26 April 2008

မယ်ဥတောင် (ဇာတ်သိမ်းပိုင်း)

+++++++++

သည်တစ်ခေါက် အပြန်တွင်မှ သူ့ကို ကျတော်တွေ့ရတော့သည် ။ တွေ့ရသည်မှာ လွတ်လွတ်လပ်လပ်တော့ မဟုတ် ။ အဆောင်သည် အလည်လာသူများနှင့်ထူထပ်၏ ။ တွေ့စက ရှိုးတိုးရှန်းတန့် ဖြစ်သေးသော်လည်း ဘာမျှမဖြစ်ခဲ့ သလို နှစ်ယောက်စလုံး ဟန်ဆောင်ကောင်းကြ၏ ။ အဆောင်သည်လည်း သီးသန့်စကားပြော၍ ကောင်းသည့်နေရာမျိုး မဟုတ်ချေ ။ သည်ကြားထဲ သူ့ကောင်လေး အကြောင်းကိုလည်း အခြားမှ မသိမသာစုံစမ်းရသေးသည် ။ သိရသလောက်ဆိုရင် သူ့ကို သိပ်နားလည်ပေးတယ်ဆိုပဲကွယ် ။

မဖြစ်နိုင် ။

သူ့ အပေါ် ငယ်ငယ်တည်းကပေါင်းလာသည့် ကျတော်လောက်မည်သူမျှ သူ့အပေါ်နားမလည်နိုင် ။ သူ့အပြုံး အမျိုးမျိုး အပေါ် ကျတော်လောက် ဘယ်သူအဓိပ္ပာယ်နားလည် လိမ့်မလဲ ။ စိတ်ဆိုးတာကို သိစေလိုလို့ ကျတော့်ကို ခပ်စောင်းစောင်းကြည့်တတ်တဲ့ မင်းကို ပိုစိတ်ဆိုးလာအောင် ဘယ်လိုစရမလည်း ဆိုတာ ကျတော်ထက်ဘယ်သူမှပို မသိနိုင်ပါဘူးကွာ ။ တစ်ခုတော့ ရှိမှာပေါ့ မင်းကောင်လေးကတော့ မင်းကို ချော့ဖို့ ကြိုးစားလိမ့်မယ် ။ တကယ်တကယ်တော့ တစ်ယောက်နှစ်တစ်ယောက် တည့်ရှူနေမှ ချစ်သူ မမြည်ပါဘူး ။

တွေ့ကြတော့ သူကဘာမျှ မဖြစ်ခဲ့ဟန် ၊ ကျတော် စကားတွေကို မေ့ရက်ပြီး ခံစားချက်တစ်စုံတစ်ရာ မှန်းဆလို့ မရပဲ ဟန်ကောင်းစွာ လက်ခံတွေ့ဆုံခဲ့သည် ။

ဒါပေမယ့် စကားပြောကောင်းလှတဲ့ သူဟာ သူ့ချစ်သူအကြောင်းကို ညှပ်ကာ စကားအလှဆင်တတ်သည် ။ သည်တော့ ဟန်ကောင်းလှသော ကျတော်ကလည်း ဘာမှမသိသည့်ဟန် ၊ အရေးမစိုက်ဟန်ဖြင့် စကားကို ကျော်ပြီး ခပ်ပြောင်ပြောင်ပင် မသိဟန်ဆောင်၏ ။ သူ့ရဲ့စကားတွေဟာ ကျတော့် အသည်းကို ဓားနှင့်မွှန်းသလို ခံစားရစေတာ သူမသိတော့ပြီလား ။ ငယ်စဉ်တုန်းက အတန်းထဲမှာကျတော် အရိုက်ခံရတိုင်း ဆရာရှေ့မှာ ကြောက်ကြောက်နှင့် စာရွက်ထောင်ပြပြီး “နင်သိပ်နာလား” လို့ စာရေးမေးတတ်တဲ့ သူသည် ခုတော့ အသည်းနှလုံး ဟတ်တတ်ကွဲနေသည်ကိုတော့ ကြည့်နိုင်ရက်ပြီလား ။

အနည်းဆုံး ကျတော်ကို ငဲ့သင့်ပါသည် ။ ချစ်ရင် အရှက်ကိုပယ်ရမည်တဲ့လား ။ တစ်သက်လုံး ဘယ်အခါမျှ မချစဖူးသော မျက်နှာထားဖြင့် သူ့ရှေ့မှာ ဒူးထောက်ရမည်တဲ့လား ။ တစ်ခုတော့ ရှိသည် ။ သူကျတော် ချစ်သည်ကို စကားမျှသာကြားဖူးသေးသည် ။ ဒါတောင်မျက်နှာချင်းဆိုင်မဟုတ် ။ သူ့ကို ဘယ်လောက် ချစ်ရသလဲသူသိရင်ရော ။ စိတ်ပြန်လည်လာ နိုင်ပါသေးသည် ။ ကျတော်နှင့်သူ မျက်နှာချင်းဆိုင် ဆွေးနွေးကြရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ ။ သည်အဖြေဟာ ကျတော်ကို စိတ်ချမ်းသာစေချင်တယ်တဲ့ အဖြေဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ ။ ဘယ်လို လုပ်ရမလဲလို့ ခေါင်းတောက်အောင်စဉ်းစားရတယ် ။ မင်းကို တစ်သက်လုံးမျှော်လင့် ပါရစေလို့ပြောရမလား ။ မင်းချစ်သူမင်းကို ထားရစ်ခဲ့တဲ့ နေ့အထိ ကျတော်စောင့်နေပါရစေလို့ ပြောရမလား ။ သည်လိုဆိုရင်တော့ ကျတော့်သိက္ခာ ဘယ်အဆင့်အထိကျသွားမလဲ ။ မင်းချစ်သူကရော မင်းကိုပစ်သွားမှာလား ။ သည်လိုအတွေးတွေကို နိဂုံးချုပ်နိုင်ဖို့ မယ်ဥတောင်မှာ မင်းကိုစောင့်နေမယ့် ကျတော်ဆီကို သည်နေ့ညနေလာခဲ့ပါ ။ ခင်မင်တဲ့ ဥယျောဇဉ် သနားမှုလေးနဲ့ ဖြစ်ဖြစ်လာခဲ့ပါကွယ် ။ မနေ့ညက ဖုန်းထဲမှာပြောခဲ့တယ် ။

“အဆောင်က လူတွေကြားမှာ တွေ့လို့ကောင်းပေမယ့်၊ ကွယ်ရာမှာတော့ နှစ်ယောက်ထဲ ….”

“ငါစောင့်နေမယ် ငယ် ..”

“နောက်ပြီးတော့ ငါ့သူအပေါ် သစ္စာ ……”

“လာခဲ့ပါကွယ် ။ ကျတော်စောင့်နေမယ် ၊ ဒါပဲကွာ”

နောက်ပြောမယ့် စကားတွေကို မကြားရဲလို့ ဖုန်းချလိုက်တယ် ။ တစ်သက်လုံး ဆုတောင်းတယ်ဆိုတာကို မုန်းခဲ့တဲ့ကျတော် လာခဲ့ပါဆိုတဲ့ စကားကို ဆုပန်သလို ရွတ်တယ် ။ လာခဲ့ပါနော်ကွယ် ။ လာခဲ့ပါ ။

တောင်ထိပ် ရင်ပြင်ပေါ်ကို ရောက်တော့ စောပါသေးတယ် ။ ဘုရားဖူး အနည်းငယ်နှင့် ပန်းသည်အချို့တွေ့ ရသည်။ အလှူခံ မဏ္ဍပ်မှ ခပ်ပေါ်သီချင်းသံ သဲ့သဲ့ကိုကြားရ၏ ။ မမဥ၏ ပုံတော် အစစ်ကိုဖူးမျှော်ကြည့်ဖို့ စိတ်မကူးမိ ။ တောင်တော် ၏ ရှုခင်းသည် အတော်လေးကိုလှပါသည် ။ အိမ်ရှေ့မင်းထန်းတောရဲ့ နေ၀င်လုချိန်အလှ ၊ မန္တလေး- မတ္တရာ မီးရထားလမ်းကိုလည်း ခပ်ဝါးဝါးမြင်ရသည်။ အနောက်ဘက် ရင်ပြင်က ထိုင်ခုံပေါ်တွင်အတွဲတစ်စုံ ထိုင်နေတာ တွေ့ရသည် ။ လူသူရှင်းသော လူမြင်ကွင်းလည်းဖြစ်သော ထိုင်ခုံတစ်ခုံပေါ်တွင် ထိုင်လိုက်သည် ။ တောင်ပေါ်လေခပ်အေးအေးလေးသည် တောင်တက်ရ၍ မောပန်းသော ကျတော်ကိုဆီး၍ နှစ်သိမ့်၏ ။ မင်းအတွက်မောရတဲ့ အမောတွေကိုရောမင်းလားလို့ နှစ်သိမ့်မှာ မဟုတ်လားကွယ် ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် သီချင်းတစ်ပုဒ် တိုးတိုးလေး ညည်းမိသည် ။

“မင်းငါ့ အသည်း ငါ့အချစ်ပဲ

မင်းလေးဟာ ငါ့အတွက်ပဲ

လွန်တယ်လို့ မင်းမထင်နဲ့”

တစ်ယောက်ထည်း ပြုံးနေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့မိရင် ကြောင်တယ်လို့ မတွေးမိပါနဲ့ ။ သူ့ ရင်ထဲက မျှော်လင့်မှုအပျော်တွေကို ဂရုပြုကြည့်ရင် သင်မြင်ရမှာ သေချာပါတယ် မိတ်ဆွေ ။

(၃)

ညိုညို့ စံရာ … သုကြိုတ်မင်းတို့ အသင်းဖွဲ့တဲ့ နေရာတွင် …

ခေမာတစ်ခွင် …. သေလာပင် ခေမာတစ်ခွင့် ….

နန်းတော်ရှေ့ကဆရာတင် … ဗြိဇင်ပန်းကိုလက်လှမ်းလျှက်သာပင်…

အထက်နန်းတစ်ဝိုက်ကိုဝင် ….ရက်ကန်းခတ်သံကြားရမြဲတဲ့ နားဝမှာပင် ….

အပေါ်မြင့်မြင့်သို့ မျှော်လင့်စိုက်ရာတွင်…

ကျေးဇူးရှင်…. နေညိုနု … ရွှေလိုရှု …

မေပျိုဥရဲ့ တောင်တော်အ၀င်…. ။ ။

+++++++++

အနောက်ဘက် အိမ်ရှေ့မင်းထန်းတော၏ ထန်းပင်စိပ်စိပ်တွေကြားမှာ နေမေးခိုနေပြီ ။ သာမန်အချိန်သာဆို ခဲ့လျှင် သည်လောက်လှတဲ့မြင်ကွင်းသည် စိတ်ကူးယဉ်တတ်သူတစ်ယောက် အဖို့ငေးမောခံစားစဖွယ် မြင်ကွင်းမျိုး ။ နီရောင်တောက်နေသည့် ၀င်လုဆဲနေမင်းကို လှပတဲ့တင်စားမှုတစ်ခုခုပြုနိုင်ပေလိမ့်မည် ။ ခုတော့ သည်နေမင်းသည် ကောင်းကင်တွင် အနာကြီးပေါက် ၍ သွေးတွေစီးကျနေသလို ရွံမုန်းစက်ဆုပ်ဖွယ် ကောင်းနေသည် ။ နေ၀င်မိုးချုပ်တော့မည်ဆိုတာ ဟုတ်ပမလား ။ ကျတော်စိတ်ထင်နေတာပဲ ဖြစ်ရမည်။ အချိန်၏ကန့်သတ်ချက်တွေကို လက်မခံပရစေနဲ့လားကွယ် ။

ငှက်တွေအိပ်တန်းပြန်ကျပြီ ။ စောလှချည်လားကွယ် ။ မိုးချုပ်နေပြီဆိုတာကို မင်းတို့ဘယ်လိုသက်သေပြမလဲ ။ ထန်းတောမှ မင်းကြီးကျော်၏ ညီဘွားတို့၏ အိမ်ပြန် ကား ၊ဆိုင်ကယ်မီးရောင်လဲ့လဲ့လည်း မှောင်စပြုသော ပတ်ဝန်းကျင်တွင် လင်းလက်လွန်းစွာ ထွက်ပေါ်လာတတ်သည်။ ပြန်ကျပါနဲ့ ဦးလား ၊ မှောင်မှ မမှောင်သေးပဲ ။ ရင်ပြင်ပေါ်မှာ တော့ဘုရားဖူး အနည်းငယ် ၊ နတ်ကတော် တစ်ပါးရှိသေးသည်။ သူတို့ရော ပြန်ကျတော့ မလို့လား ။ ငါစောင့်နေတာ ကြာမှ မကြာသေးတာ ။

မန္တလေး- မတ္တရာ မီးရထားလမ်းမှ မန္တလေးပြန်မီးရထားတစ်စီး ဖြတ်ကျော်ခုတ်မောင်းသွားတာကို အဝေးမှာမြင်ရ၏ ။ “ရထားသံကို ဗဟိုပြုရတယ် ” လို့ပြောကြသော အနီးအနားရွာတွေက ဈေးသည် ၊ ပန်းသည် အချို့လည်းပြန်ဖို့ အဖော်ညှိနေကြပြီ ။ စောစောက အတွဲကိုလည်းမတွေ့တော့ ။ ပြန်သွားကြပြီထင်ရဲ့ ။ အလှူခံ မဏ္ဍပ်ကတော့ ပြန်ကျတော့မယ့် လူတွေထံမှ အလှူတော်ငွေရလိုရငြားထင်ရဲ့ သီချင်းသံပိုလိုကျယ်လာသည် ။
သူမလာတော့ဘူးလား ။ ကျတော့်အပေါ် ငဲ့ညှာစိတ်နည်းနည်းလေးတောင် မရှိဘူးလား ။ ဒါမှမဟုတ် ကျတော်ကို မယုံကြည်တော့ဖူးလား ။ သူ့အပေါ်ချစ်တာကလွဲလို့ အခြားစိတ်ယုတ်တွေမ၀င်ခဲ့ကြောင်း သူသိအောင်ကျတော် ဘယ်လိုပြောပြရတော့မှာလဲ ။ ချစ်သူရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို မတန်မရာချစ်ခွင့်ပန်ခဲ့တဲ့ အဆင့်အတန်းမဲ့တဲ့ ယောက်ျားတစ်ယောက်ဖြစ်သွားပြီလား ။ သည်အချိန်မှာ သူ့ကောင်လေးနဲ့ ကျတော့်အကြောင်းပြောပြီး ဟားတိုက်နေမလား ။ ရှက်စရာကောင်းလိုက်တာ ။ အောက်တန်းကျလိုက်တာ ။ သည်ခံစားချက်သည် ယောက်ျားတစ်ယောက်ကို ဖုန်းဖုန်းလဲကျသွားနိုင်လောက်အောင် ထိုးနှက်ချက်ပြင်းထန်သည် ။

သူသည်ကို မလာနိုင်လောက်စရာ အကြောင်းမမြင် ။ ထိုမျှလွတ်လပ်သော ၊ ပြည့်စုံသော မိန်းမတစ်ယောက်သည် သူကိုယ်တိုင် လာလိုပါက တားနိုင်သည့်အရာမရှိပါပေ ။ သူ့ကျတော်ကို တကယ်အရေး မစိုက်တော့တာလား ။ သည်လိုဆိုရင်လည်း အစ တွေ့ဖို့လာကတည်းက မတွေ့လိုဟု ငြင်းလိုက်ပါတော့လား ။ ခုတော့ သက်သက်အရူုးလုပ်ရက်သည် ။ သူ့ချစ်သူအပေါ်ထားတဲ့ သစ္စာတဲ့လား ။ သည်လိုဆို သူ့ကို တစ်ဖက်သတ်ချစ်ရတဲ့ ကျတော်ဟာအရူး သက်သက် စိတ်ကူးယဉ်နေတဲ့ သူလား ။ သူကျတော့်ကိုတွေ့တော့ ၀မ်းသာအယ်လဲ ကြိုဆိုတာ မိန်းမမာယာလား ။ ကျန်းမာရေးကို ဂရုစိုက် ဘာညာနဲ့ဆုံးမစကား ပြောတာရော လောက၀တ်အတွက် စကားသက်သက်လား ။ သူ့မျက်ဝန်းမှတွေ့ ရတဲ့ ငြိတွယ်တဲ့ အကြည့်ဟာလည်း ကျတော့် စိတ်ထင်ယုံသက်သက်လား ။

“စိတ်ကူးသိပ်မယဉ်ပါနဲ့ ဟာ ၊ နင်နဲ့ ငါဟာ မဖြစ်နိုင်တော့ ပါဘူး ၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အသွင်လည်းမတူကြဘူး ၊ ခုငါသင့်တော်တယ် ထင်လို့ရွေးချယ်ထားတဲ့ ချစ်သူလည်းရှိနေပြီ ။ နင်လည်းဟိုမှာ တွေ့မှာပါ ၊ ငါသွားတော့မယ် ”

- လို့ပြောပြီး မျက်နှာအောက်စိုက် ခေါင်းငုံ့ပြီး ထွက်သွားခဲ့တဲ့ မင်းရဲ့ မျက်လုံးမှာ ကျတော့်လို ဆို့နစ်ကြေကွဲတဲ့ မျက်ရည်စတွေရှိလိမ့်မယ်လို့ ယုံကြည်ခဲ့တာဟာ မှားများသွားပြီလား ။ ပြောပါဦးကွယ် … ။

လွမ်းစရာကိုနာစရာ နှင့်ဖြေရာ၏ ။ သည်စကားသည် တော်တော်မှန်ပါသည် ။ သည်လိုသူ့ကို နာကြည်းစေမှု အတွေးတွေသည် နာကျင်သောရင်ကိုအနည်းငယ်တော့ သက်သာစေပါသည် ။ ဒါဟာ မိန်းမတစ်ယောက်ကို ချစ်မိတဲ့ ယောက်ျားတစ်ယောက်ရတဲ့ ဆုလဒ်တဲ့လား ။ အပြန်တွင်လူ ရှင်းနေသည် ။ အလှူခံ မဏ္ဍပ်မှာ အမှတ်တရ တစ်ခုခုလှူရဦးမည် ။ ယောက်ျားတစ်ယောက်ကျဆုံးခန်း အထိမ်းအမှတ်လား ။ တစ်ဖက်သတ်အချစ်တစ်ခု ၏နှုတ်ဆက်ပွဲအထိမ်းအမှတ်လား ။ ပိုက်ဆံကို ဖလားထဲထည့်လိုက်တော့ လူကြီးတစ်ယောက်က ဖြတ်ပိုင်းပေးရန် နာမည်ကိုမေး၏ ။ အချစ်ရှုံးသမား ဒဿဂီရိလို့ပေးရမလား ၊ ဒါမှမဟုတ် ရာဇ၀င်မှာထင်ရှားတဲ့ အခြားအချစ်ရှုံးသမားတစ်ယောက်ရဲ့ အမည်ဖြစ်ဖြစ်ပေါ့ ။ ခေါင်းယမ်းပြသော ကျတော့်ကို နားမလည်သလို ကြည့်ရင်းထို ဦးလေးကြီးကျန်ရစ်သည် ။ှ ရီရီသန့် ၏ “မယ်ဥတောင်” သီချင်းခြေဆင်း ကို မဏ္ဍပ်စပီကာမှ ကြားရ၏ ။ သာယာမှု ကင်းလေချင်း…. ။

အပြန်အဆင်းလမ်းတွင် အလာက သရဖီပင်ကို အသွင်တစ်မျိုးဖြင့်မြင်ရသည် ။ သစ်ပင်သည်သစ်ပင်ပေပဲ ။ သစ်ပင်ရဲ့ အပွင့်ဟာလည်း သစ္စာ ၊ မေတ္တာတွေနဲ့ ဘာဆိုင်တာမှတ်လို့ ။ ကျတော်သည် ရည်ရွယ်ချက်တစ်စုံ တစ်ရာမရှိဘဲ သရဖီပန်းကြွေများကို ကောက်ယူနေ၏ ။ သူ့သည်ပန်းတွေကို ပန်ချင်မှာ မဟုတ်ပါဖူး ။ ဒါပေမယ့် တစ်နေ့ကျရင် ငါကောက်ပေးတဲ့ ပန်းကို တမြတ်တနိုးပန်ဆင်မယ့် မိန်းကလေးတစ်ယောက်ကို တွေ့ရဦးမှာပါ ။ ဒါပေမယ့် ဘယ်လိုပန်းပဲဖြစ်ဖြစ်သည်ပန်းဟာ မယ်ဥတောင်က ပန်တော်ပန်းဆက်တဲ့ သရဖီပန်းတော့ ဖြစ်တော့မှာ မဟုတ်ပါ ။ ကျတော်နောက်တစ်ချိန် သည်တောင်ကို မလာဖို့သေချာသွားလေပြီ ။

“ …မဆုံသူများ ရောက်ကြရင် လွမ်းသလို… ဆွေးသလို ငိုချင်သလောက်ပင်… “

စပီကာမှာ အသံသည် ကျတော့်နားဝတွင် အကျယ်ကြီးလာဟစ်အော်သလို ဆူညံသွားသည် ။ မဆုံသူများတဲ့လား ။ လက်နှစ်ဖက်ကို လက်သီးတင်းတင်းကြီးဆုပ်လိုက်သည် ။ ရင်ထဲက ဝေဒနာတွေ အကုန်လုံး လက်အားတွင်ပါသွားလေပြီလား ။ လက်ထဲမှာ သရဖီပန်းလေးများ ထောင်းထောင်းကြေ နွမ်းသွားလောက်ပြီ ။ အဆင်းလှေကားထစ်များ ကိုမြန်မြန်ဆင်းလိုက်သည်။

“မုန်းချစ် စိမ့်လှပါတယ် ….. လိပ်ပြာတောင်ငယ်သေးပင် အဝေးကပဲမကြည့်ချင်…
တောစံပယ်ပန်းလေးက… ဘေးအကျ.. မွှေးလှတယ်ရှင် ….. ”

ရီရီသန့် ၏ တေးသံသည် လေတွင်ပျံ့လွင့်လျက် …..

ကျတော်လက်ထဲမှ သရဖီပန်း နွမ်းများသည် လှေကားထစ်ခြေနင်းများပေါ်တွင် ပျံ့ကြဲလျက် …..

မွှေးပျံဆဲ မွှေးပျံ့လျက် …… ။ ။

+++++++++

ယောက်ျားတွေဟာ ကိုယ့်ဖို့ကိုယ်သာ ကြည့်သည့်အတ္တသမားတွေလို့ သူငယ်ချင်မိန်းကလေး တစ်ယောက် စွပ်စွဲတာ ကြားဖူးသည်။ ကိုယ်ကိုပြန်မကြိုက်တာနဲ့ ထို မိန်းမကို မုဆိုးတစ်ပိုင်းမိန်းမရိုင်းလို့တင်စား တတ်ကြသည်တဲ့လေ ။ ကျတော်ဟာ သည်လိုယောက်ျားတွေထဲက သာမန်ယောက်ျားတစ်ယောက် သာဖြစ်ပါသည် ။ သည်တော့ မယ်ဥတောင် မမဥသခင်မ ရဲ့ သစ္စာပန်း သရဖီပန်းရဲ့တန်ဖိုးနှင့်အလှ ကိုလည်းနားမလည် ၊ မိန်းမတစ်ယောက်၏ စောင့်ထိန်းအပ်သော သစ္စာနှင့် ပြတ်သားမှုကိုလည်း တန်ဖိုးထား နားလည်မပေးနိုင်တာ မဆန်းပါချေ ။ ချစ်သူအပေါ် သစ္စာစောင့်သိသော မိန်းမတစ်ယောက်ရဲ့ အလှဟာ ယောက်ျားတစ်ယောက်ရဲ့ မာနအချိုးခံရခြင်းကို နှစ်သိမ့်ပေးနိုင်လောက်အောင်တော့ အစွမ်းထက်မည် မဟုတ်ချေ ။

အိမ်အပြန်လမ်းသည် လေတစ်ဖြူးဖြူးနှင့် စိတ်လက်ပေါ့ပါးဖွယ်ဖြစ်၏ ။ ထူပူမှုသည် အတော်လေးအရှိန်သေ သွားပြီ ။ ဆိုင်ကယ်စီးရင် သီချင်း ညည်းရတာလည်း အတော်စိတ်ပေါ့ သွားစေပါသည် ။ ကျတော် မဲ့ပြုံး ပြုံးနေတယ်ဆိုရင် ယုံနိုင်ပါမည်လား ။ သီချင်းသံသည် လေ၀ယ်လွင့်လေ၏ ။

“အချစ်ကြောင့် ကျရတယ် မျက်ရည်လေးတစ်စက်နှစ်စက်ရယ်
အချစ်ကြောင့် သောက်ရတယ် အရက်ချိုလေး တစ်ခွက်နှစ်ခွက်ရယ်
အချစ်ကြောင့် ပျက်ရတယ် ငါ့ရည်မှန်းချက်တို့ရယ်
မလိုအပ်တော့ပါ ….. တကယ်မလိုအပ်တော့ပါ …..
………………………………………………………” ။ ။

အောင်ဖြိုး
(၂၇ ၊ ၃ ၊ ၂၀၀၈)
( နန်းတော်ရှေ့ဆရာတင် ၏ “မယ်ဥတောင်” သီချင်းကို ပွားယူခံစားသည်။ )

1 comment:

Rita said...

အခါလွန်တဲ့မိုး