12 February 2008

ချစ်ရမ္မက် - အပိုင်း (၂)

မစ္စတာရီက သူဇနီး ရီကတော့် နောက်မှာ ရပ်ပြီး ကစားဝိုင်းအခြေအနေကို အကဲခပ်နေတယ် ။ သူ့နောက်က နံရံမှာတော့ ခြောက်ပေနီးပါးရှိမယ့် အ၀ါညစ်ရောင် ပိတ်စထူထူမှာ ကြက်သွေးနီရောင် စာမဏီငှက်မြီး ဖြန့်ကျနေဟန် သဏ္ဍာန် ရှိသော ဋရင်ကောက်အပင်ကို ပန်းချီဒီဇိုင်း ဆွဲထားတဲ့ လိုက်ကာတွေ ဖြာကျနေတယ်။ သည်ပုံစံကလည်း ၀မ်ကျင်းဝေ အစိုးရရဲ့ ဒုတိယ ၀န်ကြီး “ဇိုဖိုဟိုင်း” ရဲ့ အိမ်တွင်းအပြင်အဆင်ကို တုပပြီး ပြင်ဆင်ထားတဲ့ အပြင်အဆင်တစ်ခုပါ ။ ပြင်သစ်ပုံစံ မှန်ပြတင်းအတုတွေအပေါ်မှာ အလွန်တရာကြီးမားတဲ့ ခန်းဆီးလိုက်ကာတွေကို ပြင်ထားထာကလည်း သည်လိုအပြင်အဆင်မျိုးပါပဲ။ အထည်ထုပ်လုပ်မှု ကုန်ကြမ်းရှားပါး နေတဲ့ စစ်ပွဲလို အချိန်မျိုးမှာ မစ္စတာရီနောက်က ကြမ်းပြင်ထိရှည်လျှားတဲ့ ခန်းဆီးလိုက်ကာ ( ခန်းဆီးမှာ အရောင်ဆင်တူဖြစ်ဖို့ အတွက် ပိတ်စလည်းအပို ကုန်ပါသေးတယ်။) ကို တပ်ဆင်အသုံးပြုမှုမျိုးဟာ ငွေကြေးကို အလွန်အကျွံ ဖြုန်တီးနိုင်တာကို မြင်သာတဲ့ သက်သေတစ်ခုဖြစ်ပါတယ် ။ ဋရင်ကောက်အပင်အကြီးစားကြီးကို နောက်ခံပြုပြီး ခပ်ယို့ယို့ ရပ်နေတဲ့ မစ္စတာရီဟာ သာမန်ထက်တောင် အရပ်ပုနေတယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ မျက်နှာဟာလည်း ခပ်ချောင်ချောင် ဖြူဖတ်ဖြူရောင်ဖြစ်နေပြီး ခပ်ကျဉ်းကျဉ်း ဆံပင်ခွဲကြောင်းနဲ့ နားထင်ကဆံထောက်တွေကြောင့်လည်း စုပ်ချွန်းချွန်း သူ့မျက်နှာဟာ ပိုလို့ ဖျော့တော့ နေသယောင်ရှိပါတယ် ။ သူ့ရဲ့ ခပ်ကျဉ်းကျဉ်း နှာခေါင်းဟာလည်း ကြွက်နာခေါင်းလို ချွန်လို့ ။

“ရှင့်လက်စွပ်က စိန်က သုံးကာရက် တောင်ရှိမယ်ထင်တယ်နော် ၊ ဟုတ်လား မှီကတော် ” ရီကတော်က မေးလိုက်တယ် ။

“တစ်မြန်နေ့တော့ ဝှေ့ဖန် လာသွားပြီး ငါးကာရက် ရှိတဲ့ စိန်တစ်လုံးလာပြသေးတယ် ၊ ဒါပေမယ့် ရှင့်လက်က စိန်လောက်တော့ အရောင်မလက်ဘူးရှင့်”


“ဒါနဲ့ ရီကတော်ရယ် ဝှေ့ဖန်ရဲ့ ပစ္စည်းတွေက မြို့ထဲက ဆိုင်တွေထက်တော့ စိတ်ချရတယ်လို့ပြောကြတာပဲ ”

“ကျမကတော့ အိမ်လာပြီး ပစ္စည်းတွေလာပြတာ ပိုအဆင်ပြေတယ်ထင်တာပဲ ။ ၀ယ်သင့် မ၀ယ်သင့် စဉ်းစားတုန်းလည်း တစ်ရက်နှစ်ရက်လောက်လည်း အချိန်ဆွဲလို့ရသေးတယ် ။ သူ့(ဝှေ့ဖန်) ကမှာလည်း ဘယ်နေရာမှာမှ ရှာမတွေ့တဲ့ ပစ္စည်းတွေလည်း ပါလာတတ်သေးတယ် ။ အရင်တစ်ခါက သူကျမကို ရေနံရောင် ခပ်ဝါ၀ါ စိန်တစ်လုံးလာပြသေးတယ် ။ ဒါပေမယ့် သူက မ၀ယ်နဲ့တဲ့လေ” ရီကတော်ဟာ မစ္စတာရီကို ခပ်စိမ်းစိမ်း တစ်ချက်မေးငေါ့ပြပြီး စကားဆက်တယ်။

“ခုခေတ်ပေါက်ဈေးနဲ့ ဘယ်လောက်ကျမလဲ ရှင်တွေးကြည့်ပေတော့ ။ အပြစ်ကင်းလိုက်တဲ့ စိန်ကြီး ။ တစ်ကာရက်ကို ရွှေ အောင်စတစ်ဒါဇင်လား ။ နှစ်ဒါဇင်လား ။ သုံးဒါဇင်လားပဲ ဆိုတဲ့စအစားမျိုးထဲက ။ ဝှေ့ဖန်ကတော့ ပြောသား ခုခေတ်မှာ ဘယ်သူမှ ရေနံရောင်စိန်ရော ၊ ပန်းရောင်စိန်ရောကို ဘယ်ဈေးရရရောင်းမှာမဟုတ်ဘူးတဲ့ ။ အကုန်လုံးက မမျှော်မှန်းနိုင်လောက် အောင်ဈေးတတ်မယ်ထင်ပြီး ၊ ခြစ်ကုပ်သိမ်းထားကြတာ”

“စိန်ကဘယ်လောက်လေးလဲ ၊ မင်းမှမသိဘဲ ” မစ္စတာရီက ရယ်ရင်းနှင့်ဝင်ပြောလိုက်တယ် ။ “ဆယ် ကာရက်တောင်ရှိတာဗျား ၊ ဒီလောက်လေးတာကြီးကို မင်းလက်မှာစွပ်ထားရင် မာကျောက်တောင် ကောင်းကောင်းကစားနိုင်မှာ မဟုတ်ဘူး”

ကစားရာ စားပွဲရဲ့ အစွန်းတွေမှာ တင်ထားကြတဲ့ အမျိုးသမီးလက်တွေဟာ စိန်ပြပွဲတစ်ခုလိုပါပဲ ။ ကစားသူတွေရဲ့ လက်တိုင်းက စိန်ရောင်တွေကလည်း ပြိုးပြိုးပြောင်ပြောင်လက်လို့ ။ သူမလက်မှာသာ မလက်နိုင်တာပါလားလို့ ဂျေဆင်း တွေး နေမိတယ် ။ ဒီမိန်းမတွေကြားမှာ အရောင်မှိန်နေတဲ့ သူမ့လက်က ကျောက်စိမ်း လက်စွပ်ကိုလည်း ပြန်သိမ်းထားရင် ကောင်းမယ်လို့ သူမတွေးနေတယ် ။

“ရှင်တို့ ကျမကို မစကြနဲ့နော်” ရီကတော်ဟာ မာကျောက်ပြားလေးကို ကြည့်ရင်းစိတ်ဆိုး မာန်ဆိုးပြောလိုက်တယ် ။ မှီကတော် မျက်နှာချင်းဆိုင်က မိန်းမက သူနိုင်ကြောင်းပြောလိုက်တော့ စားပွဲတစ်ခုလုံး ရယ်သံတွေ ၊ စိတ်ပျက် ညည်းညူသံတွေ ဖုံးလွှမ်သွားပြန်တယ် ။

ကစားသမား အမျိုးသမီးတွေဟာ သူတို့အနိုင် ၊ အရှုံးကို သည်းကြီးမည်းကြီး တွက်နေကြတုန်းမှာ ပဲ ၊ မစ္စတာရီ က ဂျေဆင်းကို မသိမသာကြည့်ပြီး တံခါးဆီကို မေးငေါ့ပြလိုက်တယ် ။

ဂျေဆင်းလည်း အလန့်တကြားနဲ့ ဘေးကမိန်းမတွေကို ကြည့်လိုက်တော့ ကံကောင်းထောက်မစွာပဲ ဘယ်သူကမှသတိ မပြုမိကြဘူး ။ သူမက သူရှုံးသမျှ မာကျောက်ပြားလေးတွေကို လျော်ရင်း ၊ လက်ဘက်ရည် တစ်ငုံလောက်သောက်လိုက်တယ် ။ နောက်မှ တအံတသြနဲ့ …

“အောင်မလေး ကျမလေး ဘယ်လောက်မေ့တတ်လိုက်သလဲ ။ ကျမ သုံးနာရီမှာ အရောင်းအ၀ယ် ကိစ္စတစ်ခုနဲ့ တွေ့ဖို့ချိန်းထားတာရှိတယ် ။ လုံးလုံးကိုမေ့နေတာ ။ ကဲ မစ္စတာရီ ရှင် ကျမပြန်မလာခင် ကျမနေရာမှာ ခဏ၀င်ကစားပေးနိုင်မလား”

“ကျမ ခွင့်မပြုနိုင်ဘူး ၊ ရှင် ကျမတို့ကို ဘာမှလည်း ကြိုပြောမထားဘဲနဲ့ ” ရီကတော်က ကန့်ကွက်စကားဆိုတယ် ။

“ဟုတ်ပ ၊ ကျမခုမျှ ကံကောင်းစရှိသေးတယ် ” စောစောကနိုင်တဲ့ အမျိုးသမီးကထောက်ခံတယ် ။

“ နေနေ ကျမတို့ လျိုကတော်ကိုခေါ်လိုက်မယ်လေ ။ သွားပြီးဖုန်းဆက်လိုက် ။ အနည်းဆုံးတော့ ရှင် သူလာမှ သွားရမယ်နော် ” ရီကတော်က ဂျေဆင်းကို ဆက်ပြောတယ်။

“ကျမ မဖြစ်မနေသွားရမှာ မို့ပါ ။” ဂျေဆင်းက နာရီ တစ်ချက်ကြည့်လိုက်တယ် ။ “ကျမတော့ နောက်တောင်ကျနေပြီထင်တယ် ၊ အရောင်းအ၀ယ်သမား တစ်ယောက်နဲ့ ကော်ဖီသောက်ဖို့ ချိန်းထားတာ ၊ ကဲ မစ္စတာရီ ရှင်ကျမနေရာဝင်တော့ ”

“ကျတော်လည်း ရုံးမှာ တစ်နေ့လည်လုံးပင်ပန်းလာတာဗျ ၊ နက်ဖြန်ကျမှပဲ တစ်ညလုံး ကစားတော့မယ် ” မစ္စတာရီက ပင်ပန်းနွမ်းနယ်ဟန်ပြောလိုက်တယ် ။

“အဲဒါပဲ ၀မ်ဂျေးဆင်း ဆိုတာ” ရီကတော်က သူနဲ့ဂျေဆင်းက ငယ်ငယ်လေးထဲက သိကျွမ်းခဲ့တဲ့ ပုံစံ နဲ့ သူမ နာမယ်ရင်းကို ခေါ်ပြီးပြောလိုက်တယ်။ “ကျမတို့ကို ရှင် သည့်အတွက် ပြန်ပေးရမယ်။ ကျမတို့ အားလုံးကို ညစာကျွေး ဒါပဲ”

“ရှင်ကလည်း ကိုယ့်ဧည့်သည်ကို ညစာဝယ်ကျွေး မခိုင်းရဘူးလေ” မှီကတော်က ကန့်ကွက်တယ်။

“ကျမကတော့ ရီကတော့်ဘက်ကပဲ” လို့ စောစောကနိုင်တဲ့ မိန်းမကပြောလိုက်ပြန်တယ်။

သူတို့ဟာ သူတို့အိမ်ရှင်မရဲ့ ဧည့်သည် မိန်းကလေးအကြောင်းကိုပြောရာမှာလည်း နည်းနည်းသတိထားပြီး ဝေဖန်ကြရတယ် ။ တကယ့်တကယ်တော့ ရီကတော်က မွေးရင် ဂျေဆင်းက သူ့သမီးလောက်ပဲရှိဦးမှာပါ ။ ဒါပေမယ့် အမျိုးသမီး နှစ်ဦးရဲ့ အသက်ကွာခြားမှုကို သူတို့ မဝေဖန်ရဲကြဘူး ။ ရီကတော်ဟာ ကြယ်တွေကြားက လတစင်းလို့ သူ့ကိုသူ မသတ်မှတ်နိုင်လောက်အောင် ကြီးရင့်နေပြီဆိုပေမယ့် မိန်းမတွေရဲ့ မနာလို ၀န်တိုစိတ်ကို ပယ်နိုင်လောက် အောင်တော့လည်း မအိုသေးပါ။

“ကောင်းပါပြီရှင် ။ ကျမရှင်တို့ အားလုံးကို သည်ည ညစာကျွေးပါ့မယ် ။ ဒါပေမယ့် မစ္စတာရီ ရှင့်ကျမ နေရာဝင် ကစားမပေးဘူးဆိုရင် သည်ည ပါတီမှာ ရှင်မပါရဘူး” ဂျေဆင်း ကပြောလိုက်တယ်။

“ကဲလာပါ မစ္စတာရီရယ် ၊ မာကျောက်ဆိုတာ သုံးယောက်ထည်း ကစားရရင်သိပ်ပျော်ဖို့ မကောင်းဘူး ၊ ခဏပဲ မှီကတော် ဖုန်းခေါ်ပြီးရင် လျိုကတော်လည်းလာတော့မှာပါ ။”

“ကျနော် ရုံးအလုပ်နဲ့ ပတ်သက်ပြီးကြိုတင်ချိန်းထားတာရှိတယ် ၊ မကြာခင် လာခေါ်ကြလို့ရှိရင် ကျတော် လိုက်သွားရမှာ ” မစ္စတာရီဟာ သူ့အလုပ်နှင့် ပတ်သက်ရင်ပြောတတ်တဲ့ ခပ်ဝှက်ဝှက်အထက်စီး လေသံမျိုးနဲ့ ပြောလိုက်တယ် ။

“အောင်မလေးရှင် ၊ မစ္စတာရီ ဘယ်လောက်အလုပ်များ မှန်းကျမတို့ အားလုံးသိကြပါတယ်” မှီကတော်က ပြောလိုက်တယ် ။

“မှီကတော် တစ်ခုခုကို စောင်းပြောနေတာများလား ။ ဒါမှမဟုတ် သူမအတွက် အားပေးရာရောက်နေသလား ?” , ဂျေဆင်းက မစ္စတာရီ ပြုံးနေတာ ၊ နောက်နေတာကို ကြည့်ရင်း မြှောင်ပင့်ဟန်ပါတဲ့ မှီကတော်ရဲ့ လေသံကို အကဲခတ်နေတယ် ။ မှီကတော်ဟာ သူ့ကိုမြှောက်ပြောရင် သဘောကျတတ်တဲ့ မစ္စတာရီရဲ့ စရိုက်ကို သိပုံပဲ။ သူမသာ ဆက်ပြီးအောင်မြင်ရင် ကြေးစား သူလျိုခေါင်းဆောင်ဖြစ်နိုင်တယ် ။ ဂျေဆင်း ဆက်တွေးနေမိတယ် ။

အခုအချိန်ဟာ သိပ်ကို အန္တရာယ်ကြီးနေတဲ့အချိန်ပဲ ။ သည်ကိစ္စကြီးကို သည်နေ့မလုပ်ဘဲ အချိန်ထပ်ဆွဲနေ မယ်ဆိုရင် ၊ ရီကတော်က သူတို့အကြောင်းကို ရိပ်မိသွားမှာ အသေအချာပဲ။

ဆက်ရန် -


No comments: