31 December 2008

New Year


တစ်နှစ် တစ်နှစ်ဆိုတာ အကူးအပြောင်းမြန်ပေမယ့် တစ်ရက်နှစ်ရက်အတွင်း အရွယ်က သိသိသာသာကြီးအိုမင်းသွား တာမျိုးလည်းမဟုတ်တော့ ခန္ဓာကိုယ်အနေနှင့်တော့ သိပ်မသိသာလှ ။ စိတ်အတွင်း သဏ္ဍာန်မှာဆိုရင်တော့ နှစ်သစ်ရောက်လို့ စိတ်ရွှင်သွားသလို ၊ စိတ်ဖိစီးမှုတွေနှင့် နှစ်ဟောင်းဟာ ကျန်ခဲ့ပြီရယ်လို့ ကိုယ်ကိုယ်လိုခဏလောက်တော့ လှည့်စားလို့ရရင် ရနိုင်မယ် ။
+++++++++

သည် New Year … မှာ တော့
ထူးမခြားနားစွာပဲ ပန်းတွေလည်း ပွင့်မြဲ ပွင့်မည် ။ ပျော်တတ်သူတွေလည်း ရှာကျန်ပျော်ကြမည် ။ နှစ်သစ်ကိုလည်း ကြိုမြဲကြိုရမည် ။ နှစ်ဟောင်းကိုလည်း ချန်မြဲချန်ရစ်ခဲ့ကြရမည် ။
သည်ထက်ပိုပြီးတော့ တော့… ဘာမှ မထူးခြားပါ ။


“သည်ည …. လူငယ်တွေပျော်ကြ
ကားတွေ ၊ ရထားတွေအကုန်မှာ လူငယ်တွေပြည့်လို့
နှစ်သစ်ကိုကြိုကြ …. သတဲ့လေ
Happy New Year
Happy New Year
စိတ်ပူပင်ကြောင့် ကြမှုဆိုတာရော
သူတို့တတွေ ခေါင်းထဲမှာ ရှိမှရှိပါစ ….”

သည်ည တစ်ခုခုတော့ ထူးခြားနေသည် ။ ခါတိုင်းလို စာဖတ် ၊ ရုပ်ရှင်ကြည့်လို့လည်း မရ ၊ သည်တော့ အိပ်ယာပေါ် ဝင်လှဲပြီး မျက်နှာကျက်ပေါ် စိုက်ကြည့်လို့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်နေတော့လည်း တစ်ဒင်္ဂတောင်စိတ် စုစည်းလို့မရ .. ။ ရုတ်ချည်းထ၍ ပြတင်းဘက်လှမ်းကြည့်တော့ မြင်ကွင်းမှာတော့ ခါတိုင်းလိုပဲဘာမှ မထူးခြား ။ ဆူညံသံတွေသာ ကြားနေရသည် ။နောက်ပြီး သည်မှာတော့ ချမ်းမြမြလေးတောင်မအေး ။ ညသည်အိုက်စပ်စပ်နိုင်လှသည် ။ ဟိုဆီမှာတော့ ဆောင်းနှင်းလေအေး ပတ်ဖျန်းတဲ့ New Year ပေါ့ ။ သည်လို ချမ်းတဲ့ညမျိုးမှာ တစ်ယောက်ယောက်ကများ ကိုယ့်အတွက် သက်သက်ရည်ရွယ်လို့ “ဆောင်းအမီ” သီချင်းကိုဆိုမနေနိုင်ဘူးလား ။ အိုက်စပ်စပ်နိုင်တဲ့ သည်ညမှာ မျောနေရတဲ့ ကျတော်ကတော့ သည်သီချင်းကိုမုန်းသည် ။ “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” ဆိုတဲ့ သီချင်းမျိုးကိုလည်း မကြားရဲ ။ မချမ်းဘဲ ၊ နှင်းမဝေဘဲ သည်မှာတော့ နှစ်သစ်ကူးနိုင်သည် ။

သည်လိုညမျိုးမှာ ကောင်လေးတွေက ချစ်သူဆီပေးဖို့ လက်ဆောင်ကို စီစဉ်နေကြလိမ့်မယ် ။ ကောင်မလေးတွေကလည်း “Happy New Year” ချစ်သူဆီက ဖုန်းအလာကိုစောင့်နေကြ ရင်း မနက်ဖြန်မနက်မှာ ရောက်လာမယ့် နှစ်ကူးလက်ဆောင်ကို စိတ်မှန်းပြီး မျှော်ကောင်းမျှော်နေကြပေပေါ့ ။ ကောင်လေးတွေကရော နှစ်ကူးလက်ဆောင်ကို နှင်းဆီနီတွေပေးမလား ၊ ကောင်မလေးတွေကရော ကောင်လေးတွေအတွက် လက်ကိုင်ပုဝါ လက်ဆောင်ပေးဖို့များ ကြံနေကြလေရော့လား ။ ပန်းနီနီလည်းမပေးဖူးပါပဲ ၊ လက်ကိုင်ပုဝါလည်း တစ်ထည်တစ်လေတောင် လက်ဆောင်မရဖူးပဲနဲ့များ ခုလိုညမျိုးမှာ တစ်ယောက်ထည်း ယောင်တောင်တောင်ဖြစ်နေရတဲ့ ကျတော့်အကြောင်း သူတို့လေးတွေသိအောင် အကြောင်းကြားရင်ကောင်းမလား ။ သည်လိုမျိုးလက်ဆောင်ပေးရင် ချစ်သူချင်းကွဲတတ်ကြသတဲ့ ။ ဒါပေမယ့်လည်း သည်လိုအဆိုမျိုးဟာ ခေတ်အဆက်ဆက်၊ လူမျိုးပေါင်းစုံမှာ လက်ခံလိုက်နာ ကြပါတယ်လို့တွေးမိတော့ စိတ်သက်သာသလိုရှိသွားသည် ။ နှစ်သစ်လက်ဆောင်ကြောင့် ကွဲရတယ်ရယ်လို့တော့ မရှိကောင်းပါဘူး ။

လမ်းမီးရောင်လက်လက်သည် တမ်းတလွမ်းမော စိတ်ကိုနှောင့်ယှက်သည် ။ ဘေး ၊ အောက် ၊ အပေါ် ရှိသမျှမှ ကျယ်ကျယ်လောင်လောင် ပျော်နေကြတဲ့ အသံဗလံတွေက အဆိုးဆုံးပါဘဲ ။ အောင်မလေးဗျာ Happy New Year …. ဘာပျော်စရာလဲ ။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကူးတာ ဘာများထူးခြားလို့လဲ .. ။ အသက်တစ်နှစ်ကြီးတော့ရောဘာများ ချက်ချင်းကြီးပြောင်းလဲသွားမှာလဲ ။ ကျတော့်မှာ စိတ်ညစ်ညူးထိုင်း မှိုင်းစရာတွေရှိ သမျှပျောက်သွားပြီးတဲ့လား .. နှစ်ဆန်းတစ်ရက်နေ့မှာ ။ အရာရာကို အစဆိုပြီးပြန်စလို့ ရမှာတဲ့လား ။ ချာခနဲလှည့်လို့ မီးရောင်စုံကို ကျောခိုင်းလိုက်သည် …။ မျက်နှာချင်းဆိုင်မှာတော့ ပူပူလောလော ဝယ်ထားတဲ့ နှစ်သစ်ပြက္ခဒိန်ကြီးက ထီးထီးမားမား….။

စားပွဲပေါ်မှာတော့ ဖတ်လက်စစာအုပ်ကြီးက ထီးထီးမားမား … ။ အောင်မလေး ထူလိုက်တာ တစ်ဝက်ကျော်ပြီးအောင်ဘယ်လိုများဖတ်လိုက်တာပါလိမ့်…။ အိပ်မပျော်နိုင်သေးတာတော့ အမှန် ။ သည်လို ညမျိုးမှာ အိပ်ဆေးကိုအားကိုး ရရင်တော့ ကျတော့်လောက် ညံ့တဲ့သူ ရှိတော့မှာမဟုတ် ။ ဖျစ်ညှစ်ပြီးတော့လည်း စာအုပ်ကြီးကို ဖတ်နေနိုင်ပေါင် ။

အတိတ်ကို ယောင်ယောင်လေးတွေရုံမှ နှင့်မွန်းကျပ်ကျပ်ဖြစ်လာတတ်တော့ သည်လိုညမှာ အနာဂတ်ကိုပဲတွေး ရမည်ဆိုရင်တော့ သိပ်မဆိုးလှ ။ နောက်နှစ်မှာ ဘာများဖြစ်လာမလဲ ။ ကောင်းတာကိုချည်းမျှော်လင့်ထားသလို သည်လိုညမျိုးမှာကျ တွေးရတာတော့ ပျော်စရာ ။ နောက်နှစ်မှာ ငါပိုပြီးတော်မယ် ၊ ပိုရင့်ကျက်မယ် ။ ပိုကြည့်ကောင်းလာမယ် ။ သည်လိုဆို အခုလို ယောင်တောင်တောင်ဖြစ် ရမှာမဟုတ်တော့ ။ ခုလို တစ်ခုခုကို စိတ်ပူပြီး မောမဆုံးလည်း ဖြစ်ရမှာမဟုတ်တော့ ။ သိပ်ကိုလှပတဲ့ အနာဂတ်ပါလား ။ အဲလေ… နှစ်သစ်ပါလား ။ အဲဒီ နှစ်သစ်ကို မကြာခင်ငါပိုင်ဆိုင်ရတော့ မှာပါလား ။ သည်လိုဆိုတော့လည်း …. လောကဟာ နေပျော်ပါသလား ။ အခုလောလောဆယ် မပြည့်မစုံဖြစ်အမျှ နှစ်သစ်မှာ အစစ အဆင်မပြေဖူးလို့ ဘယ်သူကြိုမြင်နိုင်လို့လည်း ။ လောကကြီးသာယာပါစေ ။ ကြားရ သမျှ တေးသံတွေ ၊ ဂစ်တာသံ ဒေါင်ဒင်တွေဟာ အသက်ဝင်လာသလို ရှိသည် ။

Happy New Year …..
Happy New Year …..
Happy New Year …..

သည်ညတော့ ရေးနေကျ Diary မှာ များများစားစားကြီးရေးဖြစ်တော့မည် မဟုတ် ။ တကယ့်ကိုတိုတိုလေး …


“Happy New Year 2009
နှစ်အကူးသာပါစေ … ၊ မောင့်ချစ်ဦးလည်း မာပါစေ .. ။”

+++++++++
နှစ်ကူးတေးသံ ဆူဆူညံနဲ့ လမ်းပေါ်ကအော်သံတွေကြားမှာ နစ်မြောလို့ ဟိုအဝေးဆီက တမ်းတမ်းတတ သီကြွေးလိုက်တဲ့ “ဆောင်းအမီ” သီချင်း စာသားတစ်စွန်းတစ်စကို ကြားလိုက်မိသလိုတော့ ရှိသား ….. ။ ။

Aung Phyoe
(31.12.2008 - 11:25pm)

21 December 2008

သံသာလေကမ်းတိုင် - ဇာတ်သိမ်း

(သည်ပုံထဲက ကျတော်ဖက်ထားတာ Birthday Boy ပေါ့ ။ စားပြီးတာလည်းကြာပြီ .... မအားလို့မတင်ဖြစ်တာ ။ အခုတော့ အဆုံးအထိ တင်ပေးလိုက်ပါပြီ ၊ ကျေနပ်မယ်လို့လည်း မျှော်လင့်ပါတယ် .. ။ ကျတော့်  သူငယ်ချင်း ကြီးလည်းလိုရာ ဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ပါစေဗျား ) ....

++++++++++

(၄)



ကောင်ကလေးဟာ အိမ်ရဲ့ခပ်မှောင်မှောင်လမ်းအကူးမှာ သိမ်းထားတဲ့ လေတံခွန်သေတ္တာတွေကို ရှာတွေ့သွားသည် ။ သူကိုယ်တိုင်ကလည်း သည်ဟာတွေကို မမနိုင်သည့်အတွက် ကြမ်းပြင်တစ်လျှောက် အသံမမြည်အောင် တွန်းရင်းရွှေ့လာ ရသည်။ ရှိုဟမွန်ဟာ ကောင်ကလေးကို ကူရင်း လေတံခွန်တွေကို သယ်လာပေးကာ ရစ်ဘီးလုံးမှာတပ်ပေးဖို့ အိမ်ဝန်းထဲကိုသယ်လာသည်။ မီးဖိုဆောင်ထဲမှာ မိန်းမတွေကလည်း ဘာတွေများပါလိမ့်ဆိုတဲ့ အတွေးမျိုးနဲ့ ထွက်လာပြီးကြည့်ကြသည်။
“သည်စွန်တွေကို ဘယ်တော့လောက်လွှတ်ရမှာလည်း ဦးဦး”
“စွန်လွှတ်မယ် ဟုတ်လား” ။ သည်လိုအတွေးမျိုး သူ့ခေါင်းထဲတစ်ခါမှ မ၀င်ခဲ့ဖူးပေမယ့် အခြားသူတွေ အတွက်ကတော့ စွန်ဆိုတာ လေမှာပျံဝဲအောင်လွှတ်ဖို့ပဲလို့ ထင်ကြပေလိမ့်မည် ။



“မင့်ဦးဦးကတော့ စွန်ကိုလေထဲရောက်အောင်တောင် လွှတ်တတ်မှာ မဟုတ်ဖူး ။ မင့်အဖော်တွေကိုသာ ခေါ်ပြီးလွှတ်ကြပေတော့” အဒေါ်က ရစ်လုံးခွံတစ်လုံကို ပေးရင်းပြောလိုက်သည်။ မုဆိုးမလေးကတော့ ထောက်ခံဟန်ဖြင့် ပြုံရုံသာပြုံးပြသည်။ သူတို့ဟာ ဘီမသေနပွဲတော်နေ့ (ဟိန္ဒူဝါဒအရ စက်ပစ္စည်းတွေကို စောင့်ရှောက်သည် အဆိုရှိသောနတ်) မှာပဲ စွန်လွှတ်ပွဲကျင်းပကြတာပေါ့ လို့သဘောထူကြသည်။ သည်တော့ စဦးပထမအဖြစ် စွန်လွှတ်ဖို့ ရစ်ဘီးတွေ ကြိုးတွေကို အစဉ်သင့်လုပ်ထားကြရမည် ဖြစ်သည်။ အထူးသဖြင့်တော့ စွန်ကြိုးတွေဟာ ပြိုင်ဘက်တွေနှင့် လွန်းထိုးယှဉ်ပြိုင်ဖြတ်ကြရင် တိခနဲပြတ်နိုင်အောင် မှန်စာကောင်းကောင်းတိုက် ထားဖို့ အလွန်အရေးကြီးသည် ။ စွန်ကြိုးတွေ မငြိမတွယ်ရှိရလေအောင် သစ်ပင်သစ်ကိုင်းကင်းပြီး မိုးကုပ်စက်ဝိုင်းထိ မဖုံးမကွယ် မြင်သာလောက်တဲ့ ကွင်းပြင်ကျယ်တစ်ခုကိုတော့ ရွေးချယ်တွေ့ရှိသွားကြပြီးဖြစ်သည် ။ သည်စွန်လွှတ်ပြိုင်ပွဲအကြောင်းတွေးမိလိုက်သည် ဆိုရုံနှင့်ပင် သူတို့ခမျာ တက်ကြွခြင်းဖြင့် ရင်ခုန်လှိုက်မောမိစမြဲ ဖြစ်သည်။ ကျောင်းဆရာတစ်ယောက် ပီသစွာပင် ရှိုဟမွန်ဟာ သည်လိုအချိန်မျိုးမှာတောင် ကောင်ကလေးကို လေ့ကျင့်ခန်းစာအုပ်ချပေးရင်း “တကယ်လို့ လေတံခွန်တစ်စင်းဟာ ပေငါးရာထိ ကြိုးအရှည်ဆွဲပြီးလွှတ်တယ်ဆိုရင် ၊ လေတံခွန် အစင်း နှစ်ဆယ်ဆိုရင် ဘယ်လောက်အမြင့် ရောက်မလဲ” ၊ ကောင်ကလေးကတော့ မျက်မှောက်ကြုပ်လျက် “လေတံခွန်ကို ပေငါးရာထိပဲ လွှတ်မယ်ဟုတ်လား ။ ဒါဆို ပြိုင်ဖြတ်ကျရင် ကြိုးတွေရှုပ်ကုန်မှာပေါ့ ဦးဦးရဲ့ ၊ ဒါမျိုးဆိုတာ မြင့်လေကောင်းလေပဲ” ။ တစ်နေ့လည်လုံလုံးလဲ သူတို့နှစ်ယောက်ဟာ အိမ်နားနီးချင်းပတ်ဝန်းကျင်မှာ ပုလင်းပို ပုလင်းကွဲတွေ လိုက်တောင်းရင်နဲ့ပဲ အချိန်ကုန်ကျသည် ။ ရှိုဟမွန်ရဲ့ အဒေါ်ကတော့ သည်ပုလင်းကွဲ ပုစုခရုအားလုံးကို မီးဖိုထဲမှာ ခွဲလိုက်ပြီး ကျည်ပွေ့တစ်ချောင်းနဲ့ တကျည်ကျည်ကြိတ်ရင်း လက်မမှာတောင် မတော်တဆ ဖန်ကွဲစစူသွားသေး၏။ ဖန်ကွဲစမွမွတွေအပေါ် ကော်ရည်ကျက်ကျက်ဖြင့်သိပ်စေပြီး ကောင်းကင်ပြာပြာမှာ စွန်ကြိုးကို ထင်သာမြင်သာရှိစေဖို့ ရည်ရွယ်လျက် ဆေးနီမှုန့်တွေကိုလည်း ဖျော်၍စပ်လိုက်သေးသည်။ ကျောင်းက ပြန်လာပြီဆိုသည်နှင့် ကောင်ကလေးနှင့် အိမ်ဘေးမြေကွက်လပ်မှာ စွန်ကြိုးကျစ်ရင်း အချိန်ကုန်ရတော့သည်။ ကျွမ်းကျင်အလုပ်သမား များလိုပင် သူတို့နှစ်ယောက်ဟာ ပ၀ါစုတ်နှင့်လက်သုတ်ကာ ၊ ပုံးတစ်ပုံးနှင့် အပြည့်ထည့်ထားတဲ့ မှန်စာတွေကို ကျစ်ကြိုးပေါ်မှာ အထူအပါးညီအောင် သတိထားပြီး သုတ်လိမ်းကြရသည် ။ အားလုံးအပြီးသတ်သွားချိန်မှာတော့ နှစ်ယောက်သား မီးဖိုချောင်မှာထိုင်ရင်း အိမ်နောက်ဖက်တစ်ခွင် ခြောက်သွေ့အောင်လှမ်းထားတဲ့ မှန်စာကြိုးနီနီတွေကို ငေးကြည့်ရင်း ငရုတ်ခင်းနီနီတစ်ခင်းကို ဖန်ဆင်းထားမိသလို လှပပေတကားဟု ၀မ်းသာအားရဖြစ်ကြလေသည်။



အခုတလော ကျောင်းမှ စက်ဘီးစီးအိမ်ပြန်လာတိုင်း တစ်ရွာလုံး စွန်လွှတ်ပွဲအကြောင်းပြောကာ သောင်းသောင်းညံနေကြသည့် အသံတွေကိုကြားရသည် ။ လက်ရည်တူကောင်ကလေးတစ်စုကို အသင်းလေးတွေဖွဲ့ပေးရင်း ရွာကုန်စုံဆိုင်ပိုင်ရှင်က နိုင်ငံခြားဖြစ် စွန်တွေနဲ့ ယှဉ်ပြိုင်ရဲသူတိုင်း သူ့ဆိုင်ကဒေသဖြစ် စွန်တွေနှင့် အခမဲ့လေ့ကျင့်ခွင့် ပေးကြောင်းစသည်ဖြင့် သွေးထိုးလှုံ့ဆော် ပေးတတ်သေးသည်။ တကယ်တကယ်ပြိုင်ပွဲနေ့ကျတော့ ပထမဆုံး ဂျပန်ဖြစ်လေတံခွန်ကို ဂျပ်သေတ္တာထဲကထုတ်ပြီး ကျောင်းဘေးက ကွပ်လပ်မှာလွှတ်တော့ လူအုပ်ကြီးက စိတ်ဝင်စားဟန်မပြဘဲ တိတ်ဆိတ်နေသေးသည်။ လေတံခွန်ဟာ သံခမောက်ဆောင်းဆာမူရိုင်းသူရဲကောင်းကို ကြီးမားတဲ့သွားတွေနဲ့ ကိုက်ဝါးထားတဲ့ “ဘရိုမို” ဂျပန်ဘီလူးကြီးရဲ့ မျက်နှာ သဏ္ဍာန် ။ ကြက်သွေးရောင်နှင့် အညိုဖျောဖျော့ စပ်ရောထားတဲ့သည်လေတံခွန်ကြီးဟာ ကောင်စွာထိန်းမတ်မပျံနိုင်သေးဘဲ ခပ်ကြမ်းကြမ်းလေအသုတ်ဝယ် တွဲလောင်းခိုကာပါနေသည် ။ “အာဋ္ဌာဝကကြီး ဟေ့” ။ ပရိတ်သတ်ကတော့ မဟာဘရတ ကဗျာရှည်ကြီးထဲက စစ်သူရဲကောင်းတွေကို ကျွတ်ကျွတ်မြည်အောင်ဝါးစားတတ်တဲ့ ဘီလူးတစ်ကောင်အမည်ပေးကာ အားပေးကြသည်။ ကလေးတွေအလယ်မှာ ရပ်နေတဲ့ ရှိုဟမွန်ကတော့ ရစ်ဘီးကို လှည့်ရင်း ကောင်းကင်ဆီကို မမှတ်မသုန် အာရုံစိုက်နေသည် ။ ပြဇာတ်တစ်ခုမှာ ဇာတ်ကောင်တွေ အ၀င်ရှိသလို လေတံခွန်မျိုးစုံဟာလည်း တစ်ခုပြီးတစ်ခုပေါ်လာ ကြသည်။ တက်ကြွစွာပျံဝဲနိုင်ပြီဖြစ်တဲ့ ဂျပန်လေတံခွန်ကြီးဟာ စွန်ကြိုးကိုဝှိက်ဝေ့လို့ လှလှပပကြီး ဝဲပြလိုက်သည် ။ ခေါင်းတုန်းပြောင်ပြောင်မှာ အဝတ်ပတ်ထားကြတဲ့လယ်သမားကြီးတွေ ၊ ဆံပင်တွေကိုထုံးနှောင်ထားကြတဲ့ မိန်းမကြီးတွေပါတဲ့ လူအုပ်ကြီးကတော့ သောင်းသောင်ဖျဖျ သြဘာပေးကြသည်။ နေရောင်ရောင်ထိုးနေတဲ့ ဖန်ခွက်တစ်လုံး ရောင်ပြန်ဟတ်နေသလို သူတို့တတွေရဲ့ တက်ကြွအားပေးမှုဟာ ကောင်းကင်တစ်ခွင် ကျဲပျံ့လို့နေသည် ။ သို့သော် ချက်ခြင်းဆိုသလို အားပေးဦးညွှတ်မှုတွေ့ လျော့ကျသွားလို့ မျက်လဲဆန်ပြာဖြစ်သလိုနဲ့ ခပ်တိုးတိုးပြောင်လှောင်ရယ်မောသံတွေ ဖုံးလွှမ်းသွားသည်။ “ကျောင်းဆရာ မိန်းမဟာကြီး ရှုံးမှာပါကွာ … ” တစ်ယောက်ယောက်က ခပ်အောင့်အောင့် ရယ်မော ရင်းအော်ပြောလိုက်သည် ။ သည်နောက်မှာတော့ ဒေသခံစွန်တွေရဲ့ အနိုင်ရလိုစိတ်နဲ့ စွန်ကြိုးတွေကန့်လန့်တိုက်ရင်း တစ်စွန်ပြီးတစ်စွန် အားပြိုင်ပြီး တွင်တွင်ကြီးဖြတ်ချနေတော့သည် ။ ခဏချင်းမှာပဲ ရှိုဟမွန်ဟာ ရှိသမျှစွန်တွေ အကုန်များကုန်ပြီးလားလို့ စိတ်ထင့်သွားမိပေမယ့် ကောင်ကလေးဟာ အိမ်ပြန်သွားပြီးနောက် ရှိသမျှ လေတံခွန် ဂျပ်သေတ္တာတွေကို သယ်လာခဲ့သည်။ နောက်တော့ ပျံလွှားပုံ ၊ ပုစင်းပုံ ၊ နောက်တော့တောင် ပုံဆိုးဆိုး ကမာကောင်ပုံရှိတဲ့ လေတံခွန်တွေဟာ လေဟုန်စီး တရှီရှီပျံဝဲရင်း ကွင်းပြင်တစ်ခွင်ဆူညံသွားသည် ။ သည်အဖြစ်ဟာ ဝေဟင်ဆပ်ကပွဲတော်တစ်ခုလေများလားဟု ထင်မှတ်မှားရပြီး လူအုပ်ကြီးရဲ့ လက်ခုပ်လက်ဝါးတီးအားပေးသံ တွေလည်းဆူညံသွားတော့သည် ။



ရှိုဟမွန်ဟာ သည်ပွဲကို လူအုပ်ကြားက ထက်သန်စွာ အားပေးနေတဲ့ သူ့အဒေါ်နှင့်မုဆိုးမလေးနှစ်ယောက်စလုံးကို လှမ်းမြင်လိုက်ရသည် ။ သူဟာ မီရကီရဲ့ စွန်တွေအတွက် ဂုဏ်ယူမိပြီး နောက်ဆုံးအနေဖြင့် အမြင်ရိုးလှသော်လည်း ဖျက်လတ်သည့် နာကာဆာကီ လေတံခွန်ကြီးကို ထုတ်ယူလိုက်သည် ။ ခဏနေတော့ သည်စွန်ကို ယှဉ်ပြိုက်ဖြတ်မယ့် ခပ်တောက်တောက် အမြီးရှည်ရှည် ဒေသဖြစ်စွန်တစ်စင်းဟာ တိမ်ကြားတွင်းမှတိုးထွက်လာသည် ။ တစ်ဒင်္ဂအတွင်းမှာပင် ဂျပန်ဖြစ်နှင့် အိန္ဒိယဖြစ် လေတံခွန်နှစ်စင်းဟာ မိုးကုပ်စက်ဝန်းထောင့်နှစ်ထောင့်မှာ မျက်ဆိုင်အနေအထားနေရာယူ လိုက်ကြသည်။ ပွဲစပြီ ဆိုသည်နှင့် နှစ်စင်းစလုံးဟာ တိုးဆင်းသည်လေယာဉ်နှစ်စင်းအဟုန်နှုန်းဖြင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုးဝင်လိုက်ကြသည် ။ ကောင်းကင်ပြာနောက်ခံဝယ် နာကာဆာကီစွန်ကြီးမှာ သဘာဝအားဖြင့် အင်အားကြီးဟန်ရှိသကဲသို့ အနီရောင်ဒေသဖြစ်စွန်မှာလည်း လူအုပ်ကြီး၏အားပေးမှုကို တခဲနက်ခံယူနေဆဲဖြစ်သည် ။ အလင်းရောင်ရော့လာချိန်တွင်မတော့ နောက်ဆုံးပိတ်ပွဲကြီးပွဲကောင်းအတွက် ရှင်းရှင်းလင်းလင်းဖြစ်အောင် အခြားစွန်တွေအားလုံးကို ရစ်ဘီးပြန်သိမ်းလိုက်ကြသည် ။ ရှင်လင်းသွားတဲ့ ကွင်းပြင်တွင်မတော့ ရည်ရွယ်လုပ်ဆောင်ချက်ဟူ၍ မရှိပါ။ နာကာဆာကီလေတံခွန်ကြီးဟာ တိုက်ကွက်ထောင်ချောက်အသစ်တစ်ခု ဆင်လာဟန်နှင့် မိုးမြင့်မြင့်မှ နိမ့်ချပြန်ဝဲနေသည် ။ အကြံအစည်တစ်ခုခုကို အကောင်အထည်ဖော်မည့်ဟန်နှင့်လည်း ပြိုင်ဘက်လေတံခွန်၏ တိုးဖောက်ဝင်ရောက်လာခြင်းကို ရှောင်ရှားလိုက်သည်။ တစ်နေ့တာလုံး စိတ်လှုပ်ရှားခဲ့ရမှုကြောင့် နွမ်းနယ်ဟန်ရှိတဲ့ လူအုပ်ကြီးကလည်း အော်ဟစ်အားပေးရာမှ စိတ်ပျက်လက်ပျက် ညည်းညူရေရွတ်လာကြပြန်သည် ။ ရှိုဟမွန်ဟာ မြက်ခင်းပေါ်မှာ ထိုင်လိုက်တော့ ကောင်ကလေးက အားကိုးတကြီးနှင့် သူ့လက်မောင်းကို ဆုတ်ကိုင်ထားလိုက်သည် ။ စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးလို အနီရောင်စွန်ကြီးကလည်း ကောင်းကင်မြင်ဆီမှ အိမ်ခေါင်မိုး မလွတ်တလွတ်ထိတိုင် နိမ့်ချလိုက်လာရင် တိုက်ကွက်ဆင်ပြန်သည် ။ သည်နောက်တော့ တည်တည်ငြိမ်ငြိမ်ပဲ လမ်းကြောင်းအတိုင်းပြန်တက်ရင်း ပြိုင်ဘက် နာကာဆာကီရဲ့စွန်ကြိုးကို တိခနဲနေအောင်ဖြတ်ပြီး ပြန်လည်မြင့်တက်သွားတော့သည် ။ သွားပြီ !! ။ နာကာဆာကီကြီးဟာ လေပင့်ရာအတိုင်း ကြိုးအမျှင်တန်းရင်း လွင့်ပါသွားတော့သည် ။ ကောင်ကလေးတစ်စုကတော့ ငါးများတံတွေလို တုတ်ရှည်ရှည်တွေနဲ့ စွန်လိုက်ရန်အပြေးအလွှားသွားကြသည်။ လေတံခွန်ဟာကျောင်းဝင်းကိုကျောင်ပြီး လေသင့်ရာယိမ်းကနေတဲ့ စပါးခင်းတွေကိုဖြတ်ကာ ရွှံအိမ်ကလေးတွေအပေါ်ပျံဝဲရင်း မဲတလာမြစ်ပြင်ဘက်ကိုကျသွားသည် ။ သည်နောက်တော့ တစ်ဒင်္ဂကအားဖြင့် ရေစီးဝယ်အားဖျော့စွာ မျောပါသွားရင်း ရေအောက်ကိုနစ်မြှုပ်သွားတော့သည် ။



အိမ်အပြန်တွင်တော့ ရှိုဟမွန်ဟာ ၀မ်းမြောက်ဂုဏ်ယူခြင်းပီတိကို ခံစားလိုက်ရသည် ။ သူ့ရဲ့စွန်လွှတ်ဘက်ကောင်လေးနှင့် ပတ်သက်ပြီးတော့လည်း ထူးထူးခြားခြားဆက်နွယ်မှု ဥယျောဇဉ်ကို ခံစားလိုက်ရ၏ ။ သည်အဖြစ်အပျက်တွေဟာ သေသေချာချာ အစီအစဉ်ချထားသလိုပါပဲလား ။ ပထမ စွန်တွေရောက်လာသည် ၊ နောက်တော့ ခြံဝင်းထဲမှာ နှစ်ယောက်သား ခြေရာခြင်းထပ်မတပ် လေ့ကျင့်ပြင်ဆင်မှု များမှသည် နောက်ဆုံးနေ့လည်က စွန်လွှတ်ပြိုင်ပွဲအထိ ။ ဒါတွေဟာ အဝေးက သူ့အိမ်သူဇနီးရဲ့ အစီအစဉ်တွေများလား … ။ ကုတင်ပေါ်မှာထိုင်ရင်း ပြတင်းအပြင်က ပိုးစုန်းကြူးတွေ ပျံဝဲဟန်ကို ငေးကြည့်လို့ နေ့လည်ကောင်းကင်မှာ လေတံခွန်တွေ ပျံဝဲဟန်ကို သူမြင်ယောင်မိသည် ။ အိပ်ပျော်လုဆဲဆဲမှ စားပွဲပေါ်တွင်ရောက်နေသည့် စာအိတ်ခပ်ကြီးကြီးတစ်လုံးကို တစ်ချက်လှမ်းမြင်လိုက်သည် ။မီးအိမ်ရဲ့ မီးရောင်မှာ မြင်သာအောင် ပင့်ကြည့်ရင်း အိတ်ကြီးထဲမှာမှ သူ့နာမည်တပ်ထားတဲ့ မီရကီရဲ့ လက်ရေးနှင့် စာအိတ်သေးသေးလေးတစ်လုံးကို မြင်ရသည် ။


(၅)


ပွဲပြီးလို့မီးသေရမယ့် အချိန်မျိုးမှာတော့ ရှိုဟမွန်ဟာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့မိသလို လိပ်ပြာမလုံဖြစ်ရသည် ။ နောက်တစ်နေ့မနက်မှာ ကောင်ကလေးကို သူနဲ့အတူကျောင်းကို ခေါ်သွားမည်လို့ အစီအစဉ်ရှိခဲ့သော်လည်း စာတစ်စောင်ဟာ သည်အကြံတွေကို ဖျက်ဆီးပြစ်လိုက်သည် ။ နံနက်စာ လက်ဘက်ရည်နှင့် ဆန်မှုန့်ပေါင်းကို ခပ်မှန်မှန်ဝါးရင်း စာအိတ်ကိုဖွင့် ၊ စာရွက်ပေါ်က ကြက်သွေးရောင်မှင်နှင့် စကားလုံးတွေကို တက်သုတ်ရိုက်ဖတ်နေမိသည်။


“အခုတော့ ရှိုဟမွန်ရေ .. ။ ကျမရှင့်ကို အရေးတကြီး ကိစ္စတစ်ခုပြောစရာရှိတယ် .. ။ ဆရာဝန်ကပြောတယ် ကျမကျန်းမာရေး မကောင်းဘူးတဲ့ ၊ အတော်ကြီးကို မကောင်းဘူးတဲ့ ။ သူက ကျမအလုပ်ကထွက်ပြီး ကျမအစ်ကိုများရှိရာ ရှိဟွန်းမြို့ဆီ သွားနေဖို့ အကြံပေးတယ် ။ ကျမအထင်တော့ မကြာခင်နေပြန်ကောင်းလာမှပါ ။ ရှင်စိတ်ပူဖို့တော့ မလိုပါဘူး ။ ကျမရဲ့ သေတန်းစာကိုတော့ စာအိတ်အသေး တစ်လုံးနဲ့ ချိတ်ပိတ်ပြီး ပို့ပေးလိုက်တယ် ။ ကျမ မရှိတော့ ဘူးဆိုရင်တော့ ရှင်သည်စာကိုဖတ်ပေါ့ … ”


ပထမဆုံးတုန့်ပြန်မှု အနေနှင့်ကတော့ စာပြန်ဖို့ ထိုင်လိုက်တာပါပဲ ။ ပြီးတော့မှ ထွက်ပေါက်တစ်စုံတစ်ရာ ကိုတွေးမိပြီး သူ့အခန်းဆီပြန်ခဲ့သည် ။ ခပ်မြန်မြန် အဝတ်အစားလဲလိုက်ပြီး တစ်ယောက်ထည်းကျောင်းဘက်သို့ စက်ဘီးနင်းရင်းထွက်လာ ခဲ့သည် ။ လေပင့်တိုင်း အပွင့်တွေ ခြွေခြွေချ တတ်သည့် မန်ကျည်းပင်တန်းတစ်လျှောက်ဖြတ်သန်းရင်း သူ့စိတ်ကိုဒုန်ဒုန်းချလိုက်သည် ။ အချိန်တန်လေပြီ ။ သူတွေးလိုက်မိသည် ။ တစ်ချိန်ချိန်တွင် သူ့ဇနီးရှိရာ ဂျပန်ပြည်ကို အလည်သွားဖြစ်ရင် သုံးဖို့ဆိုပြီး အနှစ်နှစ်က ချန်ထားခဲ့တဲ့ သူ့ကျောင်းခွင့်ရက်တွေကို အကျိုးရှိစွာ လက်တွေ့အသုံးချဖို့ အချိန်တန်လေပြီ ။ နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကို ပြုစုယုယနိုင်သမျှပြုစု ဖို့ အခွင့်သင့်လေပြီ ။ အရင်အတိုင်း စာတွေအပြန်အလှန်ရေး လက်ဆောင်အပြန်အလှန်ပေးကြသည်ထက် ပိုလို့လက်တွေ့ကျတဲ့ မီရကီနှင့် ပတ်သတ်ဆက်နွယ်မှု တစ်ခုခုအကောင်အထည်ဖော်ဖို့ သူ့မှာ ဝတ္တရား ရှိပြီလို့လဲ ခံယူနိုင်ခဲ့ပြီ။ ပြီးတော့ ရွာကျန်းမာရေးမှူး သူ့မိတ်ဆွေထံ မီရကီရဲ့ ရောဂါအခြေအနေကို ပြောပြပြီး သူ့ဇနီးကို ကြပ်မတ်ကုသဖို့ လမ်းညွှန်ချက်တွေတောင်းရဦးမည် ။ သူမရဲ့ ကံဆိုးမိုးမှောင်ကျမှု ၊ တစ်နည်း သူတို့လင်ကိုယ်မယားနှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှု မှာပဲ သူ့အတွက် အားအင်ခွန်အားတစ်ရပ်ကို တွေ့ရှိရလို့ ကိုယ်တိုင်ပင်အံ့အားသင့်ရင်း လမ်းကျဉ်းလေးတစ်လျှောက် စက်ဘီးကို တစ်ရှိန်ထိုး စီးနင်းသွားသည် ။


သည်ညနေစောင်းမှာတော့ သူ့ဇနီးနေထိုင်မကောင်းလို့ သူကျောင်းမှာခွင့်တင်လိုက်သည်ဆိုတဲ့ သတင်းဟာ ကျောင်းမှ တစ်ရွာလုံးကို ပျံ့သွားခဲ့ပြီး အိမ်အပြန် တံခါးဝမှာ သူ့ကိုစောင့်နေတဲ့ အဒေါ်နှင့် ကလေးအမေ မုဆိုးမလေးကို ပက်ပင်းတိုးမိတော့သည် ။ နှစ်ဦးစလုံးဟာ တိတ်တဆိတ်ငေးမောရင်း အဒေါ်လုပ်သူက -


“မင်းအဝေးကြီးကို သွားမယ်ပေါ့”



သူခေါင်းယမ်းလိုက်သည် ။



“ဒါဆို ကောင်မလေးသည်လာပြီး နေတော့မယ်ပေါ့”



သူထပ်မံခေါင်းယမ်း လိုက်မိသည် ။



“ဒါနဲ့များကွယ် …. ဘာလို့” အဒေါ်ခမျာ သက်ပြင်းချရင်း တူတော်မောင့်ရဲ့လုပ်ဆောင်ချက်တွေကို နားမလည်ဟန် နှင့် မီးဖိုဆောင်ဘက်လှည့်ကာ ပြန်ဝင်သွားသည် ။ “ဘာပဲပြောပြော သည်ရက်တွေမှာ မင်းကောင်ကလေးအတွက် အချိန်ပေးနိုင်တာပေါ့လေ …. ”



သည်လိုနဲ့ပဲ သည်ရက်တွေမှာ မီရကီထံစာရေးရင်း သူအကြောင်းကို တွေးရင်း အချိန်ဖြုန်းခဲ့ ရသည် ။ နောက်အလုပ်တစ်ခုကတော့ ကောင်ကလေးအတွက်အချိန်ပေးရတာပါပဲ ။ ကောင်ကလေးကို အက္ခရာသင်္ချာတွေ သင်ပေးရင်း ၊ သူ့ရဲမေးခွန်းတွေကို အဖြေပေးရင်း … ။ “ဂျပန်ဆိုတာ ဘယ်မှာလဲဟင်” တစ်နေ့ ကောင်လေးကမေးသည် ။ သည်မေးခွန်းကတော့ လွယ်ပါသည် ။ “သူ့ကိုရော ဦးဦးကဘာလို့ လက်ထပ်လိုက်တာလည်း” ၊ စားပွဲပေါ်မှ ဂျပန်ဂေးရှမယ် ရုပ်ကိုလက်ညှိုးထိုးရင်း “ဒါနတ်သမီး ရုပ်ထုလား ။ သူကရော ကျတော့်ကိုလက်ဆောင်တွေ ပို့ပေးမှာလား ၊ ဒါဆို သားလည်းသူ့ကို လက်ထပ်မယ်လေ” အိမ်စာလေ့ကျင့်ခန်း စာအုပ်ကို ပိတ်လိုက်ရင်း ကောင်လေးက အဆိုပြုသည် ။ တစ်နေ့ ကျတော့ ကောင်လေးက ပြောပြန်သည် ။ “အမေကလေ သားကိုခေါ်ပြီး အဝေးကိုထွက်သွားချင်နေပြီတဲ့” ။ ခုဆိုရင် သူ့အမေ မုဆိုးမလေးဟာ အိမ်အလုပ်တွေကို အောက်ခြေသိမ်းအကုန်လုပ်နေပြီဖြစ်သည် ။ နံနက်တိုင်းလည်း သူရွာလမ်းတစ်လျှောက် လမ်းလျှောက်မထွက်ခင်အထိ သူ့အခန်းတံခါးဝတွင် စောင့်နေတတ်မြဲဖြစ်သည်။ သူသွားပြီဆိုရင် တော့ သူမဟာ ပုံးတစ်လုံး တံမြက်စည်းတစ်ချောင်းနဲ့ အခန်းကို ရှင်းလင်းပေးရင်း သူ့ရဲ့ဖောင်တိန်အဖုံးကို ပိတ်ပေးခြင်း ၊ ခုတင်အောက်မှာ ရောက်နေတတ်တဲ့ သူ့ရဲ့ဖိနပ်တွေကို ရှာပေးခြင်းစတဲ့ ဗဟီတွေ အဆုံး တစ်ခန်းလုံးကို အစစအရာရာပြင်ဆင်ပေးသည် ။ ရှိုဟမွန်ရဲ့ ဆန္ဒအတိုင်းပဲ သူမဟာ မီရကီရဲ့ ပန်းချီပုံတူကားကြီးကို သည်အတိုင်းထားလိုက်ပြီး နံရံပေါ်မှာ ချိတ်ဖို့ ရိုက်ထားတဲ့ သံတစ်ချောင်းဟာလည်း ငုတ်တုတ်ကျန်ရစ်သည် ။ ရှိုဟမွန် အနေနှင့်ကလည်း သူမရောက်လာသည့်အတွက် အပြောင်းအလဲများကို မသိမသာ လက်ခံမိမြဲဖြစ်သည် ။ သူ့အဒေါ်ချက်နေကျဟင်းတွေထက် နည်းနည်းအငန်ကဲနေတတ်တဲ့ သူမချက်တဲ့ လက်ရာတွေ ၊ နံနက်တိုင်း မုတ်ဆိတ်ရိတ်ဖို့ ကောင်ကလေး သူ့အခန်းဆီ ပြေးလာပေးတတ်တဲ့ ရေနွေးတစ်ဇလုံ ၊ နောက် သူတို့ဘုရားစင်က အိမ်တွင်းမယ်တော် လက်ချမီးကို ပူဇော်ရွတ်ဆိုတဲ့ သူမရဲ့ ဘုရားရှိခိုးဆုတောင်း စာသားများ။ “မုဆိုးမတွေဟာ လက်ချမီးမယ်တော်ကို ဖူးခွင့်ရှိရဲ့လား ” သူ အဒေါ့်ကိုမေးခဲ့သည် ။ “ဒါသူ့အိမ်ပဲလေကွယ် …” အဒေါ်က ခပ်ပေါ့ပေါ့ပင် အဖြေပေးခဲ့သည် ။ “ရှိခိုး ပူဇော်တယ်ဆိုတာမျိုးမှာ အပြစ်ဖြစ်တယ်လို့တော့ မရှိပါဘူးကွယ် …” ။ ကောင်ကလေးကလည်း သူ့အဒေါ်ကို အဘွားလို့ခေါ်စပြုလာပြီဖြစ်သည် ။ သူအနေနှင့်ကတော့ ဘယ်လိုပဲကြိုးစားကြိုးစား သည်မိန်းကလေးဟာ မီရကီ သူ့အစ်ကိုထံခိုလှုံရသလို သူထံလာရောင်ခိုဝင်တဲ့ ကံဆိုးရှာသူ နှမလေးတစ်ယောက်လိုလဲ သဘောမထားနိုင်ပြန် ။ သူကတော့ အဒေါ်နှင့်သူ့ကြားမှာ တဖြည်းဖြည်းဝေးကွားသွားသလို ခံစားလိုက်ရသည် ။ မီရကီရဲ့ ကျန်းမာရေးအခြေအနေအကြောင်းကို သူပြောတိုင်းလည်း အဒေါ်လုပ်သူမှာ စိတ်ဝင်တစား မရှိတော့ကြောင်း သူသတိထားမိလာသည် ။ “ဟဲ့ သူကရော မင်းပြောတဲ့ အတိုင်း တကယ်လိုက်နာတယ် ထင်လို့လားကွယ် ။ မင်းရဲ့ ဘုရားကု ကုတာကိုရော အရေးစိုက်မယ်ထင်လို့လား ။ သူတို့ ဂျပန်မှာက ဆေးတွေဝါးတွေက တို့ဆီကထက် အပုံကြီးပိုကောင်းပါတယ်လေ.. ” ။ ကြာလာတာနဲ့ အမျှ အဒေါ်က သည်အကြောင်းကို စကားအစပင် မခံတော့ချေ ။ “မင်းပူမနေပါနဲ့ ။ သူ့အစ်ကိုအရင်း တစ်ယောက်လုံး စောင့်ရှောက်နေတဲ့ဟာကို .. ” ၊ ကောင်ကလေးကတော့ သူ့ရဲ့စိတ်ပူပန်မှုတွေကို မျှဝေနိုင်တဲ့သူ ဖြစ်လာခဲ့သည် ။ စာပို့သမား စာတွေလာပို့တိုင်းလည်း သူ့အခန်းဆီပြေးသွားပေးတတ်ပြီး ရှိုဟမွန်စာဖတ်နေတုန်းမှာလည်း အခန်းဝဝယ် စိတ်ရှည်လက်ရှည်စောင့်နေတတ်သည် ။ ရှိုဟမွန်ကလည်း စိတ်စောသိချင်ဟန်ရှိတဲ့ကောင်လေး မျက်နှာကို ကြင်နာစွာကြည့်ရင်း “သူနေကောင်းနေပါပြီကွာ..” လို့ လိမ်ညာပြီးပြောတတ်သည် ။



မုတ်သုန်ရာသီဝင်စလ တစ်လမှာ ၊ ရှိုဟမွန် ကောင်ကလေးကို အိမ်စာတွေပြပေးအပြီး အဒေါ်က အခန်းထဲကို ၀င်လာကာ ခုတင်ပေါ်မှာ ထိုင်လိုက်ရင်း မုဆိုးမလေးအနေနှင့် ရွှေတိုငွေစလေးတွေကို အပေါင်းထားပြီး ကလေးကို ကင်ပွန်းတပ်မင်္ဂလာပြုပေးလိုသည့် အကြောင်းပြောပြသည် ။ ဘုန်းကြီးတွေကို ကပ်လှူရမှာတွေ ၊ နောက်ပတ်ဝန်းကျင်ကိုလည်း ဖောဖောသီသီကျွေးချင်သေးတာကြောင့် အတော်လေးငွေကုန်မည် ဖြစ်ကြောင်းလည်းပါသည် ။ ကောင်ကလေးကို အက္ခရာသင်္ချာသင်ပေးရုံအပြင် အခြားဘာသာရေးထုံးစံတွေကို သတိမပြုမိလေတော့ ရှိုဟမွန်ဟာ သည်ကိစ္စကိုတော့ စိတ်ဝင်တစား နားထောင်နေသည်။ “မင်းကောင်မလေးကို ကိန္ဒီမြို့အထိ လိုက်သွားပေးလိုက်ပါ ရှိုဟရယ် .. ။ သိတဲ့အတိုင်းပဲ သည်လိုနေရာတွေဟာ မိန်ကလေးတစ်ယောက်ထည်းသွားဖို့ အန္တရယ်များလှတယ် ..” သိက္ခာမဲ့တဲ့ ကိစ္စတစ်ရပ် မဟုတ်သည့်တိုင် သည့်အတွက် သူ့အတွင်းစိတ်က အပြင်းအတန်ငြင်းဆန်နေမိသည်။


“ဒါပေမယ့် ခုတလော မြစ်မှာရေတက်နေတယ်လေ ။ နောက်တစ်လ နှစ်လလောက်စောင့်ရင်ပို မကောင်းဘူးလား ။”


“ဘုန်းတော်ကြီးတွေကတော့ အခုချက်ချင်းလုပ်စေခြင်ကြတယ် …”


“ကျတော်တို့ သူ့ကို ငွေထုတ်ချေးလိုက်ရင်ကော”


“မင်းချေးမလို့လား ” အဒေါ်က သူ့ကို အထူးအဆန်းကြည့်လိုက်သည် ။


သူ့ရဲ့စိုးရိမ် ပူပန်မှုတွေဟာ ခြေခြေမြစ်မြစ်တော့ မရှိလှပါ ။ ကိန္ဒီမြို့အသွား မော်တော်ပေါ်မှာလိုက်ပါရင်း ၊ ဟိုအရင် ကျောင်းအဖွင့် ရွာကနေ ကာလက္ကတားကောလိပ်အပြန် ခရီးကို သူပြန်လည်မြင်ယောင်မိသည် ။ သည်လိုလွမ်းမောခဲ့ရတဲ့ နှစ်သက္ကရာဇ်တွေဟာ ရေလွှမ်းတဲ့ မြစ်နဘေးရွာလေးတွေကို မော်တော်ဖြတ်သလို ခဏခြင်း ကုန်ဆုံးသွား ရစမြဲဖြစ်သည် ။ သူဟာ မြစ်ကမ်းနဘေးက အမြစ်ဖွာဖွာ သစ်ပင်ကြီးတွေရေမှာ မြုပ်နေတာတွေ ၊ နှုစ်မြုပ်နေပြီဖြစ်တဲ့ မော်တော်ပျက်တွေ ၊ သည်အပျက်အစီးတွေကြားမှ ရေကြောင်းသတိပေး ဆိုင်းပုတ်သေးသေးလေးတွေကိုတောင် သတိမမူနိုင်ပဲ ဖြစ်လျက်ရှိသည် ။ မော်တော်ပေါ်မှ ပစ္စည်းချိတ်ရန်တန်းကလေးတွေဟာ ပြောင်ရှင်းလျက် နဘေးကလူတစ်စုမှာ လက်ဆွဲအိတ်တွေကို လက်မှာခပ်မြဲမြဲဆုတ်ကိုင်ရင်း မော်တော်ဝမ်းထဲရေတွေဝင်နေသည်ကို စိတ်ကြည့်နေကြကြောင်း ရှိုဟမွန် သတိထားမိပြီး တထိတ်တလန့်ပင် ဖြစ်သွား၏ ။ တစ်ဖက်ဆိပ်ကမ်းကိုရောက်ချိန်ကျတော့ သူက မုဆိုးမလေး၏ လက်ဆွဲအိတ်ကို ကူ၍သယ်ပေးလိုက်သည်။ ထီးတွေကိုယ်စီဖွင့်ဆောင်းရင်း နှစ်ယောက်သား ရွှံတွေနဲ့ ချောနေတဲ့ လူသွားလမ်းကျဉ်းကျဉ်းလေးအပေါ် သတိထား၍ လျှောက်လာခဲ့ကြသည်။ ဈေးနားရောက်တော့လည်း ငါးခြောက်နံ့ ဟင်းသီးဟင်းရွက်ပုပ်နံ့တွေကြောင့် ကိုယ်စီနှာခေါင်းရှုံ့ကာ ဖြတ်လာခဲ့ကြသည်။ သူ့အကြည့်ဟာ ကြီးမားလှပတဲ့ ဖရဲသီးတွေကိုငေးကြည့်ရင်း သိပ်နေကောင်းပုံမရတဲ့ ခရမ်းသီးသည်ရဲ့ ဈေးခေါ်သံကို လျစ်လျူပြုကာ စီးကရက်ဝယ်ရန် ခဏရပ်လိုက်သည်။ “မပုပ်ခင်လေး ဈေးချိုချိုနဲ့ ဝယ်စမ်းပါတော်” ။ ဆိပ်ကမ်းဈေး ဂိတ်ရှေ့ဝင်ပေါက်ပေါ်က အမိုးအကာတွေကလည်း မြစ်ရေကြီးမှုဒဏ် ကို ခံရပါများလို့ ပြိုပျက်ကျလုမတပ် အခြေအနေဆိုးနေသည်။ ရှိုဟမွန်ဟာ မုဆိုးမလေး သူ့ကိုမှီလာစေရန် စောင့်ခေါ်လိုက်ပြီးတော့ နောက် ခပ်မှိုန်မှိုန်တွေရော ၊ တောက်တောက်ပပ ပစ္စည်းတွေပါရှိတဲ့ နိမ္ဗာန်ကုန်ဈေးတန်းရှေ့ ရောက်တော့မှ အမျိုးသမီးကို ရှေ့မှသွားစေသည်။ ကြာပန်းငါးခိုင် ပုံစံ ကြေးမီးခွက်တွေရောင်းတဲ့ ဆိုင်ရှေ့ရောက်တော့ သူမ ဈေးမေးဖို့ရပ်လိုက်၏ ။ ပွဲအတွက် လိုမယ့် စန္ဒာကူးသားချောင်းတွေ ရောင်းတဲ့ ဆိုင်မှာ သူမဈေးဆစ်တော့ သူလည်းဈေးတည့်သည်အထိ စောင့်နေလိုက်သည်။ နောက်တော့လည်း အစီအစဉ်အတိုင်း ဟိုသူငယ်ငယ်တုန်းက အဒေါ်လုပ်သူရဲ့ မီဖိုကြောင်အိမ်ထဲမှ ခိုးခိုြးုပီးစားတတ်တဲ့ ထန်းလျက်ချောင်းတွေရောင်းတဲ့ လက်လီဆိုင်တန်းတွေ တစ်လျှောက် သူမ သူ့ကိုခေါ်လာပြန်သည်။ မုဆိုးမလေးက ကျောက်သားခပ်မည်းမည်းနဲ့ ထုထားတဲ့ ရှီဗ ဘုရားဆင်းတုကိုဝယ်တော့ စေတသိတ်စေတနာရဲ့ လှုံ့ဆောင်မှုကြောင့် သူပိုက်ဆံထုတ်ပြီး ငွေရှင်းပေးလိုက်သည်။ နောက်တော့ တံခါးပေါက်အပျက်တစ်ခုနားမှာ သူ့ကိုစောင့်ခိုင်းထားခဲ့ပြီး သူမကတော့ လက်ဆွဲအိတ်လေးကိုဆွဲကာ အထဲကိုဝင်သွားခဲ့သည် ။


ရှိုဟမွန် ဗိုက်ဆာလာသလိုလို ရှိသည်။ ပြီးတော့လည်း သည်ခရီးစဉ် ၊ သည်အမျိုးသမီး အဖော်နှင့် ပတ်သတ်လို့ မျှော်လင့်မထားခဲ့တဲ့ ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာကို သူခံစားလိုက်ရသလိုရှိ၏ ။ သူမဟာ ရှက်တတ်လွန်းသလို ရှိပေမယ့် ကိုယ်ပိုင်ဥာဏ်စွမ်းဥာဏ်စရှိပြီး အရာရာမှ လက်တွေ့ကျတဲ့ အမျိုးသမီးပေပဲ ။ “ကောင်မလေး ခမျာကံတော့ဆိုးရှာတယ် ” သူတွေးမိရင်း ကောင်ကလေးရဲ့ ကင်ပွန်းတပ်ပွဲအတွက် အစစ အရာရာ တာဝန်ယူအကုန်အကျခံ မပေးမိတဲ့အတွက် လိပ်ပြာမသန့်သလို ခံစားလိုက်ရသည်။ ရှီဗ ဆင်းတုတော်နှင့် ကြာပန်းခိုင်ခြင်းတစ်ခြင်းကို ဆွဲပြီးထွက်လာတဲ့ မိန်းကလေးကို ငေးကြည့်ရင်း သူတို့နှစ်ယောက်ကြား ခြားနားနေတဲ့ ဘ၀နှစ်ခုကိုရော ၊ နောက် တစ်မိုးအောက်မှာ အတူတူအိပ်စက်ကြ ရတဲ့ ဆက်နွယ်မှုတွေကိုပါ သူတွေးတော လိုက်မိသည်။ ပုစွန်ဆိုင်ရှေ့မှာ ခဏထိုင်ကြတော့ သူ့စိတ်ထဲမတင်မကျ ရှိလှတဲ့ ကောင်လေးကိုခေါ်ပြီး ဘာကြောင့်များ ပြန်သွားချင်ရသလဲ ဆိုတဲ့ မေးခွန်းကို အရဲစွန့်ပြီး မေးလိုက်သည်။


မုဆိုးမလေးဟာ တစ်စုံတစ်ရာသက်သာမှု ရသွားတဲ့မျက်နှာလေးနဲ့ သူ့ကိုပြုံးကြည့်လိုက်ပြီး တစ်ခုခုများ စားချင်းသလားလို့မေးလိုက်သည် ။ နှစ်ယောက်သား လူခပ်ရှုပ်ရှုပ်လမ်းလေးကိုဖြတ်ရင်း ထမင်းဟင်းရောင်းတဲ့ ဆိုင်လေးတွေရှိရာ မြစ်ကမ်းဘက်ကို လျှောက်လာခဲ့ကြသည်။ ခပ်ကျဉ်းကျဉ်း သစ်သားခုံ စားပွဲပေါ်မှာထိုင်ရင်း နှစ်ယောက်သားတိတ်တဆိတ်ပင်စားသောက်ကြသည်။ သူကတော့ သူမကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကနဲ့ ဘာမှ မပြောင်းလဲသေးတဲ့ မိန်းကလေးကို အံအားသင့်နေမိသည်။ သူမှတ်မိတာ ကတော့ ခပ်ရှက်ရှက်ပုံစံလေးနဲ့ စိုက်ကြည့်လိုက်တိုင်း အကြည့်လွှဲသွားတတ်သည့် ပုံစံလေးကိုပါ။ သည်တစ်ခါလည်း မိန်းကလေးဟာ သူ့ပန်းကန်ဆီအကြည့်လွှဲလိုက်ပြီး သူဗိုက်မဝသေးကြောင်း သိဟန်ဖြင့် ခရမ်းသီးကြော်တစ်တုံးကို သူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ ချောနေတဲ့ မော်တော်ကုန်းပေါင်ပေါ်တက်တော့ ရှိုဟမွန်က သူမရဲ့လက်မောင်းမှ ပင့်ကိုင်ပေးပြီး နောက်ပိုင်းကျကျ လူစုစုဘေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြသည်။ သည်တစ်ညနေမှာဖြင့် မဲတလာ မြစ်ပြင်ဟာ မိုးရိပ်လေရိပ်မဆင်ဘဲ တထူးတဆန်း သာတောင့်သာယာ ရှိလှပါ၏ ။


ရှိုဟမွန်ဟာ မော်တော်ပေါ်မှာပေါ်လာတဲ့ စာပို့သမားကို စာပို့ပုံးကြီး မပါသည့်တိုင်မှတ်မိလိုက်သည် ။ သူကလည်း ပြန်လည်ပြုံးပြ နှုတ်ဆက်ပါ၏ ။ တစ်ချိန်လုံးလိုလိုပဲ ရှိုဟမွန်ဟာ ဘင်္ဂလားပင်လယ်အော်ရှိရာ မိုးကုပ်စက်ဝိုင်းဆီ ငေးကြည့်ရင်းလိုက်ပါလာသည်။ လှိုင်းလူးလို့ မော်တော်ယမ်းခါသွားတိုင်းလည်း သူ့နဘေးမှ မိန်းကလေးကို သတိရလာ၏ ။ “ငါရဲ့ရွေးချယ်မှုကို သူဘယ်လိုများထင်ရှာမလဲ ” သူသိချင်မိသည် ။ “ငါသူ့ကို ငြင်းလိုက်လို့ သူဘယ်လိုများ ခံစားရရှာမလဲ ။ ခုဆိုရင်ရော သူငါ့ကိုဘယ်လိုများ သဘောထားသလဲ ….” ။ ချစ်ရသူတွေနှင့် ကွေကွင်းရခြင်း ကံတူအကျိုးပေး သူတို့နှစ်ယောက်ရဲ့ အဖြစ်ကိုလည်း ဆင်ခြင်မိသည်။ မိန်းကလေးကတော့ လင်ယောက်ျားဆုံးလို့ သေကွဲကွဲရတာ … ။ သူ့ ကျတော့ …. ။ “မဟုတ်ဘူး … ” သူ့အတွေးတွေကို ချက်ခြင်းဖြတ်ပစ်လိုက်သည်။ သူတို့လင်မယားချင်း စာအဆက်အသွယ် ရှိကြတာပဲ မဟုတ်လား ။ နေ့လည်စာ စားတုန်းက သူ့ကို ဟင်းထည့်ပေးသည့် အဖြစ်ကိုတွေးမိပြန်တော့ စကားလေးဘာလေး စပြောဖို့ လည်ချောင်းရှင်းရင်း စကားစရှာမိသည် ။ နောက်ဆုံးတော့ သူ့အကြောင်းကို သည်မိန်းကလေးသိစရာမလို သလို ၊ ခပ်ရှက်ရှက်သည် မုဆိုးမအကြောင်းကိုလည်း သူသိရန်မလိုလို့ နှလုံးပိုက်မိတော့သည်။ ရွာထိပ်က ဆိပ်ကမ်းမှာတော့ ကောင်ကလေးက လက်ဝှေ့ယမ်းပြရင်း သူတို့ နှစ်ဦးကို ထွက်ကြိုနေသည်။ “ဦးဦးရေ သည်နေ့တော့ ဘာစာမှ မလာဘူးဗျ ….”


အဲသည်ညမှတော့ ခြံဝင်းထောင့်မှ ထူးထူးခြားခြားရှိုက်သံလေးကြောင့် ရှိုဟမွန် အိပ်ရာမှ နိုးလာခဲ့ရသည်။ မျက်မှန်ကိုကောက်တပ်လိုက်ပြီး စီးကရက်တစ်လိပ်ကောက်ဖွာလိုက်သည် ။ နောက်တော့ သူ့ဖျာပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးကိုကျော်ရင်း ၊ တရှုးရှုးဟောက်သံပေးရင်း အိပ်မောကျနေတဲ့ သူ့အဒေါ်ရှိရာ တံခါးပေါက်မှ တစ်ဆင့်မီးဖိုချောက်ဘက်ဆီကို ဖြတ်လျှောက်လာခဲ့သည်။ အဲသည်မှာပဲ မော်တော်ပေါ်မှ နေ့လည်ကဆောင့်ကြောင့်လေးထိုင်ခဲ့တဲ့အတိုင်း ထိုင်ပြီး အမှောင်ကြီးထဲမှ လေတံခွန်တွေ ၀ဲသလို လူးလာပျံသန်းကြတဲ့ ပိုးစုန်းကြူးတွေကို ငေးကြည့်နေရှာတဲ့ မုဆိုးမလေးကို သူတွေ့လိုက်ရသည်။ အင်အားကြီးမားတဲ့ ဆန္ဒတစ်ခုရဲ့တိုက်တွန်းမှုကြောင့် ရှိုဟမွန်ကိုယ်တိုင် သည်နဘေးကိုရောက်သွားပြီး မျက်ရည်တွေချောင်းစီးနေရှာတဲ့ မျက်နှာလေးကိုပင့်ကိုင်ရင်း သူရင်ခွင်အတွင်းဆွဲသွင်းကာ မိန်းကလေးကို အားရပါးရ ငိုကြွေးစေခဲ့သည် ။


(၆)


“မနေ့ညက ကိုယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းကိုပြောပြရလိမ့်မယ် မီရကီ .. ” သူအစပြုဖို့ ကြိုးစားတိုင်း စာကိုဆက်လို့ ရေးနိုင်စွမ်း မရှိခဲ့ပါ ။ စိုစွတ်ပြီး မြူတွေဆိုင်းနေတဲ့ နံနက်အရုံတက် အချိန်ကတည်းက အိပ်ယာမှထလို့ စာရေးစာပွဲပေါ်မှာ မလှုပ်မရှားထိုင်နေခဲ့သည် ။ သူ့အနေနှင့်ကတော့ အရင့်အရင်တုန်းကလိုပင် အရာရာကို မချွန်းမချန် မီရကီဆီ အစီအရင်ခံဖို့ လိုကြောင်း ခံစားသိနေရသည် ။ ဇနီးမယားပီသစွာပင် သူနေမကောင်းဖြစ်သည်ကအစ မီရကီ သူ့ကို အကုန်ပြောပြာခဲ့သည် မဟုတ်ပါလား ။ သည်သတင်းကြောင့် မီရကီ စိတ်ထိခိုက ရမှာကိုတော့ သူသိသည်။ ပိုဆိုးတာက သူမ နေမကောင်းဖြစ်နေချိန်မှာ ရှိုဟမွန်သူမကို ခွာသွားသည်လို့ နောက်ဆုံးအချိန်အထိ သူမအစွဲကြီးစွဲသွား နိုင်သည်။ “ရှင်မုဆိုးမလေးကို လက်ထပ်လိုက်ပါ ရှိုဟမွန်ရယ် ။ မိန်းကလေးခမျာလည်း ရှင့်လို အထီးကျန်ရှာတယ် မဟုတ်လား …” သနားစဖွယ် ခံစားမှုတွေ ရောင်ပြန်ဟတ်နေမည့် မီရကီထံမှ ပြန်စာကို သူမြင်ယောင်မိသည် ။ ဒါပေမယ့် သူစိုးရိမ်တာ တစ်ချက်က သူ့ရဲ့ဝန်ခံချက်အပေါ် မီရကီ ဘယ်လိုမှ မတုန့်ပြန်ဘဲ ဘောပင်ကိုပစ်ချကာ သူတို့လက်ထပ်ခဲ့ကြသလိုပင် လွယ်လွယ်နှင့် ဇနီးခင်ပွန်းအဖြစ်မှ ပြတ်စဲသွားမည်ကိုပင်ဖြစ်သည် ။ သူ့အဒေါ်ရဲ့ စကားတွေကလည်း သူ့ကိုခြောက်လှန့်နေဆဲ ဖြစ်သည်။ “မင်းမိန်းမမှာရော တစ်ခုခုဖြစ်တယ်ဆိုရင်တောင် မင်းသိမှသိရပါ့မလား ။ သူ့မှာရောသည်လိုဆိုရင် မင်းကို ဘယ်သူလာ အကြောင်းကြားမှာတဲ့တုန်း …” ။ မီရကီဆီမှ စာအလာရပ်ဆိုင်းသွားရင်တော့ သူမသေဆုံးသွားကြောင်း သူသိနိုင်ပေမည်။ သူကြောက်တာတစ်ခုကလည်း တကယ်လို့ သူနှင့်မုဆိုးမလေးအကြောင်းသာ မီရကီသိရရင် သူမအသက်ရှင်နေသည့်တိုင် စာအသွားအလာ ရပ်စဲသွားနိုင်သည် ။ သို့တိုင်အောင် မဖြစ်မနေပြောရမည်ဆိုတဲ့ အသိက သည်အကြောက်တွေထက်ပို၍ အားကောင်းနေသည် ။ သည်အမှန်တရားကို သာဖွင့်မပြောရရင် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်းက သူတို့လင်မယားကောင်းတိုင်ပင် ဆိုးတိုင်ပင် စာတွေဟာ အလဟသ တန်ဖိုးမရှိဖြစ်သွာလိမ့်မည်။ “ဟုတ်ပါတယ်လေ .. သစ္စာမဲ့တဲ့ ယောက်ျားတစ်ယောက်ဟာ ဘာတန်ဖိုးရှိတော့မှာလဲ ။ သည်လိုယောက်ျားမျိုးဆီက ဘယ်မိန်းမမျိုးမဆို လေတံခွန်တွေ အဝေးကို ပျံဝဲသွားသလို စွန့်ခွာသွား ကြစမြဲ မဟုတ်လား ….”


ကောင်ကလေးကို မီရကီဆီရေးထားတဲ့စာကို သွားထည့်ခိုင်းပြီးတဲ့နောက် ရှိုဟမွန်ဟာ စွန်လွှတ်ပွဲတော်နေ့ ကရောက်လာတဲ့ စာအိတ်လေးကိုထုတ်ရင်း အခန်းထဲမှာထိုင်နေခဲ့သည် ။ သည် မီရကီရဲ့ သေတန်းစာပါတဲ့ စာအပြင်နောင်ထပ် သူမထံမှ မည်သည်စာမှရောက်လာတော့မည် မဟုတ်။ အပြုံးချိုချို စာပို့သမားနှင့်တစ်ဆင့် မဲတလာမြစ်ကို ဖြတ်ကာ မည်သည့်လက်ဆောင်မှလည်း ရောက်လာတော့မည် မဟုတ်ချေ ။ သူမသေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ သည်စာဟာ မီရကီဆီမှ နောက်ဆုံးစာပေပဲ ။ တုန်ရီနေတဲ့ လက်ချောင်းတွေနဲ့ စာအိတ်ကိုဖြဲလိုက်ပြီး စာအခေါက်ကိုဖွင့်ရင်း စားပွဲပေါ်မှာ ဖြန့်လိုက်သည်။ သည်နောက်တော့မှ ကြက်သွေးရောင်မှင်ဖြင့်ရေးထားတဲ့ စာကို စတင်၍ဖတ်လိုက်သည် ။ “ချစ်ရတဲ့ ရှိုဟမွန်ရေ.. ရှင်သည်စာကို စဖတ်ပြီဆိုတာနဲ့ ကျမသည်လောကကြီးထဲမှာ ရှိတော့မှာ မဟုတ်တော့ဘူး ….”


(၇)



လေပြင်းမုန်တိုင်းကြီးဟာ တမာပင်တန်း ၊ မန်ကျည်းပင်တန်းတွေကို ချိုးဖျက်လျက် လျိုနိုင်းဒေသတစ်ခွင် အညိုးတကြီး တိုက်ခတ်ဖျက်ဆီးသွားခဲ့သည် ။ အရင်တုန်းကတွေလိုပဲ လယ်သမားတွေရဲ့ ကောက်လှိုင်းတွေကို သယ်မဖျက်ဆီးရုံသာမက ကျောင်းအဆောက်အအုံတစ်ခုလုံးကို ပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့သေးသည် ။ ကံကောင်းထောက်မစွာပင် ရွာမော်တော်ဟာ အချိန်မီအဖိတ်အစင်မရှိ ကမ်းကပ်နိုင်ခဲ့ပြီး ဥတုရာသီသာယာသွားသည်နှင့် အရင်လိုပင်ခေါက်ပြန် ပြေးဆွဲနေပြီဖြစ်သည် ။ ဆောင်ဦးပေါက်စ ရာသီမှာတော့ တစ်ရွာလုံး စိတ်မကောင်းဖြစ်ဖွယ် သတင်းဆိုးတစ်ရပ်အဖြစ် ရွာကျောင်းမှာ သင်္ချာသင်တဲ့ ကျောင်းဆရာ ရှိုဟမွန် ချာကာဘာထရီ တစ်ယောက် မုန်တိုင်းထက် အန္တရာယ်ကြီးတဲ့ သေတတ်တဲ့ ခြင်ကြားအကိုက်ခံရလို့ ငယ်ငယ်ရွယ်ရွယ်ရေတိမ်နစ်ကွယ်လွန်သွား ရှာတဲ့ အဖြစ်ပါပဲ ။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေသာမက တစ်ရွာလုံးဟာ သူ့ကိုဆုံးရှုံးမှု အတွက် ပူပန်သောကရောက်ကြရပါ၏ ။ မြို့ကိုသွားပြီး ပညာသင်နေရှာတဲ့ သူ့ရဲ့ မယားပါမွေးစားသားကောင်ကလေးဟာလည်း အားကိုးရာမဲ့ ငိုရှိုက်ရင်း ရွာပြန်လာခဲ့ရှာသည်။ သည်ကျောင်းဆရာဟာ တပည့်တွေအပေါ် ၀တ္တရားကျေသည့်အပြင် စေတနာလည်းပိုခဲ့ရှာသည်မဟုတ်ပါလော ။ သနားစရာ သူ့အဒေါ်အတွက်ကတော့ ဖြေသိမ့်စရာ စကားလုံးမရှိရာပါ။ အဒေါ်လုပ်သူရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကျောင်းအုပ်ဆရာကြီးက ဂျပန်နိုင်ငံမှာ ရှိတဲ့ ကျောင်းဆရာရဲ့ ဇနီးတစ်ယောက်ကို ခင်ပွန်းသေဆုံးပြီ ဖြစ်တဲ့အကြောင်း စာရေးအကြောင်းကြားလိုက်သည် ။

သူဇနီးရောက်လာခဲ့ပါသည် ။ ဟိန္ဒူရှေးထုံးစံအတိုင် ခင်ပွန်းသေဆုံးစ အမျိုးသမီးတွေလို ခေါင်းကိုပြောင်အောင်ရိတ်လျက် ၊ အဖြူရောင် ချည်ဆာရီကို ဝတ်လျက် သူမ အရောက်လာခဲ့ပါသည် ။ ကိန္ဒီမြို့ဆိပ်ကမ်းမှ မော်တော်စီးလျက် အမျိုးသမီးလိုက်ပါလာသည်။ ခပ်မတ်မတ်ထိုင်ရင်း မိုးကုပ်စက်ဝန်းဆီမျှော်ငေးလျက် ဖြူဖတ်ဖြူရော် သူမ၏ ပုံစံကြောင့် လူတိုင်းလိုလိုပင် သတိပြုမိကြသည် ။ လျိုနိုင်းဆိပ်ကမ်းအရောက် ရွှံထူထူကမ်းပါးကိုကျော်လာပြီး လန်ချားတစ်စီးကို လှမ်းခေါ်ကာ သည်ရွာက ဂျပန်လူမျိုးဇနီးရှိတဲ့ ကျောင်းဆရာရဲ့ အိမ်ကိုပို့ပေးပါဟု အမျိုးသမီးကပြောလိုက်လေသည် ။ ။

ပြီး

အောင်ဖြိုး

(Dec 12, 2008 , 12:24am)

( P.S ဖတ်ပြီးကြပြီဆိုရင် ရုပ်ရှင် Trailers လေးတွေကို ခံစားကြည့်ကြပါဦး )

7 December 2008

မွေးနေ့လက်ဆောင် ( သံသာလေကမ်းတိုင် )

လာမည့် ဒီဇင်ဘာ (၁၃) ရက်ဟာ ကျတော့်သူငယ်ချင်း ကိုဇေယျာကြီးရဲ့ အသက် (၂၀) ပြည့်မွေးနေ့ ။ သူနဲ့ ကျတော်ဟာ တစ်မြို့ထဲကလာကြတာဖြစ်ပြီး သည်မှာလည်း တစ်ကျောင်း ၊ တစ်မေဂျာ ၊ တစ်ခန်းထဲ အတူတူ တက်ခွင့်ရတဲ့ သူငယ်ချင်းတွေ ။ သူ့မှာက On-line Relationship ရှိတော့ သည်အကြောင်းကို ၀တ္ထုတစ်ပုဒ်ရေးပြီး မွေးနေ့လက်ဆောင်ပေးပါလားလို့ သူကပြောတယ် ။ ကျတော်ကလည်း သည်လိုအဖြစ်မျိုး မကြုံစဖူးဆိုတော့ ခံစားလို့ကလည်း မရတော့ ပင်ကိုတော့ မရေးပေးနိုင်ဘူး ၊ ဘာသာပြန်ပေးမယ်ဆိုပြီး သည် Post လေးကို ဘာသာပြန်ဖြစ်ခဲ့တာပါ ။

သည်ဝတ္ထုလေးဟာ အိန္ဒိယက စာရေးဆရာ "Kunal Basu" ရဲ့ "The Japanese Wife" ဆိုတဲ့ အလတ်စား ၀တ္ထုလေးပါ ။ သည်ဝတ္ထုလေးကို အခြေခံပြီး အိန္ဒိယကနာမည်ကြီး အမျိုးသမီး ဒါရိုက်တာ "Aparna Sen" က အိန္ဒိယသရုပ်ဆောင်တွေ ၊ ဂျပန်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပြီးစီးခဲ့လို့ မကြာမီ ရုံတင်ပြသတော့မည့် ရုပ်ရှင်ကားလည်းဖြစ်ပါတယ် ။ ( Trailers တွေသည်မှာကြည့်နိုင်ပါတယ် )။

သည်ဝတ္ထုလေးဟာ အိန္ဒိယက ဘင်္ဂလီ အမျိုးသားတစ်ယောက်နဲ့ ဂျပန်ပြည်က မိန်းကလေးတစ်ယောက်ရဲ့ မေတ္တာဖွဲ့ဖြစ်ပြီး ၊ လှပအပြစ်ကင်းသည့် ချစ်ခြင်းကို လည်းဖော်ကျူးထားပါတယ် ။ ကျတော့်သူငယ်ချင်းနဲ့ သူ့ကောင်မလေးလဲ ကြိုက်လိမ့်မယ်ထင်ပါတယ် ။

ဒါအပြင် ကိုယ်တိုင်အနေနဲ့လဲ တစ်ဦးနဲ့တစ်ဦး မတွေ့ရပဲ စာတွေ ၊ ဖုန်းတွေမှတစ်ဆင့် နှစ်သိမ့်တတ်တဲ့ သူတစ်ယောက်အတွက်လည်း ရည်ရွယ်ပါတယ် ။ သည်လို အချစ်မျိုးဟာလည်း ဘယ်လောက်အထိ အချစ်မည်ပါသလဲ ။ စိတ်ကူးယဉ်တတ်တဲ့ယောက်ျားတစ်ယောက်ဘာ ဘယ်လောက်ကြာကြာ သည်လိုပုံစံမျိုးနဲ့ ချစ်မြဲချစ်နေနိုင်မလဲ ။ တွေးစရာပင် ။

သည်အတွက်သည် ၀တ္ထုလေးကိုကြိုးစားပြီး မြန်မာပြန်ထားတာပါ ။ ဖတ်လို့ မကောင်းသည်ကိုတွေရင်မြန်မာပြန်သူ ညံ့သောကြောင့်သာဖြစ်ပါတယ် ။ ( ကာယကံရှင် နှစ်ယောက်မကြိုက်ရင်တော့ မတတ်နိုင်ဘူးဗျနော် ... ဟင်း ဟင်း .. ) ။ အစကတော့ တစ်ပုဒ်လုံးတင်ပေးမလို့ပါ ။ ဒါပေမယ့် အတော်ရှည်နေတော့ နှစ်ပိုင်း ပိုင်းတင်ပေးလိုက်တယ် ။ ကျန်တစ်ပိုင်းကိုတော့ နောက်တစ်ပတ် တကယ်စားရပြီးမှ ပဲတင်ပေးတော့မယ် .... ။

သံသာလေကမ်းတိုင်

(၁)



သူမ သူ့ထံလေတံခွန်များ ပေးပို့လေ့ရှိသည် ။ သည်လေတံခွန်တွေဟာ အရွယ်အားဖြင့်ကြီးမားပေမယ့် စက္ကူတစ်ရွက်လို ပေါ့ပါး သပ်ရပ်သည့် ခပ်ကျစ်ကျစ်အသားတစ်မျိုးမျိုးနဲ့လုပ်တဲ့ သေတ္တာတွေနဲ့တစ်ဆင့် ရောက်လာတတ်ကြသည်။ စည်သွပ်ဘူး သွန်းကုန်ပို့ကုန်လုပ်ငန်းတွင်ကျယ်တဲ့ သင်္ဘောဆိပ်မှာတော့ စာပို့သမားတွေဟာ နိုင်ငံခြားမှပေးပို့သည် ဆိုတဲ့စာတိုက်က အမှတ်တံဆိပ်စက္ကူကို အထင်ကြီးတတ်ကြသည် ။ စာပို့သမားဝါနုသေးသူများဆိုရင် “ဘယ်ကလာတာလဲ” လို့မေးတတ်ကြပေမယ့် နှစ်ကြီးသမားဝါရင့်တွေကျတော့ ပြုံးရုံသာ ပြုံးကောင်းပြုံးမိမယ် ။ ချောပို့သမားဟာ သေတ္တာကို လမ်းညွှန်ဆိုင်းပုတ် ခပ်ကြီးကြီးတစ်ချပ်လို စက်ဘီးရဲ့နောက်ခုံ မှာချည်ပြီး ရင်တော့ ခပ်ညစ်ညစ် ဆိပ်ကမ်းအလုပ်သမားတွေရဲ့ ရန်ကလွန်အောင်တော့ ဘီးဟွန်းတညံညံတီးဖို့ လိုပါလိမ့်မယ် ။ သင်္ဘောဖယ်ရီပေါ်ကျတော့လည်း ဂုဏ်ယူနေဟန်ရှိတဲ့ ချောပို့သမားက သေတ္တာပတ်လည်မှာ ကြိုးမည်းတစ်ချောင်း ခိုင်ခိုင်ချည်လို့ “မဲတလာ” မြစ်ရဲ့တစ်ဘက်ကမ်းကို ရေတစ်ပေါက်မစင်စေရဘဲ ဖြတ်ကူးလာခဲ့၏ ။ အော်ဟစ်ဆူညံနေတဲ့ ကလေးတွေ ၀ိုင်းအုံရင်း ၊ ဂျုံးဂျုံးကျ ပင်ပန်းလွန်းနေတဲ့ လယ်သူမကြီးတွေ နဲ့ မုတ်ဆိတ်ထူထူ ဆာဒူးကြီးတွေရဲ့ စူးစမ်းတဲ့ အကြည့်တွေကို ဖြတ်သန်းရင်း ၊ အထဲမှာ ဘာများပါပါလိမ့်ဆိုပြီး သေတ္တာထဲကို ခပ်ကြမ်းကြမ်းထိုးကြည့်တဲ့ လက်ချောင်းတွေရန်မှ လွဲရင် ဒါဟာ လုံခြုံစိတ်ချရတဲ့ ခရီးပါပဲ ။ “လျိုနိုင်း” ဒေသရဲ့ ခရီးလမ်းပန်းဆက်သွယ်ရေးဟာ နည်းနည်းတော့ ဒုက္ခများသည်။ ဒီရေတွေနဲ့ ပေါင်းလန်နေတဲ့ မြစ်ဟာ ကျွန်းဒေသရဲ့ လူသူခပ်ကျဲကျဲ ဆိပ်ခံတံတားတစ်ခွင်ကို ဖုံးလွှမ်းထားတတ်သည် ။ ရွှံနွံတွေနဲ့ ချောနေတဲ့ ကမ်းပါးတစ်လျှောက်မှာ တန်းစီပြီး ပစ္စည်းသယ်ကြတဲ့ အလုပ်သမားတွေက တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းရင်း သေတ္တာဟာ မြေမာပေါ်ကိုရောက်တော့တယ် ။ စိတ်အားထက်သန်စွာ ၀ိုင်းကြည့်နေကြတဲ့လူတွေကို ဖြတ်ပြီးတော့မှ သည်သေတ္တာကို လန်ချားတစ်စီးပေါ်တင်ပေး လိုက်ရပြန်သည် ။ သည်နောက်တော့ ရွာလမ်းတစ်လျှောက် လေယူရာယိမ်းနေတဲ့ မန်ကျည်းနဲ့ တမာပင်တွေကိုဖြတ်သန်းရင်း ၊ အိပ်မောကျနေတဲ့ ခွေးတွေကိုဖြတ်ကျော်ကာ ၊ နောက်က ကလေးတွေကလည်း တစ်ကောက်ကောက်ပြေးလိုက်လျက် … ၊ သေတ္တာကိုချည်ထားတဲ့ မညီတဲ့ကြိုးအထုံး တွေကလည်း တဂျီဂျီ အသံပေးရင်းနဲ့ပဲ နောက်ဆုံးမှာ သူ့ဆီကိုရောက်လာပါတော့သည် ။


သူ့အဒေါ်ဖြစ်သူကတော့ အိမ်ပြန်လာတဲ့ သတို့သမီးတစ်ယောက်လို သေတ္တာကို ကြိုဆီးလက်ခံသည် ။ ရွာထဲမှာ အုတ်၊ ဘိလပ်မြေနဲ့ဆောက်တဲ့ တစ်လုံးတည်းသောအိမ်ဖြစ်သည့် သူတို့ရဲ့ အဖြူနဲ့အ၀ါကြား အိမ်ရှေ့ဝယ် စုဝေးအုပ်အုပ်ညံနေတဲ့ အိမ်နီးချင်းတွေထဲက မိန်းမငယ်လေးများကိုသာ အဒေါ်လုပ်သူက သေတ္တာကို မစေပြီး အိမ်ထဲက သူ့အခန်းအတွင်းသို့ဝင်စေ၏ ။ အခန်းအတွင်းမှတော့ သေတ္တာဟာ မိတ်လိုက်ကြတဲ့ ကြောင်တွေရဲ့ညိုးညိုးညံညံ အသံတွေ ၊ မပြင်ရသေးတဲ့ အိပ်ယာနှင့် တောက်ပသောမီးတောင်ပေါ်မှ ထွန်းသစ်စနေမင်းပုံ ဆေးရေးပန်းချီကားရှေ့ဆီက တိုလီမုတ်စ အလှအပ ပစ္စည်းပုစုခရုတွေကို အဖော်ပြုရင်း နေရောင်အထိုးဝယ် ကတော့ပုံရှည်မျောမျောတစောင်းအရိပ်ထင် နေသည်။


တစ်နေတာတဲ့ အပူရှိန်နဲ့ စိတ်လှုပ်ရှားခဲ့ရမှုတွေကြောင့် ဖြူဖတ်ဖြူရော်ဖြစ်နေသည့် “ရှိုဟမွန်” ဟာ အခန်းထဲကိုဝင်ဝင်ခြင်း သူ့နောက်ကတံခါးကို စေ့ပိတ်လိုက်သည်။ သည်နေ့ကျောင်းနောက်ကျသည့် သူ့လက်အောက်က ဆရာတွေက သူ့နာမည်ကို အင်္ဂလိပ်လိုရေးထားတဲ့အပြင် ဘာသာခြားအက္ခရာတွေပါသည့် သေတ္တောတစ်လုံးဟာ “မဲတလာ” မြစ်ကိုဖြတ်ကျော်လာပြီလို့ သူ့ကိုသတင်းပေးထားပြီးဖြစ်သည်။ စာသင်ချိန်အပြီးနောက်မှာ သူ့ကိုယ်သူ ပြန်လည်တွေးတောဖို့ အချိန်ပေးရင်း အက္ခရာသင်္ချာ လျက်တပြတ်စာမေးပွဲလေးကို အတန်းထဲမှာ စစ်ဆေးခဲ့သေးသည်။ ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်ဖြစ်သည့် ညနေလေးနာရီတိတိမှာတော့ သူဟာ ခပ်မြန်မြန်စက်ဘီးနင်းရင်း သစ်ရွက်လေတိုးသံ သဲ့သဲ့ကြားနေရတဲ့ လမ်းလေးအတိုင်း အိမ်ပြန်လာခဲ့သည်။ အခန်းထဲသို့ရောက်လျက်ရောက်ချင်း စိတ်ပူစိုးရိမ် နေတဲ့ ဧည့်သည်တစ်ယောက်လို သူ့အိပ်ယာကိုမှီထားတဲ့ သေတ္တာကို မျက်နှာချင်းဆိုင်ရပ်ရင်း ကြက်သေသေနေသည် ။ နောက်တော့လွန်ခဲ့သော အနှစ် ၂၀ ၊ ဂျပန်နိုင်ငံက သူ့ဇနီးရဲ့ ပထမဆုံးသော စာကိုဖွင့်သလို စိတ်မရှည်လောကြီးစွာ သေတ္တာကိုပတ်ထားတဲ့ အညိုရောင်စက္ကူကို သူဆွဲခွာချလိုက်သည်။ သည်သေတ္တာပေါ်မှာပါတဲ့ အက္ခရာနှစ်လုံးဟာလည်း ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ က စာအိတ်ပေါ်မှ စာလုံးတွေနဲ့ အတူတူဖြစ်၏ ။


(၂)


လူတွေက သူ့ကိုနာမည် အမျိုးမျိုးနဲ့ ခေါ်ကြသည် ။ “ရှိုဟမွန် ချာကာဘာထရီ” ၊ “လျိုနှိုင်း အလယ်တန်းကျောင်းက ကျောင်းဆရာ” အစရှိသဖြင့် ခေါ်ကြသည်။ ဘင်္ဂါလီလို “အကျိုးရှိသည်” လို့ အဓိပ္ပာယ်ရတဲ့ ပထမနာမည်နှစ်လုံး “ရှိုဟ” ဆိုတဲ့ အမည်ကိုတော့ သူ့အဒေါ်တစ်ဦးတည်းသာ မူပိုင်ထား၍ ခေါ်လေ့ရှိ၏ ။ အဒေါ်လုပ်သူမှာလည်း သူငယ်စဉ်က “ရှိုနိုင်းမြစ်” ရေကြီးချိန်မှာ ရေနစ်ဆုံးပါးသွားကြတဲ့ သူ့မိဘနှစ်ပါး မျက်ကွယ်ပြုသွားချိန်မှစကာ ရင်အုပ်မကွာစောင့်ရှောက်လာရသည့် မုဆိုးမတစ်ဦးဖြစ်သည်။ ဟိုငယ်စဉ် သူကျောင်းသားဘ၀ ကျောင်းပြေးတုန်းက ရွာစဉ်တစ်လျှောက် သူ့နာမည်ကိုအော်ရှာတတ်ခဲ့သလို ယခုတိုင်မီးဖိုဆောင်မှ မကြာခဏ “ရှိုဟ…. ရေ” လိုအော်ကြီးဟစ်ကျယ်ခေါ်တတ်ဆဲဖြစ်၏ ။ သည်လိုခေါ်လိုက်တိုင်း ဟိုငယ်စဉ် ကျောင်းပြေးတုန်း သူ့ကိုတွေ့တော့ ဒေါသတွေ တလိတ်လိတ်ထနေတတ်သည့် အဒေါ်ထံ အပြေးကလေးလာခဲ့သလို ရောက်ရာမှ ချက်ချင်းထလာတတ်စမြဲဖြစ်သည် ။ ရွာထဲကအခြားလူတွေအတွက်တော့ သူ့အလုပ်အကိုင်ကြောင့် အသိမိတ်ဆွေများပါသည် ။ ဟိုအဝေးကြီးမှာ ရှိတဲ့ ကလကတ္တားကောလိပ်ကြီးမှာ ရတောင့်ရစကောင်းခက်ခဲတဲ့ B.Sc ဘွဲ့ကို ရအောင်ယူနိုင်ခဲ့တဲ့ ၊ သင်္ချာပုစ္ဆာတွေကို ကျွမ်းကျင်စွာ သင်ကြားတတ်တဲ့ ကျောင်းဆရာတစ်ဦး အဖြစ်နဲ့ရော အသိများကြပါ၏ ။ သူ့ကွယ်ရာမှာတော့ “ဂျာပန်ကြီး” လို့ အပြောင်အပျက်ခေါ်တတ်ကြ၏ ။ ဂျပန်လူမျိုး တစ်ယောက်တဲ့လား ။ သူကလည်း ဂျပန်စကားလုံးတွေကို ကျောက်သင်ပုန်းမှာရေးတတ်သလို ၊ ညနေတိုင်း သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းရှိတတ်တဲ့ ရွာလမ်းတစ်လျှောက် စက်ဘီးစီးရင်း ပါးစပ်ကလျှောက်ရွတ်တတ် နေတတ်သေးသည် ။ ကျောင်းစစ်အရာရှိရောက်လာတဲ့အခါမှာတောင် သူ့အိမ်ကို “ဂျပန်ဇနီးရှိတဲ့ ကျောင်းဆရာရဲ့အိမ်” ရယ်လို့တိတိပပ မေးမြန်းစုံစမ်းပြီး အရောက်လာတတ်စမြဲဖြစ်၏ ။ သူဟာ တိတ်တဆိတ်လျို့ဝှက်ပြီး အိမ်ယာထောင်ခဲ့ခြင်းဖြစ်သည့်တိုင် သည်လက်ထပ်ခဲ့သည့်ကိစ္စမှာ ကလကတ္တားမှ သူပညာစုံပြီး ပြန်လာချိန်ကတည်းက လူတိုင်းသိကြပြီးဖြစ်၏ ။ ရွာသားတွေအများကြီးထဲကမှ တိုင်းခြားသူအမျိုးသမီးနဲ့ အိမ်ယာထောင်နိုင်တဲ့ သူတစ်ယောက်အဖြစ် လည်းလူတိုင်း အသိအမှတ်ပြုမိကြပြီးဖြစ်သည် ။ သည်တိတ်တဆိတ်ထိမ်းမြားခြင်းဟာ အခုတော့ လာနေကျ စာတွေလို ၊အဒေါ်လုပ်သူက တမ်းတမ်းတတပြောတတ်တဲ့ သူ့ချစ်ချွေးမ ပုံပြင်များလို လူတိုင်းမသိချင်အဆုံး သိကြတဲ့ ဖြစ်ရပ်တစ်ခုဖြစ်နေပြီ ။ အခုတလော “လေတံခွန်” တွေ မကြာမကြာ ရောက်လာတတ်တာကလွဲလို့ အရာအားလုံးဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ ။


လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်းမှာ စာတိုက်ကလာတတ်တဲ့ ပါဆယ်ထုပ်အမျိုးမျိုးကို သူဖွင့်ကြည့်ခဲ့ဖူးပေါင်း များလှပြီ ။ ချိုမြမြကော်နံ့သင်းနေတဲ့ စက္ကူသေတ္တာတွေ ၊ “ဟိုကူဆိုင်း” တံဆိပ်ပါ “သတိ - ကျိုးပဲ့လွယ်သည်” လို့သတိပေးစာတမ်းကပ်ထားတဲ့ ကပ်ထူ စက္ကူသေတ္တာတွေ ၊ တောင်ပေါ်ချယ်ရီတွေ ပါတဲ့ ပိုးသားအိတ်ကလေးတစ်လုံး ၊ ကလေးငယ်အိပ်တဲ့ ခေါင်းအုံးလို သေသပ်ကျစ်လစ်အောင် လိပ်ထားတဲ့ ပန်းချီဆွဲ စက္ကူတွေ ၊ ရေမွှေးနံ့သင်းတဲ့ စာအိတ်တွေ ၊ အထိမ်းအမှတ်ကပ်ပြားတွေ ၊ နောက် ခြောက်သွေ့နေပြီ ဖြစ်တဲ့ သစ်ရွက်လှလှလေးတွေ ။ ဒါတွေအားလုံးဟာ ဖုံတွေအလိမ်းလိမ်းတက်နေတဲ့ စာတိုက်ပုံးတွေထဲ ၊ လယ်သမားတွေကြား အတွန်းအတိုက်ခံရင်းနဲ့ပဲ မဲတလာမြစ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာကြစမြဲဖြစ်သည် ။ ပထမဦးဆုံးစာရောက်လာ ပုံကတော့ တစ်မျိုးတစ်မည်ထူးဆန်း၏ ။


သူ မကြာမကြာ ပြန်လည်စိတ်ကူးပုံဖော်မိတတ်တဲ့ ပထမဆုံးအဆက်အသွယ်ရချိန်တုန်းက ဘာမျှထူးထူးခြားခြား မဟုတ်ဘဲ သာမန်ခပ်ရိုးရိုးအဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။ အခုချိန်မတော့ သည်အဖြစ်အပျက်လေးဟာ ဘယ်လိုပဲကြည့်ကြည့် မမျှော်လင့်ဘဲရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ ပျော်စရာအဖြစ်အပျက်လေးတစ်ခု ပင်မဟုတ်ပါလား ။ စာထဲမှာ -


“ခင်မင်ရတဲ့ ရှိုဟမွန်ရေ …
ကျမရှင့်ရဲ့ပြန်စာကိုစောင့်နေခဲ့တယ် ။ သိပ်ဟုတ်တာပေါ့ကွယ် .. ၊ ကျမရှင့်ရဲ့ စာရေးဖတ်မိတ်ဆွေဖြစ်ရမှာပေါ့ ။ ကျမနာမည်ရဲ့ အဓိပ္ပာယ်ကတော့ “လက်ဆောင်” တဲ့ …”


စာအဆုံးမှာ မီရကီ လို့လက်မှတ်ထိုးထားသည် ။ စာတစ်စောင်လုံးဟာ အကျဉ်းချုံးသံခိပ်ပြုထား သလိုဖြစ်နေပေမယ့် သူ့အတွက်တော့ အမျိုးအမည်မသတ်မှတ်နိုင်သော ခံစားချက်တစ်ရပ်ကို ဖြစ်ပေါ်စေသည် ။ နောက်လတွေမှာတော့ အရင်က “ကဲကုလ (Calculus) ” ပုစ္ဆာတွေနေရာမှာ အင်္ဂလိပ်စာအရေးအသားတိုးတက်ဖို့ အားထုတ်ရရင်း ၊ နောက်သူ့ရဲ့ စာရေးမိတ်ဆွေထံ ပြန်စာတွေရေးရင်း အချိန်ဖြုန်းဖြစ်ခဲ့၏ ။ ပထမဆုံးအကြိမ် မဂ္ဂဇင်းတစ်စောင်မှာ သူမလိပ်စာကို အမှတ်မထင်တွေ့ရှိခြင်းမှစ၍ ခုလိုအခြေအနေအထိ တဆင့်ဆင့်ဖြစ်ရပ်တွေကို သူ့မိတ်ဆွေသူငယ်ချင်းတွေထံ ဖွင့်ဟတိုင်ပင်ဖို့ သူရှက်ရွံ့နေခဲ့သည် ။ စာတွေထဲမှာတော့ သူ့ကောလိပ် ၊ သူ့အဒေါ် နောက် သူချစ်တဲ့ “မဲတလာ”မြစ် စတဲ့စိတ်ကူးတဲ့ရာအကြောင်းတွေကို ရေးတတ်သည်။ သူမကလည်း သူမချစ်တဲ့ ဂျပန်နိုင်ငံက “နာဂကူချီမြစ်” အကြောင်းပြန်ရေးတော့ သည်အကြောင်းတွေကလည်း သူ့အတွေးထဲစီးဆင်းသွားမြဲဖြစ်သည်။ သူကတော့ မကြာခဏဆိုသလို သူ့ရွာကလေးကိုရေလွှမ်းစေတတ်သည့် ၊ ကြီမားတဲ့ လှိုင်းအရှိန်ဖြင့် သူ့မိဘနှစ်ပါးစလုံးကို ၀ါးမြိုပစ်ခဲ့တဲ့ ၊ ရေကျပြီးနောက်မှာတောင် အကောင်ဘလောင်အသေတွေရဲ့ အနံ့ဆိုးတွေ လှိုင်လှိုင်ဝေနေတဲ့ “မဲတလာ” မြစ်အပေါ် နာကြည်းမုန်းတီးမှုတွေကို သူမထံရင်ဖွင့်ခဲ့သည် ။ သာတောင့်သာယာရှိလှတဲ့ ပြည့်ဝတည်ငြိမ်နေတဲ့မြစ်ပြင်ကို ၀ါးပင်အုပ်အုပ်တွေရဲ့အရိပ်စူးစူးဟာ ထိုးဖောက်လို့ မြစ်ပြင်တစ်လျှောက်မှာလည်း လှေန၀ါတွေ ၊ ရွှံတဲတွေအစီအရီနဲ့ နွေနှောင်းမုတ်သုံလေ တသုန်သုန် ဆော်မြူးချိန်ရောက်ကာ တံငါသည်တွေကို နှစ်စဉ်သဘာဝ လက်ဆောင်အဖြစ်ဝင်ငွေတိုးစေတဲ့ အခါမျိုးမှာ တော့ သူမြတ်နိုးကြောင်းရေးတတ်ပြန်သည် ။ သည်လိုအခါမျိုးမှာ ကမ်းစပ်နဘေးအညောင်းအညာဖြေ လဲလျောင်းလို့ မြစ်ရဲ့လှိုင်းကြက်ခွပ်တေးကို နားဆင်ရခြင်ဟာ ကွယ်လွန်သူ သူ့မိခင်ရဲ့တေးသံများလားလို့ ရူးရူးမိုက်မိုက် တစ်ကိုယ်တော်ယုံကြည် မိခဲ့ကြောင်းကိုလည်း ရေးပို့ခဲ့သည်။


သူမကလည်း သူ့ထံ နီညိုရောင်သန်းနေတဲ့ ရွာတစ်ရွာရဲ့ ပန်းချီပုံတစ်ပုံပေးပို့လိုက်ရင်း “ရှင်သည်စကားလုံကို ဘယ်လိုများအသံထွက်ရပါသလဲ ရှိုဟမွန်” လို့မေး၏ ။ သူကလည်း ‘s’ နဲ့ ‘n’ နှစ်ခုပေါင်းကာ ခပ်ပျောပျော့အသံစူးစူးလေးထွက်ရကြောင်းကို ထင်သာစေရန် လေချွန်ဖို့ရှာလိပ်သလို လိပ်၍ထွက်ရကြောင်း ရှင်းပြခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲအတွက် ပြင်ဆင်ရခြင်းကြောင့် လအတန်ကြာ စာတွေအရင်တုန်းကလောက် မှန်မှန်မရေးနိုင်ခဲ့ ။ ဘွဲ့ရပြီးနောက်မှာ သူ့အနေဖြင့် သူ့ရွာကကျောင်းမှာပဲ ကျောင်းဆရာအဖြစ်အမှုထမ်းဖို့ ဆုံးဖြတ်ကြောင်းနဲ့ အဒေါ်လုပ်သူကလည်း သူမအသိမိတ်ဆွေတစ်ယောက်သမီးနဲ့ သူ့ကိုစေ့စပ်ကြောင်းလမ်းဖို့ စိတ်ထက်သန်နေကြောင်း မီရကီဆီ စာရေးအကြောင်းကြားခဲ့သည်။


မြို့မှာနေစဉ် သုံးနှစ်တာ ကာလအတွင်း သင်္ချာပုစ္ဆာတွေကို အဖြေရှာနိုင်၍ ကျေနပ်ရခြင်း ၊ နှစ်လကိုတစ်ကြိမ်လောက် အဒေါ်ထံအလည်ပြန်ရခြင်း ၊ စာတိုက်သို့ အကြိမ်မှန်မှန် စာထည့်ဖို့ရောက်ခြင်း ၊ မီရကီ၏ ပြန်စာကိုအဆောင်သို့လာပို့မည့် စာပို့သမားအား စောင့်မျှော်ရခြင်းစသည့် သူ့ကိုယ်ပိုင် ကမ္ဘာလေးအတွင်းမှာ ပျော်ရွှင်မွေ့လျော်စေခဲ့သည် ။


သူ့ရဲ့ ရင်းနှီးခင်မင်တဲ့ မိတ်ဆွေအချို့ကတော့ သူ့အား “ကိုပိန်းပိန်း” လို့နောက်ပြောင်ခေါ်ကြပြီး သူ့ကိုမကြာခဏဆိုသလို ချောက်ချတတ်ကြသည်။ တစ်ယောက်ကဆိုရင် တိတ်တဆိတ်ဖြင့် သူ့ဆီကစာတွေကို ခိုးယူကာ တောသားလူရိုးတစ်ယောက်ရဲ့ စွန့်စားခန်းကြီးကို လူသိရှင်ကြား ကြေငြာခဲ့သည် ။ “ခင်မင်ရတဲ့ မီရကီရေ… ကိုယ်ကတော့သည်မှာ တစ်ယောက်ထဲပဲ …တဲ့ဗျ” သူငယ်ချင်းက ရှိုဟမွန်ရဲ့ ရေးလို့မပြီးသေးတဲ့စာကို ခပ်ကျယ်ကျယ်အော်ဖတ်လိုက်သည်။ “အရင်တစ်ခေါက် ရွာအပြန်တုန်းက အဒေါ်ကမိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ် ၊ ကောင်မလေးကြည့် ရတာအတော့်ကို ရှက်နေပုံပဲ” ။ သူ့ သူငယ်ချင်းတွေက ဖြစ်ကြောင်းကုန်စင်ကိုဖြေရှင်းချက်ပေးပါဦး လို့မရမကတောင်းဆိုကြသည်။ ဘာကြောင့် မီရကီအကြောင်းကို မပြောဘဲဖုံးထား ရတာလည်း ။ ဒါနဲ့ မီရကီ ဆိုတာရော ဘာအဓိပ္ပာယ်လဲ ။ သူငယ်ချင်းတစ်ယောက်ကတော့ သူမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ရပ်ကို မေးခွန်းထုတ်သည် ။ “မင်းရွာက ကွမ်းတောင်ကိုင်လေးကိုယူမှာလား ၊ ဂျပန်မကို ယူမှာလား …”


သူမရဲ့ နောက်စာတစ်စောင်မှာတော့ သူစိမ်းတစ်ယောက်လေလားလို့ ထင်ရသည်အထိ သူမရဲ့စာအသွားအလာဟာ ရှိုဟမွန်ကိုဆွဲဆောင်ထားသည်။ အရင်လို မာကြောင်းသာကြောင်း အစပြုပြီးမှ ရေးနေကျမင်အရောင်ကိုပြောင်းလိုက်ပြီး ခပ်သင်းသင်းမွှေးနေတဲ့ အပြာရောင်မင်ဖြင့် “ခုတော့ ရှိုဟမွန်ရေ ကျမရှင့်ကို အရေးတကြီး ကိစ္စတစ်ခုပြောရဦးမယ် ။ ကျမကိုယ်ကျမလေ ရှင့်ရဲ့သတို့သမီး အဖြစ်ရပါစေလို့ တောင်းခံပါရစေနော် … ၊ ရှင့်အဒေါ်ကိုရော ကျမရှင့်ရဲ့ ဇနီးဖြစ်စေရပါမယ်လို့ ပြောပေးပါလား ။ ရှင်များ လက်သင့်ခံမယ်ဆိုရင်လေ ၊ ကျမတို့နှစ်ယောက် လက်ထပ်ကြရအောင် ..”


ခင်မင်မှုထက် နောက်တစ်ဆင့်တက်ဖို့ကြိုးစားရင်း အတွင်းကြိတ်ပုံး ပူနေရတဲ့ ရှိုဟမွန်ကိုယ်တိုင်အတွက်တော့ သည်စာဟာ ဒုက္ခဝေဒနာကို လျော့ပါးသွားစေတတ်တဲ့ ဆေးတစ်သွယ်ပါပဲ ။ သူ့ဘ၀ရဲ့ အကြီးကျယ်ဆုံးအားထုတ်မှုတစ်ရပ်အဖြစ် ဘောပင်ကိုကောက်ယူယင်း မီရကီရဲ့ လက်ထပ်ခွင့်ကိုလက်ခံခဲ့ပြီးနောက်မှာ တစ်လလုံးလုံး သူ့အဒေါ်ကိုဘယ်လိုများပြောရပါ့မလဲ လို့ စိတ်မအေးနိုင်ဖြစ်ခဲ့ရသည်။ အဒေါ်လုပ်သူကတော့ “မဲတလာ” မြစ်ရဲ့အလျင်လို ခိုင်ကျည်တဲ့ သူ့မျက်ဝန်းထဲက စိတ်ပိုင်းဖြတ်မှုကို သတိမထားမိခင်ကတော့ အပြန်အလှန်စာရေးတဲ့မိတ်ဆွေတွေ အဖြစ် သာမာန်ကာလျှံကာသဘောထားရင်း ကျန်းမာရေးကို ဂရုမစိုက်ကြောင်းသာ ကြိမ်းမောင်းဆူပူနေသည် ။


“မီရကီ ဆိုတာဘာတဲ့တုန်းဟဲ့ ” တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွင်းလို့ အဒေါ်ကမေးလိုက်သည်။ ပူပူနွေးနွေး သတို့သားကလေး ရှိုဟမွန်ခမျာမှာတော့ ခပ်ရှက်ရှက်စကားစကာ သူ့တို့နှစ်ယောက်စသိကြပုံမှ အကြောင်းစုံကို ပြန်ပြောင်းပြောပြခဲ့သည်။
“ဒါထက် မင်းတို့နှစ်ယောက်ဘယ်တော့ တွေ့ကြမှာတဲ့တုန်း”
သူမှာ သည်မေးခွန်းအတွက် အဖြေမရှိပါ ။ သည်လို တူနှစ်ကိုယ်တွေ့ဆုံမည့်အရေးကိုလည်း သူတို့နှစ်ဦးစလုံး ဘယ်တုန်းကမှ မဆွေးနွေးမိခဲ့ကြောင်း သူ ၀န်ခံခဲ့သည်။
အခု သူအိပ်ယာပေါ်မှာထိုင်ရင်းတွေးနေဆဲမှာပင် အဒေါ်လုပ်သူ့ခြေသံကို ခပ်သဲ့သဲ့ကြားရသည်။ လောလောလတ်လတ်ရောက်လာတဲ့ လက်ဆောင်ထုပ်ကို ငေးရင်းရှေ့မှာထိုင် နေတဲ့သူ့ကိုမြင်တော့ တစ်ခုခုတော့ အသေအချာပဲလို့ ထင်မိရင်း သူ့အဒေါ်ကမေးလိုက်သည်။
“သည်တစ်ခါ မင့်မိန်းမက ဘာတွေပို့လိုက်ပြန်သ တုန်း”
“လေတံခွန်တွေ ၊ စွန်တွေပါ ။”


(၃)


ရှေးရှေးက စကားပုံတွေမှာတော့ “ရောက်ရှိခြင်းသည် တပြိုင်နက် အစုံလိုက်လာတတ်၏” လို့ဆိုရိုး ရှိသည်။ တစ်မနက်မှာတော့ ကြားနေကျမဟုတ်တဲ့ အသံတွေကြောင့် ရှိုဟမွန် နိုးလာတော့ သူတို့ အိမ်ဝန်းထဲမှာ ကောင်လေးတစ်ယောက် ကြိုးခုန်ကစားနေသည်ကို တွေ့ရ၏ ။ မီးဖိုဆောင်မှ လည်း ယခင့်ယခင်ကထက် တကျက်ကျက် ဆူဆူညံနေတော့ အိပ်ယာပေါ်မှာ စောင့်ငဲ့ကြည့်လိုက် တော့ သူ့အဒေါ်နဘေးမှာ ခပ်ကပ်ကပ်ထိုင်နေတဲ့ မိန်းမငယ်တစ်ယောက်ကို မီးခိုးငွေ့တဝေေ၀ကြားမှ ခပ်ဝါးဝါးမြင်ရသည် ။ “ဘယ်သူများပါလိမ့်” ။ “မဲတလာ” မြစ်ကိုဆန်ကာ သည်ကျွန်းလေးပေါ်ကိုလာတတ်သည့် သူ့တို့ရဲ့ အသိမိတ်ဆွေတွေကို စဉ်းစားရင်း သူ့ကိုယ်သူမေးလိုက် သည်။ အိမ်ကို တစ်ဒင်္ဂက လာတတ်သည့် ဧည့်သည်တွေထက်တော့ အခုလာသူနှစ်ယောက်ဟာ သေချာတဲ့ ရင်းနှီးကျွမ်းဝင်မှုတစ်ခုခုတော့ ရှိပုံရသည်။ ကောင်လေးဟာလည်း တစ်ခန်းဝင်တစ်ခန်းထွက် သွက်သွက်လက်လက် ပြေးလွှားကစားနေလိုက် တာများ သူ့ချက်မြှုပ်မွေးဖွားရာ အိမ်များလားဟုထင်ရသည်။ ကောင်လေးကသူ့ကိုတောင် “ကားကူး” လို့လှမ်းခေါ်လိုက်သံကို သူကြားလိုက်ရပြန်သည်။ ဦးလေး…. တဲ့လား ။ ရှိုဟမွန်ဟာ မျက်မှန်ကို မမြင်မစမ်း စမ်းတ၀ါးဝါးရှာကာ တပ်ကြည့်လိုက်တော့ မီးဖိုချောင်ဆီမှာ စူးစမ်းသလိုကြည့်နေသော မျက်ဝန်းလေးတစ်စုံနှင့် အကြည့်ချင်း ဆုံမိလိုက်သည်။ လျက်တစ်ပြက်အချိန်လေးမှာပင် သူ မိန်းကလေးကို မှတ်မိလိုက်သည်။ လွန်ခဲတဲ့ အနှစ် (၂၀) က သူ့အဒေါ်သူ့အတွက် ရွေးချယ်ပေးဖူးခဲ့တဲ့ ခပ်ရှက်ရှက်မိန်းကလေးပင် ။
နံနက်စာစားချိန်ကျတော့ အဒေါ်ကပင် အကြောင်းစုံကို ခပ်တိုးတိုးရှင်းပြသည်။ ကံဆိုးရှာသည့် အဖြစ်အပျက်များမတိုင်ခင်ကတော့ ရှိုဟမွန်ကလက်မထပ်နိုင်ကြောင်း ငြင်းဆိုပြီးမကြာခင်ပင် အနီးကရွာမှ လူငယ်တစ်ဦးနှင့် လက်ထပ်ခဲ့ကြောင်း ၊ မမျှော်လင့်ဘဲ လင်ယောက်ျားဆုံးပါးသွားခဲ့ရပြီး ကလေးတစ်ယောက်နှင့်ကျစ်ရစ်ကာ ကြည်ကြည်ဖြူဖြူ မရှိလှသော ယောက္ခမများနှင့် အတူမနေနိုင် သည့်အကြောင်း ၊ ရှိုဟမွန်ကတော့ ကံဆိုးရှာသည့်မိန်းကလေးအကြောင်းကို တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မပေးဘဲ ဆိတ်တိတ်တိတ်သာနားထောင်နေသည်။ “သည်မှာတော့ ကောင်မလေးအတွက် လုံခြုံပါတယ်လေ” အဒေါ်ကပြောသည်။ “ဒါအပြင် ကျတော့်ကို အဒေါ်စောင့်ရှောက် ခဲ့သလို အခုကောင်လေးကိုလည်း ကြီးပြင်းအောင်မွေးဦးမပေါ့ ။ ” သူမျက်မှောင်ကြုပ်နေတာကိုတွေ့တော့ အဒေါ်သူ့ကို ကြိမ်းမောင်းလိုက်သည်။ “မင်း မင့်တာဝန် မကျေဘူးနော် ရှိုဟ ၊ ဘ၀ဆိုတာ စာတွေအပြန်အလှန်ရေးနေရုံနဲ့ မပြီးဘူးဟဲ့ ၊ သည်လောက်လဲ မရိုးစင်းလှဘူး ” ။


ကျောင်းသို့အသွား စက်ဘီးနင်းရင်းပင် ရှိုဟမွန် စိတ်ကူးနှင့်စာကိုစီတော့သည် ။ မီရကီ ကိုသည်အကြောင်းဘယ်လိုများပြောပြ ရပါ့မလဲ ။ တစ်ချိန်တုန်းက သူ့ဇနီးလောင်းဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက် သူ့အိမ်ကိုပြန်ရောက်လာတယ်ဆိုတာထက် အဝေးကဆွေမျိုးနီးစပ်တစ်ယောက် လာနေတယ်လို့ပြောရင် ပိုလို့ကောင်းနိုင်စရာ အကြောင်းရှိသည်။ သည်အကျိုးအားလုံးရဲ့ တာဝန်ရှိသူဟာ သူကိုယ်တိုင်ပါပဲ ။ မီရကီရဲ့ လက်ထပ်ခွင့်ကို ရူးရူးမိုက်မိုက် အလျင်စလို လက်သင့်ခံလိုက်တာဟာ ရှိုဟမွန်ဆိုတဲ့ သူကိုယ်တိုင်ပါပဲ ။ အခုမျက်မှောက် လောလောဆယ်အချိန်မှာတော့ သူ့ဇနီးဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဘာတွေများလုပ်နေပါလိမ့်မလဲ ။ သူစိတ်ရှုပ်တွေးသွားသည် ။ သည်လို ပူပူပင်ပင်အတွေးတွေကြောင့် အတန်းစာသင်ချိန်ကျောင်းသားတွေ ရှေ့မှာပင့် ဖြစ်တောင့်ဖြစ်ခဲ အမှားတစ်ခုဖြစ်ခဲ့ပြီး ကျောင်းမဆင်းခင်ပင် အလျင်စလိုပြန်ခဲ့သည် ။ စက်ဘီးနင်းရင်းအိမ်အပြန်မှာတော့ ရေချိုးသူတွေနဲ့ ဆူညံနေတဲ့ ရွာထိပ်ကရေကန်ကို ကျောခိုင်းကာ မြောက်ဘက်သို့ ဦးတည်စီးနင်းရင်း မြစ်ကမ်းဘက်သို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် ကောက်လှိုင်းစည်းကြီးတွေ ရွက်ကာ ယာတောကပြန်လာတဲ့ လယ်သူမကြီးတွေကိုလည်း စက်ဘီးဘဲလ် သံပေးနှုတ်ဆက်ပြီး ဖြတ်ကျော်ခဲ့ရသည် ။ စပါးနှံတွေ ဖားဖားဝေနေတဲ့ ကောက်လှိုင်းလှည်းတွေကြောင်း စက်ဘီးကို မကြာခဏ ဆိုသလို ရပ်ပေးရသော်လည်း မကြာခင်မှာ မြင်နေကျ ရွှံ့တဲလေးတွေကို ဖြတ်ကျော်ရင်း မြစ်ကမ်းနဘေးသို့ ရောက်လာခဲ့သည် ။


စိတ်ညိုးချုံးပူပန်ရတိုင်း အမြဲလိုပင်သည်ကမ်းပါးဆ သူလာတတ်သလို ၊ သည်ကိုရောက်သမျှ အခါတိုင်းလည်း မြစ်ရေဟာ ပူပန်စိတ်ကျခြင်းများကို စင်ကြယ်အောင်ဆေးကြောပေးမြဲ ဖြစ်သည် ။ သေချာတာတစ်ခုကတော့ သူမဆီကစာတွေမှာရော ၊ သူ့ထံမှစာတွေမှာပါ အခြားသူစိမ်း တစ်ဦးတစ်ယောက် အကြောင်းဟူ၍ ပါဝင်ခဲ့ဖူးသည်မရှိပေ ။ လွန်ခဲ့တဲ့ အနှစ် (၂၀) လုံးမှာ အရေးတကြီး ကိစ္စမှန်သမျှ သူမသူ့ကို ဖွင့်ဟတိုင်ပင်မြဲပင်ဖြစ်သည် ။သူမရဲ့ မိခင်ကွယ်လွန်စဉ်က သူမစိတ်ဓာတ်အကျကြီး ကျနေကာ ၊ ကိုယ့်ကိုကိုယ်သနားမှုကြောင့် ဖြစ်တတ်တဲ့ စိတ်ကျဆင်းမှု ရောင်ပြန်ဟတ်နေတဲ့ သူမဆီကစာတွေကို သူဖတ်ခဲ့ရ၏ ။အဲသည်တုန်းကလည်း သူမကို နှိမ်သိမ့်ရမည့် စကားလုံးတွေကို သည်မြစ်ကမ်းနဘေးမှာပဲ သူရှာဖွေတွေ့ခဲ့ရခြင်းဖြစ်သည် ။ သူမ တို့ရွာကလေးဆီမှ လယ်သမားတဲများကို မီးတောင်ချော်ရည်တွေက မုန်းတီးစွား ၀ါးမျိုလောင်ကျွမ်း ပစ်လိုက်ပြီး မီးလောင်တစပြင် အဖြစ်ကျစ်ရစ်စေခဲ့တုန်းကလည်း ရပ်သူရွာသားတွေရဲ့ ရုန်းကန်ရမှုအစုံစုံကို သူသိရပြန်တော့လည်း သူမထံစာပြန်ဖြစ်ခဲ့သည် ။ အသုဘပူဇော်ပွဲအတွက် မီးမြှိုက်ထားတဲ့ သစ်တုံးတစ်လုံး ပြာကျသွားသည်ကို မျှော်ငေးရင်း သူ့အတွေးဖြင့် ကလောင်သွားထက်စေခဲ့သည် ။ “ကိုယ့်ကိုစောင့်ပါ ၊ သည်မြစ်နဒီပြင်ကို မျှောစေပြီး ကိုယ်မင်းဆီအရောက်လာခဲ့ပါ့မယ်ကွယ် …” သည်လို ချစ်စေတနာ ရွှင်းဝေဖြာချိန်များတွင်တော့ ကြာရှည်စွာစွဲမြဲအောင် ပေါင်းစည်းမှုတစ်ခုကို ကျားကုပ်ကျားခဲ တွယ်တာထိန်းသိမ်းနေတဲ့ အထီးကျန်စာရေးသူတစ်ယောက်လို့ စောတကအတက်ခံ နေရတဲ့ အဖြစ်ကရုံးထွက်နိုင်ကာ ဇနီးဖြစ်သူအပေါ် အမှန်တကယ်မြတ်နိုးတွယ်တာမှု ဥယျောဇဉ်စစ်စစ်ကို သူရှာဖွေတွေ့ရှိတတ်သည် ။ အိမ်ထောင်သည်ယောက်ျားတစ်ယောက် ဇနီးသည် ရှိရာအိမ်ဂေဟာကို ပြန်သလို ၊ သူမရဲ့ လက်ဆောင်ပစ္စည်းများစုဝေးရာ သူ့အိမ်သို့သူပြန်သည် ။ နေ့စဉ် ဈေးကပြန်လာတတ်သည့် ဇနီးသည်ကိုစောင့်သလို သူမထံမှ စာသ၀ဏ်တွေကို သူစောင့်မျှော်သည် ။ လေကြောင်းကျရာ သူ့အိပ်ယာနဘေးက ပန်းချီဆွဲပိတ်ကားတွေပေါ်မှာတော့ အသက်အရွယ် တစ်စတစ်စရင့်ကျက်လာတဲ့ သူ့ဇနီးရဲ့အပြုံးမျက်နှာတွေကို အစီအရီတွေ့ ရတတ်သည်။ သူကတော့ စာတွေတိုင်းမှာ သူမရဲ့ကျန်းမာရေးကို စိတ်မချနိုင်အောင်သတိပေးသည် ။ သူမကလည်း သူ့အတွက် ထုတ်ချင်ရင် ထုတ်လို့ရနေပြီဖြစ်တဲ့ ဘဏ်တိုးငွေတွေ ထုတ်ဖို့ မမေ့အောင် သတိပေးတတ်သည် ။ မုတ်သုံမိုးဦးကျလာပြီဆိုရင် သွေးစုပ်တဲ့မျော့မည်းတွေရန်ကကင်းအောင် ညှပ်ဖိနပ်မစီးမီ ခြေအိပ်အမြဲစွပ်ဖို့ သူမ သတိပေးတတ်သည်။ နောက် တူချွေးမ ပီသစွာပင် ငှက်ဖျားခဏခဏထတက်တဲ့ အဒေါ်ကို ဆရာဝန်သွားမပြတတ်သည့်သူ့ကို မပေါ့နဲ့လို့ သူမကြိမ်းမောင်းတတ်ပါသေးသည်ကော ။ သူကလည်း ညညဆို အပေါစားမိတ်ကပ်တွေ လိမ်းပြီး ရှေ့ကဖြတ်သွားတဲ့ ပုရိသတိုင်းကို ပြည်တည်တည်အကြည့်တွေနဲ့ ဖိတ်ခေါ်တတ်တဲ့ ပြည့်တန်ဆာမတွေ အကြောင်းကိုလည်းပြောပြဖူးသည် ။ သည်အခါမှာတော့ သူကို နောက်ပြောင်ဟန် ရှိတဲ့ သူ့ဇနီးရဲ့ ခပ်အုပ်အုပ်ရယ်သံကိုပင် ကြားယောင်မိသည်ဟု ထင်မိ၏ ။


“ရှင်သူတို့နဲ့လိုက်သွားပါ့လား ရှိုဟမွန် ၊ ရှင်ကောက်ကောက်ပါအောင် လိုက်သွားချင်မှန်း ကျမသိတယ် ၊ ကျမဆီပြန်လာဖို့တော့ စိတ်မကူးလိုက်နဲ့ ၊ ရှင်မရှိလည်း ကျမနေနိုင်တယ် သိရဲ့လား”


သည်လိုနဲ့ပဲ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် စွပ်စွဲရင်း ၊ စာပို့သမားကို အပြစ်ဖို့ရင်း အတန်ကြာ အဆက်အသွယ် မလုပ်ကြဘဲနေခဲ့ကြသည် ။ သောက်လေ့သောက်ထ မရှိသော ဒေသဖြစ် ဓနိရည်ကိုသောက်ပြီး ရွှံထူတဲ့ မဲတလာကမ်းခြေလမ်းတစ်လျှောက် မိုးစုပ်စုပ်ချုပ်ချိန် တစ်ရိတ်ရိတ် မမြင်ဝိုးတ၀ါး စက်ဘီးနင်းရင်း တစ်ဘက်ကမ်းမှာ သူ့ကိုစောင့်ကြိုနေသည့် သူ့ဇနီးကို စိတ်အာရုံဝယ် ပျက်ပျက်ထင်ထင်မြင်မိတဲ့ အကြောင်းကို သူကြိမ်တွယ်၍ပင်ဆိုဝံ့ပါသည် ။


အိမ်ထောင်သက် အနှစ် (၂၀) အတွင်းမှာ သူတို့နှစ်ဦး တစ်ကြိမ်တစ်ခါမှ မတွေ့ဆုံကြစဖူးပါ ။ သည်အတွက်တော့ ရှိုဟမွန် အနည်းငယ်မကျေမနပ်ဖြစ်မိသည် ။ သူ့အဒေါ်အပါအ၀င် အခြားသူတွေကတော့ မီရကီရဲ့ “အထင်အရှားမရှိတဲ့ စိတ်ကူးအရိပ်အယောင်ဘ၀” ကို အချိန်ကြာလာတာနဲ့ အမျှ သတိပြုမိခြင်းကင်းခဲ့လေပြီ ။ အခု ဒါမှမဟုတ် တစ်ချိန်ချိန်တွင်မတော့ “ဂျပန်ပြည်သို့အလည်တစ်ခေါက်” ဆိုသည့် အခြေမျိုးတော့ဖြစ်လာနိုင်ပါသည် ။ သူတို့နှစ်ဦးစလုံး သည်လိုအတွေးကိုယ်စီတော့ ရှိကြစမြဲမဟုတ်ပါလား ။ အားလပ်ရက်ရှည်တစ်ခုခုတွင် မတော့ .. ။


သူကရေးတတ်၏ ။ “သိပ်များ အကုန်အကျများနေမလားပဲ”


“ကြည့်ကျသေးတာပေါ့” သူမစာပြန်သည် ။


“ကိုယ့်အဖို့တော့ ဖြစ်နိုင်မယ်မထင်ဘူး ၊ ကိုယ့်အဒေါ်ကိုဘယ်သူကြည့်မလဲ ။ မင်းတတ်နိုင်လို့ ရှိရင် လျိုနွိုင်းကို ခဏလောက်လာခဲ့ပါလား”


“ခဏဟုတ်လား ၊ အင်း ကြည့်ကြသေးတာပေါ့ ကွယ် …”


“မင့်ကောင်မလေးရော ဘယ်တော့လာမှာတဲ့လည်း” အစတုန်းကတော့ အဒေါ်ကအရေးတယူ မေးခဲ့သေးသည် ။ “ကောင်မလေးကို မင်းသွားကြည့်ရလိမ့်မယ်ထင်တယ်နော် ။ ကဲ သူ့ယောက်ျားအိမ်ကနေ စာရေးနေပါပြီတဲ့ .. ဘယ်လိုလုပ်မတုန်း ၊ အိမ်ထောင်ရေးဆိုတာ စာတွေအပြန်အလှန်ရေးနေရုံနဲ့တော့ သားတွေသမီးတွေ ပွားစည်းလာမှာ မဟုတ်ဘူးဟဲ့” ။ မိုးကုပ်စက်ဝိုင်း တစ်နေရာရာမှာ ငံ့လင့်နေမယ့် သူတို့နှစ်ဦးတွေ့ဆုံခြင်းဟာ အဓိကမဟုတ် သာမညအဖြစ်သာ ရှိကောင်းရှိမှာဖြစ်ပြီး သူ့အိမ်ထောင်ရေးအတွက် အပိုဆာဒါး သက်သက်မျှသာဟုပင် ထင်မြဲထင်မိ၏ ။ ခပ်အုပ်အုပ်ပြောင်လှောင်ရယ်မောခြင်းတွေ ၊ အတင်းအဖျင်း မုန်တိုင်းတွေထန်နေသည့်တိုင် ရှိုဟမွန်ကတော့ သူတို့အိမ်ထောင်ရေးကို အခြေခိုင်လှချည့်ဟု ယုံကြည်စိတ်ချမြဲဖြစ်သည် ။ မဲတလာမြစ်ကမ်းနဖူး သူ့နဘေးမှာ နှစ်ကိုယ်တူယှဉ်တွဲ၍ ရွှေလည်တွဲစကားမဆိုနိုင်သည့်မှ လွဲရင် ပုဆိုးတန်းတင်အကြင်လင်မယားအဖြစ် ထိမ်းမြားခဲ့တဲ့ဇနီးက ခင်ပွန်းအပေါ် သစ္စာနှံသလို မီရကီသူ့အပေါ် သဘောထားကြောင်း ကိုဦးလည်မသုန် သူယုံကြည် သည်။


သူ့အတွေးတွေဟာ ပစ္စုပ္ပန်က မုဆိုးမလေးနဲ့ကလေးငယ်ဆီ ခြေဦးတည်မိတော့ သည်ပြဿနာရဲ့ ပြေလည်ရာပြေလည်ကြောင်းကို တွေးမိသွားကာ မီရကီထံစာမရေးသေးဘဲ တစ်ရက်နှစ်ရက်လောက် စောင့်ကြည့်သင့်သေးကြောင်း တွေးမိပြန်သည် ။ တကယ့်တကယ်တော့ သူတို့သားအမိနှစ်ယောက်ဟာ အလည်သက်သက်လာကြတာလည်းဖြစ်နိုင်သည် ။သူ့အဒေါ် ကသာ သူ့အစီအစဉ်နဲ့သူ ရှိပေမယ့် နောက်ဆုံးမှာတော့ ဒုက္ခတောလို့ဆိုရမယ့် သူတို့ယောက္ခမတွေဆီ ပြန်သွားရရင်ပြန်သွားရမှာပဲ ။ အဲသည်တော့ကျမှ သူ့ဇနီးကို မနာလိုတိုရှည် စိတ်ရမ်းလေးဝင်အောင် ဆွတဲ့ပြီး စာရေးတော့မည် ။ အိမ်ထောင်သက်ရလာပြီဖြစ်တဲ့ လင်မယားလို သူတို့နှစ်ယောက်ဟာလည်း ဟန်ဆောင်ဖုံးကွယ်မှုတွေကို ဖြစ်ရိုးဖြစ်ပါစေတော့လို့ တိတ်တဆိတ် လင်ကိုယ်မယားနားလည်ကာ ရယ်မောမေ့ပျောက်နိုင်ကြပေလိမ့်မည် ။


မြစ်ကမ်းကနေ အိမ်အပြန်မှာတော့ ဆံချည်မျှင်တစ်ချောင်းလို သူ့စိတ်တွေပေါ့ပါးနေခဲ့သည် ။ ဈေးနားမှာ ခဏစက်ဘီးရပ်တဲ့ပြီး ကောင်လေးအတွက် လေ့ကျင့်ခန်းစာအုပ်တစ်အုပ် ၊ အဒေါ်တို့ဖို့ ခပ်မှည့်မှည့် ဖရဲသီးတစ်လုံးကို ပင်ဝင်ဝယ်ခဲ့သေးသည် ။ ပြန့်ပြန်ကျယ်ကျယ်ရှိလှတဲ့ မန်ကျည်းပင်တွေရဲ့ ကိုင်းလက်တက်တွေကြားမှာ လေရူးသုန်သုန် ဆော်သွေးစပြုလာချေပြီ ။ ဆောင်းရာသီ အအေးဓာတ်ဝင်စပြုလာတဲ့ အသိကို သတိပြုမိကာ သူလည်ချောင်းရှင်းလိုက်သည် ။ သူ့အခန်းတွင်းသို့ ၀င်လျှင်ဝင်ခြင်း နောက်က တံခါးမကိုဆွဲပိတ်လိုက်သည် ။ သူ့အခန်းရဲ့ ပြတင်းပေါက်နှစ်ပေါက်စလုံးကို ပိတ်ထားသောကြောင့် အတွင်းမှာ သာတောင့်သာယာရှိပြီး နွေးတွေးနေတော့သည် ။ ဒါပေမယ့် သူ့အခန်းမှာ တိတိကျကျမပြောနိုင်တဲ့ တစ်စုံတစ်ရာဟာ ပြောင်းလဲနေသလိုပဲ ။ ရှိုဟမွန်ဟာ အရာရာဟာ အရင်အတိုင်းပါဘဲလေလို့တွေးမိပေမယ့် တစ်ခန်းလုံးကို ထောင့်စေ့အောင် အကဲခတ်လိုက်သည် ။ တစ်ယောက်ယောက်ဟာအခန်းထဲကို ၀င်လာပြီးအရာရာကို သေသေသပ်သပ်ရှင်းလင်းပေးခဲ့ပုံပဲ ။ ဆေးလိပ်ပြာတွေပြည့်နေတဲ့ ခွက်ကလည်းပြောင်လျက် ၊ သူစာရေးစားပွဲဟာ လည်းတည့်မတ်လျက် ၊ ပြတင်းပေါက်မှ ခန်းဆီးစဟာလည်း တင်းတင်းကျလျက် ၊ လေတံခွန် သေတ္တာကိုလည်း နေရာတကျရွေ့ထားပြီး ကြမ်းပြင်တစ်ခုလုံး တံမြက်စည်းလှည်းကာပြောင်ရှင်းစေလျက် ၊ ခဲသားလက်ရာ မီရကီရဲ့ မျက်နှာပုံတူ ပန်းချီကားဟာလည်း ခုတင်နဲ့ မျက်နှာချင်းဆိုင် နံရံမှာ သေသပ်စွာချိတ်ဆွဲထားလျက် ။ သူဟာ သေသပ် ကျနစွာရှိနေတဲ့ သူ့အခန်းကို အံသြတကြီး ငေးမောရင်းကနေ နံရံပေါ်မှ ပုံတူပန်းချီကို သံချောင်းချိတ်မှဖြုတ်လိုက်သည် ။ “ရှင်သန်ခြင်းမဟုတ်ဘဲ သေဆုံးခြင်းသည်သာ ဘ၀ရဲ့ အကျဉ်းကျ နံရံများအတွင်းမှာလွတ်မြောက် စေနိုင်၏” ။ တစ်သက်တာလုံး သူ့ဇနီးအတွက်သာ သီးသန့်ထားသော အသည်နှလုံးတစ်ခုလုံး ရုတ်တရက်အေးခဲသွားသလို သူခံစားလိုက်ရ၏ ။

အောင်ဖြိုး

(ဆက်လက်ဖော်ပြမည်)

3 December 2008

၂၀၀၇-ခုနှစ်အမျိုးသားစာပေဆုများ

၂၀၀၇ ခုနှစ်အမျိုးသားစာပေဆုများစာရင်းကို သက်ဆိုင်ရာကနိုဝင်ဘာ ၂၇ရက်နေ့ထုတ်ပြန်ကြေညာ ပြီလို့သိရပါတယ်။ သည်နှစ်မှာတော့ ၀တ္တုရှည်ဆု မပျောက်မပျက်ပါလာလို့ ၀မ်းသာရပါတယ် ။

ထုတ်ပြန်လိုက်တဲ့ဆုရ စာအုပ်စာရင်းမှာ-
  • (ဝတ္ထုရှည်) - ဆူးငှက် ၏ "တိမ်ယံအိပ်မက်မိုးထက်နရီ"
  • (၀တ္တုတို ပေါင်းချုပ်) - နေ၀င်းမြင့် ၏ "အိမ်ကလေး ၁၆ လုံး "
  • (လူငယ်စာပေ) - အလင်္ကာရည်ကျော် ၏ "ကြိုးကြာတောင်ပံခတ်သံ"
  • (ဘာသာပြန်- ရသ) -တင်မောင်မြင့် ၏ "အနက်ရောင် အိပ်မက်စိမ်းမြမေတ္တာ" ( A Place for Kathy by Henry Denker)
  • (ဘာသာပြန်- သုတ) -လှိုင်သင်း ၏ "လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသောအမွေ(၃ တွဲ)" ( The Story of Civilization Our Oriental Heritage by Will Durant )
  • (သုတပဒေသာ - အသုံးချသိပ္ပံ ) - ဒေါက်တာချစ် ၏ "ကျေးလက်စီးပွားပြည်သူ့အား"
  • (ကဗျာပေါင်းချုပ်) သန်းအောင်(အညာမြေ) ၏ ''အမေ့အလှပန်းအလှ"
  • (မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစာပေ) စန္ဒာခင် ၏ "နံရံပန်းချီမှပြောသောပုဂံခေတ်ပုံရိပ်များ"
  • (ကလေးစာပေ) မောင်မြင့်ထွန်း ၏ "မင်္ဂလာနံနက်ခင်းကလေးကဗျာများ"
  • (သုတပဒေသာ(ဝိဇ္ဇာ)) မောင်သန်းဆွေ(ထားဝယ်) ၏ "ရတနာဂီရိနိဒါန်း"
  • (စာပဒေသာ) တက္ကသိုလ်စိန်တင် ၏ "ဘွားဦးဇွန်း"
  • (တစ်သက်တာစာပေဆု) - ဆင်ဖြူကျွန်းအောင်သိန်း (ဦးကြည်အေး)
တို့ဖြစ်ပါသည်။(ကျွန်တော်သိရသလောက် သာဖြစ်၍ တစ်စုံတစ်ရာ အမှားအယွန်း အကြွင်းအကျန်များသိရင် ပြင်ပေးကြပါ ) စာပေဆုနဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ကြပေမယ့် သည်နှစ်ရဲ့ အဓိက ရသဆုတွေကတော့ ရသစစ်စစ်တွေဖြစ်ကြောင်း ထောက်ခံပါရစေ ။
(ဆုရဆရာ ၊ ဆရာမ များအားလုံးအတွက် လေးစားဂုဏ်ယူလျက်)

24 October 2008

အိပ်မက်.. အတွေး ...



Blog နဲ့ဝေးနေတာ အတော်ကြာပြီ ။ ကျောင်းစာတွေ ၊ နောက်ဖတ်စရာ စာတွေကြောင့် Blog ရေးတဲ့ဘက်ကို မရောက်ဖြစ်တော့ ။ ခုတော့ တစ်ခုခုတင်မှဖြစ်မယ် (တင်မယ်တင်မယ် နဲ့ ပြောနေတာကြာပြီ ) ဆိုပြီး အသစ်ကလည်း မရှိတော့ အရင်ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ကို တင်လိုက်တယ် ။ တကယ်တော့ ကျတော်ဟာ ကဗျာနဲ့ဝေးပါတယ် ။ ဖတ်မိတာများပေမယ့် အချို့ကဗျာတွေကို သာမန်လောက်သာခံစားတတ် တယ် ။ ကိုယ်တိုင်ရေးတော့လည်း ကိုယ့်ကိုကိုယ် အားမရ (ကျတော့်ကဗျာတွေကို ကာရန်မကိုက်ဘူး ၊ ရှေ့နောက်မညီဘူးလို့ ခင်မင်သူတစ်ယောက်က ဝေဖန်ဖူးတယ်)။ ဒါပေမယ့် ကဗျာဟာ စာဆိုရဲ့ စိတ်ကို အရိပ်အထင်ရဆုံး ကြေးမုံပြင်လို့တော့ ခံယူထားတယ်။ ကျတော်က ကဗျာဆို ဒဂုန်တာရာ ၊ ကြည်အေး ၊ မအိ နဲ့ အန်တီငြိမ်းတို့ရဲ့ ရေးဟန်ကို သိပ်သဘောကျတယ် ။ ကာရန်တော့ အကိုက်ကြီးမဟုတ်ပေမယ့် သုံးတဲ့စကားလုံးတွေဟာ သိပ်သည်းကျစ်လစ်ပြီး ထိရောက်တယ် ။ဒါကြောင့် ကျတော်က သည်ဟန်ကို အတတ်နိုင်ဆုံး အတုခိုးပြီး ကဗျာရေးတယ် ။

အခုကဗျာက မှတ်မှတ်ရရ သြဂုတ်လ (၁၁) ရက် ကရေးခဲ့တာ။ အဲသည်တုန်းက ခံစားချက်နဲ့ပေါ့ ။ အခုပြန်ဖတ်တော့ သိပ်သဘောမကျလှ ။ တစ်ခုခုလိုနေသလိုပဲ … ။ နောက်နည်းနည်းတော့ ထပ်ပြင်ထားသေးတယ် ။ ခံစားကြည့်ပါဦး …. ။

(အဲ …… ခွင့်မတောင်းပဲ သရုပ်ဖော်ပုံ ယူသုံးထားတယ် ၊ ခွင်ြ့ပုပါဗျ နော် …. )


အိပ်မက်အတွေး




မိုးပုလဲဖျောက်ဖျောက်
သည်မှာနှောက်လည်း
ဟိုဝေးတစ်နေ မယ့်တို့ဆီမှာ
ဆီးနှင်းမြမြ ကျရဲ့မှုတ်လား ။

မိုးသံတိုးဝင်
မောင့်ရင်ရိုက်ဟည်း
သိမ့်သိမ့်တည်းမျှ
အမှောင်ရိပ်မှာ ရှိုက်ငိုရလည်း
ဆောင်းရဲ့ရင်ခွင်
မြူမှုန်ရစ်ဝဲ ဆည်းဆာထဲမှ
ချစ်သူ့နဘေး
ရယ်သံသိမ့်အေးညီ
အချစ်တေးကို မင်းသီနေတာ
မောင်ကြားတယ် ။

စက္ကူကြိုးကြာ
အရောင်စုံပါရဲ့
များစွားမောင်ခေါက်
တစ်ထောင်ပြည့်တဲ့ တစ်နေ့မှာ
လိုရာချစ်ဆု တောင်းတိုင်းပြည့်တဲ့
အရူးစကား မင်းဆိုခဲ့ငြားလည်း
ပြည့်ကောင်းပြည့်နိုင်လောက်ပါရဲ့ …
မျှော်လင့်မိတဲ့ ရူးသွပ်သူဟာ
မောင်ပါပဲ ကွယ်… ။

သည်နေ့အခါ ပုလင်းပြာထဲ
နောက်ဆုံးထည့်ခဲ့ တစ်ထောင်ပြည့်မြောက်
အ၀ါရောင်ငှက် …. တောင်ပံလွင့်လို့ ဝေးကိုဆန်
ဘုရားသခင်ထံ သည်မောင့်ဆုတောင်း
ဆောင်ယူသွားကောင်းပါရဲ့ .... ။




တောင်းဆုပြည့်ခဲ့ သည်ချိန်မှာဆို
ညနေချမ်း မေ့ဆံပင်တွေဖြန့်ထားလိုက်စမ်း …
အဖော်မပါ တစ်ယောက်ထည်းရပ် တန်းလက်ဆန့်ပြီး
အပြုံးချိုချို မောင့်ကိုကြိုနော် … ။

သည့်နောက်မှာတော့ ..
“ချစ်ရသူ ချစ်တုန့်ပြန်မည်လား”
မောင့်အသံ စည်းဝါးရိုက်လို့
မေ့ရင်တုန်ရီရွစမ်း ..
သည်အဖြေပန်းကို
အနမ်းနဲ့သာ ခွန်းတုံ့ပါကွယ် ….. ။ ။


အောင်ဖြိုး
(၁၁ သြဂုတ် ၊ ၂၀၀၈)

24 September 2008

မိုင်တိုင် အမှတ် (၁၉) !!!!

သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် ။ မကျွေးလိုက်ရတဲ့ သူငယ်ချင်းများအတွက် စိတ်မကောင်းပါ ၊ ခွင့်လွှတ်ပါလို့တောင်းပန်ပါတယ် ။ (အဲ ... သဘောကျရင်တော့ Little India က Banana Leaf မှာ သွားလွေးကျပါ ဟိ) ... အဲ စားထား သောက်ထားတာတွေကိုလည်း သွားရေကျနိုင်ပါတယ် .... ခင်ဗျား ၊

Anyway ! HAPPPY 19th BIRTHDAY "Aung Phyoe" !!!!!!!!!!!!!!!! :)


( Celebrating Birthday)

(Spicy Indian Food on Banana Leafe)

(မြန်မာ ဆန်ဆန် အားပါးတရ နဲ့ မကြီးဆု ... ဟိဟိဟိ)

( Mike ၊ ဇေယျာဝေလင်း နဲ့မူလေး )


(သက်ဝေလင်း ၊ ဇင်မွန်တို့နဲ့ ... )

( Birthday Cake)

( ချီး .... ဟား (စ်) ....... )


(ဇေယျာ ၊ မူလေး ၊ ဆုဝေ တို့နဲ့ အတူ ....love u all ^0^ )


( ခပ်မိုက်မိုက်ပဲ ဟေ့ ! အုန်းသီး နဲ့ ဘုန်းကြီး ... သက်ဝေလင်း )


( မူ...........လေး ! )


( ဇင်မွန် နဲ့ Mike !!!! )


( အပြန် ဆိုင်က မြန်မာ အမနဲ့ အမှတ်တရ ..... )

( Tnx for all , for our lovingly memories !)

23 September 2008

မွေးနေ့

“လူငယ်တစ်ယောက်ဟာ ၁၉ နှစ်ပြည့်ပြီးလို့ ရှိရင် Teenage မဟုတ်တော့ဘူး ။ လူကြီးဖြစ်ပြီ …”

သည်လိုပြောတဲ့ စကားတွေ ၊ စာတွေကို ကြားဖူး ဖတ်ဖူးခဲ့တာကြာပြီ ။ ဒါပေမယ့် ကျတော့်အတွက်တော့ မွေးနေ့ဆိုတာ သတ်မှတ်ချက် ဂဏန်း သင်္ကေတ တစ်ခု သာဖြစ်နေဆဲ ။ နောက်ပြီး နောက်ကြောင်းပြန် ဆင်ခြင်တွေးတော မိတဲ့နေ့တစ်နေ့ မျှသာပေါ့ ။ သည်လိုနဲ့ ဘ၀ရဲ့ မှတ်တိုင်တော်တော်လေးကို ခပ်မြန်မြန်ကျော်ဖြတ် ခဲ့မိပြီ ။ ခုတော့ မှတ်တိုင် ၁၉ တိုင်မြောက်ကို ဖြစ်ကျော်ရပြီ ။ လူကြီးဘ၀ရဲ့ တာလွှတ်မှတ်တိုင် အစပေါ့ ။ သည်မွေးနေ့ မှာလည်း သာမန်ထူးမခြားနားပါဘဲ ။ အသက်တစ်နှစ်ကြီးသွားသော်လည်း ကာယ ၊ ဥာဏ အားဖြင့် သိသိသာသာကြီး ကြီးထွားရင့်ကျက်သွားစေဖို့ မဖြစ်နိုင် ။ ရင့်ကျက်တည်ငြိမ်နိုင်အောင်တော့ ကြိုးစားရမည် ။ သည်လိုအခါတိုင်းမှာ ဖြစ်သန်းခဲ့ရသမျှ မွေးနေ့တွေထဲက ပထမဦးဆုံး မွေးနေ့အကြောင်း ပြောပြတတ်တဲ့ အမေ့အသံကို ကြားယောင်မိသည် ။
+++++++++

၁၉၈၉- ခုနှစ် စက်တင်ဘာလ (၂၄) ရက် အညာနေ့လည်ခင်း ။ အမေပြောတတ်လွန်းသဖြင့် ပူအိုက်တဲ့ သည်နေ့လည် ခင်းဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာ ကျတော့်အတွေးအာရုံဝယ် ပုံရိပ်ထင်ဆဲ ။ မြို့ဆေးရုံဝင်ပေါက် သို့ ဦးတိုက်လာနေတဲ့ အမေ ၊ အဖေနဲ့ အဘွားတို့ရဲ့ ခြေလှမ်းတွေဟာ နာကျင်မှု ၊ ၀မ်းမြောက်မှု မှာမဆိုစလောက်ရောစွက်နေတဲ့ ပူပန်ကြောင့်ကြမှုကြောင့် မြန်ဆန်တတ်ကြွနေခဲ့ကြသည် ။ မှတ်မှတ်ရရ အမေ့စကားကြောင့် အဲသည်နေ့ခင်းတုန်းက အမေ့ကို ဆိုက်ကားပေါ်မှာတင်ပြီးနောက်က သမီးယောက္ခမနှစ်ယောက် စက်ဘီးတစ်စင်းနဲ့ လာကြရတာတဲ့

ဆေးရုံကိုရောက်တော့မှ နာလှတယ်လို့ တညည်းတည်း ညည်းနေတဲ့ အမေ့ကို ထမီစိမ်းဝတ် သူနာပြုက မှတ်တမ်းတွေနဲ့ မွေးခန်းထဲကို တန်းခေါ်သွားခဲ့တာ ။ “တော်တော်နဲ့တော့ မွေးလိမ့်အုံး မထင်ဘူး” လို့ အဘွားတို့ကို ခပ်တိုးတိုးပြောသွားတော့ လူနာစောင့်တွေခမျာ မွေးခန်းဝမှာ ပြူတစ်ပြူတစ်လုပ်ရင်း မွေးလူနာ အခြေအနေကို အကဲခတ်ကြရတာပေါ့။ ဒါပေမယ့် တစ်နာရီပြီးတစ်နာရီသာ ကြာသွားတယ် အမေ့ခမျာ မမွေးနိုင်သေးဘူး ။ သားဦးအပျိုဗိုက်လည်းဖြစ်ပြန် ၊ နောက် အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူလည်းဖြစ်တော့ ညနေ (၄) နာရီကျော်ကျော်ထိ မွေးမယ့်အရိပ်ယောင်မပြသေးဘူး ။ အဘွားခမျာလည်း ဆေးရုံစင်းကြံမှာ ဒေါင်းတောက်အောင်လျှောက်ရင်း ဆိုင်ရာပိုင်ရာ ရိုးရာတွေရော ၊ ဘုရားစာတွေရော ရွတ်နေတာစုံနေတာဆိုပဲ ။ မွေးခန်းဝမှာ ရပ်ပြီး ပါးစပ်လှုပ်ပြ ကိုယ်ဟန်အမူအယာနဲ့ အခြေအနေမေးနေရှာတဲ့ အဖေ့ကိုလည်း ခေါင်းငြိမ့် လက်ခါလုပ်ပြရင်း (ပါးစပ်ကလည်း တညည်းတည်းညည်းရင်း) အမေ့မှာ ချွေးတွေထဲနစ်နေရှာတယ် ။

“အဲသည်တုန်းကများ အမေ့မှာ နာလို့ သည်းလိုက်ရတာများ သားရယ် ။ သားဦးကလည်းဖြစ် နောက်အသက်ကလည်း ၃၆ ကျော်နေတော့ အတော့်ကို မွေးရခက်ခဲ့တာ”

အဲသည်အချိန်တုန်းက နာကျင်မှုတွေ ညည်းညူမှုတွေနဲ့ လုံးဝဆန့်ကျင်တဲ့ အပြုံးမျိုးဖြင့် အမေပြန်ပြောတတ်တယ် ။ ဘာတဲ့ … ။ သိပ်ကိုခံရခက်တဲ့ နာနည်းမျိုးတဲ့ ။ ဗိုက်ကနာတာဆို ဘယ်နာနည်းမျိုးနဲ့မှ မတူဘူးတဲ့ ။ တစ်ခုခု ခိုက်မိလို့ နာကျင်တိုင်း ငိုတတ်တဲ့ ကျတော်ကို အမေပြောတတ်တဲ့ စကားလုံး တွေ …. ။

နောက်ညနေ ၅နာရီ မတ်တင်းလောက်ကျတော့ အတော်ကြီးကို ဗိုက်ကနာလာတယ် ။ ပတ်ဝန်းကျင်ဟာလည်း မှောင်မည်းသွားပြီး အမေ့စိတ်ထဲမှာ ဗိုက်နာတာတစ်ခုပဲ မှတ်မှတ်ရရစွဲနေတယ် ။ နောက်ဆရာဝန်ရောက်လာပြီး ဆရာမကြီးနဲ့အတူ လိုအပ်တာ စစ်ဆေးပေးကြတယ် ။

“မွေးတော့မယ် ဆရာမရေ မကြာဘူး ၊ အခန်းဝက လူနာစောင့်တွေ အပြင်ထွက်တော့”

သူနာပြုဆရာမဟာ အမေ့ကိုပြောရင်း အဖေတို့ကိုပါလှည့်ကြည့်ပြီး မွေးခန်းလိုက်ကာ ကိုဆွဲပိတ်လိုက်တယ် ။ နောက်တော့ အော်တဲ့သူက အော် ၊ တွန်းတဲ့သူက တွန်း ၊ ညှစ်တဲ့သူက ညှစ်၊ အားပေးတဲ့ သူက အားပေး ၊ ဆုတောင်းတဲ့သူက ဆုတောင်း ၊ စိတ်ပူတဲ့သူက စိတ်ပူရင်း နဲ့ပဲ (၅) နာရီ (၁၅) မိနစ်ကျော်ကျော်မှာ “အူဝဲ” ဆိုတဲ့ အသံလေးကိုကြားလိုက်ကြရတယ် ။

ကလေးအပြင်ရောက်တဲ့ အထိအမေက အော်နေတုန်းဆိုပဲ ။ “ယောက်ျားလေး ဆရာမရေ …. လုံးလုံးခဲခဲကြီးတော့” ဆိုတဲ့ အသံကိုတော့ သဲသဲကွဲကွဲ ကြားလိုက်မိသား ။ နောက်တော့ ချက်ကြိုးဖြုတ် ၊ အညစ်အကြေးတွေ သုတ်သင်ပေးပြီး ကလေးကို အမေ့ဘေးခေါ်ပြသတဲ့ ။

“ကလေးကလေ အာခြစ်ပြီးငိုနေလိုက်တာ အရမ်းပဲ ။ ညိုညိုတုတ်တုတ်လေး ။ ဆံပင်လေးတွေဆို မည်းနေတာ ။”

ပထမဆုံး ကျတော့်ရုပ်သွင်ကို ရေးရေးတွေးကြည့်ရင်း လက်ရှိကျတော့်ကိုငေးကာ အမေပြောတတ်သည်။ နောက်တော့ တစ်လောကလုံး အေးချမ်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတာကိုပဲ အမေကမှတ်မိတော့တယ် ဆို၏ ။

“ငါ့သားဟာ တနင်္ဂနွေသားလေး နောက်ဆံပင်လေးတွေလည်း ဖြောင့်ရှာတယ် ၊ ဒီတော့ လူကတော့ ဂဂျိုးဂဂျောင် ကောက်မှာပဲလို့ အဲသည်တုန်းကလည်းက အမေတွေးမိသား ။ မင်းအဖေတို့ ဆိုပျော်လိုက်တာကွာ ၊ မင်းအဘွားကတော့ မင်းအဘိုးကို သတိရရင်း ငိုရှာတယ် ….”

အမေက သည်လိုနိဂုံးချုပ်ရင်း ပြုံးနေတတ်သည် ။ အမေ့ရဲ့ မျက်ဝန်းတွေမှာတော့ မျက်ရည်တို့ ဝှေ့ရီလျက် ။ ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ဦးရဲ့ ဖွားမြင်ခန်းကို ပြန်ပြောင်းဂုဏ်ယူ နေသည့်ဟန်မျိုး ။ အချိန်ကြာလာတာနဲ့ အမျှ ထို ညနေခင်းလေးရဲ့ အကြောင်းဟာ ကျတော့်ရဲ့ကိုယ်ပိုင် ပုံပြင်တစ်ပုဒ်သဖွယ် စိတ်အာရုံတွင် စွဲဝင်နေခဲ့ပြီ ။

+++++++++
ကြာခဲ့ပါပြီ ။ ကျတော်ကို ချစ်တဲ့ အဘွားလည်း ကျတော်တို့ကို ထားရစ်ခဲ့ပြီ။ နောက်အဖေ ၊ အမေ တို့ကလည်း ကျတော်နဲ့ အဝေးတစ်နေရာမှာ ။ ဒါပေမယ့် မွေးနေ့တွေရောက်တိုင်း ထိုညနေခင်းလေးကို ပြန်ပြောင်းသတိရတတ်တာ တော့ အမြဲလိုလိုပင်ဖြစ်သည်။ တစ်ချိန်နဲ့ တစ်ချိန် ပတ်ဝန်းကျင်အခြေအနေ မတူညီတတ်တဲ့ စက်တင်ဘာ ၂၄ ရဲ့ညနေခင်းတွေမှာတော့ ကျတော့်ရင်ဝယ် မိဘ ၊ ဘိုးဘွားတို့၏ မေတ္တာဖြင့်နွေးထွေးဆဲ ။ တစ်ကြိမ်တစ်ခါမျှ မွေးနေ့ပွဲကို ၀ှဲချီး မကျင်းပဖူးသော်လည်း ခင်မင်ရင်းနှီးသူတို့ရဲ့ မေတ္တာဖြင့် လေးနက်ဆဲ ။
၁၉ နှစ်ကျော် ၂၀ ထဲဝင်ပြီး Teenage လည်းကုန် လူကြီးဘ၀ရောက်ပြီ ဆိုပေမယ့် အမေတို့ရဲ့ စိတ်ထဲမှာတော့ (မိဘကို ကပ်ချွဲတတ်တဲ့) ကျတော်ဟာ အမြဲတမ်း ကလေးလေးပဲ မဟုတ်ဘူးလား ။ ။
+++++++++
အောင်ဖြိုး
(၂၄ ၊ စက်တင်ဘာ ၂၀၀၈ ။ မွေးနေ့)

15 September 2008

လတ်တလော ကိုယ့်ရဲ့ အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု...

Tag ထားကြတာ ကြာလှပေမယ့် ခရီးလွန်နေတော့ မရေးဖြစ်ပဲ ကြာနေတာပါ။ အန်တီငြိမ်းရော ဒေါ်ရွှေအိရော ရေးပြီနော် …. ။ အတတ်နိုင်ဆုံး အမှန်ဆုံးဖြေထားတာ … ။

ကိုယ့်ရဲ့နာမည် - အောင်ဖြိုး ။

ကိုယ်ကိုသူများတွေက ဒီလိုခေါ်တယ် - ငယ်သူငယ်ချင်းတွေက “အိုးဖြောင်” တဲ့ ။ တော်တော်များများတော့ နာမည်ရင်းပဲ ခေါ်ကြတယ် ။ လူကြီးတွေကျတော့ “ကိုဖြိုး” တဲ့ ။ အဲထူးထူးခြားခြားတော့ရှိတယ် (ဟိ) သူငယ်ချင်းတစ်ယောက်က ဆို ကြည်နေရင် “အစ်ကို”တဲ့ ၊ စိတ်ဆိုးရင် “လင်းတ” တဲ့ ( အဲလောက်ကြီးလည်း ရုပ်မဆိုးပဲနဲ့ဗျာ) ၊ နောက်တစ်ယောက်ကျတော့ “အောင်” တဲ့ (ဟိ) ။

ကိုယ်ဒီမှာနေတယ် - အာရှတိုက်ရဲ့ ကျွန်းသေးသေးလေး ။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - မလိုလောက်ပါဘူးနော် … ။

အရောင်ဆိုရင် - အပြာရောင် ( အချစ်ရောင် ဆိုလား) ။

အ၀တ်အစားဆိုရင် - စိတ်မ၀င်စားဘူး ရှိတာပဲ ၀တ်တာ ။

အစားအစာဆိုရင် - မြန်မာထမင်းဟင်း ။ အထူးကတော့ မုန့်ဟင်းခါး ၊ ကော်ဖီ ။

ပစ္စည်းဆိုရင် - စာအုပ် ။

သီချင်းဆိုရင် - မဟာဂီတက နေ Hip Hop ထိ ကိုယ်နဲ့ရင်ခုန်သံချင်းတူရင်ကြိုက် ။ ကိုစောငြိမ်း သီချင်းတွေကိုတော့ ထူးထူးခြားခြား ကြိုက် .... (ချစ်ပြုံးနှင်းဆီ ၊ ပွင့်ဦး ၊ နွေနှောင်းရက်ကျန် ) နောက် (La vie en rose by Edith Piaf)

စာရေးဆရာ - အင်း….တော်တော့် ကိုများတယ် ။

စာအုပ် - ဒါက ပိုတောင်များသေး …. ။ အထူးကတော့ “Gone With The Wind” နဲ့ “ချစ်သူရေးတဲ့ ကျမရဲ့ညတွေ..”

Life style - ရိုးရိုးလေးနဲ့ အေးချမ်းတဲ့ဘ၀လေးမျိုးပေါ့ ။

ကိုယ့်ရဲ့ဝါသနာ - အမေနဲ့ အတူ အိမ်တွင်းကုပ်နေပြီး တစ်နေ့လုံးစာဖတ်ရတာ ။

အလိုချင်ဆုံးလက်ဆောင - စာအုပ် (အရေးကြီး …. မွေးနေ့နီးနေပြီ)

ကိုယ့်ရဲ့ အချစ်ဆုံးသူက - ဆုံးသွားတဲ့ အဖွား နောက် အမေ နဲ့ အဖေ ၊ အင်းနောက်တော့ … လာအုန်းမှားပေါ့ ?

ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဗုဒ္ဓ

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - အတော်ခေါင်းစားရမဲ့ မေးခွန်းပဲ …. သူငယ်ချင်းအားလုံးလိုလိုကို ခင်ပါတယ် ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ခုထိတော့ မရှိသေး ။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - မုန်းတဲ့သူတွေ အများကြီး ။

ရင်အခုန်ဆုံးအချိန် - အင်း…… ဒါလည်း အများကြီး ။

အကြောက်ဆုံးအချိန် - ခုထိတော့ဘာ ကိုကြောက်ရမယ်မှန်းမသိသေး ။

အမှတ်တရနေ့ - ၁၇ ဇူလိုင် (အဖွားဆုံးတဲ့နေ့) ၊ ၂၃ ရက် ဇူလိုင် ၊ ၁၁ သြဂုတ် ။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - အမေနဲ့ အသက်ထက်ဆုံး အတူတူနေသွားချင်တယ် ။

အချစ်ဆိုတာ - လူဘ၀ရဲ့ အနှစ်သာရကို ပြီးပြည့်စုံစေတဲ့ ခံစားချက် ၊ တစ်ခါတစ်ရံ ရင်နင့်ရတောင် အချစ်ဟာ ပြည့်စုံပြီး လူသားဆန်တဲ့ ခံစားမှုပါ ။
အမုန်းဆိုတာ - ပူလောင်ပြီး ၊ မိမိကိုယ်တိုင် အမုန်းကြောင့် ဝေဒနာ ခံစားစေတတ်တယ် ။
အလွမ်းဆိုတာ - တစ်ခါတစ်ရံ မရှိမဖြစ်လိုလို လာတတ်တဲ့ ဆွတ်ပျံ့မှု ။
သံယောဇဉ်ဆိုတာ - ပူလောင်ပြင်းပြတဲ့ နှောင်ကြိုး ။
ဘ၀ဆိုတာ - အခြေအနေ အရပ်ရပ်ကို ထိန်းညှိနိုင်မှ ရပ်တည်နိုင်တဲ့ တစ်သက်တာ ခရီးဝင်္ကပါ ။
သူငယ်ချင်းဆိုတာ- ကိုယ့်အပေါ် အများဆုံးနာလည်ပေးတဲ့ မိတ်ဆွေ ။
ချစ်သူဆိုတာ - ကိုယ့်ကို ရင်ခုန် တမ်းတစေတဲ့လူ ။ နောက် အတူတူရှိချိန်ဆို အားလုံးကိုမေ့ပြီး အပျော်ကြီးပျော်နေအောင် ပြုစားနိုင်တဲ့လူ ။

ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် - သာမန်လူငယ်တစ်ယောက် ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - မနာလိုဝန်တိုချင်း ကင်းနိုင်အမျှကင်းအောင် ကြိုးစားမယ် ။

အပြောချင်ဆုံးစကားတစ်ခွန်း - လောကမှာ “မုဒိတာ” တရားထားနိုင်တဲ့လူဟာ အငြိမ်းချမ်းဆုံးပဲ ။

နောက်ကျတာ ကို ခွင့်လွှတ်ကြပါ ။ မဟုတ်ကဟုတ်က ဆုတောင်းကြီးကိုလည်း ကျေပါစေ ။ Tag ရမယ့်လူလည်းမရှိလောက်တော့ဘူးနော် … !

19 July 2008

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ ဆိုတာ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ကျခဲ့တဲ့နေ့တစ်နေ့ ။
ဗိုလ်ချုပ်အပါအ၀င် မြန်မာ့ထိပ်သီးခေါင်းဆောင် အာဇာနည်တွေကျဆုံးခဲ့ ရတဲ့နေ့ ။
ငယ်ငယ်တုန်းကတည်း ကသည်လိုသာမန် သဘောထားမိခဲ့သည် ။ ထိုနေ့တွင် ကျောင်းပိတ် ၊ ရုံးပိတ်တတ်၍ မျှော်ပင်မျှော် နေတတ်ခဲ့သည် ။ ဒါပေမယ့် ခုချိန်ပြန်တွေးကြည့်မိတော့ ထိုနေ့လောက်အကျည်းတန်သော နေ့ဟူ၍ မြန်မာနိုင်ငံသားတစ်ယောက် အတွက်မရှိ ။
ထိုနေ့ဟာ ချောက်အိပ်မက် တစ်ခုဖြစ်တယ် ကဗျာဆရာမ ငွေတာရီက ရေးဖွဲ့ခဲ့သည် ။ သေချာတာ ကတော့ ယခုတိုင်အောင် ကျတော်တို့မြန်မာပြည်သားတွေ ချောက်အိပ်မက်မှ မနိုးထနိုင်ကြသေးပါ ။ အာဇာနည် နေ့မှာ မှတ်သားထားမိတဲ့ ကဗျာဖွဲ့လေးတွေ တင်ပေးလိုက်ပါတယ် ။

ဇူလိုင် (၁၉) ရက်၏ချောက်အိပ်မက်
တဒိုင်းဒိုင်းနဲ့
မဆိုင်းမရပ် ၊ အထပ်ထပ်တည့်
သေနတ်ပစ်သံ ၊ ဆူဆူညံလျက် ။

တမှိုင်းမှိုင်းနဲ့
ရစ်သိုင်းမှုန်မှေ့ ၊ တဝေ့ဝေ့တည့်
ယမ်းငွေ့ မီးခိုးသူကြီးစိုးလျက် ။

လှမ်းမျှော်ကြည့်သော်
သွေးတိနီလွင် ၊ အောက်ကြမ်းပြင်ဝယ်
ဟိုတွင်တစ်ယောက် သည်တယောက်နှင့်
လျားမှောက်ပက်လက် ၊ ငြိမ်သက်လျက် ။

အလိုဘုရား
နှုတ်ဖျားသံထွက် ၊ ရုတ်တရက်တည့်
မျက်စိလှည့်စား ၊ လေသလားဟု
ထင်မှားစိတ်ရွံ့ ၊ မပြောဝံ့သည်
သက်စွန့် ဇာနည်ခေါင်းဆောင်များ ။

`အိုဘုရား နှင့် နတ်များကယ်ပါ´
ဆိုကာမြည်တမ်း ၊ မောဟိုက်ပန်းနှင့်
စိတ်နွမ်းလှိုက်ဖို ၊ မျက်ရည်ယိုက
အလိုစိတ်ထင့် မျက်လုံးဖွင့်မိ
မှန်းချင့်မျှော်ကာ ၊ ကြည့်လိုက်ပါသော်
တိမ်လွှာနောက်တွင် ၊ လစန်းရှင်သည်
မရွှင်လှိုက်ဖို မဲညိုလျက် ။ ။

(ငွေတာရီ)

ဆရာဇော်ဂျီကတော့ အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများရဲ့ လမ်းစဉ်ကိုလိုက်ပြီး ခေတ်သစ်မောင်မယ်တွေ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ရစ်ကြပါ။ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ရှေးရှုကြပါလို့ လူငယ်တွေကို အာဇာနည်နေ့မှာ ဆန္ဒပြုခဲ့ပါတယ် ။
အာဇာနည်နေ့ဆန္ဒ
ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားနှင့် ၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး ၊ လွတ်စည်တီးမှ
ဖျက်ဆီး ကြံရွယ် ၊ အန္တရာယ်သည်
မဖွယ်မရာ ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း ပေါ်ခဲ့ကြောင်း ။

ဖျက်ဆီး ကြံရွယ် ၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး ၊ ဒေါသအိုးသည်
တိုင်းကျိုး လိုလို ၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက် ၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း ၊ မိုက်ခဲ့ကြောင်း ။

အမိုက်ကမ်းခတ် ၊ သူ့အတက်ကြောင့်
လွတ်မှုကြိုးပမ်း ၊ ခုလတ်လမ်းတွင်
ဆန်းတို့တစ်စု ၊ တိုင်းပြည်ပြုတို့
မရှုမလှ ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ၊ ကျခဲ့ကြောင်း ။

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း ၊ မင့်သားကောင်းကို
အကြောင်းစုံသိ ၊ မင့်ဝန်ရှိ၏ ။
ရှိပါကတဲ ၊ သူ့စိတ်ထဲ ၌
တိတ်စွဲသောက ၊ စွဲဒေါသတို့
မကြွစေချင် ၊ ပြေစေချင်၏
ပညာအသိ ၊ သတိဖြစ်ရေး
အတွေးမှန်ကန် ၊ နိုင်ငံလူထု
ကိုသာရှု ၍
ပြုစေချင်၏ ပြုပါဘိ ။ ။
(ဆရာဇော်ဂျီ)
အာဇာနည်ဆိုသည်မှာ မည်သည့်အခါကမျှ ပြည်သူတို့၏ စိတ်တွင်သေသွားရိုး ထုံစံမရှိပါ ။ ကျတော်တို့ ဘိုးဘွားတွေ လက်ထက် ၊ အဖေအမေလက်ထက် ၊ ကျတော်တို့လက်ထက် နောက် ကျတော်တို့ နောက်မျိုးဆက်တွေ လက်ထက်ထိတိုင် အာဇာနည်တို့၏ ပုံရိပ်နှင့် ကျတော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်ခဲ့သော နေ့တစ်နေ့ကို မေ့နိုင်မည်မဟုတ်ပါ ။ သည်လို အခါမှာတော့ နိုင်ငံ့အနာဂတ်အကျိုးကို အာဇာနည်တွေကို စံထားလျက် တတ်လူတို့ရှေ့ရှုသင့်ပေသည် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော် ဇူလိုင် (၁၉) မှ စခဲ့သော မြန်မာပြည်ချောက်အိပ်မက်ကြီး ဆုံးခန်းတိုင် နိုးထနိုင်ပါစေတော့ .

နိုင်ငံအတွက် အသက်ပေးသွားကျပြီးဖြစ်သော အာဇာနည်များအား ဦးညွှတ် အလေးပြုလျက်…….

13 July 2008

အချစ်.... ၀တ္ထုတစ်ပုဒ်

Blog နဲ့ဝေးနေသည်မှာ ကြာပြီ ။ စာတွေကများ ၊ ဖတ်စရာတွေကလည်း မကုန်သေးသမို့ စာရေးတဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ ။ တိုနံ့နံ့ ရေးထားတဲ့ စာတွေကို အချိန်ယူ ဖတ်ပေးကြတာတွေကိုလည်း ကျေးဇူးတင်ပါ၏ ။

ခုတစ်ခါတော့ အချစ်ဝတ္ထုတို တစ်ပုဒ်တင်ပေးလိုက်ပါတယ် ။ ကျတော်ကို "မင်းရေးပါ"ဆိုပြီး ပြောပြပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ကြောင့်လည်းရေးဖြစ်လိုက်တာပါ ။ ယောက်ျားတစ်ယောက်ရဲ့ ခံစားမှုဆိုပါတော့ ။ အန်တီ မေငြိမ်း ကတော့ သည်လို ယောက်ျားလေးမျိုးကို မကြိုက်လို့ဆိုပါတယ် ။ အချစ်မှာ အမူပိုတဲ့ ကိုကို ( သူငယ်ချင်းကတော့ သူ့ကိုယ်သူ ချစ်ကံခေသူလို့ ဆိုပါတယ် ) တစ်ယောက်အကြောင်းပါ ။

အပြင်က ဇာတ်လိုက်ဟာ နောင်တရသူတစ်ယောက်ဖြစ်သော်လည်း ၀တ္ထုတိုကို ဖန်တီး ရာမှာတော့ ကျတော့်ဇာတ်ကောင်ကို နောင်တ မသိသူနေရာထားပြီး ရေးထားပါတယ် ။ ခံစားကြည့်ပါဦး ။။

(၀တ္ထုတို ဆိုပေမယ့် နည်းနည်းတော့ ရှည်ပါတယ် ခင်ဗျား ။။ )

အငုံ ပန်း

နေရောင်ဖြင့် တောက်ပသော နံနက်ခင်းဝယ် ယမန်နေ့ညက ရွာထားသော မိုးစက်များသည် သစ်ရွက်စိမ်းများ အဖျားဝယ် ခိုတွယ်၍ တောက်ပနေသည်။ နေသာသဖြင့် ပတ်ဝန်းကျင်တစ်ခွင် မိုးရေဖြင့်ဆေးကြော ထားသလို သစ်လွင်နေသည့် နေ့သစ်တစ်ရက်ပေ။ သည်နေ့ကို ကျတော်မျှော်ခဲ့ရသည် ။ မသိစိတ်တစ်ဝက် သိစိတ်တစ်ဝက် ဖြင့်ပျော်ခဲ့ရသည် ။ ဒုတိယနှစ်သို့ရောက်၍ သည်နေ့ ကျောင်းပြန်ဖွင့်တော့မည် ။ တက္တသိုလ် ကျောင်းသားဘ၀တွင် ကျောင်းပြန်တတ်ရမယ် ကို ပျော်တတ်သော ကျောင်းသားရှားလှ၍ ကိုယ့်ကိုကိုယ်လည်း သည်လောက် မပျော်သင့်ပါဘူးဟ လို့ ပြန်သတိပေးနေရသည် ။

ငယ်ငယ်က မိုးရွာတိုင်း ရတတ်သည့် မြေသင်းနံ့သည် ဤနိုင်ငံတွင်တော့ မရတတ်ပါ ။ သဲမြေရှားပါး ၍ အုတ်အခင်းများသော နိုင်ငံငယ်၏ သဘာဝသည် မြေသင်းရနံ့ကို ပေးနိုင်စွမ်းမရှိပါ ။ သည်လို နံနက်ခင်းမှာဖြင့် ကားစောင့်ရသည်မှာ ကြာလှသည် ။ မသိနိုင်သော စိတ်အားထက်သန်မှု တွန်းအားတစ်ခုက ကျတော့်ကို လောဆော်နေသည် ။ကျောင်းနှင့် အိမ်မှာ သိပ်မဝေးလှတော့ ကျောင်းသို့ ခပ်လောလော လမ်းလျှောက်လာခဲ့သည် ။ အဖော်မင် တတ်သူဖြစ်သဖြင့် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေနဲ့ ခွဲပြီး ပြန်တွေ့ရသည့် ကျောင်းဖွင့်ချိန်တွေကို ပျော်ရွှင်စွာဆီးကြို တတ်မြဲ့ ဖြစ်သည်။

ကျောင်းကိုရောက်တော့ Service Center ကို အပြေးအလွှားသွားကာ အချိန်စာရင်းကို ထုတ်ရသေးသည်။ ၀ီရိယ ရှိပုံကို တွေးမိတော့ ကိုယ့်ကိုကိုယ် ရယ်ချင်မိသည်။ အတန်းထဲ ရောက်တော့ လူအတော်စုံနေပြီပဲ ။ ပထမဆုံး နေ့ပေမယ့် သည်ကလူတွေက လေးလေးစားစားလာတတ်တက် ကြသည်။ ဆရာသည် ပထမဆုံး သင်ခန်းစာကို စတင်ရန်အသင့်ဖြစ်နေပြီ ။ ဆရာသည် ပထမဆုံး Lecture ကို စတင်ရန်အသင့်ဖြစ်ပြီ ။ ကျောင်း စာအုပ်များ မ၀ယ်ရသေး ။သို့သော် ပြသနာမရှိပါ ။ ကျတော့်သူငယ်ချင်းတွေရဲ့ ၀ီရိယကို သိသည် ။ သူတို့ အားလုံး စာအုပ်ဝယ်ပြီးလောက်ရောပေါ့ ။ အတန်း အလယ်ခုံမှာ သူတို့အားလုံးကိုတွေ့ရသည် ။သူတို့နှင့် အတူကပ်ကြည့်ပြီး နောက်အားလပ်ချိန်ကျမှ သွားဝယ်တော့မည် ။ ဝေယံဆီမှာပဲကကပ်ကြည့်ကြည့် ၊ ရည်မွန်နားမှာပဲ ကပ်ကြည့်ကြည့် ၊ ကျော်ငြိမ်း ဘေးမှာ သွားထိုင်ထိုင်ဖြစ် သည် ။ ဒါမှမဟုတ် ထောင့်ဆုံးမှာ ထိုင်နေတဲ့ “စိမ်း” ရဲ့ဘေးမှာ သွားကပ်ကြည့်လည်း ဖြစ်တာပါပဲ ။

+++++

“စိမ်း”

နာမည်သည် အတော်လေးကို သူစိမ်းဆန်လှသည် ။ စိမ်းကို ကျတော်တွေ့စက နာမည်နှင့်လူ မလိုက်ဖက်လွန်းလှ၍ သတိထားမိခဲ့ခြင်းဖြစ်သည် ။ ကြည့်စမ်း … သည်လောက်ဖော်ရွေတဲ့ မိန်းကလေးကို မှ “စိမ်း” တဲ့ ။

အဲသည်တုန်းက ကျတော်ကိုယ်တိုင်လည်း သည်ကျောင်းနှင့် အစိမ်းသက်သက်ရှိသေးသည် ။ ဘယ်နေရာမှာ ဘယ်အဆောင် ၊ ဘယ်စာသင်ခန်း ၊ ဘယ် Lab ရှိတယ်ဆိုတာ ကို မသိသေး ။ စိမ်းသည်ထိုနေ့က သူ့အချိန်စာရင်းစာရွက်ကို ပြ၍ အခန်းကိုမေးသည် ။ ကျတော်သွား ရမည့်အခန်းမှာလည်း စိမ်းပြသည့် အခန်းပင်ဖြစ်သည် ။

“ကျတော်လည်း သည်ကိုပဲသွားရမှာ ။ အတူတူမေးပြီးသွားကြတာ ပေါ့”

စိမ်းသည်ပြုံး သည်ဆိုရုံပြုံး၍ ခေါင်းငြိမ့်ပြသည် ။ ထိုနေ့က စိမ်းသည် အဖြူစင်းလေးတွေ ပါသည် အကျီ င်္ကို ၀တ်ထားသည် ။ Lab ရှိသည့်နေ့မို့ ထင်ရဲ့ ကျော်လည်လောက်ရှိသည့် ဆံပင်ကို အသေအချာ ချည်ထားပြီး ခြေထောက်မှာလည်း ပန်းရောင်ကြိုးလေးတွေ ချည်ထားသည့် ရှူးဖိနပ်အဖြူကို စီးထားသည် ။ ကျောပိုးအိတ်လွယ်ထားပုံ , Laptop သယ်ပုံတို့သည် အနေအထိုင် သိပ်သည်းကျစ်လစ်တဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံအတိုင်း မျက်စိအေးလေးသည် ။ ဒါပေမယ့် စိမ်းရဲ့ အပြင်အဆင်သည် မြန်မာ မိန်းကလေး တစ်ယောက်မှန်းသိသာလှသည် ။ ကျတော်တို့ဆီက မြန်မာမိန်းကလေးများသည် အတော်ခေတ်ဆန်တတ်ကြပြီး နိုင်ငံခြားသူနှင့် ရုတ်တရက် ခွဲမရအောင် ခေတ်ကိုလိုက်၍ ၀တ်စားပြင်ဆင် တတ်ကြသဖြင့် အမြင်ဝယ် စိမ်း၏အသွင်သည် ရိုးလွန်းနေသည် ။

“ကျတော့် နာမည် ဝေအောင်ပါ .. သည်က.. ?”

“အစ်ကို့ လက်ထဲကစာအုပ် နာမည်လေ.. ” စိမ်းသည် ခင်မင်စဖွယ်ပြုံး၍ ကျတော့်လက်ဆီကို မေးငေါ့ပြသည် ။ ပြုံးလိုက်တိုင်း စိမ်း၏ပါးပြင်သည် မသိမသာ ချိုင့်ခွက်သွားလျက် ပါးစပ်သည်ရှေ့သွား အနည်းငယ်ပေါ်ရုံ ပွင့်ဟသွားကာ ကြည်လင်ဝိုင်းစက်သော မျက်လုံးများသည် အနည်းငယ်မှေးသွားတတ်သည် ။ စိမ်းပြုံးလိုက်တိုင်း သည်ပုံစံပါပဲ ။

“ခင်ဗျာ …. ။ သြော်..” ကျတော်ထိုနေ့က “ခင်နှင်းယု” ၏ “စိမ်းသင့်မှ စိမ်း” ကို ဖတ်လက်စဖြစ်သည် ။

“စိမ်း တဲ့လား”

“ဟင်းဟင်း သဘောပေါက်လွယ်သားပဲ ။ ဟုတ်ပါတယ် .”

“နာမည်က တစ်လုံးတည်းလား”

“အပြည့်အစုံကတော့ စိမ်းလဲ့ရည် ပါ ။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ စိမ်းလို့ပဲခေါ် ကြပါတယ်”

“သြော်… ဟုတ်ကဲ့”

ယင်းသည် ကျတော်တို့နှစ်ယောက်၏ ခင်မင်မှု အစဖြစ်သည် ။ စိမ်းသည် အပေါင်းအသင်းကောင်းသူ တစ်ယောက်ဖြစ်သည် ။ မြန်မာလူမျိုး များနှင့်သာမက နိုင်ငံခြားသား အချို့ နှင့်ပင်အပေါင်းအသင်းဖြစ် တတ်၏ ။ မကြာမီ ကျတော်မှာလည်း အခြားသူငယ်ချင်းတွေလည်း ရလာခဲ့ပြီ ။ စိမ်းနှင့် ကျတော်က အတန်းချိန်အားလုံး မတူပါ ။ တစ်ပါတ်လုံးတွင် သုံးရက်ခန့်သာတူတတ်ပြီး ကျန်အချိန်အချို့တွင် အခန်းကပ်လျှက်နဲ့ အတန်းကွဲသွား တတ်ကြသည် ။ ပြီးတော့လည်း ကျတော်ရဲ့ သူငယ်ချင်းတွေ ၊ စိမ်းရဲ့ သူငယ်ချင်းတွေ အချင်းချင်းရင်းနှီးသွား ကြသည် ။ နောက်ပြီး မကြာခင်မှာပဲ ကျတော် ၊ ဝေယံ ၊ ရည်မွန် ၊ ကျော်ငြိမ်း နဲ့ စိမ်းတို့သည် တစ်တွဲတွဲ မခွဲသော သူငယ်ချင်း တစ်စုဖြစ်လာ ခဲ့သည် ။

+++++

Singapore ကို ပန်းမြို့တော်လို့ တင်စားခေါ် တတ်ကြသည် ။ သည်လို ဆိုရင် ကျတော်တို့ရဲ့ ကျောင်းဟာလည်း ပန်းမြို့တော်မှ ပန်းခင်းတစ်ခင်းလို့ ကျတော်တင်စားချင်ပါသည် ။ ကျောင်းတွင် နေရာတိုင်း၌ ပန်းမျိုးစုံ ပွင့်ကြသည် ။ သို့ပေမယ့် ကျတော်တို့ စာသင်ခန်း အပြင်ဖက်ရှိ ပန်းပင်ငယ်များကိုမူ မကြာမီကမှ စတင်စိုက်ပျိုး ခြင်းဖြစ်ဟန်ရှိပါသည် ။ မထင်မှတ်ဘဲ သည်းတတ် ၊ စဲတတ်သည့် မိုးရေများကြောင့်လည်း ပန်းပင်ငယ်များသည် စိမ်းရွက်သစ်တဝေေ၀ဖြင့် ရှင်သန်ကြီးထွားလာကြသည် ။

သည်လိုပါပဲလေ ။ ကျောင်းတတ်တာကြာလာသည်နှင့် အမျှ ကျတော်တို့သူငယ်ချင်းတွေရဲ့ ခင်မင်မှုဟာလည်း တိုးပွားလာတတ်ခဲ့ပြီ ။လောကအရောင် မဆိုးခံရသေးသည့် လူငယ်ဖြူစင်ချိန်အရွယ်မို့ ထင်ရဲ့ တစ်ယောက်အကြောင်းတစ်ယောက် အူခါးချေးမ မကျန်သိကုန်ကြပြီ ။ ဝေယံရဲ့ “နှစ်ကိုယ်စံ ကြံတိုင်းဝေး” အချစ်ဇာတ်လမ်း ၊ အိမ်နှင့် အဆင်မပြေတဲ့ ရည်မွန့်အကြောင်း ၊ ကျော်ငြိမ်းရဲ့ ပြည်တော်ကျန် ဆေးကျောင်းသူ မမလေး နောက်တော့ အချိန်ပိုင်းအလုပ်လုပ်ရသည့် စိမ်း ။ ကျတော်တို့ အားလုံးသည် စိတ်ညစ်စရာ ကိစ္စများကို အချင်းချင်းဖွင့်ဟ တိုင်ပင်တတ်ကြသည် ။ မျှဝေခံစားတတ်ကြ သူတွေဖြစ်တော့ အနည်းငယ်မျှဆိုဆို စိတ်ညစ်စရာ များသည်လျော့ပါး သွားတတ်မြဲဖြစ်သည် ။

ကျတော်သည် အားလုံးကဲ့သို့ စိမ်းနဲ့ပိုရင်နှီးလာသည် ။ စိမ်းသည် ပတ်ဝန်းကျင်ကို အရေးမစိုက်တတ်သလို မိမိကိုယ်ကို ယုံကြည်သော ပွင့်လင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်သည် ။ ညပိုင်း အလုပ်ဆင်းရသဖြင့် နံနက် စောစော သင်ခန်းစာအချိန်အချို့တွင် နွမ်းနယ်ပင်ပန်းသော မျက်ဝန်းများကို သေသေချာချာ စိုက်ကြည့်မှ သတိထားမိနိုင်သည် ။ စိမ်းသည် ပင်ပန်းကြောင်း တစ်ခါမှ မညည်းစဖူး ။ ရွှင်လန်းတတ်ကြွမြဲ ။ ခင်မင်ဖွယ်အပြုံး ဖြင့် စကားဆိုတတ်မြဲ ။အခြားမိန်းကလေး အချို့လို သည်မှာအနေကြာလာတာနဲ့ အမျှ ခေတ်ဆန်လာခြင်းလည်း မရှိပါ ။ ယဉ်ယဉ်နဲ့ သိုသိပ်သော အလှ ဟူ၍ ကျတော်က အမှတ်တမဲ့ ဆိုတော့ “ဝေယံ” နဲ့ “ကျော်ငြိမ်း” တို့က ခပ်ရှုပ်ရှုပ်ယောက်ျားလေးများ ပီပီ ၀ိုင်းစကြတော့သည် ။ ကျတော့်မှာ ရုတ်တရက်မို့ တော်တော်လေးရှက်သွား သော်လည်း စိမ်းကမူ အပြုံးမပျက်ဘဲ ပြန်၍ပင်စနေသေးသည် ။

မှတ်မှတ်ရရ ထိုနေ့ညနေက မိုးရွာသည် ။ ခပ်ဖွဲဖွဲသာဖြစ်၍ စိမ်းကမိုးရေကို လက်ခုပ်ဖြင့်ခံကာ ကျတော်တို့ဘက်ဆီသို့ ပက်ကာဆော့ကစားနေ၏ ။ ရည်မွန်တို့ကတော့ သီချင်းတစ်ပုဒ်ကို စာသားခပ်ဝါးဝါးဖြင့်ဆိုကြသည် ။ အမှတ်တမဲ့နဲ့ ကြည့်လိုက်တော့ အတန်းရှေ့မှ ပန်းပင်များသည် မိုးရေထဲဝယ် ရွှင်လန်း စိမ်းစိုနေကြသည်။ သို့သော် တစ်ပင်တစ်လေမှာမှ ပန်းမပွင့်နိုင်ကြသေးပါ ။

+++++

တစ်ခါတစ်ရံတွင်တော့ စိမ်းသည်လူကြီးဆန်ဆန်နှင့် ကျတော်တို့ကို ဖြောင့်ဖျပြောဆိုတတ်သေးသည် ။ ဒါပေမယ့် ကျတော်နှင့် စိမ်း သဘောထား မတိုက်ဆိုင်သည့် အခါတွေလည်း ရှိတတ်သည် ။ တစ်ခုရှိတာက စိမ်းသည် သူမှန်သည်ထင်သော သဘောထားတစ်ရပ်ကို ဘယ်တော့မှ မစွန့်လွှတ်ချင်တတ်သည့် ညည်ကလေးရှိတတ်သေးသည် ။ စကားအခြေတင် ငြင်းရလောက်အောင်ဖြစ်သည့် အခါ ကျတော်တို့ တစ်တွေက စိမ်းကို အလျော့ပေးလိုက်ကြ သည်ချည်းဖြစ်၏ ။

ကျတော် စိမ်းကို ကဗျာဆန်ဆန် “သိပ်သည်း သော အလှ” ဟုပြောမိပြီး နောက်ပိုင်းဝယ် သူငယ်ချင်းများက မထိတထိစလာတတ်ကြသည် ။ စိမ်းမှာရော ၊ ကျတော့်မှာပါ ပတ်သတ်သူမရှိသေးသောကြောင့် အများအမြင် ၀ယ် ထင်စရာဖြစ်လာသည် ။ စိမ်းသည် မိမိကိုယ်ကို ယုံကြည်တတ်သူဖြစ်တော့ ယောက်ျားလေးတစ်ယောက် နှင့်တွဲသွားတွဲလာ လုပ်ဖို့ ရှက်ရွံ့ခြင်လည်း မဖြစ် ။ သည်တော့လည်း ကျတော်တို့နှစ်ယောက်ကို တွဲသွားတွဲလာ တွေ့ရတတ်သည် ။ စိမ်းရင်ထဲမှာ တစ်ယောက်ယောက်ရှိ ၊ မရှိတော့ စိမ်းကိုယ်တိုင်မှပင် သိနိုင်မည် ။ သို့သော် စိမ်းဟာ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တဲ့ မိန်းကလေးပဲ ။

ကျတော်ကတော့ မိမိကိုယ်ကို တစ်ခါမှပြန်မေးမကြည့်ဘူးပါ ။ ကျတော်ဟာ ကိုယ်ရင်းနှီးတဲ့ မိန်းကလေးတွေကို အိပ်ယာဝင်ခါနီး လက်တင်စဉ်းစားခန်း ၀င်တတ်တဲ့ ယောက်ျားမျိုးလည်းမဟုတ်ပါဘူး ။နောက်ပြီး သူငယ်ချင်းတွေအဖြစ် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်တဲ့ အခြေအနေထက်ဘာကိုမှ ပိုလို့လည်း မမက်မောပါဘူး ။ စိမ်းကိုလည်း တစ်ခါတစ်ခါ အသေအချာကြည့် မိတာကလွဲလို့ ရင်လည်းမခုန်ခဲ့ပါဘူး ။ အဲသည်တုန်းကတော့ အချစ်ဆိုတာ ရင်ခုန်တာလို့ပဲ ထင်ခဲ့သည် ။ ဒါအပြင် အဲသည်တစ်ချိန်လုံးက သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ စိမ်းဟာ ကျတော့်အနားမှာ ရှိနေခဲ့တယ် မဟုတ်လား ။

“စိမ်းသရဖူစိမ်းxxရယ်….အစိမ်းမှာ သတင်းကြီးတဲ့xxxအစိမ်းရောင်မင်းသမီး …. မောင့် မမ စိမ်းရယ် xxx” ကျတော်တို့ ချည်းရှိချိန်တွင် ကျော်ငြိမ်းက ကျတော်ကိုစောင်း၍ သီချင်းညည်းသည် ။

“ဟေ့ကောင် ဝေအောင်ကြီး … မသိသလို လုပ်မနေနဲ့နော် ။ ကိုယ်ကိုကိုယ်မညာနဲ့ ကြိုက်တယ်ဆိုရင် ဖွင့်သာပြောလိုက်ကွာ …ဘာလဲကြောက်နေလို့လား သူများနောက်ပါသွားမှ ငါ့လို ဇာတ်ခင်းနေရမယ် ဆရာ့” ကိုလွမ်းပို ဝေယံကပြောသည် ။

“အောင်မယ်ဗျာ… ။ သည်အရွယ်ကြီးကျမှ ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောဖို့ ကြောက်တယ်ဆိုတဲ့ ယောက်ျားများရှိသေးလို့ လားကွာ. ။ တကယ်တော့ ယောက်ျားတစ်ယောက်ဟာ ကိုယ်ခင်မင်ရင်းနှီးတဲ့ မိန်းမတစ်ယောက်ကို ချစ်မိရင် သဘာဝကျတဲ့ အပြုအမူ ခြောက်ခြားစရာ ကိစ္စ လို့ အောင်တော့ မထင်ပါဘူး ။ ကိုယ်တစ်ကယ် ချစ်ရင်ဖွင့်ပြောမှာ ပေါ့ ။ ဖုံးနေစရာ မလိုပါဘူး ။ အခုဟာက ”

“ဟေ့ “နိမှသောင် နောင်မသိ” ဆိုတဲ့ စကားရှိတယ်နော်” ကျော်ငြိမ်းက Chatting ထိုင်နေရာမှ လှမ်းအော်သည် ။

“အမယ် ငါ့ချစ်ချစ်ရဲ့ စာသားကြီး”

“ဘာ မင်းချစ်ချစ် ?”

“အင်းလေ …“နိမှသောင် နောင်မသိ” ဆိုတာ လှိုင်ထိပ်ခေါင်တင်ရဲ့ ဘောလယ်တစ်ပုဒ်ရဲ့ သဖြန်စာသားကွ ။ လှိုင်က ငါ့ချစ်ချစ်လေ.. ဟိ ”

“အောင် … မင်းကတော့ အရူးပဲ ”

“သည်မှာ ဆရာ ကျတော်မရူးဘူး ။ စာရေးဆရာကြီးတစ်ယောက် ပြောဖူးတယ်နော် ဘ၀မှာ ဖတ်စရာစာအုပ်တွေရယ် ဖွင့်မပြောဘဲ တိတ်တိတ် ချစ်ရမယ့် ချစ်သူတစ်ဦး ရှိရင် ပြည့်စုံပြီဆိုပဲ”

“သောက်ရူး ”

“ဟား ဟား ဟား ”

ထိုနေ့ညနေက ကျတော်တို့ သုံးယောက်စလုံး စိတ်လွတ်ကိုယ်လွတ်ရယ်မော မိခဲ့ဖူးပါသည် ။

+++++

“ကိုဝေအောင် ဟာတော်တော် စိတ်ကူးယဉ်တတ်တယ်နော်”

စိမ်းသည် စာအုပ်တွေကို ကျတော်ရှေ့တွင် ချရင်း ခုံ့တွင်ဝင်ထိုင်လိုက်သည် ။ ခပ်စောစော ကျောင်းကိုရောက်၍ အတန်းအနီးမှ ခုန်ရှည်များပေါ်တွင် စာဖတ်နေသောကြောင့် စိမ်းရောက်လာသည်ကို သတိမထား မိလိုက် ။ စိမ်းသည် ယခင်တစ်ပါတ်က အလုပ်ပင်ပန်းသွားသောကြောင့်ထင်၏ ။ နှစ်ရက်ခန့် ကျောင်းမလာနိုင်အောင်ပင် ဖျား၏။ ထို့အတွက် စာကူးရန် စာအုပ်တွေငှားသွားခြင်းဖြစ်၏ ။ စိမ်းကို ကျောင်းစာအပြင် ၀တ္ထုများဖတ်ရန် သိမ်းသွင်းကြည့်ဖူးသည် ။ သို့သော် မအောင်မြင် ။

“စိမ်းကတော့ စိတ်ကူးမယဉ်တတ်ဖူး ။ အချစ် ၀တ္ထုတွေဖတ်ရင် စိတ်ကူးယဉ်တတ် လာတယ်တဲ့ ။ စိမ်းအတွက်တော့ ဘ၀ဟာ စိတ်ကူးယဉ်စရာ မကောင်းဘူး ။ ဘ၀ကို ရင်ထဲကရှိတဲ့အတိုင်း စိတ်လွတ်ကိုယ်လွတ် ရင်ဆိုင်ချင်တယ် .. ။ မတွေဝေချင်ဘူး .. ။” လို့ စိမ်းကျတော့်ကို ပြောခဲ့ဖူးသည် ။

ချက်ခြင်းကြီးဆိုတော့ စိမ်းရဲ့စကားကြောင့် ကျတော် ခပ်ကြောင်ကြောင်မော့ ကြည့်လိုက်သည် ။ စိမ်းသည် ပြုံး၍ နဖူးပေါ်မှ ဆံစများကိုနောက်သို့ လက်ဖြင့်ပင့်တင်လိုက်သည် ။

“ဗျာ ဘာဖြစ်လို့”

“သြော် စာအုပ်ထဲမှာ ပြောပါတယ် ကဗျာတွေများ အများကြီးပဲ ။ ကူးထားတာလား ၊ကိုယ်တိုင် ရေးထားတာလား တော့ မသိ ။တွေ့တယ် ..”

“အင်း ကျတော်ကဗျာ မရေးတတ်ပါဘူး ။ အတော်များများဟာ အလွတ်နီးပါးရ နေတာတွေကို ပြန်ရေးထားတာပါ ။ စိမ်းက ကဗျာကြိုက်လို့ လား ”

“မကြိုက်ပါဘူး ။ စိမ်းပြောခဲ့ဘူးသားပဲ စိမ်းက စိတ်ကူးယဉ်ရတဲ့ အလုပ်တွေကို မကြိုက်ဘူး ။ စိတ်ကူးယဉ်တတ်သူတွေဟာ တွေဝေတယ် ။ ကဗျာဆိုလို့ ငယ်ငယ်တုန်းက ကျောင်းစာမှာ မဖြစ်မနေသင်ရတာ တွေကလွဲလို့ အခြား မဖတ်ခဲ့ဖူး ပါဘူး ”

“ဒါနဲ့ စိမ်းကကျတော်ကို စိတ်ကူးယဉ်တတ်တယ်လို့ ထင်ရောလား ဟင်”

“ဆိုပါတော့လေ … ကိုဝေအောင်ကို ကြည့်ရတာ တစ်ခါတစ်လေ တစ်မျိုးကြီးပဲ ။ စိမ်းအမြင်ပြောတာနော် စိတ်ဆိုးလား”

“ဟင့်အင် မဆိုးပါဘူး ။ ဒါနဲ့ ကဗျာတွေကိုရော ဖတ်ကြည့်သေးလား”

“အင်း ဖတ်ကြည့်ဖြစ်တယ်”

“ဒါနဲ့ ကြိုက်တဲ့ ကဗျာတွေရောတွေ့လား”

“အင်း အတော် များများကိုတော့နားမလည်ဘူး ဟင်း … ။ တစ်ပုဒ်တော့တွေ့တယ် ရိုးရိုး ရှင်းရှင်းလေး”

စိမ်းသည်စာအုပ်ကို ယူကာ တစ်ချက်တည်းဖြင့် ကဗျာကို ရှာတွေ့ဟန်တူသည် ။ Chapter တစ်ခု၏ အဆုံး လွတ်နေသောစာရွက်ပေါ်မှာ ရေးထားတဲ့ ကဗျာတိုလေးတစ်ပုဒ် ။ စိမ်းသည် ကျတော့်ဆီကို စာအုပ်ထိုးပေးသည် ။ “ငွေတာရီ” ၏ “အချစ်မျက်လုံး” ။

“ကြည့်လေတိုင်း ရစ်ဝိုင်းပါလို့ ၊ ချစ်ရည်လည် ။

ချစ်ချင်တယ် ထိုသဘောကို ပြောသည့်နှယ် .. ။

နှုတ်ဖြင့်ကွယ် ဘယ်ခါမှ မိန့်ဘူး ။

တွေ့တိုင်း ရယ်မလိုနဲ့ ၊ ရင်ဖိုဖွယ်သူ့ မျက်လုံးရယ်

ပြုံးချက်ကထူး ။”

ကျတော်ပထမဆုံးတွေး မိသည်ကတော့ စိမ်းမရိုးတော့ဘူးဆိုတာပါပဲ ။ ငါ့သူငယ်ချင်းတစ်ယောက်တော့ ယောက်ျားလေးတစ်ယောက်ယောက်ရဲ့ အကြည့်မှာ ရင်ခုန်တတ်နေပြီပေါ့ ။ အံသြသွားသည် ။ မျက်နှာထား ခပ်ပျက်ပျက်နှင့် “စိမ်းတော့ မရိုးတော့ဘူးကွာ နော် …” ဟု တပင်တပန်းပြုံးကာ ပြောလိုက်သည် ။ သြော် .. စိမ်း ၊ စိမ်းသည် သာမန်မိန်းကလေး တစ်ယောက်သဖွယ် အချစ်ကို ခံစားမိနေပြီပေါ့ ။ ကျတော်ကတော့ ကိုယ့်သူငယ် ချင်းကို အချစ်တွင် မပျော်ဝင်စေချင်သေးပါ ။ ဒါပေမယ့် သူငယ်ချင်းအချင်းချင်း ရည်းစားမထားကြေးဆိုပြီး သစ္စာဆိုထားလို့ မှ မရတာပဲ ။ သူငယ်ချင်းကောင်မလေးတွေ ရည်စားရသွားတိုင်း မဆီမဆိုင်စိတ်မကောင်းဖြစ် တတ်သည် ။ အခုလည်း စိမ်းကမှ …။

စိမ်းသည် စကားမဟချေ ။ သြော် ရှက်သွားရှာတယ်ထင်ပါရဲ့ ။ ပဟေဠိ ဆန်ဆန်ပြုံး၍ ခေါင်းငုံ့သွားသည် ။ ခေါင်းညိမ့် ၀န်ခံခြင်းတော့ ဟုတ်ဟန်မတူ ။ စိမ်းသည် ငြင်းလည်းမငြင်းဘဲ ရုတ်တရက် စကားဖြတ်လိုက်သည် ။ စိမ်းသည် တစ်ခါတစ်ခါ သည်လိုပဲ အပြုအမူတွေ ထူးခြားတတ်သေးသည် ။

မှတ်မှတ်ရရသည်တစ်ကြိမ်ပါပဲ ။ စိမ်းသည် သည်အကြောင်းကို စကားစပ်၍ ပင်မပြောတော့။

သည်လိုနဲ့ပင် စာသင်နှစ်တစ်နှစ်သည် ကုန်ဆုံးတော့မယ် ။ မြန်မာပြည်ဝယ် နေရောင်ခြည်ဖြာဖြာ ဝေတာ့မယ့် တပေါင်းလကျော်ကျော်လောက်တွင် ကျတော်တို့ Final စာမေးပွဲဖြေရတော့မည် ။ ကျောင်းပိတ် ချိန်တွင် ကျတော်အိမ်ပြန်ဖြစ်မည် ။ ကျော်ငြိမ်း နဲ့ ရည်မွန်တို့လည်းပြန်ကြမည် ။ ဝေယံကတော့ သူ့မိဘတွေလိုက်လာ ဖြစ်မည် ဖြစ်ပြီး စိမ်းကတော့ ကျောင်းပိတ်ရက်အတွင်းအလုပ်လုပ် ရမည်ဆို၏ ။ ကြာလာ သည်နှင့်အမျှ စိမ်းနှင့်ကျတော့်ကို ၀ိုင်းစကြသော ကိစ္စမှာ ကျတော်အဖို့အတော်ကြီးပင် ရိုးလို့သွားလေပြီ ။ စိမ်းကွယ်ရာမှာ ဆိုပါက “အောင့် အသည်းကြီး” လို့ပင် သူတို့ကို ပြန်နောက်တတ်လာပြီ ။ စိမ်းဘက်ကလည်း ထူးခြားဟန်မရှိ ။ တစ်ခါတစ်ခါတော့ နွမ်းနယ်ဟန် စိမ်းမျက်လုံးများသည် ရွှင်လန်းလာတတ်ပြီး ချစ်စဖွယ်ပြုံးပြတတ်သည် ။ သည်လို ခင်မင်ဖွယ် စိမ်းအပါအ၀င် သူငယ်ချင်းတွေကို ကျတော် သိပ်ပြီးတန်ဖိုးထားသည် ။ ထို့ထက်ပို၍လည်း ဘာမှ မမျှော်လင့်ချင်ပေ ။

စာမေးပွဲနောက်ဆုံးနေ့က အမှတ်တရ ကျတော်တို့အားလုံး Mc Donal’s မှာ ညနေစာ သွားစားဖြစ်ကြသည် ။ နှစ်လကျော်ကျော်လောက် နီးပါးခွဲရမည်ကို ပင်အားလုံးအလွမ်းသည်နေကြသည် ။ နောက်နှစ်မှာ အတန်းမတူရင် ဒုက္ခဟု ဝေယံက ညည်းသည် ။ “ကိုဝေအောင်ကတော့ စိမ်းနဲ့အတန်းမတူမှာကို သိပ်စိုးရိမ် မှာပဲနော်” ရည်မွန်ကတော့ အနှောင့်အသွား မလွတ်လှသော စကားကိုပြောပြန်သည် ။ စိမ်းသည် ကြောင်အအ ဖြစ်သွားသော ကျတော့်ကို တစ်ချက်ပြုံး၍ ကြည့်သည် ။ ရယ်ချင်သည်ထင်ပါရဲ့ ။ ပြန်ကျတော့ Bus ကားဂိတ်တွင် ကျတော်နှင့်စိမ်း သာကျန်ရစ်ခဲ့သည် ။ သူတို့ကတော့ထုံးစံ အတိုင်း “အမကြီးကို စိတ်ချလက်ချ ထားခဲ့မယ်နော်.. ဂရုစိုက်လိုက်နော်” လို့ အော်သွားကြသည် ။ စိမ်းကတော့

“ဟဲ့ နင်အရမ်းပျော်နေတယ်ပေါ့ ၊ ပြန်ရမှာဆိုတော့ နင်ရိုးမှရိုးရဲ့လား ”

“ဟားဟား မရှိရပါဘူးဗျာ၊ မေမေတို့နဲ့တွေ့ ရမှာမို့ပါ … နင်ဆိုရင်ရော”

“အင်း .. ဟုတ်ပါတယ် ။ စိမ်းသာပြန်ရရင်လည်း သိပ်ပျော်မှာ”

ကျတော်သည် အမြဲလိုလို စိမ်းစိတ်ညစ်စေမယ့် စကားလုံးတွေကို တတ်နိုင်သမျှရှောင်ပါသည် ။ သို့သော် အခုတော့ စကားစမိပြန်သည် ။ စိမ်းသည် စိတ်အားမငယ်စရာ အကြောင်းတွေကို အများကြားမှာ သိပ်မပြောတတ်ပါ ။ တစ်ခါတစ်ခါတော့ ကျတော့်ရှေ့မှာ ပြောတတ်သည် ။ ကားမှတ်တိုင်နဘေးတွင် ပန်းပင်အချို့ကို စိုစိုစိမ်းစိမ်းတွေ့ရသည် ။ စိမ်းသည် ပန်းပင်များကိုငေးကြည့်ရာမှ ….

“ကြည့်အောင် … သည်အပင်လေးတွေမှာ ပန်းမပွင့်ဘူးနော် .။ စိမ်းက ပန်းပင်ဆိုရင် ပန်းပွင့်မှကြိုက်တာ”

“သြော်ကွယ် .. ပန်းဆိုတာလည်း ပွင့်ချိန်တန်မှ ပွင့်မှာပေါ့ ။”

“အင်းပါလေ ။ သည်နေ့ည မိုးရွာရင်တော့ စာမေးပွဲတွင်းပင်ပန်းနေတာနဲ့ သိပ်အိပ်လို့ကောင်းမှာ”

“စိမ်းရယ် ခက်ပါဘိ။ မိုးဆိုတာလည်း ရွာချိန်တန်မှ ရွာမှာပေါ့”

“မရွာဘဲနဲ့ အုံ့ဆိုင်းနေတာကတော့ မကောင်းပါဘူးကွယ်”

စိမ်းသည် တိုးတိတ်စွာ ခပ်ပြတ်ပြတ်ပြောသည် ။ ကျတော်တစ်ချက် စိမ်းကိုကြည့်လိုက်သည် ။ စိမ်းသည်မပြုံးမရယ် ရှေ့သို့သာစူးစိုက်ကြည့်နေသည် ။ ချက်ချင်း ကျတော်မျက်လွှာချလိုက်သည် ။

ထိုညနေက မိုးအုံ့သော်လည်း ညတွင် မိုးမရွာခဲ့ပါ ။ ။

+++++

ကျောင်းမပိတ်ခင်က အလွမ်းသည်ခဲ့သော်လည်း ကျောင်းပိတ်ရက်အတွင်းတွင်မူ မည်သူ့ကိုမျှ တမ်းတလွမ်းဆွေးနေခြင်းမရှိလှ ။ ပြီးပြည့်စုံ နွေးထွေးသောပါတ်ဝန်းကျင် ၊ အရသာ အတိပြီးသော မိသားစု ထမင်းဝိုင်းများကို မေမေ ၊ ဖေဖေတို့ ရင်မှ ရရှိခဲ့သည် ။ ကွဲကွာသွားပြီးမှ ပိုသိလာရသော မိသားစု မေတ္ထာကို အတိုးနှင့် ခံစားနေရတော့ သူငယ်ချင်းတွေကိုမေ့သွားတာ မဟုတ်သည့်တိုင် သတိအထူးအထွေ မရခဲ့ ။ ပေးထားသော ဖုန်းနံပါတ်များကိုလည်း မဆက်ဖြစ်ခဲ့ ။

သို့တိုင်အောင် ဝေယံက မရမကဖုန်းဆက်လာခဲ့သည် ။

“ဟေ့ကောင်ကြီး သတင်းကတော့ သိပ်မကောင်းဘူး”

“အင်.. ဘာဖြစ်ရပြန်တာလည်း”

“မင်းရဲ့ စိမ်းကို ဘဲတစ်ကောင်လိုက်နေတယ်နော်”

“အဲဒါ .. ဘာဖြစ်” - စိတ်ဝယ် ခပ်လေးလေးဖြစ်သွားသော်လည်း ခပ်သောသော စကားတစ်ခွန်းရောရောရှူရှူ ထွက်သွားသည် ။

“ကဲကိုဝေအောင် ခင်ဗျားတော့ ကျန်ရစ်ကြီးဖြစ်တော့မယ် ဟိုကောင်ကခပ်ဖြောင့်ဖြောင့် ၊ ရည်မွန်ပြောတော ကောင်မလေးကလည်း ပါချင်ချင်တဲ့”

လန့်ဖျတ်ပြီး ရှေ့ကမှန်ထဲကိုကြည့်လိုက်တော့ အသားညိုညိုနဲ့ ကိုယ့်ပုံရိပ်ကို တွေ့ရသည် ။

“အဲဒါ ဘာဖြစ်တုန်း”

“ဘာဖြစ်ရမှာလည်း စိမ်းဆီကိုဖုန်းလေးဘာလေး ၊ Chatting လေးဘာလေးရိုက်ပါဦးဟ ။ ပြန်ခါနီးတုန်းကတော့ မင်းဘဲလေပွားသွားတာ ”

“သြော် ငါတို့ဆီမှာ Internet မှမရတာ ”

“အေးအေး ပြီးတာပဲ ဒါဆိုရင် Bye Bye”

“Ok See U”

ဖုန်းချလိုက်ပြီးနောက် အိမ်ရှေ့ ၀ရံတာသို့ ထွက်ခဲ့သည် ။ အညာနွေ၏ ညနေဖြစ်သည့်တိုင် လေတဖြူးဖြူးနှင့် ပူလောင်အိုက်စပ်မနေ ။ စိမ်းနဲ့ ပါတ်သက်ပြီး ကြည်နူးခဲ့ မိတာကိုပြန် စဉ်းစာသည် ။ စိမ်းဟာလှ ပတဲ့ မိန်းမတစ်ယောက်ပဲ ။ လှပလွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ကို သဘောကျ ၊ ကြင်နာချင်တဲ့ ယောက်ျားတွေရှိတာ အထူးအဆန်းတော့ မဟုတ်ပါ ။ မိန်းကလေးဘက်ကလည်း ချစ်တုန့်ပြန် ရန် အချိန်တန်အရွယ်ရောက်ပြီမို့ အညှာလွယ်လွန်းလှတယ်လို့ တော့မဆိုသာပါ ။ စိတ်ဆိုသည်မှာ လည်းခက်လှသည် ။ မတွေးချင်သောအရာကို မတွေးမိအောင်ပင် ထိန်းချုပ်အုပ်စိုးနိုင်စွမ်း မရှိပါတကား ။

ရည်ရွယ်ချက်မဲ့စွာဖြင့် ၀ရံတာအစွန်းဝယ် အမေစိုက်ထားသည့် ပန်းပင်လေးတွေကို ငေးကြည့်နေမိသည် ။ ကြည့်စမ်း .. ပွင့်ရန်အားယူနေသော အငုံအဖူးလေးများပါလား ။ ဘေးတွင်အသင့်တင်ထားသော ရေချိုင့်ကို ယူ၍ ရေလောင်းပေးလိုက်သည် ။ အပင်ခြေ မြေသားဆီမှ ကျတော်သိပ်သဘောကျတဲ့ မြေဆီသင်းနံ့ ကိုရသည် ။ ခပ်သင်းသင်းမွှေးမွှေး ရနံကိုလည်းရသည် ။ ပန်းအငုံသည် ရနံ့ကြွယ်ရန် အားယူနေလေပြီ ။

+++++

အိမ်တွင် အပျော်ကြီးပျော်နေ၍ ကျောင်းဖွင့်ရက်နီးချိန်မှ ကပ်ပြန်သွားမိသဖြင့် Second Year ပထမနေ့တွင် ဘာမှ မပြည့်မစုံ ဖြစ်ရသည် ။ စာသင်ခန်းတွင် စိမ်းနားမှာထိုင်၍ စာအုပ်ကို ကပ်ကြည့်သည် ။ စိမ်းသည် မထူးခြားစွာပြုံလျက် စာအုပ်ကိုတိုးပေးသည် ။ စိမ်းကိုကြည့်ရတာ တစ်မျိုးပါပဲ ။ အနည်းငယ်ပို၍ ခေတ်ဆန်တတ်လာသည်မှာ မသိသာလှသော်လည်း စိမ်းကို ဂရုစိုက်ကြည့်တတ်သော ကျတော့်အတွက်မူ သိသာနိုင်ပါသည် ။ စိမ်းမှာ ချစ်သူရှိပြီပေါ့ ။

“ငါနဲ့မဆိုင်ပါဘူး ”

“ဟင် ? ” ခပ်တိုးတိုးအသံထွက်သွားလို့ထင်သည် စိမ်းကျတော့်ကို တစ်ချက်လှည့်ကြည့်သည် ။ ဘေးမှ သုံးယောက်သားလည်း အသိအမှတ်ပြု၍ လှည့်ကြည့်သည် ။ စိမ်းမျက်လုံး ပတ်လည်ဝယ် အစိမ်းနုရောင်ဆေးမှင်တို့ ခြယ်သထားလို့ပါလား ။

“ဟေ့ကောင်ကြီး သတင်းထူးကွ” ဝေယံကမျက်ရိပ်ပြကာဆို၏ ။

အခန်းရှေ့မှ ဆရာကတစ်ချက်လှမ်းကြည့်လိုက်သဖြင့် တစ်ခန်းလုံးတိတ်သွားပြန်သည် ။ Lecture ပြီးတော့ Cantee မှာထမင်းသွားစားရအောင်ပြောတော့ .. စိမ်းက

“စိမ်းအတန်းရှိသေးတယ် .. ခုနှစ်တို့တစ်တွေ တစ်ချိန် ၊ နှစ်ချိန်ပဲတူတော့တာ..၊ စိမ်းသွားတောမယ်”

“အေးပေါ့လေ နင်ကခုတော့ OK Ok” ကျော်ငြိမ်းက ပြီတီတီဆို၏ ။

စိမ်းထွက်သွားသွားခြင်း ဝေယံက အလောတကြီး သတင်းလွှင့်တော့သည် ။ စိမ်းချစ်သူသည် စိမ်းအလုပ်လုပ်ရာ မှ Senior တစ်ဦးဖြစ်ကြောင်း ၊ စိမ်းကိုလိုက်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း စိမ်းကလက်မခံခဲ့ကြောင်းနဲ့ ၊ မကြာမီကမှ အဖြေပေးခဲ့တဲ့အကြောင်း တော်တော်ပြောနိုင်သည် ။ ကျတော်သည် ခေါင်းငြိမ့်သင့်သည့် နေရာတွင် ခေါင်းငြိမ့်၍ ၊ ခေါင်းခါသင့်သည့်အချိန်တွင် ခေါင်းခါကာ အလိုက်သင့်ပြန်ပြောသည် ။

နေ့လည်စာစားကျတော့ - “အော် .. အကုန်လုံးလည်း စွံ့ကုန်ကျပြီကွယ် ။ ဟေ့ကောင် ငအောင် မင်းနဲ့ ငါပဲကျန်တော့တယ်”

“အောင်မာ ငါ့မှာများပေါလို့ ၊ ခုခေါင်းညိမ့် ခုရတယ် ၊ အိမ်ကသဘောတူတဲ့ ကောင်မလေးတွေ” ကျတော့် အသံသည် ခြောက်ကပ်၍ မနေသဖြင့် တော်တော်ဟန်ဆောင်ကောင်းပုံရ၏ ။ ရည်မွန်သည် ကျတော့်ကို စူးစိုက်ကြည့်နေပြီ ကျန်နှစ်ကောင်မှာ တစ်သောသောပွဲကျနေသည် ။ “ဘာပဲပြောပြော Sorry ကွာ ငါတို့က မင်းနဲ့ စိမ်းခင်မင်မှုကို စခဲနောက်ခဲ့မိတာတွေကို တောင်းပန်ပါသည် ” ကျော်ငြိမ်းက လူကြီးဆန်ဆန် စကားဆို၏ ။ ရည်မွန်ကမူ ခပ်စိမ်းစိမ်းပင်ကြည့်နေသည် ။

ကျတော်သည်နောက်ဆုံးလက် ကျန် Tissue ဖြင့်မျက်နှာကို သုတ်လိုက်ကာ ခေါင်းညိမ့်ပြသည် ။ စားနေကျ Tom Yang သည်သည်နေ့တွင်မှ ထူး၍ စပ်လှသည် ။

+++++

နေ့လည်စာစားပြီးနောက် ကျတော်တို့အားလုံးအတန်းမတူတော့၍ မိမိသက်ဆိုင်ရာအတန်းများသို့ သွားကြရသည် ။ ကျောင်း စာအုပ်များလည်း မ၀ယ်ဖြစ်တော့ ။ နောက်ဆုံး အချိန်တွင် ရည်မွန်နှင့် အတန်းတူသည် ။ ရည်မွန်သည် တစ်နေ့လုံး ကျတော့်ကို စကားတစ်လုံးမှ မပြော ။ ကျတော်ကလည်း တွေးကာ ငေးငိုင်နေမိတော့ နောက်ဆုံး တစ်ချိန်ပြီးသည်အထိ စကားလုံးဝမပြောဖြစ်ခဲ့ကြ ။ ကျောင်းချိန်ပြီးတော့ ကျတော်နှင့်ရည်မွန် ပြန်ခဲ့ကြသည် ။ ပထမနေ့မို့ ကျောင်းသည်လူ စည်ကားနေသည် ။ ကားဂိတ်တွင်လည်း လူတွေအများသည် ။ ရည်မွန်သည် ကျတော်ကို တမျိုးတစ်မည် စိုက်ကြည့်နေသည် ဟုထင်ကာလှည့် ကြည့်လိုက်ကာ အသက်မပါသလို ပြုံးပြလိုက်သည် ။

“ဝေအောင် နင်ငါ့ကို ခင်တယ်လို့ပြောဖူးတယ်နော် ။ ငါနင့်ဆီက တစ်ခုခုကြားခြင်တယ် ။ အဖြေတစ်ခု တိတိကျကျပေါ့ ။ နင် စိမ်းကို ချစ်ခဲ့တယ်မဟုတ်လား ဟင် ။ မညာနဲ့နော် ။ ငါနင်တို့အကြောင်းကို ဟိုကောင်တွေလို တစ်ခါမှ စပ်စပ်စုစု မမေးဖူးဘူး ။ ဒါပေမယ် ငါဟာ စိမ်းနဲ့ရော နင်နဲ့ပါရင်နှီးတော့ ငါသိသင့်သလောက် သိပါတယ် ၊ ငါနင့်မျက်လုံးတွေကို အရင်ကတည်းကမြင်တတ်ခဲ့တယ် ။ အထူးအဖြင့် ငါ့လို ချစ်သူရှိတဲ့ မိန်းကလေး တစ်ယောက်အတွက် ယောက်ျားလေးတစ်ယောက်ရဲ့ မကြည့်ကို သာမန်ထက်နားလည်နိုင်တယ် ။ ပြောစမ်းပါ နင် စိမ်းကို ချစ်တယ်မဟုတ်လား ။ ဒါနဲ့တောင် …”

ကျတော်သည် ရည်မွန့်ကို စိုက် ၍ကြည့်နေသည့်တိုင် မြင်ကွင်းသည်ေ၀၀ါးနေသည် ။ ကျတော်သည် သူငယ်ချင်း အပေါ် ရိုးသားချင်ပါသည် ။ သို့သော် ခေါင်းညိမ့်ပြဖို့ ကြိုးစားသည့်တိုင် ဇက်ကခိုင်ရှာပါသည် ။

“ဟော ဟိုမှာ ကားလာနေပြီ ရည်မွန် ။ ကျတော်သွားတော့မယ် ” .. ကျတော့်အသံတွေ တုန်နေမှာ သေချာပါသည် ။ ရည်မွန် ခေါင်းညိမ့်ပြသလား ? သဲသဲကွဲကွဲ မမြင်ရပါ ။

နောက်မှောင်စပြုသောကောင်းကင်ဝယ် ငွေကြယ်တစ်ပွင့်တစ်လေကိုသော်မှ မမြင်ရပါ ။

+++++

ကောင်းကင်တွင်နက် မှောင်စပြုသော အခုလို အချိန်သို့ရောက်ပြီဆိုပါလျှင် နေ့အခါ ငုံနေသော ညမွှေးပန်းများ ပွင့်အာစပြူလာပေတော့မည် ။သို့ပေမယ် ပန်ဆင်သူ မျှော်လင့်သည့် နေ့အချိန်မှာတော့ ငုံ၍ သာနေကာ ၊ ပန်သူမဲ့ပြီဖြစ်သော ညည့်ဦးယံမှ ပွင့်သည့် အငုံပန်းသည် မည်သူတစ်ဦးတစ်ယောက် အတွက်မှ အဖိုးမတန်ပါချေ ။ ။

အောင်ဖြိုး
( ၂၈ ၊ June ၊ 2008 – 11: 45am)