Showing posts with label စာစု. Show all posts
Showing posts with label စာစု. Show all posts

19 July 2008

အာဇာနည်နေ့ဆန္ဒ

အာဇာနည်နေ့ ဆိုတာ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ကျခဲ့တဲ့နေ့တစ်နေ့ ။
ဗိုလ်ချုပ်အပါအ၀င် မြန်မာ့ထိပ်သီးခေါင်းဆောင် အာဇာနည်တွေကျဆုံးခဲ့ ရတဲ့နေ့ ။
ငယ်ငယ်တုန်းကတည်း ကသည်လိုသာမန် သဘောထားမိခဲ့သည် ။ ထိုနေ့တွင် ကျောင်းပိတ် ၊ ရုံးပိတ်တတ်၍ မျှော်ပင်မျှော် နေတတ်ခဲ့သည် ။ ဒါပေမယ့် ခုချိန်ပြန်တွေးကြည့်မိတော့ ထိုနေ့လောက်အကျည်းတန်သော နေ့ဟူ၍ မြန်မာနိုင်ငံသားတစ်ယောက် အတွက်မရှိ ။
ထိုနေ့ဟာ ချောက်အိပ်မက် တစ်ခုဖြစ်တယ် ကဗျာဆရာမ ငွေတာရီက ရေးဖွဲ့ခဲ့သည် ။ သေချာတာ ကတော့ ယခုတိုင်အောင် ကျတော်တို့မြန်မာပြည်သားတွေ ချောက်အိပ်မက်မှ မနိုးထနိုင်ကြသေးပါ ။ အာဇာနည် နေ့မှာ မှတ်သားထားမိတဲ့ ကဗျာဖွဲ့လေးတွေ တင်ပေးလိုက်ပါတယ် ။

ဇူလိုင် (၁၉) ရက်၏ချောက်အိပ်မက်
တဒိုင်းဒိုင်းနဲ့
မဆိုင်းမရပ် ၊ အထပ်ထပ်တည့်
သေနတ်ပစ်သံ ၊ ဆူဆူညံလျက် ။

တမှိုင်းမှိုင်းနဲ့
ရစ်သိုင်းမှုန်မှေ့ ၊ တဝေ့ဝေ့တည့်
ယမ်းငွေ့ မီးခိုးသူကြီးစိုးလျက် ။

လှမ်းမျှော်ကြည့်သော်
သွေးတိနီလွင် ၊ အောက်ကြမ်းပြင်ဝယ်
ဟိုတွင်တစ်ယောက် သည်တယောက်နှင့်
လျားမှောက်ပက်လက် ၊ ငြိမ်သက်လျက် ။

အလိုဘုရား
နှုတ်ဖျားသံထွက် ၊ ရုတ်တရက်တည့်
မျက်စိလှည့်စား ၊ လေသလားဟု
ထင်မှားစိတ်ရွံ့ ၊ မပြောဝံ့သည်
သက်စွန့် ဇာနည်ခေါင်းဆောင်များ ။

`အိုဘုရား နှင့် နတ်များကယ်ပါ´
ဆိုကာမြည်တမ်း ၊ မောဟိုက်ပန်းနှင့်
စိတ်နွမ်းလှိုက်ဖို ၊ မျက်ရည်ယိုက
အလိုစိတ်ထင့် မျက်လုံးဖွင့်မိ
မှန်းချင့်မျှော်ကာ ၊ ကြည့်လိုက်ပါသော်
တိမ်လွှာနောက်တွင် ၊ လစန်းရှင်သည်
မရွှင်လှိုက်ဖို မဲညိုလျက် ။ ။

(ငွေတာရီ)

ဆရာဇော်ဂျီကတော့ အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများရဲ့ လမ်းစဉ်ကိုလိုက်ပြီး ခေတ်သစ်မောင်မယ်တွေ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ရစ်ကြပါ။ ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ရှေးရှုကြပါလို့ လူငယ်တွေကို အာဇာနည်နေ့မှာ ဆန္ဒပြုခဲ့ပါတယ် ။
အာဇာနည်နေ့ဆန္ဒ
ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားနှင့် ၊ ပြောချိန်သင့်ပြီ
လွတ်ခွင့်ရနီး ၊ လွတ်စည်တီးမှ
ဖျက်ဆီး ကြံရွယ် ၊ အန္တရာယ်သည်
မဖွယ်မရာ ၊ တို့ပြည်ရွာ၌
ပေါ်လာမကောင်း ပေါ်ခဲ့ကြောင်း ။

ဖျက်ဆီး ကြံရွယ် ၊ အန္တရာယ်တည့်
နယ်ချဲ့သွေးထိုး ၊ ဒေါသအိုးသည်
တိုင်းကျိုး လိုလို ၊ ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲပိုက် ၊ မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း ၊ မိုက်ခဲ့ကြောင်း ။

အမိုက်ကမ်းခတ် ၊ သူ့အတက်ကြောင့်
လွတ်မှုကြိုးပမ်း ၊ ခုလတ်လမ်းတွင်
ဆန်းတို့တစ်စု ၊ တိုင်းပြည်ပြုတို့
မရှုမလှ ၊ ကြွေလိုက်ရသည်
ကျခဲ့မကောင်း ၊ ကျခဲ့ကြောင်း ။

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်းကပြန်ပြောင်း ၊ မင့်သားကောင်းကို
အကြောင်းစုံသိ ၊ မင့်ဝန်ရှိ၏ ။
ရှိပါကတဲ ၊ သူ့စိတ်ထဲ ၌
တိတ်စွဲသောက ၊ စွဲဒေါသတို့
မကြွစေချင် ၊ ပြေစေချင်၏
ပညာအသိ ၊ သတိဖြစ်ရေး
အတွေးမှန်ကန် ၊ နိုင်ငံလူထု
ကိုသာရှု ၍
ပြုစေချင်၏ ပြုပါဘိ ။ ။
(ဆရာဇော်ဂျီ)
အာဇာနည်ဆိုသည်မှာ မည်သည့်အခါကမျှ ပြည်သူတို့၏ စိတ်တွင်သေသွားရိုး ထုံစံမရှိပါ ။ ကျတော်တို့ ဘိုးဘွားတွေ လက်ထက် ၊ အဖေအမေလက်ထက် ၊ ကျတော်တို့လက်ထက် နောက် ကျတော်တို့ နောက်မျိုးဆက်တွေ လက်ထက်ထိတိုင် အာဇာနည်တို့၏ ပုံရိပ်နှင့် ကျတော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်ခဲ့သော နေ့တစ်နေ့ကို မေ့နိုင်မည်မဟုတ်ပါ ။ သည်လို အခါမှာတော့ နိုင်ငံ့အနာဂတ်အကျိုးကို အာဇာနည်တွေကို စံထားလျက် တတ်လူတို့ရှေ့ရှုသင့်ပေသည် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော် ဇူလိုင် (၁၉) မှ စခဲ့သော မြန်မာပြည်ချောက်အိပ်မက်ကြီး ဆုံးခန်းတိုင် နိုးထနိုင်ပါစေတော့ .

နိုင်ငံအတွက် အသက်ပေးသွားကျပြီးဖြစ်သော အာဇာနည်များအား ဦးညွှတ် အလေးပြုလျက်…….

13 February 2008

ဗိုလ်ချုပ်မွေးနေ့

မနေ့က Public Holiday မှာ အနားရလို့ အလုပ်သမားတွေ ၊ ကျောင်းသားတွေ အလုပ်သွား ကျောင်းသွားဖို့ ပျင်းနေကြ တဲ့ နေ့တစ်နေ့ ၊ နက်ဖြန်အတွက်ကို ကြိုတင်ရင်ခုန်နေကြသော အချစ်ဦး ၊ အချစ်ထူး ၊ အချစ်ရူးတွေ မြူးနေကြတဲ့ နေ့တစ်နေ့ ဟာသူတို့ နိုင်ငံ့လွတ်လပ်ရေးဖခင်ကြီးရဲ့ မွေးနေ့ဆိုတာကို မေ့လျော့နေကြတဲ့ လူငယ်တွေ အတော်ကို များပါလိမ့်မယ် ။

ကျောင်းတုန်းက သမိုင်းတော်တယ် ဆိုတဲ့လူတွေလည်း ရမှတ်အတွက် ဆိုတဲ့ စိတ်နဲ့ ဗိုလ်ချုပ်မွေးနေ့ ကို ကျက်မှတ်ခဲ့ဖူးရင်တောင် ခုချိန်မှာမေ့နေဖို့ သေချာပြီ ။

ဗိုလ်ချုပ်ဆိုတာ မြင်းစီး ၊ ဓါးလွတ်ကိုင် ၊ စစ်ချည်တတ် ရုပ်တု တစ်ခုအဖြစ်သာ သဘောထားကြ တဲ့လူငယ်တွေ ။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒဏ္ဍာရီထဲက သူရဲကောင်းတစ်ယောက်လို သင်ကြားခဲ့ရတဲ့ ပညာရေးခေတ်ထဲ ကလူငယ်တွေ ။

ခံယူချက် ၊ အတွေးအခေါ် အကြောင်း မပါဘဲ လုပ်ဆောင်ချက်သက်သက်ကို သာ သမိုင်းကြောင်းတစ်ခု အဖြစ်သင်ကြားခဲ့ရတဲ့ ကျတော်တို့ ခေတ်ကလူငယ်တွေ ၊

ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကို ပြည်သူ့တွေ စိတ်ဓာတ်ကပျောက်အောင် ဖျောက်ဖျက်ပစ်ခြင်တဲ့ အုပ်ချုပ်မှုအောက်က ခေတ်ပြိုင်လူငယ်တွေ ။

သည်လူငယ်တွေဟာ ကိုယ့်နိုင်ငံခေါင်းဆောင်ရဲ့ မွေးနေ့ကို မေ့နေကြ သတဲ့လား ? ။။

ဗိုလ်ချုပ်ကတော့ ခေတ်အဆက်ဆက်လူငယ်တွေ ကို သိပ်ကိုယုံကြည် ချက်ထားခဲ့ရှာတာ ။

ဒါပေမယ့် ကျတော်တို့ ပါတ်ဝန်းကျင်မှာ အများဆုံးတွေ့ နေကြရတာက -

ကိုယ့်လူမျိုးကို တစိမ်းလူတွေကြားထဲ ထုတ်ဖော်ပြောဖို့ကို ရှက်ရွံ့စရာလို့ သတ်မှတ်ကြတဲ့ လူငယ်တွေ ။

ကိုယ့်တတ်လမ်း ငွေရရေးအတွက်သာ အဓိက ကြည့်ပြီး ကိုယ့်လူမျိုး ကိုယ့်ဘာသာကို စွန့်လွတ်ဖို့ ၀န်မလေးကြတဲ့ လူငယ်တွေ ။

မြန်မာစကား ၊ မြန်မာစာ ၊ မြန်မာ့သမိုင်း မကျွမ်းကျင် မတတ်သိတာကိုပဲ ဂုဏ်ယူနေတတ်တဲ့ လူငယ်တွေ ။

ဘာရည်ရွယ် ချက်မှမရှိပဲ လွင့်မြောနေကြတဲ့လူငယ်တွေ ။

ကိုယ့်မိသားစု ၊ ကိုယ့်ပတ်ဝန်းကျင် သီးသန့်လေးတိုးတက်အောင်ကြိုး စားရင် မိမိကိုယ်ကို ဂုဏ်ယူနေကြတဲ့ လူငယ်တွေ ။

ဗိုလ်ချုပ်ပုံမပါတော့တဲ့ ပိုက်ဆံအရွက်ကြီးတွေကို ရှာဖွေ ၊ လဲလှယ် ၊ သုံးဖျုံးရင်း မာန်တတ်နေကြတဲ့ခုခေတ် လူငယ်တွေ ။

ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်တော့လည်း သည်လိုလူငယ်တွေကြားမှ အရိပ်တစ်ခုပါပဲလေ ။

ကျတော်ကို ရှေးလူကြီးများရဲ့ ကြွေးဟောင်းကိုလည်း မကြေပါ ။ နောက်လူမျိုးဆက်သစ်တို့ အတွက် ကြွေးသစ်ကို ချပေးနိုင်ဖို့လည်း ဝေလာဝေး ။

ကျတော်တို့ တာဝန်မကျေခဲ့ပါ..။ တာဝန်လည်းမကျေသေးပါ..။

သည်လိုပြန်လည် စမ်းစစ်မိတော့မှ ဗိုလ်ချုပ်တို့အားလုံး မြန်မာပြည်တိုးတက် စေလိုတဲ့ စေတနာနှင့် စိတ်ရောကိုယ်ပါ ကြိုးပမ်းခဲ့ကြ သူ အားလုံးကိုလည်း လူငယ်တစ်ယောက်အနေဖြင့် ရှက်ရွံ့စာတောင်းပန်ရပါသည်။

ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေက ကျတော်တို့အပေါ်မှာ အမြားကြီး ။ အနည်းဆုံး ဗိုလ်ချုပ်မွေးနေ့မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပ ။ ဗိုလ်ချုပ်အကြောင်း Media ပေါင်းစုံမှ ဂုဏ်ယူစွာ သီချင်းတွေလွှင့်
၊ သီခြား စာအုပ်စာတမ်းတွေ ဖြန့်ဝေ သည်လိုတွေမြင်ခြင်မိပါတယ် ။

ကျတော့်အတွက် အနည်းဆုံးတော့ ဖေဖော်ဝါရီ (၁၃) ရက်နေ့နံနက်မှာ အိပ်ယာမှာ နိုးနိုးခြင်း -

"ထားရာမှာနေ စေရာသွား ၊ နွားနဲ့မခြားပေ
ကျွန်ဖြစ်မှ နွံနစ်ရပေ ၊ လွတ်မြောက်ရာလမ်းကို မှန်းဆသူရှာဖွေ
သခင်အောင်ဆန်း ၊ ဗိုလ်အောင်ဆန်း အောင်ဆန်းတဲ့ဟေ့
တစ်ခေတ်ဆန်းခဲ့တဲ့ နာမည်ပေ" -
ဆိုတဲ့ သီချင်း ပဲဖြစ်ဖြစ် ၊

"ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ် ၊ မော်ကွန်းလည်းထိုးလောက်တယ် ၊
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်"
ဆိုတဲ့ တေးသံပဲ ဖြစ်ဖြစ်-
တစ်ခုခုကိုတော့ အိမ်က ရေဒီယို ၊ ဒါမှမဟုတ် ပတ်ဝန်းကျင် အသံချဲ့စက် တစ်ခုခုမှ ဖြစ်ဖြစ် ကြားရပြီး ဗိုလ်ချုပ်အတွက် တစ်စိမ့်စိမ့် ကျေးဇူးတင် ဂုဏ်ယူ နေချင်မိတော့တယ် ။

အောင်ဖြိုး
(၁၃၊ ၂၊၂၀၀၈)

2 February 2008

မြန်မာ့သနပ်ခါး


အညာသားပြီပြီ ကျနော် သနပ်ခါးသိပ်ကြိုက်ခဲ့တာ ။ နောက်တော့လည်း ယောက်ျားလေးဆိုတော့ သနပ်ခါးနဲ့ဝေး သွားခဲ့တယ် ။ ဒါပေမယ့် ဟိုတလောကမှ သူငယ်ချင်းအစ်မ တစ်ယောက်နဲ့ စကားစပ်ရင်း သနပ်ခါးအကြောင်း ရောက်သွား မှ ဒါလေးအကြောင်း ခံစားကြည့်ဦးမယ် ဆိုပြီးရေးကြည့်မိခဲ့တာ ။ သူကိုယ်တိုင် ကလည်း ကျနော်ကို သနပ်ခါးတစ်တုံး လက်ဆောင်ပေးလို့ တော်တော်ကြီးကို မေ့နေခဲ့တဲ့ သနပ်ခါးလိမ်းရတဲ့ အရသာကိုရော ၊ သနပ်ခါးရနံ့ကိုရော ပြန်သတိရသွားစေခဲ့တာ ။ ( အစ်မကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။)

ကျတော်တို့ သည်မှာတော့ သနပ်ခါးလိမ်းတဲ့သူ ကိုတွေ့နိုင်ဖို့အတော့်ကို ရှားတာ ၊ မြန်မာအမျိုးသမီး စစ်စစ်တွေကိုယ်တိုင် သနပ်ခါးကိုကျောခိုင်းကျတော့ သနပ်ခါးရနံ့ဆိုရင် မူးလို့ရှုစရာကိုမရှိတာပါ ။

ကျတော့် ယောက်ျားလေးသူငယ်ချင်း တစ်ယောက်ကတော့ ကျတော်သနပ်ခါးလိမ်းမယ် ဆိုတော့ အသားမည်းတဲ့ကျတော့်ကို “သနပ်ခါးလိမ်းရင် မင်းအသားနည်းနည်းဖြူလာမှာပေါ့ကွ” ဆိုပြီးစတော့တာပဲ (အေးလေ… သူကတော့ တရုတ်ဆိုတော့ ခရုသင်းစွဲတယ်ထင်ရလောက်အောင် ကိုဖြူတာ :D ) ။ သူကတော့ “ရန်ကုန်သူ” သီချင်းကို ဖျက်ဆိုပြီးတော့တောင် ကျတော့်ကိုနောက်နေသေးတယ် ။ ဘာပဲပြောပြောလေ ရန်ကုန်သူ ဖြူဖြူနုနုလေးတွေပဲဖြစ်ဖြစ် ၊ အညာသူ ညိုပြာညက်တွေပဲ ဆိုဆို သနပ်ခါးလိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ လှတာပဲ မဟုတ်လား ။ ခံစားကြည့်ပါ ။

ဝေးခဲ့ရသူမို့

ချစ်သူ့ပါးနုနု ကို ပထမဆုံးနမ်းခွင့်ရခဲ့တုန်းက ယစ်မူးသွားစေခဲ့တဲ့ အနောက်တိုင်း မိတ်ကပ်နံ့ကို ရင်ခုန်စွာ ပြန်လည်အောက်မေ့ရင်း အဖွားရဲ့ပါးက သနပ်ခါးနံ့ကြူကြူကို သူသတိရမိခဲ့တယ် ။ နောက်ပိုင်းတစ်လျှောက်လုံး သနပ်ခါနံ့ သင်းသင်းလေးကို သူ့ခမျာ လွမ်းနေရဆဲဖြစ်သည်။

ဟုတ်ခဲ့သည်ပဲလေ ။ သူ့အဖွားအညာသူကြီးက သနပ်ခါးသိပ်ကြိုက်ခဲ့တာမဟုတ်လား ။ ရေကြဲကြဲနဲ့သွေးထားတဲ့ သနပ်ခါးကို သူငယ်ငယ်တုန်းကဆို နံနက်မျက်နှာသစ်ပြီးတိုင်း သူ့အဖွားကိုယ်တိုင်လိမ်းပေးနေကြ ။ သနပ်ခါးလိမ်းပေးတိုင်းလည်း ရှေးလူကြီးများ ထုံးစံ `ဗုဒ္ဓံသရဏံ ဂစ္ဆာမိ´ ၊ `ဓမံ္မသရဏံ ဂစ္ဆာမိ´ ၊ `သံဃံသရဏံ ဂစ္ဆာမိ´ လို့ သရဏဂုံ (၃) ပါးရွတ်ဆိုပြီး နဖူးနဲ့ ပါးတစ်ဖက်တစ်ချက်စီက စပြီးလိမ်းပေးနေကျ။ သူကလည်း သနပ်ခါးနံ့မွှေးမွှေး ၊ အသားတအေးအေးနဲ့ နေရတာကို သိပ်သဘောကျခဲ့တာ ။ ဒါပေမယ့် ဆောင်းနံနက်ခင်းတွေကျရင်တော့ အဖွားနဲ့စိတ်ကောက်မြဲ ။ အညာရဲ့ဆောင်းရဲ့ နံနက်ခင်းအေးအေးနဲ့ သနပ်ခါးရေနဲ့ အေးမြတဲ့ အထိအတွေ့ဟာ မျက်နှာတစ်ပြင်လုံး ထုံထက်သွားအောင်အေးတာမဟုတ်လား ။ အဖွားကတော့ ဆောင်းမှာ သနပ်ခါးလိမ်းရင်အသားမပတ်ဘူးဆိုပြီး အတင်းလိမ်းပေးနေကျ ။

သူ့အမေကျတော့လည်း သနပ်ခါးကို ထူပိန်းနေအောင်လိမ်းတတ်သူပင် ။ အညာနေပူကြဲကြဲမှာ စက်ဘီးနင်းပြီး ကျောင်းကပြန်လာလို့ ချွေးဒီးဒီးကျသည့်တိုင် သနပ်ခါးကတော့ မပျက်ပေ။ အမေကျောင်းကပြန်လာ လို့ သူ့ကိုချီပိုးတိုင်း ချွေးနံ့ရောနေသည့်တိုင် သနပ်ခါးနံ့ကတော့ သင်းမြဲ။ သူငယ်ငယ်တည်းက သည်လိုမွှေးအနံ့တွေကို ရင်နှီးခဲ့သည်လေ ။ သူ့ကိုတစ်ခါတစ်ခါ အမေကိုယ်တိုင်သနပ်ခါးလိမ်းပေးရင်တော့ သူ့နည်းနှင့်သူ ခပ်ပျစ်ပျစ်လေးသွေးလို့ ထူထဲနေအောင်လိမ်းပေးမြဲ ။ အရေပြားတွေ ကျစ်မာသွားသယောင်ခံစားရအောင်ထိကို ထူထူလိမ်းပေးခဲ့တာ သူမှတ်မိသည်။

နံနက် မျက်နှာသစ်ပြီးတစ်ကြိမ် ၊ ရေချိုးပြီးတစ်ကြိမ် သနပ်ခါပါးကွက်ကြားလေးကွက်ပြီး နေခဲ့ရသည့် ကလေးဘ၀နေ့တွေမှာ သူပျော်ခဲ့ဖူးတာပဲ။ နောက်အဝေးမှာ အလုပ်သွားလုပ်နေရတဲ့ သူငယ်ငယ်ကသိပ်မမှတ်မိတတ်တဲ့ အဖေပြန်လာတိုင်း နှုတ်ဆက်နေကြ `အား…ပါ…. အဖေ့သားကြီး ကသိပ်မွှေးပါလား´ ဆိုပြီး ပွေ့ဖက်နမ်းရှုံ့ရင် သူ့အဖေကို ပြန်မှတ်မိသွားတတ်ခဲ့ တာပဲလေ။ မှတ်မှတ်ရရ သူ့အဖေပထမဆုံး ၀ယ်လာတဲ့ ကင်မရာတစ်ပတ်နွမ်းလေးနဲ့ ပြန်လာတဲ့နေ့က သနပ်ခါးပဲကြား ပါးကွက်ကြားလေးနဲ့ ရေချိုးပြီးစ ကွပ်ပစ်ပေါ်မှာ ထိုင်နေခဲ့တုန်းပေါ့။ အဲသည်မှာပဲ သူကျုံ့ကျုံ့လေးထိုင်ပြီး ပြုံးနေတဲ့ ပုံလေးကို အဖေရိုက်ပေးခဲ့တာ ။ နောက်ကူးပြီးတော့လည်း ပုံလေးက သိပ်လှတာဆိုပြီး သူ့အဖေက Wallet ထဲမှာ အမြဲဆောင်ထားနေကျ ။ နောက်တော့ စဉ်းစားကြည့်မိသမျှ ရိုက်ခဲ့သမျှဓာတ်ပုံတွေထဲမှာ အဲသည်ပုံလေးကအလှ ဆုံး သဘာဝအကျဆုံးပဲမဟုတ်လား ။

+++++++

တကယ်တကယ်တော့ သူတို့မြို့လေးကိုယ်တိုင်ကလည်း သနပ်ခါးနဲ့ မစိမ်းလှပါ ။ မြို့ကလေးရဲ့ ဈေးထဲမှာ သနပ်ခါးဆိုင်တွေလည်း အများကြီး၊ သနပ်ခါးဟာလည်း မြို့လေးရဲ့ အရေးပါတဲ့ စီးပွားရေး ထွက်ကုန်တစ်ခု ၊ နောက်မြို့ကလေးသူ ညိုပြာညက်တွေရဲ့ ပါးပြင်နဲ့ သနပ်ခါး ဆိုတာလည်း ခွဲလို့ရနိုင်ကောင်းတာမှ မဟုတ်ဘဲ ။ လက်လုပ်လက်စား အလုပ်သမ မှအစ မြို့မျက်နှာဖုံး သမီးအဆုံး သနပ်ခါးနဲ့ ကင်းတဲ့အညာသူဆိုတာ တကယ်ကိုမရှိတာပါ ။

ကလေးဘ၀က သူကြားခဲ့ဖူးတဲ့ ကဗျာတွေ ၊ သီချင်းတွေထဲမှာရော အညာနဲ့ သနပ်ခါး အကြောင်းဖွဲ့ ထားတာ တော်တော်များခဲ့ပါသည် ။ ``ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ၊ ဘယ်လိုအသားမည်းမည်း ၀ါဝါညက်ညက်ဖြူ´´ ဆိုတဲ့ သီချင်းဟာ သူ့အဖိုးလက်ထက်ကပေါ် ခဲ့တာဆိုပေမယ့် သူကလေးဘ၀ကျတော့ တစ်ကျော့ပြန်ဆိုတေးတွေကြားမှာ ခေတ်စားဆဲပါပဲ ။ သည်သီချင်းနဲ့ ပတ်သက်လို့ သူ့အဖွားပြောတတ်တဲ့ ``ဘယ်နှယ်တော် .. ရွှေဘိုသနပ်ခါးများ နနွင်းရောင်တောက်တောက်နဲ့ ကျုပ်တို့ ရှင်မတောင်လောက် မကောင်းပေါင်၊ မက်လည်းမမက်စက်ပေါင်´´ ဆိုတဲ့ Comment ကိုတော့ ခုခေတ် “စိုးစန္ဒာထွန်း” ရဲ့ ပြန်ဆိုတေး ကိုနားထောင်ရသည့် တိုင် သူ့အတွက်မရိုးနိုင် ။ ကိုယ့်ဒေသစွဲ ၊ ဌာနေစွဲကြီးလှတဲ့ သူ့အဖွား ….. ။ ခုလို ဌာနေကို စွန့်ခွာပြီးနေရတဲ့ သူ့မြေးကို ခုနေများတွေ့ရင် ဘယ်လိုသဘောထားပါ့မလဲ ။ သူတွေးကြည့်ဖူး ပါသည်။ ဒါပေမယ့် သူငယ်ငယ်တုန်းကတော့ အမေ နဲ့ အဖွားပါးပြင်က သနပ်ခါးနံ့ကြူကြူ ကိုနှစ်သက်စွာ ရှုရှိုက်ရင်း သူ့တို့အရိပ်မှာ အေးချမ်းစွာ မှီခိုခဲ့ဖူးပါသည် ။

+++++++

သူနည်းနည်းလူလားမြောက်လာသည်နှင့်အမျှ သနပ်ခါးနဲ့ အမြဲထိတွေ့ရတဲ့ ဘ၀နဲ့ တဖြည်းဖြည်းဝေး ကွာလာခဲ့ရသည် ။ သူ့အဖေ အလုပ်ရှိရာ အောက်ဘက် ``ပဲခူးတိုင်း´´ ကိုပြောင်းရွေ့လာကြရတာလည်း တစ်ကြောင်းပါ ။အောက်ဖက်မှာအညာလောက်တော့ သနပ်ခါးမပေါ ။နောက် (၆) တန်း ၊ (၇) တန်းအရွယ်မှာ သနပ်ခါးလိမ်းဖို့ ငြင်းဆန်တတ်ခဲ့ပြီ ။ သူ့ကိုကလေးလေးလို့ ထင်နေဆဲ အဖွားက ဘာလို့လဲလို့ မေးရင် ပျင်းလို့မလိမ်းချင်တာပါလို့ မရေမရာဖြေခဲ့တာပါ ။ နောက်တော့ သူ့မျက်နှာ က သနပ်ခါးကင်းလာတော့သည် ။ နောက်လူပျိုပေါက်အရွယ် မျက်နှာအသားကြမ်းလာတော့ ညည အိပ်ယာဝင်ခါနီးတိုင်း သနပ်ခါးလိမ်းတတ်တာကလွဲ လို့နောက်ပိုင်းမှာ သနပ်ခါးဆိုတဲ့ အရာဟာ သူနဲ့သိပ်ကိုဝေးကွာခဲ့ပြီ ။ သနပ်ခါးနဲ့ သူနဲ့ဟာလည်း သီလရှင်နဲ့ဘီးလောက် ဝေးကွာခဲ့လေပြီ ။

နောက်ပိုင်းမှာတော့ သနပ်ခါးပင်တောင် မပေါက်နိုင်တဲ့ နိုင်ငံရပ်ခြားမှာ သူနေခဲ့ရတဲ့ နှစ်တွေအတော်ကြာပြီပေါ့ ။ အဖွားဆုံးပြီး နောက်ပိုင်း သနပ်ခါးလိမ်းဆဲဖြစ်တဲ့ သူ့အမေက လည်းသူနဲ့လိုက်မနေ နိုင်၊ သူ့ပတ်ဝန်းကျင်က အသားဖြူမိန်းကလေးတွေဟာလည်း သနပ်ခါးနဲ့ဆက်စပ် တွေးကြည့်မိရင် တော်တော်မအပ်စပ်ပါ ။ ဒါကြောင့်ခုချိန်ခါမှာ သူ့ချစ်သူ့ပါးမှ သနပ်ခါးနံ့ကို မရခဲ့တာ သိပ်တော့မထူးဆန်းပါ ။

သူကဗျာတစ်ပုဒ်ကို မှတ်မိတယ် ။ “ငွေတာရီ” ရဲ့ကဗျာလေးပေါ့ ။

အညာစောင် သနပ်ခါးခေါက်နဲ့

ခရမ်းခြောက် ပုန်းရည်ညို

ထန်းညက် ချိုချို ။

ခင်အပျို

ငြိုငြင်နဲ့ စိတ်ထဲ ။

တို့များအညာမှာဖြင့်

ဂုဏ်ပကာ ပါဝါတက်ပါတဲ့

ထူးလက်ဆောင်ပဲ။

ဟုတ်ပါတယ် ။ သူ့အတွက်အညာပြန်တိုင်းရတတ်တဲ့ လက်ဆောင်ဟာ သနပ်ခါးပါ ။ ဆရာ သိန်းဖေမြင့် ရဲ့ “အညာပြန်” ဆောင်းပါးရှည်ထဲက ချို့တဲ့ဆင်းရဲ့တဲ့ ဆွေမျိုးတွေကတောင် လက်ဆောင်အဖြစ် သနပ်ခါးတုံးလေး တွေလက်ဆောင်ပေးတယ်ဆိုတာ လုပ်ဇာတ်မဟုတ်ခဲ့ပေါင်ကွယ် ။ သူကိုယ်တိုင် ကျောင်းသားဘ၀တုန်းကလည်း အညာကပြန်တိုင်း ကျောင်းဆရာမတွေကို သနပ်ခါးတုံး လက်ဆောင်ပေးရင် ၀မ်းသာအားရလက်ခံပြီး ပေးသူဂုဏ်တတ်ခဲ့တာပဲလေ ။ ဒါပေမယ့် ခုချိန်မှာ သူအညာကပြန်လာလို့ သနပ်ခါးတုံး လက်ဆောင်ပေးရင်တော့ သူ့ချစ်သူအပါအ၀င် အားလုံးက သူ့ကိုဝိုင်းဟားကြလိမ့်မည် ထင်သည် ။ သူဒါတွေနဲ့ ဝေးခဲ့ရပြီ ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့လိုက်စွာ ကျင်ကြံနေထိုင် တတ်ရမည် ဆိုတာကို သူလက်ခံခဲ့ရတာ ကြာလှပြီပဲလေ ။

ဒါပေမယ့် သူ့အိပ်မက်တွေမှာ ပါလာတတ်တဲ့ အဖွားရဲ့ ပါးပြင်ဟာလည်းသနပ်ခါးနံ့ သင်းဆဲပါ ။ သူပြန်အလာကိုအသေအချာ စောင့်နေမယ့် အမေ့ပါးမှာလည်း သနပ်ခါးတို့ ထူထဲစွာရှိနေမှာပါ ။ သူအညာပြန်ရင်လည်း သူ့ဆွေမျိုးတွေ ၊အသိတွေက သနပ်ခါးလက်ဆောင်ပေးလိမ့်ဦးမှာလည်း အသေအချာပါ။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ သနပ်ခါးနံ့သင်းသင်းကို သူတော်တော်လေးလွမ်းဆွတ်နေရပါသည် ။

အောင်ဖြိုး

(၁၇ ၊ ၁ ၊၂၀၀၈)


8 January 2008

ဒို့ (၅) ယောက်

Blog တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ။ Blog ကြော်ငြာပဲဆိုပါတော့ ။ ကြယ်တစ်စု Blog လေးပါ။
Peeves ကိုအားကျလို့ ကျနော်တို့ သူငယ်ချင်း (၅) ယောက်စုထောင်ထားတဲ့ Blog လေးပါ ။ တစ်ဦးတည်းပိုင်မဟုတ်ဘဲ တစ်ယောက်ချင်း ရောက်ရာပေါက်ရာရေးကြတာပေါ့ ဆိုပြီး ထောင်ထားကြတာပါ ။

အဖွဲနဲ့ ကျတော့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးလည်း ရေးလို့ရတာပေါ့ ။ နောက်တော့ သူငယ်ချင်းချင်းလည်း ဘယ်နေရာရောက်နေနေ အဆက်အသွယ် မပြတ်ကျကြေးဆိုတဲ့ စေတနာနဲ့ပါ ။

Blog ဆိုတာ ကိုယ့်ခံစားချက်၊ နောက်စိတ်ကူးတွေ ... တွေကိုရင်ဖွင့်ရာနေရာလေးပါ ။ ပုဂွိုလ်ရေး ဆိုင်ရာတိုက်ခိုက်မှု များကိုတော့ မကြိုဆို လက်မခံချင်ပါ။ ဝေဖန်တယ် ဆိုရင်တောင် အပြုသဘောလေး ဝေဖန်ကြရင် ပျော်စရာမကောင်းဖူးလား ..... ။
(ဆုဝေလွင် ၊ ယဉ်မူယာစိုး ၊ ငြိမ်းဆုလှိုင် ၊ ဇေယျာဝေလင်း နှင့် အောင်ဖြိုး )

ကျနော်တို့ သူငယ်ချင်း (၅) ယောက်လည်း ခင်မင်မှုတွေပွားဝေနိုင်ကြပါစေ ။ နှစ်သစ်မှာ ကောင်းခြင်းကိုရှေးရှု တာ မင်္ဂလာတစ်ပါးပါ ။

3 January 2008

နှစ်သစ်


ခုနှစ် သက္ကရာဇ် တစ်ခုကုန်ဆုံးသွားပြီ ။
အရင်တုန်းကတော့ သိပ်ပြီး သတိမမူ မိလို့ ခပ်ပေါ့ပေါ့သဘောထားခဲ့ ၊
ခုတော့ လျင်မြန်စွာ ကျော်လွန်သွားတဲ့ နှစ်တွေကို ပြန်မျှော်ကြည့်တော့ တမေ့တမောကြီး ၊
အောင်မြင်မှု တွေထက် ဆုံးရှုံးမှုတွေ များပေမယ့် သက်တောင့်သက်သာ ရှိခဲ့သည်။
ဪ ကလေးဘ၀ပေကို......
လူငယ်ဘ၀ကို ကူးပြောင်းစ မကြာသေးတဲ့ ခုနှစ် သက္ကရာဇ်တွေ
ပေါက်ကွဲခဲ့ ၊ ဆုံးရှုံးခဲ့ ၊ တိတ်တိတ် ငိုကြွေးခဲ့ ရတာတွေ ....
တည်ငြိမ်မှုကို ရှေးရှုဖို့ အချိန်တန်ပြီ ။

နှစ်သစ်မှာ စိတ်ပျက်ဖွယ် အဟောင်းတွေကို ကျောခိုင်း ....
လူသားဆန်တဲ့ တည်ငြိမ်မှု ၊ ပျော်ရွှင်မှု တွေကို မျှော်မှန်း ....
တာဝန်ယူနိုင်စိတ် ၊ မိမိကိုယ် မိမိ လေးစားနိုင်အောင် .....
မိမိအောင်မြင်မှု ၊ ဆုံးရှုံးမှု တွေကိုလည်း ဂုဏ်ယူနိုင် ၊ သင်ခန်းစာ ယူနိုင်အောင် .....
မိမိ စိတ် ကြေးမုံပြင် ကို သန့်ရှင်း ။

သည်နှစ်သစ်ကို တတ်နိုင်သလောက် အပျော်နဲ့ ကြိုခဲ့တယ် ။
မိမိ ကိုယ်ကို သားကောင်းတစ်ယောက်ဖြစ် အောင်ကြိုး စားမယ်လို့ မိဘတွေကို ကတိပြုရင်း နှစ်သစ်ကို ကြိုခဲ့တာ ။


နှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသား အားလုံးဘေးကင်းကြပါစေ ။
မောဟ ၊ အတ္တ ၊ လောဘ အမှောင်တွေ ဖုံးလွှမ်းခြင်းလည်း ကင်းဝေးပါစေ ။
စစ်ဘေး ၊ စစ်ဒါဏ် အပေါင်းမှလည်း ဝေးပါစေ။

နှစ်သစ်ကို ပျော်ရွှင်ရမယ့်  မျှော်လင့်ချက် အလင်းတန်းတွေနဲ့ ကြိုကြစို့ကွယ် ..... ။

သည်မှာလေ ...
နှစ်သစ် ၂၀၀၈ ။ ။

28 December 2007

မြင်းမိုရ်တောင်ခြေ


သည်နေ့ နံနက်က Community Project တစ်ခုအတွက် စောစောထရတယ် ။ တရုတ် ဘုံကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ ဘိုးဘွားရိပ်သာတွေ ၊ မိဘမဲ့ကလေးကျောင်းတွေက ဘိုးဘွားတွေ ၊ ကလေးတွေကို နေ့လည်စာ တည်ခင်းကျွေးမွေးတဲ့ ပွဲမှာ Student Helper လုပ်ရတာပါ။ အဘိုးအဘွားတွေ ၊ ကလေးငယ်တွေနဲ့ သက်ဆိုင်ရာ ၀န်ထမ်းတွေလာကြ တယ်။ အချို့က သန်သန်မာမာတွေဆိုပေမယ့် အချို့ဘိုးဘွားတွေကတော့ Wheel Chair နဲ့သွားကြရပါတယ် ။ သူတို့ကိုကြည့်ရတာ စိတ်ကျစရာကောင်းပုံပေါ်ပေမယ့် သူတို့တစ်တွေက မိတ်ဆွေတွေနှင့် ပြန်တွေ့ကြရလို့ ပျော်နေကြပုံပါပဲ ။ အချို့စိတ်သိပ်မှန်ပုံ မရရှာတဲ့သူတွေများကတော့ တီလုံးအလိုက်နဲ့ ကများတောင်ကနေကြရဲ့ ။ ကျွေးတဲ့ အစားအသောက်တွေ ကလည်းကောင်းပါရဲ့ ။ သူတို့တစ်တွေ ပျော်ပျော်ပါးပါးကြီး စားကျတာကို ကြည့်ရင်တော် ၀အီလောက်ပါရဲ့ ။
++++++

ကျွန်တော်သိရ သလောက်တော့ Singapore မှာ ဘိုးဘွားရိပ်သာတွေ တော်တော်များပါတယ် ။ ဘိုးဘွားရိပ်သာ ၀မ်ထန်းတွေမှာလည်း မြန်မာတွေတော်တော် ပေါပုံပါဘဲ ။ နံနက်ကတွေ့ရတဲ့ ၀န်ထမ်းတွေထဲမှာ (၅) ယောက် ၊ (၆)ယောက် က မြန်မာတွေ။ လူအိုတွေကို ပြုစုရတာ ကုသိုလ်ရပေမယ့် အတော်ကြီးကို စိတ်ရှည်ရတာဗျလို့ လည်းညည်းရှာတယ် ။ သာဓုလည်းခေါ်မိပါရဲ့ ။ သူတို့တွေမှာ စားရေးသောက်ရေးမှ အစ ၊ နောက်ဖေးသွားတဲ့ ကိစ္စအထိ အကုန်အောက်ခြေသိမ်း လုပ်ပေးကြရတာ မဟုတ်လား။ ဘာပဲပြောပြော လူကြီးသူမကို တာဝန် ၊ ငွေကြေးအရ ပြုစုကျွေးမွေးရတယ် ဆိုပေမယ့် ကုသိုလ်လည်းရတယ် မဟုတ်လား ။

ဘိုးဘွားရိပ်သာမှာ နေကြတယ်ဆိုတဲ့ သုတွေဟာ အများအားဖြင့် ဆွေမဲ့မျိုးမဲ့တွေလို့ ထင်ရပေမယ့် သား ၊ သမီးရှိလျက် နဲ့ အပို့ခံရသူတွေလည်း တော်တော်များတယ်လို့ သိရတယ် ။ သောကြာနေ့ ညနေတိုင်း တစ်ပတ်တစ်ခါသာလာတွေ့နိုင်တဲ့ အလုပ်များလှတဲ့ သား ၊ သမီး ၊ မြေး တွေကိုဧည့် သည်ခန်းမှာစောင့်နေကြရှာတဲ့ မိအို ၊ ဖအိုတွေလည်း အများကြီးပဲတဲ့ ။ သားသမီးတွေ ပေးတဲ့ ပစ္စည်းတွေ ၊ မုန့်တွေကို အချင်းချင်းရော ၊ သူတို့တစ်တွေကို ရောတပြပြနဲ့ ပြပြီးကြွားရှာတယ် လို့ကျွန်တော်နဲ့ စကားလက်စုံကြခဲ့ တဲ့ ၀န်ထမ်းတစ်ယောက်က ပြောသွားရှာတယ်။

သည်အကြောင်းကို ကြားရတော့ ကျွန်တော် တော်တော်လေးစိတ်မကောင်း ဖြစ်သွားမိတယ်။ ကျွန်တော်တို့ ရဲ့ ခေတ်ပြိုင် လူလတ်ပိုင်းတွေဟာ ပညာရှာရ စီးပွားရှာရ နဲ့ ဘ၀အမောတွေ များလှပါတယ် ။ တစ်နေကုန် အိမ်မကပ်နိုင်ကြတော့ မိအို ၊ ဖအိုတွေကို အနားမှာနေပြီး အဖော်ပြု မပေးနိုင်ကျတော့ ပါဘူး ။ သည်တော့ မိဘတွေကို စကားပြောဖော်လည်းရ ၊ အပျင်လည်းပြေ ၊ သူတို့ကိုယ်တိုင်လည်း တာဝန်ပေါ့တယ်ဆိုတဲ့ သဘောနဲ့ ပို့ကျတာပါလို့ ပြောပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ ။

အချို့တွေ ကျတော့လည်း သန်သေး ၊ မြန်သေး ၊ လုပ်နိုင်သေးတဲ့ မိဘ တွေကို ကလေးထိန်းသဘောနဲ့ ကျွေးမွေးထားကြ ပါသေးတယ် ။ အရင်တုန်းက ကျွန်တော် Mini-market တစ်ခုမှာ Part-time ၀င်လုပ်တုန်းက ကလေးတစ်ဖက်နဲ့ ဈေးလာဝယ် ကြရတဲ့ အဘွားအိုတွေကို တွေ့ရတတ်တယ် ။ မြေးလေးတွေက ဟိုဟာစားချင်တယ် ၊ သည်ဟာစားချင်တယ်လို့ ပူဆာကြတော့ မင်းတို့စားလို့ တစ်ခုခုဖြစ်ရင် မင်းတို့ အဖေ အမေတွေက ငါ့ကိုဆူလိမ့်မယ် လို့ဆိုပြီး Scold တို့ Shout တို့ စတဲ့စကားလုံးတွေသုံး ပြီး ချော့မော့နှစ်သိမ့်ရှာတယ် ။ သြော် သား ၊ သမီးတွေ အလိုမကျဖြစ်ရမှာ ကိုကြောက်ရရှာ သတဲ့လား ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအရ ငယ်ငယ်တုန်းကကြားဖူး ၊ ရွတ်ဆိုဖူးတဲ့ " မြင်းမိုရ်တော်ဦး မကကျူးသည့် ကျေးဇူးသခင် မွေးမိ ၊ ဖခင် " ဆိုတဲ့ စာသားလေးကို ပြန်ပြီးသတိရကြ စမ်းပါ။ သည်စကားကို လူတိုင်းကြားဖူးတယ်ဆိုပေမယ့် လူဘယ်လောက်ရဲ့ အသည်းထဲမှာ စွဲထင်နေသလဲ ။ အသည်းမှာစွဲ ထင်နေသည့်တိုင် အကောင်အထည်ဖော်ဖို့ ဘယ်လောက်ကြိုးစားပြီးကြပြီလည်း ၊ ဘယ်လောက်ရော အောင်မြင်ပါသလဲ ။ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်တော်တော်များများ မှာတော့ မြင်းမိုရ်တောင်ရဲ့ ခြေရင်းမှာ မိအို ဖအိုတွေ ကစင့်ကလျားစွင့် ပစ်ခံနေကြ ရတာကိုပဲ မြင်နေရသည် ။ ။
++++++

ကျွန်တော်တို့ နိုင်ငံမှာရော .... ။

မြန်မာအို ကျောင်းကြိုကျောင်းကြား ဆိုတဲ့ စကားနဲ့ အညီ ၊ မြန်မာကျောင်းကန်တွေရဲ့ အနီးမှာတောင်းရမ်းစားသောက် နေကြရတဲ့ သူတွေဟာ အားလုံး ဆွေမဲ့၊ မျိုးမဲ့တွေ မဟုတ်ကြပါ ။ သား ၊ သမီးမြေးတွေရဲ့ စားဝတ်နေရေး အကြပ်အတည်းကို တစ်ဖက်တစ်လမ်းတောင်းရမ်းရင်း ဖြည့်ဆည်းပေးနေရှာတဲ့ ဘိုးဘွားတွေ ဘယ်လောက်များနေပြီလည်း ။ သား ၊ သမီး အိမ်မှာ သူဌေးအမေ နာမည်ခံယူပြီး မြေးတွေထိမ်းရင်း အိမ်ဖော်အကြီးစားဘ၀နဲ့ ချွေးမ မျက်နှာ ၊ သားမက်မျက်နှာ ကြည့်နေရ ရှာသူ ဘယ်လောက်ရှိနေပြီလည်း ။ ကျွန်တော်တို့ မြင်တတ်လျင် အထင်အရှား သိနိုင်ပါသည် ။

လူငယ်တွေ အနေနှင့်လည်း မိဘကျေးဇူး ဆပ်ရမည်ဆိုတဲ့ ယေဘူယျ အမြင်တော့ရှိကြ ပါလိမ့်မည်။ သို့သော် ထိုအသိကို အကောင်အထည်ဖော်ရန် ခက်လှပေမည် ။

လူငယ်တစ်ယောက် အနေဖြင့် ဘ၀တိုက်ပွဲ ၀င်ရန် ၊ ရုန်ကန်ကြိုး စားရန် တစ်နေ့နေ့ မှာ မိဘရင်ငွေ့အောက်က ခွာခဲ့ကြရသည် ။ အေးမြတဲ့ မိဘရဲ့ အိမ်လေးမှ ဝေရာကိုလွင့် ခဲ့ကြရသည်။ မိသားစု ဘ၀ရဲ့ ကြမ်းကြုပ်မှုမပါတဲ့ နှောင်ကြိုးတွေကို အလွတ်ရုန်းကာ ခက်ခဲကြမ်းတမ်းတဲ့ ပြင်ပလောကထဲကို ရည်ရွယ်ချက် အမျိုးမျိုးနှင့်တိုးဝင်ခဲ့ ကြရသည်။ တစ်ခါတစ်ရံမှာ မိဘအိမ်လေးကို သတိရ ၊ မိဘကျေးဇူးဆပ် ရမည်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေ ရှိပေမည့် အတ္တ ၊ မောဟ တွေလွမ်းတဲ့ ဘ၀ခရီးကြမ်းမှာ မိဘတွေအတွက် အချိန်ပေးဖို့မေ့လျော့ နေတတ်ကြသည် ။ ငွေကြေး အဆင်ပြေ၍ မိအို ၊ ဖအိုတွေကို ခေါ်ပြီး ကျွေးမွေးထားနိုင်ဦးတော့ အထီးကျန်ရှာသူများအတွက် အချိန်ဘယ်မျှပေး နိုင်သလဲ ၊ ပေးရောပေးနိုင်ကြ ရဲ့လားဆိုတာ မသေချာ ။ မိသားစု မနှောင်အဖွဲမှ ရုန်းပြေးနေကြသည့် သားသမီးတွေဆီ တစ်ခါက မိမိတို့ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာမျိုး ရလိုရညား ကျေးကျွန်တွေလို အပြေးလိုက်နေကြရသည့် မိဘတွေရဲ့ အမောတွေကို စာနာနိုင်လောက်အောင် ကျွန်တော်တို့ နှလုံးသားတွေ နူးညံ့ပါသေးရဲ့လား ။ သေချာတာကတော့ အတော်များများရဲ့ အသည်းနှလုံးတွေဟာ အတ္တ ၊ မောဟ ၊ ရမ္မက် ၊ အရှုံတွေ ၊ အမုန်းတွေနဲ့ အညစ်အကြေးတွေ အထပ်ထပ်ဖုံး နေခဲ့ပြီ ။
++++++

တစ်ကယ့် တစ်ကယ်တော့ မိဘမေတ္တာနှင့် ပတ်သက်လျှင် ကမ္ဘာလောကကြီး ကိုယ်တိုင်ကပင် ပျက်ကွက်သူ သား ၊ သမီးများနှင့် ဖွဲစည်းထားသည့် အဖွဲအစည်းကြီးပင်ဖြစ်နေသည် ။ အလို ..... ဤသည်ပင်လျင် လောကရဲ့ Universal Truth ( ပရမတ္တသစ္စာ) ဖြစ်နေပါသကော ။ ။

15 December 2007

အထီးကျန်ခြင်း


အမြဲမြင်နေရသော မြင်ကွင်းတစ်ခုကိုအကြာကြီးငေးကြည့်ချင်တဲ့အကျင့် ၊ ခဏခဏဖတ်ဖူးတဲ့ ၀တ္တုတို ၊ မကြာခဏကြားဖူးတဲ့ သီချင်း ၊ ကြည့်ဖူးလွန်းလို့ မျက်စိထဲစွဲနေတဲ့ရုပ်ရှင် စတာတွေကို အမြဲပြန်ဖတ်ချင် ၊ နားထောင်ချင် ၊ ကြည်ချင်တဲ့ အကျင့်တစ်ခု မကြာသေးမီကမှ ကျွန်တော်ရခဲ့သည်။

ကျွန်တော့်အခန်းတံခါးမှ ကြည့်ရင်ကားတွေ ၊ လူတွေ ၊ တိုတ်တွေကိုတွေ့နေရတယ် ။ကားသံတွေလူသံတွေယာ အခြားသူတွေအတွက်သိပ်မထူးခြားပေမယ့် ကျွန်တော်ဟာကားဟွန်းသံကြောင့် ခေါင်းမူးလာတတ်တယ်။ ဒါကြောင့်လည်းတစ်ခုတည်းသာရှိတဲ့ အခန်းတံခါးကိုအမြဲလိုလို ပိတ်ထားတတ်တယ်။ ကံကောင်းစွာပဲ တံခါးမှန်မည်းမည်းကိုဖောက် ထွန်းမြင်ရတော့ ခပ်မည်းမည်းလူတွေကားတွေဟာ ကြည့်လို့ကောင်းနေပြန်ရော။ အသံတိတ်ရုပ်ရှင်ကားတစ်ကားကြည့် ရသလိုမြင်ဘဲမြင်နေရတော့ သိပ်စိတ်အနှောက်အရှက် မဖြစ်တော့ဘူးပေါ့ ။သူတို့ ငိုနေ ၊ ရန်ဖြစ်နေကြအုံးတော့ ကျွန်တော်မှမကြားရဘဲ ။

ကျွန်တော်သည်မြင်ကွင်းကို အားလပ်တိုင်းအမြဲလိုလိုငေးတတ်တယ် ။ တစ်ခါတစ်ခါတော့ စိတ်အာရုံထဲမှာ မျက်စိရှေ့ကမြင်ကွင်းတော့ မရှိဘူးပေါ့။ ငယ်ငယ်ကပုံရိပ်တွေ ၊ မင်းသမီးတစ်ယောက်ရဲ့မျက်နှာကို အနီးကပ်အသေအခြာ ရိုက်ပြထားတဲ့ရုပ်ရှင်မြင်းကွင်းလှလှလေးတစ်ကွက် ၊ လိုချင်တဲ့စာ အုပ်ကိုစာအုပ်ဆိုင်မှာတွေ့လိုက်ရလို့ပျော်ရွှင်တဲ့ခစားမှု ၊ အဖေနဲ့အဆင်မပြေအလျော့ပေးရတိုင်း နာကျင်ရတဲ့ရှက်ရွံ့မှု ၊ အိမ်ကခွေးလေးရဲ့ဟောင်သံ ၊ ငယ်ငယ်ကဆရာမကိုပေးဖို့ မုန့်ဖိုးထဲကစုဝယ်ခဲ့တဲ့ နှင်းဆီပန်းတစ်ပွင့်ရဲ့ မွှေးရနံ့ ၊ လွန်ခဲ့သော နှစ်နှစ်သုံးနှစ်ခန့်မှအသံများ ၊ မျက်နှာထားများ ၊ ခံစားချက်များ ဟာ လှုပ်ရှားမှုပုံရိပ်ထင်နေတဲ့မှန်မည်းမည်းမှာလာပေါ်နေတတ်တယ်။

ကျောင်းစာလုပ်မနေရချိန် ၊ တစ်ခုခုရေးမနေချိန် ၊ ဖတ်စရာစာပြတ်လပ်သွားချိန်တွေမှာ အခန်းကျဉ်းလေးမှာတစ်ယောက်တည်းထိုင်နေတတ်တယ်။ကျွန်တော့် အခန်းကို ခန်းဆီးစလေးတတ်ရမလား ၊ ပန်အလှစိုက်အိုးလေးတစ်လုံး စာကြည့်စားပွဲပေါ် တင်ထားရမလား ၊ ဒါမှမဟုတ် ကျွန်တော်ကြိုက်တဲ့ရုပ်ရှင် မင်းသမီးရဲ့ Wallpaper တစ်ချပ်ဝယ်ပြီးနံရံပေါ်ကပ်ထားရမလား ။ သြော်မဟုတ်သေးဘူး ။ သည်လိုရှင်းလင်းပြီး အဓိပ္ပာရှိစွာ အထီးတည်းဆန်နေတာပဲကောင်းပါတယ်။ ဒါဟာလည်းအခန်းရှင်နဲ့ လိုက်ရောညီထွေရှိမှာပေါ့ ။ ဟုတ်လိမ့်မယ်…. ကျွန်တော်ရယ်မိတယ်ထင်တယ် ။
အထီးကျန်တယ်ဆိုတာ တော်တော်နာမည်ဆိုးသော်လည်း ခံစားရတာ တသိမ့်သိမ့်တော့ရှိတယ်။ ရင်နင့်လောက်အောင် တစ်ခါတစ်ခါခံစားရတတ်သော်လည်း တစ်ခါတစ်ခါတော့ ခံစားရတာ တော်တော်ကြောင်ပါသည်။ တစ်ခါကတော့ အော်ရယ်မိ မတတ်ပင် အထီးကျန်တတ်ပါသေးတယ်ဆိုယုံပါ့မလား ။ တစ်ခါတုန်းကတော့ အသိတွေအများကြီးပါတဲ့ပျော်ပွဲစားတစ်ခုမှာ စကားပြောဖော်မရှိဘဲ အထီးကျန်ဆန်လွန်းသည်ထင်၍ တိတ်တိတ်လေးခိုး ပြန်လာခဲ့ဖူးသည်။ အခန်းလေးထဲပြန်ရောက်တော့လည်း သူများတွေများပျော်နေမှာ ပဲလို့တွေးမိပြန်ပြီး ၀မ်းနည်းမိပြန်တယ်။ ကဲ ဘယ်လောက်များကြောင်တဲ့ငါလည်း .... ကွယ်။

လူတစ်ယောက်ကို တစ်ခါစကားပြောကြည့်လို့ သိပ်မကြိုက်ရင် မသိမသာရှောင်တတ်သောအကျင့်ဆိုးတစ်ခု ကျွန်တော့်မှာရှိတယ်။ သည်လိုအကျင့်ကိုလက်ကိုင်ထားတဲ့ ကျွန်တော်ဟာ ပလတ်စတစ်အပြုံးတွေ ၊ စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့ခေတ်ပြိုင်ပတ်ဝန်းကျင်မှာ အပေါင်းအသင်းရှားပါးလာတာသိပ်တော့မထူးဆန်း ။ စာအုပ်တစ်အုပ်ကို ပြီးအောင်မဖတ်ဘူးတဲ့လူတွေကြားမှာကျွန်တော် ဘာသွားပြီးပြောရမှာလည်. ၊ သူ့တို့ဆော့နေကြတဲ့ဂိမ်းတွေကို ရွတ်ပြရင်တော်ဘာမှန်းမသိတဲ့ ကျွန်တော်ကရော Game Techniques Sharing လုပ်တဲ့သူ့တို့စကားဝိုင်းထဲကိုဘယ်လို ၀င်မလဲ ။ တစ်ယောက်နဲ့အဆင်မပြေရုံ နဲ့တင်နောက်အသစ် တစ်ယောက်ရှာနေသူတွေကြားမှာ ရည်းစားရသွားပြီဖြစ်တဲ့ချစ်ရသူကိုမမေ့နိုင်ဖြစ်နေတဲ့ ကျွန်တော့်အချစ်ကို ဘယ်သူက ကောင်းချီးပေးမှာလည်း ။ သွားစမ်းပါကွယ် ...။
သည်လိုနဲ့နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာနေတဲ့အချိန်က များလာတတ်တာပေါ့။
+++++++++
ကျွန်တော့်ကို စိတ်လိုလက်ရ တစ်ယောက်ယောက်ကရည်ညွှန်း ရင် "အရပ်ရှည်သလောက်ပိန်သော" ၊ "စကားများသလောက် လူတောမတိုး သော" ၊ "စာအုပ်တွေဖတ်ပြီး စိတ်ကူးယဉ်တတ်သော" စတဲ့နာမ၀ိသေသန တွေတဲ့ယှဉ်တွဲမိလိမ့်မယ် ။ ကျွန်တော့်ကိုနားလည်တယ်လို့ဆိုတာ မဖြစ်နိုင်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ခါတစ်ခါစိတ်ကမပါဘဲ လက်ကထလုပ်မိတာရှိတတ်သလို ၊ တစ်ခါတစ်ခါ တော့လည်းသေချာရည်ရွယ်ထားသည့်တိုင်မေ့လျော့သွားတတ်ပါသည်။ တစ်ခါတစ်ခါ သီချင်းတစ်ပုဒ်နားထောင်ရင်း ကလေးတစ်ယောက်လိုရှိုက်ကြီးငင်ငိုတတ်သော်လည်း ၊ တစ်ခါတစ်လေမှာတော့ ရုပ်ရှင်ထဲမှအများမျက်ရည်ကျလောက်တှဲ့ဇာတ်ဝင်ခန်းတွေကို အူတက်မတတ်ရယ်ချင်မိတယ် ။ မခက်ဘူးလား ။သေချာတာကတော့ ကျွန်တော်ဟာအမြဲ သမရိုးကျဖြစ်တည်နေတဲ့ သဘာဝအမှန်တရားတစ်ခုမှ မဟုတ်တာ။ ကျွန်တော့်ဘ၀အတွက် သူတစ်ပါးအားကျ အတုယူလာအောင် ကြိုးစားနေပြရမယ် ဆိုပြီးပြဌာန်းထားတဲ့ဘာ သင်ရိုးညွှန်းတန်း ဥပဒေမှမရှိစေရဘူး ။ ကျွန်တော်ဟာ အများအကြိုးအတွက် အနင့်နာခံသော Hero ဆန်သောလူမျိုးကို အားကျပါသည်။ "တို့ကတော့မှန်တာလုပ်ဟုတ်တာပြောဘဲ၊ သူများကောင်းဖို့အတွက်အမြဲဦးစားပေး ခဲ့တာ" လို့ မဟုတ်ဘဲအရှက်မရှိလုပ်င်္ကြ ကိုယ်ရည်သွေးတတ်သူတွေကို ဟန်လှချည့်ဟုအားကျခဲ့ဖူးသည်။ သို့သော်ဟန်ဆောင်အပြုံးတစ်ခု ပြုံးရန်ပင်ပါးညောင်းတဲ့ ကျွန်တော်ဟာ စိတ်ထဲကမပါတဲ့အပြောတွေ၊ အင်္ပြုးတွေကို ကြိုးစားလုပ်ကြည့်လို့ မရတော့လက်နက်ချခဲ့ရတယ်။ ရေပေါ်ဆီဟန်ဆောင်သူတွေရဲ့ "သိပ်အတ္တကြီးတဲ့ကောင် ၊ ကိုယ့်ကိုကိုယ်ပဲသိတာ " စတဲ့ ကျွန်တော်အပေါ် ဝေဖန်မှုတွေကိုကြားရတော့ အခန်းကျဉ်းလေးထဲကကျွန်တော်ရယ်မိပါ တယ်။ ဟုတ်မှာပါကွယ်..... ။

ဒါမှမဟုတ်တတ်နိုင်သမျှ လိုက်လိုက်ရောရောပေးကမ်းပေါင်းသင်းပြီး လူတောထဲဝင်ကြည့်ဖို့ ကျတော့ရော ၊ ၀တ္တုတွေ ၊ နိပါတ်တော်တွေထဲမှ မိတ်ဆွေတွေအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေကို အားကျလေးစားဖူးသည်။ ခက်နေသည်မှာ ကျွန်တော်က မိမိပိုင် ပစ္စည်းတစ်ခုအားသူများကို ပေးငှားရန်ပင်တွန့်တိုတတ်သည်။
+++++++++
ကျွန်တော်ဟာအပြင်ထွက် လျှောက်လည်ဖို့တော်တော်ပြင်းတဲ့သူ ပါ။ ခရီးတစ်ခုရဲ့ ပန်းတိုင်ကိုဖြေးဖြေးလေးနဲ့အေးဆေးလေးသွားချင်တဲ့ လူမျိုး။ ရထားနဲ့သွားရင်မြန်မြန်ရောက်မှာစိုးလို့ ဘတ်စ်ကားစီးသွားချင်တဲ့သူပါ။ ဘတ်စ်ကားစီးဖို့ထက် လမ်းလျှောက်လို့ရရင်လျှောက်ပြီးသွားချင်ပါတယ်။ နောက်ဆုံးလမ်းလျှောက်ဖို့ထက် ပင်အခန်းထဲထိုင်တွေး၊ငေးနေရတာ ကိုပိုလို့တောင်ကြိုက်သေးတယ် မဟုတ်လား.... ။ သည်လိုအထီးကျန်တယ်ဆိုတာ ကြာတော့လည်းနေသားကျ နေပါပြီလေ။ ကျွန်တော်က အနီးနားမှာမရှိတဲ့ အဝေးကတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးလွမ်းရတာကို နည်းနည်းမှမနှစ်သက်ပါ။ ကိုယ့်ရင်ထဲကတကယ့် ခံစားချက်တွေကို အသံမနိမ့်အမြင့် ၊ အဆွဲအငင်နှင့်ဖော်ပြရမည့် ပညာကိုလည်းမကျွမ်းကျင်။ သည်လိုနဲ့ကျွန်တော်ဖုန်းဆက်ရမည် ကိုကြောက်လာပါသည်။ ဟုတ်တယ်လေ ...ပါးစပ်ရှိတဲ့လူတိုင်းဖွဲ့နွဲ့ပြောလို့ရတဲ့ စကားလုံးတွေနဲ့ ကိုယ်ရဲ့ခံစားချက်အမှန်တွေကို တန်ဖိုးလျော့မသွားစေချင်ဘူး။ သည်တော့ရော ဘာလုပ်စရာရှိသေးလို့လည်း ။ အခန်းလေးထဲမှာ စာဖတ်၊ ရုပ်ရှင်ကြည့် ၊ သီချင်းနားထောင် ၊ ဒါမှမဟုတ် ခံစားချက်တွေကိုတစ်ယောက်ထဲပေါက်ကွဲ.......... ။ ။
+++++++++
သည်လိုနဲ့ နေသားကျလာတဲ့တိုင် ကျွန်တော်အထီးကျန်မှုတွင်ခြေ မငြိမ်သေးပါ။ တစ်ခါတစ်ခါတော့ စကားတွေတတွတ်တွတ်ပြော ၊ စိတ်ကပါသော်ရှိမပါသော်ရှိ မျက်နှာကတပြုံးပြုံးနှင့် အသိုင်းအ၀ိုင်းစုံကျင်လည်နေတဲ့ လူပေါ်လူဆော်တစ်ယောက် အဖြစ်ကိုယ့်ကိုကိုယ်စိတ်ကူးယဉ် ကြည့်ဖူးသည် ။သည်လိုဖြစ်အောင်ငါဘယ်လိုကြိုး စားရပါ့မလဲ။ မျက်နှာကိုရွှင်ရွှင်ထား ၊ လူထဲစကားပြောနီးလေ့ကျင့် ၊ "ဦးနု" ရဲ့ "မိတ္တဗလဋီကာ " ကိုလက်ကိုင်ထား .... ပြီး ။ တော်ပါပြီလေ လူပေါ်လူဆော်တစ်ယောက် ဖြစ်တော့လည်းဘာလုပ်မှာလည်း ။သည် လိုလူတွေရဲ့နောက်ဆုံးကျဆုံးချိန်ကိုမြင်ကြည့်စမ်းပါ ။ ဘယ်လောက်များရွံ့ရှာဖို့ကောင်းလိုက်သလဲကွယ် ။ လောကမှာ အစစ်အမှန်ကလွဲပြီး ဘယ်ဟာမှကြာကြာမခံဘူး ။ သည်လိုလိုရာဆွဲတဲ့အတွေးတွေနဲ့ အခန်းလေးထဲက ငေးနေတဲ့ကျွန်တော်ပြုံးလိုက်မိထင်ပါရဲ့ ။ ။
++++++

24 November 2007

ရွှေပြည်ကြီး..... ကွာဝေးသကို

ကျွန်တော် တိုင်းတစ်ပါးကို ရောက်နေရတာ နှစ်နှစ်နီးပါး ရှိခဲ့ ပြီ။ နောင်ရေးအတွက်လို့ အကြောင်းပြချက်နှင့် လာခဲ့ရပေမယ့် သည်ကပတ်ဝန်းကျင်နှင့် လုံးဝကြီးတော့ အံဝင်ခွင်ကျ မဖြစ်သေး။ အထူးသဖြင့် စိတ်ညစ်ညူးရသောအခါ ကျွန်တော့်ရင်မှအိမ်လွှမ်းစိတ္တဇ သည်ကြွ၍လာတတ်သည်။

ကျွန်တော့်မွေးရပ်မှာ ပခုက္ကူ ဖြစ်သော်လည်း ပြည် မှာ ကြီးသည်။သို့သော်မွေးရပ်ရဲ့ ပုံရိပ်တွေဟာ ကျွန်တော့်စိတ်အာရုံတွင် အတော်လေးပင်စွဲစွဲ မြဲမြဲ တိုးဝင်နေပါသေးသည်။ အညာညနေလေပွေ နှင့် တမာရနံ့ ၊အဖွား ဆီကရေချိုးပြီးတိုင်း ရ တတ်တဲ့ ကရင်မက်နံ့ ၊ ညနေတိုင်းလိုလို ကြားရတတ်တဲ့ ကျောင်းကအပြန် အမေ့စက်ဘီး သံ၊ အနောက်ဘက်အိမ်က ရက်ကန်းခက်သံ ၊ တစ်ခါတစ်ရံအိမ်ပြန်လာ တတ်တဲ့ အဖေ ။

နောက်ကျတော့ "ပြည်" , သည်မှာကျွန်တော့်ပုံရိပ်တွေကပို၍ ပြတ်သားလာ ပြီ။တောမက မြို့မကျဆင်ခြေဖုံးလေး ၊စပြီးတက်ရတဲ့ကျောင်း ၊ စပြီးပေါင်းသင်းရတဲ့ သူငယ်ချင်းတွေ ၊ အသက် ၁၆ နှစ်လောက်ထိနေခဲ့ရ တဲ့အစိုးရအိမ်လေး ၊ ခေတ္တရာ မြို့သစ်၊ သရက်ချိန်ရောက်တိုင်း ကျိုးကျမတတ်သီးတဲ့ အိမ်နောက်ကသရက်ပင် ၊ ခြံကျယ်ကြီးထဲမှာ နံနက်တိုင်း တံမျက်စည်းလှည်းတတ်တဲ့ အဖွား ၊(၇) ကျမှစီးခွင့် ရလို့ စပြီး (၁၀)တန်းနှစ်ကုန်ထိ စီးခဲ့ ကျွန်တော့်စက်ဘီးလေး၊ ၀ယ်နေကျ "သန်းစည်သူ"စာအုပ်ဆိုင် နောက် သတိရစရာတွေ အများကြီး။

နောက်တော့ ကျွန်တော်လည်း သည်ကို ရောက် ၊ မိဘတွေလည်း ရွှေဘို ကိုပြောင်းရနဲ့ ကျွန်တော်ချစ်တဲ့ ပြည်မြို့ကို မရောက်ဖြစ်တော့။ ပြီးခဲ့တဲ့ကျောင်းပိတ်ရက်ကလည်း မိဘတွေရှိရာ ရွှေဘိုနှင့် မန္တလေး မှာပဲအချိန်ကုန် ခဲ့ရသည်။

ဒါပေမယ့် ကျွန်တော့်အာရုံ မှာပြည်မြို့က တစ်ဖျက်ဖျက် လက်ဆဲ။ သရက်သီမှည့် ၊ ဩဇာသီးမှည့်တို့၏ အနံ့ကြိုင်ကြိုင်၊ မြို့စာလို့ဆိုနိုင်တဲ့ တောလက်ဖက်နံ့၊ ကျွန်တော့်ဘ၀စရာ စာသင်ကျောင်းလေး ၊ လက်ဦးဆရာများ ၊ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ၊ ကျေးဇူးရှင် အဖွားခေါင်းချရာ ၊ သမိုင်းဝင် ရွှေဆံတော် နှင့်ရွှေဘုံသာ ၊ ဧရာဝတီ နဲ့န၀ဒေး တံတား နောက်.....

ယခုချိန်မှာ ပြည်ကို ပြန်ဖြစ်ဖို့ဆိုတာ မလွယ်သေး။ မြန်မာပြည် ပြန်ဖြစ်ဖို့ ပင်မသေချာသေး ။ ဒါပေမယ့် ချစ်ရတဲ့မြို့လေးကို ကျွန်တော့် အိပ်မက်များမှ တစ်ဆင့် ပြန်သန်းရောက်ရှိနေလိမ့်ဦးမည်။မြို့လေး၏လမ်းတွေပေါ်မှာ လမ်းလျှောက်နေဦးမည်။အဖွားအုတ်ဂူလေး တွင်စိတ်ညစ်စရာတွေကို ရင်ဖွင့်၍ ငိုနေလိမ့်မည်။ ငယ်ပေါင်းတွေနှင့် ဘုရားပွဲတွင် ရဟတ်စီးနိုင်သည်။ ပြီး ချစ်သူမရှိတော့သော အိမ်လေးသို့ရင်ခုန်သံမြန်မြန် နှင့် စက်ဘီးနင်းသွားမိပေဦးမည်။

့မြို့လေးနှင့်ကျွန်တော်အနေဝေးပေမယ့် စိတ်ချင်းတော့နီးစပ်ဆဲ ။ အမှန်တကယ် ကျွန်တော်ပြန်ရောက်ရင်ရော မြို့လေးကကျွန်တော့်ကို ဆီးကြိုပါဦးမလား ။ ကျွန်တော်မသိပါ။

လောလောဆယ် ကျွန်တော့်အကြားအာရုံထဲမှာ "မာမာအေး" ရဲ့ "စည်တော်ကြီး" သီချင်းထဲကစာ သားတွေပျံလွင့်နေပြီ .....

ရွှေပြည်ကြီး..... ကွာဝေးသကို.... ကွာဝေးသကို

ကျုပ်တို့ရဲ့ရွှေပြည်ကြီး..... ကွာဝေးသကို.... ကွာဝေးသကို