23 June 2011

The Makioka Sisters [1983] , Dir - Kon Ichikawa

တနီဇာကီရဲ့ “မီကီအိုက ညီအစ်မများ” ဝတ္ထုကို ရုပ်ရှင်အဖြစ် (၃) ကြိမ် ၊ ဇာတ်လမ်းတွဲအဖြစ် (၅) ကြိမ် စုစုပေါင်း ၈ ကြိမ်တိတိ ရိုက်ကူးခဲ့ကြပါသည် ။ ထိုအထဲကမှ အထင်ရှားဆုံးနှင့် နိုင်ငံတကာ ဝေဖန်ရေးဆရာတို့ အသိအမှတ် အပြုခံရဆုံးမှာ ၁၉၈၃ မှာ Kon Ichikawa ( သူ့ရဲ့ ထင်ရှားတဲ့ ရုပ်ရှင်တစ်ကားမှာ ဗမာပြည်နောက်ခံ ဗမာ့စောင်း Burmese Harp ဖြစ်ပါသည်) ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါ၏ ။ ယခုခေတ်ပိုင်းမှာ ရှားပါးနေပြီဖြစ်တဲ့ သည်ရုပ်ရှင်ကို ယခုလဆန်းပိုင်းမကြာသေးမှီက Criterion Collections မှ blu-ray အဖြစ် ပြန်လည်ထုတ်ဝေ ပါသည် ။

ဒါရိုက်တာ အီချီကာဝ ဟာ သည်ဝတ္ထုကြီးကို စတင်ထုတ်ဝေချိန် ၁၉၄၀ ခုနစ်ခန့်ကတည်းက ရုပ်ရှင်အဖြစ် ရိုက်ကူးလိုခဲ့ခြင်းဖြစ်သော်လည်း ပထမဆုံးအကြိမ် အဖြစ် ၁၉၅၀မှာ အခြားသူတစ်ဦးက ရိုက်ကူးခဲ့တာမို့ သူ့ရည်ရွယ်ချက် ပျက်ခဲ့ရပါ၏ ။ ဒါ့အပြင် ဒုတိယအကြိမ်အဖြစ် ၁၉၅၉ မှာထပ်မံရိုက်ကူး ပြန်တာမို့ ၁၉၈၀ပြည့်လွန်မှသာ အီချီကာဝရဲ့ အိမ်မက် အကောင်အထည်ဖော်နိုင်ခဲ့တယ် ပြောရပါမည်။ သည်ဇာတ်ကားဟာ ငွေကုန်ကြေးကြများလှပြီး တခမ်းတနားရိုက်ကူးခဲ့တာမို့ ထုတ်လုပ်ရေး Toho Company ရဲ့ နှစ်(၅၀) ပြည့်အထိမ်းအမှတ်အနေဖြင့် ၁၉၈၃ မှာ ရုံတင်ပြသခဲ့ပါသည် ။

အီချီကာဝဟာ တနီဇာကီရဲ့ အခြားထင်ရှားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ The Key (1959) အပါအဝင် ဂျပန်နိုင်ငံ၏ ထင်ရှားတဲ့ စာပေဂန္တဝင်လက်ရာများကို မှီငြမ်းရိုက်ကူးလေ့ ရှိသူသာမက ၊ သည် မီကိုအိုက ညီအစ်မများ ဝတ္ထုနောက်ခံ အိုဆာကာ မြို့မှာ ကြီးပြင်းခဲ့သူဖြစ်လို့ သည်ရုပ်ရှင်အပေါ် အာရုံစိုက်ပြီး ကြိုးပမ်းခဲ့မှုဟာ ပြောစမတ်ပြုစရာဖြစ်ခဲ့ပါ၏ ။ သို့တိုင်အောင် ရုပ်ရှင်စတင် ရိုက်ကူးချိန် ၁၉၈၁ - ၈၂ မှာ ဒါရိုက်တာဟာ အသက် ၆၈ နှစ်ကျော်နေပါပြီ ၊ ဒါ့အပြင် သူတစ်လျှောက်လုံး လက်တွဲခဲ့တဲ့ ဇနီးသည်လည်းဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာမဟာ သည်ဇာတ်ကားအတွက်ပြင်ဆင်နေတုန်းမှာ ဆုံးပါသွားခဲ့ပါသည်။ သည်လို အခက်အခဲမျိုးမျိုး ကြားမှ ဒါရိုက်တာကြီး၏ ကာလရှည်ကြာတဲ့ အိပ်မက်ကို အကောင်အထည် ဖော်ခဲ့နိုင်ခြင်းဖြစ်ပါ ၏ ။

ကျတော်တို့ လက်ခံထားကြသည့်အတိုင်း စာပေနဲ့ ရုပ်ရှင်တို့ရဲ့ အနုပညာနောက်ခံနှင့် ပရိတ်သတ်ဟာ မတူညီပါ ။ သည်အတွက်ကြောင့်လည်းပဲ နာမည်ကြီး ဝတ္ထုတွေကို ရုပ်ရှင်ရိုက်ကူးကြရာမှာ ဝေဖန်ရေးဆရာတွေ အဖို့ ကျယ်ပြန့်တဲ့ ရေးကွက်ရလာကြခြင်းပဲ ဖြစ်ပါသည် ။ ခေတ်တိုင်းခေတ်တိုင်းမှာ ကမ္ဘာအရပ်ရပ်က ဂန္တဝင် ဝတ္ထုကြီးများကို ရုပ်ရှင်များအဖြစ် အသက်သွင်းကြတာကို ကျတော်ကို မရိုးနိုင်တွေ့နေကြရမြဲဖြစ်ပါသည် ။ အဲသည်လို အခါတိုင်းမှာလည်း ဝတ္ထုကိုမမှီပါဘူး ဆိုတဲ့ အသံတွေကို ကြားနေတတ်စမြဲဖြစ်ပါ၏ ။ အမှန်ကတော့ ထိုနှိုင်းယှဉ်ချက်မျိုးသည် လေးနက်မှုကင်းလှသော နှိုင်းယှဉ်ချက်မျိုးပင်ဖြစ်ပါသည် ။ ဝတ္ထုကို နှစ်သက်လွန်း၍ ထိုထဲကအတိုင်း မချွမ်းမချန် ကြည့်လိုသူသည် မှီငြမ်းထားသည့် မည်သည့်ရုပ်ရှင်ကားကိုမှ စုံစမ်းနေစရာမလိုပါ ။ ကိုယ်တိုင် စိတ်ကူးယဉ်ကြည့်တတ်ဖို့သာ သူ့အတွက်တတ်နိုင်ပေလိမ့်မည် ။ သူ၏ တောင့်တချက်သည့် မည်မျှ တော်သည့် ဒါရိုက်တာ၏လက်တွင်မှ အကောင်းအထည်ပေါ်နိုင်မည် မဟုတ်သောကြောင့်ပင် ။




အဲသည်လို ခံယူချက်မျိုးနဲ့ ဝတ္ထုဖတ်ပြီးပြီးချင်း သည်ရုပ်ရှင်ကို ကျတော်ကြည့်ဖြစ်ခဲ့သည် ။ အမှန်ပြောရလျှင် ကြည့်ဖူးသမျှ ရုပ်ရှင်ကားတွေထဲမှာ အမြင်အလှဆုံး ဇာတ်ကားတစ်ကားလို့ ပြောရပါမည် ။ ချယ်ရီပန်းရုံများ၏ လှပသောဖွဲ့တည်မှု ၊ ပွင့်ဖတ်များသဖွယ် အသားအရည်ရှင် ညီအစ်မလေးဖော်နှင့် ဝတ်ဆင်ကြသည့် ဆန်းသစ်သော ကီမိုနိုများသည် ကြည့်သူကို အင်မတန်ပင် စွဲဆောင်နိုင်ကြပါ၏ ။ ဒါ့အပြင် ဝတ္ထုတဲမှာ အသေအချာဖော်ပြမထားတဲ့ မီကီအိုကမိသားစု၏ စီးပွားရေးကို ပိုးသားကီမိုနို ရက်လုပ်သည့်စီးပွားရေးလို့ တင်ပြခဲ့ခြင်းကြောင့် ဒါရိုတ်တာအတွက် ကီမိုနိုအဆင်ဆန်းမျိုးစုံကို ခင်းကျင်းခွင့်ရရှိခဲ့ပါသည် ။ ၁၉၈၃ ခု ရုပ်ရှင်ရုံတင်ပြသချိန်တုန်းက သည်ရုပ်ရှင်အခန်းတစ်ခန်းချင်းဆီမှ ဇာတ်ဆောင်အမျိုးသမီးတစ်ဦးချင်းဆီ၏ ပိုးထည်ကီမိုနိုတစ်စုံချင်းစီဟာ သည်ဘက်ခေတ် ကားသစ်တစ်စီးစာလောက် တန်ဖိုးရှိတယ်လို့ အပြောထွက်ကြသည့်တိုင် အဝတ်အစားကို အလေးထားရိုက်ကူးခဲ့ပါသည် ။


သည်အချက်ကို အလေးထားပြောရခြင်းကြောင့် ရုပ်ရှင်ဟာ မျက်စိပဒေသာဖြစ်စရာသက်သက်ရယ်လို့ ဆိုလိုတာတော့မဟုတ်ပါ ။ ဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်ကွက်များကို အထင်းသားမှတ်မိစေတဲ့ အခန်းတွေပါပေမယ့် ဒါရိုက်တာဟာ ဇာတ်ကို သူ့ရဲ့လုပ်ပိုင်ခွင့်အတိုင်း ပြောင်းပစ်ခဲ့ပါသည်။ သည်လိုအခွင့်အရေးအရ စာမျက်နှာ ၅၃၀ ကျော်ထူထဲပြီး ၅ နှစ်တာဇာတ်ကြောင်းရှိတဲ့ ဝတ္ထုကြီးကို ပြသာချိန် ၂နာရီသာသာကြာတဲ့ ဇာတ်သဘောအရ တစ်နှစ်တာသာ ရှိတော့သည်အထိ ပြောင်းလဲပြလိုက်ပါသည် ။ သည်လို မှီငြမ်းတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ တွေ့ကြရစမြဲဖြစ်သည့် အတိုင်း မူရင်းဝတ္ထုထဲက ဇာတ်ကောင်တွေဟာ အထဲကထက် နားလည်းရပိုလွယ်လာတတ်ပြီး တစ်ဖက်မြင်ရုပ်သေဆန်လာတတ်ကြပါ၏ ။ သည်လိုအခြေအနေရဲ့ အဆိုးဆုံးအဆင့်ကတော့ ဝတ္ထုနှင့် ရုပ်ရှင် ဇာတ်ကောင်နှစ်ကောင်သည် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားကြခြင်းမျိုး ဖြစ်ပါသည် ။


သည်လိုအပြောင်းအလဲမျိုးကို ယခုရုပ်ရှင်မှာတွေ့ကြရမှာပါ ။ အထူးသဖြင့် တတိယညီမဖြစ်သူ ယူကီကို (Yukiko) နှင့် (ဒုတိယအစ်မ၏ခင်ပွန်း) ခဲအိုဖြစ်သူ တီနိုဆူကီ (Teinosuke) တို့ရဲ့ ဆက်ဆံရေးပါပဲ ။ ဝတ္ထုတဲက သူတို့နှစ်ယောက်ဆက်ဆံရေးဟာ သီးသန့်ဆန်ဆန်ပင်ဖြစ်သောလည်း ရုပ်ရှင်မှာတော့ ဆွတ်ပျံ့ဖွယ်တွယ်ညိမှု တစ်ခု အဖြစ်တွေ့ရပါသည် ။ သည်ဇာတ်ကွက်အတွက်ကြောင့် ပရိသတ်မှာ ထူးခြားသည့် လွမ်းမောဖွယ်ရသ တစ်ခုကို တိတိပပ ခံစားလိုက်ရကြောင်းတော့ ဝန်ခံရပါမည် ။ သို့ပေမယ့် ဝတ္ထုမှာ တည်ကြည်တဲ့အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အဖြစ် ကျတော်သိခဲ့ရတဲ့ တီနိုဆူကီ ရဲ့ ပုံရိပ်ဟာ သည်ရုပ်ရှင်မှာ ရှာမရခဲ့ပါ ။ ဝတ္ထုနှင့် ရုပ်ရှင်၏ တူညီသောတင်ပြချက်ကတော့ အဓိကဇာတ်ကောင် ယူကီကိုအကြောင်းပင်ဖြစ်ပါ၏ ။ ယင်းတူညီမှုမှာလည်း တကယ်တော့ သူမ၏ ခံစားချက်တစ်စုံတရာကိုမျှ ဖတ်ရှုသူ ၊ ကြည့်ရှုသူကို ပေးမသိစေခြင်းပင်ဖြစ်သည် ။



သည်ပြောင်းလဲမှု ဒဏ်ကိုခံရသည့် အခြား ဇာတ်ကောင်တစ်ယောက်ကတော့ ညီမအငယ်ဆုံး ခေးကို (Taeko) ပင်ဖြစ်ပါသည် ။ ဝတ္ထုတစ်လျှောက်လုံးမှာ သူမကို စိတ်အလိုလိုက်သူ ၊ ပေါ်ပင်လိုက်၍ပစ္စည်းမက်သူ ၊ သွေးအေးစွာ ဖျားယောင်းနိုင်သူ ၊ မိမိကိုယ့်ကိုယ်ဖျက်ဆီးတတ်သူ တစ်နည်းအားဖြင့် စိတ်ဓာတ်ပြတ်သားသူ တစ်ယောက်အဖြစ်တွေ့ရပါသည် ။ အီချီကာဝ ဟာ ခေးကိုရဲ့ ဇာတ်ကိုမူရင်းဖြစ်စဉ်အတိုင်း ရိုက်ပြခဲ့ပေမယ့် သူ့ရဲ့ ခေးကိုဟာ အပြစ်ကင်းလွန်းနေသူဖြစ်နေပါသည် ။ သူဟာ စိတ်ကူးယဉ်တတ်သည့် မိန်းမပျိုသက်သက် ၊ အစ်မများအပေါ် အရွဲ့တိုက် နွဲ့ဆိုးဆိုးသူသက်သက်အဖြစ်သာ တွေ့ရပါတော့၏ ။
ဒါ့အပြင် ဇာတ်ရဲ့အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့ အစ်မအကြီးဆုံးမိသားစု တိုကျိုသို့ ပြောင်းရွှေ့ရမှုဟာ ဝတ္ထုရဲ့ အစပိုင်း သုံးပုံတစ်ပုံမှာတွေ့ရပေမယ့် ရုပ်ရှင်ထဲမှာတာ့ ဒါဟာ ဇာတ်သိမ်းခန်းဖြစ်နေပါသည် ။ ဒါ့အပြင် အရေးကြီးသည့်အချက်တစ်ခုအနေဖြင့် နီးကပ်လာတဲ့ ဒုတိယကမ္ဘာစစ် စစ်ကြိုကာလ အခြေအနေတွေကို ရုပ်ရှင်ထဲမှာ လုံးဝမတွေ့ရခြင်းပါ ။ တစ်ခန်းမှာသာ စစ်သားတွေ ချီတတ်ကြတဲ့ အကြောင်းအရိပ်အမွတ်ပြောသွားတာသာ တွေ့ရ၏ ။
ဘယ်လိုပဲဆိုဆို အီချီကာဝ ၏ မီကိုအိုက ညီအစ်မများဟာ လှပသပ်ရပ်တဲ့ သက်ဝင်ပန်းချီကားချပ်များကို တစ်ချပ်ချင်းဆီ လှစ်ဟကြည့်ရှုရသလို ဒါရိုက်တာရဲ့ ထက်မြက်တဲ့ အနုပညာစွမ်းရည်ကို ပြသနိုင်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါသည် ။ ကိုယ်နဲ့အတန်ငယ်စိမ်းသေးတဲ့ တိုင်းတစ်ပါး ယဉ်ကျေးမှုကိုလည်း တစ်စေ့တစ်စောင်းသိမြင်နိုင်စေတဲ့ ဇာတ်ကားမျိုးပါ ။

ကျတော့်အတွက်တော့ သည်ဇာတ်ကားဟာ အဆွေးကားတစ်ကားလည်းဖြစ်ပါသည် ။ ဇာတ်ကားအဆုံးပိုင်းမှာ တိုကျိုကိုပြောင်းရွေ့သွားတဲ့ အစ်မကြီးက သူတို့တစ်တွေ နှစ်စဉ်လုပ်နေကျ ချယ်ရီပန်းပွင့်ချိန်မှာ အတူတကွ ကြည့်ခွင့်ရကြတော့မှာ မဟုတ်ဘူးလို့ပြောသွားခဲ့ပါ၏ ။ နှင်းမြူတဖွဲဖွဲကြားမှာ တစ်စတစ်စ ဝေးသွားတဲ့ ရတားကြီးကိုမျှော်ကြည့်ရင်း ယခင်တုန်းကလို အတူတကွမရှိနိုင်ကြတော့တဲ့ ညီအစ်မလေးယောက်ရဲ့ နိမိတ်ပုံ ပြချက်ဟာ ဝတ္ထုအဆုံးက ခံစားချက်ရသကိုတော့ တစ်သွေမတိုင်းပုံဖော်နိုင်စွမ်း ရှိခဲ့ပါ၏ ။ ယင်းအချက်သည်ပင် ကျတော့်အတွက် ပြောလောက်စရာ ဒါရိုက်တာ၏ ပဉ္စလက်တစ်ကွက်ပင်ဖြစ်ပါသည် ။ ဇာတ်နောက်ဆုံးခန်းမှာ မင်္ဂလာဆောင်တော့မယ့် ယူကီကိုအတွက် တစ်ကိုယ်တော် ကြေကွဲငိုကြွေးနေတဲ့ တီနိုဆူကီ ရဲ့ နိမိတ်ပုံဟာ သူတစ်ယောက်ထည်းအတွက်သာမက ၊ ပါရှိသမျှ ဇာတ်ကောင်အားလုံးတို့အတွက် ခံစားမှု နိမိတ်ပုံဖြစ်သည့်အပြင် ၊ မကြာမှီပြိုကွဲသွားတော့မယ့်ခေတ်ကြီးအတွက် လွမ်းဆွတ်သည့် ဒါရိုက်တာ၏ ပုံရိပ်လည်းဖြစ်ပါသေးသည် ။




ကျတော်တို့တစ်တွေဟာ ရုပ်ရှင်ကားတစ်ကားကို ကြည့်ရင် ကြိုက်၏ ၊ မကြိုက်၏ သာဝေဖန်နိုင်ခွင့် ရှိကြပြီး ကောင်း၏ ၊ မကောင်း၏ တစ်ဖန် ဝတ္ထုကိုမှီ၏ ၊ မမှီ၏ လို့ အနုပညာရှင်တစ်ယောက်ရဲ့ ဖန်တီးမှုကို စွတ်ဖက်ခွင့်မရှိကြပါဘူး ။ သည်ခံယူချက်နဲ့ပဲ ကျတော်အတွက်တော့ သည်ရုပ်ရှင်ဟာ တောက်ပြောင်သည့် အနုပညာလက်ရာစစ်တစ်ခုဖြစ်သည့်အပြင် ဆွတ်ပျံ့ဖွယ် အတွေ့အကြုံတစ်ရပ်လည်းဖြစ်ပါ၏ ။ ရုပ်ရှင်တစ်ကား၏ ခေတ်အဆက်ဆက်တည်တံ့ကာ မပျက်ယွင်းနိုင်သည့် စွမ်းအင်အရည်အသွေး တစ်ရပ်ကို သက်သေထူနိုင်တဲ့ အနုပညာဖန်တီးချက် တစ်ရပ်လို့လဲ ဆိုချင်ပါသည် ။ ။

အောင်ဖြိုး
( ဇွန် ၂၃ ၊ ၂၀၁၁)

22 June 2011

The Makioka Sisters - Tanizaki Junichirô



မီကီအိုက ညီအစ်မများ (၁၉၄၃-၁၉၄၈) ဝတ္ထုကို ဂျပန်နိုင်ငံရဲ့ ထင်ရှားလှတဲ့စာရေးဆရာ တနီဇာကီ ရေးသားခဲ့တာဖြစ်ပြီး ကမ္ဘာ့ဂန္တဝင် ဝတ္ထုတစ်ပုဒ်အဖြစ် ယနေ့တိုင်ထင်ရှားနေဆဲဖြစ်ပါတယ် ။ ဝတ္ထုနောက်ခံ အချိန်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်လေးက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှ ထင်ရှားတဲ့ ကုန်သည်မိသားစု တစ်စုရဲ့ လှုမှုရေး ၊ စီးပွားရေး အခြေအနေ တွေကို (၅) နှစ်ကြာနောက်ခံ ရေးသားခဲ့တာဖြစ်ပြီး ဂျပန်က ပုလဲဆိပ်ကမ်း ဗုန်းမကြဲမှီ ခုနစ်လခန့်အလို ၁၉၄၁ - ဧပြီလ နောက်ခံမှာ ဇာတ်ကိုအဆုံးသတ်ထားပါတယ် ။

သည်ဝတ္ထုမှာ ဆွေကြီးမျိုးကြီးက ဆင်းသက်လာကြတဲ့ ညီအစ်မလေးယောက် ကိုအခြေပြုကာ ဇာတ်သွားချိန် ၅ နှစ်အတွင်း ဖြစ်ပျက်သမျှတို့ကို အသေးစိတ်ရေးသားထားပါတယ်။ တဖြည်းဖြည်းပျက်ယွင်း လာတဲ့ စီးပွားရေးအခြေအနေ ၊ ခေတ်သစ်ပြောင်းစအချိန်မှာ အတွေးအခေါ်ဓလေ့ဟောင်းတို့ ပျက်သုန်းရခြင်း themes တွေဟာ သည်ဝတ္ထုရဲ့ အရေးပါတဲ့ အခြေခံတင်ပြချက်တွေဖြစ်တယ် ။ သည်လို ပြောင်းလဲပျက်သုန်းမှု တွေကို တန်ပြန်တွန်းလှန်ရင်း ခေတ်ဟောင်းရဲ့ အခွံအတွင်းမှာ တည်မြဲနိုင်အောင် ရုန်းကန်ကြတဲ့ ဇာတ်ဆောင်တွေရယ် ၊ ပြောင်းလဲမှုကို ကြိုဆိုတဲ့ ခေတ်သစ်လူငယ်တွေရယ် ပဋိပက္ခ ကိုလည်း စာရေးဆရာက အလေးပေးထားပါတယ် ။

ဝတ္ထုရဲ့ မူလအမည်ဟာ Sasameyuki ဖြစ်ပြီး ‘နှင်းဖွဲကျချိန်’ လို့ အဓိပ္ပာယ်ရပါတယ် ။ ဒါ့အပြင်လည်း သည်ခေါင်းစဉ်ဟာ ဝတ္ထုရဲ့ ဇာတ်ကောင်ညီအစ်မလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Yukiko ယူကီကို ကိုကိုယ်စားပြုရာရောက်တာမို့ သူမကိုပဲ အဓိကဇာတ်ကောင်လို့ သတ်မှတ်ချင်ဟန်ရပါတယ် ။ သို့တိုင် ဝတ္ထုတစ်ပုဒ်လုံးမှာ စာရေးဆရာဟာ သူ့ကို အကွားအဝေးတစ်ခုအတွင်းမှာသာ တစ်ဆင့်ခံ တောက်လျှောက်မြင်စေခဲ့ပါတယ် ။

ဇာတ်ရဲ့ အဓိကကျောရိုးကတော့ မီကိုအိုက ညီအစ်မလေးဖော်ရဲ့ တတိယမြောက်ညီမဖြစ်သူ ယူကီကိုအတွက် ခင်ပွန်းလောင်းအိမ်ထောက်ဖက် ရှာရန် အစ်မနှစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူတွေ ကြိုးပမ်းကြတဲ့ အကြောင်းပါပဲ ။ မူလကတော့ စာရေးသူဟာ ၃ အုပ်တွဲရေးသားဖြစ်တာဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်မှာတော့ စာမျက်နှာ (၅၃၀) ကျော် ထူထဲပြီး ၊ တစ်ဖန် ဇာတ်ကောင်တွေရဲ့ အပြုအမူကို အသေးစိတ် ဖော်ပြထားတာဖြစ်လို့ အနည်းငယ် ဇာတ်လေးတယ်လို့တော့ ဆိုနိုင်ပါတယ် ။ ဒါ့အပြင် ဂျပန့် ယဉ်ကျေးမှု နှင့် ရိုးရာ အသုံးအဆောင် ပစ္စည်းအချို့အကြောင်းလည်း အတန်ငယ် ဗဟုသုတ ရှိဖို့လိုပါလိမ့်မယ် ။

သည်ဝတ္ထုမှာ စာရေးဆရာရဲ့တင်ပြချက်ဟာ Photographic Realism လို့ပြောကြတဲ့ ဓာတ်ပုံရိုက်ပြသလို အပေါ်ယံအပြုမူတွေကို အသေးစိတ်ရေးပြတဲ့ အရေးအသားမျိုးပါ ။ ခုနောက်ပိုင်းခေတ် စာပေရေးရာမှာ သည်လိုအရေးအသားမျိုး (Jane Austen အရေးအသားမျိုးကိုလည်း သည်အမျိုးအစားထဲမှာ ထည့်ကြတယ် ) ကို အတွင်းစိတ်ကို ရေးပြတတ်တဲ့ စာရေးဆရာအချို့က ဝေဖန်ကြသော်လည်း ၊ စာဖတ်သူ အဖို့ တစ်နည်းအားဖြင့် မြင်သာစေတဲ့ စွဲဆောင်မှုရှိတဲ့ အရေးအသာမျိုးပါပဲ ။ ကျတော့်အတွက့်တော့ ဖတ်နေစဉ် သောမစ်မန်းရဲ့ Buddenbrooks ၊ ဒေါ့စတိုယက်စကီရဲ့ The Brothers Karamazov စတဲ့ မိသားစုနောက်ခံ ဝတ္ထုတွေကို အမှတ်ရစေရုံသာမက ၊ ဆောင်ဇူဂျင်း နဲ့ ကောက်ငိုတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာ အဓိက နောက်ခံ A Dream of Red Mansions ကိုလည်း ပြန်လည်တမ်းတစေပါတယ် ။ စာရေးဆရာ တနီဇာကီဟာ မီကိုအိုက မိသားစုတစ်စုရဲ့ လူမှုရေးနောက်ခံ အဆင်းအတန်းကို အသေးစိတ်သိရှိသူဖြစ်ပြီး သူတို့တစ်တွေ နေ့စဉ် အမူအကျင့်တွေ ၊ အပြောအဆိုတွေက အစ အသေအချာသရုပ်ဖော်ထားပါတယ် ။ ဒါ့အပြင် အဝတ်အစား ၊ အစားအသောက်အပြင်အဆင် ၊ ပွဲတော်များနဲ့ ရာသီဥတုနောက်ခံကိုလည်း အလေးပေးဖော်ပြထားပြန်တယ် ။ အထူးသဖြင့် Kyoto ကျိုတိုမှာ နှစ်စဉ်ရှိတဲ့ ချယ်ရီပန်းကြည့်ပွဲတော် ၊ နောက် ပိုးစုန်းကြူးဖမ်း ပွဲတော်စတာတွေမှာလည်း ဂျပန်တွေရဲ့ ယဉ်းကျေးမှု ၊ ဓလေ့တွေကိုပါ အသေးစိတ်ဖတ်ရှုနိုင်ပြန်တယ် ။

ဒါတွေအပြင် စာရေးသူဟာ ပါဝင်သမျှ ဇာတ်ဆောင်တွေရဲ့ စရိုက်ကိုလည်း အထူးအလေ့ပြုရေးထားတယ် ။ ဇာတ်ကောင်စရိုက်သရုပ်ဖော်ရာမှာ နောက်ပိုင်းခေတ်အရေးများ ကြတဲ့ အတွင်းစိတ်အခြေအနေ ပဓါန နည်းမျိုးကို မသုံးပဲ ဇာတ်ကောင်တွေရဲ့ အပြုအမူ အပြောအဆို အနေအထိုင် သက်သက်များကိုသာ ဖော်ပြရင်း စာဖတ်သူကိုယ်တိုင် တဖြည်းဖြည်းချင်း ရင်းနှီးလာပြီး စရိုက်ကို ခန့်မှန်းကြည့်နိုင်စေတဲ့ အရေးအသားနဲ့ သရုပ်ဖော်ထားပြန်တယ်။

ကျတော်ပြောခဲ့သလိုပါပဲ ၊ သည်ဝတ္ထုကြီးက ထူထဲပါတယ် ။ ဒါပေမယ့် သည်လို စာအုပ်မျိုးဟာ အလောတကြီး အပြီးဖတ်ရမယ့် စာအုပ်မျိုးတော့မဟုတ်ပါဘူး ။ ဝတ္ထုဆုံးသွားလို့ စာအုပ်ကို ပိတ်လိုက်ရင် စာဖတ်သူဟာ ရင်းနှီးနေပြီဖြစ်တဲ့ ဇာတ်ကောင်တွေကို မခွဲချင်လှပဲ အတန်ငယ်ပင် လွမ်းနေရတတ်ပါတယ် ။ စာရေးသူဟာ မိသားစုတစ်စု အတွင်းမှာ ဖြစ်ပျက်သမျှကို ၅ နှစ်ကြာကာလ အတွင်း လုံးဝမချွန်းမချန် ရေးပြသွားခဲ့တယ် ။ စာဖတ်သူဟာ အတွင်းလူယုံ ဧည့်သည်တစ်ယောက်အနေနဲ့ သည်မိသားစုနဲ့ နှစ်အတန်ငယ်နေထိုင်ခဲ့ရသလို ခံစားရစေပြီး မိသားစုဝင် တစ်ဦးချင်းအပေါ်မှာလည်း သံယောဇဉ် ရှိနေ တွယ်တာနေတာကို အထင်အရှားတွေ့ရပါတယ် ။

စာရေးဆရာဟာ သူ့ဝတ္ထုကြီးကို ဒုတိယကမ္ဘာစစ်မတိုင်မှီလေးမှာ ရပ်ပစ်ခဲ့လို့ ကျတော်တို့ အနေနဲ့ စစ်ဘေးဒဏ်ခံရမယ့် မိသားစု အခြေအနေတွေကို မသိနိုင်တော့ပါဘူး ။ ဒါပေမယ့် ဇာတ်သိမ်းချိန်မှာ ဆုံးရှုံးမှု ပျက်ယွန်းမှု အနေနဲ့ကတော့ တစ်ချိန်လုံး စည်းစည်းလုံးလုံး ရှိခဲ့ကြတဲ့ ညီအစ်မတစ်တွေ တစ်စတစ်စ ဝေးကွာသွားကြရတဲ့ ဘဝပေးအခြေအနေတွေကိုပါ ။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြီးနဲ့ လက်တစ်ကမ်းအကွာက ကိုယ်နဲ့ရင်းနှီးလှတဲ့ မိသားစုတစ်စုလုံးအကြောင်း မသိရတော့ဟာ ခံစားတတ်သူအဖို့တော့ စိတ်ပူစရာ ၊ စိတ်မကောင်းဖြစ်စရာ ၊ လွမ်းလောက်စရာပါပဲ ။ ။

သည်ဝတ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ ရုပ်ရှင်တွေ အကြောင်းလည်း ဆက်ရေးဖြစ်ပါဦးမယ် ။

အောင်ဖြိုး
( ဇွန် ၂၂ ၊ ၂၀၁၁)