9 December 2007

ဘ၀အလွမ်းအိမ်

အိမ်ဆိုတာ ဘ၀ရဲ့ချည်တိုင်ပါ။ ကျွန်တော့်ဘ၀တွင် အခြေအနေအရ အိမ်ပေါင်းများစွာတွင် မကြာခဏပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။ ငယ်စဉ် (၅) နှစ်သားအထိ ကိုယ်ပိုင်အိမ်နဲ့နေထိုင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်နေခဲ့ရသမျှ ကိုယ်ပိုင်အိမ် များမဟုတ်ခဲ့။ ထိုကိစ္စသည်ကျွန်တော်အတွက် အထူးအဆန်းမဟုတ်ခဲ့ပါ။ ကိုယ်ပိုင်အိမ်တစ်လုံး နှင့်နေချင်လှချည့်လို့လည်းဆန္ဒ မရှိခဲ့ပါ။ ခုအသက်အရွယ်ကျတော့ရော မိမိနိုင်ငံရဲ့မြေလတ်မြို့ တစ်မြို့မှာအခြေ ချနေထိုင်လိုတဲ့ မျှော်လင့်ချက်ယိုးတိုးယောင် တောင်ရှိသော်လည်း အကောင်အထည်ဖော်နိုင်ဖို့ ဝေးပါသေးတယ်။

ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအိမ်ကလေးဟာ သုံးပင်လေးခန်းအိမ်သေးသေး လေးဖြစ်သည်။ ရှေ့ပေနှစ်ဆယ် ၊ ဘေးပေခြောက်ဆယ် ၀န်းခြံလေးထဲမှ ထရံကာ၊ ၀ါးကပ်မိုးမျှသာ ဖြစ်သည်။ အိမ်ရဲ့မြေခံဟာနိမ့် လို့မိုးရွာရင်အိမ်ထဲရေ၀င်တတ်သေး တယ်။ မိုးသည်းတဲ့ ည၊နောက်နေ့ နံနက်တွေမှာအိမ်ခြေ တစ်ခင်းလုံးဗွက်ထလို့ ။ မှတ်မိသမျှတော့ အိမ်ဘေးမှာ မန်ကျည်းပင်ကြီးတစ်ပင် ၊ အိမ်ရှေ့မှာတမာပင်ပေါက်တစ်ပင်နှင့် စက္ကူပန်းရုံတစ်ရုံ၊ အိမ်နောက်မှာတော့ တော်တော်လေးချိုသော်လည်း ပိုးကိုက်မလွတ်တဲ့ မာလကာပင်တစ်ပင်ရယ်နဲ့ အဘွားရဲ့ ဂမုန်းပင်တွေရှိတယ်။ အိမ်ရှေ့ကနေကြည့်ရင် မီးဖိုတဲအထိ အိမ်ခန်းအားလုံးခြုံမြင် နိုင်တာသေချာတယ်။

ငယ်ငယ်ကအိမ်လေးအကြောင်းကို ပြန်စဉ်းစားကြည့်တိုင်း အတော်လေးကိုသေးငယ်နုံချာပြီး တဲသာသာလေးဖြစ်နေခြင်းပင် ။ ထိုစဉ်ကတော့ အဆင့်အတန်း၊လူတန်းစားခွဲခြားမှု စိတ်ညံ့တို့ လိမ်းကျံခံရခြင်းမရှိသေးတဲ့ အရွယ်မို့ သေးစုတ်နုံချာမှုကို မသိခဲ့ရပါ။ ဟန်ဆောင်မှုကင်း ဘွင်းဘွင်းရှင်းရှင်းသူလိုကိုယ်လို ပတ်ဝန်းကျင်မျိုးလည်း ဖြစ်တဲ့အတွက် ရှက်ရွံ့အားငယ်မှုလည်း မဖြစ်ခဲ့ ။နောင်နောင်ခုခါကျမှ မိမိနေခဲ့ရတဲ့အိမ်တွေနဲ့ နှိုင်ယှဉ်ကြည့်မှ တော်တော်စုတ်ပါ့လားလို့ အလန့်တကြားသတိပြုမိသည်။ သို့သော်ခုချိန်မှာကျွန်တော် အိမ်လေးနှင့်ကွာလှမ်းခဲ့ရ ပြီ ၊ ပြီးတော့အိမ်လေးလည်းမရှိတော့ဘူးမဟုတ်လား (အိမ်လေးကိုဖျက်ပြီး တိုတ်သေးသေးလေးဆောက်ပြီးခဲ့ပြီ) ။

မှတ်မှတ်ရရ တိုက်အုတ်မြစ်ချရန် ထိုအိမ်လေးကိုဖျက်သည့်နေ့က အဘွားငိုတယ်။ ကျွန်တော်တော်တော်ငယ်သေးတော့ ဘာကြောင့်ငိုတာလည်း စဉ်းစားလို့မရ။ ကျွန်တော်တို့အိမ်သေးသေးလေးကို တိုက်ဆောက်မှာမဟုတ်လား အဘွားရဲ့ ၊ နောက်နောက်မိုးရွာရင် လေတိုက်ရင်လည်းမပူရတော့ဘူး ၊ နွေကျရင်လည်း မီးရေးထင်းရေးမပူရတော့ဘူး ။ ပြီးတော့ ကျွန်တော်တို့လမ်းထဲ မှာတစ်လုံးထဲသောတိုက်ဖြစ်မှာမဟုတ်လား ။ ကလေးတွေးနဲ့ ကျွန်တော်ပျော်ခဲ့ဖူးတယ် ။ ငိုနေသူကိုလည်းကလေးပြီပြီ ပြက်ရယ်အကြည့်နှင့်ကြည့်နေခဲ့ဘူးတယ် ။

အဘွားဟာ ပခုက္တူအနီးက ပေါင်လောင်ကန်ရွာသူအညာသူ စစ်စစ်ကြီးဖြစ်သည်။ အညာသူ ဆိုပေမယ့်အဘွားဟာအသား လတ်ပါတယ်။ ပြီးတော့ကျွန်တော်အဖေရော အမေပါအသားလတ်ကြပါတယ်။ (ကျွန်တော်သာသူတို့အားလုံးထဲမှာ အသားအညိုဆုံးပါ ။ :D ) ကျွန်တော့်ရဲ့ အစောဆုံးမှတ်ဥာဏ်တွေထဲမှာရော အဘွားကခေါင်းဆောင်မင်းသမီးကြီးပါ။ ကျွန်တော်လူ့လောကထဲကို အမေ့ဝမ်းမှတဆင့် ၀င်ခဲ့ရပေမယ့် မွေးကင်းစကျွန်တော့်ကို ပထမဆုံးပွေ့ထွေးသူမှာအဘွားပင်။

ကျွန်တော်ဘ၀ တစ်လျှောက်လုံးမှာ အဘွား (အမေ့အမေ) ကိုပေးဆပ်သူအဖြစ်သာတွေ့ ခဲ့ရသည်။ တစ်ခါတစ်ရံ အစိုးရိပ်လွန်ကဲသူ ၊ ပိန်သော်လည်းကျန်းမာရေးကောင်းသူ ၊ လူကဲခတ်တော်သူ ၊ ကျွန်တော်တို့ အိမ်တံခါးတဲ့တဲ့ တစ်နေ့လုံး လိုလိုမပျင်းမရိ ထိုင်နေတတ်တဲ့ ခပ်ချည့်ချည့် မယ်ကြီးအို တစ်ယောက်အဖြစ်သာ ။ အဘွားသည် ကျွန်တော်ကိုသူငယ်ငယ် ကအကြောင်းတွေကိုစိတ်လိုလက်ရ ပြောပြောပြတတ်တယ်။ တစ်ခါတစ်ခါကျွန်တော်စာကျက်ရင် နားစွန့်နေတတ်ပြီး သူကြားဖူးနားဝ တွေကိုဆွေးနွေးတတ်သေးတယ်။ ကျွန်တော်အတွက်တော့ အဘွားစကားတွေဟာ နားထဲကိုဝင်ပေမယ့် သိပ်တော့အလေးအနက်မထားမိပါဘူး ။ ဟုတ်တယ်လေ တစ်ခါကကျွန်တော် "ငလျင်" အကြောင်းကျက်နေတယ် ၊ တော်တော်လေးကိုမှတ်ရခက်တဲ့ မြေငလျင်ရဲ့ ဖြစ်စဉ်တွေကို ခေါင်းထဲဖြစ်ညှစ်သွင်းနေ ရချိန်မှာ အဘွားပြောတာက "ရှေးလူကြီးတွေပြော တာကတော့ငလျင်လှုပ်တယ် ဆိုတာမြေကြီးကိုထမ်းထားတဲ့ ငရဲသားတွေပခုန်းပြောင်းတာတဲ့" ။ ကျွန်တော်ကဟုတ်လားလို့ စိတ်မပါတစ်ပါပြောပြီး ခပ်လှောင်လှောင်ပြုံးလိုက်မိတယ် ။ အဘွားစိတ်မကောင်းဖြစ်သွားတာ ကျွန်တော်သိတာပေါ့။ အသက်ကြီးလာတာနဲ့အမျှ လူရာသွင်းအရေးပေးခံ ချင်တဲ့လူအိုတွေရဲ့ စိတ္တဗေဒကို ကိုယ်ချင်းလည်းစာမိပါရဲ့ ။ ဒါပေမယ့် သည်တုန်းက ကျွန်တော်စာရဖို့က ပိုအရေးကြီးနေတယ်လေ။ အိမ်မှာအမြဲရှိတဲ့ သူကိုဘယ်အချိန်တောင်းပန်တောင်းပန် ရပါတယ် ။ သည်လိုနဲ့ ပဲမြေးအပေါ် အပြစ်မယူဘဲ ခွင့်လွှတ်တဲ့အဘွားရဲ့ မေတ္တာအရိပ်အောက်မှာ အမှားတွေကိုတောင်းပန်ဝန်ချဖို့ ကျွန်တော်အမြဲမေ့လျော့ခဲ့ပါတယ် ။အလျော့ပေးလိုက်လျောခြင်းမှာ ပျော်နေခဲ့တာများလား ....အဘွားရယ် ။

အဘွားငယ်စဉ်ကတည်း ကပင်အကြီးဆုံးသမီးဖြစ်၍ အရာရာမှာအလျော့ပေးခဲ့ ရဟန်တူသည် ။ အဘွားအောက်က မောင်တွေ၊ နှမတွေက သေစာရှင်စာလောက်ပဲဖြစ်ဖြစ်တတ်ကြ သော်လည်းအဘွားစာမတတ်ခဲ့ပါ။ မိဘနှင့် အတူမိသားစု တာဝန်ကိုငယ်ငယ်ကတည်းကထမ်းခဲ့ရပေသည်။ အဘွားအသက်(၂၀) ကျော်အရွယ်မှာ်တစ်ရွာသားအဖိုးနှင့်အိမ်ထောင်ကျခဲ့သည် ။ ကျွန်တော်အဘက ပခုက္ကူနယ် ပဒိုင်းခြုံရွာသားဖြစ်ပြီးအိမ်ထောင်ကျပြီးနောက်မှာ အဘွားတို့ရွာကိုလိုက်နေခဲ့သည် ။ အဘိုးဟာ "ပုတ်ထမ်းဈေးသည်" ဖြစ်ပြီးဆင်းဆင်းရဲရဲမိထွေး နဲ့နေရသူဖြစ်တယ်လို့ အဘွားမကြာခဏ ပြောခဲ့ဖူးတယ်။ ခုခေတ်မှာ ပုတ်ထမ်းဈေးသည် လို့ပြောရင်ဘာလုပ်မှန်း သိမယ်မထင်ပါဘူး။ ရှေးကအညာမှာ အလှကုန်နဲ့ အ၀တ်အထည်တွေကို ပုတ်ထဲထည့်ပြီး တစ်ရွာဝင်တစ်ရွာထွက် လည်ရောင်းတဲ့ဈေးသည်တွေရှိပါတယ် ။ သူတို့တစ်တွေဟာ ပုတ်နှစ်လုံးကိုဦးပဲ့ ထမ်းပြီးရှေ့မှာ ကုန်တွေထည့်၊ နောက်ထဲမှာတော့ ရောက်ရာမှာအိပ်ဖို့ အိပ်ရာခင်း ၊ ချက်ဖို့ပြုတ်ဖို့ စားအိုးစားခွက် ၊ ဆန် ဆီ ဆား အစုံပါပါတယ်။ သူတို့ရောင်းကျတဲ့ကုန်တွေဟာ ဈေးအပေါဆုံး အလှကုန်၊ အ၀တ်အထည် ဒေသထွက်စတာတွေဖြစ်ပြီး မြန်မာတစ်ပြည်လုံးရဲ့ နယ်ပေါင်းစုံ မှာတစ်ရွာဝင်တစ်ရွာထွက် ရောင်းကျ ၀ယ်ကျတာပါ။ အရပ်အခေါ်တော့ "အရောင်းအ၀ယ်ထွက်တယ်ပေါ့ " ။ သည်အလုပ်ကို ခုတိုင်အညာက ကျွန်တော့်ဦးကြီး ၊ ဦးလေးတွေလုပ်ကြဆဲပါ။ တစ်ခါတစ်ခါ အရောင်းအ၀ယ်ထွက်ရင် သုံးလေးငါးလတော့ ကြာကြတာပဲတဲ့ ။ဒါပေမယ် သူ့ခေတ်နဲ့သူအခါ ၊ သူ့အရင်းနှီးနဲ့သူတော့ (ပင်ပန်းသလောက်) အမြတ်လေးတော့ရတဲ့အလုပ်တစ်ခုပါ ။

အဘွားဟာ စိတ်ပူပန်တတ်လွန်းသူပါ။ တစ်ချိန်ချိန်မှာဖြစ်လာနိုင်တဲ့ ၊ ဖြစ်ဖို့အခွင့်အရေးနည်တဲ့ ၊ ဖြစ်လာရင်တောင်ကိုယ်ဘာမှ မတတ်နိုင်တဲ့ အရာတွေကိုတောင် အမြဲတွေးပူနေတတ်တဲ့ သူပါ။ ဒါကြောင့် အဘိုးများ သည်လောက်အကြာကြီး ခရီးထွက်နေချိန်မှာ ဘယ်လောက်များစိတ်ပူရှာ လိုက်မလဲ။ စိတ်ပူဖို့အချိန်မရလောက်အောင်ပင် ဆင်းဆင်းရဲရဲအလုပ် နဲ့လက်နဲ့မပြတ်လုပ်နေခဲ့ရသလား ။ ကျွန်တော်တွေးကြည့်မိဖူးသည်။ သတင်းအဆက်အသွယ်ရဖို့ နေနေသာသာ ဘယ်ရပ်ဘယ်ဆီသွားမှန်းပင် သေချာရေရာမသိ။ ဒါပေမယ့် အသက်မွေးဝမ်ကြောင်းကဒါပဲ မဟုတ်လား ၊ ဘ၀မှာ ရုန်းကန်လှုပ်ရှားမှု တွေအတွက် ချွေးတွေ ၊ မျက်ရည်တွေ ၊ လွမ်ဆွေးမှု အပူအပင်တွေကို စတေးခဲ့ကြရ တာမဆန်းပါ။

အဘွားနှင့်အဖိုးမှာ သားသမီး (၅)ယောက်ထွန်းကားပါတယ်။ ဒါပေမယ့် ရှေ့ကသားသမီး လေးယောက်လုံးပျက်စီး ခဲ့ရပြီး နောက်ဆုံးသမီးလေး (ကျွန်တော်အမေ) သာအဖတ်တင်ခဲ့တယ် ။ နောက်ဆုံးကျန်တဲ့သမီးလေးကို အဘိုးတို့တုန်နေအောင်ချစ်ပေလိမ့် မည်။ သမီးလေးရဲ့ ဘ၀ရှေ့ရေးကိုလည်း တောသူတောင်သားအမြင်နှင့် ဥာဏ်မှီသလောက်စဉ်းစားမိခဲ့ ကြပေလိမ့်မည်။ သည်လိုနှင့်ဘ၀တိုးတက်ရေး သမီးရှေ့ရေးအတွက် မြို့မှာအခြေချဖို့ဆုံးဖြတ်ခဲ့ကြသည် ။ ဒါပေမယ့်ဆုံးဖြတ်ချက် ကိုအကောင်အထည်ဖော်ဖို့ အဘိုးတို့ တော်တော်လေးကြိုးပမ်းခဲ့ ကြရပါတယ်။ နောက်ဆုံးမှာ တော့ မြို့ဆင်ခြေဖုံးက အိမ်ဝန်းတစ်ခြမ်းလေးကို ၀ယ်ကာမိသားစုပြောင်းဖြစ်ခဲ့ ကြသည်။ တဲသာသာအိမ်လေးကိုဆောက်ပြီး မိသားစုရုန်းကန်ခဲ့ကြရသည်။ အဘိုးကအရောင်းအ၀ယ် ဆက်လုပ်သည်။ အဘွားကတော့အိမ်တွင်း ကိစ္စတွေ ၊ သမီးလေးကိစ္စတွေနဲ့အချိန်ကုန်ရတော့ တယ်။ "ဟဲ့ငါတို့ ဟာတဲစုတ်နဲ့နေချင်နေရမယ် ၊ ဒါပေမယ့် အစားအသောက် ၊ အ၀တ်အစားလည်း လူနှင့်တန်အောင်တော့ဝတ်ရစားရပါတယ်။ မင့်ဘကနဖူး ကချွေးခြေမကျအောင်ရှာကျွေးခဲ့ရှာတာ ကလား" အဘွားမကြာခဏပြောတတ်တဲ့ စကားပါ။ အဘွားတို့အိမ်လေးဟာ အနေစုတ်ချင်စုတ်ခဲ့ ပါလိမ့်မယ် ၊ ဒါပေမယ့် မိသားစုစည်းလုံးမှု ၊ ကြိုးစားမှု ၊ နားလည်မှုတို့နဲ့တော့နွေးထွေး နေခဲ့ပါလိမ့်မည်။

သည်လိုနဲ့ ကျွန်တော်အမေလည်း (၁၀) တန်းအောင်ကာ တက္ကသိုလ်သို့ရောက်ပြီ ၊ အဘတို့လည်း ဆိုက်ကားတစ်စီးထောင်နိုင်လာ ပြီး သိုးအုပ်တစ်အုပ်လည်းရှိလာခဲ့သည်။ ဒါပေမယ့် ...အမေနောက်ဆုံး နှစ်မှာအဘိုးအရောင်းအ၀ယ်ထွက်ရင်း လူသတ်ခံရသည်။ သထုံနယ်ဇင်းကျိုက် ဘက်ကရွာတစ်ရွာမှာလို့ ကြားတာပဲလို့  ပြောဘူးသည်။ သေချာတာကတော့ နောက်ဆုံးမှာ သမီး ၊ ဇနီးနှင့်ဝေးရာ တစိမ်းနယ်မှာ အဘိုးကွယ်လွန်ခဲ့ရတယ် ဆိုတာပါ။ အမေကျောင်းပြီးဖို့ အဘွားအတော်လေးရှုန်းကန်ခဲ့ရသည်။ ဆိုက်ကားတစ်စီး နှင့် သိုးအုပ်ကိုရောင်းကာ ကျောင်းသူအတွက် ချိုးခြံခဲ့ရသည်။ အမေကျောင်းပြီး၍ ကျောင်းဆရာမအလုပ်ရမှ အသက်ရှုချောင် သွားရသည်။အမေအလုပ်ရတော့ ပခုက္ကူနားက မန်ကျည်းပင်မှု ရွာကလေးမှာ တစ်နေ့တစ်နေ့ညနေမိုးချုပ်မှ ပြန်ပြန်လာရသည့်အမေ့ကို အဘွားအိမ်ရှေ့မှ ညနေတိုင်းမျှော်ခဲ့ ရသည်။ နောက်တော့ အမေလည်းပခုက္ကူမြို့ပေါ်ကကျောင်းပြောင်း ရပြီး ၊ အင်ဂျင်နီယာ ပေါက်စအဖေနှင့် အိမ်ထောင်ကျသည်။ အဖေလည်းအဖိုးကဲ့သို့ ဆံထုံးနောက်သျှောင်ပါခဲ့ ကာအဘွားတို့အိမ်လေးဆီပြောင်းလာ ခဲ့သည်။ ကျွန်ချောင်းဓာတ်မြေ သြဇာစက်ရုံမှာအလုပ် လုပ်ရပြီး တစ်ပတ်တစ်ခါမှ ညကြီးမင်းကြီး ၉ မိုင်ကျော်ခရီးကို စက်ဘီးစီးပြန်လာရသည့်အဖေ့ ကိုအမေတို့အဘွားတို့မျှော်ခဲ့ရပါ လိမ့်မည်။ နောက်တော့ကျွန်တော့်ကိုမွေး ၊ အဖေလည်း ဆည်မြောင်းဘက်မှာအလုပ်ရ ပြီးပြည်ဖက်ကိုပြောင်းရသည်။ နောက်ကျတော့ စီးပွားရေးလေးတောင်သာလာပြန်တော့ အဘွားရဲ့တဲလေးကိုဖျက်၍ တိုက်တည်ခဲ့သည်။ အခြေအနေအရ အဘွားမကန့်ကွက် ခဲ့သော်လည်းစိတ်မကောင်းဖြစ်မိမှာသေချာ သည်။ သည်အိမ်လေးဟာအဘိုးရဲ့ချွေးတွေ ၊ သွေးတွေ ၊ အသက်နဲ့ရောရင်ပြီးဆောက်ခဲ့ရ တာမဟုတ်လား ။ ပြီးအဘွားရဲ့ ပူပင်မှုသောက မျက်ရည်တွေ ၊ ချိုးခြံချွေတာမှုတွေ စွန်းထင်းနေတာမဟုတ်လား ။ ဒါပေမယ့်......... ။

ဒါပေမယ့် နောက်ဆုံးမှာတော့အဘွား ပခုက္ကူမြို့လေးကိုပါစွန့်ခွာခဲ့ရသည် ။ "အမေရယ် ၊ သားလေးလည်းမိစုံဖစုံ အမြဲအတူတူနေရတာပေါ့ ၊ ပြီးတော့ ကျွန်တော်ဟိုမှာအိမ်ရတယ်အမေရယ်။ အကျယ်ကြီးပဲ။ မိသားစုလေးအတူတူနေကြရအောင်ပါအမေရယ်နော် " ဆိုတဲ့သမက်ရဲ့ စကား ၊ သမီးနှင့်မြေးလေးရဲ့နောင်ရေး ဒါတွေကိုစဉ်းစားပြီး မြို့လေးကိုပါအဘွားစွန့်ခဲ့ရတယ်။

နောက်တော့အစိုးရ၀န်ထမ်း အဖေပြောင်းရတဲ့မြို့တွေမှာကျွန်တော်တို့ တစ်တွေနှင့်အတူလိုက်ပြောင်းနေရတဲ့အဘွား ကိုတွေ့ရတယ်။ ပြည် ၊နောက်မကွေး ၊ နောက်စစ်ကိုင်း နောက်တစ်ဖန်ပြည်ကိုတစ်ခါထပ် ပြောင်း ။ ပြောင်းရသမျှမြို့တွေ မှာလည်းအိမ်ထဲ ကအိမ်ပြင်မထွက်ဘဲ အိမ်ရှေ့တည့်တည့်ခုံမှာ အမြဲလိုလိုထိုင်နေတတ်တဲ့ အဘွားကိုတွေ့ရတယ် ။ သားသမီးတွေရဲ့ အပူကိုကိုယ့်အပူ နဲ့မခြားစိတ်ပူပေးတတ်တဲ့ ၊ ဘာမှလည်းစွမ်းဆောင်မပေးနိုင်တဲ့ မယ်ကြီးအို ၊တစ်ဦးတည်းသောသမီးကမွေးတဲ့ တစ်ဦးတည်းသောမြေးအပေါ် အသည်းပေါက်အောင် ချစ်ရှာတဲ့ဘွားအေတစ်ယောက်အနေနှင့် လည်တွေ့ရပြန်တယ်။ အဘွားဟာကျွန်တော့်ကို ငယ်ငယ်ကအိမ်လေး အကြောင်း ၊ အမေငယ်ငယ်ကအကြောင်းခဏ ခဏပြောပြတတ်တယ်။ ဒါပေမယ့် အဘွားဟာတစ်နှစ်တစ်ခါလောက် ပြန်ရတာကလွဲလို့ ပြန်ချင်လှချည်ရဲ့လို့ ၊ လွမ်းလှချည်ရဲ့လို့ မပြောရှာပါဘူး ။ အဘွားဟာ မျိုသိပ်တတ်တယ်မဟုတ်လား။

နောက် "ပြည်" ရောက်တော့ ကျွန်တော်တို့အိမ်လေးတစ်လုံးဆောက်ကြ ပြန်တယ်။ အိမ်ပုံစံကို ကိုယ်တိုင်ဆွဲရင်းအလုပ်ရှုပ်နေတဲ့ အဖေက ဒါအမေ့အခန်းလို့ အဘွားကိုပြတယ်။ ကွန်တိုတွေ ၊ စကေးတွေ ၊ဒေါင့်ချိုးတွေ ရှုပ်ရှက်ခက်နေတဲ့ အဖေရဲ့အိပ်ပုံကို အဘွားသေချာကြည့်နေပါတယ်။ "အောင်မလေးမင်းနှယ် ကွယ်၊ မင်းအိမ်ပြီးသည်အထိ ငါနေရဦးမှာလား" ကျွန်တော်တို့အားလုံး ရယ်ပြီး ကျန်းမာရေးသည်လောက်ကောင်းတဲ့အဘွား ကနေရဦးမှာပါလို့ ပြောမိကြတယ်။ အဘွားကမိန့်မိန့်ကြီးပြုံးလို့ ၊ နောက်တော့အဘွားငြိမ်ကျသွားတယ်။ တော်တော်ကြီးကိုအတွေးနက်နေပုံ ပဲမျက်ရည်တွေလည်းဝဲလို့။ ဘာများစိတ်မကောင်းဖြစ်ရတာလဲ အဘွားရယ် ၊ အိမ်သစ်လေးက တစ်ကယ်ကိုခေတ်မီတယ် ။ ကျွန်တော်တို့ငယ် ငယ်တုန်းကအိမ်လေးနဲ့ များကွာပ။ အဘွားအတွေးနဲ့ ကျွန်တော်အတွေး ၊ တန်ဖိုးထားမှု ခံစားချက်တွေ ဟာတော်တော်ကွာပါလိမ့်မည်။

ဒါပေမယ့် ကျန်းမာရေးကောင်းလှပါတယ် ဆိုတဲ့အဘွားဟာ ကျွန်တော်(၁၀) နှစ်စမှာပဲ အစာအိမ်ပြည်တယ်တဲ့ ရောဂါနှင့်ဆေရုံ တက်ရပါတယ်။ သာမန်လူငယ်တစ်ယောက် အတွက်မပြောပလောက်တဲ့ ခွဲစိတ်မှုဟာ ရှစ်ဆယ်ကျော်အဘွားအို အတွက်ပြန်နလံမထူ နိုင်တော့ပါဘူး ။ ဆေရုံကနောက်ဆုံး အိမ်ပြန်သယ်သွားဖို့ ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့ ၀န်ထမ်းအိမ်ရာထဲကအိမ်လေး (အဖေ့စိတ်ကူးအိမ်ကလည်း မပြီးသေးပါ) ဆီကို အဘွားကိုပြန်သယ်လာရတယ် ။ မိုးမှောင်နေတဲ့ နေ့လည်တစ်ခုမှာအဘွား ဆုံးတယ်။ ပူလောင်လှတဲ့ ငိုကြွေးသံတွေကြားမှာ အားလုံးကိုကျောခိုင်းသွားပြီ ဖြစ်တဲ့ အဘွားကိုကျွန်တော် မျက်ရည်ကြားမှ မြင်ရတယ်။ အဘွားရက်လည်တဲ့နေ့ မှာအမေကပြောတယ်။ "ဘာပဲပြောပြော မင်းအဘွားမဆုံး ခင်အမေတို့ပြုစု လိုက်ရပါတယ်ကွယ်။ နောက်ပြီး အိမ်မှာပဲဆုံးရှာတာပါ။ဆေးရုံမှာမဟုတ်တာကို ပဲမင်းအဘွားဝမ်းသာရှာမှာပါ။ နို့မို့ဆိုရင် ၀င်းထဲတောင်ဝင်ခွင့်ရမှာ မဟုတ်ဘူး ။ " ။ ဟုတ်ပမလားအမေရယ် အဘွားနောက်ဆုံးအချိန်မှာ သူခေါင်းချချင်တဲ့နေရာဟာ သည်အိမ်ဟုတ်ပမလား .......? ။ဒါပေမယ့် ကျွန်တော်အမေ့ကို ဘာမှပြန်မပြောခဲ့ပါ ။

ုပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်က ကျွန်တော်မြန်မာနိုင်ငံပြန်ခဲ့ သည်။ (၁၀) တန်းပြီးနောက် ပညာရေးအတွက် မိမိနိုင်ငံကိုကျောခိုင်းထွက်ခဲ့ရပြီး မှတစ်ဖန်အလည်ပြန်လာခြင်းပင် ။ သည်တစ်ခါတော့ ကျွန်တော့်အိမ်ဟာ (မိဘများပြောင်းရွှေ့ရာ) ရွှေဘိုမှာဖြစ်သွားပြီ ။ ကျွန်တော်အိမ်သစ်ကို ၀င်ဝင်ချင်း အိမ်တံခါးနှင့်တည့်တည့် ကုလားထိုင်မှာထိုင်တတ်သည့် အဘွားကိုသတိရမိသည်။ သည်အိမ်သစ်မှာတော့ အဘိုးနှင့် အဘွားတို့ဓာတ်ပုံတွေချိတ်ထားတာတွေ့ ရသည်။ ကျွန်တော့်အလှူတုန်းကရိုက်ထားသည့်ဓာတ်ပုံထဲက အဘွားရဲ့အင်္ပြုးဟာ အသက်ပါလှရုံသာမက ဆေးသားကလည်းစိုနေတယ်။ ဘေးကအဖိုးရဲ့ ဓာတ်ပုံကတော့ရှေးကပုံကို ပုံကြီးချည့်ပြီးကူးထားလို့သိပ်မထင်ရှားပါ။ တို့အရင်တုန်းက အိမ်ထောင်စုစာရင်း အတွက်အိမ်ရှေ့မှာ ထွက်ပြီးမိသားစု ဓာတ်ပုံရိုက်ခံကြရတုန်းကပုံလို့ အမေပြောတယ်။ ပုံဘယ်လောက်ပဲ ၀ါးဝါး အဘရဲ့အပြုံးက ကျွန်တော်အတွက်ထူးဆန်းနေတယ် ။ ဟုတ်ပါရဲ့ သည်လိုအပြုံးမျိုးကို မမြင်ရတာကြာပြီ ။ အဘရဲ့အပြုံးကကျေနပ် အားရနေတဲ့အင်္ပြုးမျိုး ။ ဟင့်အင်း ။ ဒါတွင်မကသေးဘူး ငါ့ချွေး ၊ ငါ့သွေး ၊ ငါ့ကိုယ်ပိုင်ကြိုးစားမှုကြောင့် ရလာတဲ့ ငါ့မိသားစုအတွက်ငါ့ ကိုယ်ပိုင်အိမ်ပဲဆိုတဲ့ ရဲရဲဝင့်ဝင့်ယုံကြည်တဲ့အပြုံး မျိုး ။ ကျွန်တော်ကြီးပြင်းလာရတဲ့ ခေတ် ၊ ပတ်ဝန်းကျင်မှာ မိမိရဲ့အိုးအိမ် စည်းစိမ်ဥစ္စာအတွက် မိမိကိုယ်ပိုင် အရည်အချင်းပင်ပန်းခံကြိုးစားမှု မပါဘဲ သူတစ်ပါးကိုဒုက္ခပေး ချောက်ချ အမြတ်ထုတ်ဂုဏ်ယူနေကြတဲ့ ပုဂ္ပိုလ်တွေဆီမှာ မတွေ့နိုင်တဲ့အပြုံးမျိုးပဲ။ ပကာသနကင်းမဲ့ပါစေမိမိအရည်အချင်းနှင့်ရသောတစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါးဂုဏ်ယူပြုံးနိုင်ဖို့ ကျွန်တော်တို့ဘယ်လောက်ကြိုးစားရဦးမှာ လဲ ? ။ ကျွန်တော်မသိနိုင်ပါ။ ဒါပေမယ့် သေချာတာကတော့ကျွန်တော်အတွေးထဲမှာ ဘရဲ့အိမ်လေးဟာ မေတ္တာစေတနာတွေကြောင့် ကြီးကျယ်မြင့်မြတ်သွားတာပါပဲ ။

2 comments:

မေငြိမ်း said...

ဘာလို့လဲမသိ.. ဒီပို့စ်လေးကို ဖတ်ရတာ တလျှောက်လုံး ငိုချင်နေတယ်။ အမကလည်း အဖွား ခရေဇီလေ..။ စိတ်ရှည်လက်ရှည်ရေးထားတော့ ဖတ်ရတာ အသက်ဝင်ပါတယ်။

Rita said...

touchy