31 May 2009

ချစ်သူ့လက်ဆောင် အပိုဒ် (၂၅) - ရာဘင်ဒြာနတ်တဂိုး

တဂိုးရဲ့ ကဗျာတွေကိုဖတ်ရတာ အချိန်တော်တော်ယူပါတယ် ။ တစ်ပုဒ်ဆိုတစ်ပုဒ်ဖတ်ရင်း အတွေးနယ်ချဲ့ရတာ ကတော့ အကောင်းဆုံးအရသာပါပဲ ။ တဂိုးရဲ့ အရေးအသားဟာ ကဗျာဆန်ပါတယ် ။ ဝတ္ထုတို ၊ ရှည်တွေရေး ရာမှာတောင် ကဗျာဆန်တယ်လို့ဆိုကြရတဲ့ ဆရာကြီးရဲ့ ကဗျာအဖွဲ့အနွဲ့တွေကတော့ ဖတ်ရသူကို ခံစားချက်တွေမျိုးစုံ ပေးနိုင်ပါတယ် ။ ဖတ်သူရဲ့အရွယ် ၊ နောက်အတွေ့အကြုံ ကွာခြားမှုကိုလိုက်ပြီး တဂိုးရဲ့ ကဗျာတစ်ပုဒ်ကို ရှုထောင့်အမျိုးမျိုးကခံစားနိုင်ပါတယ် ။ ဆိုပါတော့ ဆယ်ကျော်သက်လူငယ်ဟာ ကဗျာတစ်ပုဒ်ကိုဖတ်ပြီး တိတ်တခိုးချစ်ရသူကို သတိရသလို ၊ သက်ကြီးပိုင်းတစ်ယောက်ဟာလည်း သည်ကဗျာကိုဖတ်ပြီး မရဏတရားကို ဆင်ခြင်မိကောင်း ဆင်ခြင်မိနေမယ် ။

ကဗျာကိုဘာသာပြန်ရတာ အခက်ဆုံးရယ်လို့ ဖတ်ဖူး ၊ ကြားဖူးပါတယ် ။ အနက်ကိုလိုက်လို့ ရရင်တောင် ကာရန်ရဲ့အလှကိုတော့ မှီမှာမဟုတ်ပါဘူး ။ ဒါပေမယ့် အခုတော့ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်တွေကိုတော့ သဘောကျမိတယ် ။ ကိုယ်တိုင်လည်း ဘင်္ဂါလီလိုမတတ်တော့ ကာရန်ကိုတော့ ဘယ်တော့မှ မလိုက်နိုင်ပါဘူး ။ ၁၉၉၀ကျော်နှစ်များမှာ ဆရာရဲ့ တဂိုးကဗျာဘာသာပြန်တွေမှာ အလွဲတွေ ရှိတယ်လို့ထောက်ပြ ဝေဖန်တဲ့ဆောင်းပါးတွေ ရေးခဲ့ကြဖူးပါတယ် ။ သို့ပေမယ့် ဖတ်ရတဲ့ဆရာ့ရဲ့ ဘာသာပြန်ကဗျာတိုင်းဟာ ရသအနှစ်သာရကိုတော့ ခံစားရတာချည်းပါပဲ ။ ကမ္ဘာ့ဂန္တဝင်တွေကို ဘာသာပြန်ပေးတဲ့ ဆရာ့ရဲ့ကျေးဇူးကိုလည်း ဖတ်ရင်းခံယူမိပါတယ် ။ နောက်တစ်ခုက စာအုပ်တွေ ရှားနေတာပဲ ။ ဆရာ့စာအုပ်တွေ ခဏခဏပြန်ရိုက်ပေမယ့် တဂိုးကဗျာတွေကိုတော့ ပြန်မရိုက်ကြဖူး ။ ကျတော့်မှာတောင် စုစုပေါင်း (၁၄) အုပ်မှာ (၁၂)အုပ်ပဲစုမိသေးတယ် ။ စာအုပ်တိုက်တစ်တိုက်က တပေါင်းတစ်စည်းတဲရိုက်ပေးနိုင် ရင် သိပ်ကောင်းမယ်လို့လည်း ထင်မိပါရဲ့ ။ ကျတော့်မှာ ရှိတဲ့ ကဗျာတွေထဲက ခံစားနှစ်ကြိုက်မိတဲ့ ကဗျာလေးတွေကို တင်သွားပါ့မယ် ။

ချစ်သူ့လက်ဆောင် အပိုဒ် (၂၅)


မင်းလက်ကို ကိုယ်ဆုပ်လိုက်မိတယ် ။
ကိုယ့်နှလုံးသားက မင်းမျက်လုံးအမှောင်ထဲကို
နစ်မြုပ်သွားပြီး
စကားလုံးတွေရဲ့တိတ်ဆိတ်မှုနောက်မှာ ပုန်းနေတဲ့
မင်းကိုလိုက်ရှာနေမိတယ် ။


ဒါပေမယ့် ကိုယ်ဟာ
ကိုယ်နဲ့ထိုက်တန်ပြီး
ရှောင်ပြေးသွားတဲ့
ကိုယ့်အချစ်ကို
ကိုယ်ကျေနပ်ပါတယ်ကွယ် ။


ဘာဖြစ်လို့လဲဆိုတော့
ကိုယ်တို့နှစ်ယောက်ဟာ
လမ်းဆုံမှာခဏပဲတွေ့လိုက်ကြရတာကိုး ။


လောက အထွေထွေရဲ့ အလယ်
ဝင်္ကပါလမ်းအသွယ်သွယ်တွေရဲ့ ကြားမှာ
မင်းကိုလက်တွဲ ခေါ်သွားဖို့
ကိုယ့်မှာ
အားခွန်မှ ရှိပါလေရဲ့လား ။


သေခြင်းတရားဆိုတဲ့ ပေါင်းကူးကြီးတွေ
မိုးယှက်ထားရာ
အမှောင်လမ်းမှာ မင်းကို ကျွေးမွေးဖို့
ကိုယ့်မှာ
ရိက္ခာမှ ရှိပါသေးရဲ့လား ။ ။


(မြသန်းတင့် ပြန်ဆိုသည်။)

တဂိုးရဲ့ ချစ်သူ့လက်ဆောင်ကဗျာစုက ကဗျာအပိုဒ် (၂၅) ပါ ။ ကဗျာမှာ အပိုဒ်ခွဲခေါင်းစဉ်မပါပါဘူး ။ တကယ်လို့ ကျတော့်မှာသာ အမည်တပ်ခွင့် ရှိရင် “လမ်းခုလတ်မှာတွေ့ ဆုံခြင်း” ရယ်လို့ ပေးမိမှာပဲ ။ ချစ်သူနှစ်ဦး ဝေးကွာသွားကြတယ် ၊ ဒါပေမယ့် ဒါကိုပဲ စာဆိုက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်ရပ်ပေပဲလို့ သုံးသပ်သွားတယ် ။ ဒါပေမယ့် စာဆိုဟာ ချစ်သူကဖွင့်ဟ မဝန်ခံခဲ့တဲ့ တိတ်ဆိတ်တဲ့ချစ်ခြင်းကိုလည်း မျှော်လင့်လျက် မောင့်ကိုသာအပြစ်ဆိုပါလို့ စပ်ဆိုသွားတယ် ။

သူစိမ်းနှစ်ယောက်ဟာ ဘဝလမ်းမှာ ဆုံတွေ့ခွင့် ရှိသလို ၊ သံယောဇဉ်နှောင်ဖွဲ့ခွင့် ၊ ချစ်ခွင့်လည်းရှိပါတယ် ။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး ရည်ရွယ်ချက်ချင်း ၊ ဦးတည်ချက်ချင်းမတူကြတဲ့ တွေ့ဆုံမှုဟာ ရေရည်အတွက်တော့ မဖြစ်နိုင်ကြဘူး ။ သည်နှစ်ဦးဟာ လမ်းခုလတ် ၊ လမ်းဆုံ ၊လမ်းခွမှာ တဒင်္ဂတွေ့ဆုံကြသူတွေပဲဖြစ်မယ် ။ ကြာလာတာနဲ့အမျှကိုယ့်ဘဝလမ်းကိုယ် ဆက်လျှောက်ကြရင်း တဖြည်းဖြည်းဝေးကွာသွားကြမှာ သဘာဝပဲ ။ သည်အခါမှာ တပါးသူအပေါ်အပြစ်ပုံမချဘဲ ၊ ကံတရားအပေါ်အပြစ်ပုံမချဘဲ ကိုယ့်ကိုကိုယ်သာအပြစ်ဆိုတဲ့ စာဆိုရဲ့ စိတ်ကို အားကျရမှာလည်း ၊ သနားရမှာလား ၊ ရှုံ့ချရမှာလား မဝေခွဲနိုင် ။


ကျတော်ပြောခဲ့ပါသကော တဂိုးကဗျာတစ်ပုဒ်ကို ကိုယ့်ကိုယ်ပိုင်အတွေး ၊ အတွေ့အကြုံနဲ့ နှစ်သက်သလို ခံစားနိုင်ပါတယ်လို့ ။ ။

Aung Phyoe

25 May 2009

မင်္ဂလာလှည်း


ထုတ်ဝေသည့်နှစ် - ၂၀၀၉ ၊ မေလ

ထုတ်ဝေသည့်စာအုပ်တိုက် - လင်းလွန်းခင်စာပေ

စာရေးသူ - ခင်ခင်ထူး ( စိုးဘားဒိုင် ၏ ဝတ္ထုလတ်တစ်ပုဒ်နဲ့တွဲ၍ )

စာမျက်နှာ - ၁၉၄


တစ်မိသားနဲ့ တစ်မိသား အိမ်ထောင်ရပ်သားပြုကြတော့မယ်ဆိုရင် ပထမဆုံး ယောက်ျားလေးရှင်ဘက်က မိန်းကလေးရှင်ဘက်ဆီကို ကတော့ပွဲနဲ့တောင်းရမ်းနားဖောက်ကြရပါတယ် ။ ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုအသစ်ဖြစ်တဲ့ “မင်္ဂလာလှည်း”မှာ အညာကသည် ဓလေ့စရိုက်ကိုပဲ အခြေခံထားပါတယ်။ ဝတ္ထုရဲ့ အဓိကကျောရိုးဟာ မန္တလေးကမ်းနား သံရေကျိုစက်ရုံက အလုပ်သမား ကိုကြိုင်ဆိုတဲ့လူငယ်တစ်ယောက်အတွက် စစ်ကိုင်းမြိုနယ် လယ်ပြင်ကြီးရွာက ဒေါ်စွန်မရဲ့သမီး အေးသီဆိုတဲ့ မိန်းကလေးဆီ မင်္ဂလာစကားပြောတောင်းရမ်းဖို့သွားကြတဲ့ ရပ်ရွာကလူကြီးသူကြီး တစ်စုရဲ့ ခရီးသွားတောလားတစ်ပုဒ်ပဲဖြစ်ပါတယ် ။

ဇာတ်လမ်းအရ ကိုကြိုင်နဲ့ အေးသီဟာ ကမ်းနားဈေးမှာတွေ့ကြပြီး ချစ်ကြိုက်ကြတယ် ။ အေးသီဆိုတာ လယ်ပြင်ကြီးကနေ ကမ်းနားဈေးကို သနပ်ခါးလာသွင်းတဲ့ မိန်းကလေး ၊ ကိုကြိုင်ကတော့ သံရေကျိုစက်ရုံမှာ ဝိုင်းလုပ်ဝိုင်းစား မိဘမဲ့တစ်ကောင်ကြွက်အလုပ်သမား ။ တစ်ဦးနဲ့တစ်ဦးအိမ်ထောင်ပြုကြမယ်ဆိုတော့ ကိုကြိုင်ရဲ့ အလုပ်ရှင်ကိုကျော်သန်းဦးဆောင်လို့ သူတို့ရပ်ကွက်က လူကြီးတစ်စုမိန်းမအတောင်းသွားကြတယ် ။ ချိန်းထားတဲ့ အချိန်က နံနက် ၁၀နာရီ ။ ဖြစ်ချင်တော့ ကိုကြိုင်ကလည်း သူ့မိန်းကလေးနေတာ စစ်ကိုင်းဘက်က လယ်ပြင်ကြီးရွာဆိုတာပဲသိတာ ။ စစ်ကိုင်းငါးထပ်ကြီးဘုရားနောက်ကထွက်ရင်ရောက် တယ်ဆိုတာသာသိတာ ။ ဘယ်လောက်ဝေးတယ် ၊ ဘယ်လိုသွားရတယ်ဆိုတာ မသိဘူး ။ လူကြီးတွေထဲမှာ ကိုကြိုင်အဒေါ်ရယ် ၊ ကျောင်းအုပ်ဆရာကြီးရယ် ၊ ပေါက်ဖော်ကြီးတစ်ယောက်ရယ် ၊ အလုပ်ဆရာရယ် ၊ နောက် စတိုးဆိုင်ပိုင်ရှယ် ကိုချစ်တိုးရယ် ပါတယ် ။ ကိုကြိုင်ဆရာ့ကားနဲ့သွားကြတာ။ ဖြစ်ချင်တော့ စစ်ကိုင်းကလူတွေတောင် လယ်ပြင်ကြီးဆိုတာ ရေးတေးတေးရယ် ။ ဘယ်သူမှ မရောက်ဖူးတော့ တော်တော့်ကို ခေါင်တာပေါ့ ။ သည်မှာပဲ စာရေးဆရာဟာ လယ်ပြင်ကြီးသွားတောလားကို စာဖတ်သူတွေမြင်သာအောင် ၊ ပါးစပ်မစေ့ရယ်ရအောင် ၊ ဘယ်တော့များမှ ရောက်ပါ့မလဲထင်ရအောင် ရေးပြသွားပါတယ် ။ လမ်းကလည်းဆိုး ၊ အညာဆိုတော့ အရိပ်ကလည်းမရှိ ၊ ပူလိုက်သမှလည်း အညာနေတောက်တောက် ၊ သည်ကြားထဲကားကလည်း ပျက်သေး ။

တစ်ဖက်ကလည်း နံနက် (၁၀)နာရီလောက်မှာလာတောင်းမှာဆိုပြီး မရှိမဲ့ ရှိမဲ့ချေးငှားချက်ပြုတ် ၊ လူကြီးတွေပင့်ဖိတ်ပြီးစောင့်နေတယ့် အေးသီ၊ ဒေါ်စွန်မသားအမိ ။ သည်မှာစာရေးဆရာက သည်တောသူမ သားအမိစရိုက်ကို ပီပီပြင်ပြင်ကြီးဖော်သွားပါတယ် ။ သည်သားအမိက မုဆိုးမဖတဆိုး၊ ဆင်းဆင်းရဲရဲ ၊ မိအုပ်လို့ကြီးကြရပေမယ့် အေးသီဟာ အချင်းရှိတဲ့မိန်းကလေး ၊ သည်တော့ ဥစ္စာမရှိပေမယ့် စာဂ ကောင်းကြတဲ့သူတွေဆိုတော့ ရွာကလည်းချစ်ခင်စောင့်ရှောက်ကြတယ် ။ အေးသီတစ်ယောက် ပုဝါပါးကိုကြက်သားထုပ်မိပေမယ့် ကျင်းပမယ့် မင်္ဂလာပွဲအတွက်ရွာက အုပ်အုပ်စည်းစည်းဆောင်ရွက်ပေးကြတယ် ။ အဲအခက်တွေ့တာကတော့ သတို့သားပေါ်မလာတာပဲ ။ စောင့်ရတာမှ ညနေစောင်းအထိ ။ နောက်ဆုံးလူကြီးတွေလည်းထပြန် ၊ ဒေါ်စွန်မလည်းဒေါသပုံထ ၊ အေးသီဆို ဒီဇယ်ဆီတွေ သောက်သေတော့မယ်ဆိုလို့ ဝိုင်းတားထားရတဲ့အဖြစ် ။ ရွာကလသားတွေကလည်း ရွာသူကိုစော်ကားရပါ့မလားလို့ ဝိုင်းရိုက်ဖို့ တုတ်ဓားတပြင်ပြင်နဲ့ ။

အဲသည်မှာနောက်တစ်ယောက်ရှိသေးတာက ၊ သောင်းစိန် ။ သောင်းစိန်ဆိုတာလယ်ပြင်ကြီးက ရွာသား ၊ မိဘတွေကတောင်သာတော့ ဘာအလုပ်မှမလုပ်တဲ့လူစား ။ အေးသီကိုကြိုက်လိုက်တာလည်း တစ်ပိုင်းကိုသေလို့ ၊ အဲ အေးသီက သဘောမကျလိုက်တာလည်း တစ်ပိုင်းကိုသေလို့ဆိုသလို တစ်ဖက်သက်အချစ်သမား ။ အေးသီ (အ-သ) ဆိုတာကိုနာမ်ကျေဖို့ သော့အိမ် (သ-အ) ကိုလည်ပင်းမှာဆွဲ ဆိုနတ်ကတော်ပြောတာကို အဟုတ်မှတ်ပြီး သော့တစ်လုံးကိုဆွဲထားတဲ့လူစား ။ သူကလည်း တုတ်တပြင် ၊ ဓားတစ်ပြင်ပေါ့ ။

မိန်းမတောင်းလာကြတဲ့ လူတွေခမျာတော့ ခရီးကနှိပ်စက်လို့ လူရုပ်တောင်မပေါ်ရှာတော့ပါဘူး ။ ရွှံ့တွေ ၊ ဖုန်တွေတလိမ်းလိမ်းနဲ့ ညနေစောင်းတောင်မရောက်ကြသေး ။ နောက်ဆုံးကားထားပြီး လှည်းငှားစီးလာ ကြရတဲ့အဖြစ် ။ နောက်ဆုံးတော့ အေးသီတို့ဆီညကြီး စုတ်စုတ်ချုပ်မှရောက်ကြတော့ ရပ်ကိုရွာကိုတောင်းပန်ပြီးတောင်းမြန်းရရှာတယ် ။ နောက်တော့အဖြစ်မှန်ကိုသိလို့ ဒေါ်စွန်မရော ၊ ရွာကလူတွေရောခွင့်လွှတ် ၊ မြို့ကလူတွေကိုလည်းရွာမှာ ထမင်းဆင့်ပြီး ညစာကျွေး ၊ ညအိပ်ခိုင်းရတဲ့ အဖြစ် ။ နောက်တစ်နေ့မနက်ကျမှ သတို့သမီးရော ယောက္ခမကိုပါမြို့ကိုခေါ်သွားတဲ့ မောင်ကြိုင် တို့လူကြီးတစ်စုရယ် ၊ နောက်ကျန်ရစ် သောင်းစိန်က အသိတရားကျပြီး နောက်သူ့လည်ကသော့အိမ်ကို လက်ဖွဲ့၊ လှည်းစီးမြို့တက်သွားကြတဲ့ သတို့သမီးရဲ့ ရွာအလွမ်းနဲ့ ဆရာမဟာ ဇာတ်ကိုနိဂုံးချုပ်ခဲ့တယ် ။

သည်ဝတ္ထုမှာ နှစ်သက်မိတာကတော့ ဆရာမရဲ့ ဟာသနှောတဲ့ အညာလေ အရေးအသားပဲ ။ လယ်ပြင်ကြီးသွား ခရီးကအခက်အခဲတွေကို တဝါးဝါနေရအောင်ရေးပြတယ် ။ နောက် ကိုကြိုင်နဲ့ အေးသီတို့ ရဲ့သမီးရည်းစားဘဝ ရိုးအရှာတဲ့ တောသူတောင်သားဓလေ့ ၊ နောက်အေးသီမိခင် ဒေါ်စွန်မရဲ့ စရိုက်ဟာ အကြွဆုံး ၊ သရုပ်အပေါ်ဆုံး အရေးအသားပဲ ။ နောက်တစ်ခုက အညာကကျေးရွာရဲ့လူနေမှုစရိုက် ။ အတင်းပြောစရာရှိ ပြောလိုက်မယ် ၊ ရန်ဖြစ်စရာရှိ ဖြစ်လိုက်မယ် ၊ အဲ့ ကိုယ့်ရွာသူရွာသားအကျိုးအတွက်ဆို ကူညီလိုက်မယ် ၊ ရိုင်းပင်းလိုက်မယ်ဆို ကူညီကြတဲ့ဟာမျိုး ။ အခုခေတ်လို Globalization မှာ သည်လို အပြုအမူ ၊ နွေးထွေးမှုမျိုးဆိုတာ မြို့ပြယဉ်ကျေးမှုမှာတွေ့ရခဲသား ။ နောက်ဆင်းရဲ့ပေမယ့် အကျင့်စာရိတ္တကောင်းတယ်ဆိုတဲ့ ဂုဏ် ။ သိပ်ကိုတန်ဖိုးထားကြရမယ့်ဂုဏ်ပါ ။ အထူးသဖြင့် မြိုကလူကြီးတွေကို မြိုကိုပြောင်းကြတော့မယ့် ဒေါ်စွန်မတို့သားအမိအတွက် စောင့်ရှောက်ဖို့ မှာတဲ့ သူကြီးရဲ့ စကားတွေဟာ ဝတ္ထုရဲ့အသက်ပါ ။

“တစ်ခုပဲ ကျုပ်ပြောချင်တယ်ဗျာ.. ကျုပ်ရွာက ဒေါ်စွန်မတို့ အေးသီတို့က အနေအစားဆင်းရဲပေမယ့် စာရိတ္တကောင်းကြသူတွေပါ .မြို့ရောက်လို့အဆင်ပြေတယ် … စိတ်ချမ်းသာတယ်ဆိုတာပဲ ကျုပ်တို့ရွာက ကြားချင်ကြတာပါ ။ သူတို့ကိုတော့ စိတ်မဆင်းရဲ့စေချင်ဘူး တကယ်လို့မြိုမှာ မပျော်ဘူးဆိုရင်တော့ သူတို့သားအမိကို ကျုပ်တို့ရွာအရောက်ပြန်ပို့ပေးကြပါဗျာ… ”

နောက်တစ်ခုက အေးသီကိုတစ်ဖက်သက်ကြိုက်ရှာတဲ့ သောင်းစိန်ရဲ့ ကျွတ်တန်းဝင်ခန်း ။ နောက်ဆုံးမှာ သောင်းစိန်ဟာ ကိုယ့်အားကိုယ်ကိုးလို့ မိခင်ကြီးနဲ့ လုပ်ကိုင်စားသောက်တဲ့ အေးသီ ၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်နိုင် ၊ မိန်းမတစ်ယောက်ကိုရှာကျွေးနိုင်တဲ့ ကိုကြိုင်တို့ကိုကြည့်ပြီး ဘာအလုပ်မှ မလုပ် ၊ မိဘလုပ်စာထိုင်ဖြုန်းပြီး လိုက်ယားလိုက်ယားနေတဲ့ ဘဝကိုနောင်တရသွားတယ် ။ တစ်သက်လုံးချစ်ခဲ့ရတဲ့အေးသီ သူ့ကိုဘာလို့ပြန်မကြိုက်တာလည်းဆိုတာ သဘောပေါက်သွားတယ် ။

“သွားတော့အေးသီရေ …ညည်းကပြောတော့ မင်္ဂလာကားကြီးနဲ့မြို့ကို ကြွားကြွားကြီးပြန်မှာဆိုဟဲ … ခုတော့ တို့ရွာကမင်္ဂလာလှည်းကြီးနဲ့ပါ့လား … ကောင်မရဲ့”

သည်အေးသီ့သူငယ်ချင်းရဲ့ နှုတ်ဆက်စကားနဲ့ပဲ ဆရာမဟာ ဇာတ်ကို ဝတ္ထုနာမည်ဆီဆွဲခေါ်ရင်း အဆုံးသတ်ခဲ့တယ် ။ တကယ့်ကို ရသစာပေစစ်စစ် ဝတ္ထုတစ်ပုဒ်ပါ ။ ပန်းကြာဝတ်မှုန်ထက်တောင် ကျတော်သဘော ကျမိတယ် ။ ဖတ်ရတာ ကြည်လည်းကြည်နူးရရဲ့ ၊ ရယ်လည်း ရယ်ရရဲ့ … နောက်လွမ်းစရာလည်း ကောင်းပါရဲ့ ။ ။

အောင်ဖြိုး

( မေ ၂၅ ၊ ၂၀၀၉)

22 February 2009

လမ်းခုလတ်တွင် တွေ့ဆုံခြင်း

ခုတလော blog မရေးတာအတော့်ကိုကြာပြီ ။ ခုတော့ Project ကလည်းပြီး ၊ ခံစားချက်တွေကလည်း ရှိဆိုတော့ ဝတ္ထုတစ်ပုဒ်တင်ဖြစ်လိုက်တာပါ ။


ဆရာမခင်ခင်ထူးရဲ့ "ပန်းကြာဝတ်မှုန်" ကိုဖတ်ရင်းက တသသခံစားရသည်မှ တစ်နွယ်ငင်တစ်စဉ်ပါ ဆိုသလို ဆရာမကြီး "ကြည်အေး" ရဲ့ ကဗျာတွေကို သေသေချာချာ ဖတ်ဖြစ်သွားတယ် ။ ကဗျာတွေအတွက် ခံစားချက်လည်း ရှိသည်မို့ အချို့အတွက် မျက်ရည်ကျ ၊ အချို့အတွက် ရင်ခုန် ၊ အချို့အတွက် လှိုက်မောခံစားရင်းက သည် ဝတ္ထုလေးကို ရေးဖြစ်လိုက်တာပါ ။ "မြစ်လယ်မှာ ချစ်လှယ်တုန်းက" ကိုလည်း ပြန်လည် ခံစားမိရင်းပေါ့ ။ မိန်းကလေးတစ်ယောက် နေရာကနေ ခံစားထားတဲ့ စိတ်ကူးယဉ် ဝတ္ထုလေးကို ခံစားပေးကြပါဦး ။



လမ်းခုလတ်တွင် တွေ့ဆုံခြင်း




“မြစ်ရေပြင်လှေလူးလို့
ချစ်ဦးမေနှင့်မောင်
ပန်းခူးရအောင်”



ကဗျာတွေကို ကျမ မကြိုက်ပါ။ မုန်းတယ်လို့ မဆိုနိုင်တောင် ၊ မည်သည့်ကဗျာကိုမှ ကျမ မချစ်နိုင်သေးတာလည်းပါပါ့လိမ့်မည် ။ ဆယ်တန်းတုန်းကတောင် ဘာသာစုံ ဂုဏ်ထူးမထွက်မှာ စိုးလွန်းလို့ မြန်မာစာ ကဗျာတွေကို မဖြစ်ဖြစ်အောင် အလွတ်ကျက်ခဲ့ရသည်။ လွယ်လွယ်ကူကူ ပြောရင်ရတဲ့ အဓိပ္ပာယ်ကို ဘာကြောင့်များ အလင်္ကာဂုဏ်မြောက်အောင် သွယ်ဝိုက်ဖွဲ့ဆို ကြတာပါလိမ့် လို့ ကျမ မကြာမကြာတွေးမိခဲ့ ဖူးသည်။ သည်လိုအချိန်တုန်းမှာ မောင်ကတော့ သည်ကဗျာအလင်္ကာတွေကြားမှာ ပျော်မွေ့ကောင်း ပျော်မွေ့ နေမှာပေါ့ ။ သည်တုန်းကတည်းက မောင် နှင့်ကျမ သိခွင့်မရှိကြသေးတာပင် ခပ်ကောင်းကောင်းလို့ ခုတော့ ကျမတွေးတတ်ပြီ။ သည်ကတည်းကတွေ့ခဲ့လို့ ရှိရင်လည်း ကျမနှင့်မောင် တစ်ဦးကိုတစ်ဦးနားလည်နိုင်ပြီး အစစညှိယူနိုင်ကောင်း နိုင်ပေမည်။ ဒါမှမဟုတ် သည်ထက်စောစီးစွာ ကျမတို့ ….. ။ မောင်က ဘယ်အရာကိုမှ အကောင်းဘက်ကချည်း မတွေးပါနဲ့လို အမြဲပြောခဲ့ဖူးသည် ။ ကျမကတော့ မောင်ဟာ အဆိုးဘက်ကိုတွေးလွန်း သည်လို့ပဲ ယူဆချင်သည်။



အရာရာဟာ အကောင်းဘက်ကနေတွေးရင် ဝေဒနာ တစ်ဝက်လောက်တော့ သက်သာတတ်တယ်ဆို တာ မောင်မသိခဲ့ဘူးလား ။ ဒါမှမဟုတ် မောင်ဟာဝေဒနာတွေကို အရသာတစ်ခု အဖြစ် ခံစားနေတာလား။ မောင့်မှာ ခံစားတတ်တဲ့ အသည်းနှလုံးရော ရှိရဲ့လား ။ ကျမသေချာမသိပါ ။ မောင့်ကို ဘယ်လိုလူမျိုးလည်းလို့ ကောက်ချက်ချနိုင်လောက်အောင် မောင့်စိတ်ကို ကျမထွန်းဖောက် ကြည့်ခွင့်လည်း မသာခဲ့ပါ ။ အထူးသဖြင့် ကျမတို့လို သာမန်ထက်ရင်းနှီးသည်လို့သာ ဆိုနိုင်သော ဟိုမရောက်၊ သည်မမည် ရင်နှီးမှုမျိုးမှာ အခုထက်ပို၍ လည်း မောင့်အကြောင်း သိခွင့်မသာခဲ့ပါ ။ အရာရာကို ခပ်ပေါ့ပေါ့သာ နေတတ်၊တွေးတတ်သော မောင့်တွင် အလေးအနက်ထား စရာတစ်ခုခုများ ရှိလေမလားလို့ စူးစမ်းလို စိတ်ကလေးရှိသော်လည်း ကျမက လူကဲခပ်လည်း မကျွမ်းကျင်ပြန် ။



ခုလည်းကြည့်လေ ။ သည်စာအုပ်တွေကို မောင့်ဘာကြောင့် ကျမဆီလာပေးတာလဲ ။ မောင့်ကို သတိရနေ စေချင်လို့တော့ ဟုတ်ဟန်မတူ ။ စာအုပ်လေးအုပ်ကတော့ တိုးတက်ကြီးပွားရေး ၊ ဘဝအောင်မြင် ရေး စာအုပ်တွေ ။ မောင့်ဆီက ကျမ တစ်ခါတစ်ရံ ငှားဖတ်တတ်တဲ့ စာအုပ်မျိုး ။ မောင်ကတော့ သည်လိုစာအုပ် တွေကို မောင့်ဖေဖေ စာအုပ်စင်က လှန်တောင်မကြည့်ဘူး ဖူးလို့ ကျမကိုပြောဖူးသည် ။ ခု သည်ဟာတွေ ကိုမြင်တော့ ခပ်ထေ့ထေ့ ကြည့်တတ်တဲ့ လှောင်ပြောင်တဲ့ မောင့်အကြည့်ကို ဖျက်ခနဲ ပြေးမြင်မိပြန်သည် ။ နောက် စာအုပ်တစ်အုပ်ကတော့ ပါးပါးသေးသေးလေး ။ သေချာကြည့်တော့ ကဗျာစာအုပ်တစ်အုပ်ဖြစ်နေသည် ။ ကဗျာ အချို့မှာ မှင်နီဖြင့် မျဉ်းသားထားသေးသည် ။ နောက်တော့ အပြားခပ်ကြီးကြီး စာအုပ်ခေါက်သည့် ကပ်ထူပြားလေးလည်းပါသေး၏ ။ အမှတ်တမှဲ့ လှန်ကြည့်မိတော့ မျဉ်းသားထားတဲ့ စာသားလေးတစ်စ ။



“လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဦးကဗျာတည်တဲ့ ၊ ငှက်ပလီခြုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း”



+++++



မောင့်ကို ကျမ ဘယ်တုန်းကစတွေ့တယ်ဆိုတာကို သေချာကြီးသတိမထားမိခဲ့တာလည်း အမှတ်ရသည်။ သည်တုန်းက ကျမ ဆယ်တန်းဖြေပြီးလို့ သင်တန်းတွေ တစ်ခုပြီးတစ်ခုလိုက်တတ်ချိန် ။ သည်ကတည်းက တစ်နေ့ ကျမဘာဖြစ်ရမယ် ဆိုတာ ကိုယ့်ကိုကိုယ် ပန်းတိုင်သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါသည်။ ဘယ်သူ့ကိုမှတော့ ကျမဖွင့်မပြော ။ မိဘတွေကိုတော့ ကျမရဲ့စိတ်ကူးကို ဖွင့်ဟတိုင်ပင်မိသည်။ သည်လိုနှင့် ပြည်တွင်းကျောင်း တွေတောင်မှ မလျှောက်ဖြစ်ဘဲ အရေးတကြီး သင်တန်းတွေလိုက်တက်မိနေချိန် ။



ကျမတို့ခေတ် လူငယ်တွေဟာ သင်တန်းတွေနဲ့ မကင်းနိုင်ကြဘူးနော်လို့ ကျမကို မောင်ပြောခဲ့ဖူးသည် ။ ဟုတ်ပမောင်ရယ် ။ ကျမတို့လို ပညာရေးသင်တန်းတွေ ၊ ကွန်ပျူတာ သင်တန်းတွေ ၊ နောက် Gym စတာတွေရော မော်ဒယ်သင်တန်းတွေမှာတောင် လူငယ်တွေမှ အများကြီး ။ သည်ထဲကမှ ဘယ်လောက်ဟာ ရည်ရွယ်ချက်ကို ပေါက်ရောက်ပြီး ဘယ်လောက်ဟာ အလဟသ ကုန်ဆုံးသွားရ သလဲ ကျမသိချင်သည်။ ကျမကတော့ ကိုယ့်ရည်ရွယ်ချက်တစ်ခု အတွက် ငွေကြေး ၊ အချိန်တွေ ရင်းနှီးထားရတဲ့ သင်တန်းတွေဟာ အကျိုးရလဒ်တစ်ခုခုပြန်ရမှ တန်သည်လို့ထင်သည်။ ကျမလို လူတိုင်းဘယ်တတ်နိုင်မှာ လည်း လို့မောင် ကျမကိုဝေဖန်ဖူးသည် ။ “ကျတော်ကိုယ်တိုင်တောင် ခင်ဗျားပြောတဲ့ ခပ်ညံ့ညံ့ ကောင်မျိုးထဲ ကပါ” လို့ မောင်ကိုယ်တိုင် ဝန်ခံဖူးသည်လေ ။



သင်တန်းတွေမှာ မိန်းကလေးသဘာဝ ခပ်ချောချော ယောက်ျားလေးတွေနဲ့ စာတော်ထက်မြက်တဲ့ ယောက်ျားလေးတွေကိုသာ မျက်မှန်းတမ်း သတိထားမိသော ကျမအတွက် မောင်ဟာဘယ်မျိုးထဲမှာ မှ မပါတော့ ကျမ မသိတာမဆန်းလှပေ။ မောင်နှင့် ခင်မင်ရတာတော့ မောင်ဟာ ကျမသူငယ်ချင်း မိန်းကလေးနှင့် တစ်မြို့ထဲသားတွေ ဖြစ်လို့ သူမိတ်ဆက်ပေးရင်းခင်သွားကြတာပဲဖြစ်သည် ။ သည်တုန်းကမောင်ဟာ တစ်တန်းလုံးက ယောက်ျားလေးတွေထဲမှာ ဝတ်တာစားတာ အပိန်းဆုံး ၊ ရန်ကုန်ကို ရောက်စမို့ထင်သည် ခေါ်ခေါ်ပြောပြော နှုတ်ဆက်မည်သူ့ မတွေ့ပဲ ခပ်တင်းတင်းမျက်နှာထားနဲ့ စာထိုင်ဖတ်နေတတ်တာကိုပဲ ကျမက မှတ်မှတ်ထင်ထင်ရှိ ခဲ့ရသည် ။ ဂျစ်ကန်ကန် အရေးမစိုက်တဲ့ မျက်နှာပေးကို ခပ်ချဉ်ချဉ်ရှိရာက ခင်မင်လာပြီးနောက်မှာမှ ပြုံးပြဖော် ရတော့ ခင်မင်ဖွယ် ကောင်လေးတစ်ယောက်လို့ ကျမသိခဲ့ရသည် ။ နောက် ခပ်ပြုံးပြုံး စကားပြောတတ်တဲ့ မောင်ဟာ အရင်ထင်သလောက်တော့ ရုပ်မဆိုးဘူးလို့လည်း ကျမစိတ်ထဲ လက်ခံလာမိသည် ။


နောက်တစ်ခု သတိထားမိတာကတော့ မောင်ဟာ သင်တန်းတွေကို စိတ်ပါဝင်စားတတ်နေတာ မဟုတ်သည်ကိုပဲ ဖြစ်သည်။ အလေးအနက် ရှိပုံလည်းမရပေ ။ ဘာကျောင်းများ လျှောက်မယ်လို့လည်း မဆုံးဖြတ်ရသေးကြောင်း ကျမကို ပြောပြသည်။ နိုင်ငံခြားသွားဖို့ပဲ ကြိုးစာနေသလိုလို ၊ ပြည်တွင်းကျောင်းကိုပဲ တတ်မယ်ဆိုသလိုလို ဘာမှ ရေရေရာရာ မရှိပြန်။ “ဘာပဲပြောပြော ခုတော့ အိမ်ကပေးတဲ့ မုန့်ဖိုးနဲ့ စာအုပ်တွေဝယ် ၊ ရုပ်ရှင်တွေကြည့်ပေါ့ဗျာ ။သည်သင်တန်း တက်ခအဖြစ်ပေါ့ ။ အိမ်က မိဘတွေအတွက်တော့ သူတို့တက်စေချင်တဲ့ သင်တန်းတက်ပေးမယ် ။ အောင်မြင်တာ မအောင်မြင်တာတော့ မသိဘူး။ ကျတော်တတ်နိုင် အဲလေ စိတ်ပါသလောက်တော့ ကြိုးစားတာပေါ့ ၊ ဘယ်ဟာမှ အလေး အနက်တော့ မရှိပါဘူး” ။ ဒါဆို မောင်ဟာ စာတွေကို အလေးအနက် လေ့လာသင်ယူနေတာ မဟုတ်ဘူးပေါ့ ။


သည်လိုကြီးတော့လည်းမဟုတ်ပြန်။ ဘာကြောင့်ဆို အချို့သင်ခန်းစာတွေကိုတော့ ကျမဆီကမေးတတ်သလို ၊ တစ်ခါတစ်ခါလည်း ကျမကိုပင်ပြန်စာရှင်းပြ နိုင်သေးသည်။ ကျမကတော့ သူငယ်ချင်းတစ်ယောက်အနေနှင့် သူ့ကို ထူးထူးချွန်ချွန်ဖြစ်စေချင် တဲ့ စေတနာတော့ ရှိသည်မှာ အမှန် ။ ကျမနှင့်သူက သင်တန်း (၃) ခုလောက်မှာ တူသည်။ သည်တော့ တစ်ပတ်မှာ (၄) ရက်လောက်တော့တွေ့ဖြစ်သည်။ တွေ့တိုင်းလည်း စာအုပ်တစ်အုပ် အမြဲဖတ်နေတတ်တာကို ပဲ သတိထားမိသည်။



မောင်နှင့် အရောတဝင်ခင်မင်မှု အစကတော့ မောင့်ဆီမှ အချို့စာအုပ်တွေ ငှားဖတ်ဖြစ်တာပဲဖြစ်သည်။ သေချာ တာကတော့ ကျမစာဖတ်ဝါသနာ မပါပါ ။ ပညာရပ်အရ သာဝယ်သော ဘာသာရပ်ဆိုင်ရာ မဂ္ဂဇင်းတစ်စောင်နှစ်စောင် ကိုသာ လစဉ်ဖတ်ဖြစ်သည်။ နောက်တော့မှ ကြီးပွားရေး ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရေးစတဲ့ စကားတွေကြောင့် သည်လို စာအုပ်တွေ ဖတ်ချင်လာသည်။ ကျမ ပတ်ဝန်းကျင်မှာလည်း စာအုပ်ကခပ်ရှားရှား ။ ဒယ်ဒီတို့ကလည်း စာမဖတ်ကြ။ သည်တော့ ခင်မင်ရသည့် မောင့်ဆီမှ ပဲစာအုပ်တွေငှားဖြစ်ခဲ့သည်။


“ဒါထက် နင် လူတစ်လုံးဆိုတဲ့ စာအုပ်ကို ဖတ်ဖူးလား”
“ကြားဖူးတယ် ။ ရှိတယ် ။ ဒါပေမယ့်မဖတ်ဖူးဘူး”
“ဟုတ်လား ။ ဘာလို့မဖတ်တာလည်း ။ နင်စာတွေသည်လောက်ဖတ်နေရက်နဲ့”
“ကျတော် ဒါမျိုးတွေ ဖတ်လေ့မရှိဘူး ၊ ဖတ်လည်းမဖတ်ချင်ပါဘူး ၊ သည်လိုတွေထဲမှာ ပြည့်စုံပြီးထက်မြက်တဲ့ လူသားတစ်ယောက်ဖြစ်နည်းတွေ ကို စိတ်မဝင်စားဘူး ။သည်လိုတွေလည်း ကျတော်မဖြစ်ချင်ပါဘူး ”
“အဲဒါ ငါဖတ်ချင်တယ် ပေးငှားပါလား”
“အင်း”



သည်လိုနဲ့ သည်လိုစာအုပ်တွေကို မောင့်ဆီမှ ငှားဖတ်ဖြစ်ခဲ့သည်။ “မိတ္တဗလဋီကာ” ၊ “ခြုံကြားမှ ဘုံဖျားသို့” စတာတွေ နဲ့ ကြီးပွားရေးစာအုပ်အတော်များများ ။ တစ်ခါတစ်ခါဆိုရင် မောင်က ကျမကို စာအုပ်အချို့လမ်းညွှန် တတ်သေးသည်။ ဒါပေမယ့် မောင်ပြောတဲ့ စာအုပ်တွေကို ကျမတစ်ခါမှ စိတ်လိုလက်ရ မဖတ်ခဲ့ ၊ “မပြီးတော့ ဘူးပြန်ယူတော့” ၊ “ပျင်းစရာ ကြီးဟာ မဖတ်ချင်တော့ဘူး” စတာတွေနှင့် ငြင်းတတ်သည်။ မောင် တစ်ခါနှစ်ခါ လောက်ကြိုးစားသော်လည်း နောက်ပိုင်းတော့ လက်လျော့လိုက်ဟန်ရသည်။ ကျမမကြိုက်သည့် စာအုပ်တွေ ပေးမငှားတော့ ။



+++++



အရွယ်ရောက် ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့ရဲ့ ခင်မင်မှုကို ခပ်ဆန်းဆန်းအတွေးနှင့် ကြည့်တတ်ကြသူတွေ အတော်များဟန်ရှိသည်။ ကိုယ့်စိတ်နှင့် နှိုင်းမရိုင်းလို့ မဆိုသာသော်လည်း အားလုံးကို သိမ်းကြုံး၍ ဝါးလုံးရှည်နှင့်ရမ်းဖို့လည်း မလိုအပ်လှဘူးလို့ ကျမထင်သည် ။ ကျမသည် စိတ်ကစားတတ်တဲ့ အပျိုပေါက်အရွယ်လေးလည်း မဟုတ်တော့သလို ၊ အချစ်ဆိုတဲ့ အရာကို မေ့ထားချင်လောက်အောင် ရင့်ကျက်သူတစ်ယောက်လည်း မဟုတ်ပါ ။ ကျမအသက်အရွယ်နှင့် ချစ်သူရည်စားလို့ တစ်ယောက်မှ မထားခဲ့ဖူးသော်လည်း ယောက်ျားလေးအချို့ရဲ့ ရင်ခုန်ဖွယ် အကြည့်တွေမှာ မေးမောဖူးပါ၏ ။ သည်တော့ အချစ်ကို မြည်းစမ်းဖို့ လက်တွန့်မည်လည်း မဟုတ်ပါ။ သို့သော် ကျမစိတ်ကူးထဲမှ ချစ်သူတွင် ကျမချစ်နိုင်မည့် သက်မှတ် အရည်အချင်းတွေရှိသည် ။ အဲသည်တုန်းက မောင်သာ သည်အကြောင်းကို သိရင် ဒါတွေဟာ ထက်မြက်တဲ့ ရည်ရွယ်ချက်ကြီးကြီး မိန်းမတွေမှာ ရှိတတ်တဲ့ ရူးသွပ်မှုတစ်ခုပါလို့ စနောက်ကောင်းစနောက်လိမ့်မည် ။ သို့သော် ကျမမှု လိမ့်မည်မဟုတ် ။



ဒါကြောင့် မိန်းကလေး သူငယ်ချင်းတစ်ယောက်က မောင်ကျမကို စိတ်ဝင်စားနေတာများလားလို့ အသိပေးစဉ်က ကျမစိတ်ထဲဝယ်တူးတူးခါးခါး ငြင်းမိခြင်းဖြစ်လိမ့်မည်။ အိုလေ… ။ မောင်နှင့် ကျမစိတ်ကူးထဲက ယောက်ျားလေး … ဝေးပါသေးရဲ့ ရှင် ။ မောင့်ဟာ ရုပ်ရည်လည်း ချောလှတာမဟုတ် ။ ထက်ထက်မြက်မြက် မရှိဘူးလို့ မပြောသာတောင် ရည်ရွယ်ချက်မရှိ ၊ ဘဝကို အဓိပ္ပာယ်မဲ့ ဖြတ်သန်းချင်တဲ့ ယောက်ျားမျိုး ။ နောက် ဦးဆောင်နိုင်စွမ်း မရှိသလို လူကြီးလည်း မဆန်တတ် ။ သည်လို ယောက်ျားလေးမျိုးကို ကျမစဉ်းစားရပါ့မလား ။ သူငယ်ချင်းကိုတော့ ရယ်ရင်း “ပေါက်ပေါက် ရှာရှာဟယ်” လို့ ခပ်ပေါ့ပေါ့ အဖြေပေးခဲ့ မိသည် ။



ရှင် ကျမကို ချစ်နေတယ်တဲ့လား ။ ရှင်ဟာ မိန်းကလေး တစ်ယောက်ကို ခင်မင်မှုက တစ်ဆင့် ချစ်ကြိုးသွယ်ဖို့ ကြိုးစားတဲ့ ယောက်ျားမျိုးလား ။ သည်လို ယောက်ျားမျိုးကို ကျမအတော်အထင်သေးသည်။ မိန်းကလေးတစ်ယောက်၏ ခင်မင်မှုကို အခွင့်ယူပြီး ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးကာ သည်ကောင်မလေး ငါ့ကိုကျနေပြီလို့ ထင်တက်တဲ့ ယောက်ျားမျိုးဆို ကျမပိုလို့ စက်စုပ်ပါ၏ ။ ဘယ်လိုပဲဖြေတွေးတွေး သည်အတွေးက ကျမစိတ်ဝယ် ဝဲဝှေ့နေတော့သည် ။



ဘာလိုပဲဖြစ်ဖြစ် မောင်နှင့်ကျမတွေ့ဆုံချိန်တွေမှာတော့ မောင့်ဆီက သည်လိုအရိပ်အယောင်တွေ လုံးဝ မတွေ့ ရတာ သေချာနေပါသည် ။ ယောက်ျားတစ်ယောက်ရဲ့ တပ်မက် တမ်းတရိပ်ကို ကျမ မမြင်နိုင်လောက်အောင် မထုံအဖူုးလို့ ကျမကိုယ်ကိုယ်ထင်သည် ။ မောင်သည်တုန်းက ဖုံးဖိထားတာပါဆိုရင် မောင့်ကို ဟန်ဆောင်ကောင်းလွန်း သူလို့ ကျမ ချီးကျူးချင်ပါသေးသည်။
နောက်မကြာမီ သင်တန်းတစ်ခု ပြီးခါနီးတော့ မောင်ကျမကို မုန့်ဆိုင်တစ်ခုမှာ လိုက်ကျွေးသည်။ နှစ်ယောက်တည်းထိုင်စားဖို့ မကောင်းတတ်ပေမယ့် ကျမကတော့ ကိုယ့်ကိုကိုယ်ရော မောင့်ကိုပါယုံကာ ခပ်ရဲရဲပင်လိုက်ပါ သွားသည် ။ ထိုင်ကြတော့ ကျမကပင်စကားစသည် ။



“ဒီသင်တန်းပြီးရင်တော့ ကျမတို့ တွေ့ရတော့မယ်မထင်ဘူး ။ ငါနင့်စာအုပ်တွေကိုတောင် ပြန်ပေးရဦးမယ်”
“သြော်ရပါတယ် ယူထားပါ .. ၊ ကျတော်တို့တွေ့ဦး မှာပါပဲလေ”
“ရှင်”
“ဟိုလေ မင်း KMD မှာ AutoCAD သင်တန်းတက်မှာ မဟုတ်လား ။ အိမ်ကအတက်ခိုင်းလို့ သွားစုံစမ်းတော့ တတ်မယ့်သူတွေထဲမှာ မင်းနာမည်တွေ့လို့ တစ်ခါတည်းစာရင်းပေးခဲ့တယ် ”



ကျမပြုံးမိသွားတယ် ထင်ပါ၏ ။ ကျမနှင့်အတူတူမှ သင်တန်းတက်ချင်ရသတဲ့လား ရှင်ရယ် ။ ရှင်ပဲသည် အတန်းတွေကို ပျင်းတယ်ဆို ။
“သြော် ဟုတ်လား ကောင်းတာပေါ့ ”
မောင်က ရှက်သလိုလိုနှင့် ဆံပင်ဆီပြောင်ပြောင်ကို ပင့်တင်ရင်းဟိုသည် ငေးမောရင်း ကော်ဖီသောက်နေသည် ။ ကျမလည်း တွေးရင်းက ခေတ်မမှီတဲ့သည် ဆံပင်ပုံကို ကြည့်မိရင်း … ။
“ဒါထက် နင်ဆံပင်ကြီးကို သည်လို ခလယ်က မခွဲပါနဲ့လား ။ ခေါင်းပေါ်မှာ စာအုပ်ကြီးလှန်ထား သလိုပဲ ဟိ၊ စာပေဗိမာန် ကေလေ ။ ပုံတုံးကြီး လိုက်လည်းမလိုက်ဘူး ”



“အင်းဟုတ်လား ၊ ကျတော်ကတော့ ကိုယ်နှင့်လိုက်တာ မလိုက်တာတွေ သိပ်အရေးမစိုက်ဖြစ်ပါဘူး ။ နယ်မှာနေတုန်း ကလည်း သည်လိုပဲ ဖြီးခဲ့တော့ ၊ ခုမှတော့ သေချာကြီးပြောင်းမဖြီး ဖြစ်ဘူး”



ရှက်သလိုလို မျက်နှာပေးနှင့်မောင်ပြောတော့ ကျမ သနားသလိုတောင်ဖြစ်သွားသည် ။ ကိုယ့်ရုပ်ကိုယ်တောင် အရေးမစိုက်ဘူးတဲ့လားကွယ် ။ ဘာပဲပြောပြော အားနားသလိုနဲ့ ရင်ထဲတွင် သိပ်ကောင်းတော့ ၊ နှိမ်သလိုလို ထင်သွားမှာလည်း စိုးလှသည်။ သည်အတွေးက အိပ်ယာထဲရောက်သည့်တိုင် မပျောက်ချင် ။ သည်ည မောင့်ကို ပထမဆုံး အိပ်မက်ထဲမှာ သိကျွမ်းရသည်။ ရုပ်ရှင်တွေထဲက ပထမပိုင်းမှာ မင်းသားကရုပ်ဖျက်လို့ နောက်ပိုင်းမှာမှ မမှတ်မိလောက်အောင် ရုပ်ဖြောင့်သွားသည်ဇာတ်လမ်းနှင့် ဆင်ဆင်ရှိသည် ။ ကျမမောင့်ကို လူတွေဘာတွေတောင်မှားလို့ ။



+++++
“အယ်…… နင်ရယ် ငါလူတွေဘာတွေတောင်မှားလို့”



KMD မှာ ကျမမောင့်ကိုတွေ့ရတော့ မှတ်တောင်မမှတ်မိ ။ ဆံပင်ကို ဘေးကခွဲက အချို့ကို နဖူးပေါ်မှာ ဝဲချရင်း နောက်မှ ခပ်ထောင်ထောင်လေးဖီးထားတာကို သေသေချာချာကို စိုက်ကြည့်ရင်း တော်တော်လေးတော့ကြည့်လို့ ကောင်းလာ သားလို့ ထင်မိသည်။ ဒါတောင်မောင်ကရှက်နေသေးဟန် ရှိသည် ။ ခပ်ရဲရဲပင် ကျမကိုပြန်မကြည့် ။



“အင်း …. ဆံပင်ကိုနည်းနည်းပြောင်းလိုက်တာ။ မင်းလို ခပ်ကင်းကင်းနေတဲ့ သူကတောင်ပြောလာတော့ ငါတော်တော်ကြည့် ရဆိုးနေပြီထင်လိုပါ ဟင်း .။ ကျတော်ကို အရင်က ဘယ်သူမှ သည်လို ဂရုတစိုက် မပြောဖူးဘူး”



ရှင်မိန်းကလေးတစ်ယောက်ရဲ့ အကြိုက်ကိုတော်တော်သိနေပါလား ။ မိန်းကလေးတစ်ယောက်အတွက်တော့ ယောက်ျားတစ်ယောက်က မိမိအကြိုက်လိုက်ပြီး လုပ်ရင် သဘောကျတတ်တယ်ဆိုတဲ့ သဘောကို ရှင်သိလို့တော့ ဟုတ်ဟန်မတူ ။ ဒါပေမယ့် ကျမအတွက် သည်လို လုပ်ရပ်ဟာ မောင့်အပေါ် စိတ်ညွတ်သွားစေခဲ့တယ်လို့ ယုံကြည်ရမယ့်လူတစ်ယောက်ယောက်ကို ကျမဖွင့်ဟ ဝန်ခံချင်ပါသည် ။ ဒါတွေကို ရှင်ဘယ်သိပါ့မလဲ ။



သည်ညနေကျောင်းဆင်းတော့ ဘစ်ကားဂိတ်ထိ ကျမနှင့်မောင် အတူတူလျှောက်လာခဲ့ကြသည် ။ စူးစမ်းသလို ကြည့်ကြတဲ့ သူတွေကိုရှောင်ရင်း မောင်က ကျမကို စာအုပ်တွေပေးရင်း စကားစသည် ။



“မင်းကြိုက်မယ့် စာအုပ်မျိုးတွေပါ ။ မင်းလည်းတော်တော်တော့ သိလောက်ပြီပေါ့ သည်စာအုပ်မျိုးတွေကို ၊ လောကမှာ တကယ်ကျင့်ကြံလို့ မရမယ့် အလုပ်တွေကို စားပွဲပေါ်မှာထိုင်ပြီးရေးထားကြတွေက များပါတယ်”
“ဟယ် နင်ကလည်း အားလုံးတော့ သည်လိုမဟုတ်ပါဘူး ။ တစ်ဘက်သတ်ကြီး နင့်ဟာတွေကျတော့ရော တစ်ခါလာ ဘဝနဲ့ ၊ တစ်ခါလာ အချစ်နဲ့ ပဲပြီးနေတာ”



“အင်း ဘဝဆိုတာလည်း ဒါတွေပဲ မဟုတ်ဘူးလား ၊ လူတွေဟာ ဘဝမှာတွေ့ကြ ၊ ဆုံကြ ၊ကွဲကြ ရစမြဲမဟုတ်လား ။ ကျတော်လေ ရည်ရွယ်ချက်တစ်ခုတော့ ရှိတယ် ၊ မင်းလိုတော့ မဟုတ်ဘူးပေါ့။ ကျတော်စာတွေရေးချင်တယ် ၊ စာရေးဆရာ တစ်ယောက်ဖြစ်ချင်တယ် ၊ လူတွေ အဲ အထူးအဖြင့် ဘဝတွေအကြောင်းရေးပြနိုင်တဲ့ သူတွေဖြစ်ချင်တယ် ။ နောက်မင်းမပြောသလို အချစ်အကြောင်း ၊ ဒါလဲ တဒင်္ဂရင်ခုန်တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့အချစ် ၊ လမ်းခုလတ်မှာတွေ့ ကြတဲ့ လူနှစ်ယောက်ရဲ့အချစ် ၊ အချစ်ရဲ့ လမ်းဆုံးထိ လက်တွဲကြတဲ့ ရင့်ကျက်တဲ့ အချစ် အို စုံလို့ပေါ့”



“အောင်မလေးရှင် စာရေးဆရာကြီးရယ် ၊ စာမူလေးဘာလေးပို့ပေါ့ ဟိုဟိုသည်သည်”



“အင်း .. သည်လိုကျတော့လည်း ကျတော်က မဟုတ်ပြန်ဘူး ၊ ကိုယ့်ကိုကိုယ် အဆင့်တစ်ခုမရောက်သရွေ့ ဘယ်မှ မပို့ဖူးလို့ စိတ်ကူးထားတယ်”



“အော်….. ဒါထက် စောစောက ပြောတာ လမ်းခုလတ်မှာတွေ့ကြတဲ့ အချစ်ဆိုတာဘာလည်း ။ ဟိုလမ်းမမှာ မကောင်းတာလုပ်တာကို ပြောတာလား ။ ဇာတ်လမ်းမှာ မင်းသားနဲ့ မင်းသမီးက လမ်းလယ်မှာပဲတွေ့နေ ရတော့မှာလား ။”



“ဟာဗျာ ဘယ့်နယ် မဟုတ်ကဟုတ်က ၊ လူနှစ်ယောက်က ခံယူချက်ချင်းမတူရင် တွေ့ကြတဲ့ ခဏမှာပဲ ချစ်မိကောင်းချစ်မိကြမယ် ၊ ကြာလာတာနဲ့အမျှ တစ်ယောက်နှင့်တစ်ယောက် ဝေးပြီးရင်းဝေးကြရော ၊ ဒါထက် မင်းရော ဘယ်တက္ကသိုလ်တက်ဖို့ လျှောက်ထားလည်း ”



“အော် ငါ နိုင်ငံခြားက ကျောင်းတစ်ခုမှာ တက်ချင်နေတာပဲ ။ သည်လိုပဲ ကြိုးစားနေတာပဲ ။ နင်လည်း … ”



နင်လည်း ကြိုးစားပါ့လား ၊ ကျမနောက်ကို လိုက်ခဲ့ပါလားလို့ စိတ်ထဲမှာ ဆက်နေသော စကားစကို ခပ်မြန်မြန်ပဲဖြတ် နိုင်ခဲ့သည် ။



“ကောင်းပါတယ် ။ အဲ မင်းကားလာနေပြီ …”



ကားပေါ်မှာ အပြင်ကိုငေးကြည့်တော့ ကျမဘက်ကို ငေးစိုက်ကြည့်နေတဲ့ မောင့်ကိုတွေ့ရသည် ။ မောင့် မျက်လုံးတွေက ကျမဆီကို စူးစိုက်စွာ။ ဒါကိုတော့ ကျမရင်တုန်ဖိုလိုက်ရင်း သေသေချာချာကို မြင်လိုက်မိပါရဲ့ ။



+++++
ပျော်စရာ ရက်တွေဟာ အကုန်မြန်တယ်လို့ ကျမထင်မိသည် ။ သည်လိုအကုန်မြန်တဲ့ အချိန်တွေကိုတော့ ကျမစိတ်ကူးယဉ်စွာ ထိန်းသိမ်းထားချင်ပါသည် ။ သည့်အပြင်မောင့် ကို ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် ပုံသွင်းပေးချင် စိတ် ကလေးကလည်း ပြူပြူထွက်လာတတ်သေးသည်။ ရည်ရွယ်ချင်ဆိုတာ ထားသင့်ပါတယ်မောင်ရဲ့ ။ သည်ရည်ရွယ်ချက်အတိုင်းဖြစ်အောင် ကြိုးစားရတယ်ဆိုတာ ပင်ပန်းပေမယ့် အောင်မြင်တဲ့ တစ်နေ့ကျရင် ဘယ်လောက် ကျေနပ်စရာကောင်းလိုက်မလဲ ။ ရည်ရွယ်ချက်ရှိရှိလျှောက်လှမ်းတာ ဆိုတော့ သိပ်လည်းမပင်ပန်းလှပါဘူး ။ နောက်ဘေးမှာ အားကိုးရမယ့် တစ်ယောက်ယောက်ရှိရင် သာလို့တောင် အပန်းပြေသေးတယ် မဟုတ်လားကွယ် ။



သည်စကားတွေဟာ ကျမရင်ထဲမှာပဲပြောနေတတ်တာဖြစ်လို့ မောင်ဘယ်လိုမှ မကြားနိုင်ပါ။ မောင်ကြားနိုင်တာ ရတော့ ကျမရဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ကူးယဉ်မှုတွေပဲဖြစ်လိမ့်မည် ။ ကျမ ငယ်ငယ်တည်းက ရည်မှန်းချက်ကို မအောင်မြင်သေးဘဲ ဘယ်သူ့ကိုမှ မပြောပြစဖူး ။ နောက် ကျမစိတ်ကူးယဉ်နိုင်တာက မောင်ဟာ အချစ်ကိုဖွင့်ဟလာ ရင်ကော ။ ကျမ လက်ခံရမှာလား ၊ ငြင်းရမှာလား ။ ကျမသည်အတွက်ကို မစဉ်းစား ။ အချစ်ဆိုတာ ဖွင့်ဟဖို့ အချိန်ရှိပါတယ် မောင်ရယ် ။ ကွယ်ဝှက်စောင့်ဆိုင်းမှုကြောင့် အချစ်ဟာ မှေးမှိုန်သွားရတယ်လို့မှ မရှိပဲ ။ မောင့် မျက်ဝန်းက စကားတွေကိုရော ၊ မောင့်အမူအယာတွေကို ပါကျမသိတာပေါ့ ။ မောင့် အဝတ်အစားနှင့် ပတ်သက်လို့ မောင်ကျမပြောသလို ဝတ်လာရင် မောင့်အချစ်ကိုကျမ ခံစားသိလို့ရသည် ။ နောက် မောင် ကျမတတ်တဲ့ သင်တန်းတွေလိုက်တတ်ရင် တစ်သက်လုံးသည်လိုဆိုရင် လို့တွေးပြီး အနာဂတ်ဟာလှလို့နေတယ် လေ။



သည်ရစ်မူး မှုတွေထဲမှလည်း ကျမအတန်းတွေ မပျက်စေဘဲ စာကိုဖိလို့ကြိုးစားခဲ့သည် ။ ကျမလျှောက်ချင်တဲ့ နိုင်ငံခြားက တက္ကသိုလ်တစ်ခုကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့ Shortlist ထဲပါသွားပြီ ။ သည်အကြောင်းကို မောင်နှင့်တွေ့ တုန်း အားရဝမ်းသာပြောမိတော့ -



“ပါရင်ဘယ်တော့လောက်သွား ရမှာတဲ့လဲ”
“လာမည့် April လောက်ပေါ့ဟ ၊ နင်လည်းလိုက်ခဲ့ပါလား ။ နင်တို့ သင်တန်းကကောင်လေး နှစ်ယောက်လည်းပါတယ်”
“ကျတော် ၁၀ တန်းအမှတ်နဲ့တော့ ရမယ်မထင်ပါဘူး”
“သည်ကျောင်းမရလည်း သည်နိုင်ငံက အခြားကျောင်းပေါ့ဟာ ၊ နင့်မိဘတွေ တတ်နိုင်ရဲ့သားနဲ့”
ကျမရဲ့ စကားကို မောင်ပြန်မပြောတော့ပါ ။ လက်ထဲက စာအုပ်အဖုံးကို ကြည့်ရင်းငေးနေသည် ။ ယောက်ျားဆိုတာ အားမငယ်ရဖူးမောင် ။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တဲ့ အမျိုးတွေပါ ။ သည်ကိစ္စမှာ လည်းမောင် ကြိုးစားရင်ဖြစ်မှာပါ ။ ကျမလည်းစောင့်နိုင်ပါတယ် ။
“မင်းသွားရင် ကျတော်တို့သူငယ်ချင်းတွေတော့ လွမ်းကျန်ရစ်မှာပဲနော်”
“တော်ပါဟယ် နင်တို့လားလွမ်းမှာ ၊ လူဆိုတာ ကြာရင်မေ့တာပါ ။ ငါလွမ်းတယ်ဆွေးတယ်ဆိုတာကို မုန်းတယ် ၊ အားမငယ် ငယ်အောင် ကိုယ့်ဘာသာကိုယ် နာမ်နှိမ်နေသလိုပဲ”
“လွမ်းတယ်ဆိုတာ လူသားဆန်ပြီး အထက်တန်းကျတဲ့ ခံစားချက်တစ်ရပ်ပါဗျာ ၊ မင်းမလွမ်းဖူး လေးလို့ပါ။ ”


ကျမပြောတာကို စိတ်ခုသလားမောင် ။ မောင့်မျက်လုံးတွေက အရောင်လက်လက်တောက်နေသည် ။ စူးရှတဲ့ အကြည့်ကို ကျမမခံနိုင်လို့ မျက်လွှာချလိုက်တယ် ။ ကျမကမလွမ်းဖူးလို့ပြောတာကို မောင်ယုံသတဲ့လား ။ ကျမလွမ်းတတ်ပါတယ်မောင်ရယ် ။ မိန်းမသားဆိုတာ မွေးကတည်းက ထိန်းချုပ်မှု တွေကြားမှာ တောင်လွမ်းတတ်ကြ သူတွေပါ ။ အလွမ်းကို ပိုက်ပြီးမွေးဖွားလာကြရတဲ့သူတွေပါ ။ ဒါပေမယ့် ကျမမျှော်လင့်ချင်ပါသေးတယ်မောင်ရယ် ။



+++++





သည့်နောက်တော့ မောင် အရင်ကလောက် ဟက်ဟက်ပက်ပက် မရှိတော့တာ ကျမသတိထားမိသည်။ အမူအယာ စိမ်းသက်သလိုဖြစ်သွားသည့်တိုင် မောင့်မျက်လုံးတွေကတော့ အရင်အတိုင်း ။ သည်မျက်ဝန်းရဲ့ အဓိပ္ပာယ်ကို သိသော်လည်း ကျမ ပွင့်လင်းစွာ မတုန့်ပြန်နိုင်ခဲ့ပါ။ မောင်ကလည်း ဖွင့်ဟမလာ ။



ကျောင်းဝင်ခွင့်စာမေးပွဲ အောင်တော့ အိမ်က မိဘတွေနှင့်အတူဝမ်းသာကျတော့ ကျမလည်းရောယောင်ကာ ပျော်မိသော်လည်း အိပ်ယာဝင်တော့ အိပ်လို့မပျော် ၊ ကျမနှင့်မောင် သင်တန်းပြီးကတည်းက မတွေ့ဖြစ် ။ မောင် တစ်ခါ နှစ်ခါ ဖုန်းဆက်သော်လည်း လူချင်းတော့ မတွေ့ဖြစ်ကြ ။ မောင့်ဆီက စာအုပ်တွေ ကျမမှရှိသေးသည် ။ မသွားခင်တော့ တွေ့ရနိုင်ပါသေးသည် ။ ကျယ်ပြန့်တဲ့ ကောင်းကင်မှာ တွယ်ရာမဲ့လွင့်မျောတဲ့ ဝေဒနာတစ်ရပ်ကို ရက်ပေါင်း အတန်ကြာ ခံစားနေရပြီ ။ သည်ဟာကို အလွမ်းလိုခေါ်သလားမောင်ရယ် ။



မကြာခင်သွားရတော့မှာ မို့ပြင်ရဆင်ရတာ မမောနိုင် ၊ ဒယ်ဒီတို့ သူငယ်ချင်းသားတစ်ယောက်လည်း ကျောင်းအတူတူ ရသည်မို့ အဖော်ရကြောင်းပြောရင်း မိတ်ဆက်ပေးသည် ။ ကျမအပေါ် သူ့အကြည့်တွေက ရဲလှသည်။ သူ့နေရာမှာ မောင်များဆို ဘယ်လောက်ကောင်းမလဲလို့ လက်တွေဆန်ဆန်တွေးတတ်တဲ့ ကျမ စိတ်ကူးယဉ်နေရပြီ ။ မောင် ကျမကိုလာ မနှုတ်ဆက်တော့ဘူးလား။ ကျမသည်လိုကြီးပဲ ဟိုကိုသွားရတော့မှာလား ။ ဘယ်တော့ပြန်တွေ့ ကြမှာလည်း ။ အဖြေမရှိသော မေးခွန်းတွေကြား ကျမဗျာများရသည် ။



မောင်မလာပါ ။ ကျမစောင့်သော်လည်း မောင်ပေါ်မလာပါ။ သွားရမည့်ရက် ကပ်နေပြီ ။ မောင့်စာအုပ်တွေကို လူကြုံသူငယ်ချင်းတစ်ယောက်ယောက်နဲ့ ပေးဖို့စီစဉ်ရသေးသည် ။ မနက်ဖြန်လေဆိပ်သို့ဆင်းရပြီ ။ အဖေတို့ အပြင်သွားတော့ အိပ်ချင်သလိုလိုရှိ၍လိုက်မသွားဖြစ် ။ အိပ်ယာထဲတွင်ခွေနေရသည် ။ “တညှိုးငယ်မှခွေခွေ ၊ အလွမ်းရှိန်နှင့် မယ် အိမ်နေသည်” ငယ်ငယ်က မကြိုက်ခဲ့သော ကဗျာတစ်ပုဒ်ရဲ့ ရသကို နှစ်နဲစွားခံစားရတော့သည် ။



“ကလေး အိမ်အောက်မှာ ကလေးသူငယ်ချင်းတစ်ယောက် ရောက်နေတယ်။ နှုတ်ဆက်ချင်လို့တဲ့” …. ဘယ်သူပါလိမ့် ။ ကျမ ထရပေဦးမယ်။ သေချာတာတစ်ခုကတော့ သူငယ်ချင်းဆိုတာ မောင်များလားလို့ ကျမလုံးဝ မတွေးမိခဲ့တာဖြစ်ပါသည် ။ ဒါပေမယ့် ဝရန်တာကလှမ်းမြင်ရတော့ ။ မေမျှော်လို့မောရတဲ့သူရယ် ။ ခုချိန်များမှ လာရသလားကွယ် ။



“ဟေ့ မင်းပိန်သွားတယ်နော် ၊ မအားလို့လား” မောင်ကျမကို ခပ်ပြုံးပြုံးပဲ နှုတ်ဆက်သည်။
“အင်း… မတွေ့တာတောင်ကြာပြီ ၊ ငါလည်းမနက်ဖြန်သွားတော့မယ်…”
“သွားတော့မယ်ပေါ့ …”
“အင်းသွားပြီး… ဟီး။ သြော် ဒါထက်နင့်စာအုပ်တွေကို နင့်သူငယ်ချင်းဆီပေးထားတယ် ၊ သူနင့်ကိုပေးလိမ့်မယ် ။”
“ရပါတယ် ၊ ငါလည်းနင်သွားမယ်ကြားလို့ လက်ဆောင်လာပေးတာပါ ၊ စာအုပ်တွေပါ ”
“မလိုပါဘူးဟယ် ”
“သြော် အမှတ်တရပေါ့ ။ မလွမ်းတတ်တဲ့သူက ဘာ ဥယျောဇဉ်မှ သယ်မသွားချင်ဘူးထင်တယ်”
ဟုတ်တယ်မောင် ။ ကျမစိတ်ရှင်းရှင်းနှင့်သွားချင်တယ် ။ မောင့်ကြောင့် အဲလေ ကျမကြောင့် ခံစားရတာကိုလည်း သည်မှာ ပဲ အပြီးသတ်ချင်လှပြီ ။ ကျမဘဝသစ်ကို အားမာန်အသစ်နှင့်စချင်တယ်။
“………”
“ယူပါဟာ ။ အမှတ်တရပေါ့။ နောက်နင်ကြိုက်တဲ့ စာအုပ်တွေပါ”
စာအုပ်အိတ်ကို ကျမဆွဲယူလိုက်သည်။ ဆွေးရိပ်သန်းတဲ့ မောင့်မျက်လုံးမှာ အလင်းတစ်ချက်ပျိုးပြက်သွားသည် ။ ကျမကျေနပ်တယ်မောင် ။
“ကျတော်တို့နောက်တွေ့ဖို့လည်း မလွယ်တော့ဘူးနော် ။ နောက်ဆိုတွေ့ဖို့တော်တော်ခက်သွားပြီ”
“အင်း …. ဟုတ်တယ်နော် ၊ နင်လည်း ကြိုးစားဟာ ဘဝမှာ ရည်ရွယ်ချက် ရှိရှိကြိုးစား ၊ နင်စာရေးဆရာ ဖြစ်ရင်ငါ့ကို ပြော ၊ဘယ်လောက်ပျင်းစရာကောင်းကောင်း ငါနင့်စာတွေကို ဖတ်ပါ့မယ်… ”
“အင်း….. နောက် ကျတော်လေ ……”
မောင်ကျမကို ချစ်တယ်လို့ပြောတော့မှာလား ။ မပြောပါနဲ့မောင်ရယ် ၊တစ်ခါတစ်ခါ မဖွင့်ဟတဲ့ အချစ်ဟာ ရင်ထဲမှာ ရေရှည်တည်မြဲနိုင်ပါတယ် တဲ့။ မပြောပါနဲ့တော့ ။
“မင်းမနက်ဖြန်လေဆိပ်ဘယ်တော့ ဆင်းမှာလည်း”
“ခပ်စောစောပဲဆင်းမယ် ”
“အိုကေ ဒါဆိုကျတော်ပြန်တော့မယ် မင်းအရာရာအောင်မြင်ပါစေဗျာ…..”
“ပေးတဲ့ဆုနှင့်ပြည့်ပါစေရှင်။ နောင်လမ်းမှာတွေ့ရင်လည်းခေါ်ပါ နှုတ်ဆက်ပါ”
မောင်က ခေါင်းယမ်းလိုက်သည်။ နောက်တော့ ပြုံးရင်း -
“မထင်ပါဘူး ။ ကျတော်နဲ့ မင်းဟာ အတက်အဆင်းလမ်းခုလတ်မှာ တွေ့ဆုံကြတဲ့သူတွေပဲလေ”……


ကျမကိုကျောခိုင်းရင်း မောင်ခပ်ငိုက်ငိုက်ထွက်သွားသည်။ မောင်အိမ်ဝရောက်ချိန်မှာ ကျမမျက်လုံးတွေ ဝေဝါးသွားခဲ့ရသည် ။ အော် ခင်စရာကောင်းတဲ့ သူငယ်ချင်းရယ် နှုတ်ဆက်လိုက်ပါတယ် …… ။ ။
+++++
အိပ်မပျော်သည့်အတူတူ အိပ်ယာပေါ်မှ ကျမထထိုင်လိုက်သည်။ တွန့်လိပ်တဲ့ အိပ်ယာခင်းပေါ်မှာ ခွာခဲ့ပြီး အခန်းတံခါးကို ဖွင့်လိုက်တယ်။ အလုံးအရင်း ဝင်လာတဲ့ ညဥ့်လေအေးဟာ ကျမရင်ကိုတော့ အေးမြမသွားစေခဲ့ပါ ။ ကောင်းကင်မှ လမင်းကထိန်ထိန်သာနေဆဲ ။ ပန်းရနံ့ ၊ ပိုးပရစ်တို့တွန်ကျူးသံလိုလို အသံသဲ့သဲ့ကြားရသည် ။



“မြစ်ရေပြင် လှေလူးလို့ ၊ ချစ်ဦးမေနှင့်မောင် ၊ ပန်းခူးရအောင် ” မောင့်စာအုပ်မှ ကဗျာလေးတစ်စကို တိုးတိုးညည်းမိသည်။ သည်ချိန်ဆို မောင်လည်းအိပ်လို့မပျော်လို့ လရောင်ကိုငေးကြည့်ရင် လမျက်နှာမှာ ကျမကိုတွေ့မှာပဲ ။ သည်လိုလမှာ တွေးဆုံခွင့်ကလည်း ကျမတို့အတွက် သည်တစ်ရက်သာရှိတော့သည် ။ လရောင်အောက် မြစ်ပြင်ကျယ်မှာ မောင့် ပုခုံးကို မှီလို့ လှေတစ်စီးနှင့် ရည်ရွယ်ချက်မဲ့ ပန်းခူးထွက်လိုက်ချင်စမ်းပါရဲ့ ။ ခုတော့ ….. ။ ကျမငေးနေရင်း လသည် တိမ်ပုပ်များနောက် ဝယ်ကွယ်သွားခဲ့ပြီ ။ ပန်းခူးရန် အချိန်နှောင်းပြီ ထင်ပါရဲ့ မောင်ရယ် ။



မနက်ဖြန်စောစောထရမှာမို့ ကျမအိပ်မှဖြစ်တော့မယ် ။ မနက်ဖြန်မှာ နေ့သစ် ၊ ဘဝသစ်၊ ရည်မှန်းချက် အသစ်ကို ကျမတွေ့ရမယ် ။ သည်ဘဝမှာလည်း ကျမမကြာခင် ပျော်လာနိုင်မှာပါ ။ သည်တော့ သည်ည မောင့်အတွက် ခံစားချက်တွေ ကုန်သွားအောင် အားရပါးရ ကျမငိုပါရစေ ။ မောင့်ကိုမေ့သွားအောင် ကျမငိုပါရစေမောင်ရယ် ။

+++++

ညသည် သဘာဝအတိုင်းကုန်ဆုံးသွားသည်။ နံနက်ခင်းလင်းရောင်ခြည်သည် မင်္ဂလာဒုံလေဆိပ်တစ်ခွင်ဖြာ ကျနေသည်။ တက်ကြွ ၊ ပျော်ရွှင်နေသည် ကျောင်းသားလူငယ်များကို တင်ဆောင်ရင်း လေယဉ်တစ်စီးသည် အချိန်မှန်ကောင်းကင်သို့ ထိုးတက်သွားသည်။ နောက်အနာဂတ်ကို ပိုင်စိုးမည့် လူငယ်များရဲ့ တက်ကြွမှုကတော့ တက်နေခြည်ဝင်းနှင့် အပြိုင် တောက်ပ၍နေကြလေတော့သည် ။ ။


အောင်ဖြိုး
(၁၉ ဖေဖော်ဝါရီ ၊ ၂၀၀၉)

31 December 2008

New Year


တစ်နှစ် တစ်နှစ်ဆိုတာ အကူးအပြောင်းမြန်ပေမယ့် တစ်ရက်နှစ်ရက်အတွင်း အရွယ်က သိသိသာသာကြီးအိုမင်းသွား တာမျိုးလည်းမဟုတ်တော့ ခန္ဓာကိုယ်အနေနှင့်တော့ သိပ်မသိသာလှ ။ စိတ်အတွင်း သဏ္ဍာန်မှာဆိုရင်တော့ နှစ်သစ်ရောက်လို့ စိတ်ရွှင်သွားသလို ၊ စိတ်ဖိစီးမှုတွေနှင့် နှစ်ဟောင်းဟာ ကျန်ခဲ့ပြီရယ်လို့ ကိုယ်ကိုယ်လိုခဏလောက်တော့ လှည့်စားလို့ရရင် ရနိုင်မယ် ။
+++++++++

သည် New Year … မှာ တော့
ထူးမခြားနားစွာပဲ ပန်းတွေလည်း ပွင့်မြဲ ပွင့်မည် ။ ပျော်တတ်သူတွေလည်း ရှာကျန်ပျော်ကြမည် ။ နှစ်သစ်ကိုလည်း ကြိုမြဲကြိုရမည် ။ နှစ်ဟောင်းကိုလည်း ချန်မြဲချန်ရစ်ခဲ့ကြရမည် ။
သည်ထက်ပိုပြီးတော့ တော့… ဘာမှ မထူးခြားပါ ။


“သည်ည …. လူငယ်တွေပျော်ကြ
ကားတွေ ၊ ရထားတွေအကုန်မှာ လူငယ်တွေပြည့်လို့
နှစ်သစ်ကိုကြိုကြ …. သတဲ့လေ
Happy New Year
Happy New Year
စိတ်ပူပင်ကြောင့် ကြမှုဆိုတာရော
သူတို့တတွေ ခေါင်းထဲမှာ ရှိမှရှိပါစ ….”

သည်ည တစ်ခုခုတော့ ထူးခြားနေသည် ။ ခါတိုင်းလို စာဖတ် ၊ ရုပ်ရှင်ကြည့်လို့လည်း မရ ၊ သည်တော့ အိပ်ယာပေါ် ဝင်လှဲပြီး မျက်နှာကျက်ပေါ် စိုက်ကြည့်လို့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ရွတ်နေတော့လည်း တစ်ဒင်္ဂတောင်စိတ် စုစည်းလို့မရ .. ။ ရုတ်ချည်းထ၍ ပြတင်းဘက်လှမ်းကြည့်တော့ မြင်ကွင်းမှာတော့ ခါတိုင်းလိုပဲဘာမှ မထူးခြား ။ ဆူညံသံတွေသာ ကြားနေရသည် ။နောက်ပြီး သည်မှာတော့ ချမ်းမြမြလေးတောင်မအေး ။ ညသည်အိုက်စပ်စပ်နိုင်လှသည် ။ ဟိုဆီမှာတော့ ဆောင်းနှင်းလေအေး ပတ်ဖျန်းတဲ့ New Year ပေါ့ ။ သည်လို ချမ်းတဲ့ညမျိုးမှာ တစ်ယောက်ယောက်ကများ ကိုယ့်အတွက် သက်သက်ရည်ရွယ်လို့ “ဆောင်းအမီ” သီချင်းကိုဆိုမနေနိုင်ဘူးလား ။ အိုက်စပ်စပ်နိုင်တဲ့ သည်ညမှာ မျောနေရတဲ့ ကျတော်ကတော့ သည်သီချင်းကိုမုန်းသည် ။ “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” ဆိုတဲ့ သီချင်းမျိုးကိုလည်း မကြားရဲ ။ မချမ်းဘဲ ၊ နှင်းမဝေဘဲ သည်မှာတော့ နှစ်သစ်ကူးနိုင်သည် ။

သည်လိုညမျိုးမှာ ကောင်လေးတွေက ချစ်သူဆီပေးဖို့ လက်ဆောင်ကို စီစဉ်နေကြလိမ့်မယ် ။ ကောင်မလေးတွေကလည်း “Happy New Year” ချစ်သူဆီက ဖုန်းအလာကိုစောင့်နေကြ ရင်း မနက်ဖြန်မနက်မှာ ရောက်လာမယ့် နှစ်ကူးလက်ဆောင်ကို စိတ်မှန်းပြီး မျှော်ကောင်းမျှော်နေကြပေပေါ့ ။ ကောင်လေးတွေကရော နှစ်ကူးလက်ဆောင်ကို နှင်းဆီနီတွေပေးမလား ၊ ကောင်မလေးတွေကရော ကောင်လေးတွေအတွက် လက်ကိုင်ပုဝါ လက်ဆောင်ပေးဖို့များ ကြံနေကြလေရော့လား ။ ပန်းနီနီလည်းမပေးဖူးပါပဲ ၊ လက်ကိုင်ပုဝါလည်း တစ်ထည်တစ်လေတောင် လက်ဆောင်မရဖူးပဲနဲ့များ ခုလိုညမျိုးမှာ တစ်ယောက်ထည်း ယောင်တောင်တောင်ဖြစ်နေရတဲ့ ကျတော့်အကြောင်း သူတို့လေးတွေသိအောင် အကြောင်းကြားရင်ကောင်းမလား ။ သည်လိုမျိုးလက်ဆောင်ပေးရင် ချစ်သူချင်းကွဲတတ်ကြသတဲ့ ။ ဒါပေမယ့်လည်း သည်လိုအဆိုမျိုးဟာ ခေတ်အဆက်ဆက်၊ လူမျိုးပေါင်းစုံမှာ လက်ခံလိုက်နာ ကြပါတယ်လို့တွေးမိတော့ စိတ်သက်သာသလိုရှိသွားသည် ။ နှစ်သစ်လက်ဆောင်ကြောင့် ကွဲရတယ်ရယ်လို့တော့ မရှိကောင်းပါဘူး ။

လမ်းမီးရောင်လက်လက်သည် တမ်းတလွမ်းမော စိတ်ကိုနှောင့်ယှက်သည် ။ ဘေး ၊ အောက် ၊ အပေါ် ရှိသမျှမှ ကျယ်ကျယ်လောင်လောင် ပျော်နေကြတဲ့ အသံဗလံတွေက အဆိုးဆုံးပါဘဲ ။ အောင်မလေးဗျာ Happy New Year …. ဘာပျော်စရာလဲ ။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကူးတာ ဘာများထူးခြားလို့လဲ .. ။ အသက်တစ်နှစ်ကြီးတော့ရောဘာများ ချက်ချင်းကြီးပြောင်းလဲသွားမှာလဲ ။ ကျတော့်မှာ စိတ်ညစ်ညူးထိုင်း မှိုင်းစရာတွေရှိ သမျှပျောက်သွားပြီးတဲ့လား .. နှစ်ဆန်းတစ်ရက်နေ့မှာ ။ အရာရာကို အစဆိုပြီးပြန်စလို့ ရမှာတဲ့လား ။ ချာခနဲလှည့်လို့ မီးရောင်စုံကို ကျောခိုင်းလိုက်သည် …။ မျက်နှာချင်းဆိုင်မှာတော့ ပူပူလောလော ဝယ်ထားတဲ့ နှစ်သစ်ပြက္ခဒိန်ကြီးက ထီးထီးမားမား….။

စားပွဲပေါ်မှာတော့ ဖတ်လက်စစာအုပ်ကြီးက ထီးထီးမားမား … ။ အောင်မလေး ထူလိုက်တာ တစ်ဝက်ကျော်ပြီးအောင်ဘယ်လိုများဖတ်လိုက်တာပါလိမ့်…။ အိပ်မပျော်နိုင်သေးတာတော့ အမှန် ။ သည်လို ညမျိုးမှာ အိပ်ဆေးကိုအားကိုး ရရင်တော့ ကျတော့်လောက် ညံ့တဲ့သူ ရှိတော့မှာမဟုတ် ။ ဖျစ်ညှစ်ပြီးတော့လည်း စာအုပ်ကြီးကို ဖတ်နေနိုင်ပေါင် ။

အတိတ်ကို ယောင်ယောင်လေးတွေရုံမှ နှင့်မွန်းကျပ်ကျပ်ဖြစ်လာတတ်တော့ သည်လိုညမှာ အနာဂတ်ကိုပဲတွေး ရမည်ဆိုရင်တော့ သိပ်မဆိုးလှ ။ နောက်နှစ်မှာ ဘာများဖြစ်လာမလဲ ။ ကောင်းတာကိုချည်းမျှော်လင့်ထားသလို သည်လိုညမျိုးမှာကျ တွေးရတာတော့ ပျော်စရာ ။ နောက်နှစ်မှာ ငါပိုပြီးတော်မယ် ၊ ပိုရင့်ကျက်မယ် ။ ပိုကြည့်ကောင်းလာမယ် ။ သည်လိုဆို အခုလို ယောင်တောင်တောင်ဖြစ် ရမှာမဟုတ်တော့ ။ ခုလို တစ်ခုခုကို စိတ်ပူပြီး မောမဆုံးလည်း ဖြစ်ရမှာမဟုတ်တော့ ။ သိပ်ကိုလှပတဲ့ အနာဂတ်ပါလား ။ အဲလေ… နှစ်သစ်ပါလား ။ အဲဒီ နှစ်သစ်ကို မကြာခင်ငါပိုင်ဆိုင်ရတော့ မှာပါလား ။ သည်လိုဆိုတော့လည်း …. လောကဟာ နေပျော်ပါသလား ။ အခုလောလောဆယ် မပြည့်မစုံဖြစ်အမျှ နှစ်သစ်မှာ အစစ အဆင်မပြေဖူးလို့ ဘယ်သူကြိုမြင်နိုင်လို့လည်း ။ လောကကြီးသာယာပါစေ ။ ကြားရ သမျှ တေးသံတွေ ၊ ဂစ်တာသံ ဒေါင်ဒင်တွေဟာ အသက်ဝင်လာသလို ရှိသည် ။

Happy New Year …..
Happy New Year …..
Happy New Year …..

သည်ညတော့ ရေးနေကျ Diary မှာ များများစားစားကြီးရေးဖြစ်တော့မည် မဟုတ် ။ တကယ့်ကိုတိုတိုလေး …


“Happy New Year 2009
နှစ်အကူးသာပါစေ … ၊ မောင့်ချစ်ဦးလည်း မာပါစေ .. ။”

+++++++++
နှစ်ကူးတေးသံ ဆူဆူညံနဲ့ လမ်းပေါ်ကအော်သံတွေကြားမှာ နစ်မြောလို့ ဟိုအဝေးဆီက တမ်းတမ်းတတ သီကြွေးလိုက်တဲ့ “ဆောင်းအမီ” သီချင်း စာသားတစ်စွန်းတစ်စကို ကြားလိုက်မိသလိုတော့ ရှိသား ….. ။ ။

Aung Phyoe
(31.12.2008 - 11:25pm)

21 December 2008

သံသာလေကမ်းတိုင် - ဇာတ်သိမ်း

(သည်ပုံထဲက ကျတော်ဖက်ထားတာ Birthday Boy ပေါ့ ။ စားပြီးတာလည်းကြာပြီ .... မအားလို့မတင်ဖြစ်တာ ။ အခုတော့ အဆုံးအထိ တင်ပေးလိုက်ပါပြီ ၊ ကျေနပ်မယ်လို့လည်း မျှော်လင့်ပါတယ် .. ။ ကျတော့်  သူငယ်ချင်း ကြီးလည်းလိုရာ ဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်ပါစေဗျား ) ....

++++++++++

(၄)



ကောင်ကလေးဟာ အိမ်ရဲ့ခပ်မှောင်မှောင်လမ်းအကူးမှာ သိမ်းထားတဲ့ လေတံခွန်သေတ္တာတွေကို ရှာတွေ့သွားသည် ။ သူကိုယ်တိုင်ကလည်း သည်ဟာတွေကို မမနိုင်သည့်အတွက် ကြမ်းပြင်တစ်လျှောက် အသံမမြည်အောင် တွန်းရင်းရွှေ့လာ ရသည်။ ရှိုဟမွန်ဟာ ကောင်ကလေးကို ကူရင်း လေတံခွန်တွေကို သယ်လာပေးကာ ရစ်ဘီးလုံးမှာတပ်ပေးဖို့ အိမ်ဝန်းထဲကိုသယ်လာသည်။ မီးဖိုဆောင်ထဲမှာ မိန်းမတွေကလည်း ဘာတွေများပါလိမ့်ဆိုတဲ့ အတွေးမျိုးနဲ့ ထွက်လာပြီးကြည့်ကြသည်။
“သည်စွန်တွေကို ဘယ်တော့လောက်လွှတ်ရမှာလည်း ဦးဦး”
“စွန်လွှတ်မယ် ဟုတ်လား” ။ သည်လိုအတွေးမျိုး သူ့ခေါင်းထဲတစ်ခါမှ မ၀င်ခဲ့ဖူးပေမယ့် အခြားသူတွေ အတွက်ကတော့ စွန်ဆိုတာ လေမှာပျံဝဲအောင်လွှတ်ဖို့ပဲလို့ ထင်ကြပေလိမ့်မည် ။



“မင့်ဦးဦးကတော့ စွန်ကိုလေထဲရောက်အောင်တောင် လွှတ်တတ်မှာ မဟုတ်ဖူး ။ မင့်အဖော်တွေကိုသာ ခေါ်ပြီးလွှတ်ကြပေတော့” အဒေါ်က ရစ်လုံးခွံတစ်လုံကို ပေးရင်းပြောလိုက်သည်။ မုဆိုးမလေးကတော့ ထောက်ခံဟန်ဖြင့် ပြုံရုံသာပြုံးပြသည်။ သူတို့ဟာ ဘီမသေနပွဲတော်နေ့ (ဟိန္ဒူဝါဒအရ စက်ပစ္စည်းတွေကို စောင့်ရှောက်သည် အဆိုရှိသောနတ်) မှာပဲ စွန်လွှတ်ပွဲကျင်းပကြတာပေါ့ လို့သဘောထူကြသည်။ သည်တော့ စဦးပထမအဖြစ် စွန်လွှတ်ဖို့ ရစ်ဘီးတွေ ကြိုးတွေကို အစဉ်သင့်လုပ်ထားကြရမည် ဖြစ်သည်။ အထူးသဖြင့်တော့ စွန်ကြိုးတွေဟာ ပြိုင်ဘက်တွေနှင့် လွန်းထိုးယှဉ်ပြိုင်ဖြတ်ကြရင် တိခနဲပြတ်နိုင်အောင် မှန်စာကောင်းကောင်းတိုက် ထားဖို့ အလွန်အရေးကြီးသည် ။ စွန်ကြိုးတွေ မငြိမတွယ်ရှိရလေအောင် သစ်ပင်သစ်ကိုင်းကင်းပြီး မိုးကုပ်စက်ဝိုင်းထိ မဖုံးမကွယ် မြင်သာလောက်တဲ့ ကွင်းပြင်ကျယ်တစ်ခုကိုတော့ ရွေးချယ်တွေ့ရှိသွားကြပြီးဖြစ်သည် ။ သည်စွန်လွှတ်ပြိုင်ပွဲအကြောင်းတွေးမိလိုက်သည် ဆိုရုံနှင့်ပင် သူတို့ခမျာ တက်ကြွခြင်းဖြင့် ရင်ခုန်လှိုက်မောမိစမြဲ ဖြစ်သည်။ ကျောင်းဆရာတစ်ယောက် ပီသစွာပင် ရှိုဟမွန်ဟာ သည်လိုအချိန်မျိုးမှာတောင် ကောင်ကလေးကို လေ့ကျင့်ခန်းစာအုပ်ချပေးရင်း “တကယ်လို့ လေတံခွန်တစ်စင်းဟာ ပေငါးရာထိ ကြိုးအရှည်ဆွဲပြီးလွှတ်တယ်ဆိုရင် ၊ လေတံခွန် အစင်း နှစ်ဆယ်ဆိုရင် ဘယ်လောက်အမြင့် ရောက်မလဲ” ၊ ကောင်ကလေးကတော့ မျက်မှောက်ကြုပ်လျက် “လေတံခွန်ကို ပေငါးရာထိပဲ လွှတ်မယ်ဟုတ်လား ။ ဒါဆို ပြိုင်ဖြတ်ကျရင် ကြိုးတွေရှုပ်ကုန်မှာပေါ့ ဦးဦးရဲ့ ၊ ဒါမျိုးဆိုတာ မြင့်လေကောင်းလေပဲ” ။ တစ်နေ့လည်လုံလုံးလဲ သူတို့နှစ်ယောက်ဟာ အိမ်နားနီးချင်းပတ်ဝန်းကျင်မှာ ပုလင်းပို ပုလင်းကွဲတွေ လိုက်တောင်းရင်နဲ့ပဲ အချိန်ကုန်ကျသည် ။ ရှိုဟမွန်ရဲ့ အဒေါ်ကတော့ သည်ပုလင်းကွဲ ပုစုခရုအားလုံးကို မီးဖိုထဲမှာ ခွဲလိုက်ပြီး ကျည်ပွေ့တစ်ချောင်းနဲ့ တကျည်ကျည်ကြိတ်ရင်း လက်မမှာတောင် မတော်တဆ ဖန်ကွဲစစူသွားသေး၏။ ဖန်ကွဲစမွမွတွေအပေါ် ကော်ရည်ကျက်ကျက်ဖြင့်သိပ်စေပြီး ကောင်းကင်ပြာပြာမှာ စွန်ကြိုးကို ထင်သာမြင်သာရှိစေဖို့ ရည်ရွယ်လျက် ဆေးနီမှုန့်တွေကိုလည်း ဖျော်၍စပ်လိုက်သေးသည်။ ကျောင်းက ပြန်လာပြီဆိုသည်နှင့် ကောင်ကလေးနှင့် အိမ်ဘေးမြေကွက်လပ်မှာ စွန်ကြိုးကျစ်ရင်း အချိန်ကုန်ရတော့သည်။ ကျွမ်းကျင်အလုပ်သမား များလိုပင် သူတို့နှစ်ယောက်ဟာ ပ၀ါစုတ်နှင့်လက်သုတ်ကာ ၊ ပုံးတစ်ပုံးနှင့် အပြည့်ထည့်ထားတဲ့ မှန်စာတွေကို ကျစ်ကြိုးပေါ်မှာ အထူအပါးညီအောင် သတိထားပြီး သုတ်လိမ်းကြရသည် ။ အားလုံးအပြီးသတ်သွားချိန်မှာတော့ နှစ်ယောက်သား မီးဖိုချောင်မှာထိုင်ရင်း အိမ်နောက်ဖက်တစ်ခွင် ခြောက်သွေ့အောင်လှမ်းထားတဲ့ မှန်စာကြိုးနီနီတွေကို ငေးကြည့်ရင်း ငရုတ်ခင်းနီနီတစ်ခင်းကို ဖန်ဆင်းထားမိသလို လှပပေတကားဟု ၀မ်းသာအားရဖြစ်ကြလေသည်။



အခုတလော ကျောင်းမှ စက်ဘီးစီးအိမ်ပြန်လာတိုင်း တစ်ရွာလုံး စွန်လွှတ်ပွဲအကြောင်းပြောကာ သောင်းသောင်းညံနေကြသည့် အသံတွေကိုကြားရသည် ။ လက်ရည်တူကောင်ကလေးတစ်စုကို အသင်းလေးတွေဖွဲ့ပေးရင်း ရွာကုန်စုံဆိုင်ပိုင်ရှင်က နိုင်ငံခြားဖြစ် စွန်တွေနဲ့ ယှဉ်ပြိုင်ရဲသူတိုင်း သူ့ဆိုင်ကဒေသဖြစ် စွန်တွေနှင့် အခမဲ့လေ့ကျင့်ခွင့် ပေးကြောင်းစသည်ဖြင့် သွေးထိုးလှုံ့ဆော် ပေးတတ်သေးသည်။ တကယ်တကယ်ပြိုင်ပွဲနေ့ကျတော့ ပထမဆုံး ဂျပန်ဖြစ်လေတံခွန်ကို ဂျပ်သေတ္တာထဲကထုတ်ပြီး ကျောင်းဘေးက ကွပ်လပ်မှာလွှတ်တော့ လူအုပ်ကြီးက စိတ်ဝင်စားဟန်မပြဘဲ တိတ်ဆိတ်နေသေးသည်။ လေတံခွန်ဟာ သံခမောက်ဆောင်းဆာမူရိုင်းသူရဲကောင်းကို ကြီးမားတဲ့သွားတွေနဲ့ ကိုက်ဝါးထားတဲ့ “ဘရိုမို” ဂျပန်ဘီလူးကြီးရဲ့ မျက်နှာ သဏ္ဍာန် ။ ကြက်သွေးရောင်နှင့် အညိုဖျောဖျော့ စပ်ရောထားတဲ့သည်လေတံခွန်ကြီးဟာ ကောင်စွာထိန်းမတ်မပျံနိုင်သေးဘဲ ခပ်ကြမ်းကြမ်းလေအသုတ်ဝယ် တွဲလောင်းခိုကာပါနေသည် ။ “အာဋ္ဌာဝကကြီး ဟေ့” ။ ပရိတ်သတ်ကတော့ မဟာဘရတ ကဗျာရှည်ကြီးထဲက စစ်သူရဲကောင်းတွေကို ကျွတ်ကျွတ်မြည်အောင်ဝါးစားတတ်တဲ့ ဘီလူးတစ်ကောင်အမည်ပေးကာ အားပေးကြသည်။ ကလေးတွေအလယ်မှာ ရပ်နေတဲ့ ရှိုဟမွန်ကတော့ ရစ်ဘီးကို လှည့်ရင်း ကောင်းကင်ဆီကို မမှတ်မသုန် အာရုံစိုက်နေသည် ။ ပြဇာတ်တစ်ခုမှာ ဇာတ်ကောင်တွေ အ၀င်ရှိသလို လေတံခွန်မျိုးစုံဟာလည်း တစ်ခုပြီးတစ်ခုပေါ်လာ ကြသည်။ တက်ကြွစွာပျံဝဲနိုင်ပြီဖြစ်တဲ့ ဂျပန်လေတံခွန်ကြီးဟာ စွန်ကြိုးကိုဝှိက်ဝေ့လို့ လှလှပပကြီး ဝဲပြလိုက်သည် ။ ခေါင်းတုန်းပြောင်ပြောင်မှာ အဝတ်ပတ်ထားကြတဲ့လယ်သမားကြီးတွေ ၊ ဆံပင်တွေကိုထုံးနှောင်ထားကြတဲ့ မိန်းမကြီးတွေပါတဲ့ လူအုပ်ကြီးကတော့ သောင်းသောင်ဖျဖျ သြဘာပေးကြသည်။ နေရောင်ရောင်ထိုးနေတဲ့ ဖန်ခွက်တစ်လုံး ရောင်ပြန်ဟတ်နေသလို သူတို့တတွေရဲ့ တက်ကြွအားပေးမှုဟာ ကောင်းကင်တစ်ခွင် ကျဲပျံ့လို့နေသည် ။ သို့သော် ချက်ခြင်းဆိုသလို အားပေးဦးညွှတ်မှုတွေ့ လျော့ကျသွားလို့ မျက်လဲဆန်ပြာဖြစ်သလိုနဲ့ ခပ်တိုးတိုးပြောင်လှောင်ရယ်မောသံတွေ ဖုံးလွှမ်းသွားသည်။ “ကျောင်းဆရာ မိန်းမဟာကြီး ရှုံးမှာပါကွာ … ” တစ်ယောက်ယောက်က ခပ်အောင့်အောင့် ရယ်မော ရင်းအော်ပြောလိုက်သည် ။ သည်နောက်မှာတော့ ဒေသခံစွန်တွေရဲ့ အနိုင်ရလိုစိတ်နဲ့ စွန်ကြိုးတွေကန့်လန့်တိုက်ရင်း တစ်စွန်ပြီးတစ်စွန် အားပြိုင်ပြီး တွင်တွင်ကြီးဖြတ်ချနေတော့သည် ။ ခဏချင်းမှာပဲ ရှိုဟမွန်ဟာ ရှိသမျှစွန်တွေ အကုန်များကုန်ပြီးလားလို့ စိတ်ထင့်သွားမိပေမယ့် ကောင်ကလေးဟာ အိမ်ပြန်သွားပြီးနောက် ရှိသမျှ လေတံခွန် ဂျပ်သေတ္တာတွေကို သယ်လာခဲ့သည်။ နောက်တော့ ပျံလွှားပုံ ၊ ပုစင်းပုံ ၊ နောက်တော့တောင် ပုံဆိုးဆိုး ကမာကောင်ပုံရှိတဲ့ လေတံခွန်တွေဟာ လေဟုန်စီး တရှီရှီပျံဝဲရင်း ကွင်းပြင်တစ်ခွင်ဆူညံသွားသည် ။ သည်အဖြစ်ဟာ ဝေဟင်ဆပ်ကပွဲတော်တစ်ခုလေများလားဟု ထင်မှတ်မှားရပြီး လူအုပ်ကြီးရဲ့ လက်ခုပ်လက်ဝါးတီးအားပေးသံ တွေလည်းဆူညံသွားတော့သည် ။



ရှိုဟမွန်ဟာ သည်ပွဲကို လူအုပ်ကြားက ထက်သန်စွာ အားပေးနေတဲ့ သူ့အဒေါ်နှင့်မုဆိုးမလေးနှစ်ယောက်စလုံးကို လှမ်းမြင်လိုက်ရသည် ။ သူဟာ မီရကီရဲ့ စွန်တွေအတွက် ဂုဏ်ယူမိပြီး နောက်ဆုံးအနေဖြင့် အမြင်ရိုးလှသော်လည်း ဖျက်လတ်သည့် နာကာဆာကီ လေတံခွန်ကြီးကို ထုတ်ယူလိုက်သည် ။ ခဏနေတော့ သည်စွန်ကို ယှဉ်ပြိုက်ဖြတ်မယ့် ခပ်တောက်တောက် အမြီးရှည်ရှည် ဒေသဖြစ်စွန်တစ်စင်းဟာ တိမ်ကြားတွင်းမှတိုးထွက်လာသည် ။ တစ်ဒင်္ဂအတွင်းမှာပင် ဂျပန်ဖြစ်နှင့် အိန္ဒိယဖြစ် လေတံခွန်နှစ်စင်းဟာ မိုးကုပ်စက်ဝန်းထောင့်နှစ်ထောင့်မှာ မျက်ဆိုင်အနေအထားနေရာယူ လိုက်ကြသည်။ ပွဲစပြီ ဆိုသည်နှင့် နှစ်စင်းစလုံးဟာ တိုးဆင်းသည်လေယာဉ်နှစ်စင်းအဟုန်နှုန်းဖြင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုးဝင်လိုက်ကြသည် ။ ကောင်းကင်ပြာနောက်ခံဝယ် နာကာဆာကီစွန်ကြီးမှာ သဘာဝအားဖြင့် အင်အားကြီးဟန်ရှိသကဲသို့ အနီရောင်ဒေသဖြစ်စွန်မှာလည်း လူအုပ်ကြီး၏အားပေးမှုကို တခဲနက်ခံယူနေဆဲဖြစ်သည် ။ အလင်းရောင်ရော့လာချိန်တွင်မတော့ နောက်ဆုံးပိတ်ပွဲကြီးပွဲကောင်းအတွက် ရှင်းရှင်းလင်းလင်းဖြစ်အောင် အခြားစွန်တွေအားလုံးကို ရစ်ဘီးပြန်သိမ်းလိုက်ကြသည် ။ ရှင်လင်းသွားတဲ့ ကွင်းပြင်တွင်မတော့ ရည်ရွယ်လုပ်ဆောင်ချက်ဟူ၍ မရှိပါ။ နာကာဆာကီလေတံခွန်ကြီးဟာ တိုက်ကွက်ထောင်ချောက်အသစ်တစ်ခု ဆင်လာဟန်နှင့် မိုးမြင့်မြင့်မှ နိမ့်ချပြန်ဝဲနေသည် ။ အကြံအစည်တစ်ခုခုကို အကောင်အထည်ဖော်မည့်ဟန်နှင့်လည်း ပြိုင်ဘက်လေတံခွန်၏ တိုးဖောက်ဝင်ရောက်လာခြင်းကို ရှောင်ရှားလိုက်သည်။ တစ်နေ့တာလုံး စိတ်လှုပ်ရှားခဲ့ရမှုကြောင့် နွမ်းနယ်ဟန်ရှိတဲ့ လူအုပ်ကြီးကလည်း အော်ဟစ်အားပေးရာမှ စိတ်ပျက်လက်ပျက် ညည်းညူရေရွတ်လာကြပြန်သည် ။ ရှိုဟမွန်ဟာ မြက်ခင်းပေါ်မှာ ထိုင်လိုက်တော့ ကောင်ကလေးက အားကိုးတကြီးနှင့် သူ့လက်မောင်းကို ဆုတ်ကိုင်ထားလိုက်သည် ။ စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးလို အနီရောင်စွန်ကြီးကလည်း ကောင်းကင်မြင်ဆီမှ အိမ်ခေါင်မိုး မလွတ်တလွတ်ထိတိုင် နိမ့်ချလိုက်လာရင် တိုက်ကွက်ဆင်ပြန်သည် ။ သည်နောက်တော့ တည်တည်ငြိမ်ငြိမ်ပဲ လမ်းကြောင်းအတိုင်းပြန်တက်ရင်း ပြိုင်ဘက် နာကာဆာကီရဲ့စွန်ကြိုးကို တိခနဲနေအောင်ဖြတ်ပြီး ပြန်လည်မြင့်တက်သွားတော့သည် ။ သွားပြီ !! ။ နာကာဆာကီကြီးဟာ လေပင့်ရာအတိုင်း ကြိုးအမျှင်တန်းရင်း လွင့်ပါသွားတော့သည် ။ ကောင်ကလေးတစ်စုကတော့ ငါးများတံတွေလို တုတ်ရှည်ရှည်တွေနဲ့ စွန်လိုက်ရန်အပြေးအလွှားသွားကြသည်။ လေတံခွန်ဟာကျောင်းဝင်းကိုကျောင်ပြီး လေသင့်ရာယိမ်းကနေတဲ့ စပါးခင်းတွေကိုဖြတ်ကာ ရွှံအိမ်ကလေးတွေအပေါ်ပျံဝဲရင်း မဲတလာမြစ်ပြင်ဘက်ကိုကျသွားသည် ။ သည်နောက်တော့ တစ်ဒင်္ဂကအားဖြင့် ရေစီးဝယ်အားဖျော့စွာ မျောပါသွားရင်း ရေအောက်ကိုနစ်မြှုပ်သွားတော့သည် ။



အိမ်အပြန်တွင်တော့ ရှိုဟမွန်ဟာ ၀မ်းမြောက်ဂုဏ်ယူခြင်းပီတိကို ခံစားလိုက်ရသည် ။ သူ့ရဲ့စွန်လွှတ်ဘက်ကောင်လေးနှင့် ပတ်သက်ပြီးတော့လည်း ထူးထူးခြားခြားဆက်နွယ်မှု ဥယျောဇဉ်ကို ခံစားလိုက်ရ၏ ။ သည်အဖြစ်အပျက်တွေဟာ သေသေချာချာ အစီအစဉ်ချထားသလိုပါပဲလား ။ ပထမ စွန်တွေရောက်လာသည် ၊ နောက်တော့ ခြံဝင်းထဲမှာ နှစ်ယောက်သား ခြေရာခြင်းထပ်မတပ် လေ့ကျင့်ပြင်ဆင်မှု များမှသည် နောက်ဆုံးနေ့လည်က စွန်လွှတ်ပြိုင်ပွဲအထိ ။ ဒါတွေဟာ အဝေးက သူ့အိမ်သူဇနီးရဲ့ အစီအစဉ်တွေများလား … ။ ကုတင်ပေါ်မှာထိုင်ရင်း ပြတင်းအပြင်က ပိုးစုန်းကြူးတွေ ပျံဝဲဟန်ကို ငေးကြည့်လို့ နေ့လည်ကောင်းကင်မှာ လေတံခွန်တွေ ပျံဝဲဟန်ကို သူမြင်ယောင်မိသည် ။ အိပ်ပျော်လုဆဲဆဲမှ စားပွဲပေါ်တွင်ရောက်နေသည့် စာအိတ်ခပ်ကြီးကြီးတစ်လုံးကို တစ်ချက်လှမ်းမြင်လိုက်သည် ။မီးအိမ်ရဲ့ မီးရောင်မှာ မြင်သာအောင် ပင့်ကြည့်ရင်း အိတ်ကြီးထဲမှာမှ သူ့နာမည်တပ်ထားတဲ့ မီရကီရဲ့ လက်ရေးနှင့် စာအိတ်သေးသေးလေးတစ်လုံးကို မြင်ရသည် ။


(၅)


ပွဲပြီးလို့မီးသေရမယ့် အချိန်မျိုးမှာတော့ ရှိုဟမွန်ဟာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့မိသလို လိပ်ပြာမလုံဖြစ်ရသည် ။ နောက်တစ်နေ့မနက်မှာ ကောင်ကလေးကို သူနဲ့အတူကျောင်းကို ခေါ်သွားမည်လို့ အစီအစဉ်ရှိခဲ့သော်လည်း စာတစ်စောင်ဟာ သည်အကြံတွေကို ဖျက်ဆီးပြစ်လိုက်သည် ။ နံနက်စာ လက်ဘက်ရည်နှင့် ဆန်မှုန့်ပေါင်းကို ခပ်မှန်မှန်ဝါးရင်း စာအိတ်ကိုဖွင့် ၊ စာရွက်ပေါ်က ကြက်သွေးရောင်မှင်နှင့် စကားလုံးတွေကို တက်သုတ်ရိုက်ဖတ်နေမိသည်။


“အခုတော့ ရှိုဟမွန်ရေ .. ။ ကျမရှင့်ကို အရေးတကြီး ကိစ္စတစ်ခုပြောစရာရှိတယ် .. ။ ဆရာဝန်ကပြောတယ် ကျမကျန်းမာရေး မကောင်းဘူးတဲ့ ၊ အတော်ကြီးကို မကောင်းဘူးတဲ့ ။ သူက ကျမအလုပ်ကထွက်ပြီး ကျမအစ်ကိုများရှိရာ ရှိဟွန်းမြို့ဆီ သွားနေဖို့ အကြံပေးတယ် ။ ကျမအထင်တော့ မကြာခင်နေပြန်ကောင်းလာမှပါ ။ ရှင်စိတ်ပူဖို့တော့ မလိုပါဘူး ။ ကျမရဲ့ သေတန်းစာကိုတော့ စာအိတ်အသေး တစ်လုံးနဲ့ ချိတ်ပိတ်ပြီး ပို့ပေးလိုက်တယ် ။ ကျမ မရှိတော့ ဘူးဆိုရင်တော့ ရှင်သည်စာကိုဖတ်ပေါ့ … ”


ပထမဆုံးတုန့်ပြန်မှု အနေနှင့်ကတော့ စာပြန်ဖို့ ထိုင်လိုက်တာပါပဲ ။ ပြီးတော့မှ ထွက်ပေါက်တစ်စုံတစ်ရာ ကိုတွေးမိပြီး သူ့အခန်းဆီပြန်ခဲ့သည် ။ ခပ်မြန်မြန် အဝတ်အစားလဲလိုက်ပြီး တစ်ယောက်ထည်းကျောင်းဘက်သို့ စက်ဘီးနင်းရင်းထွက်လာ ခဲ့သည် ။ လေပင့်တိုင်း အပွင့်တွေ ခြွေခြွေချ တတ်သည့် မန်ကျည်းပင်တန်းတစ်လျှောက်ဖြတ်သန်းရင်း သူ့စိတ်ကိုဒုန်ဒုန်းချလိုက်သည် ။ အချိန်တန်လေပြီ ။ သူတွေးလိုက်မိသည် ။ တစ်ချိန်ချိန်တွင် သူ့ဇနီးရှိရာ ဂျပန်ပြည်ကို အလည်သွားဖြစ်ရင် သုံးဖို့ဆိုပြီး အနှစ်နှစ်က ချန်ထားခဲ့တဲ့ သူ့ကျောင်းခွင့်ရက်တွေကို အကျိုးရှိစွာ လက်တွေ့အသုံးချဖို့ အချိန်တန်လေပြီ ။ နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကို ပြုစုယုယနိုင်သမျှပြုစု ဖို့ အခွင့်သင့်လေပြီ ။ အရင်အတိုင်း စာတွေအပြန်အလှန်ရေး လက်ဆောင်အပြန်အလှန်ပေးကြသည်ထက် ပိုလို့လက်တွေ့ကျတဲ့ မီရကီနှင့် ပတ်သတ်ဆက်နွယ်မှု တစ်ခုခုအကောင်အထည်ဖော်ဖို့ သူ့မှာ ဝတ္တရား ရှိပြီလို့လဲ ခံယူနိုင်ခဲ့ပြီ။ ပြီးတော့ ရွာကျန်းမာရေးမှူး သူ့မိတ်ဆွေထံ မီရကီရဲ့ ရောဂါအခြေအနေကို ပြောပြပြီး သူ့ဇနီးကို ကြပ်မတ်ကုသဖို့ လမ်းညွှန်ချက်တွေတောင်းရဦးမည် ။ သူမရဲ့ ကံဆိုးမိုးမှောင်ကျမှု ၊ တစ်နည်း သူတို့လင်ကိုယ်မယားနှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှု မှာပဲ သူ့အတွက် အားအင်ခွန်အားတစ်ရပ်ကို တွေ့ရှိရလို့ ကိုယ်တိုင်ပင်အံ့အားသင့်ရင်း လမ်းကျဉ်းလေးတစ်လျှောက် စက်ဘီးကို တစ်ရှိန်ထိုး စီးနင်းသွားသည် ။


သည်ညနေစောင်းမှာတော့ သူ့ဇနီးနေထိုင်မကောင်းလို့ သူကျောင်းမှာခွင့်တင်လိုက်သည်ဆိုတဲ့ သတင်းဟာ ကျောင်းမှ တစ်ရွာလုံးကို ပျံ့သွားခဲ့ပြီး အိမ်အပြန် တံခါးဝမှာ သူ့ကိုစောင့်နေတဲ့ အဒေါ်နှင့် ကလေးအမေ မုဆိုးမလေးကို ပက်ပင်းတိုးမိတော့သည် ။ နှစ်ဦးစလုံးဟာ တိတ်တဆိတ်ငေးမောရင်း အဒေါ်လုပ်သူက -


“မင်းအဝေးကြီးကို သွားမယ်ပေါ့”



သူခေါင်းယမ်းလိုက်သည် ။



“ဒါဆို ကောင်မလေးသည်လာပြီး နေတော့မယ်ပေါ့”



သူထပ်မံခေါင်းယမ်း လိုက်မိသည် ။



“ဒါနဲ့များကွယ် …. ဘာလို့” အဒေါ်ခမျာ သက်ပြင်းချရင်း တူတော်မောင့်ရဲ့လုပ်ဆောင်ချက်တွေကို နားမလည်ဟန် နှင့် မီးဖိုဆောင်ဘက်လှည့်ကာ ပြန်ဝင်သွားသည် ။ “ဘာပဲပြောပြော သည်ရက်တွေမှာ မင်းကောင်ကလေးအတွက် အချိန်ပေးနိုင်တာပေါ့လေ …. ”



သည်လိုနဲ့ပဲ သည်ရက်တွေမှာ မီရကီထံစာရေးရင်း သူအကြောင်းကို တွေးရင်း အချိန်ဖြုန်းခဲ့ ရသည် ။ နောက်အလုပ်တစ်ခုကတော့ ကောင်ကလေးအတွက်အချိန်ပေးရတာပါပဲ ။ ကောင်ကလေးကို အက္ခရာသင်္ချာတွေ သင်ပေးရင်း ၊ သူ့ရဲမေးခွန်းတွေကို အဖြေပေးရင်း … ။ “ဂျပန်ဆိုတာ ဘယ်မှာလဲဟင်” တစ်နေ့ ကောင်လေးကမေးသည် ။ သည်မေးခွန်းကတော့ လွယ်ပါသည် ။ “သူ့ကိုရော ဦးဦးကဘာလို့ လက်ထပ်လိုက်တာလည်း” ၊ စားပွဲပေါ်မှ ဂျပန်ဂေးရှမယ် ရုပ်ကိုလက်ညှိုးထိုးရင်း “ဒါနတ်သမီး ရုပ်ထုလား ။ သူကရော ကျတော့်ကိုလက်ဆောင်တွေ ပို့ပေးမှာလား ၊ ဒါဆို သားလည်းသူ့ကို လက်ထပ်မယ်လေ” အိမ်စာလေ့ကျင့်ခန်း စာအုပ်ကို ပိတ်လိုက်ရင်း ကောင်လေးက အဆိုပြုသည် ။ တစ်နေ့ ကျတော့ ကောင်လေးက ပြောပြန်သည် ။ “အမေကလေ သားကိုခေါ်ပြီး အဝေးကိုထွက်သွားချင်နေပြီတဲ့” ။ ခုဆိုရင် သူ့အမေ မုဆိုးမလေးဟာ အိမ်အလုပ်တွေကို အောက်ခြေသိမ်းအကုန်လုပ်နေပြီဖြစ်သည် ။ နံနက်တိုင်းလည်း သူရွာလမ်းတစ်လျှောက် လမ်းလျှောက်မထွက်ခင်အထိ သူ့အခန်းတံခါးဝတွင် စောင့်နေတတ်မြဲဖြစ်သည်။ သူသွားပြီဆိုရင် တော့ သူမဟာ ပုံးတစ်လုံး တံမြက်စည်းတစ်ချောင်းနဲ့ အခန်းကို ရှင်းလင်းပေးရင်း သူ့ရဲ့ဖောင်တိန်အဖုံးကို ပိတ်ပေးခြင်း ၊ ခုတင်အောက်မှာ ရောက်နေတတ်တဲ့ သူ့ရဲ့ဖိနပ်တွေကို ရှာပေးခြင်းစတဲ့ ဗဟီတွေ အဆုံး တစ်ခန်းလုံးကို အစစအရာရာပြင်ဆင်ပေးသည် ။ ရှိုဟမွန်ရဲ့ ဆန္ဒအတိုင်းပဲ သူမဟာ မီရကီရဲ့ ပန်းချီပုံတူကားကြီးကို သည်အတိုင်းထားလိုက်ပြီး နံရံပေါ်မှာ ချိတ်ဖို့ ရိုက်ထားတဲ့ သံတစ်ချောင်းဟာလည်း ငုတ်တုတ်ကျန်ရစ်သည် ။ ရှိုဟမွန် အနေနှင့်ကလည်း သူမရောက်လာသည့်အတွက် အပြောင်းအလဲများကို မသိမသာ လက်ခံမိမြဲဖြစ်သည် ။ သူ့အဒေါ်ချက်နေကျဟင်းတွေထက် နည်းနည်းအငန်ကဲနေတတ်တဲ့ သူမချက်တဲ့ လက်ရာတွေ ၊ နံနက်တိုင်း မုတ်ဆိတ်ရိတ်ဖို့ ကောင်ကလေး သူ့အခန်းဆီ ပြေးလာပေးတတ်တဲ့ ရေနွေးတစ်ဇလုံ ၊ နောက် သူတို့ဘုရားစင်က အိမ်တွင်းမယ်တော် လက်ချမီးကို ပူဇော်ရွတ်ဆိုတဲ့ သူမရဲ့ ဘုရားရှိခိုးဆုတောင်း စာသားများ။ “မုဆိုးမတွေဟာ လက်ချမီးမယ်တော်ကို ဖူးခွင့်ရှိရဲ့လား ” သူ အဒေါ့်ကိုမေးခဲ့သည် ။ “ဒါသူ့အိမ်ပဲလေကွယ် …” အဒေါ်က ခပ်ပေါ့ပေါ့ပင် အဖြေပေးခဲ့သည် ။ “ရှိခိုး ပူဇော်တယ်ဆိုတာမျိုးမှာ အပြစ်ဖြစ်တယ်လို့တော့ မရှိပါဘူးကွယ် …” ။ ကောင်ကလေးကလည်း သူ့အဒေါ်ကို အဘွားလို့ခေါ်စပြုလာပြီဖြစ်သည် ။ သူအနေနှင့်ကတော့ ဘယ်လိုပဲကြိုးစားကြိုးစား သည်မိန်းကလေးဟာ မီရကီ သူ့အစ်ကိုထံခိုလှုံရသလို သူထံလာရောင်ခိုဝင်တဲ့ ကံဆိုးရှာသူ နှမလေးတစ်ယောက်လိုလဲ သဘောမထားနိုင်ပြန် ။ သူကတော့ အဒေါ်နှင့်သူ့ကြားမှာ တဖြည်းဖြည်းဝေးကွားသွားသလို ခံစားလိုက်ရသည် ။ မီရကီရဲ့ ကျန်းမာရေးအခြေအနေအကြောင်းကို သူပြောတိုင်းလည်း အဒေါ်လုပ်သူမှာ စိတ်ဝင်တစား မရှိတော့ကြောင်း သူသတိထားမိလာသည် ။ “ဟဲ့ သူကရော မင်းပြောတဲ့ အတိုင်း တကယ်လိုက်နာတယ် ထင်လို့လားကွယ် ။ မင်းရဲ့ ဘုရားကု ကုတာကိုရော အရေးစိုက်မယ်ထင်လို့လား ။ သူတို့ ဂျပန်မှာက ဆေးတွေဝါးတွေက တို့ဆီကထက် အပုံကြီးပိုကောင်းပါတယ်လေ.. ” ။ ကြာလာတာနဲ့ အမျှ အဒေါ်က သည်အကြောင်းကို စကားအစပင် မခံတော့ချေ ။ “မင်းပူမနေပါနဲ့ ။ သူ့အစ်ကိုအရင်း တစ်ယောက်လုံး စောင့်ရှောက်နေတဲ့ဟာကို .. ” ၊ ကောင်ကလေးကတော့ သူ့ရဲ့စိတ်ပူပန်မှုတွေကို မျှဝေနိုင်တဲ့သူ ဖြစ်လာခဲ့သည် ။ စာပို့သမား စာတွေလာပို့တိုင်းလည်း သူ့အခန်းဆီပြေးသွားပေးတတ်ပြီး ရှိုဟမွန်စာဖတ်နေတုန်းမှာလည်း အခန်းဝဝယ် စိတ်ရှည်လက်ရှည်စောင့်နေတတ်သည် ။ ရှိုဟမွန်ကလည်း စိတ်စောသိချင်ဟန်ရှိတဲ့ကောင်လေး မျက်နှာကို ကြင်နာစွာကြည့်ရင်း “သူနေကောင်းနေပါပြီကွာ..” လို့ လိမ်ညာပြီးပြောတတ်သည် ။



မုတ်သုန်ရာသီဝင်စလ တစ်လမှာ ၊ ရှိုဟမွန် ကောင်ကလေးကို အိမ်စာတွေပြပေးအပြီး အဒေါ်က အခန်းထဲကို ၀င်လာကာ ခုတင်ပေါ်မှာ ထိုင်လိုက်ရင်း မုဆိုးမလေးအနေနှင့် ရွှေတိုငွေစလေးတွေကို အပေါင်းထားပြီး ကလေးကို ကင်ပွန်းတပ်မင်္ဂလာပြုပေးလိုသည့် အကြောင်းပြောပြသည် ။ ဘုန်းကြီးတွေကို ကပ်လှူရမှာတွေ ၊ နောက်ပတ်ဝန်းကျင်ကိုလည်း ဖောဖောသီသီကျွေးချင်သေးတာကြောင့် အတော်လေးငွေကုန်မည် ဖြစ်ကြောင်းလည်းပါသည် ။ ကောင်ကလေးကို အက္ခရာသင်္ချာသင်ပေးရုံအပြင် အခြားဘာသာရေးထုံးစံတွေကို သတိမပြုမိလေတော့ ရှိုဟမွန်ဟာ သည်ကိစ္စကိုတော့ စိတ်ဝင်တစား နားထောင်နေသည်။ “မင်းကောင်မလေးကို ကိန္ဒီမြို့အထိ လိုက်သွားပေးလိုက်ပါ ရှိုဟရယ် .. ။ သိတဲ့အတိုင်းပဲ သည်လိုနေရာတွေဟာ မိန်ကလေးတစ်ယောက်ထည်းသွားဖို့ အန္တရယ်များလှတယ် ..” သိက္ခာမဲ့တဲ့ ကိစ္စတစ်ရပ် မဟုတ်သည့်တိုင် သည့်အတွက် သူ့အတွင်းစိတ်က အပြင်းအတန်ငြင်းဆန်နေမိသည်။


“ဒါပေမယ့် ခုတလော မြစ်မှာရေတက်နေတယ်လေ ။ နောက်တစ်လ နှစ်လလောက်စောင့်ရင်ပို မကောင်းဘူးလား ။”


“ဘုန်းတော်ကြီးတွေကတော့ အခုချက်ချင်းလုပ်စေခြင်ကြတယ် …”


“ကျတော်တို့ သူ့ကို ငွေထုတ်ချေးလိုက်ရင်ကော”


“မင်းချေးမလို့လား ” အဒေါ်က သူ့ကို အထူးအဆန်းကြည့်လိုက်သည် ။


သူ့ရဲ့စိုးရိမ် ပူပန်မှုတွေဟာ ခြေခြေမြစ်မြစ်တော့ မရှိလှပါ ။ ကိန္ဒီမြို့အသွား မော်တော်ပေါ်မှာလိုက်ပါရင်း ၊ ဟိုအရင် ကျောင်းအဖွင့် ရွာကနေ ကာလက္ကတားကောလိပ်အပြန် ခရီးကို သူပြန်လည်မြင်ယောင်မိသည် ။ သည်လိုလွမ်းမောခဲ့ရတဲ့ နှစ်သက္ကရာဇ်တွေဟာ ရေလွှမ်းတဲ့ မြစ်နဘေးရွာလေးတွေကို မော်တော်ဖြတ်သလို ခဏခြင်း ကုန်ဆုံးသွား ရစမြဲဖြစ်သည် ။ သူဟာ မြစ်ကမ်းနဘေးက အမြစ်ဖွာဖွာ သစ်ပင်ကြီးတွေရေမှာ မြုပ်နေတာတွေ ၊ နှုစ်မြုပ်နေပြီဖြစ်တဲ့ မော်တော်ပျက်တွေ ၊ သည်အပျက်အစီးတွေကြားမှ ရေကြောင်းသတိပေး ဆိုင်းပုတ်သေးသေးလေးတွေကိုတောင် သတိမမူနိုင်ပဲ ဖြစ်လျက်ရှိသည် ။ မော်တော်ပေါ်မှ ပစ္စည်းချိတ်ရန်တန်းကလေးတွေဟာ ပြောင်ရှင်းလျက် နဘေးကလူတစ်စုမှာ လက်ဆွဲအိတ်တွေကို လက်မှာခပ်မြဲမြဲဆုတ်ကိုင်ရင်း မော်တော်ဝမ်းထဲရေတွေဝင်နေသည်ကို စိတ်ကြည့်နေကြကြောင်း ရှိုဟမွန် သတိထားမိပြီး တထိတ်တလန့်ပင် ဖြစ်သွား၏ ။ တစ်ဖက်ဆိပ်ကမ်းကိုရောက်ချိန်ကျတော့ သူက မုဆိုးမလေး၏ လက်ဆွဲအိတ်ကို ကူ၍သယ်ပေးလိုက်သည်။ ထီးတွေကိုယ်စီဖွင့်ဆောင်းရင်း နှစ်ယောက်သား ရွှံတွေနဲ့ ချောနေတဲ့ လူသွားလမ်းကျဉ်းကျဉ်းလေးအပေါ် သတိထား၍ လျှောက်လာခဲ့ကြသည်။ ဈေးနားရောက်တော့လည်း ငါးခြောက်နံ့ ဟင်းသီးဟင်းရွက်ပုပ်နံ့တွေကြောင့် ကိုယ်စီနှာခေါင်းရှုံ့ကာ ဖြတ်လာခဲ့ကြသည်။ သူ့အကြည့်ဟာ ကြီးမားလှပတဲ့ ဖရဲသီးတွေကိုငေးကြည့်ရင်း သိပ်နေကောင်းပုံမရတဲ့ ခရမ်းသီးသည်ရဲ့ ဈေးခေါ်သံကို လျစ်လျူပြုကာ စီးကရက်ဝယ်ရန် ခဏရပ်လိုက်သည်။ “မပုပ်ခင်လေး ဈေးချိုချိုနဲ့ ဝယ်စမ်းပါတော်” ။ ဆိပ်ကမ်းဈေး ဂိတ်ရှေ့ဝင်ပေါက်ပေါ်က အမိုးအကာတွေကလည်း မြစ်ရေကြီးမှုဒဏ် ကို ခံရပါများလို့ ပြိုပျက်ကျလုမတပ် အခြေအနေဆိုးနေသည်။ ရှိုဟမွန်ဟာ မုဆိုးမလေး သူ့ကိုမှီလာစေရန် စောင့်ခေါ်လိုက်ပြီးတော့ နောက် ခပ်မှိုန်မှိုန်တွေရော ၊ တောက်တောက်ပပ ပစ္စည်းတွေပါရှိတဲ့ နိမ္ဗာန်ကုန်ဈေးတန်းရှေ့ ရောက်တော့မှ အမျိုးသမီးကို ရှေ့မှသွားစေသည်။ ကြာပန်းငါးခိုင် ပုံစံ ကြေးမီးခွက်တွေရောင်းတဲ့ ဆိုင်ရှေ့ရောက်တော့ သူမ ဈေးမေးဖို့ရပ်လိုက်၏ ။ ပွဲအတွက် လိုမယ့် စန္ဒာကူးသားချောင်းတွေ ရောင်းတဲ့ ဆိုင်မှာ သူမဈေးဆစ်တော့ သူလည်းဈေးတည့်သည်အထိ စောင့်နေလိုက်သည်။ နောက်တော့လည်း အစီအစဉ်အတိုင်း ဟိုသူငယ်ငယ်တုန်းက အဒေါ်လုပ်သူရဲ့ မီဖိုကြောင်အိမ်ထဲမှ ခိုးခိုြးုပီးစားတတ်တဲ့ ထန်းလျက်ချောင်းတွေရောင်းတဲ့ လက်လီဆိုင်တန်းတွေ တစ်လျှောက် သူမ သူ့ကိုခေါ်လာပြန်သည်။ မုဆိုးမလေးက ကျောက်သားခပ်မည်းမည်းနဲ့ ထုထားတဲ့ ရှီဗ ဘုရားဆင်းတုကိုဝယ်တော့ စေတသိတ်စေတနာရဲ့ လှုံ့ဆောင်မှုကြောင့် သူပိုက်ဆံထုတ်ပြီး ငွေရှင်းပေးလိုက်သည်။ နောက်တော့ တံခါးပေါက်အပျက်တစ်ခုနားမှာ သူ့ကိုစောင့်ခိုင်းထားခဲ့ပြီး သူမကတော့ လက်ဆွဲအိတ်လေးကိုဆွဲကာ အထဲကိုဝင်သွားခဲ့သည် ။


ရှိုဟမွန် ဗိုက်ဆာလာသလိုလို ရှိသည်။ ပြီးတော့လည်း သည်ခရီးစဉ် ၊ သည်အမျိုးသမီး အဖော်နှင့် ပတ်သတ်လို့ မျှော်လင့်မထားခဲ့တဲ့ ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာကို သူခံစားလိုက်ရသလိုရှိ၏ ။ သူမဟာ ရှက်တတ်လွန်းသလို ရှိပေမယ့် ကိုယ်ပိုင်ဥာဏ်စွမ်းဥာဏ်စရှိပြီး အရာရာမှ လက်တွေ့ကျတဲ့ အမျိုးသမီးပေပဲ ။ “ကောင်မလေး ခမျာကံတော့ဆိုးရှာတယ် ” သူတွေးမိရင်း ကောင်ကလေးရဲ့ ကင်ပွန်းတပ်ပွဲအတွက် အစစ အရာရာ တာဝန်ယူအကုန်အကျခံ မပေးမိတဲ့အတွက် လိပ်ပြာမသန့်သလို ခံစားလိုက်ရသည်။ ရှီဗ ဆင်းတုတော်နှင့် ကြာပန်းခိုင်ခြင်းတစ်ခြင်းကို ဆွဲပြီးထွက်လာတဲ့ မိန်းကလေးကို ငေးကြည့်ရင်း သူတို့နှစ်ယောက်ကြား ခြားနားနေတဲ့ ဘ၀နှစ်ခုကိုရော ၊ နောက် တစ်မိုးအောက်မှာ အတူတူအိပ်စက်ကြ ရတဲ့ ဆက်နွယ်မှုတွေကိုပါ သူတွေးတော လိုက်မိသည်။ ပုစွန်ဆိုင်ရှေ့မှာ ခဏထိုင်ကြတော့ သူ့စိတ်ထဲမတင်မကျ ရှိလှတဲ့ ကောင်လေးကိုခေါ်ပြီး ဘာကြောင့်များ ပြန်သွားချင်ရသလဲ ဆိုတဲ့ မေးခွန်းကို အရဲစွန့်ပြီး မေးလိုက်သည်။


မုဆိုးမလေးဟာ တစ်စုံတစ်ရာသက်သာမှု ရသွားတဲ့မျက်နှာလေးနဲ့ သူ့ကိုပြုံးကြည့်လိုက်ပြီး တစ်ခုခုများ စားချင်းသလားလို့မေးလိုက်သည် ။ နှစ်ယောက်သား လူခပ်ရှုပ်ရှုပ်လမ်းလေးကိုဖြတ်ရင်း ထမင်းဟင်းရောင်းတဲ့ ဆိုင်လေးတွေရှိရာ မြစ်ကမ်းဘက်ကို လျှောက်လာခဲ့ကြသည်။ ခပ်ကျဉ်းကျဉ်း သစ်သားခုံ စားပွဲပေါ်မှာထိုင်ရင်း နှစ်ယောက်သားတိတ်တဆိတ်ပင်စားသောက်ကြသည်။ သူကတော့ သူမကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကနဲ့ ဘာမှ မပြောင်းလဲသေးတဲ့ မိန်းကလေးကို အံအားသင့်နေမိသည်။ သူမှတ်မိတာ ကတော့ ခပ်ရှက်ရှက်ပုံစံလေးနဲ့ စိုက်ကြည့်လိုက်တိုင်း အကြည့်လွှဲသွားတတ်သည့် ပုံစံလေးကိုပါ။ သည်တစ်ခါလည်း မိန်းကလေးဟာ သူ့ပန်းကန်ဆီအကြည့်လွှဲလိုက်ပြီး သူဗိုက်မဝသေးကြောင်း သိဟန်ဖြင့် ခရမ်းသီးကြော်တစ်တုံးကို သူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ ချောနေတဲ့ မော်တော်ကုန်းပေါင်ပေါ်တက်တော့ ရှိုဟမွန်က သူမရဲ့လက်မောင်းမှ ပင့်ကိုင်ပေးပြီး နောက်ပိုင်းကျကျ လူစုစုဘေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြသည်။ သည်တစ်ညနေမှာဖြင့် မဲတလာ မြစ်ပြင်ဟာ မိုးရိပ်လေရိပ်မဆင်ဘဲ တထူးတဆန်း သာတောင့်သာယာ ရှိလှပါ၏ ။


ရှိုဟမွန်ဟာ မော်တော်ပေါ်မှာပေါ်လာတဲ့ စာပို့သမားကို စာပို့ပုံးကြီး မပါသည့်တိုင်မှတ်မိလိုက်သည် ။ သူကလည်း ပြန်လည်ပြုံးပြ နှုတ်ဆက်ပါ၏ ။ တစ်ချိန်လုံးလိုလိုပဲ ရှိုဟမွန်ဟာ ဘင်္ဂလားပင်လယ်အော်ရှိရာ မိုးကုပ်စက်ဝိုင်းဆီ ငေးကြည့်ရင်းလိုက်ပါလာသည်။ လှိုင်းလူးလို့ မော်တော်ယမ်းခါသွားတိုင်းလည်း သူ့နဘေးမှ မိန်းကလေးကို သတိရလာ၏ ။ “ငါရဲ့ရွေးချယ်မှုကို သူဘယ်လိုများထင်ရှာမလဲ ” သူသိချင်မိသည် ။ “ငါသူ့ကို ငြင်းလိုက်လို့ သူဘယ်လိုများ ခံစားရရှာမလဲ ။ ခုဆိုရင်ရော သူငါ့ကိုဘယ်လိုများ သဘောထားသလဲ ….” ။ ချစ်ရသူတွေနှင့် ကွေကွင်းရခြင်း ကံတူအကျိုးပေး သူတို့နှစ်ယောက်ရဲ့ အဖြစ်ကိုလည်း ဆင်ခြင်မိသည်။ မိန်းကလေးကတော့ လင်ယောက်ျားဆုံးလို့ သေကွဲကွဲရတာ … ။ သူ့ ကျတော့ …. ။ “မဟုတ်ဘူး … ” သူ့အတွေးတွေကို ချက်ခြင်းဖြတ်ပစ်လိုက်သည်။ သူတို့လင်မယားချင်း စာအဆက်အသွယ် ရှိကြတာပဲ မဟုတ်လား ။ နေ့လည်စာ စားတုန်းက သူ့ကို ဟင်းထည့်ပေးသည့် အဖြစ်ကိုတွေးမိပြန်တော့ စကားလေးဘာလေး စပြောဖို့ လည်ချောင်းရှင်းရင်း စကားစရှာမိသည် ။ နောက်ဆုံးတော့ သူ့အကြောင်းကို သည်မိန်းကလေးသိစရာမလို သလို ၊ ခပ်ရှက်ရှက်သည် မုဆိုးမအကြောင်းကိုလည်း သူသိရန်မလိုလို့ နှလုံးပိုက်မိတော့သည်။ ရွာထိပ်က ဆိပ်ကမ်းမှာတော့ ကောင်ကလေးက လက်ဝှေ့ယမ်းပြရင်း သူတို့ နှစ်ဦးကို ထွက်ကြိုနေသည်။ “ဦးဦးရေ သည်နေ့တော့ ဘာစာမှ မလာဘူးဗျ ….”


အဲသည်ညမှတော့ ခြံဝင်းထောင့်မှ ထူးထူးခြားခြားရှိုက်သံလေးကြောင့် ရှိုဟမွန် အိပ်ရာမှ နိုးလာခဲ့ရသည်။ မျက်မှန်ကိုကောက်တပ်လိုက်ပြီး စီးကရက်တစ်လိပ်ကောက်ဖွာလိုက်သည် ။ နောက်တော့ သူ့ဖျာပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးကိုကျော်ရင်း ၊ တရှုးရှုးဟောက်သံပေးရင်း အိပ်မောကျနေတဲ့ သူ့အဒေါ်ရှိရာ တံခါးပေါက်မှ တစ်ဆင့်မီးဖိုချောက်ဘက်ဆီကို ဖြတ်လျှောက်လာခဲ့သည်။ အဲသည်မှာပဲ မော်တော်ပေါ်မှ နေ့လည်ကဆောင့်ကြောင့်လေးထိုင်ခဲ့တဲ့အတိုင်း ထိုင်ပြီး အမှောင်ကြီးထဲမှ လေတံခွန်တွေ ၀ဲသလို လူးလာပျံသန်းကြတဲ့ ပိုးစုန်းကြူးတွေကို ငေးကြည့်နေရှာတဲ့ မုဆိုးမလေးကို သူတွေ့လိုက်ရသည်။ အင်အားကြီးမားတဲ့ ဆန္ဒတစ်ခုရဲ့တိုက်တွန်းမှုကြောင့် ရှိုဟမွန်ကိုယ်တိုင် သည်နဘေးကိုရောက်သွားပြီး မျက်ရည်တွေချောင်းစီးနေရှာတဲ့ မျက်နှာလေးကိုပင့်ကိုင်ရင်း သူရင်ခွင်အတွင်းဆွဲသွင်းကာ မိန်းကလေးကို အားရပါးရ ငိုကြွေးစေခဲ့သည် ။


(၆)


“မနေ့ညက ကိုယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းကိုပြောပြရလိမ့်မယ် မီရကီ .. ” သူအစပြုဖို့ ကြိုးစားတိုင်း စာကိုဆက်လို့ ရေးနိုင်စွမ်း မရှိခဲ့ပါ ။ စိုစွတ်ပြီး မြူတွေဆိုင်းနေတဲ့ နံနက်အရုံတက် အချိန်ကတည်းက အိပ်ယာမှထလို့ စာရေးစာပွဲပေါ်မှာ မလှုပ်မရှားထိုင်နေခဲ့သည် ။ သူ့အနေနှင့်ကတော့ အရင့်အရင်တုန်းကလိုပင် အရာရာကို မချွန်းမချန် မီရကီဆီ အစီအရင်ခံဖို့ လိုကြောင်း ခံစားသိနေရသည် ။ ဇနီးမယားပီသစွာပင် သူနေမကောင်းဖြစ်သည်ကအစ မီရကီ သူ့ကို အကုန်ပြောပြာခဲ့သည် မဟုတ်ပါလား ။ သည်သတင်းကြောင့် မီရကီ စိတ်ထိခိုက ရမှာကိုတော့ သူသိသည်။ ပိုဆိုးတာက သူမ နေမကောင်းဖြစ်နေချိန်မှာ ရှိုဟမွန်သူမကို ခွာသွားသည်လို့ နောက်ဆုံးအချိန်အထိ သူမအစွဲကြီးစွဲသွား နိုင်သည်။ “ရှင်မုဆိုးမလေးကို လက်ထပ်လိုက်ပါ ရှိုဟမွန်ရယ် ။ မိန်းကလေးခမျာလည်း ရှင့်လို အထီးကျန်ရှာတယ် မဟုတ်လား …” သနားစဖွယ် ခံစားမှုတွေ ရောင်ပြန်ဟတ်နေမည့် မီရကီထံမှ ပြန်စာကို သူမြင်ယောင်မိသည် ။ ဒါပေမယ့် သူစိုးရိမ်တာ တစ်ချက်က သူ့ရဲ့ဝန်ခံချက်အပေါ် မီရကီ ဘယ်လိုမှ မတုန့်ပြန်ဘဲ ဘောပင်ကိုပစ်ချကာ သူတို့လက်ထပ်ခဲ့ကြသလိုပင် လွယ်လွယ်နှင့် ဇနီးခင်ပွန်းအဖြစ်မှ ပြတ်စဲသွားမည်ကိုပင်ဖြစ်သည် ။ သူ့အဒေါ်ရဲ့ စကားတွေကလည်း သူ့ကိုခြောက်လှန့်နေဆဲ ဖြစ်သည်။ “မင်းမိန်းမမှာရော တစ်ခုခုဖြစ်တယ်ဆိုရင်တောင် မင်းသိမှသိရပါ့မလား ။ သူ့မှာရောသည်လိုဆိုရင် မင်းကို ဘယ်သူလာ အကြောင်းကြားမှာတဲ့တုန်း …” ။ မီရကီဆီမှ စာအလာရပ်ဆိုင်းသွားရင်တော့ သူမသေဆုံးသွားကြောင်း သူသိနိုင်ပေမည်။ သူကြောက်တာတစ်ခုကလည်း တကယ်လို့ သူနှင့်မုဆိုးမလေးအကြောင်းသာ မီရကီသိရရင် သူမအသက်ရှင်နေသည့်တိုင် စာအသွားအလာ ရပ်စဲသွားနိုင်သည် ။ သို့တိုင်အောင် မဖြစ်မနေပြောရမည်ဆိုတဲ့ အသိက သည်အကြောက်တွေထက်ပို၍ အားကောင်းနေသည် ။ သည်အမှန်တရားကို သာဖွင့်မပြောရရင် လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်းက သူတို့လင်မယားကောင်းတိုင်ပင် ဆိုးတိုင်ပင် စာတွေဟာ အလဟသ တန်ဖိုးမရှိဖြစ်သွာလိမ့်မည်။ “ဟုတ်ပါတယ်လေ .. သစ္စာမဲ့တဲ့ ယောက်ျားတစ်ယောက်ဟာ ဘာတန်ဖိုးရှိတော့မှာလဲ ။ သည်လိုယောက်ျားမျိုးဆီက ဘယ်မိန်းမမျိုးမဆို လေတံခွန်တွေ အဝေးကို ပျံဝဲသွားသလို စွန့်ခွာသွား ကြစမြဲ မဟုတ်လား ….”


ကောင်ကလေးကို မီရကီဆီရေးထားတဲ့စာကို သွားထည့်ခိုင်းပြီးတဲ့နောက် ရှိုဟမွန်ဟာ စွန်လွှတ်ပွဲတော်နေ့ ကရောက်လာတဲ့ စာအိတ်လေးကိုထုတ်ရင်း အခန်းထဲမှာထိုင်နေခဲ့သည် ။ သည် မီရကီရဲ့ သေတန်းစာပါတဲ့ စာအပြင်နောင်ထပ် သူမထံမှ မည်သည်စာမှရောက်လာတော့မည် မဟုတ်။ အပြုံးချိုချို စာပို့သမားနှင့်တစ်ဆင့် မဲတလာမြစ်ကို ဖြတ်ကာ မည်သည့်လက်ဆောင်မှလည်း ရောက်လာတော့မည် မဟုတ်ချေ ။ သူမသေသည်ဖြစ်စေ ၊ ရှင်သည်ဖြစ်စေ သည်စာဟာ မီရကီဆီမှ နောက်ဆုံးစာပေပဲ ။ တုန်ရီနေတဲ့ လက်ချောင်းတွေနဲ့ စာအိတ်ကိုဖြဲလိုက်ပြီး စာအခေါက်ကိုဖွင့်ရင်း စားပွဲပေါ်မှာ ဖြန့်လိုက်သည်။ သည်နောက်တော့မှ ကြက်သွေးရောင်မှင်ဖြင့်ရေးထားတဲ့ စာကို စတင်၍ဖတ်လိုက်သည် ။ “ချစ်ရတဲ့ ရှိုဟမွန်ရေ.. ရှင်သည်စာကို စဖတ်ပြီဆိုတာနဲ့ ကျမသည်လောကကြီးထဲမှာ ရှိတော့မှာ မဟုတ်တော့ဘူး ….”


(၇)



လေပြင်းမုန်တိုင်းကြီးဟာ တမာပင်တန်း ၊ မန်ကျည်းပင်တန်းတွေကို ချိုးဖျက်လျက် လျိုနိုင်းဒေသတစ်ခွင် အညိုးတကြီး တိုက်ခတ်ဖျက်ဆီးသွားခဲ့သည် ။ အရင်တုန်းကတွေလိုပဲ လယ်သမားတွေရဲ့ ကောက်လှိုင်းတွေကို သယ်မဖျက်ဆီးရုံသာမက ကျောင်းအဆောက်အအုံတစ်ခုလုံးကို ပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့သေးသည် ။ ကံကောင်းထောက်မစွာပင် ရွာမော်တော်ဟာ အချိန်မီအဖိတ်အစင်မရှိ ကမ်းကပ်နိုင်ခဲ့ပြီး ဥတုရာသီသာယာသွားသည်နှင့် အရင်လိုပင်ခေါက်ပြန် ပြေးဆွဲနေပြီဖြစ်သည် ။ ဆောင်ဦးပေါက်စ ရာသီမှာတော့ တစ်ရွာလုံး စိတ်မကောင်းဖြစ်ဖွယ် သတင်းဆိုးတစ်ရပ်အဖြစ် ရွာကျောင်းမှာ သင်္ချာသင်တဲ့ ကျောင်းဆရာ ရှိုဟမွန် ချာကာဘာထရီ တစ်ယောက် မုန်တိုင်းထက် အန္တရာယ်ကြီးတဲ့ သေတတ်တဲ့ ခြင်ကြားအကိုက်ခံရလို့ ငယ်ငယ်ရွယ်ရွယ်ရေတိမ်နစ်ကွယ်လွန်သွား ရှာတဲ့ အဖြစ်ပါပဲ ။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေသာမက တစ်ရွာလုံးဟာ သူ့ကိုဆုံးရှုံးမှု အတွက် ပူပန်သောကရောက်ကြရပါ၏ ။ မြို့ကိုသွားပြီး ပညာသင်နေရှာတဲ့ သူ့ရဲ့ မယားပါမွေးစားသားကောင်ကလေးဟာလည်း အားကိုးရာမဲ့ ငိုရှိုက်ရင်း ရွာပြန်လာခဲ့ရှာသည်။ သည်ကျောင်းဆရာဟာ တပည့်တွေအပေါ် ၀တ္တရားကျေသည့်အပြင် စေတနာလည်းပိုခဲ့ရှာသည်မဟုတ်ပါလော ။ သနားစရာ သူ့အဒေါ်အတွက်ကတော့ ဖြေသိမ့်စရာ စကားလုံးမရှိရာပါ။ အဒေါ်လုပ်သူရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကျောင်းအုပ်ဆရာကြီးက ဂျပန်နိုင်ငံမှာ ရှိတဲ့ ကျောင်းဆရာရဲ့ ဇနီးတစ်ယောက်ကို ခင်ပွန်းသေဆုံးပြီ ဖြစ်တဲ့အကြောင်း စာရေးအကြောင်းကြားလိုက်သည် ။

သူဇနီးရောက်လာခဲ့ပါသည် ။ ဟိန္ဒူရှေးထုံးစံအတိုင် ခင်ပွန်းသေဆုံးစ အမျိုးသမီးတွေလို ခေါင်းကိုပြောင်အောင်ရိတ်လျက် ၊ အဖြူရောင် ချည်ဆာရီကို ဝတ်လျက် သူမ အရောက်လာခဲ့ပါသည် ။ ကိန္ဒီမြို့ဆိပ်ကမ်းမှ မော်တော်စီးလျက် အမျိုးသမီးလိုက်ပါလာသည်။ ခပ်မတ်မတ်ထိုင်ရင်း မိုးကုပ်စက်ဝန်းဆီမျှော်ငေးလျက် ဖြူဖတ်ဖြူရော် သူမ၏ ပုံစံကြောင့် လူတိုင်းလိုလိုပင် သတိပြုမိကြသည် ။ လျိုနိုင်းဆိပ်ကမ်းအရောက် ရွှံထူထူကမ်းပါးကိုကျော်လာပြီး လန်ချားတစ်စီးကို လှမ်းခေါ်ကာ သည်ရွာက ဂျပန်လူမျိုးဇနီးရှိတဲ့ ကျောင်းဆရာရဲ့ အိမ်ကိုပို့ပေးပါဟု အမျိုးသမီးကပြောလိုက်လေသည် ။ ။

ပြီး

အောင်ဖြိုး

(Dec 12, 2008 , 12:24am)

( P.S ဖတ်ပြီးကြပြီဆိုရင် ရုပ်ရှင် Trailers လေးတွေကို ခံစားကြည့်ကြပါဦး )