11 February 2008

ချစ်ရမ္မက် - အပိုင်း (၁)


"Lust, Caution " ရုပ်ရှင်ဟာ ကမ္ဘာကျော် ထိုင်ဝမ် ဒါရိုက်တာ Ang Lee ရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ ။ ဝေဖန်ရေး တွေကြားမှာလည်း အတော်လေးကို အုပ်အော်သောင်နင်းဖြစ်သွားတဲ့ ရုပ်ရှင်ပါ ။ Sex နဲ့ ပါတ်သတ်ရင် သိပ်မတင်းကျပ်ဖူးဆိုတဲ့ အမေရိကားမှာတောင် " NC-17 " Rating အပေးခံခဲ့ရအောင်ကို Sexual Contents တွေပါပါတယ် ။ အာရှတလွှားမှာလည်း အမျိုးမျိုး အဖုံဖုံ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်ပြီး ရုံတင်နိုင်ခဲ့တာပါ ။ဒါပေမယ့် ရုပ်ရှင်ရဲ့ အောင်မြင်မှုကတော့ အားရစရာပါ ။ ၀င်ငွေအနေနှင့်ရောအများကြီး ရခဲ့သလို Venice Film Festival မှာလည်း အကောင်ဆုံးရုပ်ရှင်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပါတယ် ။

သည်ရုပ်ရှင်ရဲ့ မူရင်း ကတော့ တရုတ်စာရေးဆရာမ Eileen Chang ရဲ့ "Lust Caution" ဆိုတာပါ ။ မူရင်းဝတ္တုလတ်ကို ဘာသာပြန်ပေးရင်ကောင်းမယ် ဆိုပြီးပြန်ပေးတာပါ ။ အပိုင်း (၆) ပိုင်းလောက်ခွဲပြီးပြန်သွား ပေးမှာပါ ။

Original Novel : 色,戒 by Eileen Chang

English Translation : Lust , Caution by Julia Lovell

ချစ်ရမ္မက်

နေ့ခင်းကြောင်တောင် ရှိနေသေးပေမယ့် ၊ မာကျောက်ကစားရာစားပွဲ ပေါ်ကို မီးအိမ်ရဲ့ အလင်းတန်းပူတွေဟာ ဖြာကျနေတယ် ။ မာကျောက်ပြားလေးတွေကို တစ်ဆင့်တစ်ဆင့် ကမ်းပေးနေကြသူတွေရဲ့ လက်တွေက စိန်လက်စွပ်တွေရဲ့ အရောင်တောက်တောက်များဟာလည်း လက်ဝှေ့ယမ်းလှုပ်ရှားမှု နဲ့အတူ စိတ်မသက်သာစဖွယ် တစ်ဖျက်ဖျက်လက်လို့။ စားပွဲရဲ့ ခြေထောက်တစ်ဖက်တစ်ချက်မှာ တင်းတင်းရင်းရင်း စုချည်ထားတဲ့ စားပွဲခင်းဟာလည်း အဖြူရောင်တောက်တောက်ထလို့ ။ အညာအတာမဲ့ တဲ့ မီးလုံးရဲ့ အလင်းဟာ ဂျေဆင်း ရဲ့ ဆဌဂံပုံမျက်နှာသွယ်သွယ်အောက်ဘက်က ခပ်ဟိုက်ဟိုက် အကျီ င်္ရဲ့အောက်က ပြည့်ဖြိုးတဲ့ ရွှေရင်စုံပေါ်ကို ဖြာကျ အခွင့်အရေးယူနေတယ်။ သူမရဲ့မျက်နှာမှာ မိတ်ကပ်ဆိုလို နီရဲတဲ့ နှုတ်ခမ်းနီနီ စိုစိုကိုသာဆိုးထားပြီး အထိန်းအသိမ်းကင်းမဲ့တဲ့ ဆံပင်တွေဟာ ပုခုံးကိုကျော်ပြီး နောက်ကျောဘက်ကို ပြေလျော့စွာ ကျနေတယ်။ သူမဟာ နဖူလေး မဆိုစလောက် ကျဉ်းတာကလွဲရင် မိန်းမချောတစ်ယောက်ပါ။ သူမ၀တ်ထားတဲ့ အပြာရောင်ပိုးလက်ပြတ် တရုတ်သင်တိုင်းဟာ သူမရဲ့ ဒူးနားထိရောက်ပြီး သင်တိုင်းရဲ့ တစ်လက်မသာသာ ကော်လံခပ်တိုတိုဟာလည်း အနောက်တိုင်းပုံစံပါ။ သူမကော်လံကြယ်သီးကိုလည်း သူမ၀တ်ထားတဲ့ စိန်ချွန်ပုံ နီလာနားကပ်ပြားပြားနဲ့ လိုက်ဖက်အောင်ပြုပြင်ထားသေးတယ်။

သူမရဲ့ ဘယ်၊ညာ တစ်ဖက်တစ်ချက်ဆီမှာထိုင်နေတဲ့ အမျိုးသမီး နှစ်ယောက်စလုံးဟာ အနက်ရောင် သိုးမွေး ၀တ်ရုံကိုခြုံထားကြပြီး ရွှေကြိုးခပ်တုပ်တုပ်တွေဟာ ၀တ်ရုံကို သိုင်းချည်ထားတဲ့ကြယ်သီးပေါက်မှတစ်ဆင့် အောင်ဖက်ကိုတွဲလောင်း ချထားကြတယ်။ ဂျပန့်လက်အောက် ခံအခြားဒေသတွေနဲ့ အဆက်ပြတ်တဲ့ ရှန်ဟဲမှာ ရိုးရာအ၀တ်အစား ဒီဇိုင်းအချို့ကိုတော့တွေ့နေရဆဲပင် ။ တိုင်းတပါးအုပ်ချုပ်ခံ ဘ၀မှာ လိုအပ်တာထက်ပို ၍ ဘုံးဘောလဟော သုံးစွဲနိုင်ကြတဲ့ လူတန်းစားဖြစ်တဲ့အတွက် သူတို့ရဲ့ရွှေကြိုးတွေဟာ ခုခေတ်မှာတန်ဖိုးမမှန်းနိုင်လောက်ဘူးလို့ ထင်မှတ်ရတဲ့ အထိကို တုတ်ကြတယ်။ ဒါပေမယ့် သည်ကော်လံကြယ်သီးအစား ရွှေကြိုးချည်ကြတဲ့ ၀တ်ဆင်မှုမျိုးဟာ သူ့နေရာနဲ့သူသာ ၀တ်ဆင်ကြရတာ ဖြစ်ပြီး ပြည့်သူ့ချဉ်ဖတ်မဖြစ်ရအောင်လည်း သူတို့တစ်တွေထိန်းသိမ်းကြရပါသေးတယ် ။ တစ်မြို့လုံး ကျင်းပတဲ့ စစ်ချည်တက်သရုပ်ပြပွဲ အခမ်းအနားမျိုးကျမှ မိမိခင်ပွန်းရဲ့ ချမ်းသာကြွယ်ဝမှု ဘမ်းပြအဖြစ် ခဏတစ်ဖြုတ်မျှသာ ၀တ်ဆင်ကြရတာပါ။ အဲဒီလို အကြောင်းပြချက်ကောင်းတွေကြောင့်လည်း အနက်ရောင်သိုးမွှေးဝတ်ရုံ နဲ့ ရွှေကြိုးဟာ ၀မ်ကျင်းဝေ ရဲ့ ရုပ်သေးအစိုးရလက်အောက်က အရာရှိကတော်တွေ အတွက် အကြိုက်တွေ့ ယူနီဖောင်းဖြစ်လို့နေတယ် ။ ဒါအပြင် စစ်ကြီးအတွင်းမှာ တရုတ်နိုင်ငံရဲ့ မြို့တော်လို့ သတ်မှတ်လိုက်တဲ့ ချုံကင်းက အမျိုးသမီး နိုင်ငံရေးသမားတွေရဲ့ အနက်ရောင်ဝတ်ရုံကို တုပပြီး နိုင်ငံရေးသမားတွေကို အားပေးတာပါလို့လည်း ပြောနိုင်ပါသေးတယ်။

(ရီကတော့် အပြုံး)

အထက်တန်းအရာရှိတစ်ယောက်ရဲ့ အမျိုးသမီး ပီပီ ရီကတော်ကလည်း အနက်ရောင်ဝတ်ရုံကို ထည်ထည်ဝါ၀ါ ၀တ်ထားပါတယ် ။ ဒါပေမည့်လည်း နှစ်ကြာလာတာနှင့်အမျှ တရစ်ရစ်ဝလာတဲ့ လည်းပင်းပျောက်ခေါင်းလောင်းပုံ ကိုယ်လုံးကိုယ်ပေါက်ကိုတော့ ထိုဝတ်ရုံက မထယ်ဝါစေနိုင်တော့ပါ။ ရီကတော်ဟာ ဂျေဆင်းကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူနဲ့သူ့ခင်ပွန်း ၀မ်ကျင်းဝေ အမျိုးသားအစိုးရနှင့် အတူ ချုံကင်းကို မထွက်ခွာမီ ဟောင်ကောင် မှာထဲကသိကျွမ်းခဲ့တာပါ ။ချုံကင်းကို ထွက်ပြေးခင် ၀မ်ကျင်းဝေရဲ့ လက်ရုံးတစ်ဖက်ဖြစ်တဲ့ ဇန်ဇိုးမိန် ဟမ်နွိုင်းမှာ လုပ်ကြံခံရတော့ သူတို့လင်မယားအပါအ၀င် ဟောင်ကောင်က ၀မ်ကျင်းဝေနောက်လိုက်တွေ အကုန်လုံး ခပ်ကုပ်ကုပ်နေခဲ့ ကြရတာ။ ဘယ်လိုအခြေ အနေပဲရောက်နေနေ ရီကတော်ဟာ ၀ယ်ရချမ်းရတာကို ၀ါသနာထုံ တယ်။ စစ်အတွင်း တိုင်းတပါးအုပ်ချုပ်ခံ အခြေအနေဆိုတော့ ၀ယ်ဖို့ချမ်းဖို့ ပစ္စည်းတွေဆိုတာ တရုတ်ပြည်မ တစ်ခုလုံးလိုလိုမှာ ရှားပါးလာတယ်။ ဒါကြောင့်လည်း လိုချင်စရာကုန်ပစ္စည်းတွေ ပေါများလို့ ဈေးဝယ်သူတို့ နိဗ္ဗာန်လို့ဆိုကြတဲ့ ဟောင်ကောင်ကိုရောက်တုန်းရောက်ခိုက် ဈေးဝယ်ရမယ့် အခွင့်အရေးထူးကြီးကို ရီကတော်လက်လွတ်မခံနိုင်ပါ။ သည်တော့ သူမအသိုင်းအ၀ိုင်းကလူတစ်ယောက် မိတ်ဆက်ပေးမှုနဲ့ ဂျေဆင်းကို သိကျွမ်းခဲ့တာ ။

“သူကလေ သင်္ဘောတွေနဲ့ သွင်းကုန်-ထုတ်ကုန်လုပ်တဲ့ မစ္စတာမှတ်ရဲ့ ဇနီးချောလေးပေါ့ ။ ရှင် ဟောင်ကောင်မှာ ဈေးဝယ်မယ်ဆိုရင် ဒေသခံအသိတစ်ယောက်တော့ ပါမှဖြစ်မှာ ။ ရှင် ကုန်ပဒေသာဆိုင်ကြီးတွေမှာ ဈေးဝယ်ချင်ရင် ကွမ်တုန်စကားပြောတတ်ရတယ် ။ ရှင်ကလည်းမပြောတတ်တော့ ရှင့်ကိုမတန်မရာ ဈေးတင်ပြီးရောင်းကျမှာ ။ သူ့ အမျိုးသား မစ္စတာမှတ်ကလည်း အခြား စီးပွားရေးလုပ်ငန်းရှင်တွေလိုပါပဲ ။ နိုင်ငံရေးဘက်ကလူကြီးလူကောင်းတွေနဲ့ မိတ်ဆွေဖြစ်ရတာ သိပ်ကို ဂုဏ်ယူရှာတာ”

။ ဒီလိုနဲ့ ဂျေဆင်းတို့လင်မယားနဲ့ ရီကတော်သိကျွမ်းခဲ့ရတာ ။ သူတို့နှစ်ယောက်က ဧည့်ဝတ်ကျေသလို သူမကလည်း ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့တာ ။ ခုနောက်ပိုင်း ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီးနောက်မှ မစ္စတာမှတ်ရဲ့သွင်းကုန်-ထုတ်ကုန်လည်း လုပ်ငန်းလည်းပြုတ်သွားတယ် ။ ဒါကြောင့် မိသားစုငွေရေးကြေးရေးအတွက် ဂျေဆင်း ကိုယ်တိုင်ရှန်ဟိုင်းကို ဆင်းလာပြီး အဖိုးကြီး ၀န်နည်းတဲ့ နာရီတွေ ၊ ရေမွှေးတွေ ၊ အင်္ဂလိပ်ဆေးဝါးတွေ ၊ အမျိုးသမီးဝတ် အသားကပ်ခြေအိတ်တွေ အရောင်အ၀ယ်လုပ်ရတယ် ။ ဒါမျိုးတွေ ၀ါသနာထုံတဲ့ ရီကတော်ဟာ ဂျေဆင်းကို တစ်ခါထဲဖမ်းပြီးအိမ်ခေါ်ထားလိုက်တော့တာပါ် ။

“ကျမတို့ မနေ့က ရှုယုက ဆီရွှန်း စားတော်ဆက်ကိုသွားကြတယ် ။ ဂျေဆင်း တစ်ခါမျှမရောက်ဖူး ဖသေးဘူး” ရီကတော်က သိုးမွေးခြုံထည်ဝတ်နှစ်ယောက်ထဲက တစ်ယောက်ကိုလှမ်းပြောလိုက်တယ်။

“အို တကယ် ဒါနဲ့ ကျမတို့ မှီကတော်ကို မတွေ့တာတော်တော်ကြာပြီနော်”

“ကျမ အိမ်တွင်းရေး ကိစ္စတစ်ခုနဲ့ မအားလို့” မှီ ကတော်က မာကျောက်လှမ်းပေးရင်း ခပ်ဝါးဝါးဖြေတယ်။

ရီကတော်ဟာ နှုတ်ခမ်းရွဲ့တဲ့ပြီး ခပ်ပြုံးပြုံးနဲ့ “အလကား သူကျမတို့ ကိုညစာကျွေးရမယ့် အလှည့်မို့ ပုန်းနေတာပါရှင်”

ဂျေဆင်းကတော့ မှီကတော်ဟာ သူမရောက်လာကတည်းက ရီကတော် သူမကို အရေးပေးခံရလို့ မနာလိုဖြစ်နေတာပါလို့ ထင်နေတယ်။

“လျိုကတော်က ကျမတို့ကို မနေ့ညကခေါ်သွားတာလေ ။ သူအခုရက်ပိုင်းအတွင်း မာကျောက်မှာကံလိုက်နေတယ်မဟုတ်လား ။ ဒါပေမယ့် စားတော်ဆက်လည်းရောက်ရော မစ္စတာလီတို့ လင်မယားနဲ့တွေ့တော့ သူတို့ပါတီပေးနေတာပါ ဆိုပြီးကျမကို အတင်းခေါ်ပါရောလေရှင် ။ သူတို့လင်မယား ဖိတ်ထားတဲ့ ဧည့်သည်တွေကချည်းနည်းတာမဟုတ်ဘူး ။ စားပွဲဝိုင်းကြီးတစ်ခုလုံးပြည့်လို့ ၊ ဒါတောင်မလောက်လို့ ခုံပိုတွေ နောက်မှာဝိုင်းရတော့တယ်။ နောက်ဆုံတော့ ကျမတို့ကို ကျွေးပါမယ်ဆိုတဲ့ လျိုကတော်တောင် ကျမနောက်မှာ ဇာတ်ထဲက ကချေသည်မလေးလို ကုပ်ကုပ်လေးထိုင်နေရတော့တာပေါ့ ရှင်” ရီကတော်က မှီကတော်ကို စကားဆက်တယ်။

“ဒါနဲ့ကျမက ငါဒီည ရွေးခေါ်ထားတဲ့ မိန်းကလေးသိပ်လှတယ်လို့ သူ့ကိုနောက်တော သူက “ကျမတို့ဖူးက မျိုဖို့ သိပ်နှစ်ချို့နေပြီ” လို့ပြန်ပြောသရှင့် ဒါနဲ့ကျမက တို့ဖူးဆိုတာ နှစ်ချို့လေစားလိုကောင်းလေပဲ လို့ ပြန်ပြောလိုက်တော့ ရယ်လိုက်ကြတာ ဆိုတာများ တစ်ဆိုင်လုံးကို ၀တ်ဝတ်ကွဲလို့။ လျိုကတော် ကိုယ်တိုင်လည်း ရယ်တာ ပါးတွေဆိုနီနီတွတ်သွားတာပဲ”

မာကျောက်ကစားပွဲတစ်ခုလုံး ရယ်သံတွေဖုံးသွားပြန်တယ်။

ရီကတော်က မှီကတော်ကို ပျက်ကွက်တဲ့ရက်တွေက အတင်းအဖျင်းသတင်းတွေ ဆက်ပြောနေတုန်းမှာပဲ မီးခိုးရောင် ကုပ်အကျီ င်္ကို အသေအသတ်ဝတ်ထားတဲ့ မစ္စတာရီဝင်လာတယ်။ နောက်ပြီး သူ့ရဲ့ ဧည့်သည်အမျိုးသမီးသုံးယောက်ကို ခေါင်းညိမ့်ပြီးနှုတ်ဆက်လိုက်တယ် ။

“မင်းတို့ သည်နေ့ပွဲစတာ စောလှချည်လား”

ဆက်ရန် -


1 comment:

LIN LET KYAL SIN said...

ဒီဇတ်ကားကို စင်္ကာပူမှာ ရုံတင်တော့ နာမည်ကြီးနေလို့ သွားကြည့်လိုက်ပါသေးတယ် ။ ကျွန်မစိတ်ထဲတော့ ဘာမှ ထွေထွေထူးထူး မကျန်ခဲ့ဘူး ။ ဆင်ဆာဖြတ်ထားတာကိုတော့ လက်ခံပေးလို့ရပါတယ် ။ မျက်လုံးနဲ့မမြင်ဝံ့တာတွေ ပါနေတယ်ဆိုတော့လည်း ဖြတ်သင့်ရင်လည်းဖြတ်ပေါ့နော် ။ အနုပညာအနေနဲ့ကြည့်တော့ ဖြတ်ပြီးသားကိုကြည့်သူတွေက အကုန်ကြည့်ရသူလောက် ဇတ်လမ်းရဲ့ အနှစ်သာရအဓိပ္ပါယ်ကို မသိကြဘူး ပြောသံကြားတော့လည်း ........ ဘာပြောရမှန်းတောင်မသိတော့ပါဘူးလေ။