9 November 2012

အပြာရင့်ရောင် ကူးတို့ဆိပ်ကမ်း

[ ခိုင်စိုးလင်းစီစဉ်တဲ့  ဝိညာဉ်မှတ်တမ်း (ghost record) e-book မှာပါပါတယ် .. ။ ]


လောကမှာအသုံးဝင်လောက်အောင် အရေးမကြီးသေးတဲ့လူတစ်ယောက်ဖြစ်လို့ ငါသေသွားရင်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး၊ ဒါကြောင့်လည်း သေဦးမှာမဟုတ်ပါဘူးလို့ ပြောတတ်တဲ့ကိုကို ညက သေဆုံး သွားပါသည်...။ သည်တော့ အရင်ကပြုံးတတ်စမြဲ နှုတ်ခမ်းများက ပြာနှမ်းလို့သွားပြီး တပ်မက်ဖွယ်လည်း မရှိတော့…။ မှတ်မိသေးလား အဲသည်နေ့တုန်းက ကို့ကို့နှုတ်ခမ်းတွေပြုံးနေတာပဲ …။ အဲသည်တုန်းက ကိုကိုက ဘောင်းဘီရှည်ကိုခေါက်၊ ရေတွေရွှဲရွှဲစိုပြီး အိမ်ကို အကိုကြီးနဲ့ အတူပါလာတာ...။ ညနေဆိုတော့ အမေတို့နဲ့ လက်ဖက်စား တီဗွီကလာတဲ့ ဇာတ်လမ်းတွဲကြည့်နေတုန်း...။ အဲသည်တုန်းက ချက်ချင်း ကိုကို မွန့်ကို မှတ်မိလားဟင်..။ ငယ်ငယ်တုန်းကတွေ့ဖူးခဲ့တယ်တော့ မဟုတ်လား...။ မွန့်ကတော့မှတ်မိတယ်... အဲသည်တုန်းက ကိုကိုနှုတ်ခမ်းလေးတွန့်ပြီးပြုံးပြတာကိုလည်း မွန်သေချာမှတ်မိတယ်...။ ကိုကိုသောက်ဖို့ မွန်ကော်ဖီဖျော်ပေးခဲ့ရတယ်...။

  ကိုကို့ညာဘက် လက်ခလယ်ကကျိုးနေတယ်..။ မွန်ဖြောင့်ပေးပေမဲ့ ဖြောင့်လို့မရဘူး..။ အခြားလက်ချောင်းတွေကျ ရလျက်နဲ့...။ သည်ညအပြင်မှာလသာနေတယ်...။ မွန် တယောက်ယောက်ကို ဖုန်းဆက်ရမလား...။ အစ်ကိုကြီးကို ခေါ်လိုက်ရင်ကောင်းမလား...။ မွန့်ကိုသူတို့ ယုံကြပါ့မလား..။ မွန်ကရောသူတို့ယုံအောင် ရှင်းချင်စိတ်ရှိပါ့မလား...။ ကိုကို ဘာလို့ သေသွားတာလဲဆိုတာ မွန်ပြောလို့လည်း သူတို့ နားရှင်းမယ်မထင်ဘူးကိုကို...။ အပြင်ဘက်ထွက်လို့ လိပ်ပြာလေးတစ်ကောင်တွေ့ရင် ပြန်လွင့်သွားတဲ့ ကိုကိုဝိညာဉ်လား..၊ လိပ်ပြာအဖြစ် လွင့်ခွင့်ရှိအောင်တောင် ကိုကိုက ကျွတ်လွတ်ပါ့မလား.. သိရအောင် မွန်ကြားဖူးတဲ့ နည်းနဲ့ကိုကို့ လိပ်ပြာကိုပြန်ခေါ်ရမလား။ ကိုကို ဘယ်မှာ စွဲပြီးနေထိုင်နေလဲ။ ဟိုဘက်က စာအုပ်စင်မှာလား၊ ခေါင်းရင်းက အပင်ကြီးမှာလား။ သည်ကုတင်ကြီးမှာလား။ ဒါမှမဟုတ် ကိုကိုတပ်မက်တယ် ဆိုတဲ့ မွန့်ကိုယ်ပေါ်မှာလား...။

   ကိုကိုအသက်ရှိတုန်းက အရပ်ရှည်တယ် အသားညိုတယ်.. နည်းနည်းကြည့်ကောင်းတယ်...။ တခါတခါတော့ သပ်သပ်ရပ်ရပ်မရှိရင် ကြည့်လို့သိပ်မကောင်းတတ်ဘူး...။ ယောက်ျားတစ်ယောက်မှာ သည်လောက်ရှိရင် လုပ်စားလို့ရပါပြီကွာလို့ ကိုကိုပြောလိုက်တိုင်း မွန်ရင်ထဲမှာ ကျင်တတ်သွားတတ်တာ ဟိုအရင်တုန်းကသာပါ...။ ကိုကိုဘာလို့ သည်လောက်ပွင့်လင်းရတာလဲ...။ မွန့်ကိုဘယ်တုန်းကမှ ကိုကို အားမနာဘူးမဟုတ်လား...။

   မှတ်မိသေးတယ်...။ နောက်တစ်ခေါက်ပြန်တွေ့တော့ ကိုကို မွန်တို့ကို ဂစ်တာတီးပြတယ်။ ကိုကိုညည်းတတ်တဲ့ သီချင်းတဲ့။ ဒါပေမဲ့ သည်တေးသွားမှာ မွန့်နာမည်ပါနေရတာကိုလဲ။ ကိုကိုက သိပ်ဟန်ကောင်းတော့ အစ်ကိုကြီးတို့ မေမေတို့တောင် သတိမထားမိကြဘူး...။ မွန့်ကိုကျ ကိုကိုကစိုက်ကြည့်နေတော့ မွန်ဘယ်လိုမှ မနေတတ်တော့တာကိုပဲ ကိုကိုသဘောကျနေခဲ့တယ်မဟုတ်လား...။ အဲသည်လို မျက်လုံးမှေးပြီးမကြည့်ပါနဲ့..။ ကိုကို့ရဲ့ တည်တည်ကြည်ကြည်ရုပ်က ပျက်သွားတယ်..။ ဂစ်တာကို စွဲစွဲလမ်းလမ်းတီးတတ်တဲ့ကိုကို ခုဆို ဂစ်တာကိုများ စွဲပြီး အဲသည်မှာ အိမ်ဖွဲ့နေလေမလား...။

   ကိုကိုမျက်လုံးတွေကို စောစောကပဲ မွန့်လက်တွေနဲ့ အုပ်ပိတ်ပေးခဲ့ပြီ။ ကိုကို့ မျက်လုံးတွေက ထင်သလောက် သိပ်ပြီးပြူးထွက်မနေပါဘူး...။ ခုနောက်ပိုင်း ကိုကို့မျက်လုံးတွေဝါနေတတ်တာတော့ မွန်သတိထားမိတာ ကြာပြီ...။ ဘာမှပြောဖို့လည်း မလိုဘူးထင်တော့လို့ပါ။ လောကမှာ အမှားရယ် အမှန်ရယ်ဆိုတာ ဘယ်သူကမှ သတ်သတ်ကြီးမပြနိုင်ဘူးကွ ဒါကြောင့် လောကမှာ မှားတယ်မိုက်တယ်ရယ်လို့မရှိဘူး အေး... ရှိရင်လည်း မင်းတို့ အသိုင်းအဝိုင်းက သတ်မှတ်ကြတဲ့အတိုင်း ခေါင်းမရှိတိုင်း လိုက်လက်ခံနေကြတဲ့ နည်းမှားတွေပဲဖြစ်မှာ....။ ကိုကိုဟာ သည်စကားကို ခဏခဏပြောတယ်..။ ခုမှတော့ မွန့် စိတ်ကို ဘယ်လိုမှ မထိခိုက်နိုင်တော့ပါဘူး၊ ကိုကို စီးကရက်တွေ သိပ်သောက်နေနေ၊ မကြိုက်ဘဲ အရက်တွေပဲ လှိမ့်သောက်နေနေ၊ နောက် ဘာတွေပဲလုပ်နေနေ ကိုကို့မှာ ပြောစရာ ပြစရာ အကြောင်းအချက်တွေက များလှတယ်မဟုတ်လား…။ မွန် ကိုကိုရဲ့သည်စကားတွေကို ကြားစက နားလည်အောင် အတော်ကြိုးစားခဲ့ရတယ်...။ နားလည်လာတော့လည်း အဓိပ္ပာယ်ပေါ်အောင် ဘယ်လိုကြိုးစားကြိုးစား ကိုကိုဟာ မကျေနပ်တိုင်း ကိုယ့်ကိုယ်ကိုယ်နှစ်နေတာပဲ ဆိုတာထက် မွန်ဘာကိုမှ ပိုပြီးသိလာမယ်တော့ မထင်ဘူး...။ မွန်ပြုံးလိုက်တယ်... ကိုကိုတွယ်ငြိတတ်တဲ့အရာကို မွန်ရှာလို့တွေ့ရင် အခုကိစ္စမှာလည်း ကိုကိုရဲ့အကြောင်းပြချက်ကို လိပ်ပြာကူးပြီး အပြောကောင်းကောင်းနဲ့ရှင်းပြဦးမှာ မဟုတ်လား...။ ညငှက်တစ်ကောင် အိမ်ခေါင်ထက်မှာ မြည်တယ်ကိုကို၊ ကိုကို့လိပ်ပြာကို အဲသည်ငှက်က မြင်နိုင်သလား ဟင်...။

□ □ □

ကျွန်တော်ပန်းပန်းကို လက်ထပ်ပါရစေ၊ စဉ်းစားမယ်ဆိုလည်း စဉ်းစားပါ ယတိပြတ်တော့ မငြင်းလိုက်ပါနဲ။ ကိုကို သည်လိုပြောတုန်းက မွန်ဘယ်လောက်ထူပူသွားမယ်ဆိုတာ စဉ်းစားတတ်ရဲ့လား။ ကိုကိုပြုံးနေခဲ့တယ် မဟုတ်လား...။ ခုရောမွန့်ကို့ အနားမှာထိုင်ပြီးငေးနေတာတွေ့ရရင် ကိုကိုပြုံးနေဦးမှာလား၊ ရယ်တောင် ရယ်နေမှာလား..။ မွန်အဖြေမထွက်ခဲ့ဘူး...။

   မွန်အဲသည်ညက ဘဝမှာ အခြားသူတစ်ယောက်ကြောင့် ကြည်နူးတယ်ရတယ်ဆိုတာ ကိုတော့ သေချာသိရတယ်၊ နောက်ပြီး ကြီးမားတဲ့ အားတစ်ခုကို တွန်းလှန်ချင်ရက်နဲ့ တွန်းလှန်ဖို့လည်း တန်ပြန်အင်အားမရှိတဲ့ အဖြစ်ကိုကြုံဖူးရတာပဲ...။ အနည်းဆုံးတော့ ကျွန်တော့်ကိုဘယ်လိုသဘောထားလဲ သိပါရစေ...။ မွန် ဘယ်လိုသဘောထားမှမရှိပါဘူး။ ဒါဆို ကျွန်တော့်ကိုလက်ခံမယ်မဟုတ်လား ပန်းရယ် မော့ကြည့်ပါဦး...။ အတွေ့…။ ကိုကို့ရဲ့ လက်ချောင်းတွေက မွန့်လည်ပင်းကိုလာ ဆုပ်တယ်... ခေါင်းမော့ပါဦးပေါ့..။ မွန်မော့ကြည့်ပေမဲ့ မျက်ရည်တွေကြောင့်ကိုကို့ကိုမမြင်ရဘူး...။ ကိုကိုကတော့ ပြုံးပြီးကြည့်နေတယ်မဟုတ်လား...။

   ဒါ့ထက် ခုကိုကို့ ကိစ္စကိုရဲတိုင်ရဦးမလား၊ မွန်လိုက်ပြီး အစစ်ခံရဦးမှာလား။ ဒါ့အပြင် သတင်းတွေဘာတွေထဲရော ပါလာဦးမှာလား…။ မွန့်ကို သူတို့တတွေသနားကြဦးမယ်ထင်တယ်...။ ကိုကိုပြုံးပြန်ပြီမဟုတ်လား... မွန့်အတွေးတွေကို...။ အိမ်ပေါ်က ညငှက်သံတိတ်သွားပြီ... ကိုကိုအိမ်ထဲကိုပြန်ဝင်လာပြီလား...။ ငုတ်တုပ်ထိုင်နေတဲ့ မွန့်ကို တွေ့တော့ နောင်တရလားဟင်...။ လောကမှာ ယုံကြည်စရာ ဘာမှမရှိဘူးလို့ဆိုတဲ့ ကိုကိုက နောင်တကိုရောယုံရဲ့လား...။ သည်မှာ မိပန်းလောကမှာ ဘာမှယုံကြည်စရာမရှိဘူးကွ... မင်းလိုဉာဏ်မရှိတဲ့ မိန်းမတွေသာ အလုပ်မဟုတ်တာတွေယုံပြီး ရပ်တည်လို့ရမယ် ငါသည်လောက်တုံးတဲ့ကောင်မဟုတ်ဘူး...။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကိုကိုပြောသွားတာ မွန်မှတ်မိတယ်...။ ကိုကို့ဘေးနားက အသာထပြီး အပြင်ဘက်ပြတင်းကို ဖွင့်လိုက်တယ်...၊ လသာနေတယ် နောက်ညဥ့်မြူတွေလို ထွက်နေတယ်။ မှတ်မိသေးတယ်။ မွန့်ကို ကိုကိုလက်ထပ်ခွင့်တောင်းတုန်းက ညလိုပါပဲ...။ လောကဟာ ခုထိတော့ တည်မြဲနေစမြဲ မပြောင်းလဲဘူးလို့ ယုံချင်စရာကောင်းတုန်းပါပဲ... ကိုကို...။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သည်လိုညမှာ မွန်အချစ်ကိုစတွေ့တယ်...။ နောက် တစ်ပုံစံထဲလို့ပြောနိုင်တဲ့ ခုညမှာ အတန်ကြာပျောက်ဆုံးနေတဲ့ အချစ်ကို မွန်ပြန်တွေ့ရတယ်...။ ဟုတ်တယ် မွန် ကိုကို့အပေါ်ထားခဲ့ဖူးတဲ့အချစ်လေ...။

□ □ □

   မွန်တို့လက်ထပ်တဲ့ မင်္ဂလာဦးညက မူးမူးနဲ့ ကိုကိုငိုတယ်။ မျက်ရည်ကျတယ်ပေါ့။ ကိုယ့်ဘဝမှာ အရှုံးတွေချည်းပဲ ပန်းပန်း တစ်ခုတည်းဖြစ်ပေမဲ့ ကိုယ်ဖြစ်ချင်တာ လိုချင်တာကိုလည်း မရခဲ့ဘူး။ ဟုတ်တယ် ကိုယ့်ရှိသမျှ အားလုံးပေးခဲ့တာတောင် မရခဲ့ဘူး... ကိုယ်လူငယ်ဘဝကို အားလုံးပေးခဲ့တယ်။ သူများတွေ ပျော်နေကြချိန်မှာ အချစ်ဆိုတာလည်းမရှိခဲ့ဘူး။ ဘာကိုမှမသိသေးသူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းဆိုတာလည်း မရခဲ့ဘူး...

   ယုံကြည်ရာတစ်ခုအတွက်ပဲ တစိုက်မတ်မတ်နဲ့ ရူးခဲ့ရဖူးတယ်။ အိမ်မက်ကို ရည်မှန်းချက်အဖြစ်ကိုယ် ကြိုးစားပြီးပြောင်းခဲ့တယ် ပန်းပန်း။ ဒါပေမဲ့ နောက်ဆုံးမှာ အားလုံးကိုဆုံးရှုံးခဲ့ရတယ် ကိုကိုအခု အသက် ၃ဝ ကျော်လာပြီ...။ ကိုကိုဟာ ဘာကောင်မှမဖြစ်သေးဘူး။ လေယာဉ်စီးရင် လေယာဉ်ပျက်ကျမယ် ကားစီးရင်းကားတိုက်ပြီးရင်လည်း တစ်ခါတည်း ပွဲချင်းပြီးသေကောင်းသေမယ်လို့ချည်း တွေးမိနေတယ်...။ သည်လိုဖြစ်လည်း သူတို့ဘာသာသူတို့ အောင်မြင်ကြတဲ့ ပိုက်ဆံရှိ ရာထူးရှိတဲ့ ကိုကိုအဖေနဲ့ အမေ မသေဘူးဆိုတာကို တွေးမိပြီး ဝမ်းသာရအောင် အမြဲခရီးသွားရင် တစ်ယောက်တည်းပဲသွားတယ်...။ ဒါပေမဲ့ ကိုကိုသိပါတယ် ကိုကိုဟာ လောကမှာအသုံးကျလောက်အောင် အရေးမကြီးတော့ ကိုယ်သေသွားရင်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး၊ ဒါကြောင့်လည်း သေဦးမှာမဟုတ်ပါဘူး...။ ဒါကြောင့်ပဲ ခု ပန်းပန်းကို ကိုကိုတွေ့တာပေါ့...။ ယုံပါ ပန်းရယ် ကိုယ့်ဘဝမှ အချစ်ဆိုတာတစ်ခုတည်း နောက်ဆုံးယုံကြည်ဖို့ ကျန်တော့မယ်...။ ကိုယ်အိမ်ထောင်ကိုပဲ အောင်မြင်အောင်ကြိုးစားဖို့ဆိုတဲ့ နောက်ဆုံး စိန်ခေါ်ပွဲပဲကျန်တော့မယ်.. ပန်း ကိုယ်ရှုံးလို့တော့မဖြစ်ဘူး...။ အဲသည်ညက ကိုကိုမူးနေတာလား။ မွန်လည်းမူးနေတယ်... ကိုကို့လို အရက်ကြောင့်တော့မဟုတ်ပါဘူး...။ ပိုင်စိုးပိုင်နက်နိုင်လှတဲ့ ကိုကိုအကြည့်တွေကြောင့်ပါ...။ ပြောရရင် မွန်လုံးဝ ကြောက်စိတ်မရှိဘူးကိုကို။ ကိုကိုအနိုင်ရဖို့ မွန်အရှုံးပေးဖို့ လုံးဝမကြောက်းဘူး။ မွန်စိတ်လျှော့ထားတယ်... ဖိတ်ခေါ်ထားတယ်...။ ဒါဟာအချစ်ပါပဲကိုကို...။ တကယ်ဆို မွန်နဲ့ကိုကိုတွေ့ကြာဘယ်လောက်ကြာသေးလို့လဲ...။ လက်ထပ်ပြီး တစ်ခန်းတည်းအိပ်ရရင် အချစ်ဆိုတာဖြစ်ပေါ်လာတတ်တယ် ဆိုတာဟုတ်လား..။ ဒါဟာ အချစ်ပါပဲ... ကိုကို့ကို မွန်ချစ်တယ်...။ ပန်းကလေး ပန်းကလေး...။ ကိုကိုက တွန့်ဆုတ်မှုမရှိဘူး...။ ပြုံးနေရက်ကိုကို့ကို စိုက်ကြည့်ရင်း ဆွဲငင်အားတစ်ခုကြောင့် ရင်ထဲမှပီတိဒီရေတက်လာတယ်...။ ရစ်မူးစေတတ်တယ်ထင်တယ်...။ နာတယ်ထင်ရပေမဲ့ တကယ်ကမနာပါဘူး...။ ပျော်စရာထင်ပေမဲ့ တစိမ့်စိမ့်ကြည်နူးရတယ်ဆိုတာမျိုးလည်း မဟုတ်ပြန်ဘူး...။

   အပြင်မှာလေတွေတိုက်နေတယ်၊ ကိုကိုကတော့ ချမ်းမှာမဟုတ်ဘူး...။ ဒါပေါ့ ရှင်ဘာမှသိနိုင်တာမှ မဟုတ်တော့ပဲ...။ ညဘယ်နနာရီရှိပြီလဲ...။ မိုးလင်းတော့မယ်လား...။ အေးလေ မွန်ကြောက်စရာမရှိပါဘူး...။ ကိုကို့ကို မွန်ဘယ်တုန်းကမှမကြောက်ဘူး အရင်တုန်းကတည်းက ကိုကိုပျော့ညံ့တာကို သိလို့ မွန်ကြောက်မှ မကြောက်ခဲ့တာ... ခုဆို မွန်ကိုကိုကို ပြန်ပြီးတောင်ချစ်မိနေပြီပဲ...။ အဲသည်မနက်က ကိုကိုအစောကြီးနိုးနေတယ်...။ သိပ်ဝမ်းနည်းနေသလိုပဲ... ကိုကိုမွန့်ကိုမကျေနပ်ဘူးလား၊ ဒါမနေ့ညနေကမှ လက်ထပ်လိုက်တဲ့ သတို့သားတစ်ယောက်ရဲ့မျက်နှာမျိုးမဟုတ်ပါဘူး...။ ကိုကိုမွန့်ဘက်ကိုလှည့်ကြည့်ပြီး ကမ်းပေးလိုက်တယ်...။ မင်းသိပ်နာနေရင် သည်မှာ တင်ချာထည့်ရတယ်...၊ မထချင်ရင် နံနက်စာလာပို့ခိုင်းလိုက်မယ်...။ ကိုကိုထသွားသွားချင်း မွန့်ရင်ထဲမှာ မခံချင်စိတ်ကြောင့် ထူပူပြီး ကျန်ရစ်တယ်...။ သူဒါမျိုးဘယ်နှစ်ခါကြုံဖူးခဲ့လဲ...။ မွန်ငမ်းငမ်းတက်ဖြစ်ခဲ့တဲ့ အသစ်အဆန်းဟာ ရှင့်အတွက် ဝတ္တရားအရလို့ဆိုနိုင်လောက်အောင် ရိုးနေပြီးသားလား...။

   မွန်လက်ဘေးမှာ တင်ချာပုလင်း...။ ရှင့်ကို ကောက်ပေါက်လိုက်ရမလား...။ ရှင်... မွန်ဘာဖြစ်နေတယ်ဆိုတာကို သိရဲ့လား...။ ငါမှသည်လို ခံရလေခြင်းလို့ မွန် ကိုယ့်ကိုယ်ကိုယ်တွေးမိ သနားမိပြီး မျက်ရည်လည်လာတယ်...။ သည်လိုလူကိုမှ မွန်ချစ်မိတယ်၊ လက်ထပ်မိတယ်၊ တပ်မက်မိတယ်၊ ဖိတ်ခေါ်မိတယ်...။ မိုက်ခနဲပဲ... တင်ချာပုလင်း။ ပုလင်းအပေါ်က နာမည်ကြီးမင်းသမီးပုံနဲ့၊ သူကရောဘာလုပ်ဖို့တင်ချာကိုသုံးမှာတုန်း၊ နင် အရှက်မရှိဘူးလား ကောင်မ၊ အောင်မယ် ပြုံးလို့၊ သူ့ပုံက ကျေနပ်နေသလိုပဲ...။

   ဒါ မနက်စောစောလား...။ နံနက်ဘယ်နှာရီမှာ ဘယ်သူတွေကို ဖုန်းဆက်ခေါ်ရမလဲ..။ ကိုကို အခန်းထဲကထွက်သွားပြီး နံနက်စာယူလာမယ်...။ ကုတင်ပေါ်က ကိုကိုကတော့ ဘယ်တော့မှ နိုးထလာမှာမဟုတ်ဘူး...။ မွန်သိပ်ရှက်တယ်။ ခုဆို မွန်လွတ်လပ်ပြီ... လုပ်ချင်တာလုပ်လို့ရပြီ...။ သူ့ဘေးမှာ မွန်တစ်ယောက်တည်း...။ သူမနေ့ညကပြန်လာတော့ ပုံမှန်ပဲ.. ဒါပေမဲ့ ထမင်းမစားဘူး အခန်းထဲကမထွက်ဘူး...။ သည်ည မွန်မကြောက်ပေမဲ့ လေသိပ်တိုက်တယ်...။ သန်းခေါင်ကျော်ပြီထင်တယ်...။ သံချောက်ခေါက်သံကအချက်ရေ နည်းတာပဲ...။ မနက်လင်းပြီလား...။ နေမထွက်သေးဘူး...။ ကိုကို လောကကြီးမှာ တကယ်မရှိတော့ဘူး...။ မွန်ကတော့ ကျန်ရစ်တယ်....။ တစ်ယောက်တည်း အခန်းထဲမှာ...။ မဟုတ်သေးပါဘူး ခုဟာက ပြတင်းဝမှာပါ...။

□ □ □

   မွန်ပြန်နိုးလားတော့ နံနက်ရောက်ပြီလားတောင်ထင်မိတယ်...။ ဒါတွေအားလုံးဟာ အိပ်မက်လား...။ ကိုကိုသေသွားတာ အိပ်မက်လား...။ မဟုတ်ဘူး ဘေးနားမှာ ကိုကို့ခန္ဓာကိုယ်ကြီး။ ကိုယ်ဘဝကို သိပ်တပ်မက်တယ် ပန်း၊ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်ရပ်ချင်တဲ့အချိန်မှာ ရပ်ပစ်လို့ရတယ်။ ဒါဟာ လူသားတစ်ဦးမှာပိုင်တဲ့ အကြီးမားဆုံးအခွင့်အရေးပဲ။ ထိတ်လန့်ဖို့ကောင်းတဲ့ အခွင့်အရေးလည်းဖြစ်တယ်...။ ကိုကို မွန့်ကိုချစ်လားဆိုတာ အိမ်ထောင်ဦးကတည်းက မွန်ကိုယ့်ကိုယ်ကိုယ်မေးမိနေတဲ့ မေးခွန်း...။ တခါတခါဖြစ်တတ်တဲ့ ကိုကို့အယုအယက တပ်မက်စရာကောင်းသလောက် အမြဲလိုလိုမြင်နေရတဲ့ ကိုကိုရဲ့မှုန်သုန်သုန်အမူအရာဟာ စိတ်ညစ်ညူးဖို့ ကောင်းလှတယ်...။ တနေ့တနေ့ မွန့်ကို ဘယ်အချိန်သွားပြီး နှုတ်ဆက်ရမလဲ... ကို မွန့်ကိုစကားပြောချင်စိတ်ရောရှိရဲ့လား...။ ကို အပြင်ကပြန်လာရင် ပြုံးရွှင်လို့ ကြိုသင့်လား မကြိုဘဲ မသိလိုက်မသိဘာသာ နေဖို့သင့်သလားလို့ ဆုံးဖြတ်ရတာ မွန့်ဖို့ကိစ္စကြီးတစ်ခုဖြစ်လာတယ်...။ ပန်းပန်းလာဦး... ကိုကိုနဲ့သီချင်းနားထောင်လှည့်...။ ကိုကို့အကြိုက်သီချင်းဆိုတာလည်း မွန်နဲ့ မရင်းနှီးသော သီချင်းမျိုးတွေဖြစ်သည်။ သီချင်းကြီး၊ ရှေးက တောအငြိမ့်သီချင်း၊ ရေဒီယိုကလာတတ် တဲ့ နှောင်းခေတ်တေး...။ ခေတ်မှီလှတဲ့ ကိုကိုဟာ ဘာလို့ သည်လိုသီချင်းမျိုးတွေ နားထောင်တတ်တာလဲ...။ ကိုကိုဟာ အစ်ကိုကြီးပြောသလို ခပ်ကြောင်ကြောင်လူလား... သူကတော့ ကိုကိုကိုလေးစားပေမဲ့ နားမလည်ဘူးလို့ မွန့်ကိုပြောဖူးတယ်...။ ဟုတ်တယ် မွန်လည်းကိုကို့ကိုနားမလည်ဘူး...။ နားထောင်လေ... ပန်း ဒါက ယိုးဒယားသီချင်း..ထပ်ကွန့်လို့ခေါ်တယ်... သည်မှာ ဝါးလတ်နဲ့တီးထားတယ် ပန်းသိလား ဝါးလတ်ဆိုတာကိုရော...။ စိတ်ပါလက်ပါရှင်းပြနေတဲ့ ကိုကို့ကိုမော့ကြည့်ရင်းမွန် ပြန်ရှာနေရတတ်တဲ့ အချစ်ကိုတွေ့ပြန်တယ်...။ ကိုကို့မျက်လုံးတွေပြုံးရယ်နေပြန်တယ်...။

   တေးသံဟာဖြည်းလွန်းပြီး အတက်အကျလည်းမရှိဘူးကွယ်...။ ပေါင်ကိုပုတ်ပြီး စည်းဝါးလိုက်နေတဲ့ ကိုကို့လက်တွေဟာ အတတ်ဆန်းလို့လာပြန်တယ်...။ ဟင့်အင်း သည်စာကြည့်ခန်းထဲမှာ... လွှတ်ပါကိုကို...။ ကိုကိုဟာ မွန်ရုန်းမှ ပိုဆိုးလာတယ်...။ အရှုံးပေးရခြင်းအတွက် အမုန်း... ရှင်ကိုယ့်မိန်းမကို ဘယ်လိုဆက်ဆံတာလဲ..။ သည်သီချင်းဟာ မဆုံးတော့ဘူးလား၊ ရှည်လိုက်တာ၊ ကြာလိုက်တာ...။ စည်းနှစ်ချက် ဝါးတစ်ချက်အကျတွေဟာ ကိုကိုရဲ့ သက်ငင်သံတွေဖြစ်လာတယ်...။ ရှင်ကျွန်မကို ခံစားတာလား သီချင်းကိုခံစားတာလား...။ ဒါမှမဟုတ် မွန်ဟာတေးသွားလား... ကိုကိုကကြားဖြတ်အဖြစ် တချက်တချက် ခုတ်ဖြတ်တဲ့ စည်းသွားလား...။

   စည်းလိုက်တတ်တဲ့ ကိုကိုရဲ့ လက်တွေဟာ ခုတော့ အေးစက်လို့လာပြီ။ သေဆုံးခြင်းဟာ ရှုံးနိမ့်သွားခြင်းပါပဲ။ ဟုတ်မယ်ပန်း ဘဝဆိုတာ နောက်ဆုံးမှာ ရှုံးနိမ့်ခြင်းပါပဲ။ လူတွေ ဘဝတွေဟာ နောက်ဆုံး စုန်းစုန်မြုတ်သွားချိန်ထိ သရိုက်သရော စီးဆင်းကြရတယ်။ ဒါပေမဲ့ စုန်းစုန်းမြုတ်သွားတဲ့ အချိန်ကိုတော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်မဟုတ်လား...။ ကိုကိုမွန့်ကိုပြောသွားဖူးတယ်..။ ကိုကိုအဲသည်တုန်းက ပြုံးနေ တယ် မွန့်ကိုလည်း ပန်းကလေးတဲ့...။ မင်းဟာကလေးလေးပါပဲလားကွယ်...။ ဟုတ်တယ်ကိုကို မွန်ဟာ ကို့ရင်ခွင်ထဲက ကလေးလေးပါ။ မွန်မျက်ရည်တွေ ကျလာတယ်။ ကိုကို ဘာလို့ ခုမှသေသွားရတာလဲ။ မွန့်ကို မချစ်လို့လား၊ ကိုမွန့်ကို တစ်ခါလောက် ခေါင်းထဲထည့်ပြီး စဉ်းစားဖူးပြီလား သိချင်တယ်...။

□ □ □

   နံနက်လင်းလို့ ကိုကို့ ကိစ္စကိုအမေတို့သိရင် ဘာလုပ်ကြမလဲ။ မွန့်ကိုမေးကြမှာလား။ ကိုကို့အကြောင်းမွန်မသိတာတွေ အများကြီးရှိသလို၊ ကိုကိုနဲ့မွန်တို့အကြောင်း အမေတို့မသိတာတွေအများကြီး။ မွန်ကိုကိုကို့ ခွင့်မလွှတ်နိုင်ခဲ့တဲ့ အကြောင်းကို အမေတို့မသိခဲ့ဘူး...။

   မွန် ကိုကို့ကို ခွင့်မလွှတ်နိုင်ဆုံး အဖြစ်။ ကိုကို့ကို လူလို့ မသတ်မှတ်နိုင်လောက်တဲ့အဖြစ်။ ဒါပေမဲ့လည်း ခုချိန်ထိ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့ရတဲ့မွန် လုပ်ခဲ့သမျှထဲမှာ အကျေနပ်ဆုံးအဖြစ်။ မွန်မိသားစုဘဝမှာ အတောင့်တဆုံး ရင်သွေးလေးတစ်ယောက် မွန့်ကိုယ်ပေါ်မှာ စတည်လာပြီဆိုတုန်းက ပထမဆုံး ကိုကို့ကို ဖွင့်ပြောချင်လွန်းလို့ မျက်ရည်တောင် လည်မိတာ ကိုကိုသိလား။ ကိုကို ကလေးလေးတွေကို ချစ်တတ်တာ အထူးသဖြင့် သမီးမိန်းကလေးတွေကို ချစ်တတ်တာမွန်သိတယ်။ ဒါနဲ့တောင် ကိုကိုက ကလေးလိုချင်တယ်လို့ မွန့်ကို စကားစပ်လို့တောင် မပြောဖူးဘူး။ သူ ကလေးအဖေ မဖြစ်ချင်သေးဘူးလား ရှင့်...။ မွန်မေးလိုက်ချင်တယ် ကြည်နူးဖို့ ကောင်းလိုက်တာ..။

   အဲသည်ညနေက ကိုကို အရက်သောက်လာတယ်။ ဒါပေမဲ့ ကိုကိုကမူးတတ်တယ်ဆိုတာ မရှိတော့ မွန်စိတ်ထဲတောင်မထားမိဘူး။ ကိုကို့ခါးကို ဖက်ရင်းအခန်းထဲဝင်လာရင်း ကိုကို့နားနားကို တိုးတိုးလေးကပ်ပြီး ဝတ္ထုတွေထဲ ရုပ်ရှင်တွေထဲကလို မြင်ယောင်ပြီးပြောပြတယ်...။ ကိုကို ပျော်မသွားပါဘူး...။ တုန်လှုပ်မသွားပါဘူး...။ မွန့်ကို စိုက်ကြည့်ရင်း သူမျက်ရည်တွေဝဲလာတယ်....။ နောက်အတော်ကြာ ကိုကိုစကားပြောနိုင်ဘူး...။ ကျွန်တော်.. ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူး ပန်းပန်း။ နောက်ပြီး ကလေးလည်း ကျွန်တော်မယူနိုင်ဘူး...။ သည်ကိစ္စဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...။ သည်ကလေးကို မင်းလည်းမယူရဘူး...။

   ကိုကိုရဲ့ အေးစက်နေပြီဖြစ်တဲ့ လက်တွေကို ကိုင်ထားတဲ့မွန့်လက်တွေဟာ ကိုကိုမေးကိုညှစ်မိရက်သားဖြစ်နေတယ်။ အားစိုက်ပေမဲ့ ကို့နှုတ်ခမ်းတွေဟာ ပွင့်မလာဘူး...။ ညှစ်ထားတဲ့လက်တွေသာ တုန်လာတယ်။ အဲသည်တုန်းက ရှင်သည်လို စကားကို ဘယ်လိုစိတ်နဲ့များပြောထွက်တာလဲ...။ ကလေးမယူနိုင်ဘူး...။ သူတည်နေတာကို ဖျက်ပါ...။ ကလေးတစ်ယောက်ကို ခေါ်ပြီးတစ်သက်လုံး ဒုက္ခပေးတာ အင်မတန်အတ္တကြီးပါတယ်...။ ကျွန်တော် သည်လောက်ကြီး မလုပ်နိုင်ဘူး... မတရားလွန်းအားကြီးပါတယ်...။ ညှစ်ထားတဲ့ မွန့်လက်တွေ ပျော့ခွေလို့ သွားတယ်။ ရှင်ဟာ သေသွားပြီပဲ...။ ရှင့်သည်စကားဟာ ဘာများ အကျိုးရှိ အဓိပ္ပာယ်ရှိတော့မှာလဲ။ နောက် သည်ကလေးဟာ ရှင့်သွေးအဖြစ်၊ ရှင့်သားအဖြစ် ကြွေးကြော်ပြီး မွေးလာရင်လည်း ရှင့်မှာတားဆီးဖို့ အခုဘာအခွင့်အရေးမှမရှိတော့ဘူး မဟုတ်လား။

   ရှင်...။ ကျွန်တော့်ကို ခွင့်လွှတ်ပါပန်းပန်း။ ကျွန်တော်တောင်းပန်ပါတယ်။ မေ့ပစ် လိုက်ဖို့တော့ ဖြစ်နိုင်မယ်မထင်တော့ဘူး။ အကောင်းတစ်ခုဟာ ခြစ်ရာရှရာတစ်ခုရလာရင်တောင် တန်ဖိုးထားသူအဖို့တော့ ပစ်လိုက်ရသလိုပဲမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားပြီး မေ့ပစ်ကြရင် တတ်နိုင်သလောက်တော့ အောင်မြင်မှာပါ။ ကျွန်တော့်ကို သည်တစ်ခုတော့လိုက်လျောပါ။ ကျွန်တော် တောင်းဆိုတာ မှားမှန်း မပြောသင့်မှန်းသိပါတယ်။ ဒါကြောင့်ပဲ စောစောကတည်းက မင်းကိုဆေးသောက်ပါလို့ ပြောတာပေါ့ကွ...။ သေချာစဉ်းစားရင် လူတစ်ယောက်ကို ဖန်တီးယူပြီး တစ်သက်လုံး ဒုက္ခခံခိုင်းမယ်ဆိုတာကနဲ့ ယှဉ်ရင် ခုကျွန်တော်တောင်းဆိုတာ မျှတပါတယ်။ လူပိုဆန်ပါတယ်။ ဟေ့.. ဘာကိုငေးနေတာလဲ ငါပြောတာကြားလား။

   မွန်ပထမဆုံးအကြိမ်အဖြစ် ကိုကို့ကို အနိုင်ရချင်လာတယ်...။ ကိုကို့ကို သတ်ပစ်ရပါစေ နာကျင်အောင်လုပ်ပြီးမှ အသက်ထွက်စေချင်တဲ့ စိတ်စေတနာဟာ ခိုဝင်ခိုင်မြဲလာတယ်...။ မွန်သည်ကလေးကို မွေးမယ်...။ အဆိုးဆုံး ကိုကိုနဲ့ ပြတ်စဲရပြီး မွန်တစ်ကိုယ်တည်းနေရသည်အထိ မွန်ကျေနပ်မယ်...။ ပန်းပန်းရယ် ကိုကို့ဘဝမှာ အိမ်ထောင်ရေးကို နောက်ဆုံးတွယ်ရာအဖြစ် ခံယူပြီး ပန်းကို လက်ထပ်ခဲ့တာပါ။ ကိုကိုတို့ နှစ်ယောက်ထည်းနေသွားကြမယ်...။ အသက်တွေကြီးပြီးသေတဲ့အထိ။ ကိုကိုသည်အထိတောင် နေရပါ့မလား။ ဘာပဲဖြစ်ဖြစ် ကို ပန်းကိုချစ်တယ်ဆိုတာတော့ ယုံပါနော်...။ ကိုကိုတောင်းဆိုတာကို လက်ခံပါကွယ်နော်..။ ဘာကိုမှတော့ မမြင်ရပါဘူး အဲသည်ခဏ၊ ဒါပေမဲ့ မွန် ကိုကို့ဘက်ကို စိုက်ကြည့်ရင်း ခေါင်းငြိမ့် လိုက်တယ်...။ နောက်တော့ ကိုကို့မွန်ကို ချစ်တယ်လို့ တိုးတိုးလေးရွတ်ရင် စည်းဝါးအလိုက်တေးသွားကို ထုံးစံအတိုင်း စတင်တီးခတ်ပါတယ်...။ မွန်မျက်ရည်မကျတော့ဘူး။ နောက် ဝမ်းလည်းမနည်းပါဘူး တကယ်ပါ...။ နောက်တစ်နေ့မှာ ဆေးခန်းသွားမယ်လို့ ပြောပြီး မွန်တစ်နေ့လုံး အပြင်ထွက်လည်တယ်...။

   မနက်ရောက်ရင် သည်အိမ်မှာလူတွေ အုန်းအုန်းထတော့မယ်..။ ငါအခုအနားယူရမယ်။ ခဏလေးဖြစ်ဖြစ် အိပ်ရမယ်...။ မိုးလင်းတော့မယ် မကြာခင်...။ ကိုကို့ပါးနှစ်ဖက်ကို ခပ်ဆတ်ဆတ်လေးပုတ်လိုက်တယ်... ဟုတ်တယ် သူဘာမှမတုန့်ပြန်ဘူး..။ သူသေသွားပြီလေ..။ အပြင်ဘက်ကို ခဏလောက်ဖြစ်ဖြစ် မွန်ထွက်ရမယ်...။ အဲသည်နေ့က မွန်ပြန်လာတော့ ကိုကိုအိပ်နေပြီ။ ကိုကို အိပ်ချိန်စားချိန်မမှန်တတ်တာ ခပ်ကောင်းကောင်းပါ။ သူ့ကိုကြည့်ရင်း ခေါင်းအုံးနဲ့ ဖိသတ်ပစ်လိုက်ရရင်ကောင်းမလား မွန်ပထမဆုံး စဉ်းစားမိတယ်။ ကိုကိုကတော့ ခေါင်းအုံးပေါ်မျက်နှာတစ်ခြမ်း မှောက်ရင်း အေးအေးလူလူအိပ်နေတယ်။ အဲသည်လူဟာ လွန်ခဲ့တဲ့ ၃ နှစ်က မွန့်ကိုဖမ်းစားခဲ့တဲ့ သူနဲ့ တစ်ယောက်တည်းမှ ဟုတ်ရဲ့လား။ လူစိတ်မရှိတဲ့ အချစ်မရှိတတ်သူဟာ သည်လောက်ရိုးဖြောင့်တဲ့ဟန် မရှိသင့်ဘူး ထင်တယ်။ ဒါဆို ကိုကိုက လိမ်တတ်တဲ့ နေရာမှာ သိပ်တော်တာပဲ။ အိပ်လို့ပျော်နေတဲ့ အချိန်မှာတောင် ရိုးရှင်းတဲ့ စိတ်ရှောရှောရှူရှူဖြစ်တဲ့ ပုံစံပေါ်နေတယ်။ ကျွန်မကို ကျူးလွန်ခိုင်းလိုက်တဲ့ ပြစ်မှုအပေါ် လုံးဝရှင် အပြစ်ရှိတယ်လို့ ခံယူပုံမပေါ်ဘူး။ ဒါက ကျွန်တော်ကုသိုလ်လုပ်တာပါ ဒါကို ဘုရားသိရင် ချီးကျူးကောင်းချီးကျူးမယ်ထင်ပါတယ်...။ အပြစ်များစွာရှိမယ့် လူတစ်ယောက်ကို တားဆီးပေးတာဟာ နည်းတဲ့ကုသိုလ်မဟုတ်ပါဘူး။ သည့်အတွက် ကျွန်တော့်ရင်မှာ ဘယ်လောက်နာရတယ်ဆိုတာ မင်းသိလား။ ကျွန်တော်သည်လိုလုပ်ရတာ သည်လိုတောင်းဆိုရတာ နောက် သည်လိုခံစားမှုမရှိ သလိုဖြစ်ရတာ၊ အခြားလူတွေလိုနေလို့ မရရတာ၊ ဒါတွေကြောင့် ကျွန်တော်ဘယ်လောက် နာကျင်ရတယ်ဆိုတာ ပန်းပန်းသိလား။ ကျွန်တော့်ကို....။

   နောက်ကိုကိုနိုးလာတော့ မွန့်ရင်မှာ ခေါင်းဝှက်ပြီး ငိုပြန်တယ်။ မွန်ကတော့ထုံနေပြီထင်တာပဲ။ စိတ်ရယ်လို့ မရှိတောဘဲ ဘာမှမထူးခြားသလို ကိုကိုလုပ်သမျှငြိမ်ခံနေလိုက်တယ်။ ဘာမှ မမေးတာကိုပဲ မွန်ကျေးဇူးတင်ပါတယ်။ ပန်း...။ ကိုကို သည်အိပ်မက်ကိုပြန်မက်တယ်။ ခဏခဏမက်တတ်တဲ့ အိမ်မက်။ ကိုကိုအမြင့်ကြီးက တနေရာကို တပင်တပန်းတက်သွားရတယ် အောက်ပြန်ငုံကြည့်တော့ ပြန်ဆင်းနိုင်ဖို့ လမ်းမရှိတော့ဘူး။ ကိုကို သိနေတယ် ငါပြန်ဆင်းရမယ်လို့ ခုန်ဆင်းဖို့လည်း ကိုကို သတ္တိမရှိပြန်ဘူး။ ကိုကို အဲသည်မှာလည်း ဆက်ပြီးမနေနိုင်တော့ဘူး သည်အချိန်မျိုးမှာ ကိုကိုဘာကို အတောင့်တဆုံးလို့ ပန်းထင်လဲ။ မတော်လို့ပဲဖြစ်ဖြစ် တွန်းချခံလိုက်ရလို့ပဲဖြစ်ဖြစ် ကိုကိုယ်တိုင်မလုပ်လိုက်ရဘဲ အဲသည်အပေါ်က ပြုတ်ကျ သွားစေချင်တယ်..။ အဲသည်တစ်ခဏမှာ ကိုကိုမြေကြီးကို သေခြင်းတမျှတပ်မက်လာတယ်။ ကိုကို့ကို မြေကြီးထဲမှာ နှစ်မြှုပ်ထားစေချင်တယ်..။ အဲသည်လိုခံစားမှုကို ပန်းကြုံဖူးလားဟင်။ အိပ်မက်ဆိုတာ သည်လိုပါပဲ ညနေပိုင်းမှာ အိပ်ရင် သည်လို ကယောင်ချောက်ချားတွေ မက်တတ်တာပဲ ကိုကို ညစာစားဦးမလား ကော်ဖီသောက်မလား။ နေပါစေ ပန်း။ ပန်းပန်း ဘုရားကိုယုံလားဟင်။ ပေါက်ပေါက် ရှာရှာတွေ မေးမနေပါနဲ့ကိုကိုရယ် မဆာရင်လည်း ဆေးသောက်ပြီးပြန်အိပ်ပါ...။ ကိုကို အဲသည်ညက သိပ်ကို သိမ်မွေ့နေခဲ့တယ်။ မွန့်ကိုကြည့်ပုံကိုက သိပ်နူးညံ့တာပဲ။ ပန်းကို ကိုယ်သိပ်ချစ်တယ် သိလား။ ဘယ်သူနဲ့မှ မသက်ဆိုင်စေချင်တဲ့ ပုံမျိုးနဲ့ ကိုကိုချစ်တာ၊ ကိုယ့်တစ်ယောက်တည်းနဲ့သာ သက်ဆိုင်တဲ့လူတစ်ယောက်ကို ချစ်ရသလို ကိုကိုချစ်တာ။ သည်အချစ်မျိုးဟာ ကိုကိုပြုစုပျိုးထောင်လာတာ။ အချစ်ဆိုတာ အနုပညာလိုပဲ သေခြင်းနဲ့အမျှ တန်ခိုးကြီးတယ်။ ဟင်း... ကြာလာတော့လည်း ကိုကို ပေါက်ကရတွေ ပြောတတ်တာ မွန်အဖို့ရိုးနေပြီ။ ကိုကို သူကျူးလွန်ခဲ့တဲ့ အမှုကို ခွင့်လွှတ်အောင် သူတတ်သလို စကားနဲ့ ကစားနေတာပဲ။ ဒါမျိုးနဲ့ တန်တာဆိုလို့ မွန်ဘာမှ မပြောဘဲ အရေးမစိုက်သလိုနေရတာ သူ့အဖို့ အထိခိုက်စေနိုင်ဆုံး နာကျင်စေမှုပဲဆိုတာ မွန်သိခဲ့တာကြာပြီ။ ပြောပါစေ... ကိုကိုကြိုက်သလိုသာ ပြောပါ။ ပြီးရင်ပြီးတာပဲ မဟုတ်လား။ မွန်ပြုံးနေလိုက်တယ်။

   ဒါထက် ကိုကို ခုသေသွားတော့ နောက်ဆိုဘယ်ရောက်မလဲဟင်...။ ၁၄ ရက်လား ရက် ၂ဝ လား လူ့ပြည်မှာ ဟိုသည်ကြည့်နေနိုင်သေးတယ်ဆို ဟုတ်လား။ ငရဲဆိုတာ တကယ်များရှိလားလို့ ကိုကို စဉ်းစားကြည့်ဖူးတယ် ပန်းပန်း။ လောကမှာ အရေးအကြီးဆုံးက သေခြင်းပဲ..။ တခါက ရူးရူးမိုက်မိုက် သိစမ်းချင်လို့လုပ်ကြည့်ဖူးတာ ရှိတယ်...။ ပန်း တစ္ဆေကို ယုံလာဟင်။ ကိုကို အဲသည်လို သတ္တဝါကိုခေါ်ကြည့်ဖူးတယ်...။ အစိမ်းသေသေရင် ခေါ်ကြည့်လို့ရတယ်တဲ့။ ဟုတ်တယ် အဲသည်လိုသူကို ကိုကိုမေးကြည့်ဖူးတယ်...။ မွန်ပြုံးနေလိုက်တယ် ကိုကိုမူးနေပြီ ပြောစမ်းပါဦး ရှင်ကျွန်မစိတ် ကို ပြောင်းအောင်ပြောနေတဲ့ မဟုတ်တရုတ် အကြောင်းတွေကို။ ဟုတ်တယ် တွေ့စကတည်းက ကိုကိုအပြောကောင်းတာမွန်သိပါတယ်...။

   ခုနေ ဝန်ခံလိုက်ဖို့ မွန်ကိုကို့ကို ခဏလောက်ပြန်ခေါ်လိုက်လို့ ရမလားဟင်။ ကိုကိုအဝေးကြီး မသွားသေးတာ သေချာပါတယ်။ မွန်မှ ယောင်လို့တောင် အမျှ မဝေမိသေးပါဘူး။ ပြန်ခေါ်လို့ ရမလားကိုကို ခဏလေးရယ်ပါ။ ဟုတ်တယ်... ပန်းပန်း သူတို့ကိုပြန်ခေါ်လို့ရတယ်... ကဝေသာရစတဲ့ ကျမ်းတွေမှာပါတယ်။ ကိုကို့မှာ အဲသည်စာအုပ်ရှိတယ်။ ဖယောင်းတိုင်ထွန်း ဂါထာတွေရွတ်ပြီးလုပ်ရတာမျိုး လွယ်ပါတယ်။ ဒါထားပါ။ အဲသည်လိုမေးကြည့်တော့ သူဘာပြောတယ်ထင်သလဲ။ သေပြီးပြီးချင်း ငရဲသားတွေကိုတွေ့ရတယ်တဲ့...။ သူမြင်ရတာဟာ ကိုကိုတို့လူတွေ ကြားဖူးနားဝ သိထားတဲ့ ငရဲဆိုတာထက်ပိုလို့ ကြောက်ဖို့ကောင်းတယ်တဲ့...။ ဘယ်လောက်မတရားလိုက်သလဲ ပန်းရယ်။ အဲသည်သူဟာ လူ့ဘဝတုန်းက ဆေးစွဲလို့သေရတာ...။ လောကမှာ အမှား အမှန်ဆိုတာကို ဘယ်လို စံနဲ့များ ဆုံးဖြတ်ပြီး ငရဲဆိုတာကို ပို့ရတာလဲ...။ ကိုအကြောက်ကြီးကြောက်သွားတယ်။ ကိုယ်တို့မှာ ပြန်ပြီးအယူခံဝင်ဖို့လမ်းမရှိဘူးလား...။ ဒါနဲ့များ ကိုကို တို့ဘာလို့ ဘဝကို သည်လောက်ဖက်တွယ်ထားကြတာလဲ...။ ကို့အတွက်တော့ လောကမှာ အမှန်နဲ့ အမှားဆိုတဲ့ အရာဟာ လူတွေ ဥာဏ်မှီသလောက်မရှိနိုင်ဘူး။ လူတွေဟာ သူ့ဘဝနဲ့သူတော့ အတတ်နိုင်ဆုံးကြိုးစားပြီး နေပျော်အောင် နေကြရတာမဟုတ်လား... ကိုယ့်အဖို့ မကြိုက်ပေမဲ့ သူ့အဖို့မှန်နေရင် ဘယ်လိုလုပ်မလဲ။ ဘယ်စံနဲ့များတိုင်းတာပြီး အပြစ်ပေး ငရဲပို့မှာလဲ။ ကိုကို သိပ်ကြောက်တယ်...။ ကိုယ်ကဖြစ်တဲ့ ကလေးတွေရလာရင် လူတွေက မကောင်းဘူးဆိုတဲ့ အရာတွေသူတို့လုပ်ရင် ကို့မှာတားဆီးရဲတဲ့ သတ္တိမရှိဘူး...။ မိဘဆိုတဲ့ မျက်စိမှိတ်အတ္တနဲ့ သူတို့ကို ကိုယ့်လက်အောက်ခံလို လူ့ဘဝအတွက်လိုအပ်တဲ့ ပုံသေစံတွေကို ရိုက်သွင်းပေးဖို့ စိတ်အင်အားလည်းမရှိပါဘူး...။ ကိုကိုကို့ ပန်းနားလည်ပါ..။ ကိုကို ပန်းလိုပဲ..........။

   မိုးမလင်းသေးဘူးလား။ သည်ညတာဟာ ရှည်လှပါတယ်...။ ရှင်ဒါတွေပူဖို့မလိုတော့ပါဘူး။ ဒါပေမဲ့ ရှင်ထင်သလိုမဖြစ်ဘူး မွန်ဟာ ရှင့်အကြိုက်ကိုပဲလိုက်တဲ့ မိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး ဆိုတာ ရှင့်ကို သိစေချင်တယ်...။ ရှင်တောင်းဆိုသမျှဟာလည်း အရာမရောက်ခဲ့ဘူး။ ဒါဟာ မွန့်အချစ်၊ မွန့်ခန္ဓာနဲ့ ကိုကို့ကို အကောင်းဆုံးလက်စားချေလို့ရမယ့်နည်းပဲ မဟုတ်လား။ ကိုကို ပြောတဲ့ ငရဲကိုမသွားခင် ဒါကို ကိုကို သိသွားရင်အကောင်းဆုံးဖြစ်မယ်ထင်တယ်..။ မွန့်ကို ကိုကိုခွင့်မလွှတ်နိုင်ရင် ယူကြုံးမရဖြစ်ရင် မွန်အောင်မြင်တယ်ပြောရမယ်...။ နောက်ဒါဟာလည်း ကိုကို့အပေါ်မှာ အဆုံးစွန်အထိ ရင့်မာခဲ့ရတဲ့ မွန့်ရဲ့ချစ်ခြင်းလည်းဖြစ်ပြန်တယ်...။

□ □ □

   မိုးလင်းတော့မယ်။ မကြာခင်ဆို နေတောင်ထွက်လာတော့မယ် မြန်မြန်လေးလုပ်မှ။ လိုတာတွေ မွန်ရှာနေရတာကြာသွားတယ်။ မီမှမီပါတော့မလား။ မွန် ကိုကို့ကုတင်ခြေကိုမှီထောင်ထားတဲ့ မှန်ရှေ့မှာ ဖယောင်းတိုင်သုံးတိုင်ထွန်းလိုက်တယ်...။ အပြင်မှာလေတွေတိုက်နေတုန်းပဲ။ အကုန်ဟင်းလင်းဖွင့်ထားတဲ့ အိမ်ရှေ့တံခါးက လေတွေသိပ်ဝင်နေတယ်။ အသက်အောင့်ထား.. မီးတွေငြိမ်းသွားလို့မဖြစ်ဘူး။ မွန် စာရွက်ပေါ်က မန္တာန်ကို ခပ်လေးလေးစရွတ်တယ်။ ကိုကို့ကို ဒုက္ခရောက်စေချင်တဲ့ စိတ်ကြောင့်မဟုတ်ပါဘူး။ ကျန်ရစ်တဲ့မွန် စိတ်လွတ်ကိုယ်လွတ်နေသွားနိုင်အောင်ပါ။ ရွတ်အပြီးမှာ မျက်စိကိုတင်းတင်းပိတ်လိုက်တယ်။ ကိုကိုဆင်းလာပါ။ သည်ဖယောင်းတိုင်မီးမငြိမ်းခင် မွန့်ဆီကို ခဏလောက်လာပါ။

   လေတဖြူးဖြူးတိုက်တာဟာ ပိုပြီးစိပ်လာတယ်။ တယောက်ယောက် အပြင်တံခါးခုံပေါ်တက်လာသံ ကြားရတယ်။ စိတ်ထင်နေတာလား။ သည်လုပ်ရပ်မှတ်တမ်းဟာ နောက်ထားတာတော့မဟုတ်နိုင်ပါဘူး။ ဟုတ်ပါတယ်...ခြေသံ။ တဖြည်းဖြည်း ရှေ့ကိုတိုးလားတဲ့ ခြေသံ။ ဖွဖွလေး။ ခန္ဓာဝန်ကင်းပြီး ပေါ့ပါးကျေနပ်နေပြီလားကိုကို။ တစ်လှမ်း နှစ်လှမ်း သုံးလှမ်း...။ နောက်ဆုံး သည်တစ်ခုတော့ မွန့်အလိုကိုဖြည့်ပါ မွန့်ဆန္ဒကိုလိုက်လျောပါ...။ ခြေသံကတော့ တဖြည်းဖြည်းနီးလာပြီ...။

   ကိုကိုဟုတ်တယ်မဟုတ်လားဟင်...တွေ့စကလို ပြုံးရင်း ကိုကိုလက်လှမ်းလိုက်ပါ...။ ကိုကိုတစ်ချက်လက်လှမ်းရင် မွန့်ပုခုံးကိုတောင် ထိလို့ရနေပါပြီ။။

အောင်ဖြိုး
(၂၂ ဇွန် ၊ ၂၀၁၂-  3:22 AM)

No comments: