဘုရားကို အာရုံပြုဆုတောင်းနေလိုက်သည် ။ ကျားပေါ်ကလူက ပိုင်းဖြတ်ဟန်ဖြင့် စီးတော်ကျားကို မျက်ရိပ်ပြလိုက်သည် ။
သည့်နောက်တွင်မူ ကြည့်ရက်စရာမရှိသောမြင်ကွင်းတစ်ခု ။ သွေးအလိမ်းလိမ်းနှင့် မိန်းမငယ် ၊ ကျားပါးစပ်မှ အသားနှင့် သွေးညှီနံ့ ။ ဒါပေမယ့် မမယ်ဥရဲ့ ခေါင်းထက်မှာ တစ်ပွင့်စီပြေကျလာတဲ့ သရဖီပန်းလေးများကတော့ မွှေးရနံ့ သင်းပြန့်နေဆဲပင် ။ အသက်သွေးနှင့်ပျိုးခဲ့တဲ့ မိန်းမသားတစ်ယောက်ရဲ့ သစ္စာပန်းပွင့်တွေ ။

+++++++++

သရဖီနံ့ သင်းသင်းလေး ကျနော့်နှာဝတွင် မွှေးပျံနေသည် ။ တပေါင်းလမှာလည်း သရဖီပန်းပွင့်သတဲ့လား ။ ကျနော် သေချာချာမသိပါ ။ အင်ကျင်ရွာမပါအ၀င် သခင်မတောင်တော်နီးမှာ ပျိုဖြူတို့ နှစ်စဉ်တန်ခူးလဆန်း (၄) ရက်နေ့တွင် ပန်ဦးပန်းဖျားကို မမဥသခင်မအတွက်ပန်တော်ပန်းဆက် ဓလေကိုတော့ ကြားဖူးခဲ့သည် ။ ပန်တော်ပန်းမြတ် သရဖီကို စုံဂဏန်းကျအောင်ရွေုးပြီ ကလပ်နှစ်ခုတွင် ဖက်စိမ်းခံကာ ပူဇော်ပသကြသည့် ဒေသခံတို့၏ “စုံဖက်” ပညတ်ကိုလည်း မှတ်သားဖူးသည် ။ မမဥသခင်မနှင့် သူ့ချစ်သူကိုရင်မောင်တို့ ဘ၀တိုင်း စုံဖက် နိုင်ကြပါစေလို့ ရည်ရွယ်တင်လှူခြင်းဖြစ်ကြောင်းလည်း ရှင်းပြခံရဖူးသည် ။

ကျနော်သရဖီပန်းကို ခူးချင်၊ ကောက်ချင်သော်လည်း “ပန်းသစ္စာ” စူးမှာကိုကြောက်၍ မကောက်ဖြစ်တော့ ။ သူလာရင်ရော ။ သူသာရောက်လာပြီး ပန်းပန်ချင်တယ်ဆိုပါက ၊ မမဥရဲ့ ဇာတ်လမ်းကို ရော ၊ ဒေသစွဲတွေကိုရော ဖျောက်ဖျက်ကာ မောင်ကောက်ပေးပြီး သူ့ခေါင်းမှာပန်ပေးလိမ့်မည် ။ သူသည် မောင့်အတွက် သည်မျှပင်အရေးကြီးသူ ဖြစ်၏ ။ သူနှင့် ပတ်သက်လျှင် ကျန်တာဘာမှ အရေးမကြီး … ။ ။


(၂)

ပင်စွယ်မြိုင်နန်း ပန်းကရင်မက်တွေက … ဝေေ၀လွင်လွင် …
ပင်ဝယ်ကြိုင်လန်း …. အင်ကြင်းပန်းတွေက… ဝေေ၀လွင်လွင်….
မဆုံသူများ ရောက်ကြရင် လွမ်းသလို… ဆွေးသလို ငိုချင်သလောက်ပင်…
မုန်းချစ် စိမ့်လှပါတယ် ….. လိပ်ပြာတောင်ငယ်သေးပင် အဝေးကပဲမကြည့်ချင်…
တောစံပယ်ပန်းလေးက… ဘေးအကျ.. မွှေးလှတယ်ရှင်
ကျေးဇူးရှင်…. နေညိုနု … ရွှေလိုရှု …
မေပျိုဥရဲ့ တောင်တော်အ၀င်…. ။ ။

+++++++++
သည်ညနေသူလာရမည် ။ သူ့ကိုချိန်းခဲ့တုန်းက အင်းမလုပ်၊ အဲမလုပ် နေခဲ့သည့်တိုင် သူလာတော့လာရမည် ။ ငယ်စဉ်ကပျိုးခဲ့သော မေတ္တာသည် ခိုင်ကြည်တတ်ပါသည် ။ သူ့အပေါ် ချစ်သော ကျတော့် သစ္စာကို ကျတော်ယုံသည် ။

ငယ်စဉ်ကလေးဘ၀ထဲက သူသည်ကျတော့် သူငယ်ချင်းဖြစ်ခဲ့၏ ။ သစ်ပင်တတ်ဖက် ၊ ထမင်းအိုးတမ်း ဟင်းအိုးထမ်းကစားဖက် ၊ စွန်လွှတ်ဖက် ၊ လောက်စာလုံးလုံးဖက်ဖြစ်သည် ။ နောက်တော့ စာကျက်ဖော်လည်းဖြစ်ခဲ့သည် ၊ စာပြိုင်ဖက်လည်းဖြစ်ခဲ့သည်။ စိတ်ကူးယဉ်တတ်ပြီး သူဌေး ဖြစ်အောင်ကြိုးစားချင်သောကျတော်နှင့် ၊ လက်တွေ့ကျပြီး ပညာတတ်ဖြစ်အောင်ကြိုးစားချင်သော သူတို့သည် အယူအဆအားဖြင့် ဆန့်ကျင်ရန်ဖြစ်ကြသည်မှာလည်း မဆန်းပါ ။ ဒါပေမယ့် ကျတော်တို့သည် ရန်ဖြစ်လိုက် ပြန်တည့်လိုက် သူငယ်ချင်းမျိုးဖြစ်ခဲ့ကြသည် ။

ရည်ရွယ်ချက်ပန်းတိုင်မတူကြသူတို့သည် တစ်နေ့တွင် လမ်းခွဲသွား ကြရမြဲ ဓမ္မတာမှာမဆန်း ။

ဆယ်တန်းဟူသည် ဘ၀၏လမ်းစုံဖြစ်သည် ။ ဆယ်တန်းပြီးနောက် မြန်မာပြည်တွင် သူဌေးမဖြစ်နိုင်ဟု ယုံကြည်နေပြီဖြစ်သော ကျတော်သည် တိုင်းတပါးရေခြားမြေခြားတွင် ပညာသင်ပြီး စီးပွားရှာရန်ကြံသည် ။ D များစွာပိုင်ရှင်သူက ဆေးကျောင်းတတ်မည်ဟုဆိုသည်။ သူလောက်အမှတ်မများသည့်တိုင် ယောက်ျားလေးတစ်ယောက် ဖြစ်သောကျတော်ကဆေးတတ်နိုင်အောင်တော့ အမှတ်မှီခဲ့သည် ။ ကျတော်တို့နှစ်ယောက်အပြိုင်အဆိုင်ငြင်းခဲ့ကြပြီး နောက်ဆုံကိုယ့်ယုံကြည်ချက်အတွက်ကိုယ့်ဘက်မှ အလျော့မပေးနိုင်ခဲ့ကြချေ ။ ရည်မှန်းချက်မတူကြသောကျတော်တို့နှစ်ယောက်သည် ခေါင်းမာအလျော့မပေး တတ်ကြသည်နေရာမှာတော့ တပ်တူ တူခဲ့ကြသည် ။ နောက်ဆုံးတော့ လမ်းစုံမှာအပြုံးနှင့်လမ်းခွဲ ခဲ့ကြသည်။ ကျတော်ကလည်း နိုင်ငံခြားထွက် ။ သူကလည်း သူယုံကြည်ရာလမ်းကိုလျှောက်သည် ။ တစ်သက်လုံးတွင် ပြန်လည်တွေ့ဆုံနိုင်ရန်ပင် အခွင့်အလမ်းနည်းချေပြီ ။ ငယ်သူငယ်ချင်း နှစ်ယောက် ညောင်ညိုပင်ရိပ်အောင်မှာ မပြုံးနှင့်လမ်းခွဲ နှုတ်ဆက်ခဲ့ကြပြီ ။ ဒါပေမယ့် ခက်သည်မှာ သည်အချိန်ကြမှ ကျတော်သူ့ကို အရူးအမူးချစ်မိသွားခြင်းဖြစ်သည် ။ ။

အကယ်၍ အရွယ်ရောက်ပြီး အပျိုလူပျို ချစ်ကြ၊ ကြိုက်ကြတာ မဆန်းဟု ဆိုကြရိုးဆို လျှင် ငယ်စဉ်ကပေါင်းလာ ကြတဲ့ သူငယ်ချင်းအချင်းချင်း ချစ်မိဖို့ရန် ဘေးတွန်းအား တစ်ခုခုတော့လိုသည်ဟု ဆိုရပေလိမ့်မည် ။

ပြည်ပရောက်ပြီးနောက် ကျတော် သူ့ကိုမကြာမကြာဖုန်းဆက်ဖြစ်ခဲ့သည်။ ရှင်းရှင်းပြောရလျှင်တော့ ကြွားချင်တာရော ၊ မသိစိတ်ကသူနှင့် စကားပြောချင်နေတာရော ညီတူညီမျှပါဝင်နေပါသည်။ နောက်တော့ သူ့အကြောင်း အခြားသူငယ်ချင်တွေဆီကနေ သတင်းတွေကြားလာခဲ့ရသည်။ သူ့ကို လိုက်တဲ့ Senior တွေအကြောင်း ၊ နားလည်ပေးတဲ့သူရှိတယ်ဆိုတဲ့အကြောင်းတွေရောပေါ့ ။ သိသိချင်းတော့ ငါသူငယ်ချင်းသူ့လို မိန်းကလေးမျိုးတောင် ရည်စားတွေဘာတွေ ရနေပြီပဲလို့ သာမာန်ထက်မပိုခဲ့သောလည်း နောက်ပိုင်းတွင် ပြောမပြတတ်သော ဝေဒနာသည် နေရာယူလာတတ်တော့သည် ။ လောကတွင် ခံစားသူကိုယ်တိုင် သေချာရေရာ စွာမသိသောဆွတ်ပျံ့ခြင်းရောဂါသည် တော်တော်ရင်နာစရာကောင်းပါသည်။ ခံရလည်းခက်ပါသည် ။

မဖြစ်နိုင် . ။

သူတစ်ယောက်ယောက်ကို ချစ်သည်ဆိုတာ မဖြစ်နိုင် ။ သူ့ကို ငယ်ငယ်တည်းက ခင်သည့်သူငယ်ချင်း ဘ၀တစ်လျှေက်လုံးတွင် သူ့ကို ရည်းစားမထားဖို့တားဖူးသည် ။ ငယ်ငယ်ထဲက ကျတော်ညီမတစ်ယောက်လို ခင်မင်ရင်နှီးသော သူ့ကို ကျတော်ပိုင်သည်။ ခုတော့ သူ့ကို ကျတော်ထက်အတွင်းကျ ရင်းနှီးစွာ တစ်စုံတစ်ယောက်က ပိုင်ဆိုင်ပေတော့မည် ။ဘာကြောင့်လည်းဟု မသေချာသော်လည်း ထိုသိနားလည်မှုသည် အတော်ကြီးကို ရင်နင့်ဖွယ်ကောင်းလှသည် ။ နောက်ပိုင်းတော့ ဖုန်းဆက်တဲ့ရက်တွေ စိပ်လာသည်။ ဖုန်းပြောလျှင်လည်း ရင်ပိုခုန်လာသည်. ။ နောက် ကြားက သူ့လူအကြောင်းကို တွေးမိပြန်တော့လည်း စိတ်တွေ ရောက်ရက်ခက်ရပြန်တော့သည် ။

“ကျတော့်ကို ဥပေက္ခာမပြု ပါပြုပါနဲ့ကွာ ။ ကျတော် တစ်စုံတစ်ခုသော အတိုင်းအတာ အထိမင်းအတွက် အရေးပါ ပါရစေ “ ။ တတ်နိုင်လျှင် သူ့အနီးမှာ ထိုင်ပြီး ဖွဲ့နွဲ့ ပြောပြချင်သည် ။ မဆုံးနိုင် သော အိပ်ပျက်ညများ ၊ စာဖတ်မရဘဲ စာအုပ်ကိုင် ငိုင်ရသော နေ့များ ၊ မတင်မကျ ဝေဒနာ ရဲ့ အဆုံးစွန်သော ခံစားရမှုတွင် ပထမအကြိမ် မူးယစ်ဝေသီသော နွေနှောင်းညတစ်ညမှာ အချစ်နာကျယောက်ျား တစ်ယောက်၏ ထက်သန်သောပေါက်ကွဲမှု အဖြစ်သူ့ကို ကျတော်ဖွင့်ဟ ပြောခဲ့တယ် ။

“ငယ်ရယ် ကျတော်မင်းကို ချစ်တယ် ။ သိပ်ကို ချစ်တယ်ကွာ ”

တိတ်ဆိတ်သော တစ်ဒင်္က ရဲ့အဆုံးမှာ ကျတော့် ရင်မှာစွဲနေသော နူးညံ့တဲ့စကား သံကိုကြား၏ ။

“ငါ့မှာ ချစ်သူရှိ …….”

“မပြောပါနဲ့တော့ကွာ ”

ရဲဆေးတင်ထားသော ယာမကာ၏ အစွမ်းလား ၊ ရင်ကို ထိုးနှက်လိုက်တဲ့ သူ့စကားရဲ့အစွမ်းလား မဝေခွဲနိုင်သော်လည်း အိပ်ယာပေါ်သို့ ခွေလဲကျသွားသည် ။ ချစ်သူရှိတယ်တဲ့လား .။ ယောက်ျားတစ်ယောက် ရဲ့ ပထမဦးဆုံး အချစ်အဖြစ်ဖွင့်ဟ မှုတွင် ရှုံးနိမ့်ရခြင်း ။ ရှုံးနိမ့်တဲ့ နှလုံးသား၏ ပြန်လည်နိုးထရှင်သန်ခြင်းတွင် ရင်လှိုက် နာကြည်းမှုတစ်ခုတော့လိုပါမည် ။ ဒါပေမယ့် သူသည်နာကြည်းစရာ တရားခံတစ်ယောက်မဟုတ်ပါ ။ “ဘယ်သူ မပြုမိမိမှု” ဆိုသော ဆိုရိုးစကားကို ကြားဖူးသည်မှာ ကြာပြီ ။ တစ်ခါမှ ဤမျှလောက် အဓိပ္ပာယ်မလေးနက်စဖူး ။ နောင်တ ဆိုသည့် စကားလုံးများကို တစ်ခါမျှ သည်လောက် မမုန်းစဖူး ။

ပြီးခဲ့သော အချိန်တို့ကို နာရီလက်တံလှည့်၍ ပြန်ယူရမည်လား ။ ပြက္ခဒိန် အဟောင်းများမှ ရှာဖွေယူ ရမည်လား ။ နောက်ပြီးတော့ ဘ၀ဆိုတာ တစ်နေရာရာမှ ပြန်စလို့ ဖန်တီးခွင့် ရှိရဲ့လား ။ ကျတော်လည်း သည်နိုင်ငံကို မလာဖြစ် ။ ဆရာဝန်လောင်းလောက်တော့ဖြစ် ။ သူနဲ့ အကြိုတ်အနှယ် ညင်းခုံ ။ ရန်ဖြစ်လိုက် ပြန်တဲ့လိုက်ဖြစ် ။ Anatomy ကိုအတူတူလေ့လာ ။ ဆပ်ဗလီတွေ ထိရင်နဲ့ “သည်နှစ် မအောင်ရင် နောက်နှစ်” ဘာညာနဲ့ သီချင်လုပ် သီဆို ဟစ်ကြွေးနေမလား ။ ဒါမှမဟုတ် သူလည်း သည်ကိုလိုက်လာ ၊ စင်းကလိပ်ကို ပြော ၊ Circuit တွေ ၊ Voltages တွေကြားမှာ နစ်မြုပ် ၊ ရုပ်ရှင်တွေ အတူတူကြည့်လို့ …. ။ သည်လိုသာ ညှိယူလို့ ရစတမ်းဆိုရင် ဘ၀များစွာအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပေးလို့ ညှိယူထားလိုက် ချင်ပါသည် ။

ဒါပေမယ့် သည်လိုမဖြစ်နိုင်သည့်တိုင် ကျတော်လက်မလျော့ပါ ။ ချစ်သူရှိခြင်းသည် အိမ်ထောင်ကျခြင်းမဟုတ် ။ သည်တစ်ခါကျောင်း ပိတ်လို့ အိမ်ပြန်ရင် သူ့ကို တွေ့ဖြစ်အောင်တွေ့ ရမည်။ မောင်သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောရမည် ။ မည်သို့ပင်ချစ်စေ သူ့ ကိုချစ်သော အချစ်သည် တစ်စုံတစ်ရာကို စွမ်းဆောင်ပေးနိုင်လိမ့်မည် ဟူကျတော်ယုံပါသည် ။
+++++++++

(ဇာတ်သိမ်းပိုင်းရှိသေးသည် :P )

11 April 2008

ပိတောက်တွေရွှေရည်လူးပြန်တော့ …..


“မြို့မငြိမ်း” ၏ “နတ်ရှင်နောင်” သီချင်းတွင် ….

ပိတောက်တွေရွှေရည်လူးကြမယ့်အခြေ ……. ၊ ပုလဲငုံ စံပယ်ဖြူ ဖူးခက်ခက်ဝေ ၊ပန်းမျိုးစုံ ရာသီကုန်ဖူးခဲ့ ပေါ့လေ ၊ ချစ်သူကို ရည်စူး ခူးတယ်လို့ချွေ”…….

သင်္ကြန်ပွဲတော်တွင် အဝေးရှိချစ်သူကို ရည်ရွယ်ပြီး တောတောင်ထဲတွင်ပွင့်သော ပိတောက်ပန်းကို ခူးချွေခဲ့သော စာဆိုစစ်သည်နတ်ရှင်နောင်ကို စိတ်ကူးယဉ်လွန်းသူဟု ကျတော်မဆိုဝံ့ပါ ။ အပြစ်တင်ချင်း တင်ရလျှင် လွမ်းအောင်ဖန်တတ်သော ပိတောက်မင်းကို သာ ကျတော်အပြစ်ဆိုမည် ။ ပိတောက်မရှိ လျှင်သင်္ကြန် သည် အတော့်ကို မပြည့်မစုံ အထီးကျန်လိမ့်မည် ။ ပိတောက် ရှိပြီး ချစ်ရမည့်သူ အနားမှာ မရှိလျှင်ကော …… . ။

တစ်နှစ်တစ်ခါသာ ပွင့်သောပိတောက်ပန်းသည် တန်ဖိုးထားဖွယ်ပင်ဖြစ်သည်။

+++++

သင်္ကြန်ရက်တွင်း အိပ်ယာမှနိုးနိုးချင် “ဟေ့ သည်နေ့ပိတောက်တွေပွင့်ပြီ ဟေ့” လို့သော ၀မ်းမြောက်မြူးတူးသံနှင့် သတင်းစကားသည်လည်း ကျွန်တော့်ကို လှုပ်နိုးတတ်မြဲ ။ ချက်ချင်းပင် ပိတောက်နံ့မွှေးလာသည် ။ ပိတောက်သည် အထွက်အမြတ်ထားစရာ ပန်း …. ။ မြတ်စွာဘုရားကိုလည်း ကပ်လှူရမည် ။ အိမ်မှအမေ့အတွက်လည်း ခူးရမည် ။ ခင်မင်ရာ မိန်းကလေးသူငယ်ချင်းတွေကိုလည်း ဝေငှရမည်။ နောက်သင်္ကြန်ရက်များအတွင်း ရေပက်ခံထွက်ကြမည် ။ သင်္ကြန်သီချင်းတွေ ဆိုကြမည် ။ ခင်မင်သူ တွေကို ရေလောင်းမည်။ နောက်နှစ်ဆန်းတစ်ရက်နေ့တွင် သင်္ကြန်လွမ်း ဝေဒနာကို ခံစားရင်း မိဘတွေနဲ့ ကျောင်းကန်ဘုရားသွားရင်း နောက်နှစ်သင်္ကြန် မြန်မြန်ကျပါစေလို့ ဆုတောင်းမယ် ။ နောက်နှစ်ဆန်း (၁) ရက်နေ့ အထိမ်းအမှတ် စာအုပ်တစ်အုပ် အမှတ်တရ၀ယ်မည် ။

ဒါသည် သင်္ကြန်ခံစားမှုဖြစ်သည်။ လျှောက်လည်ဖူးသမျှ သင်္ကြန်များတွင် (၉) တန်းဖြေပြီး (၁၀) တန်း ကျူရှင်များကို တတ်နေရသည့်နှစ်က သင်္ကြန်သည်အပျော်ဆုံးဖြစ်သည်။ သင်္ကြန်တွင်း ကျက်ရန်စာများရှိသည့် တိုင် သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ရသော အရသာသည် တော်တော်ကြည်နူးဖို့ကောင်းပါသည် ။

ခုတော့ သင်္ကြန်အရသာကို တမ်းတနေရသည်မှာ (၃) နှစ်ကျော်လေပြီ ။ မ န္တလေးတွင် သင်္ကြန် မဏ္ဍပ်တို့ တည်ဆောက်လို့ အပြီးသတ်စအချိန်ဆိုရင် ကျတော်ပြန်လာခဲ့ရသည်ချည်း ။ ငယ်ငယ်ကလောက် ခံစားမှုမနုနယ်တော့သော်လည်း ဆွတ်ပျံ့မှုတော့ဖြင့် ခံစားနေရဆဲဖြစ်သည်။ ခင်မင်သူတစ်ယောက်၏ သင်္ကြန် အကြိုဆိုပြီး စတိရေလောင်းခံရသည်မှအပ သင်္ကြန်ရေ စိုစိုရွှဲခြင်းကို မခံစားရသည်မှလည်းကြာချေပြီ ။

ဒါပေမယ့် တစ်နှစ်တစ်ခါ အချိန်မှန်လှသော သင်္ကြန်ရက်ကို မေ့လျော့ထားနိုင်ဖို့တော့ မဖြစ်ပါ ။ ခံစားချက်အချို့ကို မျိုသိပ်ထိန်းသိမ်း ရမည့်အရွယ်ရောက်လာသည့်တိုင် ရင်ထဲတွင်တော့ သည်အချိန်ဆို ဆွတ်ပျံ့လာဆဲ ။ တစ်စုံတစ်ခုသော အခြေအနေ (ကျတော်ကိုယ်တိုင်လည်း မည်သို့သောအခြေအနေကို လိုချင်မှန်း မိမိကိုယ်တိုင်မဝေခွဲနိုင်ပါ ) ကိုတမ်းတဆဲ …….. ။ ငယ်က သူ့အတွက်ခူးခဲ့တဲ့ ပိတောက်ဦးကို လည်း သတိရဆဲပါ ….. ။

နက်ဖြန်ကျမည့် သင်္ကြန်အတွက် ကဗျာဆရာအချို့ရဲ့ သင်္ကြန်ဖွဲ့ကဗျာများကို အမှတ်တရ တင်ပေးလိုက်ပါတယ် ။ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ ………….. ။

+++++

ပိတောက်ပန်း

လတန်ခူးပေမို့ အလှထူးပါဘိ

မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တန်းသာဖြင့်

ဘယ်ပန်းနော် စံမတူဘု

နန္ဒမူ ဖန်ဂူ ထိပ်မှာလ

ပစ္စေကာ ချွေးတော်သိပ်ရတယ်

အေးရိပ်ဆာယာ ။

တစ်နှစ်တွင်သည်တစ်လပေပ

တစ်လတွင် တစ်ရက်ထဲ

ခက်ခဲတဲ့ ရက်ဗုဒ္ဓါ

ပွင့်ရှာကြ စုံမြိုင်တွင်း ။

မြူမင်းလွင်ထန်

ကြူသင်း တာချိန်ယံမတော့

ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်

ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့

သိန်သရေထိန်ဝေလို့တောက်တဲ့ပြင်

လမ်းတစ်လျှောက်သင်းပေမယ့်

ဆန်းသလောက်မလင်းနိုင်ဘု

ပန်းပိတောက်မင်း ။ ။

(ဦးကြော့)


+++++


ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့

နှစ်ဆန်းခါတော်မှီမို့

ဇမ္ဗော်ရည် ပြေပြေလိမ်းခါပ

ခပ်သိမ်းနယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေေ၀နဲ့

သူလည်းလေ လောကီသားလိုပ

ကြွားချင်လှပေလိမ့်မယ် ။

တစ်သိန်တင့်ပါဘိ

တိမ်မြင့်ရည်ပြာပြာက

ကြည်သာသာ ပင့်လေအဖြူးတွင့်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပါ့

ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပ သတိဆွယ်

ရည်ရွယ်တော့သလား ။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာအ၀ါခြယ်၍

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆန်းကုန် အတာဝင်သို့

မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်

အရေးအခါသာမှ

ခမျာမှာ တစ်ဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ ။ ။

(ဆရာဇော်ဂျီ)

+++++


အတာ

သင်္ကြန်တော်တန်ခူးမို့
ရွှေဝါဖူး ပိတောက်တွေ ပွင့်ပေါ့ဝေေ၀ ။

အတာရေ ဖြာဝေလို့ စိုလန်း ။

ချစ်ဦးမာပါစေ - တဲ့
နှစ်ကူးသာပါစေ တဲ့
ပဏာချွေ ရွှန်းဝေဆင့်တယ်
ထွန်းတင့် နှစ်ဆန်း ။ ။

(ငွေတာရီ)

+++++

(ဆရာ ဒဂုန်တာရာကတော့ ချစ်သူအတွက် ပိတောက်ဖူး ခူးရန်ကြံတဲ့ လုလင်တစ်ယောက်ရဲ့ အဖြစ်ကို ကဗျာဖွဲ့ခဲ့တယ်….. )

ပိတောက်ဦး

အို … လှလိုက်တာ

ကိုင်းငိုက်ယိုယီး ၊ တွဲလောင်းစီး၍

ရွှေသီးဝါသွေး ၊ ပြွတ်သိပ်လေးအောင်

ညွတ်ကွေးရွရွ ၊ လှ … လှ … သည်

ပထမပိတောက်ပွင့်စဉ်က ။

“ဟော … ဟော … ပွင့်ပြီ”

ကျူးရင့်အော်ကြ ၊ တံခါးဝမှ

လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး

ဝင်းဝါပိတောက် ၊ သစ်ပင်အောက်ဝယ်

လုကောက် ကြွေသည့် ပွင့်များကို။

ငမ်းငမ်းတတ်

လုယက်ခုန်တက် ၊ ဓားလက်နက်ဖြင့်

လုဖျက်မှုန်းကြောင့်

ကြေပြုန်းလဲကျ ၊ ဒဏ်ရာရနှင့်

ရွက်မြပြာညို .၊ သစ်ငုတ်တိုသာ

ဖရိုဖရဲ ကျန်ရစ်၏ ။

ငါ့စိတ်တွင်ကား

မေခင်နှမ ၊ ဆံကေမြထက်

လှလှကလေး၊ ကိုယ်တိုင်ရွေး၍

ဆင်ပေး ထုံးချင်လှသောကြောင့် ။

ကျိုးပဲ့နေသော

ပင်ခြေအောက်တည့် ၊ ငါ ရပ်ကြည့်၍

ကြွင်းသည့်တစ်ပွင့် ၊ ကောက်မည်လင့်သော်

“အို … ရှင့် … ကျွန်မ

ဗုဒ္ဓမြတ်ထံ ၊ လှူကပ်ရန်” ဟု

လုပြန်အတင်း ၊ ဆိုကာချဉ်းသော်

လက်ချင်းဆုံ၍ နေသတည်း ။ ။

(ဒဂုန်တာရာ)

+++++

(ဆရာမကြီး ကြည်အေးကတော့ မျှဝေခံစားမည့် ချစ်သူမရှိလျှင် အထွတ်အမြတ်ထားရာ ပိတောက်ဦးပင် အချည်းနှီး ဖြစ်ရတယ်လို့ဆိုပြန်ပါတယ် … )

အချည်းနှီးပိတောက်

လှလိုက်တာကွယ်

ဝင်းဝါထိန်ရဲ ၊ ဆုပ်ခဲရွှေငုံ

စုပြုံပွင့်ကြ ၊ ပေါ်ဦးစရှင့်

လှ ၊ လှပါဘိ ၊ နှုတ်ခမ်းဖိကပ်

နမ်းမိ ချစ်မိ ၊ ပိတောက်နွယ် ။

ပိတောက်ဦးမို့

ယစ်မူးတသ ၊ နှမြောလှရဲ့

ဘ၀ချစ်သူ ၊ မိုက်မှာယူထင့်

မလှူရက်ဖူး ၊ တပ်မက်ဦးမည်

ဆုထူးမဆင် ၊ ဘုရားမတင် ။

ပိတောက်ပွင့်နွယ်

ရင်ဝယ်ပွေ့ပိုက် ၊ ၀မ်းမြောက်လှိုက်လှဲ

အိမ်ထဲပြေးခဲ့ ၊ ကြည့်ပါလှဲ့ဦး

မောင့်ရဲ့အနား ၊ စကားစလဲ

ပြုံးမြဲလျက်ပင် ၊ မောင်မမြင် ။

မောင်မမြင်၍

ငိုချင်ထွက်ခဲ့ ၊ ငဲ့မကြည့်တော့

ညွတ်ကော့မြိတ်စက် ၊ အိမ်ပြင်ထွက်၍

သင်းညက်ပျံ့လှိုင် ၊ ပိတောက်ခိုင်ကို

ပွေ့ကိုင်ရပ်ဆဲ ၊ မိုးဖွဲဖွဲမှ

သဲမဲကြမ်းရိုင်း ၊ မုန်တိုင်းရမ်းလဲ

မဆန်းကြယ်ဘူး ထင်မိ၏ ။ ။

(ကြည်အေး)

+++++
ကဗျာဆိုတာ စာဆိုရဲ့ စိတ်ကြေးမုံလို့ဆိုကြတယ် ။ အချို့က သင်္ကြန်ကို ချစ်တယ် ။ ကြည်နူးတယ် ၊ သာယာတယ် ။ အချို့ကြ စိတ်နာတယ် ၊ကြေကွဲကြတယ် ၊ ၀မ်းနည်းတမ်းတတတ်ကြတယ် ။
ဘာပဲဖြစ်ဖြစ် သင်္ကြန်ဆိုတာ သာမန်အားဖြင့်ချစ်စရာ မြန်မာ့ဓလေ့တစ်ခုပါ ။ အားလုံး ပျော်ရွှင်ကြပါစေ…. ။



နှစ်အကူး …. လည်းသာပါစေ ။
မောင့် ချစ်ဦးလည်း …. မာပါစေ ။ ။


အောင်ဖြိုး
(၂၀၀၈ - သင်္ကြန်ကို ကြိုဆိုခြင်း)
(၁၂၊ ၄၊ ၂၀၀၈)

9 April 2008

ချစ်ရမ္မက် - အပိုင်း (၃)

ဂျေဆင်းသည် ရီကတော်နှင့် သူမအပြင်ထွက်ဖို့အကြောင်း အသေအလဲညှိနှိုင်း နေစဉ်မှာပင် မစ္စတာရီ အခန်းထဲမှထွက်ခွာသွားသည်။ နောက်ဆုံး သူမကိုယ်တိုင် သည်အခြေအနေမှ ရုန်းထွက်သွားနိုင်ခဲ့ပြီးနောက် သူမ သူမ၏အခန်းလေးထဲသို့ ခဏ၀င်ခဲ့သည်။ သူမ၏ ဆံပင်နှင့် မိတ်ကပ်ကို ခပ်လောလောလေး ထုံးဖွဲ့ပြင်ဆင်လိုက်သည်။ ထို့နောက် အစေခံရောက်လာပြီး သူမအတွက် အိမ်ရှေ့မှာကားစောင့်နေပြီ ဖြစ်ကြောင်းလာပြောသောအခါမှာ သူမအ၀တ်လှဲရန် အချိန်သိပ်မရတော့ချေ။ ကားပေါ်တက်ပြီး ၊ အိမ်ကြီးရှင်၏ ယာဉ်မောင်းကို ကော်ဖီဆိုင်တစ်ခုဆီမောင်းပို့ ရန်လမ်းညွှန်သည်။ ဆိုင်သို့ရောက်လျှင်ရောက်ချင်းပင် သူမသည်ကားကို ပြန်လွတ်လိုက်သည်။

မွန်းလွဲပြီးချိန်သာဖြစ်သေးသည့်အတွက် ကော်ဖီဆိုင်သည် လူရှင်းလျှက်ရှိသည်။ ဆိုင်ရဲ့ကျယ်ပြန့်သော အတွင်းပိုင်းမှာတော့ ခပ်တွန့်တွန့်သစ်တော်သီးပုံသဏ္ဍာန် နံရံကပ်မီးအိမ်များထွန်းထားခြင်းဖြင့် လင်းချင်းလျှက်ရှိသည်။ ဆိုင်၏ကြမ်းပြင်တစ်ခုလုံးတွင်လည်း လီနင်စအဖြူရောင် စားပွဲခင်းများလွမ်းထားသော စားပွဲဝိုင်းအသေးလေးများဖြင့် ပြည့်လျှက်ရှိသည်။ ဂျေဆင်းသည် ကောင်တာပေါ်မှ အများသုံးတယ်လီဖုန်းမှ ဖုန်းဆက်သည်။ တစ်ဖက်ဖုန်းမှာ လေးကြိမ်တိုင်ဖုန်းမြည်ပြီးတဲ့နောက်၊ သူမဖုန်းကိုပြန်ချလိုက်ပြီး နောက်တစ်ကြိမ် ပြန်ခေါ်လေသည်။ ငွေကိုင်စာရေးက သူမရဲ့အပြုအမူဆန်းကို သံသယဖြစ်မှာစိုးသည့်အတွက် “ဖုန်းမှာလို့ပါ” လို့ခပ်တိုးတိုးလေးရေရွတ် လိုက်သည်။

ဒါဟာ သူ့တို့အဖွဲ့ရဲ့ အချိန်းအချက်သင်္ကေတ ဖြစ်သည်။ ဒုတိယအကြိမ်မှာတော့ တစ်ယောက်ယောက် ဖုန်းကိုင်လိုက်သည်။

“ဟဲလို”

ကွမ်ယင်မယ်တော်ကြီးရဲ့ ကျေးဇူးပဲ။ ဒါဟာ ကွမ်းယုမင် ပဲ။ သူသည် အခြားအဖွဲ့သားများကို အရင်ဖုန်းမကိုင်ရန် အလေးပေးတားမြစ်သည့်တိုင် ဂျေဆင်းသည် လင်ရွင်ရှန့်နဲ့များ စကားပြောရမည်လားဟု ယခုတိုင် ကြောက်ရွံ့မိဆဲဖြစ်သည်။

“ကျမပါ” သူမ ကွမ်းတုံဘာသာစကားနှင့် စကားပြန်လိုက်သည်။

“အားလုံးနေကောင်းကြ ရဲ့လား”

“အကုန်ကောင်းပါတယ် ။ မင်းရော”

“ကျမသည်နေ့နေလည် ဈေးဝယ်ထွက်မယ် ၊ ဘယ်အချိန်သွားဖြစ်မယ်ဆိုတာတော့ မသေချာဘူး”

“ကိစ္စမရှိဘူး ၊ ငါတို့မင်းကိုစောင့်နေမယ် ၊ အခု ဘယ်ကဆက်နေတာလဲ ?”

“ရှဖန်းလမ်းကပါ”

“ကောင်းပြီ”

ခဏစကားသံတိတ်ဆိတ်သွားသည်။

“ဒါနဲ့ ဘာပြောစရာကျန်သေးလဲ” ၊ သူမရဲ့ လက်တွေအေးစက်သွား သလိုခံစားရသည့်တိုင် သူမနှင့် ရင်းနှီးသည့် အသံကြောင့် ဂျေဆင်းတစ်ကိုယ်လုံး တစ်မျိုးတစ်မည်မဆိုနိုင်အောင် နွေးထွေးသွားသည်။

“ဟင့်အင်း ။ မရှိပါဘူး၊ ကျမအခု သွားသင့်ပြီ”

“ငါတို့ အဲသည်မှာ ရှိမယ်၊ ဘာမှစိတ်မပူနဲ့ ၊ နောက်မှတွေ့မယ်နော်”

ဖုန်းချခဲ့ပြီးနောက်တွင် လန်ချားတစ်စီးထွက်တားရန် ဂျေဆင်းအလွန်စိတ်လှုပ်ရှားလျှက်ရှိသည်။


တကယ်လို့ သူတို့သည်နေ့ လုပ်စရာကိစ္စတွေကို အပြီးမသတ်နိုင်ခဲ့ရင်တောင် ဂျေဆင်းအနေဖြင့် သူမရဲ့ လှုပ်ရှားမှုတိုင်းကို မျက်စိဒေါက်ထောက်အကဲခတ်နေတဲ့ စိန်ရွှေရတနာအပြည့်နှင့် ကြောင်သူတော်မတွေစုဝေးရာ “ရီစံအိမ်” တော်မှာ သူမဘယ်လိုမှဆက်မနေနိုင်တော့ပါ။ ဒါမှမဟုတ်လျှင် သူမ မစ္စတာရီကို ချော့မော့ပြီး သူမကို တစ်နေရာရာပြောင်းပေးရန် ပြောရပေတော့မည်။ စစ်မြေပြင်ကိုထွက်ခွာသွားသော ဗြိတိသျှတွေ ၊ အမေရိကန်တွေ ချန်ထားပစ်ခဲ့တဲ့ နေရာလွတ်တွေထဲက တိုက်ခန်းတစ်ခုခုမှာ သူမတို့နှစ်ယောက် မကြာမကြာတွေ့ခဲ့ကြသည်။ သူ သူမအတွက်သည်လိုနေရာ လေးတစ်နေရာလောက်တော့ ရှာပေးနိုင်ပါလိမ့်မည်။ ဒါပေမယ့် သည်လိုလုပ်လိုက်ရင်လည်း အရာရာကိုပိုလို့ ရှုပ်ထွေးသွား လိမ့်မည်။ သူဘယ်အချိန်သူမထံ ရောက်လာမည်လည်း ဆိုတာ သူမဘယ်လိုသိနိုင်ပါမည်နည်း ။သူ သူမထံသို့ အချိန်မရွေး အလစ်ချောင်းဝင်လာနိုင်သည် ။ သို့ပေမည့် သူတို့အရင်တစ်ခါတုန်းကလို အချိန်အသေအချာညှိနှိုင်းပြီး ချိန်းထားသည့်တိုင် လာခါနီးနောက်ဆုံးအချိန်ကျမှ စီးပွားရေးကိစ္စတစ်ခုကြောင့် သူဖျက်သိမ်းချင်ရင်လည်း ဖျက်သိမ်းပစ်နိုင်သည် ။ ရီကတော်သည်လည်း သူ့ယောက်ျားကို မျက်စိအောက်မှမလွတ်စေဘဲ စောင့်ကြည့်နေသဖြင့် ဂျေဆင်းဖို့ သူ့ဆီဖုန်းကြိုဆက်ထားရန်လည်း ခက်လိမ့်မည်။ သူမိန်းမရဲ့ ဘက်တော်သားသူလျိုတွေဟာ များပြားလှတဲ့သူ့ရဲ့ရုံးခန်းတိုင်းမှာ ခြေချင်းယှက်မတတ်ရှိကောင်းရှိလိမ့်မည်။ မသင်္ကာစရာ အချက်တစ်ခုခုများ ပေါ်လာလျှင်တော့ ၊ ကိစ္စကြီးတစ်ခုလုံး ပျက်ပြယ်သွားရတော့မည်။ ခပ်ထန်ထန် ရီကတော်၏ ပစားပေးခံရမှုကို ကျားကုပ်ကျားခဲကြိုးစားနေကြသော ၊ သိရလျှင် ချက်ချင်းအပြေးအလွှားသတင်းပေး မည့်သူများမှာ ရှန်ဟိုင်းတစ်မြို့လုံးတွင် ရှောင်မလွတ်အောင် ဖုန်းလွှမ်းနေလိမ့်မည်။ နောက်ပြီးတော့လည်း ဂျေဆင်းဟာ မစ္စတာရီ့ကို တမ်းတမ်းစွဲဖြစ်အောင် မြှုဆွယ်ထားနိုင်ခြင်း မရှိပါက၊ သူ သူမကို လမ်းဘေးမှာ စွန့်ပစ်သွားပေလိမ့်မည်။ မိန်းမတစ်ယောက်ကို တိုက်ခန်းပေးအပ်ခြင်းသည် ၀မ်ကျင်းဝေအစိုးရ၏ အတွင်းဝန် ၊ ၀န်ကြီးများက သူတို့၏ အမြှောင်မယားတွေကို စွန့်ပစ်ခြင်းအတွက် နစ်နာကြေးလက်ဆောင် ပင်ဖြစ်သည်။ ဒါ့အပြင် မစ္စတာရီရဲ့ရှေ့မှာလည်း တိုးတိုးဝှေ့ဝှေ့ရှိနေကြတဲ့ ဖြားယောင်းသွေးဆောင်မှုတွေလည်း များစွာရှိ၏ ။ တဒင်္ဂအတွင်းလေးမှာပင် အများကြီး ။ တကယ်လို့ တစ်ယောက်ယောက်သည် သူ့ရှေ့မှာ အကြာကြီးတည်ရှိမနေနိုင်ခဲ့လျှင် သူကျောခိုင်းသွားမှာ အမှန်ပင် ။ နောက်တော့ သူ့စိတ်အာရုံမှာ ထိုမိန်းမလုံးဝပျောက်ကွယ်သွားလိမ့်မည်။

သည်လိုအဖြစ်မခံနိုင်။

သူမကို သူ သံမှိုစွဲထားသလို စွဲလမ်းနေစေရမည်။ လုပ်ငန်းစရန် သူမ၏ရင်နှစ်မွှာတွင် သူ့နှာခေါင်းမြှုပ်နှံထား သည့်အခြေအနေမျိုးထိတိုင် သူမကိုစွဲလမ်းနေစေရမည်။

“မင်းရင်သားတွေဟာ ဟိုလွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကသည်လောက် မဖွံ့သေးဘူး” အနမ်း ၊ ရှိုက်သံတွေကြားမှာ သူခပ်တိုးတိုးရေရွတ်လျှက် သူမကိုပြောသည်။

သူ့ဦးခေါင်းဟာ သူမရဲ့ရင်မှာအပ်ထားတဲ့အတွက် ၊ ရှက်သွေးဖြာသွားတဲ့ သူမကို သူ မမြင်ချေ။

သည်အချက်ကိုသတိထားမိတဲ့ ကွမ်းယုမင်အပါအ၀င် သူတို့အဖွဲ့သားတွေရဲ့ ပြုံးဖြဲဖြဲအသွင်ကို ပြန်မြင်ယောင်မိတိုင်း ဂျေဆင်းရင်ထဲမှာ နင့်ခနဲ ခံစားသွားရဆဲဖြစ်သည်။ လင်ရွင်ရှန့်တစ်ယောက်သာ ယခုအခါတွင် သူမရဲ့ ရင်သားတွေ ဖွင့်ထွားလာခြင်းကို သတိမမူမိဟန် ဆောင်ထား၏။ သူမဘ၀ရဲ့ အစိတ်အပိုင်းအချို့ကို သူမစိတ်ထဲမှ နှင်ထုတ်ထားရန်လိုပါသည်။

နိုင်ငံခြားသားများကန့်သတ်နေရာမှာ အတော်လေးလှမ်းသေးသည်။ ဂျေဆင်းရဲ့လန်ခြားဟာ ဂျီအန်း ဘုရားကျောင်းနှင့် ဆေးမာ လမ်းမကြီးတို့ ဆုံရာလမ်းထောင့်သို့ရောက်လာသောအခါ သူမက လန်ချားသမားကို ကော်ဖီဆိုင်ငယ်တစ်ခုနားမှာ ရပ်ပေးဖို့ အမိန့်ပေးလိုက်သည်။ ဖြစ်နိုင်ချေ နည်းလင့်ကစား သူမပတ်ဝန်းကျင်ကို တစ်ပတ်ဝိုက်ကြည့်လိုက်တဲ့အခါ သူ့ကားရောက်နှင့်နေပြီ။ ကျယ်ပြန့်သော ကျောက်မီးသွေးလောင်စာကန် စက်ခေါင်းတပ်မော်တော်ယဉ်ဟာ လမ်းမရဲ့ အထက်ဖက်နားမှာ ရပ်ထားသည်ကိုသာ သူမတွေ့ရလေ၏။

ကာဖီဆိုင်သည် ၀ယ်ပြီးထုတ်ယူသွားရသည့် အစားအသောက်တွေကိုသာ အဓိကထားရောင်းရန် ရည်ရွယ်ထားသည့် ဆိုင်သာဖြစ်ဟန်ရှိ၏။ ဆိုင်၏အတွင်းပိုင်းတွင် ထိုင်စရာနေရာရှာရန်ပင်မလွယ်ချေ။ ၀င်ဝင်ချင်းတွင် ညစ်ထေးသောအတွင်းနံရံကို နောက်ခံထား၍ အနောက်တိုင်းဖြစ်ကိတ်မုန့် မျိုးစုံထည့်ထားသော အအေးခန်း သေတ္တာကြီးတစ်လုံးရှိသည်။ ဆိုင်တွင်းလူလျှောက်လမ်းရဲ့ ဘေးတစ်ဖက်က ဆေးအညိုရောင်သုပ်ထား သော၊ မညီမညာ ခပ်ကြမ်းကြမ်းနံရံ၏ အပေါ်မြင့်မြင့်မှာ မျက်စိကြိမ်းလောက်တဲ့ မီးအိမ် တစ်လုံးဟာ ထွန်းလင်းလျက်ရှိသည်။ ရေခဲသေတ္တာသေးသေးလေးတစ်လုံးရဲ့ ဘေးနားမှာတော့ တစ်ပတ်ရစ်အ၀တ်အထည် အရောင်းဆိုင်တစ်ခုရဲ့ မျက်နှာချက်တွေကတန်းတစ်လျှောက်မှာ အမျိုးသမီးဝတ်သင်တိုင်း တွေ ချိတ်ဆွဲထားသကဲ့သို့ ဆိုင်၏တရုတ်အစေခံ ၊ စားပွဲထိုးတွေရဲ့ စစ်ဘက်ဝတ်စုံနဲ့ ခပ်ဆင်ဆင်တူတဲ့ ယူနီဖောင်းတစ်စုံကို ချိတ်ဆွဲပြသထားသည်။

မစ္စတာရီ ဂျေဆင်းကို ပြောခဲ့ဖူးသည်။ သည်နေရာဟာ တင်ဂျီးပြည်နယ် ရှိ ရှေးအကျဆုံးနဲ့ အကျော်ကြားဆုံး အနောက်တိုင်းစားတော်ဆက် “ကစ်ဆလင်း” မှာအလုပ်လုပ်ခဲ့တဲ့ ပေါက်ဖော်ကြီးတစ်ယောက် ဖွင့်သောဆိုင်ဖြစ်သည့် အကြောင်းကို ။ သူမတွေးမိသမျှ သူ့ရဲ့အတက်တန်းစားမိတ်ဆွေတွေကို သည်ကော်ဖီဆိုင်မှာ ကြုံကြိုက်တွေ့ဆုံဖို့ အကြောင်းမရှိတဲ့အတွက်ကြောင့် သည်နေရာကိုရွေးချယ်ရခြင်း ဖြစ်သည်။ ဒါ့အပြင် ဆိုင်ဟာ လမ်းမကြီးပေါ်မှာရှိနေတဲ့ အတွက် သူ တစ်စုံတစ်ယောက်နှင့် ပက်ပင်တိုးတွေ့ရင်လည်း လမ်းကြိုလမ်းကြားမှာ ခိုးကြောင်ခိုးဝှက်တွေ့ရသလို သံသယဖြစ်စရာအကြောင်းမရှိချေ။ သည်နေရာမျိုးဟာ အကြောင်းကိစ္စတစ်ခုခုအတွက် ပွင့်ပွင့်လင်းလင်းတွေ့ဆုံကြောင်း တစ်ယောက်ယောက်ကို ပိရိစွာ လိမ်ညာဖုံးဖိနိုင်အောင် လည်းမြို့တွင်း အချက်အခြာနေရာတွင် ရှိသည်။

သူမရှေ့ ကော်ဖီမှာ အပူတစ်ဖြည်းဖြည်းသေသွားသည့် တိုင် သူမစောင့်ဆိုင်းလျှက်ရှိသည်။ အရင်တစ်ခါ တိုက်ခန်းတစ်ခုတွင် သူမတို့ နှစ်ယောက်တွေ့စဉ်ကလည်း သူက သူမအားတစ်နာရီ လုံးလုံးစောင့်ခိုင်းထားခဲ့သည်။ အကယ် ၍ တရုတ်လူမျိုးတွေဟာ အချိန်ကို တိကျလေးစားမှုမရှိတဲ့ သူတွေလို့ ဆိုကြလျှင် သူတို့နိုင်ငံရေးသမားတွေဟာ နောက်ကျခြင်းအနုပညာမှာ တစ်ဖက်ကမ်းခတ်သူတွေပဲ လို့ ဂျေဆင်း လေးလေးနက်နက်တွေးမိသည်။ အကယ်လို့သာ သူမနောက်အတော်ကြာအောင်ထပ်စောင့်ရဦးမည် ဆိုလျှင် သူမရောက်မှီ ကော်ဖီဆိုင် ပိတ်သွားနိုင်သည်။

ဆက်ရန် -