ဆရာမခင်ခင်ထူးရဲ့ "ပန်းကြာဝတ်မှုန်" ကိုဖတ်ရင်းက တသသခံစားရသည်မှ တစ်နွယ်ငင်တစ်စဉ်ပါ ဆိုသလို ဆရာမကြီး "ကြည်အေး" ရဲ့ ကဗျာတွေကို သေသေချာချာ ဖတ်ဖြစ်သွားတယ် ။ ကဗျာတွေအတွက် ခံစားချက်လည်း ရှိသည်မို့ အချို့အတွက် မျက်ရည်ကျ ၊ အချို့အတွက် ရင်ခုန် ၊ အချို့အတွက် လှိုက်မောခံစားရင်းက သည် ဝတ္ထုလေးကို ရေးဖြစ်လိုက်တာပါ ။ "မြစ်လယ်မှာ ချစ်လှယ်တုန်းက" ကိုလည်း ပြန်လည် ခံစားမိရင်းပေါ့ ။ မိန်းကလေးတစ်ယောက် နေရာကနေ ခံစားထားတဲ့ စိတ်ကူးယဉ် ဝတ္ထုလေးကို ခံစားပေးကြပါဦး ။
“မြစ်ရေပြင်လှေလူးလို့
ချစ်ဦးမေနှင့်မောင်
ပန်းခူးရအောင်”
ကဗျာတွေကို ကျမ မကြိုက်ပါ။ မုန်းတယ်လို့ မဆိုနိုင်တောင် ၊ မည်သည့်ကဗျာကိုမှ ကျမ မချစ်နိုင်သေးတာလည်းပါပါ့လိမ့်မည် ။ ဆယ်တန်းတုန်းကတောင် ဘာသာစုံ ဂုဏ်ထူးမထွက်မှာ စိုးလွန်းလို့ မြန်မာစာ ကဗျာတွေကို မဖြစ်ဖြစ်အောင် အလွတ်ကျက်ခဲ့ရသည်။ လွယ်လွယ်ကူကူ ပြောရင်ရတဲ့ အဓိပ္ပာယ်ကို ဘာကြောင့်များ အလင်္ကာဂုဏ်မြောက်အောင် သွယ်ဝိုက်ဖွဲ့ဆို ကြတာပါလိမ့် လို့ ကျမ မကြာမကြာတွေးမိခဲ့ ဖူးသည်။ သည်လိုအချိန်တုန်းမှာ မောင်ကတော့ သည်ကဗျာအလင်္ကာတွေကြားမှာ ပျော်မွေ့ကောင်း ပျော်မွေ့ နေမှာပေါ့ ။ သည်တုန်းကတည်းက မောင် နှင့်ကျမ သိခွင့်မရှိကြသေးတာပင် ခပ်ကောင်းကောင်းလို့ ခုတော့ ကျမတွေးတတ်ပြီ။ သည်ကတည်းကတွေ့ခဲ့လို့ ရှိရင်လည်း ကျမနှင့်မောင် တစ်ဦးကိုတစ်ဦးနားလည်နိုင်ပြီး အစစညှိယူနိုင်ကောင်း နိုင်ပေမည်။ ဒါမှမဟုတ် သည်ထက်စောစီးစွာ ကျမတို့ ….. ။ မောင်က ဘယ်အရာကိုမှ အကောင်းဘက်ကချည်း မတွေးပါနဲ့လို အမြဲပြောခဲ့ဖူးသည် ။ ကျမကတော့ မောင်ဟာ အဆိုးဘက်ကိုတွေးလွန်း သည်လို့ပဲ ယူဆချင်သည်။
အရာရာဟာ အကောင်းဘက်ကနေတွေးရင် ဝေဒနာ တစ်ဝက်လောက်တော့ သက်သာတတ်တယ်ဆို တာ မောင်မသိခဲ့ဘူးလား ။ ဒါမှမဟုတ် မောင်ဟာဝေဒနာတွေကို အရသာတစ်ခု အဖြစ် ခံစားနေတာလား။ မောင့်မှာ ခံစားတတ်တဲ့ အသည်းနှလုံးရော ရှိရဲ့လား ။ ကျမသေချာမသိပါ ။ မောင့်ကို ဘယ်လိုလူမျိုးလည်းလို့ ကောက်ချက်ချနိုင်လောက်အောင် မောင့်စိတ်ကို ကျမထွန်းဖောက် ကြည့်ခွင့်လည်း မသာခဲ့ပါ ။ အထူးသဖြင့် ကျမတို့လို သာမန်ထက်ရင်းနှီးသည်လို့သာ ဆိုနိုင်သော ဟိုမရောက်၊ သည်မမည် ရင်နှီးမှုမျိုးမှာ အခုထက်ပို၍ လည်း မောင့်အကြောင်း သိခွင့်မသာခဲ့ပါ ။ အရာရာကို ခပ်ပေါ့ပေါ့သာ နေတတ်၊တွေးတတ်သော မောင့်တွင် အလေးအနက်ထား စရာတစ်ခုခုများ ရှိလေမလားလို့ စူးစမ်းလို စိတ်ကလေးရှိသော်လည်း ကျမက လူကဲခပ်လည်း မကျွမ်းကျင်ပြန် ။
ခုလည်းကြည့်လေ ။ သည်စာအုပ်တွေကို မောင့်ဘာကြောင့် ကျမဆီလာပေးတာလဲ ။ မောင့်ကို သတိရနေ စေချင်လို့တော့ ဟုတ်ဟန်မတူ ။ စာအုပ်လေးအုပ်ကတော့ တိုးတက်ကြီးပွားရေး ၊ ဘဝအောင်မြင် ရေး စာအုပ်တွေ ။ မောင့်ဆီက ကျမ တစ်ခါတစ်ရံ ငှားဖတ်တတ်တဲ့ စာအုပ်မျိုး ။ မောင်ကတော့ သည်လိုစာအုပ် တွေကို မောင့်ဖေဖေ စာအုပ်စင်က လှန်တောင်မကြည့်ဘူး ဖူးလို့ ကျမကိုပြောဖူးသည် ။ ခု သည်ဟာတွေ ကိုမြင်တော့ ခပ်ထေ့ထေ့ ကြည့်တတ်တဲ့ လှောင်ပြောင်တဲ့ မောင့်အကြည့်ကို ဖျက်ခနဲ ပြေးမြင်မိပြန်သည် ။ နောက် စာအုပ်တစ်အုပ်ကတော့ ပါးပါးသေးသေးလေး ။ သေချာကြည့်တော့ ကဗျာစာအုပ်တစ်အုပ်ဖြစ်နေသည် ။ ကဗျာ အချို့မှာ မှင်နီဖြင့် မျဉ်းသားထားသေးသည် ။ နောက်တော့ အပြားခပ်ကြီးကြီး စာအုပ်ခေါက်သည့် ကပ်ထူပြားလေးလည်းပါသေး၏ ။ အမှတ်တမှဲ့ လှန်ကြည့်မိတော့ မျဉ်းသားထားတဲ့ စာသားလေးတစ်စ ။
“လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဦးကဗျာတည်တဲ့ ၊ ငှက်ပလီခြုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း”
+++++
မောင့်ကို ကျမ ဘယ်တုန်းကစတွေ့တယ်ဆိုတာကို သေချာကြီးသတိမထားမိခဲ့တာလည်း အမှတ်ရသည်။ သည်တုန်းက ကျမ ဆယ်တန်းဖြေပြီးလို့ သင်တန်းတွေ တစ်ခုပြီးတစ်ခုလိုက်တတ်ချိန် ။ သည်ကတည်းက တစ်နေ့ ကျမဘာဖြစ်ရမယ် ဆိုတာ ကိုယ့်ကိုကိုယ် ပန်းတိုင်သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါသည်။ ဘယ်သူ့ကိုမှတော့ ကျမဖွင့်မပြော ။ မိဘတွေကိုတော့ ကျမရဲ့စိတ်ကူးကို ဖွင့်ဟတိုင်ပင်မိသည်။ သည်လိုနှင့် ပြည်တွင်းကျောင်း တွေတောင်မှ မလျှောက်ဖြစ်ဘဲ အရေးတကြီး သင်တန်းတွေလိုက်တက်မိနေချိန် ။
ကျမတို့ခေတ် လူငယ်တွေဟာ သင်တန်းတွေနဲ့ မကင်းနိုင်ကြဘူးနော်လို့ ကျမကို မောင်ပြောခဲ့ဖူးသည် ။ ဟုတ်ပမောင်ရယ် ။ ကျမတို့လို ပညာရေးသင်တန်းတွေ ၊ ကွန်ပျူတာ သင်တန်းတွေ ၊ နောက် Gym စတာတွေရော မော်ဒယ်သင်တန်းတွေမှာတောင် လူငယ်တွေမှ အများကြီး ။ သည်ထဲကမှ ဘယ်လောက်ဟာ ရည်ရွယ်ချက်ကို ပေါက်ရောက်ပြီး ဘယ်လောက်ဟာ အလဟသ ကုန်ဆုံးသွားရ သလဲ ကျမသိချင်သည်။ ကျမကတော့ ကိုယ့်ရည်ရွယ်ချက်တစ်ခု အတွက် ငွေကြေး ၊ အချိန်တွေ ရင်းနှီးထားရတဲ့ သင်တန်းတွေဟာ အကျိုးရလဒ်တစ်ခုခုပြန်ရမှ တန်သည်လို့ထင်သည်။ ကျမလို လူတိုင်းဘယ်တတ်နိုင်မှာ လည်း လို့မောင် ကျမကိုဝေဖန်ဖူးသည် ။ “ကျတော်ကိုယ်တိုင်တောင် ခင်ဗျားပြောတဲ့ ခပ်ညံ့ညံ့ ကောင်မျိုးထဲ ကပါ” လို့ မောင်ကိုယ်တိုင် ဝန်ခံဖူးသည်လေ ။
သင်တန်းတွေမှာ မိန်းကလေးသဘာဝ ခပ်ချောချော ယောက်ျားလေးတွေနဲ့ စာတော်ထက်မြက်တဲ့ ယောက်ျားလေးတွေကိုသာ မျက်မှန်းတမ်း သတိထားမိသော ကျမအတွက် မောင်ဟာဘယ်မျိုးထဲမှာ မှ မပါတော့ ကျမ မသိတာမဆန်းလှပေ။ မောင်နှင့် ခင်မင်ရတာတော့ မောင်ဟာ ကျမသူငယ်ချင်း မိန်းကလေးနှင့် တစ်မြို့ထဲသားတွေ ဖြစ်လို့ သူမိတ်ဆက်ပေးရင်းခင်သွားကြတာပဲဖြစ်သည် ။ သည်တုန်းကမောင်ဟာ တစ်တန်းလုံးက ယောက်ျားလေးတွေထဲမှာ ဝတ်တာစားတာ အပိန်းဆုံး ၊ ရန်ကုန်ကို ရောက်စမို့ထင်သည် ခေါ်ခေါ်ပြောပြော နှုတ်ဆက်မည်သူ့ မတွေ့ပဲ ခပ်တင်းတင်းမျက်နှာထားနဲ့ စာထိုင်ဖတ်နေတတ်တာကိုပဲ ကျမက မှတ်မှတ်ထင်ထင်ရှိ ခဲ့ရသည် ။ ဂျစ်ကန်ကန် အရေးမစိုက်တဲ့ မျက်နှာပေးကို ခပ်ချဉ်ချဉ်ရှိရာက ခင်မင်လာပြီးနောက်မှာမှ ပြုံးပြဖော် ရတော့ ခင်မင်ဖွယ် ကောင်လေးတစ်ယောက်လို့ ကျမသိခဲ့ရသည် ။ နောက် ခပ်ပြုံးပြုံး စကားပြောတတ်တဲ့ မောင်ဟာ အရင်ထင်သလောက်တော့ ရုပ်မဆိုးဘူးလို့လည်း ကျမစိတ်ထဲ လက်ခံလာမိသည် ။
နောက်တစ်ခု သတိထားမိတာကတော့ မောင်ဟာ သင်တန်းတွေကို စိတ်ပါဝင်စားတတ်နေတာ မဟုတ်သည်ကိုပဲ ဖြစ်သည်။ အလေးအနက် ရှိပုံလည်းမရပေ ။ ဘာကျောင်းများ လျှောက်မယ်လို့လည်း မဆုံးဖြတ်ရသေးကြောင်း ကျမကို ပြောပြသည်။ နိုင်ငံခြားသွားဖို့ပဲ ကြိုးစာနေသလိုလို ၊ ပြည်တွင်းကျောင်းကိုပဲ တတ်မယ်ဆိုသလိုလို ဘာမှ ရေရေရာရာ မရှိပြန်။ “ဘာပဲပြောပြော ခုတော့ အိမ်ကပေးတဲ့ မုန့်ဖိုးနဲ့ စာအုပ်တွေဝယ် ၊ ရုပ်ရှင်တွေကြည့်ပေါ့ဗျာ ။သည်သင်တန်း တက်ခအဖြစ်ပေါ့ ။ အိမ်က မိဘတွေအတွက်တော့ သူတို့တက်စေချင်တဲ့ သင်တန်းတက်ပေးမယ် ။ အောင်မြင်တာ မအောင်မြင်တာတော့ မသိဘူး။ ကျတော်တတ်နိုင် အဲလေ စိတ်ပါသလောက်တော့ ကြိုးစားတာပေါ့ ၊ ဘယ်ဟာမှ အလေး အနက်တော့ မရှိပါဘူး” ။ ဒါဆို မောင်ဟာ စာတွေကို အလေးအနက် လေ့လာသင်ယူနေတာ မဟုတ်ဘူးပေါ့ ။
သည်လိုကြီးတော့လည်းမဟုတ်ပြန်။ ဘာကြောင့်ဆို အချို့သင်ခန်းစာတွေကိုတော့ ကျမဆီကမေးတတ်သလို ၊ တစ်ခါတစ်ခါလည်း ကျမကိုပင်ပြန်စာရှင်းပြ နိုင်သေးသည်။ ကျမကတော့ သူငယ်ချင်းတစ်ယောက်အနေနှင့် သူ့ကို ထူးထူးချွန်ချွန်ဖြစ်စေချင် တဲ့ စေတနာတော့ ရှိသည်မှာ အမှန် ။ ကျမနှင့်သူက သင်တန်း (၃) ခုလောက်မှာ တူသည်။ သည်တော့ တစ်ပတ်မှာ (၄) ရက်လောက်တော့တွေ့ဖြစ်သည်။ တွေ့တိုင်းလည်း စာအုပ်တစ်အုပ် အမြဲဖတ်နေတတ်တာကို ပဲ သတိထားမိသည်။
မောင်နှင့် အရောတဝင်ခင်မင်မှု အစကတော့ မောင့်ဆီမှ အချို့စာအုပ်တွေ ငှားဖတ်ဖြစ်တာပဲဖြစ်သည်။ သေချာ တာကတော့ ကျမစာဖတ်ဝါသနာ မပါပါ ။ ပညာရပ်အရ သာဝယ်သော ဘာသာရပ်ဆိုင်ရာ မဂ္ဂဇင်းတစ်စောင်နှစ်စောင် ကိုသာ လစဉ်ဖတ်ဖြစ်သည်။ နောက်တော့မှ ကြီးပွားရေး ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရေးစတဲ့ စကားတွေကြောင့် သည်လို စာအုပ်တွေ ဖတ်ချင်လာသည်။ ကျမ ပတ်ဝန်းကျင်မှာလည်း စာအုပ်ကခပ်ရှားရှား ။ ဒယ်ဒီတို့ကလည်း စာမဖတ်ကြ။ သည်တော့ ခင်မင်ရသည့် မောင့်ဆီမှ ပဲစာအုပ်တွေငှားဖြစ်ခဲ့သည်။
“ဒါထက် နင် လူတစ်လုံးဆိုတဲ့ စာအုပ်ကို ဖတ်ဖူးလား”
“ကြားဖူးတယ် ။ ရှိတယ် ။ ဒါပေမယ့်မဖတ်ဖူးဘူး”
“ဟုတ်လား ။ ဘာလို့မဖတ်တာလည်း ။ နင်စာတွေသည်လောက်ဖတ်နေရက်နဲ့”
“ကျတော် ဒါမျိုးတွေ ဖတ်လေ့မရှိဘူး ၊ ဖတ်လည်းမဖတ်ချင်ပါဘူး ၊ သည်လိုတွေထဲမှာ ပြည့်စုံပြီးထက်မြက်တဲ့ လူသားတစ်ယောက်ဖြစ်နည်းတွေ ကို စိတ်မဝင်စားဘူး ။သည်လိုတွေလည်း ကျတော်မဖြစ်ချင်ပါဘူး ”
“အဲဒါ ငါဖတ်ချင်တယ် ပေးငှားပါလား”
“အင်း”
သည်လိုနဲ့ သည်လိုစာအုပ်တွေကို မောင့်ဆီမှ ငှားဖတ်ဖြစ်ခဲ့သည်။ “မိတ္တဗလဋီကာ” ၊ “ခြုံကြားမှ ဘုံဖျားသို့” စတာတွေ နဲ့ ကြီးပွားရေးစာအုပ်အတော်များများ ။ တစ်ခါတစ်ခါဆိုရင် မောင်က ကျမကို စာအုပ်အချို့လမ်းညွှန် တတ်သေးသည်။ ဒါပေမယ့် မောင်ပြောတဲ့ စာအုပ်တွေကို ကျမတစ်ခါမှ စိတ်လိုလက်ရ မဖတ်ခဲ့ ၊ “မပြီးတော့ ဘူးပြန်ယူတော့” ၊ “ပျင်းစရာ ကြီးဟာ မဖတ်ချင်တော့ဘူး” စတာတွေနှင့် ငြင်းတတ်သည်။ မောင် တစ်ခါနှစ်ခါ လောက်ကြိုးစားသော်လည်း နောက်ပိုင်းတော့ လက်လျော့လိုက်ဟန်ရသည်။ ကျမမကြိုက်သည့် စာအုပ်တွေ ပေးမငှားတော့ ။
+++++
အရွယ်ရောက် ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့ရဲ့ ခင်မင်မှုကို ခပ်ဆန်းဆန်းအတွေးနှင့် ကြည့်တတ်ကြသူတွေ အတော်များဟန်ရှိသည်။ ကိုယ့်စိတ်နှင့် နှိုင်းမရိုင်းလို့ မဆိုသာသော်လည်း အားလုံးကို သိမ်းကြုံး၍ ဝါးလုံးရှည်နှင့်ရမ်းဖို့လည်း မလိုအပ်လှဘူးလို့ ကျမထင်သည် ။ ကျမသည် စိတ်ကစားတတ်တဲ့ အပျိုပေါက်အရွယ်လေးလည်း မဟုတ်တော့သလို ၊ အချစ်ဆိုတဲ့ အရာကို မေ့ထားချင်လောက်အောင် ရင့်ကျက်သူတစ်ယောက်လည်း မဟုတ်ပါ ။ ကျမအသက်အရွယ်နှင့် ချစ်သူရည်စားလို့ တစ်ယောက်မှ မထားခဲ့ဖူးသော်လည်း ယောက်ျားလေးအချို့ရဲ့ ရင်ခုန်ဖွယ် အကြည့်တွေမှာ မေးမောဖူးပါ၏ ။ သည်တော့ အချစ်ကို မြည်းစမ်းဖို့ လက်တွန့်မည်လည်း မဟုတ်ပါ။ သို့သော် ကျမစိတ်ကူးထဲမှ ချစ်သူတွင် ကျမချစ်နိုင်မည့် သက်မှတ် အရည်အချင်းတွေရှိသည် ။ အဲသည်တုန်းက မောင်သာ သည်အကြောင်းကို သိရင် ဒါတွေဟာ ထက်မြက်တဲ့ ရည်ရွယ်ချက်ကြီးကြီး မိန်းမတွေမှာ ရှိတတ်တဲ့ ရူးသွပ်မှုတစ်ခုပါလို့ စနောက်ကောင်းစနောက်လိမ့်မည် ။ သို့သော် ကျမမှု လိမ့်မည်မဟုတ် ။
ဒါကြောင့် မိန်းကလေး သူငယ်ချင်းတစ်ယောက်က မောင်ကျမကို စိတ်ဝင်စားနေတာများလားလို့ အသိပေးစဉ်က ကျမစိတ်ထဲဝယ်တူးတူးခါးခါး ငြင်းမိခြင်းဖြစ်လိမ့်မည်။ အိုလေ… ။ မောင်နှင့် ကျမစိတ်ကူးထဲက ယောက်ျားလေး … ဝေးပါသေးရဲ့ ရှင် ။ မောင့်ဟာ ရုပ်ရည်လည်း ချောလှတာမဟုတ် ။ ထက်ထက်မြက်မြက် မရှိဘူးလို့ မပြောသာတောင် ရည်ရွယ်ချက်မရှိ ၊ ဘဝကို အဓိပ္ပာယ်မဲ့ ဖြတ်သန်းချင်တဲ့ ယောက်ျားမျိုး ။ နောက် ဦးဆောင်နိုင်စွမ်း မရှိသလို လူကြီးလည်း မဆန်တတ် ။ သည်လို ယောက်ျားလေးမျိုးကို ကျမစဉ်းစားရပါ့မလား ။ သူငယ်ချင်းကိုတော့ ရယ်ရင်း “ပေါက်ပေါက် ရှာရှာဟယ်” လို့ ခပ်ပေါ့ပေါ့ အဖြေပေးခဲ့ မိသည် ။
ရှင် ကျမကို ချစ်နေတယ်တဲ့လား ။ ရှင်ဟာ မိန်းကလေး တစ်ယောက်ကို ခင်မင်မှုက တစ်ဆင့် ချစ်ကြိုးသွယ်ဖို့ ကြိုးစားတဲ့ ယောက်ျားမျိုးလား ။ သည်လို ယောက်ျားမျိုးကို ကျမအတော်အထင်သေးသည်။ မိန်းကလေးတစ်ယောက်၏ ခင်မင်မှုကို အခွင့်ယူပြီး ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးကာ သည်ကောင်မလေး ငါ့ကိုကျနေပြီလို့ ထင်တက်တဲ့ ယောက်ျားမျိုးဆို ကျမပိုလို့ စက်စုပ်ပါ၏ ။ ဘယ်လိုပဲဖြေတွေးတွေး သည်အတွေးက ကျမစိတ်ဝယ် ဝဲဝှေ့နေတော့သည် ။
ဘာလိုပဲဖြစ်ဖြစ် မောင်နှင့်ကျမတွေ့ဆုံချိန်တွေမှာတော့ မောင့်ဆီက သည်လိုအရိပ်အယောင်တွေ လုံးဝ မတွေ့ ရတာ သေချာနေပါသည် ။ ယောက်ျားတစ်ယောက်ရဲ့ တပ်မက် တမ်းတရိပ်ကို ကျမ မမြင်နိုင်လောက်အောင် မထုံအဖူုးလို့ ကျမကိုယ်ကိုယ်ထင်သည် ။ မောင်သည်တုန်းက ဖုံးဖိထားတာပါဆိုရင် မောင့်ကို ဟန်ဆောင်ကောင်းလွန်း သူလို့ ကျမ ချီးကျူးချင်ပါသေးသည်။
နောက်မကြာမီ သင်တန်းတစ်ခု ပြီးခါနီးတော့ မောင်ကျမကို မုန့်ဆိုင်တစ်ခုမှာ လိုက်ကျွေးသည်။ နှစ်ယောက်တည်းထိုင်စားဖို့ မကောင်းတတ်ပေမယ့် ကျမကတော့ ကိုယ့်ကိုကိုယ်ရော မောင့်ကိုပါယုံကာ ခပ်ရဲရဲပင်လိုက်ပါ သွားသည် ။ ထိုင်ကြတော့ ကျမကပင်စကားစသည် ။
“ဒီသင်တန်းပြီးရင်တော့ ကျမတို့ တွေ့ရတော့မယ်မထင်ဘူး ။ ငါနင့်စာအုပ်တွေကိုတောင် ပြန်ပေးရဦးမယ်”
“သြော်ရပါတယ် ယူထားပါ .. ၊ ကျတော်တို့တွေ့ဦး မှာပါပဲလေ”
“ရှင်”
“ဟိုလေ မင်း KMD မှာ AutoCAD သင်တန်းတက်မှာ မဟုတ်လား ။ အိမ်ကအတက်ခိုင်းလို့ သွားစုံစမ်းတော့ တတ်မယ့်သူတွေထဲမှာ မင်းနာမည်တွေ့လို့ တစ်ခါတည်းစာရင်းပေးခဲ့တယ် ”
ကျမပြုံးမိသွားတယ် ထင်ပါ၏ ။ ကျမနှင့်အတူတူမှ သင်တန်းတက်ချင်ရသတဲ့လား ရှင်ရယ် ။ ရှင်ပဲသည် အတန်းတွေကို ပျင်းတယ်ဆို ။
“သြော် ဟုတ်လား ကောင်းတာပေါ့ ”
မောင်က ရှက်သလိုလိုနှင့် ဆံပင်ဆီပြောင်ပြောင်ကို ပင့်တင်ရင်းဟိုသည် ငေးမောရင်း ကော်ဖီသောက်နေသည် ။ ကျမလည်း တွေးရင်းက ခေတ်မမှီတဲ့သည် ဆံပင်ပုံကို ကြည့်မိရင်း … ။
“ဒါထက် နင်ဆံပင်ကြီးကို သည်လို ခလယ်က မခွဲပါနဲ့လား ။ ခေါင်းပေါ်မှာ စာအုပ်ကြီးလှန်ထား သလိုပဲ ဟိ၊ စာပေဗိမာန် ကေလေ ။ ပုံတုံးကြီး လိုက်လည်းမလိုက်ဘူး ”
“အင်းဟုတ်လား ၊ ကျတော်ကတော့ ကိုယ်နှင့်လိုက်တာ မလိုက်တာတွေ သိပ်အရေးမစိုက်ဖြစ်ပါဘူး ။ နယ်မှာနေတုန်း ကလည်း သည်လိုပဲ ဖြီးခဲ့တော့ ၊ ခုမှတော့ သေချာကြီးပြောင်းမဖြီး ဖြစ်ဘူး”
ရှက်သလိုလို မျက်နှာပေးနှင့်မောင်ပြောတော့ ကျမ သနားသလိုတောင်ဖြစ်သွားသည် ။ ကိုယ့်ရုပ်ကိုယ်တောင် အရေးမစိုက်ဘူးတဲ့လားကွယ် ။ ဘာပဲပြောပြော အားနားသလိုနဲ့ ရင်ထဲတွင် သိပ်ကောင်းတော့ ၊ နှိမ်သလိုလို ထင်သွားမှာလည်း စိုးလှသည်။ သည်အတွေးက အိပ်ယာထဲရောက်သည့်တိုင် မပျောက်ချင် ။ သည်ည မောင့်ကို ပထမဆုံး အိပ်မက်ထဲမှာ သိကျွမ်းရသည်။ ရုပ်ရှင်တွေထဲက ပထမပိုင်းမှာ မင်းသားကရုပ်ဖျက်လို့ နောက်ပိုင်းမှာမှ မမှတ်မိလောက်အောင် ရုပ်ဖြောင့်သွားသည်ဇာတ်လမ်းနှင့် ဆင်ဆင်ရှိသည် ။ ကျမမောင့်ကို လူတွေဘာတွေတောင်မှားလို့ ။
+++++
“အယ်…… နင်ရယ် ငါလူတွေဘာတွေတောင်မှားလို့”
KMD မှာ ကျမမောင့်ကိုတွေ့ရတော့ မှတ်တောင်မမှတ်မိ ။ ဆံပင်ကို ဘေးကခွဲက အချို့ကို နဖူးပေါ်မှာ ဝဲချရင်း နောက်မှ ခပ်ထောင်ထောင်လေးဖီးထားတာကို သေသေချာချာကို စိုက်ကြည့်ရင်း တော်တော်လေးတော့ကြည့်လို့ ကောင်းလာ သားလို့ ထင်မိသည်။ ဒါတောင်မောင်ကရှက်နေသေးဟန် ရှိသည် ။ ခပ်ရဲရဲပင် ကျမကိုပြန်မကြည့် ။
“အင်း …. ဆံပင်ကိုနည်းနည်းပြောင်းလိုက်တာ။ မင်းလို ခပ်ကင်းကင်းနေတဲ့ သူကတောင်ပြောလာတော့ ငါတော်တော်ကြည့် ရဆိုးနေပြီထင်လိုပါ ဟင်း .။ ကျတော်ကို အရင်က ဘယ်သူမှ သည်လို ဂရုတစိုက် မပြောဖူးဘူး”
ရှင်မိန်းကလေးတစ်ယောက်ရဲ့ အကြိုက်ကိုတော်တော်သိနေပါလား ။ မိန်းကလေးတစ်ယောက်အတွက်တော့ ယောက်ျားတစ်ယောက်က မိမိအကြိုက်လိုက်ပြီး လုပ်ရင် သဘောကျတတ်တယ်ဆိုတဲ့ သဘောကို ရှင်သိလို့တော့ ဟုတ်ဟန်မတူ ။ ဒါပေမယ့် ကျမအတွက် သည်လို လုပ်ရပ်ဟာ မောင့်အပေါ် စိတ်ညွတ်သွားစေခဲ့တယ်လို့ ယုံကြည်ရမယ့်လူတစ်ယောက်ယောက်ကို ကျမဖွင့်ဟ ဝန်ခံချင်ပါသည် ။ ဒါတွေကို ရှင်ဘယ်သိပါ့မလဲ ။
သည်ညနေကျောင်းဆင်းတော့ ဘစ်ကားဂိတ်ထိ ကျမနှင့်မောင် အတူတူလျှောက်လာခဲ့ကြသည် ။ စူးစမ်းသလို ကြည့်ကြတဲ့ သူတွေကိုရှောင်ရင်း မောင်က ကျမကို စာအုပ်တွေပေးရင်း စကားစသည် ။
“မင်းကြိုက်မယ့် စာအုပ်မျိုးတွေပါ ။ မင်းလည်းတော်တော်တော့ သိလောက်ပြီပေါ့ သည်စာအုပ်မျိုးတွေကို ၊ လောကမှာ တကယ်ကျင့်ကြံလို့ မရမယ့် အလုပ်တွေကို စားပွဲပေါ်မှာထိုင်ပြီးရေးထားကြတွေက များပါတယ်”
“ဟယ် နင်ကလည်း အားလုံးတော့ သည်လိုမဟုတ်ပါဘူး ။ တစ်ဘက်သတ်ကြီး နင့်ဟာတွေကျတော့ရော တစ်ခါလာ ဘဝနဲ့ ၊ တစ်ခါလာ အချစ်နဲ့ ပဲပြီးနေတာ”
“အင်း ဘဝဆိုတာလည်း ဒါတွေပဲ မဟုတ်ဘူးလား ၊ လူတွေဟာ ဘဝမှာတွေ့ကြ ၊ ဆုံကြ ၊ကွဲကြ ရစမြဲမဟုတ်လား ။ ကျတော်လေ ရည်ရွယ်ချက်တစ်ခုတော့ ရှိတယ် ၊ မင်းလိုတော့ မဟုတ်ဘူးပေါ့။ ကျတော်စာတွေရေးချင်တယ် ၊ စာရေးဆရာ တစ်ယောက်ဖြစ်ချင်တယ် ၊ လူတွေ အဲ အထူးအဖြင့် ဘဝတွေအကြောင်းရေးပြနိုင်တဲ့ သူတွေဖြစ်ချင်တယ် ။ နောက်မင်းမပြောသလို အချစ်အကြောင်း ၊ ဒါလဲ တဒင်္ဂရင်ခုန်တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့အချစ် ၊ လမ်းခုလတ်မှာတွေ့ ကြတဲ့ လူနှစ်ယောက်ရဲ့အချစ် ၊ အချစ်ရဲ့ လမ်းဆုံးထိ လက်တွဲကြတဲ့ ရင့်ကျက်တဲ့ အချစ် အို စုံလို့ပေါ့”
“အောင်မလေးရှင် စာရေးဆရာကြီးရယ် ၊ စာမူလေးဘာလေးပို့ပေါ့ ဟိုဟိုသည်သည်”
“အင်း .. သည်လိုကျတော့လည်း ကျတော်က မဟုတ်ပြန်ဘူး ၊ ကိုယ့်ကိုကိုယ် အဆင့်တစ်ခုမရောက်သရွေ့ ဘယ်မှ မပို့ဖူးလို့ စိတ်ကူးထားတယ်”
“အော်….. ဒါထက် စောစောက ပြောတာ လမ်းခုလတ်မှာတွေ့ကြတဲ့ အချစ်ဆိုတာဘာလည်း ။ ဟိုလမ်းမမှာ မကောင်းတာလုပ်တာကို ပြောတာလား ။ ဇာတ်လမ်းမှာ မင်းသားနဲ့ မင်းသမီးက လမ်းလယ်မှာပဲတွေ့နေ ရတော့မှာလား ။”
“ဟာဗျာ ဘယ့်နယ် မဟုတ်ကဟုတ်က ၊ လူနှစ်ယောက်က ခံယူချက်ချင်းမတူရင် တွေ့ကြတဲ့ ခဏမှာပဲ ချစ်မိကောင်းချစ်မိကြမယ် ၊ ကြာလာတာနဲ့အမျှ တစ်ယောက်နှင့်တစ်ယောက် ဝေးပြီးရင်းဝေးကြရော ၊ ဒါထက် မင်းရော ဘယ်တက္ကသိုလ်တက်ဖို့ လျှောက်ထားလည်း ”
“အော် ငါ နိုင်ငံခြားက ကျောင်းတစ်ခုမှာ တက်ချင်နေတာပဲ ။ သည်လိုပဲ ကြိုးစားနေတာပဲ ။ နင်လည်း … ”
နင်လည်း ကြိုးစားပါ့လား ၊ ကျမနောက်ကို လိုက်ခဲ့ပါလားလို့ စိတ်ထဲမှာ ဆက်နေသော စကားစကို ခပ်မြန်မြန်ပဲဖြတ် နိုင်ခဲ့သည် ။
“ကောင်းပါတယ် ။ အဲ မင်းကားလာနေပြီ …”
ကားပေါ်မှာ အပြင်ကိုငေးကြည့်တော့ ကျမဘက်ကို ငေးစိုက်ကြည့်နေတဲ့ မောင့်ကိုတွေ့ရသည် ။ မောင့် မျက်လုံးတွေက ကျမဆီကို စူးစိုက်စွာ။ ဒါကိုတော့ ကျမရင်တုန်ဖိုလိုက်ရင်း သေသေချာချာကို မြင်လိုက်မိပါရဲ့ ။
+++++
ပျော်စရာ ရက်တွေဟာ အကုန်မြန်တယ်လို့ ကျမထင်မိသည် ။ သည်လိုအကုန်မြန်တဲ့ အချိန်တွေကိုတော့ ကျမစိတ်ကူးယဉ်စွာ ထိန်းသိမ်းထားချင်ပါသည် ။ သည့်အပြင်မောင့် ကို ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် ပုံသွင်းပေးချင် စိတ် ကလေးကလည်း ပြူပြူထွက်လာတတ်သေးသည်။ ရည်ရွယ်ချင်ဆိုတာ ထားသင့်ပါတယ်မောင်ရဲ့ ။ သည်ရည်ရွယ်ချက်အတိုင်းဖြစ်အောင် ကြိုးစားရတယ်ဆိုတာ ပင်ပန်းပေမယ့် အောင်မြင်တဲ့ တစ်နေ့ကျရင် ဘယ်လောက် ကျေနပ်စရာကောင်းလိုက်မလဲ ။ ရည်ရွယ်ချက်ရှိရှိလျှောက်လှမ်းတာ ဆိုတော့ သိပ်လည်းမပင်ပန်းလှပါဘူး ။ နောက်ဘေးမှာ အားကိုးရမယ့် တစ်ယောက်ယောက်ရှိရင် သာလို့တောင် အပန်းပြေသေးတယ် မဟုတ်လားကွယ် ။
သည်စကားတွေဟာ ကျမရင်ထဲမှာပဲပြောနေတတ်တာဖြစ်လို့ မောင်ဘယ်လိုမှ မကြားနိုင်ပါ။ မောင်ကြားနိုင်တာ ရတော့ ကျမရဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ကူးယဉ်မှုတွေပဲဖြစ်လိမ့်မည် ။ ကျမ ငယ်ငယ်တည်းက ရည်မှန်းချက်ကို မအောင်မြင်သေးဘဲ ဘယ်သူ့ကိုမှ မပြောပြစဖူး ။ နောက် ကျမစိတ်ကူးယဉ်နိုင်တာက မောင်ဟာ အချစ်ကိုဖွင့်ဟလာ ရင်ကော ။ ကျမ လက်ခံရမှာလား ၊ ငြင်းရမှာလား ။ ကျမသည်အတွက်ကို မစဉ်းစား ။ အချစ်ဆိုတာ ဖွင့်ဟဖို့ အချိန်ရှိပါတယ် မောင်ရယ် ။ ကွယ်ဝှက်စောင့်ဆိုင်းမှုကြောင့် အချစ်ဟာ မှေးမှိုန်သွားရတယ်လို့မှ မရှိပဲ ။ မောင့် မျက်ဝန်းက စကားတွေကိုရော ၊ မောင့်အမူအယာတွေကို ပါကျမသိတာပေါ့ ။ မောင့် အဝတ်အစားနှင့် ပတ်သက်လို့ မောင်ကျမပြောသလို ဝတ်လာရင် မောင့်အချစ်ကိုကျမ ခံစားသိလို့ရသည် ။ နောက် မောင် ကျမတတ်တဲ့ သင်တန်းတွေလိုက်တတ်ရင် တစ်သက်လုံးသည်လိုဆိုရင် လို့တွေးပြီး အနာဂတ်ဟာလှလို့နေတယ် လေ။
သည်ရစ်မူး မှုတွေထဲမှလည်း ကျမအတန်းတွေ မပျက်စေဘဲ စာကိုဖိလို့ကြိုးစားခဲ့သည် ။ ကျမလျှောက်ချင်တဲ့ နိုင်ငံခြားက တက္ကသိုလ်တစ်ခုကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့ Shortlist ထဲပါသွားပြီ ။ သည်အကြောင်းကို မောင်နှင့်တွေ့ တုန်း အားရဝမ်းသာပြောမိတော့ -
“ပါရင်ဘယ်တော့လောက်သွား ရမှာတဲ့လဲ”
“လာမည့် April လောက်ပေါ့ဟ ၊ နင်လည်းလိုက်ခဲ့ပါလား ။ နင်တို့ သင်တန်းကကောင်လေး နှစ်ယောက်လည်းပါတယ်”
“ကျတော် ၁၀ တန်းအမှတ်နဲ့တော့ ရမယ်မထင်ပါဘူး”
“သည်ကျောင်းမရလည်း သည်နိုင်ငံက အခြားကျောင်းပေါ့ဟာ ၊ နင့်မိဘတွေ တတ်နိုင်ရဲ့သားနဲ့”
ကျမရဲ့ စကားကို မောင်ပြန်မပြောတော့ပါ ။ လက်ထဲက စာအုပ်အဖုံးကို ကြည့်ရင်းငေးနေသည် ။ ယောက်ျားဆိုတာ အားမငယ်ရဖူးမောင် ။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တဲ့ အမျိုးတွေပါ ။ သည်ကိစ္စမှာ လည်းမောင် ကြိုးစားရင်ဖြစ်မှာပါ ။ ကျမလည်းစောင့်နိုင်ပါတယ် ။
“မင်းသွားရင် ကျတော်တို့သူငယ်ချင်းတွေတော့ လွမ်းကျန်ရစ်မှာပဲနော်”
“တော်ပါဟယ် နင်တို့လားလွမ်းမှာ ၊ လူဆိုတာ ကြာရင်မေ့တာပါ ။ ငါလွမ်းတယ်ဆွေးတယ်ဆိုတာကို မုန်းတယ် ၊ အားမငယ် ငယ်အောင် ကိုယ့်ဘာသာကိုယ် နာမ်နှိမ်နေသလိုပဲ”
“လွမ်းတယ်ဆိုတာ လူသားဆန်ပြီး အထက်တန်းကျတဲ့ ခံစားချက်တစ်ရပ်ပါဗျာ ၊ မင်းမလွမ်းဖူး လေးလို့ပါ။ ”
ကျမပြောတာကို စိတ်ခုသလားမောင် ။ မောင့်မျက်လုံးတွေက အရောင်လက်လက်တောက်နေသည် ။ စူးရှတဲ့ အကြည့်ကို ကျမမခံနိုင်လို့ မျက်လွှာချလိုက်တယ် ။ ကျမကမလွမ်းဖူးလို့ပြောတာကို မောင်ယုံသတဲ့လား ။ ကျမလွမ်းတတ်ပါတယ်မောင်ရယ် ။ မိန်းမသားဆိုတာ မွေးကတည်းက ထိန်းချုပ်မှု တွေကြားမှာ တောင်လွမ်းတတ်ကြ သူတွေပါ ။ အလွမ်းကို ပိုက်ပြီးမွေးဖွားလာကြရတဲ့သူတွေပါ ။ ဒါပေမယ့် ကျမမျှော်လင့်ချင်ပါသေးတယ်မောင်ရယ် ။
+++++
သည့်နောက်တော့ မောင် အရင်ကလောက် ဟက်ဟက်ပက်ပက် မရှိတော့တာ ကျမသတိထားမိသည်။ အမူအယာ စိမ်းသက်သလိုဖြစ်သွားသည့်တိုင် မောင့်မျက်လုံးတွေကတော့ အရင်အတိုင်း ။ သည်မျက်ဝန်းရဲ့ အဓိပ္ပာယ်ကို သိသော်လည်း ကျမ ပွင့်လင်းစွာ မတုန့်ပြန်နိုင်ခဲ့ပါ။ မောင်ကလည်း ဖွင့်ဟမလာ ။
ကျောင်းဝင်ခွင့်စာမေးပွဲ အောင်တော့ အိမ်က မိဘတွေနှင့်အတူဝမ်းသာကျတော့ ကျမလည်းရောယောင်ကာ ပျော်မိသော်လည်း အိပ်ယာဝင်တော့ အိပ်လို့မပျော် ၊ ကျမနှင့်မောင် သင်တန်းပြီးကတည်းက မတွေ့ဖြစ် ။ မောင် တစ်ခါ နှစ်ခါ ဖုန်းဆက်သော်လည်း လူချင်းတော့ မတွေ့ဖြစ်ကြ ။ မောင့်ဆီက စာအုပ်တွေ ကျမမှရှိသေးသည် ။ မသွားခင်တော့ တွေ့ရနိုင်ပါသေးသည် ။ ကျယ်ပြန့်တဲ့ ကောင်းကင်မှာ တွယ်ရာမဲ့လွင့်မျောတဲ့ ဝေဒနာတစ်ရပ်ကို ရက်ပေါင်း အတန်ကြာ ခံစားနေရပြီ ။ သည်ဟာကို အလွမ်းလိုခေါ်သလားမောင်ရယ် ။
မကြာခင်သွားရတော့မှာ မို့ပြင်ရဆင်ရတာ မမောနိုင် ၊ ဒယ်ဒီတို့ သူငယ်ချင်းသားတစ်ယောက်လည်း ကျောင်းအတူတူ ရသည်မို့ အဖော်ရကြောင်းပြောရင်း မိတ်ဆက်ပေးသည် ။ ကျမအပေါ် သူ့အကြည့်တွေက ရဲလှသည်။ သူ့နေရာမှာ မောင်များဆို ဘယ်လောက်ကောင်းမလဲလို့ လက်တွေဆန်ဆန်တွေးတတ်တဲ့ ကျမ စိတ်ကူးယဉ်နေရပြီ ။ မောင် ကျမကိုလာ မနှုတ်ဆက်တော့ဘူးလား။ ကျမသည်လိုကြီးပဲ ဟိုကိုသွားရတော့မှာလား ။ ဘယ်တော့ပြန်တွေ့ ကြမှာလည်း ။ အဖြေမရှိသော မေးခွန်းတွေကြား ကျမဗျာများရသည် ။
မောင်မလာပါ ။ ကျမစောင့်သော်လည်း မောင်ပေါ်မလာပါ။ သွားရမည့်ရက် ကပ်နေပြီ ။ မောင့်စာအုပ်တွေကို လူကြုံသူငယ်ချင်းတစ်ယောက်ယောက်နဲ့ ပေးဖို့စီစဉ်ရသေးသည် ။ မနက်ဖြန်လေဆိပ်သို့ဆင်းရပြီ ။ အဖေတို့ အပြင်သွားတော့ အိပ်ချင်သလိုလိုရှိ၍လိုက်မသွားဖြစ် ။ အိပ်ယာထဲတွင်ခွေနေရသည် ။ “တညှိုးငယ်မှခွေခွေ ၊ အလွမ်းရှိန်နှင့် မယ် အိမ်နေသည်” ငယ်ငယ်က မကြိုက်ခဲ့သော ကဗျာတစ်ပုဒ်ရဲ့ ရသကို နှစ်နဲစွားခံစားရတော့သည် ။
“ကလေး အိမ်အောက်မှာ ကလေးသူငယ်ချင်းတစ်ယောက် ရောက်နေတယ်။ နှုတ်ဆက်ချင်လို့တဲ့” …. ဘယ်သူပါလိမ့် ။ ကျမ ထရပေဦးမယ်။ သေချာတာတစ်ခုကတော့ သူငယ်ချင်းဆိုတာ မောင်များလားလို့ ကျမလုံးဝ မတွေးမိခဲ့တာဖြစ်ပါသည် ။ ဒါပေမယ့် ဝရန်တာကလှမ်းမြင်ရတော့ ။ မေမျှော်လို့မောရတဲ့သူရယ် ။ ခုချိန်များမှ လာရသလားကွယ် ။
“ဟေ့ မင်းပိန်သွားတယ်နော် ၊ မအားလို့လား” မောင်ကျမကို ခပ်ပြုံးပြုံးပဲ နှုတ်ဆက်သည်။
“အင်း… မတွေ့တာတောင်ကြာပြီ ၊ ငါလည်းမနက်ဖြန်သွားတော့မယ်…”
“သွားတော့မယ်ပေါ့ …”
“အင်းသွားပြီး… ဟီး။ သြော် ဒါထက်နင့်စာအုပ်တွေကို နင့်သူငယ်ချင်းဆီပေးထားတယ် ၊ သူနင့်ကိုပေးလိမ့်မယ် ။”
“ရပါတယ် ၊ ငါလည်းနင်သွားမယ်ကြားလို့ လက်ဆောင်လာပေးတာပါ ၊ စာအုပ်တွေပါ ”
“မလိုပါဘူးဟယ် ”
“သြော် အမှတ်တရပေါ့ ။ မလွမ်းတတ်တဲ့သူက ဘာ ဥယျောဇဉ်မှ သယ်မသွားချင်ဘူးထင်တယ်”
ဟုတ်တယ်မောင် ။ ကျမစိတ်ရှင်းရှင်းနှင့်သွားချင်တယ် ။ မောင့်ကြောင့် အဲလေ ကျမကြောင့် ခံစားရတာကိုလည်း သည်မှာ ပဲ အပြီးသတ်ချင်လှပြီ ။ ကျမဘဝသစ်ကို အားမာန်အသစ်နှင့်စချင်တယ်။
“………”
“ယူပါဟာ ။ အမှတ်တရပေါ့။ နောက်နင်ကြိုက်တဲ့ စာအုပ်တွေပါ”
စာအုပ်အိတ်ကို ကျမဆွဲယူလိုက်သည်။ ဆွေးရိပ်သန်းတဲ့ မောင့်မျက်လုံးမှာ အလင်းတစ်ချက်ပျိုးပြက်သွားသည် ။ ကျမကျေနပ်တယ်မောင် ။
“ကျတော်တို့နောက်တွေ့ဖို့လည်း မလွယ်တော့ဘူးနော် ။ နောက်ဆိုတွေ့ဖို့တော်တော်ခက်သွားပြီ”
“အင်း …. ဟုတ်တယ်နော် ၊ နင်လည်း ကြိုးစားဟာ ဘဝမှာ ရည်ရွယ်ချက် ရှိရှိကြိုးစား ၊ နင်စာရေးဆရာ ဖြစ်ရင်ငါ့ကို ပြော ၊ဘယ်လောက်ပျင်းစရာကောင်းကောင်း ငါနင့်စာတွေကို ဖတ်ပါ့မယ်… ”
“အင်း….. နောက် ကျတော်လေ ……”
မောင်ကျမကို ချစ်တယ်လို့ပြောတော့မှာလား ။ မပြောပါနဲ့မောင်ရယ် ၊တစ်ခါတစ်ခါ မဖွင့်ဟတဲ့ အချစ်ဟာ ရင်ထဲမှာ ရေရှည်တည်မြဲနိုင်ပါတယ် တဲ့။ မပြောပါနဲ့တော့ ။
“မင်းမနက်ဖြန်လေဆိပ်ဘယ်တော့ ဆင်းမှာလည်း”
“ခပ်စောစောပဲဆင်းမယ် ”
“အိုကေ ဒါဆိုကျတော်ပြန်တော့မယ် မင်းအရာရာအောင်မြင်ပါစေဗျာ…..”
“ပေးတဲ့ဆုနှင့်ပြည့်ပါစေရှင်။ နောင်လမ်းမှာတွေ့ရင်လည်းခေါ်ပါ နှုတ်ဆက်ပါ”
မောင်က ခေါင်းယမ်းလိုက်သည်။ နောက်တော့ ပြုံးရင်း -
“မထင်ပါဘူး ။ ကျတော်နဲ့ မင်းဟာ အတက်အဆင်းလမ်းခုလတ်မှာ တွေ့ဆုံကြတဲ့သူတွေပဲလေ”……
ကျမကိုကျောခိုင်းရင်း မောင်ခပ်ငိုက်ငိုက်ထွက်သွားသည်။ မောင်အိမ်ဝရောက်ချိန်မှာ ကျမမျက်လုံးတွေ ဝေဝါးသွားခဲ့ရသည် ။ အော် ခင်စရာကောင်းတဲ့ သူငယ်ချင်းရယ် နှုတ်ဆက်လိုက်ပါတယ် …… ။ ။
+++++
အိပ်မပျော်သည့်အတူတူ အိပ်ယာပေါ်မှ ကျမထထိုင်လိုက်သည်။ တွန့်လိပ်တဲ့ အိပ်ယာခင်းပေါ်မှာ ခွာခဲ့ပြီး အခန်းတံခါးကို ဖွင့်လိုက်တယ်။ အလုံးအရင်း ဝင်လာတဲ့ ညဥ့်လေအေးဟာ ကျမရင်ကိုတော့ အေးမြမသွားစေခဲ့ပါ ။ ကောင်းကင်မှ လမင်းကထိန်ထိန်သာနေဆဲ ။ ပန်းရနံ့ ၊ ပိုးပရစ်တို့တွန်ကျူးသံလိုလို အသံသဲ့သဲ့ကြားရသည် ။
“မြစ်ရေပြင် လှေလူးလို့ ၊ ချစ်ဦးမေနှင့်မောင် ၊ ပန်းခူးရအောင် ” မောင့်စာအုပ်မှ ကဗျာလေးတစ်စကို တိုးတိုးညည်းမိသည်။ သည်ချိန်ဆို မောင်လည်းအိပ်လို့မပျော်လို့ လရောင်ကိုငေးကြည့်ရင် လမျက်နှာမှာ ကျမကိုတွေ့မှာပဲ ။ သည်လိုလမှာ တွေးဆုံခွင့်ကလည်း ကျမတို့အတွက် သည်တစ်ရက်သာရှိတော့သည် ။ လရောင်အောက် မြစ်ပြင်ကျယ်မှာ မောင့် ပုခုံးကို မှီလို့ လှေတစ်စီးနှင့် ရည်ရွယ်ချက်မဲ့ ပန်းခူးထွက်လိုက်ချင်စမ်းပါရဲ့ ။ ခုတော့ ….. ။ ကျမငေးနေရင်း လသည် တိမ်ပုပ်များနောက် ဝယ်ကွယ်သွားခဲ့ပြီ ။ ပန်းခူးရန် အချိန်နှောင်းပြီ ထင်ပါရဲ့ မောင်ရယ် ။
မနက်ဖြန်စောစောထရမှာမို့ ကျမအိပ်မှဖြစ်တော့မယ် ။ မနက်ဖြန်မှာ နေ့သစ် ၊ ဘဝသစ်၊ ရည်မှန်းချက် အသစ်ကို ကျမတွေ့ရမယ် ။ သည်ဘဝမှာလည်း ကျမမကြာခင် ပျော်လာနိုင်မှာပါ ။ သည်တော့ သည်ည မောင့်အတွက် ခံစားချက်တွေ ကုန်သွားအောင် အားရပါးရ ကျမငိုပါရစေ ။ မောင့်ကိုမေ့သွားအောင် ကျမငိုပါရစေမောင်ရယ် ။
+++++
ညသည် သဘာဝအတိုင်းကုန်ဆုံးသွားသည်။ နံနက်ခင်းလင်းရောင်ခြည်သည် မင်္ဂလာဒုံလေဆိပ်တစ်ခွင်ဖြာ ကျနေသည်။ တက်ကြွ ၊ ပျော်ရွှင်နေသည် ကျောင်းသားလူငယ်များကို တင်ဆောင်ရင်း လေယဉ်တစ်စီးသည် အချိန်မှန်ကောင်းကင်သို့ ထိုးတက်သွားသည်။ နောက်အနာဂတ်ကို ပိုင်စိုးမည့် လူငယ်များရဲ့ တက်ကြွမှုကတော့ တက်နေခြည်ဝင်းနှင့် အပြိုင် တောက်ပ၍နေကြလေတော့သည် ။ ။
အောင်ဖြိုး
(၁၉ ဖေဖော်ဝါရီ ၊ ၂၀၀၉)
2 comments:
အောင်ဖြိုးရေ- သေချာ ဖတ်သွားတယ်။
ဒီအရွယ်တွေမှာ..အချစ်( ရင်ခုန်ခြင်း ) အပေါင်းအသင်း( ဒီလို- ဟိုလို )း) ..ပညာရေး..ဘ၀တက်လမ်း ..စတဲ့..ဆုံချက် အားလုံးကို ရိုးရိုးလေး ပေါင်းစပ်ပြသွားတဲ့..၀တ္တုလေး တပုဒ်ပါ။
“လွမ်းတယ်ဆိုတာ လူသားဆန်ပြီး အထက်တန်းကျတဲ့ ခံစားချက်တစ်ရပ်ပါဗျာ ၊ မင်းမလွမ်းဖူး လေးလို့ပါ။
အဲဒီ စာသားလေးတွေကို နှစ်သက်မိတယ်။
ခင်မင်တဲ့.. မကေ
လာဖတ်သွားတယ်။
Post a Comment