22 July 2012

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင် ၂

     မိုးရေထဲမှာ အမိုးအကာမပါဘဲ လမ်းလျှောက်ထွက်ရတာ သည်လောက်ခံစားလို့ကောင်းမှန်း အရင်ကကျတော် မသိခဲ့ဘူး မေ ။ ဟုတ်တယ်... ကျတော်အရင်တုန်းက မသိခဲ့တာအများကြီးပဲ ။ ဝမ်းနည်းဖို့ ကောင်းတယ်နော် ။ ကင်မရာတစ်လက်လွယ်ပြီး ခြေကျင်ဓာတ်ပုံလျှောက်ရိုက်တာ ကောင်းမှန်းမသိခဲ့ဘူး ၊ ကိုယ်ခန္ဓာကို ကျစ်လစ်အောင်ဆော့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသယောင် ကြိုးစားယူရတယ် ဆိုပြီး နည်းနည်းအပေါစားဆန်ပေမယ့် မှန်နေတဲ့ ကိစ္စတစ်ရပ် ရှိတယ်ဆိုတာလည်းမသိခဲ့ဘူး ။ စီးကရက်တစ်လိပ်ကို အရသာရှိရှိသောက်ရတဲ့ အရသာ ၊ ဝီစကီတစ်ခွက်ကို အချိုရည်မရောပဲ ရေနည်းနည်းရောပြီး တစ်စိမ့်စိမ့်သောက်ရတဲ့ အရသာ... အားလုံးကို ကျတော်ဘာမှ မသိခဲ့ဘူး ။ နှမြောဖို့ကောင်းတယ်ဗျာ ... ။

     နေကောင်းလားမေ ... ။ ကျတော်တို့ဆီမှာ မိုးတွေရွာနေတယ်... ။ ညနေညနေဆို စပြီးရွာလာတယ် တစ်ညလုံးဆိုပါတော့ မိုးကြိုးတွေပြစ် မိုးတွေချိမ်းချင်တဲ့အခါချိမ်းတယ် ၊ ဒါပေမယ့် ညတိုင်း မိုးကတော့ စွေနေတာပဲ ... ။ အရင်ကဆို မိုးရွာတိုင်း ဘာရယ် ဘယ်သူ့ကိုရယ်မဟုတ် ကျတော်ထိုင်လွမ်းနေတာပဲ ... ။ သည်တစ်ရာသီမှာတော့ နည်းနည်းအဆင်ပိုပြေသွားတယ်... လေလေး အေးစိမ့်စိမ့်မှာ ဝီစကီလေး နည်းနည်းချင်းသောက် ၊ လွမ်းချင်တယ်ဆိုပြန်ရင်လည်း တိတိကျကျတစ်ယောက်ကို ပုံဖော်လွမ်းချင်လွမ်းလို့ရသေးတယ် ။ ဒါမှမဟုတ် စီးကရက်ထိုင်သောက်နေချင်လား ရတယ် ။ ရိုးအီသွားနိုင်တဲ့ အရသာမျိုးတွေမဟုတ်ဘူး ။ တရှိုတ်မက်မက် ခံစားနိုင်တဲ့ နောက်ကိုယ်ကြိုက်သလိုရပ်ပစ်နိုင်တဲ့ ခံစားချက်မျိုးတွေပေါ့ ... ။ ဒါဆိုတော့လည်း နောက်ကျပေမယ့် အချိန်တော့ ရသေးတယ်ပြောရမယ် ... ။
     ကျတော်လွမ်းတာ ချစ်လို့မဟုတ်ဘူးမေ ... ။ လွမ်းချင်လို့ ၊ နောက်လွမ်းရတဲ့ အရသာကိုကြိုက်လို့ရယ်ပါ ။ မေ လူတစ်ယောက်ကို ချစ်ဖူးလား ။ ချစ်တယ်ဆိုတာ အင်မတန်ကြီးများတဲ့ကုသိုလ်ကြောင့် ဖြစ်လာရတဲ့ မတည်မြဲမှုခံစားချက်တစ်ရပ်ပါပဲ ... ၊ ဒါကြောင့်လည်း အချိန်တိုတောင်းတာနဲ့ အမျှတန်ဖိုးကြီးကြီးပေးရတာမျိုးပါ ... ။ ခက်တာက သူကကုန်လွန်သွားရင် ပြန်ရဖို့လည်းမလွယ်ပြန်ဘူး ... ။ မေမျက်စိမှိုတ်လိုက်ရင် ချစ်တဲ့သူ့ရဲ့ ပုံစံကို စိတ်ကူးပုံဖော်လို့ရကောင်းရမယ် ၊ ဒါပေမယ့် ဒါက အပြင်ဘက်က မေ့လူကို ချွတ်စွတ်သရုပ်သဏ္ဍာန်ပြုတဲ့ အရိပ်မဟုတ်ဘူး ... ။ မေ့ရဲ့ အတ္တရုပ်ကို တစ်စုံတစ်ယောက်ဆီမှာ ခိုးယူထုဆစ်ခြင်းတစ်မျိုးပါပဲ ... ။ တစ်သက်မှာ အချစ်ကို တစ်ခါလောက်ကြုံဖူးခဲ့ရင် တန်နေပါပြီ ၊ တော်ပါပြီ ။ ကျေနပ်ဖို့ကောင်းပါပြီ ထပ်ရှာလို့လည်းမဖြစ်ဘူးမေ ၊ ဘာလို့တုန်းဆို ထပ်တွေ့ဖို့မဖြစ်နိုင်ဘူး ။ နောက် မေတို့ ကျတော်တို့ဆိုတာလည်း သည်လောက် ကုသိုလ်ကောင်းတဲ့သူမျိုးတွေ မဟုတ်ကြဘူး ။ မေ တစ်သက်မှာ တစ်ယောက်လောက်တော့ ချစ်ဖူးအောင် ချစ်ထားစေချင်တယ် ... ။ မေ ရင့်မာလာအောင်ပါ ... ။
     ကျတော့်စိတ်ကူးအမြင်ထဲက လောကကြီးဟာ လူတွေနဲ့ အကျည်းတန်တယ် ၊ ဒါပေမယ့် သဘာဝကြောင့် ၊ နောက် အနုပညာလို့ခေါ်ချင်ခေါ်နိုင်တဲ့ မူးယစ်မှု တစ်စုံတစ်ရာရယ်ကြောင့် တစ်ဦးတစ်ယောက်ထဲ အဆင့်ကိုချုပ်ကြည့်ရင်တော့ လှနေပါသေးတယ် ။ ဒါဟာမေ့အတွက်တော့ မှန်ကောင်းမှ မှန်နိုင်မယ် ။ လောကအမြင်တို့ နောက် ဘဝတို့ဆိုတာလည်း ကိုယ့်အထင်နဲ့ကိုယ် တည်ဆောက်ထားကြတာမျိုးမဟုတ်လား ။ ဟုတ်လိမ့်မယ် သည်လိုပဲဖြစ်လိမ့်မယ် ဆိုတဲ့ အထင်နဲ့ လက်ခံရင်း နေကြရတာပဲမဟုတ်လား ။ အဓိက ကတော့ခဏလေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ကျေနပ်ဖို့ပါ ။ နောက် ထပ်ပြောရရင် ရိုးဖြောင့်ဖို့ပါ ။ ကိုယ်ဟာ ဝါဒတွေနောက်လိုက်ဖို့မဟုတ်ဘူး ။  ဘာအရာဟာဖြစ်တည်တယ် ၊ တည်ရှိတယ် ၊ အဖိုးတန်တယ် ၊ အလေးအမြတ်ထားတယ်ဆိုတာကို ညွှတ်နူးဖို့ ၊ ကိုးကွယ်ဖို့ ၊ သက်သေပြဖို့မဟုတ်ဘူးနော် ... ။
     ကျတော်အပါအဝင်ပေါ့ဗျာ ... လူတွေဟာ ကိုယ်တော်ကြောင်းကို အမျိုးမျိုးပြကြရတယ် ၊ ကိုယ်ဟာ သူများနဲ့မတူဘူး ဆိုတာကို ဂုဏ်လုပ်ပြီး ပညာတတ်လူတန်းစားဟာ နေကြရတယ် ... ။ ဒါဟာ သိပ်ကို သနားဖို့ကောင်းတာပဲလို့ ကျတော်တော့ထင်တယ် ။ နောက် လူ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သူများတွေရဲ့ စည်းမျဉ်းတွေနဲ့ လိုက်လံစစ်ဆေးခံပြီး အရိုသေတန်အောင် နေကြရပြန်တယ် ... ။ စည်းတွေ ဘောင်တွေဟာ မများလွန်းဘူးလား ။ နောက် သူတော်ကောင်းဆိုတာတွေ အများလွန်းဘူးလား ။ အသက်ရှုကြပ်စရာ မကောင်းလွန်းဘူးလား ။ ကျတော်နားမလည်တဲ့ အရာတွေ အများကြီးပါမေ ။ အသိခေါက်ခက်အဝင်နက်တတ်တယ် မဟုတ်လား ။
     အနည်းဆုံးတော့ မေဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူဖြစ်လို့ စိတ်ပျက်စရာကြုံရင် အားပြုခိုတွယ်စရာတော့ ကျန်ဦးမှာပါ ။ တစ်ခါတစ်ခါ ဘာလို့ သိသိရက်နဲ့မသိချင်ဟန် မဆောင်နိုင် သလဲလို့ ကျတော်တွေးမိပြီး နောင်တရမိတယ်။ ဒါကိုနောင်တလို့ ခေါ်မလား... ။ ခုထက် နည်းနည်းလေးပို ပိန်းအောင် တန့်ထားနိုင်ရင်ကောင်းမယ်။ ဟားဟား.... ကျတော်ပြောခဲ့သလိုပဲ ကျတော်ဟာလည်း သူများတစ်တွေနဲ့မတူအောင် ကိုယ်ကိုယ့်ကိုယ်သာကြောင်းပြောရတာပဲ မဟုတ်လား ။ သည်ဥာဉ်ဟာ နောက်ဆုံးလူတွေကို အောက်ဆုံးအဆင့်တန်းတူဖြစ်အောင် လုပ်ပေးသွားတာပဲ ... ။ ဘယ်သူမဆို ကိုယ်ကိုယ်ကိုယ်တော့ လေးစားစေချင်ကြတာမျိုး မဟုတ်လား ။

     ခုလောလောဆယ်... ကျတော် စီးကရက်တစ်လိပ်သောက်နေတယ် ။ အခိုးတွေကို ပါးစပ်ကနည်းနည်း နှာခေါင်းကနည်းနည်း ဖြေးဖြေးချင်းပြန်ရှုထုတ်တယ် ... ။ ပြတင်းပေါက်ဖွင့်ထားတော့ ဝင်လာတဲ့လေနဲ့အတူ အခိုးအငွေ့ မီးခိုးမျှင်တွေဟာ လွင့်ပါသွားတယ်... ။ ကျတော်သူတို့နဲ့အတူလိုက်ကြည့်တယ် ။ သိပ်သည်းတဲ့ မီးခိုးငွေ့တွေဟာ တစ်စတစ်စ ဝေးကွာလွင့်ပါးသွားလိုက်ကြတာ နောက်ဆုံးတော့ လေဟာပြင်ကျယ်မှာ တစ်စစီပျောက်သွားကြတယ်... ။ လွမ်းစရာပဲ မဟုတ်လားမေ... ။ နောက်ယုံကြည်ချင်လောက်စရာ တည်မြဲမှုဆိုတာ ဘယ်ဟာမျိုးပါလဲ ... ။ သည်တော့ ကျတော်တို့တစ်တွေ ဘာကိုယုံကြည်ပြီး ကြိုးစားနေကြ ရတာလဲ ... ။

     ကြားဖူးတာတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်တိုးတတ်ဖို့ လုပ်ကြရတယ်တဲ့ ... ။ ဒါဟာ ကျတော်တို့ကို ရိုက်သွင်းလိုက်တဲ့ ငယ်ငယ်တုန်းကအတွေးပေါ့ ။ အဲသည်မှာပြောတဲ့ တိုးတတ်တယ်ဆိုတာ စာသင်တုန်း အတန်းထဲမှာ အဆင့်တက်တာထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ကျတော်တော့မထင်ဘူး ... ။ သူတို့တစ်တွေ ဒါကိုပဲကြည့်ပြောခဲ့ကြတာ ဆောင်ပုဒ်တွေ စကားပုံတွေ ထုတ်ခဲ့ကြတာမဟုတ်လား ။ မြင်သာတယ် ၊ လူတိုင်းနားလည်နိုင်တယ်၊ နောက်ပြီး ဒါတွေဟာ လုံးဝမှားပါတယ်လို့ ဘယ်သူမှမငြင်းနိုင်ဘူး... ။ လောကမှာ တိုးတက်တယ်ဆိုတာဘာလည်းမေ ။ ... စိတ်ခွန်အားတိုးတက်လာတာ တစ်နည်းအားဖြင့်ထုံလာတာကို ပြောတာလား ၊ ရာထူးတိုးတာ၊ ပိုက်ဆံပိုရှိလာတာ ၊ လူသိများပြီး လူရာပိုဝင်လာတာကို ပြောတာလား ။ သူတို့တစ်တွေ အဓိပ္ပာယ်ကို မရှင်းခဲ့ကြဘူး ။ ကိုယ်လိုတာဆွဲပြောရရင် ကျတော်အားလုံးဖြစ်ချင်တယ်။ နောက် တစ်ချိန်ထဲမှာ ဒါတွေဟာဘာမှမဟုတ်ဘူးဆိုတာမျိုးကိုလည်း အပျက်မြင်လာတယ် ... ။ ကျတော်သိသမျှ အခက်ခဲဆုံးကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပဲ ။ ဒါက အင်မတန်ခက်ခဲတယ် ၊ ဒါကြောင့်လည်း မလှတဲ့သူဟာ သူပေါ်ပြူလာဖြစ်ကြောင်းကြံဖန်ပြီးပြနေရတယ် .. ။ အထည်ကြီးပျက်ဟာ သူပိုက်ဆံရှိကြောင်း ကြံဖန်လုပ်ပြောရတယ် ... ။ ဒါတွေဟာ မြင်သာတဲ့ အဖြစ်တွေပါ ။ ဒါထက်ပိုပြီး ကြောက်ဖို့ကောင်းတာက လူတွေဟာ မျှော်လင့်တကြီးကြိုးစားပြီး တစ်နေ့မှာဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ကတိတစ်လုံးနဲ့ ကိုယ့်လက်ရှိအခြေအနေကို လက်ခံဖို့ငြင်းဆန်တာမျိုးပဲ ... ။ ဒါဟာလည်း ကျတော်ပြောဖူးသလို အသိခေါက်ခက် အဝင်နက်တာမျိုးပဲ မဟုတ်လားမေ ... ။ ကျတော်တော့ သည်အထဲက လွတ်အောင်မရုန်းနိုင်သေးဘူး ... ။

     ကျတော့် စီးကရက်ကလေးတိုလာပြီ ။ နောက်ဆုံးအရှိုက် ညှစ်ထားတဲ့လက်ချောင်းဖျားလေးတွေ ပူလာတဲ့အထိ ရှိုက်လိုက်တယ် ၊ နောက် စီးကရက်အတိုကို ခွက်ထဲထိုးချေလိုက်တယ် ။ အပြီးပပျောက်ခြင်းဆိုတာ ဒါမျိုးပါပဲ မေ... ။ နောက်ဆုံးမှာ ဘာမှအဓိပ္ပာယ်မရှိဆိုတာ သိသားနဲ့တောင် ပျော်ရွှင်စွာဖြစ်တည်လောင်ကြွမ်းရင်း ချုတ်ငြိမ်းရတာဘယ်လောက်နေသာမလဲ ... ။ ဒါ့အပြင် ကိုယ်တို့မှာ အခြားရွေးချယ်စရာ လမ်းလွဲများရှိသလားဗျာ ... ။ တစ်နေ့တစ်နေ့ဟာကုန်လွယ်တယ် ... နောက် ခုတစ်လော မွေးနေ့တွေဟာမြန်လာတယ် ... ။ ထားပါ ။ ကျတော်သည်နေ့ စီးကရက်သောက်တာများနေပြီ ... ၊ စာတွေဖတ်ပြီး ခေါင်းနည်းနည်းကိုက်နေတယ် ... ။ မနက်ဖြန်ခါ မိုးလင်းရင် ဘယ်လိုပျော်အောင်နေရမလဲဆိုတာ တွေးပြီးရင် သည်နေ့အဖို့ တော်ပြီထင်တာပဲ ... ။ မေရော တစ်နေ့တစ်နေ့ကို ပျော်အောင်ဘယ်လိုနေလဲ ... ။ ဘာပြောရမှန်းမသိ ပြောစရာလည်း မရှိဖူးဆိုတဲ့ မေ့ မိဘတွေဆီ အောင့်အီးပြီးဖုန်းပြောဖြစ်သေးလား ၊ သည်အတွက် မေ့ကိုယ်မေ ရိုးဖြောင့်နိုင်နေပြီလား ... ။ လိမ်ညာနေရတာ အပန်းကြီးလွန်းပါတယ် ... ၊ ခဏလေးဖြစ်ဖြစ် ကိုယ်စိတ်ကိုယ်ကို ရိုးဖြောင့်အောင်ထားပြီး ၊ လက်ရှိကိုယ့်ကိုယ်ကိုယ် ခဏလေးဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားကြည့်ဖို့ကောင်းနေပါပြီ ... ။ ကျတော်တော့ မအောင်မြင်သေးဘူးမေ... ။ နက်ဖြန်ဘာလုပ်မယ်ဆိုတာ စဉ်းစားမိပြီ ... ။ သည်တစ်ရက်အတွက် ကျတော့်တာဝန်ပြီးပြီးမေ ... ။

     ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ လို့ပဲနှုတ်ဆက်လိုက်တယ် ... ။ သူများတွေလို ကံကောင်းပါစေလို့ ဘာကိုမှန်းမသိ ယုံဟန်ဆောင်ပြီး ဆုတောင်းပေးရတာမျိုး ကျတော် မကြိုက်ဘူး ... ။


ချစ်ခြင်းဖြင့် ...


Aung Phyoe
( ဇူလိုင် ၂၂ ၂၀၁၂ ၊ 11:40 PM)


15 April 2012

နေရီရီ ကေသီချပါလို့

ခိုင်စိုးလင်းစီစဉ်တဲ့ အပြာရောင်ဝန်ဆောင်မှု (Bluish Business) e-book မှာပါပါတယ် .. ။


မိုးကျသံသည် ဆူညံဆဲဖြစ်သည် ။ ရေပက်၍စိုနေသော ဆံပင်တို့ကို လေတိုက်မှ စိမ့်ချမ်းသွားခြင်းကို ခံစားမိ၏ ။ မိုးရွာသောညတွေကို ငယ်ငယ်ကနှစ်သက်ဖူးတယ်လို့ သူထင်တယ် ။ ပိန်းပိတ်အောင်မှောင်ပြီး လျှပ်စစ်မီးပျက်မြဲ သူတို့မြို့လေးက မိုးညတွေမှသိပ်သည်းနက်မှောင်သော လုံခြုံမှုကို သူ လွမ်းတတ်၏ ။ ညိုးညိုးညံ့ညံ့ ညည်းရယ်သံကို အိပ်ယာ နဘေးက ဆီမှ သဲ့သဲ့ကြားရတော့ ဖြစ်မြဲဖြစ်သော ပူလောင်စက်စုပ်မှုကို ခံစားရပြန်သည် ။

သူသည် သည်ခံစားချက်မျိုးကို ရိုးအီသွားပြီလို့ အလိုပြည့်တိုင်းထင်တတ်စမြဲ ၊ လူ့ဘဝမှာနေလာတာ အတော်ဝပြီး သေချင်တောင်သေနိုင်တယ်လို့ ထင်တတ်စမှာပင် လူအနေဖြင့်ကွာခြားနိုင်သော်လည်း ဖြစ်တည်အရတူညီသော အမျိုးသမီးကို ရင်ခွင်သို့ဆွဲ၍အပ်စမြဲ .. ၊။ ဒါသာ အသစ်တစ်ဖန် ဘဝကို သွေးသစ်သွင်းလောင်းစရာလို့ သူက ဆိုတတ်ပါသေး၏ ။

“မောင်ကလေးရယ် …. မောင်ကလေးရယ် …” အမျိုးသမီးသည် မိုးရွာသည်ကို ငေးစိုက်ကြည့်ရင်းသူ့ကို ခေါ်၏ ။ ထိုအခါ သူ၏လေလွင့်စိတ်သည် တစ်ဒင်္ဂရပ်နားကာ တတ်မက်ခြင်းအာသာရမက်၏ အထွက်အထပ်ကို တေးမြှင်းညိုးညံ့စွာ တစ်ဖန်တက်လိုစိတ်ဖြစ်ရပြန်၏ … ။ ဒါပါပဲ .. ။ အဲသည်နောက်မှာ ဘဝဟာပြန်လည် အနည်ထိုင်သွားဦးမှာပါ … ။ စိတ်ကိုလှည့်စားနိုင်ရင် တစ်ဖန်ပြန်လည် သန့်စင်သွားတယ်လို့ပင်မှတ်ယူနိုင်သေးတယ် မဟုတ်လား … ။

သူသည် သည်လိုဘဝမှာပင် ပျော်မွေ့ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီလို့ထင်၏ ။ သည်လိုမတိုင်ခင်တုန်းက သူ့မှာ တိကျသော လမ်းညွှန်ရာ ဦးတည်ရာရှိသည်ဟုဆိုတတ်ပြီး သူသည်လိုပြောတိုင်း သူနဲ့မကြာမကြာအတူတွေ့ရတတ်သော မိန်းကလေးသည် ရှက်ပြုံးလေးနဲ့ နောက်ဆုံးမှာ ရယ်တတ်၏ ။ ထိုမိန်းကလေးသည် သာမန်ထက်ပိုသောရုပ်ရည်မျိုးမဟုတ်ပဲ မျက်ခွံအတန်ငယ်မို့သည်မှာ သတိထားမိသူတိုင်း မှတ်မိတတ်သည် ။ မျက်ခွံမို့ကလေးက သူ့ကို သူငယ်ချင်းတစ်ယောက်ထက် မပိုပါလို့ သူငယ်ချင်းများထံ ဝန်ခံတတ်သော်လည်း သူကမယုံပါ ။ သူက သိမြင်တတ်သူလည်းဖြစ်၏ ။

ထိုအခါတုန်းက သူ့ညနေများသည် ရင်ခုန်သံသက်သက်ဖြင့် တိုးတိတ်ညင်သာနေတတ်၏ ။ ဆုတ်ထွေးထားသော လက်ဝါးဆုပ်ကလေး၏ အရင်းလက်ကောက်ဝတ်သွေးကြောလေးတို့၏ တိုးတိတ်စွာ သူ့လက်ဖဝါးကို ထိတွေ့သော အတွေ့သည် သူ့ရင်ခုန်သံနှင့် စည်းချက်ညီသည်ဟု သူသည်ကဗျာတစ်ပုဒ် စပ်ဆိုခဲ့သေးသည်။ မျက်ခွံမို့သူလေးသည် ထိုကဗျာကို သေချာနားမလည်လှသောလည်း သူ့ကို အထင်ကြီးစိတ်သက်သက်ဖြင့် ချီးမွန်းသော် သူသည် စိတ်ပျက်လက်ပျက်ဖြစ်ရစမြဲ .. ။ သူကလေးကို အနီးကပ်သင်ပေးဖို့ ဆွေးနွေးဖို့ လိုလိမ့်မယ် … ။ ကဗျာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ် ဒါမှမဟုတ် ရုပ်ရှင်တစ်ကားကို ခံစားတတ်ဖို့ …။

သူသည် “ကျွန်တော်အနုပညာ သမားဖြစ်ချင်တယ်” လို့ ပြောတတ်သေး၏ ။ ထိုအခါ မျက်ခွံ့မို့၍ လက်တွေ့ကျသောမိန်းကလေးသည် စိတ်ပျက်ရစမြဲ သို့သော်တစ်နည်းတစ်ဖုံ စိတ်ကို ပြန်ဖြေသည်ထင်၏ ။ သူကို ပြောင်းလဲပေးဖို့ ရကောင်းတတ်စမြဲလို့ ထင်ကောင်းထင်လိမ့်မယ် … ။

အပြင်မှမိုးသံသည် စည်းချက်ဖြစ်၏ ။ နံရံတွင် နားကို ကပ်ထားရင်း အပြင်မှမိုးသံကို ချဲ့ယူကြားနိုင်ကြောင်း သည်လို သက်သေပြနိုင်တယ်လို့ သူတွေးမိပြန်သည် ။ သို့သော် လောကတွင် သက်သေပြစရာမလိုသော ၊ ကျိုးကြောင်းခိုင်လုံစရမလိုသော အရာများရှိကြောင်းသူ သက်သေသက္ကာရ မရှိပဲ ဆိုချင်ပါသေး၏ ။ သူသည် ကြုံတွေ့ရတတ်သော အမျိုးသမီးများ၏ လျို့ဝှက်သော အဓိပ္ပာယ်ရှိသော အပြုအမူ အမူယာတို့ကို စုံမက်၍လာ၏ ။ ပြေကျလာသောဆံပင်များ ၊ ထိုဆံပင်များကို ဆုတ်ကိုင်ရသော ၊ ဖွယူသပ်ယူရသော ရှိုက်သက်များ …. ။ ထိုအရာများသည် တည်မြဲသော ရင်ခုန်သံများဖြစ်၏ ။ ညှိယူဖို့မလိုသော ၊ တိကျသော တစ်စုံတစ်ယောက်၏ ကိုယ်ခန္ဓာဖြစ်တည်မှုအပေါ် သက်ရောက်ချက်မရှိသော ၊ စည်းချက်တိကျညင်သာဖို့မလိုသော ရင်ခုန်သံ များဖြစ်၏ ။

သူ၏မိန်းကလေးသည် သူ့ကို လက်တွေ့ကျဖို့ဆွေးနွေးပြီး ၊ သူ့အချစ်ကို မဖွင့်ဟအောင် နှုတ်ဆွံစေခဲ့၏ ။ “ကျွှန်တော်ဟာ ရိုးဖြောင့်သူပါ ၊ ကျွှန်တော်ဟာ ကျွန်တော့်စိတ် ကျွန်တော့်ရုပ်ကို အမှန်အတိုင်းပြတတ်ပါတယ် မေ ၊ ကျွန်တော်တွေဝေတာ ၊ မပြတ်သားတွေဟာ ရှက်စရာရယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး ။ ကျွန်တော်အရေးမစိုက်လှတဲ့ အရာတွေမှာ မထူးချွန်တာလည်း ဘာမှလွမ်းလောက်စရာရှိတယ်လို့ မထင်ဘူး” ။ မျက်ခွံ့မို့သူလေးသည် သည်နောက်ပိုင်းတွေ ပိုလို့တွေဝေလာသည်ကို သတိထားမိ၏ ။ သို့သောမျှော်လင့်ချက်ကို စွန့်ပစ်လိုက်ဟန်တော့ မရှိချေ ။ မအားလို့ မလာနိုင်သော သူ့ကို လူကြုံဖြင့်ခေါ်၏ ၊ တစ်ခါ ဖုန်းဆက်လို့ပင်ခေါ်၏ ။ ထိုသို့ ကြင်နာသောအမူအရာများကို သူသည်တပ်မက်စွာပင် ယုံ၍ မိန်းကလေးကို လက်ထပ်၍ပင် နေကောင်းနေနိုင်မည်လို့ သူထင်လာပြန်သည် ။ ထို့နောက်သူသည် အိမ်ထောင်ရေးအကြောင်းကို ပြောတတ်ပြီး ချစ်ကြင်စ အိမ်ထောင်ဦးအကြောင်းကို ကဗျာလေးများပင် စပ်လာ၏ ။ သူ၏ယုံကြည်ချက် မခိုင်မြဲသောကြောင့်ထင်၏ ။ ထိုကဗျာများသည် ပြောပလောက်အောင် မကောင်းပါ ။

“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ တစ်သက်လုံး သစ္စာမဖောက်ပဲချစ်ကြဖို့ဆိုတာ ဖြစ်နိုင်မယ်လို့ ကျွန်တော်တော့မထင်ဘူး ၊ ကျွန်တော့်အနေနဲ့ တပ်မက်စရာရှိရင် စောင့်ထိန်းပါမယ်လို့ ကတိတော့ပေးနိုင်မယ် မထင်ဘူး …” ၊ မိန်းကလေးသည် သည်နောက်မှာ ငေးငိုင်ပြီး ထိုင်နေတတ်သည်ကို တွေ့ရ၏ ။
သူသည်သည့်နောက်ပိုင်း မိန်းမများကို အဝတ်ကပ်၍ပင် မမြင်တတ်တော့ …။

အဝတ်အစားလုံခြုံစွာဝတ်သောအမျိုးသမီးများကို တတ်နိုင်သမျှမမြင်လိုပေ .. ။ ငယ်စဉ်က ဖွာရှိုက်တိုင်း ၃ ၄ ရက်မျှ မူးနောက်တတ်သော စီးကရက်ကို မီးခိုးမတိတ်အောင်ပင် သောက်နိုင်ပြီ … ။ မျက်ခွံ့မို့ကလေးသည် စီးကရက်သောမည်ဆိုတိုင်း မျက်နှာတင်းတင်းနှင့်တားမြစ်ခဲ့ဖူးပြီ .. ။ သူသည် မိန်းကလေးစိတ်ဆိုးစေရန် မကြာမကြာပြောတတ်သော်လည်း တကယ်မသောက်နိုင်ခဲ့… ။ ခုတော့ သူကိုမြင်သည့်တိုင် မိန်းကလေးသည် လျှစ်လျှူရှုနိုင်ပြီထင်၏ ။ ဘယ်အရာမဆို အစမှာသာ ရှိုတ်ရှိုတ်တက်ဖြစ်ကြတာပါ တည်မြဲတယ်ဆိုတာ မရှိစမြဲမဟုတ်လားလို့တွေးမိတိုင်း ယောင်ယမ်း၍ကျလာသောမျက်ရည်ပေါက်များကို စမ်းမိပါက တွေ့ထိမြဲဖြစ်သည်…။ ထို့ကြောင့်ပင် သူသည် မျက်နှာကို မိုးပက်ခံ၍ စီးကရက်သောက်သော အကျင့်ကို စွဲခဲ့၏ ။

မျက်ခွံမို့သူလေးနဲ့ နောက်ဆုံးတွေ့တုန်းက သည်လိုမိုးရွာပြီးစအချိန်ပင်ဖြစ်၏ ။ သူတို့လျှောက်နေကြ လမ်းကလေးသည် စိမ်းစို၍နေသည်ဟု သူသေချာမှတ်မိသည် … ။ “ဟုတ်ပါတယ်မေ .. ကျွန်တော်ဟာ ဘာမှ မသုံးမကျတဲ့သူပါ … ၊ ကိုယ်လုပ်ချင်တာကို မလုပ်ရသလို ကိုယ်မလုပ်ချင်တာကိုလည်း လုပ်ရင်းဘဝကို မကျေနပ်ဖြစ်နေတဲ့သူပါ ..၊ ဒါပေမယ့် ဘဝမှာ အနုပညာကို အနည်းဆုံး ခံစားနိုင်တာ ကိုတော့ ကျတော်ကျေနပ်တယ် … ၊ ဘဝမှာ ဘာမှမရှိဘူးဆိုတာ သိလာရတော့ တစ်ခါတစ်ခါ အဓိပ္ပာယ်မဲ့လှတယ် ထင်တယ် .. ။ မေ့ကို ကျတော် တကယ်ချစ်ပါတယ် .. ၊ ကျွန်တော့်နည်း ကျွန်တော့်ဟန် ကျွန်တော့်အတ္တနဲ့ ချစ်တာပါ..။ ချစ်ရင် ကတိပေးပေါ့ .. အားကိုးစရာဖြစ်လာအောင်ကြိုးစားပေါ့လို့ မေပြောသလိုကျတော့လည်း ကိုယ်ကိုယ်ကိုယ်မယုံကြည်တဲ့ ကတိမို့မပေးပါရစေနဲ့တော့ … ။ ကျွန်တော့်ကို မွေးတဲ့ သူတွေကတောင် နားမလည်လို့ မေကိုယ့်ကို နားမလည်ပါ့လားရယ်လို့ စိတ်မနာပါဘူး.. ၊ ဘဝမှာ ယုံကြည်ခြင်းကင်းတာမှန်ပေမယ့် အချစ်ကိုတော့ ခိုတွယ်ရာလို့ ကျတော်ကတယ် ထားချင်ခဲ့တာပါ … ၊ မေ့ရင်ခွင်မှာ လဲလျောင်းအိပ်စက်ချင်တယ် … ၊ တစ်ခါတစ်ခါ နေထွက်တာကို ထိုင်ကြည့်ချင်တယ် .. ၊
ဒါပေမယ့် တစ်ခါတစ်ခါမှာတော့ မေ့ရဲ့အေးချမ်းသန့်ရှင်းစေမှုဟာ ကျွန်တော့်ကို ညည်းငွေ့လာစေမယ်..၊ သည်အခါ မလွဲမရှောင်သာ ညစ်ညမ်းမှုကို ရှာရဦးမှာပဲမေ… ၊ ဒါက ဆင်ခြေမဟုတ်တဲ့ ကျွန်တော့်ရဲ့လိုအပ်ချက်ပဲ ..။ သည်မှာ မေက ကျွန်တော့်ရဲ့ ကောက်ကျစ်ခြင်းရယ်လို့ ပဲမြင်တော့မယ်…. ” ။ သည်နောက်မှာ မိုးသည်တစ်ဖန်ပြန်၍ ရွာလာပြန်၏ ။ မျက်ခွံမို့သူလေးသည် သူ့လိုပင် မိုးကိုအားကိုပြုကာ မျက်နှာရွှဲစိုစေလျက်သူ့ကို ကျောခိုင်းသည်… ။ မိုးသည် သိပ်သည်းလွန်း၍ မလှမ်းလှသော အကွာအဝေးတစ်ခုမှာ အတန်ကြာရပ်နေကြသော သူတို့ တစ်ယောက်ကိုတစ်ယောက်မမြင်ရပါ … ။ မိုးအတိတ်မှာတော့ မိန်းကလေးသည် အိမ်ပြန်ရောက်လောက်ပြီ … ။ ထို့နောက် သူသည် မို့မောက်သောမျက်ခွံအကြားမှ ရွှင်လက်သောမျက်လုံးများကို မျက်လုံးခြင်းဆုံ၍ ဘယ်တော့မှာမမြင်ရတော့ … ။


“ကျွန်တော်ဟာ ဆုံးရှုံးတဲ့ အချစ်ကြောင့်လေလွင့်တာမဟုတ်ပါဘူး … ။ သည်လိုနေရတာကို ပျော်မွေ့လို့ လေလွင့်နေရတာပါ …၊ ကြေးပေးပျော်ပါးရတဲ့ မိန်းမတွေဆီမှာ တစ်ဒင်္ဂအချစ်ကို ရနိုင်တယ် .. ၊ တည်မြဲဆိုတာ ဘယ်တုန်းကမှ မရှိတဲ့ သည်အချစ်ဟာ တစ်ဒင်္ဂပဲ ခံတယ်ရယ်လို့ အပြစ်မဆိုအပ် ၊ မရှုံ့ချအပ်ဘူးလို့ ကျွန်တော်တော့ထင်ပါတယ် …။” မိုးသည်မစဲသေးသော်လည်း နေရောင်သည်ထူးခြားစွာ ဝင်းပလာ၏ ။ အမျိုးသမီးသည် တင်းရင်းစွာပင် ထိုင်မြဲထိုင်နေကာ စီးကရက်တစ်လိပ်ကို ရှိုက်ဖွာ၏ ။

“မောင်ကလေးရယ် မောင်ကလေးက ကဗျာတွေဘာတွေစပ်တယ်ဆို … ၊ ဒါဆို အနုပညာသမားကြီးပေါ့.. ။ ”

“ကိုယ်ကတော့ မထင်ဘူး .. တကယ်တော့လည်း အနုပညာ ဘာညာဆိုတာ အရေးပါလှတာတော့ မဟုတ်ပါဘူး”

“ဒါဆိုရှင်ကလေးက အနုပညာသမားဖြစ်မှန်းမသိဖြစ်နေတာပေါ့… ဟုတ်လား ကိုယ်ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ် ဘာလည်းမမေးနဲ့ မှတ်မိဘူးရှင့် ၊ ဟိုစင်ပေါ်က ရှင်ဖတ်တယ်ဆိုတာမျိုးတွေတော့မဟုတ်ဘူး”

“မင်းမသိဘူးထင်တယ် ကိုယ်စာမဖတ်တာ တစ်နှစ်ကျော်လောက်ရှိပြီ”

“ထားပါ .. အဲသည်ထဲမှာသေချာပါတယ် အနုပညာသည်ဆိုတာ စိတ်လေလွင့်ရတယ်တဲ့ ၊ ငိုင်နေရတယ် ..၊ နောက်ကိုယ်လုပ်ချင်တာ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ရိုးဖြောင့်ရတယ်တဲ့ … ”

“ဟဟ ဒါဆိုမင်းရော …”

“နောက်ဆုံးက ရိုးဖြောင့်တယ်ဆိုတာသာ ဖြုတ်လိုက်ရင် ကျွန်မလည်း အနုပညာသည်ပါပဲရှင့် ..”

သူသည်အမျိုးသမီးကို သေချာကြည့်မိ၏ ။ ရှုပ်လိမ်သော ဆံနွယ်များနဲ့ ရှည်လျားသော ပြုပြင်ထားသော လက်သည်းရှည်များရှိ၏ .. ။ မကြာခင် သည်ဆံနွယ်တွေကို သူရစ်သပ်နိုင်မည် ။ လက်သည်းရှည်များသည် သူ့ကြွက်သားများထဲ တိုးဝင်ကုတ်ဖဲ့ကြတော့မည် .. ။ နေပျော်စဖွယ် တတ်ကြွဖွယ် မကောင်ဘူးလားကွယ် …။ ဒါပါပဲ … ။ လောကကြီးမှာ ကံကောင်းထောက်မလွန်းရင် သိလာနိုင်တာက ဘဝဟာ အဓိပ္ပာယ်မဲ့ ပျင်းရှိစရာကောင်းတယ်ဆိုတောင် ပျင်းပျင်းနဲ့ ဆက်ပြီးနေသွားလို့ရသေးတယ်ဆိုတာပဲဖြစ်၏ .. ။ အမျိုးသမီး၏ လက်ညည်းရှည်များသည် သူ့ကျောပြင်ကို ကုပ်ခြစ်၏ ..။ ဘဝမှာ တည်မြဲတဲ့ သစ္စာတရားဆိုတာရှာမတွေ့ရင်တောင် စူးဝင်တဲ့ လက်သည်းရှည်တွေ ရဲ့နာကျင်မှုနဲ့ .. ၊ သူ့ကိုထွေးပွေ့တဲ့ ဆံနွယ်တွေကြားမှာ တစ်ဒင်္ဂနေရရင်တောင် ဘဝမှာနေပျော်ကောင်းပါရဲ့လို့ တွေးလေ၏ ။


အောင်ဖြိုး
(၁၁၊ ၂၊ ၂၀၁၂) 2:17 AM

29 February 2012

ပလ္လင်နန်းရပ် စံပျော်အပ်သည်ဖြစ်၍…


ကျွန်တော်နဲ့ မမ နောက်ဆုံးအကြိမ် လူချင်းတွေပြီး ခြောက်နှစ်လောက်အကြာ၊ ကျွန်တော့်အသက် ၂၉နှစ်တွင် နောက်တစ်ကြိမ်ပြန်လို့ ဆုံကြတယ် ။ လူကြားထဲ သွားရတိုင်း မျက်နှာတစ်ခုချင်းကို လိုက်ကြည့်တတ်တဲ့ အကျင့်က စွဲနေတော့ သူစိမ်းပြင်ပြင် မျက်နှာတွေကြားမှာ လက်ခနဲ တစ်ချက်အလင်းရောင် သန်းသလိုဖြစ်ပြီး ပြန်လည် သက်ငြိမ်သွားတဲ့ တစ်ခဏ အလွန်မှာ မမကို ပြန်တွေရခြင်းပါပဲ ။

အဲသည်ညဟာ အတော်တော့လှတယ် ။ အားရင် အပြင်မှာသာ အချိန်ဖြုန်းတတ်ကြတဲ့ အလုံခန်းတွေထဲမှာသာ တစ်ဘဝလုံးနီးနီး ကုန်ကြရတဲ့ ကျွန်တော်နေတဲ့မြို့လေးက လူတွေဟာ သည်ညမျိုးဆို သာယာမှုကို မျက်မြင်တွေ့ရခြင်းကြောင့် လမ်းမတစ်ခွင်တွင် အစုလေးများဖြင့် ပျော်ရွှင်မှုကို ရှာတတ်စမြဲ.. ။ နှေးကွေးပြီး ကျဉ်းမြောင်းစွာစီးရတဲ့ သည်မြစ်ရေကတောင် သည်လိုညဆို လရောင် လူရောင်တို့ဖြင့် အနည်းငယ် သွက်နေသည်ထင်ရတတ်တယ် ။ ပျော်ရွှင်စဖွယ်ဖြစ်မြဲ ဖြစ်သော ၊ အနည်းငယ်အားထုတ်ပါက လွယ်ကူပေါချောင်သော တစ်ညတာ အဖော်ကိုတွေ့မြဲ ထိုလိုညမျိုးတွင် မမကို ပြန်တွေ့ရခြင်းဖြစ်ပါတယ် .. ။

လွန်ခဲ့တဲ့ ခြောက်နှစ် မမနဲ့နောက်ဆုံးတွေ့ခဲ့ချိန် တစ်ဒင်္ဂလက်ဆွဲနှုတ်ဆက်ခဲ့စဉ်က ကျွန်တော့်လက်ကိုဖြစ်ညှစ်သော ခိုင်မြဲနွေးထွေးမှုကို ကျွန်တော်ပြန်၍တွေ့ထိဆဲ .. ၊ အအေးစက်ပြင်းတတ်တဲ့ ဘစ်ကားပေါ်မှအဆင်း ရေငွေ့ရိုက်သွားတဲ့ ကျွန်တော့်မျက်မှန်ထူကို အဝတ်နဲ့ဆွဲသုတ်၍ပြန်တပ်တိုင်း မှတ်တိုင်ဘေးတွင် အမြဲ အတိအကျကြိုစောင့်နေတတ်တဲ့ မမကို ကျွန်တော်ပြန်၍မြင်ယောင်ဆဲ.. ၊ ခုပြန်တွေ့တော့ ပြုံးပြဖို့ပင် နှောင့်နှေးရ၏ ။

“ကိုဦးရယ် …”

မမသည်တိုးတိတ်စွာ နှုတ်ဆက်ရင်း ကျွန်တော်နှင့်ယှဉ်ပြီး စကားတစ်ခွန်းတောင် ထပ်မဆိုပဲ လျှောက်လိုက်လာတယ် … ။ ယှက်လျှက်က မြစ်သည် ပင်လယ်သို့ စီးဝင်ဟန်ရှိသော အကွေ့ဝယ် သိပ်သည်းသော အမှောင်ရိပ်တို့ရှိ၏ … ။ လရောင်သည် သိပ်သည်းမှုကို မထိုးဖောက်လိုဟန် ၊ တစ်ဖန် မှောင်ရိပ် အသုံးချလိုသူတို့ကို အားနာဟန်နဲ့ သည်နေရာမှာ ဆုတ်ရစ်စွာ သာတတ်မြဲ ။ သည်လိုညမျိုးမှာပဲ မိန်းမောမှု၏အရသာ ၊ တပ်မက်ခြင်း၏တစ်ခဏ ဒီရေမကျမှီ သွန်း၍တတ်သော ရစ်မှုးခြင်းကို အပြည့်အဝ ခံစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။

ကုန်းဘောင် အစွန်းက အုတ်အခင်းတွင် ကျွန်တော်တို့ထိုင်ကြတယ် ။ မမ ဘယ်တုန်းက ပြန်ရောက်တာလည်း ၊ ဘာကြောင့်လည်း ဆိုတာတွေကို မေးကြည့်ဖို့မလိုဘူးလို့ ကျတော်ထင်တယ်လေ ။ စပ်စုပြီး သိရတော့လည်း ထူးပြီး ကျေနပ်စရာ ဖြစ်မယ်မထင်ဘူး ။ သူပိန်သွားလား ၊ ပိုကြည့်ကောင်းလာသလား ၊ ပိုရင့်ကျက်လာသားလား ကို ကြည့်မိတော့လည်း လွန်ခဲ့တဲ့ ခြောက်နှစ်ထက်ကထူးပြီး ပြောင်းလဲသွားတယ်လို့ ကျွန်တော်တော့မထင်ဘူး ။ မမက စီးကရက် တစ်လိပ်ကို ထုတ်၍သောက်တယ် နောက် ကျွန်တော်ကို လှမ်းပေးနေတော့ ကျွန်တော်ဖြတ်ထားတယ်ဆိုတာ မေ့ပြီး တစ်လိပ်ယူဖွာမိတယ် ။

“ ကိုဦးမမဆီ စာရေးတုန်းက စီးကရက်သောက်တတ်ပြီဆိုတော့ မမစိတ်ဆိုးလိုက်တာလေ .. ။ ကိုဦးကို ကြိမ်းတဲ့စာ တစ်စောင်ပို့တာ မှတ်မိသေးလား . . ။ အဲသည်တုန်းက စီးကရက်အကြောင်း ကိုဦးပြန်ရေးတဲ့စာ မမသေချာသိမ်းထားတယ် ။ စာရေးဆရာမတစ်ယောက်ရေးတာကို ပြန်ကူးရေးပြီး ကိုဦးအမြင်တွေကို တန်းစီရေးပြသွားတာလေ… ၃ မျက်နှာလောက်ရှိမယ်.. ။ ကိုဦးမမဆီရေးသမျှ အရှည်ဆုံးပဲ .. ။ မမအလွတ်ရမတတ် ဖတ်တယ်.. ၊ မမစိတ်ဓာတ်ကျပြီးလေနေတုန်းမှာ စီးကရက်စသောက်တတ်သွားတာပဲ .. ဒါမယ့် စွဲတော့မစွဲပါဘူး … ။ အေးလေ စီးကရက်ရယ်မှ မဟုတ်ပါဘူး ဘာကိုမှ မစွဲဘူး”

မမရဲ့ နှုတ်ခမ်းများသည် ဆေးခြယ်ထားဟန်ရှိပြီး စွတ်စိုရွှမ်းမြနေတယ် ။ ထိုလို နှုတ်ခမ်းတစ်စုံသည် တပ်မက်မှုကို ဖြစ်စေတတ်စမြဲ ။ ခုနေ ကျွန်တော်စကားပြောရင် အသံတွေတုန်နေမှာပဲ … ။ မမ အနည်းငယ်မှီထားတဲ့ ကျွန်တော့်ပုခုံးသား၏ လောင်မျမှုကို မမ မသိပါစေနဲ့လို့ ကျတော်ဆုတောင်းနေမိတယ် .. ။

“ဟုတ်တယ် .. ဘာကိုမှ စွဲမသွားဘူး … ၊ ဒါကလည်း ခက်သားပဲ ..တွေးမိသလောက်ဆို ခိုင်ကြည်တဲ့ စိတ်ထားမရှိရင် ကိုယ့်ရဲ့မူပိုင် identity ပျောက်သွားမလားရယ်လို့ ၊ လူတိုင်းနဲ့ ပေါင်းသင်းလို့ရတာရယ် သူတို့အထင်အမြင်တွေ ယူဆယုံကြည်ချက်တွေရယ်ဟာ မမနဲ့ မဆိုင်သလိုပဲ … ၊ မထူးခြားသလို လက်ခံလိုက်ဖို့ ငြင်းပယ်လိုက်ဖို့ ဘယ်ဟာမှ မခဲယဉ်းဘူး ” မမသည် သူ့ထုံးစံ စကားပြန်ကို မစောင့်ပဲစကားဆက်တယ် ။

ကျွန်တော်တွေဝေ သွားတာပဲလို့ထင်တယ် ။ မမပြောင်းလဲသွားပြီလား ..၊ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်ပုံဖော်ထားတဲ့ ပုံရိပ်ဟာ မမကိုယ်ပွားအစစ်မဟုတ်ဘူးလား ။ မမနဲ့ ကျတော် တစ်နေ့ပြန်တွေ့ရင်ဆိုပြီး ခွဲခွာသွားတုန်းက ဘဝမှာ ပထမအကြိမ် အချစ်ကိုတွေ့ပြီရယ်လို့ ကျွန်တော်ပျော်ရွှင်ခဲ့ဖူးတယ် ။ အတ္တကြီးသူတစ်ယောက်အဖို့ အချစ်ကို ပုံဖော်ရန် အကွာအဝေးတစ်ခု ၊ တုန့်ပြန်ခြင်းမဲ့သော ပုံရိပ်တစ်ခုလိုတယ် မဟုတ်လား ။ ထိုလိုအပ်ချက်များကို မမကိုယ်တိုင်ရော အခြေအနေ အချိန်အခါကပါ ရက်ရောစွာပေးခဲ့တယ် ။ ကျွန်တော် နက်နဲသော ခိုင်ကြည်တဲ့ အချစ်ကို တွေ့ခဲ့ရပြီ … မမကို ကျတော်စောင့်မယ် .။ ဒါမှမဟုတ် မမဆီကျတော်ရောက်အောင်လာမယ် ။ စိတ်ကိုလှည့်စားလို့ ရတယ်ဆိုတာ အမှန်ပဲမမ။ အချစ်ဆိုတာဟာလည်း ဖန်တီးယူလို့ရတဲ့ ခံစားချက်သက်သက်ရယ်ပါ … ။ စာအုပ်တွေ အတူတူဖတ်ကြ . အရင်ကဖတ်ဖူးတယ်ဆိုတဲ့ စာတွေကို တစ်ယောက်ထည်းပြန်ဖတ်ရင်းစိတ်ကူးယဉ် ၊ တစ်ယောက်ကို တစ်ယောက်စာတွေရေးကြနဲ့ ဘယ်လောက် ကြည်နူးဖို့ကောင်းသလဲဗျာ … ။ ဒါဟာ ဖန်တီးမှုဆိုရင် အနုပညာသက်သက်ပဲဖြစ်တယ် ။ အချစ်ဆိုတာကို ရှာလို့ရယ် ချပြနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းရယ်ပါ … ။ သာမန်ဆန်လွန်းပြီး လှပတဲ့ မိန်းကလေးတွေဆီမှာ ကျွန်တော့်အတွက် အချစ်မရှိဘူးမမ ။ ခဏတာ တပ်မက်နွေးအိတဲ့ ခန္ဓာကိုယ်တစ်ခုမှာလည်း အချစ်ဆိုတာမရှိဘူးမမ ။ ကိုင်တွယ်ထိတွေ့ ဆက်ဆံလို့မရတဲ့ မှတ်မိစိမ့်ထဲက နှုတ်ဆက်တဲ့ လက်တစ်စုံရဲ့ မြဲမြံဆုတ်ကိုင်လိုက်ခြင်းမှာ သာ ကျွန်တော့်အတွက် အချစ်ရှိပါတယ် … ။

“တစ်နှစ်မှာ ၃ ၊ ၄ လလောက် မှိုင်းမှုံနေတဲ့ ရာသီဥတုမျိုးနဲ့နေရတဲ့ အခါ ငိုချင်လာသလို ၊ ရယ်ချင်လာသလိုနဲ့ ရူးတော့မလားတောင် ထင်မိတယ် … ၊ လကလည်း လင်းအောင်မသာနိုင်ရှာဘူး ကိုဦးရယ် .. မွဲခြောက်ခြောက်နဲ့ …၊ သာတဲ့လဟာ လူတွေရဲ့ စိတ်ကိုဆွဲယူနိုင်ပြီး စိတ်ပျက်လွင့်စေတယ်လို့ ပြောခဲ့ဖူးတယ်နော် … ။ မွဲခြောက်ခြောက်လဟာ သည်လိုလှိုက်လှဲလာအောင် တော့ မတပ်နိုင်ရှာဘူး ။ ဒါပေမယ့် သူ့လွမ်းမိုးမှုအောက်မှာ လူတစ်ယောက်ကို ပြောင်းလဲအောင်လုပ်နိုင်ခဲ့တယ်”

ကျွန်တော်ပြောင်းလဲခဲ့ပါတယ် မမ ။ ဝေဝါးနေဆဲ အိပ်ပျော်ရာက နိုးထလာခဲ့ရပေမယ့် မက်လက်စ အိပ်မက်ကိုတော့ ဆက်မက်ချင်နေသေးသလိုမျိုး ။ မျှော်လင့်ချက်နဲ့ အိပ်မက်ဆိုတာ ကွာခြားတယ် မမ ။ Sign နဲ့ Symbol ကွာသလိုမျိုးပေါ့ … ။ ဒါပေမယ့် လူပိန်းတွေကတော့ ဒါကိုတူတယ် ထင်ကြမှာပဲ … ။ ဟုတ်တယ် မမသည်တစ်ချက်တော့ ကျွန်တော်မပြောင်းလဲသေးဘူး .. ။ ကိုယ့်အယူအဆနဲ့ မတူရင် လူပြိန်းလို့ ထင်နေဆဲပဲ .. ။ နောက် ပိုဆိုးတာ တစ်ချက်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ်ပြင်ယူဖို့ဆိုရအောင် ယူဆချက်အတွေးအခေါ် တွေ မှားနေတာကို ခုတိမတွေ့သေးဘူး .. ။ အသိခေါက်ခက် အဝင်နက်တယ်လို့ ဆိုနိုင်ပေမယ့် .. ကျွန်တော့် တကယ်မမှားဘူးထင်နေတော့ ဘာလုပ်ရမလဲ . ။ ညသည်ပို၍ နက်လာ၏ .. ။ လူတို့သူတို့ ကျဲပါးကုန်ပြီ .. ။ မမသည် ထလိုဟန်ပင်မပြ ၊ သူပြန်ဖို့လည်း အရေးတကြီးမလိုသေးဘူးလို့ ထင်၏ ။

“မမလမ်းတွေ လျှောက်ဖြစ်တယ် … ။ အချစ်ဆိုတာကိုလည်း ရှာကြည့်ဖြစ်တယ် ..၊ ကောင်လေးချောချော တစ်ယောက်က ကိုယ့်ကိုယ် အသိအမှတ်ပြုရင် ကြည်နူးရတာ မိန်းကလေးတစ်ယောက်ရဲ့ မူပိုင်ခံစားမှုမဟုတ်လား … ၊ မမ သာမန်မိန်းကလေးတစ်ယောက်ရဲ့ ခံစားမှုသက်သက်ကိုလိုချင်နေမိတယ်. .. ။ တကယ်က ကိုယ့်ကိုယ်ကိုယ်မရိုးသားတာ ပေါ့လေ .. ။ လောကမှာ လူဖြစ်ရတာဟာ သာမန်ဖြစ်ရပ်လေးတွေ တစ်ခုချင်းဆီမှာ ပျော်ရွှင်ဖို့လား ၊ ကြီးကျယ်တဲ့ ရည်မှန်းချက်တစ်ခုကိုအကောင်အထည် ဖော်ဖြစ်ဖို့ စိတ်ညစ်ခံ ပင်ပန်းဆင်းရဲခံပြီး အောင်မြင်မှ တစ်လုံးတစ်ခဲထဲ ပျော်ရွှင်ရဖို့လား .. ၊ ဒါမှမဟုတ် မှန်ကန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ လောကမှာ မရှိတာရယ်ပဲလား … မမ ကိုယ့်ကိုယ့်ကိုယ် ပြန်မေးမိတယ် …”

ပျော်ရွှင်ခြင်းကို ကျတော် ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားဖူးတယ် ။ “ကို့ကို မေက ပျော်စေချင်တာပါ.. ၊ ကိုယ့်မှာ ရှိတာကို positive မြင်ပါ ..” ဆိုတဲ့ မိန်းကလေးတစ်ယောက် အပေါ်မှာလည်း သာယာခဲ့ဖူးပါတယ် ။ မပျော်ရွှင်ခြင်းဆိုတဲ့ အရာကလဲ လူတစ်ယောက်ဘဝမှာ ပမာဏအကန့်အသတ်နဲ့ လာတယ်ရယ်လို့ ယုံပြီး ငယ်ရွယ်ခါမှာ အဲသည်အရာတွေကို ကုန်သွားအောင် မပျော်ချင်သလောက်မပျော်စမ်း ၊ စိတ်ညစ်စမ်း၊ တစ်ခါ စိတ်ဓာတ်ကျစမ်း ရယ်လို့ ဗုန်းဗောလဟော သုံးကြည့်ဖူးတယ် ၊ ဒါပေမယ့် ခုချိန်ထိ အဲဒါဟာက ကုန်မသွားသေးဘူး မမ… ။

“ နောက်ဆုံးတော့ မမသဘောပေါက်သွားတယ် ၊ စိတ်ညစ်မှု စိတ်အလိုမကျမှု ဆိုတာကသာ ကမ္ဘာမှာ တည်မြဲနေတဲ့ အရာပေပဲလို့ .. ၊ စဉ်းစားကြည့်လေ ဘယ်လောက် အဆင်ပြေပြေ ဘယ်လောက် အောင်မြင်မြင် ဘယ်လောက် ချမ်းသာချမ်းသာ သူသူကိုယ်ကိုယ်စိတ်ညစ်နေကြရတာပဲမဟုတ်လား ကိုဦး .. ၊ ပိုက်ဆံမရှိလို့ နေ့ဖို့ညစာမရှိတဲ့သူတစ်ယောက်ရဲ့ စိတ်ညစ်မှုဟာ ငွေကြေးပြည့်စုံပေမယ့် လိုတာမရလို့ ၊ မဖြစ်လို့ စိတ်ညစ်ရတဲ့ သူတစ်ယောက်ထက် ပိုတယ်ဆိုတာကို မမလက်မခံဘူး … ။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်နည်းနည်းလေး လှည့်စားနိုင်ဖို့ ဘယ်သူဟာ ငါ့ထက်ဆိုးလေခြင်းရယ်လို့ မတွေးအပ်ဖူးထင်ခဲ့ဖူး ပါတယ် … ”

လသည် မြစ်ပြင်ထက် ထိပ်တည့်တည့်တွင် သာနေတယ် ။ လူလည်း တော်တော်ပြတ်သွားပြီ … ။ ညသည်ပိုလို့ တိတ်ဆိတ်လာတယ် .. အထီးကျန်ဆန်လာတယ်လို့ ကျတော်ထင်မိတယ် … ။

“ကြိုးစားရင် တစ်ချိန်ချိန်မှာ ကိုယ်ရည်မှန်းတာ ဖြစ်မယ်ရယ်လို့လည်း အရင်က ယုံခဲ့တယ် … ။ ခုရောဆို လုံးလုံးမယုံတော့ တာရယ်လို့လည်း မဟုတ်သေးဘူး… ။ လောကမှာ တကယ်တော့ ရတာလေးနဲ့ ပြည့်စုံအောင်နေနိုင်တာ အကောင်းဆုံးပါ.. ၊ ခုချိန်ရည်မှန်းတာဆိုတော့ ဒါပဲရှိတော့တယ်… ။ မမ ဘဝကို ကျေနပ်ချင်သေးတယ်”

ကျွန်တော်ကတော့ ဘဝမှာပြည့်စုံသွားတယ်ဆိုတဲ့ ခံစားမှုကို ကြောက်တယ် ။ ပိုင်ဆိုင်မှုအနည်းငယ်ကို တစ်သက်တာ သိမ်းပိုက်ထားလိုစိတ်နဲ့ ဘဝကိုရှေ့ဆက်တိုးတက်ပြောင်းလဲမှုကို လက်မခံချင်တော့တဲ့ သိမ်မွေ့လှိုက်လှဲတဲ့ ၊ နောက် လောဘနည်းသွားတတ်တဲ့ ခံစားချက်မျိုးကိုပေါ့ … ။ အရင်က စာအုပ်တစ်အုပ်ဖတ်နေရင်း ခဏချပြီး Online မှာ မမနဲ့ ကျတော်စကားပြောတယ် .. ပြောပြီးလို့ စာအုပ်ကိုပြန်ကိုင်ရင် စကားမပြောခင် အရင်ကဖတ်ခဲ့မိတဲ့ စာလုံးလေးတွေကို ပြန်ဖတ်ရရင် ကျေနပ်သွားတိုင်း ကျတော် ဝမ်းနည်းရတယ် … ၊ အရင်တစ်ချိန်က ပျော်ရွှင်ရတဲ့စောင့်မျှော်မှုဟာ အခုတော့ ပြန်တွေးလွမ်းဆွတ်ရမယ့် အကြောင်းအရာတစ်ခု ဖြစ်သွားပြီလေ… ။ သည်စာလုံးတွေကိုပဲ ပြန်ဖတ်ပေမယ့် ခံစားမှုက ဘာလို့သည်လောက်ကွာနေရတာလဲမမ ။ သည်တော့ ကြည်နူးမှုကို တစ်ဖန်မျှော်လင့်ရပြန်တယ် မဟုတ်လား ။ ရည်ရွယ်ချက်ဆိုတာလည်း သည်လိုပါပဲ … ။ ဘဝမှာ ကျေနပ်တယ်ဆိုတာဟာ ရှင်သန်မှုကို ငြင်းဆန်တာပဲ .. ၊ မတွေးတော့ပဲ မကြံစည်တော့ပဲ မျက်စိမှိုတ်ယုံပစ် ကြာတာမျိုးပါပဲ … ။ တစ်နည်းအားဖြင့် သေဆုံးခြင်းပါပဲ … ။ မမသေဆုံးသွားမှာ ကို ကျွန်တော်မမြင်ချင်ဘူး .. ။

“စောစောက ပြောသလို မမပြောင်းလဲသွားခဲ့တယ် ကိုဦး .. ၊ အရင်ကလို ကိုဦးအထင်ကြီးမယ့် အမျိုးသမီး မဟုတ်တော့ဘူး .. ၊ ဘဝမှာ ခံစားရမှာ အောင်မြင်မယ်ဆိုတာကို ယုံကြည်တတ်တဲ့ ထက်မြက်တဲ့ သူတစ်ယောက်လည်း မဟုတ်တော့ဘူး ..။ ဘဝကို ပျော်ရွှင်တတ်တဲ့ နေပျော်တဲ့ သူတွေကိုပဲ မမ ဆည်းကပ်တော့တယ် .. ၊ club တက် အလုပ်လုပ် ချစ်သူရည်းစားထားရင် ဘဝကို balance ညီညီ ဖြတ်သန်းတဲ့ သူတွေကိုပဲ အတုယူတော့တယ် … ။ တစ်ခါတစ်ခါ ညည်းငွေ့လာတဲ့ အခါမျိုးမှာတော့ မပြောင်းလဲ သေးတဲ့ ၊ ဘယ်တော့မှ ရင့်မာလာမှာ မဟုတ်တဲ့ ကိုဦးကို အရမ်းသတိရမိတယ် … ”

လွန်ခဲ့သော ခြောက်နှစ်ခန့်က အမျိုးသမီးသည် မမှတ်မိနိုင်အောင် ပြောင်းလဲနေပြီလား ၊ ကျွန်တော်သည် စူးရှသော မျက်ဝန်းတစ်စုံကို မှတ်မိနေ၏ ။ ထိုမျက်ဝန်းများသည် ယခုအခါဆေးခြယ်ထား၍ မှုန်မှိုင်းနေသည်လို့ ထင်မိတယ် … ။ ကျွန်တော်တို့ ပြန်တွေ့ရင် ဘဝကို တပ်မက်ကြဖို့ မဟုတ်လား .. ။ ခြောက်နှစ်လုံးလုံး ကျွန်တော်မွေးမြူခဲ့တဲ့ မမဟာ သည်လိုပြောင်းလဲသွားဖို့တော့ မကောင်းပါ… ။ ရက်စက်လွန်းသည်လို့ ဆိုချင်တယ် .. ။ ကျွန်တော် တစ်ခုခု မှားယွင်းနေပြီဆိုတာကို သတိထားမိလာတယ် ။

“ဘဝမှာ ပျော်ရွှင်မှုဟာအရေးကြီးတယ်လို့ ကိုဦးလက်ခံတယ်နော် .. ၊ ခုမမပျော်လားလို့ မေးရင် အရင်ကလို ပူဆာမနေတော့ စိတ်မညစ်ဖူးရယ်လို့ဖြေရမယ် ..။ မမ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင်နေနိုင်လာတယ် .. ၊ ထာဝရတည်မြဲပါမယ်ဆိုတဲ့ အချစ်ကို ယုံပြီး လှိုက်လှဲရင်ခုန်ရတဲ့ပီတိ ၊ ကိုယ့်ကို မြှောက်နေမှန်းသိပေမယ့် ကျေနပ်ရတဲ့ပီတိ ၊ လေးစားစရာမဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ်သိပေမယ့် သူများတွေက ကြည်ညိုတယ်ဆိုရင် စိတ်ကြီးဝင်ရတဲ့ပီတိ ၊ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကို ကူညီနိုင်လို့ လူဖြစ်ကျိုးနပ်တယ်ရယ် မြင့်မြတ်တယ်ရယ်လို့ ကြည်နူးရတဲ့ ပီတိ၊ ဒါတွေကို မမ ကောင်းကောင်းကြီး ခံယူတတ်လာပြီလေ.. ။ ကိုယ်ကိုယ်ကို ကျေနပ်လာတယ် ကိုဦး … မမ မညာပါဘူး ၊ ကိုဦး အထင်ကြီးမှာ မဟုတ်မှန်းလည်း မမသိတယ် ။ ဒါပေမယ့် ဘဝမှာ နေပျော်တယ်ထင်လာ တာတော့ အမှန်ပဲ ..၊ မမကို သနားစရာ ရယ်လို့ ကိုဦးမြင်မှာပဲ ..၊ ဒါပေမယ့် ဒါဟာ ထီးတည်းဆန် နေတာထက်တော့ မမအဖို့ နေလို့ ပိုကောင်းတာလည်း အမှန်ပဲ”

လူတွေဟာ ဘာလို့သည်လောက်တောင် ထီးတည်းဆန်ရတာလဲ မမ ။ ဘယ်အချက်ကြောင့်သည်လိုဖြစ်ရတာလဲ သိလားမမ ။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ တောင့်တပူဆာ နေကြရတယ် ၊ သူတို့ပျော်ရွှင်ကျေနပ်ဖို့ ထီးတည်းနေရင်း တစ်ပါးသူကို မျှော်စောင့်နေရတတ်တယ် …။ ကမ္ဘာပေါ်မှာဖြစ်တည်မှုအားလုံးဟာလည်း အထီးကျန်ဆန်မှုကို ဖေးကူအားမြှောက်ပေးနရတာလဲ ။ သည်ညကို ပဲ ကြည့်စမ်းမမ … ။ ကောင်းကင်က လမင်းကြီးဟာ ဘယ်လောက်အထီးကျန်သလဲ .. ။ သူကရော ကမ္ဘာဆီကဘာကို မျှော်ကိုးရင်းလှည့်ပတ်နေရတယ်ဆိုတာရော မမတွေးဖူးရဲ့လား … ။

မှတ်မိသလောက် လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က ကျတော်တို့သိကြတုန်းက အမြဲလိုလို လမ်းလျှောက်ရင်းစကားတွေပြောဖြစ်ကြတာကိုပဲ အမှတ်ရတယ် ။ လူသားနှစ်ယောက် စကားတွေ မနားတမ်းပြောရင်း မြို့ကလေးရဲ့လမ်းတွေပေါ်မှာ လျှောက်ဖြစ်ခဲ့ကြတယ် ။ မျှော်လင့်ချက်တွေလွင့်တင်ရင်း ၊ ပြန်လည်ဖမ်းယူတွေ့ထိ စမ်းသပ်ရင်း ။ အဲသည်တုန်းက တစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ ကျန်တစ်ယောက်ပဲဆိုတဲ့ ရိုးရှင်းလှတဲ့ သီအိုရီကို တို့တစ်တွေ ဘာလို့မသိခဲ့ကြတာလည်းမမ ။

မမနဲ့ခွဲရစက သွားခဲ့ဖူးတဲ့ အရင်နေရာတွေကို ကျတော်သွားကြည့်ဖြစ်သေးတယ် .. ။ အရင်လို ကြည်နူးမှာ မဟုတ်တော့ဘူး ဆိုတဲ့ လွမ်းဆွတ်ခြင်းမျိုးနဲ့ပေါ့ .. ။ သည်လိုခံစားချက်မျိုးနဲ့ ကိုယ့်စိတ်ကို ညှင်းဆဲရတာ ကျွန်တော်ကျေနပ်တယ် ။ ဘာကြောင့်လည်းဆို အဲသည်နေရာတစ်ခုဟာ ကျွန်တော့်အတွက် အရေးပါပါတယ်ဆိုတဲ့ ဖြစ်တည်မှုကို ပိုမိုအသေးစိတ်ခံစား ကြည့်ချင်ရုံ သက်သက်ပါ ၊ တစ်ခေါက်ခံစားပြီးတိုင်း မမေ့နိုင်လောက်တဲ့ နောက်သည်ကို တစ်ဖန်ပြန်သွားဖို့မလိုလောက်တဲ့ ခံစားချက်မျိုး ၊ တမ်းတမှုမျိုးကို ကျတော်လိုချင်လို့ပါ ။ အဲသည်လိုအခါတိုင်း ရှူရှိုက်တဲ့ လေထုထဲမှာ သစ်လွင်တဲ့ လန်းဆတ်မှုကိုရတယ် ၊ ကျွန်တော်နင်းတဲ့မြေလွှာရဲ့ နူးညံ့တဲ့ သစ်လွင်ခြင်းကိုရတယ် ၊ အစားအသောက်တိုင်းရဲ့ ပြောင်းလဲတဲ့ အရသာအသစ်ကိုကျတော်ရတယ် ။ တစ်နည်းအားဖြင့် ဝေးကွာလှတဲ့ တစ်နေရာက ဖြစ်တည်မှုအသစ်နဲ့ ကိုယ်ကိုယ့်ကိုယ် ပြန်တွေ့မိသလိုမျိုးပဲပေါ့ ။ အဲသည်လို အသစ်ဖြစ်တည်မှုခဏမှာပဲ ကျတော်ဟာ မမပြောခဲ့ဖူးတဲ့ အသံတွေနဲ့ဝေးရာ ၊ အမှတ်တရတွေနဲ့ ဝေးရာကို ပြေးထွက်ဖို့ကြိုးစားမြဲပါပဲ … ။ မမကတော့ ပြေးထွက်သွားပြီ .. ။ သည်တစ်ခါ ကျတော်အလှည့် ပြေးပါရစေတော့ …. ။

“မမသွားမယ်ကွယ် ၊ ကိုဦးက မမပြောချင်တာတွေ ပြောခဲ့ပြီးပြီ… ၊ ကိုဦးလည်း မမကို ပြောစရာ ရှိမှာ မဟုတ်တော့ပဲ .. ၊ မပြောင်းလဲသေးတဲ့ ကိုဦးကို တွေ့ရတာ မမတကယ် ဝမ်းသာပါတယ် .. ၊ နောက်ပြီးတော့ ကိုဦးကို ခံစားစေခဲ့မယ်ဆိုရင် မမကို ခွင့်လွှတ်ပါ … ။”

ကျွန်တော့် စိတ်ကို သိသည့်နှယ် မမသည် လက်ကိုဆွဲကာ နှုတ်ဆက်၏ ။ ခုချိန်မှာတော့ ဘဝမှာ ကျေနပ်သွားသောကြောင့်ထင်ရဲ့ ယခင်ကလို အားတင်းဟန်ဖြစ်ညှစ်သည့် အထိအတွေ့မျိုးမပါတော့ချေ ။ ကျွန်တော် အတန်ကြီး ထူပူနေတော့ ရေပြင်ပေါ်က လကိုပဲ ငေးကြည့်နေမိခဲ့တာ … အတော်ကြီးကိုကြာတယ် .. ။ ကျွန်တော့် စိတ်ထဲမှာအသစ်တစ်ဖန် မွေးဖွားဖြစ်တည်ရင်း သေဆုံးသွားတဲ့ သူတစ်ယောက်ကို လွမ်းဆွတ်ရင်းပေါ့ … ။

သည့်နောက်ပိုင်းမှာ မမကို ကျွန်တော်ထပ်ပြီးမတွေ့ရတော့။ ခြောက်နှစ်ကျော်ကြာ ဖြစ်တည်သော အတွေးထဲမှာ ရှင်သန်နေမှု ပျောက်ကွယ်သွားတာကိုတော့ ဘယ်သူကမှ သိမယ်မထင် သလို ရှင်းပြလို့လည်း ရမည်မထင်ပါ ။ မမက မာယာသုံးပြီး ကျွန်တော့်ထံတွင် ရှင်သန်နေသည့် သူပုံရိပ်ဟောင်းကို မနှစ်မြို့ခြင်းကြီးစွာဖြင့် လာတွေ့ ဖျက်ဆီးသွားခြင်းမျိုးဖြစ်နိုင်ပါတယ် ။ မမဘာဖြစ်သွားသလဲ .. ဘယ်ရောက်သွားသလဲကို အမှတ်တမဲ့စုံစမ်းတိုင်းလည်း သတင်းမရခဲ့ ၊ မြို့ကလေးသို့ပြန်လာသည်ပင် ဘယ်သူမှမကြားလို့ ဆိုကြတယ် ။ မိုင်ပေါင်းများစွာ ကမ္ဘာမြေမှဝေးကွာနေသောလည်း သစ္စာရှိစွာ မျှော်လင့်ချက်မဲ့လွန်းစွာ အဖော်ပြုလှည့်ပတ်တတ်မြဲဖြစ်သော ၊ ခံစားချက်ရှိလျှင်နာကြည်းကောင်း နာကြည်းနေပေမယ့် လကမ္ဘာဂြိုလ်ယံအပေါ် ကိုယ်ချင်းစာစိတ်ဖြင့် လသာသောညများတွင် မြစ်၏နဘေးက ထိုနေရာကို ကျွန်တော်လမ်းလျှောက်ထွက်စမြဲ … ။ ထုံးစံအတိုင်း အပေါ်ယံ ပျော်ရွှင်မှုကို ခံစားရစမြဲ ၊ အနည်းငယ်အားထုတ်ပါက လွယ်ကူပေါချောင်သော တစ်ညတာ အဖော်ကိုတွေ့ စမြဲပင်ဖြစ်ပါတယ် ။

Aung Phyoe
(ဖေဖော်ဝါရီ ၂၉ ၂၀၁၂ ၊ 2:19 PM)