22 December 2009

အလွန်

Blog မရေးဖြစ်တာကြာပြီ ။ စိတ်ထဲမှာ ရှိနေတဲ့ ဇာတ်လမ်းလေးပါ ... ချရေးကြည့်ချင်တာကြာပြီ ။ ခုတလောတော့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ် ။ စာအုပ်တွေဖတ်တာများလေ ကိုယ့်ကိုယ်ကို အားမရလို့ စာမရေးချင်လေပဲ ။

အလွန်


မိလွင် …

ခုချိန်မှာငါ့စာကိုရရင် ရုတ်တရက်အံ့သြသွားမယ့် နင့်မျက်နှာကို ခုထဲက ကြိုမြင်ထားမိတယ်.. ။ ငါ့ဆီက စာလာမယ်လို့ နင်မျှော်လင့်ထားမှာမဟုတ်ဘူးနော် .. တော်ကြာ နင့်ရည်းစားဆီကလားလို့ ထင်လို့ အပြေးအလွှား အလာ စာအိတ်ပေါ်က ငါ့နာမည်ကိုမြင်ရင် နင်တော်တော် အောင့်သွားမှာဘဲ .. ။ ဒါပေမယ့် သည်စာကို နင်ဖတ်ချင်မယ်ဆိုတာ ငါယုံတယ် .. နင်နဲ့ ငါက အရင်ငယ်ငယ်တုန်းထဲက သူငယ်ချင်းတွေလေ ပိုပိုလိုလိုပြောရရင် ငါတို့တတွေ ကိုယ်စီဗိုက်ထဲမှာ နေကတည်းက တွေ့ကြတယ်ဆို ရင် ဘယ်သူယုံမှာလည်းနော် …. ။

ဒါပေမယ့် နင်နဲ့ငါ သူငယ်ချင်းစဖြစ်တော့ ၇ တန်းနှစ်မှာ… အရင်တုန်းကတည်းက သိဖူးတယ်လို့လည်း အဆက်အသွယ်မရှိကြတော့ စတွေ့တွေ့ ချင်းသိပ်အစေးမကပ်ကြပါဘူး … နောက်နင်ရောငါရော တနင်္ဂနွေပီပီ စိတ်ကောက်တတ်ကြတော့ သူငယ်ချင်းတွေကြားမှာဆို အော်ကြောလန်ပေါ့ နောက်မှ နင်တို့တတွေ အားလုံးနဲ့ ခင်သွားကြတာ …

ငါတို့မိဘတွေ အရင်ကတည်းက သိကြတယ်ဆိုတာ တော့တော်တော်ကြာကြာမှသိတာ ..အဲသည်နေ့ က ကျူရှင်ကို ငါ့အဖေလိုက်ပို့တယ် …အဲ နင့်အဖေကလည်း နင့်ကိုလိုက်ပို့တော့မှ သူတို့သူငယ်ချင်းတွေပြန်တွေ့ကြတာလေ… ။ သူတို့တတွေပြောကြမှ ငယ်ငယ်တုန်းက ငါတို့ဆီနင်တို့လာလည်တာ ရေးရေးမှတ်မိတယ် ။ ငါကလည်း ငယ်ငယ် .. နင်ကလည်းငယ်ငယ်ဆိုတော့ တစ်ယောက်ကိုတစ်ယောက်တောင်မမှတ်မိကြပါဘူးဟာ … နော် ။ .. အဲသည်တုန်းက ငါတို့ က အညာမှာဘဲ နေကြတုန်း နင့်အဖေတို့က ထွန်တုံးပိတ်ချိန်အမှီ ရွှေစည်းခုံဘုရားပွဲကို လာကြတာဆို .. တို့ဆီကနေ ညောင်ဦးကို သင်္ဘောနဲ့ အတူသွားကြတာတော့ မှတ်မိပါရဲ့။ နင့်တို့ကိုတော့မမှတ်မိတော့ဘူး .. ငယ်ငယ်တုန်းဆိုတော့ ရွှေစည်ခုံအညာဘုရားပွဲမှာ ပျော်ကြတယ်ဆိုတာပဲမှတ်မိတယ် … အဲသည်တုန်းက အဖေ .. အမေရယ် အဘွားရယ်နဲ့သွားကြတာဆိုတော့ အရုပ်တွေ အိုးပုတ်တွေ အဝတ်အစားတွေရယ် တနင့်တပိုးဝယ်လာတာဘဲ ၊ မှတ်မှတ်ရရ နင့်က လေမှုတ်လို့ရတဲ့ ပလတ်စတစ်ကောင်မလေးရုပ်ကြီးဝယ်လာတယ် … ဘာလိုမှတ်မိတာလည်းဆိုတော့ ငါကအဲသည်တုန်းက မိန်းမလိုမိန်းမရ အဲသည်လိုအရုပ်ကိုလိုချင်နေလို့ဟ …. ။ ဒါပါပဲ .. ။

အဖေတို့ အမေတို့ အဲသည်အကြောင်းကိုပြောရင်းကမှ နင်နဲ့ငါ သိခဲ့ကြမှန်း မှတ်မိတာ .. နည်းနည်းတော့ ပိုခင်သွားသလိုပဲ နော် ၊ … သိလား နင့်သူငယ်ချင်းတွေကတောင် ငါတို့ကိုမိဘချင်းမှန်းထားတယ်ဆို ပြီးစကြသေးတယ်လေ .. ဟားဟား … နင်နဲ့ငါက ရည်းစားလည်းမဖြစ်ခဲ့ပေါင်… ရေစက်မပါလို့ပေါ့နော် .. နို့မို့ဆို … ! ဟေ့ မိလွင် နင်ရယ်နေပြီမဟုတ်လား …. သိတာပေါ့ ငါတို့ကို စကြရင် တို့ သိပ်ရယ်ချင်တာဘဲ နော်

အဲသည်တုန်းက ….
အဖေတို့တတွေ ပြန်တွေ့ကြတော့ သူတို့အလုပ်အတူတူလုပ်ခဲ့ကြတဲ့အကြောင်းပြောကြတယ် … နင်အဖေက အခုတော့ ကမ်းလွန်ရေနံမှာတဲ့ ၊ ဒေါ်လာနဲ့ ရတယ်ဆိုလားပြောကြတာတော့ကြားတယ် … ငါတို့ကတော့ အဲသည်တုန်းက သိပ်အဆင်မပြေဘူးလေ … ဆည်မြောင်းမှာဆိုပေမယ့် သူများအရာရှိတွေကားစီးနိုင်တဲ့ အချိန်မှာ အဖေ့မှာ ဆိုင်ကယ်လေးနဲ့ဘဲ …ငါတို့မှာ အဘွားဆုံးသွားလို့ မိသားစုကလည်း လေးယောက်ဘဲဆိုတော့ လူတန်းစေ့တော့နေရပါတယ် … ၊ ဒါပေမယ့် အဖေကတော့ နင့်အဖေကိုပြောလေရဲ့ ကလေးတွေရှေ့ရေးကရှိသေးတယ်တဲ့ … ကိုယ့်အမေလောဘနည်းသလောက် ၊ရိုးသလောက် အဖေကတော့ မျှော်လင့်ချက်ရှိတယ် ၊ ကြံရေဖန်ရေလည်းရှိတယ် … ၊ အရင်တခါက အဖေ သူ့အထက်အရာရှိနဲ့ ပြဿနာတတ်ဖူးတာရယ် နောက်နေရာကောင်းရအောင် ငွေနဲ့ မလိုက်နိုင်တာရယ်ကြောင့် အခွင့်အရေး မရနိုင်တာရယ်လို့ တစ်ခါတစ်လေ မူးရင်ပြောတတ်ရဲ့ … ။ မိလွင် သိသလို ကိုယ့်အမေကတော့ ရိုးတယ်လေ .. အမေမို့ မပြောသာပေမယ့် လည်လည်ဝယ်မရှိတာတော့ အမှန်ဘဲ .. ။

သည်လိုပါဘဲလေ …မိဘတွေက သားသမီးတွေကို မျှော်လင့်ချက်တွေထားတတ်ကြတာ သဘာဝပေမယ့် သည့်အတွက်သားသမီးတွေ နာကျင်ခံစား ကြရတာဟာ သူတို့အနာဂတ်ကောင်းစေချင်လို့ပါဗျာ ဆိုတဲ့စကားတစ်ခွန်းနဲ့ ကျေပျက်သွားလိမ့်မယ် ။ နင့်မှာလည်း ခံစားချက်ရှိတာ ငါသိတာပေါ့ … ငါတို့က အကျိုးပေးလည်းဆင်ကြတယ်ဟာ ..နော် ။ ဒါပေမယ့် ငါတို့ ကျောင်းတတ်နေတုန်း သုံးနှစ်လောက်မှာ အပူအပင်ကင်းကင်းပျော်ကြရတာတော့ အမှန်ဘဲပေါ့ … ။ အဲသည်တုန်းက ငါ့ကိုလည်း အဖေကသူလို ချင်သလိုရိုက်သွင်း … နင့်ကိုလည်းနင့်မိဘက ဆေးကျောင်းတတ်ကိုတက်ရမယ်ဆိုပြီး ဘယ်လိုဘဲ ဖိအားပေးပေး ငါ့တို့တတွေအားလုံး ရည်ရွယ်ချက်မဲ့နဲ့ ပျော်ခဲ့ကြဘူးတယ်နော် … ။ အဲသည်တုန်းက ရည်ရွယ်ချက်ဆိုတာ စာစီစာကုံးခေါင်းစဉ်တစ်ပုဒ်လောက် ၊ သူငယ်ချင်းအချင်းချင်း စကောင်းနောက် ကောင်းယုံ သက်သက်လောက်သာ သဘောထားကြတာမဟုတ်လား … ။ အဲသည်လို အချင်းချင်းတွေကြားမှာမှ ငါခိုင်လေးကို စသိခဲ့တာ …လေ ။ ဟုတ်တယ် ငါ့ဘဝမှာ ခိုင်လေးက ပထမဆုံးတွေ့ဖူးတဲ့ ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးဘဲ … ။ နောက် ရည်မှန်းချက်ရဲ့တန်ဖိုးနဲ့ ပေးဆပ်ရမှုတွေကိုရော သိစေခဲ့တဲ့ မိန်းကလေးပေါ့ … ။

ခိုင်လေး တို့ကျောင်းကိုပြောင်းလာတဲ့ နေ့ကို ရက်စွဲကအစ မှတ်မိနေတယ်လို့ ငါပြောရင် နင်ဟားမှာမဟုတ်လား … ဟုတ်တယ်လေ အမှန်ကတော့ အဲသည်တုန်းက မှတ်မိတာမဟုတ်ပါဘူး … ။ သူ့ကိုမှ သတိမထားမိသေးတာ … နောက်ခင်လာမှ သူ့ကိုမေးကြည့်တာ … နင် ဘယ်တုန်းက ပြောင်းလာတာလဲလို့ .. ပေါ့ ။ ခိုင်လေး ငါတို့ကျူရှင်ရောက်လာမှ သူနဲ့တို့စခင်တာလေ .. သူကနင်တို့လို ပုံတုန်းတွေကြားမှာ နည်းနည်းပဲများတယ်နော် …. ။ စာတော်တယ်လို့လည်း နာမည်ကြီး … ပဲလည်းများပေမယ့် သူ့ကိုလိုက်တဲ့ ကောင်တွေကတော့ သိပ်မများဘူးလေ ..ဘယ်နယ်ခိုင်လေးက ချောမှမချောတာ .. သာမန်ပါဘဲ ၊ ငါအမှန်အတိုင်းပြောရင် သူကို စွဲလန်းမိတာ ရုပ်ရည်ကြောင့်မဟုတ်ဘူး …. ( ပြောလို့ပြောတာမဟုတ်ဘူး နင်သာပြင်ပြင်ဆင်ဆင်ဆို သူ့ထက်ပိုချောတယ် ဟ… ဟ… ) အဲသည်တုန်းက မပြောတတ်ပေမယ့် ခုထင်တာတော့ သူ့စိတ်ဓာတ်ကြောင့်ဘဲ အဲသည်အရာကိုမြတ်နိုးစရာလို့ ငါ့စိတ်ကလက်ခံ သွားလို့ပဲ .. ၊ စိတ်ပျော့တဲ့ ယောက်ျားလေးတွေက ခပ်ထက်ထက်မိန်းကလေးတွေကို သဘောကျတတ်တယ်ဟ မှတ်ထားဦး ။ သူက တစ်ခါတစ်ခါ ငါ့ကို သူ့ရည်မှန်းချက်တွေ အကြောင်းပြောတတ်တယ် ကြားစကတော့ အတော်ကြွားတဲ့ မိန်းကလေးပဲလို့ … ဘယ်နှယ့် .. ငါတို့ အချင်းချင်းဆို သည်လိုမျိုးမှမပြောတတ်ကြတာ .. ။ သူ့ရည်မှန်းချက်တွေကလည်း ဟဲဗီးကြီးတွေ အကြီးကြီးတွေဟ ၊ .. တစ်ခါတစ်ခါဆိုရင် နင်သည်လို တစ်နေ့ ဖြစ်ကိုဖြစ်မယ်လို့ထင်လားလို့ ငါသူ့ကို မေးကြည့်ချင်သား .. ဒါပေမယ့် မမေးဖြစ်ခဲ့ဘူး ။


နင်သိတဲ့အတိုင်းဘဲ ငါ ၉ တန်းနှစ်စမှာ ငါ့အဖေ နိုင်ငံခြားကိုထွက်သွားတယ် .. အစိုးရဝန်ထမ်းတစ်ယောက်အတွက် Passport ရဖို့ မလွယ်တော့ အဖေကသူ့သက်ဆိုင်ရာတွေကို ပတ်သက်သလို ကြည့်ပေးရင်းနဲ့ သူနည်းသူ့ဟန်နဲ့ ရအောင်ထွက်သွားတာ .. ငါကသာ မသိလို့ သူ့အသိတွေလည်း သည်လိုဘဲဖြစ်သလိုထွက်ကြတာတဲ့ . စင်ကာပူဆို သည်တုန်းက သိပ်ကိုအလုပ်အကိုင်ရလွယ်တယ်လို့နာမည်ကြီးတာပေါ့ … အဖေ့သူငယ်ချင်းအချို့ ကလည်းရှိတော့ အဖေကတော့ သူတို့ကိုအားကိုအဆက်အသွယ်လုပ်လို့ သည်ကို စွန့်ပြီးထွက်သွားခဲ့တယ် .. အဖေ မသွားခင် ငါတို့မောင်နှမကိုပြောတယ် စာကြိုးစားဖို့နဲ့ … ငါတို့ကို မကြာခင်ဟိုကိုခေါ်နိုင်ဖို့ သူကြိုးစားမယ့်အကြောင်း … နောက် သူ့လိုမဖြစ်အောင် ဟိုမှာပညာ သင်နိုင်ဖို့ ကြိုးစားကြလို့လည်းပြောတယ် … ။ အဲသည်ညက အဖေပြောတာတွေတော့ အများကြီးပဲဟာ ငါလည်း ဝမ်းနည်းနည်းနဲ့ဆိုတော့ သိပ်တော့မမှတ်မိပါဘူး ..အဖေနဲ့မတည့်ပေမယ့် သည်လိုခွဲရမယ်ဆိုတော့ ဝမ်းနည်းသား .. ဟ အမေနဲ့ညီမလေးကတော့ ပြောမနေနဲ့ပေါ့ဟာ … ။ အဖေကို လိုက်ပို့တော့ ရန်ကုန်ကိုအမေဘဲလိုက်သွားတယ် …သူများတွေလို အပျော်ခရီးထွက်တာ ၊ ပညာတော်သင်သွားတာမျိုးမဟုတ်တော့ လင်မယားနှစ်ယောက်ခပ်ကုပ်ကုပ်ပဲပေါ့ … တဲ့ ၊ ပြန်လာတော့ အမေကပြောရှာတယ် ရန်ကုန်ဆိုတာ သူတို့အရင်ကျောင်းတတ်တုန်းကလိုမဟုတ်ဘူးတဲ့ လူတွေဆိုလည်းပြန်လန်နေကြတာပဲတဲ့ ၊ တိုက်တွေ ကားတွေ ဆိုလည်းဟီးနေတာပဲတဲ့… အမေ့ကို ကြည့်ရတာ အနာဂတ်အတွက် ပျော်နေရှာပုံပဲ …. တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့သားသမီးတွေလည်း သူတို့လို လူတန်းစေ့ဖြစ်ရမယ်ဟဲ့ ဆိုတဲ့ အုံ့ပုန်းပျော်လေးနဲ့ နေမှာပေါ့… ။ လူတိုင်းမှာ သဘာဝကပေးထားတဲ့ ကိုယ်ပိုင်စွမ်းအင်တစ်ခုရှိတယ်ဆို နင်ယုံမလား မိလွင် … အဲဒါကတော့ အနာဂတ်ကို တင်ကြိုမြင်ခွင့်မရှိခြင်းပဲ … ။


အဲသည်စွမ်းအားကို သုံးပြီး ငါတို့တတွေပျော်ခဲ့ကြတယ်နော် .. နင့်မိဘတွေက နင်ဆေးကျောင်းမရရင် ကျောင်းဆက်မထားဘူးပြောတုန်းက နင်ငိုတာမှတ်မိသေးလားမိလွင် ။ အဲသည်တုန်းက နင်ပြောတယ်လေ ငါတို့ ပျော်ရမယ်ဆိုတာ ၂ နှစ်လောက်ပဲကျန်တော့တယ်လို့ … ဒါပေမယ့် အဲသည်တုန်းက အားလုံးရယ်ရယ်မောမောနဲ့ အားလုံးဆေးကျောင်းမှာပြန်တွေ့ကြမှာပါလို့ ပြောလိုက်မိကြတယ် … ဟုတ်တယ်လေ စိတ်ကူးယဉ်နိုင်ကြတုန်းမှာ တို့လို နယ်ကကျောင်းသားတိုင်းရဲ့ အိပ်မက်ကဆေးကျောင်းပဲပေါ့ … ဆေးကျောင်းတက် .. ဆရာဝန်ကြီးလုပ် …နောက်…… သေချာတာက ငါတို့အားလုံးသည်ထက်ပိုပြီး မတွေးတတ်ခဲ့ကြတာပဲ . ။ မှတ်မှတ်ရရ အဲသည်နောက် ငါ့ကို ခိုင်လေးကတော့ပြောတယ် သူကတော့ M.B.B.S နဲ့မကျေနပ်ဘူးတဲ့ ဘာမှလည်းလုပ်လို့မရမှာ မဟုတ်တော့….. နောက်ထပ် နိုင်ငံခြားက ဘွဲ့တစ်ခုခုရမှ ကျေနပ်မယ်တဲ့ … သိတဲ့အတိုင်းဘဲကွာ .. သူကတော့ ..အဲသည်ကတည်းက .. ။


သည့်နောက်မှာ အရင်ကထက်ငါတို့ အဆင်ပိုပြေလာတာအမှန်ပဲ .. အမေရဲ့အပြုံးတွေ ၊ ညီမလေးရဲ့ တောက်တောက်ပပလေးတွေဟာ အရင်ကထက်ပိုလာတာတော့အမှန် .. ၊ ၁၀တန်းမှာ ကိုယ့်ကို ဝိုင်းထားပေးမယ် .. Guide ငှားပေးမယ်လို့လည်း အဲသည်တုန်း အမေက ပြောသေးတယ် .. အဖေကလည်း တစ်လတစ်ခါလောက်စာရေးတယ် အဖေ့ဆီစာပြန်မယ်ဆို သုံးတန်းအရွယ် ညီမလေးက ဖွဲ့ဖွဲ့နွဲ့နွဲ့ ကိုရေးတော့တာပဲ … အဖေကလည်း အလုပ်ရတဲ့အကြောင်း ၊ နေထိုင်ခွင့်မကျခင် လုပ်ခနည်းသေးတဲ့အကြောင်း ၊ နောက်ငါတို့ကို စာကြိုးစားဖို့အကြောင်းတွေမှာ ရှာတယ် … ၊ ငါလေ အဲသည်တုန်းက အဖေ့ကို သနားလည်းသနားမိတယ် … အားလည်းကိုးတယ် .. နောက်တော့ ပိုပြီးတော့လည်း ချစ်သွားတယ် နင်သိလား … ဟုတ်တယ် အရင်ကတည်းက အဖေနဲ့သား သိပ်အရောမဝင်ပေမယ့် အဖေ့ကို ငါချစ်တာပေါ့ … ၊ ဒါပေမယ့် နင်သိလား ခုချိန်အထိ ငါအဖေ့ကို ချစ်တယ်လို့ ပါးစပ်ကဖွင့်မပြောဘူးသေးဘူး … ၊ အဖေကြားရင်လည်း ငါပြောတာကို ယုံမှယုံပါ့မလားဟာ … နင်မိဘတွေနဲ့ရောအဆင်ပြေလား .. မိလွင် ..


ဆရာမ မစန္ဒာရဲ့ "ကွက်လပ်ကလေးဖြည့်ပေးပါ" ကိုဖတ်ပြီး အလတ်ဖြစ်ရတာမကောင်းဘူးလို့ နင်ပြောဘူးတယ်နော် မိလွင် .. နင့်မိဘတွေက သူတို့သမီးကြီးတော့ချစ်တယ် အငယ်လေးကိုကျ သည်းတယ် .. နင့်ကိုတော့မချစ်ဘူးတဲ့ …သည်အတွေးက ရင့်ကျက်လာတာနဲ့အမျှ မှေးမှိန်သွားမှာပါ ဟာ ..မဟုတ်ဘူးလား …. ဒါပေမယ့် အဲသည်တုန်းက နင်သိပ်ခံစားရတယ်ဆိုတာ ငါနားလည်ပါတယ် … “သူ့သမီးအကြီးမလို ဆေးကျောင်းမရရင် ငါ့ကိုကျောင်းဆက်မထားဘူးတဲ့ ဟယ်” လို့ နင်ပြောခဲ့တာကို ငါဘယ်လိုမေ့မှာလဲ …



ကျောင်းသားတစ်ယောက်ရဲ့ ဘဝမှာ ၁၀ တန်းက ရှေ့ရေးကို အဆုံးအဖြတ်ပေးမှာမို့ အရေးကြီးတယ်ဆိုတာ တို့တွေအားလုံးစွဲထားရတယ် … ဘယ်လိုကြိုးစားရမှာလည်း…. အကောင်းဆုံးဆရာမ တွေဆီမှာ ကျူရှင်ယူ … နောက် အကောင်းဆုံးဆိုတဲ့ Guide ခေါ် တစ်နေ့တနေ့စာတွေကုန်းကျက် သည်လိုနဲ့စာမေးပွဲမှာ အမှတ်အများဆုံးရအောင်ဖြေ သည်လိုမဟုတ်လား …. တကယ်တော့ ဒါဟာ ဘဝဆိုတာကြီးကို စတိုက်ဖို့တို့တတွေ ပြင်ဆင်ကြတာလို့များ ရိပ်မိခဲ့ရင် သိပ်ရယ်ဖို့ကောင်းမှာပဲ … တို့တတွေ အားလုံးပင်ပန်းကြတယ် ဒါပေမယ့်..အမှန်အတိုင်းပြောရရင် ငါလေ အဲသည်နှစ်မှာအပျော်ဆုံးပဲ .. ခိုင်လေးကြောင့်လည်းပါတာပေါ့ .. ငါတို့အိမ်အခြေအနေအရလည်းပါတာပေါ့ … ဘာပဲပြောပြောမိသားစု တစ်ခုဟာ ပြည့်ပြည့်စုံစုံနေနိုင်မှ ပျော်ရွှင်နိုင်မယ် … မဟုတ်လား … ။ သည်အတွင်းမှာ အဖေ့ဆီကဖုန်းတွေရော ၊ စာတွေပါ ငါဂရုမစိုက်မိတော့ဘူး … အဖေလည်း ဟိုမှာ ၂ နှစ်နီးပါးရှိပြီလေ .. ပြန်လာဖို့တော့ မသေချာသေးဘူး …. စာမေးပွဲပြီးရင် ငါတို့ကို အလည်ခေါ်လိမ့်မယ်.. သည်လို ငါလည်ကြွားလို့ ကောင်းတုန်းအချိန်ပေါ့ မိလွင်ရယ် … ။


၁၀တန်းဖြေပြီးတဲ့ နေ့မှာ ခိုင်လေးနဲ့ငါ အပြင်သွားတယ် … ငါသွားနေကျ စာအုပ်ဆိုင်ကိုပါ .. ၊ စာအုပ်တွေဝယ်ပြီး ခိုင်လေးနဲ့ မုန့်ဟင်းခါးစားရင်း ငါ အဖေ့ဆီကိုလိုက်သွားရမယ့်အကြောင်းပြောဖြစ်တယ် .. ။ ငါအနေနဲ့ဆို ဟိုကိုကျောင်းသွားတတ်ကြတဲ့ပုံစံနဲ့ ခိုင်လေးကို သူ့မိသားစုကထားနိုင်ပါတယ်ဟာ … ဒါပေမယ့် ခိုင်လေးက ငြင်းတယ် …သူက ဆရာဝန်ဖြစ်ချင်တာတဲ့ .. ဝါသနာအရမဟုတ်ဘဲ ကျောင်းတတ်နိုင်ဖို့ ရရာလိုင်းတစ်ခုခုကို ယူရတဲ့ အလုပ်ကိုမလုပ်ချင်ဘူးတဲ့ … ။ သူကလည်း ငါကို သည်မှာဘဲနေဖို့ပြောတယ် .. ဒါပေမယ့် မိလွင်ရယ် ငါက Bio လည်းဝါသနာမပါ … နောက် အဖေ့ကိုလည်းမလွန်ဆန်ရဲပါဘူး … ။ ခိုင်လေးကတော့ သူဘာဖြစ်ချင်တယ်ဆိုတာ သူသိတယ်တဲ့ သိတဲ့အတိုင်းလည်းဖြစ်အောင်လုပ်မယ်တဲ့ .. နောက်ငါ့ကိုလည်း ကြိုးစားဖို့ပြောတယ် … သူနောက်ဆုံးပြောသွားတဲ့ စကားကို ငါခုထိကြားယောင်တုန်းပဲ မိလွင် … သူငါ့ကို သံယောဇဉ်တော့ရှိတယ် ဒါပေမယ့် သူက ငါ့လိုတော့ စိတ်ကူးမယဉ်တတ်ဘူးတဲ့ … ၊ ဝန်ခံ ရရင် အဲသည်တုန်းက သည်စကားရဲ့ အဓိပ္ပာယ်ကို ငါနားမလည်မိခဲ့ဘူးဟာ ……

နောက်တော့ ငါသင်တန်းတွေတက်ဖို့ သားအမိတတွေ ရန်ကုန်ကိုပြောင်းဖို့ပြင်ဆင်ကြတုန်းမှာ ငါ့အတွက်လုံးဝ မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကြားခဲ့တယ် … ။ နင်တို့လည်းကြားမှာပေါ့ … ငါ့ဘဝ မျှော်လင့်ချက်အားလုံးကို ဖြိုခွဲခဲ့တဲ့သတင်းတစ်ခု …. ဟုတ်တယ် ငါပြန်မပြောချင်ဆုံး သတင်းတစ်ခုပေါ့ဟာ .. ငါ့အဖေဟိုနိုင်ငံမှာ မမျှော်လင့်ဘဲ မလွန်ဆန်နိုင်လို့ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်ရတယ်ဆိုတဲ့ သတင်းလေ… ။ သည်သတင်းကိုကြားကြားချင်း ငါအမေ့ကို မကြည့်ရဲလောက်အောင် သနားသွားတယ် .. ။ နောက် ငါ့အဖေ … ။


အသက် ၄၀ ကျော်တက်ကြွဖျတ်လတ်ဆဲ ယောက်ျားတစ်ယောက်အတွက် မိန်းမတစ်ယောက်ယောက် ရဲ့ ရင်ခွင်ဟာ ဘယ်လောက်အရေးပါသတဲ့လဲ မိလွင်ရယ် … ကိုယ်နဲ့ ၁၅ နှစ် ကျော်ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ၊ နောက်ကိုယ့်ရင်က သားသမီးတွေရဲ့ အပြုံးတွေ၊ အသည်းနှလုံး တွေ ၊ ယုံကြည်မှုတွေကို စတေးရလောက်အောင် အရေးပါသတဲ့လား …. သည်မေးခွန်းတွေ စွဲချက်တွေကြားမှာ ငါပြိုလဲခဲ့ရတယ် မိလွင် … ရန်ကုန်အပြောင်းမှာ နင်တို့ကို နှုတ်ဆက်မသွားနိုင်လောက်အောင် ငါရှက်လည်း ရှက်ခဲ့ရတယ် …
ငါဘာဆက်လုပ်ရမလဲ … ကျောင်းဆက်တက်ရမလား … ဟိုကိုလိုက်သွားရမလား … အမေနဲ့ ညီမလေးကို ဘယ်လိုထားခဲ့ရမလဲ .. အဖေကရောငါတို့ကို ဆက်ထောက်ပံ့ဦးမလား … ငါ့အတွက် အရာရာက မရေမရာနဲ့ အဖြေမယ့်နေတယ် … ။



ငါ့အောင်စာရင်းထွက်တော့ ဂုဏ်ထူးသုံးဘာသာပါတယ်လေ ( ကြွားတာမဟုတ်ဘူးနော် မိလွင်) နောက်တစ်နေ့ အစောကြီးအမေအပြင်သွားတယ် ….. ညနေလောက်ကျမှ ပြန်ရောက်လာပြီးငါ့ကို စကားပြောတယ် … အဖေနဲ့ စကားပြောခဲ့ရတယ်ဆိုတဲ့အကြောင်းရယ် … နောက် ငါအရင်အစီအစဉ်အတိုင်း ဟိုမှာကျောင်းတက်ဖို့ဆိုတာရယ် …. နောက် အဖေက သူတို့သားအမိကို ဆက်ပြီးထောက်ပံ့မယ် ဆိုတဲ့ အကြောင်းရယ် … ။ အဲသည်ညက အမေမငိုပေမယ့် ကြေကွဲနေတဲ့ အမေ့မျက်လုံးတွေကို ငါမြင်နေရတယ် မိလွင် … ။ သား .. သမီးတွေ အတွက် ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်ကို မာနမတင်းနိုင်ရှာတဲ့ မိန်းမတစ်ယောက်ရဲ့ ကျဆုံးခန်းကို ငါဘယ်လိုကြည့်ရက်ပါ့မလဲ .. ဒါပေမယ့် အမေက ငါ့ကို ငြင်းဆိုခွင့်တောင် မပေးခဲ့ဘူး …. ရန်ကုန်မှာ ငါ သင်တန်းတွေကို တစ်ခုပြီးတစ်ခု စက်ရုပ်တစ်ကောင်လို လိုက်တတ်ခဲ့ရတယ် … ငါအတွက်ပျော်စရာဆိုတာ ခိုင်လေးဆီကို စာရေး စာပြန်ရတဲ့ အချိန်လေးတွေပဲ … ခိုင်လေးငါ့ကို အားပေးရှာတယ် ငါ့အဖေကိုမုန်းမသွားဖို့အကြောင်းလည်း ပြောရှာတယ် ( နောက်မှ နင်တို့ပြောလို့ သိရတာ ခိုင်လေးအဖေကလည်း မိန်းမဖက်မှာနာမည်ကြီးပဲဆို … ငါတကယ် စိတ်မကောင်းဖြစ်ရတယ်ဟာ …) … ရရာ အခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့တဲ့….. ။ ငါအဲသည်စာ တွေကို ခုထက်ထိ သိမ်ထားတုန်း …. သိလား ။ စိတ်ကျရင် ပြန်ထုတ်ဖတ်မိတယ် ... ။

ငါကျောင်းရလို့ ဟိုသွားရမှာ သေချာတော့ အမေက ငါ့ကိုဆုံးမတယ် .. လောကမှာ အရာရာကို အချိန်အနေ အချိန်အခါပေးတုန်းမှာယူရတယ် တဲ့ နောက် လူတိုင်းနဲ့ သင့်တင့်မျှတအောင်နေတတ်ရတယ်ဆို တဲ့အကြောင်းတွေပါ … အမေက လိုရင်းကိုတိုက်ရိုက်တော့ မပြောနိုင်ရှာပါဘူး … ငါနဲအတူ စာအိတ်တစ်လုံးထည့် ပေးလိုက်တယ် …. ကွာရှင်းပြတ်စဲစာချုပ်ပေါ့ … ငါ့ကိုလိုက်ပို့တဲ့နေ့မှာ မတွေ့တာကြာတဲ့အမေ့အပြုံးကို ငါပြန်မြင်ခွင့်ရတယ် … လွန်ခဲ့တဲ့ လေးနှစ်က သည်နေရာကို သတိရလို့လား …ဒါမှ မဟုတ် အသစ်တဖန်မျှော်လင့်ခြင်းတွေကို အမေတွေ့လို့လား … ငါမမေးရက်ခဲ့ဘူး မိလွင် …. ။ အဲသည်နေ့က လေဆိပ်က ဖုန်းနဲ့ငါ ခိုင်လေးဆီဖုန်းဆက်တယ် …. သူကအဆောင်မှာဆိုတော့ ရှောရှောရှူရှူ ရတာကိုပဲ ကျေးဇူးတင်ရမယ်… ခိုင်လေးရဲ့ အားပေးစကားကိုနားထောင်ရင်း ငါမျက်ရည်ကျခဲ့တယ် … အဲသည် အချိန်တုန်းက လောကကြီးကို စိတ်ကူးမယဉ်တတ်တော့တဲ့ လူတစ်ယောက်အတွက်တော့ ငါတို့နှစ်ယောက်ရဲ့ ဝေးကွားမှု ပထမဆုံး သတိထားမိခဲ့လို့ပါပဲ ….။


နိုင်ငံခြားကို ပညာသင်လာကြတဲ့ လူငယ်တွေမှာ ရည်ရွယ်ချက်အမျိုးမျိုး … ရပ်တည်မှုအမျိုးမျိုး … အခြေအနေအမျိုးမျိုး ရှိကြတယ် … ငါကတော့ ကံကောင်းတဲ့ အထဲမှာပါပါတယ်ဟာ … နေစရာအဆင်သင့် .. နောက် စားရေးသောက်ရေးလည်းအဆင်သင့် … ဒါပေမယ့် ငါမပျော်ဘူးမိလွင် …. အရင်ကထက် အသားပိုဖြူပြီး ဝလာတဲ့ ငါ့အဖေကိုလည်း ငါမခင်တော့ဘူး … သူ့မိန်းမ (သည်လိုပဲခေါ်မရစေတော့ ဟာ) ကိုလည်း ငါမုန်းတယ် … ငါ့အပေါ်မှာတော့ ပျက်ကွက်ခဲ့တဲ့ ဝတ္တရားကိုချေတဲ့ အနေနဲ့ပဲဖြစ်ဖြစ် အဖေကကောင်းပါတယ် … သူမိန်းမကလည်း မဆိုးပါဘူး …. ဒါပေမယ့် ပတ်ဝန်းကျင်အသစ်မှာ လူအမျိုးမျိုးနဲ့ ကျင်လည်ရတာကိုတော့ ငါစိတ်အညစ်ဆုံးပဲမိလွင် …. နောက်အပေါင်းအသင်းလုပ်ရတဲ့သူတွေ … လောကမှာ လူတွေအကြောင်းနားလည်လေလေ …လောကကြီးကို စိတ်ကုန်လေပဲ .. ။ လူတွေကို နှိမ်ပြီးပြောတတ် ဆက်ဆံတတ်တဲ့လူတွေ .. စိတ်ရင်းနဲ့ပေါင်းလို့ မရတဲ့သူတွေ .. နောက် လူကိုတွေ့ရင် ကြောဖို့ ကြံတဲ့သူတွေ နဲ့ သည်လိုလူတွေကြားမှာ ငါဘယ်လိုမှ မပျော်နိုင်ဘူးမိလွင် … နောက် ကျောင်းစာတွေကလည်း ငါ့အတွက်ခက်တယ် .. ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမွန်းကြပ်မှု နဲ့စာရင်တော့ မပြောပလောက်ပါဘူး … ငါအစတော့ ခိုင်လေးနဲ့ ဖုန်းဆက်ဖြစ် .. စာရေးဖြစ်သေးတယ် …. ၊ ခိုင်လေးက ပိုလို့လှလာတယ်တဲ့ ငါ့သူငယ်ချင်း ဆေးကျောင်းသားတစ်ယောက်ကပြောတယ် .. နောက်တော့ ခိုင်လေးလဲစာများတော့  သိပ်တောင် စာမရေးဖြစ်ပါဘူး .. နောက်ပိုင်းတော့ ခိုင်လေးက သူ့ကိုလိုက်နေတဲ့ ကောင်လေးတွေအကြောင်း ရေးလာတယ် … ငါသိနေပါပြီ သူစိတ်ပါနေပြီလို့ … သည်မှာ နင်တို့ငါ့ကိုပြောမယ် နင်ဘာလို့ခိုင်လေးကို ချစ်တယ်လို့မပြောတာလဲလို့ … ။ သည်လိုအပြစ်တင်ရင် ငါ့မှာရှင်းပြဖို့ အဖြေသေချာတော့မရှိဘူးဟာ … ငါရင်ထဲကတော့ သိနေတယ် .. ပြောရရင် ငါက ကိုယ်မြတ်နိုးတဲ့သူ့ဆီ တောင်းမှရတဲ့ဟာကို မလိုချင်လို့ပဲ .. ငါဘယ်လောက်ရူးလိုက်သလဲနော် ….သူရှိတဲ့ဆီမှာပဲ စိတ်ရောက်နေတဲ့ငါဟာ သူ့ကိုချစ်တယ်လို့တော့ မပြောခဲ့ဘူးတဲ့ … ဒါပေမယ့် ငါယုံပါတယ် ငါ့အချစ်ကို ခိုင်လေးသိပါတယ် … တစ်စုံတစ်ခုထိလည်း သူတန်ဖိုးထားမှာပါ … ( တွေ့လား ငါကသည်လို) .. ဒါပေမယ့် သူကလက်တွေ့ကျပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးလေ ….. ။



ငါသိပ်ကို တိတ်တဆိတ်ပေါက်ကွဲခဲ့ရတဲ့ … အဖေ့မိန်းမ က သမီးလေးတစ်ယောက်မွေးတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခိုင်လေးက လူတစ်ယောက်ကို ချစ်သူအဖြစ်လက်ခံလိုက်ပြီဆိုတဲ့ စာကိုငါရတယ် မိလွင် … အဲသည်ညက အားလုံးမှောင်မိုက်ပြီး …. ငါပြိုကွဲခဲ့တယ် …။ ဒါပေမယ့် တစ်ဖန်ပြန်လည်ရှင်သန်ဖို့ သေဆုံးသွားခြင်းမျိုးပါ ….. ။



ငါနေတဲ့ အိမ်ကနေ ကျောင်းကိုသွားဖို့ ၁ နာရီသာသာလောက်ကြာတယ် .. သည်တော့ နံနက်စောစော အတန်းတွေရှိရင် မိုးမလင်းခင် ၆နာရီလောက်က အိပ်ယာထရတယ် … ကျောင်းသွားဖို့ရထားစီးရင် ပတ်ဝန်းကျင်က မလင်းသေးဘူး ၄မှတ်တိုင်လောက် စီးပြီးရင် ရထားကမြေအောက်ကို ဝင်ပြီ …. ၊ ဝေလီဝေလင်းကနေ လုံးဝကိုအမှောင်တိုက်ကို ဝင်ပြီပေါ့ … ဒါပေမယ့်နောက်ထပ် ၁၅ မိနစ်လောက်စီးပြီးရင် ရထား မြေအပေါ်ကိုပြန်ထွက်ပြီ … အဲသည်အချိန် ဥမင်ပေါက်ကို ရောက်တဲ့အခါ ပြည့်စုံတဲ့ နေ့သစ်အစကို ငါတွေ့ရပြီ …အဲသည်ခံစားချက်ကို ငါသိပ်ကြိုက်တယ် မိလွင် …. ။ လူဆိုတာ အမှောင်ကို ငြင်းဆန်လေ့ရှိပြီး အလင်းကိုတော့ ကြိုဆိုကြတယ်မဟုတ်လား ။ အမှောင်ရဲ့ ကျဉ်းကျပ်ပိတ်လှောင်မှုနဲ့နေသားကျရာက အလင်းရဲ့လွပ်လပ်လွင့်မျောမှုအသစ်ကို ထိတွေ့ခွင့်ရရင် ကျေနပ်ကြမြဲမဟုတ်လား … ။


ခုတော့ငါ့မှာ ရည်မှန်းချက်ရှိလာပြီ မိလွင် … ငါ့အမေနဲ့ငါ့ညီမလေးအတွက်ပဲ … သူတို့ကို ငါတစ်ယောက်ထဲအားနဲ့ ထောက်ပံ့ရပ်တည်နိုင်အောင် ငါကြိုးစားရမှာပေါ့ .. အဖေ့မှာလည်း သူ့နောက်သားသမီးတွေ အတွက် ကြိုးစားရဦးမှာပဲ … ငါအဖေ့ကို မမုန်းတော့ပါဘူးဟာ …. ဖြေပြီးပဲတွေးလိုက်တော့တယ် …. တနေ့မှာ ငါ့ညီမလေး ပညာရေး ငါ့အမေကျန်းမားရေးအတွက် ငါတို့ဖာသာရပ်တည် နိုင်အောင် အဖေငါ့ကို ပညာတွေသင်ပေးနေတယ်မဟုတ်လား … ၊ တစ်နေ့မှာ ငါ့ရည်မှန်းချက်တွေ အောင်မြင်ရမှာပေါ့ ….


အမှောင်ရဲ့ အလွန်မှာ အလင်းတော့ ရှိစမြဲပါ မိလွင်ရယ် …. ။။



အောင်ဖြိုး
(6:43 am , 22 December , 2009 )

30 September 2009

NP-MM Cultural Show 2009

(Click the picture for more details)

NP-MM Cultural Show 2009

Date - 21st November, 2009 (Saturday)
Time - 1pm to 7 pm
Location - Victoria Theater


(Location Map for Victoria Theater )

လက်မှတ်များကို-
အာကာ-၈၃၈၈၂၇၃၆
ချမ်းငြိမ်းစိုး-၈၁၆၃၈၉၄၂ တို့တွင်မှာကြားဝယ်ယူနိုင်သည့်အပြင်
main sponsor ဖြင့်ကူညီပံ့ပိုးပေးသော
-ဧရာဝတီ Restaurant -Royal-Myanmar Tea Mix တို့နှင့်
co-sponsor များဖြစ်ကြသော
-သပြေနု
-Sin-Myanmar
-Lighting moon pt,ltd.
-သီရီဆံပင်အလှပြုပြင်ရေးခန်းမ
ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

31 August 2009

ကူးတို့ - ရာဘင်ဒြာနတ်တဂိုး

အခုတလော တဂိုးရဲ့ ကဗျာဘာသာပြန်အတွဲတွေ ဆက်ဖတ်ဖြစ်တယ် ။ အရင်တစ်ခါကလို ခံစားနှစ်ကြိုက်မိတဲ့ ကဗျာလေးတွေကို တင်ပေးတာပါ ။ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်မူပါ ။ “The Crossing” - ကူးတို့ ကဗျာရှည်ထဲက ဖတ်ပြီးသမျှ ကြိုက်နှစ်သက်တဲ့ အပိုဒ်တွေကို ရွေးပြီးတင်ထားတာပါ ။



ကူးတို့ အပိုဒ် (၁၆)

အရုဏ်တက်တုန်းက ကိုယ့်တံခါးဝကို
မင်းရောက်လာပြီးတေးဆိုသွားခဲ့တယ်။
အိပ်တာကိုနှောက်ယှက်ရမလားဆိုပြီး ကိုယ်စိတ်ဆိုးခဲ့မိတယ် ။

မင်းကတော့ ဂရုမစိုက်ဘဲ့ ပြန်ထွက်သွားခဲ့တယ်လေ ။

နေ့လည်ကျတော့ မင်းရောက်လာပြီး
ရေ တစ်ပေါက်တောင်းပြန်တယ် ။

ကိုယ့်အလုပ်ကို နှောက်ယှက်ရပါ့မလားလို့ စိတ်တိုပြီး
မင်းကို ပြစ်တင်မောင်းမဲပြီး
လွှတ်လိုက်တယ် ။

ညချမ်းကျတော့ မင်းရဲ့မီးတိုင်ကိုင်ပြီး
ရောက်လာပြန်တယ်။

မင်းဟာ ကိုယ့်အတွက် ကြောက်ဖွယ်ဖြစ်နေတဲ့အတွက်
ကိုယ့်တံခါးကို ပိတ်ထားလိုက်တယ် ။

ခု သန်းခေါင်ရောက်တော့
မီးမရှိတဲ့ ကိုယ့်အခန်းထဲမှာ တစ်ယောက်ထဲထိုင်ရင်း
ကိုယ်စော်ကား မောင်းမဲလွှတ်လိုက်တဲ့ မင့်ကို
ပြန်ပြီးခေါ်နေမိတယ်လေ ။ ။


+++++++++++++


ကူးတို့ အပိုဒ် (၂၃)

ငါမသိသော်လည်း
သင့်ကိုနာကျင်အောင်လုပ်တိုင်း
သင်သည် ငါနှင့်ပို၍ နီးစပ်လာ၏ ။

သင့်ကို ရှုံးနိမ့်သွားအောင်တိုက်လိုက်သော အခါတွင်
ငါသည် သင့်ကို အရှင်သခင်အဖြစ် ပိုင်ဆိုင်ခဲ့ရ၏ ။

သင့်ကို ငါတိတ်တဆိတ်လုယူသည့်အခါတွင်
သင့်အပေါ်တင်သည့် ငါ့အကြွေးသည် ပို၍ကြီးလာ၏ ။

သင့်ရေစီးကြောင်းများထဲဝယ် ငါ့မာနဖြင့်သင့်ကို
ဆန့်ကျင်တိုက်ခိုက်သော အခါတွင်
သင်၏ခွန်အားတို့သည် ငါ့ရင်တွင်းတွင် လာရောက်စုဝေးကြကုန်၏ ။

သင့်ကို အန်တုသောအားဖြင့် ငါ့အိမ်ထဲက မီးအိမ်ကို ငြိမ်းသတ်လိုက်သော အခါတွင်
သင့်ကောင်းကင်ကြီးသည် ကြယ်ပွင့်တို့ဖြင့်
ငါ့အား အံအားသင့်အောင် လုပ်ခဲ့ သည်တကား ။ ။

(ဆရာ မြသန်းတင့် ပြန်ဆိုသည်)

ကဗျာဆိုတာ ဖတ်သူရဲ့အရွယ် ၊ နောက်အတွေ့အကြုံ ကွာခြားမှုကိုလိုက်ပြီး ရှုထောင့်အမျိုးစုံ အမြင်မျိုးစုံ ကနေခံစားနိုင်ပါတယ် ။ ။
Aung Phyoe

22 August 2009

ရင်မှာပွင့်သောပန်း

သည်ကိစ္စကို စမိတာက ကျတော် .. ကိုYTU ကို Online မှာတွေ့တုန်း ရင်ဖွင့်ပြီးရေးကြည့်ပါလားလို့ အကြံပေးမိတယ် .. နောက် Tag ချင်လည်း Tag ပေါ့လို့ ... အဲ နောက်တော့ သူ့ပရောဂ ကြောင့် ဘလော့တွေအကုန်လုံးလည်း ပန်းတွေဖြစ်ကုန်ပြီ ..။ သူကတော့ ဘဝမှာ ဦးဆုံးပွင့်ခဲ့တဲ့ ပန်းဆိုပြီး ပြောထားတယ် .. ကျတော်ကတော့ ကိုယ့်ရင်မှာ ဘယ်တုန်းကမဆိုပွင့်တဲ့ပန်းပေါ့လို ခံယူပြီးဝတ္ထုတစ်ပုဒ် ကြိုးစားရေးထားပါတယ် ... နောက်ကိုYTU တဂ်တဲ့ အထဲမှာ အိမ်ထောင်သည်တွေမပါဘူးဆိုပဲ ... ဒါပေမယ့် ကျတော်ကတော့ခင်မင်သူတွေကို ဆက်တဂ်ပါတယ် (အဲ အိမ်ထောင်သည် တွေရောပါတယ်) ... ဆိုလိုတာက ဦးဆုံးပွင့်တဲ့ ပန်းမှမဟုတ်ပါဘူး ကိုယ့်ရင်ထဲမှာပွင့်ခဲ့တဲ့ ၊ ပွင့်နေဆဲ ကိုယ်မြတ်နိုးရတဲ့ ပန်းလေးတွေအကြောင်းပေါ့ ... ခံစားကြည့်ပါဦး ..

အိပ်မက်ပြာ

“ နှင်းဆီဆိုတာ ချစ်ခြင်းရဲ့ သင်္ကေတ …အထူးသဖြင့် အဝါရောင် နှင်းဆီဆိုတာ သိမ်မွေ့လေးနက်တဲ့ အချစ်ရဲ့ သင်္ကေတပေါ့ …. ကျတော်မင်းကို နှင်းဆီအဝါတွေ ပေးတယ် .. မင်းကျတော့်ကို အချစ်ပြန်ပေးမလား ….”

++++++

သူ့ကိုချစ်တယ်လို့ ကိုယ်ပြောတိုင်း ကိုယ့်စကားကို သူ ဘယ်တုန်းမှ အလေးအနက် မထားတတ်ပါ ….. မကြားချင်ယောင် ဆောင်ကောင်းဆောင်နေမယ် … ဒါမှမဟုတ် “ရှင့်ကို တို့မချစ်ပါဘူး … ခင်ရုံတင်ခင်တာ ..” လို့ ရယ်ရင်းပြောမယ် … ကိုယ့်ကို စိတ်ထိခိုက်အောင် စချင်ရင်တော့ “ဟုတ်တယ် ရှင့်ကိုတို့ မချစ်ပါဘူး တို့ချစ်တဲ့သူတွေ့ ရင်ရှင့်ကိုတကယ်ကြီးကို ထားခဲ့မှာနော်… ” လို့ တည်တည်လေးပြောတတ်သည်…
သူသည်လိုပြောတိုင်း ကိုယ့်မှာပြန်ပြောစရာ စကားတော့ မရှိတတ် … အဆုံးစွန်တိုင် ချခဲ့ရတဲ့ မာနရဲ့ တုန့်ပြန်မှုကြောင့် နှုတ်ဆွံ့ နေရတတ်သည် …. နောက်တော့ ကိုယ်ကလည်း ခပ်သောသောရယ်ရင်း .. “ဟုတ်လား” လို့ ဘာမှမဖြစ်သလိုပြန်ပြောတတ်သည် ။

++++++

“မြင်မြင်ချင်းပဲ ချစ်မိတယ်” ဆိုတဲ့စကားကို ကိုယ်မယုံပါ ။ သည်အတွက် သူ့ကို တွေ့တွေ့ချင်း မချစ်မိခဲ့သည့်အတွက် ကုန်ဆုံးသွားရတဲ့ အချိန်တွေကိုလည်း မနှမြောမိ ။ နောက် ပတ်ဝန်းကျင်ကို အရေးမစိုက်နိုင်အောင် ကိုယ့်ကိုယ်ကို အထင်ကြီးတတ်တဲ့ ( “မရှိမဖြစ်မိုး” ထဲက ခင်မိုးမြင့်လို ) မိန်းမမျိုးကို ကိုယ်မကြိုက် ။ မိန်းမဆိုတာ လုံဝကြီးမဟုတ်သည့်တိုင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ မိန်းမပီသနေရမည်လို့ ပဲပြဌာန်းထားတတ်ခဲ့ဖူးသည် ။ သူ့ရဲ့ စိတ်ကိုမသိရသေးမှီ ပုံစံအမြင်မှ သဘောကျစရာဆိုလို့ အတန်အသင့်ရှည်လျားတဲ့ ဆံပင်ရယ် … ပါးစပ်ကအပြုံးကို လိုက်ပါကူးစက်နိုင်စွမ်းရှိတဲ့ မျက်လုံးဝိုင်းလေး တစ်စုံကိုရယ်ပဲ ကိုယ် အသိအမှတ်ပြုခဲ့မိသည် ။ ဒါပေမယ့် မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ ခံစားချက်ကို ယုံကြည်သွားတဲ့အခါ သည်ခပ်ကြောင်ကြောင် အချက်တွေဆိုတာ မလိုတော့ဘူးလို့ ကိုယ်ထင်သည် ။ သူ့ရဲ့ အားနည်းချက် အားသာချက် ၊ လှပမှု အကြည်း တန်မှုတွေ ပျောက်ကွယ်ပေါင်းစပ်သွားပြီး မြတ်နိုးစရာ တစ်ခုအဖြစ်သာ ပြန်လည်မွေးဖွားလာခဲ့သည် ။

++++++

မိန်းမတစ်ယောက် ကိုချစ်မြတ်နိုးရသည့်အတွက် လှိုက်လှဲစွာ ရင်ခုန်ကြည်နူးရမှု ကို သူနှင့်ပတ်သက်မှပင် ခံစားနားလည်လာရသည် ။ သူ့ကို တစိမ့်စိမ့်ငေးစိုက်ကြည့်ခွင့် ရတဲ့ အချိန်လေးတွေကိုပင် တန်ဖိုးမဖြတ်နိုင်အောင် မြတ်နိုးရတော့သည်။ ကိုယ့်ကို ဂရုမပြုနိုင်အောင်ပင် သူ့ကိစ္စတွေနဲ့ အလုပ်များနေတဲ့ သူ့ကို တစိမ့်စိမ့်ငေးကြည့်နေရတာနဲ့ပင် ကမ္ဘာကြီးသည် ပြည့်စုံနေပြီရယ်လို့ ကိုယ့်ကိုယ့်ကို အလှည့်စားခံရပြန်သည် ။ ကိစ္စတစ်ခုကို ဖြေရှင်းအဖြေထုတ်ရင်း စိတ်ရှုပ်ရင် အောက်ကို ကုတ်သွားတတ်တဲ့ သူ့ခြေချောင်းလေးတွေ ၊ လက်မ နဲ့ လက်ညှိုးကို ချိုးတတ်တဲ့  အကျင့်လေး ၊ ဆံပင်ရှည်တွေကို လက်နဲ့ပင့်တင်တတ်တဲ့ ဟန်လေးတွေကအစ အသေးစိတ်မှတ်မိနေတတ်သည် ။ သူကြိုက်လို့ ညည်းတတ်တဲ့သီချင်းတွေ ၊ သူကြည့်တတ်ဆိုတဲ့ ဇာတ်လမ်းတွေ ၊ “ကောင်းတယ်ဟဲ့ ကြည့်ကြည့် .. နားထောင်ကြည့်” လို့သာမန်ကာ လျှံကာညွှန်းတတ်တဲ့ သူ့အကြိုက်လို့ ကိုယ်ယူဆရတဲ့ အရာတွေကို ကိုယ့်အကြိုက်ဆုံးစာရင်းထဲ သိမ်းကြုံးထည့်လို့ ရှာဖွေကြည့်ရ နားထောင်ရတာရတဲ့ အခါမှာကျတော့ လောကကြီးမှာအသက်ရှင်ရတာ ထိုက်တန်လေခြင်းလို့ ဖန်ဆင်းသူကို ပင်ကျေးဇူးတင် ရတော့သည် … လူတစ်ယောက်ကို စွဲလမ်းသွားတယ်ဆိုတာ သိပ်ကိုကြီးမားတဲ့ ကျိန်စာတစ်ရပ်လို့တောင် တစ်ခါတစ်ခါ ကိုယ်ထင်မိသည် … ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်ဥာဏ်တွေ ၊ အတွေးအခေါ်တွေကိုလုံးဝဖုံးကွယ် နိုင်လောက်အောင်စွဲလမ်းသွားရတယ်ဆိုတာ (ကိုယ့်အတွက်တော့) သိပ်ကိုကြီးကျယ်တဲ့ ဖြစ်ရပ်တစ်ခုပဲ ။ သူ့ကိုငေးစိုက်ကြည့်ရင်း မြတ်နိုးမှုကြောင့်ရင်ခုန်မှု ၊ ဆုံးရှုံးရမှာကို ပူပန်မှုတွေပေါင်းစပ်ပြီး ရင်ထဲမှ မချိအောင် တင်းခနဲဖြစ်သွား တတ်တဲ့အခါမျိုးမှာတော့ အချစ်ဆိုတာ ချိုမြိန်သည့်တိုင် ကျိန်စာတစ်ခုရယ်လို့ ကိုယ့်မသိစိတ်က ယုံကြည်နေမိသည် …

++++++

မိန်းမတစ်ယောက်ကို ချစ်လျက်နဲ့ စွန့်လွှတ်သွားရပါတယ်လို့ ခံဝန်ချက်ပေးတတ်တဲ့ ယောက်ျားတွေကို ကျတော် အထင်သေးသည် .. မိန်းမတစ်ယောက်ကိုချစ်ရင် သူ့အချစ်ကို ရ ၊ မရ မသေချာပေမယ့် ယောက်ျားပီပီ အားထုတ်မှုတစ်ခုခုတော့ လုပ်ရမယ်လို့ လက်တွေ့ကျကျ ကိုယ်တွေးမိတဲ့ အချိန်မှာတော့ သူ့အတွက် မျက်နှာပြောင်တိုက်တယ်ဆိုတာ ကို ကိုယ်ရဲရဲဝံ့ဝံ့လုပ် ဝံ့ပြီ … သူ့ကို ရင်းနှီးဖို့ မဆုံ ဆုံအောင် သူ ရှိတတ်တဲ့နေရာတွေကို နောက်ယောင်ခံသွားတတ်ပြီ … တွေ့ရင်လည်း သာမန်အကြောင်းအရာတွေကို စကားမပြတ်နိုင်အောင် မျက်နှာထားတည်တည်နဲ့ပြောတတ်ပြီ … မကြာမကြာလည်း စကားမရှိစကားရှာကာ ဖုန်းဆက်ရပြီ … သူ့ကိုလည်း ဆရာတင်ပြီး အင်မတိအင်မတန်ရိုးစင်းသော အကြောင်းအရာတွေ ကို မသိနားမလည်ဟန်နဲ့မေးရပြီ … ။ တစ်ခါတစ်ခါတော့ ကိုယ့်အပြုအမူတွေဟာ တော့်တော့်ကို ကြောင်တာမို့ သူ့ကိုတွေ့ချင် ကြားချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ပေါချာချာဖြစ်လောက်အောင် မျက်နှာပြောင်တိုက်ရတော့ .. “ ဘယ်နယ်ကွာ .. ဒါမာနကြီးပြီး အတ္တသိပ်များတယ်လို့ပြောကြတဲ့ ကိုယ်တဲ့လား .. ကိုယ့်အပြုအမူတွေဟာ သိပ်ကို အပြောင်တိုက်လွန်းအားကြီးနေပြီလား ..” လို့ ကိုယ့်ကိုကိုယ် ဒဏ်ခတ်ချင်မိတဲ့အထိ .. ဒါပေမယ့် ဒါဟာ မိန်းမတစ်ယောက်ကိုချစ်မိတဲ့ ယောက်ျားတစ်ယောက် မဖြစ်မနေလုပ်ရမယ့် လုပ်ရပ်ဆိုတာ သိတော့ ကိုယ့်ဦးနှောက်ကို အသည်းနှလုံးက ထိန်းချုပ်သွားခဲ့ပြီ …

++++++

မိန်းမတစ်ယောက်ရဲ့ ယောက်ျားတစ်ယောက်အပေါ် အချစ်မှာ အထင်ကြီးမှုပါကောင်းပါနိုင်ပေမယ့် .. ယောက်ျားတစ်ယောက်အဖို့ မိန်းမတစ်ယောက်ကို အထင်ကြီးပြီးချစ်ဖို့ဆိုတာမလွယ်ပါ … ယောက်ျားဆိုတာ မိန်းမတစ်ယောက်ကို အကာအကွယ်ပေးဖို့ အသင့်ရှိတယ်ဆိုတဲ့ အနေအထားနဲ့ ပဲ ချစ်နေနိုင်မယ် … သို့သော် ..သည်လို ဦးနှောက်ကလာတဲ့ အတွေးအခေါ်တွေက အချစ်ကိုတွေ့တဲ့ အခါမှာ အတွေးအရာမဝင်ပါ … သည်တော့ ကိုယ့်မှာ သူ့အတွက်အရာရာကို ခိုင်းသမျှ မငြင်းမဆန်လုပ်ပေးဖို့ အသင့်ရှိတဲ့ သူတစ်ယောက်ဖြစ်ရတော့၏ …. သူများတွေ မျက်မုန်းကျိုးလောက်အောင် ကိုယ့်အပြုမူတွေ ပိုကောင်းပိုနေလိမ့်မည် .. သည်အတွက် သူ့ကိုယ့်ကို တုန့်ပြန်ခဲ့သလား .. ကိုယ်သေချာမသိပါ … သူနဲ့ကိုယ့်ရဲ့ ရင်းနှီးမှုအတွက် ဘယ်သူတွေဘယ်လိုဆိုဆို …ကိုယ်ကတော့ သူ့ဆီကတုန့်ပြန်တဲ့ အပြုံးတစ်ချက်ကိုရဖို့ …. ပိုင်စိုးပိုင်နက်နိုင်တဲ့ စကားတစ်ခွန်းကို ကြားရဖို့ ကလည်းပြီး အခြားဘာကိုမှ ဂရုမစိုက်နိုင် … သူ့ကို အိပ်မက်ထဲမှာ မရေမတွက်နိုင်အောင်တွေ့ရတတ်သည် … သူ့ဆံပင်ရဲ့ရနံ့ကို ရတယ်လို့ထင်အောင် ၊ ကိုယ့်ပုခုံးမှာ သူမှီနွဲ့နေသည် လို့ခံစားရအောင် လည်း အိပ်မက်က တိကျအသေးစိတ်လွန်းနေတတ်၏ .. ။ နောက်အိပ်မက်ထဲမှာ သူ့အတွက် နှင်းဆီပန်းအဝါတွေကို ဝယ်သွားတတ်ပြီး …. သူ့ဆံပင်တွေကို သပ်ဖွလို့ “အချစ်လေး .. အချစ်လေး.. လို့” တိုးတိုးလေးရေရွတ်နေတတ်သည် …

++++++

ဟိုးငယ်ငယ်တုန်းက ကိုယ့်ချစ်သူဟာ အရာရာကိုယ်နဲ့ အကြိုက်တူသူဖြစ်ရမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးသည် … နောက်နည်းနည်းအသက်လေးရလာတော့ ချစ်တဲ့သူကို ကိုယ့်အကြိုက်ပြုပြင်ယူမယ်ရယ်လို့ စဉ်းစားမိပြန်သည် .. အခုတော့ သည်အချက်တွေက သိပ်ကိုသေးဖွဲတဲ့ အတွေးအခေါ်တွေရယ်လို့ ခံယူနိုင်ပြီ … ကိုယ့်ချစ်ရသူအတွက် အရာရာမှာ သူအကြိုက်နဲ့ကိုယ့်အကြိုက်ညှိယူတာ (အများအားဖြင့်တော့ သူ့အကြိုက်ကို ကိုယ့်အကြိုက်အဖြစ်ပြောင်းလဲပစ်တာ ) ကိုပဲ အချစ်ရဲ့နိယာမလို့ကိုယ် ထင်နေတတ်ပြီ …. သည်အတွက် ကိုယ်ပေးသမျှစာအုပ်တွေကို သည်အတိုင်းပြန်ပေးတတ်သော သူ့ကို ကိုယ်ကအပျင်းပြေ နားထောင်ပေါ့လို့ ဝတ္ထုတို လေးတွေကို အသံထွက်ပြီးဖတ်ပြရသည် ... Latte နဲ့ Cappuccino ကို မခွဲတတ်တဲ့ သူ့အတွက် ကော်ဖီအကြောင်းဖျော်ပုံဖျော်နည်း တွေကိုဖောင်လောက်အောင်ပြောကာ … ကိုယ်သောက်နေကျ သာမာန်ထက် နည်းနည်းအချိုတိုးပြီး ကော်ဖီဖျော်ပေးရသည် … သူကကိုယ်ကြိုက်တဲ့ သီချင်းတွေဆိုကြားတောင်မကြားဖူး … သည့်အတွက် “ချစ်ပြုံးနှင်းဆီ” ကိုဆိုပြလို့မရ ၊ “နွေနှောင်းရွက်ကျန်” ကို ညည်းပြလို့မဖြစ် …သည်အတွက် တစ်ခါမှကိုင်မကြည့်ဖူးတဲ့ ဂစ်တာကို မလို့ “ရှင်ဆိုပြမယ့်တစ်နေ့ နားထောင်မယ်လေ ” လို့ပြောဖူးတဲ့ လေးဖြူရဲ့ “ခရီးများအဆုံးထိ” တစ်ပုဒ်ထဲကို အကို့ဆီမှာ တိတ်တိတ်လေးသင်ရသည် … ယောက်ျားလေးတစ်ယောက်ရဲ့ အဝတ်အစားကို ဂရုတစိုက်မှတ်ချက်ပေးတတ်တဲ့ သူ့အတွက် အရင်ဘယ်တုန်းကမှအရေးမစိုက်ခဲ့သော ဆံပင်ကို သေသေသပ်သပ်ဖီးပြီး အရောင်လွင်လွင်လေးတွေကို ကြည့်ကောင်းအောင် ဝတ်ရသည် ..

နောက် ကိုယ့်တစ်ယောက်ထဲ ဆိုရင်လည်း သူ့အကြောင်းကိုတွေးရသည် … အတူတူတွေ့ချိန်ဆိုရင် ခံစားမှုမျိုးစုံ ပေါင်းစုံနေသည့်ဖိစီးမှုကို သူကပေးတတ်သည် … ကြည်နူးရမှုနဲ့အတူ အချိန် ခရီးအကွားအဝေးကို ဆွဲဆန့်ထားချင်တဲ့ ကလေးဆန်ဆန်ခံစားမှုတွေ .. ပျော်ရွှင်နေရင်းက သူကိုယ့်ကို မချစ်ပါဘူးလို့ခံစားမိရင်း မျက်ရည်ဝဲလောက်အောင် ဝမ်းနည်းမှုတွေ .. သူကိုယ့်ရှေ့မှာ ရှိနေပါလျက် သူနဲ့ပတ်သက်သည့် တစ်စုံတစ်ခုကို လွမ်းဆွတ်နေရသည့်ခံစားမှုတွေကို တကိုယ်တည်းခံစားရတတ်သည် …

နှစ်ယောက်သား လမ်းခွဲတိုင်းနောက်ကို ဘယ်တော့မှသမင်လည်ပြန်လှည့်မကြည့်တတ်ဘဲ ခပ်မှန်မှန် လျှောက်သွားတတ်တဲ့ သူ့ကို မျက်လုံးထဲကပျောက်သွားသည်အထိ ငေးကြည့်ရင်း …တစ်နေ့ သူ့ကို ပွင့်လင်းစွာ နှင်းဆီဝါတွေ ကိုယ်ပေးဖြစ်ခဲ့သည် ။

++++++

မိန်းမတစ်ယောက်ကိုချစ်လို့ ဒူးထောက်ပြီး ချစ်ခွင့်တောင်းရလောက်အောင် ၊ ငိုကြွေးပြီး အသနားခံရလောက်အောင် မာနမဲ့တဲ့ ယောက်ျားတွေထဲမှာ ကိုယ်မပါပါ ။ ဒါဟာ သူတို့ အချစ်ရဲ့ကြီးမားမှု ကို သက်သေပြတာလား ။ သူတို့ရဲ့ ယောက်ျားမဆန် ပျော့ညံ့မှုကို ပြတာလား ..။ ကိုယ်ကတော့ သူငြင်းရင် ၊ သူ့ အတွက် အရာရာစိတ်ကြိုက်ဖြစ်စေရမယ်လို့ ကိုယ့်ကိုကိုယ်ဆုံးမထားရသည် ။

သူ နှင်းဆီတွေနဲ့တင်စားပြောတဲ့ကိုယ့်စကားကို နားလည်ပါသည် … သူက လူကဲခတ်ကောင်း သူတစ်ယောက်လည်းဖြစ်တော့ သည့်အရင်ထဲက သည်လို ကိုယ်ပြောမယ်ဆိုတာ သိကောင်းသိထားပြီး ဖြစ်မှာပါ … ကိုယ်ဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက မိန်းကလေးတွေလို ကြားကြားချင်း ရှက်သွားချင်းလည်းမရှိ ၊ အထိတ်တလန့်လည်းဖြစ်ပုံမရဘဲ .. ဖြည်းဖြည်းလေးပြုံး ပြသည် …
“ရှင်ရယ် …. တို့ဒါတွေ မတွေးချင်သေးဘူး … ရှင့်ကို ခင်ရုံပဲခင်ချင်သေးတယ် … တို့နဲ့ရှင် အရင်လိုပဲနေကြရအောင်လေ.. နော် .. နှင်းဆီတွေအတွက်ကျေးဇူးတင်ပါတယ်ရှင် .. တို့ သိပ်ကြိုတယ် .. နှင်းဆီ အနီဆိုပိုကြိုက်တယ် ”


သည်ညနေက သူနှင်းဆီဝါတွေကို ယူသွားသည့်တိုင်နောက်ပိုင်း သည်အကြောင်းကို စကားစပ်လို့မပြောခဲ့ ..။

++++++

မိန်းမတစ်ယောက်ချည်ထား၊ လှန်ထားတဲ့ ကြိုးဆိုတာ ဘယ်လောက်ထိရှည်လည်း ကျတော်မခန့်မှန်းနိုင်ပါ ။ သည်နောက် သူနဲ့ကိုယ် ပိုလို့လည်းနီးကပ်မသွား .. ဝေးလို့လည်းမသွားခဲ့ .. အမှန်ဆိုရင် ကိုယ်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို အဓိပ္ပာယ်ဖွင့်ပြဖို့လည်း ကိုယ်မတတ်နိုင် … ကိုယ်သိသလောက်ဆိုရင် အိပ်မက်မက်နေရတဲ့ ခံစားချက်နဲ့တော့ ဆင်ဆင်တူလိမ့်မည် … ကိုယ်ကတော့ သည်အိပ်မက်ကိုတတ်နိုင်သမျှဆက်မက်ချင်သည် … ကိုယ့်ရဲ့ မာနက ခွင့်ပြုသ၍ပေါ့ … ..


ကိုယ်သူ့ကို “မောင်တို့ချယ်ရီမြေ” ဆိုပြတိုင်း တစ်နေ့တော့သွားကျတောပေါ့လို့ တိုးတိုးလေးပြောတတ်သည် … ကိုယ်သူ့ကိုစူးစိုက်ကြည့် ရင်တော့ သူငယ်ချင်းတွေနဲ့လေ လို့လျောချတတ်သည် .. “ခင်ခင်ထူး” ရဲ့ “ပန်းကြာဝတ်မှုန်” ကိုဖတ်ပြမိတိုင်း “ဘာလဲ … ရှင့်ကို သည်လိုခေါ်စေချင်တာလား” လို့ မျက်လုံးလေးတစ်စုံ က ပြုံးရင်းပြောတတ်သည် ….


ကျတော်သူ့ကို တစ်ခုခုတိုက်တွန်းတိုင်း ဘယ်တုန်းကမှ မငြင်းမဆန် လက်မခံတတ်.. နည်းနည်းတော့ အတွန့်တက်လိုက်ရမှ ကျေနပ်တတ်သည် ….

“ရှင့်လို မအားဘူးလေ… ”
“အော်… ခင်ဗျားက serious lady ပေါ့ … ”

“တို့ကသည်လိုပဲ .. ရှင်အရင်တည်းက မသိဘူးလား …လောကမှာ လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရတယ်”
“လုပ်ပေါ့ ခင်ဗျားလည်း လုပ်သင့်တာတွေချည်းလုပ်ပြီး သေမှာပဲ…”


သည်လိုအခါမျိုးမှာတော့ ညနေတွေဟာအေးစက်သွားတတ်ရဲ့ … ဒါပေမယ့် တစ်ယောက်ကို တစ်ယောက်စိတ်ဆိုးတတ်တဲ့ အချိန်တွေကို နှစ်ယောက်စလုံးက ကြာရှည်စွာ မထားတတ်ကြပါ .. တစ်ခါတစ်ခါတော့ ကိုယ်ပြောချင်နေသည် ..

“အချိန်က လူ့ကိုမစောင့်ဘူးတဲ့ … ကိုယ်ကတော့ စောင့်ခဲ့သားပဲ ….. ဒါပေမယ့် မင်းက ကိုယ့်ကို လိုက်မမှီတာလား … ကိုယ်က မင်းကို လိုက်မမှီတာလား … လှန်ထားတဲ့ကြိုးရှည် တစ်ချိန်ချိန်ပြတ်ထွက်မှာ ကိုယ်ကြောက်တယ် ..”

သူ့ကိုချစ်တယ်လို့ ကိုယ်ပြောတိုင်း ကိုယ့်စကားကို သူ ဘယ်တုန်းမှ အလေးအနက် မထားတတ်ပါ ….. မကြားချင်ယောင် ဆောင်ကောင်းဆောင်နေမယ် … ဒါမှမဟုတ် “ရှင့်ကို တို့မချစ်ပါဘူး … ခင်ရုံတင်ခင်တာ ..” လို့ ရယ်ရင်းပြောမယ် … ကိုယ့်ကို စိတ်ထိခိုက်အောင် စချင်ရင်တော့ “ဟုတ်တယ် ရှင့်ကိုတို့ မချစ်ပါဘူး တို့ချစ်တဲ့သူတွေ့ ရင်ရှင့်ကိုတကယ်ကြီးကို ထားခဲ့မှာနော်… ” လို့ တည်တည်လေးပြောတတ်သည်…


++++++

ပျော်ရွှင်စရာကောင်းတဲ့အိပ်မက်တွေ ကိုမနိုးထစတန်း ကိုယ်မက်ချင်သည် .. သို့ပေမယ့် ဘဝသည်အမြဲတမ်း အိပ်မက်မဟုတ် … ဘဝတွင် ကြောက်မက်ဖွယ် ခွဲခြားသွားစေမယ့် အကွာအဝေးများ .. လှည့်ကွက်များ … အမှတ်မထင်ဖန်တီးမယ့် ဇာတ်ကြောင်းများ များစွားရှိသည် …. ပျော်ရွှင်စရာအိပ်မက်ရဲ့ အလွန်မှာ သာယာတဲ့ တစ်ချိန်ချိန်ရှိကောင်းရှိမည် .. သို့မဟုတ်လွမ်းဆွတ်တသရမည့် အခြေအနေတစ်ခု ရှိကောင်းရှိမည် … အဆိုးဆုံးကို စဉ်းစားတတ်တဲ့ ကိုယ့်အတွက်တော့ အဲသည်အိပ်မက်အလွန်ဟာ အကျည်းတန်လှတယ် ..

အဲသည်အချိန်မှာ သူ တစ်ချိန်က ချစ်ခိုးရည်ဝေစွာကြည့်တတ်တဲ့ မျက်လုံးတစ်စုံကိုမေ့လျော့နေတော့မည် .. အနည်ငယ်သာ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ရဲ့ ဟန်ပန်ကို မမှတ်မိဘဲရှိလိမ့်မည် ..ကိုယ့်ကြောင့် လှုပ်ခတ်တိမ်းညွှတ်ခဲ့ရတဲ့ အာရုံတွေပြန်လည် အနည်ထိုင်သွားလိမ့်မည် .. ထိုက်သင့်တဲ့ အပျော်တွေပြည့်စုံမှုတွေ ဝန်းရံနေလိမ့်မည် …

ကိုယ်ကတော့ သူနဲ့ခပ်ဝေးဝေးတစ်နေရာမှာ ပျော်ရွှင်ကောင်းပျော်ရွှင်နေလိမ့်မည် .. ကိုယ်မနှစ်သက်သော်လည်း လူအများအားကျလောက်တဲ့ ပညာရပ်တစ်ခုခုဖြင့် ရပ်တည်နေလိမ့်မည် .. ဒါထက်ကံကောင်းရင် အသိအမှတ်နေရာတစ်ခုခုရထားတဲ့ အနုပညာသမား တစ်ယောက်ဖြစ်ချင်ဖြစ်နေမည် … ဒါမှမဟုတ် ….

ဘာပဲပြောပြော ခုလို ဘဝကို စစ်အေးတိုက်ပွဲတိုက်နေရချိန်မှာတော့ အိပ်မက်ထဲမှာနေထိုင်ရင်း ချစ်သူဆိုတာ ကိုယ်ကချစ်နေရတဲ့သူပဲ ရယ်လို့ ယုံကြည်နေချင်ပါသည် ။ ။

အောင်ဖြိုး

(ညနေ ၈း၁၈ မိနစ် ၊ သြဂုတ် ၂၂)


ဆက်တဂ်ရရင်တော့
- ဆရာမမေငြိမ်း - ပွင့်ဦးအငုံ
- မကြီးကေ - စိန်ပန်း နဲ့ ကံ့ကော်တွေ..အတူ ပွင့်ခဲ့တယ်
- မလင်းလက်ကြယ်စင်
- သုညတွေလုပ်တဲ့ အီးဒီယူကင်း
- ကိုလောရှည်

(အကိုရေ ရေးတော့ ရေးလိုက်တယ်ဗျာ ... ကျတော်တာဝန်ကျေပြီနော် ... )

29 June 2009

Jhumpa Lahiri မိတ်ဆက်



အမေရိကန် ဝတ္ထုရေးဆရာမ ဂျုံပလဟားရီကို ၁၉၆၇ ခုတွင် ဘင်္ဂါလီမိဘနှစ်ပါးက လန်ဒန်မြို့တွင်ဖွားမြင်သည် ။ မိသားစုက သူမအသက်သုံးနှစ်သမီးမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့နေထိုင်ခဲ့သဖြင့် အမေရိကန်နိုင်ငံသူတစ်ဦးဟုပင် သူ့ကိုယ်သူသတ်မှတ်ခဲ့သည် ။ အဖမှာ စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး မိခင်မှာ ဘင်္ဂါလီရိုးရာဓလေ့ကိုထိန်းသိမ်းလို သည့် အိမ်ရှင်မတစ်ဦးဖြစ်သည် ။ သူတို့မိသားစုသည် အားလပ်ရက်များတွင် ကလက္တားမှာ ဆွေမျိုးသားချင်းများထံ အလည်သွားလေ့ရှိကြသည် ။

လဟားရီမှာ ဘော့စတွန် တက္ကသိုလ်မှ Engish , Creative Writing, Comparative Literature တို့တွင် M.A. ဒီဂရီတို့ရခဲ့ပြီး Renaissance Studies ဖြင့် Ph.D ရခဲ့သည် ။ ၂၀၀၁ ခုနှစ်တွင် Time မဂ္ဂဇင်း ကိုယ်စားလှယ် အယ်ဒီတာ Alberto Vourvoulias-Bush နှင့်လက်ထပ်ခဲ့ပြီး ယခုအခါ နယူးယောက်မြို့တွင် ခင်ပွန်းသည် ၊ သားသမီး(၂) ယောက်နှင့်အတူနေထိုင်လျှက်ရှိသည် ။


လဟားရီသည် ဘော့စတွန် တက္ကသိုလ်တက်နေစဉ်မှာပင် ဝတ္ထုတိုများစတင်ရေးသားခဲ့သည် ။ သူမ၏ ပထမဆုံး ဝတ္ထုတိုပေါင်းချုပ်အဖြစ် ၁၉၉၉ တွင် ဝတ္ထုတို (၉) ပုဒ်ပါဝင်သည့် “ဝေဒနာတွေကို ဘာသာပြန်သူ” (Interpreter of Maladies) အမည်ဖြင့်ထုတ်ဝေခဲ့သည် ။ ဤစာအုပ်ဖြင့် ၂၀၀၀ ပြည့်နှစ် ပူလစ်စာ စာပေဆု နှင့် အိုဟင်နရီ စာပေဆုဆွတ်ခူးခဲ့သည်။

၂၀၀၃ ခုနှစ်တွင် သူမ၏ပထမဆုံး ဝတ္ထုရှည် “အမည်ခံ” (The Nameaske) ကိုထုတ်ဝေခဲ့ရာ အောင်မြင်မှုရခဲ့သည် ။ ဤဝတ္ထုကို ၂၀၀၇ တွင် ဒါရိုက်တာ မီရားနာရား (Mira Nair) ကရုပ်ရှင်ရိုက်ကူး ပြသခဲ့သည် ။

၂၀၀၈ ဧပြီတွင် သူမ၏ ဒုတိယမြောက် ဝတ္ထုတိုပေါင်းချုပ်အဖြစ် “ကမ္မသကာလောကကြီး” (Unaccustomed Earth) ကိုထုတ်ဝေခဲ့ရာ New York’s Time မဂ္ဂဇင်း၏အရောင်းရဆုံးစာအုပ်များစာရင်းတွင် နံပတ် (၁) ချိတ်ခဲ့သည် ။ ယင်းစာအုပ်သည် Time Magazine နှင့် New York’s Time တို့၏ “၂၀၀၈ ခုနှစ်၏ အကောင်းဆုံး စာအုပ်များ” စာရင်းတွင် အဖော်ပြခံခဲ့ရသည် ။

အပိုင်း(၁) အပိုင်း(၂) မှာ "Unaccustomed Earth" စာအုပ်ပါ "Once in a lifetime" ကိုမြန်မာပြန်ထားခြင်းဖြစ်သည် ။