12 October 2011

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင်

မပို့ဖြစ်သော သိမ်းထားသည့်စာတစ်စောင်

ဖတ်ရမှာမဟုတ်တဲ့ ပို့ဖြစ်မှာမဟုတ်တဲ့ စာတစ်ပုဒ်ကိုရေးနေတယ်လို့ ကျတော်သဘောမထားပါဘူး ။ ထုံးစံအတိုင်း မနေ့ညက အိပ်မက်မက်တယ် ။ တစ်ခါမဟုတ်တစ်ခါ ဆိုသလို အိပ်မက်တွေမှာ တွေ့ချင်ဆုံချင်တဲ့ သူတွေကို တွေ့ရဆုံနေရတော့ အိပ်မက်တွေဟာ ကျတော့်အတွက်တော့ တပ်မက်ဖွယ်ဖြစ်လာတတ်တယ် ။ ဒါလည်းထားပါ ။ အဓိက ပြောချင်တာက ကျတော့်မနေ့ညက အိပ်မက်ထဲမှာဆုံတွေ့ သူဟာ မင်းဖြစ်တယ် .. ။ ထုံးစံအတိုင်းပဲ ကျတော်တို့ ပြောမကုန်တဲ့ နောက်အဖြေရှာလို့ မရသေးတဲ့ ပြဿနာတွေကို မဆုံးတန်းပြောဖြစ်ကြတယ် .. ၊ အဲသည်လို ပြောပြီးတိုင်းလိုလို ကျတော်ကတော့ စိတ်ပေါ့သွားပြီး ဖြစ်ချင်ထားသမျှတွေဟာ ဖြစ်လာပါမယ်ဆိုပြီး အကောင်းကိုချည်း မျှော်တမ်းတဲ့ စိတ်နဲ့ ကြည်နူးရတတ်သေးတယ် လေ … ။


ညတုန်းက ကျတော်တို့လျှောက်ပြန်နေကျလမ်းဟာ အရင်တုန်းကထက်သာယာနေတယ် .. ၊ နှုတ်ဆိတ်နေတဲ့ တစ်လောကလုံးက ကျတော်တို့ ပြောတာတွေကို နားစွံ့နေကြသလိုပဲ … ။ ကျတော်တို့ နောက်ဆုံးလျှောက်ခဲ့ကြတဲ့ တစ်ခေါက်လို ညနေမှောင်ရည်ပျိုးပြကနေ တစ်ဖြည်းဖြည်းမှောင်သွားပြီး နောက်ဆုံး ညအစစ်ကို ရောက်သွားတယ် … ။ အရင်တုန်းကလို ကျတော်ရောမင်းရော ပစ္စည်းတွေ မနိုင်မနင်း ဆွဲထား ကြတာမဟုတ်ဘူး .. ၊ သည်တစ်ခေါက်ပဲ ကျတော်တို့ ပေါ့ပေါ့ပါးပါးနဲ့ အိမ်ပြန်ဖူးကြတယ် ထင်တယ် … ။ ကျတော်တို့ နှစ်ယောက်မညှိတွယ်ခဲ့ကြသလို အိပ်မက်ဟာလည်း Romantic မဆန်ခဲ့ပါဘူး ။


ကျတော်နဲ့မင်းအပြင်မှာ အဆက်အသွယ်ပြတ်တာနည်းနည်းကြာတော့ ခုလောလောဆယ် မင်းဘာတွေ လုပ်နေတယ် ခံစားနေရတယ် ကျတော်မသိ၊ သည်တော့လည်း အိပ်မက်ထဲ ဇာတ်လမ်းဆင်ရာမှာလည်း စိတ်သိမဟုတ်တဲ့ အကြောင်းအရာတွေကို ချန်ထားခဲ့ရပြီး တစ်လျှောက်လုံး မင်းကို ကျတော့်အကြောင်းတွေပဲ ပြောပြရတော့တယ် … ၊ ကျတော် စာဖတ်ချိန်မရတဲ့အကြောင်း ၊ အဓိပ္ပာယ်မရှိဆုံးအရာတွေနဲ့ ဘယ်လိုအချိန်ကုန်နေရတယ်ဆိုတဲ့ အကြောင်း ၊ ကိုယ်တပ်မက်ရာမှာလည်း ပါရမီနည်းလှတယ် ဆိုတဲ့အကြောင်း …ညည်းချင်းသက်သက်လိုပါပဲ … ။ နောက် လူတွေအကြောင်း .. ကျတော်မကြိုက်တဲ့ လူအများစုအကြောင်း ပြီးတော့ သဘောကျတဲ့လူအချို့အကြောင်း ။


ကျတော်နဲ့မင်း ပြောကြရင် စိတ်ညစ်ကြတဲ့ အကြောင်းတွေပဲမို့ ပျော်စရာအချို့အကြောင်းကို ပြောဖို့မေ့နေတတ်တယ် … ၊ တကယ်ပျော်စရာဆိုတာလည်း ရှားတယ်ထင်ပါရဲ့ဗျာ … ။ လောကမှာ တစ်စုံတစ်ရာကို အရေးတယူပြုပြီး လှိုက်လှိုက်လှဲလှဲရှိရပဲ ပျော်စရာဆိုတာရှိမယ် … ။ လက်ကို ဓားနဲ့ခြစ်ကြည့်ဖူးတဲ့ သူတစ်ယောက်ကို တစ်နေ့ ရေနှစ်သေဖို့ ကျတော်ရေကူးမသင်ဘူးလို့ ပြောရတာ တဒင်္ဂ အဖြစ်တော့ ကြည်နူးဖို့ ကောင်းတယ်လို့ ကျတော်ကတော့ထင်မိတယ် ။ တည်မြဲခြင်းဆိုတာ ရှိတယ်လို့ မခံယူတားတော့ သည်ကြည်နူးမှုဟာ ပျောက်ပျယ်လွယ်တာကို ဝမ်းနည်းမိသည့်တိုင် မနှမြောအောင် ကျတော်ကြိုးစားပါတယ် … ။


မတည်မြဲတဲ့လောကမှာ တည်မြဲနေမယ့် ခံစားချက်ကလေးတွေကို လောဘတကြီး ကျတော်လိုချင်တယ် ။ သိပ်ချစ်ကြတဲ့ လင်မယားနှစ်ယောက် ၂နှစ် ၃နှစ်လောက်ပေါင်းရပြီး တစ်ယောက်ယောက်သေသွားတာ သိပ်ကို romantic ဆန်တယ်လို့ ကျတော်ကတော့ထင်တယ် .. ၊ ဖြစ်လာမယ့် ညည်းငွေ့မှု အိမ်ထောင်ရေးဘာညာတွေကို မခံစားပဲ ဘဝကို အနိုင်နဲ့ပိုင်းလိုက်သလို ကျေနပ်စရာ ကောင်းမယ်လို့ ကျတော်တော့ထင်တယ် .. ။ သည်လိုသာဆို တစ်ချိန်ကဆွေးနွေးခဲ့ ကြဖူးတဲ့ အိမ်ထောင်ရေး သတ္တဝါမဟုတ်ကြဘူးလို့ ကိုယ်တိုင်သမုတ်ခဲ့ကြတဲ့ ကျတော်တို့ ၂ ယောက်အတွက် အဆင်ပြေနိုင်မယ်ထင်တယ် ။


ဘဝမှာ ဘာတကယ်ဖြစ်ချင်တာကို တကယ်မသိသေးဘူးဆိုတဲ့ မင်းထက် ကျတော်ကနည်းနည်းတော့ ပိုသာတယ်လို့ပြောချင်တယ် ၊ နောက်မရင့်ကျက်ရာမှာလည်း မင်းထက်ကျတော်က ပိုသာသေးတယ် ..၊ ကျတော်က ဟန်ဆောင်တတ်တော့ မင်းလောက်ခံစားချက်ပြင်းထန်မှာ မဟုတ်ဘူးလို့ အပြင်ပန်းအရ မင်းထင်ကောင်းထင်မယ် ။ တကယ်လော လောကဟာဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်တယ်လို့ ကျတော်ကတော့ ခံယူတယ် .. ၊ တစ်ခါတစ်ခါ ထိခိုက်ခံစားမှုတွေကို သက်ရောက်မှုမရှိသလို ဟန်ဆောင်ရတော့ တကယ့်ကို နာကျင်မှုမရှိဘူးလို့ တဒင်္ဂယုံပြန်တယ် .. ၊ သည်သဘောကို တကယ်တွေးမိရင် ကိုယ့်ကိုယ်ကိုယ် သိပ်သနားမိတယ်ဗျာ . ။ အဲသည် သနားဆိုတဲ့ ခံစားချက်ကတောင် ဟန်ဆောင်မှုများလား ။


မင်းကိုပြောဖူးသလို ကျတော်က အပြင်ကလူပါ ။ ကျတော်လိုလူဟာ ဘယ်သူနဲ့မှာ ရောလိုမရတဲ့ သူမျိုးဖြစ်နေတတ်တယ် .. ဒါကြောင့်ရွယ်တူတွေထဲမှာဆို မင်းတစ်ယောက်လောက်ပဲ ပွင်းလင်းပြီးပြောလို့ရတယ် ထင်တယ် .. ။ ကျတော့်အတွက်တော့ ပေါ်ပင်တွေလိုဖြစ်တတ်ကြတဲ့ ဧရာဝတီမြစ်ကြီး ပျောက်သွားမှာလည်း အရေးမကြီးဘူး … ၊ လူတန်းစားအမြင်လည်းအရေးမကြီးဘူး …နောက်သနားတယ် ညှာတာတယ်ကူညီတယ်ဆိုတဲ့ ပရဟိတဟာလည်း ရယ်စရာကောင်းနေတတ်တယ် ၊ လူအချင်းချင်းသနားတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ ငါသူတို့ထက်သာတယ်ဆိုပြီး မဏ္ဍပ်တိုင်တတ်ပြ တာမျိုးမဟုတ်ဘူးလား ..ဟင်။ ကိုယ့်ထက်နိမ်ပါးလို့ပဲ သနားကြတာမဟုတ်ဘူးလား ကျတော်ကတော့ လူတစ်ယောက်ကို သနားညှာတာရမှာ ကိုယ့်လိပ်ပြာကိုရှက်မိတယ် … ။ ဟိုတစ်နေ့ ပိုက်ဆံလာတောင်းတဲ့ သူတစ်ယောက် ၂ဒေါ်လာ လောက်ပေးလိုက်တာကို သူရှက်မှာစိုးလို့ ကျတော်ပြေးထွက်သွားလာခဲ့တယ် … ။ တွေ့ကြုံလို့ အခွင့်သင့်လို့ ကူညီတာ ကျွေးမွေးတာကို ကျေးဇူးတင်ခံရမယ် ပီတိဖြစ်ရမယ် နောက်ကုသိုလ်ဘာညာ ယူရတယ်ဆိုတာကိုတော့ ကျတော့်တကယ့်ကို နားမလည်တာပါဗျာ .. ။ ကျတော်ကတော့ ဘဝမှာ ရိုးဖြောင့်ရင် (ပျော်ရွှင်ခြင်းကိုမမျှော်မှန်း စတမ်းဆိုရင်) နေလို့ရတယ်လို့ထင်တယ် ၊.. ရိုးဖြောင့်တယ် ဆိုရာမှာလည်း ကိုယ့်ကိုယ်ကိုယ်အတွက်ချည်းသာပါ … တစ်ခုခုကို ညာပြောချင်ရင် ညာပြောနိုင် ရုံလောက်သာပါပဲ ၊ ငရဲကြီးမှာစိုးလို့ ဘာညာသာရကာအတွက် ကိုယ့်စိတ်ကိုထိန်းပြီးလုပ်လိုက်ရင် ကျတော့်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ရိုးဖြောင့်တယ်လို့မဆိုနိုင်ဘူး … ။


အမှန်က ကိုယ့်ကိုယ်ကိုယ်ရိုးဖြောင့်ကြရင် လူတွေ သူများအပေါ်အကဲဖြတ်သတ်မှတ်ကြရတဲ့ ဒုက္ခက အေးသွားမယ်ထင်တယ် .. ။ သည်လိုသာဆိုရင် Murakami ဝတ္ထု နဲ့ ကိုးခန်းပျို့ကို တစ်ပြိုက်နက်ဖတ်တာလည်း အံ့သြစရာမဟုတ်ဘူး ၊ ဝိပဿနာ စာအုပ်ဖတ်ပြီး ဘာသာမဲ့ဖြစ်နေတာကိုလည်း ထိတ်လန့်စရာမဟုတ်တော့ဘူး ၊ ကိုယ့် ဆရာတစ်ယောက်ယောက်ကို ဖျက်ခနဲ့ဆဲမိတာလည်း ပက်စက်တယ်လို့ မြင်စရာမဟုတ်တော့ဘူး ၊ မြတ်နိုးပါတယ်ပြောတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ကူးထဲမှာ အတူအိပ်ကြည့်ရင် လိပ်ပြာရှက်ဖို့မလိုတော့ဘူးပေါ့ ။ သည်လိုဆိုရင်တော့ ခုထက် ကျတော်နည်းနည်းနေပျော်မယ်ထင်တယ် ။

ဟိုနေ့က ကျတော် ရထားပေါ်မှာ ရင့်ကျက်ကျေနပ်ဟန်ရှိတဲ့ သက်လတ်ပိုင်း အနောက်တိုင်းသားတစ်ယောက်ကို သတိထားမိတယ် ။ နောက် သူ့ဘယ်ဘက် လက်သူကြွယ်မှာ ဝတ်ထားတဲ့ ရွှေလက်စွပ်မောင်းကွင်းလေးကို ကျတော်အကြာကြီးငေးနေမိတယ် ။ နောက်ဆယ်နှစ်လောက်ကြာလို့ သူ့အရွယ်ရောက်ရင် ကျတော့်ဘယ်ဘက်လက်သူကြွယ်မှာ သူ့လိုမောင်းကွင်းလေးမရှိမှာ သိပ်စိုးတယ် ။ ရင့်ကျက်ကျေနပ်ဟန်ကိုတော့ ကျတော်ဟန်ဆောင်ထားနိုင်မှာသေချာတော့ သိပ်အရေးမကြီးလှပါဘူး … ။ သည်တော့ နောက် ၁၀နှစ်လောက်ကြာလို့ ကျတော်တို့ပြန်တွေ့ကြမယ်ဆိုရင်တော့၊ ပြီးတော့ မင်းကိုကျတော် သည်လိုဆက်ပြီးအထင်ကြီးနိုင်ရင် ၊ နောက် မင်းကျတော်ကို အခုထက်ပိုပြီးအထင်ကြီးနိုင်မယ်ဆိုရင် ကျတော်တို့လက်ထပ်ကြည့်ကြရအောင်လို့ တောင်းဆိုချင်တယ် …. ။ လက်ထပ်ပြီး ၃၊ ၄ နှစ်နေလို့ မင်းအရင်သေသွားရင် ကျတော်မင်းကို ပိုလို့တွယ်တာမိပြီး တစ်သက်လုံးချစ်သွားနိုင်မယ်ထင်တာပဲ ။ ဒါမှမဟုတ် ကျတော်အရင်သေရင်လည်း မင်းအတွက်မို့ ဘဝမှာ နှမြောဖို့ကောင်းတယ်လို့ ကျတော်တော့ထင်မိမှာမဟုတ်ပါဘူး …။ ဘယ်နှယ်လည်း ကျတော့်ကို လန့်သွားပြီလား … ။ မကြောက်ပါနဲ့ဗျာ ….။


အိပ်မက်ထဲမှာတော့ မင်းခေါင်းညိမ့်လိုက်တယ်တင်တယ် ... ၊ နိုးတစ်ဝက်မို့ ကျတော်သေချာတော့ မပြောနိုင်ဘူး ။

ချစ်ခြင်းဖြင့် ။



Aung Phyoe
( အောက်တိုဘာ ၁၂ ၂၀၁၁ ၊ 11:25 PM)

23 June 2011

The Makioka Sisters [1983] , Dir - Kon Ichikawa

တနီဇာကီရဲ့ “မီကီအိုက ညီအစ်မများ” ဝတ္ထုကို ရုပ်ရှင်အဖြစ် (၃) ကြိမ် ၊ ဇာတ်လမ်းတွဲအဖြစ် (၅) ကြိမ် စုစုပေါင်း ၈ ကြိမ်တိတိ ရိုက်ကူးခဲ့ကြပါသည် ။ ထိုအထဲကမှ အထင်ရှားဆုံးနှင့် နိုင်ငံတကာ ဝေဖန်ရေးဆရာတို့ အသိအမှတ် အပြုခံရဆုံးမှာ ၁၉၈၃ မှာ Kon Ichikawa ( သူ့ရဲ့ ထင်ရှားတဲ့ ရုပ်ရှင်တစ်ကားမှာ ဗမာပြည်နောက်ခံ ဗမာ့စောင်း Burmese Harp ဖြစ်ပါသည်) ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါ၏ ။ ယခုခေတ်ပိုင်းမှာ ရှားပါးနေပြီဖြစ်တဲ့ သည်ရုပ်ရှင်ကို ယခုလဆန်းပိုင်းမကြာသေးမှီက Criterion Collections မှ blu-ray အဖြစ် ပြန်လည်ထုတ်ဝေ ပါသည် ။

ဒါရိုက်တာ အီချီကာဝ ဟာ သည်ဝတ္ထုကြီးကို စတင်ထုတ်ဝေချိန် ၁၉၄၀ ခုနစ်ခန့်ကတည်းက ရုပ်ရှင်အဖြစ် ရိုက်ကူးလိုခဲ့ခြင်းဖြစ်သော်လည်း ပထမဆုံးအကြိမ် အဖြစ် ၁၉၅၀မှာ အခြားသူတစ်ဦးက ရိုက်ကူးခဲ့တာမို့ သူ့ရည်ရွယ်ချက် ပျက်ခဲ့ရပါ၏ ။ ဒါ့အပြင် ဒုတိယအကြိမ်အဖြစ် ၁၉၅၉ မှာထပ်မံရိုက်ကူး ပြန်တာမို့ ၁၉၈၀ပြည့်လွန်မှသာ အီချီကာဝရဲ့ အိမ်မက် အကောင်အထည်ဖော်နိုင်ခဲ့တယ် ပြောရပါမည်။ သည်ဇာတ်ကားဟာ ငွေကုန်ကြေးကြများလှပြီး တခမ်းတနားရိုက်ကူးခဲ့တာမို့ ထုတ်လုပ်ရေး Toho Company ရဲ့ နှစ်(၅၀) ပြည့်အထိမ်းအမှတ်အနေဖြင့် ၁၉၈၃ မှာ ရုံတင်ပြသခဲ့ပါသည် ။

အီချီကာဝဟာ တနီဇာကီရဲ့ အခြားထင်ရှားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ The Key (1959) အပါအဝင် ဂျပန်နိုင်ငံ၏ ထင်ရှားတဲ့ စာပေဂန္တဝင်လက်ရာများကို မှီငြမ်းရိုက်ကူးလေ့ ရှိသူသာမက ၊ သည် မီကိုအိုက ညီအစ်မများ ဝတ္ထုနောက်ခံ အိုဆာကာ မြို့မှာ ကြီးပြင်းခဲ့သူဖြစ်လို့ သည်ရုပ်ရှင်အပေါ် အာရုံစိုက်ပြီး ကြိုးပမ်းခဲ့မှုဟာ ပြောစမတ်ပြုစရာဖြစ်ခဲ့ပါ၏ ။ သို့တိုင်အောင် ရုပ်ရှင်စတင် ရိုက်ကူးချိန် ၁၉၈၁ - ၈၂ မှာ ဒါရိုက်တာဟာ အသက် ၆၈ နှစ်ကျော်နေပါပြီ ၊ ဒါ့အပြင် သူတစ်လျှောက်လုံး လက်တွဲခဲ့တဲ့ ဇနီးသည်လည်းဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာမဟာ သည်ဇာတ်ကားအတွက်ပြင်ဆင်နေတုန်းမှာ ဆုံးပါသွားခဲ့ပါသည်။ သည်လို အခက်အခဲမျိုးမျိုး ကြားမှ ဒါရိုက်တာကြီး၏ ကာလရှည်ကြာတဲ့ အိပ်မက်ကို အကောင်အထည် ဖော်ခဲ့နိုင်ခြင်းဖြစ်ပါ ၏ ။

ကျတော်တို့ လက်ခံထားကြသည့်အတိုင်း စာပေနဲ့ ရုပ်ရှင်တို့ရဲ့ အနုပညာနောက်ခံနှင့် ပရိတ်သတ်ဟာ မတူညီပါ ။ သည်အတွက်ကြောင့်လည်းပဲ နာမည်ကြီး ဝတ္ထုတွေကို ရုပ်ရှင်ရိုက်ကူးကြရာမှာ ဝေဖန်ရေးဆရာတွေ အဖို့ ကျယ်ပြန့်တဲ့ ရေးကွက်ရလာကြခြင်းပဲ ဖြစ်ပါသည် ။ ခေတ်တိုင်းခေတ်တိုင်းမှာ ကမ္ဘာအရပ်ရပ်က ဂန္တဝင် ဝတ္ထုကြီးများကို ရုပ်ရှင်များအဖြစ် အသက်သွင်းကြတာကို ကျတော်ကို မရိုးနိုင်တွေ့နေကြရမြဲဖြစ်ပါသည် ။ အဲသည်လို အခါတိုင်းမှာလည်း ဝတ္ထုကိုမမှီပါဘူး ဆိုတဲ့ အသံတွေကို ကြားနေတတ်စမြဲဖြစ်ပါ၏ ။ အမှန်ကတော့ ထိုနှိုင်းယှဉ်ချက်မျိုးသည် လေးနက်မှုကင်းလှသော နှိုင်းယှဉ်ချက်မျိုးပင်ဖြစ်ပါသည် ။ ဝတ္ထုကို နှစ်သက်လွန်း၍ ထိုထဲကအတိုင်း မချွမ်းမချန် ကြည့်လိုသူသည် မှီငြမ်းထားသည့် မည်သည့်ရုပ်ရှင်ကားကိုမှ စုံစမ်းနေစရာမလိုပါ ။ ကိုယ်တိုင် စိတ်ကူးယဉ်ကြည့်တတ်ဖို့သာ သူ့အတွက်တတ်နိုင်ပေလိမ့်မည် ။ သူ၏ တောင့်တချက်သည့် မည်မျှ တော်သည့် ဒါရိုက်တာ၏လက်တွင်မှ အကောင်းအထည်ပေါ်နိုင်မည် မဟုတ်သောကြောင့်ပင် ။




အဲသည်လို ခံယူချက်မျိုးနဲ့ ဝတ္ထုဖတ်ပြီးပြီးချင်း သည်ရုပ်ရှင်ကို ကျတော်ကြည့်ဖြစ်ခဲ့သည် ။ အမှန်ပြောရလျှင် ကြည့်ဖူးသမျှ ရုပ်ရှင်ကားတွေထဲမှာ အမြင်အလှဆုံး ဇာတ်ကားတစ်ကားလို့ ပြောရပါမည် ။ ချယ်ရီပန်းရုံများ၏ လှပသောဖွဲ့တည်မှု ၊ ပွင့်ဖတ်များသဖွယ် အသားအရည်ရှင် ညီအစ်မလေးဖော်နှင့် ဝတ်ဆင်ကြသည့် ဆန်းသစ်သော ကီမိုနိုများသည် ကြည့်သူကို အင်မတန်ပင် စွဲဆောင်နိုင်ကြပါ၏ ။ ဒါ့အပြင် ဝတ္ထုတဲမှာ အသေအချာဖော်ပြမထားတဲ့ မီကီအိုကမိသားစု၏ စီးပွားရေးကို ပိုးသားကီမိုနို ရက်လုပ်သည့်စီးပွားရေးလို့ တင်ပြခဲ့ခြင်းကြောင့် ဒါရိုတ်တာအတွက် ကီမိုနိုအဆင်ဆန်းမျိုးစုံကို ခင်းကျင်းခွင့်ရရှိခဲ့ပါသည် ။ ၁၉၈၃ ခု ရုပ်ရှင်ရုံတင်ပြသချိန်တုန်းက သည်ရုပ်ရှင်အခန်းတစ်ခန်းချင်းဆီမှ ဇာတ်ဆောင်အမျိုးသမီးတစ်ဦးချင်းဆီ၏ ပိုးထည်ကီမိုနိုတစ်စုံချင်းစီဟာ သည်ဘက်ခေတ် ကားသစ်တစ်စီးစာလောက် တန်ဖိုးရှိတယ်လို့ အပြောထွက်ကြသည့်တိုင် အဝတ်အစားကို အလေးထားရိုက်ကူးခဲ့ပါသည် ။


သည်အချက်ကို အလေးထားပြောရခြင်းကြောင့် ရုပ်ရှင်ဟာ မျက်စိပဒေသာဖြစ်စရာသက်သက်ရယ်လို့ ဆိုလိုတာတော့မဟုတ်ပါ ။ ဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်ကွက်များကို အထင်းသားမှတ်မိစေတဲ့ အခန်းတွေပါပေမယ့် ဒါရိုက်တာဟာ ဇာတ်ကို သူ့ရဲ့လုပ်ပိုင်ခွင့်အတိုင်း ပြောင်းပစ်ခဲ့ပါသည်။ သည်လိုအခွင့်အရေးအရ စာမျက်နှာ ၅၃၀ ကျော်ထူထဲပြီး ၅ နှစ်တာဇာတ်ကြောင်းရှိတဲ့ ဝတ္ထုကြီးကို ပြသာချိန် ၂နာရီသာသာကြာတဲ့ ဇာတ်သဘောအရ တစ်နှစ်တာသာ ရှိတော့သည်အထိ ပြောင်းလဲပြလိုက်ပါသည် ။ သည်လို မှီငြမ်းတဲ့ ရုပ်ရှင်ဇာတ်ကားများမှာ တွေ့ကြရစမြဲဖြစ်သည့် အတိုင်း မူရင်းဝတ္ထုထဲက ဇာတ်ကောင်တွေဟာ အထဲကထက် နားလည်းရပိုလွယ်လာတတ်ပြီး တစ်ဖက်မြင်ရုပ်သေဆန်လာတတ်ကြပါ၏ ။ သည်လိုအခြေအနေရဲ့ အဆိုးဆုံးအဆင့်ကတော့ ဝတ္ထုနှင့် ရုပ်ရှင် ဇာတ်ကောင်နှစ်ကောင်သည် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားကြခြင်းမျိုး ဖြစ်ပါသည် ။


သည်လိုအပြောင်းအလဲမျိုးကို ယခုရုပ်ရှင်မှာတွေ့ကြရမှာပါ ။ အထူးသဖြင့် တတိယညီမဖြစ်သူ ယူကီကို (Yukiko) နှင့် (ဒုတိယအစ်မ၏ခင်ပွန်း) ခဲအိုဖြစ်သူ တီနိုဆူကီ (Teinosuke) တို့ရဲ့ ဆက်ဆံရေးပါပဲ ။ ဝတ္ထုတဲက သူတို့နှစ်ယောက်ဆက်ဆံရေးဟာ သီးသန့်ဆန်ဆန်ပင်ဖြစ်သောလည်း ရုပ်ရှင်မှာတော့ ဆွတ်ပျံ့ဖွယ်တွယ်ညိမှု တစ်ခု အဖြစ်တွေ့ရပါသည် ။ သည်ဇာတ်ကွက်အတွက်ကြောင့် ပရိသတ်မှာ ထူးခြားသည့် လွမ်းမောဖွယ်ရသ တစ်ခုကို တိတိပပ ခံစားလိုက်ရကြောင်းတော့ ဝန်ခံရပါမည် ။ သို့ပေမယ့် ဝတ္ထုမှာ တည်ကြည်တဲ့အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အဖြစ် ကျတော်သိခဲ့ရတဲ့ တီနိုဆူကီ ရဲ့ ပုံရိပ်ဟာ သည်ရုပ်ရှင်မှာ ရှာမရခဲ့ပါ ။ ဝတ္ထုနှင့် ရုပ်ရှင်၏ တူညီသောတင်ပြချက်ကတော့ အဓိကဇာတ်ကောင် ယူကီကိုအကြောင်းပင်ဖြစ်ပါ၏ ။ ယင်းတူညီမှုမှာလည်း တကယ်တော့ သူမ၏ ခံစားချက်တစ်စုံတရာကိုမျှ ဖတ်ရှုသူ ၊ ကြည့်ရှုသူကို ပေးမသိစေခြင်းပင်ဖြစ်သည် ။



သည်ပြောင်းလဲမှု ဒဏ်ကိုခံရသည့် အခြား ဇာတ်ကောင်တစ်ယောက်ကတော့ ညီမအငယ်ဆုံး ခေးကို (Taeko) ပင်ဖြစ်ပါသည် ။ ဝတ္ထုတစ်လျှောက်လုံးမှာ သူမကို စိတ်အလိုလိုက်သူ ၊ ပေါ်ပင်လိုက်၍ပစ္စည်းမက်သူ ၊ သွေးအေးစွာ ဖျားယောင်းနိုင်သူ ၊ မိမိကိုယ့်ကိုယ်ဖျက်ဆီးတတ်သူ တစ်နည်းအားဖြင့် စိတ်ဓာတ်ပြတ်သားသူ တစ်ယောက်အဖြစ်တွေ့ရပါသည် ။ အီချီကာဝ ဟာ ခေးကိုရဲ့ ဇာတ်ကိုမူရင်းဖြစ်စဉ်အတိုင်း ရိုက်ပြခဲ့ပေမယ့် သူ့ရဲ့ ခေးကိုဟာ အပြစ်ကင်းလွန်းနေသူဖြစ်နေပါသည် ။ သူဟာ စိတ်ကူးယဉ်တတ်သည့် မိန်းမပျိုသက်သက် ၊ အစ်မများအပေါ် အရွဲ့တိုက် နွဲ့ဆိုးဆိုးသူသက်သက်အဖြစ်သာ တွေ့ရပါတော့၏ ။
ဒါ့အပြင် ဇာတ်ရဲ့အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့ အစ်မအကြီးဆုံးမိသားစု တိုကျိုသို့ ပြောင်းရွှေ့ရမှုဟာ ဝတ္ထုရဲ့ အစပိုင်း သုံးပုံတစ်ပုံမှာတွေ့ရပေမယ့် ရုပ်ရှင်ထဲမှာတာ့ ဒါဟာ ဇာတ်သိမ်းခန်းဖြစ်နေပါသည် ။ ဒါ့အပြင် အရေးကြီးသည့်အချက်တစ်ခုအနေဖြင့် နီးကပ်လာတဲ့ ဒုတိယကမ္ဘာစစ် စစ်ကြိုကာလ အခြေအနေတွေကို ရုပ်ရှင်ထဲမှာ လုံးဝမတွေ့ရခြင်းပါ ။ တစ်ခန်းမှာသာ စစ်သားတွေ ချီတတ်ကြတဲ့ အကြောင်းအရိပ်အမွတ်ပြောသွားတာသာ တွေ့ရ၏ ။
ဘယ်လိုပဲဆိုဆို အီချီကာဝ ၏ မီကိုအိုက ညီအစ်မများဟာ လှပသပ်ရပ်တဲ့ သက်ဝင်ပန်းချီကားချပ်များကို တစ်ချပ်ချင်းဆီ လှစ်ဟကြည့်ရှုရသလို ဒါရိုက်တာရဲ့ ထက်မြက်တဲ့ အနုပညာစွမ်းရည်ကို ပြသနိုင်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါသည် ။ ကိုယ်နဲ့အတန်ငယ်စိမ်းသေးတဲ့ တိုင်းတစ်ပါး ယဉ်ကျေးမှုကိုလည်း တစ်စေ့တစ်စောင်းသိမြင်နိုင်စေတဲ့ ဇာတ်ကားမျိုးပါ ။

ကျတော့်အတွက်တော့ သည်ဇာတ်ကားဟာ အဆွေးကားတစ်ကားလည်းဖြစ်ပါသည် ။ ဇာတ်ကားအဆုံးပိုင်းမှာ တိုကျိုကိုပြောင်းရွေ့သွားတဲ့ အစ်မကြီးက သူတို့တစ်တွေ နှစ်စဉ်လုပ်နေကျ ချယ်ရီပန်းပွင့်ချိန်မှာ အတူတကွ ကြည့်ခွင့်ရကြတော့မှာ မဟုတ်ဘူးလို့ပြောသွားခဲ့ပါ၏ ။ နှင်းမြူတဖွဲဖွဲကြားမှာ တစ်စတစ်စ ဝေးသွားတဲ့ ရတားကြီးကိုမျှော်ကြည့်ရင်း ယခင်တုန်းကလို အတူတကွမရှိနိုင်ကြတော့တဲ့ ညီအစ်မလေးယောက်ရဲ့ နိမိတ်ပုံ ပြချက်ဟာ ဝတ္ထုအဆုံးက ခံစားချက်ရသကိုတော့ တစ်သွေမတိုင်းပုံဖော်နိုင်စွမ်း ရှိခဲ့ပါ၏ ။ ယင်းအချက်သည်ပင် ကျတော့်အတွက် ပြောလောက်စရာ ဒါရိုက်တာ၏ ပဉ္စလက်တစ်ကွက်ပင်ဖြစ်ပါသည် ။ ဇာတ်နောက်ဆုံးခန်းမှာ မင်္ဂလာဆောင်တော့မယ့် ယူကီကိုအတွက် တစ်ကိုယ်တော် ကြေကွဲငိုကြွေးနေတဲ့ တီနိုဆူကီ ရဲ့ နိမိတ်ပုံဟာ သူတစ်ယောက်ထည်းအတွက်သာမက ၊ ပါရှိသမျှ ဇာတ်ကောင်အားလုံးတို့အတွက် ခံစားမှု နိမိတ်ပုံဖြစ်သည့်အပြင် ၊ မကြာမှီပြိုကွဲသွားတော့မယ့်ခေတ်ကြီးအတွက် လွမ်းဆွတ်သည့် ဒါရိုက်တာ၏ ပုံရိပ်လည်းဖြစ်ပါသေးသည် ။




ကျတော်တို့တစ်တွေဟာ ရုပ်ရှင်ကားတစ်ကားကို ကြည့်ရင် ကြိုက်၏ ၊ မကြိုက်၏ သာဝေဖန်နိုင်ခွင့် ရှိကြပြီး ကောင်း၏ ၊ မကောင်း၏ တစ်ဖန် ဝတ္ထုကိုမှီ၏ ၊ မမှီ၏ လို့ အနုပညာရှင်တစ်ယောက်ရဲ့ ဖန်တီးမှုကို စွတ်ဖက်ခွင့်မရှိကြပါဘူး ။ သည်ခံယူချက်နဲ့ပဲ ကျတော်အတွက်တော့ သည်ရုပ်ရှင်ဟာ တောက်ပြောင်သည့် အနုပညာလက်ရာစစ်တစ်ခုဖြစ်သည့်အပြင် ဆွတ်ပျံ့ဖွယ် အတွေ့အကြုံတစ်ရပ်လည်းဖြစ်ပါ၏ ။ ရုပ်ရှင်တစ်ကား၏ ခေတ်အဆက်ဆက်တည်တံ့ကာ မပျက်ယွင်းနိုင်သည့် စွမ်းအင်အရည်အသွေး တစ်ရပ်ကို သက်သေထူနိုင်တဲ့ အနုပညာဖန်တီးချက် တစ်ရပ်လို့လဲ ဆိုချင်ပါသည် ။ ။

အောင်ဖြိုး
( ဇွန် ၂၃ ၊ ၂၀၁၁)

22 June 2011

The Makioka Sisters - Tanizaki Junichirô



မီကီအိုက ညီအစ်မများ (၁၉၄၃-၁၉၄၈) ဝတ္ထုကို ဂျပန်နိုင်ငံရဲ့ ထင်ရှားလှတဲ့စာရေးဆရာ တနီဇာကီ ရေးသားခဲ့တာဖြစ်ပြီး ကမ္ဘာ့ဂန္တဝင် ဝတ္ထုတစ်ပုဒ်အဖြစ် ယနေ့တိုင်ထင်ရှားနေဆဲဖြစ်ပါတယ် ။ ဝတ္ထုနောက်ခံ အချိန်ကတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်လေးက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှ ထင်ရှားတဲ့ ကုန်သည်မိသားစု တစ်စုရဲ့ လှုမှုရေး ၊ စီးပွားရေး အခြေအနေ တွေကို (၅) နှစ်ကြာနောက်ခံ ရေးသားခဲ့တာဖြစ်ပြီး ဂျပန်က ပုလဲဆိပ်ကမ်း ဗုန်းမကြဲမှီ ခုနစ်လခန့်အလို ၁၉၄၁ - ဧပြီလ နောက်ခံမှာ ဇာတ်ကိုအဆုံးသတ်ထားပါတယ် ။

သည်ဝတ္ထုမှာ ဆွေကြီးမျိုးကြီးက ဆင်းသက်လာကြတဲ့ ညီအစ်မလေးယောက် ကိုအခြေပြုကာ ဇာတ်သွားချိန် ၅ နှစ်အတွင်း ဖြစ်ပျက်သမျှတို့ကို အသေးစိတ်ရေးသားထားပါတယ်။ တဖြည်းဖြည်းပျက်ယွင်း လာတဲ့ စီးပွားရေးအခြေအနေ ၊ ခေတ်သစ်ပြောင်းစအချိန်မှာ အတွေးအခေါ်ဓလေ့ဟောင်းတို့ ပျက်သုန်းရခြင်း themes တွေဟာ သည်ဝတ္ထုရဲ့ အရေးပါတဲ့ အခြေခံတင်ပြချက်တွေဖြစ်တယ် ။ သည်လို ပြောင်းလဲပျက်သုန်းမှု တွေကို တန်ပြန်တွန်းလှန်ရင်း ခေတ်ဟောင်းရဲ့ အခွံအတွင်းမှာ တည်မြဲနိုင်အောင် ရုန်းကန်ကြတဲ့ ဇာတ်ဆောင်တွေရယ် ၊ ပြောင်းလဲမှုကို ကြိုဆိုတဲ့ ခေတ်သစ်လူငယ်တွေရယ် ပဋိပက္ခ ကိုလည်း စာရေးဆရာက အလေးပေးထားပါတယ် ။

ဝတ္ထုရဲ့ မူလအမည်ဟာ Sasameyuki ဖြစ်ပြီး ‘နှင်းဖွဲကျချိန်’ လို့ အဓိပ္ပာယ်ရပါတယ် ။ ဒါ့အပြင်လည်း သည်ခေါင်းစဉ်ဟာ ဝတ္ထုရဲ့ ဇာတ်ကောင်ညီအစ်မလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Yukiko ယူကီကို ကိုကိုယ်စားပြုရာရောက်တာမို့ သူမကိုပဲ အဓိကဇာတ်ကောင်လို့ သတ်မှတ်ချင်ဟန်ရပါတယ် ။ သို့တိုင် ဝတ္ထုတစ်ပုဒ်လုံးမှာ စာရေးဆရာဟာ သူ့ကို အကွားအဝေးတစ်ခုအတွင်းမှာသာ တစ်ဆင့်ခံ တောက်လျှောက်မြင်စေခဲ့ပါတယ် ။

ဇာတ်ရဲ့ အဓိကကျောရိုးကတော့ မီကိုအိုက ညီအစ်မလေးဖော်ရဲ့ တတိယမြောက်ညီမဖြစ်သူ ယူကီကိုအတွက် ခင်ပွန်းလောင်းအိမ်ထောက်ဖက် ရှာရန် အစ်မနှစ်ယောက်နဲ့ ခင်ပွန်းဖြစ်သူတွေ ကြိုးပမ်းကြတဲ့ အကြောင်းပါပဲ ။ မူလကတော့ စာရေးသူဟာ ၃ အုပ်တွဲရေးသားဖြစ်တာဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်မှာတော့ စာမျက်နှာ (၅၃၀) ကျော် ထူထဲပြီး ၊ တစ်ဖန် ဇာတ်ကောင်တွေရဲ့ အပြုအမူကို အသေးစိတ် ဖော်ပြထားတာဖြစ်လို့ အနည်းငယ် ဇာတ်လေးတယ်လို့တော့ ဆိုနိုင်ပါတယ် ။ ဒါ့အပြင် ဂျပန့် ယဉ်ကျေးမှု နှင့် ရိုးရာ အသုံးအဆောင် ပစ္စည်းအချို့အကြောင်းလည်း အတန်ငယ် ဗဟုသုတ ရှိဖို့လိုပါလိမ့်မယ် ။

သည်ဝတ္ထုမှာ စာရေးဆရာရဲ့တင်ပြချက်ဟာ Photographic Realism လို့ပြောကြတဲ့ ဓာတ်ပုံရိုက်ပြသလို အပေါ်ယံအပြုမူတွေကို အသေးစိတ်ရေးပြတဲ့ အရေးအသားမျိုးပါ ။ ခုနောက်ပိုင်းခေတ် စာပေရေးရာမှာ သည်လိုအရေးအသားမျိုး (Jane Austen အရေးအသားမျိုးကိုလည်း သည်အမျိုးအစားထဲမှာ ထည့်ကြတယ် ) ကို အတွင်းစိတ်ကို ရေးပြတတ်တဲ့ စာရေးဆရာအချို့က ဝေဖန်ကြသော်လည်း ၊ စာဖတ်သူ အဖို့ တစ်နည်းအားဖြင့် မြင်သာစေတဲ့ စွဲဆောင်မှုရှိတဲ့ အရေးအသာမျိုးပါပဲ ။ ကျတော့်အတွက့်တော့ ဖတ်နေစဉ် သောမစ်မန်းရဲ့ Buddenbrooks ၊ ဒေါ့စတိုယက်စကီရဲ့ The Brothers Karamazov စတဲ့ မိသားစုနောက်ခံ ဝတ္ထုတွေကို အမှတ်ရစေရုံသာမက ၊ ဆောင်ဇူဂျင်း နဲ့ ကောက်ငိုတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာ အဓိက နောက်ခံ A Dream of Red Mansions ကိုလည်း ပြန်လည်တမ်းတစေပါတယ် ။ စာရေးဆရာ တနီဇာကီဟာ မီကိုအိုက မိသားစုတစ်စုရဲ့ လူမှုရေးနောက်ခံ အဆင်းအတန်းကို အသေးစိတ်သိရှိသူဖြစ်ပြီး သူတို့တစ်တွေ နေ့စဉ် အမူအကျင့်တွေ ၊ အပြောအဆိုတွေက အစ အသေအချာသရုပ်ဖော်ထားပါတယ် ။ ဒါ့အပြင် အဝတ်အစား ၊ အစားအသောက်အပြင်အဆင် ၊ ပွဲတော်များနဲ့ ရာသီဥတုနောက်ခံကိုလည်း အလေးပေးဖော်ပြထားပြန်တယ် ။ အထူးသဖြင့် Kyoto ကျိုတိုမှာ နှစ်စဉ်ရှိတဲ့ ချယ်ရီပန်းကြည့်ပွဲတော် ၊ နောက် ပိုးစုန်းကြူးဖမ်း ပွဲတော်စတာတွေမှာလည်း ဂျပန်တွေရဲ့ ယဉ်းကျေးမှု ၊ ဓလေ့တွေကိုပါ အသေးစိတ်ဖတ်ရှုနိုင်ပြန်တယ် ။

ဒါတွေအပြင် စာရေးသူဟာ ပါဝင်သမျှ ဇာတ်ဆောင်တွေရဲ့ စရိုက်ကိုလည်း အထူးအလေ့ပြုရေးထားတယ် ။ ဇာတ်ကောင်စရိုက်သရုပ်ဖော်ရာမှာ နောက်ပိုင်းခေတ်အရေးများ ကြတဲ့ အတွင်းစိတ်အခြေအနေ ပဓါန နည်းမျိုးကို မသုံးပဲ ဇာတ်ကောင်တွေရဲ့ အပြုအမူ အပြောအဆို အနေအထိုင် သက်သက်များကိုသာ ဖော်ပြရင်း စာဖတ်သူကိုယ်တိုင် တဖြည်းဖြည်းချင်း ရင်းနှီးလာပြီး စရိုက်ကို ခန့်မှန်းကြည့်နိုင်စေတဲ့ အရေးအသားနဲ့ သရုပ်ဖော်ထားပြန်တယ်။

ကျတော်ပြောခဲ့သလိုပါပဲ ၊ သည်ဝတ္ထုကြီးက ထူထဲပါတယ် ။ ဒါပေမယ့် သည်လို စာအုပ်မျိုးဟာ အလောတကြီး အပြီးဖတ်ရမယ့် စာအုပ်မျိုးတော့မဟုတ်ပါဘူး ။ ဝတ္ထုဆုံးသွားလို့ စာအုပ်ကို ပိတ်လိုက်ရင် စာဖတ်သူဟာ ရင်းနှီးနေပြီဖြစ်တဲ့ ဇာတ်ကောင်တွေကို မခွဲချင်လှပဲ အတန်ငယ်ပင် လွမ်းနေရတတ်ပါတယ် ။ စာရေးသူဟာ မိသားစုတစ်စု အတွင်းမှာ ဖြစ်ပျက်သမျှကို ၅ နှစ်ကြာကာလ အတွင်း လုံးဝမချွန်းမချန် ရေးပြသွားခဲ့တယ် ။ စာဖတ်သူဟာ အတွင်းလူယုံ ဧည့်သည်တစ်ယောက်အနေနဲ့ သည်မိသားစုနဲ့ နှစ်အတန်ငယ်နေထိုင်ခဲ့ရသလို ခံစားရစေပြီး မိသားစုဝင် တစ်ဦးချင်းအပေါ်မှာလည်း သံယောဇဉ် ရှိနေ တွယ်တာနေတာကို အထင်အရှားတွေ့ရပါတယ် ။

စာရေးဆရာဟာ သူ့ဝတ္ထုကြီးကို ဒုတိယကမ္ဘာစစ်မတိုင်မှီလေးမှာ ရပ်ပစ်ခဲ့လို့ ကျတော်တို့ အနေနဲ့ စစ်ဘေးဒဏ်ခံရမယ့် မိသားစု အခြေအနေတွေကို မသိနိုင်တော့ပါဘူး ။ ဒါပေမယ့် ဇာတ်သိမ်းချိန်မှာ ဆုံးရှုံးမှု ပျက်ယွန်းမှု အနေနဲ့ကတော့ တစ်ချိန်လုံး စည်းစည်းလုံးလုံး ရှိခဲ့ကြတဲ့ ညီအစ်မတစ်တွေ တစ်စတစ်စ ဝေးကွာသွားကြရတဲ့ ဘဝပေးအခြေအနေတွေကိုပါ ။ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြီးနဲ့ လက်တစ်ကမ်းအကွာက ကိုယ်နဲ့ရင်းနှီးလှတဲ့ မိသားစုတစ်စုလုံးအကြောင်း မသိရတော့ဟာ ခံစားတတ်သူအဖို့တော့ စိတ်ပူစရာ ၊ စိတ်မကောင်းဖြစ်စရာ ၊ လွမ်းလောက်စရာပါပဲ ။ ။

သည်ဝတ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ ရုပ်ရှင်တွေ အကြောင်းလည်း ဆက်ရေးဖြစ်ပါဦးမယ် ။

အောင်ဖြိုး
( ဇွန် ၂၂ ၊ ၂၀၁၁)

26 August 2010

ပန်းပြတ်ခိုက်ကြုံ

စာမရေးတာ တော်တော့်ကို ကြာသွားပြီ ။ ခင်ရတဲ့ အမတစ်ယောက်က တွန်းအားပေးလို့ စာရေးချင်စိတ်ပေါ်လာတယ် ။ ကိုယ်အရင်ရေးတာတွေလည်း အားမရတော့ စာမရေးတော့ဘူးလို့ကို ပစ်ထားတာကမှ ဇာတ်လမ်းလေး ဖျစ်ညှစ်စဉ်းစားရင်း ကြိုးစားရေးလိုက်ရတယ် .. ။ လောလောဆယ် -ဖတ်ထားတာ မကြာသေးတဲ့ Haruki Murakami စာတွေရဲ့ Surrealism ဝါဒတွေ စွဲနေတော့ သည်အရိပ်အောက်မှာပဲ စာကထွက်လာတယ် .၊ ဘာပဲပြောပြော ကြိုးစားပြီးချရေးလိုက်ပြီ ၊ ခုတလောတော့ စာအုပ်တွေပဲ ဖတ်ဖြစ်နေတယ် ။ ထုံးစံပဲ စာအုပ်တွေဖတ်တာများလေ ကိုယ့်ကိုယ်ကို အားမရလို့ စာမရေးချင်လေပဲ ။

ပန်းပြတ်ခိုက်ကြုံ

(၁)
ဘဝမှာ သည်တစ်ခါလောက် ရင်ခုန်မလိုက်မောစဘူး ဟုတင်သည် ။


မှောင်မည်းတဲ့ လမ်းတစ်လျှောက်ကို ဖြတ်သွားရင် မြင်ကွင်းတို့က ကြည်လင်လာသည် ။ လာစကတည်းကပင် အဓိပ္ပာယ်မသိပေမယ့် သာယာမှုတစ်ခုခုနောက် လိုက်နေရသလိုပင် ။ မျှော်လင့်ချက် တစ်ခုခုကလည်း မျက်မှောက်ထင်ချိန် နီးပြီတည်း ။ စောင့်ဆိုင်းခြင်း၏ နိဂုံးဝယ် လူများ ဥဒဟို ဖြတ်သန်းရာ အဆောက်အအုံ တစ်ခုဆီသို့ နီးကပ်လာကြောင်း သတိထားမိသည် ။ ကျတော် စောင့်ဆိုင်းခြင်းကို မုန်းကြောင်း သူမသိဘူးလား ။ မသိလို့ ခုထိမရောက်သေးတာ သေချာသည် ။ သည်ရပ်ဌာနေ တွင် အချိန်ကို သိရန် နာရီတစ်လုံး မလိုအပ်ပါ ။ ကျတော်တို့ သည်နေရာမှာ တွေ့ရန်ချိန်းဆိုထားပြီးဖြစ်လို့ မှားစရာလည်း အကြောင်းမရှိ ။ ဘေးဘီတွင် ထင်လင်းသော နေရာအချို့ကို ငေးကြည့်ရင်း အချိန်ဖြုန်းဖို့ သာအကြောင်းရှိမည် ။ ငေးမောခြင်းထင် တွေးတောခြင်းသည် အချိန်ဖြုန်းရန်အကောင်းဆုံးမဟုတ်လော ။

“အစ်ကို စောင့်နေတာကြာပြီလား”

မျှော်လင့်မထားပေမယ့် ကြားနေကြ အသံကြောင့် ရင်းနှီးမှုကို ခံစားလိုက်ရသည် ။ လှည့်ကြည့်တော့ နှင်းမြူပါးပါးမှာ စက်ဘီးတစ်စင်းတွန်းလာတဲ့ မိန်းကလေးတစ်ယောက် ။ ပတ်ဝန်းကျင်တွင် အာရုံတက်၏ အရိပ်အငွေ့များ ယှက်သန်းနေပြီ ။

“နည်းနည်းနောက်ကျသွားတယ် ညကလည်း စာကျက်တာ မပြီးသေးလို့ ၊ သည်နေ့ ဆရာသာ မေးရင်သေပြီပဲ ..၊ လာ သည်နေ့ငါတို့ နှစ်ယောက်ပဲ မကြူသည်နေ့မလာဘူးတဲ့”


သည်တော့မှ ရည့် အသံကိုကျက်မိသည် ။ နောက်ဆုံးငါ့ ရည့်ကို စောင့်နေတာပဲ ကျူရှင်သွားဖို့ .. ။ သူ့ကို မတွေ့တာ ကြာလှပါဘီလော … မေ့လုမေ့ချင် ဖြစ်နေပြီလေ.. ။ ကျတော်တို့ မနေ့က တွေ့ကြလို့လား .. ၊ ကျတော် စောင့်တာ သူကိုလား .. ဒါဆို သူ့ကို ကျတော်စောင့်ခဲ့တာကြာလှပါဘီကွယ် … ။


“နည်းနည်းနောက်ကျလို့ စိတ်ဆိုးနေတာလား၊ အစ်ကိုရော စာရပြီလား ၊ နောက်တစ်ပတ် သြဂုတ်လ ၁၁ ရက် ငါ့မွေးနေ့ကျရင် မကြူရယ် နင်ရယ် ငါတို့ သုံးယောက်တစ်ခုခု သွားစားကြမယ်လေ .. နော် ၊ စိတ်မကောက်နဲ့တော့”


နောက်ဆုံးတော့ သူလာပြီလေ … စောင့်ဆိုင်းရတာ တစ်ခဏမကတာတော့ သေချာသည် ။ သူကို ကိုယ်စိတ်ဆိုးဖို့ မလိုဘူးထင်ပါတယ် … ။ သူနောက်ဆုံးတော့ ကိုယ်မျှော်လင့်ထားသလို ကိုယ့်ဆီကို ပြန်လာတာပဲ ။


“နော် … အစ်ကိုရယ် ၊ ဟုတ်ပြီလား”

(၂)

မနက်ဖြန် မေလဲ့ နဲ့တွေ့ဘို့ ခုညကတည်းက ရင်ခုန်ရသည် ။

မေလဲ့က ကိုဦးကို သည်လောက်တောင်လွှမ်းမိုး ထားနိုင်တာပဲ ။ သည်တစ်ခေါက် ပြန်ရောက်ကတည်းက မေလဲ့နဲ့ မတွေ့ရသေး … သေချာထွက်ကြည့်ရင် ၂ လနဲ့ ၁၇ ရက်တောင်ရှိတော့မယ် ။ သည်လို အသေးအဖွဲတွေဟာ ပြန်စဉ်းစားတွက်ချက်ရင် သိပ်လွယ်ပေမယ့် မိန်းကလေးတစ်ယောက်ကို ရင်ခုန်စေဖို့ သိပ်တာသွားတယ် ။ လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်လောက်တုန်းက မိန်းမတွေအကြောင်း သည်လောက် မသိတတ်တာ ကိုဦးညံ့တာပဲ … ။


သည်ည စာဖတ်ရင် ကဗျာတွေဖတ်ဖို့ သင့်မည်ထင်သည် ။ လရောင်ဆမ်းသော ချစ်သူ့အိပ်ခန်းဆောင်ကို ညဥ့်ယာဉ်ရထားဖြင့် တိတ်တဆိတ်သွားရောက်သင့်လေသလား ။ လေအလာ မွှေးပျံ့လွင့်မြူးသော ဆံနွယ်အရင်းမှ ရိပ်တရောင့်မြင်ရသော မေ့ရွှေလည်တိုင်ကြော့ကို နမ်းရှိုက်ခွင့် ငံလင့်ရမလား ။ အခုတော့ သည်လိုအတွေ့ မထူးပေမယ့် မောင့်မှာဖြင့်ရူးပြီမေ လို့ လိုက်မောစွာ ညည်းဆိုဖို့ပဲရှိ တော့မည် ။


မေလဲ့ နဲ့ ကိုဦးတွေ့စက ကိုဦးနှလုံးသားမှ ဒဏ်ရာသည်အက်ကြောင်းထင်ဆဲပင် ရှိသေးသည် ။ ထင်ပေါ်လှ သော မေလဲ့ကို သာမာန်ထက်ပို၍လည်း သတိမထားမိခဲ့ … ၊ ရူးမိုက်တုန်းပင်မို့ တစ်နေ့ဝယ် ဒဏ်ရာပေးခဲ့သူက ပြန်လည်ကုစားရန်ရောက်လာလိမ့်မည်မို့ အနာဖေးမတက်အောင်ပင် လွမ်းစကိုတွဲသီထားတတ်ဆဲ ။ ကိုဦး ရှုံ့ချခဲ့ဘူးသော သူများတွေ ဘာညာမသိတရားစာရွတ်သလိုပဲ … တစ်နေ့တစ်နေ့ လွမ်းချိန်ပေးကာ ကိုယ့်နှမကို တမ်းတရသည် ။

အဲသည်အတွင်းမှာပင် မေလဲ့ဘက်ကတော့ “ကိုမောင်မောင်ဦး” မှ “မောင်မောင်ဦး” ၊ “ကိုမောင်ဦး” …နောက်ဆုံး “ကိုဦး” လို့ အဖျားခက်ခေါ်သည်အထိရင်းနီးလာသည် ။ ကိုဦးတို့ ဆက်ဆံရေးကို ကာယကံရှင်တွေထက် သူများတွေက ပိုလို့ သတိပြုမိကြတယ်ထင်၏ ။ ကိုဦးသည် မရင့်မာသေးပြီမို့ တစ်ခါတစ်လေ မေလဲ့ကို ကွယ်ရာက တစ်စိမ့်စိမ့် ငေးတတ်တာက လွဲရင် သိသိသာသာ တပ်မက်ခြင်းမဖြစ်မိတာလည်း သေချာနေသည် ။ နောက် ကိုယ့်နှမဆီကမျှော်လင့်ခြင်းသည်လည်း အရိပ်အယောင်ပမာမျှ မမြင်ရသေးလို့မို့ မရနိုင်လေ မျှော်လင့်လေနှင့် နှောင်ကြိုးမဲ့လက်ရှိဘဝ ကို ကျေနပ် နေသလိုရှိ၏ ။


သို့သော် ကိုဦးလည်း ယောက်ျားတစ်ယောက်မို့ မေလဲ့နဲ့ တွဲသွားတွဲလာ လုပ်ခွင့်ကို ကျေနပ်လာရသည် ။ ဘယ်နှယ့် တစ်ခါတစ်ခါမှာ အဖော်ဆိုတာ မရှိမဖြစ်လိုအပ်သေးသည်မို့ ကျေးဇူးတတင်စွဲလမ်းရသေးသည် ။ မေလဲ့၏တည်ကြည်စွာ ချွဲနွဲ့တတ်သော အပြုံးချိုချိုကို တပ်မက်စပြုလာပြီ … ၊ ကိုဦး၏ ရှောင်တခင် ဖြည့်ဆည်းမှုကြောင့် ကျေနပ်မှု ကို မေလဲ့မျက်လုံးမှာ မြင်ရတော့ ယောက်ျားတစ်ယောက်၏ ဖြစ်တည်မှု ပိုမို လေးနက်လာသည် ဟုထင်ရ ပြန်သည် ။ နောက်ကိုဦးရဲ့ မျက်လုံးတွေကို မေလဲ့ စိုက်မကြည့်ရဲ့တာကြောင့် မျက်လုံးချင်းဆုံတမ်း ကစားရတာ ပျော်စရာထင်၏ ။ သည်လိုမိန်းမမျိုးနဲ့ လက်ထပ်ရရင် အသက်လုံး ယုယမှုတွေနဲ့ ပျော်နေနိုင်မှာပဲလို့ စိတ်ကူးယဉ်ရင်း အဆင်မပြေတဲ့လင်မယားစုံတွဲတွေကို သနားတတ်သေးသည် ။

ဒါပေမယ့် မေလဲ့ကိုယ့်ကို သဘောကျနေပြီရယ်လို့ အသေမတွက်နိုင်သေး ။ ကိုယ့်နှမတုန်းကလည်း သည်လိုပဲ မဟုတ်လား ။ မေလဲ့သဘောတူရင်တောင် ကိုဦးဖို့ ခုထက်ပိုပြီး နှောင်ဖွဲ့လာမှာကို စဉ်းစားသင့်သေးတယ်ထင်၏ ။ နောက် ကိုယ့်ကိုယ်ကိုယ်လည်း မသေချာသေး … ၃၊၄ နှစ်သည် စိတ်ဒဏ်ရာကို မွေးမြူမထားလျှင် ကုသဖို့ အချိန် လုံလောက်နေလေပြီ ။ စနစ်တကျလုပ်တတ်သူမို့ ကိုဦးအတွေးတွေ နယ်ချဲ့ ချင်တိုင်းချဲ့ မိသည် ။

သည်တုန်းအဝေးမှာ ပျော်ရွှင်နေသည်ဆိုတဲ့ ကိုယ့်နှမသတင်းလေးတွေ ကြိုကြားကြိုကြား ကြားရတတ်သည် ။ အိပ်မက်တွေမှာ ကို့နှမ နှင့်မေလဲ့ တစ်လှည့်စီရောလာသည် ။ မေလဲ့သည် ခုတလော ပိုလှလာသည်ထင်၏ ။ တစ်ခါတစ်ခါလမ်းလျှောက်သွားလျှင်ပင် မွှေးလွင့်၍ နူးညံ့မည်ထင်ရသည့် မေလဲ့ဆံနွယ်တွေကို ထိကိုင်မိ မတက်သတိမှားလာတတ်သည် … ။ မေလဲ့သည် ကိုဦးကို ခိုးစိုက်၍ စိတ်မရှည်စွာကြည့်တတ်ပြီ ၊ ကွေ့ဝိုက်ကာ စကားစတတ်လာပြီပဲ ။ ကိုဦးကတော့ တွေနေဆဲပဲကွယ် .. ။ အချိန်အနေ အချိန်အခါသည် လိုအပ်သည်ထက် ပို၍ တွန့်ကြာသော ကိုဦးကို နည်းဗျူဟာ ပြောင်းလဲပေးဖို့ ကြိုးစားသည်ထင့် ။ နေ့စဉ်လိုလို လမ်းသင့်၍တွေ့နေကြ မေလဲ့သည် ကိုဦးအနားမှ ရုတ်တရက် အလှမ်းဝေးသွားရ၏ ။


ရိုဒင့်အကြောင်းကိုဖတ်တုန်းက သိပ်လှတဲ့ စာတစ်ပိုဒ်ကို ကိုဦးမှတ်မိဖူးသည် ။ ‘ယောက်ျားတစ်ယောက် အဖို့ မိန်းမတစ်ယောက်ကို သူတကယ်ချစ်တယ်ဆိုတာ သိရတဲ့ အချိန်ဟာ အဲသည်မိန်းမ သူ့ဘေးနားက ထွက်သွားတဲ့ အချိန်ပဲ’ တဲ့ ။ အဲသည်စကားလေးသည် အရင်တုန်းက အဓိပ္ပာယ် မသိပေမယ့် ခုတော့ တစ်ယောက်ထည်းထိုင်ပြီး မေလဲ့ကို သတိရတိုင်းတွေးတတ်လာသည် ။ မေလဲ့သည် ကိုဦးလက်လှမ်းလို့ မှီဆဲပါပဲကွယ် .၊ မေလဲ့နဲ့ တစ်ဘဝလုံးနေဖို့ ကိုဦးမှာ အခွင့်သာဆဲပါပဲ … ။ မေလဲ့ကို ကိုဦးကြိုက်တာတော့ အသေအချာပါပဲ .. ၊ မေလဲ့ကိုယူရင် ကိုယ့်နှမနဲ့ သူ့ချစ်သူ စုံတွဲကို ကောင်းကောင်းကြီး ယှဉ်လို့ နိုင်နိုင်တာပဲ .. ၊ မေလဲ့ ရုပ်ရည်၊ ပညာ ၊ အဆင့်အတန်းက ယောက်ျားတိုင်း သဘောကျနှစ်ခြိုက်မှာပါ ။ ဟင့်အင်း ဒါက ယောက်ျားဈေးတွက်ကြီးမဟုတ်လား ။ မေလဲ့ကို ကိုဦးချစ်သလား ၊ မောင့်နှမလိုတော့ ရင်မခုန်တတ်ဖူးလို့ထင်သည် ။ ဒါပေမယ့် ခုလိုစိတ်ကူးခွင့်ရရင် အရင်ကကိုဦးအနားမှာ ရှိတတ်တဲ့ မေလဲ့ ကိုပဲ သတိရတတ်သည် ။ ဒါဆို ချစ်တယ်လို့ သတ်မှတ်ဖို့ လုံလောက်ရဲ့လားကွယ် ။ ကိုဦးမေလဲ့ ကို ချစ်မိနေပြီ မဟုတ်လား ။


“သြော် မေလဲ့ရယ် ၊ ဟုတ်လား”

(၃)


ကိုယ့်နှမ ရည့်ကို မြင်တော့ ဆွတ်ပျံ့ မှုကိုပြန်ရသည် ။ ကိုယ်ခံစားဖူးချင်တဲ့ မေ့လောက်နေပြီဖြစ်တဲ့ ရုပ်ရှင်တွေ အချစ် ဝတ္ထုတွေထဲက ခံစားမှုမျိုး ။ ဝေဝါးနေခြင်းသာ အနှောက်အယှက်ဖြစ်၏ ။ ကိုယ် ရည့်ကိုမတွေ့တာ နှစ်ချီပြီထင်သော်လည်း သူကတော့မနေ့တနေကလိုပြောနေသည် ။ ရည့် ကိုယ့်ကိုစောင့်ရင် အိပ်ပျော်နေတာလား ၊ ရည့်ချစ်သူရော မပါဘူးလား ။ ဒါမှမဟုတ် ကိုယ့်ကို ကိုယ့်နှမ မကြားချင်သည့် စကားမဆိုဝံ့အောင်လှည့်စား ထားတာလား ။

“ကဲ ကိုမောင်မောင်ဦး သွားကြမယ်..”

စက်ဘီးစီးရင်း ပတ်ဝန်းကျင်သည်မှုန်ဝါးလာသည် ။ ရှေ့မှာထက်ဘာမှ ပိုပြီးမမြင်ရ … ၊ အမှောင်ဝေတဝါးထဲ ကိုတိုးသွားရင်း နှင်းမြူတို့ပြည်စ ပြုလေပြီ ။

“အစ်ကို နင်ပြောင်းသွားတယ်နော် … အရင်ကလိုမဟုတ်ဘူး စကားနည်းသွားတယ်”


ဟန်ဆောင်တားတာမောလို့ထင်ရဲ့ ရည်က လက်ရှိအချိန်ကိုပြန်ဆွဲတင်သွားသည် ။ မတွေ့ရတာ ၅ နှစ်လောက်ရှိပြီကွယ် ကိုယ်လည်းရည်နဲ့ နောက်ဆုံးတွေ့ရတဲ့ လူပျိုပေါက်လေးမှ မဟုတ်တော့တာ … ။ မဟုတ်သေးဘူးထင်သည် ၅ နှစ်ဆိုတာ အမှန်ကသေချာပေမယ့် ခုလိုမျိုးတော့ မကြာမကြာတွေ့ ဖူးသားပဲကွယ် ။ မတွေ့တာတော့ ကြာပြီ … ခုတလော ကိုယ့်စိတ်ထဲမယ် မေလဲ့ကို သာစိုးမိုးလို့ နေသည် … ။

ကိုယ်သည် စကားစရှာမရသလို တစ်အ၍နေသည် ။ ရည့်ချစ်သူဘယ်မှာလည်းဟင်လို့ မေးလိုသည့်မေးခွန်းကိုပဲ တိုက်ရိုက်မေးလိုက်ရမလား ၊ သည်အတွင်းမင်းကိုယ့်ကို သတိမရဘူးလား ၊ နောက် သည်လို ကိုယ်နဲ့ ရှောင်တခင်တွေ့ကြတာရော အမှတ်ရရဲ့လားမေးချင်သည် ။

“အရင်ကလို ငါတို့ ၃ ယောက် ကျူရှင်အတူတူသွားကြတာ မှတ်မိသေးတယ် ၊ နောက်ဆရာ့ဆီမှာ စာဖြေတော့ အောက်ကနေကူးချကြတာ .. ၊ မကြူကြီးလည်း မတွေ့တော့ဘူး …. ၊ နင်လည်းအရင်ကလို အတ္တကြီးတုန်းပဲလား အစ်ကို ….နောက် ရည်းစားရော ရပြီလား ၊ အိမ်ထောင်ရော ကျနေပြီလားဟင်”

(၄)


ယောက်ျားတစ်ယောက်မှာ ရည်းစားရှိရမည့်အရွယ် .. ၊ အိမ်ထောင်ပြုရမယ့် အရွယ်ဆိုတာ သတ်သတ်မှတ်မှတ်ရှိသည် ။ ကိုဦး အရွယ်မလွန်သေးပေမယ့် မေးငေါ့တတ်တဲ့ ခင်မင်သူတွေ ပေါနေပြီ ။ တစ်ခါတစ်ခါလည်း သူတစ်ပါးချစ်သူရည်းစားတွေကို ငေးမောရင်း တစ်ယောက်ယောက်ကို သတိရတတ်သည် ။ ဒါ ကိုယ့်နှမလား … မေလဲ့လား .. ။ စောင့်ဆိုင်းခြင်းများတွင် စိတ်၏တိကျသော အဖြေကို စောင့်ဆိုင်းရမှု သည် စိတ်ပျက်စရာ အကောင်းဆုံးလို့ ကိုဦးထင်သည် .. ။


‘ကျတော်မင်းကို ချစ်နေတယ်…’

အင်မတန်ပင် လွယ်လွန်းသောစကားတစ်ခွန်းဖြစ်မည် … ။ နောက်ဆုံး မိန်းကလေးက မျက်လွှာလေးချကာ အဖြေပေးလေတော့ ရှက်နေရှာသော ချစ်သူ့ တုန်ယင်နှုတ်ခမ်းကို စုတ်ယူသော ကိုယ့်နှုတ်ခမ်းသားများလည်း ပူနွေးရွှန်းစိုနေဖို့ အနည်းဆုံး လိုမည် ။ ရှေ့ဆက် ခရီးအတွက် လိုအပ်ချက်များ .. ဝတ္တရားများကို ယောက်ျားတစ်ယောက် သည်းခံနိုင်ရန် မျက်ကန်းချစ်စိတ်ကိုပင် အားပြုရပေတော့မည် . .. ၊ သည်မျက်ကမ်းချစ်စိတ်မျိုး မေလဲ့အပေါ်ရှိရဲ့လား ကွာ… ။


အနည်းဆုံး စိတ်ဆိုး စိတ်ကောက်တော့ ရှိမည် .. မနာလိုပြ ၊ ချုပ်ချယ်ပြ … ၊ နောက် တစ်ယောက်အလို တစ်ယောက်ကလိုက် ၊ သည်လိုမျိုး ကို လက်ခံနိုင်ဖို့ တစ်ဦးတည်းဖြစ်တည်မှုကို မြတ်နိုးတဲ့ ကိုမောင်မောင်ဦးတစ်ယောက် ဘယ်လိုစိတ်အားထုတ်မလဲ .. ။ အသက်လေးက ကြီးလာပြီထင်၏ ။ မောင့်နှမ တုန်းကတော့ သည်လောက်မတွေးမိခဲ့ဘူး … ။ ယောက်ျားလေးတိုင်း သည်လိုတော့ မတွေးကြဘူးထင်ပါရဲ့ .. ။ သည်လိုပဲ နေကြရင်းအကြောင်းသင့်တော့ လက်ထပ်လိုက်ကြ … ဒါမှမဟုတ်လဲ ကွဲကြ ၊ ပြဲကြ .. နောက်တစ်ယောက် ပြောင်းကြနဲ့ ဖြစ်နိုင်ရင် သည်လို သတ္တိမျိုး ကိုဦးလိုချင်သည် ။ ခက်သည်က အားကျတတ်ပေမယ့် တစ်ခါတစ်ခါစိတ်ကြီးဝင်ပြီး ကိုယ်ကမှ ချစ်တတ်တယ်ထင်လေတော့ အဲလို လူတွေကိုပဲ သနားရသေးသည်.. ။


ခေတ္တခွဲခွာ ရခြင်းသည် စိတ်ကိုညစ်နွမ်း စေမှုဖြင့် ဝေဝါးသေးသော်လည်း တိကျသော အဖြေကိုတော့ ပေးတတ်၏ ။ ကိုဦးဘေးမှာ မေလဲ့ကို အမြဲတမ်းတလို့ မရနိုင်တော့ သည်မှ တကြိုးတစား သွားတွေ့ရခြင်းဖြင့် သာယာစေခဲ့၏ ။ ညအိပ်မက်များမှာ ကိုယ့်နှမရုတ်တရက်ကွယ်ပျောက်လျက် မေလဲ့သည် စိုးပိုင်ခြင်းဖြင့် ကိုဦးကို နိုးတစ်ဝက်အိပ်မက်မက်စေခဲ့သည် … ။ သည်လိုတော့ ကိုယ့်အချစ်ကို ဖွင့်ဟဖို့ အချိန်တန်လေပြီ .. ။

ကိုဦး တွေ့ချင်သည်ဆိုတော့ မေလဲ့လိုက်လျောမြဲ ။ အေးအေးစကားပြောချင်လို့ပါလို့ ကိုဦးပြောတော့ မေလဲ့တစ်ဖက်က ရင်ခုန်လေမလားမှန်းကြည့်ရသည် … ။ မေလဲ့ ကိုတွေ့ဖို့ ရုပ်ရည်အပြင်အဆင်ထင် ပိုင်းဖြတ်မှု စိတ်တစ်ခုတည်းသာ ပိုင်နိုင်ရင် စိတ်ချသက်သာစေမည် ။ ဘာလိုလိုနဲ့ မနက်ဖြန် မေလဲ့ နဲ့တွေ့ဘို့ ခုညကတည်းက ရင်ခုန်ရသည် ။ နက်ဖြန်ကိုယ့်ကို စောင့်နေမယ့် မေလဲ့ကို သည်ညအိပ်မက်ထဲမှာ ပင် အစမ်းကြိုတင် ချိန်းဆိုလေ့ကျင့်ချင်လာပြီ ။

ဘဝမှာ သည်တစ်ခါလောက် ရင်ခုန်မလိုက်မောစဘူး ဟုတင်သည် ။


(၅)


ဝိုးတဝါးမြူတို့ အလွန်တွင် လှပသောရှုမျော်ခင်းသည် သက်ဆိုင်ခြင်းမရှိပေါ်လာ၏ ။ အချိန်သည်ကုန်လွန်မှု မြန်သလို ရွေ့လျားမှုတော့ မရှိ။ ကျူရှင်သွားရင်း ကျူရှင်တတ်ခဲ့ရသည့် ဘဝမှာ တမျှော်တခေါ်ဝေးကွာ ခဲ့ပြီထင်မိ၏ ။


ကိုယ့်ရင်သည် ဆွတ်ပျံ့ ဆဲ ကိုယ့်နှမ ရုတ်တရက်ဝေးကွာပျောက်ပျက်သွားမည်ကို စိုးကာ အတွေးကိုပင် ရဲရဲမတွေးဝံ့ ၊ ကိုယ့်နှမသည် တွေ့စကလို ဗိုလ်ကေမဟုတ်တော့ပဲ ကိုယ်သဘောကျသည့် ကျောထက်ရှည်သော ဆံပင်ကို ကလစ်တစ်ခုဖြင့် ရုတ်တရက် နှောင်ကာ မျက်လွှာစွန်းဖြင့် စိုးရိမ့်သူ့ မျက်နှာကို ငေးကြည့်နေသည် .. ။

“ပြောပါဦး ကိုမောင်မောင်ဦးရဲ့ ဘာတွေများ သည်လောက်တောင် ကြည့်နေတာတုန်း .. ငါ့ကိုကြည့်ပြီး ဘယ်ကရည်းစားကို သတိရနေတာတုန်း … မျက်နှာထားက ရောဘာကို စိုးရိမ်နေတာတုန်း တော်ပါ ငါစတာ သည်နေ့ ကျူရှင်မှာ စာမမေးပါဘူး ..”

“ရည် မင်းငါပြောကိုတာကို အရေးမထားဘူးလား ”

“ဘာလဲ .. အစ်ကို”

“ငါမင်းကို ချစ်နေတယ် … ဟုတ်တယ် ခုလည်း ချစ်ဆဲပဲ ..၊ မင်းငါ့ကို ငြင်းထားတာတောင် အခြားလူဆီ စိတ်မပြောင်းနိုင်ပဲ တိုက်ဆိုင်ရင်မင်းကို သတိရနေတယ် နောက် မင်းနဲ့ပြန်တွေ့ဖို့မျှော်လင့်နေတယ်ဆိုတာတွေ … အနည်းဆုံး မင်းကို ချစ်တယ်လို့ ပြောထားတဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ မင်းသည်လောက် သက်တောင့်သက်သာ မဖြစ်သင့်ဘူး …”

“ငါ့ အစ်ကိုကို ပြောပြီးပြီပဲ ငါ့မှာ ချစ်သူရှိတယ်….၊ နောက်နင်လည်း သည်လောက် ၅ နှစ်တာမှာ ချစ်တဲ့သူတစ်ယောက် မတွေ့သေးဘူးလား ၊ နောက်နင်ငါ့ကို ချစ်တာ မဟုတ်ပါဘူး .. ၊ နင့်အချစ်အတွက် ကုန်ရမယ့် ဝတ္တရားတွေကို စိတ်ကူးထဲမှာ ထားပြီး ရှောင်ပုန်းချင်တာပဲ ၊ နင်ငါ့နဲ့ ချစ်သူတွေဖြစ်လို့ အချိန်ကြာရင် နင်ပျော်မယ်ထင်လားအစ်ကို ….”

“မင်းသက်သက်ငါ့ကို အထင်သေးတာပဲ ၊ ယောကျာ်းတစ်ယောက် အချစ်ကိုလက်မခံပဲနဲ့ အဲသည်ယောက်ျားကို မချစ်တတ်ပါဘူးလို့ မင်းမျက်စိမှိုတ်ငြင်းနေတာ … ၊ ကိုယ့်စိတ်မှာ မင်းကိုအမြဲထားပြီး လှမ်းမရတဲ့ အဖြစ်ဟာ ဘယ်လောက်ရင်နာရလဲမင်းသိလား”

“ဒါ နင်ကိုယ့်ကို ကိုယ် ဒုက္ခရှာတာပဲ.. ၊ နောက် နင့်ဘာသာနင် ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပြီး သူတပါးကို မချစ်နိုင်လောက်အောင် အတ္တကြီးတာမဟုတ်လား ၊ နင့်ကို ငါ လုံးဝ သတိမရပါဘူးလို့ ငါငြင်းရင်တော့ ငါ့ကိုယ်ငါ လိမ်တာပဲ ၊ အစ်ကို ငါနင့်ကို နင်ထင်ထားတာထက် ပိုပြီးနားလည်တယ် ၊ နင်ရဲ့ စကားတွေကို ငါမမေ့သလို နင့်ရဲ့ စိတ်ဓာတ်ကိုလည်း ငါမမေ့ဘူး ၊ … နင်ဟာ သားနဲ့ မယားနဲ့ နေနိုင်လောက်တဲ့ ယောက်ျားမျိုးမဟုတ်ဘူး … နင့်လက်ရှိဘဝထင် နင့်စိတ်ကူးထဲက ဘဝကို အသားပေး ၊ အချိန်ပေး ချင်တဲ့ ယောက်ျားမျိုး …. ဒါကြောင့်မို့ နင်ငါ့ကို စိတ်ထဲမှာ ထားပြီး နင်လက်ရှိတိုးတက်ရေးကို ပဲ အာရုံစိုက်နေနိုင်တာမဟုတ်လား …၊ နောက်နင်နဲ့ ငါ ချစ်သူတွေဖြစ်ခဲ့ရင်ရော ဘယ်လိုဖြစ်မယ်နင်ထင်လည်း ၊ နင့်ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာတွေကို ငါတောင်းဆိုတာနဲ့ နင်ငါ့ကို စိတ်ပျက်မှာပဲ ၊ … မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်လို့ အမြင်ကျယ်ပါစေ ..၊ ငါကတော့ ကိုယ့်ကိုတစ်ကယ်ချစ်ပြီး အနည်းဆုံး အဲသည်အချစ်ကြောင့် ကိုယ်ကလည်း ပြန်ချစ်နိုင်မယ့် ယောက်ျားကိုပဲ လိုချင်တယ် .. သေချာတာက နင်သည်လို ယောက်ျားမဟုတ်ဘူး ”

“မင်း ငါ့ကို မခဲနဲ့ပါနဲ့ .. တစ်ဖက်သက်ပြောတယ်ပဲ ဆိုဆို ဒါတွေဟာ ငါ့အတွက်အမှန်ဘဲ …. ငါမင်းကို တန်ဖိုးထားချစ်ခဲ့တာ .. နောက်မင်းငါ့အချစ်ကို တန်ဖိုးမထားတာ .. အဆိုးဆုံးကတော့ မယုံတာပဲ ..၊ ဒါထက်ပို ပြီး ငါရင်နာရတာက ငါ့အချစ်ကို မင်းယုံအောင် သတ်သေပြဖို့ ငါမစွန့်လွှတ်ရဲ့ ခဲဘူး ၊ မင်းပြောတာဟုတ်မယ် ငါ့ဘဝက အားလုံးအဆင်ပြေနေတော့ သည်ဘာမဟုတ်လေးကို ပုံကြီးချဲ့တယ်လို့ ထင်တယ်ဆို တာ ။ ဒါပေမယ့် ဒါဟာ ငါ့အတွက် အရေးမပါတာမဟုတ်ဘူး ၊ လောကမှာ ဦးဆုံးချစ်ရသူက ငြင်းခံရတဲ့ ယောက်ျားပေါင်း ရေတွက်ရအောင် ရှိကောင်းရှိမယ် ဒါပေမယ့် သူတို့အားလုံ ငါ့လိုခံစားရမယ်မထင်ဘူး ၊ မင်းတစ်နေ့ ငါ့အနားပြန်ရောက်လာမယ်လို့ ကိုမျှော်လင့်ခဲ့တယ် ….အဲဒီမျှော်လင့်ချက်ဟာ တစ်ဖြည်းဖြည်းယုံ ကြည်ချက်အဖြစ်ပြောင်းသွားတယ်ဆို မင်းလှောင်ဦးမှာလား …၊ မင်းကို ငါမေ့ထိုက်တယ်ဆိုတာ ဟုတ်တယ် ဒါပေမယ့် အချစ်ဆိုတာ အဲမင်းပြောသလို စွဲလမ်းမှုဆိုတာ ငါ့လိုလူအတွက် လွယ်လွယ်မပျောက်နိုင်ဘူး .. မင်းကို ငါအဆက်အသွယ်မလုပ်တော့တာနဲ့ မေ့သင်တယ်လို့ ထင်တဲ့ အတိတ်တစ်ခုဟာ လွင့်ပျောက်မသွားဘူး”

“အစ်ကို သည်အတွင်းမှာ ချစ်တဲ့ သူကိုမတွေ့ဘူးတဲ့လား … မိန်းကလေးဆို တစ်ယောက်မှ နီးစပ်မှုမရှိဘဲ နေလာတာလား ၊ ဘယ်မိန်းမကိုမှ ရင်မခုန်ဘဲ.. စိတ်တောင်မကူးဘဲနေလာတာလား”

“ကိုယ်မိန်းကလေးတွေ မတွေ့ဘူးဆိုတာမဟုတ်ပါဘူး … ကိုယ်မင်းထက် သဘောကျလောက်တဲ့မိန်းကလေး တွေ အများကြီးပါ .. ခက်တာက ကိုယ်သူတို့ကို ချစ်လို့မရဘူး … ၊ သူတို့ကို ကြင်နာပြလို့ရတယ် တွဲပြလို့ရမယ် နောက်ဆုံးကွာ ကောက်ပြီးလက်ထပ်ယူလို့ ရမယ် ၊ ဒါပေမယ့် မျက်ကန်းအချစ်မျိုးနဲ့ ချစ်လို့မရတော့ဘူး … အဲဒါဘာကို အပြစ်တင်ပြီး ငါ ဘယ်လိုပြင်ရမှာလည်း နင်ပြောစမ်း … ဟုတ်တယ် ဒါကြောင့်ငါတွေဝေတယ် ကိုယ်ချစ်မချစ်မသေချာတဲ့ ဘယ်မိန်းမကို မှ ငါမရွေးချယ်နိုင်ဘူး …. ။”


“အစ်ကိုရယ် နင်ကငါထင်တာထက် အတ္တပိုကြီးတာပဲ … ၊ နင့်အချစ်ကို မခံစားတတ်နိုင်အောင် အတ္တကြီးတာပဲ ၊ နောက်တွေဝတတ်တယ် ၊ … အချစ်မှာ ငါ့ကိုယ်တွေ့အရတော့ သဘောကျတာ ရာခိုင်နှုန်းနည်းပါတယ်… သူ့ကိုချစ်တာ အမှန်ဆုံးပဲလို့ ယုံကြည်ပြီး တွေဝေမှု ကင်းကင်းနဲ့ သူ့အလိုလိုချစ်သွားတာပဲ ၊ အစ်ကိုပေးလို့ပဲ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အချစ်ရဲ့ဦးဆုံးဖြစ်တည်မှုမှာ အရောင်မျိုးစုံပါတယ်တဲ့ .. Red- Hot , Green –Comfortable , Blue –Romantic နောက် Pink – Cute တဲ့ ဒါပေမယ့် အချစ်ဟာခိုင်မာသွားတာနဲ့ ခုဏက အရောင်စုံပေါင်းစပ်သွားပြီး အဖြူရောင် ပဲဖြစ်သွားတယ် .. ၊ အခု ငါ့လက်တွဲဖော်ကို သည်လိုခံစားချက်သက်သက်နဲ့ လက်ခံခဲ့တာ … ၊ သူ့အရင် ရည်းစားလည်း ထားခဲ့ပါတယ် .. ဘယ်လိုပဲပြောပြော အဲသည်ရည်စားတုန်းကလည်း ငါတကယ်ချစ်တယ်လို့ ခံစားရလို့လက်ခံခဲ့တာ …. ချင့်ချိန်တာဆိုလို့ အမေတို့များ သိမလား စိတ်ပူတာပဲရှိတယ်”

“တော်ပြီ ….မင်းသိပ်စကားတတ်သွားပြီ”


“ငါစာ သိပ်ဖတ်အောင် အစ်ကိုပဲလုပ်ပေးခဲ့တာပါ ..၊ နောက်တစ်ခုက မသေချာပဲ မိန်းကလေးတစ်ယောက်ကို နင့်အတ္တကြောင့် ဒုက္ခမပေးပါနဲ့ ….နင်တစ်နေ့ချစ်တတ်လာဖို့ ငါဆုတောင်းပေပါ့မယ် …”


ပတ်ဝန်းကျင်သည် ရုတ်တရက်လင်းလာသလိုရှိ၏ ။ စိတ်ထင်သေချာသော ဆုံးရှုံးမှုသည် စတင်လာပြီ ။ ကိုယ့်ရင်တွေ သိပ်ခုန်လာပြီထင့် ။ ဝေဝိုးစွာ လွင့်ပြန်နေသော အမှောင်ကို ဖမ်းဆုတ်ရဲဆေးတင်ရင်း ကိုယ့်နှမကို ဖက်လို၏ ။ မွှေးကြူသော်လည်း ထိတွေ့၍မရသော ၊ အကောင်အထည်မရှိသော်လည်း အသိရှိသော ခန္ဓာ တစ်ခုသည် ရုတ်တရက် ခပ်သောသောရယ်သံနှင့် ပျက်ပျယ်စပြုလာသည် ။ မှောင်ပိန်းသောဆံပင်ချည်များသာ ကိုယ့်အပါးမှာ ကျန်ရစ်သည်ထင့် ။ ကိုယ့်နှမသည် ဆံပင်များကို သိမ်းရုတ်ရင်း ကိုယ့်ကို အလင်းထဲသို့ ဆွဲနှစ်ပစ်ခဲ့၏ ။ ကိုယ့်နှမကြောင့် ကျရသည့် မျက်ရည်စများကိုပင် ပိုးသားဆံချည်တို့ နှင့် သိမ်းသုတ်ပေးခဲ့သေးတာ ကျေးဇူးတင်စရာပဲ ။


(၆)

နောက်တစ်နေ့မနက် ကိုဦး မေလဲ့ဆီရောက်တော့ အိပ်ချင်စိတ်ကမပြေသေး ။ ညက အိပ်မက်မက်သည်ပင် အိပ်ပျက်ခြင်းထက်ဆိုးကာ အိပ်ရေးမဝသည်ထင့် ။ မေလဲ့သည် အထူးသဖြင့် ပြင်ဆင်ထားသည့်တိုင် ကိုဦးအတွက် မကလက်ပဲ တင့်တယ်သော ယှဉ်တွဲခေါ်ငင်စရာ ၊ ပွဲလယ်တင့်စရာပင်ကောင်း၏ ။

“ကိုဦး ကြည့်ရတာ မလန်းမဆန်းနဲ့ ညက ရုပ်ရှင်တွေကြည့်နေလို့လား”

“မဟုတ်ပါဘူး ညက စာဖတ်ရင်းအိပ်သွားတာ နည်းနည်းအိပ်ပျက်သွားတယ် .. ၊ ဒါထက် အပြန်ကျ လိုက်ပို့မယ်လေ”

“နေပါစေ တကူးတက …”

“မဟုတ်ရပါဘူး ကိုယ်လိုက်ပို့ချင်လို့ပါ …”

မေလဲ့သည် နားလည်ပေးသလိုပြုံး၏ ။ သည်လိုနားလည်မှုကို ကိုဦးချစ်တာပဲ ။ အချစ်ဆိုတာ ပျောက်ကွယ်လုနီးပါး ပွတ်စားသွားတဲ့ အခါမှာ နားလည်မှုဟာအရေးကြီးဆုံးပဲ မဟုတ်လား ။

“ဒါထက့် ကိုဦး လဲ့ကို ပြောမယ်ဆိုတာ.....”

“အော် … ဘာမှ မဟုတ်ပါဘူး ကိုယ်လည်း မေလဲ့ကိုတွေ့ချင်နေတာနဲ့ ……”


“လဲ့နဲ့ ကိုဦးတောင်မတွေ့တာ ကြာပြီ .. ၊ ဒါထက် ဟိုတနေ့က စိုးတို့နဲ့တွေ့လို့ ကိုဦးကိုတောင်မေးသေးတယ် ၊ လဲ့နဲ့လည်း မတွေ့ဘူးပြောတာမယုံကြဘူး .. ၊ လူတွေကို ဘာများထင်နေလဲမသိ …”


“သူများတတွေ ကိစ္စကို စိတ်ဝင်စားတယ်ထင်ပါရဲ့ဗျာ ၊ သူတို့က မေလဲ့မို့ သည်လောက်ပြောတာ ကိုယ့်ကိုဆို ရစရာမရှိအောင် စကြတာပဲ .. ၊ ”


“ဟားဟား …. ကိုဦးကလည်းပြောစရာဖြစ်အောင်နေတာကို … မေလဲ့ကို သိပ်လွမ်းနေတယ်ဆို”

“ဒါကတော့အမှန်ဘဲ … ဒေါ်ကြီးစိုးတို့ က ပြောသွားတာလား”

“အမယ် ထားပါ ၊ …ဒါထက်အမေတို့နဲ့ ဖုန်းဆက်တော့ပြောသေးတယ် … သမီးမှာချစ်သူတွေ ဘာတွေရှိရင် ပြောတော့တဲ့ .. မမကလည်းပြောတယ် သူပြောပေးမယ်တဲ့ လဲ့မျက်နှာပူရင်လေ … ၊ လဲ့ ကတော့ ပြောလိုက်ပါတယ် စိတ်မဝင်စားသေးပါဘူးလို့ … တကယ်ဆို စိတ်ရှုပ်စရာ ကိုဦးရယ် ….”


“ဟုတ်ပါတယ် .. ကျတော်တို့ အရွယ်ဟာ ရည်ရွယ်ချက်တွေ ပြည့်ဖို့ ကြိုးစားရဦးမှာပဲ .. ၊ တစ်ခါတစ်ခါ သည်လို ကိစ္စမျိုးက စိတ်ရှုပ်စရာ .. ၊ ကိုယ်တို့ငယ်ပါသေးတယ် နောက် မေလဲ့လည်း မဟိုင်းသေးပါဘူးကွယ် … ”

မေလဲ့ဆီမှ သက်ပြင်းချသံ သဲ့သဲ့ကြားရ၏ ။

ကိုယ့်နှမပြောခဲ့တာ သိပ်မှန်၏ ။ ကိုဦး အလွန်တွေဝေတတ်လေသည် ။ ။


Aung Phyoe
( သြဂုတ် ၂၆ ၂၀၁၀ ၊ 1:05 AM)