22 June 2011

The Makioka Sisters - Tanizaki Junichirô



မီကီအိုက ညီအစ်မများ (၁၉၄၃-၁၉၄၈) ဝတ္ထုကို ဂျပန်နိုင်ငံရဲ့ ထင်ရှားလှတဲ့စာရေးဆရာ တနီဇာကီ ရေးသားခဲ့တာဖြစ်ပြီး ကမ္ဘာ့ဂန္တဝင် ဝတ္ထုတစ်ပုဒ်အဖြစ် ယနေ့တိုင်ထင်ရှားနေဆဲဖြစ်ပါတယ် ။ ဝတ္ထုနောက်ခံ အချိန်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်လေးက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှ ထင်ရှားတဲ့ ကုန်သည်မိသားစု တစ်စုရဲ့ လှုမှုရေး ၊ စီးပွားရေး အခြေအနေ တွေကို (၅) နှစ်ကြာနောက်ခံ ရေးသားခဲ့တာဖြစ်ပြီး ဂျပန်က ပုလဲဆိပ်ကမ်း ဗုန်းမကြဲမှီ ခုနစ်လခန့်အလို ၁၉၄၁ - ဧပြီလ နောက်ခံမှာ ဇာတ်ကိုအဆုံးသတ်ထားပါတယ် ။

သည်ဝတ္ထုမှာ ဆွေကြီးမျိုးကြီးက ဆင်းသက်လာကြတဲ့ ညီအစ်မလေးယောက် ကိုအခြေပြုကာ ဇာတ်သွားချိန် ၅ နှစ်အတွင်း ဖြစ်ပျက်သမျှတို့ကို အသေးစိတ်ရေးသားထားပါတယ်။ တဖြည်းဖြည်းပျက်ယွင်း လာတဲ့ စီးပွားရေးအခြေအနေ ၊ ခေတ်သစ်ပြောင်းစအချိန်မှာ အတွေးအခေါ်ဓလေ့ဟောင်းတို့ ပျက်သုန်းရခြင်း themes တွေဟာ သည်ဝတ္ထုရဲ့ အရေးပါတဲ့ အခြေခံတင်ပြချက်တွေဖြစ်တယ် ။ သည်လို ပြောင်းလဲပျက်သုန်းမှု တွေကို တန်ပြန်တွန်းလှန်ရင်း ခေတ်ဟောင်းရဲ့ အခွံအတွင်းမှာ တည်မြဲနိုင်အောင် ရုန်းကန်ကြတဲ့ ဇာတ်ဆောင်တွေရယ် ၊ ပြောင်းလဲမှုကို ကြိုဆိုတဲ့ ခေတ်သစ်လူငယ်တွေရယ် ပဋိပက္ခ ကိုလည်း စာရေးဆရာက အလေးပေးထားပါတယ် ။

ဝတ္ထုရဲ့ မူလအမည်ဟာ Sasameyuki ဖြစ်ပြီး ‘နှင်းဖွဲကျချိန်’ လို့ အဓိပ္ပာယ်ရပါတယ် ။ ဒါ့အပြင်လည်း သည်ခေါင်းစဉ်ဟာ ဝတ္ထုရဲ့ ဇာတ်ကောင်ညီအစ်မလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Yukiko ယူကီကို ကိုကိုယ်စားပြုရာရောက်တာမို့ သူမကိုပဲ အဓိကဇာတ်ကောင်လို့ သတ်မှတ်ချင်ဟန်ရပါတယ် ။ သို့တိုင် ဝတ္ထုတစ်ပုဒ်လုံးမှာ စာရေးဆရာဟာ သူ့ကို အကွားအဝေးတစ်ခုအတွင်းမှာသာ တစ်ဆင့်ခံ တောက်လျှောက်မြင်စေခဲ့ပါတယ် ။

ဇာတ်ရဲ့ အဓိကကျောရိုးကတော့ မီကိုအိုက ညီအစ်မလေးဖော်ရဲ့ တတိယမြောက်ညီမဖြစ်သူ ယူကီကိုအတွက် ခင်ပွန်းလောင်းအိမ်ထောက်ဖက် ရှာရန် အစ်မနှစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူတွေ ကြိုးပမ်းကြတဲ့ အကြောင်းပါပဲ ။ မူလကတော့ စာရေးသူဟာ ၃ အုပ်တွဲရေးသားဖြစ်တာဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်မှာတော့ စာမျက်နှာ (၅၃၀) ကျော် ထူထဲပြီး ၊ တစ်ဖန် ဇာတ်ကောင်တွေရဲ့ အပြုအမူကို အသေးစိတ် ဖော်ပြထားတာဖြစ်လို့ အနည်းငယ် ဇာတ်လေးတယ်လို့တော့ ဆိုနိုင်ပါတယ် ။ ဒါ့အပြင် ဂျပန့် ယဉ်ကျေးမှု နှင့် ရိုးရာ အသုံးအဆောင် ပစ္စည်းအချို့အကြောင်းလည်း အတန်ငယ် ဗဟုသုတ ရှိဖို့လိုပါလိမ့်မယ် ။

သည်ဝတ္ထုမှာ စာရေးဆရာရဲ့တင်ပြချက်ဟာ Photographic Realism လို့ပြောကြတဲ့ ဓာတ်ပုံရိုက်ပြသလို အပေါ်ယံအပြုမူတွေကို အသေးစိတ်ရေးပြတဲ့ အရေးအသားမျိုးပါ ။ ခုနောက်ပိုင်းခေတ် စာပေရေးရာမှာ သည်လိုအရေးအသားမျိုး (Jane Austen အရေးအသားမျိုးကိုလည်း သည်အမျိုးအစားထဲမှာ ထည့်ကြတယ် ) ကို အတွင်းစိတ်ကို ရေးပြတတ်တဲ့ စာရေးဆရာအချို့က ဝေဖန်ကြသော်လည်း ၊ စာဖတ်သူ အဖို့ တစ်နည်းအားဖြင့် မြင်သာစေတဲ့ စွဲဆောင်မှုရှိတဲ့ အရေးအသာမျိုးပါပဲ ။ ကျတော့်အတွက့်တော့ ဖတ်နေစဉ် သောမစ်မန်းရဲ့ Buddenbrooks ၊ ဒေါ့စတိုယက်စကီရဲ့ The Brothers Karamazov စတဲ့ မိသားစုနောက်ခံ ဝတ္ထုတွေကို အမှတ်ရစေရုံသာမက ၊ ဆောင်ဇူဂျင်း နဲ့ ကောက်ငိုတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာ အဓိက နောက်ခံ A Dream of Red Mansions ကိုလည်း ပြန်လည်တမ်းတစေပါတယ် ။ စာရေးဆရာ တနီဇာကီဟာ မီကိုအိုက မိသားစုတစ်စုရဲ့ လူမှုရေးနောက်ခံ အဆင်းအတန်းကို အသေးစိတ်သိရှိသူဖြစ်ပြီး သူတို့တစ်တွေ နေ့စဉ် အမူအကျင့်တွေ ၊ အပြောအဆိုတွေက အစ အသေအချာသရုပ်ဖော်ထားပါတယ် ။ ဒါ့အပြင် အဝတ်အစား ၊ အစားအသောက်အပြင်အဆင် ၊ ပွဲတော်များနဲ့ ရာသီဥတုနောက်ခံကိုလည်း အလေးပေးဖော်ပြထားပြန်တယ် ။ အထူးသဖြင့် Kyoto ကျိုတိုမှာ နှစ်စဉ်ရှိတဲ့ ချယ်ရီပန်းကြည့်ပွဲတော် ၊ နောက် ပိုးစုန်းကြူးဖမ်း ပွဲတော်စတာတွေမှာလည်း ဂျပန်တွေရဲ့ ယဉ်းကျေးမှု ၊ ဓလေ့တွေကိုပါ အသေးစိတ်ဖတ်ရှုနိုင်ပြန်တယ် ။

ဒါတွေအပြင် စာရေးသူဟာ ပါဝင်သမျှ ဇာတ်ဆောင်တွေရဲ့ စရိုက်ကိုလည်း အထူးအလေ့ပြုရေးထားတယ် ။ ဇာတ်ကောင်စရိုက်သရုပ်ဖော်ရာမှာ နောက်ပိုင်းခေတ်အရေးများ ကြတဲ့ အတွင်းစိတ်အခြေအနေ ပဓါန နည်းမျိုးကို မသုံးပဲ ဇာတ်ကောင်တွေရဲ့ အပြုအမူ အပြောအဆို အနေအထိုင် သက်သက်များကိုသာ ဖော်ပြရင်း စာဖတ်သူကိုယ်တိုင် တဖြည်းဖြည်းချင်း ရင်းနှီးလာပြီး စရိုက်ကို ခန့်မှန်းကြည့်နိုင်စေတဲ့ အရေးအသားနဲ့ သရုပ်ဖော်ထားပြန်တယ်။

ကျတော်ပြောခဲ့သလိုပါပဲ ၊ သည်ဝတ္ထုကြီးက ထူထဲပါတယ် ။ ဒါပေမယ့် သည်လို စာအုပ်မျိုးဟာ အလောတကြီး အပြီးဖတ်ရမယ့် စာအုပ်မျိုးတော့မဟုတ်ပါဘူး ။ ဝတ္ထုဆုံးသွားလို့ စာအုပ်ကို ပိတ်လိုက်ရင် စာဖတ်သူဟာ ရင်းနှီးနေပြီဖြစ်တဲ့ ဇာတ်ကောင်တွေကို မခွဲချင်လှပဲ အတန်ငယ်ပင် လွမ်းနေရတတ်ပါတယ် ။ စာရေးသူဟာ မိသားစုတစ်စု အတွင်းမှာ ဖြစ်ပျက်သမျှကို ၅ နှစ်ကြာကာလ အတွင်း လုံးဝမချွန်းမချန် ရေးပြသွားခဲ့တယ် ။ စာဖတ်သူဟာ အတွင်းလူယုံ ဧည့်သည်တစ်ယောက်အနေနဲ့ သည်မိသားစုနဲ့ နှစ်အတန်ငယ်နေထိုင်ခဲ့ရသလို ခံစားရစေပြီး မိသားစုဝင် တစ်ဦးချင်းအပေါ်မှာလည်း သံယောဇဉ် ရှိနေ တွယ်တာနေတာကို အထင်အရှားတွေ့ရပါတယ် ။

စာရေးဆရာဟာ သူ့ဝတ္ထုကြီးကို ဒုတိယကမ္ဘာစစ်မတိုင်မှီလေးမှာ ရပ်ပစ်ခဲ့လို့ ကျတော်တို့ အနေနဲ့ စစ်ဘေးဒဏ်ခံရမယ့် မိသားစု အခြေအနေတွေကို မသိနိုင်တော့ပါဘူး ။ ဒါပေမယ့် ဇာတ်သိမ်းချိန်မှာ ဆုံးရှုံးမှု ပျက်ယွန်းမှု အနေနဲ့ကတော့ တစ်ချိန်လုံး စည်းစည်းလုံးလုံး ရှိခဲ့ကြတဲ့ ညီအစ်မတစ်တွေ တစ်စတစ်စ ဝေးကွာသွားကြရတဲ့ ဘဝပေးအခြေအနေတွေကိုပါ ။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြီးနဲ့ လက်တစ်ကမ်းအကွာက ကိုယ်နဲ့ရင်းနှီးလှတဲ့ မိသားစုတစ်စုလုံးအကြောင်း မသိရတော့ဟာ ခံစားတတ်သူအဖို့တော့ စိတ်ပူစရာ ၊ စိတ်မကောင်းဖြစ်စရာ ၊ လွမ်းလောက်စရာပါပဲ ။ ။

သည်ဝတ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ ရုပ်ရှင်တွေ အကြောင်းလည်း ဆက်ရေးဖြစ်ပါဦးမယ် ။

အောင်ဖြိုး
( ဇွန် ၂၂ ၊ ၂၀၁၁)

26 August 2010

ပန်းပြတ်ခိုက်ကြုံ

စာမရေးတာ တော်တော့်ကို ကြာသွားပြီ ။ ခင်ရတဲ့ အမတစ်ယောက်က တွန်းအားပေးလို့ စာရေးချင်စိတ်ပေါ်လာတယ် ။ ကိုယ်အရင်ရေးတာတွေလည်း အားမရတော့ စာမရေးတော့ဘူးလို့ကို ပစ်ထားတာကမှ ဇာတ်လမ်းလေး ဖျစ်ညှစ်စဉ်းစားရင်း ကြိုးစားရေးလိုက်ရတယ် .. ။ လောလောဆယ် -ဖတ်ထားတာ မကြာသေးတဲ့ Haruki Murakami စာတွေရဲ့ Surrealism ဝါဒတွေ စွဲနေတော့ သည်အရိပ်အောက်မှာပဲ စာကထွက်လာတယ် .၊ ဘာပဲပြောပြော ကြိုးစားပြီးချရေးလိုက်ပြီ ၊ ခုတလောတော့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ် ။ ထုံးစံပဲ စာအုပ်တွေဖတ်တာများလေ ကိုယ့်ကိုယ်ကို အားမရလို့ စာမရေးချင်လေပဲ ။

ပန်းပြတ်ခိုက်ကြုံ

(၁)
ဘဝမှာ သည်တစ်ခါလောက် ရင်ခုန်မလိုက်မောစဘူး ဟုတင်သည် ။


မှောင်မည်းတဲ့ လမ်းတစ်လျှောက်ကို ဖြတ်သွားရင် မြင်ကွင်းတို့က ကြည်လင်လာသည် ။ လာစကတည်းကပင် အဓိပ္ပာယ်မသိပေမယ့် သာယာမှုတစ်ခုခုနောက် လိုက်နေရသလိုပင် ။ မျှော်လင့်ချက် တစ်ခုခုကလည်း မျက်မှောက်ထင်ချိန် နီးပြီတည်း ။ စောင့်ဆိုင်းခြင်း၏ နိဂုံးဝယ် လူများ ဥဒဟို ဖြတ်သန်းရာ အဆောက်အအုံ တစ်ခုဆီသို့ နီးကပ်လာကြောင်း သတိထားမိသည် ။ ကျတော် စောင့်ဆိုင်းခြင်းကို မုန်းကြောင်း သူမသိဘူးလား ။ မသိလို့ ခုထိမရောက်သေးတာ သေချာသည် ။ သည်ရပ်ဌာနေ တွင် အချိန်ကို သိရန် နာရီတစ်လုံး မလိုအပ်ပါ ။ ကျတော်တို့ သည်နေရာမှာ တွေ့ရန်ချိန်းဆိုထားပြီးဖြစ်လို့ မှားစရာလည်း အကြောင်းမရှိ ။ ဘေးဘီတွင် ထင်လင်းသော နေရာအချို့ကို ငေးကြည့်ရင်း အချိန်ဖြုန်းဖို့ သာအကြောင်းရှိမည် ။ ငေးမောခြင်းထင် တွေးတောခြင်းသည် အချိန်ဖြုန်းရန်အကောင်းဆုံးမဟုတ်လော ။

“အစ်ကို စောင့်နေတာကြာပြီလား”

မျှော်လင့်မထားပေမယ့် ကြားနေကြ အသံကြောင့် ရင်းနှီးမှုကို ခံစားလိုက်ရသည် ။ လှည့်ကြည့်တော့ နှင်းမြူပါးပါးမှာ စက်ဘီးတစ်စင်းတွန်းလာတဲ့ မိန်းကလေးတစ်ယောက် ။ ပတ်ဝန်းကျင်တွင် အာရုံတက်၏ အရိပ်အငွေ့များ ယှက်သန်းနေပြီ ။

“နည်းနည်းနောက်ကျသွားတယ် ညကလည်း စာကျက်တာ မပြီးသေးလို့ ၊ သည်နေ့ ဆရာသာ မေးရင်သေပြီပဲ ..၊ လာ သည်နေ့ငါတို့ နှစ်ယောက်ပဲ မကြူသည်နေ့မလာဘူးတဲ့”


သည်တော့မှ ရည့် အသံကိုကျက်မိသည် ။ နောက်ဆုံးငါ့ ရည့်ကို စောင့်နေတာပဲ ကျူရှင်သွားဖို့ .. ။ သူ့ကို မတွေ့တာ ကြာလှပါဘီလော … မေ့လုမေ့ချင် ဖြစ်နေပြီလေ.. ။ ကျတော်တို့ မနေ့က တွေ့ကြလို့လား .. ၊ ကျတော် စောင့်တာ သူကိုလား .. ဒါဆို သူ့ကို ကျတော်စောင့်ခဲ့တာကြာလှပါဘီကွယ် … ။


“နည်းနည်းနောက်ကျလို့ စိတ်ဆိုးနေတာလား၊ အစ်ကိုရော စာရပြီလား ၊ နောက်တစ်ပတ် သြဂုတ်လ ၁၁ ရက် ငါ့မွေးနေ့ကျရင် မကြူရယ် နင်ရယ် ငါတို့ သုံးယောက်တစ်ခုခု သွားစားကြမယ်လေ .. နော် ၊ စိတ်မကောက်နဲ့တော့”


နောက်ဆုံးတော့ သူလာပြီလေ … စောင့်ဆိုင်းရတာ တစ်ခဏမကတာတော့ သေချာသည် ။ သူကို ကိုယ်စိတ်ဆိုးဖို့ မလိုဘူးထင်ပါတယ် … ။ သူနောက်ဆုံးတော့ ကိုယ်မျှော်လင့်ထားသလို ကိုယ့်ဆီကို ပြန်လာတာပဲ ။


“နော် … အစ်ကိုရယ် ၊ ဟုတ်ပြီလား”

(၂)

မနက်ဖြန် မေလဲ့ နဲ့တွေ့ဘို့ ခုညကတည်းက ရင်ခုန်ရသည် ။

မေလဲ့က ကိုဦးကို သည်လောက်တောင်လွှမ်းမိုး ထားနိုင်တာပဲ ။ သည်တစ်ခေါက် ပြန်ရောက်ကတည်းက မေလဲ့နဲ့ မတွေ့ရသေး … သေချာထွက်ကြည့်ရင် ၂ လနဲ့ ၁၇ ရက်တောင်ရှိတော့မယ် ။ သည်လို အသေးအဖွဲတွေဟာ ပြန်စဉ်းစားတွက်ချက်ရင် သိပ်လွယ်ပေမယ့် မိန်းကလေးတစ်ယောက်ကို ရင်ခုန်စေဖို့ သိပ်တာသွားတယ် ။ လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်လောက်တုန်းက မိန်းမတွေအကြောင်း သည်လောက် မသိတတ်တာ ကိုဦးညံ့တာပဲ … ။


သည်ည စာဖတ်ရင် ကဗျာတွေဖတ်ဖို့ သင့်မည်ထင်သည် ။ လရောင်ဆမ်းသော ချစ်သူ့အိပ်ခန်းဆောင်ကို ညဥ့်ယာဉ်ရထားဖြင့် တိတ်တဆိတ်သွားရောက်သင့်လေသလား ။ လေအလာ မွှေးပျံ့လွင့်မြူးသော ဆံနွယ်အရင်းမှ ရိပ်တရောင့်မြင်ရသော မေ့ရွှေလည်တိုင်ကြော့ကို နမ်းရှိုက်ခွင့် ငံလင့်ရမလား ။ အခုတော့ သည်လိုအတွေ့ မထူးပေမယ့် မောင့်မှာဖြင့်ရူးပြီမေ လို့ လိုက်မောစွာ ညည်းဆိုဖို့ပဲရှိ တော့မည် ။


မေလဲ့ နဲ့ ကိုဦးတွေ့စက ကိုဦးနှလုံးသားမှ ဒဏ်ရာသည်အက်ကြောင်းထင်ဆဲပင် ရှိသေးသည် ။ ထင်ပေါ်လှ သော မေလဲ့ကို သာမာန်ထက်ပို၍လည်း သတိမထားမိခဲ့ … ၊ ရူးမိုက်တုန်းပင်မို့ တစ်နေ့ဝယ် ဒဏ်ရာပေးခဲ့သူက ပြန်လည်ကုစားရန်ရောက်လာလိမ့်မည်မို့ အနာဖေးမတက်အောင်ပင် လွမ်းစကိုတွဲသီထားတတ်ဆဲ ။ ကိုဦး ရှုံ့ချခဲ့ဘူးသော သူများတွေ ဘာညာမသိတရားစာရွတ်သလိုပဲ … တစ်နေ့တစ်နေ့ လွမ်းချိန်ပေးကာ ကိုယ့်နှမကို တမ်းတရသည် ။

အဲသည်အတွင်းမှာပင် မေလဲ့ဘက်ကတော့ “ကိုမောင်မောင်ဦး” မှ “မောင်မောင်ဦး” ၊ “ကိုမောင်ဦး” …နောက်ဆုံး “ကိုဦး” လို့ အဖျားခက်ခေါ်သည်အထိရင်းနီးလာသည် ။ ကိုဦးတို့ ဆက်ဆံရေးကို ကာယကံရှင်တွေထက် သူများတွေက ပိုလို့ သတိပြုမိကြတယ်ထင်၏ ။ ကိုဦးသည် မရင့်မာသေးပြီမို့ တစ်ခါတစ်လေ မေလဲ့ကို ကွယ်ရာက တစ်စိမ့်စိမ့် ငေးတတ်တာက လွဲရင် သိသိသာသာ တပ်မက်ခြင်းမဖြစ်မိတာလည်း သေချာနေသည် ။ နောက် ကိုယ့်နှမဆီကမျှော်လင့်ခြင်းသည်လည်း အရိပ်အယောင်ပမာမျှ မမြင်ရသေးလို့မို့ မရနိုင်လေ မျှော်လင့်လေနှင့် နှောင်ကြိုးမဲ့လက်ရှိဘဝ ကို ကျေနပ် နေသလိုရှိ၏ ။


သို့သော် ကိုဦးလည်း ယောက်ျားတစ်ယောက်မို့ မေလဲ့နဲ့ တွဲသွားတွဲလာ လုပ်ခွင့်ကို ကျေနပ်လာရသည် ။ ဘယ်နှယ့် တစ်ခါတစ်ခါမှာ အဖော်ဆိုတာ မရှိမဖြစ်လိုအပ်သေးသည်မို့ ကျေးဇူးတတင်စွဲလမ်းရသေးသည် ။ မေလဲ့၏တည်ကြည်စွာ ချွဲနွဲ့တတ်သော အပြုံးချိုချိုကို တပ်မက်စပြုလာပြီ … ၊ ကိုဦး၏ ရှောင်တခင် ဖြည့်ဆည်းမှုကြောင့် ကျေနပ်မှု ကို မေလဲ့မျက်လုံးမှာ မြင်ရတော့ ယောက်ျားတစ်ယောက်၏ ဖြစ်တည်မှု ပိုမို လေးနက်လာသည် ဟုထင်ရ ပြန်သည် ။ နောက်ကိုဦးရဲ့ မျက်လုံးတွေကို မေလဲ့ စိုက်မကြည့်ရဲ့တာကြောင့် မျက်လုံးချင်းဆုံတမ်း ကစားရတာ ပျော်စရာထင်၏ ။ သည်လိုမိန်းမမျိုးနဲ့ လက်ထပ်ရရင် အသက်လုံး ယုယမှုတွေနဲ့ ပျော်နေနိုင်မှာပဲလို့ စိတ်ကူးယဉ်ရင်း အဆင်မပြေတဲ့လင်မယားစုံတွဲတွေကို သနားတတ်သေးသည် ။

ဒါပေမယ့် မေလဲ့ကိုယ့်ကို သဘောကျနေပြီရယ်လို့ အသေမတွက်နိုင်သေး ။ ကိုယ့်နှမတုန်းကလည်း သည်လိုပဲ မဟုတ်လား ။ မေလဲ့သဘောတူရင်တောင် ကိုဦးဖို့ ခုထက်ပိုပြီး နှောင်ဖွဲ့လာမှာကို စဉ်းစားသင့်သေးတယ်ထင်၏ ။ နောက် ကိုယ့်ကိုယ်ကိုယ်လည်း မသေချာသေး … ၃၊၄ နှစ်သည် စိတ်ဒဏ်ရာကို မွေးမြူမထားလျှင် ကုသဖို့ အချိန် လုံလောက်နေလေပြီ ။ စနစ်တကျလုပ်တတ်သူမို့ ကိုဦးအတွေးတွေ နယ်ချဲ့ ချင်တိုင်းချဲ့ မိသည် ။

သည်တုန်းအဝေးမှာ ပျော်ရွှင်နေသည်ဆိုတဲ့ ကိုယ့်နှမသတင်းလေးတွေ ကြိုကြားကြိုကြား ကြားရတတ်သည် ။ အိပ်မက်တွေမှာ ကို့နှမ နှင့်မေလဲ့ တစ်လှည့်စီရောလာသည် ။ မေလဲ့သည် ခုတလော ပိုလှလာသည်ထင်၏ ။ တစ်ခါတစ်ခါလမ်းလျှောက်သွားလျှင်ပင် မွှေးလွင့်၍ နူးညံ့မည်ထင်ရသည့် မေလဲ့ဆံနွယ်တွေကို ထိကိုင်မိ မတက်သတိမှားလာတတ်သည် … ။ မေလဲ့သည် ကိုဦးကို ခိုးစိုက်၍ စိတ်မရှည်စွာကြည့်တတ်ပြီ ၊ ကွေ့ဝိုက်ကာ စကားစတတ်လာပြီပဲ ။ ကိုဦးကတော့ တွေနေဆဲပဲကွယ် .. ။ အချိန်အနေ အချိန်အခါသည် လိုအပ်သည်ထက် ပို၍ တွန့်ကြာသော ကိုဦးကို နည်းဗျူဟာ ပြောင်းလဲပေးဖို့ ကြိုးစားသည်ထင့် ။ နေ့စဉ်လိုလို လမ်းသင့်၍တွေ့နေကြ မေလဲ့သည် ကိုဦးအနားမှ ရုတ်တရက် အလှမ်းဝေးသွားရ၏ ။


ရိုဒင့်အကြောင်းကိုဖတ်တုန်းက သိပ်လှတဲ့ စာတစ်ပိုဒ်ကို ကိုဦးမှတ်မိဖူးသည် ။ ‘ယောက်ျားတစ်ယောက် အဖို့ မိန်းမတစ်ယောက်ကို သူတကယ်ချစ်တယ်ဆိုတာ သိရတဲ့ အချိန်ဟာ အဲသည်မိန်းမ သူ့ဘေးနားက ထွက်သွားတဲ့ အချိန်ပဲ’ တဲ့ ။ အဲသည်စကားလေးသည် အရင်တုန်းက အဓိပ္ပာယ် မသိပေမယ့် ခုတော့ တစ်ယောက်ထည်းထိုင်ပြီး မေလဲ့ကို သတိရတိုင်းတွေးတတ်လာသည် ။ မေလဲ့သည် ကိုဦးလက်လှမ်းလို့ မှီဆဲပါပဲကွယ် .၊ မေလဲ့နဲ့ တစ်ဘဝလုံးနေဖို့ ကိုဦးမှာ အခွင့်သာဆဲပါပဲ … ။ မေလဲ့ကို ကိုဦးကြိုက်တာတော့ အသေအချာပါပဲ .. ၊ မေလဲ့ကိုယူရင် ကိုယ့်နှမနဲ့ သူ့ချစ်သူ စုံတွဲကို ကောင်းကောင်းကြီး ယှဉ်လို့ နိုင်နိုင်တာပဲ .. ၊ မေလဲ့ ရုပ်ရည်၊ ပညာ ၊ အဆင့်အတန်းက ယောက်ျားတိုင်း သဘောကျနှစ်ခြိုက်မှာပါ ။ ဟင့်အင်း ဒါက ယောက်ျားဈေးတွက်ကြီးမဟုတ်လား ။ မေလဲ့ကို ကိုဦးချစ်သလား ၊ မောင့်နှမလိုတော့ ရင်မခုန်တတ်ဖူးလို့ထင်သည် ။ ဒါပေမယ့် ခုလိုစိတ်ကူးခွင့်ရရင် အရင်ကကိုဦးအနားမှာ ရှိတတ်တဲ့ မေလဲ့ ကိုပဲ သတိရတတ်သည် ။ ဒါဆို ချစ်တယ်လို့ သတ်မှတ်ဖို့ လုံလောက်ရဲ့လားကွယ် ။ ကိုဦးမေလဲ့ ကို ချစ်မိနေပြီ မဟုတ်လား ။


“သြော် မေလဲ့ရယ် ၊ ဟုတ်လား”

(၃)


ကိုယ့်နှမ ရည့်ကို မြင်တော့ ဆွတ်ပျံ့ မှုကိုပြန်ရသည် ။ ကိုယ်ခံစားဖူးချင်တဲ့ မေ့လောက်နေပြီဖြစ်တဲ့ ရုပ်ရှင်တွေ အချစ် ဝတ္ထုတွေထဲက ခံစားမှုမျိုး ။ ဝေဝါးနေခြင်းသာ အနှောက်အယှက်ဖြစ်၏ ။ ကိုယ် ရည့်ကိုမတွေ့တာ နှစ်ချီပြီထင်သော်လည်း သူကတော့မနေ့တနေကလိုပြောနေသည် ။ ရည့် ကိုယ့်ကိုစောင့်ရင် အိပ်ပျော်နေတာလား ၊ ရည့်ချစ်သူရော မပါဘူးလား ။ ဒါမှမဟုတ် ကိုယ့်ကို ကိုယ့်နှမ မကြားချင်သည့် စကားမဆိုဝံ့အောင်လှည့်စား ထားတာလား ။

“ကဲ ကိုမောင်မောင်ဦး သွားကြမယ်..”

စက်ဘီးစီးရင်း ပတ်ဝန်းကျင်သည်မှုန်ဝါးလာသည် ။ ရှေ့မှာထက်ဘာမှ ပိုပြီးမမြင်ရ … ၊ အမှောင်ဝေတဝါးထဲ ကိုတိုးသွားရင်း နှင်းမြူတို့ပြည်စ ပြုလေပြီ ။

“အစ်ကို နင်ပြောင်းသွားတယ်နော် … အရင်ကလိုမဟုတ်ဘူး စကားနည်းသွားတယ်”


ဟန်ဆောင်တားတာမောလို့ထင်ရဲ့ ရည်က လက်ရှိအချိန်ကိုပြန်ဆွဲတင်သွားသည် ။ မတွေ့ရတာ ၅ နှစ်လောက်ရှိပြီကွယ် ကိုယ်လည်းရည်နဲ့ နောက်ဆုံးတွေ့ရတဲ့ လူပျိုပေါက်လေးမှ မဟုတ်တော့တာ … ။ မဟုတ်သေးဘူးထင်သည် ၅ နှစ်ဆိုတာ အမှန်ကသေချာပေမယ့် ခုလိုမျိုးတော့ မကြာမကြာတွေ့ ဖူးသားပဲကွယ် ။ မတွေ့တာတော့ ကြာပြီ … ခုတလော ကိုယ့်စိတ်ထဲမယ် မေလဲ့ကို သာစိုးမိုးလို့ နေသည် … ။

ကိုယ်သည် စကားစရှာမရသလို တစ်အ၍နေသည် ။ ရည့်ချစ်သူဘယ်မှာလည်းဟင်လို့ မေးလိုသည့်မေးခွန်းကိုပဲ တိုက်ရိုက်မေးလိုက်ရမလား ၊ သည်အတွင်းမင်းကိုယ့်ကို သတိမရဘူးလား ၊ နောက် သည်လို ကိုယ်နဲ့ ရှောင်တခင်တွေ့ကြတာရော အမှတ်ရရဲ့လားမေးချင်သည် ။

“အရင်ကလို ငါတို့ ၃ ယောက် ကျူရှင်အတူတူသွားကြတာ မှတ်မိသေးတယ် ၊ နောက်ဆရာ့ဆီမှာ စာဖြေတော့ အောက်ကနေကူးချကြတာ .. ၊ မကြူကြီးလည်း မတွေ့တော့ဘူး …. ၊ နင်လည်းအရင်ကလို အတ္တကြီးတုန်းပဲလား အစ်ကို ….နောက် ရည်းစားရော ရပြီလား ၊ အိမ်ထောင်ရော ကျနေပြီလားဟင်”

(၄)


ယောက်ျားတစ်ယောက်မှာ ရည်းစားရှိရမည့်အရွယ် .. ၊ အိမ်ထောင်ပြုရမယ့် အရွယ်ဆိုတာ သတ်သတ်မှတ်မှတ်ရှိသည် ။ ကိုဦး အရွယ်မလွန်သေးပေမယ့် မေးငေါ့တတ်တဲ့ ခင်မင်သူတွေ ပေါနေပြီ ။ တစ်ခါတစ်ခါလည်း သူတစ်ပါးချစ်သူရည်းစားတွေကို ငေးမောရင်း တစ်ယောက်ယောက်ကို သတိရတတ်သည် ။ ဒါ ကိုယ့်နှမလား … မေလဲ့လား .. ။ စောင့်ဆိုင်းခြင်းများတွင် စိတ်၏တိကျသော အဖြေကို စောင့်ဆိုင်းရမှု သည် စိတ်ပျက်စရာ အကောင်းဆုံးလို့ ကိုဦးထင်သည် .. ။


‘ကျတော်မင်းကို ချစ်နေတယ်…’

အင်မတန်ပင် လွယ်လွန်းသောစကားတစ်ခွန်းဖြစ်မည် … ။ နောက်ဆုံး မိန်းကလေးက မျက်လွှာလေးချကာ အဖြေပေးလေတော့ ရှက်နေရှာသော ချစ်သူ့ တုန်ယင်နှုတ်ခမ်းကို စုတ်ယူသော ကိုယ့်နှုတ်ခမ်းသားများလည်း ပူနွေးရွှန်းစိုနေဖို့ အနည်းဆုံး လိုမည် ။ ရှေ့ဆက် ခရီးအတွက် လိုအပ်ချက်များ .. ဝတ္တရားများကို ယောက်ျားတစ်ယောက် သည်းခံနိုင်ရန် မျက်ကန်းချစ်စိတ်ကိုပင် အားပြုရပေတော့မည် . .. ၊ သည်မျက်ကမ်းချစ်စိတ်မျိုး မေလဲ့အပေါ်ရှိရဲ့လား ကွာ… ။


အနည်းဆုံး စိတ်ဆိုး စိတ်ကောက်တော့ ရှိမည် .. မနာလိုပြ ၊ ချုပ်ချယ်ပြ … ၊ နောက် တစ်ယောက်အလို တစ်ယောက်ကလိုက် ၊ သည်လိုမျိုး ကို လက်ခံနိုင်ဖို့ တစ်ဦးတည်းဖြစ်တည်မှုကို မြတ်နိုးတဲ့ ကိုမောင်မောင်ဦးတစ်ယောက် ဘယ်လိုစိတ်အားထုတ်မလဲ .. ။ အသက်လေးက ကြီးလာပြီထင်၏ ။ မောင့်နှမ တုန်းကတော့ သည်လောက်မတွေးမိခဲ့ဘူး … ။ ယောက်ျားလေးတိုင်း သည်လိုတော့ မတွေးကြဘူးထင်ပါရဲ့ .. ။ သည်လိုပဲ နေကြရင်းအကြောင်းသင့်တော့ လက်ထပ်လိုက်ကြ … ဒါမှမဟုတ်လဲ ကွဲကြ ၊ ပြဲကြ .. နောက်တစ်ယောက် ပြောင်းကြနဲ့ ဖြစ်နိုင်ရင် သည်လို သတ္တိမျိုး ကိုဦးလိုချင်သည် ။ ခက်သည်က အားကျတတ်ပေမယ့် တစ်ခါတစ်ခါစိတ်ကြီးဝင်ပြီး ကိုယ်ကမှ ချစ်တတ်တယ်ထင်လေတော့ အဲလို လူတွေကိုပဲ သနားရသေးသည်.. ။


ခေတ္တခွဲခွာ ရခြင်းသည် စိတ်ကိုညစ်နွမ်း စေမှုဖြင့် ဝေဝါးသေးသော်လည်း တိကျသော အဖြေကိုတော့ ပေးတတ်၏ ။ ကိုဦးဘေးမှာ မေလဲ့ကို အမြဲတမ်းတလို့ မရနိုင်တော့ သည်မှ တကြိုးတစား သွားတွေ့ရခြင်းဖြင့် သာယာစေခဲ့၏ ။ ညအိပ်မက်များမှာ ကိုယ့်နှမရုတ်တရက်ကွယ်ပျောက်လျက် မေလဲ့သည် စိုးပိုင်ခြင်းဖြင့် ကိုဦးကို နိုးတစ်ဝက်အိပ်မက်မက်စေခဲ့သည် … ။ သည်လိုတော့ ကိုယ့်အချစ်ကို ဖွင့်ဟဖို့ အချိန်တန်လေပြီ .. ။

ကိုဦး တွေ့ချင်သည်ဆိုတော့ မေလဲ့လိုက်လျောမြဲ ။ အေးအေးစကားပြောချင်လို့ပါလို့ ကိုဦးပြောတော့ မေလဲ့တစ်ဖက်က ရင်ခုန်လေမလားမှန်းကြည့်ရသည် … ။ မေလဲ့ ကိုတွေ့ဖို့ ရုပ်ရည်အပြင်အဆင်ထင် ပိုင်းဖြတ်မှု စိတ်တစ်ခုတည်းသာ ပိုင်နိုင်ရင် စိတ်ချသက်သာစေမည် ။ ဘာလိုလိုနဲ့ မနက်ဖြန် မေလဲ့ နဲ့တွေ့ဘို့ ခုညကတည်းက ရင်ခုန်ရသည် ။ နက်ဖြန်ကိုယ့်ကို စောင့်နေမယ့် မေလဲ့ကို သည်ညအိပ်မက်ထဲမှာ ပင် အစမ်းကြိုတင် ချိန်းဆိုလေ့ကျင့်ချင်လာပြီ ။

ဘဝမှာ သည်တစ်ခါလောက် ရင်ခုန်မလိုက်မောစဘူး ဟုတင်သည် ။


(၅)


ဝိုးတဝါးမြူတို့ အလွန်တွင် လှပသောရှုမျော်ခင်းသည် သက်ဆိုင်ခြင်းမရှိပေါ်လာ၏ ။ အချိန်သည်ကုန်လွန်မှု မြန်သလို ရွေ့လျားမှုတော့ မရှိ။ ကျူရှင်သွားရင်း ကျူရှင်တတ်ခဲ့ရသည့် ဘဝမှာ တမျှော်တခေါ်ဝေးကွာ ခဲ့ပြီထင်မိ၏ ။


ကိုယ့်ရင်သည် ဆွတ်ပျံ့ ဆဲ ကိုယ့်နှမ ရုတ်တရက်ဝေးကွာပျောက်ပျက်သွားမည်ကို စိုးကာ အတွေးကိုပင် ရဲရဲမတွေးဝံ့ ၊ ကိုယ့်နှမသည် တွေ့စကလို ဗိုလ်ကေမဟုတ်တော့ပဲ ကိုယ်သဘောကျသည့် ကျောထက်ရှည်သော ဆံပင်ကို ကလစ်တစ်ခုဖြင့် ရုတ်တရက် နှောင်ကာ မျက်လွှာစွန်းဖြင့် စိုးရိမ့်သူ့ မျက်နှာကို ငေးကြည့်နေသည် .. ။

“ပြောပါဦး ကိုမောင်မောင်ဦးရဲ့ ဘာတွေများ သည်လောက်တောင် ကြည့်နေတာတုန်း .. ငါ့ကိုကြည့်ပြီး ဘယ်ကရည်းစားကို သတိရနေတာတုန်း … မျက်နှာထားက ရောဘာကို စိုးရိမ်နေတာတုန်း တော်ပါ ငါစတာ သည်နေ့ ကျူရှင်မှာ စာမမေးပါဘူး ..”

“ရည် မင်းငါပြောကိုတာကို အရေးမထားဘူးလား ”

“ဘာလဲ .. အစ်ကို”

“ငါမင်းကို ချစ်နေတယ် … ဟုတ်တယ် ခုလည်း ချစ်ဆဲပဲ ..၊ မင်းငါ့ကို ငြင်းထားတာတောင် အခြားလူဆီ စိတ်မပြောင်းနိုင်ပဲ တိုက်ဆိုင်ရင်မင်းကို သတိရနေတယ် နောက် မင်းနဲ့ပြန်တွေ့ဖို့မျှော်လင့်နေတယ်ဆိုတာတွေ … အနည်းဆုံး မင်းကို ချစ်တယ်လို့ ပြောထားတဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ မင်းသည်လောက် သက်တောင့်သက်သာ မဖြစ်သင့်ဘူး …”

“ငါ့ အစ်ကိုကို ပြောပြီးပြီပဲ ငါ့မှာ ချစ်သူရှိတယ်….၊ နောက်နင်လည်း သည်လောက် ၅ နှစ်တာမှာ ချစ်တဲ့သူတစ်ယောက် မတွေ့သေးဘူးလား ၊ နောက်နင်ငါ့ကို ချစ်တာ မဟုတ်ပါဘူး .. ၊ နင့်အချစ်အတွက် ကုန်ရမယ့် ဝတ္တရားတွေကို စိတ်ကူးထဲမှာ ထားပြီး ရှောင်ပုန်းချင်တာပဲ ၊ နင်ငါ့နဲ့ ချစ်သူတွေဖြစ်လို့ အချိန်ကြာရင် နင်ပျော်မယ်ထင်လားအစ်ကို ….”

“မင်းသက်သက်ငါ့ကို အထင်သေးတာပဲ ၊ ယောကျာ်းတစ်ယောက် အချစ်ကိုလက်မခံပဲနဲ့ အဲသည်ယောက်ျားကို မချစ်တတ်ပါဘူးလို့ မင်းမျက်စိမှိုတ်ငြင်းနေတာ … ၊ ကိုယ့်စိတ်မှာ မင်းကိုအမြဲထားပြီး လှမ်းမရတဲ့ အဖြစ်ဟာ ဘယ်လောက်ရင်နာရလဲမင်းသိလား”

“ဒါ နင်ကိုယ့်ကို ကိုယ် ဒုက္ခရှာတာပဲ.. ၊ နောက် နင့်ဘာသာနင် ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပြီး သူတပါးကို မချစ်နိုင်လောက်အောင် အတ္တကြီးတာမဟုတ်လား ၊ နင့်ကို ငါ လုံးဝ သတိမရပါဘူးလို့ ငါငြင်းရင်တော့ ငါ့ကိုယ်ငါ လိမ်တာပဲ ၊ အစ်ကို ငါနင့်ကို နင်ထင်ထားတာထက် ပိုပြီးနားလည်တယ် ၊ နင်ရဲ့ စကားတွေကို ငါမမေ့သလို နင့်ရဲ့ စိတ်ဓာတ်ကိုလည်း ငါမမေ့ဘူး ၊ … နင်ဟာ သားနဲ့ မယားနဲ့ နေနိုင်လောက်တဲ့ ယောက်ျားမျိုးမဟုတ်ဘူး … နင့်လက်ရှိဘဝထင် နင့်စိတ်ကူးထဲက ဘဝကို အသားပေး ၊ အချိန်ပေး ချင်တဲ့ ယောက်ျားမျိုး …. ဒါကြောင့်မို့ နင်ငါ့ကို စိတ်ထဲမှာ ထားပြီး နင်လက်ရှိတိုးတက်ရေးကို ပဲ အာရုံစိုက်နေနိုင်တာမဟုတ်လား …၊ နောက်နင်နဲ့ ငါ ချစ်သူတွေဖြစ်ခဲ့ရင်ရော ဘယ်လိုဖြစ်မယ်နင်ထင်လည်း ၊ နင့်ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာတွေကို ငါတောင်းဆိုတာနဲ့ နင်ငါ့ကို စိတ်ပျက်မှာပဲ ၊ … မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်လို့ အမြင်ကျယ်ပါစေ ..၊ ငါကတော့ ကိုယ့်ကိုတစ်ကယ်ချစ်ပြီး အနည်းဆုံး အဲသည်အချစ်ကြောင့် ကိုယ်ကလည်း ပြန်ချစ်နိုင်မယ့် ယောက်ျားကိုပဲ လိုချင်တယ် .. သေချာတာက နင်သည်လို ယောက်ျားမဟုတ်ဘူး ”

“မင်း ငါ့ကို မခဲနဲ့ပါနဲ့ .. တစ်ဖက်သက်ပြောတယ်ပဲ ဆိုဆို ဒါတွေဟာ ငါ့အတွက်အမှန်ဘဲ …. ငါမင်းကို တန်ဖိုးထားချစ်ခဲ့တာ .. နောက်မင်းငါ့အချစ်ကို တန်ဖိုးမထားတာ .. အဆိုးဆုံးကတော့ မယုံတာပဲ ..၊ ဒါထက်ပို ပြီး ငါရင်နာရတာက ငါ့အချစ်ကို မင်းယုံအောင် သတ်သေပြဖို့ ငါမစွန့်လွှတ်ရဲ့ ခဲဘူး ၊ မင်းပြောတာဟုတ်မယ် ငါ့ဘဝက အားလုံးအဆင်ပြေနေတော့ သည်ဘာမဟုတ်လေးကို ပုံကြီးချဲ့တယ်လို့ ထင်တယ်ဆို တာ ။ ဒါပေမယ့် ဒါဟာ ငါ့အတွက် အရေးမပါတာမဟုတ်ဘူး ၊ လောကမှာ ဦးဆုံးချစ်ရသူက ငြင်းခံရတဲ့ ယောက်ျားပေါင်း ရေတွက်ရအောင် ရှိကောင်းရှိမယ် ဒါပေမယ့် သူတို့အားလုံ ငါ့လိုခံစားရမယ်မထင်ဘူး ၊ မင်းတစ်နေ့ ငါ့အနားပြန်ရောက်လာမယ်လို့ ကိုမျှော်လင့်ခဲ့တယ် ….အဲဒီမျှော်လင့်ချက်ဟာ တစ်ဖြည်းဖြည်းယုံ ကြည်ချက်အဖြစ်ပြောင်းသွားတယ်ဆို မင်းလှောင်ဦးမှာလား …၊ မင်းကို ငါမေ့ထိုက်တယ်ဆိုတာ ဟုတ်တယ် ဒါပေမယ့် အချစ်ဆိုတာ အဲမင်းပြောသလို စွဲလမ်းမှုဆိုတာ ငါ့လိုလူအတွက် လွယ်လွယ်မပျောက်နိုင်ဘူး .. မင်းကို ငါအဆက်အသွယ်မလုပ်တော့တာနဲ့ မေ့သင်တယ်လို့ ထင်တဲ့ အတိတ်တစ်ခုဟာ လွင့်ပျောက်မသွားဘူး”

“အစ်ကို သည်အတွင်းမှာ ချစ်တဲ့ သူကိုမတွေ့ဘူးတဲ့လား … မိန်းကလေးဆို တစ်ယောက်မှ နီးစပ်မှုမရှိဘဲ နေလာတာလား ၊ ဘယ်မိန်းမကိုမှ ရင်မခုန်ဘဲ.. စိတ်တောင်မကူးဘဲနေလာတာလား”

“ကိုယ်မိန်းကလေးတွေ မတွေ့ဘူးဆိုတာမဟုတ်ပါဘူး … ကိုယ်မင်းထက် သဘောကျလောက်တဲ့မိန်းကလေး တွေ အများကြီးပါ .. ခက်တာက ကိုယ်သူတို့ကို ချစ်လို့မရဘူး … ၊ သူတို့ကို ကြင်နာပြလို့ရတယ် တွဲပြလို့ရမယ် နောက်ဆုံးကွာ ကောက်ပြီးလက်ထပ်ယူလို့ ရမယ် ၊ ဒါပေမယ့် မျက်ကန်းအချစ်မျိုးနဲ့ ချစ်လို့မရတော့ဘူး … အဲဒါဘာကို အပြစ်တင်ပြီး ငါ ဘယ်လိုပြင်ရမှာလည်း နင်ပြောစမ်း … ဟုတ်တယ် ဒါကြောင့်ငါတွေဝေတယ် ကိုယ်ချစ်မချစ်မသေချာတဲ့ ဘယ်မိန်းမကို မှ ငါမရွေးချယ်နိုင်ဘူး …. ။”


“အစ်ကိုရယ် နင်ကငါထင်တာထက် အတ္တပိုကြီးတာပဲ … ၊ နင့်အချစ်ကို မခံစားတတ်နိုင်အောင် အတ္တကြီးတာပဲ ၊ နောက်တွေဝတတ်တယ် ၊ … အချစ်မှာ ငါ့ကိုယ်တွေ့အရတော့ သဘောကျတာ ရာခိုင်နှုန်းနည်းပါတယ်… သူ့ကိုချစ်တာ အမှန်ဆုံးပဲလို့ ယုံကြည်ပြီး တွေဝေမှု ကင်းကင်းနဲ့ သူ့အလိုလိုချစ်သွားတာပဲ ၊ အစ်ကိုပေးလို့ပဲ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အချစ်ရဲ့ဦးဆုံးဖြစ်တည်မှုမှာ အရောင်မျိုးစုံပါတယ်တဲ့ .. Red- Hot , Green –Comfortable , Blue –Romantic နောက် Pink – Cute တဲ့ ဒါပေမယ့် အချစ်ဟာခိုင်မာသွားတာနဲ့ ခုဏက အရောင်စုံပေါင်းစပ်သွားပြီး အဖြူရောင် ပဲဖြစ်သွားတယ် .. ၊ အခု ငါ့လက်တွဲဖော်ကို သည်လိုခံစားချက်သက်သက်နဲ့ လက်ခံခဲ့တာ … ၊ သူ့အရင် ရည်းစားလည်း ထားခဲ့ပါတယ် .. ဘယ်လိုပဲပြောပြော အဲသည်ရည်စားတုန်းကလည်း ငါတကယ်ချစ်တယ်လို့ ခံစားရလို့လက်ခံခဲ့တာ …. ချင့်ချိန်တာဆိုလို့ အမေတို့များ သိမလား စိတ်ပူတာပဲရှိတယ်”

“တော်ပြီ ….မင်းသိပ်စကားတတ်သွားပြီ”


“ငါစာ သိပ်ဖတ်အောင် အစ်ကိုပဲလုပ်ပေးခဲ့တာပါ ..၊ နောက်တစ်ခုက မသေချာပဲ မိန်းကလေးတစ်ယောက်ကို နင့်အတ္တကြောင့် ဒုက္ခမပေးပါနဲ့ ….နင်တစ်နေ့ချစ်တတ်လာဖို့ ငါဆုတောင်းပေပါ့မယ် …”


ပတ်ဝန်းကျင်သည် ရုတ်တရက်လင်းလာသလိုရှိ၏ ။ စိတ်ထင်သေချာသော ဆုံးရှုံးမှုသည် စတင်လာပြီ ။ ကိုယ့်ရင်တွေ သိပ်ခုန်လာပြီထင့် ။ ဝေဝိုးစွာ လွင့်ပြန်နေသော အမှောင်ကို ဖမ်းဆုတ်ရဲဆေးတင်ရင်း ကိုယ့်နှမကို ဖက်လို၏ ။ မွှေးကြူသော်လည်း ထိတွေ့၍မရသော ၊ အကောင်အထည်မရှိသော်လည်း အသိရှိသော ခန္ဓာ တစ်ခုသည် ရုတ်တရက် ခပ်သောသောရယ်သံနှင့် ပျက်ပျယ်စပြုလာသည် ။ မှောင်ပိန်းသောဆံပင်ချည်များသာ ကိုယ့်အပါးမှာ ကျန်ရစ်သည်ထင့် ။ ကိုယ့်နှမသည် ဆံပင်များကို သိမ်းရုတ်ရင်း ကိုယ့်ကို အလင်းထဲသို့ ဆွဲနှစ်ပစ်ခဲ့၏ ။ ကိုယ့်နှမကြောင့် ကျရသည့် မျက်ရည်စများကိုပင် ပိုးသားဆံချည်တို့ နှင့် သိမ်းသုတ်ပေးခဲ့သေးတာ ကျေးဇူးတင်စရာပဲ ။


(၆)

နောက်တစ်နေ့မနက် ကိုဦး မေလဲ့ဆီရောက်တော့ အိပ်ချင်စိတ်ကမပြေသေး ။ ညက အိပ်မက်မက်သည်ပင် အိပ်ပျက်ခြင်းထက်ဆိုးကာ အိပ်ရေးမဝသည်ထင့် ။ မေလဲ့သည် အထူးသဖြင့် ပြင်ဆင်ထားသည့်တိုင် ကိုဦးအတွက် မကလက်ပဲ တင့်တယ်သော ယှဉ်တွဲခေါ်ငင်စရာ ၊ ပွဲလယ်တင့်စရာပင်ကောင်း၏ ။

“ကိုဦး ကြည့်ရတာ မလန်းမဆန်းနဲ့ ညက ရုပ်ရှင်တွေကြည့်နေလို့လား”

“မဟုတ်ပါဘူး ညက စာဖတ်ရင်းအိပ်သွားတာ နည်းနည်းအိပ်ပျက်သွားတယ် .. ၊ ဒါထက် အပြန်ကျ လိုက်ပို့မယ်လေ”

“နေပါစေ တကူးတက …”

“မဟုတ်ရပါဘူး ကိုယ်လိုက်ပို့ချင်လို့ပါ …”

မေလဲ့သည် နားလည်ပေးသလိုပြုံး၏ ။ သည်လိုနားလည်မှုကို ကိုဦးချစ်တာပဲ ။ အချစ်ဆိုတာ ပျောက်ကွယ်လုနီးပါး ပွတ်စားသွားတဲ့ အခါမှာ နားလည်မှုဟာအရေးကြီးဆုံးပဲ မဟုတ်လား ။

“ဒါထက့် ကိုဦး လဲ့ကို ပြောမယ်ဆိုတာ.....”

“အော် … ဘာမှ မဟုတ်ပါဘူး ကိုယ်လည်း မေလဲ့ကိုတွေ့ချင်နေတာနဲ့ ……”


“လဲ့နဲ့ ကိုဦးတောင်မတွေ့တာ ကြာပြီ .. ၊ ဒါထက် ဟိုတနေ့က စိုးတို့နဲ့တွေ့လို့ ကိုဦးကိုတောင်မေးသေးတယ် ၊ လဲ့နဲ့လည်း မတွေ့ဘူးပြောတာမယုံကြဘူး .. ၊ လူတွေကို ဘာများထင်နေလဲမသိ …”


“သူများတတွေ ကိစ္စကို စိတ်ဝင်စားတယ်ထင်ပါရဲ့ဗျာ ၊ သူတို့က မေလဲ့မို့ သည်လောက်ပြောတာ ကိုယ့်ကိုဆို ရစရာမရှိအောင် စကြတာပဲ .. ၊ ”


“ဟားဟား …. ကိုဦးကလည်းပြောစရာဖြစ်အောင်နေတာကို … မေလဲ့ကို သိပ်လွမ်းနေတယ်ဆို”

“ဒါကတော့အမှန်ဘဲ … ဒေါ်ကြီးစိုးတို့ က ပြောသွားတာလား”

“အမယ် ထားပါ ၊ …ဒါထက်အမေတို့နဲ့ ဖုန်းဆက်တော့ပြောသေးတယ် … သမီးမှာချစ်သူတွေ ဘာတွေရှိရင် ပြောတော့တဲ့ .. မမကလည်းပြောတယ် သူပြောပေးမယ်တဲ့ လဲ့မျက်နှာပူရင်လေ … ၊ လဲ့ ကတော့ ပြောလိုက်ပါတယ် စိတ်မဝင်စားသေးပါဘူးလို့ … တကယ်ဆို စိတ်ရှုပ်စရာ ကိုဦးရယ် ….”


“ဟုတ်ပါတယ် .. ကျတော်တို့ အရွယ်ဟာ ရည်ရွယ်ချက်တွေ ပြည့်ဖို့ ကြိုးစားရဦးမှာပဲ .. ၊ တစ်ခါတစ်ခါ သည်လို ကိစ္စမျိုးက စိတ်ရှုပ်စရာ .. ၊ ကိုယ်တို့ငယ်ပါသေးတယ် နောက် မေလဲ့လည်း မဟိုင်းသေးပါဘူးကွယ် … ”

မေလဲ့ဆီမှ သက်ပြင်းချသံ သဲ့သဲ့ကြားရ၏ ။

ကိုယ့်နှမပြောခဲ့တာ သိပ်မှန်၏ ။ ကိုဦး အလွန်တွေဝေတတ်လေသည် ။ ။


Aung Phyoe
( သြဂုတ် ၂၆ ၂၀၁၀ ၊ 1:05 AM)

19 April 2010

လက်စားချေခြင်း


အိပ်ယာပေါ်လှဲလိုက်ပြီးချင်းဝင်လာသော အတွေးမှာ “ငါဟာ သနားစရာသတ္တဝါပါလား” လို့ ဖြစ်၏ ။

(၁)

ကိုဦးသည် ငယ်စဉ်ကပင် လိမ္မာသည်ဟု ကျော်ကြား၏ ။ထိုသို့ လူကြီးတွေကြား ကျော်ကြားခြင်းသည်ပင် သူ့လူငယ်ဘဝအတွက် အညွှန့် ကျိုးရသည်ဟုထင်သည် ။

သူသည် ငယ်စဉ်ကပင် လိမ်ညာခြင်းဟူသည်ကို မကောင်းကြောင်း သင်ကြားရလျက်ကပင် ဟန်ဆောင်ခြင်း၌ ပျော်မွေ့စေ ၏ ။ ထိုစိတ်ဓာတ်သည်ကြီးရင့်သည်ထိ စွဲလာတာတော့ မကောင်းလှဘူးထင်သည် ။ ထိုအခါ ငိုယိုလိုသည့်တိုင် မိမိကိုယ်ကိုယ် လိမ်ညာပြီးသနားခြင်းအတိဖြစ်ရ၏ ။

အိပ်ယာသည် ပြောင်ရှင်းတင်းရင်း၍နေသည် ။ တစ်ကိုယ်ရေ ယောက်ျားတစ်ယောက်အိပ်ယာက သည်လောက် မသန့်ရှင်းသင့်ပါဘူးလို့ ယူဆသည့်တိုင် လူမြင်လျှင်ချီးကျူးခံရမည်ကို ကြည်နူးနေ၏ ။ ထို အခါ အတွေးသည် ချက်ချင်းပြောင်းသွားပြီး “ငါဟာ သနားစရာသတ္တဝါပါလား” ဟု ခပ်တိုးတိုးရေရွတ်မိသည် ။

(၂)

လူတကာ ချီးကျူးခံလိုခြင်းသည်ပင် ဘဝ၏အမှားဖြစ်သည်ဟု ကိုဦး တွေးမိသည်။ ငယ်စဉ်ကဆို အဘွားက ကျွန်မ မြေးလေး ဘယ်မှထွက်မဆော့ဘူး ဟု ဂုဏ်ယူပြောတတ်သည် ။ သည်အခါ ထိန်းရလွယ်အောင်ပင် အဖေသည် ကာတွန်းစာအုပ်များ ဝယ်ပေးပြီး အမေကတော့ ပုံပြင်သာဖိပြောတော့သည် ။ ရွယ်တူတန်းတူ ကစားကြသူများကိုပင် သနားစရာ သတ္တဝါလေးတွေလို့ မြင်လာအောင်ပြောတတ်ကြသေးတော့ သည်လို လူမျိုးဖြစ်ရမှာကို ငယ်ငယ်ကပင် ကြောက်ချင်ချင် ။ အဖေတို့က တစ်သက်လုံး လူတောမတိုးနေရတော့မည့်နှယ် ထင်ယောင်လာစေတော့ ငယ်ငယ်နှင့် စာဖတ်နိုင်သော ကိုဦးသည် စာလုံးပေါင်းကာ စာအုပ်တွေဖတ်တော့သည် ။ ဘောလုံးကို ဟန်ပြဝယ်ထားသည့်တိုင် ကန်မည့်သူမရှိ၍ ခြေနှင့်ပင်မတို့ဖြစ်တော့ သတိရလို့ ရော်ဘာအစု ပိန်ရှုံ့ ရှုံ့ကို လေထိုးမည်ဆိုသောအခါ ဘောလုံးမှာ ပျက်စီးသွားခဲ့လေပြီ ။

ညီအစ်ကိုမောင်နှမ မရှိခြင်းကပင် ကိုဦး၏ အတ္တကို ဖွင့်ဖြိုးစေသည်ထင်၏ ။ ဝမ်းကွဲ အစ်ကို၊ နှမ များကိုပင် သွေးနီးသည်ဟုမထင် .. ၊ ကျောင်းတက်ရင် စာတော်ရန်သာ အရေးတကြီးလုပ်၍ သူငယ်ချင်းရှာ၍ ပေါင်းရမည်ကိုပင် စိတ်မဝင်စားခဲ့ ။ အားအားရှိစာဖတ်ရင်း စာအုပ်တွေကို စိတ်ဝင်စားလှသည်မဟုတ်သည့်တိုင် စာအုပ်ထဲမှ ဇာတ်ကောင်တွေကို အံ့သြ၍သာနေခဲ့၏ ။ ကိုဦးအတွက် စာရွက်များပေါ်မှ ဘဝသည်ဆန်းကြယ်လွန်း၍ စက် ဆုတ်ဖွယ် အတိဖြစ်ကောင်းဖြစ်နေသည့်တိုင် ကျေနပ်မှုကိုတော့ ရ၏ ။ စိတ်၏ မကျေနပ်မှုများသည် မိမိထက်နိမ့်ကျတဲ့ လူများအကြောင်း ၊ ပိုမိုစိတ်ဒုက္ခဖိစီးခံရသူများ အကြောင်းသိခြင်းမှ စိတ်ပြေလာစေတတ်၏ ။ ထိုအခါ ကျေနပ်ဖို့ ပျော်ရွှင်ဖို့ ဝတ္ထုဖတ်ကြတယ်လို့ သူများပြောသည်ကို နားမလည် ။ ရွယ်တူတွေ ကြားဝယ် ရှားရှားပါးပါးပြောစရာ လည်းမရှိသည်မို့ လူကြီးများကိုပင် အထင်ကြီးစေလျက် အချိန်ကုန်ရ၏ ။

ကိုဦး မိဘများသည် သူ၏ဖြစ်တည် ကြီးရင့်လူလားမြောက်ခြင်းကို မေ့လျော့နေခဲ့သည်ထင်၏ ။ ကိုဦးသည် ကလေးဘဝ ကုန်ဆုံးချိန်များကို မသိသားဆိုးဝါးစွာဖြတ်သန်းခဲ့ရ၏ ။ ထို့ အတွက်တစ်အိမ်လုံးတွင် အရွယ်ရောက် ယောကျာ်းတစ်ဦးဖြစ်သူ အဖေ့ကို အခဲမကျေခဲ့ ။ ယောက်ျားလေးတစ်ယောက် သိသင့်သည်တို့ ကိုပင်ပွင့်လင်းခဲ့ခြင်းမရှိ … ။ ပြောင်းလဲလာသော စိတ်ကို သူကိုယ်တိုင်သာ ကျိတ်မှိတ်ခဲ့ရသည် ။ ထိုအခါ သူငယ်ချင်းများပြော သော လှိုက်မောဖွယ်အတွေ့အကြုံများကို သာယာသောလည်း နည်းလမ်းကိုမသိချေ ။ သူဖတ်သော စာအုပ်များသည် ထိုဘဝကိုတော့ သရုပ်ဖော်ဖို့ မေ့လျော့သည်ထင့် ။ လူလားမြောက်ခွင့်မရသော ဘဝကို စိတ်နာချင်သလိုလို … ။ အဘွားကတော့ လူပျိုမလုပ်တတ်သေးသော မြေးအတွက် လူလယ်ခေါင်မှာ ဂုဏ်ယူ၍ပြော၏ ။

ကိုဦး သည် တစ်သက်လုံး ဟန်ကိုသာဆောင်တတ်ခဲ့သည်ထင်၏ ။ ကြာလာတော့ ယောက်ျားပီသခြင်းသည်ပင် ရှက်ရွံ့ စရာထင်လာကာ ခိုးခိုးကြည့်မိသော မိန်းကလေးကိုပင် ပစ်မှားမိ၍တောင်းပန်လိုစိတ်ပင်ပေါ်လာသည် ။ ကျောင်းတတ်နေတုန်း ရည်းစားထားတာ ပြစ်မှုတစ်ခု ပဲလို့ ထင်လာကာ မကြာခဏ သူ့ကိုလှည့်လှည့်ကြည့်တတ်သည့် မိန်းကလေးကို ဦးစွာပင် မျက်လုံးချင်းရှောင်၏ ။ ခပ်ထွေထွေ စပ်ထားသော သည်ခေတ်ကလူတွေနားလည်ရ ခက်မည့်အချစ်ကဗျာ များကို သာ ရေးရေးပြီး လူကြီးတွေ မမြင်အောင် ကုတင်အောက်မှ တိတ်တိတ်ဝှက်ရသေးသည် ။ သည်အရွယ်မှာ ဖတ်တတ်လာသော နိုင်ငံခြား ဝတ္ထုတွေထဲက ဇာတ်ကောင်မင်းသားများကို အားကျလာကာ အဖေ့ရေခဲသေတ္တာထဲမှာ ဘီယာခိုးသောက်မိလို့ အန်တော့ အရက်ကိုအနံ့ပင် မခံနိုင်ကြောင်းလူကြီးများရှေ့မှာ ဂုဏ်လုပ်၍ ပြောရ၏ ။

(၃)

လူလားမြောက်ခြင်းသည် လူတောတိုးခြင်းလို့ သိရတော့ ကိုဦးသည် လူတွေကို ကြောက်တတ်လာသည် ။ သည်အခါမှာ အနားမှာ အဖေတို့ မရှိကြတော့ ။ ( ဒါတောင် လိမ္မာကြောင်းကို အဝေးမှ ချီးမွန်းဂုဏ်ခံနေသေးသည် ) ။ သည်အခါ ဘ၀သင်ခန်းစာများကို ဘာမှသင်ကြားတတ်မြောက်စေခြင်း မရှိဘဲ လူတွေကြားလွှတ်ရက်သော မိဘများကို မိမိတစ်ခါ ကျဆုံးရတိုင်းပင် စိတ်နာရ၏ ။ ဘဝသည် လူဖြစ်ကြိုးပင်နပ်သည်မထင် ။ ဒါပေမယ့် ကိုဦးသည် အတ္တကြီးသူပီပီ မိမိဘဝ ပျက်မှာတော့ ကြောက်လှ၏ ။ ထိုအခါ ဝါသနာမပါဘူး မလုပ်ချင်ဘူးလို့ ခပ်ညည်းညည်းပြောတတ်သည့်တိုင် ပညာကိုတော့ ကြိုးစားသင်လေသည် ။

ကိုဦးသည် ပူလောင်မှာကို ကြောက်သဖြင့် ချစ်ခြင်းကို ကြိုးစား၍ရှောင်၏ ။ လူများတွေ ချစ်သူရည်းစားတွဲသွား တွဲလာမြင်လျှင် အားကျစိတ်နှင့်ပူလောင်ရ၏ ။ ဘဝတွင် ချစ်သူကို တွေ့မှ တွေ့ပါ့ ဦးမလားလို့ ထင်လာကာ အချစ်ဆုံးကို တွေးလေတိုင်းမိမိကိုသာ ဦးတည်၏ ။ တစ်သက်လုံးအတူနေလာသော မိဘများကို ပင်တွယ်ငြိစိတ်မရှိတာ အားမရဖြစ်ရသည် ။ မိတ်ဆွေရှားပါးသော ကိုဦးသည် အမြင်ကျယ်စေရန် စာများကိုသာ ဖိ၍ဖတ်သည် ။ တစ်သက်လုံး သည်လိုမနေရစကောင်းလို့ထင်၏ ။ တစ်ခါတစ်ခါ လူမသိ သူမသိ မထင်ရှားသော အဖြစ်ကို အားမလို အားမရဖြစ်၏ ။ ကိုယ့်ကိုကိုယ် သူများနှင့်မတူဘူးဟု ထင်၏ ။ ထို အခါအထင်ကြီး စိတ်ဖြင့် မိမိအတ္တကို ကြိုးစား၍မြှင့်တင်ပြန်လေသည် ။

(၃)

အထွေးသည် ကိုဦး၏ ချစ်သူဖြစ်လာ၏ ။ အထွေးသည် လူတကာ၏ အားကျခံရနိုင်သော ရည်စားဖြစ်နိုင် သည် ။ ထိုအချက်ဖြင့် ကိုဦးသည် ရင်ခုန်သလိုလိုရှိသော အထွေးကို ချစ်ခွင့်ပန်သည် ။ ရည်းစားမရှိလျှင် ဂုဏ်ငယ်နိုင်သော အချက်ကြောင့် အထွေးကို ရင်ခုန်ခဲ့ပါသည်လို့ ကိုဦး ကိုယ့်ဘာသာကိုယ် ဝန်ခံ ရချိန်တွင် အထွေးကို အားနာသလိုလိုတော့ ရှိ၏ ။ သို့သော် အထွေး၏ မိဘဂုဏ် ၊ ဥစ္စာဂုဏ်တို့ကြောင့် သူ့ကို တော်လှသည် ဟုချီးကျူးခံရမည့် အရေးကိုတော့ တင်ကြို၍ ဝမ်းသာခဲ့သည် ။ ထိုအခါ ကိုဦးသည် အားကျစရာ ချစ်သူရည်စား ၊ တစ်နေ့နေ့တွင် အိမ်ထောင်သည်ယောက်ျားတစ်ယောက် အဖြစ် အသစ်တဖန်မွေးဖွားရဲတော့မည်ထင်သည် ။

(၄)

အထွေးနဲ့ ကိုဦးသည် ညနေစာကို အတူတူစားတတ်ကြပြီး အိပ်အပြန်လမ်းတစ်လျှောက် စကားပြောကြမြဲဖြစ်သည် ။

ထိုညနေတွင်လည်း ခါတိုင်းလိုပင် အိမ်အပြန် အပြုံးကိုယ်စီနှင့် အချစ်အကြောင်းဆွေးနွေးနေမိကြသည် ။ မှောင်ရိပ်သန်းလာတော့မှ အထွေးက အိမ်ထဲဝင်ဖို့ သတိရလာပြီး စကားဖြတ်ရလေတော့သည် ။

အထွေးက ပြုံး၍ -

“အချစ်က ဘယ်ကစတယ်လို့ ကိုဦးထင်လဲ … ချစ်ခြင်းက အစရှာရခက်တယ် ဆိုလို့ သတိရသေးတယ် ။ ကိုဦးကို စတွေ့ဖူးတုန်းကဆိုရင် စာအုပ်လေးထိုင်ဖတ်နေတော့ ရင်ထဲမှာဖြစ်လာတာက သိပ်သနားစရာ ကောင်းလောက်အောင် ဖြူစင်လွန်းတဲ့ သူတစ်ယောက်လို့ပဲ ၊ သနားလွန်းလို့ ချစ်လာရတာ ထင်ပါရဲ့ ၊ ခုဖွင့်ပြောလို့ စိတ်လဲဆိုးမသွားနဲ့ ဦးနော်” လို့ မမျှော်လင့်သော စကားကိုဆို၏ ။

ကိုဦးသည် ထိပ်ထိပ်ပြာပြာဖြစ်သွားပြီး ပြုံးနေကျဟန်ဆောင်အပြုံးကို သာ ညောင်းညာလာသည်အထိပြုံးရ၏ ။ အပြန်လမ်းတွေ မြင်နေရတတ်သည့် ရိပ်ယောင် ဝိုးဝါးမှန်များ ထဲမှ သနားဖွယ်သူ့ ပုံရိပ်ကိုပင်ပြန်မမြင်ရဲ သယောင်ရှိ၍ လာသဖြင့် ခေါင်းကို ငိုက်စိုက်ချထား ကာ ကွန်းခိုရာအိပ်ခန်းတွင်းသို့ ပင်ဦးတည်၍ လျှောက်လာသည် ။ ဘဝတွင် ချီးမွန်းခဲ့သူများသည် တစ်နေ့နေ့တွင် လူစဉ်မမှီ ၊ လူလားမမြောက်ရသူ သူ့ကို အထွေးလို သနားကောင်းသနားနေတော့မည်။ သည်အထဲတွင် အဖေတို့ရောပါကောင်းပါနိုင်သေး၏ ။

“အလိုလေး ငါ့ကို သနားစရာ သတ္တဝါဆိုပါ့လား”

စာအုပ်များဖြင့် ပြည့်သိပ်သော အခန်းပြန်ရောက်ရောက်ချင်း ပေါ်လာသော အတွေးမှာ “ငါဟာ သနားစရာသတ္တဝါပါလား” လို့ ဖြစ်၏ ။

ကိုဦးသည် မှန်ထဲမှာ ပုံရိပ်ကို စိတ်ပျက်စွာကြည့်၏ ။ ပါးရိုးကျကျ ယောက်ျားတစ်ယောက်သည် မှုန်မှိုင်းစွာပြန်ငေး နေသည်ကို မြင်ရတော့ ကျရှုးံသူတစ်ယောက်ကို ဟားတိုက်ချက်စိတ်ပင်ပေါ်လာသည် ။ ထွက်ပြေးလျှင် ကောင်းမည်လားဟု ထင်လာသည် ၊ ဘဝတစ်လျှောက်လုံး ကြိုးပမ်းမှုသည် လူအများသနားခံ ရဖို့ ဟန်ဆောင်ပြနေရသလိုထင်၏ ။ ခပ်စူးစူးပြုံးလိုက်တော့ ကျဆုံးသူသည် သိက္ခာဆယ်နိုင်သွားသည်ထင်၏ ။ အောင်နိုင်ခြင်း၏ လမ်းစသည် ထို ညစ်ကျယ်ကျယ်အပြုံးဖြစ်နိုင်သည် ။ ထိုအပြုံးသည် မိမိအတွက် ဂုဏ်ယူသူများ ၊ ချီးကျူးချစ်ခင်သူများကို အောင်နိုင်မည်ထင်၏ ။ ကိုဦးသည် အပြုံးကို ကြည့်ရင်းအဝတ်များကို လဲ၏ ။

(၅)

ကိုဦးသည် ထိုနေရာသို့ မရောက်ဖူးသည့်တိုင် သဘောကိုတော့နားလည်၏ ။ သူငယ်ချင်းယောက်ျားလေးတွေက ထိုနေရာမှ စွန့်စားခန်းများကို မစားရဝခမန်း ပြောတတ်တုန်းက အားကျစိတ်ကို စက်ဆုတ်စိတ်ဖြင့် ထိန်းချုပ်ခဲ့ရသေးသည် ။ ထိုနေရာမှ မီးများသည်ပင် ပြာတစ်လှည့် နီတစ်မျိုးဖြင့် လူ့စိတ်ကို လှည့်စား၍ နေလေသည် ။ မြင်သမျှ လူတိုင်းသည် လှပ၍ ပြင်းပြသောဆွဲဆောင်အားတစ်ခုစီ ဖြာထွက်နေကြသည်ထင်၏ ။ မိန်းမများသည် ကိုဦးကို မြူချို၍ကြိုကြ ၏ ။ ကိုဦးသည် သည်တစ်ခါတော့ စက်ဆုတ်စိတ်ကို ချိုးနှိမ်ရင်း မျက်လုံးများကိုမှေး၍ အကဲခတ်၏ ။

သနားစရာမိန်းမများသည် သူ့ကိုသနားဖို့ စိတ်ရှိတော့မည်မထင်။ သူသည် လူလားမြောက်ခြင်းကို သည်နေရာမှာ ရှာနိုင်၏ ။ အရှက်ကင်းမဲ့စွာ ရမ္မက်တက်ကြွခြင်းသည်ပင် ယောက်ျားတစ်ယောက်အတွက် မာနကိုသွေးသစ်လောင်းစေတော့မည်ထင်၏ ။

ကိုဦးသည် ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက်၏ ဦးဆောင်ရာကိုလိုက်လာသည် ။ ထိုအမျိုးသမီး သည် ကျဉ်းမြောင်းသောလှေကားထစ်များစွာကို စ၍တက်၏ ။ အခန်းဝဝယ် အမျိုးသမီးသည် ကိုဦးကို ပြုံး၍ဝင်စေ၏ ။ သည်အခါ ခပ်ပေါ့ပေါ့ကြေးစားဆန်ဆန် သနား လေးစားခြင်း ကင်းမဲ့ဟန်ကိုအမျိုးသမီး၌ တွေ့ရသည် ။

ကိုဦးသည် မိဘများ၏ မျက်နှာကို ပြန်မြင်လာသည် ။ ဆွေမျိုးများ၊ မိတ်ဆွေများ ၊ ထွေးနှင့် နောက် မသိကျွမ်းတာတွေရော၊ ခင်မင်ရင်းနှီးတာတွေရော အကုန်ပါသည် ။ သူတို့အားလုံးကို မှန်းကြည့်လို့ရပြန်သည် ။ တစ်သက်လုံးအကျွမ်းမဲ့ ယုံကြည်နေရမည့် သူတွေဆိုတာ တွေးမိပြန်တော့ ဒေါသသည် သူတို့ဘက်ဆီက ကိုယ့်ဘက်ကိုပြန်လှည့်လာသည် ။ ကိုဦးသည် အံ့သြစဖွယ် ပျော်သလိုလိုရှိလာပြန်သည် ။ ကြီးရင့်ခြင်း၏ အမြတ် ထိတွေ့မှုအာရုံကို တောင့်တလာသည် ။ရိုက်နှက်ကန်ကျောက်ပစ်လိုက်ချင်ပြန်၏ ။

ပြတင်းပြင်သည်မှောင်၏ ။ လောကကြီးသည်တိတ်တဆိတ် အဆက်ပြတ်သွားပြီ ။ တံခါးသည်လည်းပိတ်ခဲ့ပြီ။ အမျိုးသမီး၏လက်များသည် ကိုဦး၏ခါးကိုပွေ့ထားရာမှ ပို၍တင်းကြပ်လာပြန်သည် ။ ထို့နောက် ကိုဦးသည် မိဘဆွေမျိုးများ၊ သူ့ကို တော်လှသည်ဟု ချီးမွန်းသော ဆရာမများကိုလည်းကောင်း၊ ထွေးကိုလည်းကောင်း တခဏတာ မေ့လျော့သွားခဲ့လေသည်။

(Aung Phyoe)

21 March 2010.

22 December 2009

အလွန်

Blog မရေးဖြစ်တာကြာပြီ ။ စိတ်ထဲမှာ ရှိနေတဲ့ ဇာတ်လမ်းလေးပါ ... ချရေးကြည့်ချင်တာကြာပြီ ။ ခုတလောတော့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ် ။ စာအုပ်တွေဖတ်တာများလေ ကိုယ့်ကိုယ်ကို အားမရလို့ စာမရေးချင်လေပဲ ။

အလွန်


မိလွင် …

ခုချိန်မှာငါ့စာကိုရရင် ရုတ်တရက်အံ့သြသွားမယ့် နင့်မျက်နှာကို ခုထဲက ကြိုမြင်ထားမိတယ်.. ။ ငါ့ဆီက စာလာမယ်လို့ နင်မျှော်လင့်ထားမှာမဟုတ်ဘူးနော် .. တော်ကြာ နင့်ရည်းစားဆီကလားလို့ ထင်လို့ အပြေးအလွှား အလာ စာအိတ်ပေါ်က ငါ့နာမည်ကိုမြင်ရင် နင်တော်တော် အောင့်သွားမှာဘဲ .. ။ ဒါပေမယ့် သည်စာကို နင်ဖတ်ချင်မယ်ဆိုတာ ငါယုံတယ် .. နင်နဲ့ ငါက အရင်ငယ်ငယ်တုန်းထဲက သူငယ်ချင်းတွေလေ ပိုပိုလိုလိုပြောရရင် ငါတို့တတွေ ကိုယ်စီဗိုက်ထဲမှာ နေကတည်းက တွေ့ကြတယ်ဆို ရင် ဘယ်သူယုံမှာလည်းနော် …. ။

ဒါပေမယ့် နင်နဲ့ငါ သူငယ်ချင်းစဖြစ်တော့ ၇ တန်းနှစ်မှာ… အရင်တုန်းကတည်းက သိဖူးတယ်လို့လည်း အဆက်အသွယ်မရှိကြတော့ စတွေ့တွေ့ ချင်းသိပ်အစေးမကပ်ကြပါဘူး … နောက်နင်ရောငါရော တနင်္ဂနွေပီပီ စိတ်ကောက်တတ်ကြတော့ သူငယ်ချင်းတွေကြားမှာဆို အော်ကြောလန်ပေါ့ နောက်မှ နင်တို့တတွေ အားလုံးနဲ့ ခင်သွားကြတာ …

ငါတို့မိဘတွေ အရင်ကတည်းက သိကြတယ်ဆိုတာ တော့တော်တော်ကြာကြာမှသိတာ ..အဲသည်နေ့ က ကျူရှင်ကို ငါ့အဖေလိုက်ပို့တယ် …အဲ နင့်အဖေကလည်း နင့်ကိုလိုက်ပို့တော့မှ သူတို့သူငယ်ချင်းတွေပြန်တွေ့ကြတာလေ… ။ သူတို့တတွေပြောကြမှ ငယ်ငယ်တုန်းက ငါတို့ဆီနင်တို့လာလည်တာ ရေးရေးမှတ်မိတယ် ။ ငါကလည်း ငယ်ငယ် .. နင်ကလည်းငယ်ငယ်ဆိုတော့ တစ်ယောက်ကိုတစ်ယောက်တောင်မမှတ်မိကြပါဘူးဟာ … နော် ။ .. အဲသည်တုန်းက ငါတို့ က အညာမှာဘဲ နေကြတုန်း နင့်အဖေတို့က ထွန်တုံးပိတ်ချိန်အမှီ ရွှေစည်းခုံဘုရားပွဲကို လာကြတာဆို .. တို့ဆီကနေ ညောင်ဦးကို သင်္ဘောနဲ့ အတူသွားကြတာတော့ မှတ်မိပါရဲ့။ နင့်တို့ကိုတော့မမှတ်မိတော့ဘူး .. ငယ်ငယ်တုန်းဆိုတော့ ရွှေစည်ခုံအညာဘုရားပွဲမှာ ပျော်ကြတယ်ဆိုတာပဲမှတ်မိတယ် … အဲသည်တုန်းက အဖေ .. အမေရယ် အဘွားရယ်နဲ့သွားကြတာဆိုတော့ အရုပ်တွေ အိုးပုတ်တွေ အဝတ်အစားတွေရယ် တနင့်တပိုးဝယ်လာတာဘဲ ၊ မှတ်မှတ်ရရ နင့်က လေမှုတ်လို့ရတဲ့ ပလတ်စတစ်ကောင်မလေးရုပ်ကြီးဝယ်လာတယ် … ဘာလိုမှတ်မိတာလည်းဆိုတော့ ငါကအဲသည်တုန်းက မိန်းမလိုမိန်းမရ အဲသည်လိုအရုပ်ကိုလိုချင်နေလို့ဟ …. ။ ဒါပါပဲ .. ။

အဖေတို့ အမေတို့ အဲသည်အကြောင်းကိုပြောရင်းကမှ နင်နဲ့ငါ သိခဲ့ကြမှန်း မှတ်မိတာ .. နည်းနည်းတော့ ပိုခင်သွားသလိုပဲ နော် ၊ … သိလား နင့်သူငယ်ချင်းတွေကတောင် ငါတို့ကိုမိဘချင်းမှန်းထားတယ်ဆို ပြီးစကြသေးတယ်လေ .. ဟားဟား … နင်နဲ့ငါက ရည်းစားလည်းမဖြစ်ခဲ့ပေါင်… ရေစက်မပါလို့ပေါ့နော် .. နို့မို့ဆို … ! ဟေ့ မိလွင် နင်ရယ်နေပြီမဟုတ်လား …. သိတာပေါ့ ငါတို့ကို စကြရင် တို့ သိပ်ရယ်ချင်တာဘဲ နော်

အဲသည်တုန်းက ….
အဖေတို့တတွေ ပြန်တွေ့ကြတော့ သူတို့အလုပ်အတူတူလုပ်ခဲ့ကြတဲ့အကြောင်းပြောကြတယ် … နင်အဖေက အခုတော့ ကမ်းလွန်ရေနံမှာတဲ့ ၊ ဒေါ်လာနဲ့ ရတယ်ဆိုလားပြောကြတာတော့ကြားတယ် … ငါတို့ကတော့ အဲသည်တုန်းက သိပ်အဆင်မပြေဘူးလေ … ဆည်မြောင်းမှာဆိုပေမယ့် သူများအရာရှိတွေကားစီးနိုင်တဲ့ အချိန်မှာ အဖေ့မှာ ဆိုင်ကယ်လေးနဲ့ဘဲ …ငါတို့မှာ အဘွားဆုံးသွားလို့ မိသားစုကလည်း လေးယောက်ဘဲဆိုတော့ လူတန်းစေ့တော့နေရပါတယ် … ၊ ဒါပေမယ့် အဖေကတော့ နင့်အဖေကိုပြောလေရဲ့ ကလေးတွေရှေ့ရေးကရှိသေးတယ်တဲ့ … ကိုယ့်အမေလောဘနည်းသလောက် ၊ရိုးသလောက် အဖေကတော့ မျှော်လင့်ချက်ရှိတယ် ၊ ကြံရေဖန်ရေလည်းရှိတယ် … ၊ အရင်တခါက အဖေ သူ့အထက်အရာရှိနဲ့ ပြဿနာတတ်ဖူးတာရယ် နောက်နေရာကောင်းရအောင် ငွေနဲ့ မလိုက်နိုင်တာရယ်ကြောင့် အခွင့်အရေး မရနိုင်တာရယ်လို့ တစ်ခါတစ်လေ မူးရင်ပြောတတ်ရဲ့ … ။ မိလွင် သိသလို ကိုယ့်အမေကတော့ ရိုးတယ်လေ .. အမေမို့ မပြောသာပေမယ့် လည်လည်ဝယ်မရှိတာတော့ အမှန်ဘဲ .. ။

သည်လိုပါဘဲလေ …မိဘတွေက သားသမီးတွေကို မျှော်လင့်ချက်တွေထားတတ်ကြတာ သဘာဝပေမယ့် သည့်အတွက်သားသမီးတွေ နာကျင်ခံစား ကြရတာဟာ သူတို့အနာဂတ်ကောင်းစေချင်လို့ပါဗျာ ဆိုတဲ့စကားတစ်ခွန်းနဲ့ ကျေပျက်သွားလိမ့်မယ် ။ နင့်မှာလည်း ခံစားချက်ရှိတာ ငါသိတာပေါ့ … ငါတို့က အကျိုးပေးလည်းဆင်ကြတယ်ဟာ ..နော် ။ ဒါပေမယ့် ငါတို့ ကျောင်းတတ်နေတုန်း သုံးနှစ်လောက်မှာ အပူအပင်ကင်းကင်းပျော်ကြရတာတော့ အမှန်ဘဲပေါ့ … ။ အဲသည်တုန်းက ငါ့ကိုလည်း အဖေကသူလို ချင်သလိုရိုက်သွင်း … နင့်ကိုလည်းနင့်မိဘက ဆေးကျောင်းတတ်ကိုတက်ရမယ်ဆိုပြီး ဘယ်လိုဘဲ ဖိအားပေးပေး ငါ့တို့တတွေအားလုံး ရည်ရွယ်ချက်မဲ့နဲ့ ပျော်ခဲ့ကြဘူးတယ်နော် … ။ အဲသည်တုန်းက ရည်ရွယ်ချက်ဆိုတာ စာစီစာကုံးခေါင်းစဉ်တစ်ပုဒ်လောက် ၊ သူငယ်ချင်းအချင်းချင်း စကောင်းနောက် ကောင်းယုံ သက်သက်လောက်သာ သဘောထားကြတာမဟုတ်လား … ။ အဲသည်လို အချင်းချင်းတွေကြားမှာမှ ငါခိုင်လေးကို စသိခဲ့တာ …လေ ။ ဟုတ်တယ် ငါ့ဘဝမှာ ခိုင်လေးက ပထမဆုံးတွေ့ဖူးတဲ့ ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးဘဲ … ။ နောက် ရည်မှန်းချက်ရဲ့တန်ဖိုးနဲ့ ပေးဆပ်ရမှုတွေကိုရော သိစေခဲ့တဲ့ မိန်းကလေးပေါ့ … ။

ခိုင်လေး တို့ကျောင်းကိုပြောင်းလာတဲ့ နေ့ကို ရက်စွဲကအစ မှတ်မိနေတယ်လို့ ငါပြောရင် နင်ဟားမှာမဟုတ်လား … ဟုတ်တယ်လေ အမှန်ကတော့ အဲသည်တုန်းက မှတ်မိတာမဟုတ်ပါဘူး … ။ သူ့ကိုမှ သတိမထားမိသေးတာ … နောက်ခင်လာမှ သူ့ကိုမေးကြည့်တာ … နင် ဘယ်တုန်းက ပြောင်းလာတာလဲလို့ .. ပေါ့ ။ ခိုင်လေး ငါတို့ကျူရှင်ရောက်လာမှ သူနဲ့တို့စခင်တာလေ .. သူကနင်တို့လို ပုံတုန်းတွေကြားမှာ နည်းနည်းပဲများတယ်နော် …. ။ စာတော်တယ်လို့လည်း နာမည်ကြီး … ပဲလည်းများပေမယ့် သူ့ကိုလိုက်တဲ့ ကောင်တွေကတော့ သိပ်မများဘူးလေ ..ဘယ်နယ်ခိုင်လေးက ချောမှမချောတာ .. သာမန်ပါဘဲ ၊ ငါအမှန်အတိုင်းပြောရင် သူကို စွဲလန်းမိတာ ရုပ်ရည်ကြောင့်မဟုတ်ဘူး …. ( ပြောလို့ပြောတာမဟုတ်ဘူး နင်သာပြင်ပြင်ဆင်ဆင်ဆို သူ့ထက်ပိုချောတယ် ဟ… ဟ… ) အဲသည်တုန်းက မပြောတတ်ပေမယ့် ခုထင်တာတော့ သူ့စိတ်ဓာတ်ကြောင့်ဘဲ အဲသည်အရာကိုမြတ်နိုးစရာလို့ ငါ့စိတ်ကလက်ခံ သွားလို့ပဲ .. ၊ စိတ်ပျော့တဲ့ ယောက်ျားလေးတွေက ခပ်ထက်ထက်မိန်းကလေးတွေကို သဘောကျတတ်တယ်ဟ မှတ်ထားဦး ။ သူက တစ်ခါတစ်ခါ ငါ့ကို သူ့ရည်မှန်းချက်တွေ အကြောင်းပြောတတ်တယ် ကြားစကတော့ အတော်ကြွားတဲ့ မိန်းကလေးပဲလို့ … ဘယ်နှယ့် .. ငါတို့ အချင်းချင်းဆို သည်လိုမျိုးမှမပြောတတ်ကြတာ .. ။ သူ့ရည်မှန်းချက်တွေကလည်း ဟဲဗီးကြီးတွေ အကြီးကြီးတွေဟ ၊ .. တစ်ခါတစ်ခါဆိုရင် နင်သည်လို တစ်နေ့ ဖြစ်ကိုဖြစ်မယ်လို့ထင်လားလို့ ငါသူ့ကို မေးကြည့်ချင်သား .. ဒါပေမယ့် မမေးဖြစ်ခဲ့ဘူး ။


နင်သိတဲ့အတိုင်းဘဲ ငါ ၉ တန်းနှစ်စမှာ ငါ့အဖေ နိုင်ငံခြားကိုထွက်သွားတယ် .. အစိုးရဝန်ထမ်းတစ်ယောက်အတွက် Passport ရဖို့ မလွယ်တော့ အဖေကသူ့သက်ဆိုင်ရာတွေကို ပတ်သက်သလို ကြည့်ပေးရင်းနဲ့ သူနည်းသူ့ဟန်နဲ့ ရအောင်ထွက်သွားတာ .. ငါကသာ မသိလို့ သူ့အသိတွေလည်း သည်လိုဘဲဖြစ်သလိုထွက်ကြတာတဲ့ . စင်ကာပူဆို သည်တုန်းက သိပ်ကိုအလုပ်အကိုင်ရလွယ်တယ်လို့နာမည်ကြီးတာပေါ့ … အဖေ့သူငယ်ချင်းအချို့ ကလည်းရှိတော့ အဖေကတော့ သူတို့ကိုအားကိုအဆက်အသွယ်လုပ်လို့ သည်ကို စွန့်ပြီးထွက်သွားခဲ့တယ် .. အဖေ မသွားခင် ငါတို့မောင်နှမကိုပြောတယ် စာကြိုးစားဖို့နဲ့ … ငါတို့ကို မကြာခင်ဟိုကိုခေါ်နိုင်ဖို့ သူကြိုးစားမယ့်အကြောင်း … နောက် သူ့လိုမဖြစ်အောင် ဟိုမှာပညာ သင်နိုင်ဖို့ ကြိုးစားကြလို့လည်းပြောတယ် … ။ အဲသည်ညက အဖေပြောတာတွေတော့ အများကြီးပဲဟာ ငါလည်း ဝမ်းနည်းနည်းနဲ့ဆိုတော့ သိပ်တော့မမှတ်မိပါဘူး ..အဖေနဲ့မတည့်ပေမယ့် သည်လိုခွဲရမယ်ဆိုတော့ ဝမ်းနည်းသား .. ဟ အမေနဲ့ညီမလေးကတော့ ပြောမနေနဲ့ပေါ့ဟာ … ။ အဖေကို လိုက်ပို့တော့ ရန်ကုန်ကိုအမေဘဲလိုက်သွားတယ် …သူများတွေလို အပျော်ခရီးထွက်တာ ၊ ပညာတော်သင်သွားတာမျိုးမဟုတ်တော့ လင်မယားနှစ်ယောက်ခပ်ကုပ်ကုပ်ပဲပေါ့ … တဲ့ ၊ ပြန်လာတော့ အမေကပြောရှာတယ် ရန်ကုန်ဆိုတာ သူတို့အရင်ကျောင်းတတ်တုန်းကလိုမဟုတ်ဘူးတဲ့ လူတွေဆိုလည်းပြန်လန်နေကြတာပဲတဲ့ ၊ တိုက်တွေ ကားတွေ ဆိုလည်းဟီးနေတာပဲတဲ့… အမေ့ကို ကြည့်ရတာ အနာဂတ်အတွက် ပျော်နေရှာပုံပဲ …. တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့သားသမီးတွေလည်း သူတို့လို လူတန်းစေ့ဖြစ်ရမယ်ဟဲ့ ဆိုတဲ့ အုံ့ပုန်းပျော်လေးနဲ့ နေမှာပေါ့… ။ လူတိုင်းမှာ သဘာဝကပေးထားတဲ့ ကိုယ်ပိုင်စွမ်းအင်တစ်ခုရှိတယ်ဆို နင်ယုံမလား မိလွင် … အဲဒါကတော့ အနာဂတ်ကို တင်ကြိုမြင်ခွင့်မရှိခြင်းပဲ … ။


အဲသည်စွမ်းအားကို သုံးပြီး ငါတို့တတွေပျော်ခဲ့ကြတယ်နော် .. နင့်မိဘတွေက နင်ဆေးကျောင်းမရရင် ကျောင်းဆက်မထားဘူးပြောတုန်းက နင်ငိုတာမှတ်မိသေးလားမိလွင် ။ အဲသည်တုန်းက နင်ပြောတယ်လေ ငါတို့ ပျော်ရမယ်ဆိုတာ ၂ နှစ်လောက်ပဲကျန်တော့တယ်လို့ … ဒါပေမယ့် အဲသည်တုန်းက အားလုံးရယ်ရယ်မောမောနဲ့ အားလုံးဆေးကျောင်းမှာပြန်တွေ့ကြမှာပါလို့ ပြောလိုက်မိကြတယ် … ဟုတ်တယ်လေ စိတ်ကူးယဉ်နိုင်ကြတုန်းမှာ တို့လို နယ်ကကျောင်းသားတိုင်းရဲ့ အိပ်မက်ကဆေးကျောင်းပဲပေါ့ … ဆေးကျောင်းတက် .. ဆရာဝန်ကြီးလုပ် …နောက်…… သေချာတာက ငါတို့အားလုံးသည်ထက်ပိုပြီး မတွေးတတ်ခဲ့ကြတာပဲ . ။ မှတ်မှတ်ရရ အဲသည်နောက် ငါ့ကို ခိုင်လေးကတော့ပြောတယ် သူကတော့ M.B.B.S နဲ့မကျေနပ်ဘူးတဲ့ ဘာမှလည်းလုပ်လို့မရမှာ မဟုတ်တော့….. နောက်ထပ် နိုင်ငံခြားက ဘွဲ့တစ်ခုခုရမှ ကျေနပ်မယ်တဲ့ … သိတဲ့အတိုင်းဘဲကွာ .. သူကတော့ ..အဲသည်ကတည်းက .. ။


သည့်နောက်မှာ အရင်ကထက်ငါတို့ အဆင်ပိုပြေလာတာအမှန်ပဲ .. အမေရဲ့အပြုံးတွေ ၊ ညီမလေးရဲ့ တောက်တောက်ပပလေးတွေဟာ အရင်ကထက်ပိုလာတာတော့အမှန် .. ၊ ၁၀တန်းမှာ ကိုယ့်ကို ဝိုင်းထားပေးမယ် .. Guide ငှားပေးမယ်လို့လည်း အဲသည်တုန်း အမေက ပြောသေးတယ် .. အဖေကလည်း တစ်လတစ်ခါလောက်စာရေးတယ် အဖေ့ဆီစာပြန်မယ်ဆို သုံးတန်းအရွယ် ညီမလေးက ဖွဲ့ဖွဲ့နွဲ့နွဲ့ ကိုရေးတော့တာပဲ … အဖေကလည်း အလုပ်ရတဲ့အကြောင်း ၊ နေထိုင်ခွင့်မကျခင် လုပ်ခနည်းသေးတဲ့အကြောင်း ၊ နောက်ငါတို့ကို စာကြိုးစားဖို့အကြောင်းတွေမှာ ရှာတယ် … ၊ ငါလေ အဲသည်တုန်းက အဖေ့ကို သနားလည်းသနားမိတယ် … အားလည်းကိုးတယ် .. နောက်တော့ ပိုပြီးတော့လည်း ချစ်သွားတယ် နင်သိလား … ဟုတ်တယ် အရင်ကတည်းက အဖေနဲ့သား သိပ်အရောမဝင်ပေမယ့် အဖေ့ကို ငါချစ်တာပေါ့ … ၊ ဒါပေမယ့် နင်သိလား ခုချိန်အထိ ငါအဖေ့ကို ချစ်တယ်လို့ ပါးစပ်ကဖွင့်မပြောဘူးသေးဘူး … ၊ အဖေကြားရင်လည်း ငါပြောတာကို ယုံမှယုံပါ့မလားဟာ … နင်မိဘတွေနဲ့ရောအဆင်ပြေလား .. မိလွင် ..


ဆရာမ မစန္ဒာရဲ့ "ကွက်လပ်ကလေးဖြည့်ပေးပါ" ကိုဖတ်ပြီး အလတ်ဖြစ်ရတာမကောင်းဘူးလို့ နင်ပြောဘူးတယ်နော် မိလွင် .. နင့်မိဘတွေက သူတို့သမီးကြီးတော့ချစ်တယ် အငယ်လေးကိုကျ သည်းတယ် .. နင့်ကိုတော့မချစ်ဘူးတဲ့ …သည်အတွေးက ရင့်ကျက်လာတာနဲ့အမျှ မှေးမှိန်သွားမှာပါ ဟာ ..မဟုတ်ဘူးလား …. ဒါပေမယ့် အဲသည်တုန်းက နင်သိပ်ခံစားရတယ်ဆိုတာ ငါနားလည်ပါတယ် … “သူ့သမီးအကြီးမလို ဆေးကျောင်းမရရင် ငါ့ကိုကျောင်းဆက်မထားဘူးတဲ့ ဟယ်” လို့ နင်ပြောခဲ့တာကို ငါဘယ်လိုမေ့မှာလဲ …



ကျောင်းသားတစ်ယောက်ရဲ့ ဘဝမှာ ၁၀ တန်းက ရှေ့ရေးကို အဆုံးအဖြတ်ပေးမှာမို့ အရေးကြီးတယ်ဆိုတာ တို့တွေအားလုံးစွဲထားရတယ် … ဘယ်လိုကြိုးစားရမှာလည်း…. အကောင်းဆုံးဆရာမ တွေဆီမှာ ကျူရှင်ယူ … နောက် အကောင်းဆုံးဆိုတဲ့ Guide ခေါ် တစ်နေ့တနေ့စာတွေကုန်းကျက် သည်လိုနဲ့စာမေးပွဲမှာ အမှတ်အများဆုံးရအောင်ဖြေ သည်လိုမဟုတ်လား …. တကယ်တော့ ဒါဟာ ဘဝဆိုတာကြီးကို စတိုက်ဖို့တို့တတွေ ပြင်ဆင်ကြတာလို့များ ရိပ်မိခဲ့ရင် သိပ်ရယ်ဖို့ကောင်းမှာပဲ … တို့တတွေ အားလုံးပင်ပန်းကြတယ် ဒါပေမယ့်..အမှန်အတိုင်းပြောရရင် ငါလေ အဲသည်နှစ်မှာအပျော်ဆုံးပဲ .. ခိုင်လေးကြောင့်လည်းပါတာပေါ့ .. ငါတို့အိမ်အခြေအနေအရလည်းပါတာပေါ့ … ဘာပဲပြောပြောမိသားစု တစ်ခုဟာ ပြည့်ပြည့်စုံစုံနေနိုင်မှ ပျော်ရွှင်နိုင်မယ် … မဟုတ်လား … ။ သည်အတွင်းမှာ အဖေ့ဆီကဖုန်းတွေရော ၊ စာတွေပါ ငါဂရုမစိုက်မိတော့ဘူး … အဖေလည်း ဟိုမှာ ၂ နှစ်နီးပါးရှိပြီလေ .. ပြန်လာဖို့တော့ မသေချာသေးဘူး …. စာမေးပွဲပြီးရင် ငါတို့ကို အလည်ခေါ်လိမ့်မယ်.. သည်လို ငါလည်ကြွားလို့ ကောင်းတုန်းအချိန်ပေါ့ မိလွင်ရယ် … ။


၁၀တန်းဖြေပြီးတဲ့ နေ့မှာ ခိုင်လေးနဲ့ငါ အပြင်သွားတယ် … ငါသွားနေကျ စာအုပ်ဆိုင်ကိုပါ .. ၊ စာအုပ်တွေဝယ်ပြီး ခိုင်လေးနဲ့ မုန့်ဟင်းခါးစားရင်း ငါ အဖေ့ဆီကိုလိုက်သွားရမယ့်အကြောင်းပြောဖြစ်တယ် .. ။ ငါအနေနဲ့ဆို ဟိုကိုကျောင်းသွားတတ်ကြတဲ့ပုံစံနဲ့ ခိုင်လေးကို သူ့မိသားစုကထားနိုင်ပါတယ်ဟာ … ဒါပေမယ့် ခိုင်လေးက ငြင်းတယ် …သူက ဆရာဝန်ဖြစ်ချင်တာတဲ့ .. ဝါသနာအရမဟုတ်ဘဲ ကျောင်းတတ်နိုင်ဖို့ ရရာလိုင်းတစ်ခုခုကို ယူရတဲ့ အလုပ်ကိုမလုပ်ချင်ဘူးတဲ့ … ။ သူကလည်း ငါကို သည်မှာဘဲနေဖို့ပြောတယ် .. ဒါပေမယ့် မိလွင်ရယ် ငါက Bio လည်းဝါသနာမပါ … နောက် အဖေ့ကိုလည်းမလွန်ဆန်ရဲပါဘူး … ။ ခိုင်လေးကတော့ သူဘာဖြစ်ချင်တယ်ဆိုတာ သူသိတယ်တဲ့ သိတဲ့အတိုင်းလည်းဖြစ်အောင်လုပ်မယ်တဲ့ .. နောက်ငါ့ကိုလည်း ကြိုးစားဖို့ပြောတယ် … သူနောက်ဆုံးပြောသွားတဲ့ စကားကို ငါခုထိကြားယောင်တုန်းပဲ မိလွင် … သူငါ့ကို သံယောဇဉ်တော့ရှိတယ် ဒါပေမယ့် သူက ငါ့လိုတော့ စိတ်ကူးမယဉ်တတ်ဘူးတဲ့ … ၊ ဝန်ခံ ရရင် အဲသည်တုန်းက သည်စကားရဲ့ အဓိပ္ပာယ်ကို ငါနားမလည်မိခဲ့ဘူးဟာ ……

နောက်တော့ ငါသင်တန်းတွေတက်ဖို့ သားအမိတတွေ ရန်ကုန်ကိုပြောင်းဖို့ပြင်ဆင်ကြတုန်းမှာ ငါ့အတွက်လုံးဝ မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကြားခဲ့တယ် … ။ နင်တို့လည်းကြားမှာပေါ့ … ငါ့ဘဝ မျှော်လင့်ချက်အားလုံးကို ဖြိုခွဲခဲ့တဲ့သတင်းတစ်ခု …. ဟုတ်တယ် ငါပြန်မပြောချင်ဆုံး သတင်းတစ်ခုပေါ့ဟာ .. ငါ့အဖေဟိုနိုင်ငံမှာ မမျှော်လင့်ဘဲ မလွန်ဆန်နိုင်လို့ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်ရတယ်ဆိုတဲ့ သတင်းလေ… ။ သည်သတင်းကိုကြားကြားချင်း ငါအမေ့ကို မကြည့်ရဲလောက်အောင် သနားသွားတယ် .. ။ နောက် ငါ့အဖေ … ။


အသက် ၄၀ ကျော်တက်ကြွဖျတ်လတ်ဆဲ ယောက်ျားတစ်ယောက်အတွက် မိန်းမတစ်ယောက်ယောက် ရဲ့ ရင်ခွင်ဟာ ဘယ်လောက်အရေးပါသတဲ့လဲ မိလွင်ရယ် … ကိုယ်နဲ့ ၁၅ နှစ် ကျော်ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ၊ နောက်ကိုယ့်ရင်က သားသမီးတွေရဲ့ အပြုံးတွေ၊ အသည်းနှလုံး တွေ ၊ ယုံကြည်မှုတွေကို စတေးရလောက်အောင် အရေးပါသတဲ့လား …. သည်မေးခွန်းတွေ စွဲချက်တွေကြားမှာ ငါပြိုလဲခဲ့ရတယ် မိလွင် … ရန်ကုန်အပြောင်းမှာ နင်တို့ကို နှုတ်ဆက်မသွားနိုင်လောက်အောင် ငါရှက်လည်း ရှက်ခဲ့ရတယ် …
ငါဘာဆက်လုပ်ရမလဲ … ကျောင်းဆက်တက်ရမလား … ဟိုကိုလိုက်သွားရမလား … အမေနဲ့ ညီမလေးကို ဘယ်လိုထားခဲ့ရမလဲ .. အဖေကရောငါတို့ကို ဆက်ထောက်ပံ့ဦးမလား … ငါ့အတွက် အရာရာက မရေမရာနဲ့ အဖြေမယ့်နေတယ် … ။



ငါ့အောင်စာရင်းထွက်တော့ ဂုဏ်ထူးသုံးဘာသာပါတယ်လေ ( ကြွားတာမဟုတ်ဘူးနော် မိလွင်) နောက်တစ်နေ့ အစောကြီးအမေအပြင်သွားတယ် ….. ညနေလောက်ကျမှ ပြန်ရောက်လာပြီးငါ့ကို စကားပြောတယ် … အဖေနဲ့ စကားပြောခဲ့ရတယ်ဆိုတဲ့အကြောင်းရယ် … နောက် ငါအရင်အစီအစဉ်အတိုင်း ဟိုမှာကျောင်းတက်ဖို့ဆိုတာရယ် …. နောက် အဖေက သူတို့သားအမိကို ဆက်ပြီးထောက်ပံ့မယ် ဆိုတဲ့ အကြောင်းရယ် … ။ အဲသည်ညက အမေမငိုပေမယ့် ကြေကွဲနေတဲ့ အမေ့မျက်လုံးတွေကို ငါမြင်နေရတယ် မိလွင် … ။ သား .. သမီးတွေ အတွက် ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်ကို မာနမတင်းနိုင်ရှာတဲ့ မိန်းမတစ်ယောက်ရဲ့ ကျဆုံးခန်းကို ငါဘယ်လိုကြည့်ရက်ပါ့မလဲ .. ဒါပေမယ့် အမေက ငါ့ကို ငြင်းဆိုခွင့်တောင် မပေးခဲ့ဘူး …. ရန်ကုန်မှာ ငါ သင်တန်းတွေကို တစ်ခုပြီးတစ်ခု စက်ရုပ်တစ်ကောင်လို လိုက်တတ်ခဲ့ရတယ် … ငါအတွက်ပျော်စရာဆိုတာ ခိုင်လေးဆီကို စာရေး စာပြန်ရတဲ့ အချိန်လေးတွေပဲ … ခိုင်လေးငါ့ကို အားပေးရှာတယ် ငါ့အဖေကိုမုန်းမသွားဖို့အကြောင်းလည်း ပြောရှာတယ် ( နောက်မှ နင်တို့ပြောလို့ သိရတာ ခိုင်လေးအဖေကလည်း မိန်းမဖက်မှာနာမည်ကြီးပဲဆို … ငါတကယ် စိတ်မကောင်းဖြစ်ရတယ်ဟာ …) … ရရာ အခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တဲ့….. ။ ငါအဲသည်စာ တွေကို ခုထက်ထိ သိမ်ထားတုန်း …. သိလား ။ စိတ်ကျရင် ပြန်ထုတ်ဖတ်မိတယ် ... ။

ငါကျောင်းရလို့ ဟိုသွားရမှာ သေချာတော့ အမေက ငါ့ကိုဆုံးမတယ် .. လောကမှာ အရာရာကို အချိန်အနေ အချိန်အခါပေးတုန်းမှာယူရတယ် တဲ့ နောက် လူတိုင်းနဲ့ သင့်တင့်မျှတအောင်နေတတ်ရတယ်ဆို တဲ့အကြောင်းတွေပါ … အမေက လိုရင်းကိုတိုက်ရိုက်တော့ မပြောနိုင်ရှာပါဘူး … ငါနဲအတူ စာအိတ်တစ်လုံးထည့် ပေးလိုက်တယ် …. ကွာရှင်းပြတ်စဲစာချုပ်ပေါ့ … ငါ့ကိုလိုက်ပို့တဲ့နေ့မှာ မတွေ့တာကြာတဲ့အမေ့အပြုံးကို ငါပြန်မြင်ခွင့်ရတယ် … လွန်ခဲ့တဲ့ လေးနှစ်က သည်နေရာကို သတိရလို့လား …ဒါမှ မဟုတ် အသစ်တဖန်မျှော်လင့်ခြင်းတွေကို အမေတွေ့လို့လား … ငါမမေးရက်ခဲ့ဘူး မိလွင် …. ။ အဲသည်နေ့က လေဆိပ်က ဖုန်းနဲ့ငါ ခိုင်လေးဆီဖုန်းဆက်တယ် …. သူကအဆောင်မှာဆိုတော့ ရှောရှောရှူရှူ ရတာကိုပဲ ကျေးဇူးတင်ရမယ်… ခိုင်လေးရဲ့ အားပေးစကားကိုနားထောင်ရင်း ငါမျက်ရည်ကျခဲ့တယ် … အဲသည် အချိန်တုန်းက လောကကြီးကို စိတ်ကူးမယဉ်တတ်တော့တဲ့ လူတစ်ယောက်အတွက်တော့ ငါတို့နှစ်ယောက်ရဲ့ ဝေးကွားမှု ပထမဆုံး သတိထားမိခဲ့လို့ပါပဲ ….။


နိုင်ငံခြားကို ပညာသင်လာကြတဲ့ လူငယ်တွေမှာ ရည်ရွယ်ချက်အမျိုးမျိုး … ရပ်တည်မှုအမျိုးမျိုး … အခြေအနေအမျိုးမျိုး ရှိကြတယ် … ငါကတော့ ကံကောင်းတဲ့ အထဲမှာပါပါတယ်ဟာ … နေစရာအဆင်သင့် .. နောက် စားရေးသောက်ရေးလည်းအဆင်သင့် … ဒါပေမယ့် ငါမပျော်ဘူးမိလွင် …. အရင်ကထက် အသားပိုဖြူပြီး ဝလာတဲ့ ငါ့အဖေကိုလည်း ငါမခင်တော့ဘူး … သူ့မိန်းမ (သည်လိုပဲခေါ်မရစေတော့ ဟာ) ကိုလည်း ငါမုန်းတယ် … ငါ့အပေါ်မှာတော့ ပျက်ကွက်ခဲ့တဲ့ ဝတ္တရားကိုချေတဲ့ အနေနဲ့ပဲဖြစ်ဖြစ် အဖေကကောင်းပါတယ် … သူမိန်းမကလည်း မဆိုးပါဘူး …. ဒါပေမယ့် ပတ်ဝန်းကျင်အသစ်မှာ လူအမျိုးမျိုးနဲ့ ကျင်လည်ရတာကိုတော့ ငါစိတ်အညစ်ဆုံးပဲမိလွင် …. နောက်အပေါင်းအသင်းလုပ်ရတဲ့သူတွေ … လောကမှာ လူတွေအကြောင်းနားလည်လေလေ …လောကကြီးကို စိတ်ကုန်လေပဲ .. ။ လူတွေကို နှိမ်ပြီးပြောတတ် ဆက်ဆံတတ်တဲ့လူတွေ .. စိတ်ရင်းနဲ့ပေါင်းလို့ မရတဲ့သူတွေ .. နောက် လူကိုတွေ့ရင် ကြောဖို့ ကြံတဲ့သူတွေ နဲ့ သည်လိုလူတွေကြားမှာ ငါဘယ်လိုမှ မပျော်နိုင်ဘူးမိလွင် … နောက် ကျောင်းစာတွေကလည်း ငါ့အတွက်ခက်တယ် .. ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှု နဲ့စာရင်တော့ မပြောပလောက်ပါဘူး … ငါအစတော့ ခိုင်လေးနဲ့ ဖုန်းဆက်ဖြစ် .. စာရေးဖြစ်သေးတယ် …. ၊ ခိုင်လေးက ပိုလို့လှလာတယ်တဲ့ ငါ့သူငယ်ချင်း ဆေးကျောင်းသားတစ်ယောက်ကပြောတယ် .. နောက်တော့ ခိုင်လေးလဲစာများတော့  သိပ်တောင် စာမရေးဖြစ်ပါဘူး .. နောက်ပိုင်းတော့ ခိုင်လေးက သူ့ကိုလိုက်နေတဲ့ ကောင်လေးတွေအကြောင်း ရေးလာတယ် … ငါသိနေပါပြီ သူစိတ်ပါနေပြီလို့ … သည်မှာ နင်တို့ငါ့ကိုပြောမယ် နင်ဘာလို့ခိုင်လေးကို ချစ်တယ်လို့မပြောတာလဲလို့ … ။ သည်လိုအပြစ်တင်ရင် ငါ့မှာရှင်းပြဖို့ အဖြေသေချာတော့မရှိဘူးဟာ … ငါရင်ထဲကတော့ သိနေတယ် .. ပြောရရင် ငါက ကိုယ်မြတ်နိုးတဲ့သူ့ဆီ တောင်းမှရတဲ့ဟာကို မလိုချင်လို့ပဲ .. ငါဘယ်လောက်ရူးလိုက်သလဲနော် ….သူရှိတဲ့ဆီမှာပဲ စိတ်ရောက်နေတဲ့ငါဟာ သူ့ကိုချစ်တယ်လို့တော့ မပြောခဲ့ဘူးတဲ့ … ဒါပေမယ့် ငါယုံပါတယ် ငါ့အချစ်ကို ခိုင်လေးသိပါတယ် … တစ်စုံတစ်ခုထိလည်း သူတန်ဖိုးထားမှာပါ … ( တွေ့လား ငါကသည်လို) .. ဒါပေမယ့် သူကလက်တွေ့ကျပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးလေ ….. ။



ငါသိပ်ကို တိတ်တဆိတ်ပေါက်ကွဲခဲ့ရတဲ့ … အဖေ့မိန်းမ က သမီးလေးတစ်ယောက်မွေးတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခိုင်လေးက လူတစ်ယောက်ကို ချစ်သူအဖြစ်လက်ခံလိုက်ပြီဆိုတဲ့ စာကိုငါရတယ် မိလွင် … အဲသည်ညက အားလုံးမှောင်မိုက်ပြီး …. ငါပြိုကွဲခဲ့တယ် …။ ဒါပေမယ့် တစ်ဖန်ပြန်လည်ရှင်သန်ဖို့ သေဆုံးသွားခြင်းမျိုးပါ ….. ။



ငါနေတဲ့ အိမ်ကနေ ကျောင်းကိုသွားဖို့ ၁ နာရီသာသာလောက်ကြာတယ် .. သည်တော့ နံနက်စောစော အတန်းတွေရှိရင် မိုးမလင်းခင် ၆နာရီလောက်က အိပ်ယာထရတယ် … ကျောင်းသွားဖို့ရထားစီးရင် ပတ်ဝန်းကျင်က မလင်းသေးဘူး ၄မှတ်တိုင်လောက် စီးပြီးရင် ရထားကမြေအောက်ကို ဝင်ပြီ …. ၊ ဝေလီဝေလင်းကနေ လုံးဝကိုအမှောင်တိုက်ကို ဝင်ပြီပေါ့ … ဒါပေမယ့်နောက်ထပ် ၁၅ မိနစ်လောက်စီးပြီးရင် ရထား မြေအပေါ်ကိုပြန်ထွက်ပြီ … အဲသည်အချိန် ဥမင်ပေါက်ကို ရောက်တဲ့အခါ ပြည့်စုံတဲ့ နေ့သစ်အစကို ငါတွေ့ရပြီ …အဲသည်ခံစားချက်ကို ငါသိပ်ကြိုက်တယ် မိလွင် …. ။ လူဆိုတာ အမှောင်ကို ငြင်းဆန်လေ့ရှိပြီး အလင်းကိုတော့ ကြိုဆိုကြတယ်မဟုတ်လား ။ အမှောင်ရဲ့ ကျဉ်းကျပ်ပိတ်လှောင်မှုနဲ့နေသားကျရာက အလင်းရဲ့လွပ်လပ်လွင့်မျောမှုအသစ်ကို ထိတွေ့ခွင့်ရရင် ကျေနပ်ကြမြဲမဟုတ်လား … ။


ခုတော့ငါ့မှာ ရည်မှန်းချက်ရှိလာပြီ မိလွင် … ငါ့အမေနဲ့ငါ့ညီမလေးအတွက်ပဲ … သူတို့ကို ငါတစ်ယောက်ထဲအားနဲ့ ထောက်ပံ့ရပ်တည်နိုင်အောင် ငါကြိုးစားရမှာပေါ့ .. အဖေ့မှာလည်း သူ့နောက်သားသမီးတွေ အတွက် ကြိုးစားရဦးမှာပဲ … ငါအဖေ့ကို မမုန်းတော့ပါဘူးဟာ …. ဖြေပြီးပဲတွေးလိုက်တော့တယ် …. တနေ့မှာ ငါ့ညီမလေး ပညာရေး ငါ့အမေကျန်းမားရေးအတွက် ငါတို့ဖာသာရပ်တည် နိုင်အောင် အဖေငါ့ကို ပညာတွေသင်ပေးနေတယ်မဟုတ်လား … ၊ တစ်နေ့မှာ ငါ့ရည်မှန်းချက်တွေ အောင်မြင်ရမှာပေါ့ ….


အမှောင်ရဲ့ အလွန်မှာ အလင်းတော့ ရှိစမြဲပါ မိလွင်ရယ် …. ။။



အောင်ဖြိုး
(6:43 am , 22 December , 2009 )

30 September 2009

NP-MM Cultural Show 2009

(Click the picture for more details)

NP-MM Cultural Show 2009

Date - 21st November, 2009 (Saturday)
Time - 1pm to 7 pm
Location - Victoria Theater


(Location Map for Victoria Theater )

လက်မှတ်များကို-
အာကာ-၈၃၈၈၂၇၃၆
ချမ်းငြိမ်းစိုး-၈၁၆၃၈၉၄၂ တို့တွင်မှာကြားဝယ်ယူနိုင်သည့်အပြင်
main sponsor ဖြင့်ကူညီပံ့ပိုးပေးသော
-ဧရာဝတီ Restaurant -Royal-Myanmar Tea Mix တို့နှင့်
co-sponsor များဖြစ်ကြသော
-သပြေနု
-Sin-Myanmar
-Lighting moon pt,ltd.
-သီရီဆံပင်အလှပြုပြင်ရေးခန်းမ
ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။