16 December 2007

နှစ်သက်ခံစားမိသော ၀တ္တုတိုများ


အခုတလော ကျောင်းပိတ်လို့အားနေတဲ့ အခါလေးမှာ ကျွန်တော်ဖတ်ခဲ့ရသမျှ အမျိုးသမီးစာရေးဆရာတွေရဲ့ ၀တ္တုတိုတွေအများကြီးထဲကမှ ကျွန်တော်ရင်ထဲကိုနင့်နင့်နဲနဲ ခံစားမှုရသပေးနိုင်တဲ့ စိတ်ကြိုက်ဝတ္တုတို အချို့ကိုမျှဝေပေးရင်းနဲ့ ဘာအချက်တွေ ဘာတွေကြောင့်နှစ်သက်ရတယ်ဆိုတာတွေ ကိုရေးဖို့စီစဉ်ထားပါတယ်။ ကျွန်တော်ကြိုပြောချင်တာတစ်ခုကတော့ ရွေးထားတဲ့ ၀တ္တုတိုတွေဟာ ကျွန်တော့် Personal ခံစားချက်ကိုအရင်းတည်ရွေးထားတာဖြစ် ပြီး ဝေဖန်ချက်တွေဟာ လည်းကျွမ်းကျင်လွန်းလို့လူတတ်လုပ်ဝေဖန်တာမဟုတ်ဖူး ဆိုတာကိုပါ။ ကျွန်တော်ရွေးချယ်ထားတဲ့ဝတ္တုတို တွေကတော့ -

  • ခင်ခင်ထူး - လယ်ကြားလမ်းကလေး
  • ခင်နှင်းယု - ခံပွင့်
  • မခင်လေး - ဂီတပျက်ချိန်
  • မ၀င့်(မြစ်ငယ်) - တိမ်ရိပ်နှင်းဆီ
  • မေငြိမ်း - တောသူ
  • ၀င်းဝင်းမြင့် (နန်းတော်ရှေ့) - သရက်ကင်းလေးများ
  • ၀င်းဝင်းလတ် - စလူရွက် ဖြူ့လက်ဝယ်ကိုင်မိုးလို့
  • မိုးမိုး(အင်းလျား) - မုဒိတာ
  • ယဉ်ယဉ်နု (မန္တလေး) - အိပ်တန်းပြန်ငှက်များ
  • နုနုရည် (အင်းဝ) - နတ်ချော့သူ
  • မစန္ဒာ - ဆန်ရေ
  • ဂျုး - စိမ်းလဲ့ညို

စတာတွေပါဘဲ။

ထပ်ဖတ်ရှုဖို့ညွှန်းဆိုချင်တာများရှိရင်လည်း လက်ခံကြိုဆိုလျှက်ပါ။

15 December 2007

အထီးကျန်ခြင်း


အမြဲမြင်နေရသော မြင်ကွင်းတစ်ခုကိုအကြာကြီးငေးကြည့်ချင်တဲ့အကျင့် ၊ ခဏခဏဖတ်ဖူးတဲ့ ၀တ္တုတို ၊ မကြာခဏကြားဖူးတဲ့ သီချင်း ၊ ကြည့်ဖူးလွန်းလို့ မျက်စိထဲစွဲနေတဲ့ရုပ်ရှင် စတာတွေကို အမြဲပြန်ဖတ်ချင် ၊ နားထောင်ချင် ၊ ကြည်ချင်တဲ့ အကျင့်တစ်ခု မကြာသေးမီကမှ ကျွန်တော်ရခဲ့သည်။

ကျွန်တော့်အခန်းတံခါးမှ ကြည့်ရင်ကားတွေ ၊ လူတွေ ၊ တိုတ်တွေကိုတွေ့နေရတယ် ။ကားသံတွေလူသံတွေယာ အခြားသူတွေအတွက်သိပ်မထူးခြားပေမယ့် ကျွန်တော်ဟာကားဟွန်းသံကြောင့် ခေါင်းမူးလာတတ်တယ်။ ဒါကြောင့်လည်းတစ်ခုတည်းသာရှိတဲ့ အခန်းတံခါးကိုအမြဲလိုလို ပိတ်ထားတတ်တယ်။ ကံကောင်းစွာပဲ တံခါးမှန်မည်းမည်းကိုဖောက် ထွန်းမြင်ရတော့ ခပ်မည်းမည်းလူတွေကားတွေဟာ ကြည့်လို့ကောင်းနေပြန်ရော။ အသံတိတ်ရုပ်ရှင်ကားတစ်ကားကြည့် ရသလိုမြင်ဘဲမြင်နေရတော့ သိပ်စိတ်အနှောက်အရှက် မဖြစ်တော့ဘူးပေါ့ ။သူတို့ ငိုနေ ၊ ရန်ဖြစ်နေကြအုံးတော့ ကျွန်တော်မှမကြားရဘဲ ။

ကျွန်တော်သည်မြင်ကွင်းကို အားလပ်တိုင်းအမြဲလိုလိုငေးတတ်တယ် ။ တစ်ခါတစ်ခါတော့ စိတ်အာရုံထဲမှာ မျက်စိရှေ့ကမြင်ကွင်းတော့ မရှိဘူးပေါ့။ ငယ်ငယ်ကပုံရိပ်တွေ ၊ မင်းသမီးတစ်ယောက်ရဲ့မျက်နှာကို အနီးကပ်အသေအခြာ ရိုက်ပြထားတဲ့ရုပ်ရှင်မြင်းကွင်းလှလှလေးတစ်ကွက် ၊ လိုချင်တဲ့စာ အုပ်ကိုစာအုပ်ဆိုင်မှာတွေ့လိုက်ရလို့ပျော်ရွှင်တဲ့ခစားမှု ၊ အဖေနဲ့အဆင်မပြေအလျော့ပေးရတိုင်း နာကျင်ရတဲ့ရှက်ရွံ့မှု ၊ အိမ်ကခွေးလေးရဲ့ဟောင်သံ ၊ ငယ်ငယ်ကဆရာမကိုပေးဖို့ မုန့်ဖိုးထဲကစုဝယ်ခဲ့တဲ့ နှင်းဆီပန်းတစ်ပွင့်ရဲ့ မွှေးရနံ့ ၊ လွန်ခဲ့သော နှစ်နှစ်သုံးနှစ်ခန့်မှအသံများ ၊ မျက်နှာထားများ ၊ ခံစားချက်များ ဟာ လှုပ်ရှားမှုပုံရိပ်ထင်နေတဲ့မှန်မည်းမည်းမှာလာပေါ်နေတတ်တယ်။

ကျောင်းစာလုပ်မနေရချိန် ၊ တစ်ခုခုရေးမနေချိန် ၊ ဖတ်စရာစာပြတ်လပ်သွားချိန်တွေမှာ အခန်းကျဉ်းလေးမှာတစ်ယောက်တည်းထိုင်နေတတ်တယ်။ကျွန်တော့် အခန်းကို ခန်းဆီးစလေးတတ်ရမလား ၊ ပန်အလှစိုက်အိုးလေးတစ်လုံး စာကြည့်စားပွဲပေါ် တင်ထားရမလား ၊ ဒါမှမဟုတ် ကျွန်တော်ကြိုက်တဲ့ရုပ်ရှင် မင်းသမီးရဲ့ Wallpaper တစ်ချပ်ဝယ်ပြီးနံရံပေါ်ကပ်ထားရမလား ။ သြော်မဟုတ်သေးဘူး ။ သည်လိုရှင်းလင်းပြီး အဓိပ္ပာရှိစွာ အထီးတည်းဆန်နေတာပဲကောင်းပါတယ်။ ဒါဟာလည်းအခန်းရှင်နဲ့ လိုက်ရောညီထွေရှိမှာပေါ့ ။ ဟုတ်လိမ့်မယ်…. ကျွန်တော်ရယ်မိတယ်ထင်တယ် ။
အထီးကျန်တယ်ဆိုတာ တော်တော်နာမည်ဆိုးသော်လည်း ခံစားရတာ တသိမ့်သိမ့်တော့ရှိတယ်။ ရင်နင့်လောက်အောင် တစ်ခါတစ်ခါခံစားရတတ်သော်လည်း တစ်ခါတစ်ခါတော့ ခံစားရတာ တော်တော်ကြောင်ပါသည်။ တစ်ခါကတော့ အော်ရယ်မိ မတတ်ပင် အထီးကျန်တတ်ပါသေးတယ်ဆိုယုံပါ့မလား ။ တစ်ခါတုန်းကတော့ အသိတွေအများကြီးပါတဲ့ပျော်ပွဲစားတစ်ခုမှာ စကားပြောဖော်မရှိဘဲ အထီးကျန်ဆန်လွန်းသည်ထင်၍ တိတ်တိတ်လေးခိုး ပြန်လာခဲ့ဖူးသည်။ အခန်းလေးထဲပြန်ရောက်တော့လည်း သူများတွေများပျော်နေမှာ ပဲလို့တွေးမိပြန်ပြီး ၀မ်းနည်းမိပြန်တယ်။ ကဲ ဘယ်လောက်များကြောင်တဲ့ငါလည်း .... ကွယ်။

လူတစ်ယောက်ကို တစ်ခါစကားပြောကြည့်လို့ သိပ်မကြိုက်ရင် မသိမသာရှောင်တတ်သောအကျင့်ဆိုးတစ်ခု ကျွန်တော့်မှာရှိတယ်။ သည်လိုအကျင့်ကိုလက်ကိုင်ထားတဲ့ ကျွန်တော်ဟာ ပလတ်စတစ်အပြုံးတွေ ၊ စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့ခေတ်ပြိုင်ပတ်ဝန်းကျင်မှာ အပေါင်းအသင်းရှားပါးလာတာသိပ်တော့မထူးဆန်း ။ စာအုပ်တစ်အုပ်ကို ပြီးအောင်မဖတ်ဘူးတဲ့လူတွေကြားမှာကျွန်တော် ဘာသွားပြီးပြောရမှာလည်. ၊ သူ့တို့ဆော့နေကြတဲ့ဂိမ်းတွေကို ရွတ်ပြရင်တော်ဘာမှန်းမသိတဲ့ ကျွန်တော်ကရော Game Techniques Sharing လုပ်တဲ့သူ့တို့စကားဝိုင်းထဲကိုဘယ်လို ၀င်မလဲ ။ တစ်ယောက်နဲ့အဆင်မပြေရုံ နဲ့တင်နောက်အသစ် တစ်ယောက်ရှာနေသူတွေကြားမှာ ရည်းစားရသွားပြီဖြစ်တဲ့ချစ်ရသူကိုမမေ့နိုင်ဖြစ်နေတဲ့ ကျွန်တော့်အချစ်ကို ဘယ်သူက ကောင်းချီးပေးမှာလည်း ။ သွားစမ်းပါကွယ် ...။
သည်လိုနဲ့နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာနေတဲ့အချိန်က များလာတတ်တာပေါ့။
+++++++++
ကျွန်တော့်ကို စိတ်လိုလက်ရ တစ်ယောက်ယောက်ကရည်ညွှန်း ရင် "အရပ်ရှည်သလောက်ပိန်သော" ၊ "စကားများသလောက် လူတောမတိုး သော" ၊ "စာအုပ်တွေဖတ်ပြီး စိတ်ကူးယဉ်တတ်သော" စတဲ့နာမ၀ိသေသန တွေတဲ့ယှဉ်တွဲမိလိမ့်မယ် ။ ကျွန်တော့်ကိုနားလည်တယ်လို့ဆိုတာ မဖြစ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ခါတစ်ခါစိတ်ကမပါဘဲ လက်ကထလုပ်မိတာရှိတတ်သလို ၊ တစ်ခါတစ်ခါ တော့လည်းသေချာရည်ရွယ်ထားသည့်တိုင်မေ့လျော့သွားတတ်ပါသည်။ တစ်ခါတစ်ခါ သီချင်းတစ်ပုဒ်နားထောင်ရင်း ကလေးတစ်ယောက်လိုရှိုက်ကြီးငင်ငိုတတ်သော်လည်း ၊ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲမှအများမျက်ရည်ကျလောက်တှဲ့ဇာတ်ဝင်ခန်းတွေကို အူတက်မတတ်ရယ်ချင်မိတယ် ။ မခက်ဘူးလား ။သေချာတာကတော့ ကျွန်တော်ဟာအမြဲ သမရိုးကျဖြစ်တည်နေတဲ့ သဘာဝအမှန်တရားတစ်ခုမှ မဟုတ်တာ။ ကျွန်တော့်ဘ၀အတွက် သူတစ်ပါးအားကျ အတုယူလာအောင် ကြိုးစားနေပြရမယ် ဆိုပြီးပြဌာန်းထားတဲ့ဘာ သင်ရိုးညွှန်းတန်း ဥပဒေမှမရှိစေရဘူး ။ ကျွန်တော်ဟာ အများအကြိုးအတွက် အနင့်နာခံသော Hero ဆန်သောလူမျိုးကို အားကျပါသည်။ "တို့ကတော့မှန်တာလုပ်ဟုတ်တာပြောဘဲ၊ သူများကောင်းဖို့အတွက်အမြဲဦးစားပေး ခဲ့တာ" လို့ မဟုတ်ဘဲအရှက်မရှိလုပ်င်္ကြ ကိုယ်ရည်သွေးတတ်သူတွေကို ဟန်လှချည့်ဟုအားကျခဲ့ဖူးသည်။ သို့သော်ဟန်ဆောင်အပြုံးတစ်ခု ပြုံးရန်ပင်ပါးညောင်းတဲ့ ကျွန်တော်ဟာ စိတ်ထဲကမပါတဲ့အပြောတွေ၊ အင်္ပြုးတွေကို ကြိုးစားလုပ်ကြည့်လို့ မရတော့လက်နက်ချခဲ့ရတယ်။ ရေပေါ်ဆီဟန်ဆောင်သူတွေရဲ့ "သိပ်အတ္တကြီးတဲ့ကောင် ၊ ကိုယ့်ကိုကိုယ်ပဲသိတာ " စတဲ့ ကျွန်တော်အပေါ် ဝေဖန်မှုတွေကိုကြားရတော့ အခန်းကျဉ်းလေးထဲကကျွန်တော်ရယ်မိပါ တယ်။ ဟုတ်မှာပါကွယ်..... ။

ဒါမှမဟုတ်တတ်နိုင်သမျှ လိုက်လိုက်ရောရောပေးကမ်းပေါင်းသင်းပြီး လူတောထဲဝင်ကြည့်ဖို့ ကျတော့ရော ၊ ၀တ္တုတွေ ၊ နိပါတ်တော်တွေထဲမှ မိတ်ဆွေတွေအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေကို အားကျလေးစားဖူးသည်။ ခက်နေသည်မှာ ကျွန်တော်က မိမိပိုင် ပစ္စည်းတစ်ခုအားသူများကို ပေးငှားရန်ပင်တွန့်တိုတတ်သည်။
+++++++++
ကျွန်တော်ဟာအပြင်ထွက် လျှောက်လည်ဖို့တော်တော်ပြင်းတဲ့သူ ပါ။ ခရီးတစ်ခုရဲ့ ပန်းတိုင်ကိုဖြေးဖြေးလေးနဲ့အေးဆေးလေးသွားချင်တဲ့ လူမျိုး။ ရထားနဲ့သွားရင်မြန်မြန်ရောက်မှာစိုးလို့ ဘတ်စ်ကားစီးသွားချင်တဲ့သူပါ။ ဘတ်စ်ကားစီးဖို့ထက် လမ်းလျှောက်လို့ရရင်လျှောက်ပြီးသွားချင်ပါတယ်။ နောက်ဆုံးလမ်းလျှောက်ဖို့ထက် ပင်အခန်းထဲထိုင်တွေး၊ငေးနေရတာ ကိုပိုလို့တောင်ကြိုက်သေးတယ် မဟုတ်လား.... ။ သည်လိုအထီးကျန်တယ်ဆိုတာ ကြာတော့လည်းနေသားကျ နေပါပြီလေ။ ကျွန်တော်က အနီးနားမှာမရှိတဲ့ အဝေးကတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးလွမ်းရတာကို နည်းနည်းမှမနှစ်သက်ပါ။ ကိုယ့်ရင်ထဲကတကယ့် ခံစားချက်တွေကို အသံမနိမ့်အမြင့် ၊ အဆွဲအငင်နှင့်ဖော်ပြရမည့် ပညာကိုလည်းမကျွမ်းကျင်။ သည်လိုနဲ့ကျွန်တော်ဖုန်းဆက်ရမည် ကိုကြောက်လာပါသည်။ ဟုတ်တယ်လေ ...ပါးစပ်ရှိတဲ့လူတိုင်းဖွဲ့နွဲ့ပြောလို့ရတဲ့ စကားလုံးတွေနဲ့ ကိုယ်ရဲ့ခံစားချက်အမှန်တွေကို တန်ဖိုးလျော့မသွားစေချင်ဘူး။ သည်တော့ရော ဘာလုပ်စရာရှိသေးလို့လည်း ။ အခန်းလေးထဲမှာ စာဖတ်၊ ရုပ်ရှင်ကြည့် ၊ သီချင်းနားထောင် ၊ ဒါမှမဟုတ် ခံစားချက်တွေကိုတစ်ယောက်ထဲပေါက်ကွဲ.......... ။ ။
+++++++++
သည်လိုနဲ့ နေသားကျလာတဲ့တိုင် ကျွန်တော်အထီးကျန်မှုတွင်ခြေ မငြိမ်သေးပါ။ တစ်ခါတစ်ခါတော့ စကားတွေတတွတ်တွတ်ပြော ၊ စိတ်ကပါသော်ရှိမပါသော်ရှိ မျက်နှာကတပြုံးပြုံးနှင့် အသိုင်းအ၀ိုင်းစုံကျင်လည်နေတဲ့ လူပေါ်လူဆော်တစ်ယောက် အဖြစ်ကိုယ့်ကိုကိုယ်စိတ်ကူးယဉ် ကြည့်ဖူးသည် ။သည်လိုဖြစ်အောင်ငါဘယ်လိုကြိုး စားရပါ့မလဲ။ မျက်နှာကိုရွှင်ရွှင်ထား ၊ လူထဲစကားပြောနီးလေ့ကျင့် ၊ "ဦးနု" ရဲ့ "မိတ္တဗလဋီကာ " ကိုလက်ကိုင်ထား .... ပြီး ။ တော်ပါပြီလေ လူပေါ်လူဆော်တစ်ယောက် ဖြစ်တော့လည်းဘာလုပ်မှာလည်း ။သည် လိုလူတွေရဲ့နောက်ဆုံးကျဆုံးချိန်ကိုမြင်ကြည့်စမ်းပါ ။ ဘယ်လောက်များရွံ့ရှာဖို့ကောင်းလိုက်သလဲကွယ် ။ လောကမှာ အစစ်အမှန်ကလွဲပြီး ဘယ်ဟာမှကြာကြာမခံဘူး ။ သည်လိုလိုရာဆွဲတဲ့အတွေးတွေနဲ့ အခန်းလေးထဲက ငေးနေတဲ့ကျွန်တော်ပြုံးလိုက်မိထင်ပါရဲ့ ။ ။
++++++

10 December 2007

၂၀၀၆ ခုနှစ်အမျိုးသားစာပေဆုများ

၂၀၀၆ ခုနှစ်အမျိုးသားစာပေဆုများစာရင်းကို ထုတ်ပြန်ကြေညာပြီး ပြီလို့သိရပါတယ်။ သည်နှစ်မှာ တော့ ၀တ္တုရှည်ဆု မပေးပြန်ပါဘူး ။ ခုနောက်ပိုင်းနှစ်တွေမှာ မြန်မာ့ဝတ္တုရှည်များ ထုတ်ဝေမှုနုန်းလည်းနည်းလာပြီး အဟောင်းတွေကိုပြန်ပြန်ထုတ်နေကြတာများပါတယ်။

ထုတ်ပြန်လိုက်တဲ့ဆုရ စာအုပ်စာရင်းမှာ-
  • (၀တ္တုတို ပေါင်းချုပ်) - ကြည်နိုင် ၏ "ဗေထီသံဝတ္တုတိုများ"

  • (လူငယ်စာပေ) - မစန္ဒာ ၏ "ပန်းပွင့်ခရေနှင့်အခြား ၀တ္တုတိုများ"

  • (ဘာသာပြန်- ရသ) - မောင်ပေါ်ထွန်း ၏ "ကံကြမ္မာအကျဉ်း သား" (Mere Naam Joker by K. A.ABBAS)

  • (ဘာသာပြန်- သုတ) -ကျော်ဝင်း၏ "ကမ္ဘာပြားပြီ (၃ တွဲ)" (A Brief History of The Twenty-First Century by Thomas L. Friedman)

  • (သုတပဒေသာ - ရိုးရိုးသိပ္ပံ) ကျော်ဦး ၏ "နေသူရိန်၏ အရှိန်အ၀ါအောက်မှာ"

  • (သုတပဒေသာ - အသုံးချသိပ္ပံ ) - နေမျိုးနိုင် ၏ "စီးပွားဖြစ်သစ်ခွစိုက်ပျိုးရေး"

  • (နိုင်ငံရေးစာပေ) မှူးသမိန် ၏ "ဘုံဘ၀ ကြုံတွေ့ရဇာတ်လမ်းများ"

  • (ကဗျာပေါင်းချုပ်) မြင်းမူမောင်နိုင်မိုး ၏ ''ဘ၀ကျောင်းမှစောင်းခတ်သံ ကဗျာများ"

  • (မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစာပေ) သျှင်ထွေးယဉ် (မနုဿ) ၏ "မေယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ"

  • (တစ်သက်တာစာပေဆု) - ဒေါ်ကြန် (မကြန်)

တို့ဖြစ်ပါသည်။
(ကျွန်တော်သိရသလောက် သာဖြစ်၍ တစ်စုံတစ်ရာ အမှားအယွန်း အကြွင်းအကျန်များသိရင် ပြင်ပေးကြပါ )
ဆုရဆရာ ၊ ဆရာမ များအားလုံးအတွက် လေးစားဂုဏ်ယူလျက်

9 December 2007

ဘ၀အလွမ်းအိမ်

အိမ်ဆိုတာ ဘ၀ရဲ့ချည်တိုင်ပါ။ ကျွန်တော့်ဘ၀တွင် အခြေအနေအရ အိမ်ပေါင်းများစွာတွင် မကြာခဏပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ ငယ်စဉ် (၅) နှစ်သားအထိ ကိုယ်ပိုင်အိမ်နဲ့နေထိုင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်နေခဲ့ရသမျှ ကိုယ်ပိုင်အိမ် များမဟုတ်ခဲ့။ ထိုကိစ္စသည်ကျွန်တော်အတွက် အထူးအဆန်းမဟုတ်ခဲ့ပါ။ ကိုယ်ပိုင်အိမ်တစ်လုံး နှင့်နေချင်လှချည့်လို့လည်းဆန္ဒ မရှိခဲ့ပါ။ ခုအသက်အရွယ်ကျတော့ရော မိမိနိုင်ငံရဲ့မြေလတ်မြို့ တစ်မြို့မှာအခြေ ချနေထိုင်လိုတဲ့ မျှော်လင့်ချက်ယိုးတိုးယောင် တောင်ရှိသော်လည်း အကောင်အထည်ဖော်နိုင်ဖို့ ဝေးပါသေးတယ်။

ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအိမ်ကလေးဟာ သုံးပင်လေးခန်းအိမ်သေးသေး လေးဖြစ်သည်။ ရှေ့ပေနှစ်ဆယ် ၊ ဘေးပေခြောက်ဆယ် ၀န်းခြံလေးထဲမှ ထရံကာ၊ ၀ါးကပ်မိုးမျှသာ ဖြစ်သည်။ အိမ်ရဲ့မြေခံဟာနိမ့် လို့မိုးရွာရင်အိမ်ထဲရေ၀င်တတ်သေး တယ်။ မိုးသည်းတဲ့ ည၊နောက်နေ့ နံနက်တွေမှာအိမ်ခြေ တစ်ခင်းလုံးဗွက်ထလို့ ။ မှတ်မိသမျှတော့ အိမ်ဘေးမှာ မန်ကျည်းပင်ကြီးတစ်ပင် ၊ အိမ်ရှေ့မှာတမာပင်ပေါက်တစ်ပင်နှင့် စက္ကူပန်းရုံတစ်ရုံ၊ အိမ်နောက်မှာတော့ တော်တော်လေးချိုသော်လည်း ပိုးကိုက်မလွတ်တဲ့ မာလကာပင်တစ်ပင်ရယ်နဲ့ အဘွားရဲ့ ဂမုန်းပင်တွေရှိတယ်။ အိမ်ရှေ့ကနေကြည့်ရင် မီးဖိုတဲအထိ အိမ်ခန်းအားလုံးခြုံမြင် နိုင်တာသေချာတယ်။

ငယ်ငယ်ကအိမ်လေးအကြောင်းကို ပြန်စဉ်းစားကြည့်တိုင်း အတော်လေးကိုသေးငယ်နုံချာပြီး တဲသာသာလေးဖြစ်နေခြင်းပင် ။ ထိုစဉ်ကတော့ အဆင့်အတန်း၊လူတန်းစားခွဲခြားမှု စိတ်ညံ့တို့ လိမ်းကျံခံရခြင်းမရှိသေးတဲ့ အရွယ်မို့ သေးစုတ်နုံချာမှုကို မသိခဲ့ရပါ။ ဟန်ဆောင်မှုကင်း ဘွင်းဘွင်းရှင်းရှင်းသူလိုကိုယ်လို ပတ်ဝန်းကျင်မျိုးလည်း ဖြစ်တဲ့အတွက် ရှက်ရွံ့အားငယ်မှုလည်း မဖြစ်ခဲ့ ။နောင်နောင်ခုခါကျမှ မိမိနေခဲ့ရတဲ့အိမ်တွေနဲ့ နှိုင်ယှဉ်ကြည့်မှ တော်တော်စုတ်ပါ့လားလို့ အလန့်တကြားသတိပြုမိသည်။ သို့သော်ခုချိန်မှာကျွန်တော် အိမ်လေးနှင့်ကွာလှမ်းခဲ့ရ ပြီ ၊ ပြီးတော့အိမ်လေးလည်းမရှိတော့ဘူးမဟုတ်လား (အိမ်လေးကိုဖျက်ပြီး တိုတ်သေးသေးလေးဆောက်ပြီးခဲ့ပြီ) ။

မှတ်မှတ်ရရ တိုက်အုတ်မြစ်ချရန် ထိုအိမ်လေးကိုဖျက်သည့်နေ့က အဘွားငိုတယ်။ ကျွန်တော်တော်တော်ငယ်သေးတော့ ဘာကြောင့်ငိုတာလည်း စဉ်းစားလို့မရ။ ကျွန်တော်တို့အိမ်သေးသေးလေးကို တိုက်ဆောက်မှာမဟုတ်လား အဘွားရဲ့ ၊ နောက်နောက်မိုးရွာရင် လေတိုက်ရင်လည်းမပူရတော့ဘူး ၊ နွေကျရင်လည်း မီးရေးထင်းရေးမပူရတော့ဘူး ။ ပြီးတော့ ကျွန်တော်တို့လမ်းထဲ မှာတစ်လုံးထဲသောတိုက်ဖြစ်မှာမဟုတ်လား ။ ကလေးတွေးနဲ့ ကျွန်တော်ပျော်ခဲ့ဖူးတယ် ။ ငိုနေသူကိုလည်းကလေးပြီပြီ ပြက်ရယ်အကြည့်နှင့်ကြည့်နေခဲ့ဘူးတယ် ။

အဘွားဟာ ပခုက္တူအနီးက ပေါင်လောင်ကန်ရွာသူအညာသူ စစ်စစ်ကြီးဖြစ်သည်။ အညာသူ ဆိုပေမယ့်အဘွားဟာအသား လတ်ပါတယ်။ ပြီးတော့ကျွန်တော်အဖေရော အမေပါအသားလတ်ကြပါတယ်။ (ကျွန်တော်သာသူတို့အားလုံးထဲမှာ အသားအညိုဆုံးပါ ။ :D ) ကျွန်တော့်ရဲ့ အစောဆုံးမှတ်ဥာဏ်တွေထဲမှာရော အဘွားကခေါင်းဆောင်မင်းသမီးကြီးပါ။ ကျွန်တော်လူ့လောကထဲကို အမေ့ဝမ်းမှတဆင့် ၀င်ခဲ့ရပေမယ့် မွေးကင်းစကျွန်တော့်ကို ပထမဆုံးပွေ့ထွေးသူမှာအဘွားပင်။

ကျွန်တော်ဘ၀ တစ်လျှောက်လုံးမှာ အဘွား (အမေ့အမေ) ကိုပေးဆပ်သူအဖြစ်သာတွေ့ ခဲ့ရသည်။ တစ်ခါတစ်ရံ အစိုးရိပ်လွန်ကဲသူ ၊ ပိန်သော်လည်းကျန်းမာရေးကောင်းသူ ၊ လူကဲခတ်တော်သူ ၊ ကျွန်တော်တို့ အိမ်တံခါးတဲ့တဲ့ တစ်နေ့လုံး လိုလိုမပျင်းမရိ ထိုင်နေတတ်တဲ့ ခပ်ချည့်ချည့် မယ်ကြီးအို တစ်ယောက်အဖြစ်သာ ။ အဘွားသည် ကျွန်တော်ကိုသူငယ်ငယ် ကအကြောင်းတွေကိုစိတ်လိုလက်ရ ပြောပြောပြတတ်တယ်။ တစ်ခါတစ်ခါကျွန်တော်စာကျက်ရင် နားစွန့်နေတတ်ပြီး သူကြားဖူးနားဝ တွေကိုဆွေးနွေးတတ်သေးတယ်။ ကျွန်တော်အတွက်တော့ အဘွားစကားတွေဟာ နားထဲကိုဝင်ပေမယ့် သိပ်တော့အလေးအနက်မထားမိပါဘူး ။ ဟုတ်တယ်လေ တစ်ခါကကျွန်တော် "ငလျင်" အကြောင်းကျက်နေတယ် ၊ တော်တော်လေးကိုမှတ်ရခက်တဲ့ မြေငလျင်ရဲ့ ဖြစ်စဉ်တွေကို ခေါင်းထဲဖြစ်ညှစ်သွင်းနေ ရချိန်မှာ အဘွားပြောတာက "ရှေးလူကြီးတွေပြော တာကတော့ငလျင်လှုပ်တယ် ဆိုတာမြေကြီးကိုထမ်းထားတဲ့ ငရဲသားတွေပခုန်းပြောင်းတာတဲ့" ။ ကျွန်တော်ကဟုတ်လားလို့ စိတ်မပါတစ်ပါပြောပြီး ခပ်လှောင်လှောင်ပြုံးလိုက်မိတယ် ။ အဘွားစိတ်မကောင်းဖြစ်သွားတာ ကျွန်တော်သိတာပေါ့။ အသက်ကြီးလာတာနဲ့အမျှ လူရာသွင်းအရေးပေးခံ ချင်တဲ့လူအိုတွေရဲ့ စိတ္တဗေဒကို ကိုယ်ချင်းလည်းစာမိပါရဲ့ ။ ဒါပေမယ့် သည်တုန်းက ကျွန်တော်စာရဖို့က ပိုအရေးကြီးနေတယ်လေ။ အိမ်မှာအမြဲရှိတဲ့ သူကိုဘယ်အချိန်တောင်းပန်တောင်းပန် ရပါတယ် ။ သည်လိုနဲ့ ပဲမြေးအပေါ် အပြစ်မယူဘဲ ခွင့်လွှတ်တဲ့အဘွားရဲ့ မေတ္တာအရိပ်အောက်မှာ အမှားတွေကိုတောင်းပန်ဝန်ချဖို့ ကျွန်တော်အမြဲမေ့လျော့ခဲ့ပါတယ် ။အလျော့ပေးလိုက်လျောခြင်းမှာ ပျော်နေခဲ့တာများလား ....အဘွားရယ် ။

အဘွားငယ်စဉ်ကတည်း ကပင်အကြီးဆုံးသမီးဖြစ်၍ အရာရာမှာအလျော့ပေးခဲ့ ရဟန်တူသည် ။ အဘွားအောက်က မောင်တွေ၊ နှမတွေက သေစာရှင်စာလောက်ပဲဖြစ်ဖြစ်တတ်ကြ သော်လည်းအဘွားစာမတတ်ခဲ့ပါ။ မိဘနှင့် အတူမိသားစု တာဝန်ကိုငယ်ငယ်ကတည်းကထမ်းခဲ့ရပေသည်။ အဘွားအသက်(၂၀) ကျော်အရွယ်မှာ်တစ်ရွာသားအဖိုးနှင့်အိမ်ထောင်ကျခဲ့သည် ။ ကျွန်တော်အဘက ပခုက္ကူနယ် ပဒိုင်းခြုံရွာသားဖြစ်ပြီးအိမ်ထောင်ကျပြီးနောက်မှာ အဘွားတို့ရွာကိုလိုက်နေခဲ့သည် ။ အဘိုးဟာ "ပုတ်ထမ်းဈေးသည်" ဖြစ်ပြီးဆင်းဆင်းရဲရဲမိထွေး နဲ့နေရသူဖြစ်တယ်လို့ အဘွားမကြာခဏ ပြောခဲ့ဖူးတယ်။ ခုခေတ်မှာ ပုတ်ထမ်းဈေးသည် လို့ပြောရင်ဘာလုပ်မှန်း သိမယ်မထင်ပါဘူး။ ရှေးကအညာမှာ အလှကုန်နဲ့ အ၀တ်အထည်တွေကို ပုတ်ထဲထည့်ပြီး တစ်ရွာဝင်တစ်ရွာထွက် လည်ရောင်းတဲ့ဈေးသည်တွေရှိပါတယ် ။ သူတို့တစ်တွေဟာ ပုတ်နှစ်လုံးကိုဦးပဲ့ ထမ်းပြီးရှေ့မှာ ကုန်တွေထည့်၊ နောက်ထဲမှာတော့ ရောက်ရာမှာအိပ်ဖို့ အိပ်ရာခင်း ၊ ချက်ဖို့ပြုတ်ဖို့ စားအိုးစားခွက် ၊ ဆန် ဆီ ဆား အစုံပါပါတယ်။ သူတို့ရောင်းကျတဲ့ကုန်တွေဟာ ဈေးအပေါဆုံး အလှကုန်၊ အ၀တ်အထည် ဒေသထွက်စတာတွေဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့ နယ်ပေါင်းစုံ မှာတစ်ရွာဝင်တစ်ရွာထွက် ရောင်းကျ ၀ယ်ကျတာပါ။ အရပ်အခေါ်တော့ "အရောင်းအ၀ယ်ထွက်တယ်ပေါ့ " ။ သည်အလုပ်ကို ခုတိုင်အညာက ကျွန်တော့်ဦးကြီး ၊ ဦးလေးတွေလုပ်ကြဆဲပါ။ တစ်ခါတစ်ခါ အရောင်းအ၀ယ်ထွက်ရင် သုံးလေးငါးလတော့ ကြာကြတာပဲတဲ့ ။ဒါပေမယ် သူ့ခေတ်နဲ့သူအခါ ၊ သူ့အရင်းနှီးနဲ့သူတော့ (ပင်ပန်းသလောက်) အမြတ်လေးတော့ရတဲ့အလုပ်တစ်ခုပါ ။

အဘွားဟာ စိတ်ပူပန်တတ်လွန်းသူပါ။ တစ်ချိန်ချိန်မှာဖြစ်လာနိုင်တဲ့ ၊ ဖြစ်ဖို့အခွင့်အရေးနည်တဲ့ ၊ ဖြစ်လာရင်တောင်ကိုယ်ဘာမှ မတတ်နိုင်တဲ့ အရာတွေကိုတောင် အမြဲတွေးပူနေတတ်တဲ့ သူပါ။ ဒါကြောင့် အဘိုးများ သည်လောက်အကြာကြီး ခရီးထွက်နေချိန်မှာ ဘယ်လောက်များစိတ်ပူရှာ လိုက်မလဲ။ စိတ်ပူဖို့အချိန်မရလောက်အောင်ပင် ဆင်းဆင်းရဲရဲအလုပ် နဲ့လက်နဲ့မပြတ်လုပ်နေခဲ့ရသလား ။ ကျွန်တော်တွေးကြည့်မိဖူးသည်။ သတင်းအဆက်အသွယ်ရဖို့ နေနေသာသာ ဘယ်ရပ်ဘယ်ဆီသွားမှန်းပင် သေချာရေရာမသိ။ ဒါပေမယ့် အသက်မွေးဝမ်ကြောင်းကဒါပဲ မဟုတ်လား ၊ ဘ၀မှာ ရုန်းကန်လှုပ်ရှားမှု တွေအတွက် ချွေးတွေ ၊ မျက်ရည်တွေ ၊ လွမ်ဆွေးမှု အပူအပင်တွေကို စတေးခဲ့ကြရ တာမဆန်းပါ။

အဘွားနှင့်အဖိုးမှာ သားသမီး (၅)ယောက်ထွန်းကားပါတယ်။ ဒါပေမယ့် ရှေ့ကသားသမီး လေးယောက်လုံးပျက်စီး ခဲ့ရပြီး နောက်ဆုံးသမီးလေး (ကျွန်တော်အမေ) သာအဖတ်တင်ခဲ့တယ် ။ နောက်ဆုံးကျန်တဲ့သမီးလေးကို အဘိုးတို့တုန်နေအောင်ချစ်ပေလိမ့် မည်။ သမီးလေးရဲ့ ဘ၀ရှေ့ရေးကိုလည်း တောသူတောင်သားအမြင်နှင့် ဥာဏ်မှီသလောက်စဉ်းစားမိခဲ့ ကြပေလိမ့်မည်။ သည်လိုနှင့်ဘ၀တိုးတက်ရေး သမီးရှေ့ရေးအတွက် မြို့မှာအခြေချဖို့ဆုံးဖြတ်ခဲ့ကြသည် ။ ဒါပေမယ့်ဆုံးဖြတ်ချက် ကိုအကောင်အထည်ဖော်ဖို့ အဘိုးတို့ တော်တော်လေးကြိုးပမ်းခဲ့ ကြရပါတယ်။ နောက်ဆုံးမှာ တော့ မြို့ဆင်ခြေဖုံးက အိမ်ဝန်းတစ်ခြမ်းလေးကို ၀ယ်ကာမိသားစုပြောင်းဖြစ်ခဲ့ ကြသည်။ တဲသာသာအိမ်လေးကိုဆောက်ပြီး မိသားစုရုန်းကန်ခဲ့ကြရသည်။ အဘိုးကအရောင်းအ၀ယ် ဆက်လုပ်သည်။ အဘွားကတော့အိမ်တွင်း ကိစ္စတွေ ၊ သမီးလေးကိစ္စတွေနဲ့အချိန်ကုန်ရတော့ တယ်။ "ဟဲ့ငါတို့ ဟာတဲစုတ်နဲ့နေချင်နေရမယ် ၊ ဒါပေမယ့် အစားအသောက် ၊ အ၀တ်အစားလည်း လူနှင့်တန်အောင်တော့ဝတ်ရစားရပါတယ်။ မင့်ဘကနဖူး ကချွေးခြေမကျအောင်ရှာကျွေးခဲ့ရှာတာ ကလား" အဘွားမကြာခဏပြောတတ်တဲ့ စကားပါ။ အဘွားတို့အိမ်လေးဟာ အနေစုတ်ချင်စုတ်ခဲ့ ပါလိမ့်မယ် ၊ ဒါပေမယ့် မိသားစုစည်းလုံးမှု ၊ ကြိုးစားမှု ၊ နားလည်မှုတို့နဲ့တော့နွေးထွေး နေခဲ့ပါလိမ့်မည်။

သည်လိုနဲ့ ကျွန်တော်အမေလည်း (၁၀) တန်းအောင်ကာ တက္ကသိုလ်သို့ရောက်ပြီ ၊ အဘတို့လည်း ဆိုက်ကားတစ်စီးထောင်နိုင်လာ ပြီး သိုးအုပ်တစ်အုပ်လည်းရှိလာခဲ့သည်။ ဒါပေမယ့် ...အမေနောက်ဆုံး နှစ်မှာအဘိုးအရောင်းအ၀ယ်ထွက်ရင်း လူသတ်ခံရသည်။ သထုံနယ်ဇင်းကျိုက် ဘက်ကရွာတစ်ရွာမှာလို့ ကြားတာပဲလို့  ပြောဘူးသည်။ သေချာတာကတော့ နောက်ဆုံးမှာ သမီး ၊ ဇနီးနှင့်ဝေးရာ တစိမ်းနယ်မှာ အဘိုးကွယ်လွန်ခဲ့ရတယ် ဆိုတာပါ။ အမေကျောင်းပြီးဖို့ အဘွားအတော်လေးရှုန်းကန်ခဲ့ရသည်။ ဆိုက်ကားတစ်စီး နှင့် သိုးအုပ်ကိုရောင်းကာ ကျောင်းသူအတွက် ချိုးခြံခဲ့ရသည်။ အမေကျောင်းပြီး၍ ကျောင်းဆရာမအလုပ်ရမှ အသက်ရှုချောင် သွားရသည်။အမေအလုပ်ရတော့ ပခုက္ကူနားက မန်ကျည်းပင်မှု ရွာကလေးမှာ တစ်နေ့တစ်နေ့ညနေမိုးချုပ်မှ ပြန်ပြန်လာရသည့်အမေ့ကို အဘွားအိမ်ရှေ့မှ ညနေတိုင်းမျှော်ခဲ့ ရသည်။ နောက်တော့ အမေလည်းပခုက္ကူမြို့ပေါ်ကကျောင်းပြောင်း ရပြီး ၊ အင်ဂျင်နီယာ ပေါက်စအဖေနှင့် အိမ်ထောင်ကျသည်။ အဖေလည်းအဖိုးကဲ့သို့ ဆံထုံးနောက်သျှောင်ပါခဲ့ ကာအဘွားတို့အိမ်လေးဆီပြောင်းလာ ခဲ့သည်။ ကျွန်ချောင်းဓာတ်မြေ သြဇာစက်ရုံမှာအလုပ် လုပ်ရပြီး တစ်ပတ်တစ်ခါမှ ညကြီးမင်းကြီး ၉ မိုင်ကျော်ခရီးကို စက်ဘီးစီးပြန်လာရသည့်အဖေ့ ကိုအမေတို့အဘွားတို့မျှော်ခဲ့ရပါ လိမ့်မည်။ နောက်တော့ကျွန်တော့်ကိုမွေး ၊ အဖေလည်း ဆည်မြောင်းဘက်မှာအလုပ်ရ ပြီးပြည်ဖက်ကိုပြောင်းရသည်။ နောက်ကျတော့ စီးပွားရေးလေးတောင်သာလာပြန်တော့ အဘွားရဲ့တဲလေးကိုဖျက်၍ တိုက်တည်ခဲ့သည်။ အခြေအနေအရ အဘွားမကန့်ကွက် ခဲ့သော်လည်းစိတ်မကောင်းဖြစ်မိမှာသေချာ သည်။ သည်အိမ်လေးဟာအဘိုးရဲ့ချွေးတွေ ၊ သွေးတွေ ၊ အသက်နဲ့ရောရင်ပြီးဆောက်ခဲ့ရ တာမဟုတ်လား ။ ပြီးအဘွားရဲ့ ပူပင်မှုသောက မျက်ရည်တွေ ၊ ချိုးခြံချွေတာမှုတွေ စွန်းထင်းနေတာမဟုတ်လား ။ ဒါပေမယ့်......... ။

ဒါပေမယ့် နောက်ဆုံးမှာတော့အဘွား ပခုက္ကူမြို့လေးကိုပါစွန့်ခွာခဲ့ရသည် ။ "အမေရယ် ၊ သားလေးလည်းမိစုံဖစုံ အမြဲအတူတူနေရတာပေါ့ ၊ ပြီးတော့ ကျွန်တော်ဟိုမှာအိမ်ရတယ်အမေရယ်။ အကျယ်ကြီးပဲ။ မိသားစုလေးအတူတူနေကြရအောင်ပါအမေရယ်နော် " ဆိုတဲ့သမက်ရဲ့ စကား ၊ သမီးနှင့်မြေးလေးရဲ့နောင်ရေး ဒါတွေကိုစဉ်းစားပြီး မြို့လေးကိုပါအဘွားစွန့်ခဲ့ရတယ်။

နောက်တော့အစိုးရ၀န်ထမ်း အဖေပြောင်းရတဲ့မြို့တွေမှာကျွန်တော်တို့ တစ်တွေနှင့်အတူလိုက်ပြောင်းနေရတဲ့အဘွား ကိုတွေ့ရတယ်။ ပြည် ၊နောက်မကွေး ၊ နောက်စစ်ကိုင်း နောက်တစ်ဖန်ပြည်ကိုတစ်ခါထပ် ပြောင်း ။ ပြောင်းရသမျှမြို့တွေ မှာလည်းအိမ်ထဲ ကအိမ်ပြင်မထွက်ဘဲ အိမ်ရှေ့တည့်တည့်ခုံမှာ အမြဲလိုလိုထိုင်နေတတ်တဲ့ အဘွားကိုတွေ့ရတယ် ။ သားသမီးတွေရဲ့ အပူကိုကိုယ့်အပူ နဲ့မခြားစိတ်ပူပေးတတ်တဲ့ ၊ ဘာမှလည်းစွမ်းဆောင်မပေးနိုင်တဲ့ မယ်ကြီးအို ၊တစ်ဦးတည်းသောသမီးကမွေးတဲ့ တစ်ဦးတည်းသောမြေးအပေါ် အသည်းပေါက်အောင် ချစ်ရှာတဲ့ဘွားအေတစ်ယောက်အနေနှင့် လည်တွေ့ရပြန်တယ်။ အဘွားဟာကျွန်တော့်ကို ငယ်ငယ်ကအိမ်လေး အကြောင်း ၊ အမေငယ်ငယ်ကအကြောင်းခဏ ခဏပြောပြတတ်တယ်။ ဒါပေမယ့် အဘွားဟာတစ်နှစ်တစ်ခါလောက် ပြန်ရတာကလွဲလို့ ပြန်ချင်လှချည်ရဲ့လို့ ၊ လွမ်းလှချည်ရဲ့လို့ မပြောရှာပါဘူး ။ အဘွားဟာ မျိုသိပ်တတ်တယ်မဟုတ်လား။

နောက် "ပြည်" ရောက်တော့ ကျွန်တော်တို့အိမ်လေးတစ်လုံးဆောက်ကြ ပြန်တယ်။ အိမ်ပုံစံကို ကိုယ်တိုင်ဆွဲရင်းအလုပ်ရှုပ်နေတဲ့ အဖေက ဒါအမေ့အခန်းလို့ အဘွားကိုပြတယ်။ ကွန်တိုတွေ ၊ စကေးတွေ ၊ဒေါင့်ချိုးတွေ ရှုပ်ရှက်ခက်နေတဲ့ အဖေရဲ့အိပ်ပုံကို အဘွားသေချာကြည့်နေပါတယ်။ "အောင်မလေးမင်းနှယ် ကွယ်၊ မင်းအိမ်ပြီးသည်အထိ ငါနေရဦးမှာလား" ကျွန်တော်တို့အားလုံး ရယ်ပြီး ကျန်းမာရေးသည်လောက်ကောင်းတဲ့အဘွား ကနေရဦးမှာပါလို့ ပြောမိကြတယ်။ အဘွားကမိန့်မိန့်ကြီးပြုံးလို့ ၊ နောက်တော့အဘွားငြိမ်ကျသွားတယ်။ တော်တော်ကြီးကိုအတွေးနက်နေပုံ ပဲမျက်ရည်တွေလည်းဝဲလို့။ ဘာများစိတ်မကောင်းဖြစ်ရတာလဲ အဘွားရယ် ၊ အိမ်သစ်လေးက တစ်ကယ်ကိုခေတ်မီတယ် ။ ကျွန်တော်တို့ငယ် ငယ်တုန်းကအိမ်လေးနဲ့ များကွာပ။ အဘွားအတွေးနဲ့ ကျွန်တော်အတွေး ၊ တန်ဖိုးထားမှု ခံစားချက်တွေ ဟာတော်တော်ကွာပါလိမ့်မည်။

ဒါပေမယ့် ကျန်းမာရေးကောင်းလှပါတယ် ဆိုတဲ့အဘွားဟာ ကျွန်တော်(၁၀) နှစ်စမှာပဲ အစာအိမ်ပြည်တယ်တဲ့ ရောဂါနှင့်ဆေရုံ တက်ရပါတယ်။ သာမန်လူငယ်တစ်ယောက် အတွက်မပြောပလောက်တဲ့ ခွဲစိတ်မှုဟာ ရှစ်ဆယ်ကျော်အဘွားအို အတွက်ပြန်နလံမထူ နိုင်တော့ပါဘူး ။ ဆေရုံကနောက်ဆုံး အိမ်ပြန်သယ်သွားဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့ ၀န်ထမ်းအိမ်ရာထဲကအိမ်လေး (အဖေ့စိတ်ကူးအိမ်ကလည်း မပြီးသေးပါ) ဆီကို အဘွားကိုပြန်သယ်လာရတယ် ။ မိုးမှောင်နေတဲ့ နေ့လည်တစ်ခုမှာအဘွား ဆုံးတယ်။ ပူလောင်လှတဲ့ ငိုကြွေးသံတွေကြားမှာ အားလုံးကိုကျောခိုင်းသွားပြီ ဖြစ်တဲ့ အဘွားကိုကျွန်တော် မျက်ရည်ကြားမှ မြင်ရတယ်။ အဘွားရက်လည်တဲ့နေ့ မှာအမေကပြောတယ်။ "ဘာပဲပြောပြော မင်းအဘွားမဆုံး ခင်အမေတို့ပြုစု လိုက်ရပါတယ်ကွယ်။ နောက်ပြီး အိမ်မှာပဲဆုံးရှာတာပါ။ဆေးရုံမှာမဟုတ်တာကို ပဲမင်းအဘွားဝမ်းသာရှာမှာပါ။ နို့မို့ဆိုရင် ၀င်းထဲတောင်ဝင်ခွင့်ရမှာ မဟုတ်ဘူး ။ " ။ ဟုတ်ပမလားအမေရယ် အဘွားနောက်ဆုံးအချိန်မှာ သူခေါင်းချချင်တဲ့နေရာဟာ သည်အိမ်ဟုတ်ပမလား .......? ။ဒါပေမယ့် ကျွန်တော်အမေ့ကို ဘာမှပြန်မပြောခဲ့ပါ ။

ုပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်က ကျွန်တော်မြန်မာနိုင်ငံပြန်ခဲ့ သည်။ (၁၀) တန်းပြီးနောက် ပညာရေးအတွက် မိမိနိုင်ငံကိုကျောခိုင်းထွက်ခဲ့ရပြီး မှတစ်ဖန်အလည်ပြန်လာခြင်းပင် ။ သည်တစ်ခါတော့ ကျွန်တော့်အိမ်ဟာ (မိဘများပြောင်းရွှေ့ရာ) ရွှေဘိုမှာဖြစ်သွားပြီ ။ ကျွန်တော်အိမ်သစ်ကို ၀င်ဝင်ချင်း အိမ်တံခါးနှင့်တည့်တည့် ကုလားထိုင်မှာထိုင်တတ်သည့် အဘွားကိုသတိရမိသည်။ သည်အိမ်သစ်မှာတော့ အဘိုးနှင့် အဘွားတို့ဓာတ်ပုံတွေချိတ်ထားတာတွေ့ ရသည်။ ကျွန်တော့်အလှူတုန်းကရိုက်ထားသည့်ဓာတ်ပုံထဲက အဘွားရဲ့အင်္ပြုးဟာ အသက်ပါလှရုံသာမက ဆေးသားကလည်းစိုနေတယ်။ ဘေးကအဖိုးရဲ့ ဓာတ်ပုံကတော့ရှေးကပုံကို ပုံကြီးချည့်ပြီးကူးထားလို့သိပ်မထင်ရှားပါ။ တို့အရင်တုန်းက အိမ်ထောင်စုစာရင်း အတွက်အိမ်ရှေ့မှာ ထွက်ပြီးမိသားစု ဓာတ်ပုံရိုက်ခံကြရတုန်းကပုံလို့ အမေပြောတယ်။ ပုံဘယ်လောက်ပဲ ၀ါးဝါး အဘရဲ့အပြုံးက ကျွန်တော်အတွက်ထူးဆန်းနေတယ် ။ ဟုတ်ပါရဲ့ သည်လိုအပြုံးမျိုးကို မမြင်ရတာကြာပြီ ။ အဘရဲ့အပြုံးကကျေနပ် အားရနေတဲ့အင်္ပြုးမျိုး ။ ဟင့်အင်း ။ ဒါတွင်မကသေးဘူး ငါ့ချွေး ၊ ငါ့သွေး ၊ ငါ့ကိုယ်ပိုင်ကြိုးစားမှုကြောင့် ရလာတဲ့ ငါ့မိသားစုအတွက်ငါ့ ကိုယ်ပိုင်အိမ်ပဲဆိုတဲ့ ရဲရဲဝင့်ဝင့်ယုံကြည်တဲ့အပြုံး မျိုး ။ ကျွန်တော်ကြီးပြင်းလာရတဲ့ ခေတ် ၊ ပတ်ဝန်းကျင်မှာ မိမိရဲ့အိုးအိမ် စည်းစိမ်ဥစ္စာအတွက် မိမိကိုယ်ပိုင် အရည်အချင်းပင်ပန်းခံကြိုးစားမှု မပါဘဲ သူတစ်ပါးကိုဒုက္ခပေး ချောက်ချ အမြတ်ထုတ်ဂုဏ်ယူနေကြတဲ့ ပုဂ္ပိုလ်တွေဆီမှာ မတွေ့နိုင်တဲ့အပြုံးမျိုးပဲ။ ပကာသနကင်းမဲ့ပါစေမိမိအရည်အချင်းနှင့်ရသောတစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါးဂုဏ်ယူပြုံးနိုင်ဖို့ ကျွန်တော်တို့ဘယ်လောက်ကြိုးစားရဦးမှာ လဲ ? ။ ကျွန်တော်မသိနိုင်ပါ။ ဒါပေမယ့် သေချာတာကတော့ကျွန်တော်အတွေးထဲမှာ ဘရဲ့အိမ်လေးဟာ မေတ္တာစေတနာတွေကြောင့် ကြီးကျယ်မြင့်မြတ်သွားတာပါပဲ ။ ။

2 December 2007

စာမေးပွဲ အလွမ်း ( သိစေချင်သည်...... )

စာမေးပွဲ ဆိုတာကိုကြားသူတိုင်းလန့်ကြမှာပါ။ မလန့်တောင် စိတ်ဖိစီးမှု တစ်ခုခု ခံစားရမှာ အမှန်ပဲ။ ကျွန်တော်လည်းစာမေးပွဲနီး တိုင်းစိတ်ညစ်တတ်တယ် ၊ နှစ်တိုင်းနှစ်တိုင်း အမြဲကြုံနေရပေမယ့် ရိုးသွားတယ်ဆိုတာ မရှိတဲ့ Exam Fever ပါပဲ။ စာမေးပွဲဆိုတာ ဘ၀တိုးတက်ဖို့ အတွက် ၊ အနိုင်ရဖို့အတွက် (စာပြိုင်ဖက်တွေရှိရင်ပေါ့) မေးခွန်းနဲ့ကိုယ် အသေအလဲ ယှဉ်ပြိုင်ရတဲ့ တိုက်ပွဲတစ်ခုပါပဲ ။ စာမေးပွဲနဲ့ ပတ်သက်ပြီး ခံစားချက်ဝတ္တုတိုလို့ခေါ်ရမလား ၊ အတွေးစုလို့ခေါ်ရမလား မသိတဲ့စာစုလေးတစ်ခုရေးထားတာရှိခဲ့ တယ်။ အခုကျွန်တော်တို့စာမေးပွဲ ဖြေရတော့မယ့် အချိန်မှာ ခံစားချက်တူသူများရှိရင် မျှဝေခံစားဖို့ တင်ပေးလိုက်ပါတယ်။

သိစေချင်သည်......


လူတစ်ယောက်ကို အကြောင်းမရှိဘဲ တူးတူးခါးခါး မုန်းဖူးလား ။ မအံ့သြနဲ့ ဒါမျိုးတွေလည်းဖြစ်တတ်တယ် ။ မယုံမရှိ နဲ့ တကယ်ပါ။

++++++++

စာမေးပွဲနီးလာ တိုင်းကျွန်တော်သူ့ကို ကြည့်မရအောင်အရမ်း မုန်းတယ်။ ကြည့်... ပုံစံ ကိုက စာမရသေးလို့ပြာနေ သလိုလို ၊ အခုမှ စာစကြည့်ရတဲ့ ပုံစံလိုလို ၊ အလကားပါ။ စာမေးပွဲဖြေတော့ သူပဲရတာ ပဲ။ ကျွန်တော်သူကို နိုင်ချင်တယ်။ စာမေးပွဲတိုင်းမှာ နိုင်ချင်တယ် ။ အပြတ်အသတ်ကွာသွားအောင် ကျွန်တော်သူ့ကို နိုင်ချင်တယ် ။ သူခေါင်းပြန်မထူနိုင်လောက်အောင်ကို နိုင်ချင်တယ် .... ။

နိုင်ချင်ကြိုးစားပေါ့လို့ ဆိုကြလိမ့်မယ်။ ကျွန်တော်လည်းကြိုးတော့ ကြိုးစားတာပဲလေ။ တစ်ခါနှစ်ခါလည်း သူ့ကိုနိုင်ဖူးသားပဲ။ ဒါပေမယ့် သူကိုအမြဲမနိုင် နိုင်ဖူး ။ ကျွန်တော်နိုင်တာက အရေးမကြီးတဲ့စာမေးပွဲ သေးသေးလေးတွေမှာပါ။ သူကျွန်တော့်ကို နိုင်တာကျတကယ့် အစိမ်ကြီး။ ကဲ... ဘယ်လောက်မုန်းဖို့ကောင်း လဲ။

သူကျွန်တော်တို့ကျောင်းကိုစပြောင်းလာတာက (၆) တန်းနှစ်ကပါ။ ၀တ်ပုံစားပုံ သားနားတာကို ကြည့်ပြီး စာတော်မယ့် ကောင်မလေးလို့ ကျွန်တော်တန်းသိတယ် ။ ခြောက်လလုံးလုံး စကားတစ်ခွန်းမှ မပြောဖြစ်ကြဖူး။ပြောဖို့ အကြောင်းလည်းမဖန်ပါ။ ဒါပေမယ့် ကျွန်တော်သူငယ်ချင်းတွေ ဆီကသူ့အကြောင်းတွေကြားရပါတယ်။ ခုမှပြောင်းလာတဲ့ကျောင်းသူ ဆိုတော့ ကျောင်းသားတွေအစမှာနည်းနည်းပါးပါးစိတ်ဝင်စား ကြတာဖြစ် တတ်ပါတယ်။ ကျွန်တော်ဘေးကကောင်ကိုကျွန်တော် ပြောလိုက်မိသေးတယ်။ "မင်းတို့သာလှတယ်ပြောတာ။ အလကား ဒီလောက်ပိန်ကပ်နေတာ.... လှပမလား"

ကျွန်တော်တို့ စကားစပြောဖြစ်တာ နှစ်လယ်လောက်မှ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ တုန်းကထူးချွန်စာမေးပွဲတွေ ဖြေရလေ့ရှိတယ် ။ အတန်းထဲမှ အဆင့် ၁ မှ ၁၀ ရသူတွေဝင်ဖြေ ကာ ထိုအထဲမှ ပထမ၊ ဒုတိယ ၊ တတိယ ကျောင်းအဆင့် ရွေး ပြီး မြို့နယ်အဆင့်စာမေးပွဲ ဖြေရပြန်တယ်။ ကျောင်းအဆင့်စာမေးပွဲ နောက်ဆုံးနေ့မှာ သူငယ်ချင်း မိန်းကလေးတစ်ယောက်နဲ့ အဖြေတိုက်ရင်း ဘေးကသူကစကားစပြောတယ်။ "နင်ရောဖြေနိုင်လား" ကျွန်တော်ခေါင်း ခါပြလိုက်တယ်။ "ငါလည်းမဖြေနိုင် ဘူး" သူဆက်ပြောတယ်။

အောင်စာရင်း ထွက်လာတော့ ကျွန်တော် ပထမ ၊ သူ ဒုတိယ။ ကျွန်တော် ဘာမှထူးထူးခြား မဖြစ်ပါဘူး ။ မြို့နယ်အဆင့် စာမေပွဲဖြေ ဖို့ဆရာတွေက ကျွန်တော်တို့ကိုသီးခြား စာသင်ပေးတယ် ။ အဲဒီမှာ ကျွန်တော်တို့ပိုရင်းနီး လာ တယ်။မြို့နယ် အဆင့်စာမေးပွဲမှာလည်းအတူတူစာကျက်ပြီး ဖြေကြတယ်။ အောင်စာရင်းထွက်လာတော့ သူကမြို့နယ် အဆင့်မှာ တတိယရပြီး ကျွန်တော်ကတော့ ဘာမှမရဘူးလေ။ အဲဒီနေ့ က ကျွန်တော်တစ်ခါမှ မကြုံဖူးသေးတဲ့ ကိုယ့်ကိုကိုယ် နိမ့်ကျတယ်ဆိုတဲ့ အရှက်ရမှုကို ခံစားရတယ်။ အဲဒီညနေ မှာကျွန်တော် ငိုခဲ့တယ်။ ပြီးတော့ကျွန်တော်သူ့ကိုနိုင်အောင်ကြိုး စားမယ်လို့လည်း ဆုံးဖြတ်ခဲ့တယ်။ သေချာတာကတော့ ကျွန်တော့် ဘ၀မှာ လူတစ်ယောက်ကို ပထမဆုံး အကြိမ်တူးတူးခါးခါးမုန်းမိခဲ့ တာပဲ။

ဒါပေမယ့် လည်းအပြင်ပန်းမှာတော့ အပြုံးမပျက်စေပဲ သူနဲ့ခင်ခင်မင်မင်ပေါင်း တယ်။ခင်တယ်ဆိုပေမယ့် မေးထူးခေါ်ပြောအဆင့်လောက်ပါပဲ။ နောက်စာမေးပွဲ တွေကျတော့ လည်းသူနိုင်လိုက်ကိုယ်နိုင်လိုက်ပေါ့။ သူ့ဘက်ကတော့ ဘယ်လိုသဘောထားလည်း ကျွန်တော်တကယ်မသိပါ။ ကျွန်တော် ကတော့ သူ့အကြောင်းအမြဲတွေးနေရတယ်။ " သူဘာများလုပ်နေမလဲ? ။ငါ ၀တ္တုဖတ်နေတဲ့ အချိန်မှာ သူစာကျက်နေမလား ? ။ TV ကြည့်နေချိန်မှာ သူသင်္ချာတွက်နေမလား ? ။ ငါကဖြင့် အိပ်တော့မယ် သူစာကျက်နေတုန်းပဲလား? ။'' စာမေးပွဲဖြေတိုင်းလည်း - " ငါဒီ အပုဒ်မရဘူး သူရောရလားမသိ? ။ ငါရတဲ့ အပုဒ်ကိုရောသူတွက် တတ်ပါ့မလား ?။သူပြီးလို့ပြန်တောင်စစ်နေပြီ ငါကပြီးတောင်မပြီးသေးဘူး ။ ဒုက္ခပဲ " မြန်မာစာဖြေ တိုင်းလည်း - " သူစာစီစာကုံး က ငါ့ဟာ ထက်များကောင်းနေမလား ? ၊ ဟာ...... ကောင်းရင်လည်းစာစီစာကုံး စာအုပ်ထဲကကျက်ထားတာနေမှာ ပါ ။ သူငါ့လို အပြင်စာမှ မဖတ်ဘဲ ၊ ဒါပေမယ့် သူ့လက်ရေးငါ့ ထက်လှတယ်။ ဆရာကလက်ရေးနဲ့များ အမှတ်ဖြတ်ရင် ဒုက္ခပဲ........................... " ။


ကျွန်တော်နဲ့သူ တကယ်ခင်ခင်မင်ပေါင်း ဖြစ်တာကတော့ (၉) တန်းနှစ်မှပါ ။ ကျွန်တော်နှင့်သူ ကျူရှင်တူတယ်လေ။ ကျွန်တော်အကြောင်းရှာလို့မရပဲ ပျော်သွားမိတယ်ထင်တယ် ။-

" ဪ ငါသူနဲ့ ကျူရှင်တူတူတတ်ရတော့ သူဘာစာတွေကျက်တယ် ၊ ဘယ်လိုကြိုးစားတယ်ဆို တာ သိရတာပေါ့ "......

စတက်တဲ့နေ့ က ဓာတုသင်တယ် ၊ မှတ်မှတ်ရရသူနောက်ကျတယ် ။ ကျွန်တော်သူ့ကိုမျှော်နေမိတာ လား။ မဟုတ်ဘူးဟော့ ၊ သူဖာသာသူနောက်ကျလို့ စာမရကောင်းတောင်ကောင်းသေး ။ နောက်နေ့တွေ ကျသူပုံမှန်လာ တယ်။သူ့ကိုအနီးကပ်လေ့လာ ကြည့်တော့လည်း သာမန်ပါပဲ။ ဒါပေမယ့် ထူးထူးခြားခြား ကျွန်တော်နှင့်သူခင်မင်လာတယ် ။ သူကျွန်တော်ကိုစာမေးတိုင်း ကျွန်တော်ပျော်လည်းပျော်တယ် ၊ ဂုဏ်လည်းယူ တယ်။ "ကိုယ်ပေါင်း စိတ်ခွာ" ပေါင်းလို့ကိုယ့်ကို ကိုယ်သတိပေးရင်း သူနဲ့ ရင်းနှီးလာတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ စိတ်ထဲကလက်မခံခဲ့ ပါဘူး ။ သူကျွန်တော်ကို တစ်နေ့နေ့ကောင်းကောင်းကြီး အနိုင်ယူသွားမလားလို့ တွေးကြောက်နေတယ် ။ စာမေးပွဲတွေမှာတော့ သူမသာကိုယ်မသာပါပဲ ။

သူဟာသူငယ်ချင်း တစ်ယောက်အနေ နဲ့ သာမန်အချိန်ဆို တော်တော်ခင်ဖို့ကောင်းတဲ့သူပါ ။ ကျွန်တော် သေမတတ်တိုက် တွန်းပေမယ့် ဘယ်သူငယ်ချင်းကမှ မကြည့်ချင်တဲ့ အိန္ဒိယ သီချင်းလိုင်းတွေကို ကြည့်ပေးသည် ။ ကျွန်တော်ကဖတ်ဖို့ တိုက်တွန်းတဲ့ စာအုပ်အချို့ ကိုလည်းဖတ်တယ်။ ကျွန်တော့်ကို လည်း စာတွေအရမ်းဖတ်တယ် ၊ နင်တော်လိုက်တာ လို့ချီးမွန်းတတ်တယ် ။ သူ့မှာ အမြင်ကပ်ဖို့ ၊ မုန်းဖို့ကောင်းတာ ကတော့ စာမေးပွဲဖြေခါ နီးတိုင်း " နင်ရလား"- လို့ မေး ရင် "ဟယ်..... ငါညကလုံး ၀ စာမကျက်ဖြစ်ဘူး တကယ်။ TV က တရုတ်ကားပြီးအိပ် ငိုက်နေတာနဲ့ အိပ်သွားတာ...ယုံ '' ။ ပြီးဖြေရတော့ လည်းစာကျက်လာတဲ့ ကျွန်တော်နဲ့အတူတူလောက်ဖြေနိုင် တာပဲကို ။ " စာမကျက်ဘဲ အလိုလိုရတဲ့ သူဆိုပြီး နင့်ကိုငါကအထင် ကြီးရမှာလား ? ၊ စာမကျက်ဘဲ ရရအောင်နင်ကဘာမိုလို့လည်း ? ။ '' အတော်လေးကို ခံရခက်ပါတယ် ။

နောက်တော့ ကျွန်တော်နဲ့သူ ခဏခဏ မခေါ်မပြော ဖြစ်ကြတယ် (ကြာတော့ ကျွန်တော်လည်းဟန်မဆောင်နိုင်တော့ဘူး ။ သူလည်းကျွန်တော် သူကိုပြိုင်တဲ့အကြောင်း သိမှာပေါ့။ ) ဒါပေမယ့် ထူးထူးခြားခြား ကျွန်တော်တို့ပြန်တည့် သွားတတ်ကြတယ်။ ဒါပေမယ့်စာမေးပွဲ ပြီးရင်တော့ အခြေအနေကတင်းမာလာပြန်တယ် ။ ပတ်ဝန်းကျင်မှာ ကျတော့လည်း ကျွန်တော်က တစ်ဘက်သတ်မနာလိုသူဆိုတာ ထင်ရှားလာတယ် ။ '' နေပါဦး နင်ကရောငါ့ ကိုမပြိုင်ဘူးလား ? ။ နင်ပြုံးပြုံးလေး ဟန်ဆောင်ကောင်းတာနဲ့ ငါအများအမြင်မှာလူ ဆိုးဖြစ်ရတယ်''။ ဒါပေမယ့် သူနဲ့ကျွန်တော် ထိပ်တိုက်တစ်ခါတော့ မှတ်မှတ်ရရ ရန်ဖြစ်ဖူးတယ်။ ကျွန်တော်နဲ့ သူဆယ်တန်းအောင်ရင် ဘာတတ်မလဲ ငြင်းတုံးကပါ ။ "အစ်ကို သိလား ငါကတော့ (၁၀) တန်းအောင်ရင်ဆေး တက္ကသိုလ်တတ်ပြီး ဆရာဝန်ဖြစ်အောင်လုပ်မယ်။ နင်ရော? '' ကျွန်တော် တော်တော်အမြင်ကပ်သွားတယ် ။ '' ငါ ၁၀-တန်းအောင်ရင် ဘာမှမတတ်ဘဲ သူဋ္ဌေးဖြစ်အောင်လုပ်မယ် ။ ပြီးရင်ပုဂွလိက ဆေးရုံ ဖွင့်ပြီးနင့်လို ဆေးကျောင်းထွက်စ ဆရာဝန်ပေါ်က်စတွေကို လခနည်းနည်းနဲ့ခိုင်းစားမယ် ။ " - ကျွန်တော်သူ့မျက်နှာကို ကြည့်မနေပါ ။ မမျှော်လင့်ပဲ သူကျွန်တော့်ကိုလွှဲ ရိုက်လိုက်တယ်။ ကျွန်တော်နာကျင်မှုကိုမေ့ သွားပြီး အံဩသွားတယ်။ "ကျွန်တော်ပြောတာလွန်များသွားလား ? ၊ အို....အဲလောက် ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့ မိန်းမ ခံရမှအေးရော....." ကျွန်တော်ပြန်အားတင်းသည်။ သူ့မျက်ဝန်းမှ နာကြည်းရိပ်ကို မြင်ပြီးကျွန်တော်စိတ်မကောင်းပါ ။ (၉) တန်းနှစ်ကုန်ခါနီးမှ ဖြစ်သောပြဿနာ သည် (၁၀) တန်းနှစ်စလောက်မှာ မှပြန်တည့်သွားသည်။ သို့သော် ယနေ့တိုင် ကျွန်တော်သူ့ကိုဤကိစ္စနဲ့ ပတ်သက်ပြီးမတောင်း ပန်ရသေးပါ။


" (၁၀) တန်းနှစ်ဟာဘ၀ တစ်ခုလုံးအတွက် အရေးကြီးတယ်။ သေချာ စာကိုပဲအာရုံစိုက်ကြိုးစားပါ " ။ ဤဂါထာဟောင်းကြီးကို လူငယ်တိုင်း ကြားဖူးမှာ အမှန်ပါ။ (၁၀) တန်းကျ ကျွန်တော်တို့ ကျူရှင်မတူ ကြတော့ပါ။ ကျွန်တော်အတွက်ကတော့ စာမေးပွဲဟာ မိမိအတွက်ထက်သူ့ကို နိုင်ဖို့ က ပိုအရေးကြီး ပါတယ်။ ဒါပေမယ့် (၁၀) တန်းနှစ်မှာ ကျွန်တော်စိတ်မငြိမ်ခဲ့ဘူး ။ သေချာတာက ကျွန်တော်စာကြည့်တာ ဘက်မမျှပါ။ မိမိစိတ်ဝင်စားရာ ဓာတု ၊ ရူပ ၊ သင်္ချာ ၊ မြန်မာစာများကို ပိုင်ပိုင်နိုင် ကြည့်သလောက် ဇီဝနှင့် အင်္ဂလိပ်မှာ အားနည်းခဲ့သည်။ ကျွန်တော် စာမနိုင်မှန်းမိမိကိုယ် စန်းစစ်မိချိန်မှာနောက်ကျခဲ့ပြီ ။ ကျွန်တော်သူ့ကို ရှုံးရတော့မည် ။ အင်္ဂလိပ်စာဆရာ၏ ကျူရှင်အတန်းချိန်မှာ သူနာမည်ကိုချီးကျူးနေကြပြီ ။ (ကျွန်တော်တို့ကျူရှင်ချိန်မတူ သော်လည်းသင်သောဆရာမှာ အတူတူဖြစ်သည်။) စာမေးပွဲနီးလေ မနေတတ်မထိုင်တတ်ဖြစ်လာပြီ ။ အချိန်လည်းမမှီတော့ ။ သူ့မှာတော့ အေးအေးလေးပဲ ။ ကျွန်တော်သူ့ကို နှစ်လယ်လောက်မှစ၍ စကားမပြောနိုင်တော့ဘူး ။စာမေးပွဲဖြေ ရတော့သည်။ စာမေးပွဲတွင်းမှာ ကျွန်တော်စိတ်ဒုံဒုံးချ၍ ဖြေတော့သည်။ စာမေးပွဲအတွင်းသူ့ကိုတွေ့သော်လည်း ဟန်ဆောင်ပန်ဆောင်ပင် နှုတ်မဆက်နိုင်။ သူ့ကိုရှုံးလေပြီ ။ တစ်ချိန်လုံးစိတ်ကူး ထားသမျှ အလကားပဲ။ တရားခံ အစစ်ကလည်းငါကိုယ်တိုင်ပဲ။ စာမေးပွဲနောက်ဆုံးနေ့ သိပ်မဖြေနိုင်လှသော ဇီဝဖြေအပြီး ၊ လူစုနှုတ်ဆက်နေသော ဆရာ၊ ဆရာမ များ သူငယ်ချင်းများအလယ်မှ သူ့ကိုအောင်မြင်စွာ ရှောင်ကွင်း၍ ပြန်လာသောလမ်းတွင်ရင် ထဲမှ ဆို့နေသောအလုံးကြီးကျသွားလေပြီ။ ''ပြီးပြီ ။ နင့်ကိုငါနောက် ဘယ်တော့မှ မျက်နှာချင်းမဆိုင်ရတော့ဘူး ။ နင်နဲ့တူတဲ့ Major ကိုဘယ်တော့မှမတတ်ဘူး ။ နင်နဲ့လည်းဘယ်တော့မှ မတွေ့ချင်တော့ဘူး ။ ပန်းလှပါပြီကွယ်..... "

+++++++++++

" ကိုယ်ကလူတစ်ယောက်ကို နိုင်ချင်လို့ပြိုင်ရင်.... ကိုယ့်ရဲ့စိတ်အားလပ်ချိန်တွေကို သူ့ကိုအကုန်ပေးထားရတာပဲ ။ အဲသည်ထဲက ကိုယ်သိသင့်တယ်။ ကိုယ်မင်းကိုရှုံးနေပြီဆိုတာကို.။ ။ "

++++++++

အောင်စာရင်းထွက်လာတော့ ထင်သည့်အတိုင်းသူ ကျွန်တော်ကိုနိုင်ပါတယ် ။ ကျွန်တော်သူ့အပေါ် နိုင်ချင်ခဲ့ သောအပြတ်အသတ်နိုင်ခြင်း မျိုးနဲ့ အနိုင်ခံရ တာပါ။ ၁ မှတ် ၊ ၂ မှတ်နှင့်တောင်အတော်လေး ကွာတယ်လို့ သတ်မှတ်ရမယ့် စာမေးပွဲမျိုးမှာ သူကျွန်တော့်ထက် ၂၀ ကျော် ၃၀ နီးပါးများပါသည်။ ကျွန်တော်တော်တော် ထုံသွားပါတယ်။ သူကျွန်တော့်ကိုယဉ်ယဉ်လေး နဲ့အနိုင်ယူသွားတယ်။ ကျွန်တော်အရှုံးကြီး ရှုံးရတယ် ။ ကျွန်တော်ဘာဆက်လုပ်ရမလဲ ။ ကျွန်တော်သူ့ထက်အနာဂတ်မှာ ပိုတော်အောင်ကြိုးစားရမယ် ။ တစ်နေ့နေ့ မှာ ငါ့ဟာအရာရာမှာ နင့်ထက်သာနိုင်သေးတာပဲ။ သူ ကြားထဲမှာကျွန်တော့်ကို ဖုန်းဆက်ပါသေးတယ် ။ သူ့အဖေ ပြင်ဦးလွင် ပြောင်းရမယ်တဲ့ ။ မပြောင်းခင်သူငယ်ချင်းတွေ တွေ့ရအောင်တည့်လေ။ "အလကား သူကြွားချင်တာ မသိမှတ်လို့ ။ မသွားဖူး ။ နင်ကြွားကောင်းအောင် ငါကကိုယ်တိုင်သွားပြီးနားထောင်ရ ဦးမတဲ့လား" ။ ကျွန်တော်သူချိန်းတဲ့ နေ့မှာမသွားမိဖို့ တော်တော်လေးကြိုးစားရ တယ်။ အခြားလာခေါ် တဲ့သူတွေကိုလည်းမလိုက်ဖူး လို့ပြောလွှတ်ပစ် တယ်။ အံဩစရာပဲ ကျွန်တော်စိတ်ထဲက သွားချင်နေတယ် ။"ဪ ခင်တဲ့သူအချင်းချင်း ပြောင်းခါနီးနှုတ်ဆက်တာ သွားသင့်ပါတယ်။ တော်ကြာသူများတွေက ငါရှုံလို့မလာနိုင်တာများပြောကြရင်။ အာသူ့ကိုချီးမွန်းကြမယ့် လူတွေကြားမှာငါပြုံးပြုံးလေး နေနိုင်မတည့်လား ။ သူကလည်း ငါလာလာ မလာလာ သည်လောက်အရေးစိုက်ပါ့ မလား ။" ထိုအတွေးနောက်မှာကျွန်တော်ဝမ်းနည်းသွားတယ် ။ ကျွန်တော်မသွားဖြစ်ပါ ။ တစ်နေ့လုံးစာဖတ်နေ ခဲ့တယ်။ အကြိုက်ဆုံးစာရေးဆရာ တစ်ယောက်ရဲ့ နာမည်အကြီးဆုံး စာအုပ်ကိုဖတ်ခဲ့ပေမယ့် ကျွန်တော်ဘာရသကိုမှမခံစားနိုင်ခဲ့ ပါ။ ။

အနာဂတ်မှာ သူ့ထက်သာရန်ဆိုတဲ့ အချက်နဲ့ကျွန်တော် Poly တက်ဖို့ဆုံးဖြတ်ခဲ့တယ် ။ သူဆေးကျောင်းတက်မှာအသေအချာ ပေါ့ ။ ကျွန်တော်သူ့ထက်သာကိုသာရမယ် ၊ သည်အချက်ကိုအခြေခံပြီး ကျွန်တော်အစီအစဉ်ဆွဲသည် ၊ နိုင်ငံခြားမှာကျောင်းသွားတက်ကတည်းက သူ့ထက်ဘာပဲပြောပြော သာသွားမည်။ ကျွန်တော်သင်တန်းတွေတက်ရ မည်၊ အင်္ဂလိပ်အရေး ၊ အဖတ်၊ အပြော ကျွမ်းကျင်ရမည် ၊ ကျွန်တော်ထို့အတွက် ဇာတိမြို့လေးမှ ရန်ကုန်ကိုဆင်းခဲ့ရသည် ။ ကျွန်တော်နဲ့သူ တစ်ကယ်ဝေးသွားခဲ့ပြီ ။ ကျောင်းဝင်ခွင့် အတွက်ကြိုးစားရင်း စာမေးပွဲပေါင်းများစွာကို ရင်ဆိုင်ရပြန်တယ်။ ကျွန်တော်အဲဒီတုန်း ကအောင်မြင်မှုဆုံးရှုးံ မှုတွေအပေါ်ခံစားချက်သိပ်မရှိခဲ့ တော့ပါ။ စာမေးပွဲတွေဆိုတာမင်းရှိမှ အဓိပ္ပာယ်ရှိသတဲ့ လား ? ။

ကျွန်တော်ရှင်းရှင်း ၀န်ခံရရင်သူ့ကိုတွေ့ချင်ပါသည်။ နောက်ဆုံးကုန်ကုန်ပြောရရင် အားလုံးကိုပြန်တောင်းပန်ပြီး အလံဖြူပြချင်နေပြီ ။ ပြီးထိုအတွင်းမှာ ရန်ကုန်ကလူငယ်တွေကြားမှာနယ် ကလာသူတစ်ယောက်အနေနှင့် နေသားမကျကွာခြားချက်တွေ တွေ့နေရပြီ ။ ကျွန်တော်ငယ်ငယ်ကသူငယ်ချင်းတွေကို လွမ်းလာပြီ။ ထိုပုံရိပ်တွေထဲမှာ သူပါတာအသေအချာပေါ့။ ဒါပေမယ့် ဘာကြောင့်မှန်းမသိပဲ ကျွန်တော်ရှက်နေသည်။ ကျွန်တော်တို့မြို့က ကျောင်းမှာကျင်းပမယ့် ဆုပေးပွဲကို သူလည်းလာမယ် ၊ ကျွန်တော်လည်းသွားချင်ပေမယ့် တကယ်သွားလို့မရတော့ပါ။ ကျောင်းဝင်ခွင့်စာမေးပွဲနီးလာပြီ။ ကိုယ်တကယ်မလာနိုင်တော့ဘူးကွယ်။

့စင်ကာပူမှာ ကျောင်းရ တယ်လို့သေချာတဲ့အခါကျွန်တော်မြို့ ကို ပြန်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ဆီက မန္တလေး ဆေးကသူ့နေမယ့် အဆောင်ဖုန်းနံပတ်ကို မရမကတောင်းခဲ့ တယ်။ "ဪကြည့်နင်ပဲနောက်မတွေ့ချင်၊ မျက်နှာချင်းမဆိုင်ချင်တော့ဘူးဆို ... ခုတော့။ အိုသူ့ကိုဘယ်သူ

ဖုန်းဆက်မယ်ပြောလို့လဲ။ လိုသော်မယ်ရတောင်းမိတာပဲ ။ ရပါတယ်" ။ သူနှင့်ပတ်သက်ရင်ကျွန်တော်တွေဝေဆဲ ၊ မာနထားဆဲပါ ။ ။

++++++++

ကိုယ့်ဘ၀မှာဖြေခဲ့ ရတဲ့စာမေးပွဲတိုင်းဟာ မင်းကြောင့်အဓိပ္ပာယ်ရှိခဲ့တာပါလို့ ကိုယ်ပြောရင်မင်းရယ်မယ်ထင်တယ် ။ ဒါပေမယ့် ကိုယ့်အတွက်ဒါဟာ တကယ်ပါ။

++++++++

ကျွန်တော်စင်္ကာပူရောက်ရောက်ချင်း သူ့ကိုပထမဆုံး ဖုန်းဆက်မိတယ်။ ဘာကြောင့်လည်းလို့ ကိုယ့်ကိုကိုမသိပေမယ့် သူကိုကြွားဖို့ပါလို့ကိုယ်ကိုကိုယ် အားပေးမိတယ်။ သူဟာကျွန်တော်ကို ကောင်းကောင်းမွန်မွန်ပဲပြန်ပြောတယ်။ "နင်အဆင်ပြေပါစေ ဟယ် " တဲ့။ ကျွန်တော်ရင်ခုန်သွားတယ် ။ "အို..... မိဝေးဖဝေး နိုင်ငံကိုခုမှရောက်တဲ့သူဟာ ဘယ်သူ့ဆီကဖြစ်ဖြစ်သည်လို စကားမျိုးကြားရရင် ရင်ခုန်မှာပါ။ မထူးဆန်းပါဘူး။ ဒါပေမယ့်အရင် ကမင်းကိုမနာလိုစိတ်နဲ့ နင့်အကြောင်းအမြဲတွေးတတ်တဲ့ငါဟာ ခုလိုအခြေအနေမှာတောင်မင်းကိုဘာလို့သတိရနေရသေးတာ ဘာကြောင့်လည်း ၊ ကိုယ်မင်းအပေါ်ထူးထူးခြားခြားစိတ်ဝင်စားမိနေ ပြီလား။ မဖြစ်နိုင်ဘူး ။ သူ့ကိုငါတော်တော်အမြင်ကပ် ခဲ့တာပဲ ။ ခုမှငါနင့်ကို သည်းသည်းလှုပ်ပြရင် သူဘယ်လိုသဘောတားမလဲ။ မင်းဟာငါ့ပတ်ဝန်းကျင် ၊ ငါ့ဘ၀ထဲကထွက်သွားပြီ မဟုတ်လား ။ "လောကမှာ ကျွန်တော်တို့ သူများတွေကိုလိမ်ညာဖူးလိမ့်မည် ။ လိမ်ညာတယ်ဆိုတာမကောင်းဖူးဆိုတာ အားလုံးသိကြလိမ့်မည်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်လိမ်တာအဆိုးဆုံး ဖြစ်တယ်လို့လည်းကြားဖူးပေလိမ့်မယ် ။ ဒါပေမယ့် ရှေးဆုံးမစကား ကိုလက်တွေ့ဘ၀မှာကိုယ်တွေ့ ယုံကြည်ဖို့အချိန်လိုပါသည်။

ကျွန်တော်ပြောင်းလဲမှု အချို့ကိုလက်ခံရသည် ။ တစ်ချိန်ကစာသား လေး သံစဉ်လေးလှလို့ ကြိုက်ခဲ့တဲ့ သီချင်းတွေဟာ ခုပိုပြီးအဓိပ္ပာယ်ရှိလာခဲ့တယ်။ အရင်ကလုံးဝ ခံစားလို့မရခဲ့တဲ့သီချင်းအချို့ဟာ နင့်နင့်နဲနဲအဓိပ္ပာယ်ရှိလာကြတယ်။ ဒီပြောင်းလဲမှုတွေဟာ ပတ်ဝန်းကျင်ပြောင်းလဲမှု ၊ ဘာသာစကားအခက်အခဲတွေ ၊လူမှုရေးအခက်အခဲတွေကြားထဲမှာ မထင်ရှားခဲ့ဖူး ။ ဒါပေမယ့် စာမေးပွဲတွေနီးလာရင်တော့ တော်တော်လေးသိသာလာတယ်။ ဒါပေမယ့် ကျွန်တော်ဟာကိုယ့်ကိုကိုယ်တောင် တော်တော်ဟန်ဆောင်ကောင်းခဲ့တာပါ။

ဒါပေမယ့် ကျွန်တော် သူငယ်ချင်းတစ်ဦးအနေနှင့် မပိုအောင်တော့ သူ့ကိုဆက်သွယ်ခဲ့တယ်။ သူ့စာမေးပွဲတွေနီးတိုင်း ၊ ကျွန်တော့်စာ မေးပွဲတွေနီးတိုင်း ၊ သူ့မွေးနေ့တိုင်းလိုပေါ့ (ကျွန်တော်ကြိုက်တဲ့ ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာတွေမွေးနေ့ ကလွဲပြီးဘယ်သူ့မွေးနေ့မှ မမှတ်မိတဲ့ကျွန်တော်ဟာ သူ့မွေးနေ့ကိုတော့မှတ်မိခဲ့တယ်။)

နောက်တော့ကျွန်တော်ပြောင်းလဲလာတယ်။ ကိုယ့်ကိုကိုယ်လည်း ညာလို့မရတော့တာပါပါလိမ့်မည်။ မိဘတွေ ရွှေဘိုပြောင်းရတယ်လို့ ကြားတဲ့အခါ သူရှိတဲ့မန္တလေးနဲ့ နီးတာကိုတွေးမိပြီး ပျော်မိတယ်။ သည်တစ်ခါကျောင်းပိတ်ပြန်သူနှင့်တွေ့မယ်ပေါ့။ "ကျွန်တော်သူ့နဲ့ တွေ့မယ် ခင်မင်သူအချင်းချင်းပြန်တွေ့တဲ့အဖြစ်ထက်မပိုစေရဖူး ၊ ငန်းငန်းတက်မဖြစ်စေရဘူး ။ ကျွန်တော်သူ့ရှေ့မှာရင့်ကျက်တဲ့ပုံစံ မျိုးနဲ့သွားတွေ့ရမယ်။ ကျွန်တော်ရဲ့သူ ဟာခုတော်တော်ပြောင်းလဲနေပြီလား ။ အရင်ကလို ပိန်ပိန်လေးပဲလား ။ နောက်......... " ကျွန်တော်ဆက်မတွေးမိအောင် စိတ်ဖြတ်လိုက်တယ်။

++++++++

အချစ်ဆို တာစီရင်ချက်တစ်ခုလို့ပြောကြတယ်။ ဖြစ်ကောင်းဖြစ်လိမ့် မယ် ။ ရွေးချယ်လို့မရတာအသေအခြာပဲ။ ဒါပေမယ့် အချစ်ဆိုတာအတွက် ကိုယ့်ရဲ့အတ္တ တွေ၊ မာနတွေကိုစတေးဖို့ထိကိုယ်မ 'အ' သေးဘူး ။

+++++++++

ကျွန်တော်သူ့ကိုမြတ်နိုးသည်ဟုပြောရအောင် ပင်ချစ်မိပြီ ။သူအကြောင်းမကောင်းမတွေး ချင်အောင်ချစ်မိပြီ ။ သူ့အောင်မြင်မှုတွေကို မုဒိတာပွားရုံသာမကပဲ ဂုဏ်ယူနေတတ်အောင်ပင် ကျွန်တော်သူ့ကိုချစ်သည်။ ဒါပေမယ့် ကျွန်တော့်ခံစားချက်တွေကို သူဘယ်လိုတုန့်ပြန်မလဲ ။ သူကျွန်တော့်ကိုဟားတိုက် ပြတ်ရယ်ပြုမှာလား ၊ ယုံရောယုံမှာလား ။ ဘယ်လိုခံစားချက်မှုမရှိတော့ လောက်အောင်သူ့အချစ်ဟာအခြားတစ်ယောက်ကြောင့် ပြည့်စုံနေပြီလား ။ ကျွန်တော်မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ နေ့ကသူ့ကိုဖုန်းဆက်ချင်သည်မှာ ပြာနေသည်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ဟန်ဆောင်အားတင်း ကာ မန္တလေးသို့မ၀င်ဘဲရွှေဘိုကိုတန်းပြန်သည်။ သူကိုနောက်မှ ဖုန်းဆက်ကာကျွန်တော်ရောက်ကြောင်းပြော သည်။ သူကပြာပြာသလဲပင်မန္တလေးရောက်ရင်တွေ့ရအောင်လို့ပြောတယ် ။ ကျွန်တော်က သာမန် ''အင်းပါဟာ တွေ့ကြတာပေါ့" လို့ပြောလိုက်ပေမည့် ရင်တွေဘယ်လောက်ခုန်နေတယ်ဆို တာကျွန်တော်ပဲသိလိမ့်မည်။ သူကိုကျွန်တော်တွေ့ဖို့ မန္တလေးကိုဆင်းတာ ရောက်ပြီးတစ်လလောက်မှပါ။ အဖေ့မိတ်ဆွေတွေနဲ့ မန္တလေး ၊ စစ်ကိုင်းဘက် ဘုရားဖူးရင်းပါ။ သူတို့ဆေးကျောင်းသားတွေလည်း စာမေးပွဲတွင်းကြီးမှာပေါ့။ အဲဒီနေ့က ဘုရားစုံဖူးခဲ့ ပေမယ့် ဘာကုသိုလ်မှရလိမ့်မယ်မထင်ဖူး ။

မန္တလေးကိုဝင်တော့ ညနေ(၆) နာရီလောက်ရှိပြီ ။ လိုက်ပို့တဲ့သူတွေကိုအားနာပေမယ့် တည်းခိုဖို့နေရာရောက်ပြီးနေရာ ချမယ်ပြင်တော့ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့တွေ့ချင်လို့ ခဏသွားပရစေလို့ အတင်းပြောပြီး Driver နဲ့ထွက်ခဲ့တယ် ။ Driver ဦးလေးကြီးက ကျွန်တော်ကို လိပ်စာသိသလားတဲ့။ မေးမှမေးရက်ပလေ ၊ ဘယ်တော့မှမမေ့အောင် မှတ်ထားတဲ့လိပ်စာတစ်ခု ကို .... ။မန္တလေးရဲ့လမ်းတွေကြားမှာ ကားစီးရင်ကျွန်တော့်တုန်လှုပ်မှုဟာ ရင်ခုန်တာထက်ပိုပါတယ် ။ နောက်ဆုံးတော့ရောက်ပြီ...... သူဆီကိုပေါ့။ ထိန်းထိန်းဟေ့ကောင်..... သိပ်သည်းမနေနဲ့ ...

"အမလေး အစ်ကိုရယ်နင်လာတော့လာသေးတယ်နော်..." မင်းနဲ့တွေ့ချင်လို့ ကိုယ်ပြန်လာတာပါကွာ... "ဟုတ်ပါရဲ့။ ဟာနင်ကလည်းလာမယ်ဆိုလာမှာပေါ့ဟ"

"နင်အံသြသွားတယ်မဟုတ်လား ငါခုဆံပင်ရှည်လာပြီ ဟင်းဟင်း... အရင်ကထက်ကြည့်လို့ကောင်းလာတယ်မဟုတ်လား '' မင်းဟာကိုယ်တွေ့ဖူးသမျှမိန်းကလေးတွေ ထဲမှာအလှဆုံးပါ။ ယောက်ျားတိုင်း ဟာကိုယ်ချစ်ရ့သူကိုအလှဆုံးထင်ကြမြဲ မဟုတ်လား ၊ ဒါပေမယ့် ကျွန်တော်မချိုမချဉ်ပြုံးလိုက်တယ် "အင်းးး.....ဟင်း'' ။

''သေပါလား.....နင်ငါ့ကိုဆိုဘယ်တော့မှ အကောင်းမထင်ဘူး ။ အင်း .. နင်လည်းအရင်ကနဲ့ မတူဘူး ပဲများလာတယ် ဟဲဟဲ '' ကိုယ်ချစ်ရသူကိုတွေ့ ဖို့လာတဲ့ယောက်ျားလေး တစ်ယောက်ဟာ နည်းနည်းပြင်ဆင်ဝတ်စားလာတာကို ပဲများသတဲ့လားကွယ်.... ။

ကျွန်တော်တို့ဆက်ပြောစရာစကားမရှိလောက်အောင်ခဏ တိတ်သွားတယ်။ ကျွန်တော်သူ့ဘေးမှာထိုင်လိုက်တယ် ။ လမ်းမီးရောင်ဟာ သူဆံပင်နဲ့ကွယ်ပြီး မျက်နှာပေါ်ကိုကျနေတယ်။ ဆံပင်ကမွှေးနံလေးဟာကိုယ့် ကိုကြည်ဆယ်နေတယ်။ ဆံပင်လေးတွေကိုဖယ်ပေးလို့ ရမလား ၊ မင်းမျက်နှာကို ကြည့်ရအောင်လို့ပါ။

''ဟဲ့နင့် မှာရည်းစားရှိပြီလား'' သူရုတ်တရက်မေးလိုက်တယ် ။ ဪမင်းတစ်ယောက်လုံးကိုယ့်စိတ်ကိုနေ ရာလပ်မကျန်အောင်စိုးမိုးနေတာပဲ ကိုယ်မင်းကလွဲလို့ ဘယ်သူကိုများချစ်ရဦးမှာလည်း။ ''ဟင့်......အင်း.. '' ကျွန်တော်မပီမသာနဲ့ ဖြေလိုက်တယ်။ သိပ်ကျေနပ်ပုံ မရတဲ့သူ့ကို ကြည့်ပြီးဝမ်းနည်းသွားတယ်။ ဟေ့ကောင်သနားစရာပုံ လုပ်ပြမနေနဲ့ ။ ''နင်ရော'' ကျွန်တော်ရင်ခွင်တစ်ခုလုံးတုန်နေပေ မယ့် ရောရောရှုရှု အသံထွက်လာတယ် ။ သူပြုံးလိုက်တယ် ''ရှိပ အများကြီးပဲ ... ဟီးဟီး ငါ့ကိုလိုက်နေတဲ့သူတွေပြောတာ.... 3rd MB ကရော 4th MB ကရောပဲ ။ ငါလည်းဘယ်သူ့ကိုရွေးရမလဲ စဉ်းစားနေတာ '' ကျွန်တော်တပ်ခေါက်ပြန်ရတော့မလား ၊ ဟင့်အင် ကျွန်တော်မင်းကိုချစ်တာတကယ်ပါ။

''အိုသိပ်ချေးများ မနေနဲ့ တစ်ယောက်ယောက်ကိုရွေးလိုက်နင်ဘာ များဒီလောက်ရွေးနေရတာလည်း '' ကျွန်တော်ငိုချင်စိတ်ကို မျိုသိပ်၍ မေးလိုက်တယ်။ ''ဟဲ့ ငါ့ရည်းစားရဲ့နာမည်ဟာ ဒေါက်တာနဲ့စ ရမယ် .... နောက်ပြီး....... '' - လဲသေလိုက်ပါ့လား ။ ဒါပေမယ့် ကိုယ်လည်း Engineering မှာ Master အောင်ရင် ဒေါက်တာနဲ့စနိုင်သေးတာပဲကွယ် ။ ကျွန်တော်သူပြောတဲ့ စကားတွေကိုဆက်နားထောင်ရင်း ရင်ထဲမှာ အရှုံးကြီးရှုံးနေပြီ ။ နင့်စကားတွေအရ နင့်မှာရွေးပြီးတဲ့သူရှိကြောင်း ထင်ရှားနေတယ် ။ ဒါတွေဟာနင့် ကိုလာတွေ့တဲ့ငယ်သူငယ်ချင်း တစ်ယောက်ကိုပြောရမည့် စကားတွေလားကွယ် ။ ပြီးတော့ကိုယ်ဟာမင်းကို ချစ်နေတဲ့လူ တစ်ယောက်ပါ။ ကိုယ်ခုချိန်မှာ မင်းကိုချစ်ကြောင်းဖွင့်ပြောရင် ကိုယ်ဘယ်လောက် ရှုံလိုက်လိမ့်မလဲ ။ ကိုယ်မင်းကိုသည်တစ်ခါ တော့လူသိရှင်ကြားအရှုံး မခံဘူး ။ ဒါပေမယ့်....

ကျွန်တော်သူကို ရွှန်းရွှန်းဝေအောင်စကားဆက်ပြော တယ်။ မကြာပါဖူး အဆောင်ပိတ်ပြီ။ သူကျွန်တော်ကိုနှုတ်ဆက်တယ် ကျွန်တော်တစ်ချက်မှဟန်မပျက်ဘဲ သူ့ကိုပြန်ပြုံးနှုတ်ဆက်လိုက်တယ် ။ မကြာပါဖူး ကျွန်တော်ကားပေါ်တက်ပြီး Driver ဦးလေးကြီးလည်းမောင်းထွက်ခဲ့ ပြီ။ ကျွန်တော်အမှောင်ထဲမှာစိတ်လျော့ လိုက်တယ်။ ကျွန်တော်ငိုကြွေးဖို့ လိုအပ်နေပြီ။ ဘယ်သူမှမသိအောင် ဘယ်မှာငိုရမလဲ ။ ရေချိုး ခန်းကရေပန်းအောက်မှာဆိုဖြစ်နိုင်လောက်သည် ။ ''မောင်ရင့်ကြည့်ရ တာ ခရီးပန်းလာသလိုပဲ။ တည်းအိမ်ရောက်ရင်ရေချိုးလိုက် လန်းသွားလိမ့်မယ် '' ။ ''ဟုတ်ပ ဦးလေရယ် နေပူတော့ညည်းစီစီကြီး " ။ ကျွန်တော်ရေ၀၀ချိုးဖို့လိုနေတာတကယ်ပါ။ မတ်လကုန်ခါနီး နွေရာသီ မန္တလေး ညနေဟာ အလွန်ပူအိုက်ပါသည်။ ။



(ကျွန်တော်ကြိုးစားပြီးရေးသော ခံစားမှုဝတ္တုတို တစ်ပုဒ်သာဖြစ်ပါသည်။)