Showing posts with label Memories. Show all posts
Showing posts with label Memories. Show all posts

12 October 2011

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင်

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင်

ဖတ်ရမှာမဟုတ်တဲ့ ပို့ဖြစ်မှာမဟုတ်တဲ့ စာတစ်ပုဒ်ကိုရေးနေတယ်လို့ ကျတော်သဘောမထားပါဘူး ။ ထုံးစံအတိုင်း မနေ့ညက အိပ်မက်မက်တယ် ။ တစ်ခါမဟုတ်တစ်ခါ ဆိုသလို အိပ်မက်တွေမှာ တွေ့ချင်ဆုံချင်တဲ့ သူတွေကို တွေ့ရဆုံနေရတော့ အိပ်မက်တွေဟာ ကျတော့်အတွက်တော့ တပ်မက်ဖွယ်ဖြစ်လာတတ်တယ် ။ ဒါလည်းထားပါ ။ အဓိက ပြောချင်တာက ကျတော့်မနေ့ညက အိပ်မက်ထဲမှာဆုံတွေ့ သူဟာ မင်းဖြစ်တယ် .. ။ ထုံးစံအတိုင်းပဲ ကျတော်တို့ ပြောမကုန်တဲ့ နောက်အဖြေရှာလို့ မရသေးတဲ့ ပြဿနာတွေကို မဆုံးတန်းပြောဖြစ်ကြတယ် .. ၊ အဲသည်လို ပြောပြီးတိုင်းလိုလို ကျတော်ကတော့ စိတ်ပေါ့သွားပြီး ဖြစ်ချင်ထားသမျှတွေဟာ ဖြစ်လာပါမယ်ဆိုပြီး အကောင်းကိုချည်း မျှော်တမ်းတဲ့ စိတ်နဲ့ ကြည်နူးရတတ်သေးတယ် လေ … ။


ညတုန်းက ကျတော်တို့လျှောက်ပြန်နေကျလမ်းဟာ အရင်တုန်းကထက်သာယာနေတယ် .. ၊ နှုတ်ဆိတ်နေတဲ့ တစ်လောကလုံးက ကျတော်တို့ ပြောတာတွေကို နားစွံ့နေကြသလိုပဲ … ။ ကျတော်တို့ နောက်ဆုံးလျှောက်ခဲ့ကြတဲ့ တစ်ခေါက်လို ညနေမှောင်ရည်ပျိုးပြကနေ တစ်ဖြည်းဖြည်းမှောင်သွားပြီး နောက်ဆုံး ညအစစ်ကို ရောက်သွားတယ် … ။ အရင်တုန်းကလို ကျတော်ရောမင်းရော ပစ္စည်းတွေ မနိုင်မနင်း ဆွဲထား ကြတာမဟုတ်ဘူး .. ၊ သည်တစ်ခေါက်ပဲ ကျတော်တို့ ပေါ့ပေါ့ပါးပါးနဲ့ အိမ်ပြန်ဖူးကြတယ် ထင်တယ် … ။ ကျတော်တို့ နှစ်ယောက်မညှိတွယ်ခဲ့ကြသလို အိပ်မက်ဟာလည်း Romantic မဆန်ခဲ့ပါဘူး ။


ကျတော်နဲ့မင်းအပြင်မှာ အဆက်အသွယ်ပြတ်တာနည်းနည်းကြာတော့ ခုလောလောဆယ် မင်းဘာတွေ လုပ်နေတယ် ခံစားနေရတယ် ကျတော်မသိ၊ သည်တော့လည်း အိပ်မက်ထဲ ဇာတ်လမ်းဆင်ရာမှာလည်း စိတ်သိမဟုတ်တဲ့ အကြောင်းအရာတွေကို ချန်ထားခဲ့ရပြီး တစ်လျှောက်လုံး မင်းကို ကျတော့်အကြောင်းတွေပဲ ပြောပြရတော့တယ် … ၊ ကျတော် စာဖတ်ချိန်မရတဲ့အကြောင်း ၊ အဓိပ္ပာယ်မရှိဆုံးအရာတွေနဲ့ ဘယ်လိုအချိန်ကုန်နေရတယ်ဆိုတဲ့ အကြောင်း ၊ ကိုယ်တပ်မက်ရာမှာလည်း ပါရမီနည်းလှတယ် ဆိုတဲ့အကြောင်း …ညည်းချင်းသက်သက်လိုပါပဲ … ။ နောက် လူတွေအကြောင်း .. ကျတော်မကြိုက်တဲ့ လူအများစုအကြောင်း ပြီးတော့ သဘောကျတဲ့လူအချို့အကြောင်း ။


ကျတော်နဲ့မင်း ပြောကြရင် စိတ်ညစ်ကြတဲ့ အကြောင်းတွေပဲမို့ ပျော်စရာအချို့အကြောင်းကို ပြောဖို့မေ့နေတတ်တယ် … ၊ တကယ်ပျော်စရာဆိုတာလည်း ရှားတယ်ထင်ပါရဲ့ဗျာ … ။ လောကမှာ တစ်စုံတစ်ရာကို အရေးတယူပြုပြီး လှိုက်လှိုက်လှဲလှဲရှိရပဲ ပျော်စရာဆိုတာရှိမယ် … ။ လက်ကို ဓားနဲ့ခြစ်ကြည့်ဖူးတဲ့ သူတစ်ယောက်ကို တစ်နေ့ ရေနှစ်သေဖို့ ကျတော်ရေကူးမသင်ဘူးလို့ ပြောရတာ တဒင်္ဂ အဖြစ်တော့ ကြည်နူးဖို့ ကောင်းတယ်လို့ ကျတော်ကတော့ထင်မိတယ် ။ တည်မြဲခြင်းဆိုတာ ရှိတယ်လို့ မခံယူတားတော့ သည်ကြည်နူးမှုဟာ ပျောက်ပျယ်လွယ်တာကို ဝမ်းနည်းမိသည့်တိုင် မနှမြောအောင် ကျတော်ကြိုးစားပါတယ် … ။


မတည်မြဲတဲ့လောကမှာ တည်မြဲနေမယ့် ခံစားချက်ကလေးတွေကို လောဘတကြီး ကျတော်လိုချင်တယ် ။ သိပ်ချစ်ကြတဲ့ လင်မယားနှစ်ယောက် ၂နှစ် ၃နှစ်လောက်ပေါင်းရပြီး တစ်ယောက်ယောက်သေသွားတာ သိပ်ကို romantic ဆန်တယ်လို့ ကျတော်ကတော့ထင်တယ် .. ၊ ဖြစ်လာမယ့် ညည်းငွေ့မှု အိမ်ထောင်ရေးဘာညာတွေကို မခံစားပဲ ဘဝကို အနိုင်နဲ့ပိုင်းလိုက်သလို ကျေနပ်စရာ ကောင်းမယ်လို့ ကျတော်တော့ထင်တယ် .. ။ သည်လိုသာဆို တစ်ချိန်ကဆွေးနွေးခဲ့ ကြဖူးတဲ့ အိမ်ထောင်ရေး သတ္တဝါမဟုတ်ကြဘူးလို့ ကိုယ်တိုင်သမုတ်ခဲ့ကြတဲ့ ကျတော်တို့ ၂ ယောက်အတွက် အဆင်ပြေနိုင်မယ်ထင်တယ် ။


ဘဝမှာ ဘာတကယ်ဖြစ်ချင်တာကို တကယ်မသိသေးဘူးဆိုတဲ့ မင်းထက် ကျတော်ကနည်းနည်းတော့ ပိုသာတယ်လို့ပြောချင်တယ် ၊ နောက်မရင့်ကျက်ရာမှာလည်း မင်းထက်ကျတော်က ပိုသာသေးတယ် ..၊ ကျတော်က ဟန်ဆောင်တတ်တော့ မင်းလောက်ခံစားချက်ပြင်းထန်မှာ မဟုတ်ဘူးလို့ အပြင်ပန်းအရ မင်းထင်ကောင်းထင်မယ် ။ တကယ်လော လောကဟာဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်တယ်လို့ ကျတော်ကတော့ ခံယူတယ် .. ၊ တစ်ခါတစ်ခါ ထိခိုက်ခံစားမှုတွေကို သက်ရောက်မှုမရှိသလို ဟန်ဆောင်ရတော့ တကယ့်ကို နာကျင်မှုမရှိဘူးလို့ တဒင်္ဂယုံပြန်တယ် .. ၊ သည်သဘောကို တကယ်တွေးမိရင် ကိုယ့်ကိုယ်ကိုယ် သိပ်သနားမိတယ်ဗျာ . ။ အဲသည် သနားဆိုတဲ့ ခံစားချက်ကတောင် ဟန်ဆောင်မှုများလား ။


မင်းကိုပြောဖူးသလို ကျတော်က အပြင်ကလူပါ ။ ကျတော်လိုလူဟာ ဘယ်သူနဲ့မှာ ရောလိုမရတဲ့ သူမျိုးဖြစ်နေတတ်တယ် .. ဒါကြောင့်ရွယ်တူတွေထဲမှာဆို မင်းတစ်ယောက်လောက်ပဲ ပွင်းလင်းပြီးပြောလို့ရတယ် ထင်တယ် .. ။ ကျတော့်အတွက်တော့ ပေါ်ပင်တွေလိုဖြစ်တတ်ကြတဲ့ ဧရာဝတီမြစ်ကြီး ပျောက်သွားမှာလည်း အရေးမကြီးဘူး … ၊ လူတန်းစားအမြင်လည်းအရေးမကြီးဘူး …နောက်သနားတယ် ညှာတာတယ်ကူညီတယ်ဆိုတဲ့ ပရဟိတဟာလည်း ရယ်စရာကောင်းနေတတ်တယ် ၊ လူအချင်းချင်းသနားတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ ငါသူတို့ထက်သာတယ်ဆိုပြီး မဏ္ဍပ်တိုင်တတ်ပြ တာမျိုးမဟုတ်ဘူးလား ..ဟင်။ ကိုယ့်ထက်နိမ်ပါးလို့ပဲ သနားကြတာမဟုတ်ဘူးလား ကျတော်ကတော့ လူတစ်ယောက်ကို သနားညှာတာရမှာ ကိုယ့်လိပ်ပြာကိုရှက်မိတယ် … ။ ဟိုတစ်နေ့ ပိုက်ဆံလာတောင်းတဲ့ သူတစ်ယောက် ၂ဒေါ်လာ လောက်ပေးလိုက်တာကို သူရှက်မှာစိုးလို့ ကျတော်ပြေးထွက်သွားလာခဲ့တယ် … ။ တွေ့ကြုံလို့ အခွင့်သင့်လို့ ကူညီတာ ကျွေးမွေးတာကို ကျေးဇူးတင်ခံရမယ် ပီတိဖြစ်ရမယ် နောက်ကုသိုလ်ဘာညာ ယူရတယ်ဆိုတာကိုတော့ ကျတော့်တကယ့်ကို နားမလည်တာပါဗျာ .. ။ ကျတော်ကတော့ ဘဝမှာ ရိုးဖြောင့်ရင် (ပျော်ရွှင်ခြင်းကိုမမျှော်မှန်း စတမ်းဆိုရင်) နေလို့ရတယ်လို့ထင်တယ် ၊.. ရိုးဖြောင့်တယ် ဆိုရာမှာလည်း ကိုယ့်ကိုယ်ကိုယ်အတွက်ချည်းသာပါ … တစ်ခုခုကို ညာပြောချင်ရင် ညာပြောနိုင် ရုံလောက်သာပါပဲ ၊ ငရဲကြီးမှာစိုးလို့ ဘာညာသာရကာအတွက် ကိုယ့်စိတ်ကိုထိန်းပြီးလုပ်လိုက်ရင် ကျတော့်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ရိုးဖြောင့်တယ်လို့မဆိုနိုင်ဘူး … ။


အမှန်က ကိုယ့်ကိုယ်ကိုယ်ရိုးဖြောင့်ကြရင် လူတွေ သူများအပေါ်အကဲဖြတ်သတ်မှတ်ကြရတဲ့ ဒုက္ခက အေးသွားမယ်ထင်တယ် .. ။ သည်လိုသာဆိုရင် Murakami ဝတ္ထု နဲ့ ကိုးခန်းပျို့ကို တစ်ပြိုက်နက်ဖတ်တာလည်း အံ့သြစရာမဟုတ်ဘူး ၊ ဝိပဿနာ စာအုပ်ဖတ်ပြီး ဘာသာမဲ့ဖြစ်နေတာကိုလည်း ထိတ်လန့်စရာမဟုတ်တော့ဘူး ၊ ကိုယ့် ဆရာတစ်ယောက်ယောက်ကို ဖျက်ခနဲ့ဆဲမိတာလည်း ပက်စက်တယ်လို့ မြင်စရာမဟုတ်တော့ဘူး ၊ မြတ်နိုးပါတယ်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ကူးထဲမှာ အတူအိပ်ကြည့်ရင် လိပ်ပြာရှက်ဖို့မလိုတော့ဘူးပေါ့ ။ သည်လိုဆိုရင်တော့ ခုထက် ကျတော်နည်းနည်းနေပျော်မယ်ထင်တယ် ။

ဟိုနေ့က ကျတော် ရထားပေါ်မှာ ရင့်ကျက်ကျေနပ်ဟန်ရှိတဲ့ သက်လတ်ပိုင်း အနောက်တိုင်းသားတစ်ယောက်ကို သတိထားမိတယ် ။ နောက် သူ့ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ထားတဲ့ ရွှေလက်စွပ်မောင်းကွင်းလေးကို ကျတော်အကြာကြီးငေးနေမိတယ် ။ နောက်ဆယ်နှစ်လောက်ကြာလို့ သူ့အရွယ်ရောက်ရင် ကျတော့်ဘယ်ဘက်လက်သူကြွယ်မှာ သူ့လိုမောင်းကွင်းလေးမရှိမှာ သိပ်စိုးတယ် ။ ရင့်ကျက်ကျေနပ်ဟန်ကိုတော့ ကျတော်ဟန်ဆောင်ထားနိုင်မှာသေချာတော့ သိပ်အရေးမကြီးလှပါဘူး … ။ သည်တော့ နောက် ၁၀နှစ်လောက်ကြာလို့ ကျတော်တို့ပြန်တွေ့ကြမယ်ဆိုရင်တော့၊ ပြီးတော့ မင်းကိုကျတော် သည်လိုဆက်ပြီးအထင်ကြီးနိုင်ရင် ၊ နောက် မင်းကျတော်ကို အခုထက်ပိုပြီးအထင်ကြီးနိုင်မယ်ဆိုရင် ကျတော်တို့လက်ထပ်ကြည့်ကြရအောင်လို့ တောင်းဆိုချင်တယ် …. ။ လက်ထပ်ပြီး ၃၊ ၄ နှစ်နေလို့ မင်းအရင်သေသွားရင် ကျတော်မင်းကို ပိုလို့တွယ်တာမိပြီး တစ်သက်လုံးချစ်သွားနိုင်မယ်ထင်တာပဲ ။ ဒါမှမဟုတ် ကျတော်အရင်သေရင်လည်း မင်းအတွက်မို့ ဘဝမှာ နှမြောဖို့ကောင်းတယ်လို့ ကျတော်တော့ထင်မိမှာမဟုတ်ပါဘူး …။ ဘယ်နှယ်လည်း ကျတော့်ကို လန့်သွားပြီလား … ။ မကြောက်ပါနဲ့ဗျာ ….။


အိပ်မက်ထဲမှာတော့ မင်းခေါင်းညိမ့်လိုက်တယ်တင်တယ် ... ၊ နိုးတစ်ဝက်မို့ ကျတော်သေချာတော့ မပြောနိုင်ဘူး ။

ချစ်ခြင်းဖြင့် ။



Aung Phyoe
( အောက်တိုဘာ ၁၂ ၂၀၁၁ ၊ 11:25 PM)

24 September 2008

မိုင်တိုင် အမှတ် (၁၉) !!!!

သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် ။ မကျွေးလိုက်ရတဲ့ သူငယ်ချင်းများအတွက် စိတ်မကောင်းပါ ၊ ခွင့်လွှတ်ပါလို့တောင်းပန်ပါတယ် ။ (အဲ ... သဘောကျရင်တော့ Little India က Banana Leaf မှာ သွားလွေးကျပါ ဟိ) ... အဲ စားထား သောက်ထားတာတွေကိုလည်း သွားရေကျနိုင်ပါတယ် .... ခင်ဗျား ၊

Anyway ! HAPPPY 19th BIRTHDAY "Aung Phyoe" !!!!!!!!!!!!!!!! :)


( Celebrating Birthday)

(Spicy Indian Food on Banana Leafe)

(မြန်မာ ဆန်ဆန် အားပါးတရ နဲ့ မကြီးဆု ... ဟိဟိဟိ)

( Mike ၊ ဇေယျာဝေလင်း နဲ့မူလေး )


(သက်ဝေလင်း ၊ ဇင်မွန်တို့နဲ့ ... )

( Birthday Cake)

( ချီး .... ဟား (စ်) ....... )


(ဇေယျာ ၊ မူလေး ၊ ဆုဝေ တို့နဲ့ အတူ ....love u all ^0^ )


( ခပ်မိုက်မိုက်ပဲ ဟေ့ ! အုန်းသီး နဲ့ ဘုန်းကြီး ... သက်ဝေလင်း )


( မူ...........လေး ! )


( ဇင်မွန် နဲ့ Mike !!!! )


( အပြန် ဆိုင်က မြန်မာ အမနဲ့ အမှတ်တရ ..... )

( Tnx for all , for our lovingly memories !)

23 September 2008

မွေးနေ့

“လူငယ်တစ်ယောက်ဟာ ၁၉ နှစ်ပြည့်ပြီးလို့ ရှိရင် Teenage မဟုတ်တော့ဘူး ။ လူကြီးဖြစ်ပြီ …”

သည်လိုပြောတဲ့ စကားတွေ ၊ စာတွေကို ကြားဖူး ဖတ်ဖူးခဲ့တာကြာပြီ ။ ဒါပေမယ့် ကျတော့်အတွက်တော့ မွေးနေ့ဆိုတာ သတ်မှတ်ချက် ဂဏန်း သင်္ကေတ တစ်ခု သာဖြစ်နေဆဲ ။ နောက်ပြီး နောက်ကြောင်းပြန် ဆင်ခြင်တွေးတော မိတဲ့နေ့တစ်နေ့ မျှသာပေါ့ ။ သည်လိုနဲ့ ဘ၀ရဲ့ မှတ်တိုင်တော်တော်လေးကို ခပ်မြန်မြန်ကျော်ဖြတ် ခဲ့မိပြီ ။ ခုတော့ မှတ်တိုင် ၁၉ တိုင်မြောက်ကို ဖြစ်ကျော်ရပြီ ။ လူကြီးဘ၀ရဲ့ တာလွှတ်မှတ်တိုင် အစပေါ့ ။ သည်မွေးနေ့ မှာလည်း သာမန်ထူးမခြားနားပါဘဲ ။ အသက်တစ်နှစ်ကြီးသွားသော်လည်း ကာယ ၊ ဥာဏ အားဖြင့် သိသိသာသာကြီး ကြီးထွားရင့်ကျက်သွားစေဖို့ မဖြစ်နိုင် ။ ရင့်ကျက်တည်ငြိမ်နိုင်အောင်တော့ ကြိုးစားရမည် ။ သည်လိုအခါတိုင်းမှာ ဖြစ်သန်းခဲ့ရသမျှ မွေးနေ့တွေထဲက ပထမဦးဆုံး မွေးနေ့အကြောင်း ပြောပြတတ်တဲ့ အမေ့အသံကို ကြားယောင်မိသည် ။
+++++++++

၁၉၈၉- ခုနှစ် စက်တင်ဘာလ (၂၄) ရက် အညာနေ့လည်ခင်း ။ အမေပြောတတ်လွန်းသဖြင့် ပူအိုက်တဲ့ သည်နေ့လည် ခင်းဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာ ကျတော့်အတွေးအာရုံဝယ် ပုံရိပ်ထင်ဆဲ ။ မြို့ဆေးရုံဝင်ပေါက် သို့ ဦးတိုက်လာနေတဲ့ အမေ ၊ အဖေနဲ့ အဘွားတို့ရဲ့ ခြေလှမ်းတွေဟာ နာကျင်မှု ၊ ၀မ်းမြောက်မှု မှာမဆိုစလောက်ရောစွက်နေတဲ့ ပူပန်ကြောင့်ကြမှုကြောင့် မြန်ဆန်တတ်ကြွနေခဲ့ကြသည် ။ မှတ်မှတ်ရရ အမေ့စကားကြောင့် အဲသည်နေ့ခင်းတုန်းက အမေ့ကို ဆိုက်ကားပေါ်မှာတင်ပြီးနောက်က သမီးယောက္ခမနှစ်ယောက် စက်ဘီးတစ်စင်းနဲ့ လာကြရတာတဲ့

ဆေးရုံကိုရောက်တော့မှ နာလှတယ်လို့ တညည်းတည်း ညည်းနေတဲ့ အမေ့ကို ထမီစိမ်းဝတ် သူနာပြုက မှတ်တမ်းတွေနဲ့ မွေးခန်းထဲကို တန်းခေါ်သွားခဲ့တာ ။ “တော်တော်နဲ့တော့ မွေးလိမ့်အုံး မထင်ဘူး” လို့ အဘွားတို့ကို ခပ်တိုးတိုးပြောသွားတော့ လူနာစောင့်တွေခမျာ မွေးခန်းဝမှာ ပြူတစ်ပြူတစ်လုပ်ရင်း မွေးလူနာ အခြေအနေကို အကဲခတ်ကြရတာပေါ့။ ဒါပေမယ့် တစ်နာရီပြီးတစ်နာရီသာ ကြာသွားတယ် အမေ့ခမျာ မမွေးနိုင်သေးဘူး ။ သားဦးအပျိုဗိုက်လည်းဖြစ်ပြန် ၊ နောက် အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူလည်းဖြစ်တော့ ညနေ (၄) နာရီကျော်ကျော်ထိ မွေးမယ့်အရိပ်ယောင်မပြသေးဘူး ။ အဘွားခမျာလည်း ဆေးရုံစင်းကြံမှာ ဒေါင်းတောက်အောင်လျှောက်ရင်း ဆိုင်ရာပိုင်ရာ ရိုးရာတွေရော ၊ ဘုရားစာတွေရော ရွတ်နေတာစုံနေတာဆိုပဲ ။ မွေးခန်းဝမှာ ရပ်ပြီး ပါးစပ်လှုပ်ပြ ကိုယ်ဟန်အမူအယာနဲ့ အခြေအနေမေးနေရှာတဲ့ အဖေ့ကိုလည်း ခေါင်းငြိမ့် လက်ခါလုပ်ပြရင်း (ပါးစပ်ကလည်း တညည်းတည်းညည်းရင်း) အမေ့မှာ ချွေးတွေထဲနစ်နေရှာတယ် ။

“အဲသည်တုန်းကများ အမေ့မှာ နာလို့ သည်းလိုက်ရတာများ သားရယ် ။ သားဦးကလည်းဖြစ် နောက်အသက်ကလည်း ၃၆ ကျော်နေတော့ အတော့်ကို မွေးရခက်ခဲ့တာ”

အဲသည်အချိန်တုန်းက နာကျင်မှုတွေ ညည်းညူမှုတွေနဲ့ လုံးဝဆန့်ကျင်တဲ့ အပြုံးမျိုးဖြင့် အမေပြန်ပြောတတ်တယ် ။ ဘာတဲ့ … ။ သိပ်ကိုခံရခက်တဲ့ နာနည်းမျိုးတဲ့ ။ ဗိုက်ကနာတာဆို ဘယ်နာနည်းမျိုးနဲ့မှ မတူဘူးတဲ့ ။ တစ်ခုခု ခိုက်မိလို့ နာကျင်တိုင်း ငိုတတ်တဲ့ ကျတော်ကို အမေပြောတတ်တဲ့ စကားလုံး တွေ …. ။

နောက်ညနေ ၅နာရီ မတ်တင်းလောက်ကျတော့ အတော်ကြီးကို ဗိုက်ကနာလာတယ် ။ ပတ်ဝန်းကျင်ဟာလည်း မှောင်မည်းသွားပြီး အမေ့စိတ်ထဲမှာ ဗိုက်နာတာတစ်ခုပဲ မှတ်မှတ်ရရစွဲနေတယ် ။ နောက်ဆရာဝန်ရောက်လာပြီး ဆရာမကြီးနဲ့အတူ လိုအပ်တာ စစ်ဆေးပေးကြတယ် ။

“မွေးတော့မယ် ဆရာမရေ မကြာဘူး ၊ အခန်းဝက လူနာစောင့်တွေ အပြင်ထွက်တော့”

သူနာပြုဆရာမဟာ အမေ့ကိုပြောရင်း အဖေတို့ကိုပါလှည့်ကြည့်ပြီး မွေးခန်းလိုက်ကာ ကိုဆွဲပိတ်လိုက်တယ် ။ နောက်တော့ အော်တဲ့သူက အော် ၊ တွန်းတဲ့သူက တွန်း ၊ ညှစ်တဲ့သူက ညှစ်၊ အားပေးတဲ့ သူက အားပေး ၊ ဆုတောင်းတဲ့သူက ဆုတောင်း ၊ စိတ်ပူတဲ့သူက စိတ်ပူရင်း နဲ့ပဲ (၅) နာရီ (၁၅) မိနစ်ကျော်ကျော်မှာ “အူဝဲ” ဆိုတဲ့ အသံလေးကိုကြားလိုက်ကြရတယ် ။

ကလေးအပြင်ရောက်တဲ့ အထိအမေက အော်နေတုန်းဆိုပဲ ။ “ယောက်ျားလေး ဆရာမရေ …. လုံးလုံးခဲခဲကြီးတော့” ဆိုတဲ့ အသံကိုတော့ သဲသဲကွဲကွဲ ကြားလိုက်မိသား ။ နောက်တော့ ချက်ကြိုးဖြုတ် ၊ အညစ်အကြေးတွေ သုတ်သင်ပေးပြီး ကလေးကို အမေ့ဘေးခေါ်ပြသတဲ့ ။

“ကလေးကလေ အာခြစ်ပြီးငိုနေလိုက်တာ အရမ်းပဲ ။ ညိုညိုတုတ်တုတ်လေး ။ ဆံပင်လေးတွေဆို မည်းနေတာ ။”

ပထမဆုံး ကျတော့်ရုပ်သွင်ကို ရေးရေးတွေးကြည့်ရင်း လက်ရှိကျတော့်ကိုငေးကာ အမေပြောတတ်သည်။ နောက်တော့ တစ်လောကလုံး အေးချမ်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတာကိုပဲ အမေကမှတ်မိတော့တယ် ဆို၏ ။

“ငါ့သားဟာ တနင်္ဂနွေသားလေး နောက်ဆံပင်လေးတွေလည်း ဖြောင့်ရှာတယ် ၊ ဒီတော့ လူကတော့ ဂဂျိုးဂဂျောင် ကောက်မှာပဲလို့ အဲသည်တုန်းကလည်းက အမေတွေးမိသား ။ မင်းအဖေတို့ ဆိုပျော်လိုက်တာကွာ ၊ မင်းအဘွားကတော့ မင်းအဘိုးကို သတိရရင်း ငိုရှာတယ် ….”

အမေက သည်လိုနိဂုံးချုပ်ရင်း ပြုံးနေတတ်သည် ။ အမေ့ရဲ့ မျက်ဝန်းတွေမှာတော့ မျက်ရည်တို့ ဝှေ့ရီလျက် ။ ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ဦးရဲ့ ဖွားမြင်ခန်းကို ပြန်ပြောင်းဂုဏ်ယူ နေသည့်ဟန်မျိုး ။ အချိန်ကြာလာတာနဲ့ အမျှ ထို ညနေခင်းလေးရဲ့ အကြောင်းဟာ ကျတော့်ရဲ့ကိုယ်ပိုင် ပုံပြင်တစ်ပုဒ်သဖွယ် စိတ်အာရုံတွင် စွဲဝင်နေခဲ့ပြီ ။

+++++++++
ကြာခဲ့ပါပြီ ။ ကျတော်ကို ချစ်တဲ့ အဘွားလည်း ကျတော်တို့ကို ထားရစ်ခဲ့ပြီ။ နောက်အဖေ ၊ အမေ တို့ကလည်း ကျတော်နဲ့ အဝေးတစ်နေရာမှာ ။ ဒါပေမယ့် မွေးနေ့တွေရောက်တိုင်း ထိုညနေခင်းလေးကို ပြန်ပြောင်းသတိရတတ်တာ တော့ အမြဲလိုလိုပင်ဖြစ်သည်။ တစ်ချိန်နဲ့ တစ်ချိန် ပတ်ဝန်းကျင်အခြေအနေ မတူညီတတ်တဲ့ စက်တင်ဘာ ၂၄ ရဲ့ညနေခင်းတွေမှာတော့ ကျတော့်ရင်ဝယ် မိဘ ၊ ဘိုးဘွားတို့၏ မေတ္တာဖြင့်နွေးထွေးဆဲ ။ တစ်ကြိမ်တစ်ခါမျှ မွေးနေ့ပွဲကို ၀ှဲချီး မကျင်းပဖူးသော်လည်း ခင်မင်ရင်းနှီးသူတို့ရဲ့ မေတ္တာဖြင့် လေးနက်ဆဲ ။
၁၉ နှစ်ကျော် ၂၀ ထဲဝင်ပြီး Teenage လည်းကုန် လူကြီးဘ၀ရောက်ပြီ ဆိုပေမယ့် အမေတို့ရဲ့ စိတ်ထဲမှာတော့ (မိဘကို ကပ်ချွဲတတ်တဲ့) ကျတော်ဟာ အမြဲတမ်း ကလေးလေးပဲ မဟုတ်ဘူးလား ။ ။
+++++++++
အောင်ဖြိုး
(၂၄ ၊ စက်တင်ဘာ ၂၀၀၈ ။ မွေးနေ့)

9 December 2007

ဘ၀အလွမ်းအိမ်

အိမ်ဆိုတာ ဘ၀ရဲ့ချည်တိုင်ပါ။ ကျွန်တော့်ဘ၀တွင် အခြေအနေအရ အိမ်ပေါင်းများစွာတွင် မကြာခဏပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ ငယ်စဉ် (၅) နှစ်သားအထိ ကိုယ်ပိုင်အိမ်နဲ့နေထိုင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်နေခဲ့ရသမျှ ကိုယ်ပိုင်အိမ် များမဟုတ်ခဲ့။ ထိုကိစ္စသည်ကျွန်တော်အတွက် အထူးအဆန်းမဟုတ်ခဲ့ပါ။ ကိုယ်ပိုင်အိမ်တစ်လုံး နှင့်နေချင်လှချည့်လို့လည်းဆန္ဒ မရှိခဲ့ပါ။ ခုအသက်အရွယ်ကျတော့ရော မိမိနိုင်ငံရဲ့မြေလတ်မြို့ တစ်မြို့မှာအခြေ ချနေထိုင်လိုတဲ့ မျှော်လင့်ချက်ယိုးတိုးယောင် တောင်ရှိသော်လည်း အကောင်အထည်ဖော်နိုင်ဖို့ ဝေးပါသေးတယ်။

ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအိမ်ကလေးဟာ သုံးပင်လေးခန်းအိမ်သေးသေး လေးဖြစ်သည်။ ရှေ့ပေနှစ်ဆယ် ၊ ဘေးပေခြောက်ဆယ် ၀န်းခြံလေးထဲမှ ထရံကာ၊ ၀ါးကပ်မိုးမျှသာ ဖြစ်သည်။ အိမ်ရဲ့မြေခံဟာနိမ့် လို့မိုးရွာရင်အိမ်ထဲရေ၀င်တတ်သေး တယ်။ မိုးသည်းတဲ့ ည၊နောက်နေ့ နံနက်တွေမှာအိမ်ခြေ တစ်ခင်းလုံးဗွက်ထလို့ ။ မှတ်မိသမျှတော့ အိမ်ဘေးမှာ မန်ကျည်းပင်ကြီးတစ်ပင် ၊ အိမ်ရှေ့မှာတမာပင်ပေါက်တစ်ပင်နှင့် စက္ကူပန်းရုံတစ်ရုံ၊ အိမ်နောက်မှာတော့ တော်တော်လေးချိုသော်လည်း ပိုးကိုက်မလွတ်တဲ့ မာလကာပင်တစ်ပင်ရယ်နဲ့ အဘွားရဲ့ ဂမုန်းပင်တွေရှိတယ်။ အိမ်ရှေ့ကနေကြည့်ရင် မီးဖိုတဲအထိ အိမ်ခန်းအားလုံးခြုံမြင် နိုင်တာသေချာတယ်။

ငယ်ငယ်ကအိမ်လေးအကြောင်းကို ပြန်စဉ်းစားကြည့်တိုင်း အတော်လေးကိုသေးငယ်နုံချာပြီး တဲသာသာလေးဖြစ်နေခြင်းပင် ။ ထိုစဉ်ကတော့ အဆင့်အတန်း၊လူတန်းစားခွဲခြားမှု စိတ်ညံ့တို့ လိမ်းကျံခံရခြင်းမရှိသေးတဲ့ အရွယ်မို့ သေးစုတ်နုံချာမှုကို မသိခဲ့ရပါ။ ဟန်ဆောင်မှုကင်း ဘွင်းဘွင်းရှင်းရှင်းသူလိုကိုယ်လို ပတ်ဝန်းကျင်မျိုးလည်း ဖြစ်တဲ့အတွက် ရှက်ရွံ့အားငယ်မှုလည်း မဖြစ်ခဲ့ ။နောင်နောင်ခုခါကျမှ မိမိနေခဲ့ရတဲ့အိမ်တွေနဲ့ နှိုင်ယှဉ်ကြည့်မှ တော်တော်စုတ်ပါ့လားလို့ အလန့်တကြားသတိပြုမိသည်။ သို့သော်ခုချိန်မှာကျွန်တော် အိမ်လေးနှင့်ကွာလှမ်းခဲ့ရ ပြီ ၊ ပြီးတော့အိမ်လေးလည်းမရှိတော့ဘူးမဟုတ်လား (အိမ်လေးကိုဖျက်ပြီး တိုတ်သေးသေးလေးဆောက်ပြီးခဲ့ပြီ) ။

မှတ်မှတ်ရရ တိုက်အုတ်မြစ်ချရန် ထိုအိမ်လေးကိုဖျက်သည့်နေ့က အဘွားငိုတယ်။ ကျွန်တော်တော်တော်ငယ်သေးတော့ ဘာကြောင့်ငိုတာလည်း စဉ်းစားလို့မရ။ ကျွန်တော်တို့အိမ်သေးသေးလေးကို တိုက်ဆောက်မှာမဟုတ်လား အဘွားရဲ့ ၊ နောက်နောက်မိုးရွာရင် လေတိုက်ရင်လည်းမပူရတော့ဘူး ၊ နွေကျရင်လည်း မီးရေးထင်းရေးမပူရတော့ဘူး ။ ပြီးတော့ ကျွန်တော်တို့လမ်းထဲ မှာတစ်လုံးထဲသောတိုက်ဖြစ်မှာမဟုတ်လား ။ ကလေးတွေးနဲ့ ကျွန်တော်ပျော်ခဲ့ဖူးတယ် ။ ငိုနေသူကိုလည်းကလေးပြီပြီ ပြက်ရယ်အကြည့်နှင့်ကြည့်နေခဲ့ဘူးတယ် ။

အဘွားဟာ ပခုက္တူအနီးက ပေါင်လောင်ကန်ရွာသူအညာသူ စစ်စစ်ကြီးဖြစ်သည်။ အညာသူ ဆိုပေမယ့်အဘွားဟာအသား လတ်ပါတယ်။ ပြီးတော့ကျွန်တော်အဖေရော အမေပါအသားလတ်ကြပါတယ်။ (ကျွန်တော်သာသူတို့အားလုံးထဲမှာ အသားအညိုဆုံးပါ ။ :D ) ကျွန်တော့်ရဲ့ အစောဆုံးမှတ်ဥာဏ်တွေထဲမှာရော အဘွားကခေါင်းဆောင်မင်းသမီးကြီးပါ။ ကျွန်တော်လူ့လောကထဲကို အမေ့ဝမ်းမှတဆင့် ၀င်ခဲ့ရပေမယ့် မွေးကင်းစကျွန်တော့်ကို ပထမဆုံးပွေ့ထွေးသူမှာအဘွားပင်။

ကျွန်တော်ဘ၀ တစ်လျှောက်လုံးမှာ အဘွား (အမေ့အမေ) ကိုပေးဆပ်သူအဖြစ်သာတွေ့ ခဲ့ရသည်။ တစ်ခါတစ်ရံ အစိုးရိပ်လွန်ကဲသူ ၊ ပိန်သော်လည်းကျန်းမာရေးကောင်းသူ ၊ လူကဲခတ်တော်သူ ၊ ကျွန်တော်တို့ အိမ်တံခါးတဲ့တဲ့ တစ်နေ့လုံး လိုလိုမပျင်းမရိ ထိုင်နေတတ်တဲ့ ခပ်ချည့်ချည့် မယ်ကြီးအို တစ်ယောက်အဖြစ်သာ ။ အဘွားသည် ကျွန်တော်ကိုသူငယ်ငယ် ကအကြောင်းတွေကိုစိတ်လိုလက်ရ ပြောပြောပြတတ်တယ်။ တစ်ခါတစ်ခါကျွန်တော်စာကျက်ရင် နားစွန့်နေတတ်ပြီး သူကြားဖူးနားဝ တွေကိုဆွေးနွေးတတ်သေးတယ်။ ကျွန်တော်အတွက်တော့ အဘွားစကားတွေဟာ နားထဲကိုဝင်ပေမယ့် သိပ်တော့အလေးအနက်မထားမိပါဘူး ။ ဟုတ်တယ်လေ တစ်ခါကကျွန်တော် "ငလျင်" အကြောင်းကျက်နေတယ် ၊ တော်တော်လေးကိုမှတ်ရခက်တဲ့ မြေငလျင်ရဲ့ ဖြစ်စဉ်တွေကို ခေါင်းထဲဖြစ်ညှစ်သွင်းနေ ရချိန်မှာ အဘွားပြောတာက "ရှေးလူကြီးတွေပြော တာကတော့ငလျင်လှုပ်တယ် ဆိုတာမြေကြီးကိုထမ်းထားတဲ့ ငရဲသားတွေပခုန်းပြောင်းတာတဲ့" ။ ကျွန်တော်ကဟုတ်လားလို့ စိတ်မပါတစ်ပါပြောပြီး ခပ်လှောင်လှောင်ပြုံးလိုက်မိတယ် ။ အဘွားစိတ်မကောင်းဖြစ်သွားတာ ကျွန်တော်သိတာပေါ့။ အသက်ကြီးလာတာနဲ့အမျှ လူရာသွင်းအရေးပေးခံ ချင်တဲ့လူအိုတွေရဲ့ စိတ္တဗေဒကို ကိုယ်ချင်းလည်းစာမိပါရဲ့ ။ ဒါပေမယ့် သည်တုန်းက ကျွန်တော်စာရဖို့က ပိုအရေးကြီးနေတယ်လေ။ အိမ်မှာအမြဲရှိတဲ့ သူကိုဘယ်အချိန်တောင်းပန်တောင်းပန် ရပါတယ် ။ သည်လိုနဲ့ ပဲမြေးအပေါ် အပြစ်မယူဘဲ ခွင့်လွှတ်တဲ့အဘွားရဲ့ မေတ္တာအရိပ်အောက်မှာ အမှားတွေကိုတောင်းပန်ဝန်ချဖို့ ကျွန်တော်အမြဲမေ့လျော့ခဲ့ပါတယ် ။အလျော့ပေးလိုက်လျောခြင်းမှာ ပျော်နေခဲ့တာများလား ....အဘွားရယ် ။

အဘွားငယ်စဉ်ကတည်း ကပင်အကြီးဆုံးသမီးဖြစ်၍ အရာရာမှာအလျော့ပေးခဲ့ ရဟန်တူသည် ။ အဘွားအောက်က မောင်တွေ၊ နှမတွေက သေစာရှင်စာလောက်ပဲဖြစ်ဖြစ်တတ်ကြ သော်လည်းအဘွားစာမတတ်ခဲ့ပါ။ မိဘနှင့် အတူမိသားစု တာဝန်ကိုငယ်ငယ်ကတည်းကထမ်းခဲ့ရပေသည်။ အဘွားအသက်(၂၀) ကျော်အရွယ်မှာ်တစ်ရွာသားအဖိုးနှင့်အိမ်ထောင်ကျခဲ့သည် ။ ကျွန်တော်အဘက ပခုက္ကူနယ် ပဒိုင်းခြုံရွာသားဖြစ်ပြီးအိမ်ထောင်ကျပြီးနောက်မှာ အဘွားတို့ရွာကိုလိုက်နေခဲ့သည် ။ အဘိုးဟာ "ပုတ်ထမ်းဈေးသည်" ဖြစ်ပြီးဆင်းဆင်းရဲရဲမိထွေး နဲ့နေရသူဖြစ်တယ်လို့ အဘွားမကြာခဏ ပြောခဲ့ဖူးတယ်။ ခုခေတ်မှာ ပုတ်ထမ်းဈေးသည် လို့ပြောရင်ဘာလုပ်မှန်း သိမယ်မထင်ပါဘူး။ ရှေးကအညာမှာ အလှကုန်နဲ့ အ၀တ်အထည်တွေကို ပုတ်ထဲထည့်ပြီး တစ်ရွာဝင်တစ်ရွာထွက် လည်ရောင်းတဲ့ဈေးသည်တွေရှိပါတယ် ။ သူတို့တစ်တွေဟာ ပုတ်နှစ်လုံးကိုဦးပဲ့ ထမ်းပြီးရှေ့မှာ ကုန်တွေထည့်၊ နောက်ထဲမှာတော့ ရောက်ရာမှာအိပ်ဖို့ အိပ်ရာခင်း ၊ ချက်ဖို့ပြုတ်ဖို့ စားအိုးစားခွက် ၊ ဆန် ဆီ ဆား အစုံပါပါတယ်။ သူတို့ရောင်းကျတဲ့ကုန်တွေဟာ ဈေးအပေါဆုံး အလှကုန်၊ အ၀တ်အထည် ဒေသထွက်စတာတွေဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့ နယ်ပေါင်းစုံ မှာတစ်ရွာဝင်တစ်ရွာထွက် ရောင်းကျ ၀ယ်ကျတာပါ။ အရပ်အခေါ်တော့ "အရောင်းအ၀ယ်ထွက်တယ်ပေါ့ " ။ သည်အလုပ်ကို ခုတိုင်အညာက ကျွန်တော့်ဦးကြီး ၊ ဦးလေးတွေလုပ်ကြဆဲပါ။ တစ်ခါတစ်ခါ အရောင်းအ၀ယ်ထွက်ရင် သုံးလေးငါးလတော့ ကြာကြတာပဲတဲ့ ။ဒါပေမယ် သူ့ခေတ်နဲ့သူအခါ ၊ သူ့အရင်းနှီးနဲ့သူတော့ (ပင်ပန်းသလောက်) အမြတ်လေးတော့ရတဲ့အလုပ်တစ်ခုပါ ။

အဘွားဟာ စိတ်ပူပန်တတ်လွန်းသူပါ။ တစ်ချိန်ချိန်မှာဖြစ်လာနိုင်တဲ့ ၊ ဖြစ်ဖို့အခွင့်အရေးနည်တဲ့ ၊ ဖြစ်လာရင်တောင်ကိုယ်ဘာမှ မတတ်နိုင်တဲ့ အရာတွေကိုတောင် အမြဲတွေးပူနေတတ်တဲ့ သူပါ။ ဒါကြောင့် အဘိုးများ သည်လောက်အကြာကြီး ခရီးထွက်နေချိန်မှာ ဘယ်လောက်များစိတ်ပူရှာ လိုက်မလဲ။ စိတ်ပူဖို့အချိန်မရလောက်အောင်ပင် ဆင်းဆင်းရဲရဲအလုပ် နဲ့လက်နဲ့မပြတ်လုပ်နေခဲ့ရသလား ။ ကျွန်တော်တွေးကြည့်မိဖူးသည်။ သတင်းအဆက်အသွယ်ရဖို့ နေနေသာသာ ဘယ်ရပ်ဘယ်ဆီသွားမှန်းပင် သေချာရေရာမသိ။ ဒါပေမယ့် အသက်မွေးဝမ်ကြောင်းကဒါပဲ မဟုတ်လား ၊ ဘ၀မှာ ရုန်းကန်လှုပ်ရှားမှု တွေအတွက် ချွေးတွေ ၊ မျက်ရည်တွေ ၊ လွမ်ဆွေးမှု အပူအပင်တွေကို စတေးခဲ့ကြရ တာမဆန်းပါ။

အဘွားနှင့်အဖိုးမှာ သားသမီး (၅)ယောက်ထွန်းကားပါတယ်။ ဒါပေမယ့် ရှေ့ကသားသမီး လေးယောက်လုံးပျက်စီး ခဲ့ရပြီး နောက်ဆုံးသမီးလေး (ကျွန်တော်အမေ) သာအဖတ်တင်ခဲ့တယ် ။ နောက်ဆုံးကျန်တဲ့သမီးလေးကို အဘိုးတို့တုန်နေအောင်ချစ်ပေလိမ့် မည်။ သမီးလေးရဲ့ ဘ၀ရှေ့ရေးကိုလည်း တောသူတောင်သားအမြင်နှင့် ဥာဏ်မှီသလောက်စဉ်းစားမိခဲ့ ကြပေလိမ့်မည်။ သည်လိုနှင့်ဘ၀တိုးတက်ရေး သမီးရှေ့ရေးအတွက် မြို့မှာအခြေချဖို့ဆုံးဖြတ်ခဲ့ကြသည် ။ ဒါပေမယ့်ဆုံးဖြတ်ချက် ကိုအကောင်အထည်ဖော်ဖို့ အဘိုးတို့ တော်တော်လေးကြိုးပမ်းခဲ့ ကြရပါတယ်။ နောက်ဆုံးမှာ တော့ မြို့ဆင်ခြေဖုံးက အိမ်ဝန်းတစ်ခြမ်းလေးကို ၀ယ်ကာမိသားစုပြောင်းဖြစ်ခဲ့ ကြသည်။ တဲသာသာအိမ်လေးကိုဆောက်ပြီး မိသားစုရုန်းကန်ခဲ့ကြရသည်။ အဘိုးကအရောင်းအ၀ယ် ဆက်လုပ်သည်။ အဘွားကတော့အိမ်တွင်း ကိစ္စတွေ ၊ သမီးလေးကိစ္စတွေနဲ့အချိန်ကုန်ရတော့ တယ်။ "ဟဲ့ငါတို့ ဟာတဲစုတ်နဲ့နေချင်နေရမယ် ၊ ဒါပေမယ့် အစားအသောက် ၊ အ၀တ်အစားလည်း လူနှင့်တန်အောင်တော့ဝတ်ရစားရပါတယ်။ မင့်ဘကနဖူး ကချွေးခြေမကျအောင်ရှာကျွေးခဲ့ရှာတာ ကလား" အဘွားမကြာခဏပြောတတ်တဲ့ စကားပါ။ အဘွားတို့အိမ်လေးဟာ အနေစုတ်ချင်စုတ်ခဲ့ ပါလိမ့်မယ် ၊ ဒါပေမယ့် မိသားစုစည်းလုံးမှု ၊ ကြိုးစားမှု ၊ နားလည်မှုတို့နဲ့တော့နွေးထွေး နေခဲ့ပါလိမ့်မည်။

သည်လိုနဲ့ ကျွန်တော်အမေလည်း (၁၀) တန်းအောင်ကာ တက္ကသိုလ်သို့ရောက်ပြီ ၊ အဘတို့လည်း ဆိုက်ကားတစ်စီးထောင်နိုင်လာ ပြီး သိုးအုပ်တစ်အုပ်လည်းရှိလာခဲ့သည်။ ဒါပေမယ့် ...အမေနောက်ဆုံး နှစ်မှာအဘိုးအရောင်းအ၀ယ်ထွက်ရင်း လူသတ်ခံရသည်။ သထုံနယ်ဇင်းကျိုက် ဘက်ကရွာတစ်ရွာမှာလို့ ကြားတာပဲလို့  ပြောဘူးသည်။ သေချာတာကတော့ နောက်ဆုံးမှာ သမီး ၊ ဇနီးနှင့်ဝေးရာ တစိမ်းနယ်မှာ အဘိုးကွယ်လွန်ခဲ့ရတယ် ဆိုတာပါ။ အမေကျောင်းပြီးဖို့ အဘွားအတော်လေးရှုန်းကန်ခဲ့ရသည်။ ဆိုက်ကားတစ်စီး နှင့် သိုးအုပ်ကိုရောင်းကာ ကျောင်းသူအတွက် ချိုးခြံခဲ့ရသည်။ အမေကျောင်းပြီး၍ ကျောင်းဆရာမအလုပ်ရမှ အသက်ရှုချောင် သွားရသည်။အမေအလုပ်ရတော့ ပခုက္ကူနားက မန်ကျည်းပင်မှု ရွာကလေးမှာ တစ်နေ့တစ်နေ့ညနေမိုးချုပ်မှ ပြန်ပြန်လာရသည့်အမေ့ကို အဘွားအိမ်ရှေ့မှ ညနေတိုင်းမျှော်ခဲ့ ရသည်။ နောက်တော့ အမေလည်းပခုက္ကူမြို့ပေါ်ကကျောင်းပြောင်း ရပြီး ၊ အင်ဂျင်နီယာ ပေါက်စအဖေနှင့် အိမ်ထောင်ကျသည်။ အဖေလည်းအဖိုးကဲ့သို့ ဆံထုံးနောက်သျှောင်ပါခဲ့ ကာအဘွားတို့အိမ်လေးဆီပြောင်းလာ ခဲ့သည်။ ကျွန်ချောင်းဓာတ်မြေ သြဇာစက်ရုံမှာအလုပ် လုပ်ရပြီး တစ်ပတ်တစ်ခါမှ ညကြီးမင်းကြီး ၉ မိုင်ကျော်ခရီးကို စက်ဘီးစီးပြန်လာရသည့်အဖေ့ ကိုအမေတို့အဘွားတို့မျှော်ခဲ့ရပါ လိမ့်မည်။ နောက်တော့ကျွန်တော့်ကိုမွေး ၊ အဖေလည်း ဆည်မြောင်းဘက်မှာအလုပ်ရ ပြီးပြည်ဖက်ကိုပြောင်းရသည်။ နောက်ကျတော့ စီးပွားရေးလေးတောင်သာလာပြန်တော့ အဘွားရဲ့တဲလေးကိုဖျက်၍ တိုက်တည်ခဲ့သည်။ အခြေအနေအရ အဘွားမကန့်ကွက် ခဲ့သော်လည်းစိတ်မကောင်းဖြစ်မိမှာသေချာ သည်။ သည်အိမ်လေးဟာအဘိုးရဲ့ချွေးတွေ ၊ သွေးတွေ ၊ အသက်နဲ့ရောရင်ပြီးဆောက်ခဲ့ရ တာမဟုတ်လား ။ ပြီးအဘွားရဲ့ ပူပင်မှုသောက မျက်ရည်တွေ ၊ ချိုးခြံချွေတာမှုတွေ စွန်းထင်းနေတာမဟုတ်လား ။ ဒါပေမယ့်......... ။

ဒါပေမယ့် နောက်ဆုံးမှာတော့အဘွား ပခုက္ကူမြို့လေးကိုပါစွန့်ခွာခဲ့ရသည် ။ "အမေရယ် ၊ သားလေးလည်းမိစုံဖစုံ အမြဲအတူတူနေရတာပေါ့ ၊ ပြီးတော့ ကျွန်တော်ဟိုမှာအိမ်ရတယ်အမေရယ်။ အကျယ်ကြီးပဲ။ မိသားစုလေးအတူတူနေကြရအောင်ပါအမေရယ်နော် " ဆိုတဲ့သမက်ရဲ့ စကား ၊ သမီးနှင့်မြေးလေးရဲ့နောင်ရေး ဒါတွေကိုစဉ်းစားပြီး မြို့လေးကိုပါအဘွားစွန့်ခဲ့ရတယ်။

နောက်တော့အစိုးရ၀န်ထမ်း အဖေပြောင်းရတဲ့မြို့တွေမှာကျွန်တော်တို့ တစ်တွေနှင့်အတူလိုက်ပြောင်းနေရတဲ့အဘွား ကိုတွေ့ရတယ်။ ပြည် ၊နောက်မကွေး ၊ နောက်စစ်ကိုင်း နောက်တစ်ဖန်ပြည်ကိုတစ်ခါထပ် ပြောင်း ။ ပြောင်းရသမျှမြို့တွေ မှာလည်းအိမ်ထဲ ကအိမ်ပြင်မထွက်ဘဲ အိမ်ရှေ့တည့်တည့်ခုံမှာ အမြဲလိုလိုထိုင်နေတတ်တဲ့ အဘွားကိုတွေ့ရတယ် ။ သားသမီးတွေရဲ့ အပူကိုကိုယ့်အပူ နဲ့မခြားစိတ်ပူပေးတတ်တဲ့ ၊ ဘာမှလည်းစွမ်းဆောင်မပေးနိုင်တဲ့ မယ်ကြီးအို ၊တစ်ဦးတည်းသောသမီးကမွေးတဲ့ တစ်ဦးတည်းသောမြေးအပေါ် အသည်းပေါက်အောင် ချစ်ရှာတဲ့ဘွားအေတစ်ယောက်အနေနှင့် လည်တွေ့ရပြန်တယ်။ အဘွားဟာကျွန်တော့်ကို ငယ်ငယ်ကအိမ်လေး အကြောင်း ၊ အမေငယ်ငယ်ကအကြောင်းခဏ ခဏပြောပြတတ်တယ်။ ဒါပေမယ့် အဘွားဟာတစ်နှစ်တစ်ခါလောက် ပြန်ရတာကလွဲလို့ ပြန်ချင်လှချည်ရဲ့လို့ ၊ လွမ်းလှချည်ရဲ့လို့ မပြောရှာပါဘူး ။ အဘွားဟာ မျိုသိပ်တတ်တယ်မဟုတ်လား။

နောက် "ပြည်" ရောက်တော့ ကျွန်တော်တို့အိမ်လေးတစ်လုံးဆောက်ကြ ပြန်တယ်။ အိမ်ပုံစံကို ကိုယ်တိုင်ဆွဲရင်းအလုပ်ရှုပ်နေတဲ့ အဖေက ဒါအမေ့အခန်းလို့ အဘွားကိုပြတယ်။ ကွန်တိုတွေ ၊ စကေးတွေ ၊ဒေါင့်ချိုးတွေ ရှုပ်ရှက်ခက်နေတဲ့ အဖေရဲ့အိပ်ပုံကို အဘွားသေချာကြည့်နေပါတယ်။ "အောင်မလေးမင်းနှယ် ကွယ်၊ မင်းအိမ်ပြီးသည်အထိ ငါနေရဦးမှာလား" ကျွန်တော်တို့အားလုံး ရယ်ပြီး ကျန်းမာရေးသည်လောက်ကောင်းတဲ့အဘွား ကနေရဦးမှာပါလို့ ပြောမိကြတယ်။ အဘွားကမိန့်မိန့်ကြီးပြုံးလို့ ၊ နောက်တော့အဘွားငြိမ်ကျသွားတယ်။ တော်တော်ကြီးကိုအတွေးနက်နေပုံ ပဲမျက်ရည်တွေလည်းဝဲလို့။ ဘာများစိတ်မကောင်းဖြစ်ရတာလဲ အဘွားရယ် ၊ အိမ်သစ်လေးက တစ်ကယ်ကိုခေတ်မီတယ် ။ ကျွန်တော်တို့ငယ် ငယ်တုန်းကအိမ်လေးနဲ့ များကွာပ။ အဘွားအတွေးနဲ့ ကျွန်တော်အတွေး ၊ တန်ဖိုးထားမှု ခံစားချက်တွေ ဟာတော်တော်ကွာပါလိမ့်မည်။

ဒါပေမယ့် ကျန်းမာရေးကောင်းလှပါတယ် ဆိုတဲ့အဘွားဟာ ကျွန်တော်(၁၀) နှစ်စမှာပဲ အစာအိမ်ပြည်တယ်တဲ့ ရောဂါနှင့်ဆေရုံ တက်ရပါတယ်။ သာမန်လူငယ်တစ်ယောက် အတွက်မပြောပလောက်တဲ့ ခွဲစိတ်မှုဟာ ရှစ်ဆယ်ကျော်အဘွားအို အတွက်ပြန်နလံမထူ နိုင်တော့ပါဘူး ။ ဆေရုံကနောက်ဆုံး အိမ်ပြန်သယ်သွားဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့ ၀န်ထမ်းအိမ်ရာထဲကအိမ်လေး (အဖေ့စိတ်ကူးအိမ်ကလည်း မပြီးသေးပါ) ဆီကို အဘွားကိုပြန်သယ်လာရတယ် ။ မိုးမှောင်နေတဲ့ နေ့လည်တစ်ခုမှာအဘွား ဆုံးတယ်။ ပူလောင်လှတဲ့ ငိုကြွေးသံတွေကြားမှာ အားလုံးကိုကျောခိုင်းသွားပြီ ဖြစ်တဲ့ အဘွားကိုကျွန်တော် မျက်ရည်ကြားမှ မြင်ရတယ်။ အဘွားရက်လည်တဲ့နေ့ မှာအမေကပြောတယ်။ "ဘာပဲပြောပြော မင်းအဘွားမဆုံး ခင်အမေတို့ပြုစု လိုက်ရပါတယ်ကွယ်။ နောက်ပြီး အိမ်မှာပဲဆုံးရှာတာပါ။ဆေးရုံမှာမဟုတ်တာကို ပဲမင်းအဘွားဝမ်းသာရှာမှာပါ။ နို့မို့ဆိုရင် ၀င်းထဲတောင်ဝင်ခွင့်ရမှာ မဟုတ်ဘူး ။ " ။ ဟုတ်ပမလားအမေရယ် အဘွားနောက်ဆုံးအချိန်မှာ သူခေါင်းချချင်တဲ့နေရာဟာ သည်အိမ်ဟုတ်ပမလား .......? ။ဒါပေမယ့် ကျွန်တော်အမေ့ကို ဘာမှပြန်မပြောခဲ့ပါ ။

ုပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်က ကျွန်တော်မြန်မာနိုင်ငံပြန်ခဲ့ သည်။ (၁၀) တန်းပြီးနောက် ပညာရေးအတွက် မိမိနိုင်ငံကိုကျောခိုင်းထွက်ခဲ့ရပြီး မှတစ်ဖန်အလည်ပြန်လာခြင်းပင် ။ သည်တစ်ခါတော့ ကျွန်တော့်အိမ်ဟာ (မိဘများပြောင်းရွှေ့ရာ) ရွှေဘိုမှာဖြစ်သွားပြီ ။ ကျွန်တော်အိမ်သစ်ကို ၀င်ဝင်ချင်း အိမ်တံခါးနှင့်တည့်တည့် ကုလားထိုင်မှာထိုင်တတ်သည့် အဘွားကိုသတိရမိသည်။ သည်အိမ်သစ်မှာတော့ အဘိုးနှင့် အဘွားတို့ဓာတ်ပုံတွေချိတ်ထားတာတွေ့ ရသည်။ ကျွန်တော့်အလှူတုန်းကရိုက်ထားသည့်ဓာတ်ပုံထဲက အဘွားရဲ့အင်္ပြုးဟာ အသက်ပါလှရုံသာမက ဆေးသားကလည်းစိုနေတယ်။ ဘေးကအဖိုးရဲ့ ဓာတ်ပုံကတော့ရှေးကပုံကို ပုံကြီးချည့်ပြီးကူးထားလို့သိပ်မထင်ရှားပါ။ တို့အရင်တုန်းက အိမ်ထောင်စုစာရင်း အတွက်အိမ်ရှေ့မှာ ထွက်ပြီးမိသားစု ဓာတ်ပုံရိုက်ခံကြရတုန်းကပုံလို့ အမေပြောတယ်။ ပုံဘယ်လောက်ပဲ ၀ါးဝါး အဘရဲ့အပြုံးက ကျွန်တော်အတွက်ထူးဆန်းနေတယ် ။ ဟုတ်ပါရဲ့ သည်လိုအပြုံးမျိုးကို မမြင်ရတာကြာပြီ ။ အဘရဲ့အပြုံးကကျေနပ် အားရနေတဲ့အင်္ပြုးမျိုး ။ ဟင့်အင်း ။ ဒါတွင်မကသေးဘူး ငါ့ချွေး ၊ ငါ့သွေး ၊ ငါ့ကိုယ်ပိုင်ကြိုးစားမှုကြောင့် ရလာတဲ့ ငါ့မိသားစုအတွက်ငါ့ ကိုယ်ပိုင်အိမ်ပဲဆိုတဲ့ ရဲရဲဝင့်ဝင့်ယုံကြည်တဲ့အပြုံး မျိုး ။ ကျွန်တော်ကြီးပြင်းလာရတဲ့ ခေတ် ၊ ပတ်ဝန်းကျင်မှာ မိမိရဲ့အိုးအိမ် စည်းစိမ်ဥစ္စာအတွက် မိမိကိုယ်ပိုင် အရည်အချင်းပင်ပန်းခံကြိုးစားမှု မပါဘဲ သူတစ်ပါးကိုဒုက္ခပေး ချောက်ချ အမြတ်ထုတ်ဂုဏ်ယူနေကြတဲ့ ပုဂ္ပိုလ်တွေဆီမှာ မတွေ့နိုင်တဲ့အပြုံးမျိုးပဲ။ ပကာသနကင်းမဲ့ပါစေမိမိအရည်အချင်းနှင့်ရသောတစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါးဂုဏ်ယူပြုံးနိုင်ဖို့ ကျွန်တော်တို့ဘယ်လောက်ကြိုးစားရဦးမှာ လဲ ? ။ ကျွန်တော်မသိနိုင်ပါ။ ဒါပေမယ့် သေချာတာကတော့ကျွန်တော်အတွေးထဲမှာ ဘရဲ့အိမ်လေးဟာ မေတ္တာစေတနာတွေကြောင့် ကြီးကျယ်မြင့်မြတ်သွားတာပါပဲ ။

26 November 2007

McDonal's , ဟမ်ဘာဂါ နှင့် နွေးထွေးမှုညနေခင်းများ

Mc Donal's ဆိုင်ဟာကျွန်တော်စားနေကြ Fast Food ဆိုင်ပါ။ Mc Donal's ဆိုင်တော်တော်များကိုကျွန်တော်ထိုင်ဖူး ပါတယ်။ Mc Donal's ဟာတစ်ယောက်ထဲထိုင်စား ရင်အတော်လေးပျင်းဖို့ကောင်းပါတယ်။ နေ့စဉ်ကျတော့်လည်း ညည်းငွေ့စရာကောင်း ၊ ကျောင်းသားတစ်ယောက်အနေနဲ့ကျတော့လည်း ငွေကြေး မတတ်နိုင်ဘူးလေ။ ဒါပေမယ့် (၁)ပတ်တစ်ခါလောက် သွားစားရတာတော့ အပြောင်းအလဲသဘောလေးပါ။ Fast Foods တွေဟာမကောင်းဘူးလို့ ကျန်းမာရေးရှုထောင့်က ဘယ်လိုပဲဆို ပါစေ ချက်ရကြော်ရတဲ့ ဒုက္ခနဲ့စာရင်နောင်ခါမှ နောင်ဈေးပါ ။ ငွေကြေးအနေနဲ့လည်း ခြေနိုင်လက်နိုင် လည်းရှိတယ် ၊ ပြီးတော့လည်း သူငယ်ချင်းတွေနဲ့ တပျော်တပါး ကြီးသွားကြတော့ ပျင်းစရာလည်းမကောင်းပါ။

သည်နေ့ညနေ lecture နောက်ဆုံးချိန်ပြီးရင် ကျွန်တော်တို့ Mc Donal's မှာညစာစားဖြစ်တယ်။ သူငယ်ချင်းတွေဆိုတာ ကျွန်တော်နဲ့မှ စုစုပေါင်း ၄ ယောက်ပါ။ ကျွန်တော်တို့ဟာ Major တူပေမယ့် Group မတူကြဘူးလေ ၊ ဒါကြောင့် ရှားရှားပါးပါး တစ်ပတ်မှာတစ်ချိန်သာတူတဲ့ တနင်္လာနေ့နောက်ဆုံး lecture ချိန်ပြီးမှာ စုစုစည်းစည်း ညစာစား လေပစ်ကြပါတယ်။ ကျောင်ဝင်းနဲ့မနီးပေ မယ့် သိပ်လည်းမလှမ်းလှတဲ့ ဆိုင်ခွဲလေးမှာပါ။ ဆိုင်မှာလည်း Spicy ဘာဂါပဲအတူတူမှာစား ပြီး ညနေချမ်းလေးတွေ ကိုကုန်စေကြတာအကျင့်လို ဖြစ်နေပြီ။ ကျွန်တော်တို့ပြောတဲ့ အကြောင်းတွေဟာ လောလောဆယ်အဆင် မပြေတဲ့အကြောင်းတွေ ၊ အင်တာနက် ၀ပ်ဆိုက်တွေအကြာင်း ၊ နောင်စာအုပ်တွေအကြောင်း ကျောင်းစာတွေအကြောင်း နောက် အနာဂတ်အကြောင်းတွေပါ ။ ဘာဂါကိုစားရင်း ၊ အအေးသောက်ရင်း ကျွန်တော်တို့ ရယ်မောခဲ့ကြဖူးတယ် ၊ စိတ်ကူးတွေထဲရွက်လွှင့်ခဲ့ကြ ဖူးသည်။ ဘာပဲပြောပြော ကျွန်တော့်တို့ ခင်မင်မှုဖြင့်နွေးထွေးခဲ့ ကြသည်။ စိတ်ညစ်စရာတွေ ပြောမိကြအုံးတော့ ကျွန်တော်တို့အသံတွေပေါ့ ပါးနေကြသည်။

သူငယ်ချင်းဆိုတာ မိမိရပ်တည်နားခိုနားရာ ဘ၀အချိုးအကွေ့တိုင်းမှာ မရှိမဖြစ်နီးပါးလိုအပ်တဲ့ အရာပါ။ "သူငယ်ချင်း" ဆိုတဲ့စကားပေါင်းစပ် ဖွဲစည်းပုံကို အရင်းအမြစ်ထိ မသိပေမယ့် အပေါင်းအသင်း ဆိုတဲ့ အဓိပ္ပာယ် ထက်ပိုတယ်လို့တော့် ခံစားသိနိုင်ပါလိမ့်မယ် ။ ဘ၀မှာ အကြောင်းကြောင်းကြောင့် ပေါင်းသင်းရတဲ့သူများပေမယ့် သူငယ်ချင်းလို့ သမုတ်ရတဲ့သူနည်းလှပါတယ်။

ကျွန်တော့် ဘ၀မှာ အရေအတွက်နည်းလှသော သူငယ်ချင်းတွေရှိခဲ့ သည်။ သူတို့တစ်တွေနဲ့ကျွန်တော်အခြေအနေ အရအလှမ်းဝေးကြရ သော်လည်း မကြာမကြာသတိရတတ်သည် ။ ခုလောလောဆယ် ကျွန်တော့်မှာခင်မင်ရ သူ ၃ ယောက်ရှိပါသည်။ ကျွန်တော်တို့ သည် မိမိနိုင်ငံကို ခွဲခွာ၍ ပညာရှာရန်လာ ခဲ့ကြသည် ။ အတန်းတူ ၊ စာအတူတူကျက် ကြရင်းခင်မင် မှုတွေပွားဝေခဲ့ကြသည်။ ကျွန်တော်တို့ လေးယောက် တွင်ထပ်တူကြသော ၀ါသနာ မရှိပါ ၊ သို့သော်ညှိယူလို့ မရအောင်ကွာ ခြားမှုလည်းမရှိကြ ။ ဘ၀မှာ ဆန်းဆန်းပြားပြား မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းသာနေထိုင်လို ကြသည့် စိတ်ရှိကြသည် ။ လူတောမတိုးလို့ ဆိုနိုင်သော်လည်း မိမိပတ်ဝန်းကျင်မှာ စိတ်ရှင်းလက်ရှင်းနေထိုင်ချင်စိတ်ရှိ ကြသည် ။ ကျွန်တော်တို့ကြားတွင် ဒဏ္ဍာရီ ဆန်သော စွန့်လွှတ်အနင့်နာခံမှုများ မရှိပါ ၊ ရင်းနှီးသော မောင်နှစ်မသဖွယ် ပွင့်လင်းမှုများသာရှိ သည်။ ။

ကျွန်တော်တို့စာမေးပွဲနီးတိုင်း ကျောင်းမှာတစ်နေကုန်နီးပါး စာလုပ်ကြသည်။ စာမေးပွဲနီးမှာကပ်လုပ်ကြသည့် တိုင်အားငယ်မှုများ မရှိပါ။ သူမရင့ါပကူ ၊ ငါမရသူကူနဲ့ စာမေးပွဲတောင် ကြီးကိုအံတု ကြပါသည်။ ထိုအတွင်း နေ့လည်စာကို Cup Noodles နဲ့ ညစာကိုတော့ Mc Donal's က ဘာဂါ ။ စာမေးပွဲပြီးရင် ၃ ၊ ၄ ရက်လောက်လျှောက်လည် ကြသည်။ နောက်တော့လည်း ကျောင်းပိတ်ချိန်တွင်ကိုယ့် ကိစ္စ နှင့်ကိုယ် ။ ထွက်လာသောအောင်စာရင်းရဲ့ မတူညီတဲ့ ရလဒ်တွေ အပေါ်မှာလည်း မနာလိုမရှိကြ ။

ဘာလိုလိုနှင့် ကျွန်တော်တို့ ခင်မင်လာကြတာ တစ်နှစ်လောက်ရှိ ပြီ။ ကြာလာတာနှင့်အမျှ ခင်မင်မှုတန်ဖိုးကို သိနားလည်လာ ကြပြီ။ ဒါပေမယ့် တစ်နေ့နေ့တော့ ကျွန်တော်တို့ လေးယောက်ခွဲကြရ အုံးမှာပါ ။ တစ်ယောက်စီရဲ့ မတူညီတဲ့ မျှော်လင့်ချက်တွေ ၊ အိပ်မက်တွေကို ကိုယ်စီကိုယ်ငှ အကောင်အထည်ဖော်ကြဖို့လေ။ လောကသဘာဝမဟုတ်လား ။ ဒီလိုနဲ့ ဘ၀အမောတွေကို ကိုယ်စီခံစားရင်း ခရီးဆက်ကြရ အုံးမယ် ။ အကြောင်းတိုက်ဆိုင်လို့ သတိရရင်တော့ အတွေးထဲမှာ စာမေးပွဲတွေ ၊ Cup Noodles ခွက်တွေ ၊ ဘာဂါတွေ နောက် နွေးထွေးတဲ့ ခင်မင်မှုညနေခင်းလေးတွေရော ပေါ့ ................. ။ ။

( To Mulay, Su Wai and Zayar .... , For our loving Memories.............! )