27 January 2013

အဇ္ဈတ္တ ဖဲချပ်များ

[ ခိုင်စိုးလင်းစီစဉ်တဲ့  ရောင်စုံစက္ကူ (color papers) e-book မှာပါပါတယ် .. ။ ]
(၁) 


[by Aidii]
     ငွေ့သိပ်ဖြစ်တည်စ ရေစက်မှုန်လေးတွေ တဖြည်းဖြည်းစုမိပြီး အစိမ်းရောင်သစ်ရွက် မျက်နှာပြင်တလျှောက်ဖြာထွက်နေတဲ့ အရွက်ကြောအမျှင်လေးတွေက တဆင့် ခါးလည်ရွက်တံဆီကို စီးဆင်းလို့သွားတယ်။ တစတစနဲ့ များလာပြန်တော့ သည်အလေးဆကြောင့်သာပဲ သစ်ရွက်ဟာကွေးညွှတ်သွားရပြီး ငွေ့ရည်တစက်အဖြစ် ရွက်တံဖျားကနေ ပြုတ်ကျလာတယ် ။

     သည်ရေစက်လေးသူ့မျက်နှာပေါ်ကျတော့ အိပ်မက်ရင်း တသိမ့်သိမ့်ခုန်နေတဲ့ သူ့နှလုံးဟာ တခဏလောက်ရပ်သွားပုံပဲ ။ ထိတ်လန့်တာလား ၊ အံ့သြသွားတာလား မသိသာပေမယ့် အဲသည်ခဏမှာ သူ့မျက်လုံးတို့ ဖြည်းဖြည်းချင်းပွင့်လာတယ်။ မိန်းကလေးက ကျတော့်ကိုတော့ မှတ်မိပုံပဲ ။ လက်ကမ်းလိုက်ပေမယ့် မမှီသာတော့ဘူး ထင်လိုက်တယ် ။ မနိုင်တာကို စိတ်လျော့လိုက်ပြီး မျက်လုံးကို ကြိုးစားဖွင့်ရမယ်လို့ ကျတော်သိတယ် ။ မမှီလိုက်တော့တဲ့အဖြစ်ကို လက်ခံရုံသာရှိပြီး ၊ နာလိုခံခက်မဖြစ်သင့်ဘူး။ ခဏလောက်ကြာရင် ကျတော်မကြားချင်တဲ့ အသံကိုကြားရတော့မယ် ။ သည်အချိန်ဟာ ခြောက်နာရီခွဲဖို့ ငါးမိနစ်အလိုလည်းဖြစ်မယ် ၊ တစ်စက္ကန့်အလိုလည်းဖြစ်မယ် ၊ မသေချာဘူး ။ ဒါပေမယ့် သိစိတ်အရ ခြောက်နာရီခွဲတော့မယ်ဆိုတာတော့ ပြောနိုင်တယ် ။

     မျက်စိဖွင့်လိုက်နိုင်တော့ တဖက်ကုတင်မှာ လှဲနေတဲ့ ဇနီးကို အိပ်မှုန်စက်ဝါးနဲ့မြင်ရတယ် ။ သည်အချိန်ဆို သူလည်းနိုးနေပြီ ။ ထုံစံအတိုင်း ကျတော် ကုတင်ပေါ်ကဆင်းတော့ သူလည်း ထလိုက်လာတယ် ။ ပြတင်းပေါက် အပြင်မှာ လမ်းမီးတို့ထိန်လင်းဆဲ ၊ ကျတော့်ထက်စောပြီး အလုပ်သွားကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ သည်နေ့ လစာထုတ်ကြမယ့်နေ့ ၊ သူတို့ ခြေလှမ်းတွေတောင် အခြားနေ့တွေနဲ့မတူ နည်းနည်းပိုသွက်နေသလိုပဲ ။ ထင်လို့လည်းဖြစ်နိုင်ပါတယ် ။ ညနေ အပြန်ဝင်နေကျ ဆေးခန်းကိုသွားရမယ် ၊ ပြီး အိမ်ပြန်လာ၊ နောက်ပြီးတော့... ။

 "ရေချိုးပြီးရင် ကြမ်းကိုသေချာကြည့်ပြီး ဆေးခဲ့ပါ ၊ ကလေးလည်း ရှိတယ် သိပ်ညစ်ပတ်တာပဲ .."

     ငေးနေရင်းက အတွေးလက်စပြတ်သွားပြီး ကျတော်အတော်တော်လည်းရှက်သွားတယ် ။ စကားတစ်ခွန်းကို ဇနီးအပါအဝင် လူတိုင်းလိုလိုဟာ သည်လိုပဲ ပေါ့ပေါ့လေးပြောတတ်ကြတယ်လား။ မျက်နှာကိုငုံ့ရင်း အထဲကိုပြန်လှည့်ဝင်လိုက်တယ် ၊ လူတွေ ငါ့ကို ဘယ်လိုမှနားလည်မှာ မဟုတ်ဘူးလို့ ကျတော်တွေးမိတယ် ။ အခန်းထဲမှာ လေအေးစက်နံ့ သဲ့သဲ့နံနေတယ် ။ မျက်နှာသုတ်ရင်း စိတ်ညစ်ညူစေမယ့် အတွေးကိုကြိုးစားပြီးဖြတ်တယ် ။ သည်နေ့အလုပ်က အခြားနေ့တွေကလိုပဲ တအိအိနဲ့ တနေကုန်ရင်ပြီးသွားမှာ ၊ နောက်တော့ လစဉ်ထုံးစံ ဆေးခန်းသွား ၊ ပြီးတော့အိမ်ပြန် ။ သည်ကိစ္စတစ်ခုနဲ့တစ်ခုကြားထဲမှာ တနေရာနဲ့ တနေရာကူးနေရင်း ကုန်တဲ့အချိန်ဟာကိုယ်ပိုင်ပဲ ။ တွေးပါလေ့ ။ မနက်ထရေချိုးချိန်ဟာ တနေ့မှာ ကျတော့်ကိုယ်ကျတော် ပိုင်တဲ့ ဦးဆုံးအချိန်ပဲ ။ သည်အချိန်မှာ ပြန့်နေတဲ့စိတ်ကို လျော့ရမယ် ၊ တင်းနေတဲ့ စိတ်ကိုလွှတ်ရမယ် ၊ လက်ရှိအချိန် လောလောဆယ်မရနိုင်တော့တဲ့ သာယာမှုတစ်ခု ကို ကိုယ်တိုင်ဖန်တီးယူရမယ် ။ ပြီးရင် စော်ကားရွဲ့စောင်းခြင်း ထပ်မခံရအောင် ရေကိုပုံးလိုက်လောင်းလို့ ကြမ်းကိုတချက်ဆေးရမယ် ။ နောက်ဘေးဘက်က နံနက်စာအသင့်ရပြီဆိုသံကို ကြားရတော့ သည်နေ့ အလုပ်သွားရင် ဟို တပတ်ကတည်းက မေ့နေတဲ့ ထီးကို ပြန်ထည့်သွားဖို့ပြင်ရင်းက ဝတ်ထားတဲ့ အကျီ င်္ကိုလှန်ချွတ်လိုက်တယ် ။


 (၂)

     ကျတော့် အလုပ်ကို ဆင်းတဲ့ဘူတာကနေ လမ်းလျှောက်သွားရင် နာရီဝက်ကျော်ကျော်လောက် ကြာတယ်။ ဘစ်ကားနဲ့ဆိုရင်တော့ ကားစောင့်တာ ဘာညာနဲ့ဆို ဆယ်မိနစ်ကျော်ကျော်လောက်ပဲ ကြာမယ် ။ ဒါနဲ့ပဲ လှုပ်ရှားမှုလည်းရ ၊ ဟိုဟိုသည်သည်တွေးချိန်လည်းရအောင်ဆိုပြီး အမြဲလိုလိုလမ်းလျှောက်ဖြစ်တယ်၊ သည်လို အချိန်ရအောင်လည်း အိမ်ကနေ စောစောထွက်တယ် ။ ရုံးမှာ ပရောဂျက် ရက်ချိန်းနီးလို့ စောစောနဲ့ လောလော လာရမယ်ဆိုတာမျိုးဆိုတော့ ဘစ်ကားစီးပေါ့ ။ ကိုယ့်အကျင့်နဲ့ကိုယ်ဆိုတော့ လုပ်ချင်ရာ၊ စိတ်ထင်ရာလုပ်တာပါပဲ ။ တခါတခါ ကိုယ်မသွားချင်တဲ့ဆီကို ကိုယ့်ခြေနဲ့ကိုယ်အမြန်သွားရတဲ့ ဆန့်ကျင်ဘက် စိတ်ခံစားမှုမျိုးကို ကျတော်ကြိုက်တယ်။

     နောက်တချက် လမ်းလျှောက်သွားရတာကို ဘာလို့ကြိုက်တုန်းလို့ သေချာစဉ်းစားရရင် ကျတော်တွေးနေရတာကို သဘောကျလို့ပဲ ။ နောက် တယောက်ထဲ လျှောက်ပြန်တာဆိုတော့ ကိုယ့်အတွေးတွေ အမေးတွေကို ကိုယ်တိုင်တိုးတိုးလေးပဲ ဖြစ်ဖြစ်ဗျာ အသံထွက်ပြီး ရေရွတ်ချေပခွင့်ရှိတယ် ။ အဲသည် ဖီလင်ကိုလည်း သိပ်ကြိုက်တယ် ။

     ကျွန်တော်တို့ ရုံးလမ်းက တဖက်ပိတ်ကြီး ။ တိုက်တွေဆိုတာကလည်း အလုပ်ရုံတွေချည်းပဲဆိုတော့ ညိုညစ်ညစ်အရောင်သုတ်ထားတာများတယ် ။ လမ်းအချိုး တဖက်မှာတော့ လူနေတိုက်ခန်းအိမ်တွေရှိတယ် ။ တိုက်ကြိုတိုက်ကြားက ဖြတ်ပြီး ရေမြောင်းဘောက်တစ်လျှောက် လူစိုက်တဲ့ သစ်ပင်တန်းအတိုင်း တော်တော်လေးလျှောက်ရင် ရုံးဂိတ်ဝ ကဒ်ဖြတ်တဲ့ နေရာကိုရောက်တယ် ။ အဲသည်လူနေ တိုက်တွေကြားအောက်မှာပဲ စားသောက်ဆိုင် သေးသေးလေးတွေရှိတယ် ။ တခါတခါ အခန့်သင့်လို့ သိပ်စောနေရင် ကော်ဖီတစ်ခွက်လောက်ဝင်သောက်ပြီး ရေမြောင်းတလျှောက်ငေးနိုင်သေးတယ်။ နောက်သည်ကိုဖြတ်မလာချင်လို့ ဘစ်ကားသွားတဲ့ လမ်းအတိုင်းဆိုရင်တော့ တမျှော်ကြီးပတ်ပြီး လျှောက်ရတယ် ။ သည်တော့ တော်ရုံတန်ရုံ ဖြတ်လမ်းကသွားတာပဲ များပါတယ် ။ ဒါပေမယ့် ဘယ်တော့မှတော့ သည်လမ်းအတိုင်း ညနေဆိုလမ်းလျှောက်မပြန်ဖူးဘူး ။ ဒါတော့လည်း သည်လမ်းဟာ နံနက်ပိုင်း ရုံးတတ်ဖို့သွားတယ်ဆိုတာနဲ့ပဲ သက်သက်ဆိုင်တယ်လို့ပဲ ကိုယ့်ဖာသာ အမှတ်ထားမိတယ် ။

     သည်နေ့နံနက်တော့ မိုးမရွာဘူး ။ နည်းနည်းလည်းစောနေတော့ ခပ်ဖြည်းဖြည်းနဲ့ပဲလျှောက်တယ် ၊ လမ်းတလျှောက် တွေ့ရတတ်တဲ့ ဘစ်ကားမှတ်တိုင်တွေထဲက တခုမှာမှာ နံနက်တိုင်းစောင့်နေကျ အဒေါ်ကြီးကိုတွေ့တယ် ။ ကျတော် စိုက်ကြည့်နေသလို ဖြစ်နေတော့ သူလည်း သတိထားမိပြီး မှတ်မိပုံပါပဲ ၊ ပြုံးပြမယ်လို့ တွေးပေမယ့် မျက်နှာကမလှုပ်မိဘူး ၊ သည်တော့ သူလည်းအကြည့်လွှဲရင်း မျက်လွှာပြန်ချတယ် ။ အဲသည်အဒေါ်ကြီးကို ကျတော်အလုပ်ဝင်စ နေ့ကတည်းက သည်မှတ်တိုင်မှာ နံနက်ဆို ကားစောင့်စောင့်နေတာတွေ့ ရတယ် ။ ထမင်းထုတ်ပဲလား ၊ ရေဘူးရောပါလား၊ တိုလီမိုလီတွေပဲလား ၊ သေချာမသိပေမယ့် စုထုတ်ထားတဲ့ အိတ်တစ်လုံး အမြဲတမ်း သူ့မှာပါတယ် ။ သူ အခုသွားရမယ့် အလုပ်ကိုလုပ်တာ ဘယ်လောက်ကြာပြီလည်းလို့ စပ်စပ်စုစု တွေ့တိုင်းတွေးမိတယ် ၊ တလ ဝင်ငွေဘယ်လောက်ရမလဲ ၊ သူ့ကိုမှီခိုသူတွေရောရှိလား ၊ သူကိုယ်ကိုယ်အတွက် ပဲ အလုပ်လုပ်နေရတာလား ၊ သည်ဝင်ငွေဟာ သူ့အတွက် ၊ သူ့မိသားစုအတွက် ဘယ်လောက်အရေးပါမလဲ ။ သူပျော်ပါရဲ့လား ခင်ဗျား ၊ ကျေနပ်ပါရဲ့လား ။ ညနေ ဆရာဝန်ကို အဲသည်အကြောင်းပြောပြဖို့ စိတ်ထဲမှာမှတ်ထားတယ် ။    

    လျှောက်လာတဲ့လမ်းတလျှောက် လူစိုက်တဲ့ ယှဉ်လျက်သစ်ပင်နှစ်တန်းကြားရောက်ရင် တခဏတော့ အထက်ဘက် ကောင်းကင်ကို အမြဲမော့ကြည့်မိတယ် ။ သစ်ရွက်အုပ်အုပ်တွေ စိမ်းစိမ်းစိုနေပြီကော ၊ ညဥ့်သိပ်စ နေမထွက်မှီ နံနက်စောစောဆို ငွေ့ရည်တို့ဖြင့် စိုစွတ်နေခဲ့မယ်ထင်တယ် ။ အိပ်မက်ထဲကလိုပေါ့ ။ ဒါပေမယ့် ကျတော်အလုပ်လာတဲ့ အချိန်ဆိုရင်တော့ သစ်ရည်တို့ သွေ့သွေ့ခြောက်လို့ အစိမ်းရောင်သက်သက်သာဆောင်ရင်း နေအထိုးမှာ အကွက်ပြောက်ပြောက်သာမြေပေါ်ကျအောင် အရိပ်ထိုးလို့နေကြတယ် ။ အရှေ့ဘက်ကိုတည့်တည့်လျှောက်ရတာဆိုတော့ နေခြည်တွေသစ်ရွက်ကြို သစ်ရွက်ကြား ၊ သစ်ကိုင်းကြို သစ်ကိုင်းကြားဖြာကျနေတာ ငေးစရာပေပဲ ။ နေတည့်တည့်ထိုးတာဆိုတော့ အလှကို ကြာကြာတော့မမော့နိုင်ဘူးပေါ့ ။

    ဟိုးလွန်ခဲ့တဲ့ နံနက်ခင်းတခုမှာ သည်လမ်းကို ပထမဆုံးလျှောက်ရတော့ အတော်လေး ကြိုးစားပြီး ပေါ့ပေါ့လေး ဥယျောက္ခာထားနိုင်ခဲ့တယ် ။ သည်လောက်ကြာကြာလည်း လျှောက်ရမယ်လို့မထင်ခဲ့ဘူး ။ အလွန်ဆုံး တနှစ်၊ နှစ်နှစ်ပေါ့ ။ သည်တော့ ပေါ့ပါးပြီး ၊ ပျော်ရွှင်စရာ အနာဂတ်ဆိုတာဟာလည်း လှမ်းလိုက်ရင် လက်တကမ်းပဲလို့ ထင်ရတယ် ။ ဇနီးသည်နဲ့ သားသမီးများ ၊ ပျော်ရွှင်စွာ အပူကင်းကင်းနေနိုင်တဲ့ ဘဝတခု ၊ အဆင့်ရှိပြီး အာမခံချက်ကောင်းမယ့် အလုပ်အကိုင်တခု ။ ဒါပေမယ့် ဘာမသိ ညာမသိ စာတွေသင်ပြီးလို့ လက်တွေ့အလုပ်ဝင်တာ ကြာလာတော့ ၊ ဘဝမှာ ပိုက်ဆံရှာဖို့ဆိုတာထက် ပိုတိကျတဲ့ ခံယူချက်တခု အစားထိုးဖို့ လိုတယ်ဆိုတာ ကျတော့်အတွေ့အကြုံတွေအရသိခဲ့တယ် ။ ခက်ပြန်တာတချက်က အချိန်ဆိုတာ စိတ်ထင်ထက်ပို၍ အကုန်မြန်လွယ်တာပဲ ။ ဒါ့အပြင် ပိုက်ဆံရှာဖို့ ဆိုပြီး လက်တွေ့ အလုပ်လုပ်ကိုင်ရခြင်းဟာ၊ တကိုယ်ထည်း ကျေနပ်စဖွယ် စိတ်ကူးအိပ်မက်မက်ရခြင်းထက် ပိုလို့ အားအင်ကြီးပြန်တယ်။ တခါကရှိဖူးတဲ့ စိတ်ကူး အိပ်မက်ပျောက်ပျက်သွားတာကိုတောင် မသိလိုက်မိတာပဲမို့ ၊ ပြန်တွေးကြည့်ရင်ရှက်စရာလို့ မမြင်နိုင်တော့လောက်အောင် လူကို ထုံထိုင်းသွားစေနိုင်သေးတယ် မဟုတ်လား ။ ဒါဟာလည်း ခေါင်းတချက်အငြိမ့် ၊ သက်ပြင်းတချက်အရှိုက်မှာတင် လွင့်ပျောက်သွားစေနိုင်တာမျိုး ။

    အရှေ့ကလမ်းခွဲမှာ ဘယ်ဘက်ကို ချိုးကွေ့လိုက်ရင် ရုံးဝင်ပေါက်ကို ရောက်တော့မယ် ။ သည်လိုဆိုတော့လည်း ငါအတွေးနက်ဖို့ အချိန်မရှိပါ့လား ။ ညနေကျတွေ့ရင် အခြေအနေ တိုးတက်လာပြီဆိုတဲ့ စကားများကြားရလိမ့်မလားလို့ ကျတော်တွေးတယ် ။ ရှေ့ ငါးလှမ်းလောက်လှမ်းရင် ဂိတ်ပေါက်ကိုရောက်ပြီ ။ မိတ်တစ်ယောက်ကိုတွေ့တော့ မျက်နှာက သိစိတ်မလိုပဲ ပြုံးရယ်လို့တုန့်ပြန်တယ် ။ လာခဲ့တဲ့လမ်း နောက်ဘက်ကို တချက်ပြန်ကြည့်မိရင်း ညနေမိုးများရွာမလားလို့ တွေးမိတယ် ။ ကျတော် သည်နေ့လည်း ထီးယူခဲ့ဖို့ မေ့လာပြန်တယ် ။


 (၃)

      ဟုတ်ကဲ့ ၊ ကျတော်မိုးနည်းနည်းမိလာတယ် ။ မနက်ကထီးယူလာဖို့ မေ့သွားကတည်းက သည်ညနေမိုးရွာလိမ့်မယ်ဆိုတာ ကျတော်တွေးမိသား ။ သိပ်ကသီလှတာတော့ မဟုတ်ပါဘူး ။ နည်းနည်း နောက်ကျသွားတာကိုတော့ ခွင့်လွှတ်ပါ ။

      ကျတော်ကိုယ့်ကိုယ်ကိုယ် ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးမှ သည်တခါ ဆရာ့ဆီက ရက်ချိန်းယူခဲ့တာပါ ။ ဟုတ်ကဲ့ ... ကျတော်တို့ မတွေ့ကြတာကြာပြီ ၊ ကျတော့်စိတ်အခြေ အနေပိုလို့တော့ ဆိုးမလာပါဘူး ၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ တယောက်ယောက်ကို ပြောခွင့်ရဖို့ အတွက်ရယ် ၊ အရင့်အရင်အခေါက်တွေက မပြောဖြစ်တာတွေလည်းပြောရအောင်လို့ပါ ။ ဟင့်အင်း... မထူးသေးဘူး ဆရာ ၊ ကျတော်တို့အခြေအနေ အရင်လိုပါပဲ။

     ကျတော် လောလောဆယ် စက်စုပ်ပြီး ရှောင်ပုန်းချင်ဆုံးအရာဆိုရင်တော့ လက်တွေ့ဘဝပါပဲ ၊ ကျတော် အခုလို ပိုက်ဆံမရှာချင်ဘူး ၊ ငွေရဖို့ဆိုပြီး တရက်ပြီးတရက်အလုပ်မသွားချင်ဘူး ၊ နောက် ကိုယ်အပါအဝင် ဇနီးနဲ့ကလေး အတွက် အလုပ်လုပ်ပေးနေရတဲ့ လက်ရှိဘဝကို ချန်ထားရစ်ခဲ့ချင်တယ် ။ သိပ်မတရားတာပဲလို့ ထင်တယ် ။ နောက် ဘယ်လောက်ကြာကြာသည်အတိုင်းနေရမယ်လို့လည်း သေချာမသိဘူး ၊ ၁၀ နှစ်လား ၊ အနှစ် ၂၀ လား၊ မသေမချင်းပဲလား ။ နောက်ဆက်လာမယ့်ရက်တွေကို ဖြတ်ကျော်ဖို့ လောလောဆယ်ကျတော့်မှာ အားမရှိဘူး ။ နောက် မတရားဘူး ဆိုတဲ့ အရာမှာ ကံဆိုတာလည်းပါတယ် ။ ကျတော် မိရိုးဖလာ ယုံကြည်ထားတဲ့ ဘာသာအရ အရာရာကို ကံ ကချယ်လှယ်တယ်လို့ ငယ်ငယ်တုန်းကတည်းက ရိုက်သွင်းခံရဖူးတယ် ။ သည်တော့ကာ ဘာကိုမျက်စိမှိုတ်ယုံပြီး ဆက်လက်ရပ်တည်ရမယ် ဆိုတာ စဉ်းစားလို့ မရခဲ့ဘူး ။ ကျတော်ဥပမာ တစ်ခုပေးမယ် ။ ကျတော့်ရုံးမှာ တလတခါ အင်းဆက်ပိုးမွှားစစ်ဆေးပြီး တိုက်ဖျက်ရေးလုပ်တယ် ။ ခြအိမ် ၊ နကျယ်အိမ်တွေရှိနေရင် ဆေးဖြန်းပြီးဖြိုပစ်ကြတယ် ။ ပုရွတ်သိုက်ကိုလည်း ဆေးလောင်းပြီးဖျက်ဆီးကြတယ် ။ သူတို့တတွေ ပင်ပန်းတကြီးဆောက်ထားတဲ့ နားခိုရာကို ဖြိုဖျက်မပစ်ဖို့ ဘယ်လိုလူသားစာနာမှုနဲ့မှ တားမြစ်လို့မရဘူး ။ ဘယ်သူတွေမှလည်း အရေးလုပ်တွေးမနေကြဘူး ။ မဖြိုရင် သိမ်းတဲ့ စာရွက်စာတမ်းတွေ ပျက်စီးကုန်မှာကိုး ။ တခါ လူတွေစားပြီးကျန်ရစ်တဲ့ ထမင်းလုံးတွေကို ရွရွထိုးပြီး အားကျိုးမာန်တတ် သူတို့အသိုက်ဆီ သယ်နေကြတဲ့ ပုရွက်ကောင်တွေကို ဆေးဖြန်းပြီး သတ်ပစ်ပြစ်ဖို့ဆို ဘယ်လူသားကမှ တစက္ကန့်တောင် တွေဝေနေမယ် မထင်ဘူး ။ ကျတော်တို့ နေ့စဉ်ဘဝတွေကရော သည်အဖြစ်ထက် ဘာများထူးသေးလို့တုန်း ဆရာ ။ ဘယ်အချိန် ဆေးဖြန်းခံထိမလဲဆိုတာ မသိနိုင်လို့ တက်တက်ကြွကြွ သယ်နေကြ ၊ ဆောက်နေကြတာပဲ မဟုတ်လား ။ ကျတော်သည်တော့ ......။

      ခင်ဗျာ .. ၊ ဟုတ်ကဲ့ ပိုက်ဆံ အကြောင်း ကိုပြောရမယ် ။ ပိုက်ဆံရဲ့ အရေးပါမှုကို ဘယ်တုန်းကစ သိတာလည်း ဟုတ်လား ။ ငယ်ငယ်တုန်းကတော့ မသိနားမလည်ခြင်းရဲ့ ကျေးဇူးတော်ကြောင့် ပိုက်ဆံဆိုတာကို တခါမှ ခေါင်းထဲထည့်ပြီး မစဉ်းစားဖူးဘူး ။ ဒါပေမယ့် အဖေလုပ်သူတယောက်ထဲ ပိုက်ဆံရှာရတာကို မြင်တာရယ် ၊ အမေလုပ်သူက ပိုက်ဆံစကား သိပ်ပြောတာရယ် ၊ ဘွားအေက ပိုက်ဆံနဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံတတ်တာရယ်၊ ဒါတွေကြောင့်တော့ ငွေဆိုတာကြီးဟာ အရေးပါတယ်လို့ သိခဲ့တယ် ။ အဖေက ပြောတယ် ငယ်ငယ်က ကျတော်နဲ့သူကြား သွေးအေးခဲ့ရတာ ငွေကြောင့်တဲ့ ၊ သူအပြင်မှာငွေရှာပြီး မိသားစုနဲ့အတူ မနေနိုင်တာကြောင့် ကျတော်သူ့ကို စိမ်းနေတာတဲ့ ။ နောက်လည်း ပြောပြန်တယ် သည်ရှာသမျှ ပိုက်ဆံဟာ ကျတော့်အနာဂတ်အတွက်ပဲတဲ့ ။ သူ့ကို အားနာလို့ ဘာမှပြန်မပြောပဲ နေခဲ့ပါတယ် ။ အမှန်တော့ သူလုပ်ခဲ့သမျှဟာ ကျတော့်ကို သူ့လို မိသားစုအတွက် ငွေရှာ စက်ကြီးတစ်စက်ဖြစ်အောင် လုပ်ပေးနိုင်တာ အစွမ်းကုန်ပဲလို့ သူမသိဘူး ။ အဘွားကတော့ သားမက်လုပ်သူ့အပေါ် လုံးဝ ငွေကြေးအရ မှီခိုရသူဖြစ်လို့ ခမည်းခမက်တွေ ကွယ်ရာမှာ ပိုက်ဆံကိစ္စနဲ့ ပြောတာခံရရင် အင်မတန်နာရှာတယ်မှတ်တာပဲ ။ သူ့စိတ်အနာကို အဲသည်တုန်းကတော့ ဘယ်သူမှ အရေးတယူ အသိအမှတ်မပြုခဲ့ကြပေမယ့် ၊ ခုသည်အချိန်မှာတော့ အနည်းဆုံး သူ့တဦးတည်းသောမြေး ကျတော်က ကိုယ်ချင်းစာနိုင်ခဲ့ပြီထင်တယ် ။ ဟုတ်ကဲ့ ... သည်အကြောင်းကို အမေတို့လည်းသိပါတယ် ၊ သူတို့ကတော့ ပေါ့ပေါ့ပဲ ၊ အဘွားဟာ ပညာမတတ်ခဲ့လို့ သည်လို တဖက်သတ်စိတ်အနာကို မဖြေနိုင်တာတဲ့ ။ သည်တော့ ကျတော် ဆက်ပြီးမပြောပါဘူး ။ ကျတော့်အတွက်ကတော့ လူတယောက် သင်ခွင့်ရှိလို့ သင်ရတဲ့ပညာဆိုတာ ကြီးပြင်းလာတဲ့တနေ့ သူ့ကိုအတင်းအကြပ် အလုပ်လုပ်ခိုင်းစေရာမှာ ခံနိုင်ရည်ရှိအောင် ၊ ထုံသွားအောင် ထိုးတဲ့ ဆေးတမျိုးလိုပါပဲ ။ ခက်တာက အဲသည် ပညာဆိုတာကိုလည်း ပိုက်ဆံနဲ့ဝယ်မှ ရတယ် ၊ ရပြီးပြန်လည်း သည်ပညာနဲ့ပဲရင်းပြီး ပိုက်ဆံရှာရပြန်တယ် ။ ဘီးလုံးတွေ တလိမ့်လိမ့် လှိုမ့်သလိုပဲ ။ အစတော့ တထစ်ခြင်း... ပြီးပြန်တော့လည်း တရစ်ပြီးတရစ် ။

     ကျတော့်အသက် ၁၅ နှစ်မှာ အိမ်ကထွက်ခဲ့ရတော့မှ ပိုက်ဆံကိုလက်က ကိုင်ပြီး သုံးဖူးတာ ။ စစချင်းတော့ အကိုင် မတတ်လှဘူး ၊ လကုန်ခါနီးရင် လက်ထဲငွေပြတ်တာတို့ ၊ ကျောင်းလခ ထဲကယူသုံးမိတာတို့ ဖြစ်တတ်တယ် ။ အခါတိုင်းလည်း မိတ်ဆွေတွေဆီက ငွေလှည့်တာတို့ ၊ အိမ်ကို တခုခုလိမ်ပြောပြီး တောင်းတာတို့နဲ့ ဖြေရှင်းဖူးတယ် ။ တခါမှာတော့ အဲလို ပိုက်ဆံကိစ္စနဲ့ ပတ်သက်ပြီးထူးထူးခြားခြား ဖြစ်ခဲ့ဖူးတယ် ။

     ဆရာ.. ကျတော့်အရင်တခါကပြောခဲ့သလို အခုလာတွေ့ရတဲ့ ကိစ္စမှာ ကျတော့်အိမ်ထောင်ရေး သုခနဲ့ပတ်သက်တဲ့ ကိစ္စလည်း ပါပါတယ် ။ ကျတော် ငယ်ငယ်က လူပျိုဖော်ဝင်တာ စောတယ်လို့ထင်တယ် ဆရာ ၊ နောက် လောကဘာဝ ကိစ္စကိုလည်း ခပ်ငယ်ငယ်ကပဲသိခဲ့ ရတယ် ။ ဒါတွေကြောင့်လည်း ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဟာ ထိတ်လန့်တကြီးဖြစ်စရာ မဟုတ်ခဲ့ဘူး ။ ကျတော် အဲသည်အမျိုးသမီးကို ရုပ်ရှင်ရုံထဲမှာ စတွေ့ခဲ့တာ ။

     အဲသည်တုန်းက ကျတော်ရုပ်ရှင်ရုံတကာလှည့် ၊ ဒါမှမဟုတ်ရင် စာကြည့်တိုက်မှထိုင်ပြီး နေ့ခင်းအိပ်မက်မက် မက်ကောင်းတုန်းပေါ့ ။ အဲသည်တုန်းက ဘယ်လိုစိတ်နဲ့ ဒါတွေလုပ်ခဲ့လည်း ပြန်စဉ်းစားရင် ကိုယ်တိုင်တောင် မဟုတ်တော့သလိုပဲ ။ သည်နေ့က ကြည့်တဲ့ ရုပ်ရှင်ရုံမှာလူမရှိဘူး ၊ ကျတော်ရယ် ဘေးခုံအကျော် မှာထိုင်နေတဲ့ အမျိုးသမီးရယ် နှစ်ယောက်ထည်း ။ သူ့ အဝတ်အစားကို ကြည့်ရုံနဲ့ ပိုက်ဆံရှိတဲ့သူဆိုတာ သိသာတယ်။ ဇာတ်လမ်းကနှေးပြီး အင်မတန်ရှည်လျားတယ် ထင်ရတယ် ။ အမျိုးသမီးက ကျတော်နားမလည်တဲ့ စကားပြောတွေကို ဘာသာပြန်ပြတယ် ။ မီးထိုးတဲ့ အလင်းမှာမြင်ရတဲ့ တစ်ဖျက်ဖျက်လက်နေတဲ့ သူ့မျက်လုံးတွေဟာ သိပ်လှတယ်လို့ ထင်မိတယ် ။ ဘာကြောင့်လဲမသိ အဲသည်မျက်လုံးတွေ တင်းတင်းမှိုတ် ပိတ်သွားအောင် ကျတော့် အစွမ်းနဲ့ လုပ်ကြည့်လိုက်ချင်တယ် ။ မျက်ခွံမို့မို့ပြန်ပွင့်လာတဲ့ အခါ ကျေနပ်ရိပ် သက်သက်ပဲ ကျန်ရှိစေချင်တယ် ။ ခုလို တစ်ဖျက်ဖျက်လက် မနေစေ့ချင်ဘူး ။

     ကျတော့်ထက် ၆ နှစ်ကြီးတယ်လို့ သူပြောလို့ပဲ ကျတော်သိရပါတယ် ။ ရုပ်ရှင်ပြီးတော့ ကျတော်တို့ သည်လိုပဲ စပ်မိစပ်ရာ စကားပြောရင်းနဲ့ ပိုရင်းနီးသွားကြတယ် ။ နောက်တခါ စိတ်ကြိုက်တွေ့မယ့် ရုပ်ရှင်ကို ကြည့်ဖို့ချိန်းကြတယ် ။ သပ်သပ်တွေ့ပြန်တော့ ဖတ်တဲ့ စာအုပ်တွေ ၊ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေအကြောင်းပြောကြတယ် ။ သူနဲ့ ဆက်ဆံရေးမှာ အဓိကကတော့ ဘယ်ကိုမဆို အစမ်းလုပ်ကြည့်ဖို့ ဝန်မလေးခဲ့တာပဲ ။ တဲ့တဲ့ အရှိန်ပြင်းပြင်း ပြေးလာတဲ့ အရာနှစ်ခုဟာ တချိန်ချိန် တိုက်ကိုတိုက်မိကြမှာပဲ ။ သည်မှာ ကျတော်တို့ထိတွေ့မိကြတယ် ။ ကျတော်ရဲ့ ရွံ့တဲ့ စိတ်ကို ကျတော်ကိုယ်တိုင်တောင် မသိစေပဲ သူရှေ့ကလမ်းပြတတ်လေတော့ နက်တဲ့တောထဲကို ပိုနက်အောင် ဝင်တိုးဖို့ မကြောက်တော့ဘူးပေါ့ ။ ယောက်ျားတစ်ယောက်ရဲ့ မာနကို ပြည့်ဝစေတယ်ဆိုမလား ။ တောင်တက်ရာမှာ တခေါက်ထက်တခေါက် ပိုလို့မြင့်တဲ့ တောင်ထွက်တွေဆီ တထစ်ချင်း ကြိုးစားပြီး တက်ကြည့်ဖို့ စိတ်သန်လာတဲ့ တောင်တက်သမားတစ်ယောက်ရဲ့ မာန်မျိုးလို့ ဆိုလို့ရမယ်ထင်ပါတယ် ။

    သည်ကိစ္စတရပ်လုံးမှာ အမှတ်မိဆုံးကတော့ ကျတော်တို့တွေ့တတ်ကြတဲ့ အခန်းရဲ့ ပြတင်းပေါက်ဘေးကပ်ရပ်မှာရှိတဲ့ ရထားသံလမ်းပဲ ။ အဲသည်မှာ မကြာမကြာ ဖြတ်သွားတတ်တဲ့ ရထားသံဟာ နှေးကွေးတဲ့ လှုပ်ရှားမှုတွေကို မြန်စေတတ်သလို ၊ တရှိန်ထိုး ကမူးရှူးတိုး လုပ်ရှားမှုတွေကိုလည်း စည်းချက်အလိုက် သံစဉ်ညှိပေးတတ်တယ် ။ ဒါက မမေ့နိုင်စရာပဲ ။ သည်လိုတွေ့ကြပေမယ့်လည်း ကိုယ့်အကြောင်း သူ့အကြောင်းကို ဘယ်တုန်းကမှ မမေးကြဘူး ၊ ရင်ဖွင့်ပြောကြတယ် ဆိုတာလည်းမရှိကြဘူး ။ တွေ့စက ပြောတဲ့ စာအုပ်တွေ ရုပ်ရှင်တွေအကြောင်းဟာလည်း ကြာလာတော့ လက်တွေ့ဆန်လာတဲ့ ဘဝမှာ ညည်းငွေ့လွယ်တာမို့ နောက်ပိုင်းတွေ့ချိန်တွေမှာ စကားရယ်လို့တောင်မပြော ဖြစ်ကြတော့ဘူး ။ သူချိန်းရင် အခန်းကို ကျတော်သွားရုံပဲ ၊ ရောက်ရင် အမြဲတမ်း အသင့်ဝယ်ထားတဲ့ ကော်ဖီ ၂ခွက်နဲ့ စောင့်နေတတ်တဲ့ သူ့ကိုတွေ့ရစမြဲ ၊ ဟုတ်ကဲ့... သည်လိုနဲ့ ၄ ၊ ၅ ၊ ၆ လလောက်တော့ ရှိသွားတယ် ။ အဲသည်တစ်နေ့မှာ ကိစ္စတရပ်ဖြစ်တယ် ။ ကျတော်ပြောချင်တာ အဲဒါပဲ ။ ဒါကလည်း စောစောက ပြောလက်စနဲ့ဆက်စပ်နေတယ်လေ... ။


    * 

     အဲသည်နေ့လည် ထုံးစံအတိုင်း ရထားဖြတ်သွားသံကြောင့် ကျတော်နိုးတော့ သူ စားပွဲမှာထိုင်နေတာ တွေ့တယ် ။ ကော်ဖီခွက် နှစ်ခွက်ကို ခုံပေါ်မှာ တင်ထားတယ် ။ တချက်လှည့်ကြည့်ပြီး ကျတော့် ဆီကိုပြုံးပြတယ်။ ဘေးခုံလေးပေါ်က လက်ကိုင်ဖုန်းကိုလှမ်းလိုက်ပြီး အရင်အခါတွေက အတိုင်း ဂီတသံ တိုးတိုးလေးကြားဖွင့်လိုက်တယ် ။ မလာခင် စိတ်ကူးထားတဲ့ ကျတော် ပြောစရာစကားကို ဘယ်လိုစရမလဲတွေးရင်း ခေါင်းအုံးပေါ်ပြန်လှဲချလိုက်တယ် ။

    ကျတော်သူ့ဘေးမှာသွားထိုင်တော့ သူကကိုယ်ကိုကျော်ပြီး အပြင်ဘက်ရထားလမ်းကို ငေးကြည့်နေတယ် ။ ကျတော်တို့ တွေ့ကြတိုင်းသည်အခန်းလေး မှာပဲ ။ သူတကာတည်းတဲ့ ဟိုတယ်က အခန်းတခန်းကိုပဲ အမြဲတမ်းရအောင် သူဘယ်လိုလုပ်ထားလည်းလို့ ကျတော်သိချင်နေတယ် ။ တကယ်ဆို မေးကြည့်မိဖို့ကောင်းတယ် ။ နေ့ခင်းတိုင်းဟာ တနေရာမှာ အတူတူချည်းပဲမို့ ပျင်းဖို့ကောင်းလှတယ် ။ စကားကို အမျှင်မပြတ်ဆိုနေဖို့လည်း မသင့်ဘူးလို့ ကျတော်တို့နှစ်ယောက်စလုံး ထင်ကြတယ် ။

     "ကျတော် ပြောစရာရှိလို့" စကားစတော့ သူတချက်လန့်သွားဟန်နဲ့ ကျတော့်ကိုပြန်ကြည့်တယ် ... ။

     "ပြောလေ..."

     ကျတော်နည်းနည်းမျက်နှာပူတော့ စားပွဲပေါ်ကို စိုက်ကြည့်နေမိတယ် ။ သူ့ကော်ဖီခွက် ဘေးက မုန့်ပန်းကန်မှာ ပုရွက်ဆိတ်တကောင် ။ မုန့်ဖက်ကလေးကို ပန်းကန်ဘေးကျအောင် အားစိုက်ပြီး တွန်းနေတယ် ။ သူ များမြင်ရင် ဖယ်ပစ်လိုက်မှာပဲ ။ ကိုယ့်ကို အပန်းတကြီးမထိခိုက်တဲ့ သူတပါးကြိုးပမ်းချက်ကို မဖျက်ဆီးသင့်ပါဘူး ။ သည်တော့ ကျတော်ငေးနေတဲ့ဖက် သူ့အကြည့်မလိုက်အောင် အလောတကြီးစကားပြန်စရတယ် ... ။

     "ကျတော် အကူအညီတစ်ခုတောင်းချင်လို့ပါ ..."

     "ဘာလည်း မင်းမှာ ရွယ်တူ ချောချော ကောင်မလေးရှိနေပြီ ဆိုတာ ပြောချင်တာလား"

      "မဟုတ်ပါဘူး .. ဟို ကျတော် ပိုက်ဆံနည်းနည်းလောက် အသုံးလိုလို့ပါ ...."

     သူကျတော့်ကို တည့်တည့်ပြောနေရာက ချက်ချင်း အကြည့်ကို အောက်ချလိုက်တယ် ။ ကျတော်ဘာများ မှားသွားလည်းလို့ တွေးမိပြီး သေချာရှင်းပြရင်ကောင်းမလားလို့ ထင်မိတယ် ။


     "ဟုတ်ကဲ့ ကျတော့်အိမ်က ကြိုပေးထားတဲ့ ကျောင်းလခကို သုံးလိုက်မိလို့ပါ ... ၊ ကျတော်ကို အကုန်ပေးဖို့ ပြောပါဘူး ၊ ချေးတဲ့ သဘောပါ ၊ နောက် သည်အတွက်လည်း အပန်းမကြီးဘူးထင်လို့ ..."

     သံလမ်းပေါ် ရထားဖြတ်သွားပြန်တယ် ။ ရထားသံတိတ်တော့မှ သူ့မျက်နှာပြန်မော့လာတယ် ။ သူမျက်ရည်တွေ ဝိုင်းနေသလိုပဲ ။ ဘာကြောင့်လည်း ၊ ကျတော်ဘာလုပ်မိတာလည်းလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတယ် ၊ ကျတော်တို့ ရင်းနှီးမှုအတိုင်းအတာအရ သည်လောက်တောင်းဆိုတာ လွန်တယ်မဆိုပါဘူး ။ ကျတော် ဘယ်လို ဆက်တုန့်ပြန်ရမလဲ စဉ်းစားလို့မရဘူး ။
     ဘုံရွှေနန်းငယ်သည်ဝယ် ကွာနယ်ဆွေးရန် ကြံမှိုင်တွေးပြန် ပူဝန်ပန်းဘွယ့် သည်မယ် ညှိုးတယ်ဝဋ်ဖန် ဆိုယောင်မှားကံ... ။
      နားမထောင်ပဲ ကြားနေရတဲ့ ဂီတသံကို ခလုတ်နှိုတ်ပိတ်လိုက်တယ် ။ သူ့ကိုတစ်ချက်ပြန်ကြည့်တော့ သူပြန်ပြုံးပြရင်း တခုခုကို ယတိပြတ်ဆုံးဖြတ်လိုက်ဟန်နဲ့ သက်ပြင်းသဲ့သဲ့ချတယ် ။

     "ဘဏ်အကောင့် နံပတ်နဲ့ လိုတဲ့ ငွေကိုပြောလိုက် ၊ ဖုန်းနဲ့ စာမပို့နဲ့ ချရေးပေးလိုက်၊ လိုင်းဖုန်းဘေးမှာ စက္ကူလွတ်အပိုင်းလေးတွေ ရှိတယ် ..."

     ရက်လွန်နေတဲ့ ကျောင်းလခအတွက် နည်းနည်းတော့ စိတ်ပေါ့သွားပြီး သူပြောတဲ့အတိုင်းလုပ်ပေးလိုက်တယ် ။ သူက စာရွက်ကို တချက်တောင်ဖတ်မကြည့်ပဲ ဘေးကအိတ်ထဲကောက်ထည့်လိုက်တယ် .. ။ နောက်ချက်ချင်း ထိုင်ခုံပေါ်ကထတယ် ။

     "တို့ လွှဲပေးလိုက်မယ် ၊ သွားနှင့်မယ်နော်... "

     တစုံတခု ချက်ခြင်းကြီးပြောင်းလဲသွားတယ် ။ ဘာကြောင့်ရယ် ဘာဟာရယ် ပြောင်းလဲသွားတယ်ဆိုတာ ကိုတော့ ကျတော်လည်း သေချာမသိဘူး ။

     "ကျေးဇူးပါ ဘယ်တော့ ထပ်တွေ့ကြမလဲ ..."

     "ရပါတယ် ... တို့ ချိန်းဖြစ်ရင် အသိပေးမယ်လေ..."

     တံခါးပေါက်ဖက်ကို သူထွက်သွားတယ် ။ ကော်ဖီတွေတောင် ကုန်အောင်သောက်မသွားဘူး ၊ မုန့်ကလည်း အရာမယွင်းသေးဘူး ။ စောစောက ပုရွက်ဆိတ်ကတော့ စားပွဲဘောင်ပေါ်ရောက်နေပြီ ။ ခုနေမှ ကျတော် လေမှုတ်လိုက်ရင် သူ လွင့်သွားမှာပဲ ။ ထားလိုက်ပါလေ သူသည်တခါတော့ ကံကောင်းပါစေ ။ သူ့ပျော်ရွှင်မှုကို စိန်မခေါ်သင့်ဘူးလို့ ခင်ညစ်ညစ်တွေးမိတယ် ။

     တံခါးပိတ်လိုက်သံကြားတယ် ။ လှည့်ကြည့်လိုက်တော့ သူထွက်သွားပြီ ။ ပြန်ပိတ်ရက်သား တံခါးကြီးကို အကြာကြီးငေးကြည့်နေတယ် ။ ပြန်ပွင့်လာမလားလို့မျှော်နေသလား ကိုယ့်ကိုယ်ကိုယ်တောင်မသိဘူး ။ အပြင်မှာ ရထားတစ်စင်း သူ့အချိန်အတိုင်း ဖြတ်သွားပြန်တယ် ။


 * 

     နောက်ရက်မှာ သူ ပိုက်ဆံလွှဲပေးတယ် ။ ဒါပေမယ့် အဲသည့်နောက်ပိုင်း အဆက်အသွယ်လုံးဝမရတော့ဘူး ။ ကျတော်တို့ ဆက်သွယ်နေကျ ဖုန်းကိုလည်း အဲသည်ညနေမှာပဲ ပိတ်သွားတယ်လို့ သိရတယ် ။ ကျတော်လည်း တကူးတက ရှာမနေဖြစ်တော့ဘူး ၊ သူ့ပိုက်ဆံကိုပြန်ပေးဖို့လည်း စိတ်မကူးမိဘူး ။ မေ့မေ့ပျောက်ပျောက်နဲ့ လိုတဲ့ ကျောင်းလခပေးလိုက်တယ် ။ အဲသည် လခသွားပေးတဲ့နေ့ကတော့ ပိုက်ဆံဆိုတာ သည်လိုလေး လွယ်လွယ်နဲ့ရနိုင်ပါ့လားလို့တော့ တွေးမိသား ။ သည် သူ့ငွေကြောင့် စိတ်ပေါ့ သွားတာတော့အမှန်ပဲ ။

     ကျတော်သည်ကိစ္စကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူးထင်တာပဲ ။ ဖွင့်ထုတ်တိုင်ပင်ရလောက်တဲ့ မိတ်ဆွေရင်း မရှိတာလဲပါမယ် ၊ နောက် စိတ်မှာလေးလေးနက်နက်မရှိခဲ့တာလဲ ပါမယ် ။ သိက္ခာကျတယ်ရယ်လို့လည်း မထင်ခဲ့ဘူး ။ ရှက်စရာမို့ ဖုံးထားတာလည်း မဟုတ်ပါဘူး ။ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တာပေါ့ ။

      နောက်တနှစ်လောက်ကြာတော့ ကျတော့်ဇနီးလောင်းနဲ့ ကျောင်းမှာပဲတွေ့ကြတယ် ။ ပြောရရင် အင်မတန်ပျင်းဖို့ကောင်းတဲ့ အပိုင်းပါပဲ ။ အဲသည်အရွယ်မှာ သူများတွေအိမ်ထောင်ရေးကို အပြင်က ကြည့်ရင်းအားကျလာတယ်။ ကိုယ်ပုခုံးပေါ်မှီနွဲ့လာတဲ့ သူ့ခေါင်းကို ခပ်ဖွဖွနမ်းရတာ နှစ်လိုမိတယ် ။ နောက် ကျောင်းပြီးတော့ လက်ထပ်ဖို့ပြင်တယ် ၊ အလုပ်ရှာတယ် ၊ မကြာခင်ပဲ နှစ်ယောက်စလုံးရကြတယ် ၊ နှစ်နှစ်လောက်ငွေစုတယ် ။ အဲသည်တုန်း သူ့မှာ ကိုယ်ဝန်တွယ်တော့ လက်ထပ်ဖြစ်ကြတယ် ။ ကလေးငယ်တစ်ယောက် မွေးလာတယ် ၊ ကျတော်တို့ ငွေဆက်ရှာကြတယ် ။ ခုလက်ရှိ ကျတော့်အသက် ၄၀ နားကပ်လာတော့ အဲသည်အမျိုးသမီးကိုပဲ ညည်းငွေ့လာတယ် ၊ လက်ရှိမနားတမ်းငွေရှာ နေရတဲ့ ဘဝကို ထွက်ပေါက်မရှိဘူးမြင်လာတယ် ။ ဆရာ့အတွက်တော့ သည်အဖြစ်ဟာ အင်မတန်ကို ရိုးစဉ်းတဲ့ ကိစ္စ ဖြစ်မှာပါ ။ ဟုတ်ကဲ့ ကျတော် ဆက်ပြောစရာ ရှိပါသေးတယ် .. ၊ အပြင် ခဏလောက်ထွက်ခွင့်ပြုပါဆရာ ။ အပြင်မှာ နားရင်း ဆေးလိပ်တလိပ်လောက် သောက်ပါရစေ ။


   (၄) 

     ဟုတ်ကဲ့ ။ ကျတော် အခုဆက်ပြောရမယ့် အကြောင်းကိုတော့ ဆရာတမျိုးမြင်မှာစိုးတယ် ။ ကျတော့်အိပ်မက်တွေ အကြောင်းပဲ ။ အိပ်မက်တွေမှာ လူတယောက်ကို ခဏခဏတွေ့ရတတ်တဲ့ စိတ်ရောဂါမျိုးရော ရှိပါသလားဆရာ ။ အခုနောက်ပိုင်းနှစ်တွေမှာ ကျတော် မိန်းကလေးတယောက်ကို မှတ်မိနေလောက်အောင် အိပ်မက်ထဲမှာ မကြာမကြာတွေ့ရတယ် ။

     ညတိုင်းတော့လည်း မဟုတ်ပါဘူးလေ ။ တမေ့တမော ရှိလောက်တဲ့ အချိန်ကျမှ ပြန်ကောက်မက် တတ်တာမျိုးလည်းမဟုတ်ဘူး ။ ညတိုင်း တွေ့ကောင်းတွေ့နိုင်တယ်ဆိုပြီး မအိပ်ခင်သတိထားမိရုံလောက်ပါ ။ အရင်အပြင်မှာ မြင်ခဲ့ဖူးတဲ့ သူလည်းမဟုတ်ပါဘူး ။ နောက်ပိုင်း တကြိမ်သာ ... ။ ထားပါဦး ကျတော် စကားဦးသန်းပြီး မပြောချင်ဘူး ။

     အိပ်မက်ထဲမှာ လေပြင်းပြင်းတိုက်လို့ လမ်းအမြန်လျှောက်ရင်း တောအုပ်လို အုံ့ဆိုင်းပြီး သစ်ပင်ကြီးတွေထူထူပေါက်တဲ့ တနေရာရောက်တော့မှ သူ့ကိုတွေ့မိတာ ။ သူ့တောအုပ်က သစ်ပင်တွေဟာ ကျတော်တို့ဆီကလို လူစိုက်တဲ့ အဆင်အသွင် တူမျိုး တွေမဟုတ်ကြဘူး ။ ဖြောင့်ပြီးရှည်လျားတဲ့ပင်စည် နဲ့ အပင်မြင့်ကြီးတွေရော၊ အောက်နားက လောင်းရိပ်ကျ ခပ်ကုပ်ကုပ်အပင်လေးတွေနဲ့ပါ တကယ့်ဘဝကြီးလိုပဲ နိုင်လိုမင်းထက် ဖြစ်ကလက်စမ်းသိပ်နိုင်တယ် ။ ဒါပေမယ့်သူ့ကိုနှိုးစေဖို့ဆိုရင် သစ်ရည်တစက် သူ့မျက်နှာပေါ်ကို ကျရတယ် ။ ကျတော် သူ့ဆီရောက်သွားတဲ့ အချိန်ဆို နံနက်မိုးသောက် နေမထွက်ခင် မြူဆိုင်းစအခါမျိုး ၊ သစ်ရွက်တွေ အခိုးရိုက်တော့ ငွေ့ရည်တွေစုစုပြီး လေသုတ်လိုက်တဲ့ တခဏ မိုးတဖြိုင်ဖြိုင်စွေသလို ခပ်စိတ်စိတ်ရွာကျတတ်တယ် ။
      မြရေညို ပင်လယ်သီဟိုဠ် လေနန်းဝေယံ ဗိမာန်တောင်စွယ်ခို အာကာဘုံလယ် ဝေမှုန် ငွေနှင်းသွယ်ယို ကြည်ကွဲရန်သာကို။ 
      တောအုပ်မှာ အမြဲ လေတိုးသံကို ဂီတသံလိုပဲ သဲ့သဲ့ကြားရတယ် ။ သည်တောရိပ်အုပ်အုပ်မှာပဲ သူနဲ့ရင်းနှီးမိကြတယ် ။ စကားစမြည် ပြောကြရင်းနဲ့ပေါ့ ။ သေချာတာက သူနဲ့ စကားပြောရတာ နှစ်လိုဖို့အင်မတန်ကောင်းတယ် ။ သူ ကျတော်ပြောတဲ့ ကိစ္စတိုင်းကိုလိုက်လို့ စိတ်ဝင်တစားရှိပြီး ကိုယ်တိုင်လည်း သေချာသိနေတတ်တယ် ။ သူနဲ့ဆို ကျတော် တခါမှ၊ တယောက်ယောက်နဲ့မှ မပြောဖူးတဲ့ ကိစ္စတွေကိုလည်းပြောဖြစ်တယ် ။ တခါတခါ အလုပ်မှာနေ့လည်နေ့ခင်းအားတဲ့ချိန်ကြရင် တွေ့ရင်ပြောဖို့ဆိုပြီး အချက်လေးတွေ ကြိုလို့မှတ် ထားတတ်တယ် ။ ဒါပေမယ့် အိပ်တော့လည်း မေ့သွားတာပါပဲ ။ တွေ့ကြတော့လည်း သည်လိုပဲထင်ရာပြောဖြစ်ပြန်တယ် ။ အင်္ဂလိပ်ကျောင်းထွက် ကျတော့်အဖွားဖတ်တဲ့ ဘိုလိုစာအုပ်အထူကြီးတွေ အကြောင်း၊ ငယ်ငယ်က ကျတော် ဘယ်လိုမိတ်ဆွေသူငယ်ချင်းတွေများခဲ့ကြောင်း၊ အလုပ်မှာ သူများတွေထက်သာအောင် အမြဲလုပ်ပြ နိုင်တဲ့အတွက် အထက်ကအားကိုးသလောက်၊ အတူတူချင်း မနာလိုခံရကြောင်း ။ တကယ့်လက်တွေ့နဲ့တော့ ကွာပါတယ် ။ ဒါပေမယ့် ပြောကြတော့လည်း တကယ်လို့ကို ကိုယ့်ဖာသာကိုယ် ယုံပြီး စိတ်ချမ်းသာနေတာပဲ ။ သူနဲ့တွေ့ရတဲ့ ကျေနပ်မှုမှာ သာမန်လူတွေလို ရမ္မက်ရယ်လည်းမရှိပါဘူး ၊ ခင်မင်ဖွယ်သက်သက် နှောင်ဖွဲ့မှုပါ ။သူနဲ့တွေ့ရင် အရိုင်းဆန်တဲ့ ရမ္မက်နှီးနှောမှုတွေကို ရွံ့လာတယ် ။ ညစ်နွမ်းနေတဲ့ ကိုယ့်ကိုဖြူနိုင်သမျှ ဖြူအောင်ကြံဖန် တည်တံ့ချင်စိတ်တွေလည်း ပေါက်လာတယ်။ သည်မှာ ဇနီးသည်ကို ကျတော်စပြီး ရှောင်မိတော့တာပဲ ။

     အဲသည်အချိန်လောက်ပဲ ကျတော့် အပြောင်းအလဲကို ကိုယ့်ကိုယ်ကိုယ် သတိထားမိလို့ ဆရာ့ဆီ ပထမဆုံးလာခဲ့တယ် ။ သည်ကြားထဲမှာ တချက် ထူးထူးဆန်းဆန်းအိပ်မက်မက်ပြန်တယ် ။ သူက ကျတော့်ကို သည်တောအုပ်အပြင်မှာ မတွေ့ချင်ဘူးလားလို့ မေးတယ် ။ ကျတော်လည်း သာမန်မို့ အရေးမထားမိပဲ တွေ့ချင်တာပေါ့လို့ တုန့်ပြန်ခဲ့တယ် ။ သူကတော့ သည်ကိစ္စမှာ အတော်အလေးထားပုံပဲ ။ သိသလောက် အိပ်မက်ဆိုတာ အပြင်ကလူတွေကို အထဲဆွဲထည့်ပြီး မက်တတ်ကြတာမျိုးမဟုတ်လား ၊ အိပ်မက်ထဲမှာတွေ့တဲ့သူကို အပြင်ခေါ်ထုတ်ပြီးလို့ရတယ်ဆိုတာ ဖြစ်နိုင့်ပါ့မလားလို့ စဉ်းစားနေမိတယ် ။ သူကတော့ အပြင်မှာတွေ့ရင် မသိချင်ယောင်မဆောင်ဖို့နဲ့ သူ့ကိုသေသေချာချာ စပြီးနှုတ်ဆက်ဖို့ပြောတယ် ။ အေးပါကွာ မမေ့ပါဘူး ပေါ့ ။ မှတ်မှတ်ရရ အဲသည်ညမှာ ကျတော် တခါမှ စကားဟဟမပြောဖူးပဲ စွဲလမ်းခဲ့ဖူးတဲ့ မိန်းကလေးတယောက်အကြောင်းကို သူ့ကိုပြောပြမိတယ် ။ ထုံးစံအတိုင်း တောအုပ်လေတိုးသံ သဲ့သဲ့အလိုက် သီချင်းတပိုင်းတစကို ကြားရတယ် ။

     ထူးဆန်းတာတော့ အမှန်ပဲ ။ ဒါ့ထက်ပိုတဲ့ အဖြစ်က အဲသည်ညပြီး ၂ရက်လောက်ကြာတော့ ဇနီးနဲ့ ရထားစီးအပြန် ရှေ့တည့်တည့်မှာ လာထိုင်တဲ့ မိန်းကလေးတစ်ယောက်ကို ကျတော် ချက်ချင်းသတိထားမိတယ် ။ သိပ်မသေချာပေမယ့် သူ့ကိုတွေ့ခဲ့ဖူးတယ် ထင်မိတာပဲ ။ သူက ပခုံးနှစ်ဖက်ကို ကြုံ့ရင်း ပတ်ဝန်းကျင်ကို ကြည့်ပြီးပြုံးပြတယ် ။ သူပြုံးတာ ပါးစပ်ကိုဖွင့်တဲ့ပြီး ရှေ့အပေါ်သွားတွေ အကုန်နီးပါးပေါ်အောင် လှစ်ပြသလိုပဲ ။ မှတ်မိလိုက်တယ်၊ သူပြောတဲ့ အတိုင်းပေါ်လာတာပါ့ လား ။ အလိမ်ပေါ်တော့မယ် ကလေးလေးလို ကျတော့်ရင်တွေလှိုက်ပြီး တုန်လာတယ် ။ ဇနီးကလည်း သူ့အလုပ်ကရခဲ့တဲ့ ခရစ်စမတ်လက်ဆောင်ကို အထုတ်ဖြေပြီးပြနေတယ် ။ အဲသည်နေ့လည်က ရထားမှာ လူရှင်းတယ် ။ သူဘက်က ကျတော့်တို့ဆီကို တချက်တချက်ဖြတ်ခနဲ့ ကြည့်လိုက်တယ်လို့ ထင်ရတာကလွဲရင် ၊ အပိုင်အနိုင် ချိန်းထားတယ်ဆိုပြီး ဇွတ်လုပ်လိုဟန် မရှိပါဘူး ။ ကျတော်လည်း စိတ်ထင်တာပါလို့ ကြိတ်မှိုတ်ပြီးတွေးတယ် ။ အသိအကျွမ်းလို သွားနှုတ်ဆက်လို့ သူကမသိဘူးဆိုပြန်ရင် ဇနီးကလည်း တမျိုးမြင်မယ် ၊ အင်မတန်မှလည်း ရုပ်ပျက်မယ်ထင်တာပဲ ။ သူကျတော့်ကို ဘာကိစ္စ သည်လိုတွေ့ချင်ရတာလည်း ၊ တခါကဖြစ်ဖူးတာ မှတ်မိလိုက်တယ်။ အပေးအယူ ၊ သာတယ်နာတယ်မရှိခဲ့တဲ့ ဆက်ဆံရေးတခုမှာ ကျတော့်ဘက်ကစ စည်းဖောက်မိလို့ လုံးဝကိုယ်ရောင်ပျောက်သွားတဲ့ မိန်းမတယောက် အကြောင်း ၊ ကျတော့်ရှေ့က သူကသာ အိပ်မက်ထဲက မိန်းကလေးဖြစ်ပေဦးတော့၊ သည်အပြင်လောကထဲ ထပ်တွေ့မယ့် ဆက်ဆံရေးမှာ ဖလှယ်ယူရတဲ့ ကိစ္စမျိုး ၊ အပေးအယူ ကိစ္စမျိုး မရှိဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲ ။ လုံးဝဥသုံ နှစ်လိုသူတယောက်ဆုံးရှုံးသွားမှာကို ကျတော်စိုးတယ် ။ ပြီးတော့ ဒါဟာ သက်သက်အရူးထ တာပဲ ။ ကျတော်တို့ ဆင်းရမယ့် ဘူတာရောက်တော့ ဇနီးကရှေ့ကထွက်နှင့်တယ် ၊ ကျတော်လည်းခေါင်းတွင်တွင်ငုံ့ပြီး ရထားအပြင်ရောက်အောင် ထွက်ခဲ့တယ် ။ ဒါပေမယ့် မကြားရမှန်းသိတဲ့ ခေါ်သံကြောင့် နောက်ပြန်ကြည့်တော့ ရထားပြတင်းကတဆင့် ကျတော့်ဆီကို လည်လှည့်ကြည့်နေတဲ့ စောစောကမိန်းကလေးကိုမြင်ရတယ် ။ ကျတော့်အငွေ့ရိုက် မျက်မှန်ကတဆင့် မသဲမကွဲမြင်ရတော့ သူ့မှာ မျက်ရည်တွေဝိုင်းနေသလိုပဲ ။ အဲသည်လို မျက်ရည်ဝိုင်းနေတဲ့ မိန်းမတယောက်ကို ကျတော်မြင်ခဲ့ဖူ ပါတယ် ။ ဒါပေမယ့် အဲသည်ခဏ ပြန်စဉ်းစားတော့ မမှတ်မိဘူး ။ အဲသည်မှာ ကျတော် သိလိုက်တယ် ။ အားလုံးဟာ နောက်ကျသွားပြီဆိုတာ ။

     သိပ်ကို ပုံပြင်ဆန်ပါတယ် ။ အဲသည်နောက်တော့ သူနဲ့စကားမပြောဖြစ်ကြတော့ဘူး ။ အိပ်မက်တွေမှာ သူနေတဲ့ တောအုပ်ညို့ညို့ကိုလိုက်ရှာရင်း အချိန်ကုန်ရတာတို့ ၊ တွေ့ပြန်ရင်လည်း သူမနိုးမီ ကျတော်နိုးထလာရတာမျိုးတို့ ၊ သူနိုးလာပြန်ရင်လည်း ဘာစကားမှ မပြောဖြစ်ခင် အပြင်ကနံနက်နှိုးစက်မြည်တာမျိုးတို့ချည်း ကြုံလာရတယ် ။ နောက်တခု သူများအမြင်မှာ သတိထားမိလာတာကတော့ ကျတော်တယောက်ထည်း ကိုယ်ကိုယ်တိုင်လည်းမသိပဲ ခပ်တိုးတိုးစကားတွေ ပြောတတ်တဲ့ အကျင့်ရလာတာပဲ ။ နောက် ဇနီးသည်ကိုလည်း ပိုလို့ ရင်းနှီးလိုစိတ်ကုန်ခန်းသွားတာပဲ ။ နောက်တဖြည်းဖြည်း လုပ်လက်စ အားလုံးကို ချပြီး ထွက်ပြေးသွားချင်တယ် ။ ဟုတ်ကဲ့ ... ။ ဒါဟာ သက်လတ်ပိုင်းလူတွေ ဖြစ်တတ်တဲ့ စိတ်ကျရောဂါတစ်မျိုးပေါ့ ။ ဆရာအနေနဲ့တော့ အနည်းဆုံးခွင့်ယူပြီး ဇနီးနဲ့ နှစ်ယောက်ထည်း ခရီးထွက်သင့်တယ်လို့ အကြံပေးချင်တယ်.. ဟုတ်လား ။ ဟုတ်ကဲ့ပါခင်ဗျ ။ မှန်ပါတယ်ဆရာ ၊ အားလုံးဟာ ယုံဖို့ခက်တယ်ဆိုတာ ကျတော်သိပါတယ် ။ ဒါကြောင့်လည်း အရင်အခါတွေက ထုတ်ပြောဖို့ တွန့်နေမိခဲ့တာ ။

     ဆက်ရရင် ကျတော့်အတွက်တော့ တခါတခါ ဘဝဆိုတာ ကစားပွဲကြီးလိုပဲ ။ အတင်းအကြပ် မဖြစ်မနေပါရတဲ့ သည်ပွဲကြီးကို ငြင်းဆန်လိုစိတ် ဘယ်လောင်ပြင်းပြနေတယ် ဆိုတာ သူများတွေ နားလည်အောင်ပြောမပြတတ်ပါဘူး။ ကြည့်ပြန်တော့ စည်းမျဉ်းရယ်လို့ ဘာမှမရှိ ၊ တလည်လည်ပြေးလွှားနေတဲ့ ကစားပွဲလိုပဲ ။ နောက် ဆုံးဖြတ်တဲ့ ဒိုင်ကိုလည်းမမြင်သာဘူး ၊ မသိမသာ ထွက်ထိုင်နေလို့လည်းမရဘူး ။ ကစားပွဲမှာ ငွေနောက်ကိုလိုက်ရမှာလား ၊ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ လွတ်လပ်ခွင့်နောက်ကို လိုက်ရမှာလား ၊ တယောက်နောက်ကို တယောက်အမိဖမ်းတမ်း လိုက်ရမှာလား ။ ကိုယ်တိုင်ကရော လိုက်ရမယ့်သူလား၊ ပြေးရမယ့်သူလား။ ဒါကိုလည်း သေချာမသိရဘူး ။ ရှောင်တခင် စီမံတတ်တဲ့ ကံ အားဖြင့် ဖုံးကွယ်ထားတယ် ။ မှန်အားဖြင့်လည်း အရိပ်မိလျက်သာ နေကြရတယ် ။ တခါတရံဆို ကိုယ်မသိပဲ၊ အလိုလည်းမတူပဲလည်း ခွေးရူးဝှက်တမ်းကစားနေကြရပြန်တယ် ။ လက်ဖြန့်လိုက် လက်မှောက်လိုက် ၊ ဘယ်တလှည့် ကိုယ်ခွေးရူးဖြစ်မလဲဆိုတာမျှော်နေရသလိုပဲ ။ ဗြောင်တောင်တောင် ဗေဗေ့ဂျိ ၊ ဂျိဗေဂျိဗေ ဗေဗေ့ဂျိ

     ဟုတ်ကဲ့ပါ ဆရာ ၊ ကျတော့်အချိန်ပြည့်နေပြီပဲ ။ ပြန်လိုက်ပါဦးမယ် ...။ ဆရာတိုက်တွန်းတဲ့ အတိုင်းလည်း ကျတော်ကြိုးစားပါ့မယ်။ ခွင့်ပြုပါ ။


    (၅)

     အပြန်ဆို အိမ်နားဘူတာရုံက အထွက် ညာဘက်ချိုးပြီး ဆယ်မိနစ်လောက်လျှောက်ရင် အိမ်ခန်းကိုပြန်ရောက်တယ် ။ ကျတော်တို့ အိမ်ထောင်ပြုခါနီး ဇနီးကိုယ်တိုင် သေချာရှာခဲ့တဲ့ နေရာ ၊ ကျောင်းနီး ၊ ဘူတာရုံနဲ့နီး စတဲ့ သူ့တွက်ကိန်းတွေနဲ့ပေါ့ ။ အဲသည်တုန်းက လက်ထဲရှိနေတဲ့ ပိုက်ဆံသင့်သလောက်နဲ့ မဆိုးဘူးဆိုပြီး သူရောကိုယ်ပါ တော်တော် ကျေနပ်ခဲ့ကြတာ မှတ်မိတယ် ။ ကျတော့်အထင် အိမ်ကို သည့်ထက်နည်းနည်းဝေးဝေးရရင် ပို့သင့်မယ်ထင်တာပဲ ။ ဘာရယ်မဟုတ်ပါဘူး အိမ်မရောက်ခင် လမ်းလျှောက်ရင်း ကိုယ်ပိုင်အချိန် နည်းနည်းပိုရတာပေါ့ ။

     အပြန်လျှောက်ရတဲ့လမ်း ဘေးကရေမြောင်းဟာ ညနေမိုးကြောင့် ရေပြည့်ပြီး တသွင်သွင်စီးနေတယ် ။ ရေစီးမြန်တော့ ဘေးကန်ဘောင်က လမ်းမီးရောင်ပြန်ဟတ်နေတာတောင် ပုံရိပ်မထင်နိုင်ရှာဘူး ။ ရေစီးထဲမှာ ဘောလုံးလေး တလုံးမျောလာတာ တွေ့တယ် ။ ဘယ်သူ့ဟာလည်း ၊ ဘယ်ကလည်း ၊ ဘာကြောင့်လည်း၊ ကျတော်လည်း သေချာမသိပါဘူး ။ သိဖို့များရော လိုလားတွေးမိတော့၊ မလိုလှဘူးလို့ထင်ပြန်တယ် ။ ခုရေထဲကျတဲ့ ဘောလုံးအတွက် ငိုကောင်းငိုနေမယ့် ကလေးငယ်ဖို့ဆိုပြီး ကျတော်ဘာမှ လုပ်ပေးဖို့ မတတ်နိုင်တာ ။ မိုးလုံးဝ တိတ်သွားလို့ တော်သေးတယ် ၊ ထီးပါမလာဘူး ၊ နောက်တပတ်မှာ ထပ်မမေ့ဖို့ သည်ညပဲ အိတ်ထဲမှတ်မှတ်ရရ သေချာအောင်ထည့်ထားရမယ် ။ ဘေးလမ်းခွဲအတိုင်း ကွေ့ဝင်တော့ တိုက်အောက်ကိုရောက်တယ် ။ စောင့်ရချင်တော့ ဓာတ်လှေကားက အပေါ်ဆုံးအထပ်မှာ ။ အတက်ခလုတ်ကိုနှိုပ်ရင်း မျက်စိတွေကို အားတင်းပြီး ညှစ်ပိတ်လိုက်တယ် ။

     ခရီးထွက်ပါလို့ ဆရာဝန်ကဆိုတယ် ။ အပြောင်းအလဲအတွက် ၊ အသစ် ဖြစ်တည်လာနိုင်တဲ့ အိမ်ထောင်ရေးသုခအတွက် ။ ဇနီးကလည်း ခရီးထွက်တတ်ကြတယ်ဆိုတဲ့ မိတ်ဆွေတွေအကြောင်း မကြာမကြာ အားကျဟန် နဲ့ပြောတယ် ။ အရင်တော့ မကြားသလို နေလိုက်တာပဲ ။ သည်တခါ ငွေကိုအကြောင်းပြဖို့တော့လည်း သိပ်မခိုင်လုံဘူးထင်တယ် ။ ကျတော့်တို့ လက်ထဲမှာ ထိုက်သင့်တဲ့ငွေရှိနေပြီလေ ။ သည်လိုကျတော့လည်း ကုန်ခန်းပျောက်ကွယ်သွားရတဲ့ အရာကိုပြန်ရနိုင်ဖို့အတွက် ငွေဟာ ဘာမှ အရေးမပါပါဘူးဗျာလို့ ကျတော်ငြင်းလို့ မရနိုင်ပြန်ဘူး ။ "ကိုယ်တို့ နှစ်ယောက်ထည်း ခရီးထွက်ရအောင်ကွာ.." သည်လိုဆိုရင် သူပြုံးလာမှာလား ။ သူ့အပြုံးဟာရော ကျတော့်အတွက် ဘာများ ပိုလို့ အဓိပ္ပာယ်ရှိနိုင်ဦးမှာလဲ ။

     ဓာတ်လှေကားဟာ တထပ်ခြင်း ၊ ခပ်ဖြည်းဖြည်း ဆင်းလာတယ် ။

     ခုနစ် ။

     ခြောက် ။

     ငါး ။

     တထပ်ချင်း၊ တဆင့်ချင်း ၊ သိပ်နှေးတာပဲ ။

     စိတ်ထဲမှာတော့ အစိမ်းရောင်သစ်ရွက် မျက်နှာပြင်တလွှား ငွေ့ရည်တို့ တဖြည်းဖြည်းစုဖွဲ့လာပြီထင်တယ် ။ တွေဝေမှုအတွက် ကိုယ့်ကိုယ်ခွင့်လွှတ်လို့ မိန်းကလေးကို ထပ်ပြောခွင့်ရချင်တယ် ။ ကိုယ့်မိဘတွေ အဖွားကို တခါမှာ ရွှေတိဂုံဘုရားလိုက်ပို့ဖို့ရယ် တွေးဖူးမယ်တောင်မထင်ဘူး ၊ နယ်မြို့မှာနေတယ် ဆိုပေမယ့် သူတို့များစဉ်းစားပေးနိုင်ရင် လိုက်ပို့သင့်တယ်ထင် တာပဲ ။ နေရာတကာ အရေးပါလှတယ်ဆိုတဲ့ ပိုက်ဆံအတွက်လည်း သည်လောက်တော့ သူတို့တတ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကလည်း စကားစပ်လို့မပြောဘူး ၊ အဖွားကလည်း စိတ်ကူးပေါက်လို့မတောင်းဆိုဖူးဘူး၊ ကိုယ်ကလည်း ယောင်လို့မှ မတိုက်တွန်းဖူးဘူး ။သူ့ခင်မျာ သွားချင်စိတ်မရှိလို့တော့ ဟုတ်မယ်မထင်ဘူး ။ ဆရာဝန်ကဆိုတယ် ၊ ဇနီးသည်အတွက်လည်း စဉ်းစားပါ ။ နှစ်ကိုယ်တူ စိတ်ချမ်းသာဖို့ စဉ်းစားပါ လို့ဆိုလာတယ် ။ ကိုယ့်အပေါ်နှစ်လိုမေတ္တာရှိလှတဲ့ အဖွားကို တခါလောက် ရွှေတိဂုံဘုရား လိုက်ပို့ဖူးရင် ၊ အိမ်ထောင်ရေးသုခအတွက် ဇနီးသည်ကို အပျော်ခရီးတခါ လိုက်ပို့ပေးဖို့ အခုလောက် ကိုယ့်ဖာသာကိုယ် မျက်နှာပူလိမ့်မယ်မထင်ဘူး ။ သူ့ကိုသာပြောပြခွင့်ရရင် အခြားသူတွေလို ဘာဆိုင်လို့လဲ လို့ ပြန်မေးမှာမဟုတ်တာ ကျတော်ယုံပါတယ် ။

     ဓာတ်လှေကားဟာ မြေညီထပ်ရောက်ပြီ ။ ကိုယ့်ရှေ့မှာပဲ တံခါးနှစ်ချပ်ပွင့်လာတယ် ။
     သိပ်မြန်တဲ့ စိတ်အစဉ်ကို အတင်းဖြတ်ရင်း ဓာတ်လှေကားအတွင်းကို ဝင်လိုက်တယ် ။ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားတဲ့ တံခါးနှစ်ချပ်ကို ငေးကြည့်ရင်း အဲသည် ခဏမှာပဲ ဘဝဆိုတာကို ငါဘယ်တော့မှနားလည်နိုင်မှာ မဟုတ်ဘူးလို့ ဖြက်ခနဲ ကျတော်တွေးမိတယ် ။ ။

 အောင်ဖြိုး
 (၂၆-၁၁-၂၀၁၂ ၂၃-၁၂-၂၀၁၂ - 4:20AM)

9 November 2012

အပြာရင့်ရောင် ကူးတို့ဆိပ်ကမ်း

[ ခိုင်စိုးလင်းစီစဉ်တဲ့  ဝိညာဉ်မှတ်တမ်း (ghost record) e-book မှာပါပါတယ် .. ။ ]


လောကမှာအသုံးဝင်လောက်အောင် အရေးမကြီးသေးတဲ့လူတစ်ယောက်ဖြစ်လို့ ငါသေသွားရင်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး၊ ဒါကြောင့်လည်း သေဦးမှာမဟုတ်ပါဘူးလို့ ပြောတတ်တဲ့ကိုကို ညက သေဆုံး သွားပါသည်...။ သည်တော့ အရင်ကပြုံးတတ်စမြဲ နှုတ်ခမ်းများက ပြာနှမ်းလို့သွားပြီး တပ်မက်ဖွယ်လည်း မရှိတော့…။ မှတ်မိသေးလား အဲသည်နေ့တုန်းက ကို့ကို့နှုတ်ခမ်းတွေပြုံးနေတာပဲ …။ အဲသည်တုန်းက ကိုကိုက ဘောင်းဘီရှည်ကိုခေါက်၊ ရေတွေရွှဲရွှဲစိုပြီး အိမ်ကို အကိုကြီးနဲ့ အတူပါလာတာ...။ ညနေဆိုတော့ အမေတို့နဲ့ လက်ဖက်စား တီဗွီကလာတဲ့ ဇာတ်လမ်းတွဲကြည့်နေတုန်း...။ အဲသည်တုန်းက ချက်ချင်း ကိုကို မွန့်ကို မှတ်မိလားဟင်..။ ငယ်ငယ်တုန်းကတွေ့ဖူးခဲ့တယ်တော့ မဟုတ်လား...။ မွန့်ကတော့မှတ်မိတယ်... အဲသည်တုန်းက ကိုကိုနှုတ်ခမ်းလေးတွန့်ပြီးပြုံးပြတာကိုလည်း မွန်သေချာမှတ်မိတယ်...။ ကိုကိုသောက်ဖို့ မွန်ကော်ဖီဖျော်ပေးခဲ့ရတယ်...။

  ကိုကို့ညာဘက် လက်ခလယ်ကကျိုးနေတယ်..။ မွန်ဖြောင့်ပေးပေမဲ့ ဖြောင့်လို့မရဘူး..။ အခြားလက်ချောင်းတွေကျ ရလျက်နဲ့...။ သည်ညအပြင်မှာလသာနေတယ်...။ မွန် တယောက်ယောက်ကို ဖုန်းဆက်ရမလား...။ အစ်ကိုကြီးကို ခေါ်လိုက်ရင်ကောင်းမလား...။ မွန့်ကိုသူတို့ ယုံကြပါ့မလား..။ မွန်ကရောသူတို့ယုံအောင် ရှင်းချင်စိတ်ရှိပါ့မလား...။ ကိုကို ဘာလို့ သေသွားတာလဲဆိုတာ မွန်ပြောလို့လည်း သူတို့ နားရှင်းမယ်မထင်ဘူးကိုကို...။ အပြင်ဘက်ထွက်လို့ လိပ်ပြာလေးတစ်ကောင်တွေ့ရင် ပြန်လွင့်သွားတဲ့ ကိုကိုဝိညာဉ်လား..၊ လိပ်ပြာအဖြစ် လွင့်ခွင့်ရှိအောင်တောင် ကိုကိုက ကျွတ်လွတ်ပါ့မလား.. သိရအောင် မွန်ကြားဖူးတဲ့ နည်းနဲ့ကိုကို့ လိပ်ပြာကိုပြန်ခေါ်ရမလား။ ကိုကို ဘယ်မှာ စွဲပြီးနေထိုင်နေလဲ။ ဟိုဘက်က စာအုပ်စင်မှာလား၊ ခေါင်းရင်းက အပင်ကြီးမှာလား။ သည်ကုတင်ကြီးမှာလား။ ဒါမှမဟုတ် ကိုကိုတပ်မက်တယ် ဆိုတဲ့ မွန့်ကိုယ်ပေါ်မှာလား...။

   ကိုကိုအသက်ရှိတုန်းက အရပ်ရှည်တယ် အသားညိုတယ်.. နည်းနည်းကြည့်ကောင်းတယ်...။ တခါတခါတော့ သပ်သပ်ရပ်ရပ်မရှိရင် ကြည့်လို့သိပ်မကောင်းတတ်ဘူး...။ ယောက်ျားတစ်ယောက်မှာ သည်လောက်ရှိရင် လုပ်စားလို့ရပါပြီကွာလို့ ကိုကိုပြောလိုက်တိုင်း မွန်ရင်ထဲမှာ ကျင်တတ်သွားတတ်တာ ဟိုအရင်တုန်းကသာပါ...။ ကိုကိုဘာလို့ သည်လောက်ပွင့်လင်းရတာလဲ...။ မွန့်ကိုဘယ်တုန်းကမှ ကိုကို အားမနာဘူးမဟုတ်လား...။

   မှတ်မိသေးတယ်...။ နောက်တစ်ခေါက်ပြန်တွေ့တော့ ကိုကို မွန်တို့ကို ဂစ်တာတီးပြတယ်။ ကိုကိုညည်းတတ်တဲ့ သီချင်းတဲ့။ ဒါပေမဲ့ သည်တေးသွားမှာ မွန့်နာမည်ပါနေရတာကိုလဲ။ ကိုကိုက သိပ်ဟန်ကောင်းတော့ အစ်ကိုကြီးတို့ မေမေတို့တောင် သတိမထားမိကြဘူး...။ မွန့်ကိုကျ ကိုကိုကစိုက်ကြည့်နေတော့ မွန်ဘယ်လိုမှ မနေတတ်တော့တာကိုပဲ ကိုကိုသဘောကျနေခဲ့တယ်မဟုတ်လား...။ အဲသည်လို မျက်လုံးမှေးပြီးမကြည့်ပါနဲ့..။ ကိုကို့ရဲ့ တည်တည်ကြည်ကြည်ရုပ်က ပျက်သွားတယ်..။ ဂစ်တာကို စွဲစွဲလမ်းလမ်းတီးတတ်တဲ့ကိုကို ခုဆို ဂစ်တာကိုများ စွဲပြီး အဲသည်မှာ အိမ်ဖွဲ့နေလေမလား...။

   ကိုကိုမျက်လုံးတွေကို စောစောကပဲ မွန့်လက်တွေနဲ့ အုပ်ပိတ်ပေးခဲ့ပြီ။ ကိုကို့ မျက်လုံးတွေက ထင်သလောက် သိပ်ပြီးပြူးထွက်မနေပါဘူး...။ ခုနောက်ပိုင်း ကိုကို့မျက်လုံးတွေဝါနေတတ်တာတော့ မွန်သတိထားမိတာ ကြာပြီ...။ ဘာမှပြောဖို့လည်း မလိုဘူးထင်တော့လို့ပါ။ လောကမှာ အမှားရယ် အမှန်ရယ်ဆိုတာ ဘယ်သူကမှ သတ်သတ်ကြီးမပြနိုင်ဘူးကွ ဒါကြောင့် လောကမှာ မှားတယ်မိုက်တယ်ရယ်လို့မရှိဘူး အေး... ရှိရင်လည်း မင်းတို့ အသိုင်းအဝိုင်းက သတ်မှတ်ကြတဲ့အတိုင်း ခေါင်းမရှိတိုင်း လိုက်လက်ခံနေကြတဲ့ နည်းမှားတွေပဲဖြစ်မှာ....။ ကိုကိုဟာ သည်စကားကို ခဏခဏပြောတယ်..။ ခုမှတော့ မွန့် စိတ်ကို ဘယ်လိုမှ မထိခိုက်နိုင်တော့ပါဘူး၊ ကိုကို စီးကရက်တွေ သိပ်သောက်နေနေ၊ မကြိုက်ဘဲ အရက်တွေပဲ လှိမ့်သောက်နေနေ၊ နောက် ဘာတွေပဲလုပ်နေနေ ကိုကို့မှာ ပြောစရာ ပြစရာ အကြောင်းအချက်တွေက များလှတယ်မဟုတ်လား…။ မွန် ကိုကိုရဲ့သည်စကားတွေကို ကြားစက နားလည်အောင် အတော်ကြိုးစားခဲ့ရတယ်...။ နားလည်လာတော့လည်း အဓိပ္ပာယ်ပေါ်အောင် ဘယ်လိုကြိုးစားကြိုးစား ကိုကိုဟာ မကျေနပ်တိုင်း ကိုယ့်ကိုယ်ကိုယ်နှစ်နေတာပဲ ဆိုတာထက် မွန်ဘာကိုမှ ပိုပြီးသိလာမယ်တော့ မထင်ဘူး...။ မွန်ပြုံးလိုက်တယ်... ကိုကိုတွယ်ငြိတတ်တဲ့အရာကို မွန်ရှာလို့တွေ့ရင် အခုကိစ္စမှာလည်း ကိုကိုရဲ့အကြောင်းပြချက်ကို လိပ်ပြာကူးပြီး အပြောကောင်းကောင်းနဲ့ရှင်းပြဦးမှာ မဟုတ်လား...။ ညငှက်တစ်ကောင် အိမ်ခေါင်ထက်မှာ မြည်တယ်ကိုကို၊ ကိုကို့လိပ်ပြာကို အဲသည်ငှက်က မြင်နိုင်သလား ဟင်...။

□ □ □

ကျွန်တော်ပန်းပန်းကို လက်ထပ်ပါရစေ၊ စဉ်းစားမယ်ဆိုလည်း စဉ်းစားပါ ယတိပြတ်တော့ မငြင်းလိုက်ပါနဲ။ ကိုကို သည်လိုပြောတုန်းက မွန်ဘယ်လောက်ထူပူသွားမယ်ဆိုတာ စဉ်းစားတတ်ရဲ့လား။ ကိုကိုပြုံးနေခဲ့တယ် မဟုတ်လား...။ ခုရောမွန့်ကို့ အနားမှာထိုင်ပြီးငေးနေတာတွေ့ရရင် ကိုကိုပြုံးနေဦးမှာလား၊ ရယ်တောင် ရယ်နေမှာလား..။ မွန်အဖြေမထွက်ခဲ့ဘူး...။

   မွန်အဲသည်ညက ဘဝမှာ အခြားသူတစ်ယောက်ကြောင့် ကြည်နူးတယ်ရတယ်ဆိုတာ ကိုတော့ သေချာသိရတယ်၊ နောက်ပြီး ကြီးမားတဲ့ အားတစ်ခုကို တွန်းလှန်ချင်ရက်နဲ့ တွန်းလှန်ဖို့လည်း တန်ပြန်အင်အားမရှိတဲ့ အဖြစ်ကိုကြုံဖူးရတာပဲ...။ အနည်းဆုံးတော့ ကျွန်တော့်ကိုဘယ်လိုသဘောထားလဲ သိပါရစေ...။ မွန် ဘယ်လိုသဘောထားမှမရှိပါဘူး။ ဒါဆို ကျွန်တော့်ကိုလက်ခံမယ်မဟုတ်လား ပန်းရယ် မော့ကြည့်ပါဦး...။ အတွေ့…။ ကိုကို့ရဲ့ လက်ချောင်းတွေက မွန့်လည်ပင်းကိုလာ ဆုပ်တယ်... ခေါင်းမော့ပါဦးပေါ့..။ မွန်မော့ကြည့်ပေမဲ့ မျက်ရည်တွေကြောင့်ကိုကို့ကိုမမြင်ရဘူး...။ ကိုကိုကတော့ ပြုံးပြီးကြည့်နေတယ်မဟုတ်လား...။

   ဒါ့ထက် ခုကိုကို့ ကိစ္စကိုရဲတိုင်ရဦးမလား၊ မွန်လိုက်ပြီး အစစ်ခံရဦးမှာလား။ ဒါ့အပြင် သတင်းတွေဘာတွေထဲရော ပါလာဦးမှာလား…။ မွန့်ကို သူတို့တတွေသနားကြဦးမယ်ထင်တယ်...။ ကိုကိုပြုံးပြန်ပြီမဟုတ်လား... မွန့်အတွေးတွေကို...။ အိမ်ပေါ်က ညငှက်သံတိတ်သွားပြီ... ကိုကိုအိမ်ထဲကိုပြန်ဝင်လာပြီလား...။ ငုတ်တုပ်ထိုင်နေတဲ့ မွန့်ကို တွေ့တော့ နောင်တရလားဟင်...။ လောကမှာ ယုံကြည်စရာ ဘာမှမရှိဘူးလို့ဆိုတဲ့ ကိုကိုက နောင်တကိုရောယုံရဲ့လား...။ သည်မှာ မိပန်းလောကမှာ ဘာမှယုံကြည်စရာမရှိဘူးကွ... မင်းလိုဉာဏ်မရှိတဲ့ မိန်းမတွေသာ အလုပ်မဟုတ်တာတွေယုံပြီး ရပ်တည်လို့ရမယ် ငါသည်လောက်တုံးတဲ့ကောင်မဟုတ်ဘူး...။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကိုကိုပြောသွားတာ မွန်မှတ်မိတယ်...။ ကိုကို့ဘေးနားက အသာထပြီး အပြင်ဘက်ပြတင်းကို ဖွင့်လိုက်တယ်...၊ လသာနေတယ် နောက်ညဥ့်မြူတွေလို ထွက်နေတယ်။ မှတ်မိသေးတယ်။ မွန့်ကို ကိုကိုလက်ထပ်ခွင့်တောင်းတုန်းက ညလိုပါပဲ...။ လောကဟာ ခုထိတော့ တည်မြဲနေစမြဲ မပြောင်းလဲဘူးလို့ ယုံချင်စရာကောင်းတုန်းပါပဲ... ကိုကို...။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သည်လိုညမှာ မွန်အချစ်ကိုစတွေ့တယ်...။ နောက် တစ်ပုံစံထဲလို့ပြောနိုင်တဲ့ ခုညမှာ အတန်ကြာပျောက်ဆုံးနေတဲ့ အချစ်ကို မွန်ပြန်တွေ့ရတယ်...။ ဟုတ်တယ် မွန် ကိုကို့အပေါ်ထားခဲ့ဖူးတဲ့အချစ်လေ...။

□ □ □

   မွန်တို့လက်ထပ်တဲ့ မင်္ဂလာဦးညက မူးမူးနဲ့ ကိုကိုငိုတယ်။ မျက်ရည်ကျတယ်ပေါ့။ ကိုယ့်ဘဝမှာ အရှုံးတွေချည်းပဲ ပန်းပန်း တစ်ခုတည်းဖြစ်ပေမဲ့ ကိုယ်ဖြစ်ချင်တာ လိုချင်တာကိုလည်း မရခဲ့ဘူး။ ဟုတ်တယ် ကိုယ့်ရှိသမျှ အားလုံးပေးခဲ့တာတောင် မရခဲ့ဘူး... ကိုယ်လူငယ်ဘဝကို အားလုံးပေးခဲ့တယ်။ သူများတွေ ပျော်နေကြချိန်မှာ အချစ်ဆိုတာလည်းမရှိခဲ့ဘူး။ ဘာကိုမှမသိသေးသူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းဆိုတာလည်း မရခဲ့ဘူး...

   ယုံကြည်ရာတစ်ခုအတွက်ပဲ တစိုက်မတ်မတ်နဲ့ ရူးခဲ့ရဖူးတယ်။ အိမ်မက်ကို ရည်မှန်းချက်အဖြစ်ကိုယ် ကြိုးစားပြီးပြောင်းခဲ့တယ် ပန်းပန်း။ ဒါပေမဲ့ နောက်ဆုံးမှာ အားလုံးကိုဆုံးရှုံးခဲ့ရတယ် ကိုကိုအခု အသက် ၃ဝ ကျော်လာပြီ...။ ကိုကိုဟာ ဘာကောင်မှမဖြစ်သေးဘူး။ လေယာဉ်စီးရင် လေယာဉ်ပျက်ကျမယ် ကားစီးရင်းကားတိုက်ပြီးရင်လည်း တစ်ခါတည်း ပွဲချင်းပြီးသေကောင်းသေမယ်လို့ချည်း တွေးမိနေတယ်...။ သည်လိုဖြစ်လည်း သူတို့ဘာသာသူတို့ အောင်မြင်ကြတဲ့ ပိုက်ဆံရှိ ရာထူးရှိတဲ့ ကိုကိုအဖေနဲ့ အမေ မသေဘူးဆိုတာကို တွေးမိပြီး ဝမ်းသာရအောင် အမြဲခရီးသွားရင် တစ်ယောက်တည်းပဲသွားတယ်...။ ဒါပေမဲ့ ကိုကိုသိပါတယ် ကိုကိုဟာ လောကမှာအသုံးကျလောက်အောင် အရေးမကြီးတော့ ကိုယ်သေသွားရင်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး၊ ဒါကြောင့်လည်း သေဦးမှာမဟုတ်ပါဘူး...။ ဒါကြောင့်ပဲ ခု ပန်းပန်းကို ကိုကိုတွေ့တာပေါ့...။ ယုံပါ ပန်းရယ် ကိုယ့်ဘဝမှ အချစ်ဆိုတာတစ်ခုတည်း နောက်ဆုံးယုံကြည်ဖို့ ကျန်တော့မယ်...။ ကိုယ်အိမ်ထောင်ကိုပဲ အောင်မြင်အောင်ကြိုးစားဖို့ဆိုတဲ့ နောက်ဆုံး စိန်ခေါ်ပွဲပဲကျန်တော့မယ်.. ပန်း ကိုယ်ရှုံးလို့တော့မဖြစ်ဘူး...။ အဲသည်ညက ကိုကိုမူးနေတာလား။ မွန်လည်းမူးနေတယ်... ကိုကို့လို အရက်ကြောင့်တော့မဟုတ်ပါဘူး...။ ပိုင်စိုးပိုင်နက်နိုင်လှတဲ့ ကိုကိုအကြည့်တွေကြောင့်ပါ...။ ပြောရရင် မွန်လုံးဝ ကြောက်စိတ်မရှိဘူးကိုကို။ ကိုကိုအနိုင်ရဖို့ မွန်အရှုံးပေးဖို့ လုံးဝမကြောက်းဘူး။ မွန်စိတ်လျှော့ထားတယ်... ဖိတ်ခေါ်ထားတယ်...။ ဒါဟာအချစ်ပါပဲကိုကို...။ တကယ်ဆို မွန်နဲ့ကိုကိုတွေ့ကြာဘယ်လောက်ကြာသေးလို့လဲ...။ လက်ထပ်ပြီး တစ်ခန်းတည်းအိပ်ရရင် အချစ်ဆိုတာဖြစ်ပေါ်လာတတ်တယ် ဆိုတာဟုတ်လား..။ ဒါဟာ အချစ်ပါပဲ... ကိုကို့ကို မွန်ချစ်တယ်...။ ပန်းကလေး ပန်းကလေး...။ ကိုကိုက တွန့်ဆုတ်မှုမရှိဘူး...။ ပြုံးနေရက်ကိုကို့ကို စိုက်ကြည့်ရင်း ဆွဲငင်အားတစ်ခုကြောင့် ရင်ထဲမှပီတိဒီရေတက်လာတယ်...။ ရစ်မူးစေတတ်တယ်ထင်တယ်...။ နာတယ်ထင်ရပေမဲ့ တကယ်ကမနာပါဘူး...။ ပျော်စရာထင်ပေမဲ့ တစိမ့်စိမ့်ကြည်နူးရတယ်ဆိုတာမျိုးလည်း မဟုတ်ပြန်ဘူး...။

   အပြင်မှာလေတွေတိုက်နေတယ်၊ ကိုကိုကတော့ ချမ်းမှာမဟုတ်ဘူး...။ ဒါပေါ့ ရှင်ဘာမှသိနိုင်တာမှ မဟုတ်တော့ပဲ...။ ညဘယ်နနာရီရှိပြီလဲ...။ မိုးလင်းတော့မယ်လား...။ အေးလေ မွန်ကြောက်စရာမရှိပါဘူး...။ ကိုကို့ကို မွန်ဘယ်တုန်းကမှမကြောက်ဘူး အရင်တုန်းကတည်းက ကိုကိုပျော့ညံ့တာကို သိလို့ မွန်ကြောက်မှ မကြောက်ခဲ့တာ... ခုဆို မွန်ကိုကိုကို ပြန်ပြီးတောင်ချစ်မိနေပြီပဲ...။ အဲသည်မနက်က ကိုကိုအစောကြီးနိုးနေတယ်...။ သိပ်ဝမ်းနည်းနေသလိုပဲ... ကိုကိုမွန့်ကိုမကျေနပ်ဘူးလား၊ ဒါမနေ့ညနေကမှ လက်ထပ်လိုက်တဲ့ သတို့သားတစ်ယောက်ရဲ့မျက်နှာမျိုးမဟုတ်ပါဘူး...။ ကိုကိုမွန့်ဘက်ကိုလှည့်ကြည့်ပြီး ကမ်းပေးလိုက်တယ်...။ မင်းသိပ်နာနေရင် သည်မှာ တင်ချာထည့်ရတယ်...၊ မထချင်ရင် နံနက်စာလာပို့ခိုင်းလိုက်မယ်...။ ကိုကိုထသွားသွားချင်း မွန့်ရင်ထဲမှာ မခံချင်စိတ်ကြောင့် ထူပူပြီး ကျန်ရစ်တယ်...။ သူဒါမျိုးဘယ်နှစ်ခါကြုံဖူးခဲ့လဲ...။ မွန်ငမ်းငမ်းတက်ဖြစ်ခဲ့တဲ့ အသစ်အဆန်းဟာ ရှင့်အတွက် ဝတ္တရားအရလို့ဆိုနိုင်လောက်အောင် ရိုးနေပြီးသားလား...။

   မွန်လက်ဘေးမှာ တင်ချာပုလင်း...။ ရှင့်ကို ကောက်ပေါက်လိုက်ရမလား...။ ရှင်... မွန်ဘာဖြစ်နေတယ်ဆိုတာကို သိရဲ့လား...။ ငါမှသည်လို ခံရလေခြင်းလို့ မွန် ကိုယ့်ကိုယ်ကိုယ်တွေးမိ သနားမိပြီး မျက်ရည်လည်လာတယ်...။ သည်လိုလူကိုမှ မွန်ချစ်မိတယ်၊ လက်ထပ်မိတယ်၊ တပ်မက်မိတယ်၊ ဖိတ်ခေါ်မိတယ်...။ မိုက်ခနဲပဲ... တင်ချာပုလင်း။ ပုလင်းအပေါ်က နာမည်ကြီးမင်းသမီးပုံနဲ့၊ သူကရောဘာလုပ်ဖို့တင်ချာကိုသုံးမှာတုန်း၊ နင် အရှက်မရှိဘူးလား ကောင်မ၊ အောင်မယ် ပြုံးလို့၊ သူ့ပုံက ကျေနပ်နေသလိုပဲ...။

   ဒါ မနက်စောစောလား...။ နံနက်ဘယ်နှာရီမှာ ဘယ်သူတွေကို ဖုန်းဆက်ခေါ်ရမလဲ..။ ကိုကို အခန်းထဲကထွက်သွားပြီး နံနက်စာယူလာမယ်...။ ကုတင်ပေါ်က ကိုကိုကတော့ ဘယ်တော့မှ နိုးထလာမှာမဟုတ်ဘူး...။ မွန်သိပ်ရှက်တယ်။ ခုဆို မွန်လွတ်လပ်ပြီ... လုပ်ချင်တာလုပ်လို့ရပြီ...။ သူ့ဘေးမှာ မွန်တစ်ယောက်တည်း...။ သူမနေ့ညကပြန်လာတော့ ပုံမှန်ပဲ.. ဒါပေမဲ့ ထမင်းမစားဘူး အခန်းထဲကမထွက်ဘူး...။ သည်ည မွန်မကြောက်ပေမဲ့ လေသိပ်တိုက်တယ်...။ သန်းခေါင်ကျော်ပြီထင်တယ်...။ သံချောက်ခေါက်သံကအချက်ရေ နည်းတာပဲ...။ မနက်လင်းပြီလား...။ နေမထွက်သေးဘူး...။ ကိုကို လောကကြီးမှာ တကယ်မရှိတော့ဘူး...။ မွန်ကတော့ ကျန်ရစ်တယ်....။ တစ်ယောက်တည်း အခန်းထဲမှာ...။ မဟုတ်သေးပါဘူး ခုဟာက ပြတင်းဝမှာပါ...။

□ □ □

   မွန်ပြန်နိုးလားတော့ နံနက်ရောက်ပြီလားတောင်ထင်မိတယ်...။ ဒါတွေအားလုံးဟာ အိပ်မက်လား...။ ကိုကိုသေသွားတာ အိပ်မက်လား...။ မဟုတ်ဘူး ဘေးနားမှာ ကိုကို့ခန္ဓာကိုယ်ကြီး။ ကိုယ်ဘဝကို သိပ်တပ်မက်တယ် ပန်း၊ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်ရပ်ချင်တဲ့အချိန်မှာ ရပ်ပစ်လို့ရတယ်။ ဒါဟာ လူသားတစ်ဦးမှာပိုင်တဲ့ အကြီးမားဆုံးအခွင့်အရေးပဲ။ ထိတ်လန့်ဖို့ကောင်းတဲ့ အခွင့်အရေးလည်းဖြစ်တယ်...။ ကိုကို မွန့်ကိုချစ်လားဆိုတာ အိမ်ထောင်ဦးကတည်းက မွန်ကိုယ့်ကိုယ်ကိုယ်မေးမိနေတဲ့ မေးခွန်း...။ တခါတခါဖြစ်တတ်တဲ့ ကိုကို့အယုအယက တပ်မက်စရာကောင်းသလောက် အမြဲလိုလိုမြင်နေရတဲ့ ကိုကိုရဲ့မှုန်သုန်သုန်အမူအရာဟာ စိတ်ညစ်ညူးဖို့ ကောင်းလှတယ်...။ တနေ့တနေ့ မွန့်ကို ဘယ်အချိန်သွားပြီး နှုတ်ဆက်ရမလဲ... ကို မွန့်ကိုစကားပြောချင်စိတ်ရောရှိရဲ့လား...။ ကို အပြင်ကပြန်လာရင် ပြုံးရွှင်လို့ ကြိုသင့်လား မကြိုဘဲ မသိလိုက်မသိဘာသာ နေဖို့သင့်သလားလို့ ဆုံးဖြတ်ရတာ မွန့်ဖို့ကိစ္စကြီးတစ်ခုဖြစ်လာတယ်...။ ပန်းပန်းလာဦး... ကိုကိုနဲ့သီချင်းနားထောင်လှည့်...။ ကိုကို့အကြိုက်သီချင်းဆိုတာလည်း မွန်နဲ့ မရင်းနှီးသော သီချင်းမျိုးတွေဖြစ်သည်။ သီချင်းကြီး၊ ရှေးက တောအငြိမ့်သီချင်း၊ ရေဒီယိုကလာတတ် တဲ့ နှောင်းခေတ်တေး...။ ခေတ်မှီလှတဲ့ ကိုကိုဟာ ဘာလို့ သည်လိုသီချင်းမျိုးတွေ နားထောင်တတ်တာလဲ...။ ကိုကိုဟာ အစ်ကိုကြီးပြောသလို ခပ်ကြောင်ကြောင်လူလား... သူကတော့ ကိုကိုကိုလေးစားပေမဲ့ နားမလည်ဘူးလို့ မွန့်ကိုပြောဖူးတယ်...။ ဟုတ်တယ် မွန်လည်းကိုကို့ကိုနားမလည်ဘူး...။ နားထောင်လေ... ပန်း ဒါက ယိုးဒယားသီချင်း..ထပ်ကွန့်လို့ခေါ်တယ်... သည်မှာ ဝါးလတ်နဲ့တီးထားတယ် ပန်းသိလား ဝါးလတ်ဆိုတာကိုရော...။ စိတ်ပါလက်ပါရှင်းပြနေတဲ့ ကိုကို့ကိုမော့ကြည့်ရင်းမွန် ပြန်ရှာနေရတတ်တဲ့ အချစ်ကိုတွေ့ပြန်တယ်...။ ကိုကို့မျက်လုံးတွေပြုံးရယ်နေပြန်တယ်...။

   တေးသံဟာဖြည်းလွန်းပြီး အတက်အကျလည်းမရှိဘူးကွယ်...။ ပေါင်ကိုပုတ်ပြီး စည်းဝါးလိုက်နေတဲ့ ကိုကို့လက်တွေဟာ အတတ်ဆန်းလို့လာပြန်တယ်...။ ဟင့်အင်း သည်စာကြည့်ခန်းထဲမှာ... လွှတ်ပါကိုကို...။ ကိုကိုဟာ မွန်ရုန်းမှ ပိုဆိုးလာတယ်...။ အရှုံးပေးရခြင်းအတွက် အမုန်း... ရှင်ကိုယ့်မိန်းမကို ဘယ်လိုဆက်ဆံတာလဲ..။ သည်သီချင်းဟာ မဆုံးတော့ဘူးလား၊ ရှည်လိုက်တာ၊ ကြာလိုက်တာ...။ စည်းနှစ်ချက် ဝါးတစ်ချက်အကျတွေဟာ ကိုကိုရဲ့ သက်ငင်သံတွေဖြစ်လာတယ်...။ ရှင်ကျွန်မကို ခံစားတာလား သီချင်းကိုခံစားတာလား...။ ဒါမှမဟုတ် မွန်ဟာတေးသွားလား... ကိုကိုကကြားဖြတ်အဖြစ် တချက်တချက် ခုတ်ဖြတ်တဲ့ စည်းသွားလား...။

   စည်းလိုက်တတ်တဲ့ ကိုကိုရဲ့ လက်တွေဟာ ခုတော့ အေးစက်လို့လာပြီ။ သေဆုံးခြင်းဟာ ရှုံးနိမ့်သွားခြင်းပါပဲ။ ဟုတ်မယ်ပန်း ဘဝဆိုတာ နောက်ဆုံးမှာ ရှုံးနိမ့်ခြင်းပါပဲ။ လူတွေ ဘဝတွေဟာ နောက်ဆုံး စုန်းစုန်မြုတ်သွားချိန်ထိ သရိုက်သရော စီးဆင်းကြရတယ်။ ဒါပေမဲ့ စုန်းစုန်းမြုတ်သွားတဲ့ အချိန်ကိုတော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်မဟုတ်လား...။ ကိုကိုမွန့်ကိုပြောသွားဖူးတယ်..။ ကိုကိုအဲသည်တုန်းက ပြုံးနေ တယ် မွန့်ကိုလည်း ပန်းကလေးတဲ့...။ မင်းဟာကလေးလေးပါပဲလားကွယ်...။ ဟုတ်တယ်ကိုကို မွန်ဟာ ကို့ရင်ခွင်ထဲက ကလေးလေးပါ။ မွန်မျက်ရည်တွေ ကျလာတယ်။ ကိုကို ဘာလို့ ခုမှသေသွားရတာလဲ။ မွန့်ကို မချစ်လို့လား၊ ကိုမွန့်ကို တစ်ခါလောက် ခေါင်းထဲထည့်ပြီး စဉ်းစားဖူးပြီလား သိချင်တယ်...။

□ □ □

   နံနက်လင်းလို့ ကိုကို့ ကိစ္စကိုအမေတို့သိရင် ဘာလုပ်ကြမလဲ။ မွန့်ကိုမေးကြမှာလား။ ကိုကို့အကြောင်းမွန်မသိတာတွေ အများကြီးရှိသလို၊ ကိုကိုနဲ့မွန်တို့အကြောင်း အမေတို့မသိတာတွေအများကြီး။ မွန်ကိုကိုကို့ ခွင့်မလွှတ်နိုင်ခဲ့တဲ့ အကြောင်းကို အမေတို့မသိခဲ့ဘူး...။

   မွန် ကိုကို့ကို ခွင့်မလွှတ်နိုင်ဆုံး အဖြစ်။ ကိုကို့ကို လူလို့ မသတ်မှတ်နိုင်လောက်တဲ့အဖြစ်။ ဒါပေမဲ့လည်း ခုချိန်ထိ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့ရတဲ့မွန် လုပ်ခဲ့သမျှထဲမှာ အကျေနပ်ဆုံးအဖြစ်။ မွန်မိသားစုဘဝမှာ အတောင့်တဆုံး ရင်သွေးလေးတစ်ယောက် မွန့်ကိုယ်ပေါ်မှာ စတည်လာပြီဆိုတုန်းက ပထမဆုံး ကိုကို့ကို ဖွင့်ပြောချင်လွန်းလို့ မျက်ရည်တောင် လည်မိတာ ကိုကိုသိလား။ ကိုကို ကလေးလေးတွေကို ချစ်တတ်တာ အထူးသဖြင့် သမီးမိန်းကလေးတွေကို ချစ်တတ်တာမွန်သိတယ်။ ဒါနဲ့တောင် ကိုကိုက ကလေးလိုချင်တယ်လို့ မွန့်ကို စကားစပ်လို့တောင် မပြောဖူးဘူး။ သူ ကလေးအဖေ မဖြစ်ချင်သေးဘူးလား ရှင့်...။ မွန်မေးလိုက်ချင်တယ် ကြည်နူးဖို့ ကောင်းလိုက်တာ..။

   အဲသည်ညနေက ကိုကို အရက်သောက်လာတယ်။ ဒါပေမဲ့ ကိုကိုကမူးတတ်တယ်ဆိုတာ မရှိတော့ မွန်စိတ်ထဲတောင်မထားမိဘူး။ ကိုကို့ခါးကို ဖက်ရင်းအခန်းထဲဝင်လာရင်း ကိုကို့နားနားကို တိုးတိုးလေးကပ်ပြီး ဝတ္ထုတွေထဲ ရုပ်ရှင်တွေထဲကလို မြင်ယောင်ပြီးပြောပြတယ်...။ ကိုကို ပျော်မသွားပါဘူး...။ တုန်လှုပ်မသွားပါဘူး...။ မွန့်ကို စိုက်ကြည့်ရင်း သူမျက်ရည်တွေဝဲလာတယ်....။ နောက်အတော်ကြာ ကိုကိုစကားပြောနိုင်ဘူး...။ ကျွန်တော်.. ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူး ပန်းပန်း။ နောက်ပြီး ကလေးလည်း ကျွန်တော်မယူနိုင်ဘူး...။ သည်ကိစ္စဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...။ သည်ကလေးကို မင်းလည်းမယူရဘူး...။

   ကိုကိုရဲ့ အေးစက်နေပြီဖြစ်တဲ့ လက်တွေကို ကိုင်ထားတဲ့မွန့်လက်တွေဟာ ကိုကိုမေးကိုညှစ်မိရက်သားဖြစ်နေတယ်။ အားစိုက်ပေမဲ့ ကို့နှုတ်ခမ်းတွေဟာ ပွင့်မလာဘူး...။ ညှစ်ထားတဲ့လက်တွေသာ တုန်လာတယ်။ အဲသည်တုန်းက ရှင်သည်လို စကားကို ဘယ်လိုစိတ်နဲ့များပြောထွက်တာလဲ...။ ကလေးမယူနိုင်ဘူး...။ သူတည်နေတာကို ဖျက်ပါ...။ ကလေးတစ်ယောက်ကို ခေါ်ပြီးတစ်သက်လုံး ဒုက္ခပေးတာ အင်မတန်အတ္တကြီးပါတယ်...။ ကျွန်တော် သည်လောက်ကြီး မလုပ်နိုင်ဘူး... မတရားလွန်းအားကြီးပါတယ်...။ ညှစ်ထားတဲ့ မွန့်လက်တွေ ပျော့ခွေလို့ သွားတယ်။ ရှင်ဟာ သေသွားပြီပဲ...။ ရှင့်သည်စကားဟာ ဘာများ အကျိုးရှိ အဓိပ္ပာယ်ရှိတော့မှာလဲ။ နောက် သည်ကလေးဟာ ရှင့်သွေးအဖြစ်၊ ရှင့်သားအဖြစ် ကြွေးကြော်ပြီး မွေးလာရင်လည်း ရှင့်မှာတားဆီးဖို့ အခုဘာအခွင့်အရေးမှမရှိတော့ဘူး မဟုတ်လား။

   ရှင်...။ ကျွန်တော့်ကို ခွင့်လွှတ်ပါပန်းပန်း။ ကျွန်တော်တောင်းပန်ပါတယ်။ မေ့ပစ် လိုက်ဖို့တော့ ဖြစ်နိုင်မယ်မထင်တော့ဘူး။ အကောင်းတစ်ခုဟာ ခြစ်ရာရှရာတစ်ခုရလာရင်တောင် တန်ဖိုးထားသူအဖို့တော့ ပစ်လိုက်ရသလိုပဲမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားပြီး မေ့ပစ်ကြရင် တတ်နိုင်သလောက်တော့ အောင်မြင်မှာပါ။ ကျွန်တော့်ကို သည်တစ်ခုတော့လိုက်လျောပါ။ ကျွန်တော် တောင်းဆိုတာ မှားမှန်း မပြောသင့်မှန်းသိပါတယ်။ ဒါကြောင့်ပဲ စောစောကတည်းက မင်းကိုဆေးသောက်ပါလို့ ပြောတာပေါ့ကွ...။ သေချာစဉ်းစားရင် လူတစ်ယောက်ကို ဖန်တီးယူပြီး တစ်သက်လုံး ဒုက္ခခံခိုင်းမယ်ဆိုတာကနဲ့ ယှဉ်ရင် ခုကျွန်တော်တောင်းဆိုတာ မျှတပါတယ်။ လူပိုဆန်ပါတယ်။ ဟေ့.. ဘာကိုငေးနေတာလဲ ငါပြောတာကြားလား။

   မွန်ပထမဆုံးအကြိမ်အဖြစ် ကိုကို့ကို အနိုင်ရချင်လာတယ်...။ ကိုကို့ကို သတ်ပစ်ရပါစေ နာကျင်အောင်လုပ်ပြီးမှ အသက်ထွက်စေချင်တဲ့ စိတ်စေတနာဟာ ခိုဝင်ခိုင်မြဲလာတယ်...။ မွန်သည်ကလေးကို မွေးမယ်...။ အဆိုးဆုံး ကိုကိုနဲ့ ပြတ်စဲရပြီး မွန်တစ်ကိုယ်တည်းနေရသည်အထိ မွန်ကျေနပ်မယ်...။ ပန်းပန်းရယ် ကိုကို့ဘဝမှာ အိမ်ထောင်ရေးကို နောက်ဆုံးတွယ်ရာအဖြစ် ခံယူပြီး ပန်းကို လက်ထပ်ခဲ့တာပါ။ ကိုကိုတို့ နှစ်ယောက်ထည်းနေသွားကြမယ်...။ အသက်တွေကြီးပြီးသေတဲ့အထိ။ ကိုကိုသည်အထိတောင် နေရပါ့မလား။ ဘာပဲဖြစ်ဖြစ် ကို ပန်းကိုချစ်တယ်ဆိုတာတော့ ယုံပါနော်...။ ကိုကိုတောင်းဆိုတာကို လက်ခံပါကွယ်နော်..။ ဘာကိုမှတော့ မမြင်ရပါဘူး အဲသည်ခဏ၊ ဒါပေမဲ့ မွန် ကိုကို့ဘက်ကို စိုက်ကြည့်ရင်း ခေါင်းငြိမ့် လိုက်တယ်...။ နောက်တော့ ကိုကို့မွန်ကို ချစ်တယ်လို့ တိုးတိုးလေးရွတ်ရင် စည်းဝါးအလိုက်တေးသွားကို ထုံးစံအတိုင်း စတင်တီးခတ်ပါတယ်...။ မွန်မျက်ရည်မကျတော့ဘူး။ နောက် ဝမ်းလည်းမနည်းပါဘူး တကယ်ပါ...။ နောက်တစ်နေ့မှာ ဆေးခန်းသွားမယ်လို့ ပြောပြီး မွန်တစ်နေ့လုံး အပြင်ထွက်လည်တယ်...။

   မနက်ရောက်ရင် သည်အိမ်မှာလူတွေ အုန်းအုန်းထတော့မယ်..။ ငါအခုအနားယူရမယ်။ ခဏလေးဖြစ်ဖြစ် အိပ်ရမယ်...။ မိုးလင်းတော့မယ် မကြာခင်...။ ကိုကို့ပါးနှစ်ဖက်ကို ခပ်ဆတ်ဆတ်လေးပုတ်လိုက်တယ်... ဟုတ်တယ် သူဘာမှမတုန့်ပြန်ဘူး..။ သူသေသွားပြီလေ..။ အပြင်ဘက်ကို ခဏလောက်ဖြစ်ဖြစ် မွန်ထွက်ရမယ်...။ အဲသည်နေ့က မွန်ပြန်လာတော့ ကိုကိုအိပ်နေပြီ။ ကိုကို အိပ်ချိန်စားချိန်မမှန်တတ်တာ ခပ်ကောင်းကောင်းပါ။ သူ့ကိုကြည့်ရင်း ခေါင်းအုံးနဲ့ ဖိသတ်ပစ်လိုက်ရရင်ကောင်းမလား မွန်ပထမဆုံး စဉ်းစားမိတယ်။ ကိုကိုကတော့ ခေါင်းအုံးပေါ်မျက်နှာတစ်ခြမ်း မှောက်ရင်း အေးအေးလူလူအိပ်နေတယ်။ အဲသည်လူဟာ လွန်ခဲ့တဲ့ ၃ နှစ်က မွန့်ကိုဖမ်းစားခဲ့တဲ့ သူနဲ့ တစ်ယောက်တည်းမှ ဟုတ်ရဲ့လား။ လူစိတ်မရှိတဲ့ အချစ်မရှိတတ်သူဟာ သည်လောက်ရိုးဖြောင့်တဲ့ဟန် မရှိသင့်ဘူး ထင်တယ်။ ဒါဆို ကိုကိုက လိမ်တတ်တဲ့ နေရာမှာ သိပ်တော်တာပဲ။ အိပ်လို့ပျော်နေတဲ့ အချိန်မှာတောင် ရိုးရှင်းတဲ့ စိတ်ရှောရှောရှူရှူဖြစ်တဲ့ ပုံစံပေါ်နေတယ်။ ကျွန်မကို ကျူးလွန်ခိုင်းလိုက်တဲ့ ပြစ်မှုအပေါ် လုံးဝရှင် အပြစ်ရှိတယ်လို့ ခံယူပုံမပေါ်ဘူး။ ဒါက ကျွန်တော်ကုသိုလ်လုပ်တာပါ ဒါကို ဘုရားသိရင် ချီးကျူးကောင်းချီးကျူးမယ်ထင်ပါတယ်...။ အပြစ်များစွာရှိမယ့် လူတစ်ယောက်ကို တားဆီးပေးတာဟာ နည်းတဲ့ကုသိုလ်မဟုတ်ပါဘူး။ သည့်အတွက် ကျွန်တော့်ရင်မှာ ဘယ်လောက်နာရတယ်ဆိုတာ မင်းသိလား။ ကျွန်တော်သည်လိုလုပ်ရတာ သည်လိုတောင်းဆိုရတာ နောက် သည်လိုခံစားမှုမရှိ သလိုဖြစ်ရတာ၊ အခြားလူတွေလိုနေလို့ မရရတာ၊ ဒါတွေကြောင့် ကျွန်တော်ဘယ်လောက် နာကျင်ရတယ်ဆိုတာ ပန်းပန်းသိလား။ ကျွန်တော့်ကို....။

   နောက်ကိုကိုနိုးလာတော့ မွန့်ရင်မှာ ခေါင်းဝှက်ပြီး ငိုပြန်တယ်။ မွန်ကတော့ထုံနေပြီထင်တာပဲ။ စိတ်ရယ်လို့ မရှိတောဘဲ ဘာမှမထူးခြားသလို ကိုကိုလုပ်သမျှငြိမ်ခံနေလိုက်တယ်။ ဘာမှ မမေးတာကိုပဲ မွန်ကျေးဇူးတင်ပါတယ်။ ပန်း...။ ကိုကို သည်အိပ်မက်ကိုပြန်မက်တယ်။ ခဏခဏမက်တတ်တဲ့ အိမ်မက်။ ကိုကိုအမြင့်ကြီးက တနေရာကို တပင်တပန်းတက်သွားရတယ် အောက်ပြန်ငုံကြည့်တော့ ပြန်ဆင်းနိုင်ဖို့ လမ်းမရှိတော့ဘူး။ ကိုကို သိနေတယ် ငါပြန်ဆင်းရမယ်လို့ ခုန်ဆင်းဖို့လည်း ကိုကို သတ္တိမရှိပြန်ဘူး။ ကိုကို အဲသည်မှာလည်း ဆက်ပြီးမနေနိုင်တော့ဘူး သည်အချိန်မျိုးမှာ ကိုကိုဘာကို အတောင့်တဆုံးလို့ ပန်းထင်လဲ။ မတော်လို့ပဲဖြစ်ဖြစ် တွန်းချခံလိုက်ရလို့ပဲဖြစ်ဖြစ် ကိုကိုယ်တိုင်မလုပ်လိုက်ရဘဲ အဲသည်အပေါ်က ပြုတ်ကျ သွားစေချင်တယ်..။ အဲသည်တစ်ခဏမှာ ကိုကိုမြေကြီးကို သေခြင်းတမျှတပ်မက်လာတယ်။ ကိုကို့ကို မြေကြီးထဲမှာ နှစ်မြှုပ်ထားစေချင်တယ်..။ အဲသည်လိုခံစားမှုကို ပန်းကြုံဖူးလားဟင်။ အိပ်မက်ဆိုတာ သည်လိုပါပဲ ညနေပိုင်းမှာ အိပ်ရင် သည်လို ကယောင်ချောက်ချားတွေ မက်တတ်တာပဲ ကိုကို ညစာစားဦးမလား ကော်ဖီသောက်မလား။ နေပါစေ ပန်း။ ပန်းပန်း ဘုရားကိုယုံလားဟင်။ ပေါက်ပေါက် ရှာရှာတွေ မေးမနေပါနဲ့ကိုကိုရယ် မဆာရင်လည်း ဆေးသောက်ပြီးပြန်အိပ်ပါ...။ ကိုကို အဲသည်ညက သိပ်ကို သိမ်မွေ့နေခဲ့တယ်။ မွန့်ကိုကြည့်ပုံကိုက သိပ်နူးညံ့တာပဲ။ ပန်းကို ကိုယ်သိပ်ချစ်တယ် သိလား။ ဘယ်သူနဲ့မှ မသက်ဆိုင်စေချင်တဲ့ ပုံမျိုးနဲ့ ကိုကိုချစ်တာ၊ ကိုယ့်တစ်ယောက်တည်းနဲ့သာ သက်ဆိုင်တဲ့လူတစ်ယောက်ကို ချစ်ရသလို ကိုကိုချစ်တာ။ သည်အချစ်မျိုးဟာ ကိုကိုပြုစုပျိုးထောင်လာတာ။ အချစ်ဆိုတာ အနုပညာလိုပဲ သေခြင်းနဲ့အမျှ တန်ခိုးကြီးတယ်။ ဟင်း... ကြာလာတော့လည်း ကိုကို ပေါက်ကရတွေ ပြောတတ်တာ မွန်အဖို့ရိုးနေပြီ။ ကိုကို သူကျူးလွန်ခဲ့တဲ့ အမှုကို ခွင့်လွှတ်အောင် သူတတ်သလို စကားနဲ့ ကစားနေတာပဲ။ ဒါမျိုးနဲ့ တန်တာဆိုလို့ မွန်ဘာမှ မပြောဘဲ အရေးမစိုက်သလိုနေရတာ သူ့အဖို့ အထိခိုက်စေနိုင်ဆုံး နာကျင်စေမှုပဲဆိုတာ မွန်သိခဲ့တာကြာပြီ။ ပြောပါစေ... ကိုကိုကြိုက်သလိုသာ ပြောပါ။ ပြီးရင်ပြီးတာပဲ မဟုတ်လား။ မွန်ပြုံးနေလိုက်တယ်။

   ဒါထက် ကိုကို ခုသေသွားတော့ နောက်ဆိုဘယ်ရောက်မလဲဟင်...။ ၁၄ ရက်လား ရက် ၂ဝ လား လူ့ပြည်မှာ ဟိုသည်ကြည့်နေနိုင်သေးတယ်ဆို ဟုတ်လား။ ငရဲဆိုတာ တကယ်များရှိလားလို့ ကိုကို စဉ်းစားကြည့်ဖူးတယ် ပန်းပန်း။ လောကမှာ အရေးအကြီးဆုံးက သေခြင်းပဲ..။ တခါက ရူးရူးမိုက်မိုက် သိစမ်းချင်လို့လုပ်ကြည့်ဖူးတာ ရှိတယ်...။ ပန်း တစ္ဆေကို ယုံလာဟင်။ ကိုကို အဲသည်လို သတ္တဝါကိုခေါ်ကြည့်ဖူးတယ်...။ အစိမ်းသေသေရင် ခေါ်ကြည့်လို့ရတယ်တဲ့။ ဟုတ်တယ် အဲသည်လိုသူကို ကိုကိုမေးကြည့်ဖူးတယ်...။ မွန်ပြုံးနေလိုက်တယ် ကိုကိုမူးနေပြီ ပြောစမ်းပါဦး ရှင်ကျွန်မစိတ် ကို ပြောင်းအောင်ပြောနေတဲ့ မဟုတ်တရုတ် အကြောင်းတွေကို။ ဟုတ်တယ် တွေ့စကတည်းက ကိုကိုအပြောကောင်းတာမွန်သိပါတယ်...။

   ခုနေ ဝန်ခံလိုက်ဖို့ မွန်ကိုကို့ကို ခဏလောက်ပြန်ခေါ်လိုက်လို့ ရမလားဟင်။ ကိုကိုအဝေးကြီး မသွားသေးတာ သေချာပါတယ်။ မွန်မှ ယောင်လို့တောင် အမျှ မဝေမိသေးပါဘူး။ ပြန်ခေါ်လို့ ရမလားကိုကို ခဏလေးရယ်ပါ။ ဟုတ်တယ်... ပန်းပန်း သူတို့ကိုပြန်ခေါ်လို့ရတယ်... ကဝေသာရစတဲ့ ကျမ်းတွေမှာပါတယ်။ ကိုကို့မှာ အဲသည်စာအုပ်ရှိတယ်။ ဖယောင်းတိုင်ထွန်း ဂါထာတွေရွတ်ပြီးလုပ်ရတာမျိုး လွယ်ပါတယ်။ ဒါထားပါ။ အဲသည်လိုမေးကြည့်တော့ သူဘာပြောတယ်ထင်သလဲ။ သေပြီးပြီးချင်း ငရဲသားတွေကိုတွေ့ရတယ်တဲ့...။ သူမြင်ရတာဟာ ကိုကိုတို့လူတွေ ကြားဖူးနားဝ သိထားတဲ့ ငရဲဆိုတာထက်ပိုလို့ ကြောက်ဖို့ကောင်းတယ်တဲ့...။ ဘယ်လောက်မတရားလိုက်သလဲ ပန်းရယ်။ အဲသည်သူဟာ လူ့ဘဝတုန်းက ဆေးစွဲလို့သေရတာ...။ လောကမှာ အမှား အမှန်ဆိုတာကို ဘယ်လို စံနဲ့များ ဆုံးဖြတ်ပြီး ငရဲဆိုတာကို ပို့ရတာလဲ...။ ကိုအကြောက်ကြီးကြောက်သွားတယ်။ ကိုယ်တို့မှာ ပြန်ပြီးအယူခံဝင်ဖို့လမ်းမရှိဘူးလား...။ ဒါနဲ့များ ကိုကို တို့ဘာလို့ ဘဝကို သည်လောက်ဖက်တွယ်ထားကြတာလဲ...။ ကို့အတွက်တော့ လောကမှာ အမှန်နဲ့ အမှားဆိုတဲ့ အရာဟာ လူတွေ ဥာဏ်မှီသလောက်မရှိနိုင်ဘူး။ လူတွေဟာ သူ့ဘဝနဲ့သူတော့ အတတ်နိုင်ဆုံးကြိုးစားပြီး နေပျော်အောင် နေကြရတာမဟုတ်လား... ကိုယ့်အဖို့ မကြိုက်ပေမဲ့ သူ့အဖို့မှန်နေရင် ဘယ်လိုလုပ်မလဲ။ ဘယ်စံနဲ့များတိုင်းတာပြီး အပြစ်ပေး ငရဲပို့မှာလဲ။ ကိုကို သိပ်ကြောက်တယ်...။ ကိုယ်ကဖြစ်တဲ့ ကလေးတွေရလာရင် လူတွေက မကောင်းဘူးဆိုတဲ့ အရာတွေသူတို့လုပ်ရင် ကို့မှာတားဆီးရဲတဲ့ သတ္တိမရှိဘူး...။ မိဘဆိုတဲ့ မျက်စိမှိတ်အတ္တနဲ့ သူတို့ကို ကိုယ့်လက်အောက်ခံလို လူ့ဘဝအတွက်လိုအပ်တဲ့ ပုံသေစံတွေကို ရိုက်သွင်းပေးဖို့ စိတ်အင်အားလည်းမရှိပါဘူး...။ ကိုကိုကို့ ပန်းနားလည်ပါ..။ ကိုကို ပန်းလိုပဲ..........။

   မိုးမလင်းသေးဘူးလား။ သည်ညတာဟာ ရှည်လှပါတယ်...။ ရှင်ဒါတွေပူဖို့မလိုတော့ပါဘူး။ ဒါပေမဲ့ ရှင်ထင်သလိုမဖြစ်ဘူး မွန်ဟာ ရှင့်အကြိုက်ကိုပဲလိုက်တဲ့ မိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး ဆိုတာ ရှင့်ကို သိစေချင်တယ်...။ ရှင်တောင်းဆိုသမျှဟာလည်း အရာမရောက်ခဲ့ဘူး။ ဒါဟာ မွန့်အချစ်၊ မွန့်ခန္ဓာနဲ့ ကိုကို့ကို အကောင်းဆုံးလက်စားချေလို့ရမယ့်နည်းပဲ မဟုတ်လား။ ကိုကို ပြောတဲ့ ငရဲကိုမသွားခင် ဒါကို ကိုကို သိသွားရင်အကောင်းဆုံးဖြစ်မယ်ထင်တယ်..။ မွန့်ကို ကိုကိုခွင့်မလွှတ်နိုင်ရင် ယူကြုံးမရဖြစ်ရင် မွန်အောင်မြင်တယ်ပြောရမယ်...။ နောက်ဒါဟာလည်း ကိုကို့အပေါ်မှာ အဆုံးစွန်အထိ ရင့်မာခဲ့ရတဲ့ မွန့်ရဲ့ချစ်ခြင်းလည်းဖြစ်ပြန်တယ်...။

□ □ □

   မိုးလင်းတော့မယ်။ မကြာခင်ဆို နေတောင်ထွက်လာတော့မယ် မြန်မြန်လေးလုပ်မှ။ လိုတာတွေ မွန်ရှာနေရတာကြာသွားတယ်။ မီမှမီပါတော့မလား။ မွန် ကိုကို့ကုတင်ခြေကိုမှီထောင်ထားတဲ့ မှန်ရှေ့မှာ ဖယောင်းတိုင်သုံးတိုင်ထွန်းလိုက်တယ်...။ အပြင်မှာလေတွေတိုက်နေတုန်းပဲ။ အကုန်ဟင်းလင်းဖွင့်ထားတဲ့ အိမ်ရှေ့တံခါးက လေတွေသိပ်ဝင်နေတယ်။ အသက်အောင့်ထား.. မီးတွေငြိမ်းသွားလို့မဖြစ်ဘူး။ မွန် စာရွက်ပေါ်က မန္တာန်ကို ခပ်လေးလေးစရွတ်တယ်။ ကိုကို့ကို ဒုက္ခရောက်စေချင်တဲ့ စိတ်ကြောင့်မဟုတ်ပါဘူး။ ကျန်ရစ်တဲ့မွန် စိတ်လွတ်ကိုယ်လွတ်နေသွားနိုင်အောင်ပါ။ ရွတ်အပြီးမှာ မျက်စိကိုတင်းတင်းပိတ်လိုက်တယ်။ ကိုကိုဆင်းလာပါ။ သည်ဖယောင်းတိုင်မီးမငြိမ်းခင် မွန့်ဆီကို ခဏလောက်လာပါ။

   လေတဖြူးဖြူးတိုက်တာဟာ ပိုပြီးစိပ်လာတယ်။ တယောက်ယောက် အပြင်တံခါးခုံပေါ်တက်လာသံ ကြားရတယ်။ စိတ်ထင်နေတာလား။ သည်လုပ်ရပ်မှတ်တမ်းဟာ နောက်ထားတာတော့မဟုတ်နိုင်ပါဘူး။ ဟုတ်ပါတယ်...ခြေသံ။ တဖြည်းဖြည်း ရှေ့ကိုတိုးလားတဲ့ ခြေသံ။ ဖွဖွလေး။ ခန္ဓာဝန်ကင်းပြီး ပေါ့ပါးကျေနပ်နေပြီလားကိုကို။ တစ်လှမ်း နှစ်လှမ်း သုံးလှမ်း...။ နောက်ဆုံး သည်တစ်ခုတော့ မွန့်အလိုကိုဖြည့်ပါ မွန့်ဆန္ဒကိုလိုက်လျောပါ...။ ခြေသံကတော့ တဖြည်းဖြည်းနီးလာပြီ...။

   ကိုကိုဟုတ်တယ်မဟုတ်လားဟင်...တွေ့စကလို ပြုံးရင်း ကိုကိုလက်လှမ်းလိုက်ပါ...။ ကိုကိုတစ်ချက်လက်လှမ်းရင် မွန့်ပုခုံးကိုတောင် ထိလို့ရနေပါပြီ။။

အောင်ဖြိုး
(၂၂ ဇွန် ၊ ၂၀၁၂-  3:22 AM)

27 July 2012

ခံစားနားလည်မှု လွဲချော်ခြင်းအနုပညာ (သို့မဟုတ်) အက်ဘောစေး ကီရာရိုစတမ်နီ ၏ "တရားဝင်မိတ္တူ"


     အချစ်ဆိုတာ လူနှစ်ဦးနှစ်ယောက်ကြား ခံစားနားလည်မှု လွဲချော်ခြင်း သက်သက်ရယ်လို့ အက်ဘောစေး ကီရာရိုစတမ်နီ (Abbas Kiarostami) ကဆိုပါသည် ။ သူ့ရဲ့ ရုပ်ရှင်တွေမှာ သူ့ကိုယ်ပိုင်ဟန်လို့ ဆိုရမယ့် ဇာတ်ကြောင်းဟာ ဇာတ်ကောင်တစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ်မှာဦးတည်၍ ထွက်လာခြင်း ၊ စကားပြောခန်းများဖြင့် ဇာတ်အိမ်ကိုဆောက်ခြင်း ၊ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ရွေးချယ်ရာမဲ့ ရပ်တည်ရတဲ့ လူတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ခံစားမှုသရုပ်ကိုဖော်ကျူးခြင်း ၊ တစ်ဖန် ဇာတ်အသွားတင်ပြမှုမှာလည်း ဇာတ်ကျောသက်သက်က မကြာမကြာဆိုသလိုဖဲ့ထွက်ပြီး ဇာတ်ကောင်ကျင်လည်ရာပတ်ဝန်းကျင်ကို ခဏမျှ သတိပြုမိအောင် တင်ပြတတ်ခြင်း စတာတွေပါတတ်စမြဲ ။


     အဓိကပြောချင်တဲ့ သူ့ရုပ်ရှင်ကတော့ ၂၀၁၀ကထွက်ခဲ့တဲ့ တရားဝင်မိတ္ထူ (Certified Copy)လို့ အမည်ရတဲ့ ရုပ်ရှင်ကားဖြစ်ပါသည် ။ သည်ဇာတ်ကားဟာ ကီရာရိုစတမ်နီရဲ့စံအရ ယခင်ကားထွေထက် အနည်းငယ်ထူးခြားသည်လို့ ပြောနိုင်ပါ၏ ။ သည်ဇာတ်ကားဟာ ပထမဆုံးအကြိမ်အဖြစ် သူ့ဇာတိရပ်ဖြစ်တဲ့ အီရန်နိုင်ငံမှာ ဇာတ်တည်ထားခြင်းမဟုတ်သည့်အတွက်ကြောင့်ပါ ။ ၁၉၉၀ နှောင်းပိုင်း ဥရောပအနုပညာသက်သက်ရုပ်ရှင်လောကမှာ နာမည်ရလာကြတဲ့ ကီရာရိုစတမ်နီအပါအဝင် ဒါရိုက်တာတွေအတွက် သူတို့ရဲ့ အနုပညာဟာ ယဉ်ကျေးမှုအပေါ်ခိုင်ခိုင်မာမာ အခြေပြုတယ်လို့ ယူဆကြပြီး သည်ဖြစ်တည်မှုကို တန်ဖိုးထားကြပါ၏ ။ ဒါ့အပြင် ကမ္ဘာ့ပရိတ်သတ်တွေ အသိအမှတ်ပြုခံရခြင်းကပဲ သည်တစ်မူထူးတဲ့ အီရန်ယဉ်ကျေးမှုကြောင့်ရယ်လို့ တိတိပပယုံကြည်ကြသူများလည်းဖြစ်ပါ၏ ။ ဒါကြောင့်လည်း နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ပြည်ပဘာသာစကားများသုံးပြီး ရိုက်ကူးထားသည့်အတွက် ထူးခြားတယ်လို့ဆိုရခြင်းဖြစ်ပါသည် ။ (တဖန် ၂၀၁၂ ကန်းရုပ်ရှင်ပွဲတော်မှာ တင်ဆက်တဲ့ ကီရာရိုစတမ်နီရဲ့ နောက်ဆုံးရုပ်ရှင်ဟာ ဂျပန်ပြည်မှာ ဇာတ်တည်ထားတာဖြစ်ပါသည် ။ သည်အချက်ဟာ နိုင်ငံရေးအရ "ကျုပ် အီရန်မှာ အလုပ်လုပ်လို့မဖြစ်တော့ဘူး" ဆိုတဲ့ ဒါရိုက်တာရဲ့ ဆန္ဒပြတောင်းဆိုမှု တစ်ရပ်ပဲလို့ ဝေဖန်ရေးသမားများ က ကောက်ချက်ဆွဲကြပါသည် ။ )

     နောက်တစ်ချက်အနေနဲ့ကတော့ အရင့်အရင်ဇာတ်ကားတွေမှာ အပြင်ကနာမယ်မရှိတဲ့ သရုပ်ဆောင်တွေကိုသာသုံးတတ်တဲ့ ကီရာရိုစတမ်နီဟာ သည်ဇာတ်ကားမှာ ကမ္ဘာ့နာမယ်ကျော် ပြင်သစ်ရုပ်ရှင်မင်းသမီး ဂျူးလိယက်ဘီနိုချီ (Juliette Binoche) ကို ခေါင်းဆောင်နေရာထားသည့်အတွက်ကြောင့်ပါ ။ ဘီနိုချီဟာ သည်ဇာတ်ကားနဲပဲ ၂၀၁၀ ကန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သည်လည်း ဖြစ်ပါသည် ။ သည်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ခံခဲ့ရပြီး ရုံတင်ပြသရာမှာလည်း ကီရာရိုစတမ်နီဇာတ်ကားတွေအနက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါသည်။ ဝေဖန်သူတွေအနေနှင့် ၁၉၅၄ ခုမှ ဂန္ထဝင်ဇာတ်ကားတစ်ကားဖြစ်တဲ့ အီတလီသို့ခရီးတစ်ခေါက် (Journey to Itlay) နှင့် နှိုင်းယှဉ်ဖော်ပြကြပါသည် ။ ( သည်ဇာတ်ကားဟာ အီတလီပြည်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း အစက အရာရာအဆင်ပြေနေဟန် လင်မယားနှစ်ယောက် ကတောက်ကဆဖြစ်ကြပြီး ကွားရှင်းဖို့အထိရောက်သွားတဲ့ စိတ္တဗေဒခရီးကို ဖော်ကျုးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါသည် ။ )

     ဇာတ်ကြောင်းဟာ ဘာမှမဟုတ်သလိုရှိပေမယ့် ခပ်ဆန်းဆန်းပါ ။ ပြင်သစ်လူမျိုး အီတလီမှာ လောလောဆယ်နေထိုင်ဟန်ရှိပြီး ဇာတ်ကောင်နာမည်ပေးထားမခံရတဲ့ သားသည်အမေ အမျိုးသမီးတစ်ဦးဟာ ဗြိတိသျှ အနုပညာဝေဖန်ရေးသမား တစ်ဦးနဲ့ တစ်နေ့တာတွေဆုံကြတဲ့ အကြောင်းအရာပါ ။ ဝေဖန်ရေးသမားဟာ "တရားဝင်မိတ္တူ" လို့အမည်ပေးထားတဲ့ သူ့ရဲ့စာအုပ် အီတာလျံဘာသာပြန်မိတ်ဆက်ပွဲအတွက်ရောက်လာ တာဖြစ်တယ်လို့ သိရပါ၏ ။ ဘာကြောင့်ရယ်လို့တိတိပပ မသိရပဲ သည်သူတို့နှစ်ယောက်တွေ့ကြပါသည် ။ သည်လိုနှစ်ယောက်သား မိတ်ဖြစ်ဆွေဖြစ် စကားပြောကြရင်းမှ ၊ဇာတ်တစ်ဝက်လောက်မှာ သူတို့နှစ်ယောက်ဟာ ၁၅နှစ်ကြာလက်ထပ်ထားကြတဲ့ လင်မယားအဖြစ် အထင်မှားခံရသည်ကစ အဲသည်ခံစားမှုဟာ ဆက်လက်စီးကူးပြီး အိမ်ထောင်ရေးပြဿနာများကို အခြေတင်ဆွေးနွေးကြတဲ့ အဆင့်ရောက်လာပါ၏ ။ သည်လိုဇာတ်ကောင်နှစ်ဦးကြား ဒွိဟဖြစ်ဖွယ်ဆက်ဆံရေးကို တင်ပြရင်း သူတို့ဟန်ဆောင်တမ်းကစားနေကြတာလား ၊ ဒါမှမဟုတ် ခါးသီးတဲ့ ခံစားချက်ကို မေ့ဖျောက်ထားကြတဲ့ ၊ ၁၅နှစ်ကြာ အိမ်ထောင်သက်ရှိကြတဲ့ တကယ့်လင်မယားတွေလားဆိုတာ ကြည့်သူကို အတိအကျအဖြေပေးမထားပဲ ချန်ရစ်ပါသည် ။

     ခံစားမိသူတစ်ယောက်အနေနဲ့ သည်ဇာတ်ကားရဲ့ အဓိကတင်ပြချက်တွေလို့ ကျတော်ယူဆတဲ့ အကြောင်းအရာတွေကတော့ အစစ်နှင့် မိတ္ထူအကြားတန်ဖိုးထားမှု ကွာခြားပုံ ၊ အိမ်ထောင်ရေးအပေါ် အဆိုးမြင်စိတ် ၊ အမျိုးသမီးရေးရာ အခွင့်အရေးတောင်းဆိုမှု ၊ ကိစ္စတစ်ရပ် အပေါ်အဘက်ဘက်မှ ရှုမြင်သုံးသပ်တင်ပြခြင်းဖြင့် ပို၍သိသာစေသော အမြင်တစ်ရပ်ကို ဖော်ကျူးခြင်း စတဲ့အချက်တွေပါ ။ သည်အချက်တွေ အပေါ် နားလည်မိသလို သုံးသပ်တင်ပြသွားပါမယ် ။

     ရုပ်ရှင်တစ်ကားဟာ အမှန်တရားအတွက် မေးခွန်းထုတ်စေခြင်းဖြစ်တယ် လို့ ဆိုကြပါသည်။ သည်အတိုင်းဆို သည်ရုပ်ရှင်ဟာ ကျွန်တော်တို့အတွက် မေးခွန်းများစွာကို ချန်ထားရစ်ပါသည်။ အပိုင်းနှစ်ပိုင်းရှိရာမှာ ဘယ်အပိုင်းဟာ အဖြစ်မှန်လဲ ၊ ဇာတ်ကောင်နှစ်ဦး စလုံးမှာ ဘယ်သူက ဟန်ဆောင်ဆော့ကစားနေကြတာဖြစ်မလဲ ၊ နှစ်ဦးစလုံးပဲလား ၊ ဒါမှမဟုတ် တစ်ပြိုက်နက်ဖြစ်တည်မယ့် စုံတွဲနှစ်တွဲကို တစ်တွဲထဲမှာ ပူးကပ်ပြီးတင်ပြချင်တာလား ၊ ဇာတ်လမ်းအစမှာ ပြောခဲ့တဲ့ မူရင်း ကော်ပီ အပေါ်တန်ဖိုးထားမှု ခြားနားခြင်းကိစ္စတွေဟာ ဇာတ်တစ်ခုလုံး ကို ဘယ်လိုကိုယ်စားပြုချင်တာလဲ။ မေးခွန်းတွေဟာ ကုန်နိုင်ဖွယ်မရှိ ။ ဖတ်ဖြစ်တဲ့ ကီရာရိုစတမ်နီအင်တာဗျူးတစ်ခုမှာ မိတ္တူအကြောင်း အခုလို သူကဖြေပါသည် ။

မိတ္တူတစ်ခုဟာ မူရင်းနဲ့တော့ တစ်ထပ်ထည်းမဖြစ်နိုင်ဘူးပေါ့ ။ တန်ဖိုးထားပုံခြင်းလည်း တူနိုင်မှာမဟုတ်ဘူး ။ ဒါပေမယ့်လည်း မိတ္ထူဟာတန်ဖိုးမဲ့တယ်ရယ်လို့တော့ ကျွန်တော်တို့မဆိုနိုင်ပြန်ဘူး ။ မိတ္တူတစ်ခုရှိခြင်းရဲ့ တန်ဖိုးဟာ မူရင်းကိုညွှန်ပြပေးနေလို့ပဲ ။ မူရင်းဆိုတဲ့ စံဟာရှိရမယ် ။ ဒါပေမယ့်လည်း ဒါဟာ တစ်ယောက်ချင်းစီရဲ့ တန်ဖိုးထားမှုအပေါ်မူတည်သေးတာပဲကိုး ။
     သည်အဖြေကို ကျွန်တော်တို့ တွေးကြည့်ရမယ်ဆို မိတ္တူဆိုတာ ကိုယ်မရနိုင်တဲ့ အစစ်ရဲ့ အရိပ်အယောင်လို့ အဓိပ္ပာယ်ကောက်လို့ ရနိုင်ပါသည် ။ တန်ဖိုးထားမှုအပေါ် မူတူတည်ပြီး မိတ္တူတစ်ခုရဲ့ အဓိပ္ပာယ်ဟာ လူကိုလိုက်ပြီးကွဲလွဲနိုင်ပါသည် ။ သည်အချက်ကို ဇာတ်ကားမှာ အမျိုးသမီး၏ ညီမဖြစ်သူ့အကြောင်း စကားစပ်ပြောခန်းမှာ တွေ့ရပါသည် ။
ကိုယ့်အထင် မင်းခဲအိုမှာ ပြစ်ချက်တွေရှိနိုင်ပေမယ့် သူဟာ မူရင်း (စံပြ)ပဲ .. ဘာကြောင့်လဲဆို မင့်ညီမက သူကို မူရင်းအဖြစ်ပဲမြင်တာကိုး ။
     သာမန်အားဖြင့်ပြောရရင် လူတိုင်း တင်ပြပုံအရ စုံတွဲတွေတိုင်းဟာ စံအဖြစ်တည်နေတဲ့ မူရင်းကိုပဲမျှော်မှန်းတတ်ကြသည် ။ သည်အတွက်ပဲ အနုပညာသဘောအရ မူရင်းနှင့် မိတ္တူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုသဘောကို လူသားတွေရဲ့ဆက်စပ်ပက်သက်မှုသဘောတရားနှင့် ထင်ဟတ်ပြတယ်လို့ ယူဆနိုင်ပါမယ် ။ ဒါကြောင့်ပဲ ခုမှတွေ့ကြတဲ့ စုံတွဲဟာ တစ်ချိန်ထဲမှာပဲ ၁၅နှစ်ကြာလက်ထပ်ထားတဲ့ စုံတွဲနှင့် ထပ်တူ ခံစားနိုင်မယ်လို့ ထင်မြင်ကြည့်ရင်ဖြစ်နိုင်ပါသည် ။ လူတွေဟာ ဆက်ဆံရေးတစ်ခုကို သူတို့မျှော်လင့်ချက်အတိုင်းယုံကြည်ပြီး ချဉ်းကပ်တတ်ကြပါသည် ။ သည့်အတွက်လည်း အချစ်ဆိုတာ လူနှစ်ဦးနှစ်ယောက်ကြား ခံစားနားလည်မှု လွဲချော်ခြင်း သက်သက်ရယ်လို့ ဖန်းတီးသူကဆိုပါသည် ။ လူသားချင်း ပက်သက်ဆက်နွယ်မှုတိုင်းတွင် တာဝန်သိမှုရှိရပါမည်။ ပထမဆုံးအကြိမ်မြင်လျှင်မြင်ချင်း ကျွန်တော်တို့သည် သည်လိုဆက်နွယ်မှုကို ဘယ်လောက်ပင် တန်ဖိုးမဲ့ပါစေ မူရင်းစံတစ်ခုအဖြစ်မြင်တတ်ကြသည် ။ သည်လိုယုံကြည်ပြီး စွဲကိုင်တတ်ကြသည် ။ သို့သော် ကြာလာတာနဲ့အမျှ သည်အမြင်ဟာတစ်ဖြည်းဖြည်းလျော့ပါးလာပြီး မိတ္တူကို မိတ္တူအဖြစ်နဲ့ပဲ တစ်ဖြည်းဖြည်း မြင်တတ်လာပါသည် ။ အဖြစ်မှန်ကို လက်ခံနိုင်ဖို့ အင်မတန်ခက်ခဲပါသည် ။ သည်လိုနဲ့ပဲ အမှန်တရားပေါ်လာခဲ့ပြီး လက်ခံဖို့ငြင်းဆန်ရင်း လူသားဆက်ဆံရေးဟာ ပျက်သုန်းတတ်ကြစမြဲမဟုတ်ပါလော။
    
     နောက်မြင်သာထင်ရှားတဲ့ တင်ပြချက်တော့ အိမ်ထောင်ရေး (လက်ထပ်ထိမ်းမြားခြင်း နှင့် သားသမီးပွားစီးခြင်း ကိစ္စနှစ်ရပ်စလုံး ) အပေါ် အဆိုးမြင်ခြင်းပဲဖြစ်ပါသည် ။ ဇာတ်ကောင်နှစ်ယောက်တို့ အလည်သွားကြတဲ့နေရာဟာ ကြင်စဦးမောင်နှံတို့ သစ္စာပြုတိုင်တည်ရာ၊ အလှဓာတ်ပုံရိုက်ရာ မြို့ငယ်လေးဖြစ်ပါသည်။ သည် ချစ်သစ်စမောင်မယ်များကို ဖြတ်သွားတွေ့ကြုံရင်း အိမ်ထောင်ရေးအပေါ် အဆိုးမြင်စိတ်ကို ဇာတ်ကောင်အပြောတွေနဲ့ချပြသွားပါသည် ။ ကြင်စဦးမှာဖြစ်တည်တဲ့ အချစ်ဒီရေသစ်ကြောင့် ပျော်ရွှင်မှုဟာ တကယ့်အိမ်ထောင်ရေးဘဝမှာ ဘာမှအသုံးမဝင်ကြောင်း ၊ အိမ်ထောင်ရေးဆိုင်တာ ဇနီးမယားပေါ် ၊ ခင်ပွန်းအပေါ် ၊ သားသမီးအပေါ် အလိုမကျရမှုများ ၊ မိသားစုဝင်အချင်းချင်းနားလည်မှု ပျောက်ဆုံးခြင်း ၊ အဖိုသတ္တဝါတွေရဲ့ အလုပ်အပေါ်တစ်စိုက်မက်မက်ရူးသွပ်မှု နှင့် အမများအတွက် ဖိုသတ္တဝါ၏ဖေးမနားလည်ပေးမှု ယုယချစ်တုန့်တင်ခံရမှုကို မျှော်စောင့်ရတဲ့ ဝိရောဒိ စတာတွေကို တစ်ကားလုံး စကားပြောခန်းတွေနဲ့ အထင်အရှားပြသွားပါသည် ။
 
"ကျွန်တော့်မိသားစုဟာ သူတို့ဘဝနဲ့သူနေကြတယ် ၊ ကျွန်တော်ကလည်း ကျွန်တော့်ဘဝနဲ့ နေတယ် ။ သူတို့လည်း သူတို့ဘာသာစကားကိုပြောကြမယ် ... ကျွန်တော်လည်း ကျွန်တော်ရဲ့သာသာစကားကိုပဲပြောမယ် .. ဒါဟာနားလည်ပေးလို့ ရတယ်မဟုတ်ဘူးလား..."

"ဟုတ်တယ် ရှင်က ရှင့်ဘဝနဲ့နေတယ် ၊ သူက(သားဖြစ်သူကို ရည်ညွှန်း) သူ့ဘဝနဲ့နေတယ် ... ခက်နေတာက ရှင်တို့ နှစ်ယောက်စလုံးက ကျွန်မဘဝကို စွက်ဖက်နေကြတာပဲ..."
     နောက်တစ်ချက်ကတော့ ကီရာရိုစတမ်နီရဲ့ ရုပ်ရှင်ဗေဒ ၊ ဇာတ်သွားအလာတင်ပြမှုဗေဒနဲ့ ပတ်သက်ပါသည် ။ တစ်ကားစလုံးကို အရောင်၏ ဘက်ညီမှုအချိုး ၊ နောက်ခံဒေသ အလှအပများ ၊ မြောက်မြားစွာသော နိမိတ်ပုံ ရိုက်ချက်များနဲ့ တင်ပြသွားတာဖြစ်ပါသည် ။ အထူးသဖြင့် မှတ်မှတ်ရရ ကျွန်တော်သဘောကျမိတဲ့ frame တစ်ခုကအကြောင်းပြောချင်ပါသည် ။

                                                                         
     မင်္ဂလာမောင်နှံတို့ ဓာတ်ပုံရိုက်ကြလေ့ရှိသော နေရာတစ်ခုမှာ ပျော်ရွှင်နေကြတဲ့ စုံတွဲကိုပြရင်း frame ရဲ့တစ်ခြမ်းဘက်မှာ ဘယ်အကြောင်းကြောင့်ရယ်မသိ မျက်ရည်ကျနေတဲ့ သတို့သမီးတစ်ယောက် ဓာတ်ပုံရိုက်ဖို့စောင့်နေတာကိုပြတဲ့ အခန်းပါ ။ သည်အခန်းမတိုင်ခင်က ဇာတ်ကောင်အမျိုးသားဟာ အိမ်ရာထူခြင်းရဲ့ တဒင်္ဂပျော်ရွှင်မှုနဲ့ ၊ နောက်ကြာရှည်စွာ စိတ်ညစ်ညူးရမယ့်အကြောင်းကို ဦးစားပေးပြောနေခဲ့ပြီး ၊ သူ့ကိုအတင်းလားခေါ်တဲ့ မင်္ဂလာစုံတွဲနဲ့ အတူဓာတ်ပုံတွဲရိုက်နေဆဲမှာ... သည် ငိုနေတဲ့သတို့သမီး (ဘာကြောင့်ရယ်လို့လဲမသိရ) ကို တည့်သွင်းရိုက်ပြတာဟာ ခံစားသူကို ထိထိရောက်ရောက်ကြီး ထိုးနှက်နိုင်ပါသည် ။


     တစ်ဖန် အဓိကဇာတ်ကောင်နှစ်ဦးကြား နားလည်မှုပျောက်ဆုံးနေတဲ့ အချိန်မှာ တစ်ဖက်ဘုရားကျောင်းက တစ်ဦးကိုတစ်ဦးမှီတွယ်ထွက်လာတဲ့ အဖိုးကြီးအဖွားကြီးလင်မယားကို ( အချစ်ကို ကျွန်တော်တို့တစ်တွေ မြင်ယောင်တတ်တဲ့ မူရင်းစံပြနိမိတ်ပုံ ) တွဲပြတဲ့ အခန်း စတာတွေကလည်း ထိရောက်မှုရှိလှပါသည် ။ တဖန် ဇာတ်သိမ်းခါနီးမှာ လှေကားရင်းမှာထိုင်ရင်း မိန်းမလုပ်သူက အမျိုးသားကို လွန်ခဲ့တဲ့ ၁၅ နှစ်က မင်္ဂလာဦးမှာ သူတို့တည်းခဲ့တဲ့ ဟိုတယ်လေးကို မှန်းပြီးပြောကြည့်ဖို့ ပူဆာသည် ။ အမျိုးသားက စိတ်မပါတပါနှင့် ဟိုသည်ညွှန်ပြရင်း အမှန်ကတော့ သူတို့ထိုင်နေတဲ့ လှေကားထက်က နေရာဖြစ်နေတာကို သိလိုက်ရ၏ ။ ဒါဟာလည်း ကျွန်တော်တို့ လူသားတွေရဲ့ လျစ်လျူရှုတတ်သည့် ၊ မမြင်တတ်သည့် လူသားဆန်တဲ့ အားနည်းချက်တစ်ရက်ကို ဖန်တီးသူက ပါးပါးလေးပြသွားခြင်းလို့ ခံယူမိပါသည် ။

     "တရားဝင်မိတ္တူ" ဟာခံယူသူ့အပေါ်မူတည်ပြီး အဓိပ္ပာယ်ယူပုံ ၊ သက်ရောက်ပုံတွေ မျိုးစုံဖြစ်မည်လို့ ယုံကြည်ပါသည် ။ ဒါသည်ပင် အနုပညာတစ်ရပ်ရဲ့ စွမ်းအားမဟုတ်ပါလော ။ ဒါ့အပြင် သရုပ်ဆောင်တွေ၏ ပညာကိုလည်း တအံတသြတွေ့ရပါသေးသည်။ အထူးသဖြင့် အဓိကဇာတ်ကောင်အမျိုးသမီးအဖြစ် သရုပ်ဆောင်သော ဂျူးလိယက်ဘီနိုချီ၏ မျက်နှာအမူအရာ ၊ ကိုယ်ဟန် စသည်တို့မှာ သရုပ်ဆောင်အနုပညာ၏ အကောင်းဆုံးအဆင့်ဟုပင်ပြောနိုင်ပါသည် ။ သည်ရုပ်ရှင်နဲ့ ကီရာရိုစတမ်နီဟာ ဘဝ၊ အနုပညာ ၊ အချစ် ၊ ထုံးတမ်းအစဉ်အလာ စတာတွေကို အစွန်းကုန်ချပြသွားပါသည် ။ အားလုံးကိုတော့ ကျွန်တော်အနေနဲ့ နားလည်နိုင်စွမ်းမရှိသေးပါ ။ သို့တိုင် ဘဝဖြစ်တည်မှုရဲ့ ဝန်ထုတ်ဝန်ပိုး ၊ စံအဖြစ်ထားချင်ကြတဲ့ အချစ်ရဲ့ လက်တွေ့သဘောအရ မတည်ရှိမှု ၊ ကြေမွပျက်ပြုန်းလွယ်တဲ့ လူသားချင်းဆက်ဆံရေး ၊ အဆိုးဆုံးခါးသီးမှုများမှာတောင်မှ တစ်ဒင်္ဂအားဖြင့်ကြည်နူးရမယ့် ကိုယ့်ချစ်သူကိုသတိရနိုင်သေးခြင်း ၊ ချစ်သူရဲ့ သက်ပြင်းတစ်ရှိုက် ၊ ပုခုံးပေါ်လာတင်တဲ့ လက်တစ်ဖက်ရဲ့အားအင် စတဲ့ သေးဖွဲတဲ့အပြုအမူတွေရဲ့ အားကြီးတဲ့ စွမ်းအား စတာတွေကိုတော့ သိမြင်နိုင်ပါသေးသည် ။ သည်ဇာတ်ကားဟာ အနုပညာစစ်စစ်လက်ရာတစ်ခုဖြစ်ပြီး တကယ့်ဘဝရဲ့ ခံစားမှုဝေဒနာကို ထင်ဟပ်ပြနိုင်တဲ့ တရားဝင်မိတ္တူတစ်ခုလည်း ဖြစ်ပြန်ပါသည် ။ 

     နောက်ဆုံးအနေနဲ့ ပုဂ္ဂလိက ခံယူသူကျွန်တော့်အဖို့ မမေ့နိုင်သော စကားပြောတစ်ခွန်း ကိုပြောပြချင်ပါသည် ။ ယင်းမှာ ကော်ဖီဆိုင်ရှင်အမျိုးသမီးကြီး၏ အိမ်ထောင်ရေးလက်ချာ ရှည်ကြီးမှာ တစ်ခွန်းဖြစ်ပါသည် ။ သူပြောတာက တိုတိုလေးပဲဖြစ်သည် ။

" စံတွေနောက်ကိုလိုက်ရင်း မင်းဘဝကို ဖြုန်းတီးမပစ်ပါနဲ့ .. ၊ ဒါဟာ ထုံလွန်း တုံးလွန်းရာ ရောက်ပါတယ်... "
Aung Phyoe
(ဇူလိုင် ၂၇ ၊ ၂၀၁၂ ။ 2:32AM)

စာကိုးစာရင်း(အကျဉ်း)
1. "Certified Copy: At Home and Abroad" By Godfrey Cheshire
2. "Ceritifying the Copy; An interview with Abbas Kiarostami" by Aaron Cutler

22 July 2012

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင် ၂

     မိုးရေထဲမှာ အမိုးအကာမပါဘဲ လမ်းလျှောက်ထွက်ရတာ သည်လောက်ခံစားလို့ကောင်းမှန်း အရင်ကကျတော် မသိခဲ့ဘူး မေ ။ ဟုတ်တယ်... ကျတော်အရင်တုန်းက မသိခဲ့တာအများကြီးပဲ ။ ဝမ်းနည်းဖို့ ကောင်းတယ်နော် ။ ကင်မရာတစ်လက်လွယ်ပြီး ခြေကျင်ဓာတ်ပုံလျှောက်ရိုက်တာ ကောင်းမှန်းမသိခဲ့ဘူး ၊ ကိုယ်ခန္ဓာကို ကျစ်လစ်အောင်ဆော့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသယောင် ကြိုးစားယူရတယ် ဆိုပြီး နည်းနည်းအပေါစားဆန်ပေမယ့် မှန်နေတဲ့ ကိစ္စတစ်ရပ် ရှိတယ်ဆိုတာလည်းမသိခဲ့ဘူး ။ စီးကရက်တစ်လိပ်ကို အရသာရှိရှိသောက်ရတဲ့ အရသာ ၊ ဝီစကီတစ်ခွက်ကို အချိုရည်မရောပဲ ရေနည်းနည်းရောပြီး တစ်စိမ့်စိမ့်သောက်ရတဲ့ အရသာ... အားလုံးကို ကျတော်ဘာမှ မသိခဲ့ဘူး ။ နှမြောဖို့ကောင်းတယ်ဗျာ ... ။

     နေကောင်းလားမေ ... ။ ကျတော်တို့ဆီမှာ မိုးတွေရွာနေတယ်... ။ ညနေညနေဆို စပြီးရွာလာတယ် တစ်ညလုံးဆိုပါတော့ မိုးကြိုးတွေပြစ် မိုးတွေချိမ်းချင်တဲ့အခါချိမ်းတယ် ၊ ဒါပေမယ့် ညတိုင်း မိုးကတော့ စွေနေတာပဲ ... ။ အရင်ကဆို မိုးရွာတိုင်း ဘာရယ် ဘယ်သူ့ကိုရယ်မဟုတ် ကျတော်ထိုင်လွမ်းနေတာပဲ ... ။ သည်တစ်ရာသီမှာတော့ နည်းနည်းအဆင်ပိုပြေသွားတယ်... လေလေး အေးစိမ့်စိမ့်မှာ ဝီစကီလေး နည်းနည်းချင်းသောက် ၊ လွမ်းချင်တယ်ဆိုပြန်ရင်လည်း တိတိကျကျတစ်ယောက်ကို ပုံဖော်လွမ်းချင်လွမ်းလို့ရသေးတယ် ။ ဒါမှမဟုတ် စီးကရက်ထိုင်သောက်နေချင်လား ရတယ် ။ ရိုးအီသွားနိုင်တဲ့ အရသာမျိုးတွေမဟုတ်ဘူး ။ တရှိုတ်မက်မက် ခံစားနိုင်တဲ့ နောက်ကိုယ်ကြိုက်သလိုရပ်ပစ်နိုင်တဲ့ ခံစားချက်မျိုးတွေပေါ့ ... ။ ဒါဆိုတော့လည်း နောက်ကျပေမယ့် အချိန်တော့ ရသေးတယ်ပြောရမယ် ... ။
     ကျတော်လွမ်းတာ ချစ်လို့မဟုတ်ဘူးမေ ... ။ လွမ်းချင်လို့ ၊ နောက်လွမ်းရတဲ့ အရသာကိုကြိုက်လို့ရယ်ပါ ။ မေ လူတစ်ယောက်ကို ချစ်ဖူးလား ။ ချစ်တယ်ဆိုတာ အင်မတန်ကြီးများတဲ့ကုသိုလ်ကြောင့် ဖြစ်လာရတဲ့ မတည်မြဲမှုခံစားချက်တစ်ရပ်ပါပဲ ... ၊ ဒါကြောင့်လည်း အချိန်တိုတောင်းတာနဲ့ အမျှတန်ဖိုးကြီးကြီးပေးရတာမျိုးပါ ... ။ ခက်တာက သူကကုန်လွန်သွားရင် ပြန်ရဖို့လည်းမလွယ်ပြန်ဘူး ... ။ မေမျက်စိမှိုတ်လိုက်ရင် ချစ်တဲ့သူ့ရဲ့ ပုံစံကို စိတ်ကူးပုံဖော်လို့ရကောင်းရမယ် ၊ ဒါပေမယ့် ဒါက အပြင်ဘက်က မေ့လူကို ချွတ်စွတ်သရုပ်သဏ္ဍာန်ပြုတဲ့ အရိပ်မဟုတ်ဘူး ... ။ မေ့ရဲ့ အတ္တရုပ်ကို တစ်စုံတစ်ယောက်ဆီမှာ ခိုးယူထုဆစ်ခြင်းတစ်မျိုးပါပဲ ... ။ တစ်သက်မှာ အချစ်ကို တစ်ခါလောက်ကြုံဖူးခဲ့ရင် တန်နေပါပြီ ၊ တော်ပါပြီ ။ ကျေနပ်ဖို့ကောင်းပါပြီ ထပ်ရှာလို့လည်းမဖြစ်ဘူးမေ ၊ ဘာလို့တုန်းဆို ထပ်တွေ့ဖို့မဖြစ်နိုင်ဘူး ။ နောက် မေတို့ ကျတော်တို့ဆိုတာလည်း သည်လောက် ကုသိုလ်ကောင်းတဲ့သူမျိုးတွေ မဟုတ်ကြဘူး ။ မေ တစ်သက်မှာ တစ်ယောက်လောက်တော့ ချစ်ဖူးအောင် ချစ်ထားစေချင်တယ် ... ။ မေ ရင့်မာလာအောင်ပါ ... ။
     ကျတော့်စိတ်ကူးအမြင်ထဲက လောကကြီးဟာ လူတွေနဲ့ အကျည်းတန်တယ် ၊ ဒါပေမယ့် သဘာဝကြောင့် ၊ နောက် အနုပညာလို့ခေါ်ချင်ခေါ်နိုင်တဲ့ မူးယစ်မှု တစ်စုံတစ်ရာရယ်ကြောင့် တစ်ဦးတစ်ယောက်ထဲ အဆင့်ကိုချုပ်ကြည့်ရင်တော့ လှနေပါသေးတယ် ။ ဒါဟာမေ့အတွက်တော့ မှန်ကောင်းမှ မှန်နိုင်မယ် ။ လောကအမြင်တို့ နောက် ဘဝတို့ဆိုတာလည်း ကိုယ့်အထင်နဲ့ကိုယ် တည်ဆောက်ထားကြတာမျိုးမဟုတ်လား ။ ဟုတ်လိမ့်မယ် သည်လိုပဲဖြစ်လိမ့်မယ် ဆိုတဲ့ အထင်နဲ့ လက်ခံရင်း နေကြရတာပဲမဟုတ်လား ။ အဓိက ကတော့ခဏလေးဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ကျေနပ်ဖို့ပါ ။ နောက် ထပ်ပြောရရင် ရိုးဖြောင့်ဖို့ပါ ။ ကိုယ်ဟာ ဝါဒတွေနောက်လိုက်ဖို့မဟုတ်ဘူး ။  ဘာအရာဟာဖြစ်တည်တယ် ၊ တည်ရှိတယ် ၊ အဖိုးတန်တယ် ၊ အလေးအမြတ်ထားတယ်ဆိုတာကို ညွှတ်နူးဖို့ ၊ ကိုးကွယ်ဖို့ ၊ သက်သေပြဖို့မဟုတ်ဘူးနော် ... ။
     ကျတော်အပါအဝင်ပေါ့ဗျာ ... လူတွေဟာ ကိုယ်တော်ကြောင်းကို အမျိုးမျိုးပြကြရတယ် ၊ ကိုယ်ဟာ သူများနဲ့မတူဘူး ဆိုတာကို ဂုဏ်လုပ်ပြီး ပညာတတ်လူတန်းစားဟာ နေကြရတယ် ... ။ ဒါဟာ သိပ်ကို သနားဖို့ကောင်းတာပဲလို့ ကျတော်တော့ထင်တယ် ။ နောက် လူ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သူများတွေရဲ့ စည်းမျဉ်းတွေနဲ့ လိုက်လံစစ်ဆေးခံပြီး အရိုသေတန်အောင် နေကြရပြန်တယ် ... ။ စည်းတွေ ဘောင်တွေဟာ မများလွန်းဘူးလား ။ နောက် သူတော်ကောင်းဆိုတာတွေ အများလွန်းဘူးလား ။ အသက်ရှုကြပ်စရာ မကောင်းလွန်းဘူးလား ။ ကျတော်နားမလည်တဲ့ အရာတွေ အများကြီးပါမေ ။ အသိခေါက်ခက်အဝင်နက်တတ်တယ် မဟုတ်လား ။
     အနည်းဆုံးတော့ မေဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူဖြစ်လို့ စိတ်ပျက်စရာကြုံရင် အားပြုခိုတွယ်စရာတော့ ကျန်ဦးမှာပါ ။ တစ်ခါတစ်ခါ ဘာလို့ သိသိရက်နဲ့မသိချင်ဟန် မဆောင်နိုင် သလဲလို့ ကျတော်တွေးမိပြီး နောင်တရမိတယ်။ ဒါကိုနောင်တလို့ ခေါ်မလား... ။ ခုထက် နည်းနည်းလေးပို ပိန်းအောင် တန့်ထားနိုင်ရင်ကောင်းမယ်။ ဟားဟား.... ကျတော်ပြောခဲ့သလိုပဲ ကျတော်ဟာလည်း သူများတစ်တွေနဲ့မတူအောင် ကိုယ်ကိုယ့်ကိုယ်သာကြောင်းပြောရတာပဲ မဟုတ်လား ။ သည်ဥာဉ်ဟာ နောက်ဆုံးလူတွေကို အောက်ဆုံးအဆင့်တန်းတူဖြစ်အောင် လုပ်ပေးသွားတာပဲ ... ။ ဘယ်သူမဆို ကိုယ်ကိုယ်ကိုယ်တော့ လေးစားစေချင်ကြတာမျိုး မဟုတ်လား ။

     ခုလောလောဆယ်... ကျတော် စီးကရက်တစ်လိပ်သောက်နေတယ် ။ အခိုးတွေကို ပါးစပ်ကနည်းနည်း နှာခေါင်းကနည်းနည်း ဖြေးဖြေးချင်းပြန်ရှုထုတ်တယ် ... ။ ပြတင်းပေါက်ဖွင့်ထားတော့ ဝင်လာတဲ့လေနဲ့အတူ အခိုးအငွေ့ မီးခိုးမျှင်တွေဟာ လွင့်ပါသွားတယ်... ။ ကျတော်သူတို့နဲ့အတူလိုက်ကြည့်တယ် ။ သိပ်သည်းတဲ့ မီးခိုးငွေ့တွေဟာ တစ်စတစ်စ ဝေးကွာလွင့်ပါးသွားလိုက်ကြတာ နောက်ဆုံးတော့ လေဟာပြင်ကျယ်မှာ တစ်စစီပျောက်သွားကြတယ်... ။ လွမ်းစရာပဲ မဟုတ်လားမေ... ။ နောက်ယုံကြည်ချင်လောက်စရာ တည်မြဲမှုဆိုတာ ဘယ်ဟာမျိုးပါလဲ ... ။ သည်တော့ ကျတော်တို့တစ်တွေ ဘာကိုယုံကြည်ပြီး ကြိုးစားနေကြ ရတာလဲ ... ။

     ကြားဖူးတာတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်တိုးတတ်ဖို့ လုပ်ကြရတယ်တဲ့ ... ။ ဒါဟာ ကျတော်တို့ကို ရိုက်သွင်းလိုက်တဲ့ ငယ်ငယ်တုန်းကအတွေးပေါ့ ။ အဲသည်မှာပြောတဲ့ တိုးတတ်တယ်ဆိုတာ စာသင်တုန်း အတန်းထဲမှာ အဆင့်တက်တာထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ ကျတော်တော့မထင်ဘူး ... ။ သူတို့တစ်တွေ ဒါကိုပဲကြည့်ပြောခဲ့ကြတာ ဆောင်ပုဒ်တွေ စကားပုံတွေ ထုတ်ခဲ့ကြတာမဟုတ်လား ။ မြင်သာတယ် ၊ လူတိုင်းနားလည်နိုင်တယ်၊ နောက်ပြီး ဒါတွေဟာ လုံးဝမှားပါတယ်လို့ ဘယ်သူမှမငြင်းနိုင်ဘူး... ။ လောကမှာ တိုးတက်တယ်ဆိုတာဘာလည်းမေ ။ ... စိတ်ခွန်အားတိုးတက်လာတာ တစ်နည်းအားဖြင့်ထုံလာတာကို ပြောတာလား ၊ ရာထူးတိုးတာ၊ ပိုက်ဆံပိုရှိလာတာ ၊ လူသိများပြီး လူရာပိုဝင်လာတာကို ပြောတာလား ။ သူတို့တစ်တွေ အဓိပ္ပာယ်ကို မရှင်းခဲ့ကြဘူး ။ ကိုယ်လိုတာဆွဲပြောရရင် ကျတော်အားလုံးဖြစ်ချင်တယ်။ နောက် တစ်ချိန်ထဲမှာ ဒါတွေဟာဘာမှမဟုတ်ဘူးဆိုတာမျိုးကိုလည်း အပျက်မြင်လာတယ် ... ။ ကျတော်သိသမျှ အခက်ခဲဆုံးကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပဲ ။ ဒါက အင်မတန်ခက်ခဲတယ် ၊ ဒါကြောင့်လည်း မလှတဲ့သူဟာ သူပေါ်ပြူလာဖြစ်ကြောင်းကြံဖန်ပြီးပြနေရတယ် .. ။ အထည်ကြီးပျက်ဟာ သူပိုက်ဆံရှိကြောင်း ကြံဖန်လုပ်ပြောရတယ် ... ။ ဒါတွေဟာ မြင်သာတဲ့ အဖြစ်တွေပါ ။ ဒါထက်ပိုပြီး ကြောက်ဖို့ကောင်းတာက လူတွေဟာ မျှော်လင့်တကြီးကြိုးစားပြီး တစ်နေ့မှာဖြစ်လာပါလိမ့်မယ်ဆိုတဲ့ ကတိတစ်လုံးနဲ့ ကိုယ့်လက်ရှိအခြေအနေကို လက်ခံဖို့ငြင်းဆန်တာမျိုးပဲ ... ။ ဒါဟာလည်း ကျတော်ပြောဖူးသလို အသိခေါက်ခက် အဝင်နက်တာမျိုးပဲ မဟုတ်လားမေ ... ။ ကျတော်တော့ သည်အထဲက လွတ်အောင်မရုန်းနိုင်သေးဘူး ... ။

     ကျတော့် စီးကရက်ကလေးတိုလာပြီ ။ နောက်ဆုံးအရှိုက် ညှစ်ထားတဲ့လက်ချောင်းဖျားလေးတွေ ပူလာတဲ့အထိ ရှိုက်လိုက်တယ် ၊ နောက် စီးကရက်အတိုကို ခွက်ထဲထိုးချေလိုက်တယ် ။ အပြီးပပျောက်ခြင်းဆိုတာ ဒါမျိုးပါပဲ မေ... ။ နောက်ဆုံးမှာ ဘာမှအဓိပ္ပာယ်မရှိဆိုတာ သိသားနဲ့တောင် ပျော်ရွှင်စွာဖြစ်တည်လောင်ကြွမ်းရင်း ချုတ်ငြိမ်းရတာဘယ်လောက်နေသာမလဲ ... ။ ဒါ့အပြင် ကိုယ်တို့မှာ အခြားရွေးချယ်စရာ လမ်းလွဲများရှိသလားဗျာ ... ။ တစ်နေ့တစ်နေ့ဟာကုန်လွယ်တယ် ... နောက် ခုတစ်လော မွေးနေ့တွေဟာမြန်လာတယ် ... ။ ထားပါ ။ ကျတော်သည်နေ့ စီးကရက်သောက်တာများနေပြီ ... ၊ စာတွေဖတ်ပြီး ခေါင်းနည်းနည်းကိုက်နေတယ် ... ။ မနက်ဖြန်ခါ မိုးလင်းရင် ဘယ်လိုပျော်အောင်နေရမလဲဆိုတာ တွေးပြီးရင် သည်နေ့အဖို့ တော်ပြီထင်တာပဲ ... ။ မေရော တစ်နေ့တစ်နေ့ကို ပျော်အောင်ဘယ်လိုနေလဲ ... ။ ဘာပြောရမှန်းမသိ ပြောစရာလည်း မရှိဖူးဆိုတဲ့ မေ့ မိဘတွေဆီ အောင့်အီးပြီးဖုန်းပြောဖြစ်သေးလား ၊ သည်အတွက် မေ့ကိုယ်မေ ရိုးဖြောင့်နိုင်နေပြီလား ... ။ လိမ်ညာနေရတာ အပန်းကြီးလွန်းပါတယ် ... ၊ ခဏလေးဖြစ်ဖြစ် ကိုယ်စိတ်ကိုယ်ကို ရိုးဖြောင့်အောင်ထားပြီး ၊ လက်ရှိကိုယ့်ကိုယ်ကိုယ် ခဏလေးဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားကြည့်ဖို့ကောင်းနေပါပြီ ... ။ ကျတော်တော့ မအောင်မြင်သေးဘူးမေ... ။ နက်ဖြန်ဘာလုပ်မယ်ဆိုတာ စဉ်းစားမိပြီ ... ။ သည်တစ်ရက်အတွက် ကျတော့်တာဝန်ပြီးပြီးမေ ... ။

     ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ လို့ပဲနှုတ်ဆက်လိုက်တယ် ... ။ သူများတွေလို ကံကောင်းပါစေလို့ ဘာကိုမှန်းမသိ ယုံဟန်ဆောင်ပြီး ဆုတောင်းပေးရတာမျိုး ကျတော် မကြိုက်ဘူး ... ။


ချစ်ခြင်းဖြင့် ...


Aung Phyoe
( ဇူလိုင် ၂၂ ၂၀၁၂ ၊ 11:40 PM)


15 April 2012

နေရီရီ ကေသီချပါလို့

ခိုင်စိုးလင်းစီစဉ်တဲ့ အပြာရောင်ဝန်ဆောင်မှု (Bluish Business) e-book မှာပါပါတယ် .. ။


မိုးကျသံသည် ဆူညံဆဲဖြစ်သည် ။ ရေပက်၍စိုနေသော ဆံပင်တို့ကို လေတိုက်မှ စိမ့်ချမ်းသွားခြင်းကို ခံစားမိ၏ ။ မိုးရွာသောညတွေကို ငယ်ငယ်ကနှစ်သက်ဖူးတယ်လို့ သူထင်တယ် ။ ပိန်းပိတ်အောင်မှောင်ပြီး လျှပ်စစ်မီးပျက်မြဲ သူတို့မြို့လေးက မိုးညတွေမှသိပ်သည်းနက်မှောင်သော လုံခြုံမှုကို သူ လွမ်းတတ်၏ ။ ညိုးညိုးညံ့ညံ့ ညည်းရယ်သံကို အိပ်ယာ နဘေးက ဆီမှ သဲ့သဲ့ကြားရတော့ ဖြစ်မြဲဖြစ်သော ပူလောင်စက်စုပ်မှုကို ခံစားရပြန်သည် ။

သူသည် သည်ခံစားချက်မျိုးကို ရိုးအီသွားပြီလို့ အလိုပြည့်တိုင်းထင်တတ်စမြဲ ၊ လူ့ဘဝမှာနေလာတာ အတော်ဝပြီး သေချင်တောင်သေနိုင်တယ်လို့ ထင်တတ်စမှာပင် လူအနေဖြင့်ကွာခြားနိုင်သော်လည်း ဖြစ်တည်အရတူညီသော အမျိုးသမီးကို ရင်ခွင်သို့ဆွဲ၍အပ်စမြဲ .. ၊။ ဒါသာ အသစ်တစ်ဖန် ဘဝကို သွေးသစ်သွင်းလောင်းစရာလို့ သူက ဆိုတတ်ပါသေး၏ ။

“မောင်ကလေးရယ် …. မောင်ကလေးရယ် …” အမျိုးသမီးသည် မိုးရွာသည်ကို ငေးစိုက်ကြည့်ရင်းသူ့ကို ခေါ်၏ ။ ထိုအခါ သူ၏လေလွင့်စိတ်သည် တစ်ဒင်္ဂရပ်နားကာ တတ်မက်ခြင်းအာသာရမက်၏ အထွက်အထပ်ကို တေးမြှင်းညိုးညံ့စွာ တစ်ဖန်တက်လိုစိတ်ဖြစ်ရပြန်၏ … ။ ဒါပါပဲ .. ။ အဲသည်နောက်မှာ ဘဝဟာပြန်လည် အနည်ထိုင်သွားဦးမှာပါ … ။ စိတ်ကိုလှည့်စားနိုင်ရင် တစ်ဖန်ပြန်လည် သန့်စင်သွားတယ်လို့ပင်မှတ်ယူနိုင်သေးတယ် မဟုတ်လား … ။

သူသည် သည်လိုဘဝမှာပင် ပျော်မွေ့ခဲ့တာ နှစ်ပေါင်းအတော်ကြာပြီလို့ထင်၏ ။ သည်လိုမတိုင်ခင်တုန်းက သူ့မှာ တိကျသော လမ်းညွှန်ရာ ဦးတည်ရာရှိသည်ဟုဆိုတတ်ပြီး သူသည်လိုပြောတိုင်း သူနဲ့မကြာမကြာအတူတွေ့ရတတ်သော မိန်းကလေးသည် ရှက်ပြုံးလေးနဲ့ နောက်ဆုံးမှာ ရယ်တတ်၏ ။ ထိုမိန်းကလေးသည် သာမန်ထက်ပိုသောရုပ်ရည်မျိုးမဟုတ်ပဲ မျက်ခွံအတန်ငယ်မို့သည်မှာ သတိထားမိသူတိုင်း မှတ်မိတတ်သည် ။ မျက်ခွံမို့ကလေးက သူ့ကို သူငယ်ချင်းတစ်ယောက်ထက် မပိုပါလို့ သူငယ်ချင်းများထံ ဝန်ခံတတ်သော်လည်း သူကမယုံပါ ။ သူက သိမြင်တတ်သူလည်းဖြစ်၏ ။

ထိုအခါတုန်းက သူ့ညနေများသည် ရင်ခုန်သံသက်သက်ဖြင့် တိုးတိတ်ညင်သာနေတတ်၏ ။ ဆုတ်ထွေးထားသော လက်ဝါးဆုပ်ကလေး၏ အရင်းလက်ကောက်ဝတ်သွေးကြောလေးတို့၏ တိုးတိတ်စွာ သူ့လက်ဖဝါးကို ထိတွေ့သော အတွေ့သည် သူ့ရင်ခုန်သံနှင့် စည်းချက်ညီသည်ဟု သူသည်ကဗျာတစ်ပုဒ် စပ်ဆိုခဲ့သေးသည်။ မျက်ခွံမို့သူလေးသည် ထိုကဗျာကို သေချာနားမလည်လှသောလည်း သူ့ကို အထင်ကြီးစိတ်သက်သက်ဖြင့် ချီးမွန်းသော် သူသည် စိတ်ပျက်လက်ပျက်ဖြစ်ရစမြဲ .. ။ သူကလေးကို အနီးကပ်သင်ပေးဖို့ ဆွေးနွေးဖို့ လိုလိမ့်မယ် … ။ ကဗျာတစ်ပုဒ် ၊ ဝတ္ထုတစ်ပုဒ် ဒါမှမဟုတ် ရုပ်ရှင်တစ်ကားကို ခံစားတတ်ဖို့ …။

သူသည် “ကျွန်တော်အနုပညာ သမားဖြစ်ချင်တယ်” လို့ ပြောတတ်သေး၏ ။ ထိုအခါ မျက်ခွံ့မို့၍ လက်တွေ့ကျသောမိန်းကလေးသည် စိတ်ပျက်ရစမြဲ သို့သော်တစ်နည်းတစ်ဖုံ စိတ်ကို ပြန်ဖြေသည်ထင်၏ ။ သူကို ပြောင်းလဲပေးဖို့ ရကောင်းတတ်စမြဲလို့ ထင်ကောင်းထင်လိမ့်မယ် … ။

အပြင်မှမိုးသံသည် စည်းချက်ဖြစ်၏ ။ နံရံတွင် နားကို ကပ်ထားရင်း အပြင်မှမိုးသံကို ချဲ့ယူကြားနိုင်ကြောင်း သည်လို သက်သေပြနိုင်တယ်လို့ သူတွေးမိပြန်သည် ။ သို့သော် လောကတွင် သက်သေပြစရာမလိုသော ၊ ကျိုးကြောင်းခိုင်လုံစရမလိုသော အရာများရှိကြောင်းသူ သက်သေသက္ကာရ မရှိပဲ ဆိုချင်ပါသေး၏ ။ သူသည် ကြုံတွေ့ရတတ်သော အမျိုးသမီးများ၏ လျို့ဝှက်သော အဓိပ္ပာယ်ရှိသော အပြုအမူ အမူယာတို့ကို စုံမက်၍လာ၏ ။ ပြေကျလာသောဆံပင်များ ၊ ထိုဆံပင်များကို ဆုတ်ကိုင်ရသော ၊ ဖွယူသပ်ယူရသော ရှိုက်သက်များ …. ။ ထိုအရာများသည် တည်မြဲသော ရင်ခုန်သံများဖြစ်၏ ။ ညှိယူဖို့မလိုသော ၊ တိကျသော တစ်စုံတစ်ယောက်၏ ကိုယ်ခန္ဓာဖြစ်တည်မှုအပေါ် သက်ရောက်ချက်မရှိသော ၊ စည်းချက်တိကျညင်သာဖို့မလိုသော ရင်ခုန်သံ များဖြစ်၏ ။

သူ၏မိန်းကလေးသည် သူ့ကို လက်တွေ့ကျဖို့ဆွေးနွေးပြီး ၊ သူ့အချစ်ကို မဖွင့်ဟအောင် နှုတ်ဆွံစေခဲ့၏ ။ “ကျွှန်တော်ဟာ ရိုးဖြောင့်သူပါ ၊ ကျွှန်တော်ဟာ ကျွန်တော့်စိတ် ကျွန်တော့်ရုပ်ကို အမှန်အတိုင်းပြတတ်ပါတယ် မေ ၊ ကျွန်တော်တွေဝေတာ ၊ မပြတ်သားတွေဟာ ရှက်စရာရယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး ။ ကျွန်တော်အရေးမစိုက်လှတဲ့ အရာတွေမှာ မထူးချွန်တာလည်း ဘာမှလွမ်းလောက်စရာရှိတယ်လို့ မထင်ဘူး” ။ မျက်ခွံ့မို့သူလေးသည် သည်နောက်ပိုင်းတွေ ပိုလို့တွေဝေလာသည်ကို သတိထားမိ၏ ။ သို့သောမျှော်လင့်ချက်ကို စွန့်ပစ်လိုက်ဟန်တော့ မရှိချေ ။ မအားလို့ မလာနိုင်သော သူ့ကို လူကြုံဖြင့်ခေါ်၏ ၊ တစ်ခါ ဖုန်းဆက်လို့ပင်ခေါ်၏ ။ ထိုသို့ ကြင်နာသောအမူအရာများကို သူသည်တပ်မက်စွာပင် ယုံ၍ မိန်းကလေးကို လက်ထပ်၍ပင် နေကောင်းနေနိုင်မည်လို့ သူထင်လာပြန်သည် ။ ထို့နောက်သူသည် အိမ်ထောင်ရေးအကြောင်းကို ပြောတတ်ပြီး ချစ်ကြင်စ အိမ်ထောင်ဦးအကြောင်းကို ကဗျာလေးများပင် စပ်လာ၏ ။ သူ၏ယုံကြည်ချက် မခိုင်မြဲသောကြောင့်ထင်၏ ။ ထိုကဗျာများသည် ပြောပလောက်အောင် မကောင်းပါ ။

“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ တစ်သက်လုံး သစ္စာမဖောက်ပဲချစ်ကြဖို့ဆိုတာ ဖြစ်နိုင်မယ်လို့ ကျွန်တော်တော့မထင်ဘူး ၊ ကျွန်တော့်အနေနဲ့ တပ်မက်စရာရှိရင် စောင့်ထိန်းပါမယ်လို့ ကတိတော့ပေးနိုင်မယ် မထင်ဘူး …” ၊ မိန်းကလေးသည် သည်နောက်မှာ ငေးငိုင်ပြီး ထိုင်နေတတ်သည်ကို တွေ့ရ၏ ။
သူသည်သည့်နောက်ပိုင်း မိန်းမများကို အဝတ်ကပ်၍ပင် မမြင်တတ်တော့ …။

အဝတ်အစားလုံခြုံစွာဝတ်သောအမျိုးသမီးများကို တတ်နိုင်သမျှမမြင်လိုပေ .. ။ ငယ်စဉ်က ဖွာရှိုက်တိုင်း ၃ ၄ ရက်မျှ မူးနောက်တတ်သော စီးကရက်ကို မီးခိုးမတိတ်အောင်ပင် သောက်နိုင်ပြီ … ။ မျက်ခွံ့မို့ကလေးသည် စီးကရက်သောမည်ဆိုတိုင်း မျက်နှာတင်းတင်းနှင့်တားမြစ်ခဲ့ဖူးပြီ .. ။ သူသည် မိန်းကလေးစိတ်ဆိုးစေရန် မကြာမကြာပြောတတ်သော်လည်း တကယ်မသောက်နိုင်ခဲ့… ။ ခုတော့ သူကိုမြင်သည့်တိုင် မိန်းကလေးသည် လျှစ်လျှူရှုနိုင်ပြီထင်၏ ။ ဘယ်အရာမဆို အစမှာသာ ရှိုတ်ရှိုတ်တက်ဖြစ်ကြတာပါ တည်မြဲတယ်ဆိုတာ မရှိစမြဲမဟုတ်လားလို့တွေးမိတိုင်း ယောင်ယမ်း၍ကျလာသောမျက်ရည်ပေါက်များကို စမ်းမိပါက တွေ့ထိမြဲဖြစ်သည်…။ ထို့ကြောင့်ပင် သူသည် မျက်နှာကို မိုးပက်ခံ၍ စီးကရက်သောက်သော အကျင့်ကို စွဲခဲ့၏ ။

မျက်ခွံမို့သူလေးနဲ့ နောက်ဆုံးတွေ့တုန်းက သည်လိုမိုးရွာပြီးစအချိန်ပင်ဖြစ်၏ ။ သူတို့လျှောက်နေကြ လမ်းကလေးသည် စိမ်းစို၍နေသည်ဟု သူသေချာမှတ်မိသည် … ။ “ဟုတ်ပါတယ်မေ .. ကျွန်တော်ဟာ ဘာမှ မသုံးမကျတဲ့သူပါ … ၊ ကိုယ်လုပ်ချင်တာကို မလုပ်ရသလို ကိုယ်မလုပ်ချင်တာကိုလည်း လုပ်ရင်းဘဝကို မကျေနပ်ဖြစ်နေတဲ့သူပါ ..၊ ဒါပေမယ့် ဘဝမှာ အနုပညာကို အနည်းဆုံး ခံစားနိုင်တာ ကိုတော့ ကျတော်ကျေနပ်တယ် … ၊ ဘဝမှာ ဘာမှမရှိဘူးဆိုတာ သိလာရတော့ တစ်ခါတစ်ခါ အဓိပ္ပာယ်မဲ့လှတယ် ထင်တယ် .. ။ မေ့ကို ကျတော် တကယ်ချစ်ပါတယ် .. ၊ ကျွန်တော့်နည်း ကျွန်တော့်ဟန် ကျွန်တော့်အတ္တနဲ့ ချစ်တာပါ..။ ချစ်ရင် ကတိပေးပေါ့ .. အားကိုးစရာဖြစ်လာအောင်ကြိုးစားပေါ့လို့ မေပြောသလိုကျတော့လည်း ကိုယ်ကိုယ်ကိုယ်မယုံကြည်တဲ့ ကတိမို့မပေးပါရစေနဲ့တော့ … ။ ကျွန်တော့်ကို မွေးတဲ့ သူတွေကတောင် နားမလည်လို့ မေကိုယ့်ကို နားမလည်ပါ့လားရယ်လို့ စိတ်မနာပါဘူး.. ၊ ဘဝမှာ ယုံကြည်ခြင်းကင်းတာမှန်ပေမယ့် အချစ်ကိုတော့ ခိုတွယ်ရာလို့ ကျတော်ကတယ် ထားချင်ခဲ့တာပါ … ၊ မေ့ရင်ခွင်မှာ လဲလျောင်းအိပ်စက်ချင်တယ် … ၊ တစ်ခါတစ်ခါ နေထွက်တာကို ထိုင်ကြည့်ချင်တယ် .. ၊
ဒါပေမယ့် တစ်ခါတစ်ခါမှာတော့ မေ့ရဲ့အေးချမ်းသန့်ရှင်းစေမှုဟာ ကျွန်တော့်ကို ညည်းငွေ့လာစေမယ်..၊ သည်အခါ မလွဲမရှောင်သာ ညစ်ညမ်းမှုကို ရှာရဦးမှာပဲမေ… ၊ ဒါက ဆင်ခြေမဟုတ်တဲ့ ကျွန်တော့်ရဲ့လိုအပ်ချက်ပဲ ..။ သည်မှာ မေက ကျွန်တော့်ရဲ့ ကောက်ကျစ်ခြင်းရယ်လို့ ပဲမြင်တော့မယ်…. ” ။ သည်နောက်မှာ မိုးသည်တစ်ဖန်ပြန်၍ ရွာလာပြန်၏ ။ မျက်ခွံမို့သူလေးသည် သူ့လိုပင် မိုးကိုအားကိုပြုကာ မျက်နှာရွှဲစိုစေလျက်သူ့ကို ကျောခိုင်းသည်… ။ မိုးသည် သိပ်သည်းလွန်း၍ မလှမ်းလှသော အကွာအဝေးတစ်ခုမှာ အတန်ကြာရပ်နေကြသော သူတို့ တစ်ယောက်ကိုတစ်ယောက်မမြင်ရပါ … ။ မိုးအတိတ်မှာတော့ မိန်းကလေးသည် အိမ်ပြန်ရောက်လောက်ပြီ … ။ ထို့နောက် သူသည် မို့မောက်သောမျက်ခွံအကြားမှ ရွှင်လက်သောမျက်လုံးများကို မျက်လုံးခြင်းဆုံ၍ ဘယ်တော့မှာမမြင်ရတော့ … ။


“ကျွန်တော်ဟာ ဆုံးရှုံးတဲ့ အချစ်ကြောင့်လေလွင့်တာမဟုတ်ပါဘူး … ။ သည်လိုနေရတာကို ပျော်မွေ့လို့ လေလွင့်နေရတာပါ …၊ ကြေးပေးပျော်ပါးရတဲ့ မိန်းမတွေဆီမှာ တစ်ဒင်္ဂအချစ်ကို ရနိုင်တယ် .. ၊ တည်မြဲဆိုတာ ဘယ်တုန်းကမှ မရှိတဲ့ သည်အချစ်ဟာ တစ်ဒင်္ဂပဲ ခံတယ်ရယ်လို့ အပြစ်မဆိုအပ် ၊ မရှုံ့ချအပ်ဘူးလို့ ကျွန်တော်တော့ထင်ပါတယ် …။” မိုးသည်မစဲသေးသော်လည်း နေရောင်သည်ထူးခြားစွာ ဝင်းပလာ၏ ။ အမျိုးသမီးသည် တင်းရင်းစွာပင် ထိုင်မြဲထိုင်နေကာ စီးကရက်တစ်လိပ်ကို ရှိုက်ဖွာ၏ ။

“မောင်ကလေးရယ် မောင်ကလေးက ကဗျာတွေဘာတွေစပ်တယ်ဆို … ၊ ဒါဆို အနုပညာသမားကြီးပေါ့.. ။ ”

“ကိုယ်ကတော့ မထင်ဘူး .. တကယ်တော့လည်း အနုပညာ ဘာညာဆိုတာ အရေးပါလှတာတော့ မဟုတ်ပါဘူး”

“ဒါဆိုရှင်ကလေးက အနုပညာသမားဖြစ်မှန်းမသိဖြစ်နေတာပေါ့… ဟုတ်လား ကိုယ်ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ် ဘာလည်းမမေးနဲ့ မှတ်မိဘူးရှင့် ၊ ဟိုစင်ပေါ်က ရှင်ဖတ်တယ်ဆိုတာမျိုးတွေတော့မဟုတ်ဘူး”

“မင်းမသိဘူးထင်တယ် ကိုယ်စာမဖတ်တာ တစ်နှစ်ကျော်လောက်ရှိပြီ”

“ထားပါ .. အဲသည်ထဲမှာသေချာပါတယ် အနုပညာသည်ဆိုတာ စိတ်လေလွင့်ရတယ်တဲ့ ၊ ငိုင်နေရတယ် ..၊ နောက်ကိုယ်လုပ်ချင်တာ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ရိုးဖြောင့်ရတယ်တဲ့ … ”

“ဟဟ ဒါဆိုမင်းရော …”

“နောက်ဆုံးက ရိုးဖြောင့်တယ်ဆိုတာသာ ဖြုတ်လိုက်ရင် ကျွန်မလည်း အနုပညာသည်ပါပဲရှင့် ..”

သူသည်အမျိုးသမီးကို သေချာကြည့်မိ၏ ။ ရှုပ်လိမ်သော ဆံနွယ်များနဲ့ ရှည်လျားသော ပြုပြင်ထားသော လက်သည်းရှည်များရှိ၏ .. ။ မကြာခင် သည်ဆံနွယ်တွေကို သူရစ်သပ်နိုင်မည် ။ လက်သည်းရှည်များသည် သူ့ကြွက်သားများထဲ တိုးဝင်ကုတ်ဖဲ့ကြတော့မည် .. ။ နေပျော်စဖွယ် တတ်ကြွဖွယ် မကောင်ဘူးလားကွယ် …။ ဒါပါပဲ … ။ လောကကြီးမှာ ကံကောင်းထောက်မလွန်းရင် သိလာနိုင်တာက ဘဝဟာ အဓိပ္ပာယ်မဲ့ ပျင်းရှိစရာကောင်းတယ်ဆိုတောင် ပျင်းပျင်းနဲ့ ဆက်ပြီးနေသွားလို့ရသေးတယ်ဆိုတာပဲဖြစ်၏ .. ။ အမျိုးသမီး၏ လက်ညည်းရှည်များသည် သူ့ကျောပြင်ကို ကုပ်ခြစ်၏ ..။ ဘဝမှာ တည်မြဲတဲ့ သစ္စာတရားဆိုတာရှာမတွေ့ရင်တောင် စူးဝင်တဲ့ လက်သည်းရှည်တွေ ရဲ့နာကျင်မှုနဲ့ .. ၊ သူ့ကိုထွေးပွေ့တဲ့ ဆံနွယ်တွေကြားမှာ တစ်ဒင်္ဂနေရရင်တောင် ဘဝမှာနေပျော်ကောင်းပါရဲ့လို့ တွေးလေ၏ ။


အောင်ဖြိုး
(၁၁၊ ၂၊ ၂၀၁၂) 2:17 AM