ဒီကနေ့ ‘Valentines Day’….
တစ်လောကလုံးက ချစ်သူတွေ အမှတ်တရပျော်ကြမယ့်နေ့တဲ့လေ ။
တကယ့်တကယ်တော့ သည်နေ့ဟာ ကျတော်နှင့် ဘာမှမပါတ်သက်ပါ ။ မျှော်လင့်ခြင်း ၊ တစ်ဖက်သတ်စတာတွေကို လည်းအယုံအကြည် မရှိတော့တော့ သည်နေ့ဟာ ကျတော်နှင့် တော်တော်ကြီးကို စိမ်းနေတယ် ။
သည်နေ့နံနက် သူငယ်ချင်းတစ်ယောက်နဲ့ Chatting မှာတွေ့တော့ သူပြောတဲ့ စကားတစ်ခွန်းဟာ တွေးစရာဖြစ်ခဲ့ရတယ် ။
"ချစ်သူရည်စားနဲ့ ကျင်းပမှ ချစ်သူများနေ့ မဟုတ်ပါဘူး ။ ငါတို့ မှာလည်း ချစ်ရတဲ့ ညီအစ်ကိုမောင်နှမတွေ ၊ မိဘတွေ ၊ သူငယ်ချင်းတွေ ရှိတာပဲ ။ သူတို့နှင့် ကျင်းပရရင်လည်း ဒါဟာ ချစ်သူများနေ့ပါ" တဲ့ ..... ။
သည်လိုဆိုတော့လည်း သည်နေ့ဟာ လူတိုင်းအတွက် အဓိပ္ပာယ် ရှိတာပေါ့နော် ။ ထူးထူးခြားခြား တော့မရှိပါ ။ အချစ်ဆိုတာ မျှော်လင့်ချက်လို့ ယုံကြည်ခဲ့တုန်းက မရေးတတ်ရေးတတ်ရေးထား တာလေးကို တင်ပေးလိုက်ပါတယ် ။ အဲသည်တုန်းကတော့ ချစ်သူများနေ့ဆိုတာ တကယ်ကို ရင်ခုန်စရာ ကြီးပေါ့ ။ ခုပြန်တွေးတော့ သနားစရာလိုလို ၊ ဟားစရာလိုလို ကြီးပါ ။ချစ်သူ့လမ်း
တစ်ချိန်တုန်းက ကျတော့်အတွက် သိပ်အရေးမပါခဲ့တဲ့ မိန်းမတစ်ယောက်ကို ချစ်မိခဲ့တဲ့နောက်ပိုင်း နှစ်တွေမှာ အဝေးမှာ ပျော်နေမယ့်သူ့ကိုရည်မှန်းပြီး ချစ်သူများနေ့ကို တစ်ယောက်ထည်းကျင်းပမိတဲ့ ယောက်ျား တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုပြန်တွေးမိတိုင်း သိပ်ကိုရှက်မိတယ် ။
ကျတော် အသက် (၂၀) ပြည့်တဲ့ နေ့အထိ ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်တဲ့ အထိမ်းအမှတ် နေ့တစ်နေ့မှာ ကျတော် မင်းကိုတမ်းတနေတဲ့အတွက် အခုအချိန်မှာတောင် ကျတော်ကိုယ့်ကိုကိုယ် ရှက်မိဆဲ။ သည်နေ့ သည်အချိန်မှာ ကိုယ်စီ ပျော်နေကြသူတွေနဲ့ရော ၊ မပျော်နိုင်လို့ မှိုင်နေကြတဲ့ လူတွေနဲ့ရော ကျတော်က မသက်ဆိုင်လှဘဲ တစ်ဦးတည်း ကွဲထွက်လို့နေတော့တယ် ။ ကျတော်ပတ်ဝန်းကျင်မှာ မင်းမရှိပေမယ့် ကျတော့်စိတ်ထဲမှာတော့ မင်းရှိနေခဲ့တယ် လေ ….။
ကျတော် သည်ခံစားချက်တစ်ခုနဲ့ သည်လမ်းလေးဆီကို ၀ိုးတစ်ဝါးလှမ်းလို့လာနေတယ် ။
မင်းဟာ ကျတော့်အတွက် အရေးပါသလောက် ၊ ကျတော်ဟာ မင်းအတွက် အရေးမပါလှပါဘူး ….. မဟုတ်လားကွယ် ။ ဒါပေမယ့် ကျတော်အတွက်တော့ မင်းရဲ့ ခပ်ပေါ့ပေါ့ စကားတစ်ခွန်းဟာ ကျတော်ရဲ့ ရင်ခုန်သံပါ ။ မင်းရဲ့ အကြည့်ဟာ ကျတော့်အချစ်ရဲ့ မျက်နှာစာပါ ။ မင်းရဲ့ရယ်သံမော့မော့ ဟာလည်းအချစ်ရဲ့သံစဉ်ပါ ။ တစ်နေရာမှာ တွေ့ရင် ကျတော့်ကို မျက်နှာမပျက်ဘဲ နှုတ်ဆက်တတ်တဲ့ မင်းရဲ့အပြုံးဟာလည်း ကျတော့်ရဲ့ အရှုံးပါ။ အကြောင်းမသိတဲ့ သူငယ်ချင်းတွေ နောက်ရင် ကိုယ့်အကြောင်းကိုသာသိတဲ့ ကျတော်ရဲ့ အရှက်ဟာလည်း မင်းရဲ့ ထာဝရအနိုင်ရမှုပါပဲ ။
နှစ်ဦးသဘောတူချစ်ကြတာမှ အချစ်မဟုတ်ပါဘူး ။ တစ်ဖက်သတ်အချစ်ဟာလည်း အချစ်ပါဘဲ လို့ ကျတော်ပြောခဲ့ဖူးတယ် ။ ဒါပေမယ့် တစ်နေ့နေ့မှာတော့ သည်သတ်မှတ်ချက်ကို ကိုယ်တိုင်ငြင်းပယ်နိုင် မယ်လို့ ကျတော်ယုံကြည်ထားမိတာ ။ ဒါပေမယ့်လည်း ခုအချိန်အထိလည်း ကျတော့်အတွက် တစ်ဖက်သတ်အချစ်ဟာ အချစ်လို့ မည်ဆဲပါ ။
မင်းနဲ့ ပါတ်သက်လို့ ကျတော်တစ်ယောက်ထည်း တိုးတိုးတိတ်တိတ်ကျင်းပတတ်တာ တစ်နှစ်မှာ နှစ်ရက်တော့ရှိတယ် ။ တစ်ခုကမင်းမွေးနေ့ ။ ကျတော်လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်းအတွက်သီးသန့် လုပ်ထားတဲ့မွေးနေ့လက်ဆောင်ကို ခုထိမင်းကိုမပေးရဲသေးဘူး ။ မင်းနာမည်ကိုရေးထားတဲ့ Phone Chain ရဲ့တစ်ဖက်တစ်ချက်က အသည်းပုံလေးနှစ်ခုကို မင်းမမြင်ချင်အောင်ပြုပြီး ကျေးဇူးတင်လိုက်တာလို့ မင်းကျတော့် ရည်ရွယ်ချက် (အချစ်ကို) စော်ကားဦးမှာ မဟုတ်လားကွယ်။ သည်လိုနေ့တွေတိုင်း မင်းကိုကျတော်သတိရတယ် ။ မင်းကိုကျတော်ဖုန်းဆက်ခဲ့ရင်လည်း ကျေးဇူးလို့တော့မင်း စလိုက်စရော ပြောမယ် ။ ဒါပေမယ့် ကျတော်အမြဲတမ်း မေ့ထားနိုင်ခဲ့တဲ့ မင်းဘေးမှာလည်း သေချာရှိနေမယ့် လူတစ်ယောက်ကို အဲဒီအချိန်မှာတော့ မေ့နိုင်လိမ့်မှာ မဟုတ်ဘူး ။
သည်တော့ သိပ်စိတ်ကူးယဉ်တတ်တဲ့ ကျတော်ဟာ အဲဒီနေ့မှာ စာအုပ်တစ်အုပ်ကို မှတ်မှတ်ရရ၀ယ် ။ နောက် ပုစွန်ဆိတ်သိပ်တူတယ်လို့ မင်းပြောဖူးတဲ့ကျတော့်လက်မှတ်ထိုး ။ နောက် ( သြဂုတ် ၊ ၁၁ ၊ --- ) ဆိုတဲ့ရက်စွဲရေး ။ နောက် အောက်မှာ “ရည့် မွေးနေ့အမှတ်တရ” ဆိုပြီးရေးလို့ စာအုပ်စဉ်အကန့် တစ်နေရာမှာခွဲပြီး အမှတ်တရသိမ်းထားတတ်တယ် ။ မရယ်နဲ့ နော်ကွယ် …. ။ ရှက်တော့ ရှက်တယ် … ။
အမှန်တော့ ကျတော့်စာအုပ်စဉ် ဘယ်ဘက်ခြမ်း အကန့်ထဲက မဖတ်ဖြစ်ပဲ သိမ်းထားခဲ့တဲ့ စာအုပ်(၄) (၅) အုပ်ဟာ ကျတော်ရဲ့ စိတ်ဒါဏ်ရာတွေပါ ။ နှစ်တိုင်းရဲ့ ဖေဖော်ဝါရီ (၁၄) ကိုလည်း သည်လိုအတိုင်းပဲ ကျင်းပတတ်ခဲ့တယ် မဟုတ်လား ။
ဒါပေမယ့် သည်တစ်နှစ် ချစ်သူများနေ့မှာတော့ နည်းနည်းအပြောင်းအလဲလေး ဖြစ်ဖြစ်ခံစားကြည့်ချင်တယ် ။ ဒါကြောင့်လည်း မင်းရဲ့အရိပ် ၀ိုးတစ်ဝါးရှိနေဦးမယ့် သည်လမ်းလေးကို ကျတော် လာခဲ့မိတာ ။
+++++++
သည်လမ်းလေးဟာ ကျတော်တို့မြို့လေးရဲ့ ထင်ရှားတဲ့လမ်းတွေကြားမှ တစ်ခုလည်းမဟုတ်ပါ ။
လမ်းလေးဘယ်မှာစလို့ ဘယ်မှာဆုံးမှန်းလည်း ကျတော်မသိ။ ဒါပေမယ့် ကျတော့်အတွက် သည်လမ်းခရီးဟာ ချစ်သူ့မင်းရဲ့ အိမ်ရှေ့မှာ အဆုံးသတ်တယ် ။ သေချာပြောရရင်တော့ တစ်ချိန်ကမင်းနေထိုင်ခဲ့တဲ့ အိမ်လေးရှိတယ်ပေါ့ ။ ခုချိန်မှာ မင်းမရှိတော့ပေမယ့် တစ်ချိန်တုန်းကတော့ ရှိခဲ့တယ်ဆိုတဲ့ ဖြစ်တည်မှုဟာ ကျတော်ကို့ စွဲဆောင်ဖို့ လုံလောက်ပါတယ်။ ခုလို နေ့မျိုးရဲ့ နံနက်စောစော လူသူကြဲပါးချိန်မှာ လမ်းကလေးထဲကို တစ်ယောက်ထည်း စက်ဘီးစီးသွားရတာဟာ ရင်ခုန်လှိုက်မောဖွယ် ကောင်းနိုင်ပါလိမ့်မည် ။ ဒါမှမဟုတ် ရင်နာဖွယ်ကောင်းပါလိမ့်မည် ။
သည်လမ်းလေးအကြောင်းကို အနည်းငယ်ပြောဖို့တော့လိုမည်ထင်သည် ။ လမ်းဆိုသော်လည်း “ဆင်သွားလမ်းဖြစ်” ဆိုသောလမ်းကလေးမျိုးဖြစ်သည် ။ သူ့အိမ် ၊ ကျတော့်အိမ် နှင့် ကျတော်တို့ ကျူရှင်ကြား ဖြတ်လမ်းလည်းဖြစ်သည်။ သည်လမ်းလေးသည် ကျဉ်းပါသည် ။ အနည်းဆုံး စက်ဘီး နှစ်စင်း ၊ ဆိုင်ကယ် နှစ်စီး ရှောင် နိုင်ယုံသာ ကျယ်ကောင်းကျယ်မည်။ လမ်းလေးသည် လူလည်းပြတ်တတ်သဖြင့် သူကအဖော်သူငယ်ချင်း မရှိရင်တော့ ၊ လမ်းလေးမှမလာဘဲ အိမ်မှလိုက်ပို့ တတ်သည် ။
နောက်လမ်းလေးရဲ့ တစ်ခုထူးခြားချက်က ဘုန်းကြီးကျောင်းဝန်း တစ်ခုထဲမှ လည်းဖြတ်သွားရခြင်းဖြစ်သည် ။ ကျောင်းဝန်းသို့ ၀င်ခါနီးတိုင်း စက်ဘီးစီးရင်း ဖိနပ်ကိုချွတ်ရတာ စွန့်စားခန်းတော့ နည်းနည်းဆန်သည်။ ကျောင်းဝန်းအပြင်ရောက်ရင် စက်ဘီးရပ်ပြီးတော့ ဖိနပ်ပြန်စီးရသေးတာ ကလည်း အလုပ်တစ်ခု (ဟိုတုန်းကတော့ မင်းအိမ်လာရတာ သိပ်အလုပ်ရှုပ်တာပဲကွာလို့ ကျတော်ပြောခဲ့ဖူးတယ်) ။ နောက် သဲထူထူ ဖုတ်ထထလမ်းကို ဖြတ်ပြီး မင်းတို့ ၀န်းရှေ့ကိုရောက်ရင်လည်း ကုန်းမြင့်အတက်ကြီးကိုလည်း တတ်ရသေးတယ် ။ ကုန်းတတ် ထိပ်ရောက်တိုင်း ကျတော်ကမောတယ်လို့ ပြောရင် ‘အပြန်ကျ အရမ်းသက်သာပါတယ်ဟာ ။ ခုကုန်းတက်ကြီးကို အသာလေးလျောဆင်းသွားရမှာ’ လို့ မင်းပြောတတ်တယ်။ ဒါပေမယ့် သေချာတာကတော့ အဲဒီတုန်းကလမ်းကလေးဟာ ကျတော့် အတွက် ရင်မခုန်စေခဲ့တာ တော့အမှန်ပင် ။ နောက်သည်လမ်းလေးကို ကျတော်တို့ ယောက်ျားလေးသူငယ်ချင်းတွေအတူတူလာတိုင်း သိပ်ရင်ခုန်တာပဲကွာ လို့ပြောတတ်တဲ့ သူတစ်ယောက်ကိုလည်း စိတ်ရှင်းရှင်းနှင့် ၀ိုင်းစနောက် နေနိုင်ခဲ့ကြတာလည်း အမှန်ပင်။ အခုတော့ … ။
+++++++
ခုအချိန်မှာလည်း လမ်းကလေးကိုကြည့်ရတာ လွန်ခဲ့တဲ့ (၄) (၅) နှစ်ကအတိုင်းအပြောင်းလဲသယောင် ။ ဒါဟာလည်း ခုအချိန်မှာ ပြောင်းလဲနေတဲ့ကျတော့် ရင်ခုန်သံကို သရော်နေတာလား ။ အမှန်ဆို သည်လမ်းလေးထိပ်မှာ မြို့ထဲကကျူရှင်သွားဖို့ မင်းကိုကျတော် စောင့်နေကြ ၊ နောက် … လမ်းလေးဆီကို စိတ်မရှည်တဲ့ အကြည့်နဲ့ကြည့်တတ်ပြီး မင်းကိုစောင့်နေကြ ။ နောက် ကျူရှင်သွားရာ သည်လမ်းလေးတစ်လျှောက်မှာ William Wordsworth ရဲ့ကဗျာစာသားတွေရော ၊ တောင်တွင်းရှင်ငြိမ်းမယ် ရဲ့ ကဗျာစာသားတွေရော ၊ နောက် သီချင်းစာသားပေါင်းစုံရော ၊ အပြောင်အနောက်ပေါင်းစုံရော ၊ စိတ်ဆိုး စိတ်ကောက် ၊ ပြန်ချော့ ပြန်တည့် စတဲ့ ခံစားမှုပေါင်းစုံရော ပြန့်ကျ နေခဲ့ပြီးသားပါ ။ ခုတော့ လမ်းကလေးကလည်း မေ့နိုင်လွန်းပါသည် ။
အချစ်တစ်ခုမှာ ဖွင့်ဟမှုနောက်ကျတာ ၊ ခွင့်မသာတွေ ရှိနိုင်ပေမယ့် လမ်းလေးကို ဖြတ်သန်းရာမှာတော့ သည်လို ကန့်သတ်ချက်တွေ မရှိနိုင်ပါ ။ ဒါပေမယ့် လမ်းလေးကို ဖြတ်သန်းရာမှာ တော့ နောက်ကောက်ကျသူ မဖြစ်ချင်တော့ပါ ။ စက်ဘီး ခြေနင်းကို တအားဖိနင်းပြီး လမ်းတစ်လျှောက်အမြန် ဖြတ်သန်းခဲ့မိတယ် ။ ကံကောင်း တာတစ်ခုက တရိတ်ရိတ် ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်မှာ အခြားမည်သည့် လူသွား လူလာမှ မတွေ့ခဲ့ ။
လမ်းလေးရဲ့အဆုံး မင်းရဲ့အိမ်ရှေ့က သစ်ပင်အောက်ကိုရောက်တော့ စက်ဘီး ရပ်လိုက်တယ် ။ မင်းမရှိတာ သေချာတဲ့ အိမ်ဝကိုလည်း လှမ်းမကြည့်မိခဲ့ ။ လမ်းကလေးကို ပြန်ကြည့်တော့ အကွေ့အကောက်တွေကြောင့် တစ်ဆုံးမမြင်ရ ။ လမ်းကလေးကတော့ အရင်အတိုင်း ကျတော့်ကို ဆက်ဆံဆဲပင် ။ သဲတောထဲကို ဘီးဆွဲသွားပြီး ကျတော်ချော်လဲအောင် ကြည်စယ်တတ်ဆဲ ။ ဘုန်းကြီးကျောင်းအတွက်က ခရေပင်အောက်မှာ ဖိနပ်ပြန်စီးတော့ ခရေပန်းသင်းသင်းလေးတွေ ခြွေချပေးကာ နှစ်သိမ့် တတ်ဆဲ ။ မင်းတို့ ၀န်းအရှေ့ ကုန်းတတ်ကြီးမှာ ဖတ်ဖတ်မောအောင် ကျတော့်ကို မာန်ဖီဆဲ ။ တကယ့် တစ်ကယ်တော့ သည်လမ်းလေးကလည်း ကျတော့်မင်းကို ချစ်ရတဲ့ အချစ်ထဲက အချစ်တစ်ပါးပါ။ အနည်းဆုံး တော့ ကျတော်ကို ရူးတယ် စိတ်ကူးယဉ်တတ်တယ် ဆိုပြီး မကျီဆယ် တတ်ပါဘူးနော် … ။
အနည်းဆုံး တစ်ချိန်တုန်းကအချစ်တွေ ၊ ခင်မင်မှုတွေကို ပြန်လည်သက်ဝင်စေအောင်တော့ နိုးပုတ်ပေးခဲ့ပါတယ် ။ နံနက်ခင်းမြူ နှင်းဝေေ၀ ၊ ရင်ခုန်သံနွမ်းနယ်တဲ့ ယောက်ျားတစ်ယောက်ကို သူကြိုဆို လက်ခံယုံသာမက မြေငွေ့တွေနဲ့ထွေးပိုက်ခွင့်ပေးခဲ့တယ် ။ အနည်းဆုံးတော့ ကျတော်အတွက် ၊ မင်းနဲ့ပါတ် သတ်တဲ့ အထိမ်းအမှတ်ပွဲတစ်ခု ကျင်းပရာမှာ ပါဝင်တတ်ရောက်သူအဖြစ်တော့ လမ်းကလေးက အားပေးခဲ့သားပင် ။
+++++++
ခဏမျော်ကြည့်ပြီးတော့လည်း ကျတော်ပြန်ခဲ့သည် လမ်းကလေးကို ကျောခိုင်းပြီးလမ်းမကြီးဖက်ကို နင်းလာခဲ့သည် ။ လမ်ကလေးကို မျော်ကြည့်ပြန်တော့လည်း လူသွားလူလာတွေနဲ့ စည်ကားစပြုပြီ ၊ ကျောင်းသူကျောင်းသားတွေ ၊ ဈေးဝယ်တွေနှင့် လွန်ခဲ့တဲ့ (၃) (၄) နှစ်ကထက်စာရင်တော့ အတော်လေး စည်လာပြီ ။ လမ်းကလေးလည်းအတွေ့အကြုံများခဲ့လောက်ပြီ ။ လမ်းကလေးပေါ်မှ စသည့်ဇာတ်လမ်း ၊ လမ်းကလေးပေါ်မှာ ဆုံးသည့်ဇာတ်လမ်း စသည်တို့နှင့် လမ်းကလေးခံစားတတ်လျှင်တောင် ရိုးအီသွားလောက်ပြီ ။ လမ်းလေးကို နောက်တစ်ချက်လှည့်ကြည့်ပြီး ရှေ့သို့သာ ဆက်လက်နင်းလာခဲ့သည်။ နေလည်းမြင့်လှပြီ လေ။ သည်အချိန်ဆို မြို့ထဲက စာအုပ်ဆိုင်လည်းဖွင့်လောက်ပြီ ။ ထိုစာအုပ်ကို လက်မှတ်ထိုးပြီး စာအုပ်စဉ်မှာတင်ထားဖြစ်ခဲ့ရင်တောင် နောက်နှစ် ဖေဖော်ဝါရီလထိ ဖတ်ဖြစ်လိမ့်မယ်မထင် ။ ။

အောင်ဖြိုး
(၂၁ ၊ ဇူလိုင် ၊ ၂၀၀၇)
(၂၁ ၊ ဇူလိုင် ၊ ၂၀၀၇)
2 comments:
ကောင်းပါတယ်အေ့..၀တ္ထုလေးက... ဆက်လုပ်။
Good story. I also have this kind of feeling like u. Actually one sided love is very terrible for us. Newton said that every action has the reaction but in opposite direction. As my experience, it is true. Whatever I try good thing in love , I always get back only negative thing.Love,actually, is a big illusion in my life.
Thanks for ur story.
Post a Comment