22 August 2009

ရင်မှာပွင့်သောပန်း

သည်ကိစ္စကို စမိတာက ကျတော် .. ကိုYTU ကို Online မှာတွေ့တုန်း ရင်ဖွင့်ပြီးရေးကြည့်ပါလားလို့ အကြံပေးမိတယ် .. နောက် Tag ချင်လည်း Tag ပေါ့လို့ ... အဲ နောက်တော့ သူ့ပရောဂ ကြောင့် ဘလော့တွေအကုန်လုံးလည်း ပန်းတွေဖြစ်ကုန်ပြီ ..။ သူကတော့ ဘဝမှာ ဦးဆုံးပွင့်ခဲ့တဲ့ ပန်းဆိုပြီး ပြောထားတယ် .. ကျတော်ကတော့ ကိုယ့်ရင်မှာ ဘယ်တုန်းကမဆိုပွင့်တဲ့ပန်းပေါ့လို ခံယူပြီးဝတ္ထုတစ်ပုဒ် ကြိုးစားရေးထားပါတယ် ... နောက်ကိုYTU တဂ်တဲ့ အထဲမှာ အိမ်ထောင်သည်တွေမပါဘူးဆိုပဲ ... ဒါပေမယ့် ကျတော်ကတော့ခင်မင်သူတွေကို ဆက်တဂ်ပါတယ် (အဲ အိမ်ထောင်သည် တွေရောပါတယ်) ... ဆိုလိုတာက ဦးဆုံးပွင့်တဲ့ ပန်းမှမဟုတ်ပါဘူး ကိုယ့်ရင်ထဲမှာပွင့်ခဲ့တဲ့ ၊ ပွင့်နေဆဲ ကိုယ်မြတ်နိုးရတဲ့ ပန်းလေးတွေအကြောင်းပေါ့ ... ခံစားကြည့်ပါဦး ..

အိပ်မက်ပြာ

“ နှင်းဆီဆိုတာ ချစ်ခြင်းရဲ့ သင်္ကေတ …အထူးသဖြင့် အဝါရောင် နှင်းဆီဆိုတာ သိမ်မွေ့လေးနက်တဲ့ အချစ်ရဲ့ သင်္ကေတပေါ့ …. ကျတော်မင်းကို နှင်းဆီအဝါတွေ ပေးတယ် .. မင်းကျတော့်ကို အချစ်ပြန်ပေးမလား ….”

++++++

သူ့ကိုချစ်တယ်လို့ ကိုယ်ပြောတိုင်း ကိုယ့်စကားကို သူ ဘယ်တုန်းမှ အလေးအနက် မထားတတ်ပါ ….. မကြားချင်ယောင် ဆောင်ကောင်းဆောင်နေမယ် … ဒါမှမဟုတ် “ရှင့်ကို တို့မချစ်ပါဘူး … ခင်ရုံတင်ခင်တာ ..” လို့ ရယ်ရင်းပြောမယ် … ကိုယ့်ကို စိတ်ထိခိုက်အောင် စချင်ရင်တော့ “ဟုတ်တယ် ရှင့်ကိုတို့ မချစ်ပါဘူး တို့ချစ်တဲ့သူတွေ့ ရင်ရှင့်ကိုတကယ်ကြီးကို ထားခဲ့မှာနော်… ” လို့ တည်တည်လေးပြောတတ်သည်…
သူသည်လိုပြောတိုင်း ကိုယ့်မှာပြန်ပြောစရာ စကားတော့ မရှိတတ် … အဆုံးစွန်တိုင် ချခဲ့ရတဲ့ မာနရဲ့ တုန့်ပြန်မှုကြောင့် နှုတ်ဆွံ့ နေရတတ်သည် …. နောက်တော့ ကိုယ်ကလည်း ခပ်သောသောရယ်ရင်း .. “ဟုတ်လား” လို့ ဘာမှမဖြစ်သလိုပြန်ပြောတတ်သည် ။

++++++

“မြင်မြင်ချင်းပဲ ချစ်မိတယ်” ဆိုတဲ့စကားကို ကိုယ်မယုံပါ ။ သည်အတွက် သူ့ကို တွေ့တွေ့ချင်း မချစ်မိခဲ့သည့်အတွက် ကုန်ဆုံးသွားရတဲ့ အချိန်တွေကိုလည်း မနှမြောမိ ။ နောက် ပတ်ဝန်းကျင်ကို အရေးမစိုက်နိုင်အောင် ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ ( “မရှိမဖြစ်မိုး” ထဲက ခင်မိုးမြင့်လို ) မိန်းမမျိုးကို ကိုယ်မကြိုက် ။ မိန်းမဆိုတာ လုံဝကြီးမဟုတ်သည့်တိုင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ မိန်းမပီသနေရမည်လို့ ပဲပြဌာန်းထားတတ်ခဲ့ဖူးသည် ။ သူ့ရဲ့ စိတ်ကိုမသိရသေးမှီ ပုံစံအမြင်မှ သဘောကျစရာဆိုလို့ အတန်အသင့်ရှည်လျားတဲ့ ဆံပင်ရယ် … ပါးစပ်ကအပြုံးကို လိုက်ပါကူးစက်နိုင်စွမ်းရှိတဲ့ မျက်လုံးဝိုင်းလေး တစ်စုံကိုရယ်ပဲ ကိုယ် အသိအမှတ်ပြုခဲ့မိသည် ။ ဒါပေမယ့် မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ ခံစားချက်ကို ယုံကြည်သွားတဲ့အခါ သည်ခပ်ကြောင်ကြောင် အချက်တွေဆိုတာ မလိုတော့ဘူးလို့ ကိုယ်ထင်သည် ။ သူ့ရဲ့ အားနည်းချက် အားသာချက် ၊ လှပမှု အကြည်း တန်မှုတွေ ပျောက်ကွယ်ပေါင်းစပ်သွားပြီး မြတ်နိုးစရာ တစ်ခုအဖြစ်သာ ပြန်လည်မွေးဖွားလာခဲ့သည် ။

++++++

မိန်းမတစ်ယောက် ကိုချစ်မြတ်နိုးရသည့်အတွက် လှိုက်လှဲစွာ ရင်ခုန်ကြည်နူးရမှု ကို သူနှင့်ပတ်သက်မှပင် ခံစားနားလည်လာရသည် ။ သူ့ကို တစိမ့်စိမ့်ငေးစိုက်ကြည့်ခွင့် ရတဲ့ အချိန်လေးတွေကိုပင် တန်ဖိုးမဖြတ်နိုင်အောင် မြတ်နိုးရတော့သည်။ ကိုယ့်ကို ဂရုမပြုနိုင်အောင်ပင် သူ့ကိစ္စတွေနဲ့ အလုပ်များနေတဲ့ သူ့ကို တစိမ့်စိမ့်ငေးကြည့်နေရတာနဲ့ပင် ကမ္ဘာကြီးသည် ပြည့်စုံနေပြီရယ်လို့ ကိုယ့်ကိုယ့်ကို အလှည့်စားခံရပြန်သည် ။ ကိစ္စတစ်ခုကို ဖြေရှင်းအဖြေထုတ်ရင်း စိတ်ရှုပ်ရင် အောက်ကို ကုတ်သွားတတ်တဲ့ သူ့ခြေချောင်းလေးတွေ ၊ လက်မ နဲ့ လက်ညှိုးကို ချိုးတတ်တဲ့  အကျင့်လေး ၊ ဆံပင်ရှည်တွေကို လက်နဲ့ပင့်တင်တတ်တဲ့ ဟန်လေးတွေကအစ အသေးစိတ်မှတ်မိနေတတ်သည် ။ သူကြိုက်လို့ ညည်းတတ်တဲ့သီချင်းတွေ ၊ သူကြည့်တတ်ဆိုတဲ့ ဇာတ်လမ်းတွေ ၊ “ကောင်းတယ်ဟဲ့ ကြည့်ကြည့် .. နားထောင်ကြည့်” လို့သာမန်ကာ လျှံကာညွှန်းတတ်တဲ့ သူ့အကြိုက်လို့ ကိုယ်ယူဆရတဲ့ အရာတွေကို ကိုယ့်အကြိုက်ဆုံးစာရင်းထဲ သိမ်းကြုံးထည့်လို့ ရှာဖွေကြည့်ရ နားထောင်ရတာရတဲ့ အခါမှာကျတော့ လောကကြီးမှာအသက်ရှင်ရတာ ထိုက်တန်လေခြင်းလို့ ဖန်ဆင်းသူကို ပင်ကျေးဇူးတင် ရတော့သည် … လူတစ်ယောက်ကို စွဲလမ်းသွားတယ်ဆိုတာ သိပ်ကိုကြီးမားတဲ့ ကျိန်စာတစ်ရပ်လို့တောင် တစ်ခါတစ်ခါ ကိုယ်ထင်မိသည် … ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်ဥာဏ်တွေ ၊ အတွေးအခေါ်တွေကိုလုံးဝဖုံးကွယ် နိုင်လောက်အောင်စွဲလမ်းသွားရတယ်ဆိုတာ (ကိုယ့်အတွက်တော့) သိပ်ကိုကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုပဲ ။ သူ့ကိုငေးစိုက်ကြည့်ရင်း မြတ်နိုးမှုကြောင့်ရင်ခုန်မှု ၊ ဆုံးရှုံးရမှာကို ပူပန်မှုတွေပေါင်းစပ်ပြီး ရင်ထဲမှ မချိအောင် တင်းခနဲဖြစ်သွား တတ်တဲ့အခါမျိုးမှာတော့ အချစ်ဆိုတာ ချိုမြိန်သည့်တိုင် ကျိန်စာတစ်ခုရယ်လို့ ကိုယ့်မသိစိတ်က ယုံကြည်နေမိသည် …

++++++

မိန်းမတစ်ယောက်ကို ချစ်လျက်နဲ့ စွန့်လွှတ်သွားရပါတယ်လို့ ခံဝန်ချက်ပေးတတ်တဲ့ ယောက်ျားတွေကို ကျတော် အထင်သေးသည် .. မိန်းမတစ်ယောက်ကိုချစ်ရင် သူ့အချစ်ကို ရ ၊ မရ မသေချာပေမယ့် ယောက်ျားပီပီ အားထုတ်မှုတစ်ခုခုတော့ လုပ်ရမယ်လို့ လက်တွေ့ကျကျ ကိုယ်တွေးမိတဲ့ အချိန်မှာတော့ သူ့အတွက် မျက်နှာပြောင်တိုက်တယ်ဆိုတာ ကို ကိုယ်ရဲရဲဝံ့ဝံ့လုပ် ဝံ့ပြီ … သူ့ကို ရင်းနှီးဖို့ မဆုံ ဆုံအောင် သူ ရှိတတ်တဲ့နေရာတွေကို နောက်ယောင်ခံသွားတတ်ပြီ … တွေ့ရင်လည်း သာမန်အကြောင်းအရာတွေကို စကားမပြတ်နိုင်အောင် မျက်နှာထားတည်တည်နဲ့ပြောတတ်ပြီ … မကြာမကြာလည်း စကားမရှိစကားရှာကာ ဖုန်းဆက်ရပြီ … သူ့ကိုလည်း ဆရာတင်ပြီး အင်မတိအင်မတန်ရိုးစင်းသော အကြောင်းအရာတွေ ကို မသိနားမလည်ဟန်နဲ့မေးရပြီ … ။ တစ်ခါတစ်ခါတော့ ကိုယ့်အပြုအမူတွေဟာ တော့်တော့်ကို ကြောင်တာမို့ သူ့ကိုတွေ့ချင် ကြားချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ပေါချာချာဖြစ်လောက်အောင် မျက်နှာပြောင်တိုက်ရတော့ .. “ ဘယ်နယ်ကွာ .. ဒါမာနကြီးပြီး အတ္တသိပ်များတယ်လို့ပြောကြတဲ့ ကိုယ်တဲ့လား .. ကိုယ့်အပြုအမူတွေဟာ သိပ်ကို အပြောင်တိုက်လွန်းအားကြီးနေပြီလား ..” လို့ ကိုယ့်ကိုကိုယ် ဒဏ်ခတ်ချင်မိတဲ့အထိ .. ဒါပေမယ့် ဒါဟာ မိန်းမတစ်ယောက်ကိုချစ်မိတဲ့ ယောက်ျားတစ်ယောက် မဖြစ်မနေလုပ်ရမယ့် လုပ်ရပ်ဆိုတာ သိတော့ ကိုယ့်ဦးနှောက်ကို အသည်းနှလုံးက ထိန်းချုပ်သွားခဲ့ပြီ …

++++++

မိန်းမတစ်ယောက်ရဲ့ ယောက်ျားတစ်ယောက်အပေါ် အချစ်မှာ အထင်ကြီးမှုပါကောင်းပါနိုင်ပေမယ့် .. ယောက်ျားတစ်ယောက်အဖို့ မိန်းမတစ်ယောက်ကို အထင်ကြီးပြီးချစ်ဖို့ဆိုတာမလွယ်ပါ … ယောက်ျားဆိုတာ မိန်းမတစ်ယောက်ကို အကာအကွယ်ပေးဖို့ အသင့်ရှိတယ်ဆိုတဲ့ အနေအထားနဲ့ ပဲ ချစ်နေနိုင်မယ် … သို့သော် ..သည်လို ဦးနှောက်ကလာတဲ့ အတွေးအခေါ်တွေက အချစ်ကိုတွေ့တဲ့ အခါမှာ အတွေးအရာမဝင်ပါ … သည်တော့ ကိုယ့်မှာ သူ့အတွက်အရာရာကို ခိုင်းသမျှ မငြင်းမဆန်လုပ်ပေးဖို့ အသင့်ရှိတဲ့ သူတစ်ယောက်ဖြစ်ရတော့၏ …. သူများတွေ မျက်မုန်းကျိုးလောက်အောင် ကိုယ့်အပြုမူတွေ ပိုကောင်းပိုနေလိမ့်မည် .. သည်အတွက် သူ့ကိုယ့်ကို တုန့်ပြန်ခဲ့သလား .. ကိုယ်သေချာမသိပါ … သူနဲ့ကိုယ့်ရဲ့ ရင်းနှီးမှုအတွက် ဘယ်သူတွေဘယ်လိုဆိုဆို …ကိုယ်ကတော့ သူ့ဆီကတုန့်ပြန်တဲ့ အပြုံးတစ်ချက်ကိုရဖို့ …. ပိုင်စိုးပိုင်နက်နိုင်တဲ့ စကားတစ်ခွန်းကို ကြားရဖို့ ကလည်းပြီး အခြားဘာကိုမှ ဂရုမစိုက်နိုင် … သူ့ကို အိပ်မက်ထဲမှာ မရေမတွက်နိုင်အောင်တွေ့ရတတ်သည် … သူ့ဆံပင်ရဲ့ရနံ့ကို ရတယ်လို့ထင်အောင် ၊ ကိုယ့်ပုခုံးမှာ သူမှီနွဲ့နေသည် လို့ခံစားရအောင် လည်း အိပ်မက်က တိကျအသေးစိတ်လွန်းနေတတ်၏ .. ။ နောက်အိပ်မက်ထဲမှာ သူ့အတွက် နှင်းဆီပန်းအဝါတွေကို ဝယ်သွားတတ်ပြီး …. သူ့ဆံပင်တွေကို သပ်ဖွလို့ “အချစ်လေး .. အချစ်လေး.. လို့” တိုးတိုးလေးရေရွတ်နေတတ်သည် …

++++++

ဟိုးငယ်ငယ်တုန်းက ကိုယ့်ချစ်သူဟာ အရာရာကိုယ်နဲ့ အကြိုက်တူသူဖြစ်ရမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးသည် … နောက်နည်းနည်းအသက်လေးရလာတော့ ချစ်တဲ့သူကို ကိုယ့်အကြိုက်ပြုပြင်ယူမယ်ရယ်လို့ စဉ်းစားမိပြန်သည် .. အခုတော့ သည်အချက်တွေက သိပ်ကိုသေးဖွဲတဲ့ အတွေးအခေါ်တွေရယ်လို့ ခံယူနိုင်ပြီ … ကိုယ့်ချစ်ရသူအတွက် အရာရာမှာ သူအကြိုက်နဲ့ကိုယ့်အကြိုက်ညှိယူတာ (အများအားဖြင့်တော့ သူ့အကြိုက်ကို ကိုယ့်အကြိုက်အဖြစ်ပြောင်းလဲပစ်တာ ) ကိုပဲ အချစ်ရဲ့နိယာမလို့ကိုယ် ထင်နေတတ်ပြီ …. သည်အတွက် ကိုယ်ပေးသမျှစာအုပ်တွေကို သည်အတိုင်းပြန်ပေးတတ်သော သူ့ကို ကိုယ်ကအပျင်းပြေ နားထောင်ပေါ့လို့ ဝတ္ထုတို လေးတွေကို အသံထွက်ပြီးဖတ်ပြရသည် ... Latte နဲ့ Cappuccino ကို မခွဲတတ်တဲ့ သူ့အတွက် ကော်ဖီအကြောင်းဖျော်ပုံဖျော်နည်း တွေကိုဖောင်လောက်အောင်ပြောကာ … ကိုယ်သောက်နေကျ သာမာန်ထက် နည်းနည်းအချိုတိုးပြီး ကော်ဖီဖျော်ပေးရသည် … သူကကိုယ်ကြိုက်တဲ့ သီချင်းတွေဆိုကြားတောင်မကြားဖူး … သည့်အတွက် “ချစ်ပြုံးနှင်းဆီ” ကိုဆိုပြလို့မရ ၊ “နွေနှောင်းရွက်ကျန်” ကို ညည်းပြလို့မဖြစ် …သည်အတွက် တစ်ခါမှကိုင်မကြည့်ဖူးတဲ့ ဂစ်တာကို မလို့ “ရှင်ဆိုပြမယ့်တစ်နေ့ နားထောင်မယ်လေ ” လို့ပြောဖူးတဲ့ လေးဖြူရဲ့ “ခရီးများအဆုံးထိ” တစ်ပုဒ်ထဲကို အကို့ဆီမှာ တိတ်တိတ်လေးသင်ရသည် … ယောက်ျားလေးတစ်ယောက်ရဲ့ အဝတ်အစားကို ဂရုတစိုက်မှတ်ချက်ပေးတတ်တဲ့ သူ့အတွက် အရင်ဘယ်တုန်းကမှအရေးမစိုက်ခဲ့သော ဆံပင်ကို သေသေသပ်သပ်ဖီးပြီး အရောင်လွင်လွင်လေးတွေကို ကြည့်ကောင်းအောင် ဝတ်ရသည် ..

နောက် ကိုယ့်တစ်ယောက်ထဲ ဆိုရင်လည်း သူ့အကြောင်းကိုတွေးရသည် … အတူတူတွေ့ချိန်ဆိုရင် ခံစားမှုမျိုးစုံ ပေါင်းစုံနေသည့်ဖိစီးမှုကို သူကပေးတတ်သည် … ကြည်နူးရမှုနဲ့အတူ အချိန် ခရီးအကွားအဝေးကို ဆွဲဆန့်ထားချင်တဲ့ ကလေးဆန်ဆန်ခံစားမှုတွေ .. ပျော်ရွှင်နေရင်းက သူကိုယ့်ကို မချစ်ပါဘူးလို့ခံစားမိရင်း မျက်ရည်ဝဲလောက်အောင် ဝမ်းနည်းမှုတွေ .. သူကိုယ့်ရှေ့မှာ ရှိနေပါလျက် သူနဲ့ပတ်သက်သည့် တစ်စုံတစ်ခုကို လွမ်းဆွတ်နေရသည့်ခံစားမှုတွေကို တကိုယ်တည်းခံစားရတတ်သည် …

နှစ်ယောက်သား လမ်းခွဲတိုင်းနောက်ကို ဘယ်တော့မှသမင်လည်ပြန်လှည့်မကြည့်တတ်ဘဲ ခပ်မှန်မှန် လျှောက်သွားတတ်တဲ့ သူ့ကို မျက်လုံးထဲကပျောက်သွားသည်အထိ ငေးကြည့်ရင်း …တစ်နေ့ သူ့ကို ပွင့်လင်းစွာ နှင်းဆီဝါတွေ ကိုယ်ပေးဖြစ်ခဲ့သည် ။

++++++

မိန်းမတစ်ယောက်ကိုချစ်လို့ ဒူးထောက်ပြီး ချစ်ခွင့်တောင်းရလောက်အောင် ၊ ငိုကြွေးပြီး အသနားခံရလောက်အောင် မာနမဲ့တဲ့ ယောက်ျားတွေထဲမှာ ကိုယ်မပါပါ ။ ဒါဟာ သူတို့ အချစ်ရဲ့ကြီးမားမှု ကို သက်သေပြတာလား ။ သူတို့ရဲ့ ယောက်ျားမဆန် ပျော့ညံ့မှုကို ပြတာလား ..။ ကိုယ်ကတော့ သူငြင်းရင် ၊ သူ့ အတွက် အရာရာစိတ်ကြိုက်ဖြစ်စေရမယ်လို့ ကိုယ့်ကိုကိုယ်ဆုံးမထားရသည် ။

သူ နှင်းဆီတွေနဲ့တင်စားပြောတဲ့ကိုယ့်စကားကို နားလည်ပါသည် … သူက လူကဲခတ်ကောင်း သူတစ်ယောက်လည်းဖြစ်တော့ သည့်အရင်ထဲက သည်လို ကိုယ်ပြောမယ်ဆိုတာ သိကောင်းသိထားပြီး ဖြစ်မှာပါ … ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက မိန်းကလေးတွေလို ကြားကြားချင်း ရှက်သွားချင်းလည်းမရှိ ၊ အထိတ်တလန့်လည်းဖြစ်ပုံမရဘဲ .. ဖြည်းဖြည်းလေးပြုံး ပြသည် …
“ရှင်ရယ် …. တို့ဒါတွေ မတွေးချင်သေးဘူး … ရှင့်ကို ခင်ရုံပဲခင်ချင်သေးတယ် … တို့နဲ့ရှင် အရင်လိုပဲနေကြရအောင်လေ.. နော် .. နှင်းဆီတွေအတွက်ကျေးဇူးတင်ပါတယ်ရှင် .. တို့ သိပ်ကြိုတယ် .. နှင်းဆီ အနီဆိုပိုကြိုက်တယ် ”


သည်ညနေက သူနှင်းဆီဝါတွေကို ယူသွားသည့်တိုင်နောက်ပိုင်း သည်အကြောင်းကို စကားစပ်လို့မပြောခဲ့ ..။

++++++

မိန်းမတစ်ယောက်ချည်ထား၊ လှန်ထားတဲ့ ကြိုးဆိုတာ ဘယ်လောက်ထိရှည်လည်း ကျတော်မခန့်မှန်းနိုင်ပါ ။ သည်နောက် သူနဲ့ကိုယ် ပိုလို့လည်းနီးကပ်မသွား .. ဝေးလို့လည်းမသွားခဲ့ .. အမှန်ဆိုရင် ကိုယ်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို အဓိပ္ပာယ်ဖွင့်ပြဖို့လည်း ကိုယ်မတတ်နိုင် … ကိုယ်သိသလောက်ဆိုရင် အိပ်မက်မက်နေရတဲ့ ခံစားချက်နဲ့တော့ ဆင်ဆင်တူလိမ့်မည် … ကိုယ်ကတော့ သည်အိပ်မက်ကိုတတ်နိုင်သမျှဆက်မက်ချင်သည် … ကိုယ့်ရဲ့ မာနက ခွင့်ပြုသ၍ပေါ့ … ..


ကိုယ်သူ့ကို “မောင်တို့ချယ်ရီမြေ” ဆိုပြတိုင်း တစ်နေ့တော့သွားကျတောပေါ့လို့ တိုးတိုးလေးပြောတတ်သည် … ကိုယ်သူ့ကိုစူးစိုက်ကြည့် ရင်တော့ သူငယ်ချင်းတွေနဲ့လေ လို့လျောချတတ်သည် .. “ခင်ခင်ထူး” ရဲ့ “ပန်းကြာဝတ်မှုန်” ကိုဖတ်ပြမိတိုင်း “ဘာလဲ … ရှင့်ကို သည်လိုခေါ်စေချင်တာလား” လို့ မျက်လုံးလေးတစ်စုံ က ပြုံးရင်းပြောတတ်သည် ….


ကျတော်သူ့ကို တစ်ခုခုတိုက်တွန်းတိုင်း ဘယ်တုန်းကမှ မငြင်းမဆန် လက်မခံတတ်.. နည်းနည်းတော့ အတွန့်တက်လိုက်ရမှ ကျေနပ်တတ်သည် ….

“ရှင့်လို မအားဘူးလေ… ”
“အော်… ခင်ဗျားက serious lady ပေါ့ … ”

“တို့ကသည်လိုပဲ .. ရှင်အရင်တည်းက မသိဘူးလား …လောကမှာ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရတယ်”
“လုပ်ပေါ့ ခင်ဗျားလည်း လုပ်သင့်တာတွေချည်းလုပ်ပြီး သေမှာပဲ…”


သည်လိုအခါမျိုးမှာတော့ ညနေတွေဟာအေးစက်သွားတတ်ရဲ့ … ဒါပေမယ့် တစ်ယောက်ကို တစ်ယောက်စိတ်ဆိုးတတ်တဲ့ အချိန်တွေကို နှစ်ယောက်စလုံးက ကြာရှည်စွာ မထားတတ်ကြပါ .. တစ်ခါတစ်ခါတော့ ကိုယ်ပြောချင်နေသည် ..

“အချိန်က လူ့ကိုမစောင့်ဘူးတဲ့ … ကိုယ်ကတော့ စောင့်ခဲ့သားပဲ ….. ဒါပေမယ့် မင်းက ကိုယ့်ကို လိုက်မမှီတာလား … ကိုယ်က မင်းကို လိုက်မမှီတာလား … လှန်ထားတဲ့ကြိုးရှည် တစ်ချိန်ချိန်ပြတ်ထွက်မှာ ကိုယ်ကြောက်တယ် ..”

သူ့ကိုချစ်တယ်လို့ ကိုယ်ပြောတိုင်း ကိုယ့်စကားကို သူ ဘယ်တုန်းမှ အလေးအနက် မထားတတ်ပါ ….. မကြားချင်ယောင် ဆောင်ကောင်းဆောင်နေမယ် … ဒါမှမဟုတ် “ရှင့်ကို တို့မချစ်ပါဘူး … ခင်ရုံတင်ခင်တာ ..” လို့ ရယ်ရင်းပြောမယ် … ကိုယ့်ကို စိတ်ထိခိုက်အောင် စချင်ရင်တော့ “ဟုတ်တယ် ရှင့်ကိုတို့ မချစ်ပါဘူး တို့ချစ်တဲ့သူတွေ့ ရင်ရှင့်ကိုတကယ်ကြီးကို ထားခဲ့မှာနော်… ” လို့ တည်တည်လေးပြောတတ်သည်…


++++++

ပျော်ရွှင်စရာကောင်းတဲ့အိပ်မက်တွေ ကိုမနိုးထစတန်း ကိုယ်မက်ချင်သည် .. သို့ပေမယ့် ဘဝသည်အမြဲတမ်း အိပ်မက်မဟုတ် … ဘဝတွင် ကြောက်မက်ဖွယ် ခွဲခြားသွားစေမယ့် အကွာအဝေးများ .. လှည့်ကွက်များ … အမှတ်မထင်ဖန်တီးမယ့် ဇာတ်ကြောင်းများ များစွားရှိသည် …. ပျော်ရွှင်စရာအိပ်မက်ရဲ့ အလွန်မှာ သာယာတဲ့ တစ်ချိန်ချိန်ရှိကောင်းရှိမည် .. သို့မဟုတ်လွမ်းဆွတ်တသရမည့် အခြေအနေတစ်ခု ရှိကောင်းရှိမည် … အဆိုးဆုံးကို စဉ်းစားတတ်တဲ့ ကိုယ့်အတွက်တော့ အဲသည်အိပ်မက်အလွန်ဟာ အကျည်းတန်လှတယ် ..

အဲသည်အချိန်မှာ သူ တစ်ချိန်က ချစ်ခိုးရည်ဝေစွာကြည့်တတ်တဲ့ မျက်လုံးတစ်စုံကိုမေ့လျော့နေတော့မည် .. အနည်ငယ်သာ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ရဲ့ ဟန်ပန်ကို မမှတ်မိဘဲရှိလိမ့်မည် ..ကိုယ့်ကြောင့် လှုပ်ခတ်တိမ်းညွှတ်ခဲ့ရတဲ့ အာရုံတွေပြန်လည် အနည်ထိုင်သွားလိမ့်မည် .. ထိုက်သင့်တဲ့ အပျော်တွေပြည့်စုံမှုတွေ ဝန်းရံနေလိမ့်မည် …

ကိုယ်ကတော့ သူနဲ့ခပ်ဝေးဝေးတစ်နေရာမှာ ပျော်ရွှင်ကောင်းပျော်ရွှင်နေလိမ့်မည် .. ကိုယ်မနှစ်သက်သော်လည်း လူအများအားကျလောက်တဲ့ ပညာရပ်တစ်ခုခုဖြင့် ရပ်တည်နေလိမ့်မည် .. ဒါထက်ကံကောင်းရင် အသိအမှတ်နေရာတစ်ခုခုရထားတဲ့ အနုပညာသမား တစ်ယောက်ဖြစ်ချင်ဖြစ်နေမည် … ဒါမှမဟုတ် ….

ဘာပဲပြောပြော ခုလို ဘဝကို စစ်အေးတိုက်ပွဲတိုက်နေရချိန်မှာတော့ အိပ်မက်ထဲမှာနေထိုင်ရင်း ချစ်သူဆိုတာ ကိုယ်ကချစ်နေရတဲ့သူပဲ ရယ်လို့ ယုံကြည်နေချင်ပါသည် ။ ။

အောင်ဖြိုး

(ညနေ ၈း၁၈ မိနစ် ၊ သြဂုတ် ၂၂)


ဆက်တဂ်ရရင်တော့
- ဆရာမမေငြိမ်း - ပွင့်ဦးအငုံ
- မကြီးကေ - စိန်ပန်း နဲ့ ကံ့ကော်တွေ..အတူ ပွင့်ခဲ့တယ်
- မလင်းလက်ကြယ်စင်
- သုညတွေလုပ်တဲ့ အီးဒီယူကင်း
- ကိုလောရှည်

(အကိုရေ ရေးတော့ ရေးလိုက်တယ်ဗျာ ... ကျတော်တာဝန်ကျေပြီနော် ... )

9 comments:

kay said...

အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော နဲ့ ဘာတော်လဲ မသိ။ ကောင်မလေးက..ထားခဲ့တော့..နေခဲ့တာပဲလား။း)
အားထုပ်လေ.. အတင်းလိုက်။

အင်း.. လူကြီးတွေလဲ..အေးအေးမနေရပါလား။
( ရှူး..ရေးချင်နေတာကြာပြီ..)

Anonymous said...

ကိုအောင်ဖြိုးရေ

တကယ့်ရင်တွင်းဖြစ်လေးများလား....

မခင်မိုးမြင့်ကို ဂျစ်ကားလေးနဲ့ တွဲမြင်မိတယ်။ နောက်ဆုံးဇာတ်သိမ်းခန်းလေး လေထဲမြောက်တတ်သွားသလိုပဲ သူကားထိုးရပ်လိုက်လို့ မဟုတ်ရင် ကျနော်တော့ လျှောက်တိုက်နေပြီ အပြင်ဖက်မှာ။

တာဝန်တွေ အသီးသီးကျေပြီပေါ့ဗျာ.

ကိုအောင်ဖြိုးဖတ်ချင်တဲ့ သူများတွေရဲ့ ပန်းကလေးတွေလည်း တော်တော်များများ ရေးပြီးကြပြီ လိုက်ဖတ်ပါဦးနော့

Eduking said...

ဟ.. သယ်ကြီး.. မင်းက လုပ်လိုက်ရင် အကြီးကြီးတွေ.. ငါ စာမေးပွဲရှိနေလို့ကွ.. နည်းနည်းတော့ နောက်ကျမယ်.. ၃၁နောက်ပိုင်းပေါ့.. ကေတယ်ဟုတ် (:

မေငြိမ်း said...

တခါတလေကျတော့ မိန်းကလေးတွေက အချိန်မတန်သေးဘူးလို့ ထင်တဲ့အခါ သူတို့အချစ်တွေကို သိမ်းထားတတ်ကြလေသလား..။ ကိုယ်များ အတွက်လွဲနေလေသလား.. ပြန်တွေးကြည့်ပါဦး... လွမ်းစရာအေ....

Aung Phyoe said...

မကေ >> သည်လောက်ကြီးလည်း လွမ်းစရာမကောင်းပါဘူးဗျာ .. ကိုယ်တိုင် အလွမ်းအခံ ရှိနေရင်တော့မသိ ( ပန်းလေးကို စောင့်နေတယ် )

ကို YTU >> ရင်တွင်းဖြစ် ကြီးတော့မဟုတ်ပါဘူး .. မောင်မျိုးမင်းနဲ့မှ အမျိုးမတော်တာ ... ဟိ

Eduking >> ရပါတယ် ရေးရင်ပြီးရော .. အဲ ရေးစရာ ရှိနေမှန်းသိလို့ကို Tag လိုက်တာ

ဆရာမ >> ဆရာမပန်းလေးကို မြင်ခွင့်ပေးတဲ့ အတွက်ကျေးဇူး .. မဝေဖန်တတ်တဲ့ ဆရာမရဲ့ တိုက်တွန်းချက်လေး ကကို ကျတော့်အတွက် လွမ်းစရာ ...

Rita said...

တော်တော် စာရေးကောင်းပါတယ်။
ရုံးကနေမို့ run thro' ပဲ ဖတ်ရသေးတယ်။ အိမ်ရောက်မှ သေချာ ထပ်ဖတ်ရဦးမယ်။

tg.nwai said...

ကိုအောင်ဖြိုးရေ.. ကိုရွာသား တက်ဂ်တဲ့ ပန်းတွေ လိုက်ဖတ်ရင်း ရောက်လာပါတယ်...ကျေးဇူး.. ဖတ်လို့ကောင်းလိုက်တာ.. တခါတလေကျ ကောင်မလေးတွေက ဘာကို စောင့်နေတာလည်း မသိ..:)

ရွှေပြည်သူ (ShwePyiThu) said...

အရေးအသားထဲ လိုက်ပါစီးမျောသွားမိတယ်။ နောက် စာထဲက “ကောင်မလေးတစ်ယောက်” နဲ့ “အချစ်တစ်ခု”ကိုလည်း သေချာမြင်လိုက်ရပါတယ်။ နောက် သဘောတူမိတဲ့အချက်တွေလည်း တော်တော်များများ တွေ့လိုက်ရပါတယ်။ အိပ်မက်အလွန်ကို ကြိုတွေးထားတာကလည်း လူတိုင်းမလုပ်နိုင်တဲ့ ပြင်ဆင်ခြင်းတမျိုးပါပဲ။ စာကောင်းတွေ အများကြီးဆက်ရေးနိုင်ပါစေ မောင်လေး ကိုအောင်ဖြိုး။

Rita said...

သေချာ ပြန်ဖတ်မိတယ်။
အချိန်ရရင်တော့ စာရေးစေချင်ပါတယ်။
တွေ့ရကြုံရတဲ့ နေ့စဉ် မှတ်တမ်းဖြစ်ဖြစ်ပေါ့။