28 December 2007

မြင်းမိုရ်တောင်ခြေ


သည်နေ့ နံနက်က Community Project တစ်ခုအတွက် စောစောထရတယ် ။ တရုတ် ဘုံကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ ဘိုးဘွားရိပ်သာတွေ ၊ မိဘမဲ့ကလေးကျောင်းတွေက ဘိုးဘွားတွေ ၊ ကလေးတွေကို နေ့လည်စာ တည်ခင်းကျွေးမွေးတဲ့ ပွဲမှာ Student Helper လုပ်ရတာပါ။ အဘိုးအဘွားတွေ ၊ ကလေးငယ်တွေနဲ့ သက်ဆိုင်ရာ ၀န်ထမ်းတွေလာကြ တယ်။ အချို့က သန်သန်မာမာတွေဆိုပေမယ့် အချို့ဘိုးဘွားတွေကတော့ Wheel Chair နဲ့သွားကြရပါတယ် ။ သူတို့ကိုကြည့်ရတာ စိတ်ကျစရာကောင်းပုံပေါ်ပေမယ့် သူတို့တစ်တွေက မိတ်ဆွေတွေနှင့် ပြန်တွေ့ကြရလို့ ပျော်နေကြပုံပါပဲ ။ အချို့စိတ်သိပ်မှန်ပုံ မရရှာတဲ့သူတွေများကတော့ တီလုံးအလိုက်နဲ့ ကများတောင်ကနေကြရဲ့ ။ ကျွေးတဲ့ အစားအသောက်တွေ ကလည်းကောင်းပါရဲ့ ။ သူတို့တစ်တွေ ပျော်ပျော်ပါးပါးကြီး စားကျတာကို ကြည့်ရင်တော် ၀အီလောက်ပါရဲ့ ။
++++++

ကျွန်တော်သိရ သလောက်တော့ Singapore မှာ ဘိုးဘွားရိပ်သာတွေ တော်တော်များပါတယ် ။ ဘိုးဘွားရိပ်သာ ၀မ်ထန်းတွေမှာလည်း မြန်မာတွေတော်တော် ပေါပုံပါဘဲ ။ နံနက်ကတွေ့ရတဲ့ ၀န်ထမ်းတွေထဲမှာ (၅) ယောက် ၊ (၆)ယောက် က မြန်မာတွေ။ လူအိုတွေကို ပြုစုရတာ ကုသိုလ်ရပေမယ့် အတော်ကြီးကို စိတ်ရှည်ရတာဗျလို့ လည်းညည်းရှာတယ် ။ သာဓုလည်းခေါ်မိပါရဲ့ ။ သူတို့တွေမှာ စားရေးသောက်ရေးမှ အစ ၊ နောက်ဖေးသွားတဲ့ ကိစ္စအထိ အကုန်အောက်ခြေသိမ်း လုပ်ပေးကြရတာ မဟုတ်လား။ ဘာပဲပြောပြော လူကြီးသူမကို တာဝန် ၊ ငွေကြေးအရ ပြုစုကျွေးမွေးရတယ် ဆိုပေမယ့် ကုသိုလ်လည်းရတယ် မဟုတ်လား ။

ဘိုးဘွားရိပ်သာမှာ နေကြတယ်ဆိုတဲ့ သုတွေဟာ အများအားဖြင့် ဆွေမဲ့မျိုးမဲ့တွေလို့ ထင်ရပေမယ့် သား ၊ သမီးရှိလျက် နဲ့ အပို့ခံရသူတွေလည်း တော်တော်များတယ်လို့ သိရတယ် ။ သောကြာနေ့ ညနေတိုင်း တစ်ပတ်တစ်ခါသာလာတွေ့နိုင်တဲ့ အလုပ်များလှတဲ့ သား ၊ သမီး ၊ မြေး တွေကိုဧည့် သည်ခန်းမှာစောင့်နေကြရှာတဲ့ မိအို ၊ ဖအိုတွေလည်း အများကြီးပဲတဲ့ ။ သားသမီးတွေ ပေးတဲ့ ပစ္စည်းတွေ ၊ မုန့်တွေကို အချင်းချင်းရော ၊ သူတို့တစ်တွေကို ရောတပြပြနဲ့ ပြပြီးကြွားရှာတယ် လို့ကျွန်တော်နဲ့ စကားလက်စုံကြခဲ့ တဲ့ ၀န်ထမ်းတစ်ယောက်က ပြောသွားရှာတယ်။

သည်အကြောင်းကို ကြားရတော့ ကျွန်တော် တော်တော်လေးစိတ်မကောင်း ဖြစ်သွားမိတယ်။ ကျွန်တော်တို့ ရဲ့ ခေတ်ပြိုင် လူလတ်ပိုင်းတွေဟာ ပညာရှာရ စီးပွားရှာရ နဲ့ ဘ၀အမောတွေ များလှပါတယ် ။ တစ်နေကုန် အိမ်မကပ်နိုင်ကြတော့ မိအို ၊ ဖအိုတွေကို အနားမှာနေပြီး အဖော်ပြု မပေးနိုင်ကျတော့ ပါဘူး ။ သည်တော့ မိဘတွေကို စကားပြောဖော်လည်းရ ၊ အပျင်လည်းပြေ ၊ သူတို့ကိုယ်တိုင်လည်း တာဝန်ပေါ့တယ်ဆိုတဲ့ သဘောနဲ့ ပို့ကျတာပါလို့ ပြောပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ ။

အချို့တွေ ကျတော့လည်း သန်သေး ၊ မြန်သေး ၊ လုပ်နိုင်သေးတဲ့ မိဘ တွေကို ကလေးထိန်းသဘောနဲ့ ကျွေးမွေးထားကြ ပါသေးတယ် ။ အရင်တုန်းက ကျွန်တော် Mini-market တစ်ခုမှာ Part-time ၀င်လုပ်တုန်းက ကလေးတစ်ဖက်နဲ့ ဈေးလာဝယ် ကြရတဲ့ အဘွားအိုတွေကို တွေ့ရတတ်တယ် ။ မြေးလေးတွေက ဟိုဟာစားချင်တယ် ၊ သည်ဟာစားချင်တယ်လို့ ပူဆာကြတော့ မင်းတို့စားလို့ တစ်ခုခုဖြစ်ရင် မင်းတို့ အဖေ အမေတွေက ငါ့ကိုဆူလိမ့်မယ် လို့ဆိုပြီး Scold တို့ Shout တို့ စတဲ့စကားလုံးတွေသုံး ပြီး ချော့မော့နှစ်သိမ့်ရှာတယ် ။ သြော် သား ၊ သမီးတွေ အလိုမကျဖြစ်ရမှာ ကိုကြောက်ရရှာ သတဲ့လား ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအရ ငယ်ငယ်တုန်းကကြားဖူး ၊ ရွတ်ဆိုဖူးတဲ့ " မြင်းမိုရ်တော်ဦး မကကျူးသည့် ကျေးဇူးသခင် မွေးမိ ၊ ဖခင် " ဆိုတဲ့ စာသားလေးကို ပြန်ပြီးသတိရကြ စမ်းပါ။ သည်စကားကို လူတိုင်းကြားဖူးတယ်ဆိုပေမယ့် လူဘယ်လောက်ရဲ့ အသည်းထဲမှာ စွဲထင်နေသလဲ ။ အသည်းမှာစွဲ ထင်နေသည့်တိုင် အကောင်အထည်ဖော်ဖို့ ဘယ်လောက်ကြိုးစားပြီးကြပြီလည်း ၊ ဘယ်လောက်ရော အောင်မြင်ပါသလဲ ။ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်တော်တော်များများ မှာတော့ မြင်းမိုရ်တောင်ရဲ့ ခြေရင်းမှာ မိအို ဖအိုတွေ ကစင့်ကလျားစွင့် ပစ်ခံနေကြ ရတာကိုပဲ မြင်နေရသည် ။ ။
++++++

ကျွန်တော်တို့ နိုင်ငံမှာရော .... ။

မြန်မာအို ကျောင်းကြိုကျောင်းကြား ဆိုတဲ့ စကားနဲ့ အညီ ၊ မြန်မာကျောင်းကန်တွေရဲ့ အနီးမှာတောင်းရမ်းစားသောက် နေကြရတဲ့ သူတွေဟာ အားလုံး ဆွေမဲ့၊ မျိုးမဲ့တွေ မဟုတ်ကြပါ ။ သား ၊ သမီးမြေးတွေရဲ့ စားဝတ်နေရေး အကြပ်အတည်းကို တစ်ဖက်တစ်လမ်းတောင်းရမ်းရင်း ဖြည့်ဆည်းပေးနေရှာတဲ့ ဘိုးဘွားတွေ ဘယ်လောက်များနေပြီလည်း ။ သား ၊ သမီး အိမ်မှာ သူဌေးအမေ နာမည်ခံယူပြီး မြေးတွေထိမ်းရင်း အိမ်ဖော်အကြီးစားဘ၀နဲ့ ချွေးမ မျက်နှာ ၊ သားမက်မျက်နှာ ကြည့်နေရ ရှာသူ ဘယ်လောက်ရှိနေပြီလည်း ။ ကျွန်တော်တို့ မြင်တတ်လျင် အထင်အရှား သိနိုင်ပါသည် ။

လူငယ်တွေ အနေနှင့်လည်း မိဘကျေးဇူး ဆပ်ရမည်ဆိုတဲ့ ယေဘူယျ အမြင်တော့ရှိကြ ပါလိမ့်မည်။ သို့သော် ထိုအသိကို အကောင်အထည်ဖော်ရန် ခက်လှပေမည် ။

လူငယ်တစ်ယောက် အနေဖြင့် ဘ၀တိုက်ပွဲ ၀င်ရန် ၊ ရုန်ကန်ကြိုး စားရန် တစ်နေ့နေ့ မှာ မိဘရင်ငွေ့အောက်က ခွာခဲ့ကြရသည် ။ အေးမြတဲ့ မိဘရဲ့ အိမ်လေးမှ ဝေရာကိုလွင့် ခဲ့ကြရသည်။ မိသားစု ဘ၀ရဲ့ ကြမ်းကြုပ်မှုမပါတဲ့ နှောင်ကြိုးတွေကို အလွတ်ရုန်းကာ ခက်ခဲကြမ်းတမ်းတဲ့ ပြင်ပလောကထဲကို ရည်ရွယ်ချက် အမျိုးမျိုးနှင့်တိုးဝင်ခဲ့ ကြရသည်။ တစ်ခါတစ်ရံမှာ မိဘအိမ်လေးကို သတိရ ၊ မိဘကျေးဇူးဆပ် ရမည်ဆိုတဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေ ရှိပေမည့် အတ္တ ၊ မောဟ တွေလွမ်းတဲ့ ဘ၀ခရီးကြမ်းမှာ မိဘတွေအတွက် အချိန်ပေးဖို့မေ့လျော့ နေတတ်ကြသည် ။ ငွေကြေး အဆင်ပြေ၍ မိအို ၊ ဖအိုတွေကို ခေါ်ပြီး ကျွေးမွေးထားနိုင်ဦးတော့ အထီးကျန်ရှာသူများအတွက် အချိန်ဘယ်မျှပေး နိုင်သလဲ ၊ ပေးရောပေးနိုင်ကြ ရဲ့လားဆိုတာ မသေချာ ။ မိသားစု မနှောင်အဖွဲမှ ရုန်းပြေးနေကြသည့် သားသမီးတွေဆီ တစ်ခါက မိမိတို့ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာမျိုး ရလိုရညား ကျေးကျွန်တွေလို အပြေးလိုက်နေကြရသည့် မိဘတွေရဲ့ အမောတွေကို စာနာနိုင်လောက်အောင် ကျွန်တော်တို့ နှလုံးသားတွေ နူးညံ့ပါသေးရဲ့လား ။ သေချာတာကတော့ အတော်များများရဲ့ အသည်းနှလုံးတွေဟာ အတ္တ ၊ မောဟ ၊ ရမ္မက် ၊ အရှုံတွေ ၊ အမုန်းတွေနဲ့ အညစ်အကြေးတွေ အထပ်ထပ်ဖုံး နေခဲ့ပြီ ။
++++++

တစ်ကယ့် တစ်ကယ်တော့ မိဘမေတ္တာနှင့် ပတ်သက်လျှင် ကမ္ဘာလောကကြီး ကိုယ်တိုင်ကပင် ပျက်ကွက်သူ သား ၊ သမီးများနှင့် ဖွဲစည်းထားသည့် အဖွဲအစည်းကြီးပင်ဖြစ်နေသည် ။ အလို ..... ဤသည်ပင်လျင် လောကရဲ့ Universal Truth ( ပရမတ္တသစ္စာ) ဖြစ်နေပါသကော ။ ။

24 December 2007

အချစ်နှင့် တွေ့ဆုံခြင်း

အခု အချိန်မှာ အချစ်ဆိုတာကို တသိမ့်သိမ့် ခံစားဖို့ မျက်စိမှိုတ်ထားရင် လောကကြီးနဲ့ အဆက်ပြတ်နိုင်လောက်တဲ့ ပတ်ဝန်းကျင် အခြေအနေ တစ်ခုလိုပါသည်။ နောက် အတိတ်ကိုပြန်တွေးရင် ခံစားပျော်ဝင် နိုင်လောက်တဲ့ စိတ်အခြေမနေရောပေါ့ ။ ပြီးတော့ ရွှန်းလဲ့တဲ့ မျက်လုံးတစ်စုံ ၊ နှုတ်ခမ်းနှစ်လွှာကြားက သွားတတ်စွယ်လေး ၊ ဒါမှမဟုတ် မင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်တွေးမိဖို့တော့ လိုပါသည်။

ဒါမှမဟုတ်ရင်တော့ ဘယ်သူမှမရှိတဲ့ တိတ်ဆိတ်တဲ့ အခန်းလေးတစ်ခန်း ထဲမှာ အချစ်သီချင်းသန့်သန့်လေး တစ်ပုဒ် တိုးတိုးလေးဖြစ်ဖြစ် ပျံ့လွင့်နေဖို့ လိုပါလိမ့်မယ် ။

ခုတလောမှာ အချစ်ရဲ့ အရသာကို ကျွန်တော်တော်တော်လေး လွမ်းဆွတ်နေရပါသည် ။

+++++++


အချစ်သီချင်း တစ်ပုဒ်လောက် ကြားပါရစေ ။ တစ်ယောက်ယောက်ရဲ့ အချစ်အကြောင်းဖွဲ သီမှုကို ခံစားပါရစေ ။ ရှေးခေတ်ဦး မေရှင်ရဲ့ သီချင်းပဲဖြစ်ဖြစ် ၊ နောက်ဆုံးပေါ် ဖြူဖြူကျော်သိန်းရဲ့ သီချင်းပဲဖြစ်ဖြစ် ၊ ကြားရပါစေ အလွမ်းသံ မပါဖို့တော့ အရေးကြီးတယ် ။ သံစဉ်ရော စာသားပါ ရိုးပါစေ ၊ အချစ်သီချင်း သန့်သန်းလေး တစ်ပုဒ်ပဲ ဖြစ်ရမယ် ။

" ခင်မင်သူလေး ချစ်ရေးတွေး မိပြန်တာ ၊ ခင်နှမ သက်လျာ

သနား ကြင်နာ ၊ စောင့်စားသူမောင့်ကို ကြည်ဖြူစေချင်တာ"

ဆိုတဲ့ A1 ဦးတင်မောင်ရဲ့ ရှေးသီချင်းပဲ ဖြစ်ဖြစ် .... ၊

"တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ၊ ရွှေဘုံပေါ်မှာ စံရ

ချစ်တာချစ်တာ ပဓာနလို့ ၊ ဆိုချင်တယ် မေရယ် "

ဆိုတဲ့ သီချင်းကို " မယ်သီတာလို မိန်းကလေး " ရုပ်ရှင်ထဲက ရန်အောင် ဆိုသလို တစ်ယောက်ယောက် ပြန်ဆိုပေးကြ ပါလား ။

အဲလိုဆို ကျွန်တော်ကတော့ -

" ငွေရောင် ပင်လယ်ဝယ် ၊ စိတ်ကူးလေးရွက် လွင့်မယ်

ပန်းလှေ ပေါ်မှာကွယ် ၊ တို့ အချစ်အိမ်လေးတည်မယ် " လို့ အသံထွက် ညည်းမိမှာပဲ ။

အမေ့ ရှေ့ မှာညည်းမိလို့ အမေကြားရင် ကျွန်တော့်ကို စူးစမ်းသလို ကြည့်လိမ့်မယ် ။ အဲသည်အခါကျရင် မြန်မာပြည်သိန်းတန်ရဲ့ -

" ပန်းပွင့်တွေ ၀တ်ရည် ချိုသင်းမွှေးရင် ပျားပိတုန်းတွေ နားခိုတာ မဆန်းကြယ် ၊

ချစ်ရည်းစား ထားချင်တယ်

ချစ်ရည်းစား ထားချင်တယ် " လို့ ခပ်ကျယ်ကျယ်လေး အော်ဆိုပြီး မျက်စိမှိုတ်ပြ လိုက်မှာပေါ့ ။

ပြီးရင် အရင်က သိပ်မဖတ်ဖြစ်တဲ့ အချစ်ဝတ္တု သန့်သန့်လေးတွေကို ရွေးဖတ်ရမယ် ။ အရင်တုန်းက "တို့က ဂန္တ၀င် ၀တ္တုတွေကိုပဲဖတ်တာ" ပြောခဲ့ဖူးတာကို မျက်နှာပူပေမယ့် ခုတော့ ဂန္တ၀င်စာအုပ်တွေကို ခဏ ချောင်ထိုးထားရဦးမယ် ။ ပထမဆုံး " ကောင်းသန့် " ရဲ့ " တို့နှစ်ယောက် " ကိုဖတ်မယ်။ မောင်ဝဏ္ဏ ရဲ့ "ချစ်တဲ့သူငယ်လေး " ကိုဖတ်မယ် ။ မိုးမိုး (အင်းလျား) ရဲ့ " အချစ်ဆိုသော အရာကို" ဖတ်မယ်။ မစန္ဒာရဲ့ " စိမ်းရွက်သစ် တဝေေ၀ကို " ဖတ်မယ် ။ ပြီးရင်တော့ ငွေတာရီ ရဲ့ " လှည်းယှဉ်ကလေး စီးကာလယ် " ကဗျာရယ် ၊ ကြည်အေးရဲ့ " မြစ်လယ်မှာ ချစ်လှယ်ကြတုန်းက " ကဗျာကို စိတ်ထဲကရွတ် ကြည့်ရမယ် ။ ရင်ထဲမှာ အချစ်တွေ သက်ဝင်လှုပ်ရှားလာတာ သေချာပြီ ဆိုရင်တော့ ချိုပြုံး ရဲ့ " ပန်းပိတောက်တို့ ကြွေရာမြေ " ကို မျှော်လင့်ချက်အပြည့် နဲ့ အော်ဆိုမိလိမ့်မယ် ။

အဲသည်လို အချိန်မှာ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်ရင် ကျွန်တော့်မျက်လုံးအိမ်ထဲမှာ မင်းကိုမြင်နေရတယ် ။ အဲသည်အခါမျိုးကျရင် သစ္စာတွေ ၊ ယုံကြည်မှုတွေ ၊ မြတ်နိုးတန်ဖိုးထားမှုတွေ ဟာ အဓိပ္ပာရှိနေပြန်ရော ။ အဲသည်တော့ -

အဝေးက ရည်းစားနဲ့ တစ်နေကုန်နီးပါး Chatting ထိုင်တတ်တဲ့ သူငယ်ချင်းကို ပိုရန်ကော ဆိုပြီး အပြစ်ပြောခဲ့မိတာကို အားနာမိလိမ့်မယ် ။

ချစ်သူဆီက ဖုန်းကိုမျှော်ရင်း မျက်ရည်ကျရတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ သရုပ်ဆောင်ချက် ပီပြင်မှုကို ချီးကျူးမိလိမ့်မယ် ။

ကျောင်းကစာသင်ချိန်ပြီးတိုင်း ရည်းစားနဲ့တွေ့ဖို့ စိတ်လောနေတဲ့ ကောင်လေးကိုလည်း ကိုယ်ချင်းစာတတ်လိမ့်မယ်။

ကြည့်ပါဦးကွယ် ။ အချစ်တွေ ၊ သိပ်လှ သိပ်မြတ်နိုးဖို့ကောင်းတဲ့ အချစ်တွေ ။ ဘယ်လောင်အေးမြ လိုက်သလဲ ။ ဘယ်လောက်များ လွမ်းဖို့ကောင်းလိုက်သလဲ ။ ။

+++++++

ချစ်သူကို လွမ်းတဲ့အခါ တစ်ချိန်ကမုန်းခဲ့ မိတဲ့ ကျောင်းသင်ခန်းစာတွေကို သတိရလာတယ်။ တစ်ခါတစ်ရံမှ ပေါ်လာတတ်တဲ့ ကျွန်တော့် Hand phone Screen ပေါ်က Unknown Call ဆိုတဲ့ စာလုံးလေးတွေကို တမ်းတမိတယ် ။ မပေါ်စီး နဲ့ ခပ်မာမာ ဆရာလုပ်တတ်တဲ့ မင်းရဲ့ ပုံစံကို လွမ်းလာမိတယ် ။ အဲဒီအခါကျရင် ဖန်တရာတေအောင် ကြားခဲ့ဖူးတဲ့ -

" ချစ်သူအနားမှာ ရှိစေချင်တယ် ။ မင်းမရှိတဲ့ ကမ္ဘာမှ ကိုယ်အသက်မရှင်ချင်ဘူး " ဆိုတဲ့ အတိသယ၀ုတ္တိ ဆန်တဲ့ စာသားလေးကတောင် ကျွန်တော့်ရင်ထဲက ခံစားရတာကို မမှီနိုင်ဘူးလို့ ထင်မိပြန်ရော ။ူဒါပေမယ့် အဲသည်နောက်မှာတော့ ပူလောင်တဲ့ သောကအချစ် ဆီ ဦးမတည်မိအောင် ကျွန်တော်သတိထား လိုက်ရပါတယ် ။ ဆက်မတွေးနဲတော့ ၊ သီချင်းတွေလည်း အကုန်ရပ်လိုက်ကြ ပါတော့ .... ။

နောက်တော့ " အချစ်ကို နက်ရှိုင်းစွာသိသူဟာ ဘ၀မှာအသက်ရှင်ဖို့ ထိုက်တန်သွားတယ် " ဆိုတဲ့စကားကို အခါခါရွတ်ရင်း အချစ်ကို ရင်းနှီးပွေ့ဖက် ထွေးပိုက် နှုတ်ဆက်ခွင့်ရတာကိုပဲ ဂုဏ်ယူနေရဦးမှာပေါ့ ။

အဲသည်တော့ကျမှ -

" အမြဲ တသစွဲလမ်းခဲ့တဲ့ တစ်ပွင့်ထဲသော ပန်းသစ္စာ

မြတ်နိုးထိုးစိုက် မောင့်အသည်း၌ ဆင်မြန်းဖို့ ရွယ်လာ " ဆိုတဲ့ သီချင်းကို ရင်ထဲကညည်းမိလိမ့်မည်။

20 December 2007

( ၂ ) တိမ်ရိပ်နှင်းဆီ - မ၀င့်(မြစ်ငယ်)

ဓလေ့ထုံးစံ ယဉ်ကျေးမှုဆိုတာ ခေတ်အဆက်ဆက် ကတည်းကရှိလာတဲ့ လိုက်နာရမည့် ကျင့်ဝတ် ၊ စည်းကမ်းတွေပါ။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ အမှန်တွေပဲလား " ကိုယ်ကောင်းခေါင်း မရွေ့" ဆိုတဲ့ စိတ်နဲ့ရောထိုးဖောက်ခွင့် ရှိရဲ့လား ။ လူဘ၀တစ်ခု ဖြစ်တည်ရာမှာ ပတ်ဝန်းကျင်လူမှု ရေး ၀တ္တရားတွေဟာ ဘယ်လောက်အရေးပါလဲ ။ ကျွန်တော်အတွေးနက်ခဲ့ဖူးတယ် ၊ လူငယ်တစ်ယောက် အနေနဲ့လည်းပေါက်ကွဲ ခံစားဖူးပါတယ် ။ အဲသည်လို ခံစားခဲ့ရတုန်းကဖတ်ဖြစ်ခဲ့တဲ့ ၀တ္တုတစ်ပုဒ်ပါ ။ ခံစားကြည့်ကြပါ ။

တိမ်ရိပ်နှင်းဆီ

သမုဒ္ဒရာတစ်စင်းရဲ့ ကျယ်ပြော နက်ရှိုင်းမှုကို ကျောက်တောင်တန်း ထိပ်ဖျားမှာစိမ့်ထွက် စီးဆင်းနေတဲ့ စမ်းချောင်းငယ်ကအားကျလိမ့်မည် မဟုတ်ချေ။

တစ်ခါတစ်ရံ၌ လောကကြီးထက် လူတစ်ယောက်ရဲ့ နှလုံးသားတစ်ခုက သာလွန်တတ်ပါသည်။

*****

ဘ၀သည် သုညဟုဆိုလျှင် ဤလောကကြီးတွင် ရှင်သန်ခဲ့သော ရှုံ့ပိန်ပိန် ရွဲ့စောင်းစောင်း သုညတစ်လုံးသည် မထင်မရှားပျောက် ကွယ်ခဲ့လေပြီ ။

သူမသေဆုံးကြောင်း ကြေးနန်းစာကို ကျွန်တော်ကိုင်ထားပါသည် ။

သူမသည် ကျန်းမာရေးသာမက စီးပွားရေး ၊ လူမှုရေး အရာအားလုံးအမြဲတမ်း ချည့်နဲ့နေတတ်သူမို့ သူမရဲ့နာရေ သတင်းသည် ထူး၍အံ့သြ စရာမဟုတ်ပါ။

တစ်ခုတော့ရှိပါသည်။ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ချည့်နဲ့ခြင်းများနဲ့ ဆန့်ကျင်ဖက်ဖြစ်စွာ စူးရှခိုင်မာခဲ့သော စိတ်ဓာတ်အင်အားများရှိနေခြင်း ကြောင့် ဤလောကကြီးထဲမှ သူမထွက်ခွာသွားချိန်သည် စောလွန်းနေသလိုခံစားမိသည်။

သူမသည် ပုံပြင်တစ်ပုဒ်နှင့် မတူပါ။ သူမ၏ ခြောက်ကပ်ကပ် လှုပ်ရှားမှု များသည် သီချင်းသံစဉ်မဲ့ စည်းချက်ရိုက်သလို ငြီးငွေ့ဖွယ် ကောင်းလှ၏။

သူမသည် စီးပွားရေးအရ အတော်အတန် အရေးပါသော အထက်မြန်မာပြည် ခရိုင်မြို့ တစ်မြို့တွင်နေထိုင်ပါသည်။ အဲသည်မြို့ရဲ့ ဘာသာရေးအသင်းအဖွဲ့တစ်ခုက ထူထောင်ထားတဲ့ ရှေးဟောင်းပိဋကတ် စာကြည့်တိုက်တွင် သူမကစာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ပါသည် ။

စာကြည့်တိုက်မှူး ဆိုတဲ့ ခံညားလှတဲ့ အခေါ်ပညတ်ကို ပိုင်ဆိုင်သော်လည်း သူမရဲ့ဝင်ငွေက သာမန် စာရေးဝန်ထမ်းတစ်ယောက်ရဲ့ လစာထက်မပိုကြောင်း ကျွန်တော်သိထားပါသည်။

သို့ပေမယ့် သူမရဲ့ အလုပ်ကိုတော့ အတော်လေးမြတ်နိုးပုံ ရပါသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆောက်လုပ်ထားခဲ့တဲ့ စာကြည့်တိုက်ကြီးပေါ်က ဟောင်းမြင်းလှပြီ ဖြစ်သော ပေထုပ်တွေ ၊ စာအုပ်ထူတွေ ၊ ဓာတ်ပုံဖလင်ဟောင်းတွေနဲ့ အိုးခြမ်းပဲ့ ကျောက်ပစ္စည်း အစအနလေးများကြားတွင် တကုပ်ကုပ်လှုပ်ရှားနေတဲ့ သူမကို နေ့စဉ်မြင်တွေ့နိုင်၏ ။ သူမ၏ အလုပ်သည် ပျင်းရိဖွယ်ကောင်းကြောင်း ကျွန်တော်ပြောတော့ ...

'အဟောင်းတွေကြားမှာ နေရတဲ့ ကျွန်မရဲ့ ရင်ခုန်သံနဲ့ အတွေးတွေက သူများတွေထက် ပိုသစ်နေတာ သေချာတယ်ရှင့်။ ဘာလို့လဲဆိုတော့ အဲသည်အဟောင်းတွေက ကျွန်မကိုလူငယ်တစ်ယောက်လို တုန့်ပြန်တတ်လို့ပဲ။ ကျွန်မတော့ပျော်တယ် ' လို့ရယ်မောပြောဆိုဖူးပါသည်။ သူမရဲ့ စကားကသဘာဝကျပါသည်။

ကျွန်တော်သည်ပန်းချီဆရာတစ်ယောက်ဖြစ်သော်လည်း မိန်းကလေးများနှင့် အနေ မစိမ်းလှသောဓာတ်ပုံ ဆရာ အလုပ်ကိုပါလုပ်ကိုင်သူဖြစ်သည်။

သူမ၏မျက်နှာသည် အခြားမိန်းကလေးတွေ ပြင်ဆင်တတ်ကြတဲ့ ရောင်စုံချယ် သခြင်းမျိုး မဟုတ်သော်လည်း ခေတ်မီသောရသတစ်ခုကို နှစ်လိုစွာခံစားရရှိနိုင်ပါသည်။

ပြီးတော့ သူမ၏၀တ်စားဆင်ယင်ပုံက ခေတ်ကိုလိုက်၍ ဖက်ရှင်ထွင်ခြင်း ကင်းပေစွ။ ဤသို့စည်ရိုးတန်းမထားဘဲ လွတ်လပ်ပုံစံကပင် တစ်မျိုးထူးခြားစွာ ဆန်းသစ်နေပါသည်။ သူမရဲ့ အ၀တ်အစားများသည် တန်ဖိုးနည်းသော်လည်း သူမကို လှပစေဖို့တော့ လုံလောက်ပါသည်။

တကယ်ဆိုလျှင် ကျန်းမာရေးမကောင်းသဖြင့် ကိုင်းနွဲ့နွဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်တဲ့ အသက် သုံးဆယ်ကျော် မိန်းမတစ်ယောက်ရဲ့ အလှသည်ဤမျှလတ်ဆတ် နေဖို့မကောင်းပါ။ သို့သော် သူမ လှပါသည်။

သူမရဲ့ အပေါ်ယံ အရည်အသွေးများကိုချီးမွမ်း ပြောဆိုခြင်းက သူမရဲ့ သိက္ခာကို ပေါ့ပါးသွားစေမည်လား မသိပါ။ စင်စစ် ကျွန်တော့်ရင်ထဲတွင် နွေးထွေးစွာ ခံစားပြောဆိုချင်သည်က သူမရဲ့ အတွေးမခေါ်နှင့် စွမးရည်ကို ဖြစ်ပါသည်။

ကျွန်တော်သည် သူမရဲ့ ပိဋကတ် စာကြည့်တိုက်နဲ့ ရှေးဟောင်းသုတေသန အလုပ်တွေကို နားမလည်သော်လည်း လေးစားပါသည်။ ပြီးတော့ သူမသည် ကဗျာ အရေးကောင်း၏ ။ "စမ်းသီရိ" အမည်ဖြင့် ရေးသားခဲ့သော မဂွဇင်း စာမျက်နှာပေါ်က သူမရဲ့ ကဗျာများသည် ကျဲပါးသော်လည်း စာပေသြဇာ ကြီးမားကြောင်းကျွန်တော်တို့ လက်ခံထားကြပါသည်။ ပြီးတော့ သူမသည် ပန်းချီးကားများကိုလည်း ခံစားတတ်၏။ ဟော်လိုဂီတာ တစ်လက်နှင့် "အောင်မြေသာဇံ ပတ်ပျိုး" ကို ကျွမ်းကျင်စွာ တီးခတ်ပြနိုင်၏ ။

သူမတွင် ဆွေမျိုးရင်းချာ မရှိ။ ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေများစွာ မရှိ။ လူစည်ကားသော ပွဲလမ်းသဘင်သို့ သွားလာခြင်း မရှိ။ အနုပညာနှင့် မစပ်သော စကားအပိုများ ပြောဆိုခြင်းမရှိ ။

ဤသို့ သူမရဲ့ ရှိခြင်း၊ မရှိခြင်း ကိုယ်ရည်ကိုယ်သွေးများကို ပေါင်းစပ်ပုံဖော်လိုက်သောအခါ သူမတွင် ဆန့်ကျင်ဘက် (ယောက်ျား) တစ်ယောက်ရဲ့ အရည်အချင်းများစွာ ပေါ်ထွက်လာပါသည်။

ထို့ကြောင့် ထင်ပါရဲ့ ။ ထိုမြို့တွင် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ဖြင့် တစ်ယောက်ထည်းနေထိုင်ပါသည်။ သူမသည်ရိုးသားစွာ ရဲဝံ့ပါသည်။ ပွင့်လင်းစွာယဉ်ကျေးပါသည်။

သူမကဲ့သို့ မိန်းမတစ်ယောက်က ဘ၀ဆက်တိုင်း မိန်းမဖြစ်ချင်ပါကြောင်း ပြောတော့ ကျွန်တော်အံ့သြဖူးသည်။ "ယောက်ျားကောင်းတစ်ယောက် ဖြစ်ဖို့ထက် မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ ပိုခက်တယ်ရှင့်" တဲ့။ မြန်မာပြည်မှာ မိန်းမကောင်းတွေပေါတာ သိပ်ကျက်သရေရှိ သတဲ့။

သူမသည် ဆန့်ကျင်ဘက် အရည်အချင်းများနှင့် ပြည့်နှက်နေသော အာဂမိန်းမ၀ါဒီတစ်ဦး ပင်တည်း ။

*****

အကယ်၍သာ သူမသေဆုံးသွားခဲ့လျှင် ဆိုတဲ့ အတွေးမျိုး ကြိုတင်ပြီး မစဉ်းစားမိခဲ့ခြင်းမှာ မှားလေစွ ။

စဉ်းစားထားခဲ့ပါလျှင် သူမသေဆုံးပြီးသောအခါ ဖြစ်ပေါ်လာမည့် ရှေ့ရေးကို ကြိုတင် စီစဉ်နိုင်ပေလိမ့်မည်။ အနည်းဆုံး သူမနှင့် သွေးမရင်းသော်လည်း ဆေမျိုးနီးစပ်တော်သူများ နာမည်ကိုဖြစ်ဖြစ်ပေါ့ ။ မေးမြန်း စုံစမ်း ထားမိပေလိမ့်မည်။

ခုတော့ ကျွန်တော့်ထံသို့ လှမ်းပြီး အကြောင်းကြားတဲ့ ကြေးနန်းစာကို ဖတ်ပြီး များစွာဝမ်းနည်းဖွယ် ခံစားရပါသည်။

ဒေါ်စမ်းစမ်းနိုင် သေဆုံး

အမြန်လာပါ

ဆိုပြီးကြေးနန်းပို့သူများမှာ ရပ်ကွက်လူကြီးများတဲ့ ။သူမရဲ့ ဘ၀သည် မည်မျှအထီးကျန်လိုက်ပါသနည်း ။ သူမရဲ့ အရေးအကြီးဆုံး အချိန်တွင် မိသားစုမရှိ။ အဖော် မရှိ ။ ရင်းနှီးမိတ်ဆွေ မရှိ ။

ရက်ကွက်လူကြီးများသည် ကျွန်တော်၏လိပ်စာကိုပင် ဘယ်သို့ရှာဖွေ သိရှိခဲ့ကြသည်မသိပေ။ သူမသည် ဘယ်နေ့ကသေဆုံးကြောင်းလည်း တိတိကျကျရေးမထားပေ။ သူမ၏နောက်ဆုံးခရီးကို အချိန်မီရောက်လိုလှပါသည်။ သို့ရာတွင် လုံးဝ မဖြစ်နိုင်သော အခြေအနေတွင် ရှိပါသည်။

သူမတို့ မြို့သို့ သွားမည်ဆိုလျှင် မော်တော်ကားဖြင့် တစ်နေကုန် စီးပြီးမှရောက်နိုင်ပါသည်။ ခက်သည်က ညဘက်တွင်ပြေးဆွဲသည့် ကားကလည်း မရှိ။ သူမထံသို့ အစောဆုံး မနက်ဖြန် ညနေစောင်းမှရောက်နိုင်ပေတော့မည်။

ကြေးနန်းစာပေးပို့ လိုက်သော ရက်စွဲကို ကြည့်လိုက်တော့ လွန်ခဲ့သော နှစ်ရက်ခန့်ကဖြစ်နေပေပြီ ။သွားပေဦးတော့ မစမ်းစမ်းနိုင်ရေ .... ။

ကျွန်တော်သည် ဆွေးဆွေးနင့်နင့် အော်ဟစ် ပေါက်ကွဲပစ်လိုက်မိသည်။

သူမနှင့် ကျွန်တော်သည်ငယ်ပေါင်းကြီးဖော်များ မဟုတ်ကြသော်လည်း ရင်းနှီးကြ၏။ တစ်ဦးနှင့် တစ်ဦး သံယောဇဉ်ကြီး တတ်ကြ၏။ အံသြဖွယ်ကောင်းသည်က ကျွန်တော်တို့နှစ်ယောက်သည် ချစ်သူ ဖြစ်မလာကြခြင်းပင် ။

သူမနှင့် ကျွန်တော် ဆုံးစည်းခဲ့ရပုံကို ပြောပြချင်သေးသည်။ ကျွန်တော်သည် မန္တလေးသို့ရောက်လျှင် စာအုပ်ဆိုင်တွေမှာ ထိုင်ပြီး အချိန်ဖြုန်းရခြင်း ကို နှစ်သက်တတ်သူ ဖြစ်၏ ။ သူမသည်လည်း စာအုပ်ဟောင်းတွေ စုဆောင်းဝယ်ယူခြင်းကို အလုပ်တစ်ခုအဖြစ် လုပ်ကိုင်နေသူတစ်ယောက်ပါ။ သည်တော့ သူမနှင့် ကျွန်တော်တို့သည် "ဥတ္တရလွင်ပြင်" နှင့် "ဒေါင်းအိုးဝေ" စာအုပ်ဆိုင်များတွင် မကြာခဏ ဆုံမိကြပါသည် ။

အဲသည် စာအုပ်ဆိုင်ပိုင်ရှင်တွေကလည်း ကျွန်တော်တို့နှစ်ဦးစလုံးနှင့် ရင်းနှီးရင်းစွဲ ရှိသောစာပေစိတ်ရှိသူ များဖြစ်ကြလေရာ တွေ့တိုင်း စကားဝိုင်းဖွဲ့ ဖြစ်သွားကြပါတော့ သည်။

ထိုစဉ်က သူမနေထိုင်ရာ မြို့နှင့် သူမရဲ့ အလုပ်အကိုင်ကိုသာ အပေါ်ယံမျှ သိရှိထားခဲ့ခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော သုံးနှစ်ခန့်ကတော့ ကျွန်တော်သည် ပန်းချီပြပွဲ ကိစ္စတစ်ခုကြောင့် သူငယ်ချင်းပန်းချီဆရာကို ရှာဖွေရန် သူမနေထိုင်ရာမြို့သို့ ရောက်ရှိခဲ့ပါသည်။ ကံဆိုးချင်တော့ သူငယ်ချင်းပန်းချီဆရာကို ရှာမတွေ့။ ကျွန်တော့် တွင်ဖြစ်လေ့ရှိတဲ့ အားနည်းချက်အတိုင်း အိတ်ကပ်ထဲတွင် တည်းဆိုခန်း တည်းနိုင်တဲ့ ငွေကြေးအင်အားမျိုး လုံလောက်စွာပါမလာခဲ့ပါ ။ ကျွန်တော့်အတွက် အကောင်းဆုံးဖြေရှင်းနည်းလမ်းကတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို အမြန်ဆုံး ရှာဖွေဖို့ ဖြစ်ပါသည်။

အချိန်ကလည်းနေ၀င်ပြီ ဖြစ်သဖြင့် အရာအားလုံးသည် သဲသဲကွဲကွဲ မရှိတော့။ စုတ်ချာချာ အဆင်အပြင်နှင့် မသပ်မရပ် ကျွန်တော့်လိုကောင်မျိုးကို ဘုန်းကြီးကျောင်းကလည်း လူကောင်းတစ်ယောက်အဖြစ် လက်ခံချင်ပါ့ မည်လားဆိုတာ အသေချာလှပေ ။

ကံကောင်းချင်တော့ မြို့ထဲ လမ်းပေါ်တွင် တစ်ယောက်ထည်း ယောင်လည်လည်ဖြစ်နေခိုက် စာကြည့်တိုက်တံခါး ပိတ်ပြီး ပြန်လာတဲ့ သူမနှင့်ပက်ပင်းတွေ့ပါတော့သည်။

"ဟာ.... မစမ်းစမ်းနိုင်၊ ၀မ်းသာလိုက်တာဗျာ ။ ဒီမှာ ဒုက္ခဖြစ်နေတာဗျ "

ကျွန်တော်၏ အခက်အခဲကို အားကိုးတကြီး ဖွင့်ဟမိပါသည်။ သူမကတော့ ကျွန်တော်၏အူကြောင်ကြောင် အမူအရာကိုကြည့် ပြီး ဟက်ပက်စွာ ရယ်မောပါသည်။ ပြီးတော့ ကျွန်တော့်အား စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး ထမင်းကျွေးပါသည် ။ သူမကတော့ မစားပါ ။ဘေးမှာထိုင်လျက်။

အိမ်သို့ရောက်တော့ မိသားစုကင်းမဲ့သော သူမရဲ့နေထိုင်ခြင်းကို သိခွင့်ရလိုက်ပါသည်။

"မစမ်းစမ်းနိုင် ကို အားနာလိုက်တာဗျာ ။ ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ''

မိန်းမသားတစ်ယောက်ထည်း နေတဲ့အိမ် ဖြစ်ခြင်းအတွက် ကျွန်တော့် အနေဖြင့် အလိုက်သိစွာ ပြောသင့်သည်မို့ ပြောလိုက်ရသော်လည်း သည်စကားက သူမရဲ့ သိက္ခာကို ထိပါးမှာလည်း စိုးရိမ်မိပြန်သည် ။

"ကျွန်မလည်းတွေးနေတာပဲ။ ကျွန်မအိမ်က ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ လောကကြီးက ကျဉ်းနေတာလည်း ကျွန်မသတိထားရမယ်။ ကျွန်မဘာလုပ်ပေးရရင် ကောင်းမလဲ ''

ကျွန်တော်သည် သူမရဲ့အတွေးစကားနဲ့ ဆုံးဖြတ်ချက်ကို ငံ့လင့်ရင်း ရှာမတွေ့တဲ့ သူငယ်ချင်းပန်းချီဆရာကိုသာ စိတ်ထဲက ကျိန်ဆဲနေမိတော့သည်။

" မိုးလည်းချုပ်နေပြီ။ ဒီညတော့ ကျွန်မအိမ်မှာပဲ အိပ်လိုက်ပါတော့ ။ ကျွန်မတို့ စကားတွေ ပြောနေတာနဲ့ မိုးလင်းသွားမှာပါ ''

သူမပြောသည်မှာ မှန်လေစွ။ သူမနှင့် စကားပြောရသည်မှာ ကျွန်တော့်အတွက် အလွန်အကျိုးရှိပါသည်။ သူမနှင့် စကားကြာကြာ ပြောကြည့်တော့မှ အနုပညာသမားသန့်သန့် ဖြစ်နေတဲ့ သူမရဲ့ အရည်အသွေးများကို သိခွင့်ရခဲ့ပါသည်။

သူမပြောပြတဲ့ ဟန်လင်းမြို့ဟောင်း တူးဖော်စဉ်က ရရှိခဲ့တဲ့ လက်ချင်းတွဲဆက်ထားသော ရုပ်ကြွင်း လူရိုးစုနှစ်ခုအကြောင်း ကြားရသဖြင့် " ရုပ်ကြွင်းရဲ့ နှလုံးသားအစို " လို့ အမည်ရသော ပန်းချီကားတစ်ချပ်ရေးသားဖို့ ပန်းချီအတွေးရခဲ့ပါသည် ။

နောက်တစ်လခန့်ကြာသောအခါ ကျွန်တော့်သူငယ်ချင်းပန်းချီဆရာ နှင့်အတူ သူမတို့မြို့သို့ရောက် ပြန်ပါသည်။ ကျွန်တော်တို့လာခဲ့ရသော ခရီးရဲ့ အခြေအနေမှာ ညနေစောင်းမှာ ရောက်သောကြောင့် ထို့မြို့တွင် ညအိပ်ဖို့လိုအပ်လေ့ ရှိပါသည်။ သို့ပေမယ့် သည်တစ်ကြိမ်မှာတော့ ကျွန်တော့်တွင် အဖော်သူငယ်ချင်းလည်းပါနေသည်မို့ သူမအိမ်သို့ တည်းခိုရန် လိပ်ပြာသန့်စွာရောက်ခဲ့ပါသည်။

သူမအိမ်တွင် တည်းခိုမိခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ သူမနှင့် စကားပြောဆိုရသည်ကို နှစ်သက်သောကြောင့်ဖြစ်ပါသည်။ ရင်ခုန်သံခြင်းတူသော အနုပညာသမားချင်း စကားပြောဆိုလို့ ကောင်းသည် ဆိုတဲ့ ခံစားမှုမျိုးကို အနုပညာသမားတွေသာ နားလည်နိုင်သောအရာ ဖြစ်ပါသည်။

အဲသည်ညက စကားပြောခွင့် ရခဲ့သဖြင့် သူမရဲ့ လေးစားဖွယ်ကောင်းသော အတွေးအခေါ်နှင့် ရပ်တည်ချက်ကို ကျွန်တော့်သူငယ်ချင်း ပန်းချီဆရာက တဖွဖွ ချီးကျုးပြောဆိုနေပါတော့သည်။

ဘာပဲဖြစ်ဖြစ် သူမသည် ကျွန်တော့်အတွက် မိန်းမ ယောက်ျား ကွဲပြားခြင်း ဆိုသည်က ပျောက်ကွယ်သွားသလိုပါပဲ ။ သူမကိုယ်တိုင်ကလည်း ကျွန်တော် နှင့်အခုကဲ့သို့ စကားပြောဆိုရခြင်းကို နှစ်သက်ကြောင်းဝန်ခံပြောဆိုပါသည် ။

" ကျွန်မက ပင်ကိုယ်ကလည်း စကားအလွန်နည်းတာရှင့်။ ပြီးတော့ ကျွန်မကပြောချင်တဲ့ စကားကလည်း စိတ်ဝင်စားမဲ့သူ ရှားပါးလှတဲ့ စကားလေ။ အနုပညာသမားရဲ့ စကားဆိုတာ သင်းကွဲစကားဖြစ်နေသလိုပဲ ။ ဒီတော့ ရှင်တို့လာမှ ကျွန်မလည်းစကားကောင်းကောင်း ပြောဖြစ်တော့တာရှင့် "

အကြောင်းတိုက်ဆိုင်စွာပါပဲ ။ နောက်တစ်လ ကြာသောအခါ မိတ်ဆွေဓာတ်ပုံဆရာတစ်ယောက်နဲ့ အတူသူမထံသို့ ထပ်မံရောက်ရှိပြန်ပါသည်။ ယခင်အတိုင်း တစ်ညလုံးနီးပါး စကားပြောဆိုပြီး နောက်တစ်နေ့တွင် ကျွန်တော်တို့ အလုပ်ကိစ္စ လုပ်ကိုင်ပြီးသည်နှင့် ပြန်သွားကြပါသည်။

သည်လိုနဲ့ တစ်ယောက်ထည်းနေတဲ့ သူမထံသို့ လည်ပတ်ရသည်ကို တွေ့စကကဲ့သို့ လေးပင်သော ခံစားမှုမျိုးမရှိတော့ဘဲ စိတ်သန့် ပေါ့ပါးစွာ ရောက်သွားတတ်ပါသည်။

တစ်ခါတစ်ရံ ပန်းချီအတွေးလည်း ခန်းခြောက်နေပြီး စိတ်လေလွင့်သလို ဖြစ်နေလျှင် သူမထံသို့ ကျွန်တော်တစ်ယောက်တည်းလည်း သွားပစ်လိုက်ပါတော့သည်။ ထိုအခါ သူမသည် ကျွန်တော့်အား ငြိုငြင်ခြင်းကင်းသော်လည်း အကဲခတ်သော မျက်လုံးများဖြင့် လက်ခံကြိုဆို စကားပြောခဲ့ကြောင်း သတိထားမိ၏။

ကျွန်တော်သည်သူမထံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးသော်လည်း သူမကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတဲ့ အစားအစာမျိုး တစ်ကြိမ်မျှမစားခဲ့ ရဖူးပေ။ နံနက်လင်း၍ မျက်နှာသစ်တဲ့ ကိစ္စလေးများက အစ ဧည့်ဝတ်ကျေခြင်းကင်းစွာ လျစ်လျူရှုထားတတ်သည်။ သူမထံသို့ ကျွန်တော်ယူဆောင်လာတဲ့ လက်ဆောင်များကို ငြင်းပယ်တတ်သလို သူမထံမှလည်း ဘာမျှ လက်ဆောင်မရခဲ့ဖူးပါ။

ကျွန်တော်နှင့် စကားပြောရာတွင် အကြည်လင်ဆုံးမှာသူမရဲ့ မျက်လုံးများပင် ဖြစ်ပါသည်။ သူုမ၏ မျက်လုံးများသည် ကျွန်တော့်ထံသို့ တစ်စက္တန့်စာမျှ စူးစိုက်မကြည့်ဖူးခြင်းက လေးစားလောက်ပါပေသည်။

နောက်တစ်ချက် ထူးခြားသည်မှာ သူမနှင့် ဒဿနပေါင်းများစွာ ၊ အနုပညာ စကားပေါင်းများစွာ ဆွေးနွေးပြောဆိုဖူးသော်လည်း အချစ်နှင့်ပတ်သက်၍ ဘယ်သောအခါကမျှ ဆွေးနွေးခွင့် မရခဲ့ခြင်းပင် ။ " ကျွန်မက အဲသည်ကိစ္စတွေ သိပ်မပျော်ဝင်ဘူးရှင့် " ။ " ကျွန်မအသိဘူး " ဆိုတဲ့ စကားနှင့် ပိတ်ဆို့ပစ်၏။

ကျွန်တော်နှင့် သည်မျှ ရင်းနှီးနေလျက်ပင် သူမရဲ့ ပုဂွလိက ခံစားမှုတို့ကို တစ်ချက်မျှ လှစ်ပြခြင်း မရှိပေ။ ချွင်းချက်တစ်ခုတော့ ရှိသည်ပေါ့။

သူမသည် မြန်မာနှင်းဆီလို့ ခေါ်တဲ့ နှင်းဆီကြမ်းကိုတော့ အလွန်နှစ်သက်ကြောင်း မကြာခဏ ပြောတတ်ပါသည်။ ဤသို့ ပြောပြဖြစ်ခြင်းမှာလည်း သူမအိမ်ရှိ အလှစိုက်ပန်းအိုးတွင် မပြတ် တွေ့မြင်ရသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် သူမအတွက် "နှင်းဆီကြမ်းများ " ဆိုတဲ့ ပန်းချီကားတစ်ချပ်ကို မ၀ံမရဲ လက်ဆောင်ပေးကြည့်တော့ မြတ်နိုးစွာလက်ခံယူပါသည်။ ကျွန်တော့်တစ်သက် သူမအတွက် ပေးဖြစ်ခဲ့ဖူးတဲ့ လက်ဆောင်မှာ သည်ပန်းချီကား တစ်ချပ်ပါ။

ယခုတော့ သူမ သေဆုံးခဲ့လေပြီ ။ သူမသည် နှင်းဆီပွင့်ကဲ့သို့ အလှဆုံး ပွင့်ခဲ့၏ ။ အချိုမြဆုံး မွှေးပျံ့ခဲ့၏ ။ ပြီးတော့ သူမရဲ့ လွတ်လပ်တဲ့ နေထိုင်မှုတွင် ဆူးနှင့်တူသော ကိုယ်ကျင့်တရားတွေဖြင့် ချွန်မြစေခဲ့လေပြီ ။

အမှန်ကို ၀န်ခံရလျှင် ကျွန်တော်သည်သူမအား သူစိမ်းယောက်ျားတစ်ယောက်ဆိုတဲ့ စိတ်ဖြင့် ရင်ခုန်ခဲ့ရဖူး၏။ သူမက ကျန်းမာရေး ချည့်နဲ့သော်လည်း လှသည်လေ။

သို့ရာတွင် သူမရဲ့ သန့်စင်ခိုင်ခံသော မျက်လုံးများကို လည်းကောင်း ၊ ပြတ်သားရဲရင့်သော အတွေးအခေါ်များကို လည်းကောင်း ချက်ချင်း သတိရမိလိုက်သည်နှင့် ၀င်ရိုးစွန်းက ရေခဲတောင်တန်းတွေ မီးလောင်ပြာကျသွားသလို ကျွန်တော့်ရင်ထဲတွင် အေးစက်ခြင်း ၊ လောင်မြိုက်ခြင်းတို့ဖြင့် လှုပ်ခတ်တုန်ခါသွားပါသည်။

တကယ်ဆို တစ်ယောက်တည်း သိက္ခာရှိရှိနေထိုင်တဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်း၍ လေးစားစွာ စောင့်ရှောက်ပေးရမည် မဟုတ်ပါလား ။ သူမအတွက်တော့ သိပ်မထူး ဆန်းသလိုပါပဲ။

"သိက္ခာတို့ ၊ သီလတို့ ဆိုတာ ပုဂွိုလ်ရေးနဲ့ အဓိက ပတ်သက်တယ်။ တကယ်တန်းကျတော့ လူတွေရဲ့ ကိုယ်ကျင့်တရားကို ဦးစီးနေတာ ဓလေ့ထုံးစံပဲ။ လူတွေဟာ ဓလေ့ထုံးစံရဲ့ သတ်မှတ်ချက် တရားအောက်မှာ လက်မခံချင်ဘဲလည်း လက်ခံရလိမ့်မယ် "

"ဓလေ့ထုံးစံတိုင်းက အမှန်တရားမှ မဟုတ်တာဗျာ "

" ဒါပေမယ့် အမှန်တရားအတွက် ဓလေ့ထုံးစံတွေ ပေါ်ပေါက်ခဲ့ရတာရှင့် ။ ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းကောင်း ဓလေ့ထုံးစံက ခွင့်မပြုရင် ရှောင်ရမယ်။ အဲ ... မရှောင်ဘဲ ထိုးဖောက်မယ်ဆိုရင်လည်း ဂုဏ်သိက္ခာကို စတေးရလိမ့်မယ "

အဲသည်တုန်းက သူမစကားရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပေ။ ပိုင်ရှင်ကင်းမဲ့နေပြီဖြစ်သော သူမရဲ့အိမ်ကို ရောက်တော့မှ သူမအတွက် ၀မ်းနည်းခံခက်စွာ သိခွင့်ရလိုက်ပါတော့သည်။

*****

သူမရဲ့ အိမ်သို့ရောက်သောအခါ ကျွန်တော်ကို စောင့်ကြိုနေတဲ့ ရပ်ကွက်လူကြီးတစ်ယောက်ရဲ့ စကားက ရင်ဝကိုဆောင့်ကန်လိုက်သလို ခံစားရ၏။

" ခင်ဗျား တော်တော် တာဝန်မဲ့တဲ့ သူဗျာ "

ဖြစ်ကြောင်းကုန်စင် မသိရသေးသည်မို့ ငေးကြောင် နားစွင့်နေမိသည်။

" ဒေါ်စမ်းစမ်းနိုင်ရဲ့ အိမ်တံခါးတွေ ပိတ်ထားတာ ကြာလှပြီဗျ။ ကျွန်တော်တို့လည်း သူတစ်နေရာ ခရီးထွက်နေတယ် ထင်ကြတာလေ။ အိမ်ထဲက ပုပ်စော်နံလာတော့မှ အိမ်နီးချင်းတွေက မသင်္ကာတာနဲ့ တံခါးဖျက်ပြီး ၀င်ကြည့်ကြတော့ အိပ်ယာထဲမှာ တစ်ယောင်တည်း သေနေတာတွေ့ ရတယ်ဗျာ။ သူ ခုတလော နေမကောင်းလို့ ဆေးခန်းမှာ ဆေးထိုးနေတာတော့ အိမ်နီးချင်းတွေ သတိထားမိကြပါရဲ့။ သူကလည်း စကားနည်းတဲ့ လူဆိုတော့ သည်အတိုင်း ဘာသိဘာသာ နေလိုက်ကြတာပေါ့။ မှုခင်းဆရာဝန်ကတော့ အဆုတ်ရောဂါကြောင့် သေဆုံးသွားတာလို့ မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် ခင်ဗျားနေနိုင်ရက် ပါတယ်ဗျာ "

" ကျွန်တော်လည်း ခုတလော ဓာတ်ပုံလုပ်ငန်းက ရှုပ်နေတော့ သူ့ဆီ မရောက်ဖြစ်တာ နှစ်လလောက်ကြာသွားတယ် "

" ဒါကြောင့် တာဝန်မဲ့တယ် ပြောတာပေါ့။ တကယ်ဆို ခင်ဗျားက သူ့ယောက်ျား မဟုတ်လား ''

" ခင်ဗျာ .... "

ကျွန်တော်မျက်နှာ ထူပူသွား၏ ။ သေဆုံးသွားပြီဖြစ်သော်လည်း အနားမှာ သူမရှိနေသကဲ့သို့ အားနာလိုက်သည်ဖြစ်ခြင်း ။ ပေါ့ဆစွာ စွပ်စွဲ ပြောဆိုရဲသည့် ထိုသူကြောင့် ထောင်းခနဲ ထကြွလာတဲ့ ဒေါသစိတ်တွေကို ချိုးနှိမ်ပြီး ပြောရသည်။

" မစမ်းစမ်းနိုင်နဲ့ ကျွန်တော်တို့က သာမန်မိတ်ဆွေတွေပါ ခင်ဗျာ။ သူရဲ့ မိသားစု ဆွေမျိုးတွေ အကြောင်းလည်း ကျွန်တော်မသိပါဘူး ။ မိသားစုအပေါ် တစ်ခုခုစိတ်နာခဲ့တဲ့ အတွက် ကျွန်တော့်ကို ပြောမပြတာလည်း ဖြစ်ချင် ဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ သူနဲ့ တစ်ခါတစ်ရံ စကားပြောဖို့ရောက်လာ တတ်တဲ့ မိတ်ဆွေတစ်ယောက် အဆင့်မှာပဲ ရှိပါတယ် "

" ခင်ဗျားတို့လင်မယား တော်တော်ကြောင်တာပဲ။ ဒေါ်စမ်းစမ်းနိုင်ကလည်း ခင်ဗျားကို သူ့မိတ်ဆွေပါလို့ ဇွတ်ငြင်းတယ် ။မိန်းမတစ်ယောက်တည်း နေတဲ့အိမ်ကို သွေးသားမစပ်တဲ့ ယောက်ျားတစ်ယောက် မကြာခဏလာတည်းရ မလားဗျ ။ သူကလည်း လက်မခံရဘူး ။ ဒါဆိုရင် ကျုပ်တို့မနေနဲ့ ခင်ဗျားလာတဲ့အခါတိုင်း စောင့်ကြည့်ပြီး ၀ိုင်းဖမ်းမှာပြောတော့မှ ဒီမိန်းမက ဘာပြောတယ်မှတ်သလဲ ။ "ကျွန်မရဲ့ ယောက်ျားပါဆိုရင် ဘာဖြစ်မှာလဲ "တဲ့ ။ အဲဒါဆိုရင်တော့ ကျုပ်တို့က ဘာမှ နှောက်ယှက်စရာ မလိုတော့ပါဘူး ပြောမှ စိတ်ပျက်လက်ပျက် ခေါင်းညိတ်ဝန်ခံ သွားတယ်ဗျာ။ ကျုပ်တို့လည်း ခင်ဗျားရဲ့ နာမည်၊ အလုပ်အကိုင်နဲ့ လိပ်စာကို တစ်ခါတည်း မှတ်ထားရတယ်လေ "

" ဟာ... အဲဒါ လုံဝမဟုတ်ဘူး ။ ခင်ဗျားတို့ ၀ိုင်ဖမ်းမယ်ဆိုတဲ့ အစီအစဉ်ကြီးဟာ ကျွန်တော်တို့ရဲ့ ရိုးသားမှုကို တိတိလင်းလင်း စော်ကား ဖျက်ဆီးပစ်တာမို့ သူ ခေါင်းညိတ်ပစ်တာပဲ ဖြစ်မယ်။ ကျွန်တော်တို့လုံးဝရိုးသားတယ် "

" ရပ်နဲ့ ရွာနဲ့နေတာဗျ။ အရပ်ထုံးစံကို ပယ်လို့ဘယ်ရမလဲ။ ပြီးတော့ ခုကိစ္စက ခင်ဗျားအတွက်ဟောသည် အိမ်ကို အမွေဆက်ခံ ပိုင်ခွင့်အရ လွှဲပေးမှာဖြစ်လို့ ပြောနေတယ်ဆိုတာလည်း သတိထားပါဦး "

" မလိုချင်ဘူး ၊ ဟုတ်လည်းမဟုတ်ဘူးဗျာ ....ကဲ "

ပြောပြီး ဆွေးနင့်ဖိုရှိုက်စွာ တံတွေးမျိုချမိပါသည်။

ဖြစ်ရလေ....... မစမ်းစမ်းနိုင်ရယ် ။ သူမရဲ့ ဧည့်ခန်းတွင် ချိတ်ဆွဲထားလျက်ရှိသော ပန်းချီကားထဲက နှင်းဆီကြမ်းများသည် ရဲဝံ့ နီထွေးစွာ လန်းဆန်းနေကြဆဲ။ ကျွန်တော်လွမ်းမောစွာ ငေးကြည့်ဖြစ်၏။

မစမ်းစမ်းနိုင် ..... ခင်ဗျား နောက်ဘ၀မှာလည်း နှင်းဆီကြမ်း ပြန်ဖြစ်ရင် ဟောသည်လောကကြီးထဲမှာတော့ မဖြစ်နဲ့တော့ဗျာ ။ လွတ်လပ်တဲ့ တွေးခေါ်မှုတွေကို မြတ်နိုးလှတဲ့ ခင်ဗျားအတွက် အဆုံးအစ မရှိ လွတ်လပ်တဲ့မိုးကောင်းကင်ကြီးက ကြိုဆိုနေမှာပါ။

ဟော ...

ဟိုမှာလေ တိမ်ရိပ်တွေကြားက နှင်းဆီတစ်ပွင့် ။ ။

မ၀င့် (မြစ်ငယ်)

(မဟေသီ မဂွဇင်း ၊ ဇန်န၀ါရီ ၊ ၁၉၉၉ )



" ၀တ္တုရဲ့ ပထမနာမ်စားဟာ ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် ဒါဟာ မိန်းမတစ်ယောက်ရဲ့ ပေါက်ကွဲသံပါ ။ သည၀တ္တုတို မျိုးကိုလည်း ယောက်ျားစာရေးဆရာတွေ ရေးတတ်လိမ့်မည်မထင်ဘူး ။ ဇာတ်ကြောင်းရော တင်ပြပုံရောဟာရှင်းပါတယ် ။ နားလည်လွယ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှု အပေါ်လူတစ်ယောက်ရဲ့တုန့် ပြန်မှု ။ဓလေ့ထုံးစံကို မရှောင်ဘဲ ထိုးဖောက်ရင် ဂုဏ်သိက္ခာကို စတေးရတတ်တယ်ဆိုတာကို Main Plot လုပ်ပြီး မိန်းမတစ်ယောက်ရဲ့ အလှ ၊ ဘ၀ နဲ့ ကိုယ်ပိုင်ဂုဏ် စတဲ့ တန်ဖိုးထားအပ်တဲ့ အရည်အချင်းတွေကို (စာရေးသူရဲ့ ခံယူချက် )ရေးပြသွားတာပါပဲ ။ (ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုလုပ်ခဲ့ရတဲ့) ကျွန်တော် ဖတ်ပြီးစမှာတော်တော်လေး ခံစားခဲ့ရပါတယ်။ ထပ်တူခံစားရတယ်ဆိုရင်တော့ ကျွန်တော်မျှဝေရကျိုးနပ်သွားတယ် ဆိုရမှာပဲ "

(ကျွန်တော့် Personal ခံစားချက်ကိုအရင်းတည်ပြီး ရေထားတာဖြစ်လို့ လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိပါတယ်)

18 December 2007

(၁) တောသူ - မေငြိမ်း

ကျွန်တော် သည်ဝတ္တုကိုလွန်ခဲ့တဲ့ (၅)နှစ်လောက် ကပထမဆုံးဖတ်ဖူးတာပါ ။ ရှင်းရှင်းပြောရရင် အဲသည်တုန်းကဘာမှကိုနားမလည်ပါဘူး ။ နားမလည်ဆို အဲသည်တုန်းကငယ်သေးတာရော ၊ နောက်သည် realism အရေးအသား (နိမိတ်ပုံ) တွေနဲ့စိမ်းနေတာရောပါမှာပါ ။နောင်တော့မှ စာရေးသူခံစားချက်နဲ့ ထပ်တူခံစားဘူးမှ ၊ စာဖတ်သက် နည်းနည်းရင့်လာတဲ့နောက်ပိုင်းမှာ မှခံစားလို့ရလာ တာပါ။ ၀တ္တုတိုတစ်ပုဒ်လုံးမှာ ဇာတ်ကြောင်းတစ်ခု ( ဘယ်ကစလို့ ဘယ်မှာဆုံးတယ်) မရှိပါဘူး ။ တစ်ပုဒ်လုံးဟာ စာရေးသူရဲ့ ဒုတိယ ကိုယ်ဘာဝ (Second Self) ဇာတ်ကောင်ရဲ့ ခေတ်ပြိုင်ဝေဒနာကို နိမိတ်ပုံတွေနဲ့ ပဲဖော်ကြူးထားတာပါ။ ဒါပေမယ့် စာဖတ်သူဟာ စာရေးသူရဲ့ ခံစားရမှု (သူပြောလိုတဲ့ အကြောင်းအရာကို) သမ္မာဓိဂုဏ်မြောက်စွာ (ဟုတ်ယောင် မှန်ယောင်များ ဖြင့် တကယ့်အမှန် ကို ညွှန်ပြဖို့ကြိုးစားခြင်း ) ၊ ရသမြောက်စွာ ခံစားလိုက်နိုင်ပါတယ်။ ခံစားကြည့်ပါ။ ၀တ္တုတိုရဲ့ Link ကိုစာရေးသူရဲ့ Personal Blog မှယူထားတာပါ။

'' ၀တ္တုတိုကို ခံစားရရင် ပတ်ဝန်းကျင် ၊ ခေတ် ၊ စနစ်ကို မကျေနပ်တဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်မှုခြင်းရဲ့ အရသာကို လိုချင်တဲ့ အခြေခံ သဘောမျိုးပါ။ ဒါပေမယ့် စာရေးသူဟာသူရဲ့ အနုပညာအပေါ် ခံယူချက် ( အထူးအဖြင့် စာပေ နဲ့ဂီတအပေါ်မှာ အမျိုးအမည်မခွဲ ဘဲ ရေးဖွဲ့၊စပ်သူရဲ့ ရင်ခုန်သံ သာ အဓိက ) ၊ လွှတ်လပ်ခြင်းမဲ့တဲ့ ပတ်ဝန်းကျင်မှာရှောင်ပုန်းရင်း အခြားကမ္ဘာတစ်ဖက်ဆီမှ သီးခြားလောကတစ်ခုကို တမ်းတနေရတဲ့ ၀ိရောဓိ သဘော၊ ပတ်ဝန်းကျင်ကို ပုန်ကန်လိုတဲ့ စိတ်ခံစားချက် ကိုပါရေးဖွဲ့ထားပါတယ်။

ဒါ့အပြင် စာရေးသူကိုယ်တိုင်ဟာလည်း မြန်မာနိုင်ငံရဲ့ realism အရေးအသားမှာထင်ရှားသူတစ်ယောက်ဖြစ်တဲ့ အတွက်သူ့ရဲ့ တင်စားမှုနိမိတ်ပုံတွေ ဟာသိမ်မွေ့ပါတယ်။ ဒါပေမယ့်လည်း အချို့တင်စားချက်တွေဟာ တော်တော်လေးဝှေ့ဝိုက်တဲ့အတွက် သာမန်ဖတ်ရင် ဘာမှန်းအဓိပ္ပာယ်မပေါ်နိုင်ပါဘူး ။ စာဖတ်သူရဲ့ စိတ်ခံစားချက် (စာရေးသူခံစားချက်နဲ့တူရင်တူသလောက်) အပေါ်မူတည်ပြီး သည်ဝတ္တုရဲ့ စာပေတန်ဖိုးဟာ အပြောင်းအလဲရှိပါလိမ့်မည်။ ( ကျွန်တော်သည်စာကိုကြိုက်လို့ သူငယ်ချင်းတစ်ယောက်ကိုဖတ်ကြည့်ခိုင်းတော့ ဘာမှနားမလည်ဘူး ၊ မကြိုက်ဖူးလို့ပြောပါတယ်) ။ ဒါပေမယ့် မိမိဘ၀အခြေအနေ ကိုအလိုမကျတဲ့လူတစ်ယောက်အနေနှင့် ကျွန်တော်သည်ဝတ္တုတိုကို နင့်နင့်နဲနဲခံစား နိုင်ပါတယ်။ အထူးအဖြင့် စာရေးသူရဲ့ (ခေတ် ၊ စနစ်ကို မကျေနပ်တဲ့ ပုန်ကန်လိုတဲ့) ရင်ခုန်သံကိုပါပဲ။ ''

(ကျွန်တော့် Personal ခံစားချက်ကိုအရင်းတည်ပြီး ရေထားတာဖြစ်လို့ လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိပါတယ်)

16 December 2007

နှစ်သက်ခံစားမိသော ၀တ္တုတိုများ


အခုတလော ကျောင်းပိတ်လို့အားနေတဲ့ အခါလေးမှာ ကျွန်တော်ဖတ်ခဲ့ရသမျှ အမျိုးသမီးစာရေးဆရာတွေရဲ့ ၀တ္တုတိုတွေအများကြီးထဲကမှ ကျွန်တော်ရင်ထဲကိုနင့်နင့်နဲနဲ ခံစားမှုရသပေးနိုင်တဲ့ စိတ်ကြိုက်ဝတ္တုတို အချို့ကိုမျှဝေပေးရင်းနဲ့ ဘာအချက်တွေ ဘာတွေကြောင့်နှစ်သက်ရတယ်ဆိုတာတွေ ကိုရေးဖို့စီစဉ်ထားပါတယ်။ ကျွန်တော်ကြိုပြောချင်တာတစ်ခုကတော့ ရွေးထားတဲ့ ၀တ္တုတိုတွေဟာ ကျွန်တော့် Personal ခံစားချက်ကိုအရင်းတည်ရွေးထားတာဖြစ် ပြီး ဝေဖန်ချက်တွေဟာ လည်းကျွမ်းကျင်လွန်းလို့လူတတ်လုပ်ဝေဖန်တာမဟုတ်ဖူး ဆိုတာကိုပါ။ ကျွန်တော်ရွေးချယ်ထားတဲ့ဝတ္တုတို တွေကတော့ -

  • ခင်ခင်ထူး - လယ်ကြားလမ်းကလေး
  • ခင်နှင်းယု - ခံပွင့်
  • မခင်လေး - ဂီတပျက်ချိန်
  • မ၀င့်(မြစ်ငယ်) - တိမ်ရိပ်နှင်းဆီ
  • မေငြိမ်း - တောသူ
  • ၀င်းဝင်းမြင့် (နန်းတော်ရှေ့) - သရက်ကင်းလေးများ
  • ၀င်းဝင်းလတ် - စလူရွက် ဖြူ့လက်ဝယ်ကိုင်မိုးလို့
  • မိုးမိုး(အင်းလျား) - မုဒိတာ
  • ယဉ်ယဉ်နု (မန္တလေး) - အိပ်တန်းပြန်ငှက်များ
  • နုနုရည် (အင်းဝ) - နတ်ချော့သူ
  • မစန္ဒာ - ဆန်ရေ
  • ဂျုး - စိမ်းလဲ့ညို

စတာတွေပါဘဲ။

ထပ်ဖတ်ရှုဖို့ညွှန်းဆိုချင်တာများရှိရင်လည်း လက်ခံကြိုဆိုလျှက်ပါ။