25 May 2009

မင်္ဂလာလှည်း


ထုတ်ဝေသည့်နှစ် - ၂၀၀၉ ၊ မေလ

ထုတ်ဝေသည့်စာအုပ်တိုက် - လင်းလွန်းခင်စာပေ

စာရေးသူ - ခင်ခင်ထူး ( စိုးဘားဒိုင် ၏ ဝတ္ထုလတ်တစ်ပုဒ်နဲ့တွဲ၍ )

စာမျက်နှာ - ၁၉၄


တစ်မိသားနဲ့ တစ်မိသား အိမ်ထောင်ရပ်သားပြုကြတော့မယ်ဆိုရင် ပထမဆုံး ယောက်ျားလေးရှင်ဘက်က မိန်းကလေးရှင်ဘက်ဆီကို ကတော့ပွဲနဲ့တောင်းရမ်းနားဖောက်ကြရပါတယ် ။ ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုအသစ်ဖြစ်တဲ့ “မင်္ဂလာလှည်း”မှာ အညာကသည် ဓလေ့စရိုက်ကိုပဲ အခြေခံထားပါတယ်။ ဝတ္ထုရဲ့ အဓိကကျောရိုးဟာ မန္တလေးကမ်းနား သံရေကျိုစက်ရုံက အလုပ်သမား ကိုကြိုင်ဆိုတဲ့လူငယ်တစ်ယောက်အတွက် စစ်ကိုင်းမြိုနယ် လယ်ပြင်ကြီးရွာက ဒေါ်စွန်မရဲ့သမီး အေးသီဆိုတဲ့ မိန်းကလေးဆီ မင်္ဂလာစကားပြောတောင်းရမ်းဖို့သွားကြတဲ့ ရပ်ရွာကလူကြီးသူကြီး တစ်စုရဲ့ ခရီးသွားတောလားတစ်ပုဒ်ပဲဖြစ်ပါတယ် ။

ဇာတ်လမ်းအရ ကိုကြိုင်နဲ့ အေးသီဟာ ကမ်းနားဈေးမှာတွေ့ကြပြီး ချစ်ကြိုက်ကြတယ် ။ အေးသီဆိုတာ လယ်ပြင်ကြီးကနေ ကမ်းနားဈေးကို သနပ်ခါးလာသွင်းတဲ့ မိန်းကလေး ၊ ကိုကြိုင်ကတော့ သံရေကျိုစက်ရုံမှာ ဝိုင်းလုပ်ဝိုင်းစား မိဘမဲ့တစ်ကောင်ကြွက်အလုပ်သမား ။ တစ်ဦးနဲ့တစ်ဦးအိမ်ထောင်ပြုကြမယ်ဆိုတော့ ကိုကြိုင်ရဲ့ အလုပ်ရှင်ကိုကျော်သန်းဦးဆောင်လို့ သူတို့ရပ်ကွက်က လူကြီးတစ်စုမိန်းမအတောင်းသွားကြတယ် ။ ချိန်းထားတဲ့ အချိန်က နံနက် ၁၀နာရီ ။ ဖြစ်ချင်တော့ ကိုကြိုင်ကလည်း သူ့မိန်းကလေးနေတာ စစ်ကိုင်းဘက်က လယ်ပြင်ကြီးရွာဆိုတာပဲသိတာ ။ စစ်ကိုင်းငါးထပ်ကြီးဘုရားနောက်ကထွက်ရင်ရောက် တယ်ဆိုတာသာသိတာ ။ ဘယ်လောက်ဝေးတယ် ၊ ဘယ်လိုသွားရတယ်ဆိုတာ မသိဘူး ။ လူကြီးတွေထဲမှာ ကိုကြိုင်အဒေါ်ရယ် ၊ ကျောင်းအုပ်ဆရာကြီးရယ် ၊ ပေါက်ဖော်ကြီးတစ်ယောက်ရယ် ၊ အလုပ်ဆရာရယ် ၊ နောက် စတိုးဆိုင်ပိုင်ရှယ် ကိုချစ်တိုးရယ် ပါတယ် ။ ကိုကြိုင်ဆရာ့ကားနဲ့သွားကြတာ။ ဖြစ်ချင်တော့ စစ်ကိုင်းကလူတွေတောင် လယ်ပြင်ကြီးဆိုတာ ရေးတေးတေးရယ် ။ ဘယ်သူမှ မရောက်ဖူးတော့ တော်တော့်ကို ခေါင်တာပေါ့ ။ သည်မှာပဲ စာရေးဆရာဟာ လယ်ပြင်ကြီးသွားတောလားကို စာဖတ်သူတွေမြင်သာအောင် ၊ ပါးစပ်မစေ့ရယ်ရအောင် ၊ ဘယ်တော့များမှ ရောက်ပါ့မလဲထင်ရအောင် ရေးပြသွားပါတယ် ။ လမ်းကလည်းဆိုး ၊ အညာဆိုတော့ အရိပ်ကလည်းမရှိ ၊ ပူလိုက်သမှလည်း အညာနေတောက်တောက် ၊ သည်ကြားထဲကားကလည်း ပျက်သေး ။

တစ်ဖက်ကလည်း နံနက် (၁၀)နာရီလောက်မှာလာတောင်းမှာဆိုပြီး မရှိမဲ့ ရှိမဲ့ချေးငှားချက်ပြုတ် ၊ လူကြီးတွေပင့်ဖိတ်ပြီးစောင့်နေတယ့် အေးသီ၊ ဒေါ်စွန်မသားအမိ ။ သည်မှာစာရေးဆရာက သည်တောသူမ သားအမိစရိုက်ကို ပီပီပြင်ပြင်ကြီးဖော်သွားပါတယ် ။ သည်သားအမိက မုဆိုးမဖတဆိုး၊ ဆင်းဆင်းရဲရဲ ၊ မိအုပ်လို့ကြီးကြရပေမယ့် အေးသီဟာ အချင်းရှိတဲ့မိန်းကလေး ၊ သည်တော့ ဥစ္စာမရှိပေမယ့် စာဂ ကောင်းကြတဲ့သူတွေဆိုတော့ ရွာကလည်းချစ်ခင်စောင့်ရှောက်ကြတယ် ။ အေးသီတစ်ယောက် ပုဝါပါးကိုကြက်သားထုပ်မိပေမယ့် ကျင်းပမယ့် မင်္ဂလာပွဲအတွက်ရွာက အုပ်အုပ်စည်းစည်းဆောင်ရွက်ပေးကြတယ် ။ အဲအခက်တွေ့တာကတော့ သတို့သားပေါ်မလာတာပဲ ။ စောင့်ရတာမှ ညနေစောင်းအထိ ။ နောက်ဆုံးလူကြီးတွေလည်းထပြန် ၊ ဒေါ်စွန်မလည်းဒေါသပုံထ ၊ အေးသီဆို ဒီဇယ်ဆီတွေ သောက်သေတော့မယ်ဆိုလို့ ဝိုင်းတားထားရတဲ့အဖြစ် ။ ရွာကလသားတွေကလည်း ရွာသူကိုစော်ကားရပါ့မလားလို့ ဝိုင်းရိုက်ဖို့ တုတ်ဓားတပြင်ပြင်နဲ့ ။

အဲသည်မှာနောက်တစ်ယောက်ရှိသေးတာက ၊ သောင်းစိန် ။ သောင်းစိန်ဆိုတာလယ်ပြင်ကြီးက ရွာသား ၊ မိဘတွေကတောင်သာတော့ ဘာအလုပ်မှမလုပ်တဲ့လူစား ။ အေးသီကိုကြိုက်လိုက်တာလည်း တစ်ပိုင်းကိုသေလို့ ၊ အဲ အေးသီက သဘောမကျလိုက်တာလည်း တစ်ပိုင်းကိုသေလို့ဆိုသလို တစ်ဖက်သက်အချစ်သမား ။ အေးသီ (အ-သ) ဆိုတာကိုနာမ်ကျေဖို့ သော့အိမ် (သ-အ) ကိုလည်ပင်းမှာဆွဲ ဆိုနတ်ကတော်ပြောတာကို အဟုတ်မှတ်ပြီး သော့တစ်လုံးကိုဆွဲထားတဲ့လူစား ။ သူကလည်း တုတ်တပြင် ၊ ဓားတစ်ပြင်ပေါ့ ။

မိန်းမတောင်းလာကြတဲ့ လူတွေခမျာတော့ ခရီးကနှိပ်စက်လို့ လူရုပ်တောင်မပေါ်ရှာတော့ပါဘူး ။ ရွှံ့တွေ ၊ ဖုန်တွေတလိမ်းလိမ်းနဲ့ ညနေစောင်းတောင်မရောက်ကြသေး ။ နောက်ဆုံးကားထားပြီး လှည်းငှားစီးလာ ကြရတဲ့အဖြစ် ။ နောက်ဆုံးတော့ အေးသီတို့ဆီညကြီး စုတ်စုတ်ချုပ်မှရောက်ကြတော့ ရပ်ကိုရွာကိုတောင်းပန်ပြီးတောင်းမြန်းရရှာတယ် ။ နောက်တော့အဖြစ်မှန်ကိုသိလို့ ဒေါ်စွန်မရော ၊ ရွာကလူတွေရောခွင့်လွှတ် ၊ မြို့ကလူတွေကိုလည်းရွာမှာ ထမင်းဆင့်ပြီး ညစာကျွေး ၊ ညအိပ်ခိုင်းရတဲ့ အဖြစ် ။ နောက်တစ်နေ့မနက်ကျမှ သတို့သမီးရော ယောက္ခမကိုပါမြို့ကိုခေါ်သွားတဲ့ မောင်ကြိုင် တို့လူကြီးတစ်စုရယ် ၊ နောက်ကျန်ရစ် သောင်းစိန်က အသိတရားကျပြီး နောက်သူ့လည်ကသော့အိမ်ကို လက်ဖွဲ့၊ လှည်းစီးမြို့တက်သွားကြတဲ့ သတို့သမီးရဲ့ ရွာအလွမ်းနဲ့ ဆရာမဟာ ဇာတ်ကိုနိဂုံးချုပ်ခဲ့တယ် ။

သည်ဝတ္ထုမှာ နှစ်သက်မိတာကတော့ ဆရာမရဲ့ ဟာသနှောတဲ့ အညာလေ အရေးအသားပဲ ။ လယ်ပြင်ကြီးသွား ခရီးကအခက်အခဲတွေကို တဝါးဝါနေရအောင်ရေးပြတယ် ။ နောက် ကိုကြိုင်နဲ့ အေးသီတို့ ရဲ့သမီးရည်းစားဘဝ ရိုးအရှာတဲ့ တောသူတောင်သားဓလေ့ ၊ နောက်အေးသီမိခင် ဒေါ်စွန်မရဲ့ စရိုက်ဟာ အကြွဆုံး ၊ သရုပ်အပေါ်ဆုံး အရေးအသားပဲ ။ နောက်တစ်ခုက အညာကကျေးရွာရဲ့လူနေမှုစရိုက် ။ အတင်းပြောစရာရှိ ပြောလိုက်မယ် ၊ ရန်ဖြစ်စရာရှိ ဖြစ်လိုက်မယ် ၊ အဲ့ ကိုယ့်ရွာသူရွာသားအကျိုးအတွက်ဆို ကူညီလိုက်မယ် ၊ ရိုင်းပင်းလိုက်မယ်ဆို ကူညီကြတဲ့ဟာမျိုး ။ အခုခေတ်လို Globalization မှာ သည်လို အပြုအမူ ၊ နွေးထွေးမှုမျိုးဆိုတာ မြို့ပြယဉ်ကျေးမှုမှာတွေ့ရခဲသား ။ နောက်ဆင်းရဲ့ပေမယ့် အကျင့်စာရိတ္တကောင်းတယ်ဆိုတဲ့ ဂုဏ် ။ သိပ်ကိုတန်ဖိုးထားကြရမယ့်ဂုဏ်ပါ ။ အထူးသဖြင့် မြိုကလူကြီးတွေကို မြိုကိုပြောင်းကြတော့မယ့် ဒေါ်စွန်မတို့သားအမိအတွက် စောင့်ရှောက်ဖို့ မှာတဲ့ သူကြီးရဲ့ စကားတွေဟာ ဝတ္ထုရဲ့အသက်ပါ ။

“တစ်ခုပဲ ကျုပ်ပြောချင်တယ်ဗျာ.. ကျုပ်ရွာက ဒေါ်စွန်မတို့ အေးသီတို့က အနေအစားဆင်းရဲပေမယ့် စာရိတ္တကောင်းကြသူတွေပါ .မြို့ရောက်လို့အဆင်ပြေတယ် … စိတ်ချမ်းသာတယ်ဆိုတာပဲ ကျုပ်တို့ရွာက ကြားချင်ကြတာပါ ။ သူတို့ကိုတော့ စိတ်မဆင်းရဲ့စေချင်ဘူး တကယ်လို့မြိုမှာ မပျော်ဘူးဆိုရင်တော့ သူတို့သားအမိကို ကျုပ်တို့ရွာအရောက်ပြန်ပို့ပေးကြပါဗျာ… ”

နောက်တစ်ခုက အေးသီကိုတစ်ဖက်သက်ကြိုက်ရှာတဲ့ သောင်းစိန်ရဲ့ ကျွတ်တန်းဝင်ခန်း ။ နောက်ဆုံးမှာ သောင်းစိန်ဟာ ကိုယ့်အားကိုယ်ကိုးလို့ မိခင်ကြီးနဲ့ လုပ်ကိုင်စားသောက်တဲ့ အေးသီ ၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင် ၊ မိန်းမတစ်ယောက်ကိုရှာကျွေးနိုင်တဲ့ ကိုကြိုင်တို့ကိုကြည့်ပြီး ဘာအလုပ်မှ မလုပ် ၊ မိဘလုပ်စာထိုင်ဖြုန်းပြီး လိုက်ယားလိုက်ယားနေတဲ့ ဘဝကိုနောင်တရသွားတယ် ။ တစ်သက်လုံးချစ်ခဲ့ရတဲ့အေးသီ သူ့ကိုဘာလို့ပြန်မကြိုက်တာလည်းဆိုတာ သဘောပေါက်သွားတယ် ။

“သွားတော့အေးသီရေ …ညည်းကပြောတော့ မင်္ဂလာကားကြီးနဲ့မြို့ကို ကြွားကြွားကြီးပြန်မှာဆိုဟဲ … ခုတော့ တို့ရွာကမင်္ဂလာလှည်းကြီးနဲ့ပါ့လား … ကောင်မရဲ့”

သည်အေးသီ့သူငယ်ချင်းရဲ့ နှုတ်ဆက်စကားနဲ့ပဲ ဆရာမဟာ ဇာတ်ကို ဝတ္ထုနာမည်ဆီဆွဲခေါ်ရင်း အဆုံးသတ်ခဲ့တယ် ။ တကယ့်ကို ရသစာပေစစ်စစ် ဝတ္ထုတစ်ပုဒ်ပါ ။ ပန်းကြာဝတ်မှုန်ထက်တောင် ကျတော်သဘော ကျမိတယ် ။ ဖတ်ရတာ ကြည်လည်းကြည်နူးရရဲ့ ၊ ရယ်လည်း ရယ်ရရဲ့ … နောက်လွမ်းစရာလည်း ကောင်းပါရဲ့ ။ ။

အောင်ဖြိုး

( မေ ၂၅ ၊ ၂၀၀၉)

4 comments:

ရွာသားလေးဝိုင်တီယူ said...

စာအုပ်ငှားပါဗျို့

အညွန်းကောင်းတော့ ဖတ်ချင်တာပေါ့ဗျာ

Aung Phyoe said...

ငှားချင်ပါတယ် .... ။ ဒါပေမယ့် အကိုအားပါ့မလား :D .... ဆွဲကြိုးလေးနဲ့ အလုပ်ရှုပ်နေတယ်ထင်တယ်ဗျား ဟားဟား

ရွာသားလေးဝိုင်တီယူ said...

ဟားဟား ကိုအောင်ဖြိုးရ ဆွဲကြိုးကဆိုင်မှာပဲလေ။
ကျနော်စာဖတ်ဖို့အားပါတယ်။ တကယ်ငှားမယ်ဆိုရင်ပေါ့ဗျာ

Rita said...

ဒီက စာအုပ်ဆိုင်တွေမှာ ရှာကြည့်လိုက်ဦးမယ်။