ပိတ်ခဲ့ပြီ ၊
ငွေတာရီ ၊ ပြန်ပြီကွယ့် ရွာကျေး ။
စကားကုန် စုံစုံပြောဖို့ရယ်
ဇောစိုက်လို့တွေး ။ ။
“ရှင့်လက်စွပ်က စိန်က သုံးကာရက် တောင်ရှိမယ်ထင်တယ်နော် ၊ ဟုတ်လား မှီကတော် ” ရီကတော်က မေးလိုက်တယ် ။
“တစ်မြန်နေ့တော့ ဝှေ့ဖန် လာသွားပြီး ငါးကာရက် ရှိတဲ့ စိန်တစ်လုံးလာပြသေးတယ် ၊ ဒါပေမယ့် ရှင့်လက်က စိန်လောက်တော့ အရောင်မလက်ဘူးရှင့်”
“ဒါနဲ့ ရီကတော်ရယ် ဝှေ့ဖန်ရဲ့ ပစ္စည်းတွေက မြို့ထဲက ဆိုင်တွေထက်တော့ စိတ်ချရတယ်လို့ပြောကြတာပဲ ”
“ကျမကတော့ အိမ်လာပြီး ပစ္စည်းတွေလာပြတာ ပိုအဆင်ပြေတယ်ထင်တာပဲ ။ ၀ယ်သင့် မ၀ယ်သင့် စဉ်းစားတုန်းလည်း တစ်ရက်နှစ်ရက်လောက်လည်း အချိန်ဆွဲလို့ရသေးတယ် ။ သူ့(ဝှေ့ဖန်) ကမှာလည်း ဘယ်နေရာမှာမှ ရှာမတွေ့တဲ့ ပစ္စည်းတွေလည်း ပါလာတတ်သေးတယ် ။ အရင်တစ်ခါက သူကျမကို ရေနံရောင် ခပ်ဝါ၀ါ စိန်တစ်လုံးလာပြသေးတယ် ။ ဒါပေမယ့် သူက မ၀ယ်နဲ့တဲ့လေ” ရီကတော်ဟာ မစ္စတာရီကို ခပ်စိမ်းစိမ်း တစ်ချက်မေးငေါ့ပြပြီး စကားဆက်တယ်။
“ခုခေတ်ပေါက်ဈေးနဲ့ ဘယ်လောက်ကျမလဲ ရှင်တွေးကြည့်ပေတော့ ။ အပြစ်ကင်းလိုက်တဲ့ စိန်ကြီး ။ တစ်ကာရက်ကို ရွှေ အောင်စတစ်ဒါဇင်လား ။ နှစ်ဒါဇင်လား ။ သုံးဒါဇင်လားပဲ ဆိုတဲ့စအစားမျိုးထဲက ။ ဝှေ့ဖန်ကတော့ ပြောသား ခုခေတ်မှာ ဘယ်သူမှ ရေနံရောင်စိန်ရော ၊ ပန်းရောင်စိန်ရောကို ဘယ်ဈေးရရရောင်းမှာမဟုတ်ဘူးတဲ့ ။ အကုန်လုံးက မမျှော်မှန်းနိုင်လောက် အောင်ဈေးတတ်မယ်ထင်ပြီး ၊ ခြစ်ကုပ်သိမ်းထားကြတာ”
“စိန်ကဘယ်လောက်လေးလဲ ၊ မင်းမှမသိဘဲ ” မစ္စတာရီက ရယ်ရင်းနှင့်ဝင်ပြောလိုက်တယ် ။ “ဆယ် ကာရက်တောင်ရှိတာဗျား ၊ ဒီလောက်လေးတာကြီးကို မင်းလက်မှာစွပ်ထားရင် မာကျောက်တောင် ကောင်းကောင်းကစားနိုင်မှာ မဟုတ်ဘူး”
ကစားရာ စားပွဲရဲ့ အစွန်းတွေမှာ တင်ထားကြတဲ့ အမျိုးသမီးလက်တွေဟာ စိန်ပြပွဲတစ်ခုလိုပါပဲ ။ ကစားသူတွေရဲ့ လက်တိုင်းက စိန်ရောင်တွေကလည်း ပြိုးပြိုးပြောင်ပြောင်လက်လို့ ။ သူမလက်မှာသာ မလက်နိုင်တာပါလားလို့ ဂျေဆင်း တွေး နေမိတယ် ။ ဒီမိန်းမတွေကြားမှာ အရောင်မှိန်နေတဲ့ သူမ့လက်က ကျောက်စိမ်း လက်စွပ်ကိုလည်း ပြန်သိမ်းထားရင် ကောင်းမယ်လို့ သူမတွေးနေတယ် ။
“ရှင်တို့ ကျမကို မစကြနဲ့နော်” ရီကတော်ဟာ မာကျောက်ပြားလေးကို ကြည့်ရင်းစိတ်ဆိုး မာန်ဆိုးပြောလိုက်တယ် ။ မှီကတော် မျက်နှာချင်းဆိုင်က မိန်းမက သူနိုင်ကြောင်းပြောလိုက်တော့ စားပွဲတစ်ခုလုံး ရယ်သံတွေ ၊ စိတ်ပျက် ညည်းညူသံတွေ ဖုံးလွှမ်သွားပြန်တယ် ။
ကစားသမား အမျိုးသမီးတွေဟာ သူတို့အနိုင် ၊ အရှုံးကို သည်းကြီးမည်းကြီး တွက်နေကြတုန်းမှာ ပဲ ၊ မစ္စတာရီ က ဂျေဆင်းကို မသိမသာကြည့်ပြီး တံခါးဆီကို မေးငေါ့ပြလိုက်တယ် ။
ဂျေဆင်းလည်း အလန့်တကြားနဲ့ ဘေးကမိန်းမတွေကို ကြည့်လိုက်တော့ ကံကောင်းထောက်မစွာပဲ ဘယ်သူကမှသတိ မပြုမိကြဘူး ။ သူမက သူရှုံးသမျှ မာကျောက်ပြားလေးတွေကို လျော်ရင်း ၊ လက်ဘက်ရည် တစ်ငုံလောက်သောက်လိုက်တယ် ။ နောက်မှ တအံတသြနဲ့ …
“အောင်မလေး ကျမလေး ဘယ်လောက်မေ့တတ်လိုက်သလဲ ။ ကျမ သုံးနာရီမှာ အရောင်းအ၀ယ် ကိစ္စတစ်ခုနဲ့ တွေ့ဖို့ချိန်းထားတာရှိတယ် ။ လုံးလုံးကိုမေ့နေတာ ။ ကဲ မစ္စတာရီ ရှင် ကျမပြန်မလာခင် ကျမနေရာမှာ ခဏ၀င်ကစားပေးနိုင်မလား”
“ကျမ ခွင့်မပြုနိုင်ဘူး ၊ ရှင် ကျမတို့ကို ဘာမှလည်း ကြိုပြောမထားဘဲနဲ့ ” ရီကတော်က ကန့်ကွက်စကားဆိုတယ် ။
“ဟုတ်ပ ၊ ကျမခုမျှ ကံကောင်းစရှိသေးတယ် ” စောစောကနိုင်တဲ့ အမျိုးသမီးကထောက်ခံတယ် ။
“ နေနေ ကျမတို့ လျိုကတော်ကိုခေါ်လိုက်မယ်လေ ။ သွားပြီးဖုန်းဆက်လိုက် ။ အနည်းဆုံးတော့ ရှင် သူလာမှ သွားရမယ်နော် ” ရီကတော်က ဂျေဆင်းကို ဆက်ပြောတယ်။
“ကျမ မဖြစ်မနေသွားရမှာ မို့ပါ ။” ဂျေဆင်းက နာရီ တစ်ချက်ကြည့်လိုက်တယ် ။ “ကျမတော့ နောက်တောင်ကျနေပြီထင်တယ် ၊ အရောင်းအ၀ယ်သမား တစ်ယောက်နဲ့ ကော်ဖီသောက်ဖို့ ချိန်းထားတာ ၊ ကဲ မစ္စတာရီ ရှင်ကျမနေရာဝင်တော့ ”
“ကျတော်လည်း ရုံးမှာ တစ်နေ့လည်လုံးပင်ပန်းလာတာဗျ ၊ နက်ဖြန်ကျမှပဲ တစ်ညလုံး ကစားတော့မယ် ” မစ္စတာရီက ပင်ပန်းနွမ်းနယ်ဟန်ပြောလိုက်တယ် ။
“အဲဒါပဲ ၀မ်ဂျေးဆင်း ဆိုတာ” ရီကတော်က သူနဲ့ဂျေဆင်းက ငယ်ငယ်လေးထဲက သိကျွမ်းခဲ့တဲ့ ပုံစံ နဲ့ သူမ နာမယ်ရင်းကို ခေါ်ပြီးပြောလိုက်တယ်။ “ကျမတို့ကို ရှင် သည့်အတွက် ပြန်ပေးရမယ်။ ကျမတို့ အားလုံးကို ညစာကျွေး ဒါပဲ”
“ရှင်ကလည်း ကိုယ့်ဧည့်သည်ကို ညစာဝယ်ကျွေး မခိုင်းရဘူးလေ” မှီကတော်က ကန့်ကွက်တယ်။
“ကျမကတော့ ရီကတော့်ဘက်ကပဲ” လို့ စောစောကနိုင်တဲ့ မိန်းမကပြောလိုက်ပြန်တယ်။
သူတို့ဟာ သူတို့အိမ်ရှင်မရဲ့ ဧည့်သည် မိန်းကလေးအကြောင်းကိုပြောရာမှာလည်း နည်းနည်းသတိထားပြီး ဝေဖန်ကြရတယ် ။ တကယ့်တကယ်တော့ ရီကတော်က မွေးရင် ဂျေဆင်းက သူ့သမီးလောက်ပဲရှိဦးမှာပါ ။ ဒါပေမယ့် အမျိုးသမီး နှစ်ဦးရဲ့ အသက်ကွာခြားမှုကို သူတို့ မဝေဖန်ရဲကြဘူး ။ ရီကတော်ဟာ ကြယ်တွေကြားက လတစင်းလို့ သူ့ကိုသူ မသတ်မှတ်နိုင်လောက်အောင် ကြီးရင့်နေပြီဆိုပေမယ့် မိန်းမတွေရဲ့ မနာလို ၀န်တိုစိတ်ကို ပယ်နိုင်လောက် အောင်တော့လည်း မအိုသေးပါ။
“ကောင်းပါပြီရှင် ။ ကျမရှင်တို့ အားလုံးကို သည်ည ညစာကျွေးပါ့မယ် ။ ဒါပေမယ့် မစ္စတာရီ ရှင့်ကျမ နေရာဝင် ကစားမပေးဘူးဆိုရင် သည်ည ပါတီမှာ ရှင်မပါရဘူး” ဂျေဆင်း ကပြောလိုက်တယ်။
“ကဲလာပါ မစ္စတာရီရယ် ၊ မာကျောက်ဆိုတာ သုံးယောက်ထည်း ကစားရရင်သိပ်ပျော်ဖို့ မကောင်းဘူး ၊ ခဏပဲ မှီကတော် ဖုန်းခေါ်ပြီးရင် လျိုကတော်လည်းလာတော့မှာပါ ။”
“ကျနော် ရုံးအလုပ်နဲ့ ပတ်သက်ပြီးကြိုတင်ချိန်းထားတာရှိတယ် ၊ မကြာခင် လာခေါ်ကြလို့ရှိရင် ကျတော် လိုက်သွားရမှာ ” မစ္စတာရီဟာ သူ့အလုပ်နှင့် ပတ်သက်ရင်ပြောတတ်တဲ့ ခပ်ဝှက်ဝှက်အထက်စီး လေသံမျိုးနဲ့ ပြောလိုက်တယ် ။
“အောင်မလေးရှင် ၊ မစ္စတာရီ ဘယ်လောက်အလုပ်များ မှန်းကျမတို့ အားလုံးသိကြပါတယ်” မှီကတော်က ပြောလိုက်တယ် ။
“မှီကတော် တစ်ခုခုကို စောင်းပြောနေတာများလား ။ ဒါမှမဟုတ် သူမအတွက် အားပေးရာရောက်နေသလား ?” , ဂျေဆင်းက မစ္စတာရီ ပြုံးနေတာ ၊ နောက်နေတာကို ကြည့်ရင်း မြှောင်ပင့်ဟန်ပါတဲ့ မှီကတော်ရဲ့ လေသံကို အကဲခတ်နေတယ် ။ မှီကတော်ဟာ သူ့ကိုမြှောက်ပြောရင် သဘောကျတတ်တဲ့ မစ္စတာရီရဲ့ စရိုက်ကို သိပုံပဲ။ သူမသာ ဆက်ပြီးအောင်မြင်ရင် ကြေးစား သူလျိုခေါင်းဆောင်ဖြစ်နိုင်တယ် ။ ဂျေဆင်း ဆက်တွေးနေမိတယ် ။
အခုအချိန်ဟာ သိပ်ကို အန္တရာယ်ကြီးနေတဲ့အချိန်ပဲ ။ သည်ကိစ္စကြီးကို သည်နေ့မလုပ်ဘဲ အချိန်ထပ်ဆွဲနေ မယ်ဆိုရင် ၊ ရီကတော်က သူတို့အကြောင်းကို ရိပ်မိသွားမှာ အသေအချာပဲ။
ဆက်ရန် -
နေ့ခင်းကြောင်တောင် ရှိနေသေးပေမယ့် ၊ မာကျောက်ကစားရာစားပွဲ ပေါ်ကို မီးအိမ်ရဲ့ အလင်းတန်းပူတွေဟာ ဖြာကျနေတယ် ။ မာကျောက်ပြားလေးတွေကို တစ်ဆင့်တစ်ဆင့် ကမ်းပေးနေကြသူတွေရဲ့ လက်တွေက စိန်လက်စွပ်တွေရဲ့ အရောင်တောက်တောက်များဟာလည်း လက်ဝှေ့ယမ်းလှုပ်ရှားမှု နဲ့အတူ စိတ်မသက်သာစဖွယ် တစ်ဖျက်ဖျက်လက်လို့။ စားပွဲရဲ့ ခြေထောက်တစ်ဖက်တစ်ချက်မှာ တင်းတင်းရင်းရင်း စုချည်ထားတဲ့ စားပွဲခင်းဟာလည်း အဖြူရောင်တောက်တောက်ထလို့ ။ အညာအတာမဲ့ တဲ့ မီးလုံးရဲ့ အလင်းဟာ ဂျေဆင်း ရဲ့ ဆဌဂံပုံမျက်နှာသွယ်သွယ်အောက်ဘက်က ခပ်ဟိုက်ဟိုက် အကျီ င်္ရဲ့အောက်က ပြည့်ဖြိုးတဲ့ ရွှေရင်စုံပေါ်ကို ဖြာကျ အခွင့်အရေးယူနေတယ်။ သူမရဲ့မျက်နှာမှာ မိတ်ကပ်ဆိုလို နီရဲတဲ့ နှုတ်ခမ်းနီနီ စိုစိုကိုသာဆိုးထားပြီး အထိန်းအသိမ်းကင်းမဲ့တဲ့ ဆံပင်တွေဟာ ပုခုံးကိုကျော်ပြီး နောက်ကျောဘက်ကို ပြေလျော့စွာ ကျနေတယ်။ သူမဟာ နဖူလေး မဆိုစလောက် ကျဉ်းတာကလွဲရင် မိန်းမချောတစ်ယောက်ပါ။ သူမ၀တ်ထားတဲ့ အပြာရောင်ပိုးလက်ပြတ် တရုတ်သင်တိုင်းဟာ သူမရဲ့ ဒူးနားထိရောက်ပြီး သင်တိုင်းရဲ့ တစ်လက်မသာသာ ကော်လံခပ်တိုတိုဟာလည်း အနောက်တိုင်းပုံစံပါ။ သူမကော်လံကြယ်သီးကိုလည်း သူမ၀တ်ထားတဲ့ စိန်ချွန်ပုံ နီလာနားကပ်ပြားပြားနဲ့ လိုက်ဖက်အောင်ပြုပြင်ထားသေးတယ်။
သူမရဲ့ ဘယ်၊ညာ တစ်ဖက်တစ်ချက်ဆီမှာထိုင်နေတဲ့ အမျိုးသမီး နှစ်ယောက်စလုံးဟာ အနက်ရောင် သိုးမွေး ၀တ်ရုံကိုခြုံထားကြပြီး ရွှေကြိုးခပ်တုပ်တုပ်တွေဟာ ၀တ်ရုံကို သိုင်းချည်ထားတဲ့ကြယ်သီးပေါက်မှတစ်ဆင့် အောင်ဖက်ကိုတွဲလောင်း ချထားကြတယ်။ ဂျပန့်လက်အောက် ခံအခြားဒေသတွေနဲ့ အဆက်ပြတ်တဲ့ ရှန်ဟဲမှာ ရိုးရာအ၀တ်အစား ဒီဇိုင်းအချို့ကိုတော့တွေ့နေရဆဲပင် ။ တိုင်းတပါးအုပ်ချုပ်ခံ ဘ၀မှာ လိုအပ်တာထက်ပို ၍ ဘုံးဘောလဟော သုံးစွဲနိုင်ကြတဲ့ လူတန်းစားဖြစ်တဲ့အတွက် သူတို့ရဲ့ရွှေကြိုးတွေဟာ ခုခေတ်မှာတန်ဖိုးမမှန်းနိုင်လောက်ဘူးလို့ ထင်မှတ်ရတဲ့ အထိကို တုတ်ကြတယ်။ ဒါပေမယ့် သည်ကော်လံကြယ်သီးအစား ရွှေကြိုးချည်ကြတဲ့ ၀တ်ဆင်မှုမျိုးဟာ သူ့နေရာနဲ့သူသာ ၀တ်ဆင်ကြရတာ ဖြစ်ပြီး ပြည့်သူ့ချဉ်ဖတ်မဖြစ်ရအောင်လည်း သူတို့တစ်တွေထိန်းသိမ်းကြရပါသေးတယ် ။ တစ်မြို့လုံး ကျင်းပတဲ့ စစ်ချည်တက်သရုပ်ပြပွဲ အခမ်းအနားမျိုးကျမှ မိမိခင်ပွန်းရဲ့ ချမ်းသာကြွယ်ဝမှု ဘမ်းပြအဖြစ် ခဏတစ်ဖြုတ်မျှသာ ၀တ်ဆင်ကြရတာပါ။ အဲဒီလို အကြောင်းပြချက်ကောင်းတွေကြောင့်လည်း အနက်ရောင်သိုးမွှေးဝတ်ရုံ နဲ့ ရွှေကြိုးဟာ ၀မ်ကျင်းဝေ ရဲ့ ရုပ်သေးအစိုးရလက်အောက်က အရာရှိကတော်တွေ အတွက် အကြိုက်တွေ့ ယူနီဖောင်းဖြစ်လို့နေတယ် ။ ဒါအပြင် စစ်ကြီးအတွင်းမှာ တရုတ်နိုင်ငံရဲ့ မြို့တော်လို့ သတ်မှတ်လိုက်တဲ့ ချုံကင်းက အမျိုးသမီး နိုင်ငံရေးသမားတွေရဲ့ အနက်ရောင်ဝတ်ရုံကို တုပပြီး နိုင်ငံရေးသမားတွေကို အားပေးတာပါလို့လည်း ပြောနိုင်ပါသေးတယ်။
အထက်တန်းအရာရှိတစ်ယောက်ရဲ့ အမျိုးသမီး ပီပီ ရီကတော်ကလည်း အနက်ရောင်ဝတ်ရုံကို ထည်ထည်ဝါ၀ါ ၀တ်ထားပါတယ် ။ ဒါပေမည့်လည်း နှစ်ကြာလာတာနှင့်အမျှ တရစ်ရစ်ဝလာတဲ့ လည်းပင်းပျောက်ခေါင်းလောင်းပုံ ကိုယ်လုံးကိုယ်ပေါက်ကိုတော့ ထိုဝတ်ရုံက မထယ်ဝါစေနိုင်တော့ပါ။ ရီကတော်ဟာ ဂျေဆင်းကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူနဲ့သူ့ခင်ပွန်း ၀မ်ကျင်းဝေ အမျိုးသားအစိုးရနှင့် အတူ ချုံကင်းကို မထွက်ခွာမီ ဟောင်ကောင် မှာထဲကသိကျွမ်းခဲ့တာပါ ။ချုံကင်းကို ထွက်ပြေးခင် ၀မ်ကျင်းဝေရဲ့ လက်ရုံးတစ်ဖက်ဖြစ်တဲ့ ဇန်ဇိုးမိန် ဟမ်နွိုင်းမှာ လုပ်ကြံခံရတော့ သူတို့လင်မယားအပါအ၀င် ဟောင်ကောင်က ၀မ်ကျင်းဝေနောက်လိုက်တွေ အကုန်လုံး ခပ်ကုပ်ကုပ်နေခဲ့ ကြရတာ။ ဘယ်လိုအခြေ အနေပဲရောက်နေနေ ရီကတော်ဟာ ၀ယ်ရချမ်းရတာကို ၀ါသနာထုံ တယ်။ စစ်အတွင်း တိုင်းတပါးအုပ်ချုပ်ခံ အခြေအနေဆိုတော့ ၀ယ်ဖို့ချမ်းဖို့ ပစ္စည်းတွေဆိုတာ တရုတ်ပြည်မ တစ်ခုလုံးလိုလိုမှာ ရှားပါးလာတယ်။ ဒါကြောင့်လည်း လိုချင်စရာကုန်ပစ္စည်းတွေ ပေါများလို့ ဈေးဝယ်သူတို့ နိဗ္ဗာန်လို့ဆိုကြတဲ့ ဟောင်ကောင်ကိုရောက်တုန်းရောက်ခိုက် ဈေးဝယ်ရမယ့် အခွင့်အရေးထူးကြီးကို ရီကတော်လက်လွတ်မခံနိုင်ပါ။ သည်တော့ သူမအသိုင်းအ၀ိုင်းကလူတစ်ယောက် မိတ်ဆက်ပေးမှုနဲ့ ဂျေဆင်းကို သိကျွမ်းခဲ့တာ ။
“သူကလေ သင်္ဘောတွေနဲ့ သွင်းကုန်-ထုတ်ကုန်လုပ်တဲ့ မစ္စတာမှတ်ရဲ့ ဇနီးချောလေးပေါ့ ။ ရှင် ဟောင်ကောင်မှာ ဈေးဝယ်မယ်ဆိုရင် ဒေသခံအသိတစ်ယောက်တော့ ပါမှဖြစ်မှာ ။ ရှင် ကုန်ပဒေသာဆိုင်ကြီးတွေမှာ ဈေးဝယ်ချင်ရင် ကွမ်တုန်စကားပြောတတ်ရတယ် ။ ရှင်ကလည်းမပြောတတ်တော့ ရှင့်ကိုမတန်မရာ ဈေးတင်ပြီးရောင်းကျမှာ ။ သူ့ အမျိုးသား မစ္စတာမှတ်ကလည်း အခြား စီးပွားရေးလုပ်ငန်းရှင်တွေလိုပါပဲ ။ နိုင်ငံရေးဘက်ကလူကြီးလူကောင်းတွေနဲ့ မိတ်ဆွေဖြစ်ရတာ သိပ်ကို ဂုဏ်ယူရှာတာ”
။ ဒီလိုနဲ့ ဂျေဆင်းတို့လင်မယားနဲ့ ရီကတော်သိကျွမ်းခဲ့ရတာ ။ သူတို့နှစ်ယောက်က ဧည့်ဝတ်ကျေသလို သူမကလည်း ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့တာ ။ ခုနောက်ပိုင်း ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီးနောက်မှ မစ္စတာမှတ်ရဲ့သွင်းကုန်-ထုတ်ကုန်လည်း လုပ်ငန်းလည်းပြုတ်သွားတယ် ။ ဒါကြောင့် မိသားစုငွေရေးကြေးရေးအတွက် ဂျေဆင်း ကိုယ်တိုင်ရှန်ဟိုင်းကို ဆင်းလာပြီး အဖိုးကြီး ၀န်နည်းတဲ့ နာရီတွေ ၊ ရေမွှေးတွေ ၊ အင်္ဂလိပ်ဆေးဝါးတွေ ၊ အမျိုးသမီးဝတ် အသားကပ်ခြေအိတ်တွေ အရောင်အ၀ယ်လုပ်ရတယ် ။ ဒါမျိုးတွေ ၀ါသနာထုံတဲ့ ရီကတော်ဟာ ဂျေဆင်းကို တစ်ခါထဲဖမ်းပြီးအိမ်ခေါ်ထားလိုက်တော့တာပါ် ။
“ကျမတို့ မနေ့က ရှုယုက ဆီရွှန်း စားတော်ဆက်ကိုသွားကြတယ် ။ ဂျေဆင်း တစ်ခါမျှမရောက်ဖူး ဖသေးဘူး” ရီကတော်က သိုးမွေးခြုံထည်ဝတ်နှစ်ယောက်ထဲက တစ်ယောက်ကိုလှမ်းပြောလိုက်တယ်။
“အို တကယ် ဒါနဲ့ ကျမတို့ မှီကတော်ကို မတွေ့တာတော်တော်ကြာပြီနော်”
“ကျမ အိမ်တွင်းရေး ကိစ္စတစ်ခုနဲ့ မအားလို့” မှီ ကတော်က မာကျောက်လှမ်းပေးရင်း ခပ်ဝါးဝါးဖြေတယ်။
ရီကတော်ဟာ နှုတ်ခမ်းရွဲ့တဲ့ပြီး ခပ်ပြုံးပြုံးနဲ့ “အလကား သူကျမတို့ ကိုညစာကျွေးရမယ့် အလှည့်မို့ ပုန်းနေတာပါရှင်”
ဂျေဆင်းကတော့ မှီကတော်ဟာ သူမရောက်လာကတည်းက ရီကတော် သူမကို အရေးပေးခံရလို့ မနာလိုဖြစ်နေတာပါလို့ ထင်နေတယ်။
“လျိုကတော်က ကျမတို့ကို မနေ့ညကခေါ်သွားတာလေ ။ သူအခုရက်ပိုင်းအတွင်း မာကျောက်မှာကံလိုက်နေတယ်မဟုတ်လား ။ ဒါပေမယ့် စားတော်ဆက်လည်းရောက်ရော မစ္စတာလီတို့ လင်မယားနဲ့တွေ့တော့ သူတို့ပါတီပေးနေတာပါ ဆိုပြီးကျမကို အတင်းခေါ်ပါရောလေရှင် ။ သူတို့လင်မယား ဖိတ်ထားတဲ့ ဧည့်သည်တွေကချည်းနည်းတာမဟုတ်ဘူး ။ စားပွဲဝိုင်းကြီးတစ်ခုလုံးပြည့်လို့ ၊ ဒါတောင်မလောက်လို့ ခုံပိုတွေ နောက်မှာဝိုင်းရတော့တယ်။ နောက်ဆုံတော့ ကျမတို့ကို ကျွေးပါမယ်ဆိုတဲ့ လျိုကတော်တောင် ကျမနောက်မှာ ဇာတ်ထဲက ကချေသည်မလေးလို ကုပ်ကုပ်လေးထိုင်နေရတော့တာပေါ့ ရှင်” ရီကတော်က မှီကတော်ကို စကားဆက်တယ်။
“ဒါနဲ့ကျမက ငါဒီည ရွေးခေါ်ထားတဲ့ မိန်းကလေးသိပ်လှတယ်လို့ သူ့ကိုနောက်တော သူက “ကျမတို့ဖူးက မျိုဖို့ သိပ်နှစ်ချို့နေပြီ” လို့ပြန်ပြောသရှင့် ဒါနဲ့ကျမက တို့ဖူးဆိုတာ နှစ်ချို့လေစားလိုကောင်းလေပဲ လို့ ပြန်ပြောလိုက်တော့ ရယ်လိုက်ကြတာ ဆိုတာများ တစ်ဆိုင်လုံးကို ၀တ်ဝတ်ကွဲလို့။ လျိုကတော် ကိုယ်တိုင်လည်း ရယ်တာ ပါးတွေဆိုနီနီတွတ်သွားတာပဲ”
မာကျောက်ကစားပွဲတစ်ခုလုံး ရယ်သံတွေဖုံးသွားပြန်တယ်။
ရီကတော်က မှီကတော်ကို ပျက်ကွက်တဲ့ရက်တွေက အတင်းအဖျင်းသတင်းတွေ ဆက်ပြောနေတုန်းမှာပဲ မီးခိုးရောင် ကုပ်အကျီ င်္ကို အသေအသတ်ဝတ်ထားတဲ့ မစ္စတာရီဝင်လာတယ်။ နောက်ပြီး သူ့ရဲ့ ဧည့်သည်အမျိုးသမီးသုံးယောက်ကို ခေါင်းညိမ့်ပြီးနှုတ်ဆက်လိုက်တယ် ။
“မင်းတို့ သည်နေ့ပွဲစတာ စောလှချည်လား”
အညာသားပြီပြီ ကျနော် သနပ်ခါးသိပ်ကြိုက်ခဲ့တာ ။ နောက်တော့လည်း ယောက်ျားလေးဆိုတော့ သနပ်ခါးနဲ့ဝေး သွားခဲ့တယ် ။ ဒါပေမယ့် ဟိုတလောကမှ သူငယ်ချင်းအစ်မ တစ်ယောက်နဲ့ စကားစပ်ရင်း သနပ်ခါးအကြောင်း ရောက်သွား မှ ဒါလေးအကြောင်း ခံစားကြည့်ဦးမယ် ဆိုပြီးရေးကြည့်မိခဲ့တာ ။ သူကိုယ်တိုင် ကလည်း ကျနော်ကို သနပ်ခါးတစ်တုံး လက်ဆောင်ပေးလို့ တော်တော်ကြီးကို မေ့နေခဲ့တဲ့ သနပ်ခါးလိမ်းရတဲ့ အရသာကိုရော ၊ သနပ်ခါးရနံ့ကိုရော ပြန်သတိရသွားစေခဲ့တာ ။ ( အစ်မကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။)
ကျတော်တို့ သည်မှာတော့ သနပ်ခါးလိမ်းတဲ့သူ ကိုတွေ့နိုင်ဖို့အတော့်ကို ရှားတာ ၊ မြန်မာအမျိုးသမီး စစ်စစ်တွေကိုယ်တိုင် သနပ်ခါးကိုကျောခိုင်းကျတော့ သနပ်ခါးရနံ့ဆိုရင် မူးလို့ရှုစရာကိုမရှိတာပါ ။
ကျတော့် ယောက်ျားလေးသူငယ်ချင်း တစ်ယောက်ကတော့ ကျတော်သနပ်ခါးလိမ်းမယ် ဆိုတော့ အသားမည်းတဲ့ကျတော့်ကို “သနပ်ခါးလိမ်းရင် မင်းအသားနည်းနည်းဖြူလာမှာပေါ့ကွ” ဆိုပြီးစတော့တာပဲ (အေးလေ… သူကတော့ တရုတ်ဆိုတော့ ခရုသင်းစွဲတယ်ထင်ရလောက်အောင် ကိုဖြူတာ :D ) ။ သူကတော့ “ရန်ကုန်သူ” သီချင်းကို ဖျက်ဆိုပြီးတော့တောင် ကျတော့်ကိုနောက်နေသေးတယ် ။ ဘာပဲပြောပြောလေ ရန်ကုန်သူ ဖြူဖြူနုနုလေးတွေပဲဖြစ်ဖြစ် ၊ အညာသူ ညိုပြာညက်တွေပဲ ဆိုဆို သနပ်ခါးလိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ လှတာပဲ မဟုတ်လား ။ ခံစားကြည့်ပါ ။
ဝေးခဲ့ရသူမို့
ချစ်သူ့ပါးနုနု ကို ပထမဆုံးနမ်းခွင့်ရခဲ့တုန်းက ယစ်မူးသွားစေခဲ့တဲ့ အနောက်တိုင်း မိတ်ကပ်နံ့ကို ရင်ခုန်စွာ ပြန်လည်အောက်မေ့ရင်း အဖွားရဲ့ပါးက သနပ်ခါးနံ့ကြူကြူကို သူသတိရမိခဲ့တယ် ။ နောက်ပိုင်းတစ်လျှောက်လုံး သနပ်ခါနံ့ သင်းသင်းလေးကို သူ့ခမျာ လွမ်းနေရဆဲဖြစ်သည်။
ဟုတ်ခဲ့သည်ပဲလေ ။ သူ့အဖွားအညာသူကြီးက သနပ်ခါးသိပ်ကြိုက်ခဲ့တာမဟုတ်လား ။ ရေကြဲကြဲနဲ့သွေးထားတဲ့ သနပ်ခါးကို သူငယ်ငယ်တုန်းကဆို နံနက်မျက်နှာသစ်ပြီးတိုင်း သူ့အဖွားကိုယ်တိုင်လိမ်းပေးနေကြ ။ သနပ်ခါးလိမ်းပေးတိုင်းလည်း ရှေးလူကြီးများ ထုံးစံ `ဗုဒ္ဓံသရဏံ ဂစ္ဆာမိ´ ၊ `ဓမံ္မသရဏံ ဂစ္ဆာမိ´ ၊ `သံဃံသရဏံ ဂစ္ဆာမိ´ လို့ သရဏဂုံ (၃) ပါးရွတ်ဆိုပြီး နဖူးနဲ့ ပါးတစ်ဖက်တစ်ချက်စီက စပြီးလိမ်းပေးနေကျ။ သူကလည်း သနပ်ခါးနံ့မွှေးမွှေး ၊ အသားတအေးအေးနဲ့ နေရတာကို သိပ်သဘောကျခဲ့တာ ။ ဒါပေမယ့် ဆောင်းနံနက်ခင်းတွေကျရင်တော့ အဖွားနဲ့စိတ်ကောက်မြဲ ။ အညာရဲ့ဆောင်းရဲ့ နံနက်ခင်းအေးအေးနဲ့ သနပ်ခါးရေနဲ့ အေးမြတဲ့ အထိအတွေ့ဟာ မျက်နှာတစ်ပြင်လုံး ထုံထက်သွားအောင်အေးတာမဟုတ်လား ။ အဖွားကတော့ ဆောင်းမှာ သနပ်ခါးလိမ်းရင်အသားမပတ်ဘူးဆိုပြီး အတင်းလိမ်းပေးနေကျ ။
သူ့အမေကျတော့လည်း သနပ်ခါးကို ထူပိန်းနေအောင်လိမ်းတတ်သူပင် ။ အညာနေပူကြဲကြဲမှာ စက်ဘီးနင်းပြီး ကျောင်းကပြန်လာလို့ ချွေးဒီးဒီးကျသည့်တိုင် သနပ်ခါးကတော့ မပျက်ပေ။ အမေကျောင်းကပြန်လာ လို့ သူ့ကိုချီပိုးတိုင်း ချွေးနံ့ရောနေသည့်တိုင် သနပ်ခါးနံ့ကတော့ သင်းမြဲ။ သူငယ်ငယ်တည်းက သည်လိုမွှေးအနံ့တွေကို ရင်နှီးခဲ့သည်လေ ။ သူ့ကိုတစ်ခါတစ်ခါ အမေကိုယ်တိုင်သနပ်ခါးလိမ်းပေးရင်တော့ သူ့နည်းနှင့်သူ ခပ်ပျစ်ပျစ်လေးသွေးလို့ ထူထဲနေအောင်လိမ်းပေးမြဲ ။ အရေပြားတွေ ကျစ်မာသွားသယောင်ခံစားရအောင်ထိကို ထူထူလိမ်းပေးခဲ့တာ သူမှတ်မိသည်။
နံနက် မျက်နှာသစ်ပြီးတစ်ကြိမ် ၊ ရေချိုးပြီးတစ်ကြိမ် သနပ်ခါပါးကွက်ကြားလေးကွက်ပြီး နေခဲ့ရသည့် ကလေးဘ၀နေ့တွေမှာ သူပျော်ခဲ့ဖူးတာပဲ။ နောက်အဝေးမှာ အလုပ်သွားလုပ်နေရတဲ့ သူငယ်ငယ်ကသိပ်မမှတ်မိတတ်တဲ့ အဖေပြန်လာတိုင်း နှုတ်ဆက်နေကြ `အား…ပါ…. အဖေ့သားကြီး ကသိပ်မွှေးပါလား´ ဆိုပြီး ပွေ့ဖက်နမ်းရှုံ့ရင် သူ့အဖေကို ပြန်မှတ်မိသွားတတ်ခဲ့ တာပဲလေ။ မှတ်မှတ်ရရ သူ့အဖေပထမဆုံး ၀ယ်လာတဲ့ ကင်မရာတစ်ပတ်နွမ်းလေးနဲ့ ပြန်လာတဲ့နေ့က သနပ်ခါးပဲကြား ပါးကွက်ကြားလေးနဲ့ ရေချိုးပြီးစ ကွပ်ပစ်ပေါ်မှာ ထိုင်နေခဲ့တုန်းပေါ့။ အဲသည်မှာပဲ သူကျုံ့ကျုံ့လေးထိုင်ပြီး ပြုံးနေတဲ့ ပုံလေးကို အဖေရိုက်ပေးခဲ့တာ ။ နောက်ကူးပြီးတော့လည်း ပုံလေးက သိပ်လှတာဆိုပြီး သူ့အဖေက Wallet ထဲမှာ အမြဲဆောင်ထားနေကျ ။ နောက်တော့ စဉ်းစားကြည့်မိသမျှ ရိုက်ခဲ့သမျှဓာတ်ပုံတွေထဲမှာ အဲသည်ပုံလေးကအလှ ဆုံး သဘာဝအကျဆုံးပဲမဟုတ်လား ။
+++++++
တကယ်တကယ်တော့ သူတို့မြို့လေးကိုယ်တိုင်ကလည်း သနပ်ခါးနဲ့ မစိမ်းလှပါ ။ မြို့ကလေးရဲ့ ဈေးထဲမှာ သနပ်ခါးဆိုင်တွေလည်း အများကြီး၊ သနပ်ခါးဟာလည်း မြို့လေးရဲ့ အရေးပါတဲ့ စီးပွားရေး ထွက်ကုန်တစ်ခု ၊ နောက်မြို့ကလေးသူ ညိုပြာညက်တွေရဲ့ ပါးပြင်နဲ့ သနပ်ခါး ဆိုတာလည်း ခွဲလို့ရနိုင်ကောင်းတာမှ မဟုတ်ဘဲ ။ လက်လုပ်လက်စား အလုပ်သမ မှအစ မြို့မျက်နှာဖုံး သမီးအဆုံး သနပ်ခါးနဲ့ ကင်းတဲ့အညာသူဆိုတာ တကယ်ကိုမရှိတာပါ ။
ကလေးဘ၀က သူကြားခဲ့ဖူးတဲ့ ကဗျာတွေ ၊ သီချင်းတွေထဲမှာရော အညာနဲ့ သနပ်ခါး အကြောင်းဖွဲ့ ထားတာ တော်တော်များခဲ့ပါသည် ။ ``ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ၊ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ´´ ဆိုတဲ့ သီချင်းဟာ သူ့အဖိုးလက်ထက်ကပေါ် ခဲ့တာဆိုပေမယ့် သူကလေးဘ၀ကျတော့ တစ်ကျော့ပြန်ဆိုတေးတွေကြားမှာ ခေတ်စားဆဲပါပဲ ။ သည်သီချင်းနဲ့ ပတ်သက်လို့ သူ့အဖွားပြောတတ်တဲ့ ``ဘယ်နှယ်တော် .. ရွှေဘိုသနပ်ခါးများ နနွင်းရောင်တောက်တောက်နဲ့ ကျုပ်တို့ ရှင်မတောင်လောက် မကောင်းပေါင်၊ မက်လည်းမမက်စက်ပေါင်´´ ဆိုတဲ့ Comment ကိုတော့ ခုခေတ် “စိုးစန္ဒာထွန်း” ရဲ့ ပြန်ဆိုတေး ကိုနားထောင်ရသည့် တိုင် သူ့အတွက်မရိုးနိုင် ။ ကိုယ့်ဒေသစွဲ ၊ ဌာနေစွဲကြီးလှတဲ့ သူ့အဖွား ….. ။ ခုလို ဌာနေကို စွန့်ခွာပြီးနေရတဲ့ သူ့မြေးကို ခုနေများတွေ့ရင် ဘယ်လိုသဘောထားပါ့မလဲ ။ သူတွေးကြည့်ဖူး ပါသည်။ ဒါပေမယ့် သူငယ်ငယ်တုန်းကတော့ အမေ နဲ့ အဖွားပါးပြင်က သနပ်ခါးနံ့ကြူကြူ ကိုနှစ်သက်စွာ ရှုရှိုက်ရင်း သူ့တို့အရိပ်မှာ အေးချမ်းစွာ မှီခိုခဲ့ဖူးပါသည် ။
+++++++
သူနည်းနည်းလူလားမြောက်လာသည်နှင့်အမျှ သနပ်ခါးနဲ့ အမြဲထိတွေ့ရတဲ့ ဘ၀နဲ့ တဖြည်းဖြည်းဝေး ကွာလာခဲ့ရသည် ။ သူ့အဖေ အလုပ်ရှိရာ အောက်ဘက် ``ပဲခူးတိုင်း´´ ကိုပြောင်းရွေ့လာကြရတာလည်း တစ်ကြောင်းပါ ။အောက်ဖက်မှာအညာလောက်တော့ သနပ်ခါးမပေါ ။နောက် (၆) တန်း ၊ (၇) တန်းအရွယ်မှာ သနပ်ခါးလိမ်းဖို့ ငြင်းဆန်တတ်ခဲ့ပြီ ။ သူ့ကိုကလေးလေးလို့ ထင်နေဆဲ အဖွားက ဘာလို့လဲလို့ မေးရင် ပျင်းလို့မလိမ်းချင်တာပါလို့ မရေမရာဖြေခဲ့တာပါ ။ နောက်တော့ သူ့မျက်နှာ က သနပ်ခါးကင်းလာတော့သည် ။ နောက်လူပျိုပေါက်အရွယ် မျက်နှာအသားကြမ်းလာတော့ ညည အိပ်ယာဝင်ခါနီးတိုင်း သနပ်ခါးလိမ်းတတ်တာကလွဲ လို့နောက်ပိုင်းမှာ သနပ်ခါးဆိုတဲ့ အရာဟာ သူနဲ့သိပ်ကိုဝေးကွာခဲ့ပြီ ။ သနပ်ခါးနဲ့ သူနဲ့ဟာလည်း သီလရှင်နဲ့ဘီးလောက် ဝေးကွာခဲ့လေပြီ ။
နောက်ပိုင်းမှာတော့ သနပ်ခါးပင်တောင် မပေါက်နိုင်တဲ့ နိုင်ငံရပ်ခြားမှာ သူနေခဲ့ရတဲ့ နှစ်တွေအတော်ကြာပြီပေါ့ ။ အဖွားဆုံးပြီး နောက်ပိုင်း သနပ်ခါးလိမ်းဆဲဖြစ်တဲ့ သူ့အမေက လည်းသူနဲ့လိုက်မနေ နိုင်၊ သူ့ပတ်ဝန်းကျင်က အသားဖြူမိန်းကလေးတွေဟာလည်း သနပ်ခါးနဲ့ဆက်စပ် တွေးကြည့်မိရင် တော်တော်မအပ်စပ်ပါ ။ ဒါကြောင့်ခုချိန်ခါမှာ သူ့ချစ်သူ့ပါးမှ သနပ်ခါးနံ့ကို မရခဲ့တာ သိပ်တော့မထူးဆန်းပါ ။
သူကဗျာတစ်ပုဒ်ကို မှတ်မိတယ် ။ “ငွေတာရီ” ရဲ့ကဗျာလေးပေါ့ ။
အညာစောင် သနပ်ခါးခေါက်နဲ့
ခရမ်းခြောက် ပုန်းရည်ညို
ထန်းညက် ချိုချို ။
ခင်အပျို
ငြိုငြင်နဲ့ စိတ်ထဲ ။
တို့များအညာမှာဖြင့်
ဂုဏ်ပကာ ပါဝါတက်ပါတဲ့
ထူးလက်ဆောင်ပဲ။
ဟုတ်ပါတယ် ။ သူ့အတွက်အညာပြန်တိုင်းရတတ်တဲ့ လက်ဆောင်ဟာ သနပ်ခါးပါ ။ ဆရာ သိန်းဖေမြင့် ရဲ့ “အညာပြန်” ဆောင်းပါးရှည်ထဲက ချို့တဲ့ဆင်းရဲ့တဲ့ ဆွေမျိုးတွေကတောင် လက်ဆောင်အဖြစ် သနပ်ခါးတုံးလေး တွေလက်ဆောင်ပေးတယ်ဆိုတာ လုပ်ဇာတ်မဟုတ်ခဲ့ပေါင်ကွယ် ။ သူကိုယ်တိုင် ကျောင်းသားဘ၀တုန်းကလည်း အညာကပြန်တိုင်း ကျောင်းဆရာမတွေကို သနပ်ခါးတုံး လက်ဆောင်ပေးရင် ၀မ်းသာအားရလက်ခံပြီး ပေးသူဂုဏ်တတ်ခဲ့တာပဲလေ ။ ဒါပေမယ့် ခုချိန်မှာ သူအညာကပြန်လာလို့ သနပ်ခါးတုံး လက်ဆောင်ပေးရင်တော့ သူ့ချစ်သူအပါအ၀င် အားလုံးက သူ့ကိုဝိုင်းဟားကြလိမ့်မည် ထင်သည် ။ သူဒါတွေနဲ့ ဝေးခဲ့ရပြီ ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့လိုက်စွာ ကျင်ကြံနေထိုင် တတ်ရမည် ဆိုတာကို သူလက်ခံခဲ့ရတာ ကြာလှပြီပဲလေ ။
ဒါပေမယ့် သူ့အိပ်မက်တွေမှာ ပါလာတတ်တဲ့ အဖွားရဲ့ ပါးပြင်ဟာလည်းသနပ်ခါးနံ့ သင်းဆဲပါ ။ သူပြန်အလာကိုအသေအချာ စောင့်နေမယ့် အမေ့ပါးမှာလည်း သနပ်ခါးတို့ ထူထဲစွာရှိနေမှာပါ ။ သူအညာပြန်ရင်လည်း သူ့ဆွေမျိုးတွေ ၊အသိတွေက သနပ်ခါးလက်ဆောင်ပေးလိမ့်ဦးမှာလည်း အသေအချာပါ။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ သနပ်ခါးနံ့သင်းသင်းကို သူတော်တော်လေးလွမ်းဆွတ်နေရပါသည် ။
အောင်ဖြိုး
(၁၇ ၊ ၁ ၊၂၀၀၈)